အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
အခန်း (၇၉)
ကတိစကားကို အကောင်အထည်ဖော်ခြင်း
လန်လီဖေးသည် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောပြလိုက်လေသည်။
"ကျွန်မ ဝတ္ထုတစ်အုပ် ဖတ်နေရင်း ကားအက်ဆီးဒင့် ဖြစ်ခဲ့တယ်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ဒီဝတ္ထု ထဲက လန်လီဖေး ဖြစ်နေမှန်း သိလိုက်ရတယ်။ ဒီကမ္ဘာက စာအုပ်ထဲက ကမ္ဘာပဲ။ ရှင်တို့တစ်ယောက်မှ အစစ်အမှန် မဟုတ်ဘူး။ ပြီးတော့ အနာဂတ်မှာ ဖြစ်လာမယ့် အရာအားလုံးကလည်း ဇာတ်လမ်းသွား အတိုင်း ဖြစ်လာလိမ့်မယ်…။"
ယောင်ရန်သည် ယခု လန်လီဖေးမှာ လေလွင့်ဝိညာဉ်တစ်ခုဖြစ်ပြီး မူလလန်လီဖေး၏ ခန္ဓာကိုယ်အား ဝိညာဉ်ကူးပြောင်းခြင်း ဖြစ်မည်ဟု ခန့်မှန်းမိပြီးသား ဖြစ်သည်။ သို့သော် သူတို့ ကမ္ဘာ၏ ဇာတ်ကြောင်း များ ရေးသားထားသော စာအုပ်တစ်အုပ်ကို ဖတ်ဖူးထားခြင်းကြောင့် လန်လီဖေး က ယောင်မိသားစု၏ ကျောက်စိမ်းဆွဲပြားနှင့် The Ark အဖွဲ့အစည်းအကြောင်းကို သိနေလိမ့်မည်ဟု သူမ လုံးဝ မထင်မှတ် ထားခဲ့ပေ။
ဤစကားကို ကြားသောအခါ ယောင်ရန်မှာ အကြီးအကျယ် တုန်လှုပ်သွားပြီး သူမလက်ထဲရှိ စစ်သုံးဓား ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်မိသည်။ ဘဝနှစ်ဆက်တိုင်တိုင် သူမ ခါးသီးစွာ ခံစားခဲ့ရသမျှ အရာ အားလုံးသည် စာရေးဆရာတစ်ဦး၏ ကလောင်ဖျားမှ ဖန်တီးထားသော ဇာတ်ကွက်တစ်ခုမျှသာ ဖြစ် သည်ဟူသောအချက်ကို သူမ လုံးဝ လက်မခံနိုင်ပေ။
လန်လီဖေးက ယောင်ရန် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ၊
"ရှင် လိုချင်တာကို သိရပြီပဲ။ ရှင့်ကတိကို ဖြည့်ဆည်းပေးရမယ့် အချိန်ရောက်ပြီ…..။"
သူမ၏ စကားကို ကြားပြီးနောက် ယောင်ရန်သည် မျက်လုံးများကို ဖြည်းညင်းစွာ ပင့်တင်လိုက်သည်။ သူမက ပြုံးလိုက်၍ ပြောလိုက်သည်။
"ရှင် ပြောတာ မှန်ပါတယ်။ ကျွန်မရဲ့ ကတိကို ဖြည့်ဆည်းရမယ့် အချိန်ရောက်ပါပြီ…။"
နောက်တစ်စက္ကန့်တွင်ပင် ယောင်ရန်သည် ဓားကိုဝှေ့ယမ်းကာ လန်လီဖေး၏ လည်မျိုကို လှီးဖြတ်လိုက် လေတော့၏။ လန်လီဖေး သေဆုံးသွားသည်ကို သေချာစေရန်အတွက် ယောင်ရန်က သူမ၏ ရင်ဘတ် ဆီသို့ ဓားချက်ပေါင်းများစွာပင် ထိုးစိုက်ချလိုက်ပေသည်။
သူမ ရပ်တန့်လိုက်ချိန်တွင် သူမ၏ မျက်နှာနှင့် တစ်ကိုယ်လုံး၌ သွေးများ ပေကျံနေပြီး လန်လီဖေးမှာမူ မျက်လုံးပြူးကြီးဖြင့် အသက်ထွက်သွားခဲ့လေပြီ။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လန်ကွမ်းဟွေ့မှာ ယောင်ရန်နှင့် ဝေးရာသို့ နောက်ဆုတ်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။
"ဖေးဖေး...။"
"မင်း... မင်းက စိတ္တဇလူသတ်ကောင်မပဲ…။"
ယောင်ရန်သည် မတ်တပ်ရပ်လိုက်ကာ ပါးပြင်ပေါ်တွင် ပေကျံနေသော သွေးများကို လက်ခုံဖြင့် သုတ်ပစ်လိုက်ပြီး လန်ကွမ်းဟွေ့အနီးသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားခဲ့လေသည်။
"ကယ်..."
သူ အကူအညီတောင်းရန် အော်ဟစ်ခွင့်ပင် မရလိုက်ခင်မှာပင် ယောင်ရန်က သူ၏ လည်မျိုကို လှီးဖြတ် လိုက်ပြီး ရင်အုပ်ဆီသို့ ဓားဖြင့် အကြိမ်ပေါင်းများစွာ ထိုးစိုက်လိုက်သည်။ သွေးအိုင်ထဲတွင် လဲကျနေ သော လန်ကွမ်းဟွေ့၏ ရုပ်အလောင်းကို ကြည့်ရင်း ယောင်ရန်မှာ ရုတ်တရက် ရူးသွပ်စွာ ရယ်မောလိုက် လေတော့သည်။
"ဟားဟား ဟားဟား... သေကြစမ်း...။ နင်တို့အားလုံး နောက်ဆုံးတော့ သေကြရပြီပဲ….။"
စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမ ပြန်လည် တည်ငြိမ်သွားခဲ့သည်။ ထို့နောက် ဓားကို ကောက်ကိုင် ကာ သွေးသံရဲရဲဖြစ်နေသော ထိုနေရာမှ ထွက်လာခဲ့သည်။ ဧည့်ခန်းထဲသို့ ရောက်သောအခါ ချန်မေလင် တစ်ယောက် သတိမလည်သေးဘဲ မေ့မြောနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။
ယောင်ရန် စုပ်သပ်လိုက်သည်။
"ရှင်က ကျွန်မအပေါ် သိပ်ပြီး ကြီးကြီးမားမား အန္တရာယ် မပေးခဲ့တဲ့အတွက် နာကျင်မှုမရှိဘဲ သေခွင့်ပေး လိုက်ပါ့မယ်လေ။ ဒီအတွက် ရှင် ကျေးဇူးတင်သင့်တယ်…။"
သူမက အနည်းငယ် စိတ်ပျက်နေဟန်ရှိသော လေသံဖြင့် ပြောလိုက်၏။
ထိုသို့ပြောပြီးနောက် လန်ကွမ်းဟွေ့နှင့် လန်လီဖေးတို့ကို သတ်ခဲ့သကဲ့သို့ပင် ချန်မေလင်ကိုလည်း ယောင်ရန် အဆုံးစီရင်ပေးလိုက်လေသည်။
သူမ၏ အဘိုးနှင့် အမေအတွက် ကလဲ့စားချေပြီးသွားပြီ ဖြစ်သော်လည်း ယောင်ရန်၏ ရင်ထဲ၌ မည် သည့် ခံစားချက်မျှ မရှိတော့ပေ။ ရုပ်အလောင်း သုံးလောင်းအား အပြင်သို့ ဆွဲမထုတ်မီ သွေးများ ပေကျံနေသော သူမ၏ လက်အစုံကို အချိန်အတော်ကြာအောင် ထုံပေပေ စိုက်ကြည့်နေမိခဲ့သည်။
ယောင်ရန်သည် နွေးနေဆဲဖြစ်သော ရုပ်အလောင်းများကို စင်္ကြံလမ်းအဆုံးသို့ ဒရွတ်တိုက် ဆွဲခေါ်သွား ကာ ပြတင်းပေါက်ကိုဖွင့်၍ အောက်သို့ ပစ်ချလိုက်လေသည်။ စက္ကန့်အနည်းငယ် အကြာတွင် ရေထဲသို့ လေးလံစွာ ကျသွားသော အသံသုံးသံ ထွက်ပေါ်လာပြီးနောက် ယောင်ရန်က ပြတင်းပေါက်ကို အေးဆေးတည်ငြိမ်စွာပင် ပြန်ပိတ်လိုက်လေသည်။
ယောင်ရန် နောက်လှည့်ကြည့်လိုက်သောအခါ တန်ချီချီနှင့် ဟွမ်ကျိဟွေးတို့နှစ်ဦး သူမအား အလွန် အမင်း ထိတ်လန့်တကြား ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သွေးသံရဲရဲ ဖြစ်နေသော ယောင်ရန်၏ ပုံစံကိုမြင်သော် သူတို့မှာ အကြီးအကျယ် တုန်လှုပ်သွားကြပြီး ဘာပြောရမှန်းပင် မသိအောင် ဖြစ်နေ ကြသည်။
ဖြူရော်နေသော သူတို့၏ မျက်နှာများနှင့် မျက်ဝန်းထဲမှ ကြောက်ရွံ့မှုများကို မြင်လိုက်ရသောအခါ ယောင်ရန်သည် စိတ်ပျက်စွာဖြင့် မျက်လွှာချလိုက်မိသည်။ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မျက်လုံးများကို ပြန်ပင့်ကာ သူတို့အား ပြုံးပြလိုက်သည်။
ယောင်ရန်သည် သူမ၏ လက်ညှိုးကို နှုတ်ခမ်းပေါ်တင်လိုက်ပြီး နောက်ပြောင်သည့်ဟန်ဖြင့် ပြောလိုက် သည်။
"ရှူး... ဒါက ကျွန်မတို့ရဲ့ လျှို့ဝှက်ချက်လေးနော်…။"
တန်ချီချီနှင့် ဟွမ်ကျိဟွေးတို့မှာ ယောင်ရန်၏ အပြုံးကြောင့် ပို၍ပင် ကြောက်လန့်သွားကြသည်။ သူတို့ သည် ကြက်များ ဆန်ကွဲစားနေသည့်အလား အဆက်မပြတ် ခေါင်းညိတ်ပြလိုက်ကြပြီး ကတိပေး လိုက်ကြလေသည်။
"ဒီကိစ္စကို ကျွန်မတို့ ဘယ်သူ့ကိုမှ မပြောပါဘူး…။"
ထိုသို့ပြောပြီးနောက် သူတို့သည် အခန်းထဲသို့ အလျင်စလို ဝင်သွားကြပြီး ကြမ်းတိုက်တံများနှင့် ရေပုံး များကို ယူကာ ပြန်ထွက်လာကြသည်။
ဟွမ်ကျိဟွေးက ယောင်ရန်အား တောင့်တင်းနေသော အပြုံးဖြင့် ပြုံးပြကာ ပြောလိုက်သည်။
"အစ်မ ယောင်ရန်... ရှင်... ရှင် ရေသွားချိုးလိုက်ပါလား။ ချီချီနဲ့ ကျွန်မ ကြမ်းပြင်ကို သန့်ရှင်းရေး လုပ်ပေးထားပါ့မယ်…။"
လန်မိသားစု၏ ညစ်ပတ်သော သွေးများ ပေကျံနေသည်ကို မြင်သောအခါ ယောင်ရန်၏ ရင်ထဲတွင် ရွံရှာပျို့အန်ချင်စိတ် ဖြစ်ပေါ်သွားသည်။ သူမက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
"ကျေးဇူးပါပဲ….။"
တန်ချီချီနှင့် ဟွမ်ကျိဟွေးတို့က အလျင်အမြန် ခေါင်းခါကာ လက်ယမ်းပြလိုက်ကြပြီး ပြိုင်တူပင် ဖြေလိုက်ကြသည်။
"ရပါတယ်... မလိုပါဘူး။ ဒါက ကျွန်မတို့ လုပ်ပေးသင့်တဲ့ ကိစ္စပါ…။"
သူတို့ အခြေအနေကို နားလည်သဘောပေါက်ကြောင်း မြင်သောအခါ ယောင်ရန်သည် သူတို့ကို ပြုံးပြ ပြီး မိမိအခန်းထဲသို့ ပြန်ဝင်သွားလိုက်သည်။ သူမ၏ နောက်ကျောဘက်ရှိ တံခါး ပိတ်သွားသည်နှင့် တစ်ပြိုင်နက် ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့သည် ကြောက်လန့်တကြား တံတွေးမျိုချလိုက်ကြပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြလေသည်။
*ဒီအစ်မကြီးက သိပ်ကြောက်စရာကောင်းတာပဲ…။*
သူမ၏ လင်ယွမ်တိုက်ခန်းဆီသို့ ပြန်ရောက်သောအခါ ယောင်ရန်သည် ကြမ်းတိုက်တံကို ယူ၍ ကြမ်းပြင်ပေါ်ရှိ သွေးများကို ဆေးကြောသန့်စင်လိုက်သည်။ သန့်ရှင်းရေး လုပ်ပြီးသွားသောအခါ လေထုထဲရှိ သွေးနံ့များ ပျောက်ကွယ်သွားစေရန် အမွှေးတိုင်များကို ထွန်းညှိထားလိုက်လေသည်။ သွေးနံ့များ လုံးဝ ကင်းစင်သွားပြီးနောက်တွင်မှ သူမ၏ နေရာလွတ်ထဲသို့ ဝင်ကာ အချိန်အတော်ကြာ အောင် ရေချိုးနေလိုက်လေသည်။
ယနေ့တွင်တော့ သူမ၏ အဘိုးနှင့် အမေအတွက် ကလဲ့စားချေမည်ဟူသော သူမ၏ ကတိများထဲမှ တစ်ခုကို အကောင်အထည် ဖော်နိုင်ခဲ့လေပြီ။
ယခုအခါ လန်ကွမ်းဟွေ့နှင့် သူ၏ မိသားစုလည်း သေဆုံးသွားပြီ ဖြစ်ရာ သူမ ဆက်လုပ်ရမည့် အလုပ် မှာ The Ark နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုဆောင်းရန်ပင် ဖြစ်သည်။
ကမ္ဘာပျက်ကပ် ကာလအတွင်း သူတို့ အင်အားမကြီးထွားလာမီ သူတို့၏ ဌာနချုပ်ကို သူမ မဖြစ်မနေ ရှာဖွေရပေမည်။
နေရာလွတ်ထဲမှ ပြန်ထွက်လာပြီးနောက် သူမသည် နူးညံ့သော ကုတင်ပေါ်တွင် လှဲလျောင်းလိုက်သည်။ ယောင်ရန်သည် မျက်လုံးများကို မမှိတ်မီ မျက်နှာကြက်ကို အချိန်အတော်ကြာအောင် ငေးမောကြည့်နေ မိခဲ့သည်။
ကိုယ်လက်များကို ဖြေလျှော့လိုက်သည်နှင့် တစ်ပြိုင်နက် ပင်ပန်းနွမ်းနယ်မှုများ ဝင်ရောက်လာပြီး မကြာမီမှာပင် အိပ်ပျော်သွားတော့သည်။ သို့ရာတွင် အတိတ်ဘဝက အိပ်မက်ဆိုးများသည် ပြန်လည် ထွက်ပေါ်လာကာ သူမ၏ အိပ်စက်ခြင်းကို နှောင့်ယှက်နေခဲ့လေသည်။
ထိုအချိန် တစ်ချိန်တည်းမှာပင် လုံယုနှင့် သူ၏ အပေါင်းအပါများမှာလည်း လူတစ်စုနှင့် တိုက်ခိုက်နေရ လေသည်။ လင်ယွမ်တိုက်ခန်း အဆောက်အအုံမှ ထွက်လာစဉ်ကတည်းက တစ်စုံတစ်ယောက်က သူတို့ကို စောင့်ကြည့်နေကြောင်း လုံယု အာရုံခံမိခဲ့သည်။
သူတို့သည် သိုသိုသိပ်သိပ် နေထိုင်ခဲ့သော်လည်း အခြားသူများ၏ ပစ်မှတ်ထားခြင်းကို ခံနေရဆဲဖြစ် သည်။ သူတို့နောက်သို့ တစ်နာရီကျော်ကြာအောင် လိုက်လာပြီးနောက် ထိုလူများသည် နောက်ဆုံးတွင် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားကာ ကိုယ်ထင်ပြလာကြခြင်း ဖြစ်သည်။
လုံယုသည် ထောင့်ချိုးများဆီမှ အပြေးအလွှား ထွက်လာပြီး သူတို့၏ လမ်းကြောင်းကို ပိတ်ဆို့ထား သော ရော်ဘာလှေများကို တည်ငြိမ်စွာ စိုက်ကြည့်နေလိုက်သည်။
ဟွမ်ချန်က စစ်သုံးဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း တိုးတိုးလေး ပြောလိုက်သည်။
"ခေါင်းဆောင်... သူတို့ထဲက တချို့ဆီမှာ သေနတ်တွေ ပါလာတယ်…။"
လုံယုသည် သေနတ်များကို ဂုဏ်ယူဝင့်ကြွားစွာ ပြသနေသော ထိုလူများကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။
"အတုတွေပါကွာ…။"
ဤစကားကို ကြားသောအခါ ဟွမ်ချန် အံ့အားသင့်သွားပြီး မေးလိုက်သည်။
"အတု... ဒါပေမဲ့..."
သူ စကားပြော၍ မဆုံးမီမှာပင် ကျားရှန်းက ဖြတ်ပြောလိုက်လေသည်။
"မင်းက စနိုက်ပါသမားတစ်ယောက် ဖြစ်နေပြီးတော့ အမြင်အာရုံက သိပ်ညံ့ဖျင်းလွန်းတယ်။ ငါတော့ မင်း မျက်စိကို ယောင်ရန်ဆီ သွားပြသင့်တယ်လို့ ထင်တယ်။ သူမများ မင်းမျက်စိကို ပိုကောင်းအောင် လုပ်ပေးနိုင်မလားလို့လေ…။"
အခန်း (၈၀)
ထောင်ချောက်မိခြင်း
ကျားရှန်း၏ စကားကို ကြားပြီးနောက် ဟွမ်ချန်သည် သူမအား မျက်စောင်းထိုးလိုက်ပြီး ပြန်လည် ချေပ လိုက်သည်။
"တောင်းပန်ပါတယ်ကွာ... ငါက သေနတ်အစစ်တွေနဲ့ပဲ အကျွမ်းတဝင်ရှိတာ။ သေနတ်အတုတွေနဲ့တော့ ရင်းနှီးမှု မရှိပါဘူး….။"
သူတို့နှစ်ဦး ဆက်လက်၍ အခြေအတင် ပြောဆိုငြင်းခုံရန် ပြင်နေဆဲမှာပင် ရှေ့ဆုံးရော်ဘာလှေပေါ်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ရုတ်တရက် အနှောင့်အယှက်ဖြစ်ဟန်ဖြင့် လှမ်းပြောလိုက် သည်။
"မင်းတို့အဲဒီမှာ ဘာတွေ လုပ်နေကြတာလဲ။ ငါတို့ရဲ့ အချိန်တွေကို ဖြုန်းမနေဘဲ မင်းတို့ရဲ့ မော်တော် ဘုတ်ကိုသာ ငါတို့ဆီ ပေးလိုက်စမ်း။ မဟုတ်ရင်တော့ ဒီနေ့ မင်းတို့ကို သတ်မိလို့ ငါ့ကို လာပြီး အပြစ် မတင်နဲ့နော်…။"
ရင်းနှီးနေသော ထိုစကားများကို ကြားသောအခါ ရှီရွှမ်းက သက်ပြင်းချလိုက်ပြီး ညည်းတွားလိုက်သည်။
"သူတို့က တခြားစကားလုံးတွေ သုံးပြီး ဖန်တီးမှုလေး ဘာလေး မလုပ်တတ်ကြတော့ဘူးလား။ လူတွေ ကို ခြိမ်းခြောက်တဲ့ ဒီလို အဆင့်နိမ့်တဲ့ နည်းလမ်းစုတ်တွေကို ငါတော့ နားထောင်ရတာ တော်တော်လေး ရိုးအီနေပြီ….။"
ရှီရွှမ်း၏ စကားကို ကြားပြီးနောက် ထိုလူလတ်ပိုင်းမှာ ဒေါသထွက်သွားပြီး အော်ဟစ်အမိန့်ပေးလိုက် လေသည်။
"ညီအစ်ကိုတို့... သူတို့ကို သတ်ကြစမ်း….။"
အမိန့်သံကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် လုယက်သူများသည် ၎င်းတို့၏ ရော်ဘာလှေများကို လုံယု၏ မော်တော်ဘုတ်ဆီသို့ တိုက်ရိုက် မောင်းနှင်လာကြသည်။ သူတို့၏ ရည်ရွယ်ချက်မှာ မော်တော် ဘုတ်ကို ဝင်တိုက်ရန်ဖြစ်ကြောင်း ရှင်းလင်းနေပေသည်။
ယင်းကိုမြင်သောအခါ ရှီရွှမ်းသည် သူ၏ နဖူးကို အကူအညီမဲ့စွာ ကိုင်လိုက်ပြီး မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်မိသည်။
"သူတို့က ရော်ဘာလှေကိုသုံးပြီး မော်တော်ဘုတ်ကို ဝင်တိုက်ဖို့ တကယ်ပဲ လုပ်နေကြတာလား...။ သူတို့က ရူးနေတာလား…။"
ရော်ဘာလှေများက မော်တော်ဘုတ်ကို ဝင်တိုက်မိခါနီး ဆဲဆဲလေးတွင် ရှီရွှမ်းသည် ရုတ်တရက် ခက်ခဲ သော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်ပြီး မော်တော်ဘုတ်ကို ရေပြင်ပေါ်တွင် ရှပ်တိုက်ချော်ထွက် သွားစေကာ တစ်ပတ်လှည့်လိုက်သည်။ နောက်တစ်စက္ကန့်တွင်တော့ သူတို့၏ အနောက်ဘက်ဆီမှ အော်ဟစ်သံများကို ကြားလိုက်ရလေသည်။
"သတိထား….။"
"ဝုန်း…."
"အာ့…"
"ကယ်ကြပါဦး…။"
သူတို့၏ ရော်ဘာလှေများသည် မော်တော်ဘုတ်ကို ဝင်တိုက်မိမည့်အစား တစ်စီးနှင့်တစ်စီး အချင်းချင်း ဝင်တိုက်မိကာ မှောက်သွားကြလေတော့သည်။ လူနှစ်ဆယ်ကျော်ခန့် ရေထဲသို့ ပြုတ်ကျသွားလေ၏။
အချို့မှာ ရေမကူးတတ်သဖြင့် အကူအညီတောင်းကာ အော်ဟစ်နေကြသော်လည်း ပြင်းထန်သော ရေစီးကြောင်းများက သူတို့၏ အသံများကို ဖုံးလွှမ်းသွားပြီးနောက် ရေအောက်သို့ ဆွဲချခြင်းကို ခံသွားရလေသည်။
ဤမြင်ကွင်းကို ကြည့်ရင်း ဟွမ်ချန်သည် ပြုံးလိုက်ပြီး ရှီရွှမ်းအား လက်မထောင်ပြလိုက်ကာ ချီးကျူး လိုက်၏။
"ကောင်းလိုက်တဲ့ လက်စွမ်းပဲ အစ်ကိုရွှမ်းရေ….။"
ရှီရွှမ်းက ပြုံးလိုက်ပြီး နှိမ့်ချစွာဖြင့် ဆိုလေသည်။
"ဒါက လှည့်ကွက်လေးတစ်ခု သက်သက်ပါကွာ…။"
တစ်ခဏမျှ ရုန်းကန်ပြီးနောက် လူလတ်ပိုင်းနှင့် သူ၏ တပည့်များသည် နောက်ဆုံးတွင် ရော်ဘာလှေကို ပြန်လည် တည့်မတ်နိုင်ခဲ့ကြပြီး လှေပေါ်သို့ တွယ်တက်လာကြသည်။ သို့ရာတွင် လုံယုနှင့် သူ၏ အပေါင်းအပါများကတော့ သူတို့ကို လှေပေါ်သို့ တက်ရန် အခွင့်အရေးပေးဖို့ ရည်ရွယ်မထားခဲ့ပေ။
ထိုလူများ ရော်ဘာလှေပေါ်သို့ မတက်ရောက်နိုင်မီမှာပင် ရှီရွှမ်းသည် မော်တော်ဘုတ်ကို သူတို့ဆီသို့ ဦးတည်မောင်းနှင်သွားလိုက်သည်။ နီးကပ်လာသော မော်တော်ဘုတ်ကို မြင်သောအခါ ရော်ဘာလှေ ပေါ်သို့ တက်ရန် အလုပ်ရှုပ်နေကြသော သူတို့၏ မျက်နှာများမှာ ဖြူရော်သွားကြတော့သည်။
လူလတ်ပိုင်းသည် သူတို့၏ ဘယ်နှင့်ညာရှိ မြင့်မားသော အဆောက်အအုံများဆီသို့ ရုတ်တရက် ခေါင်း လှည့်ကြည့်လိုက်ပြီး အော်ဟစ်လိုက်လေသည်။
"အခု လုပ်တော့…။"
သူ၏ အသံ ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်သွားသည်နှင့် တစ်ပြိုင်နက် လုံယုသည် အန္တရာယ်ကို အာရုံခံမိ လိုက်ပြီး သတိပေးလိုက်သည်။
"ရှီရွှမ်း... သတိထား…။"
ရှီရွှမ်းသည် သူတို့ဆီသို့ ပစ်လွှတ်လိုက်သော အရာတစ်ခုကို မြင်လိုက်ရပြီး မော်တော်ဘုတ်ကို အမြန်ရပ် တန့်လိုက်သည်။ ရုတ်တရက် ဘရိတ်အုပ်လိုက်ရသဖြင့် ကျားရှန်းတစ်ယောက် မော်တော်ဘုတ်ပေါ်မှ လွင့်စင်ထွက်ကျသွားမတတ် ဖြစ်သွားသော်လည်း ဟွမ်ချန်က သူမ၏ လက်မောင်းကို အလျင်အမြန် လှမ်းဆွဲကာ နောက်သို့ ပြန်ဆွဲယူလိုက်သည်။
ခုနလေးတင် သူတို့ကို တိုက်ခိုက်လိုက်သော အရာကို မြင်လိုက်ရသောအခါ သူတို့လေးယောက်လုံး အံ့အားသင့်သွားကြပြီး ဟွမ်ချန်မှာမူ ကျိန်ဆဲမိသည်အထိပင် ဖြစ်သွားတော့သည်။
"ကျစ်... သူတို့က ကြိုးတွေနဲ့ ငါတို့ကို ရိုက်ချဖို့ ကြိုးစားနေတာပဲ။ အစ်ကိုရွှမ်းသာ တစ်စက္ကန့်လေး နောက်ကျသွားခဲ့ရင် ငါတို့အားလုံး လွင့်စင်သွားကြမှာ အသေအချာပဲ…။"
လုံယုသည် သူတို့ကို ပိတ်လှောင်ထားသည့် ယှက်သန်းနေသော ကြိုးများကို အေးစက်စွာ ကြည့်လိုက် သည်။ သူက မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီး ပြောလိုက်သည်။
"ကြိုးတွေကို ဖြတ်ပစ်လိုက်…။"
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ဟွမ်ချန်နှင့် ကျားရှန်းတို့သည် တုတ်ခိုင်သော ကြိုးများကို ဖြတ်တောက်ရန် ၎င်းတို့၏ စစ်သုံးဓားများကို အသုံးပြုလိုက်ကြသည်။
သူတို့ ကြိုးများကို ဖြတ်တောက်၍ မပြီးမီမှာပင် ရှီရွှမ်းက ရုတ်တရက် သတိပေးလိုက်သည်။
"ခေါင်းဆောင်... သူတို့ လာနေကြပြီ…။"
လုံယုက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ခုနက သူတို့ကို တိုက်ခိုက်ခဲ့သည့် အဖွဲ့အပြင် ပတ်ဝန်းကျင် ရှိ အဆောက်အအုံများဆီမှ လူအများအပြား ထွက်လာနေသည်ကို တွေ့လိုက်ရသည်။
ယင်းကို မြင်သောအခါ ထိုလူများသည် သူတို့ လိုချင်သောအရာကို မရမချင်း ရပ်တန့်မည်မဟုတ် ကြောင်း သူ သိလိုက်သည်။ သူတို့က သေမင်းကို ခေါ်ဖိတ်ရဲမှတော့ သူတို့၏ ဆန္ဒများကို လုံယုက ဖြည့်ဆည်းပေးရပေတော့မည်။
သူသည် ကျောပိုးအိတ်ထဲသို့ လက်နှိုက်ကာ သေနတ်နှစ်လက်ကို ထုတ်ယူလိုက်သည်။ လုံယုသည် သေနတ်များကို ကျားရှန်းနှင့် ရှီရွှမ်းထံသို့ ပစ်ပေးလိုက်ပြီးနောက် မော်တော်ဘုတ်၏ အမိုးအောက်မှ အမည်းရောင် သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။
"ဟွမ်ချန်... ဒါကို သုံး…။"
ဟွမ်ချန်သည် လုံယုက သူ့အား ခေါ်လိုက်သည်ကို ကြားသောအခါ လှည့်ကြည့်လိုက်သည်။ ရင်းနှီးနေ သော အမည်းရောင် သေတ္တာကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများ အရောင်လက်သွားပြီး သေတ္တာကို အလျင်အမြန် ဖွင့်ကြည့်လိုက်သည်။
အတွင်း၌ စနိုက်ပါ ရိုင်ဖယ်တစ်လက်ကို မြင်လိုက်ရသောအခါ သူသည် စိတ်လှုပ်ရှားစွာဖြင့် အလျင် အမြန် တပ်ဆင်လိုက်လေတော့သည်။
ဟွမ်ချန်သည် စနိုက်ပါရိုင်ဖယ်ကို အလျင်အမြန် တပ်ဆင်နေစဉ်တွင် လုံယုအား ချီးကျူးရန်လည်း မေ့မနေခဲ့ပေ။
"ခေါင်းဆောင်... ခင်ဗျားက တကယ် အံ့သြစရာ ကောင်းတာပဲ။ ဒီအဖိုးတန်လေးကို ခင်ဗျား ဘယ်ကနေ ရလာတာလဲ…။"
လုံယုသည် ကျောပိုးအိတ်ထဲမှ နောက်ထပ် သေနတ်တစ်လက်ကို ထုတ်ယူလိုက်ပြီး တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
"ငါ ခိုးလာတာ…။"
ဟွမ်ချန်မှာ သူ၏ အဖြေကြောင့် အံ့အားသင့်သွားပြီး ရေရွတ်လိုက်မိသည်။
"ဘယ်လို…"
သူ အသေးစိတ် မမေးမြန်းနိုင်မီမှာပင် လူတစ်စုက သူတို့၏ ပစ်ကွင်းထဲသို့ ဝင်ရောက်လာကြပြီ ဖြစ် သည်။ လုံယုက သေနတ်ကို မြှောက်လိုက်ပြီး အေးစက်စွာ အမိန့်ပေးလိုက်သည်။
"တစ်ယောက်မှ အရှင်မထားနဲ့…။"
လုံယု၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော လူသတ်ချင်သည့် သက်စောင့်ဝိညာဉ်အရှိန်အဝါ ကို ခံစားလိုက် ရသောအခါ ဟွမ်ချန်နှင့် အခြားသူများလည်း စကားဆက်မပြောကြတော့ပေ။
"ဟုတ်ကဲ့ပါ ခေါင်းဆောင်…။"
လုံယု၏ ဦးဆောင်မှုအောက်တွင် သူတို့လေးယောက်သည် သူတို့၏ ပစ်ကွင်းထဲသို့ ဝင်ရောက်လာသူ များကို စတင် သတ်ဖြတ်ကြလေတော့သည်။ ကျားရှန်းက ဟွမ်ချန်အား ကာဗာပေးထားပြီး ဟွမ်ချန်ကမူ စနိုက်ပါရိုင်ဖယ် အရှည်ကြီးကို ကိုင်ဆောင်ကာ အဆောက်အအုံထဲတွင် ပုန်းအောင်းနေသူများကို ချိန်ရွယ်ထားလိုက်သည်။
"ဒိုင်း.. ဒိုင်း… ဒိုင်း… "
စက္ကန့်အနည်းငယ် အတွင်းမှာပင် လုံယု၊ ရှီရွှမ်းနှင့် ကျားရှန်းတို့သည် လူတစ်ဒါဇင်ကျော်ခန့်ကို သတ် ဖြတ်နိုင်ခဲ့ပြီး ဟွမ်ချန်ကမူ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများထဲတွင် ပုန်းအောင်းနေသော လူနှစ်ဆယ် aကျော်ကို သတ်ဖြတ်လေခဲ့သည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့ကို လုယက်ချင်နေသူ များမှာ အလွန်အမင်း ထိတ်လန့်သွားကြလေတော့သည်။
"ဒိုင်း..."
လုံယုက လူလတ်ပိုင်း၏ ဘေးတွင်ရှိနေသော လူကို သေနတ်ဖြင့် ပစ်ချလိုက်သောအခါမှ ထိုလူလတ် ပိုင်းလည်း သတိဝင်လာတော့သည်။ သူ၏ မျက်နှာကြီးမှာ ဖြူရော်သွားပြီး အသံနက်ကြီးဖြင့် အော်ဟစ် လိုက်လေသည်။
"ဆုတ်... မြန်မြန် ထွက်ပြေးကြတော့…။"
သူတို့ ခေါင်းဆောင်၏ စကားကို ကြားပြီးနောက် ကျန်လူများလည်း သတိပြန်ဝင်လာကြသည်။ သို့ရာ တွင် သူတို့ထဲမှ အများစုမှာ လုံယု၏ မော်တော်ဘုတ်ဆီသို့ ရေကူးလာခဲ့ကြပြီးဖြစ်ရာ အနီးဆုံး အဆောက်အအုံနှင့် အလှမ်းဝေးနေပြီ ဖြစ်သည်။
အကယ်၍ ယခု ချက်ချင်း နောက်လှည့်ပြေးမည် ဆိုလျှင်တောင်မှ သေနတ်ကျည်ဆန်များ၏ အန္တရာယ်မှ လွတ်ကင်းနိုင်ရန် အချိန်ရမည် မဟုတ်တော့ပေ။ ထို့အပြင် တစ်ဖက်တွင် ထွက်ပြေးသူများကိုသာ အဓိကထား၍ ပစ်ခတ်သတ်ဖြတ်နေသော စနိုက်ပါသမား တစ်ယောက်လည်း ရှိနေသေးသည်။
လူတစ်ယောက်က လူလတ်ပိုင်းအား ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
"ခေါင်းဆောင်... ခင်ဗျားဆီမှာလည်း သေနတ် ပါတယ်လေ။ သူတို့ကို ပစ်လေဗျာ…။"
ခေါင်းဆောင်ဖြစ်သူသည် သူ၏ သေနတ်အတုကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း အံကို တင်း တင်းကြိတ်ထားလိုက်သည်။ သူ၏ သေနတ်မှာ အတုဖြစ်ကြောင်းကို ဤလူများထဲမှ မည်သူမျှ မသိ ကြသလို သူကလည်း ထိုအကြောင်းကို အသိပေး၍ မရပေ။ အကယ်၍ သူတို့သာ သိသွားပါက သူ့အား ဒေါသတကြီးဖြင့် ဦးစွာ သတ်ပစ်ကြပေလိမ့်မည်။
သို့ရာတွင် သေနတ်အတု တစ်လက်ဖြင့် လူတစ်ယောက်ကို သတ်ပစ်ရန်မှာ လုံးဝ မဖြစ်နိုင်သောအရာ ပင်…။
ခေါင်းဆောင်ဖြစ်သူ၏ တုံ့ဆိုင်းနေမှုကို မြင်သောအခါ ထိုလူများသည် သေနတ်ကိုင်ဆောင်ထားသော လူများအား ကြည့်ကာ တိုက်တွန်းလိုက်ကြတော့သည်။
"မင်းတို့ကောင်တွေ ဘာစောင့်နေကြတာလဲ...။ မင်းတို့ သတိပြန်မဝင်လာခင်မှာ ငါတို့ အားလုံးကို အသတ်ခံလိုက်ရစေချင်လို့လား။ မြန်မြန် သတ်လိုက်ကြစမ်းပါ…။"