← Chapters

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁)

နောက်ထပ်တစ်ကြိမ် သိမ်းကျုံးရှာဖွေခြင်း (၄)

မည်သို့ပင်ဖြစ်စေ၊ ထိုအဖွဲ့အစည်းကို ပြန်လည်တော်လှန်ရန်အတွက် ယောင်ရန်အနေဖြင့် ခွန်အားနှင့် လူအင်အား လိုအပ်နေသည်ဖြစ်ရာ တန်ဖိုးရှိသမျှ အရာအားလုံးကို သူမ သိမ်းကျုံးယူငင်တော့သည်။

စုဆောင်းထားသော နာရီများအပြင် နံရံတွင်ရှိသည့် ဗီရိုအချို့ကိုလည်း ယောင်ရန် မြင်လိုက်ရသည်။ မှန်တံခါးများမှတစ်ဆင့် အထဲတွင် စနစ်တကျ စုဆောင်းထားသည့် အဆင့်မြင့် ရေငုပ်ဝတ်စုံများနှင့် အသုံးအဆောင် ကိရိယာများကို မြင်နိုင်ပေသည်။

ယခင်က ရေငုပ်ဝတ်စုံများ ဝယ်ယူစဉ်က ဆိုင်ရှင်ဖြစ်သူသည်လည်း ဤတံဆိပ်ကိုပင် သူမအား ညွှန်းဆိုပြသခဲ့ဖူးသည်။ သို့သော် ဈေးနှုန်းမှာ အလွန်မြင့်မားလွန်းသဖြင့် ယောင်ရန်အနေဖြင့် အစုံ ရေအနည်းငယ်သာ ဝယ်ယူနိုင်ခဲ့လေသည်။

ယခုမူ ရေငုပ်ဝတ်စုံနှင့် ကိရိယာ (၁၀) စုံကို မြင်လိုက်ရသည့်အခါ ဤစီအီးအိုမှာ သူမထက်ပင် ပို၍ ဩဇာကြီးမား ကြွယ်ဝသူဖြစ်ကြောင်း ခံစားလိုက်ရသည်။ ကောင်းမွန်သည့် ပစ္စည်းများဖြစ်သော ကြောင့် ယောင်ရန်သည် မှန်တံခါးများကို ဖွင့်ကာ ဘာတစ်ခုမှ မကျန်အောင် အကုန်ယူလိုက်တော့သည်။

ဤရေငုပ်ဝတ်စုံများဖြင့် လုံယုနှင့် အခြားသူများကို အရေးပေါ်အခြေအနေတွင်ဖြစ်စေ၊ ရေအောက်မှ ပစ္စည်းများ ရှာဖွေရာတွင်ဖြစ်စေ အသုံးပြုရန် တစ်စုံစီ ဝေပေးနိုင်မည်ဖြစ်သည်။

အခြားဗီရိုများထဲတွင်လည်း နာနိုနည်းပညာဖြင့် ပြုလုပ်ထားသော အဝတ်အစားများကို ယောင်ရန် မြင်လိုက်ရပြန်သည်။ သူမကိုယ်တိုင်လည်း အချို့ကို ပြင်ဆင်ထားသော်လည်း ဤဗီရိုထဲတွင်ရှိသည့် အရည်အသွေးကိုမူ မမီပေ။

ဤကဲ့သို့သော အဆင့်မြင့် ထုတ်ကုန်မျိုးကို ငွေရှိရုံဖြင့် ဝယ်၍မရနိုင်ပေ။ အဆက်အသွယ်နှင့် အဆင့် အတန်းရှိမှသာ ဝယ်ယူနိုင်ခြင်းဖြစ်ပြီး ဝယ်ယူနိုင်သည့် ပမာဏမှာလည်း အကန့်အသတ်ဖြင့် ရှိသည်။

ယောင်ရန်သည် ဗီရိုတစ်ခုကို ဖွင့်ကာ အဝတ်အစားများကို ကိုင်ကြည့်လိုက်သော်လည်း ဘာကိုမှ ထိတွေ့လိုက်ရခြင်း မရှိသကဲ့သို့ ခံစားရသည်။ အဝတ်တံဆိပ်ကို ကြည့်လိုက်သောအခါ ဤအဝတ် အစားများသည် အပူချိန် (၂၅) ဒီဂရီစင်တီဂရိတ်တွင် အမြဲတမ်း တည်ငြိမ်နေအောင် ထိန်းညှိပေးနိုင် ကြောင်း တွေ့လိုက်ရသည်။

*ဒါဟာ တကယ့်ရတနာပဲ…*

နာနိုနည်းပညာသုံး ချည်ထည်သားဖြင့် ပြုလုပ်ထားသော အဝတ်အစား အစုံသုံးဆယ်ကျော်ကို တွေ့လိုက်ရသဖြင့် သူမ အလွန်ဝမ်းသာသွားခဲ့လေသည်။

အဝတ်အစားများအပြင် အခြားဗီရိုများထဲတွင်လည်း နာနိုနည်းပညာသုံး အဝတ်စများကို တွေ့ရလေ သည်။ အဝတ်စတစ်လိပ်လျှင် မီတာသုံးရာရှည်လျားပြီး ထိုနေရာတွင် အလိပ်ပေါင်း သုံးရာကျော် ရှိနေခဲ့သည်။

ပုံမှန်အားဖြင့် လက်ရှည်အင်္ကျီနှင့် ဘောင်းဘီတစ်စုံ ပြုလုပ်ရန် အဝတ်စ ငါးမီတာမှ ခြောက်မီတာခန့်သာ လိုအပ်သည်။ ဤမျှများပြားသော အဝတ်စများဖြင့် ယောင်ရန်အနေဖြင့် အဝတ်အစားများစွာကို အချိန်အကြာကြီး ဝတ်ဆင်နိုင်အောင် ပြုလုပ်နိုင်ပေလိမ့်မည်။

သူမသည် ဝမ်းမြောက်ဝမ်းသာဖြင့် ဘာတစ်ခုမှ မကျန်အောင် သိမ်းဆည်းလိုက်လေသည်။ အခန်းထဲမှ ထွက်ခွာတော့မည့်ဆဲဆဲတွင် အခန်းထောင့်ရှိ သံမဏိသေတ္တာကြီး တစ်ခုပေါ်သို့ ယောင်ရန်၏ အကြည့် များ ကျရောက်သွားခဲ့လေသည်။

ဤအခန်းထဲတွင် တန်ဖိုးကြီးပစ္စည်းများ ဤမျှများပြားနေသည်ဖြစ်ရာ အခန်း၏ အနောက်ဘက်ဆုံး တွင် ထားရှိသော သံမဏိသေတ္တာထဲ၌မူ ထူးခြားဆန်းကြယ်သော အရာများ ရှိနေ ရမည်မှာ သေချာ သည်။ သူမ၏ နေရာလွတ် ပြည့်နေလျှင်ပင် ဤသေတ္တာကိုတော့ အရောက်ယူသွားရမည်ဖြစ်သည်။

အခန်းကို ရှင်းလင်းပြီးနောက် နားနေခန်းရှိ မီးဖိုချောင်သို့ သူမ သွားလိုက်သည်။ ထိုနေရာတွင် ကိုယ်ပိုင် ဘက်ထရီပါရှိသော ရေခဲသေတ္တာကြီးတစ်လုံး ရှိနေသည်။ ယောင်ရန် ဖွင့်ကြည့်လိုက်သောအခါတွင်မူ "ဒီစီအီးအိုက တကယ့်ကို သူဌေးကြီးပဲ" ဟု သူမ အလိုလို ရေရွတ်မိသွားခဲ့လေသည်။

ရေခဲသေတ္တာထဲတွင် ပြင်သစ်ငန်းအသည်း၊ ဝက်ဂယူးအမဲသား၊ ငါးဥအမည်း ၊ မှိုဖြူ ၊ ရွှေရောင် ငါးကင် ၊ အိုင်ဘေးရီးယန်း ဝက်ပေါင်ခြောက်၊ စတိတ်သားများ၊ ဆယ်လ်မွန်ငါး၊ (၁၉၈၂) ခုနှစ်ထုတ် လာဖိုက်ဝိုင် များနှင့် အခြားသော တန်ဖိုးကြီး အစားအစာများဖြင့် ပြည့်နှက်နေခဲ့သည်။

အတွင်းမှ တန်ဖိုးကြီးလှသော အစားအသောက်များကို မြင်လိုက်ရသည့်အခါ ထိုကြွယ်ဝလှသော စီအီးအိုကို ကျေးဇူးတင်လိုက်မိသည်။ အကယ်၍ ကမ္ဘာကြီးသာ ပျက်စီးမသွားခဲ့လျှင် ဤစီအီးအိုနှင့် ယောင်ရန် တကယ်ပင် မိတ်ဆွေဖွဲ့ချင်မိသည်။ သူသည် ဘဝကို မည်သို့ဇိမ်ရှိရှိ ဖြတ်သန်းရမည်ကို ကောင်းကောင်းသိသူတစ်ဦးပင်။

သူတို့နှစ်ဦးတွင် ဆုံတွေ့ရန် ကံပါမလာခဲ့ခြင်းကို နှမြောတသဖြစ်ရင်း ယောင်ရန်သည် ရေခဲသေတ္တာ အပါအဝင် အရာအားလုံးကို သူမ၏ နေရာလွတ်ထဲသို့ ထည့်လိုက်သည်။ စီအီးအိုရုံးခန်းမှ မထွက်ခွာမီ ရုံးခန်းထဲရှိ ဂေါက်သီးရိုက်တံအိတ်ကိုပါ သူမ ယူဆောင်သွားခဲ့ သည်။ သူမ အောက်ထပ်သို့ ဆင်းသွား သည့်အခါ သူမ၏နောက်ကွယ်တွင် ဗလာကျင်းနေသော အထပ်ကြီးသာ ကျန်ရစ်တော့လေသည်။

အပေါ်ဆုံးလေးထပ်မှ သူမ ရှာဖွေတွေ့ရှိခဲ့သော ရိက္ခာနှင့် ပစ္စည်းများမှာ မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေခဲ့သည်။ ယောင်ရန်သည် အချိန်အတော်ကြာအောင် အရာအားလုံးကို သေချာစွာ စစ်ဆေး ပြီး တန်ဖိုးရှိသည့် ပစ္စည်းမှန်သမျှကို သိမ်းဆည်းခဲ့လေသည်။

နာရီပေါင်းများစွာ မနားတမ်း အလုပ်လုပ်ခဲ့ရသဖြင့် အားအင်ကုန်ခမ်းနေသောကြောင့် သူမ လှေကား တွင် ထိုင်၍ ခေတ္တအနားယူလိုက်လေသည်။ ယောင်ရန်သည် ချောကလက်တစ်တုံး စားလိုက်ပြီး ရေသန့် တစ်ပုလင်း သောက်ကာ အားအင်ဖြည့်ပြီးနောက် အောက်ထပ်သို့ ဆက်၍ဆင်းလာခဲ့သည်။

လုံယုနှင့် အခြားသူများကို မတွေ့ရသဖြင့် ယောင်ရန်သည် မယူရသေးသည့် သစ်သားပရိဘောဂများနှင့် ကျန်ရှိနေသော ရိက္ခာများကို အမြန်သိမ်းဆည်းလိုက်လေသည်။

ကာကွယ်ဆေးများ ရောင်းချသည့် ကုမ္ပဏီကို ဖြတ်သွားသည့်အခါ သူမ အတွင်းသို့ ဝင်သွားပြီး အထူးပြု လုပ်ထားသော သိုလှောင်သေတ္တာများနှင့် ကာကွယ်ဆေးများအားလုံးကို ယူလိုက်သည်။ ကမ္ဘာပျက်ပြီး ဆယ်နှစ်ကြာသည့်တိုင်အောင် လူသားများအနေဖြင့် ဤကာကွယ်ဆေးများကို ထုတ်လုပ်နိုင်စွမ်း မရှိသေးပေ။ ဤသည်မှာ ကာကွယ်ဆေးများရရှိရန် သူမအတွက် နောက်ဆုံးအခွင့်အရေး ဖြစ်နိုင် သောကြောင့် သူမ အရောက်ယူသွားရမည်ဖြစ်သည်။

ဆဋ္ဌမထပ်သို့ ရောက်သည့်အခါ ယောင်ရန်သည် သူမ ယခုလေးတင် ရှာတွေ့ခဲ့သော ရိက္ခာအမျိုးမျိုး ထည့်ထားသည့် သေတ္တာကြီးအချို့ကို နေရာလွတ်ထဲမှ ထုတ်ယူလိုက်လေသည်။ ထိုအထဲတွင် နာနို နည်းပညာသုံး အဝတ်အစားများနှင့် ရေငုပ်ဝတ်စုံ ကိရိယာအချို့ ပါဝင်သည်။ သူမ၏ ကျောတွင်လည်း ရှည်လျားသော ဓားတစ်လက်နှင့် ဂေါက် ရိုက်တံအိတ်ကို လွယ်ထားခဲ့လေသည်။

သူမသည် လေးလံလှသော သေတ္တာများကို အားစိုက်၍ ဆွဲလာစဉ် လုံယုနှင့် ဟွမ်ချန်တို့ ရောက်လာကြခဲ့ သည်။ ဟွမ်ချန်သည် ပစ္စည်းကောင်းများဖြင့် ပြည့်နေသော သေတ္တာကြီးကို မြင်လိုက်ရသည့်အခါ မျက်လုံးများ တောက်ပသွားလေတော့သည်။

သူသည် ယောင်ရန်ကို အမြန်ပင် ကူညီပေးရင်း အံ့ဩ တကြီး မေးလိုက်သည်။

"ယောင်ရန်၊ မင်းက တကယ့်ကို ကံကောင်းတာပဲ။ ဘယ်လိုလုပ်ပြီး ဒီလောက်ကောင်းတဲ့ ပစ္စည်းတွေ အများကြီး ရှာတွေ့တာလဲ….။"

ယောင်ရန်က ပြုံးလျက် ပြန်ဖြေလိုက်လေသည်။

"ကျွန်မ ဒီနေ့ ကံကောင်းသွားတာပါ…။"

လုံယုကလည်း လေးလံသော ဂေါက်သီးရိုက်တံအိတ်ကို ကူသယ်ပေးရင်း ပြောလိုက်သည်။

"ဒါကို ငါ သယ်ပေးမယ်…။"

တစ်နေကုန် အလုပ်လုပ်ခဲ့ရသဖြင့် သူမ အလွန်ပင်ပန်းနေပြီဖြစ်သောကြောင့် ယောင်ရန်သည် သူ့အား အိတ်ကို ပေးလိုက်သည်။ သူမသည် အငယ်ဆုံးသေတ္တာ၊ ကျောပိုးအိတ်နှင့် ဓားရှည်ကို ကိုင်ဆောင်ကာ လုံယု၊ ဟွမ်ချန်တို့နှင့်အတူ ပဉ္စမထပ်သို့ ဆင်းလာခဲ့လိုက်ကြသည်။

ပစ္စည်းအားလုံးကို စက်လှေသုံးစင်းပေါ်သို့ တင်ပြီးသည့်အချိန်တွင် မိုးမှာ မှောင်နေပြီဖြစ်သည်။ သူတို့ လေးဦးမှာ အလွန်ပင်ပန်းနေကြသဖြင့် စကားတစ်ခွန်းမှ မပြောနိုင်ဘဲ အလုပ်ကိုသာ ဖိလုပ်နေကြသည်။ မထွက်ခွာမီ ရိက္ခာသေတ္တာများကို သေချာစွာ ချည်နှောင်ပြီးနောက် လေထိုးလှေနှစ်စင်းကို စက်လှေတွင် တွဲချည်လိုက်လေသည်။

ထို့နောက် လုံယုနှင့် ယောင်ရန်တို့သည် ပစ္စည်းများကို စောင့်ရှောက်ရန် သက်ဆိုင်ရာ လေထိုးလှေ များပေါ်တွင် ထိုင်လိုက်ကြသည်။ သူတို့ သေချာစွာ ထိုင်ပြီးသည့်အခါတွင် ရှီရွှမ်းသည် လင်ယွမ်တိုက် ခန်းအဆောက်အအုံသို့ ဦးတည်ကာ မောင်းနှင်တော့သည်။ ဟွမ်ကျိဟွေးသည်လည်း ပစ္စည်းများကို စောင့်ရှောက်ရန် စက်လှေပေါ်တွင် ရှီရွှမ်းနှင့်အတူ ထိုင်လိုက်သည်။

ပတ်ဝန်းကျင်ကို တစ်ပတ်ပတ်ကြည့်ပြီးနောက် ရှီရွှမ်းသည် စက်လှေကို အန္တရာယ်များပြီး ရှုပ်ထွေးလှ သော ရေစီးကြောင်းများကြားမှ အဆင်ပြေစွာ မောင်းနှင်သွားနိုင်သည်။ အလယ်တွင်ရှိသော ပထမဆုံး လေထိုးလှေပေါ်တွင် ထိုင်နေသည့် ယောင်ရန်သည် ညကြည့်မှန်ပြောင်းကို အသုံးပြု၍ ပတ်ဝန်းကျင် အခြေအနေကို စောင့်ကြည့်နေခဲ့ပေသည်။

ရိက္ခာများစွာ တင်ဆောင်လာရသဖြင့် သူတို့သည် မှောင်မိုက်နေသော အမှောင်ထုကြားတွင် ဖြည်းဖြည်း ချင်းပင် ရှေ့သို့ တိုးလာခဲ့ကြသည်။ လမ်းခရီးတစ်လျှောက်တွင် ယောင်ရန်သည် အတားအဆီးများကို မြင်သည့်အခါတိုင်း ရှီရွှမ်းကို အချက်ပြ သတိပေးခဲ့လေသည်။

အခန်း (၇၂)

အိပ်ခန်းနှစ်ခန်း ထပ်တိုးလာခြင်း

လင်ယွမ်တိုက်ခန်းအဆောက်အအုံသို့ ရောက်ရှိပြီးနောက် ရှီရွှမ်းသည် စက်လှေအင်ဂျင်ကို ပိတ်လိုက်ပြီး လက်နှိပ်ဓာတ်မီးရောင်ကို လျော့ချလိုက်သည်။ သူတို့လေးဦးသည် အတတ်နိုင်ဆုံး တိတ်ဆိတ်စွာဖြင့် အဆောက်အအုံ (၃) ဆီသို့ လက်ဖြင့်သာ လှေကိုလှော်လာခဲ့ကြပေသည်။

အဆောက်အအုံ (၃) သို့ နောက်ဆုံးတွင် ရောက်ရှိချိန်၌ သန်းခေါင်ယံ ကျော်နေပြီဖြစ်သည်။ လူအများစု မှာ အိပ်ပျော်နေကြပြီဖြစ်သော်လည်း တစ်စုံတစ်ယောက်က သူမကို စိုက်ကြည့်နေသည်ဟု ယောင်ရန် ခံစားနေရဆဲပင်။ သူမ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း ဘာကိုမှ မတွေ့ရပေ။

သူမသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း လုံယုနှင့် အခြားသူများမှာ ရိက္ခာများကို အဆောက်အအုံထဲသို့ စတင်သယ်ယူနေကြပြီဖြစ်ရာ သူမလည်း အမြန်ပင် ကူညီပေးလိုက်သည်။

ဟွမ်ချန်၊ ကျားရှန်းနှင့် တန်ချီချီတို့မှာလည်း သူတို့ကို စောင့်ကြိုနေကြပြီး စက်လှေရောက်လာသည်နှင့် ရိက္ခာများသယ်ရန် အောက်သို့ဆင်းကာ ဝိုင်းကူကြလေသည်။

လူခုနစ်ယောက်ဖြင့် တစ်နာရီနီးပါး ကြိုးစားသယ်ယူပြီးနောက် အရာအားလုံးကို အထပ် (၂၀) သို့ ရောက် ရှိအောင် သယ်နိုင်ခဲ့သည်။ ညဉ့်နက်နေပြီဖြစ်သလို အားလုံးလည်း ပင်ပန်းနွမ်းနယ်နေကြသဖြင့် ရိက္ခာ များကို မနက်မှ စာရင်းလုပ်ရန် ဆုံးဖြတ်ကာ အိပ်စက်အနားယူလိုက်ကြလေတော့သည်။

နောက်တစ်နေ့ မနက်စောစောတွင် သူတို့အားလုံး အခန်း (၂၀၀၁) တွင် စုဝေးကြသည်။ လူခုနစ်ယောက် လုံး ကြမ်းပြင်ပေါ်တွင် ထိုင်ကာ ရိက္ခာများကို စီစစ်ပြီး ခုနစ်ပုံ အညီအမျှ ခွဲဝေကြတော့သည်။

ဟွမ်ချန်၊ ကျားရှန်းနှင့် တန်ချီချီတို့မှာ အပြင်သို့ အတူမလိုက်ခဲ့သော်လည်း အထပ် (၂၀) ကို စောင့်ရှောက် ပေးခဲ့သဖြင့် သူတို့၏ အားထုတ်မှုကို အသိအမှတ်ပြုကာ ဝေစုပေးခြင်းဖြစ်သည်။

ရိက္ခာများကို နှစ်နာရီကြာ စီစစ်ခွဲဝေပြီးနောက် ကျန်ရှိနေသော မျိုးစေ့အိတ်ကြီးများ၊ မြေဩဇာများနှင့် အပင်အာဟာရရည်များကို သူတို့ ကြည့်လိုက်ကြသည်။

လုံယုက ယောင်ရန်ကို ကြည့်ကာ ပြောလိုက်သည်။

"မနေ့ညက ကုမ္ပဏီတစ်ခုမှာ ဒီမျိုးစေ့တွေနဲ့ မြေဩဇာတွေကို ငါ တွေ့ခဲ့တာ။ မင်းက စိုက်ပျိုးရေးမှာ ကျွမ်းကျင်တာဆိုတော့ ဒါတွေကို မင်းကိုပဲ ပေးလိုက်တာ ပိုကောင်းမယ်လို့ ထင်တယ်…။"

ကျန်ငါးယောက်မှာလည်း ကန့်ကွက်စရာ မရှိပေ။ သူတို့ထဲတွင် မည်သူမှ စိုက်ပျိုးရေး မလုပ်တတ်ကြ သလို ရာသီဥတုကလည်း တစ်နေ့ထက်တစ်နေ့ ပိုအေးလာသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေထုမှာလည်း စိုထိုင်းနေသဖြင့် မျိုးစေ့များကို ကောင်းမွန်စွာ သိမ်းဆည်းရန် ခက်ခဲလှပေသည်။

ယောင်ရန်မှာမူ မနေ့ညက ထိုရုံးအဆောက်အအုံရှိ မျိုးစေ့ထုတ်လုပ်သည့် ကုမ္ပဏီမှ မျိုးစေ့အိတ်ပေါင်း များစွာ၊ မြေဩဇာများနှင့် အပင်အားဖြည့်ဆေးရည်များကို သိမ်းကျုံးယူခဲ့သည်ကို သတိရလိုက်သည်။ ယခုမူ ယင်းတို့ကို လူသိရှင်ကြား အသုံးပြုရန် အခွင့်ကောင်းပင် ဖြစ်သည်။

သူမ ခဏစဉ်းစားပြီးနောက် ခေါင်းငြိမ့်ပြကာ လုံယုကို ပြောလိုက်သည်။

"ဒါဆိုရင် ရှင်တို့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေနဲ့ မှိုတွေ စားချင်ရင် ကျွန်မဆီ လာခဲ့လို့ ရပါတယ်ရှင်…။"

သူမ၏ စကားကို ကြားသော် လုံယု၏ နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ပေါ်လာပြီး ပြောလိုက် သည်။

"မင်း ပြောတဲ့စကားကို ပြန်မရုတ်သိမ်းနဲ့နော်…။"

ယောင်ရန်ကလည်း ခေါင်းငြိမ့်လျက် ပြောလိုက်သည်။

"ဒါပေါ့…၊ ကျွန်မ အိမ်ကို အချိန်မရွေး လာလည်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်…။"

အခြားသူများမှာမူ လုံယု၏ နှုတ်ခမ်းထောင့်ရှိ ထိုအပြုံးကို မြင်လိုက်ရသည့်အခါ တစ်ခဏမျှ တိတ်ဆိတ် သွားပြီးနောက် ဘာမှမမြင်လိုက်ကျဟန်ဖြင့် မျက်နှာလွှဲလိုက်ကြသည်။

ရိက္ခာများ ခွဲဝေပြီးနောက် လုံယု၊ ဟွမ်ချန်နှင့် ရှီရွှမ်းတို့သည် ယောင်ရန်ကို ရိက္ခာများ သူမ၏ အခန်းသို့ သယ်ပေးရန် ကူညီကြသည်။ မနေ့ညက ရရှိခဲ့သော ရိက္ခာများနှင့်ဆိုလျှင် သူတို့အနေဖြင့် ခြောက်လခန့် အိမ်ထဲ၌ပင် ခပ်အေးအေးဖြင့် နေထိုင်နိုင်ပေပြီ။

သူတို့ သုံးယောက်ကို ပြန်လွှတ်ပြီးနောက် ယောင်ရန်သည် ရိက္ခာအားလုံးကို သူမ၏ နေရာလွတ် ထဲသို့ ထည့်လိုက်ပြီး မီးဖိုချောင်တွင် အနည်းငယ်သာ ချန်ထားလိုက်သည်။

မနေ့က အာဟာရမရှိသည့် အစားအစာများကိုသာ စားခဲ့ရသဖြင့် မနက်နိုးလာသောအခါ လည်ချောင်းနာ နေခဲ့သည်။ သူမသည် ဂန္ဓမာပန်းလက်ဖက်ရည်တစ်အိုး ဖျော်ကာ ဧည့်ခန်းသို့ ယူလာခဲ့လိုက်သည်။

ထို့နောက် ကြမ်းပြင်ပေါ်တွင် ထိုင်ကာ သူမ၏ နေရာလွတ်ထဲမှ ရှစ်မျိုးဟင်းဆန်ပြုတ်တစ်ပန်းကန်၊ ကြာစွယ်ချဉ်တစ်ပန်းကန်၊ ဟင်းသီးဟင်းရွက်ကြော်တစ်ပန်းကန်နှင့် ပေါက်စီများကို ထုတ်ယူလိုက် သည်။

ယောင်ရန် မနက်စာစားနေစဉ် မနေ့ညက တစ်စုံတစ်ယောက်၏ စောင့်ကြည့်ခြင်းကို ခံနေရသည့် ခံစားချက်ကို ပြန်လည်စဉ်းစားနေမိသည်။ ဤသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ လုံယုတို့ စူပါမား ကတ်မှ ပြန်လာစဉ်ကလည်း တစ်ကြိမ် ဖြစ်ခဲ့ဖူးသည်။

သူမ အကြာကြီး စဉ်းစားပြီးနောက် နာမည်တစ်ခုကို ရေရွတ်လိုက်သည်။

"လန်ကွမ်းဟွေ့လား…။"

ထိုသို့ မေးခွန်းထုတ်ပြီးနောက် ယောင်ရန်သည် ချက်ချင်းပင် ခေါင်းခါကာ ငြင်းဆိုလိုက်သည်။ အကယ် ၍ သူမကို စောင့်ကြည့်နေသူမှာ လန်ကွမ်းဟွေ့သာ မှန်ပါက သူမကို မြင်သည်နှင့် ထွက်လာပြီး ရိုက်နှက် ပေလိမ့်မည်။ သူ၏ စရိုက်အရ ပုန်းလျှိုးကွယ်လျှိုး နေမည့်သူ မဟုတ်ပေ။

သို့သော် လန်ကွမ်းဟွေ့မှလွဲ၍ ယောင်ရန်တွင် အခြား ရန်သူကြီးကြီးမားမား မရှိပေ။ အဖွဲ့အစည်းကမူ လူသားများ စွမ်းအားများ မရရှိသေးမီ သူမအကြောင်းကို ဘာမှသိဦးမည် မဟုတ်ပေ။

ယခင်ဘဝတွင် လန်ကွမ်းဟွေ့သည် သူမ၏ စွမ်းအားနှစ်မျိုးအကြောင်းကို အဖွဲ့အစည်းသို့ သတင်းပေး ခဲ့သူဖြစ်သည်။ သို့သော် ယခုဘဝတွင်မူ လန်ကွမ်းဟွေ့သည် သူမ၏ စွမ်းအားများအကြောင်း ဘာမှမ သိသေးပေ။ အဖွဲ့အစည်းသည်လည်း သူမကဲ့သို့ အမည်မသိလူတစ်ယောက်ကို ဘယ်သောအခါမှ အာရုံ စိုက်မည် မဟုတ်ပေ။

ယခုမူ သံသယရှိသူစာရင်းမှ ရန်သူနှစ်ဦးစလုံးကို ဖယ်ရှားလိုက်သည့်အခါ အဖြေက တစ်ခုသာရှိတော့ သည်။ အချို့လူများသည် ရိက္ခာများအတွက် သူတို့ကို ပစ်မှတ်ထားနေကြခြင်းပင် ဖြစ်သည်။

အဖြေကို သိသွားပြီးနောက် ယောင်ရန်သည် အေးအေးဆေးဆေးပင် မနက်စာစားပြီး ပန်းကန်များကို ဆေးကြောလိုက်လေသည်။

မနေ့ညက ပြန်ရောက်ချိန်တွင် ရုံးအဆောက်အအုံမှ ရရှိလာသော ရိက္ခာများကို စာရင်းမလုပ်နိုင်ခဲ့ပေ။ ယောင်ရန် သူမ၏ နေရာလွတ် ထဲသို့ ဝင်လိုက်သည့်အခါ သူမရှေ့မှ ပြောင်းလဲမှုများကို မြင်ပြီး အံ့အားသင့်သွားခဲ့လေသည်။

စိုက်ပျိုးမြေ၊ မြက်ခင်းပြင်၊ ငါးကန်နှင့် ကုန်လှောင်ရုံများ၏ ဧရိယာမှာ နှစ်ဆ တိုးလာပြီး ဗီလာအိမ်ငယ် လေးမှာလည်း ပို၍ ကြီးမားလာခဲ့ သည်။ ယောင်ရန်သည် ရေကန်ဆီသို့ လျှောက်သွားလိုက်ရာ ရေ၏ အရည်အသွေး အပြောင်းအလဲအချို့မှလွဲ၍ ရေကန်မှာ မပြောင်းလဲသည်ကို တွေ့ရသည်။

နေရောင်အောက်တွင် တောက်ပနေသော ရေကန်မျက်နှာပြင်ကို ကြည့်ရင်း ယောင်ရန်သည် ကန်နားတွင် ဆောင့်ကြောင့်ထိုင်ကာ လက်ဖြင့် ရေကို ခပ်ယူလိုက်သည်။ ရေအနည်းငယ် သောက်လိုက်သည့်အခါ သူမ၏ မျက်လုံးများမှာ ဝမ်းသာအားရမှုဖြင့် ပြည့်နှက်သွားတော့သည်။

"ရေရဲ့ ကုသနိုင်စွမ်းက ပိုပြီး အားကောင်းလာပြီပဲ။ ဒါဟာ တကယ့်ကို ကောင်းတဲ့ကိစ္စပဲ..။ ဒီရေကန်သာ ရှိနေရင် အနာဂတ်မှာ ကြုံရမယ့် နျူကလီးယား ရေဒီယိုသတ္တိကြွမှုတွေကို ငါ ကျော်ဖြတ်နိုင်မှာပဲ…။"

ရေကန်ကို စစ်ဆေးပြီးနောက် သူမ ဗီလာထဲသို့ ဝင်ခဲ့လိုက်သည်။ ဗီလာမှာ ပိုကြီးလာပြီး ပထမထပ်တွင် အိပ်ခန်းနှစ်ခန်း ထပ်တိုးလာခဲ့လေသည်။

ယောင်ရန်သည် ဗီလာကို လှည့်ပတ်ကြည့်ရှုရာ အိပ်ခန်းအသစ်နှစ်ခန်းအပြင် ဧည့်ခန်းမှာလည်း စတုရန်း မီတာ (၂၀) ခန့် ကျယ်လာပြီး ရေချိုးခန်းမှာလည်း (၅) စတုရန်းမီတာခန့် ပိုကျယ်လာသည်ကို တွေ့လိုက်ရ သည်။ မီးဖိုချောင်နှင့် ဝရန်တာတို့မှာလည်း စတုရန်းမီတာ (၂၀) ခန့် ကျယ်လာသလို သိုလှောင်ခန်းနှင့် ရေခဲခန်းတို့မှာလည်း ယခင်ကထက် နှစ်ဆ ပိုမိုကြီးမားလာခဲ့လေသည်။

All Chapters