← Chapters

အခန်း (၃၄၁-၃၄၂)

Vol. 29 Ch. 341-342

အခန်း (၃၄၁-၃၄၂)

Vol. 29 Ch. 341-342

အပိုင်း (၃၄၁)

ခြံဝင်းအတွင်း၌ ကျင်းကျုံးယွဲ့ သည် သိုင်းပညာ လေ့ကျင့်နေ၏။

သံချပ်ကာကို ဝတ်ဆင်ထားပြီး လှံရှည်ကြီးကိုကိုင်ဆောင်ထားကာ ခြံဝင်းအတွင်း၌ မည်သူမှ အနားကပ်၍ မရနိုင်ချေ။

အဘယ်ကြောင့်ဆိုသော် သူမ၏ ပတ်လည် မီတာဆယ်ချီအတွင်းမှာ သေမင်းတမန် နယ်မြေ ဖြစ်နေ သောကြောင့်ပင်။

အနားကပ်သွားသည်နှင့် တပြိုင်နက် လေပြင်းများ၏ ရိုက်ခတ်မှုကြောင့် လွင့်စင်သွားကာ သွေးအန်ပြီး ပြင်းထန်ပါက အသက် ဆုံးရှုံးနိုင်ကာ ပေါ့ပါးပါက အရိုးအဆစ်များ ကျိုးကြေသွားနိုင်သည်။

“သခင်မ… လျှို့ဝှက်သံတမန် တစ်ယောက် လာတွေ့ပါတယ်။” အပြင်ဘက်မှ လန်ပိက ပြောလိုက်၏။

“မင်းတို့ဘာသာ ကြည့်လုပ်လိုက်ကြ။” ကျင်းကျုံးယွဲ့က ပြန်ဖြေလိုက်သည်။

“သူတို့က သခင်မရဲ့ ညီမလေး သတင်းကို သိတယ်လို့ ပြောပါတယ်။ ကျွန်မတော့ နားမလည်ဘူး။” လန်ပိက ဆက်ပြောလိုက်၏။

ခြံဝင်းအတွင်းရှိ ကျင်းကျုံးယွဲ့ သည် အနည်းငယ် တုန်ယင်သွား၏။ သူမ နားလည်လိုက်သည်။ သူမ၏ ညီမလေး ဆိုသည်မှာ မည်သူနည်း။ အစစ်အမှန် ကျင်းကျုံးယွဲ့ ဖြစ်ပြီး ပိုင်ယင်မြို့တွင် သူမ အစားထိုးခံခဲ့ရသူ ဖြစ်သည်။

“ဘယ်သူမှ အနားကပ်လို့ မရမယ့် နေရာတစ်ခု ပြင်ဆင်လိုက်။ ဒီသံတမန်ကို ငါ တွေ့မယ်။” ကျင်းကျုံးယွဲ့က ပြောလိုက်၏။

“အမိန့်တော်အတိုင်းပါ။”

တစ်နာရီ၏ လေးပုံတစ်ပုံခန့် အကြာတွင် ကျင်းကျုံးယွဲ့ သည် ထိုလျှို့ဝှက်သံတမန်ကိုတွေ့ဆုံလိုက်၏။ ပတ်ဝန်းကျင် မီတာဆယ်ချီအတွင်း မည်သူမှ မရှိချေ။

ကျင်းကျုံးယွဲ့ကို လာရောက်လုပ်ကြံမည်ကိုလည်း မကြောက်ရွံ့ချေ။ အဘယ်ကြောင့်ဆိုသော် သူမကို ယှဉ်နိုင်မည့်သူ အမှန်တကယ် မရှိသောကြောင့်ဖြစ်သည်။

အနည်းဆုံးတော့ ယခုအချိန်အထိ ကျင်းကျုံးယွဲ့ သည် ပြိုင်ဘက် မတွေ့သေးချေ။

ယခုအချိန်တွင် မြေပြင်ပေါ်၌ သေတ္တာများ အပြည့်အနှက် ရှိနေပြီး အတွင်း၌ ရွှေငွေရတနာများ၊ ပိုးထည်၊ ဖဲထည်များ အပြည့်ပါရှိကာ တန်ဖိုးမဖြတ်နိုင်အောင် များပြားလှသည်။

ဤရွှေငွေရတနာများကို ကျင်းကျုံးယွဲ့ သည် တစ်ချက်လေးပင် မကြည့်ဘဲ အေးစက်စက်ဖြင့် မေးလိုက်၏။ “ပြောစမ်း။ ကျွန်မ ညီမလေး သတင်းက ဘာလဲ။”

ထိုလျှို့ဝှက်သံတမန်က ပြန်ဖြေလိုက်သည်။ “သခင်မ ကျင်းကျုံးယွဲ့… ကျုပ်က သခင်မကို အဆင့်မြင့်ဆုံးနဲ့ ပြီးပြည့်စုံဆုံး အိမ်ထောင်ဖက် တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့ပါ။ ကျုပ်ရဲ့ သခင်ကိုယ်စား သခင်မကို တရားဝင် လက်ထပ်ခွင့် တောင်းပါတယ်။”

ကျင်းကျုံးယွဲ့က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ “ကျွန်မ မေးမယ်။ ရှင်တို့ ကျွန်မ ညီမလေးကို ဘယ်မှာတွေ့ခဲ့တာလဲ။”

ထိုလျှို့ဝှက်သံတမန်သည် ပန်းချီကားလိပ် တစ်ခုကို ထုတ်ယူကာ ဖြည်းညင်းစွာ ဖြန့်ပြလိုက်ပြီး ပြောလိုက်သည်။ “ဒါက သခင်မရဲ့ ညီမလေး ပန်းချီကားပါ။”

ကျင်းကျုံးယွဲ့ သည် တစ်ချက် ကြည့်လိုက်ရုံဖြင့် ဤသည်မှာ သူမ၏ ညီမလေး ဖြစ်ကြောင်း အကဲဖြတ်နိုင် လိုက်၏။

ပန်းချီကားထဲရှိလူမှာ ကျင်းကျုံးယွဲ့နှင့် အလွန် တူညီနေသော်လည်း အငွေ့အသက်များမှာမူ ကွဲပြား ခြားနား နေ၏။ ပန်းချီကားထဲရှိ လူမှာ ပို၍ အထီးကျန်ဆန်ပြီး မြင့်မြတ်သော ဟန်ပန်ရှိကာ ကျင်းကျုံးယွဲ့မှာမူ ပို၍ အေးစက် ခက်ထန်သည်။

ပန်းချီကားထဲရှိ လူ၏ အငွေ့အသက်မှာ တျန်းရှန်းတောင်ပေါ်မှ နှင်းကြာပန်းနှင့် တူပြီး ယခုအချိန်တွင် ကျင်းကျုံးယွဲ့မှာမူ အပြာရောင် သစ်ခွပန်းကဲ့သို့ အလွန် တောက်ပလှပနေ၏။

“လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျုပ်ရဲ့ သခင်ဟာ ပြိုင်ဘက်ကင်း အလှတရားပိုင်ရှင် အမျိုးသမီး တစ်ဦးကို မတော်တဆ တွေ့မြင်ခဲ့ရပါတယ်။ တစ်ချက်လေး မြင်လိုက်ရုံနဲ့တင် အဲဒီအချိန်ကစပြီး အမြဲတမ်း စွဲလန်း နေခဲ့ပြီး စိတ်တွေ လွင့်မျောနေခဲ့ရပါတယ်။ ဒါပေမဲ့ သူက ပန်းချီ မဆွဲတတ်တဲ့အတွက် အချိန်ပေးပြီး ပန်းချီဆွဲတာကို သင်ယူခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒီပန်းချီကားကို ရေးဆွဲနိုင်ခဲ့တာပါ။” လျှို့ဝှက်သံတမန်က ရှင်းပြလိုက်သည်။

ဤပန်းချီကားမှာ အလွန် ကောင်းမွန်သည်။ အစပြုသူ တစ်ဦး၏ လက်ရာ ဖြစ်သော်လည်း စိတ်ဝိညာဉ်နှင့် ခံစားချက်များစွာ ထည့်သွင်းထားသောကြောင့် အလွန် အသက်ဝင်နေခြင်း ဖြစ်ကောင်း ဖြစ်နိုင်၏။

ကျင်းကျုံးယွဲ့ သည် ပန်းချီကားထဲမှ ဤညီမလေးကို ငေးကြည့်နေမိ၏။ မူလက သူမသည် ခံစားလွယ်သူ တစ်ဦး မဟုတ်သလို စိတ်ခံစားချက် များစွာလည်း မရှိခဲ့ချေ။

သို့သော်ငြား ခင်ပွန်းဖြစ်သူ ယွင်ကျုံးဟဲ့ သေဆုံးသွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီးနောက် အစ်ကိုဖြစ်သူ ယန်ဖြန်ရှန်ကို ကိုယ်တိုင် လုပ်ကြံသတ်ဖြတ်ခဲ့ရကာ နောက်ဆုံးတွင် အမြွှာကလေး နှစ်ယောက်ကို မွေးဖွားခဲ့ရသည်။

ထို့ကြောင့် ယခင်က နှစ် နှစ်ဆယ်ကျော်ကြာအောင် ဖုံးကွယ်ဖိနှိပ်ထားခဲ့သော စိတ်ခံစားချက်များ အားလုံးမှာ တစ်ဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ တစ်ခါမှ မမြင်ဖူးသော ဤညီမအရင်းကို ရင်ဆိုင်ရချိန်တွင် သူမ၏ စိတ်ထဲ၌ လွမ်းဆွတ်မှုများ ပြည့်နှက်နေခဲ့၏။

“ရှင့်ရဲ့သခင်က ကျွန်မ ညီမလေးကို ဘယ်မှာ တွေ့ခဲ့တာလဲ။” ကျင်းကျုံးယွဲ့က မေးလိုက်သည်။

လျှို့ဝှက်သံတမန်က ပြန်ဖြေလိုက်၏။ “နှင်းတောင်ကြီး ပေါ်မှာပါ။ အဲဒီအချိန်တုန်းက ကျုပ်ရဲ့ သခင်ဟာ သူ့ကို မြင်မြင်ချင်း အရမ်း အံ့ဩမှင်သက်သွားလို့ နေရာမှာတင် အကြာကြီး ရပ်နေမိခဲ့ပါတယ်။ အတန်ကြာမှ သတိဝင်လာပြီး နောက်ကနေ လိုက်သွားခဲ့ပေမယ့် သူ့ရဲ့ သိုင်းပညာက အရမ်း မြင့်မားလွန်းလို့ မျက်စိတစ်မှိတ်အတွင်းမှာပဲ ပျောက်ကွယ်သွားခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ သိုင်းပညာက အရမ်း မြင့်မားလွန်းလို့ နှင်းပြင်ပေါ်မှာ ခြေရာတောင် မကျန်ခဲ့ပါဘူး။”

‘သောက်ကျိုးနည်း... သိုင်းပညာက သာမန်မြင့်တာ မဟုတ်တော့ဘူး။ နှင်းပြင်ပေါ် လမ်းလျှောက်တာတောင် ခြေရာမထင်ဘူးတဲ့လား။’

လျှို့ဝှက်သံတမန်က ဆက်ပြောလိုက်သည်။ “အဲဒီအချိန်ကစပြီး ကျုပ်ရဲ့ သခင်ဟာ ရူးသွပ်သွားသလို ဖြစ်သွားပြီး ဒီအမျိုးသမီးကို မရ ရအောင် ယူမယ်လို့ သန္နိဋ္ဌာန် ချခဲ့ပါတယ်။ လူရာချီကို ပန်းချီကားတွေ ပေးပြီး စုံစမ်းခိုင်းခဲ့ရာကနေ မကြာခင်ကမှ လူတချို့က ပန်းချီကားထဲက လူကို တွေ့ရှိခဲ့တာပါ။ အဲဒါက သခင်မ ကျင်းကျုံးယွဲ့ ပါပဲ။”

ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ကျွန်မက ဒီပန်းချီကားထဲက လူ မဟုတ်ဘူး။”

လျှို့ဝှက်သံတမန်က ပြန်ဖြေလိုက်သည်။ “ဟုတ်ပါတယ်။ ကျုပ်တို့လည်း ပန်းချီကားနဲ့ အကြိမ်ကြိမ် တိုက်ဆိုင် စစ်ဆေးပြီးနောက်မှာ သခင်မနဲ့ ပန်းချီကားထဲက လူဟာ ညီအစ်မအရင်းတွေ ဖြစ်ပြီး အရမ်း တူပေမယ့် တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ သခင်မ ဟာလည်း ပြိုင်ဘက်ကင်း အလှတရားကို ပိုင်ဆိုင်ထားပါတယ်။ မဟုတ်ဘူး… သခင်မရဲ့ အလှတရားကို ဘယ်စကားလုံးနဲ့မှ ဖော်ပြလို့ မရနိုင်ပါဘူး။ ဒါကြောင့် ကျုပ်ရဲ့ သခင်က ကျုပ်ကို အထူး စေလွှတ်ပြီး လက်ထပ်ခွင့် တောင်းခိုင်းတာပါ။”

လျှို့ဝှက်သံတမန် သည် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ကြမ်းပြင်ပေါ် အပြည့်ရှိနေသော ရွှေငွေရတနာများကို ထပ်မံ ပြသလိုက်၏။

ဤရွှေငွေရတနာများ၏ တန်ဖိုး မည်မျှရှိမည်နည်း။ မသိနိုင်သော်လည်း ဧရာမ ကိန်းဂဏန်းတစ်ခု ဖြစ်မည်မှာ သေချာပြီး အလွန် အံ့မခန်းဖွယ်ရာ လက်ဆောင်ကြီး ဖြစ်သည်။

“သခင်မ ကျင်းကျုံးယွဲ့ရဲ့ အင်အားချဲ့ထွင်မှု အရမ်းမြန်လွန်းလို့ စားနပ်ရိက္ခာနဲ့ အသားတွေ လိုအပ်နေတယ်လို့ ကြားသိရပါတယ်။ ဒါကြောင့် ကျုပ်က နွား သုံးထောင်၊ သိုး နှစ်သောင်း၊ ကုလားအုတ် တစ်ထောင်ကိုလည်း ယူဆောင်လာခဲ့ပါတယ်။”

လျှို့ဝှက်သံတမန်က ပြောလိုက်၏။ “သခင်မ ကျင်းကျုံးယွဲ့ ကြည့်ရှုတော်မူပါ။”

လျှို့ဝှက်သံတမန်သည် အပြင်ဘက်သို့ လက်ညှိုးထိုးပြလိုက်ရာ မြို့ပြင်၌ ဖုန်တလုံးလုံး ထနေသည်ကို မြင်တွေ့လိုက်ရသည်။

မြင်းစီးစစ်သည် ထောင်ချီသည် နွားထောင်ချီ၊ သိုးသောင်းချီနှင့် ကုလားအုတ် ထောင်ချီတို့ကို မောင်းနှင်ကာ ခမ်းနားကြီးကျယ်စွာ ရောက်ရှိလာကြ၏။

‘ချီးတဲ့မှ... ဒီလက်ထပ်ခွင့်တောင်းတဲ့ လက်ဆောင်တွေက အရမ်းကို ကြီးကျယ်ခမ်းနားလွန်းနေပြီ မဟုတ်ဘူးလား။’

သို့ပေမည့် ဤလက်ထပ်ခွင့်တောင်းသော သခင်မှာ မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းရ လွယ်ကူနေပြီ ဖြစ်၏။ တာ့လျန်နိုင်ငံ၏ အိမ်ရှေ့စံမင်းသား ဖြစ်မည်မှာ သေချာသည်။

တာ့လျန်နိုင်ငံသည် ဤကမ္ဘာလောက၏ နောက်ထပ် အင်အားကြီး နိုင်ငံတစ်ခု ဖြစ်သည်။ တာ့လျန်နိုင်ငံ၏ နယ်မြေ အကျယ်အဝန်းမှာ အလွန် ကြီးမားကျယ်ပြန့်ပြီး အရှေ့မှ အနောက်သို့ မိုင်သောင်းချီ ရှည်လျားကာ အနည်းဆုံး နယ်မြေထက်ဝက်ခန့်မှာ အနောက်ဘက် ဒေသများတွင် တည်ရှိ၏။

လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်ခန့်က တာ့လျန်နိုင်ငံသည် အရှေ့တိုင်း၏ အကြီးမားဆုံးသော ရန်သူ ဖြစ်ခဲ့သည်။

လွန်ခဲ့သော နှစ်ခြောက်ဆယ်ကျော်က တာ့လျန်နိုင်ငံ၏ မြင်းစီးတပ်များသည် တောင်ပိုင်းကျိုးအင်ပါယာ၏ အလယ်ဗဟိုအထိ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး တောင်ပိုင်းကျိုး မြို့တော်အနီးအထိပင် ရောက်ရှိခဲ့ရာ ဤသည်ကို အလွန် ကြီးမားသော အရှက်ကွဲမှုကြီးအဖြစ် သတ်မှတ်ခဲ့ကြ၏။

ထျန်းယန် ဧကရာဇ် နန်းတက်လာပြီးနောက် တာ့လျန်နိုင်ငံနှင့် ဆယ်နှစ်နီးပါး စစ်ပွဲကြီး ဆင်နွှဲခဲ့ရာ ယေဘုယျအားဖြင့် တောင်ပိုင်းကျိုးအင်ပါယာက အရှုံးပေါ်ခဲ့ပြီး သေကြေဒဏ်ရာရမှု ပိုများခဲ့သည်။

သို့သော်ငြား တောင်ပိုင်းကျိုးအင်ပါယာ၏ အခြေခံအင်အားမှာ အလွန် ကြီးမားပြီး လူဦးရေလည်း များပြားသောကြောင့် စစ်တပ်မှာ အဆက်မပြတ် ဖြည့်တင်းနိုင်ခဲ့၏။

ဆယ်နှစ်ကျော်ကြာ စစ်တိုက်ပြီးနောက် နိုင်ငံနှစ်ခုသည် နောက်ဆုံးတွင် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

ထိုသို့ဖြင့် ထျန်းယန် ဧကရာဇ် သည် တောင်ပိုင်းသို့ ချဲ့ထွင်ရန် အာရုံစိုက်နိုင်ခဲ့ပြီး တောင်ပိုင်းလူရိုင်း နယ်မြေကို စစ်ဆင်ကာ ယခင်က မရှိခဲ့ဖူးသော အင်အားချဲ့ထွင်မှုကို စတင်နိုင်ခဲ့ခြင်း ဖြစ်၏။

ထိုအချိန်တွင် တာ့လျန်နိုင်ငံ သည်လည်း အနောက်ဘက်သို့ ချဲ့ထွင်သည့် မဟာဗျူဟာကို စတင်ခဲ့ပြီး အနောက်ဘက်သို့ အဆက်မပြတ် ချဲ့ထွင်ကာ လမ်းတစ်လျှောက်ရှိ နိုင်ငံများစွာကို ဖျက်ဆီးခဲ့သည်။

ဤဆယ်စုနှစ်များအတွင်း တောင်ပိုင်းကျိုးအင်ပါယာသည် စတုရန်းကီလိုမီတာ တစ်သန်းကျော် ချဲ့ထွင် နိုင်ခဲ့၏။

တာ့လျန်နိုင်ငံမှာမူ ရူးသွပ်မတတ် စတုရန်းကီလိုမီတာ နှစ်သန်းကျော် ချဲ့ထွင်နိုင်ခဲ့သည်။ သေချာပေါက် အနောက်ဘက်ဒေသများမှာ မြေကျယ်လူပါး ဖြစ်သောကြောင့် စတုရန်းကီလိုမီတာ နှစ်သန်းကျော် ချဲ့ထွင်နိုင်ခဲ့သော်လည်း လူဦးရေမှာမူ သန်းဆယ်ဂဏန်းပင် မတိုးလာခဲ့ချေ။

သို့ပေမည့် တာ့လျန်နိုင်ငံသည် ကော်ဇော၊ ဟင်းခတ်အမွှေးအကြိုင် ကုန်သွယ်ရေးတွင် ဩဇာအာဏာ ကြီးမားလာခဲ့သည်။

ယခုအခါ အရှေ့နှင့် အနောက် ကုန်သွယ်ရေးမှာ အလွန် စည်ကားနေပြီး အရှေ့တိုင်း၏ ပိုးထည်၊ ကြွေထည်၊ လက်ဖက်ရည်တို့သည် အနောက်တိုင်းသို့ အဆက်မပြတ် ဝင်ရောက်နေ၏။

အနောက်တိုင်း၏ ဟင်းခတ်အမွှေးအကြိုင်၊ ကော်ဇော၊ စပျစ်ဝိုင်တို့မှာလည်း အရှေ့တိုင်းသို့ အဆက်မပြတ် ဝင်ရောက်နေသည်။

ပင်လယ်ရေကြောင်း ကုန်သွယ်ရေး စတင်ပေါ်ပေါက်နေပြီ ဖြစ်သော်လည်း အများစုမှာ ကုန်းလမ်း ကုန်သွယ်ရေးကိုသာ အသုံးပြုနေကြဆဲ ဖြစ်၏။

တာ့လျန်နိုင်ငံသည် ဤအရှေ့နှင့် အနောက် နိုင်ငံကြီးများကြားတွင် ပိတ်ဆို့နေပြီး အရှေ့နှင့် အနောက် ကုန်သွယ်ရေး၏ ထက်ဝက်ကျော်မှာ သူတို့၏ နိုင်ငံနယ်နိမိတ်ကို ဖြတ်သန်းရသောကြောင့် တာ့လျန်နိုင်ငံ သည် အလွန် ချမ်းသာကြွယ်ဝပြီး ရွှေငွေရတနာများ မရေမတွက်နိုင်အောင် ပိုင်ဆိုင်ထားသည်။

အနောက်ပိုင်း သဲကန္တာရရှိ မြင်းစီးဓားပြများသည် တစ်နည်းအားဖြင့် တာ့လျန်နိုင်ငံ၏ စီးပွားရေးကို လုယက်နေခြင်း ဖြစ်၏။

ယခုအခါ ကျင်းကျုံးယွဲ့ သည် အကြီးဆုံး မြင်းစီးဓားပြခေါင်းဆောင် ဖြစ်နေပြီး နှစ်စဉ် တာ့လျန်နိုင်ငံ၏ သွားကြားမှ အကျိုးအမြတ် မည်မျှကို လုယူနေမှန်း မသိနိုင်ချေ။

စောစောက လျှို့ဝှက်သံတမန်၏ စကားမှာ နားထောင်ကောင်းအောင် ပြောဆိုထားခြင်း ဖြစ်၏။ သခင်မ ကျင်းကျုံးယွဲ့တွင် စားနပ်ရိက္ခာနှင့် သားရေ လိုအပ်နေသည်ဟု ကြားသိရသောကြောင့် အထူး လာရောက် ပို့ဆောင်ပေးခြင်း ဖြစ်သည်ဟု ပြောလိုက်သည်။

အမှန်တကယ်တွင်မူ မည်သို့နည်း။ ကျင်းကျုံးယွဲ့၏လက်အောက်ခံ မြင်းစီးဓားပြများသည် တာ့လျန်နိုင်ငံ နယ်နိမိတ်အတွင်းသို့ ဝင်ရောက်လုယက်နေကြပြီး တစ်နေ့တခြား ပို၍ ဆိုးရွားလာနေခြင်း ဖြစ်သည်။ ဤကာလအတွင်း တာ့လျန်နိုင်ငံမှ နွားနှင့်သိုး မည်မျှ လုယက်ခံခဲ့ရမှန်း မသိနိုင်ချေ။

သို့ပေမည့် တာ့လျန်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားသည် အပြစ်တင်မည့် အရိပ်အယောင် မပြဘဲ ပိုမိုများပြားသော နွား၊ သိုးများနှင့် ရွှေငွေရတနာများကိုပင် ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

“ကျုပ်တို့ တာ့လျန်နိုင်ငံဟာ ဒီလောကမှာ အင်အားအကြီးဆုံး အင်ပါယာ ဖြစ်ပါတယ်။”

လျှို့ဝှက်သံတမန်က ပြောလိုက်၏။ “ဒါကြောင့် ကျုပ်ရဲ့ သခင်ဟာလည်း လောကမှာ ဩဇာအာဏာ အရှိဆုံးနဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်ပါတယ်။”

ဤစကားမှာ အနည်းငယ် ကြွားလုံးထုတ်နေခြင်း ဖြစ်၏။ တာ့လျန်နိုင်ငံ၏ နယ်မြေက အမှန်တကယ် ကျယ်ဝန်းပြီး တာယင်အင်ပါယာနှင့် တောင်ပိုင်းကျိုးအင်ပါယာတို့ ပေါင်းထားသည်နှင့်နီးပါး တူညီသည်။

သို့ပေမည့် တာ့လျန်နိုင်ငံ သည် မြေကျယ်လူပါးဖြစ်ပြီး လူဦးရေမှာ တောင်ပိုင်းကျိုးအင်ပါယာ၏ ထက်ဝက်ပင် မရှိချေ။

သို့သော်ငြား လုံးဝ ကြွားလုံးထုတ်နေခြင်းတော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် တာ့လျန်နိုင်ငံသည် အရေးကြီးသော အချိန်များတွင် ပြည်သူတစ်ရပ်လုံး စစ်တိုက်နိုင်စွမ်း ရှိသောကြောင့် စစ်သည် အရေအတွက် မှာလည်း အလွန် အံ့မခန်းဖွယ်ရာ ဖြစ်ပြီး တောင်ပိုင်းကျိုးအင်ပါယာထက် မနည်းသလို ပို၍ပင် များပြားနိုင်သည်။

ထို လျှို့ဝှက်သံတမန်က ပြောလိုက်၏။ “သခင်မ ကျင်းကျုံးယွဲ့သာ ကျုပ်ရဲ့ သခင်ကို လက်ထပ်လိုက်မယ် ဆိုရင် ကောင်းကင်ပေါ်က အစစ်အမှန် လမင်းကြီး ဖြစ်လာမှာဖြစ်ပြီး တစ်လောကလုံးကို ပိုင်ဆိုင်ကာ မိုင်သောင်းချီ ကျယ်ဝန်းတဲ့ မြေကမ္ဘာရဲ့ သခင်မ ဖြစ်လာမှာပါ။ ရွှေတောင် ငွေပင်လယ်တွေ ပိုင်ဆိုင်ပြီး ကျွန်သန်းချီကိုလည်း ပိုင်ဆိုင်ရမှာပါ။

ကျုပ်တို့ရဲ့ အိမ်ရှေ့စံမင်းသားဟာ သခင်မအတွက် နန်းတော်အသစ် တစ်ခုကို တည်ဆောက်ပေးထားပါတယ်။ ကြမ်းပြင်ပေါ်မှာ သိုးမွှေး အနုဆုံးတွေကို ခင်းကျင်းထားပြီး သိုးတစ်ကောင်ဆီကနေ အပေါ့ပါးဆုံးနဲ့ အဖြူဆုံး သိုးမွှေး အနည်းငယ်ကိုပဲ ယူထားတာပါ။

သခင်မ အတွက် ရေချိုးကန် အသစ်တစ်ခုကိုလည်း တည်ဆောက်ပေးထားပါတယ်။ အဲဒီအထဲမှာ အချိန်တိုင်း လတ်ဆတ်တဲ့ နွားနို့နဲ့ ပန်းဝတ်ရည်တွေ စီးဆင်းနေမှာပါ။ နေ့စဉ် နေ့တိုင်း၊ အချိန်တိုင်း သခင်မရဲ့ ခန္ဓာကိုယ်ပေါ်ကနေ စီးဆင်းသွားမယ့် နွားနို့နဲ့ ပျားရည်တွေဟာ အမြဲတမ်း လတ်ဆတ်နေမှာပါ။

ကျုပ်တို့က သခင်မ အတွက် သီးသန့် စားသောက်ခန်း တစ်ခုကိုလည်း တည်ဆောက်ပေးထားပါတယ်။ နေ့တိုင်း သစ်သီးအမျိုးပေါင်း တစ်ရာကျော်၊ ပန်းအမျိုးပေါင်း တစ်ရာကျော်၊ အရသာရှိတဲ့ ဟင်းလျာ အမျိုးပေါင်း တစ်ရာကျော် ရှိနေမှာပါ။ ကောင်းကင်မှာ ပျံသန်းနေတာတွေ၊ ရေထဲမှာ ကူးခတ်နေတာတွေ၊ မြေကြီးထဲမှာ တွားသွားနေတာတွေ၊ လောကကြီးမှာ ရှိသမျှ အရသာရှိတဲ့ အစားအစာ အားလုံးကို သခင်မရဲ့ အရှေ့ကို ယူဆောင်လာပေးမှာပါ။

ကျုပ်တို့က သခင်မ အတွက် သီးသန့် မြစ်နီ တစ်စင်းကိုလည်း တည်ဆောက်ပေးထားပါတယ်။ အဲဒီမြစ်ထဲက ရေတွေဟာ အကောင်းဆုံး စပျစ်ဝိုင်တွေ ဖြစ်ပြီး အချိန်တိုင်း စီးဆင်းနေမှာပါ။ သခင်မ အနေနဲ့ အချိန်မရွေး ခွက်နဲ့ ခပ်သောက်လိုက်ရုံနဲ့ လတ်ဆတ်တဲ့ စပျစ်ဝိုင်တွေကို သောက်သုံးရမှာပါ။

မြစ်နီရဲ့ ဘေးမှာ ဝိုင်ကန် ရာချီ ရှိပါသေးတယ်။ ကန်တစ်ခုစီတိုင်းမှာ မတူညီတဲ့ ဝိုင်ကောင်းတွေ ရှိနေပြီး ကမ္ဘာတစ်ဝှမ်းလုံးက အရသာရှိတဲ့ ဟင်းလျာတွေကို နန်းတော်ထဲကို ယူဆောင်လာပြီး သခင်မ စားသုံးဖို့ အတွက် ပြင်ဆင်ပေးထားမှာပါ။”

....................

အပိုင်း (၃၄၂)

ဤစကားများကို ကြားလိုက်ရပါက လူတိုင်း လုံးဝ မှင်သက်သွားကြမည်မှာ သေချာသည်။

ဤသည်မှာ ဝိုင်ကန်၊ အသားမျှသာ မကတော့ချေ။ ဤကဲ့သို့သော ဇိမ်ကျမှုမှာ ဖော်ပြ၍ပင် မရနိုင်လောက်အောင်ဖြစ်ပြီး အရှေ့တိုင်း အင်ပါယာများ၏ ဧကရာဇ်များပင် ဤကဲ့သို့သော ဘဝမျိုးကို မနေထိုင်နိုင်ကြချေ။

သို့ပေမည့် တစ်ဖက်လူမှာ လုံးဝ ကြွားလုံးထုတ်နေခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အရှေ့တိုင်း အင်ပါယာများသည် လယ်ယာစိုက်ပျိုးရေး အင်ပါယာများ ဖြစ်ကြပြီး ဇိမ်ကျမှုများ ရှိသော်လည်း စိတ်ထဲတွင် ချွေတာရေး သဘောတရားများ ရှိနေကြသေး၏။

အထူးသဖြင့် အရှေ့တိုင်းကမ္ဘာတွင် ချွေတာခြင်းဖြင့် ကိုယ်ကျင့်တရားကို မွေးမြူပါ ဟူသော စကားတစ်ခွန်း ရှိသည်။

တာ့လျန်နိုင်ငံမှာမူ အခြေခံအားဖြင့် လုယက်ခြင်း၊ ဓားပြတိုက်ခြင်းမှ ဆင်းသက်လာခြင်း ဖြစ်သောကြောင့် သူတို့ ဇိမ်ကျပါက အလွန် အံ့မခန်းဖွယ်ရာ ဖြစ်၏။

နောင်ခေတ်တွင် အရှေ့အလယ်ပိုင်းမှ မင်းသားများကို ကြည့်လျှင် သိနိုင်သည်။ သူတို့၏ ဇိမ်ကျမှုမှာ အမှန်တကယ်ပင် အဆုံးအစ မရှိပေ။

(ကျုပ်တို့ နိုင်ငံမှ အချမ်းသာဆုံး သူဌေး၏ သားသည် KTV တွင် ကစားရင်း ယွမ်ငွေ တစ်သန်းကျော် သုံးစွဲလိုက်ရုံဖြင့် သတင်းပေါ်လာခဲ့သော်လည်း အရှေ့အလယ်ပိုင်းမှ မင်းသားတစ်ပါးသည် KTV တွင် အဆိုတော်မလေး တစ်ဦး၏ ခေါင်းပေါ်သို့ ငွေကြဲချရာတွင် ယွမ်ငွေ သန်းဆယ်ချီ သုံးစွဲခဲ့သည် ဟူသည့် သဘောပင်။)

“ကျုပ်ရဲ့ အိမ်ရှေ့စံမင်းသားဟာ အနာဂတ်မှာ ဘုရင်တကာ့ ဘုရင် ဖြစ်လာမှာပါ။ သခင်မသာ ကျုပ်ရဲ့ သခင်ကို လက်ထပ်လိုက်မယ်ဆိုရင် သခင်မဟာလည်း နိုင်ငံတကာရဲ့ မိခင်ကြီး ဖြစ်လာမှာပါ။ သခင်မဟာ သူနဲ့အတူ တစ်လောကကို အုပ်ချုပ်ရမှာပါ။”

လျှို့ဝှက်သံတမန်က ဆက်ပြောလိုက်၏။ “ကျုပ်ရဲ့ သခင်ဟာ သခင်မ အရင်က အိမ်ထောင်ကျဖူးတယ် ဆိုတာရယ်၊ ကလေးနှစ်ယောက် ရှိတယ် ဆိုတာရယ်ကို သိပါတယ်။ သူ လုံးဝ ဂရုမစိုက်ပါဘူး။ သခင်မရဲ့ အရင်ခင်ပွန်းက သခင်မရဲ့ ဆွဲဆောင်မှုတွေကို အပြည့်အဝ ပေါ်လွင်အောင် လုပ်ပေးခဲ့တဲ့အတွက် သူ့ကိုတောင် ကျေးဇူးတင်နေပါသေးတယ်။

ပြီးတော့ သခင်မ နဲ့ သူ မွေးဖွားခဲ့တဲ့ကလေးနှစ်ယောက်ကိုလည်း ကိုယ့်သားသမီးအရင်းလို သဘောထား မှာပါ။ အဲဒီမိန်းကလေးဟာ ကျုပ်တို့ တာရှီအင်ပါယာရဲ့ မင်းသမီး ဖြစ်လာမှာဖြစ်ပြီး အဲဒီယောကျာ်းလေး ဟာလည်း ကျုပ်တို့ တာရှီအင်ပါယာရဲ့ မင်းသား ဖြစ်လာမှာပါ။ အနာဂတ်မှာ ကျုပ်တို့ ကိုယ်တိုင် နိုင်ငံတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ပြီး သူ့ကို အဲဒီနိုင်ငံရဲ့ သခင် ဖြစ်လာစေမှာပါ။”

တာရှီအင်ပါယာ ဟုတ်လား။ တာ့လျန်နိုင်ငံသို့မဟုတ် အနောက်ပိုင်း တာ့လျန်နိုင်ငံ မဟုတ်ဘူးလား။ ဤသည်မှာလည်း ရှုပ်ထွေးသော ကိစ္စတစ်ခု ဖြစ်သည်။

တာ့လျန်နိုင်ငံ၏ အရှေ့ဘက်အကျဆုံး ပြည်နယ်ကို တာယင် မင်းဆက် လက်ထက်တွင် လျန်ကျိုး ဟု ခေါ်ဆိုခဲ့၏။

ထို့ကြောင့် ယခုအခါ အရှေ့တိုင်း အင်ပါယာကြီး သုံးခုက တာ့လျန်နိုင်ငံ သို့မဟုတ် အနောက်ပိုင်း တာ့လျန်နိုင်ငံဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။

သို့သော်ငြား တာ့လျန်နိုင်ငံက သူတို့ကို နှိမ့်ချခေါ်ဆိုသည်ဟု ယူဆထား၏။

‘လျန်ကျိုး ဆိုတာ မူလတုန်းက ခင်ဗျားတို့ အရှေ့တိုင်း အင်ပါယာတွေရဲ့ ပြည်နယ်တစ်ခု ဖြစ်ခဲ့ပြီး ကျုပ်တို့က လုယူခဲ့တာပဲ ရှိတယ်။ ပြီးတော့ ခင်ဗျားတို့က အဲဒီပြည်နယ် နာမည်ကို ကျုပ်တို့ နိုင်ငံနာမည်အဖြစ် ပေးလိုက်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျုပ်တို့က တာရှီအင်ပါယာ ဖြစ်ပြီး ခင်ဗျားတို့ အရှေ့တိုင်း အင်ပါယာတွေနဲ့ အထူးသဖြင့် တာရှအင်ပါယာနဲ့ တန်းတူရည်တူ ဖြစ်တယ်။’

သို့ပေမည့် အရှေ့တိုင်း အင်ပါယာကြီး သုံးခုက ဤအချက်ကို ဂရုမစိုက်ဘဲ တရားဝင် စာရွက်စာတမ်းများ အားလုံးတွင် တာ့လျန်နိုင်ငံ ဟုသာ ခေါ်ဆိုကြသည်။ ယခုခေတ်တွင် ရုရှားက တရုတ်ကို ခီတန် ဟု ခေါ်ဆိုနေဆဲ ဖြစ်သကဲ့သို့ပင်။

.....

“ရှင်တို့ အိမ်ရှေ့စံမင်းသားက ကျွန်မရဲ့ ညီမလေးကို ဘယ်နေရာမှာ တွေ့ခဲ့တာလဲ။” ကျင်းကျုံးယွဲ့က မေးလိုက်၏။

“ရွှေရောင် နှင်းတောင် ပေါ်မှာပါ။” လျှို့ဝှက်သံတမန်က ပြန်ဖြေလိုက်သည်။

ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ကောင်းပြီ။ ကျွန်မ သိပြီ။ ရှင် ပြန်လို့ရပြီ။ ရှင့်ရဲ့ လက်ထပ်ခွင့် တောင်းတာကို ကျွန်မ လက်မခံဘူး။”

လျှို့ဝှက်သံတမန်က မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။ ကျွန်မတို့ရဲ့ အိမ်ရှေ့စံမင်းသားဟာ ဒီကမ္ဘာပေါ်မှာ အချောမောဆုံး၊ ဩဇာအာဏာ အရှိဆုံး၊ ဆွဲဆောင်မှု အရှိဆုံးနဲ့ အစွမ်းအထက်ဆုံး ယောကျာ်း တစ်ယောက်ပါ။ သခင်မအနေနဲ့ သူနဲ့ နှိုင်းယှဉ်နိုင်တဲ့ ယောကျာ်း တစ်ယောက်ကို လုံးဝ ရှာတွေ့မှာ မဟုတ်ပါဘူး။ သူဟာ ဒီစကြဝဠာထဲမှာ သခင်မ ရှာတွေ့နိုင်တဲ့ အကောင်းဆုံး ခင်ပွန်း တစ်ယောက်ပါ။”

ကျင်းကျုံးယွဲ့က ပြန်ဖြေလိုက်၏။ “ကျွန်မမှာ ယောက်ျားတစ်ယောက်ပဲ ရှိတယ်။ သူ့ကို ကျွန်မကိုယ်တိုင် သတ်လိုက်တာ ဖြစ်ပေမယ့် ဒီတစ်သက်မှာ ကျွန်မမှာ ဒီယောက်ျား တစ်ယောက်ပဲ ရှိတယ်။”

လျှို့ဝှက်သံတမန်က ပြောလိုက်သည်။ “အဲဒါက သခင်မက ကျုပ်ရဲ့ သခင်ကို မမြင်ဖူးလို့ပါ။ လောကမှာရှိတဲ့ ဘယ်အမျိုးသမီးမဆို သူ့ကို တစ်ချက် ကြည့်လိုက်ရုံနဲ့ အသေအလဲ ချစ်မိသွားမှာ သေချာပါတယ်။”

နောက်ဆုံးတွင် ကျင်းကျုံးယွဲ့၏ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီး အေးစက်စက်ဖြင့် အော်လိုက်၏။ “ထွက်သွားစမ်း။”

ထို့နောက် သူမ လက်ထဲရှိ လှံရှည်ကြီးကို ရုတ်တရက် ပင့်တင်လိုက်ရာ ရွှေများ အပြည့်ပါသော သေတ္တာကြီး လွင့်ထွက်သွားတော့သည်။

ဤသေတ္တာကြီးမှာ သံဖြင့် ပြုလုပ်ထားပြီး အတွင်း၌ ရွှေများအပြည့် ပါရှိသောကြောင့် အလေးချိန် ပေါင်နှစ်ထောင်ကျော် ရှိမှာဖြစ်၏။

ယခု ကျင်းကျုံးယွဲ့၏ လှံရှည်ဖြင့် ပင့်တင်ခံလိုက်ရခြင်းဖြစ်ရာ သူမ၏ ခွန်အားမှာ အလွန် အံ့မခန်းဖွယ်ရာ ကောင်းလွန်းလှသည်။

လျှို့ဝှက်သံတမန်က ပြုံးလျက် ဆက်ပြောလိုက်၏။ “သခင်မ ကျင်းကျုံးယွဲ့… သခင်မဟာ ကျုပ်တို့ တာရှီအင်ပါယာရဲ့ အင်အားကို လုံးဝ မသိသေးတာ ဖြစ်နိုင်ပါတယ်။ ကျုပ်တို့ရဲ့ အင်ပါယာဟာ မိုင်သောင်းချီ ကျယ်ဝန်းပြီး မြင်းစီး လေးသည်တော် သန်းချီ ရှိပါတယ်။

သခင်မရဲ့ လက်အောက်မှာ စည်းကမ်းမရှိတဲ့ မြင်းစီးဓားပြ တစ်သိန်းလောက် ရှိပေမယ့် ကျုပ်တို့ရဲ့ အရှေ့မှာတော့ လင်းယုန်ကြီးအောက်က စာကလေး တစ်ကောင်လိုပါပဲ။ ခြေသည်းလေးနဲ့ တစ်ချက် ကုတ်လိုက်ရုံနဲ့တင် သေသွားမှာပါ။

ဒီမြင်းစီးဓားပြ တစ်သိုက်ဟာ ဖြတ်သွားဖြတ်လာ ကုန်သည်အဖွဲ့တွေကို လုယက်ဖို့ပဲ သိတဲ့ ယုတ်မာတဲ့ ဟိုင်ရီနာ ခွေးအုပ်စုလိုပါပဲ။ ပြီးတော့ အရှေ့နဲ့ အနောက်ကို သွားလာနေတဲ့ ကုန်သည်အဖွဲ့တွေ အားလုံးကို ကျုပ်တို့က ကာကွယ်ပေးထားတာပါ။

ဒါတင်မကသေးဘူး။ သခင်မရဲ့ မြင်းစီးဓားပြတွေက ကျုပ်တို့ တာရှီအင်ပါယာရဲ့ ကျွဲနွားမွေးမြူသူတွေ ကိုတောင် လုယက်လာကြတယ်။ ဒါဟာ ကျုပ်တို့ တာရှီအင်ပါယာကို စိန်ခေါ်လိုက်တာပါပဲ။ ခြင်္သေ့ကြီး တစ်ကောင်ကို ကြွက်စုတ်လေး တစ်ကောင်က လာပြီး စိန်ခေါ်သလိုပါပဲ။

အရင်တုန်းက သခင်မရဲ့ မျက်နှာကို ထောက်ထားပြီး ကျုပ်တို့က အရေးမယူခဲ့တာပါ။ ဒါပေမဲ့ သခင်မ ဟာ ကျုပ်တို့ အင်ပါယာရဲ့ အိမ်ရှေ့စံမိဖုရား ဖြစ်မလာနိုင်ဘူးဆိုရင် ဒီလို လုပ်ရပ်တွေဟာ တာရှီအင်ပါယာကို စစ်ကြေညာတာနဲ့ အတူတူပါပဲ။”

ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ရှင်းရှင်းလင်းလင်း ပြောစမ်း။ လူနားလည်အောင် ပြော။”

လျှို့ဝှက်သံတမန်က ပြန်ဖြေလိုက်၏။ “အကယ်၍ သခင်မက လက်ထပ်ခွင့်ကို လက်မခံဘူးဆိုရင် ကျုပ်တို့ တာရှီအင်ပါယာက မြင်းစီးတပ် သိန်းချီ စေလွှတ်ပြီး သခင်မရဲ့ လူတွေကို အမြစ်ပြတ် သတ်ဖြတ်ပစ်မယ်။ ခင်ဗျားတို့ရဲ့ သွေးတွေနဲ့ ဒီသဲကန္တာရ တစ်ခုလုံးကို နီရဲသွားအောင် လုပ်ပစ်မယ်။”

ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ရှင်တို့ အိမ်ရှေ့စံမင်းသားကို လက်မထပ်ရင် စစ်တိုက်မယ်။ ဟုတ်လား။”

“ဟုတ်ပါတယ်။” လျှို့ဝှက်သံတမန်က ပြန်ဖြေလိုက်၏။

ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “သိပြီ။ အဲဒါဆိုရင် ရှင် ထွက်သွားတော့။”

လျှို့ဝှက်သံတမန်၏ မျက်လုံးများ အေးစက်သွားပြီး လက်ဝှေ့ယမ်းပြလိုက်၏။ “လာကြစမ်း... ရွှေငွေ ရတနာတွေ အားလုံးကို ပြန်သယ်သွား။ အပြင်မှာရှိတဲ့ နွား၊ သိုး၊ ကုလားအုတ်တွေကိုလည်း အားလုံး ပြန်မောင်းသွား။”

ကျင်းကျုံးယွဲ့၏ လှံရှည်သည် သေတ္တာတစ်လုံးပေါ်သို့ ညင်သာစွာ ထောက်လိုက်ရာ ထိုသေတ္တာကြီးမှာ မြေကြီးပေါ်တွင် အမြစ်တွယ်သွားသကဲ့သို့ ဖြစ်သွားပြီး ခွန်အားကြီးမားသူ အများအပြားပင် မ, မနိုင်တော့ချေ။

‘ချီးတဲ့မှ... ခင်ဗျားလို ပြိုင်ဘက်ကင်း အလှတရားပိုင်ရှင် အမျိုးသမီးက ခွန်အားကြီးမားသူ အများအပြားထက်တောင် ပိုပြီး ခွန်အားကြီးနေသေးတယ်။ ယွင်ကျုံးဟဲ့ ဟာ ခင်ဗျားကြောင့် သေသွားတာ မဟုတ်ဘဲ ခင်ဗျားရဲ့ လက်ချက်နဲ့ သေသွားတာ ဖြစ်ဖို့များတယ်။’

လျှို့ဝှက်သံတမန်က အေးစက်စက်ဖြင့် မေးလိုက်၏။ “သခင်မ ကျင်းကျုံးယွဲ့… ဒါက ဘာသဘောလဲ။”

ကျင်းကျုံးယွဲ့က အေးစက်စက်ဖြင့် ပြန်ဖြေလိုက်သည်။ “ကျွန်မက ရွှေငွေရတနာတွေကို စိတ်မဝင်စားပေမယ့် ကျွန်မက မြင်းစီးဓားပြလေ။ ကိုယ့်အလုပ်ကို ကိုယ် လေးစားရမယ်။ ဒါကြောင့် ကျွန်မရှေ့ကို ရောက်လာတဲ့ ရွှေငွေရတနာတွေ၊ နွား၊ သိုး၊ ကုလားအုတ်တွေကို အတင်းအဓမ္မ လုယူရမယ်။ မဟုတ်ရင် ကျွန်မက အစစ်အမှန် မြင်းစီးဓားပြ မဟုတ်တော့ဘူးပေါ့။”

‘ချီးတဲ့မှ... ခင်ဗျားလို အလှတရားပိုင်ရှင်လေးရဲ့ ပါးစပ်ကနေ ဒီလို အရှက်မရှိတဲ့ စကားမျိုးကို ဘယ်လိုများ ဒီလောက် ရဲရဲတင်းတင်း ပြောထွက်ရတာလဲ။’

လျှို့ဝှက်သံတမန်က ပြောလိုက်၏။ “သခင်မ ကျင်းကျုံးယွဲ့… ကျုပ်တို့ နှစ်ဖက် စစ်တိုက်ရပြီပေါ့။ စောင့်နေလိုက်။ ကျုပ်တို့ တာရှီအင်ပါယာရဲ့ တပ်တော်ကြီး မကြာခင် ရောက်လာလိမ့်မယ်။ မိုးကြိုးပစ်သလို အင်အားတွေ၊ ဖျက်ဆီးပစ်နိုင်တဲ့ အင်အားတွေနဲ့ သခင်မရဲ့ ရိုလန်မြို့ကို ဒီကမ္ဘာပေါ်ကနေ အပြီးအပိုင် ဖျောက်ဖျက်ပစ်မယ်။ ခင်ဗျားတို့ရဲ့ မြင်းစီးဓားပြ တစ်သိန်းကိုလည်း ခွေးစာ ဖြစ်အောင် လုပ်ပစ်မယ်။

သခင်မ ကျင်းကျုံးယွဲ့… အခုကစပြီး ဆုတောင်းနေလိုက်တော့။ ဘာလို့လဲဆိုတော့ သခင်မဟာ အရင်က တစ်ခါမှ မကြုံဖူးလောက်အောင် အင်အားကြီးမားတဲ့ ရန်သူ တစ်ယောက်ကို ရန်စလိုက်မိပြီမို့လို့ပဲ။”

လျှို့ဝှက်သံတမန်သည် ပြောဆိုပြီးနောက် ဒေါသတကြီး ထွက်ခွာသွားတော့သည်။

ကျင်းကျုံးယွဲ့သည် ဤစကားကို လုံးဝ ဂရုမစိုက်ချေ။ သူမက ထိုမျှလောက် တော်နေသည်လား။ တာ့လျန်နိုင်ငံ၏ တပ်တော် သိန်းချီကို ရင်ဆိုင်ရမည်ကိုပင် လုံးဝ ဂရုမစိုက်တော့ဘူးလား။

သေချာပေါက် မဟုတ်ပေ။ သူမသည် မြင်းစီးဓားပြ တစ်သိန်း၏ အသက်ရှင်ခြင်း၊ သေဆုံးခြင်းကို လုံးဝ ဂရုမစိုက်သောကြောင့် ဖြစ်၏။

‘ရှင်တို့ သတ်ချင်ရင် သတ်ပစ်လိုက်ကြပေါ့။’

ထို့အပြင် ဤ ရိုလန်မြို့သည် သူမအတွက် ယာယီ ခိုလှုံရာ နေရာတစ်ခုသာ ဖြစ်ပြီး ဤကမ္ဘာပေါ်မှ ဖျောက်ဖျက်ခံလိုက်ရပါကလည်း အရေးမကြီးချေ။

‘ကျွန်မ ရှင်တို့ကို မနိုင်ရင် ကျွန်မမိသားစု၊ ကျင်းမိသားစုက လူတွေကို ခေါ်ပြီး ထွက်ပြေးမှာပေါ့။ ဒီလောက် ကျယ်ဝန်းတဲ့ လောကကြီးမှာ ကျွန်မ အေးအေးဆေးဆေး မြင်းစီးဓားပြ လုပ်လို့ရမယ့် နေရာတစ်ခုတောင် မရှိဘူးလို့ ကျွန်မ မယုံဘူး။ ကျွန်မက ရိုးရှင်းတဲ့ မြင်းစီးဓားပြ တစ်ယောက်ပဲ ဖြစ်ချင်တာပါ။’

ကျင်းကျုံးယွဲ့ သက်ပြင်းတစ်ချက် ချလိုက်ပြီး သေတ္တာများထဲတွင် စတင် ရှာဖွေတော့၏။ အမှန်တကယ်ပင် အဖိုးတန်ပစ္စည်းများ အများအပြား ရှိနေသည်။

ကြည်လင်တောက်ပနေသော ကျောက်စိမ်းများ၊ ကြီးမားဝိုင်းစက်နေသော ပုလဲများ၊ မရေမတွက်နိုင်သော ရွှေများ ပါဝင်၏။

ကျင်းကျုံးယွဲ့သည် ထိုလှပသေသပ်သော ကျောက်စိမ်း အဆင်တန်ဆာများကို ယူကာ သပ်ရပ်စွာ စီစဉ်လိုက်၏။ တန်ဖိုးမဖြတ်နိုင်သော ခရမ်းရောင် ပုလဲ ရာချီကိုလည်း သပ်ရပ်စွာ စီစဉ်လိုက်သည်။

ထို့နောက် သူမ၏ နှင်းပွင့်ကဲ့သို့ ဖြူစင်သော လက်ချောင်းလေးများဖြင့် တစ်ခုချင်းစီကို ဖိချေလိုက်တော့၏။ တန်ဖိုးမဖြတ်နိုင်သော ကျောက်စိမ်း အဆင်တန်ဆာများသည် အမှုန့်ဖြစ်သွားပြီး ခရမ်းရောင် ပုလဲ ရာချီမှာလည်း အမှုန့်ဖြစ်သွားကြတော့၏။

ဤအဖိုးတန်ပစ္စည်းများ အားလုံးကို သူမ ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။

သက်ပြင်းရှည်ကြီး တစ်ချက်မှုတ်ထုတ်လိုက်ပြီးနောက် ခေတ္တမျှ သက်သာရာ ရသွားပြီး စိတ်ထဲရှိ ဖျက်ဆီးလိုစိတ်မှာလည်း လျော့ကျသွားခဲ့၏။

လူတချို့က အထုပ်များပေါ်ရှိ ပူဖောင်းလေးများကို ဖောက်ရသည်ကို နှစ်သက်သကဲ့သို့ ကျင်းကျုံးယွဲ့သည် တောက်ပပြီး အလွန် လှပသေသပ်ကာ အဖိုးတန်သည့် အရာအချို့ကို ဖျက်ဆီးပစ်ရသည်ကို နှစ်သက်သည်။

ထိုမှသာ သူမ၏ ခြောက်သွေ့ ပျင်းရိဖွယ်ကောင်းသော မြင်းစီးဓားပြ ဘဝကို အနည်းငယ် အရောင်အသွေး စုံလင်စေနိုင်မှာဖြစ်၏။

.......................

နန်ကျိုးမြို့ အတွင်း၌ နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါသော ယွမ်ထျန်းရှဲ့သည် ပုန်ကန်သူ စစ်သူကြီး တစ်ဦး၏ အရှေ့သို့ ဖြည်းညင်းစွာ ရောက်ရှိလာပြီး မေးလိုက်သည်။ “ခင်ဗျား မနေ့ညက ဘာစကားတွေ ပြောခဲ့လဲ။”

ထိုပုန်ကန်သူ စစ်သူကြီးက တုန်ယင်စွာဖြင့် ပြန်ဖြေလိုက်၏။ “မ… မပြောခဲ့ပါဘူး။”

ယွမ်ထျန်းရှဲ့က ပြောလိုက်သည်။ “ခင်ဗျားက ဟွမ်ထျန်း သာသနာဆိုတာ လိမ်ညာမှုတွေ၊ ဟွမ်ထျန်း နတ်မင်း ဆိုတာ လိမ်ညာမှုတွေ၊ ဟွမ်ထျန်း မီးတောက် ဆိုတာ လိမ်ညာမှုတွေချည်းပဲလို့ ပြောခဲ့တယ်လေ။”

ထိုပုန်ကန်သူ စစ်သူကြီးမှာ အံ့ဩသွား၏။ မနေ့ညက သူ တစ်ယောက်တည်း စကားပြောနေခဲ့ခြင်းဖြစ်ရာ ဤ ယွမ်ထျန်းရှဲ့က မည်သို့ သိရှိနိုင်မည်နည်း။

“ကျုပ်မှာ နတ်နား ရှိတယ်။ ခင်ဗျားတို့ တစ်ယောက်ချင်းစီ လျှို့ဝှက်စွာ ပြောခဲ့တဲ့ စကားတွေတင် မကဘူး၊ စိတ်ထဲမှာ ပြောခဲ့တဲ့ စကားတွေကိုတောင် ကျုပ် သိတယ်။”

ယွမ်ထျန်းရှဲ့က အေးစက်စက်ဖြင့် ပြောလိုက်၏။ “ခင်ဗျားက ကျုပ်ကို တိုက်ခိုက်ချင်တယ်၊ သံသယ ဝင်ချင်တယ်ဆိုရင်တောင် ကျုပ်က ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ခင်ဗျားက နတ်မင်းကို သံသယ မဝင်သင့်ဘူး၊ ဟွမ်ထျန်း မီးတောက်ကို သံသယ မဝင်သင့်ဘူး။ အဲဒီလို လုပ်ရပ်က နတ်မင်းကို အမျက်ထွက်စေလိမ့်မယ်။

ခင်ဗျား သိရဲ့လား။ တောင်ပိုင်းရဲ့ ငလျင်တွေနဲ့ ဘေးအန္တရာယ်တွေကို ငြိမ်းအေးစေဖို့၊ မရေမတွက်နိုင်တဲ့ ကပ်ရောဂါတွေကို ငြိမ်းအေးစေဖို့၊ ဟွမ်ထျန်း မီးနတ်မင်းကို ပူဇော်ဖို့၊ တောင်ပိုင်း ပြည်သူတွေကို စောင့်ရှောက်ဖို့အတွက် ကျုပ်ရဲ့ ဘဝတစ်ဝက်စာ အစွမ်းတွေကို အသုံးပြုပြီး တာ့ရစ်တောင်ထိပ်မှာ ပေတစ်ရာ အမြင့်ရှိတဲ့ ဟွမ်ထျန်း ဘုရားကျောင်းတော်ကို တည်ဆောက်ခဲ့ရတာ။

ရလဒ်ကတော့ ခင်ဗျားက နတ်မင်းကို လျှို့ဝှက်စွာ စော်ကားခဲ့တယ်။ အခုဆို ဒီ ဟွမ်ထျန်း ဘုရား ကျောင်းတော်ဟာ အမိုးအုပ်ဖို့ နီးကပ်နေပြီ ဖြစ်ပေမဲ့ ခင်ဗျားရဲ့ နတ်မင်းကို စော်ကားတဲ့ စကား တစ်ခွန်းကြောင့် ဒီ ဟွမ်ထျန်း ဘုရားကျောင်းတော်ဟာ အက်ကွဲသွားပြီး လူဆယ်ချီကို ပိသေစေခဲ့တယ်။ နတ်မင်းက သတိပေးလိုက်တာပဲ။ ဒါကြောင့် ကျုပ် ခင်ဗျားကို ခွင့်လွှတ်နိုင်ပေမယ့် နတ်မင်းက ခင်ဗျားကို ခွင့်မလွှတ်နိုင်ဘူး။”

ယွမ်ထျန်းရှဲ့က ဖြည်းညင်းစွာ ပြောလိုက်သည်။ “ခင်ဗျား သွားသင့်တဲ့ နေရာကို အေးအေးဆေးဆေး သွားလိုက်ပါတော့။”

ချက်ချင်းပဲ ထိုပုန်ကန်သူ စစ်သူကြီး၏ တစ်ကိုယ်လုံးမှာ ရုတ်တရက် မီးတောက်များ ထွက်ပေါ် လာတော့သည်။ မည်သည့် အရိပ်အယောင်မှ မရှိဘဲ ခန္ဓာကိုယ် အတွင်းမှနေ၍ မီးလောင်လာသကဲ့သို့ ဖြစ်နေ၏။

“အား… အား… အား…”

အချိန်တိုအတွင်းမှာပင် ဤပုန်ကန်သူ စစ်သူကြီးသည် ချက်ချင်းပဲ မီးသွေးတုံး အဖြစ်သို့ ပြောင်းလဲသွား တော့သည်။

.............................

All Chapters