← Chapters

အခန်း (၃၃၅-၃၃၆)

Vol. 29 Ch. 335-336

အခန်း (၃၃၅-၃၃၆)

Vol. 29 Ch. 335-336

အပိုင်း (၃၃၅)

ဧကရာဇ်ဟောင်းသည် ထီးနန်းစွန့်ချိန်တည်းက နိုင်ငံရေးအာဏာအားလုံးကို ဧကရာဇ် ဝမ်ယွင်ထံ လွှဲပြောင်း ပေးအပ်ခဲ့ပြီး မည်သည့်ကိစ္စကိုမှ ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း ရှင်းလင်းစွာ မိန့်ဆိုထားခဲ့၏။ မည်သည့်ကိစ္စ၊ မည်သည့်အခြေအနေမျိုးတွင်မဆို လုံးဝ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

ယခုတစ်ကြိမ်တွင်မူ မြေးဖြစ်သူ မင်းသမီး ရှန်ရှန်း၏ ဖိအားပေးမှုကြောင့် ဧကရာဇ် ဝမ်ယွင်ထံ လူလွှတ်၍ စကားတစ်ခွန်း ပါးခဲ့ရ၏။ ထို့ကြောင့် တစ်နည်းအားဖြင့် ဧကရာဇ်ဟောင်းသည် စည်းကမ်းဖောက်ဖျက်သွား ခဲ့ပြီ ဖြစ်သည်။

ထို့နောက် အသက်ကြီးကြီး မိန်းမစိုးက ဆက်ပြောလိုက်၏။ “ခင်ဗျားကို နောက်ထပ် တစ်ခွန်း ပြောလိုက်အုံးမယ်။ ခင်ဗျား ဘာပဲလုပ်လုပ် ရလဒ်က ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး။ ခင်ဗျားလုပ်ခဲ့သမျှ အရာအားလုံးက ဧကရာဇ်ဟောင်းကို အကျပ်ရိုက်စေခဲ့ပြီး မင်းသမီး ရှန်ရှန်းရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေခဲ့တာပဲ ရှိတယ်။”

ဤအသက်ကြီးကြီး မိန်းမစိုးက ပို၍ပင် ရှင်းလင်းစွာ ပြောဆိုလိုက်သည်။ “ကောင်လေး…ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး ဉာဏ်ပြေးတယ်လို့ မထင်နဲ့။ တခြားသူတွေကိုလည်း အရူးတွေလို့ မမှတ်နဲ့။”

အသက်ကြီးကြီး မိန်းမစိုးက ဆက်ပြောလိုက်၏။ “ဒီခေါင်းနှစ်လုံးက ဧကရာဇ်ဟောင်း ပေးလိုက်တဲ့ လက်ဆောင်ပဲ။ ခဏနေရင် ဧကရာဇ်မင်းမြတ်က ခင်ဗျားကို ဆင့်ခေါ်လိမ့်မယ်။ အဲဒီအခါကျရင် ဒီခေါင်းနှစ်လုံးကို ယူသွားလိုက်။ ဖားသူငယ် အဝီစိတွင်းထဲက ကောင်းကင်ကို မော့ကြည့်တယ်ဆိုတာ ဘာလဲဆိုတာ ခင်ဗျား သဘောပေါက်သွားလိမ့်မယ်။”

ထို့နောက် မိန်းမစိုးငယ် နှစ်ဦးက ရှေ့သို့တက်လာပြီး ယွင်ကျုံးဟဲ့၏ လက်နှစ်ဖက်တွင် လူခေါင်းနှစ်လုံးကို ချိတ်ဆွဲပေးလိုက်ကာ ခေါင်းစွပ်ကိုပါ ပြန်စွပ်ပေးလိုက်ကြသည်။

“ထွက်သွားတော့။” အသက်ကြီးကြီး မိန်းမစိုး၏ အမိန့်ပေးသံနှင့်အတူ ယွင်ကျုံးဟဲ့သည် လှည့်၍ အပြင်ဘက်သို့ ထွက်လာခဲ့၏။

အစမှအဆုံး သူသည် ဧကရာဇ်ဟောင်း၏ ရှန်ချင်းနန်းဆောင် အတွင်းသို့ မဝင်ရောက်ခဲ့ရဘဲ နန်းတော်တံခါး၏ လျှောက်လမ်းပေါ်တွင်သာ ရှိနေခဲ့ခြင်း ဖြစ်သည်။

ဧကရာဇ်ဟောင်းကို မတွေ့ရသည်သာမက မင်းသမီး ရှန်ရှန်းကိုလည်း တစ်ချက်လေးမှ မမြင်ခဲ့ရသလို ရှန်ချင်းနန်းဆောင်၏ အတွင်းပိုင်းကိုပင် မမြင်တွေ့ခဲ့ရချေ။

မြင်တွေ့ခဲ့ရသည်မှာ အဆုံးမရှိလောက်အောင် နက်ရှိုင်းသော နန်းတော်တံခါး လျှောက်လမ်း၊ လူခေါင်းနှစ်လုံးနှင့် အသက်ကြီးကြီး မိန်းမစိုး တစ်ဦးတည်းသာ ဖြစ်၏။

ထို့နောက် သူ နှင်ထုတ်ခံလိုက်ရတော့သည်။

သူသည် အပြင်ဘက်သို့ ဆက်တိုက် လျှောက်လာခဲ့ပြီး မီတာတစ်ရာခန့် အကွာအဝေးသို့ ရောက်ရှိချိန်မှ ဟေးပင်းထိုင်မှ စစ်သည်များက ရှေ့သို့တက်လာကာ ယွင်ကျုံးဟဲ့ကို မြင်းလှည်းပေါ်သို့ ပြန်လည် တင်ဆောင်သွားကြ၏။

အဘယ်ကြောင့်ဆိုသော် ရှန်ချင်းနန်းဆောင်၏ အကွာအဝေး ပေတစ်ရာအတွင်းသို့ ခွင့်ပြုချက် မရှိဘဲ မည်သူမှ ချဉ်းကပ်ခွင့် မရှိသောကြောင့်ပင်။ အကယ်၍ ချဉ်းကပ်လာပါက ချက်ချင်း သတ်ဖြတ်ခံရမှာ ဖြစ်သည်။

တစ်ချိန်တည်းမှာပဲ စစ်ထွက်ခွာမည့် စစ်သည်များ၏ သစ္စာဆိုပွဲသည်လည်း အလွန် စည်ကားသိုက်မြိုက်စွာ ကျင်းပနေ၏။

ဒုတိယမင်းသားက ဧကရာဇ်မင်းမြတ်ကို ကိုယ်စားပြု၍ မြင့်မားသော စင်မြင့်ထက်တွင် ရပ်ကာ နတ်ပူဇော်စာကို ဖတ်ကြားနေသည်။

တော်ဝင်စစ်သည် တစ်သိန်းငါးသောင်းနှင့် ပြည်သူတစ်သိန်းတို့က ဤစိတ်အားထက်သန်ဖွယ် မြင်ကွင်း၏ မျက်မြင်သက်သေအဖြစ် ရပ်တည်နေကြ၏။

နတ်ပူဇော်စာ ဖတ်ကြားအပြီးတွင် ဒုတိယမင်းသားက ဧကရာဇ်မင်းမြတ်ကို ကိုယ်စားပြု၍ စစ်သည်များအား ခွန်အားဖြစ်စေမည့် မိန့်ခွန်းကို ပြောကြားသည်။

ထို့နောက် တပ်တော်အလံကို ပူဇော်ခြင်းအစီအစဉ် ရောက်ရှိလာသည်။ လူရာချီကို တွန်းထုတ်လာခဲ့ပြီး ထိုသူများအားလုံးမှာ ပုန်ကန်သူ သစ္စာရှိမြို့စား လီဝမ်ဖာ၏ မိသားစုဝင်များ ဖြစ်ကြ၏။

“သတ်...”

အမိန့်ပေးသံနှင့်အတူ လူရာချီ၏ ခေါင်းများ မြေပြင်ပေါ်သို့ ပြတ်ကျသွားပြီး သွေးများကြောင့် မြေပြင်တစ်ခုလုံး နီရဲသွားတော့သည်။

“ကောင်းတယ်။”

“ကောင်းတယ်။”

ဘေးမှ ကြည့်ရှုနေသော ပြည်သူများက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြသော်လည်း အနည်းငယ် မှင်သက်သွားကြ၏။

အောက်ရှင်း တစ်မိသားစုလုံးကို သတ်ပြီး တပ်တော်အလံကို ပူဇော်မည်ဟု ပြောထားသည် မဟုတ်ပါလား။ အဘယ်ကြောင့် လီဝမ်ဖာ၏ မိသားစုဝင်များ ဖြစ်သွားရသနည်း။

ဤအခြေအနေကို ရင်ဆိုင်ရချိန်တွင် အလွန်အမင်း စိတ်ပျက်သွားသူမှာ ယုံချန်နယ်စား ဖူယန်ထူ ပင်ဖြစ်၏။

ယခုတစ်ကြိမ် တပ်တော်အလံ ပူဇော်ပွဲတွင် သူသည် အောက်ရှင်း တစ်မိသားစုလုံးကို ခေါင်းဖြတ်ကွပ်မျက်ခွင့် မရလိုက်သောကြောင့် အမှန်တကယ်ပင် အလွန် နှမြောစရာ ကောင်းလှသည်။

သို့ပေမည့် ယခုတစ်ကြိမ် မသတ်ရလျှင် နောက်တစ်ကြိမ်တွင် သေချာပေါက် သတ်ရပေလိမ့်မည်။

တောင်ပိုင်းပုန်ကန်မှုကို နှိမ်နင်းပြီးပါက သက်သေ အထောက်အထားများစွာကို လောကတစ်ခုလုံးသို့ ဖြန့်ဝေပြီး အောက်ရှင်း၏ ပုန်ကန်မှုအပြစ်ကို အသေအချာ သက်သေပြနိုင်မည်ဖြစ်ရာ ထိုအချိန်၌ အောက်ရှင်း တစ်မိသားစုလုံးကို မသတ်နိုင်စရာ အကြောင်း မရှိတော့ချေ။

စစ်ထွက်ခွာမည့် စစ်သည်များ၏ သစ္စာဆိုပွဲ နောက်ဆုံးအစီအစဉ်သို့ ရောက်ရှိလာချိန်မှာတော့ ဧကရာဇ် ဝမ်ယွင်ကိုယ်တိုင် တောင်ပိုင်းစစ်သေနာပတိချုပ် ဖူယန်ထူ ထံသို့ စစ်တပ်အမိန့်ပေးတံဆိပ်ပြား တစ်ဝက်ကို ပေးအပ်လိုက်သည်။

ဤသည်ကား စစ်တပ်အာဏာပင် ဖြစ်၏။ သိန်းနှင့်ချီသော တပ်တော်၏ စစ်တပ်အာဏာ၊ ခရီးမိုင်သောင်းချီကို လွှမ်းမိုးနိုင်သော အာဏာပင် ဖြစ်၏။

ယခုအခါ ဤကြီးမားသော အာဏာသည် သူ၏လက်ထဲသို့ အမှန်တကယ် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ဤတစ်ခဏအတွင်း ဖူယန်ထူ သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ဆုပ်ကိုင်ထားနိုင်သကဲ့သို့ ခံစားလိုက်ရသည်။

ဖူယန်ထူ သည် စစ်တပ်အမိန့်ပေး တံဆိပ်ပြားကို ဒူးထောက်ခံယူပြီးနောက် အမြင့်သို့ မြှောက်ကာ အသံကျယ်ကျယ်ဖြင့် ဟစ်ကြွေးလိုက်၏။ “အရှင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ။”

စစ်သည် တစ်သိန်းကျော်သည် သပ်ရပ်စွာ ဒူးထောက်လိုက်ကြပြီး အသံကျယ်ကျယ်ဖြင့် ဟစ်ကြွေး လိုက်ကြသည်။ “အရှင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ။”

“တာ့ကျိုးအင်ပါယာ အောင်ပါစေ။ တာ့ကျိုးအင်ပါယာ အောင်ပါစေ။” ဖူယန်ထူက လက်မောင်းကို ဝှေ့ယမ်းကာ ဟစ်ကြွေးလိုက်၏။

စစ်သည် တစ်သိန်းကျော်က တပြိုင်နက်တည်း အသံကျယ်ကျယ်ဖြင့် ဟစ်ကြွေးလိုက်ကြသည်။ “တာ့ကျိုးအင်ပါယာ အောင်ပါစေ။ တာ့ကျိုးအင်ပါယာ အောင်ပါစေ။”

ပြည်သူတစ်သိန်းကလည်း အသံကျယ်ကျယ်ဖြင့် လိုက်ပါ ဟစ်ကြွေးလိုက်ကြ၏။ “တာ့ကျိုးအင်ပါယာ အောင်ပါစေ။ တာ့ကျိုးအင်ပါယာ အောင်ပါစေ။”

“အရှင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ။ အရှင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ။”

လူသိန်းချီ၏ အသံသည် မိုးတိမ်ကို ထိုးဖောက်သွားပြီး ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါသွားစေကာ လူတိုင်း၏ သွေးများကို ဆူပွက်လာစေသည်။

“ချီတက်....”

အမိန့်ပေးသံနှင့်အတူ တော်ဝင်စစ်သည် တစ်သိန်းငါးသောင်းသည် ခမ်းနားကြီးကျယ်စွာဖြင့် ချီတက်သွားကြတော့၏။

သပ်ရပ်ညီညာပြီး သံချပ်ကာများ ဝတ်ဆင်ထားသော စစ်သည်များသည် သံမဏိရေစီးကြောင်းကြီးတစ်ခုကဲ့သို့ ဖြစ်နေကာ ကောင်းကင်နှင့် မြေကြီးကြားတွင် သူတို့၏ ခြေသံများသာ ဖုံးလွှမ်းနေသကဲ့သို့ ဖြစ်နေသည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်မှာတော့ ပြည်သူတစ်သိန်း၏ စိတ်ဓာတ်များမှာ ပို၍ပင် တက်ကြွလာကြကာ ပို၍ပင် အားပါးတရ ဟစ်ကြွေးလိုက်ကြ၏။

“အရှင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ။ တာ့ကျိုးအင်ပါယာ အောင်ပါစေ။”

“ပုန်ကန်သူတွေကို အမြစ်ပြတ်ချေမှုန်း။ တာ့ကျိုးအင်ပါယာရဲ့ ဩဇာကို ပြသ။”

“စကြဝဠာတစ်ခုလုံးကို လွှမ်းမိုး။ တာ့ကျိုးအင်ပါယာ အောင်ပါစေ။”

မြို့တော်ရှိ သန်းချီသော ပြည်သူများ၏ ရူးသွပ်မတတ် အကြည့်များနှင့် ဟစ်ကြွေးသံများကြားတွင် တပ်တော်ကြီးသည် သပ်ရပ်စွာဖြင့် မြို့ပြင်သို့ ထွက်ခွာသွားတော့သည်။

ဆယ့်တစ်လပိုင်း ကိုးရက်နေ့၏ စစ်မြေပြင်သို့ ထွက်ခွာမည့် စစ်သည်များ၏ သစ္စာဆိုပွဲသည် တရားဝင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။

......................

နန်းတော်သို့ ပြန်ရောက်ပြီးနောက် ဧကရာဇ် ဝမ်ယွင်သည် သံချပ်ကာအင်္ကျီကို ချွတ်လိုက်ရာ မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုများနှင့် စိတ်အားထက်သန်မှုများ အားလုံး လုံးဝ ပျောက်ကွယ်သွားတော့၏။ သူ၏ အကြည့်များသည် အေးစက်တည်ငြိမ်သွားပြီး ခနဲ့တဲ့တဲ့ အငွေ့အသက်များပင် ပါဝင်နေသည်။

“သူ ရောက်ပြီလား။” ဧကရာဇ် ဝမ်ယွင်က အေးစက်စက်ဖြင့် မေးလိုက်၏။

“ရောက်ပါပြီ။” မိန်းမစိုးကြီး ဟောက်ချင့်က ပြန်ဖြေလိုက်သည်။

ဧကရာဇ် ဝမ်ယွင်သည် စာကြည့်ဆောင်အတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်သွား၏။ အတွင်း၌ ကန့်လန့်ကာတစ်ခု ကာထားဆဲဖြစ်ပြီးကန့်လန့်ကာ၏ အပြင်ဘက်တွင် ယွင်ကျုံးဟဲ့ ရှိနေ၏။

စာကြည့်ဆောင်အတွင်း၌ အနွေးဓာတ်ရရန် မီးဖိုတစ်ခု ဖိုထားသော်လည်း အတွင်း၌ လောင်ကျွမ်းနေသည်မှာ မီးသွေးများ မဟုတ်ဘဲ ရိုက်ခွဲခံထားရသော တရုတ်စောင်း တစ်ခု ဖြစ်၏။ ထိုစောင်းမှာ ယွင်ကျုံးဟဲ့ တီးခတ်ခဲ့သော တရုတ်စောင်းပင် ဖြစ်သည်။

အကောင်းဆုံး မီးသွေးသည် မီးခိုးမထွက်သော်လည်း ဤတရုတ်စောင်း လောင်ကျွမ်းနေမှုကြောင့် မီးခိုးများ ထွက်ပေါ်နေ၏။

ဧကရာဇ် ဝမ်ယွင်သည် ပိုးထည်ဖြင့် ပါးစပ်နှင့် နှာခေါင်းကို အုပ်ထားရင်း အေးစက်စက်ဖြင့် မေးလိုက်သည်။ “ဒီခေါင်းနှစ်လုံးက ဘယ်သူတွေလဲဆိုတာ ခင်ဗျား သိလား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “မသိပါဘူး။”

“ရွှမ်ချန် မြို့စား။ သူက လီဝမ်ဖာရဲ့ ခမည်းခမက်ပဲ။ နောက်တစ်ယောက်က ကျန်းဝမ်ထောင်း။ ပညာရေး ဝန်ကြီးဌာနက အရာရှိဖြစ်ပြီး တောင်ပိုင်းပုန်ကန်သူ ခေါင်းဆောင် ဖူကျရဲ့ ယောက္ခမပဲ။ အရင်တုန်းက အောက်ကျ၊ အောက်ချီ တို့ကို ဒေသခံ ကာကွယ်ရေးတပ်ရဲ့ လက်ဝဲ၊ လက်ယာ တပ်မှူးတွေအဖြစ် ခန့်အပ်ခဲ့ပြီး မျက်နှာသာပေးတဲ့အနေနဲ့ အိမ်ထောင်ချပေးခဲ့တယ်။”

ဧကရာဇ် ဝမ်ယွင်က ရှင်းပြလိုက်သည်။ “တောင်ပိုင်းမှာ ပုန်ကန်မှုဖြစ်ပြီး သိပ်မကြာခင်မှာပဲ ကိုယ်တော်က လီဝမ်ဖာ နဲ့ ဖူကျ တို့ကို လက်နက်ချဖို့ ဖျောင်းဖျဖို့ ဒီနှစ်ယောက်ကို လွှတ်လိုက်တယ်။ ရလဒ်ကတော့ နှစ်ယောက်စလုံး အသတ်ခံလိုက်ရပြီး ခေါင်းတွေ ပြန်ရောက်လာတာပဲ။”

ဧကရာဇ် ဝမ်ယွင်၏ စကားလုံးများတွင် ခနဲ့တဲ့တဲ့ အငွေ့အသက်များ ပြည့်နှက်နေ၏။

“အောက်ယွီ... ခင်ဗျားက စစ်သည်တစ်ယောက်၊ လက်နက်တစ်ခုမှ မကုန်ဘဲ တောင်ပိုင်းပုန်ကန်မှုကို နှိမ်နင်းနိုင်တယ်လို့ တတွတ်တွတ် ပြောနေခဲ့တာ မဟုတ်ဘူးလား။ တောင်ပိုင်း ကာကွယ်ရေးတပ်တွေ ခွေးလို အလုပ်အကျွေးပြုချင်တဲ့ အခွင့်အရေးကို ရုပ်သိမ်းလိုက်လို့ သူတို့ ပုန်ကန်သွားရတာလို့ တတွတ်တွတ် ပြောနေခဲ့တယ် မဟုတ်လား။

ဒေသခံ ကာကွယ်ရေးတပ်တွေက ပုန်ကန်ချင်စိတ် သိပ်မရှိဘူး၊ အတင်းအကျပ် ဖိအားပေးခံရလို့သာ ပုန်ကန်ရတာဖြစ်လို့ လီဝမ်ဖာ တစ်ယောက်ကိုပဲ သတ်ပြီး ကျန်တဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကို လွှတ်ပေးလိုက်ရင် ပုန်ကန်မှု ငြိမ်းအေးသွားလိမ့်မယ်လို့ ပြောခဲ့တယ် မဟုတ်လား။

လီဝမ်ဖာကို သတ်နိုင်ရင် တာ့ကျိုးလူမျိုးဆိုရင် မြို့စားအဖြစ် ခန့်အပ်ပြီး ဒေသခံဆိုရင် နယ်စားအဖြစ် တိုက်ရိုက် ခန့်အပ်ရမယ်လို့တောင် ပြောခဲ့သေးတယ် မဟုတ်လား။

အဲဒီတုန်းက ကိုယ်တော် ပေးခဲ့တဲ့ စည်းကမ်းချက်က လီဝမ်ဖာကို သတ်ပြီး တောင်ပိုင်းမှာ ဖမ်းဆီးခံထားရတဲ့ တာ့ကျိုး အမတ်တွေကို လွှတ်ပေးကာ ပုန်ကန်မှုကို ရပ်တန့်မယ်ဆိုရင် နယ်စားအဖြစ် တိုက်ရိုက် ခန့်အပ်ပြီး ငွေသား ငါးသိန်းနဲ့ လယ်ယာမြေ ဧကတစ်သောင်း ဆုချမယ်ဆိုတာပဲ။”

ဧကရာဇ် ဝမ်ယွင်က ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ ဒေသခံ စစ်သူကြီးတွေကိုယ်တော့်ကို ပေးတဲ့ တုံ့ပြန်မှုက တမန်တွေရဲ့ ခေါင်းကို ဖြတ်၊ ဆားနယ်ပြီး ပြန်ပို့လိုက်တာပဲ။”

“ဒါကြောင့် အောက်ယွီ… ခင်ဗျားရဲ့ အဲဒီ ထူးဆန်းတဲ့ အကြံဆိုတာက အလကားပဲ။ ဧကရာဇ်ဖြစ်တဲ့ ကိုယ်တော့်ကို တကယ် စိတ်ပျက်စေတာပဲ။” ဧကရာဇ် ဝမ်ယွင်က အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။

ဤအရာက အမှန်တကယ်ပင် လူကို မှင်သက်သွားစေသည်။

မျက်နှာပြင်တွင် ဧကရာဇ် ဝမ်ယွင်သည် သတ်ဖြတ်မည်ဟု အော်ဟစ်ကာ တောင်ပိုင်းဒေသခံများကို အမြစ်ပြတ်ချေမှုန်းမည်၊ လုံးဝ အလျှော့မပေးဟု ကြွေးကြော်နေသော်လည်း အမှန်တကယ်တွင် စောစောစီးစီးကပင် ညှိနှိုင်းရန် လူလွှတ်ထားခဲ့ပြီး အလွန် ကြီးမားသော ဆုလာဘ်များကိုပါ ပေးအပ်ထားခဲ့ခြင်း ဖြစ်၏။

အောက်ယွီ ယခင်က ပေးခဲ့သော အထက်၊ အလယ်၊ အောက် အကြံသုံးခုတွင် အောက်ရှင်းကို မလွှတ်ခြင်းမှလွဲ၍ ကျန်သည့်အရာများကို ဧကရာဇ်က စောစောစီးစီးကပင် လုပ်ဆောင်ထားပြီးဖြစ်ရာ အောက်ယွီ၏ သတိပေးမှုကို လုံးဝ မလိုအပ်ခဲ့ချေ။

“တရုတ်စောင်း တစ်လက်နဲ့ ကျုပ်ရဲ့ မင်းသမီး ရှန်ရှန်းကို ဆွဲဆောင်ပြီး သူ့ရဲ့ ဖြူစင်မှုနဲ့ ကြင်နာတတ်မှုကို အသုံးချခဲ့သေးတယ်။”

ဧကရာဇ် ဝမ်ယွင်က အေးစက်စက် ပြုံးလိုက်၏။ “ခင်ဗျားက တကယ်ကို သတ်ခံရသင့်တဲ့ကောင်ပဲ။ ရှန်ရှန်းက ခင်ဗျားကို ကယ်ဖို့အတွက် ဧကရာဇ်ဟောင်းကို သဘောထားထုတ်ဖော်ဖို့ ဖိအားပေးခဲ့တယ်။ ဧကရာဇ်ဟောင်း လည်း မတတ်သာဘဲ ရှန်ရှန်း ကိုယ့်ကိုယ်ကိုယ် မထိခိုက်စေဖို့အတွက် ကိုယ်တော့်ဆီ အမိန့်တော် တစ်ခု ပေးပြီး ခင်ဗျားရဲ့ အသက်ကို ချမ်းသာပေးဖို့ ပြောခဲ့ရတယ်။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့၏ မျက်လုံးများ အနည်းငယ် ကျုံ့သွားပြီး မိမိသည် အမှန်တကယ်၌ ဧကရာဇ်၏ အသုံးချမှုကို ခံလိုက်ရကြောင်း သဘောပေါက်သွားသည်။

အနည်းဆုံးတော့ ယခုအချိန်တွင် ဧကရာဇ်သည် အောက်ရှင်း တစ်မိသားစုလုံးကို သတ်ရန် လုံးဝ ရည်ရွယ်ချက် မရှိကြောင်းကိုလည်း သူ နားလည်သွား၏။

ထို့အပြင် ယခင်က စစ်မြေပြင်သို့ ထွက်ခွာမည့် စစ်သည်များ၏ သစ္စာဆိုပွဲတွင် လူသတ်၍ တပ်တော်အလံကို ပူဇော်မည်ဟု ပြောခဲ့သော်လည်း အောက်ရှင်း တစ်မိသားစုလုံးကို သတ်မည်ဟု လုံးဝ ရှင်းလင်းစွာ မပြောခဲ့ချေ။

ဧကရာဇ်သည် ဧကရာဇ်ဟောင်းကို စမ်းသပ်နေခြင်း ဖြစ်သည်။ အောက်ရှင်း သည် ဧကရာဇ်ဟောင်း၏ လူဖြစ်ပြီး အကြီးမားဆုံးသော အကျိုးဆောင်ခဲ့သူလည်း ဖြစ်၏။

ထို့ကြောင့် လောကတစ်ခုလုံး၏ ပြည်သူ့အသံများက အောက်ရှင်း တစ်မိသားစုလုံးကို သတ်ရမည်ဟု ပြောဆိုနေချိန်တွင် ဧကရာဇ်ဟောင်း ဝင်ရောက်စွက်ဖက်မည်လား ဆိုသည်ကို စောင့်ကြည့်နေခြင်း ဖြစ်သည်။

အကယ်၍ ဧကရာဇ်ဟောင်းသာ ဝင်ရောက်စွက်ဖက်ခဲ့ပါက တစ်နည်းအားဖြင့် နိုင်ငံရေးအာဏာ အားလုံးကို ဧကရာဇ် ဝမ်ယွင်ထံ လွှဲပြောင်းပေးအပ်မည်ဆိုသော စကားမှာ အချည်းနှီး ဖြစ်သွားမည်သာ ဖြစ်၏။

သို့သော်ငြား ဝင်ရောက်မစွက်ဖက်ပါက အောက်ရှင်း သည် အသတ်ခံရနိုင်ခြေ ရှိသည်။ သို့ပေမည့် ဧကရာဇ်သည် အနည်းဆုံး ဤအချိန်တွင် အောက်ရှင်းကို တကယ်သတ်ချင်နေခြင်း မဟုတ်ပေ။ အကယ်၍ တောင်ပိုင်းပုန်ကန်မှုမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပါက အောက်ရှင်းကို အမှန်တကယ် လိုအပ်လာနိုင်သည်။

ဧကရာဇ်ဟောင်း သည်လည်း ဤအချက်ကို ထင်ရှားစွာ သိရှိနေသောကြောင့် မည်သည့် သဘောထားမှ မပြသခဲ့ခြင်း ဖြစ်၏။

..............................

အပိုင်း (၃၃၆)

ဤကဲ့သို့သော အခြေအနေမျိုးတွင် အောက်ယွီက စောင်းတီး၍ မင်းသမီး ရှန်ရှန်းထံ အကူအညီတောင်းခံခဲ့ပြီး မင်းသမီး ရှန်ရှန်း မှာလည်း ကြင်နာတတ်ပြီး ဖြူစင်သောကြောင့် နည်းလမ်းရှာ၍ ကယ်တင်ရန် ကြိုးစားခဲ့ကာ ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေသော နည်းလမ်းဖြင့် ဧကရာဇ်ဟောင်းထံ အသနားခံခဲ့သည်။

အနောက်ဆောင်က မိန်းမများ နိုင်ငံရေးတွင် ဝင်မပါရဆိုသော စည်းမျဉ်းကြောင့် မင်းသမီး ရှန်ရှန်း ကိုယ်တိုင်လည်း တိုက်ရိုက် အသနားခံခွင့် မရှိသောကြောင့် ဤကဲ့သို့ ကိုယ့်ကိုယ်ကိုယ် သတ်သေလုမတတ် နည်းလမ်းကို အသုံးပြုခဲ့ရခြင်း ဖြစ်၏။

ဧကရာဇ်ဟောင်း သည် အဆုံးတွင် ရှန်ရှန်း ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေသည်ကို မကြည့်ရက်သောကြောင့် ဝင်ရောက်စွက်ဖက်ခဲ့ရသည်။

ဤသို့ ဝင်ရောက် စွက်ဖက်လိုက်ခြင်းသည် အမှန်တကယ်တော့ ဧကရာဇ်ဟောင်းအား ဤသားအဖ ဆက်ဆံရေးတွင် အနည်းငယ် အကျပ်ရိုက်သွားစေခဲ့ပြီ ဖြစ်၏။

“ကိုယ့်ကိုယ်ကိုယ် ဉာဏ်ပြေးတယ် ထင်နေတာ၊ လက်တွေ့မပါဘဲ စာအုပ်ကြီးအတိုင်း ပြောနေတာ၊ အပြောပဲရှိတာ။” ဧကရာဇ် ဝမ်ယွင်က အောက်ယွီ အား မှတ်ချက် သုံးခု ပေးလိုက်သည်။

ထို့နောက် မိန်းမစိုးတစ်ဦးက အပြေးအလွှား ဝင်ရောက်လာပြီး ဧကရာဇ်၏ နားနားတွင် တိုးတိုးလေး လျှောက်တင်လိုက်၏။

ဤအသံကို ဧကရာဇ် တစ်ဦးတည်းသာ ကြားနိုင်သော်လည်း ယခုအချိန်တွင် ဘီသိုဗင် ပူးကပ်ထားသော ယွင်ကျုံးဟဲ့ လည်း ကြားနိုင်စွမ်း ရှိနေသည်။ “အရှင်မင်းမြတ်… တာရှအင်ပါယာရဲ့ လျှို့ဝှက်တမန်တော် လီချင်ဝမ် ရောက်လာပါပြီ။”

ယွင်ကျုံးဟဲ့ သည် ကြားလိုက်ရသော်လည်း မျက်နှာပေါ်တွင် မည်သည့် အမူအရာမှ မပြသဘဲ စိတ်ထဲတွင်မူ အနည်းငယ် တုန်လှုပ်သွားရ၏။

‘တာရှအင်ပါယာရဲ့ လျှို့ဝှက်တမန်တော်၊ အဲဒီအပြင် ချင်ဝမ် အဆင့်ရှိသော လျှို့ဝှက်တမန်တော်၊ တာရှအင်ပါယာ၊ လောကတစ်ခုလုံးက လောကရဲ့ ခေါင်းဆောင်၊ ဟွာလူမျိုးတို့ရဲ့ တရားဝင် အင်ပါယာအဖြစ် သတ်မှတ်ထားသော ကောင်းကင်ဘုံ နိုင်ငံတော်က တမန်တော်လား။’

လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က အိမ်ရှေ့စံ၏ ပုန်ကန်မှု မအောင်မြင်ခဲ့သောကြောင့် တာရှအင်ပါယာ၏ အင်အားများ ထိခိုက်သွားခဲ့ခြင်း မရှိပါက တောင်ပိုင်းကျိုးအင်ပါယာနှင့် တာယင်အင်ပါယာ တို့သည် လောကကြီးကို စိုးမိုးရန် အပြိုင်အဆိုင် ဖြစ်လာနိုင်မည် မဟုတ်ချေ။

ယခုအချိန်တွင်ပင် တာရှအင်ပါယာသည် စကြဝဠာအတွင်း၌ နံပါတ်တစ် အင်အားအကြီးဆုံးနိုင်ငံ ဖြစ်နေဆဲ ဖြစ်သည်။ ၎င်း၏ နယ်မြေအကျယ်အဝန်းနှင့် လူဦးရေမှာ တာယင်အင်ပါယာ နှင့် တောင်ပိုင်းကျိုးအင်ပါယာ တို့ ပေါင်းထားသည်နှင့် နီးပါး တူညီနေသည်။

သို့သော် ထျန်းကျန်းမြစ်က လောကကြီးကို မြောက်နှင့် တောင်ပိုင်းအဖြစ် ပိုင်းခြားထားသောကြောင့် တာရှ အင်ပါယာ၏ သန်းချီသော တပ်တော်ကြီးသည် ဤသဘာဝ အတားအဆီးကို ဖြတ်ကျော်ရန် အလွန် ခက်ခဲနေခြင်း ဖြစ်၏။

ထို့ကြောင့် တာရှအင်ပါယာသည် ဤဆယ်စုနှစ်များအတွင်း ရေတပ်ကို အကြီးအကျယ် တည်ဆောက်နေခဲ့ပြီး တောင်ပိုင်းသို့ ချီတက်ရန် ပြင်ဆင်နေကြောင်း ထင်ရှားလှသည်။

ယခုအခါ တာရှအင်ပါယာ၏ ချင်ဝမ် သည် တောင်ပိုင်းကျိုးအင်ပါယာသို့ လျှို့ဝှက်စွာ လာရောက်ခြင်း ဆိုသည်မှာ မည်သို့သော လျှို့ဝှက်ကြံစည်မှုများ ရှိနေသနည်း။

သေချာပေါက် တာယင်အင်ပါယာကို ရင်ဆိုင်ရန် လျှို့ဝှက်မဟာမိတ်ဖွဲ့ခြင်းသာ ဖြစ်ပေမည်။

ယခုအချိန်တွင် ယွင်ကျုံးဟဲ့ သည် မိမိကိုယ်မိမိ လောကလူသားများကို အထင်သေးလွန်းနေကြောင်း သဘောပေါက်သွားတော့၏။

အထူးသဖြင့် မျက်စိရှေ့ရှိ ဧကရာဇ် ဝမ်ယွင်ပင် ဖြစ်၏။ ဟူယုံး၏ အသေခံ အကြံပြုချက်နှင့် ဧကရာဇ်ဟောင်းထံ အာဏာပြန်အပ်ရန် အော်ဟစ်မှုကြောင့် ပြည်သူ့အသံများ လုံးဝ ပေါက်ကွဲသွားခဲ့သည်။

ဧကရာဇ်သည် ချက်ချင်း အပြစ်ဝန်ခံကြေညာစာ ထုတ်ပြန်ခဲ့ပြီး တပ်တော်ကြီးကို စုစည်းကာ တောင်ပိုင်းသို့ ချီတက်စေခဲ့ပြီး ကိုယ်တိုင်လည်း မြောက်ပိုင်း ကျင်းကျိုးမြို့သို့ ချီတက်ခဲ့၏။

ထိုဟန်ပန်သည် အမှန်တကယ်ပင် ရူးသွပ်နေသကဲ့သို့ဖြစ်ပြီး စစ်ပွဲကြီး သုံးပွဲကို တပြိုင်နက်တည်း ဆင်နွှဲတော့မည့်ဟန် ဖြစ်နေသည်။

ဧကရာဇ်ကိုယ်တိုင် နိုင်ငံ၏ တံခါးဝကို စောင့်ရှောက်မည်၊ အရိုးကြေကြေ အရေခမ်းခမ်း အလျှော့ပေးသော ဧကရာဇ်၊ လက်နက်ချသော ဧကရာဇ် လုံးဝ အဖြစ်မခံဟူ၍ ကြွေးကြော်ခဲ့၏။

တိုင်းပြည်ပျက်လျှင်ပျက်၊သို့မဟုတ်လျှင် မီးလျှံထဲမှ ပြန်လည်မွေးဖွားလာရမည် ဟူ၍လည်း ပြောခဲ့သည်။

သံမဏိသွေးအပြည့်ဖြင့် ပြောဆိုခဲ့သောကြောင့် တိုင်းသူပြည်သားများ၏ သွေးများ ဆူပွက်လာပြီး စိတ်ဓာတ်များ အလွန်အမင်း တက်ကြွလာခဲ့ကြသည်။ သူသည် လုံးဝကို သံမဏိသွေးရှိသော ဧကရာဇ်တစ်ပါး၏ ဟန်ပန်ကို ပြသနေခဲ့၏။

သို့ပေမည့် ရလဒ်မှာ မည်သို့နည်း။ သူသည် စောစောစီးစီးကပင် တောင်ပိုင်းဒေသခံ ပုန်ကန်သူများနှင့် ညှိနှိုင်းရန် လူလွှတ်ထားခဲ့ပြီး အလွန် ကြီးမားသော ဆုလာဘ်များကိုပါ ပေးအပ်ထားခဲ့ခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း တာရှအင်ပါယာနှင့် လျှို့ဝှက်မဟာမိတ်ဖွဲ့ကာ တာယင်အင်ပါယာကို ရင်ဆိုင်ရန် ကြံစည်နေခဲ့၏။

အမှန်တကယ်တော့ ဧကရာဇ် ဝမ်ယွင် လုပ်ဆောင်ခဲ့သည်များမှာ ဤမျှနှင့် မပြီးသေးချေ။ သူသည် တာယင်အင်ပါယာ၏ ဟေးပင်းထိုင်သို့ လူလွှတ်၍ ကြီးမားသော တန်ဖိုးပေးကာ မီတျဲချိုင့်ဝှမ်းနှင့် အရာအချို့ကို အရောင်းအဝယ် လုပ်ခဲ့သေးသည်။

ထို့ကြောင့် မကြာမီတွင် အနောက်ပိုင်း တာ့လျန်နိုင်ငံ သည်လည်း ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်ရာ တောင်ပိုင်းကျိုးအင်ပါယာကို လာရောက်တိုက်ခိုက်ရန် စိတ်ကူးနိုင်တော့မည် မဟုတ်ချေ။

ထို့ကြောင့် ဤတောင်ပိုင်းကျိုး ဧကရာဇ်သည် မည်မျှလောက် ဉာဏ်များပြီး ကောက်ကျစ်စဉ်းလဲသနည်း။ မည်မျှလောက် အမြော်အမြင် ကြီးမားသနည်း။

ဧကရာဇ်ဟောင်း သည်လည်း ဤသားဖြစ်သူ၏ အကြောင်းကို အလွန် ကောင်းစွာ နားလည်ထားကြောင်း ထင်ရှားလှသည်။

ထို့ကြောင့် တောင်ပိုင်းကျိုးအင်ပါယာ သည် အန္တရာယ်များ ဝိုင်းရံနေသကဲ့သို့ ထင်ရသော်လည်း သူသည် မည်သည့် အသံမှ မထွက်ခဲ့သလို ပြန်လည် ထွက်ပေါ်လာမည့် အရိပ်အယောင်လည်း မပြခဲ့ခြင်း ဖြစ်၏။

ဧကရာဇ်သည် ဤသို့ဖြင့် ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။ တာရှအင်ပါယာ၏ လီချင်ဝမ်နှင့် လျှို့ဝှက်ဆွေးနွေးရန် သွားရောက်ခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။

ယွင်ကျုံးဟဲ့ကမူ စာကြည့်ဆောင်အတွင်း၌ ဆက်လက် စောင့်ဆိုင်းနေရသည်။ နာရီဝက်ကျော်ခန့် အကြာတွင်မှ ဧကရာဇ် ဝမ်ယွင်သည် စာကြည့်ဆောင်သို့ ပြန်ရောက်လာတော့၏။

“အောက်ချီ နဲ့ အောက်ကျ တို့ဟာ ခင်ဗျားရဲ့အဖေ အောက်ရှင်း မြှောက်စားခဲ့တာဖြစ်ပြီး မွေးစားသားတွေ အဖြစ်ပါ လက်ခံထားခဲ့တယ်။ အခုတော့ ဒီနှစ်ယောက်စလုံး ပုန်ကန်နေကြပြီ။”

ဧကရာဇ် ဝမ်ယွင်က ပြောလိုက်သည်။ “သူတို့နဲ့အတူ ပုန်ကန်နေတဲ့ ဒေသခံ ပုန်ကန်သူတွေလည်း တစ်နေ့တခြား ပိုများလာတယ်။ အခုဆို သိန်းချီရှိနေလောက်ပြီ။ ပြီးတော့ ခရီးမိုင်ထောင်ချီ ကျယ်ဝန်းတဲ့ နယ်မြေတွေကိုလည်း သိမ်းပိုက်ထားပြီးပြီ။ ဒါကြောင့် ကိုယ်တော် ခင်ဗျားကို မေးချင်တယ်။ ခင်ဗျားအဖေကို မသတ်ဘဲ လောကကြီးကို ဘယ်လို ရှင်းပြရမလဲ။”

“ဖျောင်းဖျလို့ မရတော့တဲ့အတွက် တပ်တော်ကြီးနဲ့ နှိမ်နင်းပြီး တစ်ခါတည်း အမြစ်ပြတ်အောင် လုပ်ရုံပဲ ရှိတော့တယ်။” ဧကရာဇ် ဝမ်ယွင်က အေးစက်စက်ဖြင့် ပြောလိုက်၏။

ဆက်လက်၍ ဧကရာဇ်က ပြောလိုက်၏။ “လောကမှာ ခင်ဗျားအဖေ အောက်ရှင်းကို သတ်ချင်တဲ့သူ အများကြီး ရှိတယ်။ ဒါပေမဲ့ ကိုယ်တော် လုံးဝ မပါဘူး။ကိုယ်တော် သူ့ကို အလွန် မနှစ်မြို့ပေမယ့် သတ်တော့ မသတ်ချင်ဘူး။ ဒါပေမဲ့ လက်ရှိအခြေအနေကကိုယ်တော့်ကို မသတ်ဘဲ မနေနိုင်အောင် ဖိအားပေးနေတယ်။

ဒီတစ်ကြိမ် တပ်တော်ကြီး တောင်ပိုင်းကို ချီတက်ပြီး ပုန်ကန်မှုကို နှိမ်နင်းရာမှာ ရလဒ် နှစ်ခုပဲ ရှိတယ်။ ပထမ ရလဒ်က ဖူယန်ထူ ပုန်ကန်မှုကို အောင်မြင်စွာ နှိမ်နင်းနိုင်ပြီး ကြီးမားတဲ့ အကျိုးဆောင်မှု ရရှိသွားမယ်။ အဲဒီအခါကျရင် ကြီးမားတဲ့ အပြစ်တွေအားလုံး ခင်ဗျားအဖေရဲ့ ခေါင်းပေါ် ရောက်လာမှာဖြစ်လို့ ခင်ဗျားအဖေ သေချာပေါက် သေရလိမ့်မယ်။

ဒုတိယ ရလဒ်က ဖူယန်ထူ ပုန်ကန်မှုကို နှိမ်နင်းတာ မအောင်မြင်ဘူး။ အဲဒီအခါကျရင်လည်း ခင်ဗျားအဖေ သေချာပေါက် သေရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားအဖေ အောက်ရှင်းကို တပ်တော်ကြီး ဦးဆောင်ပြီး တောင်ပိုင်းကို သွားနှိမ်နင်းခိုင်းဖို့ မဖြစ်နိုင်ဘူးလေ။”

အမှန်တကယ်ပင် မဖြစ်နိုင်ချေ။ လောကရှိ ဧကရာဇ် တစ်ရာတွင် တစ်ယောက်လောက်သာ အောက်ရှင်းကို တပ်တော်ကြီး ဦးဆောင်၍ တောင်ပိုင်းပုန်ကန်မှုကို နှိမ်နင်းရန် စေလွှတ်ကောင်း စေလွှတ်လိမ့်မည်ဖြစ်၏။

သို့သော်ငြား ဤလုပ်ရပ်မှာ ခွေးကို အသားထုတ်ဖြင့် ပစ်ပေါက်သကဲ့သို့ ဖြစ်နေသည်။

ယခု ပုန်ကန်နေသူများမှာ အောက်ရှင်း၏ မွေးစားသားများဖြစ်ပြီး သူကိုယ်တိုင် တည်ထောင်ခဲ့သော ဒေသခံ ကာကွယ်ရေးတပ် ဖြစ်၏။ ထို့ကြောင့် အောက်ရှင်းကို သွားရောက်နှိမ်နင်းခိုင်းရန် မည်သည့် ဧကရာဇ်က သတ္တိရှိမည်နည်း။

အောက်ရှင်း သွားရောက်ပြီးနောက် ပုန်ကန်သူများနှင့် ပူးပေါင်းကာ တောင်ပိုင်းတွင် တိုက်ရိုက် နိုင်ငံတည်ထောင်မည်ကို မကြောက်ဘူးလား။

ဧကရာဇ် ဝမ်ယွင်လည်း မလုပ်ရဲသလို ထျန်းယန် ဧကရာဇ်လည်း လုပ်ရဲမည် မဟုတ်ပေ။

ဧကရာဇ် ဝမ်ယွင်က ဆက်ပြောလိုက်၏။ “ဒါကြောင့် နောင်တစ်ချိန်မှာ ခင်ဗျားအဖေ အောက်ရှင်းကို ကိုယ်တော် မသတ်ချင်ရင်တောင် မသတ်လို့ မရတော့ဘူး။ ခင်ဗျားအတွက်ကတော့ ဧကရာဇ်ဟောင်းက နှုတ်ဟလာပြီဖြစ်လို့ ကိုယ်တော် ခင်ဗျားအသက်ကို ချမ်းသာပေးမယ်။

ဧကရာဇ်ဟောင်းက ကျောက်တုံးမှတ်တမ်းကို ဖတ်ရတာ ကြိုက်တယ်ဆိုတော့ ခင်ဗျား ဟေးပင်းထိုင် အကျဉ်းထောင်ထဲမှာပဲ နေပြီး နေ့တိုင်း စာရေးဖို့ပဲ အာရုံစိုက်လိုက်တော့။ တခြားဟာတွေ ဘာမှ မတွေးနဲ့တော့။ ခင်ဗျားရဲ့ ဘဝတစ်လျှောက်လုံး စာကိုပဲ ကောင်းကောင်း ရေးသွားတော့။”

ထို့နောက် ဧကရာဇ် ဝမ်ယွင်က လက်ဝှေ့ယမ်းပြလိုက်၏။

မိန်းမစိုးအချို့က ယွင်ကျုံးဟဲ့ကို ဆွဲထုတ်သွားရန် ပြင်လိုက်ကြသည်။

“ခဏနေပါအုံး။”

ယွင်ကျုံးဟဲ့က ရုတ်တရက် အော်ပြောလိုက်၏။ “အရှင်မင်းမြတ်… အကယ်၍ ကျုပ်က စစ်သည်တစ်ယောက်၊ လက်နက်တစ်ခုမှ မကုန်ဘဲ တောင်ပိုင်းပုန်ကန်မှုကို နှိမ်နင်းနိုင်မယ်ဆိုရင်ရော။ ကျုပ် အဖေရဲ့ အပြစ်ကို ပြေပျောက်စေနိုင်တဲ့ အကျိုးဆောင်မှုလို့ သတ်မှတ်လို့ ရမလား။”

ဧကရာဇ် ဝမ်ယွင်သည် လုံးဝ ဂရုမစိုက်ဘဲ အလွန် ရယ်စရာကောင်းသော ပြက်လုံးတစ်ခုကို ကြားလိုက်ရ သကဲ့သို့သာ နေလိုက်သည်။

ဖျောင်းဖျခြင်း၊ လာဘ်ပေးခြင်း စသည့် နည်းလမ်းပေါင်းစုံကို ဧကရာဇ် ဝမ်ယွင် အသုံးပြုပြီးဖြစ်သော်လည်း ရလဒ်မှာ လုံးဝ ကျရှုံးခဲ့ပြီး တမန်အချို့မှာလည်း ပုန်ကန်သူများ၏ ခေါင်းဖြတ်ကွပ်မျက်ခြင်းကို ခံခဲ့ရ၏။

အောက်ယွီက ဒေသခံများက ပုန်ကန်ချင်စိတ် သိပ်မရှိဘူး၊ ဒေသခံ ကာကွယ်ရေးတပ်များက ခွေးလို အလုပ်အကျွေး ပြုချင်ပေမည့် အခွင့်အရေး မရလို့ သခင်ကို ပြန်လည်ကိုက်ခဲတာဟု တတွတ်တွတ် ပြောနေခဲ့သည်။

တောင်ပိုင်းတွင် အမှန်တကယ် မည်သို့ဖြစ်ပျက်နေသည်ကို သူ လုံးဝ မသိချေ။ တောင်ပိုင်းပုန်ကန်မှု၏ အဓိက ဇာစ်မြစ်မှာ ဟွမ်ထျန်းဂိုဏ်းမှ မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့ ဖြစ်ကြောင်းကို လုံးဝ မသိချေ။

ဤ အောက်ယွီ သည် စာရေးရုံလောက်သာ အသုံးဝင်ပြီး အမှန်တကယ်တော့ အတွင်း၌ ဘာမှမရှိသော လူဖျင်းတစ်ယောက်၊ လက်တွေ့မပါဘဲ စာအုပ်ကြီးအတိုင်းသာ ပြောတတ်သော အရူးတစ်ယောက်သာ ဖြစ်သည်။

“နောက်ပိုင်း ခင်ဗျား စာကိုပဲ ကောင်းကောင်း ရေးတော့။ တခြားကိစ္စတွေ ဝင်မပါနဲ့တော့။”

ဤသို့ဖြင့် ယွင်ကျုံးဟဲ့ သည် တိုက်ရိုက် ဆွဲထုတ်ခံလိုက်ရ၏။

ယွင်ကျုံးဟဲ့ သည် ရုတ်တရက် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “အရှင်မင်းမြတ်… အရှင်တို့က ဒေသခံတွေကို အတင်းအကျပ် ပုန်ကန်အောင် လုပ်ခဲ့တာ ထင်ရှားနေတာပဲ။ ကျုပ် အဖေကို တောင်ပိုင်းကနေ ပြန်ခေါ်ပြီးတဲ့နောက်မှာ အင်ပါယာရဲ့ အကျိုးစီးပွားရှာဖွေတဲ့ အုပ်စုတွေက တောင်ပိုင်းကို အလုအယက် သွားပြီး အကျိုးအမြတ်တွေကို ခွဲဝေစားသုံးကြတယ်။

သူတို့က ပင်ပန်းတဲ့အချိန်တုန်းကတော့ မသွားကြဘူး။ ကျုပ် အဖေ ဆယ်နှစ်ကျော် အပင်ပန်းခံ တည်ဆောက်ပြီး အသီးအပွင့်တွေ ရလာတဲ့အချိန်ကျမှ ဒီလူတွေက အလုအယက် သွားပြီး အသီးအပွင့်တွေကို ခူးဆွတ်ကြတယ်၊ အကျိုးအမြတ်တွေကို လုယူကြတယ်။

တောင်ပိုင်းမှာ လယ်ယာမြေ ဘယ်လောက်များများ ဖော်ထုတ်နိုင်ခဲ့လဲ။ အခု အဲဒီလယ်ယာမြေတွေ ဘယ်လောက်များများ ခွဲဝေစားသုံးခံလိုက်ရပြီလဲ။ ကျုပ် အဖေ တောင်ပိုင်း စစ်သေနာပတိချုပ်အဖြစ် တာဝန် ထမ်းဆောင်နေချိန်တုန်းက ဒေသခံ သန်းနှစ်ဆယ်ကျော်ဟာ အနည်းဆုံးတော့ စားစရာ ထမင်း ရှိတယ်၊ စိုက်ပျိုးစရာ လယ်ယာမြေ ရှိတယ်။

ကျုပ်အဖေ တောင်ပိုင်းကနေ မဖြစ်မနေ ထွက်ခွာခဲ့ရပြီးနောက်မှာ တာ့ကျိုးအင်ပါယာက အထက်တန်းလွှာ တွေဟာ တောင်ပိုင်းကို အလုအယက် သွားပြီး လယ်ယာမြေတွေ လုတယ်၊ စားနပ်ရိက္ခာတွေ လုတယ်၊ ဒေသခံတွေကို ကျွန်ပြုတယ်။ ဒါကမှ ပုန်ကန်မှုရဲ့ အဓိက ဇာစ်မြစ်ပဲ။ အခုတော့ ဒီအပြစ်တွေ အားလုံးကို ကျုပ်အဖေရဲ့ ခေါင်းပေါ်ကို ပုံချနေတယ်။ ဒါက ရယ်စရာကောင်းတယ်၊ ရှက်စရာကောင်းတယ်လို့ မထင်ဘူးလား။”

ယွင်ကျုံးဟဲ့၏ ဤစကား ထွက်ပေါ်လာချိန်မှာတော့ ထိုနေရာတွင် ရှိနေသူအားလုံး၏ မျက်နှာများ လုံးဝ ပျက်ယွင်းသွားကြသည်။

မိန်းမစိုးကြီး ဟောက်ချင့်က ပြင်းထန်သောအသံဖြင့် အော်ဟစ်လိုက်၏။ “ပါးရိုက်စမ်း။ ပါးရိုက်စမ်း။ သူ့လျှာကို ဆွဲထုတ်လိုက်စမ်း။”

ဧကရာဇ် ဝမ်ယွင်က လက်တစ်ဖက်ကို မြှောက်ကာ ဖြည်းညင်းစွာ မိန့်လိုက်သည်။ “သူ့ကို ဆက်ပြောခိုင်းလိုက်။”

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “ဧကရာဇ်မင်းမြတ်… ကျုပ်က ကျုပ်ရဲ့အဖေ မဟုတ်ဘူးလေ။ အရှင်မင်းမြတ် ကိုယ်တိုင်လည်း ပြောခဲ့တယ် မဟုတ်လား။ ကျုပ် အောက်ယွီဟာ အပြောပဲရှိပြီး လက်တွေ့ မပါတဲ့ ကောင်တစ်ကောင်လို့။

ကျုပ်မှာ ဩဇာတိက္ကမ မရှိဘူး။ တောင်ပိုင်း စစ်သေနာပတိချုပ် လည်း မလုပ်ဖူးဘူး။ လူအများကို လွှမ်းမိုးနိုင်တဲ့ စွမ်းရည်လည်း မရှိဘူး။ ကျုပ်အဖေကို တောင်ပိုင်းကို စေလွှတ်ဖို့ စိတ်မချတာက သူ တကယ် ပုန်ကန်သွားမှာကို ကြောက်လို့ မဟုတ်လား။ ဒါပေမဲ့ ကျုပ် ပုန်ကန်သွားမှာကိုတော့ မကြောက်ဘူး မဟုတ်လား။

ဧကရာဇ်မင်းမြတ်… ရှေ့ဆက်လာမယ့် အန္တရာယ်တွေကို ရင်ဆိုင်ဖို့ အရှင်မင်းမြတ် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီးပြီဆိုတာ ကျုပ် ယုံကြည်ပါတယ်။ ဒါပေမဲ့ တောင်ပိုင်းမှာ စစ်မတိုက်ဘဲ ဖြေရှင်းနိုင်ရင် စစ်မတိုက်တာ အကောင်းဆုံး မဟုတ်ဘူးလား။ တစ်ခါ စစ်ဖြစ်ပြီဆိုတာနဲ့ သေကြေဒဏ်ရာရမယ့်သူ အနည်းဆုံး သိန်းချီရှိမှာပဲ။

ဘာဖြစ်လို့ ကျုပ်ကို သွားစမ်းကြည့်ခွင့် မပေးရတာလဲ။ အကယ်၍ သန်းတစ်ပုံလောက် အခွင့်အရေးရှိပြီး ကျုပ် အောင်မြင်သွားခဲ့ရင်ရော။ အကယ်၍ ကုဋေတစ်ပုံလောက် ဖြစ်နိုင်ခြေရှိပြီး ကျုပ်က စစ်သည်တစ်ယောက်၊ လက်နက်တစ်ခုမှ မကုန်ဘဲ တောင်ပိုင်းပုန်ကန်မှုကို နှိမ်နင်းနိုင်ခဲ့ရင်ရော။

ကျုပ်ရဲ့ ဒီအသက်က တန်ဖိုးမရှိပါဘူး။ စွန့်စားကြည့်ဖို့ ဘာမှ မခက်ခဲပါဘူး။ တောင်ပိုင်းမှာ လူတွေရဲ့ ခုတ်ထစ်ခံရပြီး အသားစတွေ ဖြစ်သွားရင်တောင်မှ ဝက်တစ်ကောင်၊ ခွေးတစ်ကောင် သေသွားတာနဲ့ အတူတူပါပဲ။”

ယွင်ကျုံးဟဲ့ သည် အသံကျယ်ကျယ်ဖြင့် ဟစ်ကြွေးလိုက်သည်။ “ဘာဖြစ်လို့ ကျုပ်ကို သွားစမ်းကြည့်ခွင့် မပေးရတာလဲ။ ကျုပ်ကို တောင်ပိုင်းကို သွားပြီး ပုန်ကန်မှုကို နှိမ်နင်းခွင့်ပြုပါ။ တစ်ယောက်တည်း သွားပါမယ်။ စစ်သည်တစ်ယောက်၊ လက်နက်တစ်ခုမှ မယူသွားပါဘူး။”

......................

All Chapters