← Chapters

အခန်း (၄၆၉-၄၇၀)

Vol. 47 Ch. 469-470

အခန်း (၄၆၉-၄၇၀)

Vol. 47 Ch. 469-470

အခန်း(469)

စုန့်ဝေ့က ဘာလို့အဖမ်းခံရပြီး အလုပ်စခန်းကို အပို့ ခံလိုက်ရတာလဲ။

အခု ဘာတွေ ဖြစ်ပျက်နေတာလဲ။

စုန့်စစ်ယွီတစ်ယောက် အလွန်အမင်း ဇဝေဇဝါဖြစ်နေပြီး အရာအားလုံးမှာလည်း ယုတ္တိမရှိသကဲ့သို့ ခံစားနေရသည်။

သူမ လီပြည်နယ်မှ ထွက်ပြေးလာခဲ့ချိန်က သူမ စုန့်ဝေအား အကြံဉာဏ်များစွာ ပေးခဲ့ဖူးသည်။

နောက်ပိုင်းတွင် အိမ်ခြံမြေများဝယ်ယူခြင်းဖြင့် မည်သို့ချမ်းသာလာနိုင်ကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းများ ထွန်းကားလာချိန်တွင် နိုင်ငံပိုင်လုပ်ငန်းများ မည်သို့ရိုက်ခတ်မှုဒဏ် ခံရမည်ဖြစ်ကြောင်း စသည်ဖြင့်။

စုန့်ဝေ၏ ရည်မှန်းချက်ကြီးမှုကို သူမသိသည်ဖြစ်၍ သူသည်က စက်ရုံတွင် သာမန်အလုပ်သမားလေးအဖြစ် တစ်သက်လုံးနေမည်မဟုတ်ဘဲ အလုပ်ထွက်လိမ့်မည်ဟု သူမ ယုံကြည်ထားခဲ့သည်။

သို့သော် အလုပ်ထွက်ပြီးနောက် သူလုပ်ရသည့် အရေးအကြီးဆုံးအရာမှာ သူမ ပြောသကဲ့သို့ ရင်းနှီးမြှုပ်နှံရန် အိမ်တစ်လုံးရှာဖွေခြင်း ဖြစ်သင့်သည်မဟုတ်ပါလား။

သူက ကိုယ့်ကိုယ်ကိုယ် အလုပ်စခန်းထဲကိုရောက်အောင် ဘယ်လိုများ လုပ်လိုက်တာလဲ။

“မစ်စ်စုန့်... ခင်ဗျားအနေနဲ့ ဒီသတင်းကို လက်ခံရခက်နေလိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမဲ့ ဒါက အမှန်တရားပဲ၊ ကျွန်တော်က သူများတွေ လာလိမ်တာကို အမုန်းဆုံးလူဆိုတော့ သူများကိုလည်း ပြန်မလိမ်ဘူး”

လျို့ကျားယိုက ကြောင်အမ်းနေသော စုန့်စစ်ယွီအား ကြည့်ကာ အပြုံးတစ်ခု ပြောလိုက်သည်။

နှမြောစရာပင်။ သူ၏အနက်အဓိပ္ပာယ်များပါသော စကားလုံးများမှာ ယခုအချိန်တွင် စုန့်စစ်ယွီ၏ နားထဲသို့ မဝင်တော့ချေ။ သူမ၏ စိတ်ထဲ၌ စုန့်ဝေ့၏အရေးကိစ္စကိုသာ တွေးတောနေမိခဲ့သည်။

“ကောင်းပြီ.. မစ်စ်စုန့်၊ အခု ခင်ဗျားရဲ့အဖေက အလုပ်စခန်းမှာ ပြုပြင်ပြောင်းလဲရေး ခံယူနေရတုန်းဆိုတော့ နေရပ်ကို ပြန်ဖို့မလိုတော့ဘူးလို့ ကျွန်တော်ထင်တယ်၊

ကျွန်တော်တို့တွေ ပူးပေါင်းလာတာလည်း ကြာပြီဆိုတော့ သံယောဇဉ်လည်း ရှိကြတာပဲလေ၊ ခင်ဗျား ဒီမှာပဲ ကျွန်တော်နဲ့အတူ စိတ်အေးလက်အေး ဆက်အလုပ်လုပ်ပါဦး၊

အချိန်လည်း တော်တော်လင့်နေပြီဆိုတော့ ကျွန်တော် ထမင်းသွားစားတော့မယ်၊ မနက်ဖြန်ကျမှ ထပ်တွေ့ကြတာပေါ့ မစ်စ်စုန့်”

ထိုသို့ပြောပြီးနောက် လျို့ကျားယိုက ထရပ်လိုက်ကာ စုန့်စစ်ယွီဘေးမှ ဖြတ်သွားရင်း သူမ၏ ပခုံးကို ခပ်ဖွဖွ ပုတ်လိုက်လေသည်။

သူသိချင်တဲ့အရာတွေကို မသိရသေးခင်မှာ သူမက ထွက်သွားချင်နေတာလား။

ဟားဟား..

ဒီစုန့်စစ်ယွီက သူ့ကို အထင်သေးလွန်းနေတာပဲ။

ဆိုရလျှင် သူသည်က ထိုမျှအထိ ဆိုးယုတ်သောသူ မဟုတ်ပါချေ။ အကယ်၍ စုန့်စစ်ယွီကသာ အတင်းအကျပ် ထွက်သွားချင်သည်ဆိုပါက သူသည်လည်း ပိတ်လှောင်ထား၍ မရနိုင်ပေ။

သို့သော် ယခုတွင် သူသည်က စုန့်စစ်ယွီ၏ နောက်ကြောင်းနှင့် သူမအဖေ၏ အခြေအနေကိုပါ စုံစမ်းသိရှိထားပြီး ဖြစ်သည်။

နောက်ပိုင်းတွင် စုန့်စစ်ယွီ မည်သည့်နေရာသို့သွားသည်ဖြစ်စေ သူမ၏ အားနည်းချက်မှာ သူ၏လက်ထဲတွင်သာ ရှိနေပေလိမ့်မည်။

ဤသို့ဆိုလျှင် စုန့်စစ်ယွီအနေဖြင့် ထွက်ပြေးရဲပါဦးမည်လား။

ပြည်မကြီးတွင် ပြစ်မှုမှတ်တမ်းရှိသော ဆွေမျိုးသားချင်းများနှင့် ပတ်သက်လျှင် မည်မျှအထိ တင်းကျပ်သည်ကို သူကောင်းစွာ သိရှိထားပေသည်။

“ဆွေမျိုးကိုးဆက်အထိ ပါဝင်ပတ်သက်ခြင်း” ဟု ပြောလျှင်ပင် မမှားနိုင်ပါချေ။

ထို့ကြောင့် စုန့်စစ်ယွီက ပြည်မကြီးသို့ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားမည်ဆိုပါက ဒေသခံဌာနများက သူမအဖေ၏ အခြေအနေကို မသိလျှင် ကိစ္စမရှိသော်လည်း၊ သိရှိသွားခဲ့ပါက သူမ၏ လွတ်လပ်ခွင့်နှင့် လှုပ်ရှားမှုများမှာ အမြဲတေ စောင့်ကြည့်ကန့်သတ်ခံရပေလိမ့်မည်။

ထိုအချိန်သို့ရောက်လျှင် သူက စုန့်ဝေ၏ကိစ္စကို အသုံးချလိုက်ရုံမျှဖြင့် စုန့်စစ်ယွီမှာ မည်သည့်အရာကိုမျှလုပ်နိုင်တော့မည် မဟုတ်ပေ။

လျို့ကျားယိုသည်က စုန့်စစ်ယွီကို ထက်မြက်သောသူတစ်ဦးဟု သိထားသည်ဖြစ်၍ သူယနေ့ ပြောလိုက်သော စကား၏ အဓိပ္ပာယ်ကို သူမ နားလည်လိမ့်မည်ဟု ယုံကြည်ထားသည်။

လျို့ကျားယို ထွက်ခွာသွားပြီးနောက် စုန့်စစ်ယွီတစ်ဦးတည်းသာ ရုံးခန်းအတွင်း ကျန်ရစ်ခဲ့ကာ အချိန်အတော်ကြာ ကြောင်အမ်းနေမိသည်။

စုန့်ဝေ့! သူပဲ နောက်တစ်ခါ ထပ်ဖြစ်ပြန်ပြီ!

သူက သူမ၏ ယခင်ဘဝ လမ်းကြောင်းအတိုင်း လျှောက်လှမ်းရန် မဖြစ်နိုင်အောင် လုပ်ခဲ့ရုံသာမကဘဲ ယခုအချိန်တွင်ပါ သူမအား ဒုက္ခပေးနေခဲ့သည်။

စုန့်စစ်ယွီတစ်ယောက် ဒေါသထွက်လွန်းသောကြောင့် အော်ဟစ်ချင်စိတ်ပင် ဖြစ်လာရသည်။

လျို့ကျားယို၏ သွယ်ဝိုက်သော ခြိမ်းခြောက်မှုကိုလည်း သူမ ချက်ချင်း သဘောပေါက်လိုက်ကာ စိတ်ထဲ၌ အေးစက်သွားရလေ၏။

ဤအခြေအနေအရ သူမသည်က လျို့ကျားယို၏ နောက်ကွယ်မှ တိတ်တဆိတ် ထွက်ခွာရန် မလုပ်ရဲတော့ချေ။ သူမ ထွက်သွားသည်နှင့် သူက သူမအား အလွတ်ပေးလိမ့်မည်မဟုတ်ပါချေ။

ဆိုရလျှင် သူမ၏ ကြီးမားသော အားနည်းချက်ကို သူ ဆုပ်ကိုင်ထားသည် မဟုတ်ပါလား။

သူမက အရာအားလုံးကို စီစဉ်ထားခဲ့သော်လည်း စုန့်ဝေ့က အားလုံးကို ဖျက်ဆီးပစ်လိုက်ချေပြီ။

စုန့်ဝေ!

စုန့်စစ်ယွီ ထိုနာမည်ကို စိတ်ထဲမှ ရေရွတ်ရင်း အံကြိတ်နေမိသည်။

‘ငါ့ဘဝမှာ ဘာလို့ ဒီလိုအဖေမျိုး ရှိနေရတာလဲ! ဘာလို့လဲ! ဒီဘဝမှာ ငါမအောင်မြင်ခဲ့ရင် အဲဒါ အားလုံးက သူ့ကြောင့်ပဲ၊ အားလုံးက သူ့ကြောင့် ပျက်စီးသွားရတာ!’

စုန့်စစ်ယွီ ဟောင်ကောင်တွင် ဒေါသပေါက်ကွဲနေစဉ်၊ စုန့်ဝေမှာတော့ အလုပ်စခန်း၌ နောက်ဆုံးကာလ ပြုပြင်ပြောင်းလဲရေးကို ခံယူနေရလေသည်။

သူ အလုပ်စခန်းသို့ ရောက်ရှိနေသည်မှာ နှစ်နှစ်နီးပါး ရှိခဲ့ချေပြီ။

ဤနှစ်နှစ်အတွင်း စုန့်ဝေ့ တစ်ရက်မျှ နောင်တမရဘဲ မနေခဲ့ဖူးပါချေ။

စုန့်ဝေ့၏ နောင်တများမှာ တခြားမဟုတ်ဘဲ လင်းကျန်းအန်း၏ ဆေးဖက်ဝင်အပင်လုပ်ငန်း နည်းလမ်းများကို ခိုးယူရန် အလွန်အမင်း စွဲလန်းခဲ့မိခြင်းကိုပင် ဖြစ်လေသည်။

အကယ်၍ သူသာ ထိုလုပ်ငန်းထဲသို့ ခြေမလှမ်းခဲ့ပါက ယခုကဲ့သို့ မလိုအပ်သော ဘေးဒုက္ခဆိုးများနှင့် ကြုံတွေ့ရမည်မဟုတ်သကဲ့သို့ ထိုသောက်ကျိုးနည်း ဆွေမျိုးကြောင့် အလုပ်စခန်းသို့လည်း ရောက်ရှိလာစရာ အကြောင်းမရှိပေ။

ဤအရာအားလုံး၏ အစမှာ သမီးဖြစ်သူ စုန့်စစ်ယွီ၏ စကားကို ယုံကြည်ခဲ့မိခြင်းကြောင့်သာဖြစ်၏။

သူမက သူ့ထံတွင် စက်ရုံကြီးများက နောက်ပိုင်းတွင် ပြိုလဲတော့မည်ဖြစ်၍ သာမန်အလုပ်သမားလေးအဖြစ် အနှိပ်စက်မခံနေတော့ရန် ပြောခဲ့သည်။

ထိုစကားကြောင့်ပင် သူလည်း နောက်တစ်နေ့၌ စက်ရုံမှ အလုပ်ထွက်စာ တင်ခဲ့လေသည်။ ထိုအချိန်မှစ၍ သူ၏ဘဝမှာ ပြန်လမ်းမဲ့သော လမ်းသို့ ရောက်ရှိခဲ့ရခြင်း ဖြစ်ပေသည်။

ထို့ကြောင့် သူ အနောင်တရဆုံးအရာမှာ စုန့်စစ်ယွီ၏ စကားကို ယုံကြည်ခဲ့မိခြင်းကိုသာဖြစ်၏။

သူမသာ မရှိခဲ့လျှင် သူသည် ဒါရိုက်တာရှုအား ပြစ်မှားမိလိမ့်မည်မဟုတ်ပေ။ ထို့အတွက် ဒါရိုက်တာရှု၏ အငြိုးအတေးထားခြင်းကိုလည်း ခံရမည်မဟုတ်ပေ။

အဓိကအချက်မှာ သူသည်က စုန့်စစ်ယွီအတွက် အရာအားလုံးကိုပေးဆပ်ခဲ့သော်လည်း သူမက သူ့ကို သစ္စာဖောက်ကာ လိမ်ညာလှည့်ဖြားခဲ့သည်။ သူ၏ ကြိုးပမ်းအားထုတ်မှုများကို တန်ဖိုးမထားခဲ့ပေ။

ဤအကြောင်းများကို တွေးမိတိုင်း စုန့်ဝေတစ်ယောက် နောင်တများဖြင့် ပြည့်နှက်နေရပြီး စုန့်စစ်ယွီကဲ့သို့ တိရစ္ဆာန်နှင့်မခြားသော သမီးမျိုးကို မွေးခဲ့မိသည်ကိုပင် နောင်တရနေမိသည်။

စုန့်စစ်ယွီအပေါ် ထားရှိသောအမုန်းတရားကြောင့်လား သို့မဟုတ် ပြန်လည်ထူထောင်ရေးစခန်းမှ ထွက်ခွာလိုသော ဇွဲကြောင့်လားမသိပါချေ။

လွန်ခဲ့သော နှစ်နှစ်အတွင်း စုန့်ဝေ့က ပင်ပန်းဆင်းရဲသော အလုပ်များကို မလုပ်တတ်သည့်လူတစ်ဦးအဖြစ်မှ ယခုအချိန်တွင် အလုပ်ကြိုးစားသည့် စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရလေသည်။

သူ၏ အပြုအမူနှင့် ပြုပြင်ပြောင်းလဲလိုသော စိတ်ဓာတ်က ကောင်းမွန်လွန်းသောကြောင့် မူလက လွတ်မြောက်ရန် ခြောက်လခန့် လိုသေးသော်လည်း အလုပ်စခန်းမှ သုံးလစော၍ လွတ်ငြိမ်းခွင့် ရရှိခဲ့သည်။

နောက်ထပ် သုံးလသာလိုတော့သည်။

ပြင်ပလောကသို့ ပြန်လည်ရောက်ရှိရန် သုံးလသာ လိုတော့သည်။

အချိန်တန်လျှင် စုန့်ဝေ့က သူ့အား ဒုက္ခပေးခဲ့သူများကို အလွယ်တကူနှင့် လွှတ်ပေးလိမ့်မည်မဟုတ်ပေ။

စုန့်စစ်ယွီဆိုသော ထိုတိရစ္ဆာန်မကိုလည်း နောင်တရအောင် သူ သေချာပေါက် လုပ်ဆောင်ပေလိမ့်မည်။

သုံးလဟူသော အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့ချေပြီ။

ဤသုံးလအတွင်း လင်းကျန်းအန်း၏ ကွမ်ကျိုးဆေးဝါးစက်ရုံမှာလည်း နောက်ဆုံး၌ အခြေကျသွားခဲ့သည်။

လုပ်ထုံးလုပ်နည်းများ အားလုံး ပြီးစီးသွားသည့်အပြင် စက်ရုံကိုလည်း အသစ်တစ်ဖန် ပြုပြင်ထားပြီး ဖြစ်ကာ စီးပွားရေးအော်ဒါ အချို့ကိုပင် လက်ခံရရှိနေပြီ ဖြစ်၏။

အရာအားလုံးမှာ ပိုမိုကောင်းမွန်သော လမ်းကြောင်းသို့ ဦးတည်နေသည်ဟု ဆိုရပေမည်။

လင်းရန်၏ အခြေအနေမှာတော့:

ရှောင်ချီက နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များကို သူမ၏ဆိုင်သို့ ခေါ်ဆောင်လာကာ ထိုလူများဘက်မှ တညီတညွတ်တည်း ချီးကျူးမှုများ ရရှိခဲ့လေ၏။ ထို့နောက်တွင်တော့ သူက တစ်စုံတစ်ခုကို သတိပြုမိသွားကာ အထက်လူကြီးများထံ အလျင်အမြန် အစီရင်ခံခဲ့လေသည်။

ထို့နောက်တွင် အထက်လူကြီးများက ဆွေးနွေးတိုင်ပင်ကြပြီး လင်းရန်အတွက် “အံ့အားသင့်ဖွယ်ရာ” တစ်ခု ပေးရန် ဆုံးဖြတ်လိုက်ကြလေတော့သည်။

ထိုအံ့အားသင့်ဖွယ်ရာမှာ မည်သည့်အရာဖြစ်ကြောင်းကို ကာယကံရှင်ဖြစ်သူ လင်းရန်ကိုယ်တိုင် သိရှိရန် ရက်အတော်ကြာ အချိန်ယူခဲ့ရသည်။

လင်းရန် သိရှိသွားချိန်တွင်တော့ သူမ၏ဆိုင်သို့ လာရောက်စားသောက်သူများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပြီး ရောက်လာသူတိုင်းမှာလည်း ချမ်းသာကြွယ်ဝသူများ သို့မဟုတ် ရာထူးအဆင့်အတန်း မြင့်မားသူများသာ ဖြစ်နေကြလေပြီ။

အမှန်အတိုင်းပြောရလျှင် သူမ ဆိုင်ဖွင့်ကတည်းက ဆိုင်အတွက် မည်သည့်ကြော်ငြာမျှ မလုပ်ခဲ့ဖူးပေ။

ရင်းနှီးမြှုပ်နှံမှုပြပွဲတွင် ဟင်းချက်ပေးခဲ့ချိန်ကလည်း သူမ၏ ဆိုင်တည်နေရာကို ထုတ်ဖော်မပြောခဲ့ပါချေ။

လျို့ကျားယိုမှလွဲ၍ “ဝေ့မီ” ဆိုင်အကြောင်းကို သိရှိသူမှာ ရှောင်ချီ ခေါ်လာသော လူအနည်းငယ်သာ ရှိပေသည်။

သို့သော် လျို့ကျားယိုနှင့် ထိုလူအနည်းငယ်မှာ အလွန်အလုပ်ရှုပ်ကြသူများဖြစ်၍ မကြာခဏပြန်လာရန် အချိန်မရှိနိုင်ခဲ့ကြပေ။

ထို့ကြောင့် ယခုရောက်လာသော သူများမှာ သူမအတွက် အလွန်ပင် ထူးဆန်းနေခဲ့သည်။

တစ်စုံတစ်ယောက်က သူမအတွက် တိတ်တဆိတ် ကြော်ငြာပေးနေခြင်းများလား။

လင်းရန်၏ ပထမဆုံးအတွေးမှာ စုန့်ကျယ် သို့မဟုတ် စုန့်ရှီးယန်တို့ ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ သူမသိသမျှ လူများထဲတွင် သူမအတွက် အစွမ်းကုန် ကြော်ငြာပေးမည့်သူမှာ သူတို့နှစ်ဦးသာ ရှိသည်မဟုတ်ပါလား။

သို့သော် နောက်တစ်နေ့တွင် ရှောင်ချီသည် ထူးဆန်းသော အပြုံးတစ်ခုဖြင့် ရောက်ရှိလာကာ လတ်တလောမွှ ဆိုင်တွင် စီးပွားရေးအကြောင်းကို လာရောက်မေးမြန်းခဲ့လေ၏။

ထိုအချိန်မှသာ လင်းရန်သည်က ဤကိစ္စမှာ ရှောင်ချီတို့၏ လက်ချက်ဖြစ်ကြောင်း သဘောပေါက်သွားလေတော့သည်။

ရှောင်ချီအား မေးမြန်းကြည့်ပြီးနောက်တွင် ရှောင်ချီတို့အဖွဲ့က သူမ၏ဆိုင်ကို ကြော်ငြာပေးရုံသာမက ကွမ်တုန်းပြည်နယ်၏ အဓိကမြှင့်တင်ရေး စီမံကိန်းတွင်ပါ ထည့်သွင်းထားကြောင်း လင်းရန် သိရှိသွားလေတော့သည်။

လင်းရန်: “???”

*

အခန်း(470)

ဤခေတ်ကာလတွင် အလားအလာအရှိဆုံးသော ဒေသခံကုမ္ပဏီကြီးများကိုသာ အစိုးရက ပံ့ပိုးကူညီကာ ကြော်ငြာပေးလေ့ရှိသည်။

ထို့ကြောင့် လင်းရန်အနေဖြင့် သူမ၏ ဆိုင်လေးကအဘယ်ကြောင့် နာမည်ကြီးသွားရသည်ကိုနားမလည်နိုင်ပါချေ။

ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟုလည်း လုံးဝ မထင်ထားခဲ့ပေ။

သို့သော် ရှောင်ချီက သူမ၏ လက်ရာမှာ အလွန်ထူးချွန်ပြီး သူဌေးကြီးများကို ဆွဲဆောင်နိုင်စွမ်းရှိသောကြောင့်ဟု ရှင်းပြလေသည်။ ယခုအချိန်သည်က ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နေသည့် အချိန်ဖြစ်၍ သူမ၏ ဟင်းလျာများဖြင့် သူဌေးကြီးများ၏ စိတ်ကို ဖမ်းစားထားနိုင်ခြင်းမှာ အစိုးရအတွက် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ကူညီပေးရာရောက်သည်ဟု ပြောခဲ့လေ၏။

“ဒါကြောင့် ရဲဘော်လင်း... ရဲဘော်ရဲ့ဆိုင်ကို လုံးဝ မပိတ်ပါနဲ့ဦး၊ နောက်ပိုင်းကျရင်လည်း ရဲဘော်ရဲ့ဆိုင်ကို ပိုပြီး နာမည်ကြီးလာအောင် ကျွန်တော်တို့တွေ နည်းမျိုးစုံနဲ့ ကူညီပေးသွားမှာပါ

တကယ်လို့ အလုပ်များလွန်းလို့ပဲဖြစ်ဖြစ်၊ တစ်ခုခု အခက်အခဲရှိရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ဆီကို တိုက်ရိုက်လာခဲ့ပါ၊ ကျွန်တော်တို့တွေ ဝိုင်းဝန်းဖြေရှင်းပေးပါ့မယ်!”

လင်းရန်: “...”

ဟင်းချက်ရသည့် အလုပ်မှာ ဤမျှအထိ ကြီးလေးသော တာဝန်ရှိလာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

နောက်ဆုံးတွင် လင်းရန် မည်သည့်စကားကိုပြောနိုင်ပါဦးမည်နည်း။

အစိုးရကပင် သူမအား ကူညီရန် ဦးဆောင်နေသည်ဖြစ်၍ သူမဘက်မှလည်း ငြင်းပယ်ရန် မသင့်တော်ပါချေ။

သို့ဖြစ်၍ နောက်ထပ် နှစ်လ၊ သုံးလအတွင်း လင်းရန်တစ်ယောက် ဒေသန္တရအစိုးရနှင့် ပူးပေါင်း၍ ဆိုင်ကို မြှင့်တင်ခဲ့ပြီး ဆိုင်ငယ်လေးမှာ အချိန်တိုအတွင်း အလွန်ပင် နာမည်ကျော်ကြားသွားခဲ့လေသည်။

ယခုအချိန်တွင် အပြင်သို့ထွက်လျှင်ပသ် လူတိုင်းက လင်းရန်၏ဆိုင်တွင် ကိုယ်တိုင် မစားဖူးလျှင်ပင် “ဝေ့မီ”ဟု အမည်ရသော ဆိုင်လေးအကြောင်းနှင့် ထိုဆိုင်သို့ အဆင့်အတန်းမြင့်မားသော ပုဂ္ဂိုလ်များ အမြဲလာရောက် စားသောက်ကြကြောင်းကို သိရှိနေကြပြီ ဖြစ်သည်။

ဤဆိုင်မှာ အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလွန်းပေသည်။

နောက်ပိုင်းတွင် နေ့စဉ် လာရောက်သူ ပိုမိုများပြားလာသဖြင့် လင်းရန်တစ်ယောက် တစ်နေ့လျှင် ဧည့်သည် အယောက်နှစ်ဆယ်သာ လက်ခံမည်ဟု ကန့်သတ်ချက် ထားလိုက်ရလေတော့သည်။

ပထမဆုံး ရောက်ရှိလာသော အယောက်နှစ်ဆယ်သာ မှာယူစားသောက်နိုင်မည်ဖြစ်၏။ အဆင့်နှစ်ဆယ်ကျော်သွားသော သူများမှာတော့:

‘ တောင်းပန်ပါတယ်၊ မနက်ဖြန်မှ စောစောလာကြပါဦး’

လင်းရန်အနေဖြင့် တမင်သက်သက် မာန်တက်နေခြင်း မဟုတ်ဘဲ အမှန်တကယ် ပင်ပန်းနွမ်းနယ်မှုကို မခံစားချင်တော့သည့်အတွက်ကြောင့်သာ ဖြစ်၏။

မူလက အေးအေးလူလူ နေရသော ဆိုင်ရှင်လေးတစ်ဦးဖြစ်ချင်ခဲ့သော်လည်း အခြေအနေမှာ ဤသို့ ဖြစ်လာလိမ့်မည်ဟု မည်သူက သိပါမည်နည်း။

လင်းရန်လည်း မတတ်နိုင်ပါချေ။

သို့သော် သူမ ထိုကဲ့သို့ စည်းကမ်းသတ်မှတ်လိုက်လျှင် ဖောက်သည်များက မကျေမနပ်ဖြစ်ကာ နောက်ထပ် လာတော့မည်မဟုတ်ဟု သူမ ထင်မှတ်ခဲ့သည်။

ရလဒ်မှာတော့ လူတို့၏ ထူးဆန်းသော စိတ်နေစိတ်ထားကို သူမ အထင်သေးခဲ့မိခြင်းပင်။

အော်ဒါလက်ခံရန် ငြင်းဆန်လေလေ၊ လူများက ပို၍ လာချင်လေလေ ဖြစ်နေတော့သည်။

ထို့ကြောင့် မကြာသေးမီက ထိုလမ်းမပေါ်တွင် မြင်တွေ့နေရသော မြင်ကွင်းမှာ:

လင်းရန်၏ ဆိုင်တံခါး မဖွင့်မီကတည်းက လူများက အပြင်ဘက်တွင် တန်းစီစောင့်ဆိုင်းနေကြခြင်းပင် ဖြစ်၏။ လမ်းသွားလမ်းလာများမှာ ထိုမြင်ကွင်းကို မြင်ရလျှင် အံ့ဩသွားကြပြီး ဤဆိုင်၏ နာမည်ကိုလည်း စိတ်ထဲ၌ မှတ်သားထားလိုက်ကြလေသည်။

ဆိုင်မဖွင့်ခင်ကတည်းက တန်းစီရသည်ဆိုလျှင် အရသာမှာ သေချာပေါက် ကောင်းမွန်မည် မဟုတ်ပါလား။

ဤသို့ဖြင့် လင်းရန်နှင့် သူမ၏ “ဝေ့မီ” ဆိုင်မှာ ကွမ်ကျိုးတစ်မြို့လုံးတွင် အလွန်ပင် ကျော်ကြားလာခဲ့လေသည်။

တချို့သောလူများမှာ လင်းရန်၏ ဟင်းချက်လက်ရာကို မစားရသဖြင့် မကျေမနပ် ဖြစ်လာကြကာ၊ စုန့်ကျယ်ထံသို့ ဆက်သွယ်၍ လင်းရန်အား နေ့စဉ်လူဦးရေကို ပိုမိုလက်ခံရန် ပြောပေးပါဟု အကူအညီတောင်းကြလေတော့သည်။

သို့မဟုတ်လျှင် သူတို့အနေဖြင့် မနက်စောစောထကာ တန်းစီရ၍လည်း မရနိုင်သည့်အတွက် စားသောက်ခွင့်ရရှိဖို့ မဖြစ်နိုင်တော့ပေ။

စုန့်ကျယ်သည်ကား အသိအကျွမ်းများထံမှ ထိုကဲ့သို့သော တောင်းဆိုမှုများကို ကြားရသောအခိုက်တွင် ရယ်ရခက် ငိုရခက် ဖြစ်သွားရလေသည်။

တစ်စုံတစ်ယောက်က သူ့ထံလာ၍ ဤကိစ္စကို ပြောပြလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

သို့သော် တစ်ဖက်လူမှာ အသိအကျွမ်းဖြစ်နေသည့်အပြင် အလုပ်ကိစ္စလည်း မဟုတ်သောကြောင့် စုန့်ကျယ်လည်းမငြင်းသာတော့ဘဲ လင်းရန်အား ဤကိစ္စကို ပြောပြလိုက်ရလေသည်။

လင်းရန်ကတော့ သူမ အလွန်ပင် ပင်ပန်းနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ယခုအချိန်တွင် သူမအနေဖြင့် အလုပ်မကြိုးစားချင်လျှင်ပင် အတင်းအကျပ် အလုပ်ကြိုးစားရန် တွန်းအားပေးခံနေရသကဲ့သို့ ဖြစ်နေချေပြီ။

သူမ၏ နေ့စဉ် အလုပ်တာဝန်မှာ အလွန်ကြီးလေးနေသည်ကို ရှောင်ချီ သိရှိသွားချိန်တွင် သူမအား လက်ထောက်တစ်ဦး စီစဉ်ပေးရန် ကမ်းလှမ်းလာခဲ့သည်။

လင်းရန် ခေတ္တမျှ တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင်တော့ လက်ခံရန် ရွေးချယ်လိုက်ရလေတော့သည်။

သို့သော် သူမ လုံးဝမမျှော်လင့်ထားသည့်အချက်မှာ ရှောင်ချီ စီစဉ်ပေးလိုက်သည့် လက်ထောက်မှာ ယခင်က စားဖိုမှူးယွီ၏ ဘေးနားတွင် သူမ တွေ့ခဲ့ဖူးသော လက်ထောက်တစ်ဦး ဖြစ်နေခြင်းပင်။

ဤကိစ္စနှင့် ပတ်သက်၍ ရှောင်ချီက ဤသို့ရှင်းပြလေသည်။

“စားဖိုမှူးယွီမှာ လက်ထောက်တွေ အများကြီးရှိပါတယ်၊ သူတို့အားလုံးက ပြင်းထန်တဲ့ လေ့ကျင့်မှုနဲ့ သင်ကြားမှုတွေကို ဖြတ်သန်းလာခဲ့ကြတာဆိုတော့ အပြင်ကလူတွေကို ရှာတာထက်စာရင် အများကြီး ပိုပြီး ယုံကြည်စိတ်ချရပါတယ်”

လင်းရန်အနေဖြင့်လည်း စားဖိုမှူးယွီ သင်ကြားထားသော လက်ထောက်များက အလွန်အရည်အချင်းရှိမည်ကို သိရှိထားပေ၏။

သို့သော်လည်း ရှောင်ချီက ထိုသူကို ခေါ်ထုတ်လာခြင်းမှာ စားဖိုမှူးယွီအတွက် အဆင်မပြေမှုများ ရှိသွားနိုင်လောက်သည်လားဟု စိုးရိမ်မိသည်။

“ ရဲဘော်လင်း၊ စိတ်မပူပါနဲ့။ ဒီကိစ္စက စားဖိုမှူးယွီကိုယ်တိုင်က သူ့သဘောနဲ့သူ အကြံပြုခဲ့တာဖြစ်လို့ သူ့အပေါ်မှာ ဘယ်လိုသက်ရောက်မှုမှ ရှိမှာမဟုတ်ပါဘူး!”

မည်သူကမျှ ကိုယ်တိုင်၏ အကျိုးစီးပွားကို စတေးပြီး အခြားသူတစ်ဦးကို ကူညီလိမ့်မည် မဟုတ်ပါချေ။

လင်းရန်သည်လည်း ထိုစကားကို ကြားလျှင် စားဖိုမှူးယွီအား အလွန်ပင် ကျေးဇူးတင်မိသွားသည်။ သင့်တော်သောအချိန်တွင် ကူညီမည့်သူကို လွှတ်ပေးခဲ့သည့်အတွက် စားဖိုမှူးယွီအား လူကိုယ်တိုင် သွားရောက်ကျေးဇူးတင်ရန် ဆုံးဖြတ်လိုက်လေသည်။

ထိုအချိန်မှစ၍ လက်ထောက်အသစ် ရရှိသွားသဖြင့် လင်းရန်၏ ဖိအားများမှာ အတော်လေး လျော့နည်းသွားခဲ့ပြီး နေ့စဉ် ဧည့်သည်များကိုလည်း ပိုမိုလက်ခံနိုင်လာခဲ့သည်။

သူမ၏ စီးပွားရေးနှင့် နာမည်ဂုဏ်သတင်း တိုးတက်လာခြင်းကြောင့် ရရှိသော အကြီးမားဆုံး အကျိုးကျေးဇူးမှာ ငွေပိုရခြင်းမဟုတ်ဘဲ လူအမြောက်အမြားနှင့် သိကျွမ်းလာရခြင်းပင် ဖြစ်၏။

ယခုခေတ်ကာလတွင် လူမှုဆက်ဆံရေးကွန်ရက်မှာ ငွေကြေးထက်ပင် ပိုမိုအသုံးဝင်လှပေသည်။ နယ်ပယ်အသီးသီးမှ လူများနှင့် ဆုံတွေ့ရသည့်အတွက် သူမအနေဖြင့် အဖေလင်း၏ စက်ရုံအတွက် အော်ဒါတချို့ကိုပင် အောင်မြင်စွာ မိတ်ဆက်ပေးနိုင်ခဲ့သေးသည်။

ထို့ကြောင့် နေ့စဉ် အလုပ်ရှုပ်နေရခြင်းကို လင်းရန် မငြင်းဆန်နိုင်တော့ပါချေ။

ယနေ့ နေ့လယ် နှစ်နာရီခွဲခန့်တွင်တော့ လင်းရန်တစ်ယောက် နောက်ဆုံးဧည့်သည်ကို လိုက်ပို့ပြီးနောက် လက်ထောက်အား အရင်ပြန်ခိုင်းလိုက်လေ၏။

ထိုအချိန်မှာပင် လင်းကျန်းအန်း ရောက်ရှိလာသည်ကို တွေ့လိုက်ရ၏။

“အဖေ... ရောက်လာပြီလား၊ ထမင်းစားပြီးပြီလား၊ ကျွန်မ တစ်ခုခု ချက်ပေးရမလား”

လင်းကျန်းအန်းက အလျင်အမြန်ပင် လက်ယမ်းပြလိုက်သည်။

“မဆာသေးဘူး ရန်ရန်၊ အဖေ သမီးကို ပြောစရာရှိလို့ လာခဲ့တာ သမီးရဲ့အဘွား... အဘွားက...”

လင်းကျန်းအန်းအနေဖြင့် ဤနေရာသို့ အပြေးအလွှား လာခဲ့ခြင်းဖြစ်၍ အမောတကောဖြစ်နေကာ စကားပင် ကောင်းကောင်းမပြောနိုင်သေးဘဲ အသက်ကို ပြင်းပြက်းရှူနေရလေ၏။

လင်းရန်လည်း အဖေ့အား စိတ်အေးအေးထားရန် ပြောလိုက်ချင်သော်လည်း အဖေဖြစ်သူပြောလိုက်သော “အဘွား” ဆိုသည့် စကားကြောင့် စိုးရိမ်စိတ်များ ဝင်လာရသည်။

အဘွား ဘာဖြစ်လို့လဲ၊ တစ်ခုခု ဖြစ်လို့လား။

နောက်ဆုံးတွင် လင်းကျန်းအန်းက အမောပြေသွားချိန်၌ ပြောလာ၏။

“သမီးရဲ့ အဘွားက... မနက်ဖြန် ရောက်လာတော့မယ်တဲ့!”

“ဟမ်”

လင်းရန် မယုံကြည်နိုင်ဘဲ မျက်လုံးများ ပြူးကျယ်သွားရကာ အော်ဟစ်မိသည်။

“အဘွားတို့ လာတော့မလို့လား၊ ကျွန်မတို့လည်း ဘာတစ်ခုမှ မသိရဘူးလေ”

လင်းကျန်းအန်းကလည်း ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိ၏။

“သမီးတင် မဟုတ်ပါဘူး၊ အဖေလည်း အခုလေးတင်မှ သတင်းရတာ”

“အဖေ၊ဘယ်လိုဖြစ်တာလဲဆိုတာ ပြောပြပါဦး”

လင်းရန်က စိတ်မရှည်စွာ မေးမြန်းလိုက်လျှင် လင်းကျန်းအန်းက ရှင်းပြလာခဲ့သည်။

လင်းကျန်းအန်း၏ စက်ရုံသစ်မှာ ဖွင့်လှစ်ထားသည်မှာ နှစ်လခန့် ရှိပြီဖြစ်ပြီး ကွမ်ကျိုးတွင် သူရရှိသော ဖောက်သည်များမှာလည်း တခြားပြည်နယ်များ၊ ဟောင်ကောင်နှင့် ပြည်ပမှ သူဌေးကြီးများ ဖြစ်နေခဲ့သည်။

ထို့ကြောင့် ဖောက်သည်များနှင့် ဆက်သွယ်ရန် အလွန်ပင် အဆင်မပြေဖြစ်နေခဲ့သည့်အတွက် လင်းကျန်းအန်းတစ်ယျာက် အံကိုတင်းတင်းကြိတ်လျက် ပိုက်ဆံများစွာသုံးပြီး ဖုန်းလိုင်းတစ်ခုကို တပ်ဆင်လိုက်လေသည်။

ကံကောင်းစွာဖြင့် ယခုအချိန်တွင် ဖုန်းလိုင်းတပ်ဆင်ခြင်းဆိုင်ရာ မူဝါဒများမှာ ပိုမိုဖြေလျှော့ထားပြီဖြစ်၍ ယခင်ကကဲ့သို့ အစိုးရဌာနအချို့သာ သုံးစွဲခွင့်ရှိသည်မျိုး မဟုတ်တော့ဘဲ၊ ငွေပေးနိုင်လျှင် ပုဂ္ဂလိကပိုင်ရှင်များလည်း တပ်ဆင်နိုင်ပြီ ဖြစ်သည်။

ဖောက်သည်များနှင့် ဆက်ဆံရေးကောင်းမွန်စေရန်နှင့် လိုအပ်ချက်များကို အမြန်ဆုံးသိရှိနိုင်ရန်အတွက် လင်းကျန်းအန်းက ဖုန်းတပ်ဆင်ခကို နှမြောမနေတော့ပေ။

ယမန်နေ့ မွန်းလွဲပိုင်းတွင် သူ၏ နေရပ်မှ ဖုန်းတစ်ကောတစ်ခုကို ရုတ်တရက် လက်ခံရရှိခဲ့သည်။

တစ်ဖက်လူမှာ တပ်မဟာခေါင်းဆောင်ဖြစ်လေ၏။

သူက သူ၏မိခင်ဖြစ်သူ အဘွားအိုမှာ ကွမ်ကျိုးသို့လာမည့် ရထားပေါ်သို့ တက်သွားပြီဖြစ်ကြောင်း အကြောင်းကြားလာခြင်းပင်။

လင်းကျန်းအန်းအနေဖြင့် သူ၏အစ်ကိုကြီးနှင့် ညီငယ်တို့ထံမှ ဤအကြောင်းကို တစ်ခါမျှ မကြားခဲ့ဖူးသည့်အတွက် မမျှော်လင့်ဘဲ ဤသတင်းကို ကြားလိုက်ရချိန်၌ အလွန်ပင် အံ့အားသင့်သွားရသည်။

အဘွားလင်းက အဘယ်ကြောင့် ဤသို့ရုတ်တရက် လာရသည်လဲ။

သူမ၏ နေရပ်၌ အဆင်မပြေဖြစ်နေ၍လား သို့မဟုတ် တခြားအကြောင်းရင်းများ ရှိနေသည်လား။

ကံကောင်းစွာပင် တပ်မဟာခေါင်းဆောင်၏ ပြောစကားအရ အဘွားလင်းမှာ အိမ်၌ တစ်စုံတစ်ရာသော မကျေနပ်ချက်များ ရှိနေခြင်းမဟုတ်ပါချေ။

ဆိုရလျှင် မိသားစုဝင်များမှာ လက်ရှိတွင် စက်ရုံအလုပ်များဖြင့် အလွန်အလုပ်ရှုပ်နေကြသောကြောင့်သာ ဖြစ်ပေသည်။ နေ့ဘက်အချိန်များတွင် သူမက အိမ်၌ တစ်ဦးတည်းသာ ကျန်ရစ်ခဲ့ရလေ့ရှိပြီး အလွန်ပင် ပျင်းရိငြီးငွေ့၍ အထီးကျန်မှုကို ခံစားနေရသည်။

ထို့ကြောင့် နှစ်နှစ်နီးပါးခန့် ပြန်မလာနိုင်ခဲ့သော လင်းရန်ကို တွေ့ဆုံရန် ကွမ်ကျိုးသို့ သွားရန် ကြံစည်ခဲ့လေ၏။

သူက ဤကိစ္စကို အိမ်မှသားသမီးများထံတွင် ပြောပြခဲ့သော်လည်း လူတိုင်းက အလွန်အလုပ်ရှုပ်နေကြသောကြောင့် ခရီးမထွက်နိုင်ကြောင်း၊ သူမကို ကွမ်ကျိုးသို့ လိုက်ပို့ရန် မည်သူမျှ အချိန်မပေးနိုင်ကြောင်းသာ ပြောခဲ့ကြပေသည်။

သူမအား ခေတ္တမျှ ထပ်မံစောင့်ဆိုင်းရန်နှင့် အချိန်ရမှသာ လိုက်ပို့ပေးမည်ဖြစ်ကြောင်း ပြောခဲ့ကြသည်။

ရလဒ်အနေဖြင့် အဘွားအိုက ထိုစကားကို ကြားရချိန်တွင် အနည်းငယ် စိတ်မချမ်းမမြေ့ ဖြစ်သွားရပေသည်။

သားသမီးများတွင် ကိုယ်စီကိစ္စများဖြင့် အလုပ်ရှုပ်နေကြသည်ကို သူမသိရှိသော်လည်း ရက်အနည်းငယ်မျှပင် အချိန်မပေးနိုင်လောက်အောင် အလုပ်ရှုပ်နေကြသည်လားဟု တွေးမိခဲ့သည်။

*

All Chapters