← Chapters

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅)

ယောင်ရန်၏ သံသယ

လန်လီဖေးသည် စိုက်ပျိုးခန်းထဲမှ ထွက်လာသည့်အခါ သူမ၏ လက်မောင်းထဲတွင် နီရဲနေသော ခရမ်းချဉ် သီးအကြီးကြီး အချို့ကို ပိုက်ထားလေသည်။ သူမ၏ ပါးစပ်ထဲသို့ ခရမ်းချဉ်သီးများကို အငမ်း မရ သွတ်သွင်းနေပုံကို ကြည့်ရင်း ယောင်ရန်၏ မျက်လုံးများတွင် ရွံရှာသော အရိပ်အယောင်များက ပေါ်လွင်နေတော့သည်။

မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်သုံးဦးမှာ အိမ်ထဲတွင် မွှေနှောက်စားသောက်ပြီးနောက် ဗိုက်ကားသွားသည့်အခါ ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် အားရပါးရ ပစ်လှဲလိုက်ကြတော့သည်။

ယောင်ရန် တံခါးဝတွင် ရပ်နေဆဲဖြစ်သည်ကို မြင်လိုက်ရသည့်အခါ လန်ကွမ်းဟွေ့က မျက်မှောင်ကြုတ် လျက် မာန်မဲလိုက်လေသည်။

"မင်း ဘာရပ်လုပ်နေတာလဲ…။ အခုထိ နေ့လယ်စာ မချက်သေးဘူးလား…။ ငါ့ကို ငတ်သေအောင် လုပ်နေတာလား။ အမြန်သွားစမ်း…။ အပျင်းထူမနေနဲ့…။"

ယောင်ရန်၏ မျက်လုံးများ ပိုမိုအေးစက်သွားသော်လည်း သူမက ပြုံးလျက်ပင် ပြောလိုက်သည်။

"ခဏလောက် စောင့်ပေးပါဦးရှင်…။"

သူမက မီးဖိုချောင်ထဲသို့ နာခံစွာ ဝင်သွားသည်ကို မြင်လိုက်ရသည့်အခါ လန်ကွမ်းဟွေ့ ကျေနပ်သွား လေတော့သည်။ ဧည့်သည်သုံးဦး ဧည့်ခန်းတွင် အနားယူနေစဉ် ယောင်ရန်သည် သူမ၏ ကျောပိုးအိတ် နှင့် ဓားရှည်ကို သိမ်းဆည်းလိုက်ပြီးနောက် အေးအေးဆေးဆေးပင် ဟင်းအချို့ချက်ကာ ထမင်းနွှေး လိုက်လေသည်။

တစ်နာရီခန့်အကြာတွင် သူမသည် ဟင်းလျာများကို ဧည့်ခန်းရှိ စားပွဲပုလေးပေါ်သို့ ယူဆောင်လာခဲ့ လေသည်။

သူမ ထိုင်ရန် ပြင်လိုက်စဉ်မှာပင် လန်ကွမ်းဟွေ့က စိုက်ကြည့်လျက် ပြောလိုက်ပြန်လေသည်။

"မင်းကို ဘယ်သူက ထိုင်ခိုင်းလို့လဲ…။ ဟိုမှာ သွားရပ်နေစမ်း…ငါ့ရဲ့ စားချင်စိတ်ကို မဖျက်ဆီးနဲ့…။"

ယောင်ရန်သည် ဘာမှပြန်မပြောဘဲ စိုက်ပျိုးခန်းထဲသို့ ဝင်ကာ သူမ၏ သစ်သားစွမ်းရည်ကို လေ့ကျင့် နေခဲ့လိုက်သည်။ သို့သော် သူတို့ သုံးဦးမှာ ငတ်မွတ်နေသော သရဲတစ္ဆေများကဲ့သို့ အစားအသောက် များကို အငမ်းမရ စားသောက်နေကြသည်ကို မြင်လိုက်ရသည့်အခါ သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံး လေးတစ်ခု ပေါ်လာတော့သည်။

*အာ... သူတို့နဲ့ ကစားရမှာကို ငါ မစောင့်နိုင်တော့ဘူး…။*

လန်ကွမ်းဟွေ့နှင့် အခြားသူများမှာ ခမ်းနားလှသော နေ့လယ်စာကို စားသောက်နေကြစဉ် ယောင်ရန်မှာ မူ တိတ်ဆိတ်စွာ စွမ်းရည်များကို လေ့ကျင့်နေခဲ့လေသည်။

“ဒုန်း…. ဂလောက်…။”

ဆယ်မိနစ်ခန့်အကြာတွင် ဧည့်ခန်းထဲမှ တစ်စုံတစ်ခု လဲကျသံကို ကြားလိုက်ရလေသည်။ ယောင်ရန် က လေ့ကျင့်မှုကို ရပ်တန့်ကာ ထွက်ကြည့်လိုက်လေသည်။

မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်သုံးဦးမှာ မြေပြင်ပေါ်တွင် လူးလိမ့်ကာ နာကျင်စွာ ညည်းညူ နေကြသည်ကို မြင်လိုက်ရသောအခါ ယောင်ရန်က ခေါင်းကိုဖြည်းညင်းစွာခါလျက် လှောင်ပြောင် လိုက်လေတော့သည်။

"ကြည့်ကြပါဦး... ကျွန်မ ချက်ပေးတဲ့ အစားအစာကို ရှင်တို့က စားရဲကြတယ်ပေါ့လေ…။"

ထိုစကားကြောင့် လန်ကွမ်းဟွေ့က သူမကို စိုက်ကြည့်လိုက်သော်လည်း တစ်ကိုယ်လုံး နာကျင်နေသဖြင့် စကားတစ်ခွန်းမှ မပြောနိုင်ပေ။ သူသည် ယောင်ရန်၏ ခြေထောက်ကို ဆွဲရန် လက်ကိုလှမ်းလိုက်သော် လည်း သူမက နောက်သို့ တစ်လှမ်းဆုတ်ကာ ရှောင်လိုက်လေသည်။

လန်ကွမ်းဟွေ့သည် လက်ကို ပြန်ချလိုက်ပြီး မနည်းအားစိုက်ကာ မေးလိုက်သည်။

"မင်း အစားအသောက်ထဲတွေမှာ ဘာတွေ ထည့်ထားတာလဲ….။ ငါ့ကို ဒီလိုလုပ်ရဲတယ်ပေါ့…။ မင်းအဖေ ကို မင်းသတ်ချင်နေတာလား…။"

ယောင်ရန်က သူ့ကို ကြည့်ကာ အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။

"ဘာမှ မဟုတ်ပါဘူး။ ထမင်းထဲမှာ အဆိပ်နည်းနည်း ဖြူးထားတာပါ။ ရှင်တို့ မသေပါဘူး၊ ဒါပေမဲ့ နည်းနည်းတော့ နာကျင်မှုကိုခံစားရမှာပေါ့….။"

သူမ၏ စကားကြောင့် လန်ကွမ်းဟွေ့၏ မျက်လုံးများမှ လေဆာတန်းများ ထွက်ပေါ်လာတော့မတတ် ပင်။ အကယ်၍ အကြည့်ဖြင့် သတ်နိုင်လျှင် ယောင်ရန်၏ ကိုယ်ပေါ်တွင် အပေါက်ပေါင်း ထောင်သောင်း မက ရှိနေပေလိမ့်မည်ပင်။

သူသည် အံကို တင်းတင်းကြိတ်ကာ ဒေါသတကြီး တွေးနေမိသည်။

*ဒါက နည်းနည်းပဲ နာတာတဲ့လား….။ဒီနာကျင်မှုက ငါ့ကို သေလုမတတ် ဖြစ်စေတာကွ…။*

လန်ကွမ်းဟွေ့ စကားမပြောနိုင်သည်ကို မြင်လိုက်ရသည့်အခါ ယောင်ရန်သည် ဆိုဖာပေါ်တွင် ထိုင်ကာ သူတို့ မြေပြင်ပေါ်၌ နာကျင်စွာ လူးလိမ့်နေသည်ကို အေးအေးဆေးဆေးပင် ကြည့်နေလိုက်သည်။

ယောင်ရန်၏ အေးစက်သောအကြည့်နှင့် လှောင်ပြုံးကို မြင်လိုက်ရသည့်အခါ လန်လီဖေး၏ နှလုံးသား မှာ တုန်ခါသွားတော့သည်။ သူမသည် လက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ဇဝေဇဝါဖြစ်မှု၊ ကြောက်လန့်မှုနှင့် တုန်လှုပ်မှုများစွာဖြင့် ယောင်ရန်ကို စိုက်ကြည့်နေမိသည်။

လန်လီဖေးသည် ချွေးစေးများ ထွက်လာပြီး နာကျင်မှုကို အံတုရင်း ဝမ်းနည်းပက်လက် မေးလိုက်သည်၊

"ရန်ရန်... ဘာလို့ ဒီလိုလုပ်ရတာလဲ ရှင်….။ ကျွန်မတို့က မိသားစုတွေလေ…။"

သူမ၏ မေးခွန်းကို ကြားသော် ယောင်ရန်က ပြုံးလျက် ပြန်ပြောလိုက်သည်။

"ကျွန်မ ဘာလို့ ဒီလိုမလုပ်နိုင်ရမှာလဲ။ ရှင်တို့ ကျွန်မအပေါ် လုပ်ခဲ့တာတွေကို အကုန်မှတ်မိနေတယ်။ အခုက ရှင်တို့ ကျွန်မနဲ့ ကျွန်မမိသားစုအပေါ် ကြွေးဆပ်ရမယ့်အချိန်ပဲ….။"

လန်လီဖေးသည် မျက်လုံးများကို လွှဲလိုက်ပြီး ဇဝေဇဝါ ဖြစ်နေသည်။ ယောင်ရန် ဘာကြောင့် ဤကဲ့သို့ ပြောင်းလဲသွားသည်ကို သူမ နားမလည်နိုင်သဖြင့် ယောင်ရန်ထံမှ သတင်းအချက်အလက်အချို့ကို ရယူရန် ကြိုးစားလိုက်လေသည်။

ယောင်ရန်သည် သူတို့ကို အကဲခတ်ကြည့်ရာ လန်လီဖေးမှာ အရင်ကနှင့် မတူဘဲ ထူးဆန်းနေကြောင်း သတိပြုမိလိုက်သည်။ ပုံမှန်ဆိုလျှင် လန်လီဖေးသည် သူမကို သေမတတ် ဆဲဆိုပေလိမ့်မည်။ သို့သော် မေးခွန်းအချို့ မေးပြီးနောက် လန်လီဖေးမှာ တိတ်ဆိတ်သွားပြီး ဖြစ်ပျက်နေသည့် အရာများအပေါ် ဝေခွဲ မရ ဖြစ်နေပုံရလေသည်။

ယောင်ရန်သည် လန်လီဖေးကို စိုက်ကြည့်ကာ စမ်းသပ်သည့်အနေဖြင့် ပြောလိုက်သည်။

"လန်လီဖေး...၊ နင်က အရင်ကနဲ့ မတူတော့ဘူးပဲ…။"

သူမ၏ စကားအဆုံးတွင် လန်လီဖေး၏ ကိုယ်ခန္ဓာမှာ တောင့်တင်းသွားသည်။ ယောင်ရန်သည် ဤ သေးငယ်သော လှုပ်ရှားမှုကို သတိပြုမိသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် ထရပ်ကာ လန်လီဖေးအနားသို့ လျှောက်သွားလိုက်လေသည်။

၎င်းကို မြင်သော် ချန်မေလင်သည် သမီးဖြစ်သူထံသို့ တွားသွားရန် ကြိုးစားသော်လည်း နာကျင်မှု ကြောင့် အားအင်ကုန်ခမ်းနေရှာလေသည်။

သူမသည် ယောင်ရန်ကို စိုက်ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"နင့်လို ကောင်မက… လီဖေးကို ဘာလုပ်မလို့လဲ…။ ငါ့သမီးနဲ့ ဝေးဝေးမှာ နေစမ်း။ သူ့ကို ထိရဲထိကြည့်၊ ငါ နင့်ကို လုံးဝ ခွင့်မလွှတ်ဘူး…။"

သူမသည် အားကုန်အော်ဟစ်လိုက်ပါသော်လည်း အမှန်တကယ်တွင်မူ သူမ၏ အသံမှာ အလွန်ပင် တုန်ယင်နေပြီး အားနည်းနေခဲ့၏။ ယောင်ရန်သည် ချန်မေလင်ကို လျစ်လျူရှုကာ လန်လီဖေးရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်လေသည်။

ယောင်ရန်သည် သူမကို ကြည့်ခိုင်းရန်အတွက် လန်လီဖေး၏ မေးစေ့ကို ဆွဲမလိုက်သည်။ ထို့နောက် လန်လီဖေး၏ မျက်လုံးထဲသို့ စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း မေးလိုက်လေသည်။

"နင် ဘယ်သူလဲ…။"

ထိုမေးခွန်းကို ကြားလိုက်ရသည့်အခါ လန်လီဖေး၏ မျက်လုံးများ တုန်ခါသွားတော့သည်။ သူမသည် ယောင်ရန်၏ လက်ထဲမှ ရုန်းထွက်ချင်သော်လည်း အလွန်အမင်း နာကျင်နေသဖြင့် အားအင် မရှိရှာပေ။

လန်လီဖေးသည် မျက်လုံးများကို လွှဲလိုက်ပြီး တုန်တုန်ရင်ရင်ဖြင့် ပြောရှာလေသည်။

"ငါ... ငါက နင့်ရဲ့ အစ်မလေ။ ဘာလို့ ဒီလိုမေးတာလဲ…။ ရန်ရန်... နင် ဒီနေ့ တကယ်ကို ထူးဆန်း နေ တယ်…။"

အစပိုင်းတွင် ယောင်ရန်သည် လန်လီဖေး၏ စရိုက်ပြောင်းလဲမှုမှာ ထောင်ထဲတွင် နှစ်လကြာ နေခဲ့ရခြင်း ကြောင့်ဟု ထင်ခဲ့သည်။ သို့သော် ယနေ့ လန်လီဖေးနှင့် တွေ့ဆုံချိန်မှစ၍ သူမ၏ လှုပ်ရှားမှုတိုင်းမှာ အရင် က လန်လီဖေးနှင့် အလွန်ကွဲပြားနေသည်ဟု ခံစားနေရသည်။

သူမကိုယ်တိုင် အချိန်နောက်ပြန်လှည့်ကာ ပြန်လည်မွေးဖွားလာနိုင်သည်ဆိုမှတော့ လန်လီဖေးသည် လည်း ထိုကဲ့သို့ အတွေ့အကြုံမျိုး ရှိနိုင်ပေသည်။ သို့သော် အကယ်၍ လန်လီဖေးသာ ပြန်လည်မွေးဖွား လာသူ မှန်ပါက သူမ၏ မွေးရာပါစရိုက်မှာ ဤမျှအထိ ပြောင်းလဲသွားမည် မဟုတ်ပေ။

ထို့ပြင် အရင်ဘဝတွင် လန်လီဖေးသည် သူမ၏ ကျောက်စိမ်းဆွဲသီးအကြောင်းကိုလည်း သိထားခဲ့ သည်မဟုတ်ပါလား။ အကယ်၍ သူမရှေ့မှ အမျိုးသမီးမှာ အမှန်တကယ် လန်လီဖေးသာ မှန်ပါက သူမ နှင့် တွေ့တွေ့ချင်း ထိုကျောက်စိမ်းဆွဲသီးကို အရင်တောင်းပေလိမ့်မည်။ သို့သော် ယခုအချိန်အထိ ထို အကြောင်းကို တစ်ခွန်းမှပင် မဟသေးပေ။

အခန်း (၇၆)

နင် ငါ့ကို ကြောက်နေတာလား..။

ယောင်ရန်သည် မျက်မှောင်ကြုတ်ကာ လန်လီဖေးကို အကြာကြီး စိုက်ကြည့်နေပြီးနောက်မှ သူမ၏ လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး တစ်ရှူးစို တစ်ခုဖြင့် လက်ချောင်းများကို သုတ်လိုက်၏။

ယောင်ရန်က သူမကို လွှတ်ပေးလိုက်ပြီး အကြည့်လွှဲသွားသည်ကို မြင်လိုက်ရသည့်အခါ လန်လီဖေး စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ သူမသည် လက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး စိတ်ထဲ တွင် ကြောက်လန့်မှုနှင့် ဝေခွဲမရဖြစ်မှုများဖြင့် ပြည့်နှက်နေတော့သည်။

*ဘာတွေ ဖြစ်ကုန်တာလဲ…။ အရင်က သိပ်ကြောက်တတ်တဲ့ ယောင်ရန်က ဘယ်လိုဖြစ်လို့ ဒီလောက် အစွမ်းထက်လာရတာလဲ။ သူက ဇာတ်ပို့သက်သက် မဟုတ်ဘူးလား..။ ပြီးတော့ ဒါက ဘာတွေလဲ။ လန်လီဖေးနဲ့ သူ့မိသားစုက ဘာလို့ ဒီလိုပုံစံ ဖြစ်နေရတာလဲ…။ သူတို့ရဲ့ ကြွယ်ဝမှုနဲ့ဆိုရင် ဒီလို နိမ့်ကျတဲ့ ဘဝမျိုးမှာ နေထိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ…။*

လန်လီဖေးသည် လန်ကွမ်းဟွေ့နှင့် ချန်မေလင်တို့ကို ကြည့်လိုက်ပြီးနောက် မျက်လုံးများကို လွှဲလိုက် ကာ တုန်ရင်နေသော လက်များကို တင်းတင်းဆုပ်ထားမိလေသည်။

*ပြီးတော့ ထောင်ကျတဲ့ကိစ္စ...၊ စာအုပ်ထဲက ဇာတ်ကွက်ထဲမှာ ဒီလိုမျိုး လုံးဝမပါဘူး.. မဖြစ်သေးဘူး၊ ယောင်ရန်ဆီကနေ ကျောက်စိမ်းဆွဲသီးကို အမြန်ဆုံး ရအောင်ယူရမယ်။ မဟုတ်ရင်တော့ နောက်ကျ သွားလိမ့်မယ်…။*

လန်လီဖေး ဘာတွေ တွေးနေသည်ကို ယောင်ရန် မသိပေ။ သူမသည် လန်ကွမ်းဟွေ့ကို ကြည့်ကာ ပြုံးပြ လိုက်၏။

အဆိပ်၏ ဒဏ်ကြောင့် လန်ကွမ်းဟွေ့ နာကျင်ခံစားနေရသည်ကို သူမ ကြည့်နေရင်း စိတ်ထဲမှ အမုန်း တရားများသည် ဆူနာမီလှိုင်းလုံးကြီးကဲ့သို့ ရုတ်တရက် ရိုက်ခတ်လာပြီး သူမ၏ အသိတရားများကို ဝါးမြိုသွားတော့သည်။

လန်လီဖေး မော့ကြည့်လိုက်သည့်အခါ ထိုမြင်ကွင်းကို မြင်လိုက်ရသည်။ ယောင်ရန်၏ မျက်လုံးထဲရှိ အေးစက်မှုနှင့် ရူးသွပ်မှုများကြောင့် သူမ တစ်ကိုယ်လုံး တုန်ခါသွားရလောက်အောင် ကြောက်လန့် သွားတော့သည်။

*ယောင်ရန်ကိုကြည့်ရတာ တစ်ခုခုတော့ မှားနေပြီ…။ သူ့မှာ ဘာတွေဖြစ်နေလဲဆိုတာ ငါ သိမှဖြစ်မယ်။ ဒီနေ့တော့ ငါ သူ့လက်ထဲမှာ တကယ် သေရတော့မှာလား မသိဘူး…*

လန်လီဖေး ထိတ်လန့်နေစဉ်မှာပင် ယောင်ရန်သည် လန်ကွမ်းဟွေ့၏ ခြေထောက်နှစ်ဖက်ကို အေးအေး ဆေးဆေးပင် ကိုင်ကာ စိုက်ပျိုးခန်းတစ်ခုဆီသို့ တရွတ်တိုက် ဆွဲခေါ်သွားတော့သည်။

"ကောင်မစုတ်… ငါ့ကို လွှတ်စမ်း…။ နင် ဘာလုပ်မလို့လဲ…။"

လန်ကွမ်းဟွေ့သည် ယောင်ရန်၏ လက်ထဲမှ သူ၏ခြေထောက်များကို ရုန်းထွက်ရန် ကြိုးစားသော်လည်း မအောင်မြင်ပေ။ သူ ပိုရုန်းလေလေ ယောင်ရန်က သူ၏ခြေထောက်များကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင် လေလေပင်။ နောက်ဆုံးတွင် သူသည် နာကျင်မှုကို မခံစားနိုင်တော့ဘဲ ရုန်းကန်နေခြင်းကို ရပ်တန့်လိုက် ရလေတော့သည်။

၎င်းကို မြင်လိုက်ရသည့်အခါ ချန်မေလင်သည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"ယောင်ရန်… နင့်အဖေကို ဘာလုပ်မလို့လဲ…။ နင့်လို သူပုန်မ.. သူ့ကို လွှတ်လိုက်စမ်း…။"

ချန်မေလင်၏ အော်သံကြောင့် ယောင်ရန် ခေတ္တရပ်လိုက်ပြီး နောက်သို့လှည့်ကာ ချိုသာစွာ ပြုံးပြလိုက် လေသည်။

"ကျွန်မတို့ မဆုံဖြစ်တာ လပေါင်းများစွာ ကြာပြီဆိုတော့ သူ့ကို ပြောစရာတွေ အများကြီး ရှိနေလို့ပါ။ အန်တီချန်၊ ရှင်ကတော့ ငြိမ်ငြိမ်လေးပဲ အဲ့မှာ နေနေတာ အကောင်းဆုံးပဲ…။"

ယောင်ရန်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသည့်အခါ ချန်မေလင် အလွန်အမင်း ကြောက်လန့်သွားသဖြင့် ဆီးပင် ထွက်ကျသွားလေတော့သည်။

ချန်မေလင်၏ ကိုယ်အောက်ပိုင်းမှ ဝါကျင့်ကျင့်ရေများ ထွက်လာသည်ကို မြင်လိုက်ရသည့်အခါ ယောင်ရန် က နှာခေါင်းရှုံ့လျက် မကျေမနပ် ပြောလိုက်လေသည်။

"ဟွန်း… ကြည့်စမ်း... ရှင် ဘာတွေလုပ်လိုက်တာလဲ။ ကျွန်မအိမ်ကို ညစ်ပတ်အောင် လုပ်လိုက်ပြီ…။"

ထို့နောက်ယောင်ရန်က အေးစက်စွာ ပြောလိုက်သည်။

"ခနလေး သည်းခံစောင့်နေပေးနော်။ ရှင့်ကိုလည်း ကျွန်မ နောက်မှ ကိုင်တွယ်မယ်…။"

ထိုစကားကို ချန်ထားရစ်ခဲ့ပြီးနောက် သူမသည် လန်ကွမ်းဟွေ့၏ ခြေထောက်များကို ဆွဲကိုင်လျက် စိုက်ပျိုး​ေခန်းထဲသို့ ခေါ်သွားလေတော့သည်။ တံခါးပိတ်သွားပြီးနောက် အထဲမှ သော့ခတ်လိုက်သံကို ကြားရသည့်အခါ ချန်မေလင်နှင့် လန်လီဖေးတို့မှာ ကြောက်လန့်လွန်းသဖြင့် တုန်ရင်နေကြတော့သည်။

နောက်တစ်စက္ကန့်တွင် ပိတ်ထားသော တံခါးနောက်ကွယ်မှ လန်ကွမ်းဟွေ့၏ အော်ဟစ်သံ ထွက်ပေါ် လာခဲ့လေသည်။

"အား... "

ချန်မေလင်မှာ ထိတ်လန့်လွန်းသဖြင့် မျက်လုံးပြူးကာ သတိလစ် မေ့မြောသွားလေတော့သည်။

တစ်ချိန်တည်းမှာပင် စိုက်ပျိုးခန်းတစ်ခုအတွင်း၌ ယောင်ရန်သည် စစ်သုံးဓားတစ်လက်ဖြင့် လန်ကွမ်းဟွေ့ ၏ လက်မောင်းကို ဖြည်းဖြည်းချင်း လှီးဖြတ်နေခဲ့လေသည်။

ဤဓားသည် အလွန်ထက်လှသည်။ ယောင်ရန်သည် ဓားကို ကိုင်ဆောင်ကာ လန်ကွမ်းဟွေ့၏ အသား များကို ပါးပါးလွှာလွှာလေး လှီးဖြတ်လိုက်သည်။ သူမ၏ လက်ချောင်းများကြားတွင် ထိုအသားစကို မြှောက်ပြလိုက်သည့်အခါ သွေးတစ်စက်ပင် မမြင်ရပေ။

သူမသည် ထိုပါးလွှာသော အသားစကို ကိုင်ဆောင်ကာ လန်ကွမ်းဟွေ့ကို ပြသပြီး ဖြည်းဖြည်းချင်း မေးလိုက်လေသည်။

"ရှင်၊ ကျွန်မရဲ့ ဓားကိုင်တဲ့ ကျွမ်းကျင်မှုကို ဘယ်လိုမြင်လဲ…။ ကျွန်မ တော်တော်လေး ပါရမီပါတာပဲ မဟုတ်လား…။"

လန်ကွမ်းဟွေ့မှာ နာကျင်လွန်းသဖြင့် သတိလစ်လုနီးပါး ဖြစ်နေသော်လည်း သူ၏ အသိစိတ်ကို ဇွတ် ထိန်းထားကာ ယောင်ရန်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။ ယောင်ရန်က သူ၏လက်မောင်းမှ ခုနက လှီးဖြတ်လိုက်သော အသားစကို အားရပါးရ ကြည့်နေသည်ကို မြင်လိုက်ရသည့်အခါ လန်ကွမ်းဟွေ့၏ နှလုံးသားမှာ တုန်ခါသွားတော့သည်။

သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူ အမြဲတမ်း နှိမ်ချခဲ့သော သမီးဖြစ်သူတွင် ဤမျှ ရူးသွပ်သော ဘက်ခြမ်းရှိနေသည်ကို လန်ကွမ်းဟွေ့ ရှာဖွေတွေ့ရှိလိုက်ရလေသည်။

ယောင်ရန်သည် လန်ကွမ်းဟွေ့၏ ကြောက်လန့်နေသော အကြည့်ကို သတိပြုမိသွားပြီး မျက်ခုံးပင့်လိုက် သည်။ သူမ၏ အပြုံးက ပိုမိုတောက်ပလာပြီး မေးလိုက်သည်။

"ဘာလဲ… ရှင် ကျွန်မကို ကြောက်နေတာလား…။"

လန်ကွမ်းဟွေ့ ပြန်ဖြေရန် အားမရှိသည်ကို မြင်လိုက်ရသည့်အခါ ယောင်ရန်သည် သူ၏လက်မောင်းမှ နောက်ထပ် အသားတစ်စကို လှီးဖြတ်လိုက်ပြန်လေသည်။

"အား... "

​လန်ကွမ်းဟွေ့မှာ နာကျင်လွန်းသဖြင့် သူ၏ အသိစိတ်များ ဝေဝါးလာတော့သည်။ နာကျင်မှုများကြားမှ ယောင်ရန်၏ အေးစက်သော အသံကို သူ ကြားလိုက်ရလေသည်။

"ကျွန်မအဘိုးကို သတ်ခဲ့တာ ရှင်ဆိုတာ ကျွန်မ သိတယ်။ ကျွန်မအမေကိုလည်း သတ်ပြီး ကားအက်စီး ဒင့် ဖြစ်သလို ဖန်တီးပြီး သက်သေဖျောက်ခဲ့တာ မဟုတ်လား…။"

သူမ၏ စကားကို ကြားလိုက်ရသည့်အခါ လန်ကွမ်းဟွေ့၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ကျဉ်း မြောင်းသွားပြီး စိတ်ထဲမှ တုန်လှုပ်မှုကို ဖုံးကွယ်၍ မရနိုင်တော့ပေ။ သူသည် ကျန်ရှိသော အားအင် များကို စုစည်းကာ အက်ကွဲသောအသံဖြင့် ထိတ်လန့်တကြား မေးလိုက်လေသည်။

"မင်း… ဘယ်လို သိတာလဲ။ ငါ သေချာ…။"

သူပြောလိုက်မိသည့် စကားကို သတိထားမိသွားသည့်အခါ လန်ကွမ်းဟွေ့သည် ပါးစပ်ကို အမြန်ပိတ် လိုက်သည်။ ယောင်ရန်သည် ပါးလွှာသော အသားစကို လွှင့်ပစ်လိုက်ပြီး လန်ကွမ်းဟွေ့ ပြောမပြီးသေး သော စကားကို ဆက်ပြောလိုက်သည်။

"ကျွန်မ သိတာပေါ့။ ရှင်က သဲလွန်စတွေ အကုန်ဖျောက်ပြီး သက်သေတွေကိုလည်း ဖျက်ဆီးပစ်ခဲ့ တာလေ။ ပြီးတော့ ရှင် ခိုင်းခဲ့တဲ့ လူတွေကိုတောင် ရှင်ကိုယ်တိုင် သတ်ပစ်ခဲ့တာပဲ မဟုတ်လား…။"

ယောင်ရန်သည် လန်ကွမ်းဟွေ့၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်ကာ မေးလိုက်သည်။

"ကျွန်မ ဘယ်လို သိသွားလဲဆိုတာ ရှင် သိချင်နေမှာပေါ့၊ ဟုတ်တယ်မလား။ အဲ့ဒီအကြောင်းကို ကျွန်မ ဘယ်လိုသိလဲဆိုတာ ရှင် သိချင်လား…။"

ယောင်ရန်၏ စကားများကို နားထောင်ရင်း လန်ကွမ်းဟွေ့မှာ ပို၍ပို၍ တုန်လှုပ်လာပြီး သူမကို ကြည့် နေသော သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေ လေတော့သည်။

​ယောင်ရန်သည် သူ၏ အမူအရာကို ကြည့်ကာ ပြုံးလိုက်လေသည်..

"ကျွန်မ ဘယ်လို သိသွားလဲဆိုတာ ဘာလို့ မမေးတာလဲ…။ ရှင် သိချင်နေတယ် မဟုတ်လား..။"

လန်ကွမ်းဟွေ့သည် အမှန်တကယ်ပင် သိချင်နေသဖြင့် အံကိုတင်းတင်းကြိတ်ကာ မေးလိုက်သည်။

"မင်းကို ဘယ်သူပြောတာလဲ…။"

ယောင်ရန်သည် သူ၏ နာခံမှုကို အလွန်ကျေနပ်သွားပြီး ပိတ်ထားသော တံခါးဆီသို့ လက်ညှိုးညွှန်ပြကာ ပြောလိုက်လေသည်။

"ရှင် အရမ်းချစ်ရတဲ့ သမီးလေးက ကျွန်မကို ပြောပြတာပေါ့….။"

ထိုစကားကို ကြားသော် လန်ကွမ်းဟွေ့က ခေါင်းခါလျက် မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်လေသည်။

"မဖြစ်နိုင်ဘူး…။ လီဖေးက ဒီကိစ္စကို ဘာမှမသိဘူး…၊ မင်း လိမ်ပြောနေတာ…။"

လန်ကွမ်းဟွေ့သည် တစ်စုံတစ်ခုကို သတိပြုမိသွားဟန်ဖြင့် ယောင်ရန်ကို နှာခေါင်းရှုံ့ကာ လှောင်လိုက် သည်။

"ဟက်… မင်းကိုယ် မင်း တော်လှပြီ ထင်နေတာလား…။"

ယောင်ရန်သည် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး သိလိုစိတ်ဖြင့် မေးလိုက်လေသည်။

"ကျွန်မ မတော်ဘူးလို့ ရှင် ဘာလို့ ထင်တာလဲ….။"

All Chapters