အခန်း (၄၆၁-၄၆၂)
Vol. 47 Ch. 461-462
အခန်း(461)
စင်ပေါ်တွင်ရှိနေသည့် လျို့ကျားယိုမှာ လင်းရန်နှင့် နီးကပ်လာသည်နှင့်အမျှ ဟင်းလျာ၏ ရနံ့ကို ပိုမိုရှင်းလင်းစွာ ရရှိလာခဲ့သည်။
ရှောင်ချီက လျို့ကျားယို၏ လက်ထဲမှ နံပါတ်ပြားကို စစ်ဆေးပြီးနောက် လင်းရန်အား ဝမ်စစ်ပဲပြားစွပ်ပြုတ် ပန်းကန်ကို လျို့ကျားယိုထံ ပေးအပ်ရန် အချက်ပြလိုက်လေ၏။
လင်းရန်လည်း ခေါင်းညိတ်ပြကာ လျို့ကျားယိုအား သေသေချာချာ စိုက်ကြည့်လိုက်သည်။ တစ်ဖက်လူက စုန့်စစ်ယွီနှင့် အတူရှိနေသည်ကို သူမ မြင်တွေ့ခဲ့ရသည်။ သူတို့ကြားရှိ တိကျသော ဆက်ဆံရေးကို သူမ မသိသော်လည်း စုန့်စစ်ယွီနှင့် ပတ်သက်နေသည့် မည်သူ့ကိုမျှ ပေါင်းသင်းဆက်ဆံရန် ရည်ရွယ်ချက် မရှိပေ။
သို့သော် အလုပ်တာဝန်အရ သူမ၏ ပုဂ္ဂိုလ်ရေး ခံစားချက်များကို ခေတ္တဘေးဖယ်ထားကာ လျို့ကျားယိုထံသို့ စွပ်ပြုတ်ခွက်ကို ယဉ်ကျေးစွာဖြင့် ကမ်းပေးလိုက်ပြီးနောက်ပြောလိုက်၏။
“စွပ်ပြုတ်ကို အရင်တစ်ငုံ သောက်ကြည့်ပါဦး၊ ပြီးမှ ပဲပြားနဲ့ စွပ်ပြုတ်ကို ဇွန်းနဲ့ခပ်စားပါ”
“ဒီဟင်းက စွပ်ပြုတ်ရည်ရဲ့ အရသာကို အခြေခံထားတာပါ၊ ပဲပြားရဲ့ အရသာကတော့ ပေါ့တဲ့အတွက် ဒီနှစ်မျိုးကို ရောစားမှသာ အကောင်းဆုံး အရသာကို ရပါလိမ့်မယ်”
လင်းရန် စကားပြောလိုက်သည့်အချိန်တွင်မှ သာလျို့ကျားယိုအနေဖြင့် လင်းရန်၏ မျက်နှာကို စိုက်ပြည့်နေမိသည့် သူ၏ အံ့အားသင့်နေသော အကြည့်များကို ရုပ်သိမ်းလိုက်လေသည်။
လင်းရန်က သူ့အပေါ်တွင် သိပ်ပြီး စိတ်အားထက်သန်ပုံမရသည်ကို သူ သတိထားမိသော်လည်း သူမကဲ့သို့ အရည်အချင်းရှိသူ တစ်ဦးအနေဖြင့် ပထမဆုံး ဆုံတွေ့ချိန်တွင် ဤကဲ့သို့ တည်တည်တံ့တံ့ ရှိနေခြင်းမှာ သဘာဝကျသည်ဟု သူ ယူဆလိုက်သည်။
ထို့ကြောင့်လျို့ကျားယိုက သိပ်ပြီး မစဉ်းစားတော့ဘဲ လင်းရန်၏ လက်ထဲမှ စွပ်ပြုတ်ခွက်ကို ယူကာ သူမ ညွှန်ကြားသည့်အတိုင်း အရသာရှိစွာ သုံးဆောင်လေတော့၏။ နောက်ဆုံးရလဒ်ဖြစ်သည့် ဤဟင်းလျာ၏ အရသာသည်လည်း အသွေးအရောင်နှင့် အနံ့အသက်တို့ကဲ့သို့ပင် အဆင့်အတန်း မြင့်မားလွန်းပေ၏။
ပဲပြားမှာ ပိုးသားကဲ့သို့ နူးညံ့လွန်းပြီး စွပ်ပြုတ်ရည်မှာလည်း ပိုမို၍ အရသာရှိကာ လန်းဆန်းစေသည်။ တစ်ငုံသောက်ပြီးနောက် လျို့ကျားယိုတစ်ယောက် သူ၏တစ်သက်တွင် ပထမဆုံးအကြိမ်အဖြစ် ဇွန်းကို အသုံးပြုရသည်က အလွန်ပင် အဆင်မပြေဟု ခံစားလိုက်ရလေ၏။
အဘယ်ကြောင့်ဆိုသော် ဇွန်းမှာ သေးငယ်လွန်းသောကြောင့် တစ်ခါသောက်လျှင် အနည်းငယ်စီသာ ပါလာသောကြောင့် ဖြစ်ပေသည်။
“ မိန်းကလေး... မင်းရဲ့ဟင်းချက်လက်ရာက တကယ်ကို တော်တာပဲ”
လျို့ကျားယိုဘက်မှ ယခုကဲ့သို့ ချှးကျူးလာခြင်းမှာ အလွန် ရှားပါးလွန်းသည်။ ထို့အပြင် ဆုံတွေ့စအချိန်မှာပင် လင်းရန်ကို ပထမဆုံးအကြိမ် ချီးကျူးလိုက်ခြင်း ဖြစ်ပေသည်။
အောက်ဘက်ရှိ စုန့်စစ်ယွီသည်လည်း ထိုချီးကျူးမှုကို သတိထားမိသွားပြီး ပို၍ပင် မကျေမနပ် ဖြစ်သွားရလေ၏။ အစားအသောက်က မည်မျှပင် အရသာရှိသည်ဖြစ်စေ လျို့ကျားယိုက ထိုသို့မပြောသင့်ပေ။
သူက ကံကောင်းစွာဖြင့် ဟောင်ကောင်တွင် ကြီးပြင်းခဲ့ပြီး နိုင်ငံခြားသို့လည်း မကြာခဏ သွားနေသူ ဖြစ်ပါလျက်နှင့် ဤမျှအထိ အမြင်ကျဉ်းလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
လင်းရန်မှာတော့ ချီးကျူးစကားများကို အကြိမ်ကြိမ် ကြားဖူးပြီးဖြစ်၍ လျို့ကျားယို၏ မှတ်ချက်စကားအပေါ် တည်ငြိမ်စွာပင် ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် နောက်ထပ်ဟင်းတစ်မျိုးကို ဆက်လက်လုပ်ဆောင်ရန် လှည့်လိုက်လေတော့၏။
နောက်ထပ်ဟင်းလျာမှာ စေတီပုံစံ ဝက်သားနီနှပ်ဖြစ်ပေသည်။ လင်းရန်က အသားကို ပြုတ်ပြီးသားဖြစ်၍ ယခုအချိန်တွင် အရေးကြီးဆုံးအဆင့်ဖြစ်သည့် အသားလှီးသည့်အဆင့်ကို လုပ်ဆောင်ရပေတော့မည်။
စေတီပုံစံ ဝက်သားနီနှပ်ဟု ခေါ်တွင်ရခြင်းမှာ ဟင်း၏ပုံသဏ္ဌာန်မှာ စေတီတစ်ဆူကဲ့သို့ ရှိသောကြောင့် ဖြစ်၍ ဓားအသုံးအနှုန်းမှာ အလွန်ပင် အသေးစိတ်ကျလွန်းပေသည်။
လေးထောင့်ရှုသည့် အသားတုံးကြီးကို အပြင်ဘက်ဆုံးအလွှာမှ စတင်လှီးဖြတ်ရမည်ဖြစ်ကာ လမ်းကြောင်းတစ်ခုအတိုင်း လှီးပြီးမှ အခြားလမ်းကြောင်းတစ်ခုသို့ လှည့်ရပေမည်။ အလွှာတစ်ခုချင်းစီမှာ ပြတ်တောက်မသွားစေရန် သတိပြုရမည့်အပြင် အပြင်ဘက်ဆုံးအလွှာမှ အတွင်းဘက်ဆုံးအလွှာအထိ လှီးဖြတ်ရပေမည်။
အလွှာတစ်ခုချင်းစီ၏ အထူမှာလည်း ညီညာနေရမည်။ အလွန်ပါးလွန်းလျှင် ပြတ်သွားနိုင်သလို၊ အလွန်ထူလွန်းလျှင်လည်း အဆီများသလို ထင်ရတတ်သည့်အပြင် အဆီနှင့် အရည်များမှာလည်း ပေါင်းခံရာတွင် ထွက်လာမည်မဟုတ်ပေ။
ထို့ကြောင့် ဤဟင်းလျာမှာ ဝမ်းစစ်ပဲပြားဟင်းကဲ့သို့ပင် အင်အားနှင့် အာရုံစိုက်မှု အများကြီး လိုအပ်လှပေသည်။
လျို့ကျားယိုမှာ စွပ်ပြုတ်ကို သောက်၍ အကုန်သေးသည့်အတွက် မပြန်သေးဘဲ ဆက်ရှိခဲ့သည်။
ထို့ကြောင့် လင်းရန်၏ ဓားသုံးစွဲသည့်စွမ်းရည်က မည်မျှအစွမ်းထက်သည်ကို အနီးကပ် မြင်တွေ့လိုက်ရလေသည်။ အခြေခံအားဖြင့် သူမ လှီးဖြတ်လိုက်သည့် အစိပ်တိုင်းမှာ ပေတံဖြင့် တိုင်းတာထားသကဲ့သို့ အရွယ်အစားနှင့် အထူမှာ တူညီနေခဲ့၏။
အလွန်တော်လွန်းသည်ပင်။
သူ့ရှေ့မှ စွပ်ပြုတ်ပန်းကန်၏ အရသာကြောင့် လျို့ကျားယိုအနေဖြင့် လင်းရန်၏ ဟင်းချက်လက်ရာအပေါ် သံသယမရှိတော့ပေ။ ဤအသားဟင်းမှာလည်း မည်သို့အဆုံးသတ်မည်ကို မသိရသေးသော်လည်း အရသာမှာ သေချာပေါက် အံ့မခန်းကောင်းမွန်လိမ့်မည်။
ထိုအချိန်မှစ၍ လင်းရန်တစ်ယောက် လျို့ကျားယို၏ စိတ်ထဲ၌ ထိပ်တန်းစားဖိုမှူးကြီးများထဲမှ တစ်ဦး ဖြစ်လာခဲ့လေပြီ။ သူမက မည်သည့်ဟိုတယ် သို့မဟုတ် မည်သည့်စားသောက်ဆိုင်တွင် အလုပ်လုပ်သည်၊ သို့မဟုတ် ကိုယ်ပိုင်ဆိုင်ဖွင့်ထားသည်လားဆိုသည်ကို သူ သိချင်နေမိသည်။
နောက်ပိုင်းတွင် သူမ၏လက်ရာကို မြည်းစမ်းနိုင်ရန်အတွက် ခဏကြာလျှင် မေးမြန်းထားရမည်။
ပြည်မကြီးတွင် သူ ယခင်က မတွေ့ရှိခဲ့သော ကောင်းမွန်သည့်အရာများက အမှန်တကယ်ပင် များပြားနေပုံရသည်။
ဥပမာအားဖြင့် ဤစားဖိုမှူးနှင့် ဤအရသာရှိသော အစားအစာများကဲ့သို့ပင်။
နောက်ပိုင်းတွင် အခွင့်အရေးရပါက နေရာအနှံ့သို့ ပိုမိုသွားရောက်ကြည့်ရှုကာ အံ့အားသင့်စရာများကို ပိုမိုရှာဖွေရမည်။
နောက်ဆုံးတွင် လျို့ကျားယိုက စွပ်ပြုတ်တစ်ပန်းကန်လုံးကို သောက်၍ပြီးသွားခဲ့လေသည်။ သူ့အနေဖြင့် အားမရသေးသော်လည်း စင်ပေါ်မှ ဆင်းရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။
စင်ပေါ်တွင် အချိန်ဆွဲနေချိန်အတွင်း နေ့လယ်စာစားချိန်သို့ပင် ရောက်ရှိနေလေပြီ။ တချို့သောလူများမှာ အပြင်တွင် ဦးစွာသွားစားပြီးမှ ပြန်လာရန် ဆုံးဖြတ်ထားကြသည်။
မူလက လျို့ကျားယိုအနေဖြင့် စင်ပေါ်မှဆင်းပြီးသည်နှင့် ဟိုတယ်သို့ တိုက်ရိုက်ပြန်ရန် ကြံစည်ထားခဲ့လေ၏။
သို့သော် လင်းရန် ယခုချက်နေသော ဟင်းလျာမှာ ပြီးစီးရန် နှစ်နာရီ၊ သုံးနာရီခန့် ကြာဦးမည်ဟု ရှောင်ချီ ပြောနေသည်ကို ကြားလိုက်ရသည်။
ထိုဟင်းမှာ မွန်းလွဲပိုင်းမှသာ ပြီးစီးမည်ဟု ဆိုလိုခြင်းပင်။
ထို့ကြောင့် လျို့ကျားယိုသည်လည်း သူ၏ဆုံးဖြတ်ချက်ကို ချက်ချင်းပြောင်းလဲလိုက်ကာ မွန်းလွဲပိုင်း အစီအစဉ်တွင် ပြန်လာ၍ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်လေတော့သည်။
သူနှင့် သဘောထားချင်း တူညီသူများမှာလည်း အမြောက်အမြား ရှိနေကြလေသည်။ သူတို့အနေဖြင့် မူလက ထွက်ခွာသွားပြီးနောက်တွင် ထပ်မံမလာတော့ရန် ကြံစည်ထားကြသော်လည်း ယခုအချိန်တွင်တော့ စူးစမ်းလိုစိတ်များ ဖြစ်ပေါ်နေကြလေပြီ။
လင်းရန်က မည်သည့်ဟင်းလျာကို ထပ်မံပြင်ဆင်ဦးမည်နည်းဟူသော သိချင်စိတ်ဖြင့် လူအများမှာ မွန်းလွဲပိုင်းတွင် ပြန်လည်ကြည့်ရှုရန် စီစဉ်ထားကြလေသည်။
မွန်းလွဲပိုင်းတွင် ထွက်ခွာသွားသူများမှာ ရင်းနှီးမြှုပ်နှံသူများသာ ဖြစ်ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေသော လင်းကျန်းအန်းကဲ့သို့သော လူများမှာတော့ ထွက်မသွားကြပေ။
သူတို့သည်က မွန်းလွဲပိုင်း ရင်းနှီးမြှုပ်နှံမှုပြပွဲ ပြီးဆုံးသည်အထိ စောင့်ဆိုင်းကြရလိမ့်မည်။
မည်သို့ပင်ဖြစ်စေ သူတို့ ထွက်သွားသည့်အချိန်တွင် သူဌေးကြီးများနှင့် ရင်းနှီးမြှုပ်နှံသူများ ရောက်ရှိလာပါက အခွင့်အရေး လွဲချော်သွားမည် မဟုတ်ပါလား။
လင်းရန်သည်လည်း အဖေလင်းက နေ့လယ်ပိုင်းတွင် ပြန်လိမ့်မည်မဟုတ်ကြောင်း ခန့်မှန်းထားပြီးဖြစ်၍ သူ နေ့လယ်စာ မစားရမည်ကိုစိုးရိမ်နေမိသည်။
ထို့ကြောင့် စေတီပုံစံ ဝက်သားနီနှပ်ကို ပေါင်းအိုးထဲ၌ မီးအေးအေးဖြင့် ပေါင်းထားချိန်အတွင်း အဖေလင်းထံ ပို့ဆောင်ရန် အစားအစာတစ်ခုခု ပြင်ဆင်ရန် ကြံစည်လိုက်လေ၏။
လက်တလော၌ ဟင်းချက်စင်ရှေ့၌ လူအများအပြား မရှိသေးပေ။ ထို့အပြင် နေရာကို ကြည့်ရှုပေးရန်အတွက် ရှောင်ချီအား အကူအညီတောင်းထားခဲ့သည်။
သူမက အဖေလင်းထံ အစားအစာ ပို့ပြီးသည်နှင့် ချက်ချင်း ပြန်လာလိမ့်မည်။
ရှောင်ချီသည်လည်း ရက်စက်သူ မဟုတ်သည့်အတွက် လက်ခံခဲ့သည်။
ထို့ကြောင့် လင်းရန်က ဟင်းသီးဟင်းရွက် နှစ်မျိုးကို ခပ်မြန်မြန် ကြော်လှော်ကာ ထမင်းနှင့်အတူ လင်းကျန်းအန်းထံသို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့လေ၏။
လင်းကျန်းအန်းတစ်ယောက် မနက်ပိုင်းက ကြိုတင်ပြင်ဆင်လာသော အစားအစာခြောက်များကို ထုတ်ယူ၍ စားသောက်ရန် ပြင်နေချိန်မှာပင် သမီးဖြစ်သူ လင်းရန်က အစားအစာများ ယူဆောင်လာပေးသည်ကို တွေ့လိုက်ရကာ ပျော်ရွှင်သွားရလေ၏။
ထိုခဏ၌ လင်းကျန်းအန်း၏ စိတ်ထဲတွင် ဖခင်တစ်ဦး၏ ကြည်နူးမှုများ ပြည့်နှက်သွားကာ အလွန်ပင် စိတ်လှုပ်ရှားသွားရတော့၏။
“အဖေ... ဟင်းပူနေတုန်းမှာ စားလိုက်ပါဦး၊ ဒီမနက် အခြေအနေတွေက ဘယ်လိုရှိလဲ”
လင်းရန်က ပြောရင်းဖြင့် လင်းကျန်းအန်း၏ မနက်ပိုင်း အခြေအနေကို စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
လင်းကျန်းအန်း: “မဆိုးပါဘူး”
တကယ်တမ်းတွင် သူမျှော်လင့်ထားသလောက်တော့ မကောင်းပါချေ။ သို့သော် အလုပ်ကိစ္စများတွင် သူ၏ မိသားစုဝင်များ စိုးရိမ်မည်စိုးသည့်အတွက် ကောင်းကွက်ကိုသာ အမြဲပြောလေ့ရှိပြီး အခက်အခဲများကိုတော့ ဖွင့်ဟလေ့မရှိပေ။
ထို့အပြင် ယနေ့တွင် တခြားဒေသမှ သူဌေးကြီးတချို့လည်း လာရောက်စုံစမ်းခဲ့ကြသည်။ သူတို့က ချက်ချင်း ပူးပေါင်းရန် ဆန္ဒမပြုခဲ့ကြသော်လည်း မငြင်းပယ်သရွေ့ အခွင့်အရေး ရှိနေဆဲပင်။
ထို့ကြောင့် သူ၏ ယနေ့ခရီးစဉ်မှာ အချည်းနှီးတော့ မဟုတ်ပေ။
လင်းရန်မှာ ထိုစကားကို ကြားသည်နှင့် အဖေလင်း၏ မနက်ပိုင်း ရလဒ်က သိပ်မကောင်းလှကြောင်း သိရှိသွားသော်လည်း အရေးမကြီးပါချ။
စီးပွားရေး စတင်လုပ်ကိုင်ရာတွင် အဆင်ပြေချောမွေ့နေသည်ဟူ၍ မရှိပေ။ အခက်အခဲနှင့် ရုန်းကန်မှုများ မရှိလျှင် စစ်မှန်သော လုပ်ငန်းသစ်တစ်ခုဟု ပြောနိုင်မည်မဟုတ်ပါချေ။
ထို့ကြောင့် နောက်ဆုံးတွင် လင်းရန်က လင်းကျန်းအန်းကို အားပေးသည့် အမူအရာ ပြုလုပ်ပြလိုက်ပြီးနောက် ဟင်းချက်စင်သို့ ပြန်သွားကာ မီးဖိုကို ဆက်လက် စောင့်ကြည့်နေခဲ့လေသည်။
လင်းကျန်းအန်းသည်လည်း လက်လျှော့မည် မဟုတ်ပေ။ သမီးဖြစ်သူက သူ့အတွက် သီးသန့်ပြင်ဆင်ပေးသော အရသာရှိသည့် အစားအစာများကို စားသုံးပြီးနောက် သူသည် အင်အားများ ပြည့်ဝလာသကဲ့သို့ ခံစားလိုက်ရလေတော့၏။
မွန်းလွဲ တစ်နာရီခန့်တွင် ရင်းနှီးမြှုပ်နှံမှုပြပွဲ၌ လူများပိုမိုစည်ကားလာခဲ့သည်။ သို့သော် လူအများစုမှာ လင်းရန်၏ ဟင်းချက်စင်ရှေ့သို့ တိုက်ရိုက်လာရောက်ကြပြီး သူမ၏ အသားဟင်းကို မည်သို့ အချောသတ်မည်ဆိုသည်ကိုသာ စောင့်ဆိုင်းနေကြလေသည်။
လျို့ကျားယိုသည်လည်း ထိုသူများထဲတွင် ပါဝင်နေသော်လည်း စုန့်စစ်ယွီမှာတော့ ထပ်မံ ရောက်မလာတော့ပေ။
သူမသည်ကား နံနက်ပိုင်းကတည်းက သူမ၏ ရည်ရွယ်ချက်ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ပြီးဖြစ်ပေ၏။ ထို့အပြင် လျို့ကျားယိုတို့ ပြန်လာလျှင်လည်း လင်းရန်ထံသို့သာ သွားကြမည်ကို သူမ သိရှိနေခဲ့သည်။
သူမအနေဖြင့် ထိုကိစ္စတွင် တမင်ဝင်ပါရန် အစီအစဉ်မရှိပေ။
နမိတ်မကောင်းဖြစ်စေလိမ့်မည်။
လျို့ကျားယိုသည်လည်း အတင်းအကျပ် မလုပ်ဆောင်ခဲ့ပေ။ သူက လူတစ်ဦးကို စုန့်စစ်ယွီ၏ နောက်သို့ လိုက်ခိုင်းကာ သူမ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ခိုင်းလိုက်ပြီးနောက် ပြပွဲအတွင်းသို့ ပြန်ဝင်လာခဲ့လေသည်။
ကွင်းအတွင်းသို့ ဝင်ရောက်ပြီး နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက်တွင်တော့ လင်းရန် ချက်ပြုတ်ထားသော အသားဟင်းက အိုးထဲမှ ထွက်ပေါ်လာခဲ့လေပြီ။
*
အခန်း(462)
အသားကို ပေါင်းသည့်အချိန်တွင် မျက်နှာပြင်ကို ကာကွယ်နိုင်ရန်အတွက် ပြောင်းပြန်မှောက်၍ ပေါင်းရခြင်းဖြစ်လေသည်။ ပေါင်းပြီးသည့်အချိန်တွင်မှသာ ပြန်လှန်လိုက်လျှင် ပြည့်စုံသော စေတီပုံစံ အသားဟင်းကို ရရှိလိမ့်မည်။
လင်းရန်က အသားကို ပြန်လှန်လိုက်သည့် ခဏ၌ အောက်ဘက်မှ အာမေဍိတ်သံများ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။
ယခုတစ်ခေါက် စေတီပုံစံ ဝက်သားနီနှပ်မှာ လူအများ၏ အရသာနှင့် ပိုမိုကိုက်ညီလှပေသည်။
ဆိုရလျှင် ဤဟင်းမှာ အသားဟင်း ဖြစ်သည့်အပြင် အပေါ်မှ လောင်းချထားသော ဆော့စ်အရည်များမှာ စေတီပုံစံ အသားအလွှာများအကြားမှ ဖြည်းဖြည်းချင်း စီးကျနေလေ၏။
အသွေးအရောင်ကလည်း ဆွဲဆောင်မှု ရှိလွန်းသည့်အတွက် တစ်လုပ်ခန့်စားလိုက်ရလျှင် မည်မျှအထိ ကျေနပ်စရာ ကောင်းမည်ကို စဉ်းစားကြည့်ရုံနှင့် သိနိုင်ပေသည်။
လျို့ကျားယိုတစ်ယောက် နေ့လယ်စာစားထားပြီးဖြစ်သော်လည်း လင်းရန်၏ စေတီပုံစံ ဝက်သားနီနှပ်ဟင်းက အိုးထဲမှ ထွက်လာသည်ကို မြင်ရချိန်၌ သူ၏ ဝမ်းဗိုက်ထဲမှ ဆာလောင်သံများက ထပာမံထွက်လာရပြန်သည်။
သို့သော်လည်း ထိုဟင်းလျာကို စင်ပေါ်သို့တက်၍ မြည်းစမ်းခွင့်ရမည့် စည်းမျဉ်းများမှာ မနက်ပိုင်းကအတိုင်းသာ ရှိနေသေးသည်။
ရှောင်ချီက မနက်ပိုင်းကဲ့သို့ နံနက်ပြားကို နှိုက်ခဲ့သော်လည်း လျို့ကျားယိုက အရွေးမခံခဲ့ရတော့ပေ။
ထို့အပြင် အရွေးခံရသူကိုလည်း သူ မသိသောကြောင့် ထိုနံပါတ်ကို သူ့အားပေးရန် တောင်းဆိုခွင့် မရရှိခဲ့ချေ။
ထို့ကြောင့် နောက်ဆုံးတွင် လျို့ကျားယိုတစ်ယောက် ကံထူးရှင်က အရှေ့သို့တက်ကာ သူ အလွန်စားချင်နေသော စေတီပုံစံ ဝက်သားနီနှပ်ကို မြည်းစမ်းနေသည်ကိုသာ ကြည့်နေရလေတော့သည်။
ထိုသူမှာ အသားကို စားကြည့်ရင်း ပျော်လွန်းသောကြောင့် ခုန်ပေါက်မတတ်ဖြစ်နေသည်ကို မြင်ရလျှင် လျို့ကျားယိုအနေဖြင့် လင်းရန် မည်သည့်နေရာတွင် အလုပ်လုပ်သည်ကို သေချာပေါက် စုံစမ်းရန်နှင့် သူမထံသို့ သွား၍ ဤဟင်းလျာကို ချက်ခိုင်းရန်ကို စိတ်ထဲမှ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်လေသည်။
အကယ်၍ ဤဟင်းကို မစားရလျှင် သူ ကွမ်ကျိုးမှ လုံးဝ ထွက်ခွာသွားမည်မဟုတ်ချေ။
နောက်ဆုံးတွင် လင်းရန်၏ တာဝန်က အောင်မြင်စွာ ပြီးဆုံးသွားခဲ့လေပြီ။ ညနေ လေးနာရီခန့်တွင် အရာအားလုံးကို သိမ်းဆည်း၍ပြီးစီးသွားပြီး ထွက်ခွာရန် အဆင်သင့် ဖြစ်နေခဲ့သည်။
သို့သော်လည်း ရင်းနှီးမြှုပ်နှံမှုပြပွဲမှာ ညနေ ခြောက်နာရီမှသာ ပြီးဆုံးမည်ဖြစ်၍ လင်းရန်တစ်ယောက် ခေတ္တစဉ်းစားပြီးနောက် တိုက်ရိုက်မပြန်သေးရန် ဆုံးဖြတ်လိုက်သည်။
သူမအနေဖြင့် အဖေလင်း အလုပ်ပြီးသည်အထိ စောင့်ဆိုင်းကာ အတူ ပြန်ရန် ကြံရွယ်ထားခဲ့လေသည်။
လွန်ခဲ့သော နှစ်ရက်ကလည်း ချင်းယွင်ကျစ်နှင့် စုန့်ကျယ်တို့က သူမအား ခမည်းခမက်ဖြစ်သူ လင်းကျန်းအန်းကို ယနေ့ အိမ်သို့ ခေါ်ဆောင်လာပြီး အတူဆုံဆည်းကြမည်ဟူ၍ မှာထားခဲ့ကြေသည်။
မည်သို့ပင်ဖြစ်စေ ယနေ့တွင် သူမက စုန့်ရှီးယန်၏ ကားဖြင့် ပြန်ရမည်ဖြစ်သောကြောင့် အဖေလင်းကိုခေါ်သွားရန် အဆင်ပြေနေခဲ့သည်။
လင်းရန်သည်လည်း အဖေလင်းနှင့် အတူညစာမစားဖြစ်သည်မှာကြာနေခဲ့ပေပြီ။ ထို့အတူ လက်ရှိအခြေအနေများကိုလည်း ပြောဆိုချင်သည့်အတွက် ချက်ချင်းပင် သဘောတူခဲ့၏။
ထို့ကြောင့် သူမက အဖေလင်းနှင့်အတူ ပြန်ရန်အတွက် ပြပွဲကွင်းအတွင်း၌ တစ်နာရီကျော်မျှ ထပ်မံ နေထိုင်ခဲ့လေသည်။
သူမက ရှောင်ချီနှင့် အလုပ်ကိစ္စများ အားလုံး ပြီးပြတ်ကြောင်း အတည်ပြုပြီးနောက် လင်းကျန်းအန်း၏ အရောင်းဆိုင်ခန်းရှိရာသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။
သူမအနေဖြင့် အဖေလင်းအတွက် ဖောက်သည်ခေါ်ဆောင်ရန်တွင် ကူညီရန် ရည်ရွယ်ထားခဲ့လေ၏။
တစ်ဖက်တွင်တော့ လျို့ကျားယိုသည်လည်း ပြန်မသွားသေးဘဲ လင်းရန်၏ လှုပ်ရှားမှုများကိုသာ အမြဲ စောင့်ကြည့်နေခဲ့သည်။ မူလက သူမ ပြန်မည့်အချိန်တွင် အလုပ်လုပ်သည့်နေရာကို မေးမြန်းရန်နှင့် မေးပြီးလျှင် ဟိုတယ်သို့ တိုက်ရိုက်ပြန်ရန် သူ စီစဉ်ထားခြင်း ဖြစ်ပေသည်။
သို့သော် လင်းရန်က ထွက်ပေါက်သို့ မသွားဘဲ ပြပွဲကွင်း၏ ထောင့်စွန်းတစ်ခုဆီသို့ ဦးတည်သွားသည်ကို သူ မြင်လိုက်ရလေ၏။
လျို့ကျားယိုအနေဖြင့် လင်းရန်က ထိုနေရာဘက်သို့ သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူ ခေတ္တမျှ အံ့သြသွားပြီးနောက် သူမ၏နောက်သို့ လိုက်သွားခဲ့လေသည်။
မကြာမီမှာပင် လင်းရန်က ဆိုင်ခန်းငယ်လေးတစ်ခုသို့ လျှောက်သွားကာ ထိုင်ချလိုက်ပြီး ဆိုင်ရှင်နှင့် စကားပြောနေသည်ကို သူ မြင်လိုက်ရလေသည်။
ဒါက သူမရဲ့ ဆွေမျိုးများလား။
သို့သော် အနီးကပ် ရောက်ရှိသွားချိန်တွင်မှသာ လင်းကျန်းအန်းမှာ လင်းရန်၏ ဖခင်ဖြစ်ကြောင်း လျို့ကျားယို သဘောပေါက်သွားခဲ့သည်။
သူမ၏ မိသားစုဝင်ကို ဤနေရာတွင် တွေ့လိုက်ရသည့်အတွက် သူမ အလုပ်လုပ်သည့်နေရာကို မေးမြန်းရန်အတွက် ပို၍ပင် သင့်တော်သွားသည် မဟုတ်ပါလား။
လျို့ကျားယိုက ဤအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ဘဲ ချက်ချင်းပင် ရှေ့သို့ တိုးသွားကာ နောက်ပိုင်းတွင် လင်းရန်၏ လက်ရာကို မည်သည့်နေရာတွင် မြည်းစမ်းနိုင်မည့်အကြောင်းကို တိုက်ရိုက်မေးမြန်းရန် ပြင်လိုက်လေသည်။
သူ ပေါ်လာချိန်တွင် ပထမဆုံး တုံ့ပြန်သူမှာ လင်းကျန်းအန်းသာဖြစ်လေ၏။ လျို့ကျားယိုက သူ၏ ဆေးဖက်ဝင်အပင်များကို စုံစမ်းရန် လာခြင်းဖြစ်မည်ဟု သူ ထင်မှတ်ခဲ့သည်။
သို့သော်လည်း စကားမပြောရသေးမီမှာပင် လျို့ကျားယို၏ အကြည့်များမှာ ဘေးနားရှိ သမီးဖြစ်သူ လင်းရန်အပေါ်သို့ တိုက်ရိုက် ကျရောက်နေသည်ကို သူ သတိထားမိလိုက်သည်။
လင်းကျန်းအန်း၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် သတိအနေအထားဖြစ်သွားရလေ၏။
“ရဲဘော်... ဘာများ အကူအညီပေးရမလဲ”
လျို့ကျားယို ခေါင်းငုံ့ကြည့်လိုက်လျှင် လင်းကျန်းအန်းနှင့် သူ၏ရှေ့မှ ဆေးဖက်ဝင်အပင်များကို မြင်လိုက်ရလေ၏။ သို့သော်လည်း သိပ်ပြီး စိတ်မဝင်စားသကဲ့သို့ အထင်သေးသော အကြည့်မျိုးပင် ပါဝင်နေခဲ့သည်။
မည်သို့ပင်ဖြစ်စေ လင်းကျန်းအန်း၏ ဆိုင်ခန်းငယ်လေးကို ကြည့်လိုက်ရုံနှင့် ဤသည်မှာ စက်ရုံငယ်လေးတစ်ခုသာ ဖြစ်လောက်ပြီး ပူးပေါင်းဆောင်ရွက်ရန် မလိုအပ်လောက်ပေ။
သို့သော် လင်းရန်၏ ရှေ့တွင် ဖြစ်နေသည့်အတွက် လင်းကျန်းအန်းကို အလွန်အမင်းအထင်သေးကြောင်း ပြသမိပါက လင်းရန်ကို စိတ်ဆိုးသွားစေလိမ့်မည်။ ထို့အတူ သူမက သူ့အတွက် ဟင်းချက်ပေးရန် ငြင်းဆန်မည်ကို စိုးရိမ်သောကြောင့် သူ၏ စိတ်ခံစားမှုကို ထိန်းချုပ်လိုက်လေသည်။
ဤသို့ဖြင့် လျို့ကျားယိုက ပြောလာလေ၏။
“လူကြီးမင်း... ကျွန်တော်က ဒီစားဖိုမှူးလေးဆီကို လာတာပါ၊ စားဖိုမှူးလေး... ကျွန်တော့်ကို မှတ်မိသေးလား၊ ကျွန်တော်က ခုနက ဝမ်စစ်ပဲပြားစွပ်ပြုတ်ကို မြည်းစမ်းခဲ့တဲ့လူလေ၊ ကျွန်တော့်ရဲ့မျိုးရိုးက လျို့ပါ၊ ကျွန်တော့်ကို...”
လျို့ကျားယို စကားမဆုံးသေးမီမှာပင် လင်းရန်က တိုက်ရိုက် ဖြတ်ပြောလိုက်လေသည်။ သူမ၏ မျက်ဝန်းထဲတွင်လည်း သံသယနှင့် သတိကြီးသည့် အရိပ်အယောင်များ ရှိနေခဲ့၏။
သူမက လျို့ကျားယိုအား ကြည့်လိုက်သည်
“လူကြီးမင်းလျို့မလား၊ ကျွန်မကိုရောက်လာတာက ဘာကိစ္စများရှိလို့လဲ”
သူသည်က စုန့်စစ်ယွီကြောင့် ရောက်လာခြင်းများလား။ စုန့်စစ်ယွီက သူမကို ပြဿနာရှာရန် ခိုင်းစေလိုက်ခြင်းများလား။
စုန့်စစ်ယွီနှင့် ပတ်သက်နေမှုကြောင့် လင်းရန်၏ လျို့ကျားယိုအပေါ် ထားရှိသော သဘောထားမှာ သိပ်ပြီးမကောင်းလှချေ။ လျို့ကျားယိုမှာလည်း သူမ၏ အမူအရာကြောင့် အနည်းငယ် အံ့အားသင့်သွားရလေသည်။
မည်သို့ပင်ဖြစ်စေ သူတို့သည်က နေ့လယ်ပိုင်းက သိကျွမ်းခဲ့ကြပြီး ဆုံဖူးခဲ့ကြသည်မဟုတ်ပါလား။ ယခုအချိန်တွင် သူမက သူ့အပေါ် အဘယ်ကြောင့် ဤမျှအထိ အေးစက်နေရသနည်း။
သူတို့ကြားတွင် တစ်စုံတစ်ခုသော နားလည်မှုလွဲနေခြင်းများ ရှိနေနိုင်သည်လား။
လျို့ကျားယိုက သံသယဖြစ်မိသော်လည်း ဆက်ပြောဆိုလိုက်လေ၏။
“စားဖိုမှူးလေး... ဒီလိုပါ၊ ကျွန်တော်က မင်း ဘယ်မှာ အလုပ်လုပ်တာလဲဆိုတာကို သိချင်လို့လေ၊ ဒါမှမဟုတ် နောက်ပိုင်းမှာ မင်းရဲ့လက်ရာကို ဘယ်နေရာမှာ မြည်းစမ်းလို့ရမလဲဆိုတာ သိချင်တာ”
လင်းရန်၏ မျက်ဝန်းများ အနည်းငယ် မှေးကျဥ်းသွားလေသည်။ သူမက ခေတ္တမျှ တုံ့ဆိုင်းသွားရသည်။
လျို့ကျားယိုက ဤအကြောင်းပြချက်ကြောင့် သူမကို လိုက်လံရှာဖွေနေလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
“အမှန်အတိုင်း ပြောရရင် မင်းချက်ပြုတ်တဲ့ ဟင်းတွေကို စားပြီးတဲ့နောက်မှာ မင်းရဲ့လက်ရာအပေါ် ကျွန်တော် တကယ့်ကို အထင်ကြီးသွားလို့ပါ၊ ဒါကြောင့် မင်းရဲ့ တခြားဟင်းလျာတွေကိုလည်း မြည်းစမ်းကြည့်ချင်မိတယ်
စားဖိုမှူးလေးအနေနဲ့ ကျွန်တော့်ကို ဆက်သွယ်ရမယ့် လိပ်စာ ဒါမှမဟုတ် နေရာလေးပေးမယ်လို့ မျှော်လင့်ပါတယ်၊ နောက်ပိုင်းကျရင်လည်း ကျွန်တော် ဆက်ပြီးအားပေးသွားမှာပါ”
ဒီတစ်ယောက်က တကယ်ကြီး သူမရဲ့ ဟင်းချက်လက်ရာကြောင့် ရောက်လာတာလား။
လင်းရန်တစ်ယောက် အတော်လေးကြောင်အသွားရလေသည်။ သူမအနေဖြင့် ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများစွာကို ခန့်မှန်းခဲ့သည်။
သူနှင့် စုန့်စစ်ယွီတို့က မည်သို့သော မကောင်းသည့်အကြံများကို ကြံစည်ထားနိုင်သည်တို့ကို တွေးတောနေခဲ့သည်။
သို့သော်လည်း နောက်ဆုံးတွင် ဤအမျိုးသားက သူမ၏ ဟင်းချက်လက်ရာကြောင့် ရောက်လာခြင်းဖြစ်ကြောင်း ပြောနေခဲ့လေပြီ။
လင်းရန်: ဒီကမ္ဘာကြီးက ဘယ်လိုဖြစ်သွားတာလဲ၊ ရုတ်တရက်ကြီး ဒီလောက်တောင် အံ့ဩစရာကောင်းသွားတာလား၊ ဒါမှမဟုတ် ဒါက သူမကို သတိလက်လွတ်ဖြစ်အောင် လုပ်မယ့် သူတို့ရဲ့ အစီအစဉ်ထဲက အစိတ်အပိုင်းတစ်ခုများလား။
လင်းရန်က သံသယရှိနေဆဲဖြစ်ကြောင်းကို မြင်လျှင် လျို့ကျားယိုတစ်ယောက် စိုးရိမ်လာရသည်။
“စားဖိုမှူးလေး... ကျွန်တော် အမှန်အတိုင်း ပြောနေတာပါ၊ တကယ်လို့ စိတ်မချဘူးဆိုရင် ကျွန်တော့်ရဲ့ လိပ်စာကတ်ကို အရင်ယူထားလိုက်လို့ရတယ်၊
ကျွန်တော်က ဘယ်သူလဲဆိုတာကို ပတ်ဝန်းကျင်မှာ မေးကြည့်ရုံနဲ့တင် သိနိုင်ပါတယ်”
လျို့ကျားယို ကြွားဝါနေခြင်း မဟုတ်ပါချေ။ သူသည်က ဟောင်ကောင်တွင် ထင်ရှားကျော်ကြားသူတစ်ဦး ဖြစ်ပြီး အဆင့်အတန်းရှိသော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပေသည်။
ကွမ်ကျိုးက သူ၏ အဓိကနယ်မြေမဟုတ်သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ဤနေရာ၌ အီလက်ထရွန်နစ်ပစ္စည်း အရောင်းဆိုင်များစွာကို ရင်းနှီးမြှုပ်နှံထားသည့်အတွက် အတော်လေး နာမည်ရနေသူလည်း ဖြစ်၏။
ထို့ကြောင့် လင်းရန်အနေဖြင့် သူ၏ လိပ်စာကတ်ဖြင့် စုံစမ်းကြည့်မည်ဆိုလျှင် သူသည်က ဆိုင်ခွဲများစွာကို ပိုင်ဆိုင်သော သူဌေးတစ်ဦးဖြစ်ကြောင်းကို သိရှိသွားပေလိမ့်မည်။
ထိုသို့ဆိုလျှင် သူမလည်း သူ့ကို ယုံကြည်နိုင်ပေလိမ့်မည်။
လင်းရန်အနေဖြင့် ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် တစ်ဖက်လူက မည်သည့်အကြံအစည်ရှိသည်ကို သိရှိချင်သည့်အတွက် လျို့ကျားယို၏ လက်ထဲမှ လိပ်စာကတ်ကို ယူလိုက်လေသည်။
လိပ်စာကတ်ကို ကြည့်လိုက်ချိန်တွင် သူမ အမှန်တကယ်ပင် အံ့အားသင့်သွားရ၏။
လျို့ကျားယိုမှာ မြို့ထဲတွင် အသစ်ဖွင့်လှစ်ထားသော အီလက်ထရွန်နစ်ပစ္စည်း အရောင်းဆိုင်များစွာ၏ နောက်ကွယ်မှ သူဌေးကြီးဖြစ်နေရုံသာမက ဟောင်ကောင်ရှိ ကုမ္ပဏီတစ်ခု၏ သူဌေးကြီးလည်း ဖြစ်နေလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
လင်းရန် အံ့အားသင့်နေချိန်တွင် ဘေးနားရှိ လင်းကျန်းအန်းက လှမ်းကြည့်လိုက်မိပြီး လျို့ကျားယို၏ လိပ်စာကတ်ပေါ်ရှိ ရင်းနှီးနေသော ကုမ္ပဏီအမည်ကို မြင်တွေ့သွားလေသည်။
သူသည် ခေတ္တမျှ အံ့သြသွားပြီးနောက် မသိစိတ်ဖြင့် ပြောလိုက်မိ၏။
“ဒါက အရင်တုန်းက ငါ့ကို အတင်းအကျပ် ပူးပေါင်းခိုင်းတဲ့ ဆေးရုံရဲ့ နာမည် မဟုတ်ဘူးလား”
ပူးပေါင်းဆောင်ရွက်မည့် ဆေးရုံလား။
လင်းရန်တစ်ယောက် ယခင်က သူမနှင့် စုန့်ရှီးယန်တို့ အဖေလင်းကို သွားရှာစဉ်က အဖေလင်းကို အနှောင့်အယှက်ပေးနေသော အမျိုးသမီးတစ်ဦးကို ချက်ချင်း သတိရသွားလေသည်။
“အဖေ... ဒါက ရဲဘော်လု အလုပ်လုပ်တဲ့ ဆေးရုံလား”
တကယ်ကြီး အဲဒီဆေးရုံလား။
အမှန်အတိုင်းပြောရလျှင် ထိုဆေးရုံသာ မှန်ကန်ပါက လင်းရန်၏ လျို့ကျားယိုအပေါ် ထားရှိသော အထင်အမြင်မှာ ပို၍ပင် ဆိုးရွားသွားပေလိမ့်မည်။
ထိုဆေးရုံကအဘယ်ကြောင့် ပူးပေါင်းဆောင်ရွက်ချင်နေသည်လဲ။ သူတို့က အဖေလင်း၏ စက်ရုံကို သိမ်းပိုက်ချင်နေခြင်း ဖြစ်ပေသည်။
*