← Chapters

အခန်း (၃၄၅-၃၄၆)

Vol. 35 Ch. 345-346

အခန်း (၃၄၅-၃၄၆)

Vol. 35 Ch. 345-346

အခန်း (၃၄၅) အခြေအနေများက ပို၍ ရယ်မောဖွယ်ကောင်းလာခဲ့ခြင်း

ရတနာတစ်သောင်းခန်းမ လေလံပွဲ၌ မဟာပဏ္ဍိတ တစ်ဦးက စတင်ပြောဆိုလိုက်သည်နှင့် ထောက်ခံသည့်အသံများ ဝိုင်းအုံထွက်ပေါ်လာတော့သည်။

“မှန်တယ်။ မိတ်ဆွေက မဟာပဏ္ဍိတတစ်ဦး ဖြစ်တာကြောင့် နီဗားနားရှင်သန်ခြင်းအဆင့်ကနေ သူတော်စင်တစ်ပိုင်းအဆင့်ကို တက်လှမ်းဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိမှာပါ။ မဆင်မခြင် ကြွားဝါမှုတစ်ခုကြောင့် ကိုယ့်ဂုဏ်သိက္ခာကို အပျက်စီးမခံပါနဲ့”

“မျိုးဆက်သစ်လူငယ်တွေကို လှည့်စားတဲ့စကားမျိုးကို သီးသန့်နေရာမှာ အပျော်သဘောပြောလို့ရပေမဲ့ လူပုံအလယ်မှာ ပြောတာက ဟာသတစ်ခုထက် မပိုဘူး”

“…”

သီးသန့်ခန်းထဲတွင် ချူဖုန်း သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ အပြင်ဘက်မှ စကားသံများသည် သူ့နားထဲသို့ အဆက်မပြတ် စီးဝင်နေသော်လည်း သူ့မျက်နှာတွင် အနည်းငယ်မျှပင် အံ့ဩသည့် အရိပ်အယောင် မရှိပေ။

သူ မဟာပဏ္ဍိတရွှေတောင်ပံကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် လင်းယုန်မှာ ချက်ချင်းဆိုသလို နားလည်သွား၏။

ချူဖုန်း၏ ကျောထောက်နောက်ခံရှိနေသဖြင့် မဟာပဏ္ဍိတရွှေတောင်ပံ ချက်ချင်းပင် ပြန်လည်ချေပလိုက်သည်။

“မင်းတို့ မလုပ်နိုင်တာနဲ့ပဲ ငါ့အစ်ကိုကြီး မလုပ်နိုင်ဘူးလို့ မဆိုလိုဘူး။ တကယ်လို့ မင်းတို့မှာ အရည်အချင်းရှိရင် လေလံကို ဆက်မြှင့်ကြ။ မရှိရင်တော့ ဒီမှာ အဓိပ္ပာယ်မရှိတာတွေ လာမပြောနဲ့”

ဤစကားများသည် မဟာပဏ္ဍိတ အားလုံးကို တိုက်ရိုက်လှောင်ပြောင်လိုက်ခြင်းပင်။

“ဟမ့်”

အခြားသီးသန့်ခန်းတစ်ခုထဲမှ အေးစက်သော နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာပြီး ထိုနှင့်အတူ အားကောင်းသော ဖိအားတစ်ခုသည် ချူဖုန်းတို့အဖွဲ့ကို လွှမ်းခြုံကာ တိုးဝင်လာလေ၏။

ပုံမှန်ဆိုလျှင် လေလံပွဲစီစဉ်သူ အကြီးအကဲလျှို ထိုကဲ့သို့သောအပြုအမူကို တားဆီးလိမ့်မည် ဖြစ်သော်လည်း ယနေ့တွင်မူ မည်သည့်အကြောင်းကြောင့်မှန်းမသိ ထိုအခန်းထဲမှ အစွမ်းထက်သူက မည်သို့တုံ့ပြန်မည်ကို သိလိုစိတ်ဖြင့် မသိစိတ်က တားဆီးရန် ပျက်ကွက်မိသည်။

မည်သို့ပင်ဆိုစေကာမူ နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်အောင် ကူညီပေးခြင်းဆိုသည်မှာ မဟာပဏ္ဍိတ တစ်ဦးပင် အလွယ်တကူ မလုပ်ဆောင်နိုင်သည့် ကိစ္စဖြစ်သည်။ သူတော်စင်များပင် များစွာသော အားထုတ်မှုကို အသုံးပြုရမည်ဖြစ်၏။

‘ဖျောက်’

ချူဖုန်းက သူ့လက်ချောင်းများကို ပေါ့ပေါ့ပါးပါးပင် တီးလိုက်ရာ ထိုဖိအားများသည် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

ဖိအားကို ထုတ်လွှတ်လိုက်သော မဟာပဏ္ဍိတမှာ ဤမျှလွယ်ကူစွာ ချေဖျက်ခံလိုက်ရမည်ဟု လုံးဝမထင်ထားခဲ့ပေ။ သူက ပြာပြာသလဲ ပြောလိုက်သည်။

“နှောင့်ယှက်မိတာ ခွင့်လွှတ်ပါ။ ဒီအဘိုးကြီး လေလံပွဲကနေ နုတ်ထွက်ပါတယ်”

ချူဖုန်းသည် ဘာမှမဖြစ်ခဲ့သလိုမျိုး သူ့မျက်လုံးများကို ပြန်လည်မှိတ်ထားလိုက်၏။

မဟာပဏ္ဍိတရွှေတောင်ပံက လေလံပွဲစီစဉ်သူ အကြီးအကဲလျှိုဘက်သို့ လှည့်ကာ မေးလိုက်သည်။

“အဘိုးကြီး... မင်းရဲ့ တာဝန်ကို မေ့နေတာလား”

ရတနာတစ်သောင်းခန်းမ၏ အထင်ကရ မျက်နှာစာ တစ်ဦးဖြစ်သော အကြီးအကဲလျိုသည် ယခင်က ထိုကဲ့သို့ ဆက်ဆံခံရခြင်းမျိုး တစ်ခါမျှ မကြုံဖူးခဲ့ပေ။

သူ့မျက်လုံးထဲတွင် မကျေနပ်သည့်အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း လျင်မြန်စွာပင် ပြန်လည်ပျောက်ကွယ်သွား၏။

“မိတ်ဆွေ ပြောတာမှန်ပါတယ်။ ကျုပ်ရဲ့ ပေါ့ဆမှုပါပဲ”

သူ တောင်းပန်သည့်အနေဖြင့် ခေါင်းညိတ်ပြပြီး လေလံပွဲကို ဆက်လက်လုပ်ဆောင်သည်။

“ကဲ... ဒါဆိုရင် လေလံစျေးနှုန်းကို ထပ်မြှင့်ချင်တဲ့သူ ရှိပါသေးသလား”

ရောက်ရှိနေသော မဟာပဏ္ဍိတများ တိတ်ဆိတ်သွားကြသည်။ သူတို့ထဲတွင် မည်သူမျှ ငတုံးမဟုတ်ပေ။ မဟာပဏ္ဍိတ နှစ်ဦးကြားမှ ထိုတိတ်ဆိတ်သော ထိပ်တိုက်ရင်ဆိုင်မှုကို သူတို့ သတိမထားမိဘဲ မနေကြပေ။

ထိုသီးသန့်ခန်းထဲရှိ ပုဂ္ဂိုလ်မှာ သာမန်မဟာပဏ္ဍိတ တစ်ဦးမဟုတ်သည်မှာ ရှင်းလင်းလှသည်။ ထူးကဲအဆင့်သူတော်စင်လက်နက်များမှာ ရှားပါးလှသော်လည်း ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို ရန်စရခြင်းမှာ မထိုက်တန်ပေ။

“ဉာဏ်အလင်းပွင့်ဆေးလုံး သုံးလုံး၊ ပြီးတော့ မိုးကြိုးအိမ်တော်က ဘုရင်အဆင့် ပညာရှင်တစ်ယောက်ကို တစ်ခါတည်း အဆင့်တက်နိုင်အောင် ကူညီပေးမယ်”

“တစ်ကြိမ်”

“နှစ်ကြိမ်”

“ရောင်းချပြီးပါပြီ”

အကြီးအကဲလျှို လေလံသည် တူထုသံနှင့်အတူ တစ်ခန်းလုံးမှာ အံ့ဩတုန်လှုပ်စွာ တိတ်ဆိတ်သွားလေ၏။ လေလံပွဲသည် ဤကဲ့သို့သော ပုံစံဖြင့် ပြီးဆုံးသွားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

သို့သော်လည်း စိတ်ပျက်မှုထက် စူးစမ်းလိုစိတ်က ပိုမိုပြင်းပြနေသည်။ ထိုသီးသန့်ခန်းထဲတွင် မည်သူ ထိုင်နေသည်ကို လူတိုင်း သိချင်နေကြ၏။

“ဒီနေ့ရဲ့ ပစ္စည်းကို ရရှိသွားတဲ့သူတွေအနေနဲ့ နောက်ဆုံး အရောင်းအဝယ် အပြီးသတ်ဖို့ ကျုပ်နောက်ကနေ နောက်ဘက်ဝင်းဆီကို လိုက်ခဲ့ပေးပါ”

“နေဦး”

အခြားသီးသန့်ခန်းတစ်ခုမှ မဟာပဏ္ဍိတတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

အကြီးအကဲလျှိုက ယဉ်ကျေးစွာ ပြုံးလျှက် မေးလိုက်၏။

“မိတ်ဆွေ ဘာများလိုအပ်လို့ပါလဲ”

မဟာပဏ္ဍိတက ပြန်ပြောသည်။

“ကျွန်တော်တို့ ရတနာတစ်သောင်းခန်းမရဲ့ ဂုဏ်သိက္ခာကို သံသယရှိတာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအရောင်းအဝယ်ကို ကိုယ်တိုင်မျက်မြင် သက်သေအဖြစ် ကြည့်ချင်လို့ပါ”

အခြားမဟာပဏ္ဍိတတစ်ပါးကလည်း ထပ်ဆင့်ပြောသည်။

“ဟုတ်ပါတယ်။ ကျုပ်တို့က အကျိုးအကြောင်းမရှိတာ မဟုတ်ပါဘူး။ စိတ်ကျေကျေနပ်နပ်နဲ့ ရှုံးနိမ့်မှုကို လက်ခံချင်ယုံသက်သက်ပါ”

“ဟဲဟဲ”

မဟာပဏ္ဍိတရွှေတောင်ပံ ရယ်မောလိုက်သည်။

“ဒီလောက်ထိအရှုံးကို လက်မခံနိုင်တဲ့ သူတွေကို မြင်ဖူးတာ ပထမဆုံးပဲ”

“မင်း”

မဟာပဏ္ဍိတ အများအပြားမှာ ဒေါသကြောင့် တုန်ရီနေပြီး သူတို့ကိုသူတို့ မထိန်းနိုင်ဘဲ တိုက်ခိုက်မိတော့မလိုပင် ဖြစ်သွားလေ၏။

အကြီးအကဲလျှိုပင် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ လျင်မြန်စွာ ကြားဝင်စွက်ဖက်လိုက်သည်။

“ဒီကိစ္စက နှစ်ဖက်စလုံးရဲ့ သဘောတူညီချက် လိုအပ်ပါတယ်။ သက်ဆိုင်သူ နှစ်ဖက်က ဘယ်လိုပြောချင်ပါသလဲ”

ထိုအချိန်တွင်ပင် လေလံခန်းမအတွင်းရှိ အခြားသီးသန့်ခန်းတစ်ခုမှ ကျယ်လောင်သော အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။

“မိုးကြိုးအိမ်တော်က လူတွေအနေနဲ့ လူတိုင်းကို သက်သေအဖြစ် ကြည့်ရှုခွင့်ပြုဖို့ ဆန္ဒရှိပါတယ်”

အခန်းထဲတွင်မူ အဘိုးအိုနှစ်ဦးသည် စိတ်လှုပ်ရှားနေသလို စိုးရိမ်စိတ်လည်းရှိ နေကြသည်။ စိတ်လှုပ်ရှားရခြင်းမှာ သူတို့အိမ်တော်တွင် မဟာပဏ္ဍိတအသစ် တစ်ပါး ပေါ်ထွက်လာနိုင်သည့် အခွင့်အရေးရှိခြင်းကြောင့် ဖြစ်ပြီး စိုးရိမ်ရခြင်းမှာမူ ဤကိစ္စသည် အမှန်တကယ် ယုံကြည်စိတ်ချရမှု ရှိမရှိ မသေချာခြင်းကြောင့် ဖြစ်သည်။

ဤတစ်ကြိမ်တွင်မူ မဟာပဏ္ဍိတရွှေတောင်ပံ ချက်ချင်းပြန်မပြောသေးဘဲ ချူဖုန်းကို ကြည့်လိုက်ရာ ချူဖုန်းက ရတယ်ဟု၍ သင်္ကေတပြလိုက်၏။

ထိုအခါမှသာ သူ ပြောလိုက်၏။

“ပြဿနာမရှိဘူး။ ဒါပေမဲ့ နေရာကိုတော့ မင်းတို့ပဲ ဆုံးဖြတ်ပါ”

ရတနာတစ်သောင်းခန်းမမှ အကြီးအကဲလျှိုက ဆိုသည်။

“ကျုပ်တို့ ရတနာတစ်သောင်းစံအိမ်ကနေ ခန်းမတစ်ခုကို စီစဉ်ပေးနိုင်ပါတယ်”

ရတနာတစ်သောင်းခန်းမအတွက် ဤသည်မှာ သူတို့ဂုဏ်သတင်းကို မြှင့်တင်ရန် အခွင့်အလမ်းကောင်းကြီး ဖြစ်နေ၏။ အဆင့်မြှင့်ပေးမည့်သူမှာ သူတို့ဆီက မဟုတ်သော်လည်း ဤလေလံပွဲမှတစ်ဆင့် မဟာပဏ္ဍိတအသစ် တစ်ဦး ပေါ်ထွက်လာခဲ့လျှင် သူတို့ဩဇာအာဏာသည် အထွတ်အထိပ်သို့ ရောက်ရှိသွားမည်မှာ သေချာလှသည်။

ရောက်ရှိနေသော ကျင့်ကြံသူများသည် အခြေအနေများက ဤသို့ဖြစ်လာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ကြပေ။ စောစောပြန်ရန် စိတ်ကူးထားသူများ သို့မဟုတ် အပြင်ဘက်တွင် စောင့်ကြိုကာ အရင်းအမြစ်များကို လုယူရန် ကြံစည်နေသူများပင် သူတို့ မူလအစီအစဉ်များကို စွန့်လွှတ်လိုက်ကြ၏။

မဟာပဏ္ဍိတတစ်ဦးမွေးဖွားခြင်းကို မျက်မြင်တွေ့ရခြင်းမှာ ရာစုနှစ်အတွင်း တစ်ခါသာ ကြုံရခဲသော အခွင့်အရေးပင်။ ထိုကဲ့သို့သော ကံတရားကို ထိတွေ့ခွင့်ရခြင်းဖြင့် သူတို့ကိုယ်တိုင်လည်း အဆင့်တက်လှမ်းနိုင်ကောင်း တက်လှမ်းနိုင်လိမ့်မည်။

ထိုသို့ဖြင့် လေလံပွဲမှာလည်း အပြီးသတ်သွားတော့သည်။

နောက်ကွယ်သို့ လိုက်သွားပြီး အရောင်းအဝယ် အပြီးသတ်ရမည့် ကျင့်ကြံသူများမှလွဲ၍ ကျန်ရှိနေသောသူများသည် မဟာပဏ္ဍိတကို တစ်ချက်မျှ မြင်တွေ့ခွင့်ရရန် စောင့်ဆိုင်းနေကြ၏။

မကြာမီပင် သီးသန့်ခန်းတံခါး ပွင့်လာခဲ့သည်။ ရွှေလင်းယုန်မျက်နှာဖုံး စွပ်ထားသော အမျိုးသားတစ်ဦးက ဦးစွာ ထွက်ပေါ်လာပြီး သူ့ကိုယ်မှ မဟာပဏ္ဍိတတစ်ဦး၏ ဖိအားများ ဖြာထွက်နေသဖြင့် လူအများ ချက်ချင်းပင် မျက်လုံးများကို လွှဲလိုက်ကြရသည်။

ထို့နောက်တွင် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့်အတူ မိန်းကလေးငယ် နှစ်ဦး ထွက်လာသည်။

အမျိုးသားနှင့် အမျိုးသမီးသည် အဖြူရောင်ဝတ်ရုံများကို ဝတ်ဆင်ထားပြီး အဖြူရောင်ဇာဖြင့် ဖုံးအုပ်ထားသော ဦးထုပ်ကျယ်ကြီးများကို ဆောင်းထားကြ၏။ သူတို့ဘေးမှ မိန်းကလေးငယ် နှစ်ဦးမှာမူ တစ်ဦးက မြေခွေးမျက်နှာဖုံး၊ နောက်တစ်ဦးက ယုန်မျက်နှာဖုံးကို စွပ်ထားကြသည်။

မည်သူမျှ သူတို့နတ်ဘုရားအာရုံကို အသုံးပြုကာ စူးစမ်းရန် မဝံ့ရဲကြပေ။ မဟာပဏ္ဍိတတစ်ဦးကို ရန်စခြင်းသည် သေခြင်းတရားကို ဖိတ်ခေါ်ခြင်းဖြစ်ပြီး ရတနာတစ်သောင်းခန်းမပင် သူတို့ကို ကာကွယ်ပေးနိုင်မည်မဟုတ်ပေ။

ချူဖုန်းတို့အဖွဲ့ ထွက်လာသည်နှင့် အကြီးအကဲလျှို ကပြာကယာ ကြိုဆိုရန် ရှေ့သို့ ထွက်လာခဲ့သည်။

“မိတ်ဆွေတို့... ကျုပ် ရထားလုံးတွေကို ပြင်ဆင်ပြီးပါပြီ။ အိမ်တော်ဆီကို အခုပဲ သွားကြမလား၊ ဒါမှမဟုတ် ခဏလောက် အနားယူဦးမလားခင်ဗျာ”

မဟာပဏ္ဍိတရွှေတောင်ပံက ပြန်ပြောသည်။

“ငါတို့မှာ အချိန်သိပ်မရှိဘူး။ အခုပဲ သွားကြရအောင်”

အကြီးအကဲလျှို “...”

‘ခင်ဗျား ဒါကို ရယ်စရာကြီး ဖြစ်အောင် မလုပ်ပါနဲ့လား။ ဒါက နီဗားနားရှင်သန်ခြင်းအဆင့် ပညာရှင်တစ်ယောက်ကို သူတော်စင်တစ်ပိုင်းအဆင့် ရောက်အောင် လမ်းညွှန်ပေးရမှာလေ။ ခင်ဗျားပါးစပ်က ပြောလိုက်တာက ထမင်းစားရေသောက်သလို ဘာမှမခက်ခဲသလိုပါပဲလား’

အခြားကျင့်ကြံသူများသည်လည်း ထိုအတိုင်းပင် တွေးနေကြသော်လည်း မည်သူမျှ အသံထွက်ကာ မပြောရဲကြပေ။

စိတ်အပျက်ရဆုံးသူများမှာ မိုးကြိုးအိမ်တော်မှ ကျင့်ကြံသူများပင်။ ထိုမဟာပဏ္ဍိတသည် သူတို့ကို ကစားနေခြင်းများလားဟု သံသယဝင်လာကြ၏။

“ကောင်းပါပြီ။ နောက်က လိုက်ခဲ့ကြပါ”

အကြီးအကဲလျှို စိတ်မသက်မသာဖြစ်မှုကို မျိုသိပ်ကာ အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်လိုက်သည်။

မကြာမီပင် ချူဖုန်းတို့အဖွဲ့သည် ရတနာတစ်သောင်းခန်းမမှ ပြင်ဆင်ပေးထားသော ရထားလုံးပေါ်သို့ တက်လိုက်ကြပြီး သတ်မှတ်ထားသော အိမ်တော်ဆီသို့ ထွက်ခွာလာကြသည်။

သူတို့နောက်တွင် မဟာပဏ္ဍိတတစ်ဦးစီ တင်ဆောင်ထားသော အခြားရထားလုံးများစွာ လိုက်ပါလာကြ၏။

အနောက်ဆုံးတွင်မူ မိုးကြိုး ဂေဟာမှ ကျင့်ကြံသူများ လိုက်ပါလာကြသည်။

တစ်နာရီခန့် ကြာပြီးနောက်တွင် ယာဉ်တန်းသည် ခမ်းနားထည်ဝါသော အိမ်တော်တစ်ခု ရှေ့တွင် ရပ်တန့်သွားလေ၏။

“ဂုဏ်သရေရှိ ဧည့်သည်တော်တို့ ရောက်ပါပြီ”

အပြင်ဘက်မှ ရိုသေစွာပြောလိုက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“အင်း”

မဟာပဏ္ဍိတရွှေတောင်ပံ အေးစက်စွာ ပြန်ထူးပြီးနောက် ရထားလုံးတံခါးကို ဖွင့်ကာ ဆင်းလိုက်၏။ သို့သော် သူ အထဲသို့ အရင်မဝင်ဘဲ ရထားလုံးဘေးတွင် တိတ်ဆိတ်စွာ ရပ်ကာ စောင့်နေသည်။

ကြည့်နေသူများအဖို့ သူ့ဟန်ပန်မှာ အရှင်သခင် ဆင်းလာသည်ကို စောင့်ဆိုင်းနေသော အစေခံအိုကြီးတစ်ဦးနှင့်ပင် ဆင်တူနေ၏။

မြင်ကွင်းမှာ ထူးဆန်းနေသော်လည်း မည်သူမျှ မှတ်ချက်မပေးကြပေ။ အားလုံး တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။

ချူဖုန်းသည် အလောမကြီးဘဲ ဆင်းလာကာ သူ့ရှေ့မှ အိမ်တော်ကို တစ်ချက်ကြည့်လိုက်၏။ သူ တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဒီနေရာက ကျန်းမာရေးအတွက် အနားယူဖို့ တော်တော်သင့်တော်တာပဲ။ ငါ အိုလာတဲ့အခါကျရင်လည်း ဒီလိုမျိုး တစ်ခုလောက် ဆောက်ဦးမယ်”

ကျင့်ကြံသူများ “...”

သူတို့ကြောင်တောင်တောင် အကြည့်များကြားတွင် ချူဖုန်းတို့သည် အိမ်တော်ထဲသို့ ဝင်သွားကြလေတော့၏။

သူတို့သည် သဘာဝကျစွာပင် အခမ်းနားဆုံးနှင့် အကျယ်ဝန်းဆုံး ခန်းမကို သူတို့နေထိုင်ရာအဖြစ် ရွေးချယ်လိုက်ကြသည်။

လိုက်ပါလာသော မဟာပဏ္ဍိတများသည်လည်း အခြားအိမ်တော် တစ်ခုစီတွင် အသီးသီး နေရာယူကြသည်။ ထိုသူများ အားလုံးတွင် တူညီသော အချက်တစ်ခုရှိနေ၏။ သူတို့ ရွေးချယ်လိုက်သော နေရာတိုင်းသည် ထိုမျက်နှာဖုံးစွပ် မဟာပဏ္ဍိတ နေထိုင်ရာခန်းမနှင့် အဝေးဆုံးတွင် ရှိနေခြင်းဖြစ်၏။

အကြောင်းရင်းမှာ ရှင်းလင်းလှသည်။ ထိုရွှေရောင် ငှက်လူသား ဆီမှ နောက်ထပ် လှောင်ပြောင်မှုများကို မည်သူမျှ ထပ်မခံစားလိုကြသောကြောင့်ပင်။

တစ်ချိန်တည်းမှာပင် မိုးကြိုးအိမ်တော်မှ ကျင့်ကြံသူများသည် အကြီးအကဲ လျှို၏ဘေးတွင် စိတ်မသက်မသာ ဖြစ်စွာ ရပ်နေကြလေ၏။

မိုးကြိုးဓားဘုရင်က ဆိုသည်။

“အကြီးအကဲလျှို ခဏနေရင် ကျုပ်နောက်ကနေ အထဲကို လိုက်ခဲ့ပေးဖို့ အကူအညီတောင်းပါရစေ”

အကြီးအကဲလျှိုသည် သူ့ဘဝသက်တမ်းတစ်လျှောက် အတွေ့အကြုံများစွာ ရှိခဲ့သူပီပီ ရထားလုံးစီးလာစဉ်အတွင်း စိတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သော်လည်း အစောပိုင်းက အဖြစ်အပျက်များသည် အမှန်တကယ်ပင် ရယ်စရာကောင်းလှ၏။

“ဒါပေါ့။ ငါတစ်ယောက်ယောက်ကို လွှတ်ပြီး စုံစမ်းခိုင်းလိုက်မယ်။ ပြီးကျမှ အဲဒီမဟာပဏ္ဍိတကို အတူတူ သွားရောက် ဂါရဝပြုကြတာပေါ့”

“စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ်”

မိုးကြိုးဓားဘုရင်က သက်ပြင်းအရှည်ကြီး ချလိုက်သည်။ သူ၏ မူလအစီအစဉ်မှာ မိုးကြိုးနတ်ဘုရားတူ ကို ဝယ်ယူပြီးသည်နှင့် မိုးကြိုးအိမ်တော်သို့ ချက်ချင်းပြန်ကာ အခန်းအောင်းကာ ကျင့်ကြံရန်ပင်။

အခြေအနေများက ဤသို့ဖြစ်လာလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။ အဆင့်တက်ရန် ကြိုးစားသူတိုင်းသည် တိတ်ဆိတ်ပြီး ငြိမ်သက်သောနေရာကို ရွေးချယ်ကြသည်မဟုတ်ပါလား။

ယခုတွင်မူ သူက မြောက်မြားစွာသော မဟာပဏ္ဍိတများ၏ မျက်စိအောက်မှာ အဆင့်တက်ဖို့ ကြိုးစားရတော့မည်။ ဤသည်မှာ လုံးဝရူးသွပ်ခြင်းပင်။

ခဏအကြာတွင် မိုးကြိုးဓားဘုရင်နှင့် အကြီးအကဲလျှိုတို့သည် ချူဖုန်းတို့အဖွဲ့ ရှိရာအိမ်တော်၏ အပြင်ဘက်သို့ ရောက်ရှိလာကြလေ၏။

အတွင်းတွင် ချူဖုန်းသည် ပင်းယန် နှင့်အတူ အေးအေးဆေးဆေး ထိုင်ကာ လက်ဖက်ရည် သောက်နေသည်။

မဟာပဏ္ဍိတရွှေတောင်ပံ အပြင်ဘက်တွင် ဧည့်သည်များကို လက်ခံတွေ့ဆုံနေ၏။ ဝင်ရောက်လာသူများကို မြင်လိုက်ရသောအခါ သူ ချက်ချင်းပင် မေးလိုက်သည်။

“သူတော်စင်တစ်ပိုင်းအဆင့်ကို တက်ချင်တဲ့သူက ဘယ်သူလဲ”

အခန်း(၃၄၆) အမြဲတမ်းအကျိုးရှိစေရမယ်

“စီနီယာ… ကျုပ်ပါ”

မိုးကြိုးဓားဘုရင်သည် ရှေ့မှလူငယ်ကို ရိုသေစွာ ဦးညွှတ်လိုက်၏။

မဟာပဏ္ဍိတရွေတောင်ပံ အသာအယာ ခေါင်းညိတ်ပြပြီးနောက် အကြီးအကဲလျှိုဘက်သို့ လှည့်ကြည့်လိုက်သည်။

“မင်းက ဘာလို့ ဒီမှာ ရပ်နေသေးတာလဲ။ ငါ့အစ်ကိုကြီးရဲ့ လမ်းညွှန်မှုကို မင်းလည်း အလိုရှိနေတာလား”

အကြီးအကဲလျှို ရှင်းပြရန် ပြင်လိုက်သော်လည်း မဟာပဏ္ဍိတရွေတောင်ပံလင်းယုန်က ဆက်၍ပြောလိုက်၏။

“ကိစ္စမရှိရင် အခုချက်ချင်း ထွက်သွားတော့။ ငါတို့က အပြင်လူတွေကို ဧည့်မခံဘူး”

“…”

အကြီးအကဲလျှို ဆွံ့အသွားရသည်။ ဤနေရာမှာ ရတနာတစ်သောင်းခန်းမ၏ နယ်မြေဖြစ်သည်မှာ သိသာလှသော်လည်း ယခုမူ သူ နှင်ထုတ်ခံနေရလေ၏။ အကြီးအကဲလျှို ဒေါသကို မျိုသိပ်ကာ ပြောလိုက်သည်။

“ကျုပ်က သက်သေအဖြစ် ဒီမှာ ရှိနေတာ”

မဟာပဏ္ဍိတရွေတောင်ပံ ပြန်ပြောလိုက်၏။

“ကောင်းပြီ။ ဒါဆိုလည်း အရင်ဆုံး ဉာဏ်အလင်းပွင့် ဆေးလုံး သုံးလုံးကို ကြည့်လိုက်”

သူပြောလိုက်သည်နှင့် ခန်းမထဲမှ အလင်းတန်းတစ်ခု ပျံထွက်လာပြီး အကြီးအကဲလျှို၏ ရှေ့တွင် ရပ်တန့်သွားသည်။

ခန်းမထဲမှ တစ်ခဏ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားလိုက်ရရုံနှင့် အကြီးအကဲလျှို တစ်ကိုယ်လုံး တုန်ရင်သွားမိလေ၏။

ထိုခန်းမထဲတွင် နောက်ထပ် မဟာပဏ္ဍိတတစ်ဦး ရှိနေသေးသည်။ မည်သို့သော မြင့်မြတ်နယ်မြေက ဤကဲ့သို့ မဟာပဏ္ဍိတတစ်ဦးကို အမိန့်ပေးနိုင်သော အစွမ်းထက်ပုဂ္ဂိုလ်ကို မွေးထုတ်ပေးခဲ့သနည်း။

သူ ပိုတွေး‌လေ ပို၍ ထိတ်လန့်လေ ဖြစ်လာသည်။ ခံစားခဲ့ရသမျှ ဒေါသများမှာလည်း အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့၏။ သူ ဆေးပုလင်းကို လက်ခံရယူပြီး ဖွင့်ကြည့်လိုက်သည့်အခါ အံ့ဩသွားရသည်။

“ဒါ ဒါတွေက အထွတ်အထိပ်အဆင့် ဉာဏ်အလင်းပွင့်ဆေးလုံး တွေပဲ”

ဉာဏ်အလင်းပွင့်ဆေးလုံးများကို ရရှိရန် ပြင်ဆင်ထားသော မိုးကြိုးဓားဘုရင်ပင် အထွတ်အထိပ်အဆင့် ဆေးလုံးများကို ပေးအပ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူ့ခြေထောက်များ ခွေယိုင်သွားကာ ထိုနေရာတွင်ပင် ဒူးထောက်မတတ် ဖြစ်သွားရသည်။

မဟာပဏ္ဍိတရွေတောင်ပံလင်းယုန် နှာခေါင်းရှုံ့လိုက်၏။

“မင်းက ရတနာတစ်သောင်းခန်းမရဲ့ ဝါရင့်အကြီးအကဲတစ်ယောက် ဖြစ်နေပြီးတော့ ဘာလို့ လောကကြီးကို မမြင်ဖူးတဲ့ လူငယ်လေးတစ်ယောက်လို လုပ်‌နေတာလဲ”

အကြီးအကဲလျှို သနာစရာကောင်းသော အပြုံးကို အတင်းလုပ်ယူလိုက်၏။

“စီနီယာ ပြောတာ မှန်ပါတယ်။ ကျုပ် အသိဉာဏ်က တိမ်ပါးလွန်းသွားခဲ့ပါတယ်။ ကျုပ် ပြန်လိုက်ပါတော့မယ်”

သူက ဆေးလုံးများကို မိုးကြိုးဓားဘုရင်ထံ ကမ်းပေးရင်း စိတ်ထဲမှ တွေးလိုက်မိလေ၏။

‘ဒီလူအိုကြီး၊ ကံကောင်းလိုက်လေခြင်း။ မိသားစုအမွေအနှစ်ကို လေလံတင်ရင်းနဲ့ မမျှော်လင့်ဘဲ ဆေးပညာဆရာသခင်တစ်ယောက်ရဲ့ လမ်းညွှန်မှုကို ရတဲ့အပြင် တပည့်အဖြစ်တောင် သတ်မှတ်ခံရနိုင်ချေရှိတယ်’

မိုးကြိုးဓားဘုရင်သည် ဆေးလုံးများကို လက်ခံယူပြီးနောက် ခန်းမဘက်သို့ ဦးညွှတ်လိုက်သည်။

“စီနီယာကို ကျေးဇူးတင်ပါတယ်”

အေးအေးဆေးဆေး ရှိလှသော အသံတစ်သံ ခန်းမထဲမှ ထွက်လာလေ၏။

“ကျေးဇူးတင်နေဖို့ မလိုဘူး။ ဒါက ငါတို့ကြားက အရောင်းအဝယ်တစ်ခုပဲ။ အပိုစကားတွေ တော်ပြီ၊ အဓိကကိစ္စကိုပဲ သွားကြရအောင်”

“ဟုတ်ကဲ့”

မိုးကြိုးဓားဘုရင်သည် ဆေးပုလင်းကို သူ့လက်စွပ်ထဲသို့ ဂရုတစိုက် သိမ်းဆည်းလိုက်ပြီးနောက် သင်ခန်းစာယူရန် စောင့်ဆိုင်းနေသော ကျောင်းသားလေးတစ်ဦးကဲ့သို့ လိမ္မာယဉ်ကျေးစွာ ရပ်နေလိုက်သည်။

“စီနီယာ့ဆီက လမ်းညွှန်မှုကို ခံယူပါရစေ”

“အရင်ဆုံး၊ ညီလေးလင်းယုန်ကို မင်းရဲ့ အစွမ်းကုန်သုံးပြီး တိုက်ခိုက်ကြည့်စမ်း”

ချူဖုန်းမှာ လက်ဖက်ရည်ကို တစ်ငုံသောက်ကာ ဘာမှ ထပ်မပြောတော့ပေ။

‘ဒါပဲလား’

မိုးကြိုးဓားဘုရင်သည် ကြောင်အသွားရ၏။ သူ ရှည်လျားလှသော တာအိုသဘောတရားများနှင့် နက်နဲသော အသိအမြင်များကို ဟောပြောလိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။

သို့သော်

မဟာပဏ္ဍိတရွှေတောင်ပံလင်းယုန် ထူးဆန်းသည်ဟု မမြင်ပေ။ တာအိုအနှစ်သာရ နားမလည်ဘဲ နီဗားနားရှင်သန်ခြင်းအဆင့်ကျင့်ကြံသူနှင့် မဟာပဏ္ဍိတကြားရှိ ကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်။

သူ ငြိမ်ငြိမ်လေး ရပ်နေလျှင်တောင် ဤလူအိုကြီးက သူ့ကို အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်နိုင်ပေ။

မိုးကြိုးဓားဘုရင် တောင်တောင့်ကြီး ဖြစ်နေသည်ကို မြင်သောအခါ မဟာပဏ္ဍိတရွှေတောင်ပံလင်းယုန် စိတ်မရှည်စွာနှင့် ဟောက်လိုက်လေသည်။

“ဘာလဲ လူအိုကြီး၊ ငါ့အစ်ကိုကြီး ပြောတာကို မင်းမကြားဘူးလား”

ထိုအခါမှ မိုးကြိုးဓားဘုရင် သတိပြန်ဝင်လာတော့၏။ သူ သံသယဖြင့် မေးလိုက်သည်။

“စီနီယာ… ဒါက တကယ်ပဲ သင့်တော်ရဲ့လား”

ချူဖုန်း တည်ငြိမ်စွာပင် ပြန်ပြောသည်။

“ဘာက မသင့်တော်ရမှာလဲ။ မင်း ဘယ်လို နည်းစနစ်တွေကို တတ်မြောက်ထားလဲ၊ ဘယ်လို အတတ်တွေကို နားလည်ထားလဲ ဆိုတာကိုပဲ ငါကြည့်ချင်တာ။ ဒါမှ တာအိုအနှစ်သာရကို နားလည်အောင် ငါ လမ်းညွှန်ပေးနိုင်မှာ”

အကျိုးအကြောင်း ခိုင်လုံလှသော်လည် လောကတွင် ကျင့်ကြံသူ သန်းပေါင်းများစွာ ရှိသည်မဟုတ်ပါလား။ ဤစီနီယာသည်လည်း တိုက်တိုက်ဆိုင်ဆိုင် ဓားသိုင်းပညာရှင်တစ်ယောက် ဖြစ်နေသည်လား။

ဇဝေဇဝါ ဖြစ်နေသော်လည်း မိုးကြိုးဓားဘုရင် စွန့်စားရန် ဆုံးဖြတ်လိုက်၏။ သူက ခန်းမဆီသို့ တစ်လှည့်၊ မဟာပဏ္ဍိတရွှေတောင်ပံလင်းယုန်ဘက်သို့ တစ်လှည့် အရိုအသေပြုကာ ဆိုလိုက်သည်။

“စီနီယာ၊ ကျုပ်ရဲ့ ရိုင်းပျမှုကို ခွင့်လွှတ်ပေးပါ”

မဟာပဏ္ဍိတရွှေတောင်ပံလင်းယုန် လက်ကာပြလိုက်၏။

“အပိုတွေ မပြောနဲ့။ မှတ်ထား အစွမ်းကုန်သုံး။ ကလေးကစားသလိုလုပ်ပြီး ငါ့အချိန်တွေကို မဖြုန်းမိစေနဲ့”

“ဟုတ်ကဲ့”

မိုးကြိုးဓားဘုရင် ခေါင်းညိတ်ပြလိုက်ပြီး လက်ထဲတွင် အလင်းတန်းတစ်ခုကို ဖန်တီးလိုက်ရာ ငါးပေရှည်သော ဓားတစ်လက်မှာ ထွက်ပေါ်လာသည်။

ဓားကို ဓားအိမ်ထဲမှ မထုတ်ရသေးခင် လက်နက်တစ်ဝိုက်တွင် လျှပ်စီးများ ရစ်သိုင်းလာ၏။

“ချွင်”

သူက ဓားကို ဆွဲထုတ်လိုက်သည့်အခါ ကြွေလွင့်နေသော ကြယ်တာရာတစ်ခုကဲ့သို့ လင်းလက်သွားသည်။

မိုးကြိုးနဂါးများ ရစ်ပတ်နေသော သူတော်စင်ဓားတစ်လက်သည် သူ့လက်ထဲသို့ ရောက်ရှိလာလေတော့၏။ ၎င်းကို ကိုင်လိုက်သည်နှင့် သူ့အရှိန်အဝါမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး အိမ်တော်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

ခြံဝင်းထဲမှ ထွက်ခွာလာပြီး မိုးကြိုးအိမ်တော်မှ ကျင့်ကြံသူများ၏ နားနေဆောင်သို့ ရောက်ခါစ အကြီးအကဲလျှို ထိုအရှိန်အဝါကို ခံစားမိလိုက်ရသဖြင့် တောင့်ခဲသွားရသည်။

မိုးကြိုးအိမ်တော်မှ ကျင့်ကြံသူများလည်း အလားတူပင် အံ့ဩသွားကြသည်။ သူတို့ သူတို့ဘိုးဘေး၏ အရှိန်အဝါကို ကောင်းစွာ သိထား၏။

သို့သော် မဟာပဏ္ဍိတတစ်ဦး ရှေ့တွင် အရှိန်အဝါကို အပြည့်အဝ ထုတ်ဖော်ခြင်းမှာ သေတွင်းထဲ ခုန်ဆင်းနေခြင်း မဟုတ်ပါလား။

“အကြီးအကဲလျှို၊ ကျွန်တော့်ရဲ့ နဝမအစ်ကိုကြီး အခြေအနေ ဘယ်လိုရှိလဲ”

မေးလိုက်သူမှာ မိုးကြိုးအိမ်တော်၏ နောက်ထပ် ဘိုးဘေးတစ်ဦးပင်။ သူသည် မျိုးဆက်တူသော်လည်း မိုးကြိုးဓားဘုရင်ထက် နှစ်ပေါင်း ရာချီငယ်ရွယ်ပြီး ပါရမီ အနည်းငယ် နိမ့်ပါးသည်။ ထို့ကြောင့်ပင် သူသည် ဤအခွင့်အရေးကို အစ်ကိုဖြစ်သူအား ပေးအပ်ခဲ့ခြင်း ဖြစ်၏။

အကြီးအကဲလျှို အမှန်အတိုင်း ပြန်ဖြေလိုက်၏။

“မိတ်ဆွေ ဟုန်ချွေ့၊ ခင်ဗျား အစ်ကိုကြီးက အထွတ်အထိပ် ဉာဏ်အလင်းပွင့်ဆေးလုံး သုံးလုံးကို ရထားပါတယ်။ ဘာကြောင့် အခုလို လုပ်နေရလဲဆိုတာကိုတော့ ကျုပ်လည်း မပြောတတ်ဘူး”

အခြားအချိန်များတွင်ဆိုလျှင် အထွတ်အထိပ် ဆေးလုံးများအကြောင်း ကြားရုံနှင့် သူတို့ ဝမ်းမြောက်နေကြမည် ဖြစ်သော်လည်း ယခုမူ မည်သူမျှ စိတ်မအေးနိုင်ကြပေ။ သူတို့အားလုံး သိချင်နေကြသည်မှာ သူတို့ဘိုးဘေး စိတ်ဖောက်ပြန်သွားခြင်း ရှိမရှိကိုပင်။

နန်းတော်အတွင်း၌ ကျန်ရှိနေသော အခြား မဟာပဏ္ဍိတများမှာလည်း ဤမြင်ကွင်းကို ကြည့်ရင်း အတွေးကိုယ်စီ ရှိနေကြ၏။

မကြာမီ သူတို့ထဲမှ တစ်ယောက် တိုးတိုးလေး ရေရွတ်လိုက်၏။

“ကြည့်ရတာ အဲဒီမိတ်ဆွေက တကယ်ပဲ စွမ်းရည်ရှိပုံရတယ်။ ဒါပေမဲ့ သူ ဓားသိုင်းမှာ ဘယ်လောက်အထိ ကျွမ်းကျင်လဲဆိုတာ ငါသိချင်မိတယ်”

ခန်းမထဲတွင် ချူဖုန်းမှာ သူ့လက်ဖက်ရည်ခွက်ကို ချလိုက်ကာ မိုးကြိုးဓားဘုရင်ကို အသေအချာ ကြည့်နေခဲ့သည်။

“မိုးကြိုးခုတ်ချက်”

မိုးကြိုးဓားဘုရင်သည် ဘာကိုမှ ချန်မထားတော့ပေ။ သူက ဓားကို မြှောက်ကာ ရှေ့မှ မဟာပဏ္ဍိတထံသို့ ခုတ်ချလိုက်၏။

ထိုတိုက်ကွက်မှာ မိုးခြိမ်းသံကဲ့သို့ပင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး တောက်လောင်မြန်ဆန်လှ၏။ ဓားချက်က မကျရောက်သေးသော်လည်း လေထုထဲတွင် မျှော်လင့်ချက်ကင်းမဲ့မှုများ ပြည့်နှက်နေသည်။

မဟာပဏ္ဍိတရွှေတောင်ပံ ကျရောက်လာသော ဓားချက်ကို ကြည့်ကာ လက်ကို အသာအယာ မြှောက်ပြီး ဓားအရှိန်အဝါကို လက်ချောင်းနှစ်ချောင်းကြားတွင် ပေါ့ပေါ့ပါးပါးလေး ညှပ်ဖမ်းလိုက်၏။

သူ မိုးကြိုးဓားဘုရင်၏ အံ့ဩမှင်သက်နေသော မျက်နှာထားကို လျစ်လျူရှုကာ ခန်းမဘက်သို့ လှည့်ကြည့်လိုက်သည်။

“အစ်ကိုကြီး၊ ရှင်းရှင်းလင်းလင်း မြင်လိုက်ရရဲ့လား”

“ရပြီ”

ချူဖုန်း တိုးတိုးလေး ပြန်ဖြေလိုက်သည်။

“ကောင်းပြီ”

ထိုသို့ဆိုကာ မဟာပဏ္ဍိတရွှေတောင်ပံ လက်ချောင်းများကို ပြန်ခွာလိုက်ရာ ဓားချီနှင့် ဆန္ဒများမှာ လွင့်စင်ပျောက်ကွယ်သွားတော့၏။

ထိုတိုက်ကွက်မှာ တစ်ခါမှ မရှိခဲ့ဖူးသကဲ့သို့ပင်။

မိုးကြိုးဓားဘုရင်သည် သူနှင့် မဟာပဏ္ဍိတကြား ကွာဟချက်ကို သိထားသော်လည်း ဤမြင်ကွင်းကို ကိုယ်တိုင်မြင်လိုက်ရသည့်အခါ တာအိုနှလုံးသားမှာပင် တုန်လှုပ်သွားရသည်။

မိုးကြိုးအိမ်တော် ကျင့်ကြံသူများ နေထိုင်ရာ ခန်းမတွင်မူ လူတိုင်း ဆွံ့အလျက် ရှိနေကြသည်။

‘ဘာတွေ ဖြစ်နေတာလဲ’

သူတို့သည် ယခုအချိန်တွင် ဘိုးဘေးကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံချင်စိတ်များ ပြင်းပြနေကြပြီ ဖြစ်သည်။

သို့သော် အခြားမဟာပဏ္ဍိတများမှာမူ ဘာတုံ့ပြန်မှုမှ မရှိကြပေ။ သူတို့အတွက်မူ ဤသည်မှာ သဘာဝကျလှသည်။

ချူဖုန်း လက်ဖက်ရည်ခွက်ကို လှည့်ကစားရင်း အေးအေးဆေးဆေးပင် ပြောလိုက်၏။

“မင်းရဲ့ မိုးကြိုးဓားဆန္ဒက အထွတ်အထိပ်ကို ရောက်နေပြီပဲ။ ဒါပေမဲ့ ငါ့မှာ မင်းကို မေးစရာ မေးခွန်းတစ်ခု ရှိတယ်”

မိုးကြိုးဓားဘုရင်မှာ သတိချက်ချင်း ပြန်ဝင်လာကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။

“မေးပါ စီနီယာ။ ကျုပ် ဘာမှမချန်ဘဲ ဖြေပါ့မယ်”

ချူဖုန်းက ပြုံးလိုက်သည်။ “အဲဒီလောက်ကြီး တည်မနေပါနဲ့။ ငါသိချင်တာ မင်း နောက်ထပ် ဘယ်လို တာအိုအနှစ်သာရကို နားလည်ချင်တာလဲ။ ဓားတာအိုလား ဒါမှမဟုတ် မိုးကြိုးတာအိုလား”

“…..”

မိုးကြိုးဓားဘုရင်မှာ ကြောင်သွားလေတော့၏။ စီနီယာက ဤမျှ ပေါ့ပေါ့ပါးပါး မေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အမှန်အတိုင်းဆိုလျှင် သူကိုယ်တိုင်လည်း ဤမေးခွန်းကို မစဉ်းစားဖူးခဲ့ပေ။

ခြံဝင်းအတွင်း၌ တိတ်ဆိတ်ခြင်းများ လွှမ်းမိုးသွားသည်။

သူ တွေးတောနေသည်ကို မြင်သောအခါ ချူဖုန်းက တဟားဟား ရယ်မောလိုက်၏။

“မင်း မဆုံးဖြတ်နိုင်သေးဘူးဆိုရင် ငါ မင်းကို သုံးရက် အချိန်ပေးမယ်။ မှတ်ထား နေ့တိုင်း နေမွန်းတည့်ပြီးတဲ့နောက်မှာ မင်း ငါ့ဆီလာပြီး အဖြေပေးလို့ရတယ်။ အဲဒီအချိန်ကျရင် မင်းအတွက် ကျေနပ်စရာကောင်းတဲ့ အဖြေတစ်ခုကို ငါပေးမယ်”

“ကျေးဇူးတင်ပါတယ် စီနီယာ”

မိုးကြိုးဓားဘုရင်သည် ဦးညွှတ်နှုတ်ဆက်ကာ ထွက်ခွာသွားတော့၏။

မဟာပဏ္ဍိတရွှေတောင်ပံလင်းယုန် နန်းတော်တံခါးများကို ပိတ်လိုက်ပြီး အတွင်းသို့ ဝင်လာကာ ချူဖုန်း၏ ရှေ့တွင် အားမနာတမ်း ထိုင်လိုက်သည်။

“အစ်ကိုကြီး၊ အဲဒီလူအိုကြီးက ဘာကို ရွေးမယ်လို့ ထင်လဲ”

ချူဖုန်းက ပြုံးရင်း မေးလိုက်သည်။

“သူ ဘာကိုပဲရွေးရွေး၊ မင်းတို့အားလုံး တာအိုအနှစ်သာရကို နားလည်ဖို့ အခွင့်အရေးရမှာ မဟုတ်ဘူးလား”

မဟာပဏ္ဍိတရွှေတောင်ပံ မျက်လုံးများ လင်းလက်သွားသည်။

“အစ်ကိုကြီး ပြောချင်တာာ သူ သူတော်စင်တစ်ပိုင်း အဆင့်ကို တက်လှမ်းတာကို အခွင့်အရေးယူပြီး ကျွန်တော်တို့လည်း တာအိုအနှစ်သာရကို နားလည်နိုင်မယ်လို့ ဆိုလိုတာလား။ ဒါဆိုရင်တော့ ဒီခရီးစဉ်က တကယ်ကို တန်ဖိုးရှိတာပေါ့”

ချူဖုန်း လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။

“ဒါက မင်းကိုယ်မင်း အမြတ်ထွက်တယ်လို့ ခံစားရသရွေ့ ငါက ဘယ်တော့မှ အရှုံးမရှိဘူး ဆိုတဲ့အဓိပ္ပာယ်ပဲ”

မဟာပဏ္ဍိတရွှေတောင်ပံ သူ့ကို လက်မထောင်ပြလိုက်သည်။ “အစ်ကိုကြီးဆီက မျှော်လင့်ထားတဲ့အတိုင်းပါပဲ”

တစ်ဖက်တွင် မိုးကြိုးဓားဘုရင်သည် စီနီယာ၏ စကားများကို ပြန်လည်တွေးတောရင်း မိုးကြိုးအိမ်တော်မှ ကျင့်ကြံသူများ တည်းခိုရာနေရာသို့ ပြန်ရောက်လာခဲ့သည်။

သူတို့ ဘိုးဘေး စိတ်ပျံ့လွင့်နေသည်ကို မြင်သောအခါ လူတိုင်းက ဆီးကြိုနှုတ်ဆက်ကြ၏။

“ဘိုးဘေး”

“ညီကိုး”

“မိတ်ဆွေ မိုးကြိုးဓား”

ထိုအခါမှ သူ သတိပြန်ဝင်လာပြီး မေးလိုက်သည်။

“ဘာကိစ္စရှိလို့လဲ”

လူတိုင်း “...”

အကြီးအကဲလျှိုက အခြေအနေကို ထိန်းသိမ်းရန် ပြုံးလျက် ဝင်ပြောလိုက်၏။

“မိတ်ဆွေ မိုးကြိုးဓား၊ ဘာလို့ ဒီလောက်မြန်မြန် ပြန်လာရတာလဲ”

မိုးကြိုးဓားဘုရင်က အမှန်အတိုင်း မဖုံးကွယ်ဘဲ ပြောပြလိုက်သည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီစီနီယာက ကျုပ်ကို ရွေးချယ်စရာ နှစ်ခုပေးထားတယ်။ တစ်ခုက မိုးကြိုးတာအိုကို နားလည်ဖို့၊ နောက်တစ်ခုက ဓားတာအိုကို နားလည်ဖို့ပဲ။ ကျုပ်အခုထိ ဆုံးဖြတ်နေတုန်းပဲ”

ဤစကားများကို ကြားရသောအခါ လူတိုင်း အံ့ဩမှင်သက်သွားကြပြီးနောက် တစ်ပြိုင်နက်တည်း စကားများ ဝိုင်းပြောကြတော့၏။

“ဘိုးဘေး၊ မိုးကြိုးတာအိုကိုပဲ ရွေးသင့်ပါတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့က မိုးကြိုးအိမ်တော်ပဲလေ”

“ဘိုးဘေး၊ ဓားတာအိုက ဘိုးဘေးနဲ့ အသင့်တော်ဆုံးပါ”

“…”

သူတို့ ငြင်းခုံနေကြသည်ကို ကြားရသောအခါ မိုးကြိုးဓားဘုရင် အားကိုးရာမဲ့သော မျက်နှာထား ဖြစ်သွားရသည်။

ထိုစဉ် လူအုပ်ထဲမှ အရှိန်အဝါ ပြည့်ဝလှသော အသံတစ်သံက ဟိန်းထွက်လာခဲ့သည်။

“အားလုံး တိတ်စမ်း”

ခြံဝင်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားကာ အကြည့်အားလုံးသည် မိုးကြိုးဓားဘုရင်ထံသို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားလေတော့၏။

All Chapters