← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇)

ကလဲ့စားချေဖို့ ငရဲပြည်ကနေ ကျွန်မ ပြန်လာခဲ့ပြီ

လန်ကွမ်းဟွေ့သည် ရူးသွပ်စွာ ရယ်မောလိုက်ပြီး အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်လေသည်။

"ငါနဲ့ ငါ့သမီးကြားမှာ သွေးခွဲလို့ရမယ်လို့ မင်း ထင်နေတာလား..။ အိပ်မက်သာ မက်နေလိုက်စမ်း…။"

သူ၏စကားကို ကြားပြီးနောက် ယောင်ရန်က မျက်စောင်းထိုးလိုက်ကာ ဆိုလိုက်သည်။

"ရှင် ကျွန်မကို မယုံဘူးမလား…၊ ကောင်းပြီလေ... ရှင့်သမီးကို ရှင်ကိုယ်တိုင်ပဲ မေးကြည့်လိုက်တော့…။"

ထိုသို့ပြောပြီးနောက် ယောင်ရန်သည် မတ်တပ်ရပ်ကာ အခန်းထဲမှ ထွက်သွားခဲ့လေသည်။ လန်လီဖေး သည် ယောင်ရန် လျှောက်လာသည်ကို မြင်သောအခါ ချန်မေလင်ကဲ့သို့ပင် သတိလစ်ချင်ယောင် ဆောင် နေလိုက်၏။ သို့သော်လည်း စက္ကန့်အနည်းငယ် အကြာတွင် သူမ၏ ဦးရေပြားထံမှ စူးရှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရလေသည်။

ယောင်ရန်သည် သူမ၏ဆံပင်ကိုဆွဲကာ စိုက်ပျိုးရေးအခန်းဆီသို့ ဒရွတ်တိုက် ဆွဲခေါ်သွားနေကြောင်းကို သိလိုက်ရသောအခါ လန်လီဖေးမှာ ဆက်၍ သတိလစ်ချင်ယောင် မဆောင်နိုင်တော့ဘဲအထိတ်တလန့် အော်ဟစ်လေတော့သည်။

"အရူးမ... နင် ငါ့ကို လွှတ်စမ်း…၊ နင် ငါ့ကို ဘာလုပ်ချင်နေတာလဲ…။"

ယောင်ရန်သည် သူမ၏ အော်ဟစ်ဆဲရေးနေမှုများအပေါ် အနည်းငယ်မျှပင် ဒေါသထွက်ခြင်းမရှိဘဲ စိုက်ပျိုးရေးအခန်းဆီသို့သာ တည်ငြိမ်စွာ ဆက်လက်ဆွဲခေါ်သွားခဲ့လေသည်။ မိမိ၏ အသည်းနှလုံးပမာ ချစ်ရသော သမီးဖြစ်သူမှာ ဆံပင်မှ ဒရွတ်တိုက်ဆွဲခေါ် သွားခြင်းခံနေရသည်ကို မြင်လိုက်ရသောအခါ လန်ကွမ်းဟွေ့၏ မျက်လုံးများမှာ နီရဲသွားပြီး ယောင်ရန်အား ဒေါသတကြီး ဆဲရေးတိုင်းထွာလေတော့ သည်။

"ခွေးမ... ငါ့သမီးကို အခုလွှတ်စမ်း နင်က နင့်အမေနဲ့ တစ်ပုံစံတည်းပဲ တောကြောင်နဲ့ အိပ်တဲ့ ညစ်ပတ် တဲ့ခွေးမ…။"

ယောင်ရန်သည် ကွယ်လွန်သွားသည်မှာ ကြာပြီဖြစ်သော သူမ၏ မိခင်အပေါ် မည်သည့် သံယောဇဉ်၊ မည်သည့် ချစ်ခြင်းမေတ္တာမျှ မရှိခဲ့ပေ။ ထို့ကြောင့် လန်ကွမ်းဟွေ့က သူမ၏ မိခင်အရင်းခေါက်ခေါက် ဖြစ်သူအား ဆဲရေးတိုင်းထွာနေသော်လည်း သူမအနေဖြင့် သိပ်ပြီး ခံစားရခြင်း မရှိပေ။

သို့ရာတွင် လန်ကွမ်းဟွေ့၏ စကားကို ကြားပြီးနောက် သူမသည် သူ့အား နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်လေ၏။

ဤစကားကို သူ ဘာကြောင့်ပြောရသနည်းဆိုသည်ကို ယောင်ရန် စပ်စုချင်စိတ် ဖြစ်မိသော်လည်း လန်ကွမ်းဟွေ့သည် သူမ၏ ဇီဝကမ္မဖခင် အရင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူမ ဂရုမစိုက် ပေ။ အကြောင်းမှာ သူတို့အားလုံးသည် နောက်ဆုံးတွင် သေကြရမည်သာ ဖြစ်သောကြောင့်ပင်။

သူမသည် လန်ကွမ်းဟွေ့၏ သမီးအရင်း မဟုတ်ခဲ့လျှင်တောင်မှ မိမိ၏ ဖခင်အရင်းကို ရှာဖွေချင်သည့် စိတ် ယောင်ရန်၌ အလျဉ်းမရှိပေ။ မိန်းမတစ်ယောက်နှင့် အတူအိပ်ပြီးနောက် စွန့်ပစ်ရက်နိုင်သော ထိုကဲ့ သို့သော ယောကျ်ားမျိုးကား သေသွားသည်ကမှ ပိုကောင်းဦးမည်မဟုတ်ပါလား။

သူမသည် ဝက်တစ်ကောင် အသတ်ခံနေရသကဲ့သို့ အော်ဟစ်နေသော လန်လီဖေးအား ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်လိုက်ပြီး ခြိမ်းခြောက်လိုက်သည်။

"ပါးစပ်ပိတ်ထား၊ မဟုတ်ရင် ရှင့်လျှာကို ဖြတ်ပစ်မယ်…။"

လန်လီဖေးမှာ သူမ၏ ခြိမ်းခြောက်မှုကြောင့် ကြောက်လန့်သွားပြီး လန်ကွမ်းဟွေ့အနီးသို့ အမြန်တွား သွားကာ အနောက်တွင်ပုန်းကွယ်၍ တရှုံ့ရှုံ့နှင့် ငိုကြွေးနေလေတော့သည်။ နာကျင်စွာ ငိုကြွေးနေသော သမီးဖြစ်သူကို ကြည့်ကာ လန်ကွမ်းဟွေ့မှာ ရင်ကွဲမတတ် ခံစားလိုက်ရပြီး သမီးဖြစ်သူကို သူ၏ အနောက်တွင် ထားလိုက်၍ ကာကွယ်ပေးထားလိုက်သည်။

သူ၏ ကာကွယ်ပေးလိုသော အမူအရာကို မြင်လိုက်ရသောအခါ ယောင်ရန်က အေးစက်စွာ သက်ပြင်းချ လိုက်ပြီး မေးလိုက်သည်။

"လန်လီဖေး... ကျွန်မအဘိုးနဲ့ ကျွန်မအမေကို ဘယ်သူသတ်ခဲ့တာလဲဆိုတာ ရှင် သိလား…။"

လန်လီဖေးတစ်ယောက် လန်ကွမ်းဟွေ့နောက်တွင် ပုန်းအောင်းနေချိန်မှစ၍ ယောင်ရန်၏ အကြည့်များ သည် လန်လီဖေး၏ ကိုယ်ပေါ်မှ ဖယ်ခွာသွားခြင်းမရှိခဲ့ချေ။ ထိုမေးခွန်းကို မေးလိုက်သည့်အချိန်တွင် လန်လီဖေး၏ ခန္ဓာကိုယ်လေး တစ်ခဏမျှ တောင့်တင်းသွားသည်ကို ယောင်ရန် ရှင်းလင်းစွာ မြင်တွေ့ လိုက်ရလေသည်။

လန်လီဖေးက ဘာမှမပြောဘဲ နေသည်ကို မြင်သောအခါ ယောင်ရန်သည် သူမ၏ စစ်သုံးဓားကို မြှောက် လိုက်ပြီး မေးလိုက်၏။

"အရှင်လတ်လတ် အသားမွှန်းသည့် ပြစ်ဒဏ်ဆိုတာ ဘာလဲ ရှင် သိလား…။"

ထိုစကားကို ကြားသောအခါ လန်လီဖေးသည် ရုတ်တရက် ခေါင်းမော့လာပြီး ယောင်ရန်အား ထိတ်လန့် တုန်လှုပ်စွာ ကြည့်လာခဲ့၏။ နောက်တစ်စက္ကန့်တွင် သူမသည် လန်ကွမ်းဟွေ့၏ လက်မောင်းကို ငုံ့ကြည့် လိုက်ရာ အသားစများ ပဲ့ထွက်ပျောက်ကွယ်နေသည်ကို မြင်လိုက်ရလေသည်။

သူ၏လက်မောင်းမှ ဟိုတစ်ကွက် ဒီတစ်ကွက် လန်ထွက်နေသော အသားများကို ကြည့်ရင်း လန်လီဖေး သည် သူမ၏ ကြောက်ရွံ့မှုကို မထိန်းချုပ်နိုင်တော့ဘဲ ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။

"အား…"

ယောင်ရန်သည် စုပ်သပ်လိုက်ကာ ကြမ်းပြင်ပေါ်မှ ပါးပါးလှီးထားသော အသားစတစ်စကို ကောက်ယူ ပြီး လန်လီဖေးအား ပြသလိုက်သည်။ ထို့နောက် ပြုံးကာ ပြောလိုက်လေသည်။

"ကျွန်မ မေးတာကို အမှန်အတိုင်း မဖြေဘူးဆိုရင်တော့ ရှင့်မျက်နှာပေါ်က အသားတွေကို လှီးထုတ် ပစ်မယ်….။"

ယောင်ရန်၏ လက်ချောင်းများပေါ်ရှိ ပါးလွှာသော အသားလွှာလေးများကို လန်လီဖေး မြင်လိုက်သည် နှင့်တစ်ပြိုင်နက် တစ်ဖက်သို့ အမြန်လှည့်လိုက်သည်။ သူမသည် အော့အန်လေတော့ရာ အစာအိမ်ထဲမှ အချဉ်ရည်များနှင့် သည်းခြေရည်များ ထွက်ကျလာသည်အထိ အဆက်မပြတ် အန်ချနေတော့သည်။

ခါးသက်ပြီး စူးရှရှ အရသာက သူမ၏ လည်ချောင်းကို လောင်ကျွမ်းစေကာ ဖြူဖျော့နေပြီဖြစ်သော သူမ၏မျက်နှာကို ပို၍ပင် ဖြူရော်သွားစေသည်။ သို့တိုင်အောင် သူမသည် ပျို့အန်ချင်စိတ်ကို မရပ် တန့်နိုင်ဘဲ ဆက်၍သာ အန်နေမိသည်။

ယောင်ရန်သည် လန်လီဖေးရှေ့သို့ အသားစများကို ပစ်ချလိုက်ပြီး ဆက်မေးလိုက်သည်။

"ပြောစမ်း... ကျွန်မအဘိုးနဲ့ ကျွန်မအမေကို ဘယ်သူသတ်ခဲ့တာလဲ…။"

ယောင်ရန်၏ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားရပြီးနောက် အမှန် အတိုင်း ပြောရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ကြောင်း လန်လီဖေး သဘောပေါက်သွားသည်။ သို့မဟုတ်ပါက နောက်ထပ် အသားလှီးခံရမည့်သူမှာ သူမပင် ဖြစ်သွားပေလိမ့်မည်။

သူမသည် တစ်ကိုယ်လုံး တုန်ယင်နေရင်း လက်ညှိုးကို ဖြည်းညင်းစွာ မြှောက်ကာ လန်ကွမ်းဟွေ့ထံသို့ လက်ညှိုးထိုးပြလိုက်ပြီး တစ်လုံးချင်းပြောလိုက်လေသည်။

"ဖေ..ဖေ…ပါ…။"

ထိုစကားများကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လန်ကွမ်းဟွေ့မှာ အကြီးအကျယ် တုန်လှုပ်သွား တော့သည်။ သူသည် လန်လီဖေးအား လှည့်ကြည့်လိုက်ပြီး မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

"ဖေးဖး... မင်း ဒါကို ဘယ်လိုလုပ် သိနေရတာလဲ၊ မင်းကို ဘယ်သူပြောတာလဲ….။"

လန်လီဖေးသည် လန်ကွမ်းဟွေ့၏ စိတ်ပျက်နေသော အကြည့်များကို လျစ်လျူရှုကာ မျက်စိကို တင်း တင်းမှိတ်ထားလိုက်ပြီး တုန်ယင်စွာဖြင့် သူသိသမျှကို ပြောချလိုက်လေတော့သည်။

"ဖေဖေက ဆေးရုံကိုသွားပြီး ရှင့်အဘိုးကို ခေါင်းအုံးနဲ့ ဖိသတ်ခဲ့တာ။ ရှင့်အဘိုးက ကိုယ်တွင်းအင်္ဂါတွေ ချို့ယွင်းပြီး သေဆုံးခဲ့တာမဟုတ်ဘဲ အသက်ရှူမဝလို့ သေဆုံးသွားခဲ့ရတာ။ နောက်ပြီး ဖေဖေက ယောင် မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ရဖို့အတွက် ရှင့်အမေကို ကားအက်ဆီးဒင့်ဖြစ်အောင် စီစဉ်ပြီး သတ်ပစ် ခဲ့တာပါ…။"

ထိုသို့ပြောပြီးနောက် သူမက အလျင်အမြန် တောင်းပန်လေတော့သည်။

"ယောင်ရန်... ကျွန်မ ရှင့်ကို အားလုံး ပြောပြပြီးပြီနော်…။ ရှင် ကျွန်မကို သတ်လို့မရတော့ဘူး။ ကျေးဇူး ပြုပြီး ကျွန်မကို လွှတ်ပေးပါ။ ဒီနေ့ ဒီနေရာမှာ ကျွန်မ မသေချင်သေးဘူး…။"

လန်ကွမ်းဟွေ့သည် သူ အချစ်ရဆုံးသော သမီးဖြစ်သူကို ကြည့်ကာ အလွန်အမင်း စိတ်ပျက်သွား မိ သည်။ သူမ ဘဝတွင် သက်တောင့်သက်သာ နေထိုင်နိုင်ရေးနှင့် တောက်ပသော အနာဂတ်တစ်ခု ပိုင်ဆိုင် နိုင်ရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ကာ စီစဉ်ပေးခဲ့သော်လည်း သူမက သူ့အား သစ္စာဖောက်ခဲ့လေပြီ။

ယောင်ရန်သည် လန်ကွမ်းဟွေ့၏ ဝမ်းနည်းပြီး စိတ်ပျက်နေသော မျက်နှာအမူအရာကို ကြည့်ကာ ပြုံး လိုက်ပြီး ပြောလိုက်လေသည်။

"ရှင် ကိုယ်တိုင် ကြားတဲ့အတိုင်းပဲ၊ သူမက ကျွန်မကို ပြောပြခဲ့တာလေ…။"

ယောင်ရန် ထိုသို့ပြောလိုက်ပြီးနောက် လန်ကွမ်းဟွေ့သည် ရုတ်တရက် သူမကို စိုက်ကြည့်ကာမေးလိုက် လေသည်။

"မဟုတ်သေးဘူး... ဖေးဖး မင်းကို မပြောပြခင် ကတည်းက ဒါတွေကို မင်း သိနေခဲ့တာမလား။ မင်းကို ဘယ်သူပြောတာလဲ…။"

ယောင်ရန်သည် သက်ပြင်းချကာ ခေါင်းခါလိုက်ပြီး

"ရှင့်ဦးနှောက်ကို ကောင်းတဲ့နေရာမှာ သုံးသင့်တယ်...။ ကံဆိုးစွာနဲ့ပဲ ရှင်က လောဘကြီးပြီး ရက်စက် လွန်းနေတယ်။ အတိတ်တုန်းကသာ ရှင် ကျွန်မကို ရှင်သန်ခွင့် လမ်းစလေး ချန်ပေးခဲ့မယ်ဆိုရင် ဒီနေ့ ရှင့်ရဲ့ အသက်ကို ကျွန်မ ချမ်းသာပေးကောင်း ပေးလိမ့်မယ်…။"

"နှမြောစရာကောင်းတာက ရှင်က ကျွန်မကို ကောင်းကောင်းမွန်မွန် သေခွင့်လေးတောင် မပေးခဲ့ဘူး လေ။ ဒါကြောင့် ဒီနေ့ ရှင့်အပေါ် ကျွန်မ လုပ်ရပ်တွေအတွက် ကျွန်မကို လာပြီး အပြစ်မတင်နဲ့တော့…။"

ထိုစကားကို ကြားသောအခါ လန်လီဖေးသည် ယောင်ရန်ကို လှမ်းကြည့်လိုက်သည်။ ယောင်ရန်၏ စကားများမှာ တစ်စုံတစ်ရာ ထူးဆန်းနေပြီး လျှို့ဝှက်သော အဓိပ္ပာယ်တစ်ခု ပါဝင်နေသည်ဟု ထင်ရ သော်လည်း မည်သည့်အရာဖြစ်ကြောင်းကိုမူ သူမ အတိအကျ မသိခဲ့ပေ။

တခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက မေးလိုက်သည်။

"ဒါတွေကို ရှင် ဘယ်လိုလုပ် သိနေတာလဲ။ အရင်က ကျွန်မ ရှင့်ကို ဘယ်တုန်းကမှ မပြောပြခဲ့ဖူးသလို ရှင် ကိုယ်တိုင် ဒီကိစ္စကို စုံစမ်းဖို့ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး…။"

ယောင်ရန်က ပြုံးလိုက်ပြီး အေးစက်စွာ ​ပြန်ဖြေလိုက်လေ၏။

" ကျွန်မက ကလဲ့စားချေဖို့အတွက် ငရဲပြည်ကနေ ပြန်လာခဲ့တာလို့ ရှင့်ကို ပြောရင်ကော...။"

ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လန်လီဖေး၏ မျက်လုံးများမှာ အလွန်အမင်း ထိတ်လန့်သွားကာ ပြူးကျယ်သွားလေတော့သည်။

အခန်း (၇၈)

အခြားကမ္ဘာတစ်ခုမှ ကူပြောင်းလာခြင်း

လန်လီဖေးသည် ယောင်ရန်ကို လက်ညှိုးထိုးလိုက်ပြီး မယုံကြည်နိုင်လောက်အောင် အံ့သြတကြီးဖြင့် ပြောလိုက်လေသည်။

"နင်...နင်က ယောင်ရန် အစစ်မဟုတ်ဘူးမလား…။"

ထိုသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ယောင်ရန်က မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်ကာ ခပ် အေးအေးပင် ပြန်လည် တုံ့ပြန်လိုက်လေသည်။

"ငါက ယောင်ရန် အစစ်ပါ။ ဒါပေမဲ့ နင်ကတော့ လန်လီဖေး အစစ်မဟုတ်ဘူးမလား…။"

အစမရှိ အဆုံးမရှိသော သူတို့၏ ထူးဆန်းလှသည့် စကားဝိုင်းကို နားထောင်ရင်း လန်ကွမ်းဟွေ့သည် ယောင်ရန်အား ကြည့်ကာ နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"ဒါ ဘာသဘောလဲ... မင်းတို့ ဘာတွေ ပြောနေကြတာလဲ၊ သူက ငါ့သမီး ဖေးဖေးလေကွာ…။"

ယောင်ရန်သည် လန်ကွမ်းဟွေ့၏ တွေဝေရှုပ်ထွေးနေသော မျက်နှာကို တစ်ခဏမျှ စိုက်ကြည့်လိုက်ပြီး နောက် ထိတ်လန့်တုန်လှုပ်ကာ မယုံကြည်နိုင်ဖြစ်နေသော လန်လီဖေး၏ ဖြူရော်နေသည့် မျက်နှာဆီသို့ အကြည့်ကို ပြောင်းရွှေ့လိုက်၏။

ယခုအချိန်တွင်မူ သူမရှေ့၌ ရှိနေသော လန်လီဖေးသည် နှစ်ပေါင်းများစွာကတည်းက သူမသိကျွမ်းခဲ့ သည့် လန်လီဖေး မဟုတ်ကြောင်း ယောင်ရန် အသေအချာ သိလိုက်ပြီဖြစ်သည်။ သို့ဆိုလျှင် ယခင်ဘဝ က သူမအား ညှဉ်းပန်းနှိပ်စက်ခဲ့သော လန်လီဖေးမှာ မည်သူဖြစ်ကြောင်း ယောင်ရန် ဖော်ထုတ်ရပေ မည်။

ယောင်ရန်သည် စစ်သုံးဓားကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး အေးစက်စွာ မေးမြန်းလိုက်သည်။

"လန်လီဖေး အစစ်နေရာကို နင် ဘယ်တုန်းက အစားထိုး ဝင်ရောက်ခဲ့တာလဲ…။"

ယောင်ရန်၏ အေးစက်စူးရှသော မျက်ဝန်းများဖြင့် စိုက်ကြည့်ခံရချိန်တွင် သူမသာ လိမ်လည်ပြောဆို ဝံ့ပါက မနက်ဖြန်ထွက်လာမည့် နေမင်းကြီးကို မြင်တွေ့နိုင်ရန် အသက်ရှင်ခွင့်ရတော့မည် မဟုတ် ကြောင်း လန်လီဖေး သဘောပေါက်လိုက်သည်။

သို့ရာတွင် ယောင်ရန်သာ သေဆုံးပြီးနောက် တကယ်ပင် ပြန်လည်မွေးဖွားလာခြင်းဖြစ်ပါက လန်မိသား စုအပေါ် နက်ရှိုင်းသော အမုန်းတရားများ ရှိနေနိုင်ကြောင်းကိုလည်း သူမ ကောင်းကောင်း သိထားသည်။ ထို့ကြောင့် သူမအတွက် အကောင်းဆုံးရွေးချယ်မှုမှာ အမှန်အတိုင်း ဝန်ခံလိုက်ပြီး ယောင်ရန်နှင့် လန် မိသားစုအကြားရှိ သွေးထွက်သံယို ရန်ငြိုးရန်စများမှ လွတ်ကင်းအောင် ရှင်းထုတ်ပစ်ရန်ပင်ဖြစ်သည်။

ဆုံးဖြတ်ချက် ချပြီးသွားသောအခါ လန်လီဖေးက ပြောပြလေသည်။

"လွန်ခဲ့တဲ့ နှစ်လလောက်က ကျွန်မ ဒီကို ရောက်လာခဲ့တာပါ။ ဘာတွေဖြစ်ခဲ့မှန်း ကျွန်မ သေချာမသိပေမဲ့ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ ထောင်ထဲမှာ အကျဉ်းကျနေခဲ့ပြီလေ…။"

ထိုစကားကို ကြားလိုက်ရသောအခါ လန်ကွမ်းဟွေ့၏ မျက်နှာကြီးမှာ ဖြူရော်သွားပြီး ကြမ်းပြင်ပေါ်သို့ ခွေခေါက်ကျသွားတော့သည်။ သူသည် လန်လီဖေးအား တစ္ဆေသရဲ တစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ စိုက်ကြည့်နေမိပြီး စကားတစ်ခွန်း ပြောရန်ပင် အင်အားမရှိတော့ချေ။

ယောင်ရန်သည် မျက်လုံးကို မှေးကျဉ်းလိုက်ကာ ထပ်မံ မေးမြန်းလိုက်သည်။

"ယောင်မိသားစုရဲ့ အမွေအနှစ်နဲ့ ပတ်သက်ပြီး နင် ဘာတွေ သိထားသေးလဲ…။"

ဤစကားကို ကြားသောအခါ လန်လီဖေး၏ မျက်လုံးများ အရောင်လက်သွားသည်။ သူမသည် ယောင်ရန်အား စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီး မေးလိုက်လေသည်။

"ရှင့်လက်ထဲမှာ အဲဒီကျောက်စိမ်းဆွဲပြား ရှိနေတာလား...။ ရှင့်မိသားစုရဲ့ အမွေအနှစ်ကို ကျွန်မကို ပြပေးလို့ ရမလား…။"

ယောင်ရန်သည် သူမကို စိုက်ကြည့်ကာ ဖြည်းညင်းစွာ မေးလိုက်သည်။

"ငါ့ မိသားစုရဲ့ အမွေအနှစ်ကို နင်က ဘာလို့ ကြည့်ချင်ရတာလဲ…။"

လန်လီဖေးမှာ ပါးစပ်ဟကာ ဖြေဆိုရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုကို ထိန်းချုပ်လိုက်ပြီး စကား လမ်းကြောင်းပြောင်းကာ ပြောလိုက်လေသည်။

"ကျွန်မက စပ်စုချင်ရုံ သက်သက်ပါ….။"

ရှောင်လွှဲနေသော သူမ၏ မျက်ဝန်းများကို ကြည့်ရင်း ယခင်ဘဝက ကျောက်စိမ်းဆွဲပြား၏ လျှို့ဝှက် ချက်ကို ရှာဖွေတွေ့ရှိကာ မိမိအား ညှဉ်းပန်းနှိပ်စက်ခဲ့သူမှာ ယခု မိမိရှေ့မှောက်တွင် ရှိနေသော လန်လီဖေးပင် ဖြစ်ကြောင်း ယောင်ရန် အသေအချာ သိလိုက်သည်။

ပိုက်ဆံဖြုန်းရန်သာ သိပြီး အလိုလိုက်ခံထားရသည့် လူအ လန်လီဖေး မဟုတ်ကြောင်း သေချာသွား ခဲ့လေပြီ။ ယခုမူ သူမ လိုချင်သော အဖြေကို ရရှိသွားပြီဖြစ်ရာ မိမိအား ညှဉ်းပန်းနှိပ်စက်ကာ အသုံးချ ခဲ့သူမှာ သူမရှေ့ရှိ ဤလန်လီဖေးပင် ဖြစ်ကြောင်း ယောင်ရန် လုံးဝ သေချာသွားခဲ့လေ၏။

ဒီနေ့တွင်တော့ သူတို့ကို အသက်ရှင်လွှတ်ပေးလိုက်ရန် မည်သို့မျှ အကြောင်းမရှိပေ။ သို့ရာတွင် သူတို့ကို မသတ်ပစ်မီ ထိုအဖွဲ့အစည်းနှင့် ပတ်သက်သည့် အကြောင်းအရာ အားလုံးကို သူတို့ထံမှ သိရှိအောင် ဖော်ထုတ်ရန် လိုအပ်နေသေးသည်။

သူမသည် လန်ကွမ်းဟွေ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး မေးလိုက်သည်။

" The Ark လို့ နာမည်ပေးထားတဲ့ အဖွဲ့အစည်းအကြောင်းကို နင် သိလား…။"

သူမ၏ အမေးကို ကြားသောအခါ လန်ကွမ်းဟွေ့သည် မျက်လွှာပင့်ကြည့်လာကာ ခေါင်းခါရမ်းလိုက်ပြီး ထုံပေပေ အသံဖြင့် ပြန်ဖြေလေသည်။

"ငါ မသိဘူး... The Ark ဆိုတဲ့ အဖွဲ့အစည်းအကြောင်းကို အခုမှ ပထမဆုံးအကြိမ် ကြားဖူးတာပဲ…။"

ယောင်ရန်သည် သူ့ကို စက္ကန့်အနည်းငယ်ခန့် အကဲခတ်ကြည့်လိုက်ပြီး သူ အမှန်တိုင်း ပြောနေကြောင်း သိလိုက်သည်။ လန်ကွမ်းဟွေ့က The Ark အကြောင်းကို မသိဘူးဆိုလျှင် ယခင်ဘဝက ဤအဖွဲ့အစည်း နှင့် သူ မည်သို့မည်ပုံ ဆက်သွယ်နိုင်ခဲ့သနည်း။

ဤပဟေဠိကို ယောင်ရန် စဉ်းစားနေဆဲမှာပင် လန်လီဖေးတစ်ယောက် ထွက်ပြေးရန် ကြိုးပမ်းနေသည် ကို မြင်လိုက်ရသည်။ သူမက အေးစက်စွာ လှောင်ပြုံးပြုံးလိုက်ပြီး လန်လီဖေး၏ ခြေထောက်ကို စစ်သုံး ဓားဖြင့် ထိုးစိုက်ချလိုက်လေတော့သည်။

ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရချိန်တွင် လန်လီဖေးမှာ မေ့လဲကျမတတ် အော်ဟစ်လိုက်တော့ သည်။

"အား... ယောင်ရန်... နင်က အရူးမပဲ…။"

ထိုအခါ ယောင်ရန်က မဲ့ပြုံးပြုံးလိုက်ကာ ပြောလိုက်၏။

"ရှင်က ထွက်ပြေးချင်နေသေးတာလား...။ ရှင် ရှင့်ခြေထောက်တွေကို ဆက်မလိုချင်တော့ဘူးလို့ ကျွန်မ ထင်တယ်…။"

လန်လီဖေး ထပ်မံ ဆဲရေးတိုင်းထွာရန် ပြင်လိုက်ချိန်မှာပင် ယောင်ရန်က သူမ၏ အခြား ခြေထောက် တစ်ဖက်သို့ ဓားကို ထပ်မံ၍ထိုးစိုက်ချလိုက်ပြန်သည်။ ထို့နောက် ဓားကို လှည့်မွှေလိုက်ရာ အသားစ များမှာ သွေးသံရဲရဲဖြင့် ကြေမွသွားတော့သည်။ မူလက ဖြူဝင်းလှပနေသော ခြေတံလေးများမှာ စက္ကန့် အနည်းငယ်အတွင်း၌ပင် နုပ်နုပ်စဉ်းထားသော သားတစ်ပုံကြီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။

လန်လီဖေးသည် နာကျင်မှုကြောင့် ကြမ်းပြင်ပေါ်သို့ ပုံကျသွားတော့သည်။ သူမ၏ ခြေသလုံးများမှ သွေးများ ပန်းထွက်လာပြီး ကြမ်းပြင်တစ်ခုလုံး စွန်းထင်းသွားကာ လှပသော အနီရောင် ကော်ဇောကြီး တစ်ချပ်အလား ဖြစ်သွားတော့လေသည်။

သူမသည် ယောင်ရန်အား အမုန်းတရားများဖြင့် စိုက်ကြည့်ကာ အားပျော့စွာဖြင့် ခဲရာခဲဆစ် ပြောလိုက် လေသည်။

"ကျွန်မ... ရှင့်ကို... သတ်... သတ်ပစ်မယ်...။"

ယောင်ရန်သည် သူမ၏ ခြေထောက်များထဲမှ သွေးသံရဲရဲဖြစ်နေသော စစ်သုံးဓားကို ဆွဲထုတ်လိုက်ပြီး ပြောလိုက်လေသည်။

"ကျွန်မ သိချင်တာတွေကို ရှင် ပြောပြမယ်ဆိုရင်တော့ ရှင့်ကို လွှတ်ပေးဖို့ ကျွန်မ စဉ်းစားပေးမယ်…။"

လန်လီဖေးသည် မျက်လုံးများ မှိတ်ထားကာ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် အံကို တင်းတင်းကြိတ်လိုက်သည်။ အောင်နိုင်သူဟူသည် မည်သည့်အချိန်တွင် ရှေ့တိုးရမည်၊ မည်သည့်အချိန် တွင် နောက်ဆုတ်ရမည်ကို သိတတ်စမြဲ ဖြစ်သည်။

ယခု အခြေအနေမှာ သူမအတွက် လုံးဝ အဆင်မပြေဖြစ်နေသဖြင့် လောလောဆယ်တွင် ယောင်ရန် လိုချင်သည့် အရာကို ပေးလိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

လန်လီဖေးသည် ကျန်ရှိနေသော ခွန်အားများကို စုစည်းလိုက်ပြီးနောက် အားနည်းစွာ မေးလိုက်သည်။

"ရှင် ဘာတွေ သိချင်နေတာလဲ…။"

"The Ark ပဲ... လန်ကွမ်းဟွေ့က သူတို့အကြောင်းကို မသိဘူးဆိုတော့ ရှင်ကတော့ သိကို သိနေရမယ်။ သူတို့အကြောင်းကို ရှင် ဘယ်လောက်အထိ သိထားလဲ၊ ဘယ်လိုလုပ်ပြီး သိတာလဲဆိုတာကို ကျွန်မကို ပြောပြစမ်း။ ရှင် The Ark က လူတစ်ယောက်ယောက်ကိုရော သိထားလား…။"

လန်လီဖေးအနေဖြင့် ဤနေရာမှ အသက်ရှင်လျက် ထွက်သွားချင်ပါက သူမ သိထားသမျှ အရာအားလုံး ကို ယောင်ရန်အား ပြန်ပြောပြမှသာ ရနိုင်ပေမည်။ သူမသည် မျက်လုံးများကို ဖွင့်လိုက်ပြီး အက်ကွဲနေ သော အသံဖြင့် ပြောပြလိုက်သည်။

"ရှင့်မေးခွန်းတွေ အားလုံးကို ကျွန်မ ဖြေပါ့မယ်၊ ဒါပေမဲ့ ရှင် ကျွန်မတို့ကိုတော့ပြန်လွှတ်ပေးရမယ် နော်…။"

ယောင်ရန်က ပြုံးလိုက်ကာ "ပြဿနာမရှိပါဘူး" ဟု ပြန်ဖြေလိုက်သည်။

သူမ၏ ကတိစကားကို ရရှိပြီးနောက် လန်လီဖေးက ပြောပြလေသည်။

"The Ark ကို နျူကလီးယား ရေဒီယိုသတ္တိကြွမှုတွေ ပျံ့နှံ့ပြီးသွားတဲ့နောက်ပိုင်း လူသားတွေကို ကယ်တင် နိုင်မယ့် ဆေးဝါးတစ်ခု ရှာဖွေဖို့အတွက် တည်ထောင်ခဲ့တာပါ။ လောလောဆယ်အချိန်အထိတော့ The Ark ကို တည်ထောင်ရခြင်း မရှိသေးပါဘူး…။"

ယောင်ရန်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်။

"ဒါဆို The Ark ကို စတင်တည်ထောင်တဲ့သူက ဘယ်သူလဲ…။"

"ကျွန်မ မသိပါဘူး... The Ark ရဲ့ တည်ထောင်သူက လူသိရှင်ကြား တစ်ခါမှ ထွက်ပေါ်လာခဲ့ဖူးတာ မရှိ ပါဘူး။ ဒါကြောင့် ကျွန်မ သိနိုင်ဖို့ လမ်းမရှိခဲ့ပါဘူး…။"

လန်လီဖေးသည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဆက်ပြောလိုက်သည်။

"The Ark နဲ့ ပတ်သက်ပြီး ကျွန်မ သိသမျှကို ရှင့်ကို အကုန်ပြောပြပြီးသွားပြီ၊ ရှင် ကျွန်မတို့ကို ပြန်လွှတ် ပေးရမယ်နော်... ရှင် ကျွန်မကို ကတိပေးထားတယ်လေ…။"

ယောင်ရန်က ပြုံးလိုက်ပြီး

"The Ark အကြောင်းကို ရှင် ဘယ်လိုလုပ် သိနေရတာလဲဆိုတာကိုတော့ ကျွန်မကို မပြောပြရသေးဘူး လေ…။"

လန်လီဖေးသည် လန်ကွမ်းဟွေ့ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ရာ သူက သူမအား ရှုပ်ထွေးသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

သူမက အသံကို နှိမ့်ချလိုက်ကာ ဝန်ခံလိုက်တော့သည်။

"ကျွန်မက အခြားကမ္ဘာတစ်ခုကနေ ကူးပြောင်းလာတဲ့သူ တစ်ယောက်ပါ…။"

All Chapters