အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
အခန်း (၇၃)
မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်သုံးဦး (၁)
ယောင်ရန်သည် သူမ၏ နေရာလွတ် တိုးချဲ့လာမှုအပေါ် ကျေနပ်နေပြီး စိုက်ပျိုးမြေတွင် သစ်သီးပျိုးပင် များကို ထပ်မံစိုက်ပျိုးထားလိုက်လေသည်။ ယခုအခါ သူမတွင် (၃၂) ဧကကျယ်သော စိုက်ပျိုးမြေ ရှိနေပြီဖြစ်ရာ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် ကောက်ပဲသီးနှံများကို လုံလောက်စွာ စိုက်ပျိုးနိုင်ပေပြီဖြစ်၏။
သစ်သီးပျိုးပင်များနှင့် ကန်စွန်းဥ (၁၀) ဧကကျော်ကို စိုက်ပျိုးပြီးနောက် ယောင်ရန်သည် ဆေးဖက်ဝင် ရတနာပင်မျိုးစုံကိုလည်း (၅) ဧကကျော် စိုက်ပျိုးလိုက်သည်။ ထို့နောက် ကုန်လှောင်ရုံဧရိယာသို့ သွား ကာ အသစ်ရောက်ရှိလာသော ရိက္ခာပစ္စည်းများကို စနစ်တကျ အစီစဉ်ချလေတော့သည်။
ကံကောင်းထောက်မစွာဖြင့် သူမသည် ယခင်က စင်များကို အများအပြား ဝယ်ယူထားခဲ့သဖြင့်သာ ဖြစ် ပေသည်။ သို့မဟုတ်ပါက ဤမျှများပြားသော ရိက္ခာများမှာ ရှုပ်ထွေးပြန့်ကျဲနေပေလိမ့်မည်။
ငါးနာရီခန့် ကြာပြီးနောက် ယောင်ရန်သည် အစီအစဉ်တကျ ဖြစ်သွားသော ရိက္ခာများကို ကြည့်ကာ ကျေနပ်သွားလေတော့သည်။ နေရာလွတ်ထဲမှ မထွက်ခွာမီ ဗီလာဧည့်ခန်းထဲတွင် လွင့်မျောနေသော အချိန်ကို ကြည့်လိုက်ရာ နေရာလွတ်၏ (၄) ကြိမ်မြောက် အဆင့်မြှင့်တင်မှုအပြီးတွင် တိုးလာသော အချိန်ပမာဏမှာ နေ့စဉ် ပုံသေဖြစ်နေသည်ကို တွေ့ရသည်။
ယောင်ရန်က သက်ပြင်းချလိုက်ရင်း အရေးပေါ်အခြေအနေအတွက် အချိန်များကို ပိုမိုစုဆောင်းထားရန် လိုအပ်ကြောင်း တွေးလိုက်မိသည်။ အချိန်ပိုမိုရရှိစေရန်အတွက် သူမသည် နေရာလွတ်ထဲမှ အမြန်ပြန် ထွက်ခဲ့လိုက်လေသည်။
သူမ နေရာလွတ်ထဲမှ ထွက်လာသည်နှင့် တံခါးခေါက်သံ ကြားလိုက်ရသည်။ ယောင်ရန် တံခါးသွားဖွင့် လိုက်ရာ လုံယုကို တွေ့လိုက်ရလေ၏။
"ယောင်ရန်၊ ငါတို့ မနေ့ညက သွားခဲ့တဲ့ နေရာနားက တခြားရုံးအဆောက်အအုံတွေကို သွားကြမလို့။ မင်း အတူလိုက်ခဲ့အုန်းမလား…။"
ယောင်ရန် ခဏစဉ်းစားပြီးနောက် မေးလိုက်သည်။
"ဒီနေ့ ဘယ်သူတွေ အိမ်မှာ ကျန်ခဲ့မှာလဲ…။"
"ရှီရွှမ်းကတော့ လှေမောင်းဖို့အတွက် ငါတို့နဲ့ အတူလိုက်ရမယ်။ ဒါကြောင့် ဟွမ်ကျိဟွေးနဲ့ တန်ချီချီကိုပဲ အထပ်( ၂၀) ကို စောင့်ရှောက်ဖို့ ချန်ထားခဲ့ဖို့ ဆုံးဖြတ်လိုက်တယ်။ နေ့ခင်းဘက် အပြင်ထွက်တာက ပိုပြီး အန္တရာယ်များတော့ သူတို့အတွက် အိမ်မှာနေတာက ပိုစိတ်ချရတယ်လေ…။"
လုံယုက ပြန်ဖြေလိုက်လေသည်။
သူ၏ ရှင်းပြချက်ကို ကြားသော် ယောင်ရန် မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ သူမက သူ့ကို ကြည့်ကာ ပြောလိုက်လေသည်။
"မနေ့ညက တစ်ယောက်ယောက် ကျွန်မတို့ကို စောင့်ကြည့်နေသလို ခံစားရတယ်။ အကယ်၍ ဒီနေ့ ကျိဟွေးနဲ့ ချီချီ နှစ်ယောက်တည်းကိုပဲ အိမ်မှာ ထားခဲ့ရင် မနေ့ညက ကျွန်မတို့ကို စောင့်ကြည့်နေတဲ့ သူတွေက ဒီနေ့ တိုက်ခိုက်ဖို့ ဆုံးဖြတ်လာနိုင်တယ်…။"
လုံယု ခဏစဉ်းစားပြီးနောက် ပြောလိုက်လေသည်။
"ငါ သူတို့ကို အရင်သွားပြောလိုက်မယ်။ မင်း အဆင်သင့်ပြင်ပြီး အခန်း (၂၀၀၁) ကို လာခဲ့လိုက်ပါ…။"
"ကောင်းပါပြီ…"
ယောင်ရန်က ခေါင်းငြိမ့်လျက် ပြန်ပြောလိုက်၏။
ယောင်ရန် အပြင်ထွက်ရန် ပြင်ဆင်နေစဉ် လုံယုသည် အခန်း( ၂၀၀၁) တံခါးကို သွားခေါက်လိုက်သည်။ ဟွမ်ချန်က လုံယု ပြန်လာသည်ကို မြင်သောအခါ…
"ခေါင်းဆောင်၊ ယောင်ရန် အတူလိုက်မှာလား…။" ဟုမေးလိုက်လေသည်။
လုံယုက ခေါင်းငြိမ့်ပြကာ..
"အေး၊ လိုက်မယ်တဲ့။ ဒါပေမဲ့ ဒီနေ့ အိမ်မှာ မင်းနှမနဲ့ တန်ချီချီ နှစ်ယောက်တည်း ကျန်မှာကို သူက စိုးရိမ် နေတယ်…။"
လုံယု စကားအဆုံးတွင် ကျားရှန်း ကရောက်လာခဲ့ပြီး…၊
"စိတ်မပူပါနဲ့ ခေါင်းဆောင်။ ငါ သူတို့ကို တစ်လနီးပါး လေ့ကျင့်ပေးထားတာပဲ။ အောက်ထပ်က လူတွေ တက်လာရင်တောင် သူတို့ အေးအေးဆေးဆေး ကိုင်တွယ်နိုင်ပါတယ်။ တံခါးကိုသာ အထဲကနေ ပိတ် ထားရင် ဘာမှမဖြစ်ပါဘူး…။" ဟု ပြောလိုက်လေသည်။
ကျားရှန်းက ထိုသို့ အာမခံသဖြင့် လုံယုလည်း ခေါင်းငြိမ့်လိုက်ပြီး ဘာမှထပ်မပြောတော့ပေ။
ယောင်ရန်ကို စောင့်နေစဉ်အတွင်း လုံယုက ယောင်ရန်၏ သံသယကို ပြောပြလိုက်လေသည်။
"မနေ့ညက တစ်ယောက်ယောက်က စောင့်ကြည့်နေသလို ခံစားရတယ်လို့ ယောင်ရန်က ငါ့ကို ပြောတယ်။ ဒီတစ်ခါ အပြင်ထွက်ရင် ငါတို့ သတိထားရမယ်။ ငါတို့ကို တစ်ယောက်ယောက်က ပစ်မှတ်ထားနေပုံပဲတဲ့…။"
ဟွမ်ချန်နှင့် ကျားရှန်းတို့သည် ထိုစကားကို ကြားသောအခါ မျက်နှာများ တည်သွားကြလေသည်။ သူတို့ နှစ်ဦးစလုံး ခေါင်းငြိမ့်ပြကာ ယောင်ရန်ကို လုံယုနှင့်အတူ ထိုင်စောင့်နေလေတော့သည်။
ငါးမိနစ်ခန့်အကြာတွင် ယောင်ရန်သည် ကျောပိုးအိတ်တစ်လုံးနှင့် ဓားရှည်တစ်လက်ကို ကျောတွင် လွယ်ကာ အခန်း (၂၀၀၁) တံခါးကို ခေါက်လိုက်သည်။ သူမ ရောက်လာသည်ကို မြင်သော် လုံယုနှင့် အခြားသူများသည်လည်း ကျောပိုးအိတ်များကို ကောက်လွယ်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။
သို့သော် လှေကားရှိ သံမဏိတံခါးကို မဖွင့်မီမှာပင် အပြင်ဘက်ရှိ သံမဏိတံခါးကို တစ်စုံတစ်ယောက်က လာခေါက်လိုက်သည်။ သူတို့ငါးဦးစလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ယောင်ရန်က အတွင်းဘက် သံမဏိတံခါးကို ဖွင့်ကာ အပြင်ဘက်တံခါး၏ မှန်ပြတင်းမှတစ်ဆင့် လှမ်းကြည့်လိုက် လေသည်။
ပိန်ချိ ညစ်ပတ်နေသော လူလတ်ပိုင်းအမျိုးသားတစ်ဦး တံခါးကို ခေါက်နေသည်ကို မြင်လိုက်ရသည့် အခါ သူမ အေးစက်စွာ ပြုံးလိုက်တော့သည်။
သူမ၏ အမူအရာ ပြောင်းလဲသွားသည်ကို လုံယု သတိထားမိသဖြင့် အသံကိုနှိမ့်ကာ မေးလိုက်သည်။
"ယောင်ရန်၊ ဘာဖြစ်လို့လဲ…။"
ယောင်ရန်က အခြားသူများဘက်သို့ လှည့်ကာ အားနာဟန်ဖြင့် ပြုံးပြရင်း..
"တောင်းပန်ပါတယ်။ ဒီနေ့တော့ ကျွန်မ ရှင်တို့နဲ့ အတူမလိုက်နိုင်တော့ဘူး ထင်တယ်…။"
လုံယု ဘာကြောင့်လဲဟု မမေးနိုင်မီမှာပင် အပြင်ဘက်မှ လူ၏ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက် ရသည်။
"ယောင်ရန်… တံခါးဖွင့်စမ်း။ မင်း ဒီမှာရှိနေတာ ငါသိတယ်… ကောင်မစုတ် ငါ့ကို တံခါးဖွင့်ပေးစမ်း…။"
ထိုဆဲဆိုသံကို ကြားလိုက်ရသည့်အခါ သူတို့အားလုံး၏ မျက်နှာများမှာ မှောင်ကျသွားတော့သည်။ သူတို့ ယောင်ရန်ကို ကြည့်လိုက်ရာ သူမက ပြုံးနေသည်ကို တွေ့ရသည်။
လုံယုသည် ဆုပ်ထားသော လက်သီးများကို ဖြေလျှော့လိုက်ပြီး မေးလိုက်သည်။
"မင်း သူ့ကို သိလို့လား…။"
ယောင်ရန်က သက်ပြင်းတစ်ချက်ချကာ ခေါင်းငြိမ့်ပြလိုက်လေသည်။
"ကံမကောင်းစွာနဲ့ပဲ ကျွန်မ သူ့ကို သိနေတယ်…။"
သူမ၏ အဖြေကို ကြားသော် လုံယုနှင့် အခြားသူများ တိတ်ဆိတ်သွားခဲ့ကြလေတော့သည်။ ထိုလူမှာ ယောင်ရန်၏ အသိအကျွမ်းဖြစ်နေသဖြင့် သူတို့အနေဖြင့် ဝင်ရောက်ဆုံးဖြတ်ပေး၍ မရပေ။
သူတို့ တိတ်ဆိတ်သွားသည်ကို မြင်သော် ယောင်ရန်က ၊
"စိတ်မပူကြပါနဲ့။ ကျွန်မ သူ့ကို ကိုင်တွယ်နိုင်ပါတယ်။ ရှင်တို့ အမြန်သွားကြတော့။ မဟုတ်ရင် ဒီနေ့ ရိက္ခာတွေ ဘာမှရမှာ မဟုတ်ဘူး…။" ဟု ပြောလိုက်လေသည်။
သူတို့ ဆက်နေလည်း သူမအတွက် ဘာမှထူးမည်မဟုတ်သဖြင့် လုံယုနှင့် အခြားသူများလည်း သဘော တူလိုက်ကြ၏။ မထွက်ခွာမီ လုံယုက စိတ်မချဟန်ဖြင့်…၊
"သတိထားနော်…."
ယောင်ရန်က သူ့ကို နားမလည်နိုင်သော အပြုံးဖြင့် ကြည့်ကာ ၊
"အင်း... စိတ်ချပါ…။" ဟုသာ ပြန်ပြောလိုက်လေသည်။
ထို့နောက် သူမသည် အပြင်ဘက် သံမဏိတံခါးကို ဖွင့်လိုက်လေသည်။ လန်ကွမ်းဟွေ့သည် ယောင်ရန် ကို ဆဲဆိုရန် ပြင်လိုက်သော်လည်း လုံယု၏ အေးစက်လှသော မျက်လုံးများနှင့် တိုးသွားတော့သည်။
လုံယု၏ သတ်ဖြတ်လိုသော အရှိန်အဝါကို ခံစားလိုက်ရသဖြင့် လန်ကွမ်းဟွေ့သည် အလိုလိုပင် ဘေးသို့ အနည်းငယ် ကပ်ပေးလိုက်မိသည်။
လုံယုသည် လန်ကွမ်းဟွေ့၏ ဘေးမှ ဖြတ်သွားစဉ် ခေတ္တရပ်ကာ သတိပေးသည့် အကြည့်ဖြင့် ကြည့်ပြီး နောက် အခြားသူများနှင့်အတူ ထွက်ခွာသွားခဲ့လေသည်။
ထိုနေရာတွင် လန်ကွမ်းဟွေ့အပြင် ချန်မေလင်နှင့် လန်လီဖေးတို့လည်း ပါလာကြလေသည်။
လန်လီဖေးသည် ဟွမ်ချန်နှင့် ရှီရွှမ်းတို့ကို မြင်လိုက်ရသည့်အခါ မျက်လုံးများ တောက်ပသွားတော့သည်။ ယခုခေတ်တွင် သန့်ရှင်းသပ်ရပ်ပြီး သန်မာထွားကြိုင်းသည့် ခန့်ညားသော အမျိုးသားများကို တွေ့ရခဲလှ သည် မဟုတ်ပါလား။
သို့သော် လုံယုကို မြင်လိုက်ရသည့်အခါတွင်မူ လန်လီဖေး မှင်တက်သွားတော့ သည်။ လုံယု သူတို့၏ အမြင်အာရုံမှ ပျောက်ကွယ်သွားသည်အထိ သူမ မမှိတ်မသုန် စိုက်ကြည့်နေမိ လေသည်။
လှေကားထိပ်တွင် ရပ်နေသော ယောင်ရန်သည် ထိုမြင်ကွင်းအားလုံးကို ရှင်းလင်းစွာ မြင်နေရသည်။ လန်လီဖေးက လုံယုကို ကြည့်နေသည့် ပုံစံကို မြင်လိုက်ရသည့်အခါ ယောင်ရန်သည် တစ်စုံတစ်ခုကို တွေးတောနေဟန်ဖြင့် သူမကို စိုက်ကြည့်နေမိတော့သည်။
အခန်း (၇၄)
မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်သုံးဦး (၂)
အရင်တုန်းကဆိုလျှင် လန်လီဖေးသည် အမျိုးသားများကို ဤသို့ စိုက်ကြည့်လေ့မရှိပေ။ အလွန်ဆုံးရှိလှ ခန့်ညားပြီး ဆွဲဆောင်မှုရှိသည့် အမျိုးသားများကို တစ်ချက်နှစ်ချက် ခိုးကြည့်ရုံမျှသာ ဖြစ်သည်။
လန်လီဖေး အနှစ်သက်ဆုံးအရာမှာ အမျိုးသားများမဟုတ်ဘဲ ငွေကြေးသာ ဖြစ်သည်။
သို့သော် ယခုမူ လန်လီဖေးသည် သူမ၏ အဖွဲ့သား သုံးယောက်စလုံးကို ဝါးစားမတတ် စိုက်ကြည့်နေပြီး သူတို့၏ အဝတ်အစားများကိုပါ ချွတ်ပစ်ချင်နေသည့် ပုံစံမျိုး ဖြစ်နေသည်။ လုံယုကို မြင်လိုက်ရသည့် အချိန်တွင် သူမ၏ သွားရည်များပင် ကျနေမလားဟု ယောင်ရန် ထင်လိုက်မိသည်။ သူမ၏ မျက်လုံးထဲရှိ လောဘနှင့် ရာဂစိတ်များမှာ အထင်သားပေါ်လွင်နေသဖြင့် ယောင်ရန်အနေဖြင့် လျစ်လျူရှု၍ မရနိုင် တော့ပေ။
ယောင်ရန်သည် လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ပိုက်လိုက်ပြီး တံခါးဘောင်ကို မှီလျက် သူတို့ သုံးယောက်ကို ပြုံးပြီးမေးလိုက်လေသည်။
"ရှင်တို့ သုံးယောက် ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ…။"
လန်ကွမ်းဟွေ့နှင့် အခြားသူများသည် သူမ၏ မေးခွန်းကို ကြားသောအခါ သတိပြန်ဝင်လာပြီး သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။
လန်ကွမ်းဟွေ့က ယောင်ရန် လက်ညှိုးငေါ့ငေါ့ထိုးကာ မာန်မဲလိုက်လေသည်။
"မင်းက မေးတောင် မေးရဲသေးတယ်လား…။ ငါ့အိမ်ကို ဓားပြတိုက်ပြီး ငါတို့ကို ထောင်ထဲပို့ခဲ့တာတောင် မင်းက မေးရဲသေးတယ်ပေါ့…။"
သူ အော်လိုက်သည့် အသံကြောင့် ယောင်ရန်၏ နားထဲတွင် အတော်လေး အူသွားပြီး သူမ၏ အပြုံးများ ပျောက်ကွယ်သွားတော့သည်။ သူမက သူ့ကို အေးစက်စွာ ကြည့်လိုက်ပြီး ပြန်၍ခြိမ်းခြောက်လိုက်၏။
"အော်မနေနဲ့…၊ မဟုတ်ရင် ကျွန်မ ရှင့်လျှာကို ဆွဲဖြတ်ပစ်မယ်…။"
သူမ၏ စကားအဆုံးတွင် လန်ကွမ်းဟွေ့မှာ ဆွံ့အသွားပြီး ကျောရိုးထဲအထိ ချမ်းစိမ့်သွားသလို ခံစားလိုက်ရလေသည်။
သူသည် ယောင်ရန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်ကာ တွေးလိုက်မိသည်။
*ဒီမိန်းမက ငါသိတဲ့ အမြဲတမ်း ကြောက်လန့်နေတတ်တဲ့ ယောင်ရန် ကောဟုတ်ရဲ့လား…။ အခုတော့ ငါ့ကိုတောင် ခြိမ်းခြောက်ရဲနေပြီလား…။*
သူ ကြောင်အသွားစဉ်မှာပင် ချန်မေလင်က နောက်မှ အမြန်ထွက်လာခဲ့သည်။ သူမက ယောင်ရန်ကို ချိုသာစွာ ပြုံးပြပြီး လက်ကို ကိုင်ရန် ကြိုးစားသော်လည်း ယောင်ရန်က ရွံရှာစွာဖြင့် ရှောင်လိုက်သည်။
ယောင်ရန်၏ ရွံရှာသောအကြည့်ကို မြင်လိုက်ရသည့်အခါ ချန်မေလင် အလွန်ဒေါသထွက်သွား သော်လည်း ဟန်ဆောင်ပြုံးလျက် ညင်သာစွာ ပြောလိုက်သည်။
"ရန်ရန်…၊ ကျွန်မတို့ကို ဘာလို့ ဒီမှာ နေနေတာကို မပြောတာလဲ..။ သမီးအဖေက သမီးကို ဘယ်လောက် တောင် လိုက်ရှာနေရလဲ သိရဲ့လား။ အန်တီတို့ အားလုံး သမီးအတွက် အရမ်းစိုးရိမ်နေကြတာ…။"
ပြောပြီးနောက် ချန်မေလင်သည် လန်လီဖေးကို လှမ်းကြည့်လိုက်သည်။ သူမ၏ သမီးဖြစ်သူမှာ အောက် ထပ်သို့ ကြောင်တောင်တောင်ဖြင့် ငေးကြည့်နေဆဲဖြစ်သည်ကို မြင်သောအခါ လန်လီဖေး၏ လက် မောင်းကို အသာအယာ ဆွဲညှစ်လိုက်ပြီး ယောင်ရန်ကို စကားပြောရန် အချက်ပြလိုက်လေသည်။
လန်လီဖေးသည် လှေကားဘက်မှ သူမ၏ အကြည့်ကို မလွှဲချင်လွှဲချင်ဖြင့် လွှဲလိုက်ပြီး ယောင်ရန်ကို ပြုံးပြလိုက်လေသည်။
"မေမေ ပြောတာ မှန်တယ်။ ရန်ရန်.. ရှင့် ကြည့်ရတာ အဆင်ပြေပုံပဲနော်။ ဒီမှာ တစ်ယောက်တည်း နေတာလား…။"
ယောင်ရန်သည် သူတို့၏ ဟန်ဆောင်နေသည်များကို ကြည့်နေရင်း မေးလိုက်သည်။
"ဘာလဲ…။ ရှင်တို့ပါ ဒီမှာ လာနေချင်လို့လား…။"
လန်ကွမ်းဟွေ့က ထိုစကားကို ကြားသောအခါ နှာခေါင်းရှုံ့လျက် ပြောလိုက်လေသည်။
"ငါက မင်းနဲ့အတူ လာနေပေးတာကိုပဲ မင်းအတွက် ဂုဏ်ယူစရာလို့ မှတ်စမ်းပါ။ ခေါင်းမာမနေဘဲ ငါတို့ကို တံခါးဖွင့်ပေးစမ်း…။"
သူ၏ စကားကို ကြားသည့်အခါ ယောင်ရန် ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရလေသည်။
လန်ကွမ်းဟွေ့အနေဖြင့် အဖွဲ့အစည်းအကြောင်း မည်မျှအထိ သိထားသည်ကို သူမ စုံစမ်းရန် လိုအပ် သေးသည်။ သူတို့ကိုယ်တိုင်က သူမဆီကို အလိုက်သင့် ရောက်လာပြီဖြစ်ရာ ယောင်ရန်အနေဖြင့် ငြင်းဆန်ရန် အကြောင်းမရှိပေ။
သူမသည် ပြုံးလျက် ဘေးသို့ ဖယ်ပေးလိုက်ပြီး ဖိတ်ခေါ်လိုက်လေသည်။
"ကောင်းပါပြီ…။ ကျွန်မနောက်ကို လိုက်ခဲ့ကြပါ…။"
ယောင်ရန်သည် အရင်ကကဲ့သို့ ကြောက်တတ်ပြီး ပျော့ညံ့သူဟု ထင်မှတ်ကာ လန်ကွမ်းဟွေ့က သူမကို ရွံရှာစွာ ကြည့်ရင်း သံမဏိတံခါးနှစ်ချပ်ကို ဖြတ်ကျော်ဝင်လာခဲ့လေသည်။
လန်လီဖေးသည် ယောင်ရန်၏ ဘေးမှ ဖြတ်သွားစဉ် ခေတ္တရပ်ကာ မေးလိုက်လေသည်။
"စောစောက အမျိုးသား... ကျွန်မ မေးတာ၊ ရှင် သူနဲ့ သိတာလား…။"
ယောင်ရန်က မသိချင်ယောင်ဆောင်ကာ ပြန်မေးလိုက်လေသည်။
"ဘယ်သူလဲ…။"
လန်လီဖေးသည် လုံယု၏ ခန့်ညားသော မျက်နှာကို တွေးမိကာ ရှက်သွေးဖြာသွားပြီး ယောင်ရန်ကို စိတ်တိုဟန်ဖြင့် စိုက်ကြည့်လိုက်လေသည်။
"အချောဆုံးနဲ့ အရပ်အရှည်ဆုံးလူလေ။ သူ့နာမည်က ဘယ်လိုခေါ်လဲ…။"
ယောင်ရန်က ပခုံးတွန့်ပြကာ အေးအေးဆေးဆေးပင် လိမ်ပြောလိုက်လေသည်။
"ကျွန်မ မသိပါဘူး။ ဒီကို ပြောင်းလာတာ မကြာသေးတော့ ဘယ်သူနဲ့မှ စကားမပြောဖူးသေးဘူး…။"
လန်လီဖေးသည် ယောင်ရန်၏ အသိဉာဏ်မဲ့မှုကို လှောင်ရယ်လိုက်သော်လည်း စိတ်ထဲတွင်တော့ ဝမ်းသာသွားခဲ့လေသည်။
ယောင်ရန်က ထိုအမျိုးသားကို မသိသဖြင့် သူမအနေဖြင့် ထိုလူနှင့် နီးစပ်ခွင့် ပိုရှိသွားပေလိမ့်မည်။ အကယ်၍ ထိုအမျိုးသားများကို သူမ ပိုင်ဆိုင်နိုင်လျှင် အနာဂတ်တွင် သူမ၏ဘဝမှာ ပို၍ ကောင်းမွန် လာပေလိမ့်မည်။ ထို့ပြင် ခန့်ညားပြီး အားကိုးရသည့် အမျိုးသားများ အနားမှာ ရှိနေသည်ကို မည်သူက ငြင်းဆန်ပါမည်နည်း။
ရှက်သွေးဖြာနေသည့် မျက်နှာနှင့် တွက်ကပ်တတ်သော မျက်လုံးများဖြင့် ထွက်ခွာသွားသည့် လန်လီဖေး ကို ယောင်ရန် စောင့်ကြည့်နေမိသည်။
သူမသည် အောက်ထပ်သို့ ငုံ့ကြည့်ရင်း တီးတိုးရေရွတ်လိုက်လေသည်။
'ကြည့်ရတာ ခန့်ညားလွန်းတာကလည်း ဒုက္ခတွေ အများကြီး သယ်လာတာပဲ…။'
ယောင်ရန်သည် သံမဏိတံခါးများကို သော့ခတ်လိုက်ပြီး လန်လီဖေး၏နောက်မှ အိမ်ထဲသို့ လိုက်ဝင် သွားရင်း တွေးနေမိလေသည်။
*ရှေးလူကြီးတွေ ပြောတာ တကယ်မှန်တာပဲ။ ခန့်ညားတဲ့ အမျိုးသားတွေကို ကြည့်လို့၊ အားကျလို့ ရပေမဲ့ သူတို့ကိုတော့ လုံးဝ အားမကိုးမိစေနဲ့။ ဒီလိုမျိုး နံစော်နေတဲ့ မက်မွန်ပန်းတွေ (ရှုပ်ထွေးတဲ့ အချစ်ရေး) ကို ရှင်းထုတ်ရတာက တကယ့်ကို အလုပ်ရှုပ်စရာပဲ…။*
အိမ်ထဲသို့ ဝင်ခါနီးတွင် တန်ချီချီက အခန်း (၂၀၀၁) တံခါးကို ဖွင့်ကာ သူမကို လှမ်းနှုတ်ဆက်ရန် ပြင်နေ သည်ကို မြင်လိုက်ရသည်။ ယောင်ရန်က တန်ချီချီကို ကြည့်ကာ ခေါင်းခါပြလိုက်ပြီး "ကျွန်မကို မသိသ လိုပဲ နေလိုက်ပါ" ဟူသော အမူအရာဖြင့်အချက်ပြ လိုက်လေသည်။
တန်ချီချီက သူမ ဘာကို ဆိုလိုသည်ကို မမေးနိုင်မီမှာပင် ယောင်ရန်သည် အထဲသို့ ဝင်သွားပြီး တံခါးကို ပိတ်လိုက်လေတော့သည်။
"ချီချီ၊ ဘာလုပ်နေတာလဲ…။"
ဟွမ်ကျိဟွေးက ကြက်ဥခေါက်ဆွဲ နှစ်ပန်းကန်ကို ကိုင်လျက် မီးဖိုချောင်ထဲမှ ထွက်လာရင်း မေးလိုက် သည်။
တန်ချီချီက တံခါးကို ပိတ်လိုက်ပြီး ပြောလိုက်သည်။
"မမယောင်ရန်ကို တစ်ယောက်ယောက် အော်ဟစ်နေတာ ကြားလို့ ဘာဖြစ်လဲ သွားကြည့်တာ။ ဒါပေမဲ့ ခုနက မမက သူ့ကို မသိသလိုပဲ နေဖို့ ပြောသွားတယ်။ ကြည့်ရတာ အဲ့ဒီလူတွေကို ကျွန်မတို့နဲ့ ပတ်သက် တာ မသိစေချင်တဲ့ပုံပဲ…။"
ဟွမ်ကျိဟွေးက ခဏစဉ်းစားပြီးနောက်
"မမယောင်ရန်က အဲ့လိုပြောတယ်ဆိုမှတော့ သူ ခိုင်းတဲ့အတိုင်းပဲ လုပ်ကြတာပေါ့…။" ဟုပြောလိုက် လေသည်။
တန်ချီချီ ခေါင်းငြိမ့်ပြကာ တံခါးကို သေသေချာချာ ပိတ်လိုက်ပြီး သူတို့နှစ်ဦး ရိုးရှင်းသော နေ့လယ်စာကို အတူတူ စားလိုက်ကြလေသည်။
ယောင်ရန်သည် သံမဏိတံခါး သုံးချပ်လုံးကို သော့ခတ်ပြီးနောက် တံခါးဝတွင် ရပ်ကာ သူမ၏ အိမ်ခန်း အတွင်း လိုက်လံကြည့်ရှုနေကြသည့် လန်ကွမ်းဟွေ့၊ ချန်မေလင်နှင့် လန်လီဖေးတို့ကို စောင့်ကြည့် နေလိုက်သည်။
ဗလာကျင်းနေသော ဧည့်ခန်းကို ကြည့်ရင်း လန်ကွမ်းဟွေ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"မင်း ဘာလို့ ပရိဘောဂတွေ မဝယ်တာလဲ…။ ဒီလိုပုံစံနဲ့ ငါတို့ ဘယ်လိုနေရမှာလဲ…။"
သူ ဆက်လက်၍ ညည်းညူခြင်းမပြုမီ မီးဖိုချောင်ထဲမှ ချန်မေလင်၏ စိတ်လှုပ်ရှားနေသော အသံ ထွက်ပေါ်လာသည်။
"အမလေး… လာကြည့်ပါဦး။ သူ့မှာ စားစရာတွေ အများကြီးပဲ…။"
လန်ကွမ်းဟွေ့သည် စားစရာရှိသည်ဟု ကြားသည်နှင့် မီးဖိုချောင်သို့ အပြေးအလွှား သွားကြည့်လေ တော့သည်။ သူတို့နှစ်ဦး မီးဖိုချောင်ထဲတွင် မွှေနှောက်နေစဉ် လန်လီဖေးသည် အဓိက အိပ်ခန်းကို စစ်ဆေးပြီးနောက် စိုက်ပျိုးခန်းများအဖြစ် ပြောင်းလဲထားသည့် ဧည့်သည်အိပ်ခန်း နှစ်ခန်းသို့ သွားလိုက် သည်။
ယောင်ရန်သည် ထိုအခန်းနှစ်ခန်းထဲတွင် ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများနှင့် မှိုများကို အများ အပြား စိုက်ပျိုးထားသည်ကို မြင်လိုက်ရသည့်အခါ သူမ အလွန်ဝမ်းသာသွားပြီး အော်ဟစ်လိုက်လေ တော့သည်။
"ဖေဖေ…၊ မေမေ…၊ ဒီမှာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ အများကြီးပဲ။ လာကြည့်ကြပါဦး…။"