← Chapters

အခန်း (၃၄၇-၃၄၈)

Vol. 35 Ch. 347-348

အခန်း (၃၄၇-၃၄၈)

Vol. 35 Ch. 347-348

အခန်း(၃၄၇) ဒီလိုဆို ငါအများကြီး ငါဆုံးရှုံးသွားလိမ့်မယ်

မိုးကြိုးဓားဘုရင် ဖြည်းညှင်းစွာ ပြောသည်။ “အစ်ကိုကြီးရော ဘယ်လိုထင်လဲ”

ခုနလေးတင် အော်ဟစ်လိုက်သည့် သူက မိုးကြိုးအိမ်တော်၏ နောက်ထပ်အကြီးအကဲဖြစ်သူ မုန်တိုင်းတူဘုရင်ပင်။

“ညီကိုး ငါ မင်းကို ဘာအကြံမှ ပေးစရာ မရှိဘူး။ ဘာပဲဖြစ်ဖြစ် ကျင့်ကြံခြင်းဆိုတာ မင်းကိုယ်တိုင်ဆုံးဖြတ်ရမှာ။ မင်းလုပ်ရမှာက မင်းစိတ်ကို သိနားလည်ပြီး လျှောက်လှမ်းချင်တဲ့ လမ်းစဉ်ကို ဆုံးဖြတ်ဖို့ပဲ”

မုန်တိုင်းတူဘုရင်သည် မိုးကြိုးဓားဘုရင်အောက် ပါရမီနှင့် အခြားအရာများ၌ နိမ့်ကျသော်လည်း အတွေ့အကြုံတော့ ကြွယ်ဝပေသည်။

မုန်တိုင်းဓားဘုရင် ခေါင်းညိတ်လိုက်သည်။ “အစ်ကိုကြီးပြောတာမှန်တယ်။ ကျွန်တော် ခဏလောက်တော့ အချိန်ယူပြီး စဉ်းစားပါဦးမယ်”

ထိုသို့ဖြင့် သူ အိမ်တော်ထဲမှ အခန်းတစ်ခုထဲသို့ လျှောက်ဝင်သွားသည်။

မိုးကြိုးအိမ်တော်မှ ကျင့်ကြံသူများသည် လူစုကွဲသွားကြပြီး ထိုအကြောင်းကို ထပ်မပြောတော့ချေ။

အကြီးအကဲလျှို မုန်တိုင်းတူဘုရင်ကို နှုတ်ဆက်ပြီး အိမ်တော်မှ ထွက်ခွာလာခဲ့သည်။ လမ်းတစ်လျှောက်တွင် ယနေ့အဖြစ်အပျက်များကို မှတ်တမ်းတင်နေခဲ့သည်။ အနာဂတ်တွင် ၎င်းက သေချာပေါက် ပြန်ပြောစရာဇာတ်လမ်းပုံပြင်တစ်ပုဒ် ဖြစ်လာပေလိမ့်မည်။

လေမဖြတ်တိုက်နိုင်သည့် နံရံဟူ၍ မရှိပေ။ နေ့တစ်ဝက်ပင်မကျိုးခင် မိုးကြိုးစံအိမ်တွင် ဖြစ်ခဲ့သမျှ အရာအားလုံးသည် ဝူရွှမ်တစ်မြို့လုံးကို ပျံ့နှံ့သွားသည်။

ကျင့်ကြံသူများသည် မိုးကြိုးဓားဘုရင် မိုးကြိုးတာအို သို့မဟုတ် ဓားတာအို ထိုအထဲမှ မည်သည်ကို ရွေးချယ်သင့်သလဲကို ဆွေးနွေးနေတော့၏။

အနည်းငယ်သော ကျင့်ကြံသူတို့သာ မိုးကြိုးဓားဘုရင် မဟာပဏ္ဍိတတစ်ပါး ဖြစ်မလာနိုင်ကြောင်း ပြောကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သုံးရက်ကြာသွားတော့သည်။ မိုးကြိုးဓားဘုရင်သည် ချူဖုန်း စံအိမ်အပြင်ဘက်သို့ ရောက်လာ၏။

သူ စံအိမ်ဘက်သို့ ဦးညွှတ်လိုက်၏။ “ဂျူနီယာမိုးကြိုးဓားက စီနီယာကို အရိုအသေပေးပါတယ်”

“ထ”

ချူဖုန်း ပင်းယန်နှင့် စစ်တုရင်းကစားနေသည်။ မိုးကြိုးဓားဘုရင် စကားကို ကြားသော် သူ သာမန်မျှ ပြောလိုက်သည်။ “မင်း ဒီနေ့ လာတယ်ဆိုတော့ မင်းနှလုံးသားထဲမှာ ဆုံးဖြတ်ပြီးသွားပြီထင်တယ်”

မိုးကြိုးဓားဘုရင် ပြန်ဖြေသည်။ “စီနီယာ ဒီဂျူနီယာက မိုးကြိုးတာအိုကို နားလည်အောင် ကြိုးစားဖို့ ဆန္ဒရှိပါတယ်။ စီနီယာကို လမ်းပြပေးဖို့ တောင်းဆိုပါတယ်”

ချူဖုန်း ပြုံးလိုက်သည်။ “အရမ်းကောင်းတယ်။ ဒီနေ့ကစနေပြီး ခုနစ်ရက်မြောက်ကြာရင် နေတတိယမြောက်အမြင့်ကို ရောက်တဲ့အချိန် ပြန်လာခဲ့”

“ဟုတ်ကဲ့ပါ”

သူ့နှလုံးသားတွင် သံသယများ ဝှေ့ဝဲနေသော်လည်း မိုးကြိုးဓားဘုရင် ထွက်ခွာရန်သာ ရွေးချယ်ခဲ့သည်။

သူ မိုးကြိုးအိမ်တော်သို့ ပြန်ရောက်သည့်အခါ ချက်ချင်းပင် အဝိုင်းခံလိုက်ရသည်။ မည်သူမှ စကားမပြောကြသော်လည်း ထိုသူတို့ ဘာမေးချင်လဲ သူသိသည်။ သို့ဖြစ်၍ သူ ဖုံးကွယ်မနေတော့ဘဲ ကြုံခဲ့ရသမျှ အရာအားလုံးကို ပြောပြလိုက်သည်။

ထိုစကားများကို ကြားသော် လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားသည်။ တစ်ဖက်စီနီယာမှ ထိပ်တန်းအဆင့် ဉာဏ်အလင်းပွင့်ဆေးလုံးများသာ မသန့်စင်နိုင်ပါက သူတို့ ထိုစကားများကို ကြားပြီးလျှင် လိမ်ခံလိုက်ရပြီဟုသာ ထင်ကြပေလိမ့်မည်။

မိုးကြိုးဓားဘုရင် ဘာမှ ထပ်မပြောတော့ဘဲ သီးသန့်ကျင့်ကြံရန် အခန်းထဲ ဝင်သွားလိုက်သည်။ ခုနစ်ရက်ကြာလျှင် စီနီယာပေးအပ်မည့် အထွတ်အထိပ်ကျင့်စဉ်ကို လက်ခံရယူရန် သူ့စိတ်အခြေနေကို အေးချမ်းအောင် ထိန်းညှိလိုက်၏။

စံအိမ်ထဲတွင် မဟာပဏ္ဍိတများသည် စုဝေးလျက် စိတ်လှုပ်ရှားစရာ အခြေအနေကို ဆွေးနွေးနေကြသည်။

“မဟာပဏ္ဍိတရွှမ်ယီ အဲဒီလူ ဘာလုပ်ဖို့ကြိုးစားနေတယ်လို့ ထင်လဲ။ သူတကယ်ကြီး ခုနစ်ရက်အတွင်း ကျင့်စဉ်ရေးဖို့ တွေးနေတာလား”

အနီရောင်ဝတ်စုံဖြင့် လူအိုကြီးတစ်ဦး ပြောသည်။

တာအိုဝတ်စုံကို ဝတ်ထားသည့် အင်မော်တယ်အငွေ့အသက်များ ထွက်နေသော မဟာပဏ္ဍိတရွှမ်ယီ ပြုံးလိုက်သည်။ “တာအိုရောင်းရင်း သွေးအရိပ် ဘာလို့ စိတ်မရှည်ဖြစ်နေတာလဲ။ ခုနစ်ရက်နေရင် ကျုပ်တို့ အားလုံး အဖြေကို သိရမှာပဲ”

ဓားတစ်လက်ဖြင့် လူအိုကြီး နှာခေါင်းရှုံ့လိုက်သည်။ “ရွှမ်ယီ ဒီအချိန်ကြီး စကားဝှက်တွေနဲ့ ပြောနေတာလဲ။ မင်း နည်းနည်းလေးတောင် မသိချင်ဘူးလား”

မဟာပဏ္ဍိတရွှမ်ယီ ရယ်မောသည်။ “တာအိုရောင်းရင်းကျဲ့ရှန် ခင်ဗျား မှားနေပြီ။ ကျုပ်က အရာရာတိုင်းမှာ ကံစီမံရာ ရှိတယ်လို့ ယုံကြည်တယ်။ ဒါပေမဲ့ ကျုပ်တို့ လောနေလို့လည်း ဘာထူးမှာလဲ။ မကျေနပ်လို့ သွားလောလို့လည်း မရဘူးလေ”

မဟာပဏ္ဍိတများ တိတ်ဆိတ်သွားသည်။

အိမ်တော်ထဲတွင်

ချူဖုန်း ကစားပွဲကို အဆုံးသတ်ရန် ကျားစေ့တစ်စေ့ကို ချလိုက်သည်။ ထို့နောက် လက်ဖက်ရည်တစ်ငုံသောက်ကာ လည်ပင်းဆန့်လိုက်၏။

မဟာပဏ္ဍိတရွှေတောင်ပံ သိလိုစွာ မေးသည်။ “အစ်ကိုကြီး ခင်ဗျား အဲဒီလူအိုကြီးအတွက် ကျင့်စဉ်တစ်ခု ရေးဖို့ စဉ်းစားတာလား”

ချူဖုန်း ပြုံးလိုက်သည်။။ “ဒီလိုသာ ရေးလိုက်ရင် ငါအများကြီး ဆုံးရှုံးသွားမှာပေါ့။ ငါ အရင်ဆုံး ပြင်ဆင်ထားရမှာ ရှိတယ်။ မင်း နောက်ပိုင်း သိလာလိမ့်မယ်”

မဟာပဏ္ဍိတရွှေတောင်ပံ မျက်နှာသည် မျှော်လင့်ချက်များဖြင့် တောက်ပသွား၏။ သူ ယခုတစ်ခေါက် အစ်ကိုကြီးဖန်တီးမည့် လှည့်ကွက်အသစ်ကို သိချင်လာသည်။ ပထမဆုံးအနေဖြင့် သူ အချိန်ကုန်ဆုံးမှု နှေးလာသလို ခံစားရ၏။

ချူဖုန်း အခန်းတစ်ခုထဲသို့ ဝင်ကာ မိုးကြိုးဓားဘုရင်ကို မိုးကြိုတာအိုအနှစ်သာရ နားလည်လာစေရန် မည်သို့ ကူညီပေးရမည်ကို စတင်စဉ်းစားလိုက်သည်။

ခဏအကြာ၌ သူ့စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွား၏။ အထွတ်အထိပ်‌သန့်စင်ကျောက်စိမ်းမဟာဗုဒ္ဓခရမ်းအင်ပါယာမိုးကြိုးကျမ်းသည် တာအိုအရှင်ကိုးပါးမိုးကြိုးအဆောင်ပါဝင်သော တာအိုကျမ်းစာတစ်ခုဖြစ်သည်။

သူ ထိုတာအိုအရှင်ကိုးပါးမိုးကြိုးအဆောင်တွင် တာအိုအနှစ်သာရများ ရေးထိုးပေမည်။ ဉာဏ်အလင်းပွင့်ဆေးလုံးနှင့်ဆိုလျှင် မိုးကြိုးဓားဘုရင်ကို တာအိုအနှစ်သာရနားလည်မှုကို သေချာပေါက် ကူညီပေးလိမ့်ပေမည်။

ထိုသည်ကို တွေးမိရင်း ချူဖုန်း တာအိုကျောက်စိမ်းကို ထုတ်ယူပြီး အပိုင်းအစလေး ကိုးခုအဖြစ် ခွဲခြမ်းလိုက်သည်။ ထို့နောက် လက်ကိုဝှေ့ယမ်းရင်း အစီအရင်တစ်ခုကို ဖန်တီးကာ အခန်းတစ်ခုလုံးကို ဖုံးအုပ်လိုက်၏။ ၎င်းသည် စောင့်ကြည့်နေသည့် မျက်လုံးများကို ပိတ်ဆို့ရန်နှင့် ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ရန်ပင်။

ထို့နောက် ပထမဆုံးတာအိုကျောက်စိမ်းအပိုင်းအစတွင် မိုးကြိုးတာအိုအရှင်အဆောင်များကို ရေးထွင်းတော့သည်။

ပထမဆုံးတာအိုအဆောင် ပြီးဆုံးသွားသည်နှင့် တစ်ရက်နှင့်တစ်ည ကုန်ဆုံးသွားကြောင်း သူသိလိုက်ရသည်။

သူ အလျင်မလိုသည့်အတွက် သူ့အရှိန်ကိုမတင်ပေ။ သူ ဒုတိယကျောက်စိမ်းအဆောင်ကို စတင်ရေးထိုးတော့၏။

အိမ်တော်မှာ တိတ်ဆိတ်သွားတော့သည်။ အိမ်တော်သို့ လာနေကြသည့် သူများမှာလည်း အသုံးဝင်သည့် သတင်းအချက်အလက်များ မရတော့ပေ။ သို့ဖြစ်၍ ဝူရွှမ်မြို့မှ ကျင့်ကြံသူများသည် ဂနာမငြိမ်နိုင်တော့ချေ။

‘အဲဒီမဟာပဏ္ဍိတက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ’

မျက်စိတစ်မှိတ်အတွင်းမှာ ခုနစ်ရက် ကုန်ဆုံးသွားသည်။

ချူဖုန်း သူ့ရှေ့က ကျောက်စိမ်းအဆောင်ခုနစ်ခုကို ကြည့်ပြီး လုပ်နေသည်ကို ရပ်လိုက်သည်။ ထိုခုနစ်ခုမှ ဖြာထွက်နေသော မိုးကြိုးအနှစ်သာရများကို ခံစားမိ၍ သူ နေရာ၌ပင် ထိုအနှစ်သာရများကို နားလည်သဘောပေါက်ချင်စိတ် ပေါ်လာသည်။

ချူဖုန်း စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ကာ အဓိကခန်းမသို့ လျှောက်သွား၏။ ကျန်သည့် ကျောက်စိမ်းနှစ်ခုကိုတော့ မိုးကြိုးဓားဘုရင် သူတော်စင်တစ်ပိုင်းအဆင့်သို့ တက်သည့်နေရာ၌ ကျရှုံးမှ နှစ်ရက်ကြိုပြီး ထွင်ထုလိုက်ပေမည်။

သူ အဓိကခန်းမသို့ ရောက်သွားမည့်အချိန် ပင်းယန်တို့သည် သူ့ကို စောင့်နေလေသည်။ သူတို့ကို မျက်လုံးဖြင့် အချက်ပြလိုက်ပြီး ရှေ့ခြံဝင်းသို့ ကြည့်လိုက်၏။ ထိုနေရာတွင် မိုးကြိုးဓားဘုရင် လေးစားစွာ ရပ်နေသည်။

“မင်း ရောက်လာပြီပဲ”

ထိုအသံကို ကြားသော် မိုးကြိုးဓားဘုရင် လေးစားစွာ ဦးညွှတ်လိုက်သည်။ “ ဂျူနီယာက စီနီယာကို နှုတ်ဆက်ပါတယ်”

ချူဖုန်း ပြောလိုက်သည်။ “တာအိုအနှစ်သာရကို နားလည်ဖို့ဆိုတာ တစ်ရက်တည်းနဲ့ မရဘူး။ ဒီနေ့ကစပြီး မင်း ဒီခြံဝင်းထဲမှာ ကျင့်ကြံရမယ်။ ဒီကျောက်စိမ်းပေါ်က တာအိုကျမ်းစားတွေကို လေ့လာတော့မယ်ဆိုရင် ချက်ချင်း ဉာဏ်အလင်းပွင့်ဆေးလုံးကို သောက်ဖို့ သတိရပါ”

“ဟုတ်ကဲ့”

မိုးကြိုးဓားဘုရင် ကြိုတင်ပြင်ဆင်ထားသည့် ဉာဏ်အလင်းပွင့်ဆေးလုံးကို ထုတ်လိုက်သည်။ ချူဖုန်း သိုလှောင်လက်စွပ်ထဲမှ တာအိုကျောက်စိမ်းတစ်ခုကို ထုတ်ပြီး ပေးလိုက်သည်။ မိုးကြိုးဓားဘုရင် လက်ခံလိုက်ပြီး နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်၏။ ထိုအခိုက် တာအိုကျောက်စိမ်းမှ အလင်းရောင်များ ထွက်လာပြီး တစ်ကိုယ်လုံးကို ဖုံးအုပ်သွားတော့သည်။ ထို့နောက် အလင်းတန်းများသည် ကောင်းကင်ယံသို့ မြင့်တက်သွားတော့၏။

“တာအိုအလင်းတန်းပဲ”

စံအိမ်ထဲမှ မဟာပဏ္ဍိတတစ်ဦး ထိတ်လန့်အံ့ဩစွာ အော်လိုက်သည်။

ပတ်ဝန်းကျင်မှ မဟာပဏ္ဍိတများသည် ထိုသည်ကို မြင်သော် အံ့ဩသွား၏။

“မထင်ထားဘူး။ သူ့မှာ အရည်အချင်း ရှိသားပဲ။ အချိန်တိုအတွင်းမှာ သူ မိုးကြိုးကျင့်စဉ်တစ်ခု ရှာနိုင်သားပဲ”

“ဒီတာအိုရောင်းရင်းလေးမှာ ဘယ်လိုစွမ်းအားတွေကို ရှိမလဲ။ အတော်လေး ထူးခြားတဲ့သူ ဖြစ်ရမယ်”

“…”

အကြီးလျှိုနှင့် မိုးကြိုးအိမ်တော်မှ ကျင့်ကြံသူများသည် ထိုတာအိုအလင်းတန်းကို မြင်သော် သိသာစွာ စိတ်လှုပ်ရှားသွားသည်။

“ဒီလောက် တာအိုအလင်းတန်းတွေ ထွက်လာတာဆိုတော့ မိုးကြိုးအိမ်တော်ကနေ မဟာပဏ္ဍိတတစ်ပါး ထွက်လာတော့မယ်”

“ငါတို့ မိုးကြိုးအိမ်တော်က ဂုဏ်ရောင်ထွန်းပြောင်တော့မယ်”

“…”

မုန်တိုင်းတူ ဆူပူလိုက်ပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင် ဖြစ်သွားသည်။ “တိတ်စမ်း။ ဒီကိစ္စက မပြီးသေးဘူး။ မင်းတို့တွေက ကြိုပြီး ဂုဏ်ပြုနေကြပြီလား။ ငါပြောသားပြီးသားပဲ။ ကျင့်ကြံသူတွေဆိုတာက တည်ငြိမ်တဲ့ နှလုံးသားကို ထိန်းထားရမယ်လို့”

လူတိုင်း ခေါင်းငုံ့သွားကြပြီး စကားထပ်မပြောရဲတော့ပေ။

ထိုအိမ်တော်အတွင်း၌ ချူဖုန်း မိုးကြိုးဓားဘုရင်ကို လျစ်လျူရှုပြီး မိန်းကလေးနှစ်ယောက်ကို ကျင့်ကြံရာ၌ လမ်းညွှန်ပေးနေလိုက်သည်။

မိုးကြိုးဓားဘုရင်ပေါ်မှ တာအိုအလင်းများ ပျောက်ကွယ်သွားချိန်တွင် သူ သတိပြန်ဝင်လာသည်။ ထို့နောက် လက်ထဲမှ အမှုန့်ဖြစ်သွားသော ကျောက်စိမ်းအဆောင်ကို ကြည့်ပြီး အချိန်မဖြုန်းတော့ပေ။ ထို့နောက် ဉာဏ်အလင်းပွင့်ဆေးလုံးကို မျိုချပြီး မျက်လုံးမှိတ်လိုက်သည်။ ထို့နောက် နတ်ဘုရားအာရုံကို တာအိုကျမ်းစာ၌ နစ်မြှုပ်နေလိုက်တော့၏။

တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားတော့သည်။

မိုးကြိုးဓားဘုရင် ခြံဝင်းထဲ၌ လှုပ်ရှားမှုကင်းစွာ ထိုင်နေသည်။ ပိုင်ကျင်းနှင့် ချန်ကျင်းကျင်းတို့သည် ဆက်တိုက် ရပ်မနေနိုင်သည့်အတွက် ချူဖုန်းကို ပြောလိုက်သည်။ “ဆရာ ကျွန်မတို့ အပြင်ထွက်ပြီး ဆော့လို့ရမလား”

“ရတယ်”

ချူဖုန်း ပြုံးလိုက်ပြီး မဟာပဏ္ဍိတ‌ရွှေတောင်ပံကို ပြောလိုက်သည်။ “ငါ မင်းကို ဒီနေရာ စောင့်ရှောက်ဖို့ ထားခဲ့မယ်”

“အစ်ကိုကြီး အေးဆေးသွားပါ။ ဒီလိုကိစ္စသေးသေးလေးကို ကျွန်တော်ကိုင်တွယ်လိုက်ပါ့မယ်”

မဟာပဏ္ဍိတရွှေတောင်ပံ သူ့ရင်ဘက်ကို ပုတ်ကာ အာမခံလိုက်သည်။

ချူဖုန်း ဝါးခမောက်တစ်လုံးကို ဆောင်းပြီး ပင်းယန်တို့နှင့်အတူ နန်းတော်ထဲမှ ထွက်လာသည်။ သူတို့ထွက်လာသည်ကို ပတ်ဝန်းကျင်မှ သူများ မြင်လိုက်ရ၏။

သူတို့ အုပ်စုထွက်လာသည်ကို မြင်သော် ကျင့်ကြံသူများ ကြောင်အသွားတော့သည်။ သူတို့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာ၏။ ‘ဒီစီနီယာက ဘာလုပ်ဖို့ တွေးနေတာလဲ’

သူတို့ ထွက်ပြေးမည်ဟုတော့ မတွေးပေ။ မည်သို့ပင်ဆိုစေ သူတို့ ဉာဏ်အလင်းပွင့်ဆေးလုံးသုံးလုံးကို ပေးပြီးသော်လည်း မိုးကြိုးတူ မရသေးချေ။ ယခုမှ ထွက်ပြေး၍တော့ မတန်ချေ။

ညနေစောင်းတွင် သူတို့အုပ်စု ရယ်မောပြီး ပြန်လာသည်ကို တွေ့လိုက်ရ၏။ ကျင့်ကြံသူများ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြောလိုက်ကြသည်။ “သူတို့ တကယ်ကြီး အပြင်ထွက် ပျော်နေကြတာလား”

သို့သော် သူတို့ ထိုအတွေးများကို ဖယ်လိုက်ပြီး ဘာဆက်လုပ်မလဲဆိုသည်ကို ဆက်ကြည့်နေလိုက်ကြ၏။

လေးဆယ့်ကိုးရက်ကြာပြီးနောက် မိုးကြိုးဓားဘုရင် မျက်လုံးများ ပွင့်လာပြီး ဦးညွှတ်လိုက်သည်။

“ဆရာ ဒီတပည့်က နားလည်နိုင်စွမ်းနိမ့်တော့ မိုးကြိုးအနှစ်သာရကို နားမလည်သေးပါဘူး။ ထပ်ပြီး လမ်းညွှန်ပေးဖို့ တောင်းဆိုပါတယ်”

ချူဖုန်း ထိုသည်ကို ကြားသော် သာမန်မျှ ပြောလိုက်သည်။ “မင်းက ငါသင်ဖူးသမျှ တပည့်တွေထဲ အဆိုးဆုံးပဲ။ ဒါကို ယူလိုက်”

မိုးကြိုးဓားဘုရင် ထိုခဏ ကြောင်သွားသည်။ ထုတ်ပြောရသည်မှာ ရှက်စရာကောင်းသော်လည်း ထိုသည်က အမှန်ပေ။

သူ ကျောက်စိမ်းအဆောင်ကို လက်ခံလိုက်သည့်အခါ အထဲတွင် ယခင်တစ်ခါနှင့်မတူသည့် တာအိုအနှစ်သာရကို မြင်လိုက်ရ၏။ သူ နတ်ဘုရားအာရုံကို အထဲသို့ ထည့်ရင်း နောက်ထပ် ဉာဏ်အလင်းပွင့်ဆေးတစ်လုံးကို မျိုချလိုက်၍ ဆက်ကျင့်ကြံသည်။

အိမ်တော်ထဲမှ ကျင့်ကြံသူများသည် ရင်းနှီးနေသည့် တာအိုအလင်းတန်းကို မြင်သော် အတွေးတစ်ခု ပြန်ပေါ်လာ၏။

အခန်း(၃၄၈)ကျွန်တော်နားလည်သွားပါပြီ

“မိုးကြိုးဓားဘုရင်က ပထမအကြိမ်အဆင့်တက်ဖို့ ကျရှုံးသွားပြီထင်တယ်”

မဟာပဏ္ဍိတသွေးရိပ် နှာခေါင်းရှုံ့လိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က လှောင်ပြောင်ခံခဲ့ရသည်ကို သတိရသွားပြီး သူ့နှုတ်ခမ်းများက ကွေးတက်သွား၏။

“တာအိုရောင်းရင်းသွေးရိပ် အရမ်းတွေ ပျော်မနေနဲ့။ သူ့ကို ဉာဏ်အလင်းပွင့်ဆေးလုံးသုံးလုံး ပေးထားတာ”

မဟာပဏ္ဍိတရွှမ်ယီကတော့ ပုံမှန်အတိုင်းပင်။ ဤကိစ္စက သူ့ကို မည်သည့်အရာမှ မသက်ရောက်သည့်အလားပင်။

၎င်းက မဟာပဏ္ဍိတသွေးအရိပ် အတော်လေး မကျေနပ်ဖြစ်သွားသည်။ သူ စကားပြောတော့မည့်အချိန် မဟာပဏ္ဍိတကျဲ့ရှန် ဓားထုတ်ပြီး ပိတ်ဆို့လိုက်၏။ “လုံလောက်ပြီ။ ငါတို့အားလုံး ဒီကို ကြည့်ဖို့လာတာ။ မလိုအပ်ဘဲ မတိုက်ခိုက်နဲ့”

“ဟမ့်”

မဟာပဏ္ဍိတသွေးရိပ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “ထိုက်ချင်းမြင့်မြတ်နယ်မြေက ဘယ်သူကများ နွားနှာခေါင်းနဲ့ တာအိုရောင်းရင်းကို လက်ခံမှာလဲ”

မဟာပဏ္ဍိတရွှမ်ယီ မငြင်းဆန်ပေ။ ထိုအစား သူ့မုတ်ဆိတ်ကိုသာ ပွတ်သပ်ရင်း ငြိမ်သက်စွာ စောင့်နေသည်။

သူတို့ တည်ငြိမ်မှုနှင့်ဆန့်ကျင့်စွာ မိုးကြိုးအိမ်တော်မှ ကျင့်ကြံသူများသည် အတော်လေးစိုးရိမ်လာကြ၏။

အဆင့်တက်မှုနှင့်စပ်လျဉ်း၍ ပထမအကြိမ်တွင် အင်အားအပြည့်၊ ဒုတိယအကြိမ်တွင် အားလျော့ကာ နောက်ဆုံး၌ အားပျက်သွားတတ်ပေသည်။ အကယ်၍ ဒုတိယအကြိမ်တွင် ထပ်မံ ရှုံးနိမ့်ပါက ပြဿနာတော့ တက်ပေတော့မည်။

သူ့ဂျူနီယာများ အားမရှိသလို မျက်နှာကို မြင်သောအခါ မုန်တိုင်းတူဘုရင် ဒေါသထွက်သွား၏။ “မင်းတို့တွေ ညီကိုးက မရှုံးသေးဘူး။ မင်းတို့ မျက်နှာတွေက ဘာဖြစ်နေတာလဲ။ သူ့ကို ရှုံးအောင် ကျိန်ဆဲနေကြတာလား။ ပြုံးထားကြစမ်း”

ထိုအခါ မိုးကြိုးအိမ်တော်မှ ကျင့်ကြံသူများသည် ငိုသည်ထက်ပင် ရုပ်ဆိုးသော အပြုံးများ ပြုံးပြလာကြသည်။

အကြီးအကဲလျှို သူတို့ကို အကြံပေးချင်သော်လည်း စကားလုံး ရှာမရသည့်အတွက် တိတ်ဆိတ်သာ နေလိုက်၏။ ဝူရွှမ်မြို့ကျင့်ကြံသူများသည် စံအိမ်မှ ပေါက်ကြားလာသော သတင်းကို ကြားသည့်အခါ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာသွားသည်။ အထက်စီးဆန်သော မဟာပဏ္ဍိတတစ်ပါး အရှက်ကွဲသည်ကို မြင်ရခြင်းမှာ သူတို့ မကြုံဖူးသောအရာပင်။

အချို့ကမိုးကြိုးဓားဘုရင် ဘယ်နှကြိမ်ကျရှုံးမလဲဆိုသည်ကို လောင်းကြေးထပ်နေကြသည်။

ပြင်ပကမ္ဘာနှင့်ယှဉ်လျှင် မိုးကြိုးဓားဘုရင်သည် နတ်ဘုရားအာရုံကိုအသုံးပြု၍ မိုးကြိုးအနှစ်သာရကို လေ့လာရာ၌ နစ်ဝင်နေခဲ့သည်။ ပထမအကြိမ်၌ သူ နားလည်ရန် ခြေတစ်လှမ်းသာ လိုခဲ့၏။

၎င်းခံစားချက်သည် နှစ်ပေါင်းရာချီတိုင် သူ မခံစားခဲ့ရသော အရာဖြစ်ပြီး ယနေ့တွင်တော့ သူအောင်မြင်မည်ဟု သေချာပေါက်ခံစားနေရသည်။

သူ့တာအိုနှလုံးသား ခိုင်မာလာပြီး အရှိန်အဝါက ပြောင်းလဲလာ၏။

ချူဖုန်း သူ့ကို ဂရုမစိုက်ဘဲ ပုံမှန်အတိုင်း နေထိုင်သည်။ စံအိမ်ထဲမှ မထွက်သော်လည်း ကောင်မလေးနှစ်ယောက်နှင့်အတူ အိမ်ကို ပတ်နေခဲ့သည်။

ကောင်မလေးနှစ်ယောက်သည် ပျင်းရိနေရာမှ နောက်ဆုံးတွင် စံအိမ်ကို သူတို့အိမ်အလား သဘောထားပြီး ပျော်ရွှင်နေတော့၏။

ထိုသည်ကို ကြည့်ပြီး ပြင်ပကမ္ဘာမှ လူများသည် နားမလည်နိုင်တော့သည့်အတွက် ရလဒ်ကိုသာ စောင့်ကြည့်နေတော့သည်။ အချိန်များ ကုန်လွန်သွား၏။

မိုးကြိုးဓားဘုရင်သည် ချူဖုန်းစံအိမ်သို့ ရောက်နေသည်မှာ ရှစ်ဆယ့်တစ်ရက်ကြာသွားသည်။ သို့သော် ၎င်းက နီဗားနားရှင်သန်ခြင်းအဆင့်ကျင့်ကြံသူအတွက် ဘာမှမထူးပေ။

ထို့နေတွင် သူ့နတ်ဘုရားအာရုံအတွင်းရှိ မိုးကြိုးအဆောင် ပျောက်ကွယ်သွားပြီး တာအိုမျိုးစေ့အဖြစ်ပြောင်းလဲကာ သူ့နှလုံးသားထဲသို့ ဝင်ရောက်သွား၏။

ထိုအခိုက် သူ့စိတ်ထဲတွင် နားလည်မှုများ ဝင်ရောက်လာသည်။ သူ မျက်လုံးများ ပြူးကျယ်သွားပြီး အော်ဟစ်၏။ “ငါ နားလည်သွားပြီ။ ငါ နောက်ဆုံးတော့ တာအိုအနှစ်သာရကို နားလည်သွားပြီ”

ထွက်သွားရန် ပြင်နေသော ချန်ကျင်းကျင်းသည် ၎င်းကို မြင်သောအခါ ခေါင်းလေးစောင်းကာ မေးလိုက်၏။ “အဘိုး အဆင်ပြေရဲ့လား”

မိုးကြိုးဓားဘုရင် “...”

ချူဖုန်း ချွေးများထွက်နေသော ထိုသူကို ကြည့်ပြီး ပြောသည်။ “ဂုဏ်ပြုပါတယ်။ နောက်ဆုံးတော့ တာအိုအနှစ်သာရကို နားလည်သွားပြီပဲ”

မိုးကြိုးဓားဘုရင် အသိပြန်ဝင်လာပြီး ဦးညွှတ်လိုက်၏။ “လမ်းညွှန်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ် ဆရာ။ ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး”

“တင်း ပိုင်ရှင်သည် မိုးကြိုးဓားဘုရင်ကို တာအိုအနှစ်သာရ နားလည်စေရန် လမ်းညွှန်ပေးခဲ့ပါသည်။ တာအိုအနှစ်သာရဆယ်ခုကို ဆုလာဘ်အဖြစ် ချီးမြှင့်ပါသည်”

စနစ်အသံကို ကြားသောအခါ ချူဖုန်း ပြုံးလိုက်၏။

“ကျေးဇူးတင်စရာ မလိုဘူး။ သူတော်စင်တစ်ပိုင်းအဆင့်ကို တက်ဖို့ ဒီအခွင့်အရေးကို သုံးကြည့်ပါ”

“ဟုတ်ကဲ့”

မိုးကြိုးဓားဘုရင် သူ့အတွင်းမှ တိုးထွက်လာသော စိတ်ဝိညာဉ်စွမ်းအားများကို မဖိနှိပ်တော့ပေ။

သူတို့စကားများကို ကြား‌သောအခါ ချန်ကျင်းကျင်း ချူဖုန်းကို မေးလိုက်၏။ “ဆရာ သူကဆရာ့ကို ဆရာအဖြစ်သတ်မှတ်လိုက်ပြီဆိုတော့ အခု ကျွန်မကို စီနီယာအစ်မလို့ ခေါ်ရတော့မှာလား”

“ပြသနာ မရှိဘူး”

ချူဖုန်း ပြုံးကာ ပြောသည်။

“အာ ကျွန်မမှာ ဒီလောက်အိုတဲ့ ဂျူနီယာတစ်ယောက် ရှိသွားပြီလား”

ချန်ကျင်းကျင်း မျက်နှာတွင် စိတ်ပျက်သွားသည့် အမူအရာ ပေါ်လာသည်။

ချူဖုန်း သူမ ခေါင်းလေးကို ပွတ်ပေးလိုက်၏။

“မင်း အသိအမှတ်မပြုလည်း ရပါတယ်။ ဒါပေမဲ့ အနာဂတ်မှာ အပြင်ထွက်ဆော့ဖြစ်ရင် မင်း သူတော်စင်တစ်ပိုင်းအဆင့်ရှိတဲ့ ဂျူနီယာတစ်ယောက် ရှိတယ်လို့ ကြွားလို့မရဘူးနော်”

ထိုစကားများကြောင့် ချန်ကျင်းကျင်း မျက်လုံးများ တောက်သွားသည်။

“ဟုတ်သား။ ကျွန်မ မေ့တော့မလို့”

သူတို့စကားများက မိုးကြိုးဓားဘုရင် အဆင့်တက်ခြင်းကို မနှောင့်ယှက်နိုင်ပေ။

နာရီအနည်းငယ်ကြာပြီးနောက် သူ့အရှိန်အဝါ ပေါက်ကွဲထွက်သွားသည်။ ထို့နောက် ကောင်းကင်ယံသို့ တက်သွားပြီး အတွင်းတွင် ပါဝင်သော မိုးကြိုးအနှစ်သာရသည် ဝူရွှမ်တစ်မြို့လုံးကို တုန်ယင်သွားစေ၏။

ထိုအခိုက် မြို့ကြီးက အေးခဲသွားဟန်ရပြီး လူတိုင်း စံအိမ်ကို ကြည့်လာကြသည်။

အချိန်တော်ကြာပြီးနောက် စံအိမ်ထောင့်တွင် ရှိသော မဟာပဏ္ဍိတသွေးရိပ် ပြောသည်။ “မိုးကြိုးဓားက အောင်မြင်သွားပြီလား။ ရက်တစ်ရာတောင် မပြည့်သေးဘူးလေ”

မဟာပဏ္ဍိတရွှမ်ယီ ပြောလိုက်သည်။ “ဒါကို ကံကြမ္မာလို့ခေါ်တယ်။ လမ်းညွှန်ပေးနေတဲ့သူက သူတော်စင်တစ်ပါးတောင် ဖြစ်နိုင်တယ်”

မဟာပဏ္ဍိတများ တိတ်ဆိတ်သွားကြ၏။

သူတို့ အံ့အားသင့်မှုနှင့် ယှဉ်လျှင် မိုးကြိးအိမ်တော်မှ ကျင့်ကြံသူများသည် ပျော်ရွှင်မှုပင်လယ်ထဲသို့ နစ်ဝင်သွားတော့၏။

“အောင်မြင်သွားပြီ”

“ဘိုးဘေး အဆင့်တက်သွားပြီ”

မုန်တိုင်းတူဘုရင် တီးတိုးရေရွတ်သည်။ “ဘိုးဘေး ဒါကို မြင်လား။ ကျွန်တော်တို့ မျိုးဆက်သစ်တွေ ဘိုးဘေးကို အရှက်မခွဲခဲ့ပါဘူး”

မဟာပဏ္ဍိတတစ်ပါး အရှိန်အဝါကို ခံစားရင်း အကြီးအကဲလျှို သက်ပြင်းချသည်။ “ကျုပ်ဘဝမှာ ဒီလိုမျိုး ကြုံရလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး။ တစ်ယောက်ယောက် မိုးကြိုးတူကို သွားယူတော့”

မိုးကြိုးဓား အဆင့်တက်သွားသည်နှင့် ကပ်ဘေးတိမ်တိုက်များ ပေါ်ပေါက်လာသည်။ ၎င်းကို ရတနာတစ်သောင်းအိမ်တော်မှ မဟာပဏ္ဍိတများ မြင်သောအခါ ခါးသီးစွာ ပြုံးလိုက်၏။

ယခုတစ်ခေါက် ကိစ္စသည် သူတို့ထင်ထားသည်ထက် ကျော်လွန်သွားသည်။ မိုးကြိုးကပ်ဘေးကျဆင်းလာပါက သူတို့စံအိမ်လည်း ပျက်စီးသွားနိုင်သလို ဝူရွှမ်မြို့ပါ ထိခိုက်သွားနိုင်သည်။

ထိုအချိန်တွင် ပုံံရိပ်တစ်ခု ပြေးထွက်လာပြီး မိုးကြိုးကပ်ဘေးသို့ ပြေးဝင်သွားသည်ကို သူတို့ တွေ့လိုက်ရ၏။

မဟာပဏ္ဍိတများ မှင်တက်သွားကြပြီး ဝူရွှမ်မြို့မှ ကျင့်ကြံသူများကတော့ ကြောင်အသွားသည်။ သူတို့ တစ်ဘဝတွင် မိုးကြိုးကပ်ဘေးထဲသို့ ပြေးဝင်သည့်ကို သူကို မြင်ဖူးသည်မှ ဤသည်က ပထမဆုံးပင်။

မိုးကြိုးဓား ပုံမှန်မဟုတ်စွာ တည်ငြိမ်နေသည်။ သူသည် မိုးကြိုးကပ်ဘေးက သူ့ကို မြင့်မားသောအဆင့်သို့ ခေါ်ဆောင်ပေးမည်ဟု ခံစားရသဖြင့် ရဲရဲဝံဝံ ပြေးတက်သွား၏။

“အစ်ကိုကြီး ဒီအဘိုးကြီးက ရဲတင်းတာပဲ” မဟာပဏ္ဍိတရွှေတောင်ပံ ပြောသည်။

ချူဖုန်း ပြုံးလိုက်၏။ “မိုးကြိုးအဆောင်နှစ်ခုက အစွမ်းပြလာတာဖြစ်မယ်”

မဟာပဏ္ဍိတရွှေတောင်ပံ စပ်စုစွာ မေးသည်။ “အစ်ကိုကြီးအဲဒီမိုးကြိုးအဆောင်တွေ အကြောင်း ရှင်းပြပေးပါလား”

ချူဖုန်း ပြောသည်။ “အဲဒီမိုးကြိုးအဆောင်က စကားနဲ့ထုတ်ပြောလို့မရတဲ့သူ ဖန်တီးခဲ့တာ။ ကောင်းကင်ကိုးခုနတ်ဘုရားမိုးကြိုးကို ကိုယ်စားပြုတယ်”

‘ထုတ်ပြောလို့မရသည့် တည်ရှိမှု’

ထိုသည်ကို ကြားသော် မဟာပဏ္ဍိတရွှေတောင်ပံ အသက်ပြင်းပြင်းရှူ၍ ပြောသည်။ “ဒီလောကမှာ အစ်ကိုကြီး မသိတာ ရှိသေးလား”

ချူဖုန်း ခေါင်းခါသည်။ “ငါလည်း မသိဘူး”

မဟာပဏ္ဍိတရွှေတောင်ပံ “...”

ခြိမ်း...ခြိမ်း..ဝုန်း...ဒိုင်း

သူတို့ ပြောနေစဉ် မိုးကြိုးဓားပေါ်သို့ ကပ်ဘေးမိုးကြိုးများ ကျဆင်းလာသည်။ သို့သော် ၎င်းက ဝူရွှမ်မြို့ကို မသက်ရောက်ပေ။

“တာအိုရောင်းရင်းမိုးကြိုးဓားက တကယ့်ကို စည်းစနစ်ရှိတဲ့သူပဲ”

ရတနာတစ်သောင်းစင်မြင့်မှ မဟာပဏ္ဍိတတစ်ပါး ပြောသည်။

အခြားတစ်ဦးက ပြောသည်။ “ဟုတ်တယ်။ သူက ဒီကိစ္စကို သိက္ခာရှိရှိ ရင်ဆိုင်နေတာ”

မိုးကြိုးကပ်ဘေး ဆက်လက်ဖြစ်ပွားနေသည်။ ကျင့်ကြံသူများသည် မုန်တိုင်းအလယ်တွင် အနာတရကင်းမဲ့နေသော မဟာပဏ္ဍိတလောင်းတစ်ပါးကို ကြည့်ပြီး သံသယများမှ ရိုသေမှုအဖြစ်သို့ ပြောင်းလဲသွားသည်။

မဟာပဏ္ဍိတရွှမ်ယီ သက်ပြင်းချသည်။

“တာအိုရောင်းရင်းမိုးကြိုးဓားက ဒီလိုလမ်းစဉ်ကို လျှောက်မယ်လို့ မထင်ထားဘူး။ ဒီမိုးကြိုးကပ်ဘေးက သူ့ကို ဘာမှမဖြစ်စေဘူး”

အခြားမဟာပဏ္ဍိတများသည် အားကျစွာ ကြည့်နေကြသည်။ သူတို့ အဆင့်တက်စဉ်က သေလုမြောပါး ဖြစ်ခဲ့ပေသည်။

မိုးကြိုးများကြားတွင် ရေချိုးရင်း မိုးကြိုးဓားဘုရင်စိတ်ထဲတွင် မိုးကြိုးအဆောင်တစ်ခု ဖြည်းညှင်းစွာ ဖွဲ့တည်လာ၏။

ကောင်းကင်မိုးကြိုးကိုးချက်အပြီး၌ မိုးကြိုးအဆောင်သည် သိပ်သည်းသွားတော့သည်။

တိမ်တိုက်များ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ သူ့မျက်နှာပေါ်တွင် နောင်တများ ပေါ်လာသည်။ အကယ်၍ နောက်ထပ် မိုးကြိုးကိုးချက် ကျဆင်းလာပါက သူ မိုးကြိုးအဆောင်တစ်ခု ထပ်ရမည်ဖြစ်ပြီး လမ်းစဉ်ကို ပို၍ နားလည်သဘောပေါက်နိုင်ပေမည်။

သူ ကောင်းကင်တွင် မစောင့်တော့ဘဲ စံအိမ်ထဲသို့ ပြန်ဝင်လိုက်သည်။ ထိုအခါ အရှေ့အရပ်မှ ခရမ်းရောင်ချီများ ထွက်ပေါ်လာပြီး ကောင်းကင်နိမိတ်များ စံအိမ်အတွင်းသို့ ကျဆင်းလာ၏။

ဝူရွှမ်မြို့ထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များသည် ပုံမှန်ထက် အဆပေါင်းများစွာ သိပ်သည်းလာသည်။

ရတနာတစ်သောင်းစင်မြင့်မှအကြီးအကဲများသည် တပည့်များကို ကျင့်ကြံရန် ချက်ချင်း စေခိုင်းလိုက်သည်။

ချူဖုန်း သူ့လူများကို ကျင့်ကြံရန် အချက်ပြလိုက်၏။

ချက်ချင်းပင် ဝူရွှမ်တစ်မြို့လုံး တိတ်ဆိတ်သွားပြီး လူတိုင်းသည် ကောင်းကင်ဖြစ်စဉ်အတွင်း ကျင့်ကြံတော့သည်။

သုံးရက်ကြာပြီးနောက် ကောင်းကင်ဖြစ်စဉ်များ ပျောက်ကွယ်သွားသည်။

ချူဖုန်းစိတ်ထဲတွင် ရင်းနှီးနေသော စက်ရုပ်သံတစ်သံ ထွက်လာသည်။

“မဟာပဏ္ဍိတရွှေတောင်ပံ၊ မဟာပဏ္ဍိတမိုးကြိုးနှင့် ပင်းယန်တို့သည် တာအိုအနှစ်သာရတစ်ခုစီ နားလည်ခဲ့ပါသည်။ ပိုင်ရှင်ကို ဆုလာဘ်အဖြစ် တာအိုအနှစ်သာရအခုသုံးဆယ်ချီးမြှင့်ပါသည်”

ထိုစကားကိုကြားသော် ချူဖုန်း အသာအယာ ပြုံးလိုက်သည်။

All Chapters