← Chapters

အခန်း (၃၃၉-၃၄၀)

Vol. 29 Ch. 339-340

အခန်း (၃၃၉-၃၄၀)

Vol. 29 Ch. 339-340

အပိုင်း (၃၃၉)

စားသောက်ပွဲ တစ်လျှောက်လုံးတွင် ဖူကျ သည် ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်ကာ ပုန်ကန်သူ စစ်သူကြီး တစ်ဦးချင်းစီနှင့် မိတ်ဆက်ပေးခဲ့ပြီး ထိုစစ်သူကြီးများနှင့် အောက်ရှင်းတို့၏ ပတ်သက်မှုများကိုပါ ရှင်းပြပေးခဲ့သည်။

ဤပုန်ကန်သူ စစ်သူကြီးများ၏ ယွင်ကျုံးဟဲ့ အပေါ် ထားရှိသော သဘောထားမှာလည်း အလွန် ထူးဆန်း နေသည်။ ရင်းနှီးမှုထဲတွင် အထင်အမြင်သေးမှုများ ပါဝင်နေ၏။

ယွင်ကျုံးဟဲ့ သည် ဤအကြောင်းရင်းကို ချက်ချင်း နားလည်လိုက်၏။ ကျားဖခင် ခွေးသားဟူသော စကားပုံ တစ်ခွန်းဖြင့် လုံလောက်စွာ ဖော်ပြနိုင်သည်။

ပထမဦးစွာ ဤဒေသခံ ပုန်ကန်သူ စစ်သူကြီးများသည် အောက်ရှင်းကို အမှန်တကယ်ပင် ကြောက်ရွံ့ ရိုသေကြသလို ချစ်ခင်လေးစားမှုလည်း ရှိကြ၏။

အဘယ်ကြောင့်ဆိုသော် ဤဒေသခံ စစ်သူကြီးများသည် ယခင်က အဆင့်အတန်း နိမ့်ကျသူများ ဖြစ်ခဲ့ကြပြီး အောက်ရှင်း ကိုယ်တိုင် သူတို့ကို ရွေးချယ်ကာ မြှောက်စားပေးခဲ့ခြင်း ဖြစ်သောကြောင့်ပင်။

ဤကာကွယ်ရေးတပ်ရှိ တပ်မှူးတိုင်းကို အောက်ရှင်းကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

အောက်ရှင်း သည် သူတို့၏ ကံကြမ္မာကို ပြောင်းလဲပေးခဲ့ပြီး အောက်ရှင်း တာဝန်ထမ်းဆောင်နေချိန်သည် သူတို့အတွက် အကောင်းဆုံးသော အချိန်ကာလများ ဖြစ်ခဲ့၏။

အဘယ်ကြောင့်ဆိုသော် သူတို့၏ ကံကြမ္မာများ ပြောင်းလဲသွားခဲ့ပြီး အောက်ခြေလူတန်းစားမှသည် ချမ်းသာ ကြွယ်ဝမှုဆီသို့ လျှောက်လှမ်းနိုင်ခဲ့ကြသောကြောင့် ဖြစ်သည်။

ထိုစဉ်က ဤဒေသခံ စစ်သူကြီးများသည် မိမိကိုယ်မိမိ တာ့ကျိုးအင်ပါယာ၏ စစ်သူကြီးများအဖြစ် အမှန်တကယ်ပင် သတ်မှတ်ခဲ့ကြ၏။

နောက်ပိုင်းတွင် အောက်ရှင်း တောင်ပိုင်းမှ ပြောင်းရွှေ့သွားပြီးနောက် မြို့စားကြီး ကျိုးလုံ သည် အောက်ရှင်း၏ နေရာကို ဆက်ခံကာ တောင်ပိုင်း စစ်သေနာပတိချုပ် ဖြစ်လာခဲ့သည်။

သေချာပေါက် ကျိုးလုံ သည် အောက်ရှင်း၏ မူဝါဒများကို ဆက်လက် ကျင့်သုံးခဲ့သည်ဟု ဆိုနိုင်သော်လည်း ဒေသခံ ကာကွယ်ရေးတပ်ကို တဖြည်းဖြည်း ဘေးဖယ်ထားခဲ့ပြီး အဆက်မပြတ် ဖိနှိပ်ခဲ့ကာ နောက်ပိုင်းတွင် တာ့ကျိုး အမတ်များ၏ ကျွန်များအဖြစ်သို့ပင် ရောက်ရှိသွားစေခဲ့၏။

ထို့ကြောင့် ဤဒေသခံ စစ်သူကြီးများ၏ နေ့ရက်များမှာ တစ်နေ့တခြား ပို၍ ခက်ခဲလာခဲ့ရ၏။ အောက်ရှင်း ရာထူးမှ ကျသွားပြီးနောက် ဤကာကွယ်ရေးတပ်ရှိ ဒေသခံ စစ်သူကြီးများမှာ ပို၍ပင် ထိတ်လန့် ကြောက်ရွံ့ လာကြပြီး တစ်နေ့နေ့ မိမိတို့၏ ခေါင်းများ ပြတ်ကျသွားမည်ကို စိုးရိမ်နေခဲ့ကြသည်။

ဤကြောက်ရွံ့မှုများကိုပင် မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့က အသုံးချခဲ့ပြီး နောက်ဆုံးတွင် ပုန်ကန်မှုဆီသို့ ဦးတည်သွားစေခဲ့ခြင်း ဖြစ်၏။

ယခင်က ဒေသခံများတွင် မည်သည့် ယုံကြည်မှုမှ မရှိခဲ့ချေ။ သို့ပေမည့် ယခုအခါ သူတို့တွင် ယုံကြည်မှု ရှိလာပြီ ဖြစ်၏။ ထိုအရာမှာ ဟွမ်ထျန်း မီးနတ်မင်း ပင်ဖြစ်သည်။

ယခုအခါ တောင်ပိုင်းနိုင်ငံ၏ အလံများပေါ်တွင် အဝါရောင် နောက်ခံနှင့် မီးတောက်များကို ရေးဆွဲထား၏။

လွန်ခဲ့သော တစ်နှစ်အတွင်း တောင်ပိုင်းတွင် ငလျင်များ မကြာခဏ လှုပ်ခတ်ခဲ့ပြီး သဘာဝ ဘေးအန္တရာယ်များနှင့် ကပ်ရောဂါများစွာ ဖြစ်ပွားခဲ့ကာ ရောဂါအမျိုးမျိုးက လူပေါင်းများစွာ၏ အသက်ကို နုတ်ယူသွားခဲ့သည်။

ဤသို့ မငြိမ်မသက်ဖြစ်နေသော အခြေအနေအောက်တွင် ယွမ်ထျန်းရှဲ့၏ ဟွမ်ထျန်းဂိုဏ်း သည် မရေမတွက်နိုင်သော လူများ၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်လာခဲ့ပြီး သူသည်လည်း မရေမတွက်နိုင်သော လူများ၏ စိတ်နှလုံးထဲတွင် ကြီးမြတ်သော ကယ်တင်ရှင်ကြီး ဖြစ်လာခဲ့၏။

အဘယ်ကြောင့်ဆိုသော် ဟွမ်ထျန်းဂိုဏ်း သည် ဟွမ်ထျန်း မီးနတ်မင်း၏ ကိုယ်စားလှယ် ဖြစ်သောကြောင့်ပင်။

သူသည် မိမိကိုယ်မိမိ ကောင်းကင်ဘုံက လူသားတွေကို ကယ်တင်ရန် စေလွှတ်လိုက်သော နတ်ဘုရားအဖြစ် ကြေညာထားခဲ့သည်။

သူ၏ မန္တန်ရေကို သောက်သုံးပြီးနောက် အမှန်တကယ်ပင် အံ့ဖွယ် အာနိသင်များ ရှိကာ ရောဂါကျွမ်းနေသူ များစွာပင် ချက်ချင်း ပြန်လည် ကျန်းမာလာခဲ့သောကြောင့် ဤသည်မှာ အမှန်တကယ်ပင် အသက်ရှင် နေသော နတ်ဘုရား တစ်ပါးဖြစ်သည်ဟု လူများက ယုံကြည်လာကြ၏။

ဤပုန်ကန်သူများ၏ အမြင့်ဆုံး ခေါင်းဆောင်မှာ ဖူကျ ဖြစ်ပြီး မိမိကိုယ်မိမိ တောင်ပိုင်းဘုရင် အဖြစ် ကြေညာထားသည်။

သို့သော်ငြား ယွမ်ထျန်းရှဲ့ သည် နိုင်ငံတော်၏ ဆရာသခင် ဖြစ်ရုံသာမက ဖူကျ၏ ဆရာလည်း ဖြစ်သည်။ ထိုနေရာတွင် ရှိနေသော ပုန်ကန်သူ စစ်သူကြီးများ အားလုံးသည်လည်း ယွမ်ထျန်းရှဲ့၏ တပည့်များ၊ မြေးတပည့်များသာ ဖြစ်ကြ၏။

ယွင်ကျုံးဟဲ့ သည် ယွမ်ထျန်းရှဲ့၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်လိုက်၏။ သူသည် အချိန်တို အတွင်း အောက်ရှင်း၏ နေရာကို အစားထိုးကာ မရေမတွက်နိုင်သော ဒေသခံများ၏ စိတ်နှလုံးထဲတွင် ကယ်တင်ရှင်နှင့် သတ်ဖြတ်သူအဖြစ် နေရာယူလိုခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ယွမ်ထျန်းရှဲ့ သည် လူကိုကယ်တင်နိုင်စွမ်း ရှိရုံသာမက လူကိုလည်း သတ်ဖြတ်နိုင်စွမ်း ရှိပြီး နတ်ဘုရား၏ အမိန့်ဟုဆိုကာ သတ်ဖြတ်လေ့ ရှိသောကြောင့်ပင်။

သူ၏ သတ်ဖြတ်နည်းမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ အဝေးမှနေ၍ လက်ညှိုးတစ်ချက် ထိုးလိုက်ရုံဖြင့် နတ်ဘုရား၏ အမိန့်ကို ဖီဆန်သူမှာ ချက်ချင်း ခန္ဓာကိုယ်မှ မီးတောက်များ ထွက်ပေါ်လာပြီး ပြင်းထန်စွာ လောင်ကျွမ်းကာ အချိန်တိုအတွင်းမှာပင် မီးသွေးတုံးအဖြစ်သို့ ပြောင်းလဲသွားတော့၏။

ထို့ကြောင့် တောင်ပိုင်းဒေသခံ အားလုံးသည် ယွမ်ထျန်းရှဲ့ကို ကြောက်လည်း ကြောက်ကြသလို လေးစားလည်း လေးစားကြပြီး သူ၏ အလိုကို လုံးဝ မဖီဆန်ရဲကြတော့ချေ။

ဤသို့ နတ်ဘုရားတို့၏ အစွမ်းသတ္တိများနှင့် ပတ်သက်သော အရာများသည် အသိဉာဏ် နည်းပါးသော ဒေသခံများအတွက် အလွန် ကြီးမားသော လွှမ်းမိုးမှု ရှိသည်။

ယခင်က ထိုက်ဖျင်တောက်ဂိုဏ်းမှ မဟာဆရာသခင်ကြီး ကျန်းကျောက် သည် ပုန်ကန်မှု စတင်လိုက်သည်နှင့် တပြိုင်နက် လူသန်းချီသော ဟွမ်ကျင်း တပ်ဖွဲ့ကို ချက်ချင်း စုစည်းနိုင်ခဲ့သည်ကို သင် မတွေ့မြင်ခဲ့ရဘူးလား။

ထို့နောက် မင်နှင့် ချင်းမင်းဆက် နှစ်ဆက်ရှိ ဟုန်လျန်ဂိုဏ်း၊ ပိုင်လျန်ဂိုဏ်း တို့သည်လည်း အလားတူပင် လူအများ၏ ထောက်ခံမှုကို ချက်ချင်း ရရှိခဲ့ကြသလို ထိုက်ဖျင် ကောင်းကင်နိုင်ငံတော် သည်လည်း အစပိုင်းတွင် ဘာသာရေးကို အသုံးပြု၍ နယ်မြေချဲ့ထွင်ခဲ့ခြင်း ဖြစ်သည်။

ဒေသခံများမှာ အသိဉာဏ်နည်းပါးပြီး စိတ်ပိုင်းဆိုင်ရာ လစ်ဟာမှုများ ရှိနေချိန်တွင် ယွမ်ထျန်းရှဲ့၏ အစွမ်းအစများမှာလည်း အလွန် ကြီးမားသောကြောင့် သူတို့၏ စိတ်ပိုင်းဆိုင်ရာ ကမ္ဘာကို လွယ်ကူစွာ လွှမ်းမိုးနိုင်ခဲ့ခြင်း ဖြစ်၏။

ဖူကျ သည်လည်း ယွမ်ထျန်းရှဲ့၏ ဦးနှောက်ဆေးခြင်းကို ခံခဲ့ရပြီး မိမိကိုယ်မိမိ တောင်ပိုင်း၏ နိုင်ငံ တည်ထောင်သူ ဘုရင် ဖြစ်လာနိုင်ကြောင်း၊ မီးနတ်မင်းက ရွေးချယ်ထားသော ကောင်းကင်ဘုံ၏ သားတော် ဖြစ်ကြောင်း ယုံကြည်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ယွမ်ထျန်းရှဲ့ သည် သူ့ကို အကြိမ်ကြိမ် နတ်ဘုရားတို့၏ အံ့ဖွယ်လုပ်ရပ်များကို ပြသခဲ့သောကြောင့် ဖြစ်၏။

တစ်နည်းအားဖြင့် ယွမ်ထျန်းရှဲ့ သည် ဖူကျ၏ စိတ်ပိုင်းဆိုင်ရာ ထောက်တိုင် ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် ဤပုန်ကန်မှုသည် ယွင်ကျုံးဟဲ့ ထင်ထားသည်ထက်များစွာ ပို၍ ရှုပ်ထွေးခက်ခဲနေသည်။

မူလက မရေမတွက်နိုင်သော ဒေသခံများသည် စည်းလုံးမှု မရှိသော သဲပွင့်များကဲ့သို့ ဖြစ်နေသည်ဟု ထင်မှတ်ခဲ့သော်လည်း ယွမ်ထျန်းရှဲ့က သူတို့ကို စည်းလုံးသွားစေခဲ့၏။

မကောင်းဆိုးဝါး နည်းလမ်းများကို အသုံးပြု၍ စည်းလုံးစေခဲ့ခြင်း ဖြစ်သော်လည်း ဤသို့သော စည်းလုံးမှုက ပို၍ အန္တရာယ် ကြီးမားသည်။

မူလက ဤဒေသခံ ကာကွယ်ရေးတပ်များ၏ ပုန်ကန်မှုမှာ အခြေခံအုတ်မြစ် မရှိသော မီးတောက်များကဲ့သို့ ဖြစ်နေသည်ဟု ထင်မှတ်ခဲ့၏။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ယခင်က တာ့ကျိုးအင်ပါယာ၏ ခွေးများ ဖြစ်ခဲ့ကြပြီး အောက်ခြေ ဒေသခံများကို အပြင်းထန်ဆုံး ဖိနှိပ်ခဲ့ကြသောကြောင့် ဒေသခံ သန်းနှစ်ဆယ်ကျော်က ဤဒေသခံ ကာကွယ်ရေးတပ်ကို အရိုးထဲထိ မုန်းတီးနေကြသောကြောင့်ဖြစ်သည်။

သို့ပေမည့် ယွမ်ထျန်းရှဲ့ သည် ဟွမ်ထျန်းဂိုဏ်းကို အသုံးပြု၍ ဒေသခံများနှင့် ပုန်ကန်သူများကို ချိတ်ဆက်ပေးလိုက်၏။

ထို့ကြောင့် ဤပုန်ကန်သူများသည် အခြေခံအုတ်မြစ်မရှိသော မီးတောက်များ မဟုတ်တော့ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးသည် ဟွမ်ထျန်းဂိုဏ်း၏ အောက်တွင် စုစည်းသွားကြပြီး ဘုံယုံကြည်မှု တစ်ခုတည်းကို ပိုင်ဆိုင်သွားကြသူများ ဖြစ်သွားကြသောကြောင့်ပင်။

ဤယုံကြည်မှုမှာ ကြောက်ရွံ့မှုကို အခြေခံ၍ တည်ဆောက်ထားခြင်း ဖြစ်သော်လည်း ပိုမို၍ ဆိုးရွားသည်။

အရက်အတော်အတန် သောက်ပြီး အစားအသောက်များကိုလည်း စားသောက်ပြီးသွားချိန်မှာတော့ ထိုနေရာတွင် ရှိနေသူအားလုံးမှာ အနည်းငယ် မူးယစ်နေကြပြီ ဖြစ်ရာ မိမိကိုယ်မိမိ တောင်ပိုင်းဘုရင် အဖြစ် ကြေညာထားသော ပုန်ကန်သူ ခေါင်းဆောင် ဖူကျက ရုတ်တရက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “အားလုံးပဲ… ကျုပ်စကားကို နားထောင်ကြပါ။”

သူသည် ဒေသခံ စကားကို မပြောဘဲ ဟန်လူမျိုးတို့၏ စကားကို ပြောဆိုခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် သူတို့ ကာကွယ်ရေးတပ်များအဖြစ် တာဝန်ထမ်းဆောင်နေချိန်က မိမိကိုယ်မိမိ အဆင့်မြင့် လူတန်းစားအဖြစ် သတ်မှတ်ခဲ့ကြပြီး ဒေသခံ စကားကို လုံးဝ မပြောဆိုခဲ့ကြသောကြောင့်ပင်။

တောင်ပိုင်းဘုရင် ဖူကျက ပြောလိုက်၏။ “အားလုံး သိကြတဲ့အတိုင်းပဲ… ကျုပ်တို့ ပိုင်ဆိုင်ထားတဲ့ အရာအားလုံးဟာ စစ်သေနာပတိချုပ် အောက်ရှင်း ပေးသနားခဲ့တာတွေပဲ။ စစ်သေနာပတိချုပ် အောက်ရှင်း သာ မရှိခဲ့ရင် တောင်ပိုင်းနယ်မြေဆိုတာ ရှိလာမှာ မဟုတ်ဘူး၊ ကာကွယ်ရေးတပ်ဆိုတာ ရှိလာမှာ မဟုတ်ဘူး၊ ဒီနေရာမှာ ရှိနေတဲ့ ကျုပ်တို့ အားလုံးရဲ့ ချမ်းသာကြွယ်ဝမှုတွေလည်း ရှိလာမှာ မဟုတ်ဘူး။ ဒါကြောင့် စစ်သေနာပတိချုပ် အောက်ရှင်းကို ရည်စူးပြီး သောက်ကြစို့။”

ချက်ချင်းပဲ ထိုနေရာတွင် ရှိနေသော စစ်သူကြီး ရာချီသည် အရက်ခွက်များကို အမြင့်သို့ မြှောက်ကာ အသံကျယ်ကျယ်ဖြင့် ဟစ်ကြွေးလိုက်ကြသည်။ “စစ်သေနာပတိချုပ် အောက်ရှင်းကို ရည်စူးပြီး သောက်ကြစို့။”

ထိုအချိန်တွင် ယွင်ကျုံးဟဲ့ သည် အသေးစိတ် အချက်တစ်ခုကို သတိပြုမိလိုက်၏။ အောက်ချီ၏ မျက်လုံးများ နီရဲလာခြင်း ဖြစ်သည်။ သူသည် ဖခင်၏ နောက်ထပ် မွေးစားသား တစ်ဦးဖြစ်ပြီး ဖူကျ၏ အမြွှာညီလည်း ဖြစ်၏။

အောက်ကျ နှင့် အောက်ချီ တို့သည် လုံးဝ ကွဲပြားခြားနားသော စရိုက်လက္ခဏာ ရှိကြ၏။ အောက်ကျက ပွင့်လင်းပြီး အောက်ချီက အေးစက်သည်။

အချိန်အများစုတွင် အောက်ချီ သည် တိတ်ဆိတ်စွာ နေလေ့ရှိပြီး သူ ဘာတွေးနေသည်ကို မည်သူမှ မသိနိုင်သကဲ့သို့ ဖြစ်နေ၏။

ယခုအခါ လူတိုင်းက စစ်သေနာပတိချုပ် အောက်ရှင်းကို ရည်စူး၍ သောက်ကြစို့ဟု အော်ဟစ်လိုက်ချိန်တွင် အောက်ချီ၏ မျက်လုံးများ နီရဲသွားခြင်းက သူသည် ဤမွေးစားဖခင်ကို အမှန်တကယ်ပင် စိတ်ထဲမှ လွမ်းဆွတ်နေကြောင်း၊ သူသည် အောက်ရှင်းထက် ဆယ်နှစ်ခန့်သာ ငယ်သော်လည်း သူ၏ စိတ်ထဲတွင် ဖခင်အရင်းတစ်ယောက်ကဲ့သို့ အမှန်တကယ် သတ်မှတ်ထားကြောင်း သက်သေပြနေသည်။

ဖူကျက ဆက်ပြောလိုက်၏။ “ကျုပ်တို့ရဲ့ ဒီကာကွယ်ရေးတပ်ကို စစ်သေနာပတိချုပ် အောက်ရှင်းကိုယ်တိုင် တည်ထောင်ခဲ့တာဖြစ်လို့ သူကမှ ဒီတပ်တော်ရဲ့ အစစ်အမှန် သခင်ပဲ။ ဒါပေမဲ့ အခု သူဟာ တာ့ကျိုး အင်ပါယာရဲ့ မိုက်မဲတဲ့ ဧကရာဇ်ကြောင့် အကျဉ်းထောင်ထဲမှာ အကျဉ်းချခံထားရတယ်။ ကျုပ်က စစ်သေနာပတိချုပ် အောက်ရှင်းရဲ့ မွေးစားသား တစ်ယောက်သာ ဖြစ်ပေမယ့် အခု သူ့ရဲ့ သားအရင်း ရောက်လာပြီ။ ကျုပ်ရဲ့ညီ အောက်ယွီ ပေါ့။”

လူတိုင်း၏ အကြည့်များက ယွင်ကျုံးဟဲ့ ထံသို့ ရောက်ရှိသွားကြသည်။

“လာ… ကျုပ်ရဲ့ညီ၊ ကျုပ်ရဲ့ ချစ်လှစွာသော ညီလေး။”

ဖူကျက ယွင်ကျုံးဟဲ့ကို ဖက်ထားရင်း ပြောလိုက်၏။ “ကျုပ်တို့က ညီအစ်ကိုအရင်းတွေ မဟုတ်ပေမဲ့ ကျုပ်စိတ်ထဲမှာတော့ ခင်ဗျားဟာ ကျုပ်ညီအရင်းလိုပါပဲ။ အားလုံးပဲ နားထောင်ကြ။ ကျုပ်ညီ အောက်ယွီကမှ စစ်သေနာပတိချုပ် အောက်ရှင်းရဲ့ တစ်ဦးတည်းသော အမွေခံပဲ။ ဒါကြောင့် ဒီတောင်ပိုင်းဘုရင် ရာထူးဟာ ကျုပ်ညီ အောက်ယွီ နဲ့ပဲ ထိုက်တန်တယ်။”

ဖူကျ သည် ခေါင်းပေါ်မှ ရွှေရောင် သရဖူကို ချွတ်ကာ ယွင်ကျုံးဟဲ့၏ ခေါင်းပေါ်သို့ တိုက်ရိုက် ဆောင်းပေး လိုက်ပြီးနောက် ကိုယ်ပေါ်မှ ဘုရင်ဝတ်ရုံကို ချွတ်ကာ ယွင်ကျုံးဟဲ့၏ ကိုယ်ပေါ်သို့ တိုက်ရိုက် ဝတ်ဆင်ပေးလိုက်တော့သည်။

‘ချီးတဲ့မှ… ဒါ ဘာသဘောလဲ။ ဘုရင်ဝတ်ရုံ ဆင်မြန်းပေးတာလား။’

ထို့နောက် ဖူကျ သည် ယွင်ကျုံးဟဲ့ကို မိမိ၏ ဘုရင်ထိုင်ခုံပေါ်သို့ တွန်းပို့လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “အားလုံး နားထောင်ကြ။ ဒီနေ့ကစပြီး အောက်ယွီ ဟာ တောင်ပိုင်းဘုရင် အသစ် ဖြစ်သွားပြီ။”

လူတိုင်း လုံးဝမှင်သက်သွားကြသည်။

ဖူကျက ဒေါသတကြီး အော်ဟစ်လိုက်၏။ “ခင်ဗျားတို့ ဘာငေးကြည့်နေကြတာလဲ။ ဘုရင်သစ်ကို အရိုအသေ မပေးကြသေးဘူးလား။”

ထိုနေရာတွင် ရှိနေသူအားလုံး သာမက ယွင်ကျုံးဟဲ့ကိုယ်တိုင်လည်း လုံးဝမှင်သက်သွားရသည်။

‘ဒါက ဘာဇာတ်လမ်းလဲ။ ရုတ်တရက်ကြီး အရမ်း မြန်ဆန်လွန်းနေပြီ မဟုတ်ဘူးလား။ ခင်ဗျား ဖူကျက အရမ်းကို ရင်းနှီးချစ်ခင်လွန်းနေတာကိုက လွန်လှပြီလို့ ထင်ထားတာ၊ အခုတော့ ဘုရင်ရာထူးကိုပါ ကျုပ်ကို လွှဲပေးတော့မလို့လား။ ဒါ ဘာသဘောလဲ။ ထောင်ချန်းက ရွှီကျိုးကို သုံးကြိမ်တိုင်တိုင် လွှဲပြောင်း ပေးသလိုမျိုးလား။ ဒါပေမဲ့ လုံးဝ မတူဘူးလေ။’

(ထောင်ချန်းက ရွှီကျိုးကို သုံးကြိမ်တိုင်တိုင် လွှဲပြောင်း ပေးသလိုမျိုး ဆိုသည်မှာ မိမိပိုင်ဆိုင်တဲ့ နယ်မြေ (သို့မဟုတ်) အာဏာကို စိတ်ရင်းမှန်နဲ့ အခြားထိုက်တန်သူတစ်ဦးထံ ပေးအပ်ချင်ခြင်းဖြစ်၏။)

ဖူကျ သည် မူးယစ်နေပုံရသော်လည်း သူ၏ အကြည့်များမှာမူ အလွန် ရှင်းလင်းနေပြီး အလွန် ထူးဆန်းသော အငွေ့အသက်များ ပါဝင်နေသည်။

ထိုနေရာတွင် ရှိနေသော ပုန်ကန်သူ စစ်သူကြီးများ၏ အကြည့်များတွင်လည်း နားမလည်နိုင်မှုများ၊ အထင်အမြင်သေးမှုများနှင့် အနည်းငယ် ဒေါသထွက်မှုများပင် ပါဝင်နေကြ၏။

သူတို့သည် အောက်ရှင်းကို ကြည်ညိုလေးစားကြသော်လည်း အောက်ရှင်းတွင် အမှိုက်ကောင် သားတစ်ယောက်ရှိပြီး လောက၏ နံပါတ်တစ် အသုံးမကျသူအဖြစ် သတ်မှတ်ခံထားရကြောင်းကိုလည်း သိရှိထားကြသည်။

သူသည် စစ်သေနာပတိချုပ် အောက်ရှင်း၏ သားအရင်း ဖြစ်လျှင်တောင်မှ ပုန်ကန်သူများ၏ ခေါင်းဆောင်သစ် ဖြစ်လာ၍ မရနိုင်ချေ။

ဤကဲ့သို့ အသုံးမကျသူ တစ်ယောက်၏ ဦးဆောင်မှုအောက်တွင် အားလုံးအတွက် မျှော်လင့်ချက် ရှိနိုင်ပါဦးမည်လား။

............................

အပိုင်း (၃၄၀)

ထိုအချိန်တွင် လူတစ်ယောက် ထွက်လာပြီး ဦးညွတ်၍ ပြောလိုက်၏။ “ကျုပ်ကန့်ကွက်တယ်။”

ယွင်ကျုံးဟဲ့ မော့ကြည့်လိုက်ရာ ထိုသူမှာ ဖခင်၏ နောက်ထပ် မွေးစားသား တစ်ဦးဖြစ်သော အောက်ချီ ဖြစ်နေသည်။

“အောက်ယွီ ဟာ စစ်သေနာပတိချုပ်ရဲ့ သားဖြစ်ပေမယ့် သူက ကျုပ်တို့ တောင်ပိုင်းသား မဟုတ်ဘူး။ တာ့ကျိုးအင်ပါယာက လူပဲ။ သူက ဘယ်လိုလုပ်ပြီး တောင်ပိုင်းဘုရင် ဖြစ်လာနိုင်မှာလဲ။”

အောက်ချီက ပြောလိုက်၏။ “ပြီးတော့ သူက နာမည်ကြီး အသုံးမကျသူ တစ်ယောက်လေ။ သူက ဘယ်လိုလုပ်ပြီး အားလုံးကို ဦးဆောင်နိုင်မှာလဲ။ လူအများရဲ့ ဘုရင် ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ။”

ဖူကျက ဒေါသတကြီး အော်ဟစ်လိုက်သည်။ “အောက်ချီ… ခင်ဗျားက ကျေးဇူးကန်းချင်တာလား။ မွေးစားဖခင် မရှိရင် ခင်ဗျား ဒီနေ့လို အခြေအနေမျိုး ရောက်လာမှာလား။ မွေးစားဖခင် မရှိရင် ဒေသခံ ကာကွယ်ရေးတပ်ဆိုတာ ရှိလာမှာလား။

ကျုပ်တို့ရဲ့ ဒီနေ့လို အခြေအနေမျိုး ရှိလာမှာလား။ ဒီနေရာမှာ ရှိနေတဲ့ အားလုံးရဲ့ ချမ်းသာကြွယ်ဝမှုတွေ ရှိလာမှာလား။ စစ်သေနာပတိချုပ် အောက်ရှင်း ဟာ မူလတည်းက တောင်ပိုင်းရဲ့ ဘုရင်ပဲ။ အခု အောက်ယွီက တောင်ပိုင်းဘုရင်ကို ဆက်ခံတာ ဘာမှားနေလို့လဲ။”

အောက်ချီက ပြန်ပြောလိုက်၏။ “တောင်ပိုင်းဟာ ဒေသခံတွေရဲ့ တောင်ပိုင်းဖြစ်ပြီး တာ့ကျိုးအင်ပါယာရဲ့ တောင်ပိုင်း မဟုတ်ဘူး။ ကျုပ်တို့က ဒေသခံတွေရဲ့ကိုယ်ပိုင် နိုင်ငံတစ်ခု တည်ထောင်ရမယ်။ တောင်ပိုင်းဘုရင်ဟာ ဒေသခံပဲ ဖြစ်ရမယ်။”

ဖူကျ သည် ဓားကို ရုတ်တရက် ဆွဲထုတ်ကာ ကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်သည်။ “ခင်ဗျား နောက်ထပ် တစ်ခွန်း ထပ်ပြောရဲရင် ခင်ဗျားကို ကျုပ် သတ်ပစ်မယ်။”

အောက်ချီက အသံကျယ်ကျယ်ဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။ “ဘာပဲဖြစ်ဖြစ် ကျုပ် အသက်ရှင်နေသရွေ့ အောက်ယွီက တောင်ပိုင်းဘုရင် ဖြစ်လာလို့ မရဘူး။”

ယခု မျက်စိရှေ့ရှိ အခြေအနေမှာ လုံးဝ နားလည်၍ မရနိုင်လောက်အောင် ဖြစ်နေပြီ ဖြစ်သည်။

အောက်ချီ သည် မျိုးရိုးအမည်ကို မပြောင်းလဲခဲ့သောကြောင့် သူသည် အောက်ရှင်းကို အမှန်တကယ် လွမ်းဆွတ်နေပြီး အောက်ရှင်းကို ဖခင်အရင်းတစ်ယောက်ကဲ့သို့ အမှန်တကယ် သတ်မှတ်ထားကြောင်း ထင်ရှား၏။

ထို့အပြင် စောစောက လူတိုင်းက စစ်သေနာပတိချုပ် အောက်ရှင်းကို ရည်စူး၍ သောက်ကြစို့ ဟု အော်ဟစ်လိုက်ချိန်တွင်လည်း အောက်ချီ၏ မျက်လုံးများ နီရဲသွားခဲ့သည်။

သို့သော်ငြား ယခုအခါတွင်မူ သူသည် အောက်ယွီ အား တောင်ပိုင်းဘုရင် အဖြစ် ခန့်အပ်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေပြန်၏။

“ခင်ဗျားကို ကျုပ် သတ်မယ်။ မွေးစားဖခင်ကိုယ်စား ကျေးဇူးကန်းတဲ့ ခင်ဗျားကို ကျုပ် သတ်မယ်။” ဖူကျ၏ ဓားကြီးသည် အောက်ချီ ထံသို့ ပြင်းထန်စွာ ခုတ်ချလိုက်တောသည်။

အောက်ချီ သည်လည်း ဓားကို ရုတ်တရက် ဆွဲထုတ်ကာ ဖူကျ နှင့် ပြင်းထန်စွာ တိုက်ခိုက်တော့၏။

ဤလူနှစ်ဦး၏ သိုင်းပညာမှာ အမှန်တကယ်ပင် အလွန် မြင့်မားလှ၏။ နှစ်မီတာကျော် မြင့်မားသော အရပ်အမောင်းဖြင့် ဘီလူးကြီးများကဲ့သို့ ဖြစ်နေပြီး အလွန် ကြီးမားသော ခွန်အားများလည်း ရှိကြသည်။

သူတို့နှစ်ဦး တိုက်ခိုက်နေချိန်တွင် ဓားသွားများမှ ထွက်ပေါ်လာသော လေပြင်းများမှာ ဟာရီကိန်း မုန်တိုင်းကဲ့သို့ တိုက်ခတ်နေပြီး လူများကိုပင် မျက်လုံး မဖွင့်နိုင်အောင် ဖြစ်စေ၏။

စားသောက်ပွဲပေါ်ရှိ ပန်းကန်ခွက်ယောက်များ အားလုံးသည် ဓားလေများကြောင့် လွင့်စင်သွားပြီး ကြမ်းပြင်ပေါ်တွင် အပိုင်းပိုင်းအစစ ကွဲအက်သွားကြတော့သည်။

အချိန်တိုအတွင်းမှာပင် စားသောက်ပွဲ ခန်းမကြီး တစ်ခုလုံးမှာ ဖရိုဖရဲ ဖြစ်သွားပြီး မာကျောသော ကြမ်းပြင်များပင်လျှင် ခုတ်ထစ်ခံရမှုကြောင့် အစင်းရာများ အထပ်ထပ် ဖြစ်ပေါ်သွား၏။

ဤလူနှစ်ဦး၏ တိုက်ခိုက်မှုသည် အမှန်တကယ်ပင် တောရိုင်းတိရစ္ဆာန် နှစ်ကောင် သတ်ပုတ်နေကြသကဲ့သို့ ဖြစ်နေပြီး ဖြတ်သန်းသွားသမျှ နေရာတိုင်းရှိ အရာအားလုံးမှာ အမှုန့်ဖြစ်သွားရသည်။

ထိုစဉ်က အောက်ရှင်း သည် ဤနှစ်ဦးကို မွေးစားသားများအဖြစ် လက်ခံခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။

အဘယ်ကြောင့်ဆိုသော် သူတို့သည် အမှန်တကယ်ပင် မွေးရာပါ ထူးခြားသော အရည်အချင်းများ ပိုင်ဆိုင်ထားပြီး သိုင်းပညာ လေ့ကျင့်ရန်အတွက် အထူးသင့်လျော်သော ပါရမီရှင်များ ဖြစ်သောကြောင့်ပင်။

ထို့အပြင် စစ်မြေပြင်တွင် သတ်ဖြတ်ရန် အထူးသင့်လျော်ပြီး အလွန် ကြီးမားသော ခွန်အားများရှိကာ စစ်မြေပြင်ရှိ ဘီလူးကြီးများကဲ့သို့ ဖြစ်နေသည်။

သူတို့သည် ဒေသခံ ကာကွယ်ရေးတပ်၏ ခေါင်းဆောင်များ ဖြစ်လာနိုင်ခြင်းမှာလည်း အံ့ဩစရာ မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် ဤဒေသခံများသည် အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့တတ် ကြသောကြောင့် အားကြီးသူများကို အလွန်တရာ လေးစားကြောက်ရွံ့ကြသည်။ ဤညီအစ်ကိုနှစ်ဦးမှာ အလွန် သန်မာလွန်းသောကြောင့် ဤဒေသခံ စစ်သူကြီးများကို အလွယ်တကူ နှိမ်နင်းနိုင်ခဲ့ခြင်း ဖြစ်၏။

ထို့အပြင် ယွင်ကျုံးဟဲ့ သည် ထူးဆန်းသော အချက်တစ်ချက်ကိုလည်း သတိပြုမိလိုက်၏။ အောက်ချီ သည် အချိန်တိုင်း သူ့ကို ကျောခိုင်းထားပြီး ဘီလူးကြီးကဲ့သို့သော ခန္ဓာကိုယ်ဖြင့် ယွင်ကျုံးဟဲ့၏ အရှေ့တွင် ကာကွယ်ပေးထားသကဲ့သို့ ဖြစ်နေသည်။

ဤဘီလူးကြီးကဲ့သို့သော ညီအစ်ကို နှစ်ဦးသည် အကြိမ်ရာချီ တိုက်ခိုက်ခဲ့ကြသော်လည်း လုံးဝ အရှုံးအနိုင် မပေါ်ခဲ့ချေ။

“အောက်ချီ… ခင်ဗျား ပုန်ကန်ချင်နေတာလား။” ဖူကျက ဒေါသတကြီး အော်ဟစ်လိုက်၏။

“ကျုပ် ဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် အောက်ယွီက တောင်ပိုင်းဘုရင် ဖြစ်လာလို့ မရဘူး။ သူက ကျုပ်တို့ တောင်ပိုင်းသား မဟုတ်ဘူး။ သူ့ကို ကျုပ် မောင်းထုတ်မယ်။”

အောက်ချီက ဒေါသတကြီး ပြန်လည် အော်ဟစ်လိုက်သည်။ “သူ့ကို အဝေးကြီးကို မောင်းထုတ်မယ်။ ကျုပ်တို့ တောင်ပိုင်းနယ်မြေထဲကို ဘယ်တော့မှ ဝင်လာခွင့် မပေးဘူး။ ဒေသခံဆိုတာ ဒေသခံပဲ။ တာ့ကျိုးဆိုတာ တာ့ကျိုးပဲ။ သူ့ကို တောင်ပိုင်းဘုရင် ဖြစ်စေချင်ရင် ကျုပ်ရဲ့ အလောင်းပေါ်ကနေ ဖြတ်သွားမှ ရမယ်။”

သို့သော် ထိုအချိန်တွင် အသံတစ်သံ ထွက်ပေါ်လာ၏။

ဤအသံသည် ညို့ယူဖမ်းစားနိုင်စွမ်း အပြည့်အဝ ရှိနေပြီး ဩဇာတိက္ကမ အပြည့် ပါဝင်နေသလို ရင်းနှီးမှုများလည်း ပါဝင်နေကာ အလွန် ရှုပ်ထွေးသော အသံတစ်ခု ဖြစ်သည်။

ယွင်ကျုံးဟဲ့ ယခင်က တီးခတ်ခဲ့သော တေးဂီတကဲ့သို့ပင် နတ်ဘုံမှ အသံနှင့်လည်း တူသလို မိစ္ဆာ၏ အသံနှင့်လည်း တူနေ၏။

“ဘာတွေ ဖြစ်နေကြတာလဲ။”

ဤအသံကို ကြားလိုက်ရပြီးနောက် ထိုနေရာတွင် ရှိနေသူအားလုံး လုံးဝ တိတ်ဆိတ်သွားကြသည်။

ဖူကျနှင့် အောက်ချီ ညီအစ်ကို နှစ်ဦးလည်း ချက်ချင်း တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြ၏။

ထို့နောက် လူအားလုံး ဒူးထောက်ချလိုက်ကြပြီး တောင်ပိုင်းဘုရင် ဖူကျ ပင်လျှင် တိုက်ပွဲဝင် ဓားကို ချကာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။ အလွန်အမင်း ကြောက်ရွံ့ရိုသေမှုများ၊ အလွန်အမင်း ကြည်ညို လေးစားမှုများ ပြည့်နှက်နေသည်။

ထိုနေရာတွင် ရှိနေသော ဒေသခံ ပုန်ကန်သူ စစ်သူကြီး ရာချီသည် အသံကျယ်ကျယ်ဖြင့် အသက်ပင် မရှူရဲကြတော့ဘဲ အားလုံး နဖူးကို မြေကြီးနှင့်ထိကာ ဧကရာဇ်ကိုတွေ့ရသော အမတ်များထက်ပင် ပို၍ ရိုသေကိုင်းရှိုင်းနေကြ၏။

ယွင်ကျုံးဟဲ့ သည် ရောက်လာသူမှာ မည်သူဖြစ်ကြောင်း သိရှိလိုက်ပြီ ဖြစ်၏။ ဟွမ်ထျန်းဂိုဏ်း၏ မဟာဆရာသခင်ကြီး၊ မရေမတွက်နိုင်သော ဒေသခံများ၏ ယုံကြည်ကိုးကွယ်ရာ၊ မရေမတွက်နိုင်သော ဒေသခံများ၏ စိတ်နှလုံးထဲမှ နတ်ဘုရား၊ ယွမ်ထျန်းရှဲ့ ဖြစ်၏။ တစ်နည်းအားဖြင့် ဤတောင်ပိုင်းပုန်ကန်မှု၏ အဓိက လက်သည်တရားခံ ပင်ဖြစ်သည်။

ထို့နောက် နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါသော တာအိုဘုန်းကြီး တစ်ဦးသည် ခန်းမကြီးအတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်လာသည်ကို မြင်လိုက်ရ၏။

အလွန် ကောင်းမွန်သော ရုပ်ရည်သွင်ပြင် ရှိသည်။ အမှန်တကယ်ပင် နတ်ဘုရား တစ်ပါးကဲ့သို့ ဖြစ်နေ၏။ တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောဘက်တွင် ပါကွ ပုံစံနှင့် ရင်ဘက်တွင် မီးတောက်ကို ရေးဆွဲထားသည်။

မုတ်ဆိတ်နှင့် ဆံပင်များ အားလုံး ဖြူဖွေးနေသော်လည်း မျက်နှာ အသားအရေမှာမူ ကလေးငယ်တစ်ဦးကဲ့သို့ စင်ကြယ်နေ၏။

သူ လျှောက်သွားသော နေရာတိုင်းရှိ လေထုမှာပင် ပူနွေးသွားသကဲ့သို့ ခံစားရ၏။ သူ၏ မျက်လုံးများသည် အလွန် တောက်ပနေပြီး တစ်ချက် ကြည့်လိုက်ရုံဖြင့် အရေပြားကို ဖောက်ထွင်းကာ လူ၏ စိတ်နှလုံးကို မြင်တွေ့နိုင်သကဲ့သို့ ဖြစ်နေသည်။

ဤသူသည် ယွမ်ထျန်းရှဲ့ ပင်ဖြစ်သည်။ ဒေသခံ သန်းချီ၏ ယုံကြည်ကိုးကွယ်ရာ ကယ်တင်ရှင်ကြီး ဖြစ်ပြီး တစ်နှစ်မပြည့်မီ အချိန်အတွင်းမှာပင် တောင်ပိုင်း တစ်ခုလုံးကို လွှမ်းမိုးနိုင်ခဲ့သူ ဖြစ်၏။

သူ ခန်းမအတွင်းသို့ ဝင်ရောက်လာပြီးနောက် ထိုနေရာ တစ်ခွင်ကို ဖြည်းညင်းစွာ ကြည့်ရှုလိုက်၏။ သူ၏ အကြည့်များ ရောက်ရှိသွားသော နေရာတိုင်းရှိ လူအားလုံးမှာ ပို၍ပင် မြေကြီးနှင့် ကပ်သွားအောင် ဝပ်တွား လိုက်ကြသည်။

နောက်ဆုံးတွင် သူ၏ အကြည့်များက ယွင်ကျုံးဟဲ့ ထံသို့ ရောက်ရှိလာပြီး အကြောင်းရင်း မသိရဘဲ ယွင်ကျုံးဟဲ့၏ အရေပြားပေါ်တွင် ပူလောင်မှုကို ခံစားလိုက်ရကာ အဝေးမှနေ၍ မီးတောက်များ လာရောက် ဟပ်နေသကဲ့သို့ ခံစားရ၏။

“ဘာတွေ ဖြစ်နေကြတာလဲ။” ယွမ်ထျန်းရှဲ့က ဖြည်းညင်းစွာ မေးလိုက်သည်။

အောက်ချီ သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ပြန်ဖြေလိုက်၏။ “မဟာဆရာသခင်ကြီး… ဒီတောင်ပိုင်းဟာ ကျုပ်တို့ ဒေသခံတွေရဲ့ တောင်ပိုင်းဖြစ်ပြီး အောက်ယွီက တာ့ကျိုးလူမျိုး ဖြစ်ပါတယ်။ သူက ဘယ်လိုလုပ်ပြီး တောင်ပိုင်းဘုရင် ဖြစ်လာနိုင်မှာလဲ။ ဘယ်လိုလုပ်ပြီး ဒေသခံတွေရဲ့ ဘုရင် ဖြစ်လာနိုင်မှာလဲ။”

ယွမ်ထျန်းရှဲ့က ဖြည်းညင်းစွာ ပြောလိုက်သည်။ “အောက်ယွီက တောင်ပိုင်းဘုရင် ဖြစ်လာလို့ မရဘူးလို့ ဘယ်သူပြောလဲ။ သူ သေချာပေါက် ဖြစ်လာလို့ ရတယ်။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ လူတိုင်းမှင်သက်သွားကြပြီး ယွင်ကျုံးဟဲ့ကိုယ်တိုင်လည်း ပို၍ပင် မှင်သက်သွားတော့၏။

.....................

အနောက်ပိုင်း သဲကန္တာရ၏ ရတနာဖြစ်သော ရိုလန်မြို့...

ရှစ်လပိုင်း ဆယ့်သုံးရက်နေ့တွင် ကျင်းကျုံးယွဲ့ ကလေးမွေးဖွားပြီးနောက် တာယင်အင်ပါယာ၏ ဟေးလုံထိုင်၏ အကူအညီကြောင့် မြို့ကာကွယ်ရေး စစ်ပွဲတွင်လည်း ကြီးမားသော အောင်ပွဲကို ရရှိခဲ့သည်။

မြင်းစီးဓားပြ မဟာမိတ်တပ် သိန်းချီသည် သေကြေပျက်စီးကာ ဖရိုဖရဲ ထွက်ပြေးသွားခဲ့ကြရ၏။

ထို့နောက် ကျင်းကျုံးယွဲ့ အနေဖြင့် မျက်နှာပူမည်၊ မည်သို့ နေထိုင်ရမည်ကို မသိဖြစ်မည်ကို စိုးရိမ်သောကြောင့် ဖုန်းရှင်းမြဲ့ သည် ဟေးလုံထိုင်မှ စစ်သည်များကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။

အစမှအဆုံး သူသည် ကျင်းကျုံးယွဲ့ နှင့်တွေ့ဆုံခြင်း မရှိခဲ့ချေ။ ဤသည်မှာ သဘောထား ပြသမှု တစ်ခု ဖြစ်ပုံရ၏။

ထိုအချိန်မှစ၍ ကျင်းကျုံးယွဲ့၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ပြန်လည် ကျန်းမာလာခဲ့၏။ စစ်ပွဲများ ဆင်နွှဲခြင်းနှင့် သိုင်းပညာ လေ့ကျင့်ခြင်းတို့ကြောင့် သူမ၏ ခန္ဓာကိုယ် အချိုးအစားမှာလည်း လျင်မြန်စွာ ပြန်လည် လှပလာခဲ့သည်။

မဟုတ်ပေ။ ပြန်လည် လှပလာသည်ဟု မဆိုနိုင်ပေ။ ပို၍ပင် မိန်းမဆန်ပြီး ပို၍ ဆွဲဆောင်မှု ရှိလာခဲ့ခြင်း ဖြစ်၏။

ယခင်က ကျင်းကျုံးယွဲ့၏ ခန္ဓာကိုယ် အချိုးအစားမှာ လှပသော်လည်း အနည်းငယ် ပိန်ပါးလွန်းနေခဲ့ပြီး ကလေးမွေးဖွားပြီးနောက်တွင်မူ အနည်းငယ် ပြည့်ဖြိုးလာခဲ့သည်။

ဤသည်မှာ အမှန်တကယ်ပင် အသက်ကို နုတ်ယူမတတ် ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ် အချိုးအစားမှာ အလွန် အံ့မခန်းဖွယ်ရာ ဖြစ်လာခဲ့ပြီ ဖြစ်၏။

ကောက်ကြောင်းများမှာ ညို့ယူဖမ်းစားနိုင်လွန်းပြီး တစ်ချက် ကြည့်လိုက်ရုံဖြင့် ဟော်မုန်းများ ပေါက်ကွဲထွက်လာမတတ် ခံစားရစေသည်။

ထို့အပြင်ကလေးမွေးဖွားပြီးနောက် သူမသည် ပို၍ပင် လှပတင့်တယ် လာခဲ့သည်။ လှပသော မျက်နှာလေးမှာ မျက်စိကျိန်းမတတ် ဖြစ်လာခဲ့၏။

သို့သော် သေချာပေါက် ဤအရာများက သူမ၏ စိတ်ညစ်ရခြင်း အကြောင်းရင်းများ မဟုတ်ချေ။ သူမ စိတ်ညစ်နေရခြင်းမှာ သူမ၏ နယ်မြေမှာ အလွန် လျင်မြန်စွာ ကျယ်ပြန့်လာခြင်းကြောင့် ဖြစ်သည်။

ရိုလန်မြို့ ကာကွယ်ရေးစစ်ပွဲတွင် အောင်ပွဲရရှိပြီးနောက် ဒိုမီနို အကျိုးသက်ရောက်မှုကဲ့သို့ပင် သူမထံသို့ လာရောက် ပူးပေါင်းသူများ တစ်နေ့တခြား ပိုမိုများပြားလာခဲ့သည်။ မသိမသာဖြင့်ပင် သူမ၏ လက်အောက်ရှိ မြင်းစီးဓားပြများမှာ ပိုမိုများပြားလာခဲ့၏။

သူမ အနောက်ပိုင်း သဲကန္တာရသို့ ရောက်ရှိလာခြင်းမှာ သာမန် မြင်းစီးဓားပြ တစ်ဦးအဖြစ် နေထိုင်လိုခြင်း ကြောင့်သာဖြစ်ပြီး နေ့စဉ်နေ့တိုင်း မြင်းဖြူစီးကာ သဲကန္တာရထဲတွင် လေညင်းခံလိုခြင်းကြောင့်သာ ဖြစ်သည်။

ကျင်းမိသားစုမှ စစ်သည်များကို ရှင်သန်ခွင့်နှင့် ရည်မှန်းချက်တစ်ခု ပေးလိုခြင်းသာဖြစ်ပြီး သူမကိုယ်တိုင်တွင်မူ မည်သည့် ရည်မှန်းချက်မှ မရှိခဲ့ချေ။

သို့ပေမည့် အဘယ်ကြောင့် သူမ၏ လက်အောက်၌ မြင်းစီးဓားပြ တစ်သိန်းတောင် ရှိလာရသနည်း။

ဤမျှ များပြားသ့် မြင်းစီးဓားပြများကို ကျွေးမွေးရန်အတွက် မည်သူ့ဆီက သွားလုရမည်နည်း ဆိုသည်ကို သူမ စဉ်းစားနေမိသည်။

‘အနောက်ပိုင်း သဲကန္တာရက မြင်းစီးဓားပြ တစ်သိန်းကို ဘယ်လိုလုပ် ကျွေးမွေးနိုင်မှာလဲ။’

အမှန်တကယ်ပင် ထိုသို့ဖြစ်နေသည်။ အနောက်ပိုင်း သဲကန္တာရသည် ရွှေရောင် ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိပြီး နေ့စဉ် ကုန်သည်အဖွဲ့ အမြောက်အမြား ဖြတ်သန်းသွားလာကြ၏။

ထို့အပြင် အင်ပါယာကြီး သုံးခု သာမက အနောက်ဘက်ရှိ နိုင်ငံပေါင်း ဒါဇင်ချီမှ ကုန်သည်အဖွဲ့များလည်း ဖြတ်သန်း သွားလာကြသည်။

သို့သော်ငြား မြင်းစီးဓားပြ တစ်သိန်းကိုတော့ မကျွေးမွေးနိုင်ချေ။

ထို့ကြောင့် ဤမြင်းစီးဓားပြများသည် ကုန်သည်အဖွဲ့များကို လုယက်ရုံသာမက နိုင်ငံများကိုပါ လုယက် ကြသည်။ တာယင်အင်ပါယာ၏ နယ်စပ်ကို လုယက်ကြသလို တောင်ပိုင်းကျိုးအင်ပါယာ၏ နယ်စပ်ကိုလည်း လုယက်ကြပြီး တာ့လျန်နိုင်ငံမှ ကျွဲ၊ နွား မွေးမြူသူများကိုပါ လုယက်ကြ၏။

ဤသည်ကား အမှန်တကယ်ပင် လက်စားချေနေခြင်း ဖြစ်သည်။ တာ့လျန်နိုင်ငံသည် မူလတည်းက ဓားပြများ၏ ဘိုးဘေးများဖြစ်ပြီး လုယက်ရန် မွေးဖွားလာသူများ ဖြစ်သော်လည်း သူတို့၏ ကျွဲနွား မွေးမြူသူများပင်လျှင် အနောက်ပိုင်း သဲကန္တာရရှိ မြင်းစီးဓားပြများ၏ လုယက်ခြင်းကို ခံနေရသည်။

တခြား နည်းလမ်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် တာ့လျန်နိုင်ငံ၏ နယ်မြေမှာ အလွန် ကြီးမားလွန်းပြီး အလွန် ဟာလာဟင်းလင်း ဖြစ်နေသောကြောင့်ပင်။

တာ့လျန်နိုင်ငံ၏ မြင်းစီးတပ်များ အလွန် စွမ်းဆောင်ရည် ကောင်းသော်လည်း ဤမျှလောက် ကျယ်ဝန်းသော နယ်မြေကို မထိန်းချုပ်နိုင်ချေ။

ထို့အပြင် အနောက်ပိုင်း သဲကန္တာရရှိ ဤမြင်းစီးဓားပြများသည် ယခင်က တာ့လျန်နိုင်ငံ၏ မြင်းစီးစစ်သည်များ ဖြစ်ခဲ့ကြပြီး အကြောင်းအမျိုးမျိုးကြောင့် မြင်းစီးဓားပြများ ဖြစ်လာခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါ ကျင်းကျုံးယွဲ့ အနေဖြင့် ခေါင်းကိုက်နေရသည်မှာ ဤမြင်းစီးဓားပြ တစ်သိန်းကို မည်သို့ စီမံအုပ်ချုပ်ရမည်နည်း ဆိုသည်ကို ဖြစ်၏။

သို့ပေမည့် နောက်ပိုင်းတွင် သူမ သဘောပေါက်သွားခဲ့၏။ ထိုအရာမှာ လုံးဝ ဂရုမစိုက်တော့ဘဲ သူတို့ သဘောအတိုင်းသာ လွှတ်ထားလိုက်ရန် ဖြစ်သည်။

...................

All Chapters