← Chapters

အခန်း (၄၆၃-၄၆၄)

Vol. 47 Ch. 463-464

အခန်း (၄၆၃-၄၆၄)

Vol. 47 Ch. 463-464

အခန်း(463)

လျို့ကျားယိုမှာ အစပိုင်းတွင် လင်းရန်တို့ သားအဖနှစ်ဦး၏ စကားဝိုင်းကို နားထောင်နေရင်းဖြင့် ဝမ်းသာသွားရလေ၏။

တစ်ဖက်လူက သူ့အကြောင်းကို သိရှိထားသောကြောင့် သူ့ကိုယုံကြည်တော့မည်ဟု ထင်မှတ်ခဲ့သည်။

သို့သော် နောက်တစ်စက္ကန့်တွင် လင်းကျန်းအန်းက ခေါင်းညိတ်ထောက်ခံလိုက်သည်နှင့် လင်းရန်၏ အမူအရာမှာ ပိုမို၍ အေးစက်သွားရုံသာမက ရွံရှာစက်ဆုပ်သော အရိပ်အယောင်များပင် ရောယှက်လာသည်ကို သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေတော့သည်။

လျို့ကျားယို: “???”

ဒါက ဘယ်လိုဖြစ်ရတာလဲ။

စီးပွားရေးလောကတွင် သူ၏ ဂုဏ်သတင်းမှာ အတော်လေး ကောင်းမွန်သည်ဟု သူ ယူဆထားခဲ့သည်။

သူ၏နာမည်ကို ကြားလိုက်ရုံနှင့် တခြားသူများက ဤကဲ့သို့သော မျက်နှာအမူအရာမျိုး ပြသရလောက်အောင်အထိ သူ နိမ့်ကျမသွားနိုင်ပါချေ။

တစ်စုံတစ်ခု နားလည်မှုလွဲနေခြင်းသာ ဖြစ်ပေမည်။

“စားဖိုမှူးလေး... မင်းနဲ့ မင်းရဲ့အဖေက ငါ့အကြောင်းကို ကြားဖူးထားတာလား၊ တစ်ခုခု နားလည်မှုလွဲနေတာမြား ရှိလို့လား၊ ငါ မင်းတို့ကို အရင်က တစ်ခါမှ မတွေ့ဖူးပါဘူး”

လင်းရန်နှင့် လင်းကျန်းအန်းတို့သည်ကား လျို့ကျားယိုမှာ ထိုဆေးရုံ၏ နောက်ကွယ်မှ သူဌေးကြီးဖြစ်ကြောင်းကို အတည်ပြုပြီးနောက်တွင် လျို့ကျားယိုအပေါ် ကောင်းမွန်သော လေသံမျိုး မရှိနိုင်တော့ပေ။

လင်းရန်က သူ့အား မည်သည့်ခံစားချက်မျှ မရှိသော မျက်နှာဖြင့် ကြည့်ပြီး ပြောလိုက်လေ၏။

“ကျွန်မတို့တွေ အရင်က တစ်ခါမှ မဆုံဖူးတာမှန်ပေမဲ့ လူကြီးမင်းအနေနဲ့ လင်းကျန်းအန်းနဲ့ ချွန်ဖန်းတပ်မဟာ ဆေးဖက်ဝင်အပင်များစက်ရုံဆိုတဲ့နာမည်တွေတော့ ကြားဖူးလောက်မှာပါ”

သူမအနေဖြင့် လျို့ကျားယိုက သူ စီမံခန့်ခွဲနေသော အလုပ်များနှင့် ပတ်သက်၍ မသိရှိဘဲနေလိမ့်မည်ဟု မယုံကြည်ပါချေ။

အဖေလင်းထံသို့ ပူးပေါင်းဆောင်ရွက်ရန် လာရောက်ဆွေးနွေးသူမှာ လျို့ကျားယိုကိုယ်တိုင် မဟုတ်သော်လည်း ရဲဘော်လုသည်က လျို့ကျားယို၏ ခွင့်ပြုချက်နှင့် အမိန့်မပါဘဲ အဖေလင်းအား ဤမျှအထိ နှောင့်ယှက်ရဲမည်မဟုတ်ပေ။

လင်းကျန်းအန်း...

ချွန်ဖန်းတပ်မဟာ ဆေးဖက်ဝင်အပင်များ စက်ရုံ...

လျို့ကျားယို ဤအမည်နှစ်ခုကို စတင်ကြားလိုက်ရချိန်တွင် အမှန်တကယ်ပင် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် ဆေးရုံကိစ္စများမှာ သိပ်ပြီးမအောင်မြင်သေးသော ကိစ္စများသာဖြစ်၍ သူ၏စိတ်ထဲတွင် သတိထားမိရုံသာရှိပြီး မည်သည့်အတွက်ကြောင့်ဆိုသည်ကို စဉ်းစား၍ မရနိုင်သေးပေ။

ကံကောင်းစွာဖြင့် သူကိုယ်တိုင် မမှတ်မိသော်လည်း သူ၏လက်အောက်တွင် အရည်အချင်းရှိသော လက်ထောက်တချို့ ရှိနေပေသည်။

သူ၏နောက်မှ လူတစ်ဦးက လျို့ကျားယိုအား အသံတိုးတိုးဖြင့် သတိပေးလိုက်မှသာ သူသည်လည်း ဤကိစ္စကို ရုတ်တရက် သတိရသွားလေတော့သည်။

ထို့နောက် သူက လင်းကျန်းအန်းနှင့် လင်းရန်တို့ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်မိ၏။ လင်းကျန်းအန်းသည်က ယခင်စုန့်စစ်ယွီ အတင်းအကျပ် သိမ်းပိုက်ခိုင်းနေသော ဆေးဝါးစက်ရုံပိုင်ရှင် ဖြစ်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

သို့သော် တစ်ဖက်လူ၏ ငြင်းပယ်မှုမှာ အလွန်ပြင်းထန်ခဲ့သောကြောင့် လျို့ကျားယိုသည်လည်း ထိုစက်ရုံ၌ တိုးတက်မှု အလားအလာကို မမြင်တော့ဘဲ ဤကိစ္စကို လက်လျှော့ခဲ့ခြင်းဖြစ်သည်။

ဤနေရာတွင် ထိုစက်ရုံမှူးနှင့် ပြန်လည်ဆုံတွေ့ရလိမ့်မည်ဟု သူ အိမ်မက်ပင် မမက်ခဲ့ပါချေ။

လက်ရှိအခြေအနေက အနည်းငယ်လောက်တော့ မျက်နှာပူစရာ ကောင်းလှပေသည်။

“ဒါကို ခင်ဗျားတို့ ယုံချင်မှ ယုံမှာဆိုပေမဲ့... ကျွန်တော့်အနေနဲ့ ဒီလိုကိစ္စမျိုးရှိတာကိုပဲ သိထားခဲ့တာပါ၊ အသေးစိတ် အခြေအနေကိုတော့ မသိခဲ့ပါဘူး၊

တကယ်လို့ အဆင်မပြေတဲ့အကြောင်းအရာတွေရှိနေမယ်ဆိုရင် ဒီကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်တာတွေကို ကျွန်တော့်ကို ပြောပြလို့ ရပါတယ်”

လင်းကျန်းအန်းထံသို့ သွားရောက်ခဲ့သော လုအမည်ရှိ လက်အောက်ငယ်သားက မည်သို့သော ကမ်းလှမ်းချက်များ ပေးခဲ့သည်ကို သူ သေသေချာချာ သိရှိပေသည်။

တကယ်တမ်းတွင် သူ၏ ရှုထောင့်မှကြည့်လျှင် ထိုစာချုပ်က သူတို့ဆေးရုံအတွက် သေချာပေါက် အကျိုးရှိပေလိမ့်မည်။

သို့သော် လင်းကျန်းအန်း၏ ရှုထောင့်မှကြည့်လျှင်မူ အနိုင်ကျင့် ဗိုလ်ကျသော စာချုပ်မျိုးသာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် သူက အတွင်းရေးများကို မသိရှိသကဲ့သို့သာ ဟန်ဆောင်လိုက်ရတော့၏။ သို့မဟုတ်လျှင် သူ့အနေဖြင့် မည်သို့သော မျက်နှာမျိုးဖြင့် လင်းရန်၏ ရှေ့တွင် ဆက်လက်ရပ်တည်ကာ သူမချက်သော အစားအစာများကို အရှက်မရှိ စားသုံးနိုင်ပါဦးမည်လဲ။

စုန့်စစ်ယွီနှင့် အချိန်အတော်ကြာအောင် အတူရှိနေခဲ့၍လားမသိပါချေ။ လျို့ကျားယို၏ သရုပ်ဆောင်စွမ်းရည်မှာလည်း အတော်လေး တိုးတက်လာခဲ့ချေပြီ။

အနည်းဆုံးတော့ လင်းကျန်းအန်းက သူ၏စကားတချို့ကို ယုံကြည်သွားခဲ့သည်။ ဤကဲ့သို့သော သူဌေးကြီးတစ်ဦးအနေဖြင့် ထိုကဲ့သို့သော အသေးအဖွဲ ကိစ္စရပ်များကို အမှန်တကယ် မသိရှိခြင်းမျိုးလည်း ဖြစ်နိုင်သည် မဟုတ်ပါလား။

ဤကိစ္စများမှာ အတိတ်ကဖြစ်ရပ်များသာ ဖြစ်သဖြင့် ထပ်မံပြောဆိုနေရန် မလိုအပ်တော့ဟု လင်းကျန်းအန်းက ယူဆလိုက်သည်။ သူသည်လည်း တစ်ဖက်လူနှင့် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက် မရှိတော့ပေ။

လင်းကျန်းအန်းက လက်ယမ်းပြလျက် ဤစကားဝိုင်းကို အဆုံးသတ်ရန် ပြင်လိုက်ချိန်မှာပင် လင်းရန်က တိုက်ရိုက်ဝင်ပြောလိုက်လေတော့သည်။

“ကောင်းပြီလေ... လူကြီးမင်းလျို့က ဒီလိုမေးလာမှတော့ ကျွန်မလည်း ဖုံးကွယ်မနေဘဲ အားလုံးကို ပြောပြပါ့မယ်”

တစ်ဖက်လူက မေးမြန်းလာမှတော့ သူမက အဘယ်ကြောင့် မပြောဘဲ နေရပါမည်နည်း။ ပြောပြလိုက်လျှင် မျက်နှာပူရမည်မှာ သူမ မဟုတ်သည်က သေချာပေသည်။

ထို့အပြင် ပြောပြလိုက်ခြင်းဖြင့် သူမ၏ စိတ်ထဲရှိ ဒေါသများကို ပြေပျောက်စေနိုင်ပြီး တစ်ဖက်လူအားလည်း တိတ်တဆိတ် ဒေါသထွက်အောင် လုပ်ဆောင်နိုင်သည် မဟုတ်ပါလား။

ထို့ကြောင့် လင်းရန်က လုမျိုးရိုး အမျိုးသမီး ပေးခဲ့သော ကမ်းလှမ်းချက်များကို လျို့ကျားယိုအား ပြောပြလိုက်လေ၏။

“လူကြီးမင်းလျို့.. ဒီလိုကမ်းလှမ်းချက်မျိုးက သင့်တော်တယ်လို့ ထင်လား”

“လူကြီးမင်းလျို့လည်း စီးပွားရေးသမား တစ်ယောက်ပဲလေ၊ ဒီကမ်းလှမ်းချက်က ကျွန်မတို့အတွက် ဘယ်လောက်အထိ နစ်နာသလဲဆိုတာ ရှင် အသိဆုံးဖြစ်မှာပါ”

“လူကြီးမင်းလျို့...”

မေးခွန်းများ ဆက်တိုက် မေးမြန်းခြင်း ခံလိုက်ရပြီးနောက် လျို့ကျားယိုမှာ အဘယ်ကြောင့်မှန်းမသိဘဲ လင်းရန်၏ မေးခွန်းများအောက်တွင် အဖြေရခက်ကာ အလွန်ပင်အရှက်ရသွားရလေသည်။

“စားဖိုမှူးလေး... ကျွန်တော် ဒီကိစ္စကို တကယ် မသိခဲ့တာပါ၊ ဒါက တကယ့်ကို နားလည်မှုလွဲနေတာပါပဲ၊ စိတ်မပူပါနဲ့... ကျွန်တော် ပြန်ရောက်တာနဲ့ ဒီဝန်ထမ်းကို သေသေချာချာ ဆုံးမ အပြစ်ပေးပါ့မယ်

ကျွန်တော်တို့တွေက စီးပွားရေးလုပ်တဲ့အချိန်မှာ ငြိမ်းချမ်းမှုနဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိဖို့ကို အလိုအပ်ဆုံးပဲလေ၊ ဒီလိုလုပ်ရပ်မျိုးကို ဘယ်လိုများ လုပ်နိုင်ရတာလဲ!”

သူ၏နောက်ကွယ်မှ လက်အောက်ငယ်သားများ:

“သွားပြီ၊ ငါတို့တွေကတော့ သူဌေးရဲ့ သရုပ်ဆောင်အရည်အချင်းကို အမီမလိုက်နိုင်တော့ဘူး၊ ဘယ်လိုလုပ်ကြမလဲ”

လင်းရန်မှာ သူပြောသောစကားများကို ကြားလျှငရ တစ်ဖက်လူက အမှန်အတိုင်းပြောနေသည်လား၊ သို့မဟုတ် ဟန်ဆောင်နေသည်လားဟူသည်ကို မသိသော်လည်း စိတ်ထဲတွင်တော့ အတော်လေး သက်သာရာရသွားခဲ့လေ၏။

“ဒါဆိုရင်တော့ လူကြီးမင်းလျို့အနေနဲ့ တကယ်ပဲ မသိရှိခဲ့တာဖြစ်ပုံရပါတယ်၊ ဒါကြောင့် ရှင့်ရဲ့ဝန်ထမ်းတွေကို သေသေချာချာ ဆုံးမပေးဖို့ မျှော်လင့်ပါတယ်

ဘာပဲဖြစ်ဖြစ် ရှင့်ရဲ့ဝန်ထမ်းတွေက တစ်ခါတလေမှာ ရှင့်ရဲ့ကုမ္ပဏီနဲ့ ရှင့်ရဲ့ပုံရိပ်ကို ထိခိုက်စေနိုင်တယ်လေ၊ ကြည့်ပါလား... အခုလည်း ကျွန်မစိတ်ထဲမှာ ရှင့်အပေါ် မကောင်းတဲ့ထင်မြင်ချက်တွေ ဖြစ်ပြီမလား”

အခြေအနေက ဤသို့ပင် ဖြစ်နေခဲ့သည်။

လျို့ကျားယိုမှာ အရာအားလုံးကို နားလည်သွားပြီး အရင်းအမြစ်ကို သိရှိသွားသည့်အတွက် ဖြေရှင်းရန် လွယ်ကူသွားခဲ့လေပြီ။

လင်းရန်က သူ့အပေါ်တွင် မကျေနပ်မှုများ ရှိနေဆဲဖြစ်ကြောင်းကို သူ မြင်တွေ့ရလေသည်။ သူ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူ၏နောက်ကွယ်မှ လက်အောက်ငယ်သားအား ရုတ်တရက် အမိန့်ပေးလိုက်၏။

“စီစဉ်သူတွေဆီမှာ စာချုပ်တစ်စောင် သွားတောင်းလိုက်”

ထိုသူသည်လည်း အကြောင်းပြချက်ကို မမေးရဲဘဲ ခေါင်းညိတ်သဘောတူကာ စီစဉ်သူများထံသို့ စာချုပ်ယူရန် အလျင်အမြန် သွားလေတော့သည်။

လင်းရန်နှင့် လင်းကျန်းအန်းတို့မှာတော့ အနည်းငယ် မျက်မှောင်ကြုတ်လျက် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေ၏။

သူ ဘာလုပ်ချင်နေတာလဲ။

လျို့ကျားယိုက အချိန်ဆွဲမနေဘဲ သူတို့နှစ်ဦးအား တိုက်ရိုက်ပင် ပြုံး၍ ပြောလိုက်လေသည်။

“အရင်က ဖြစ်ပျက်ခဲ့တာတွေက ခင်ဗျားတို့နှစ်ယောက်အပေါ် အရမ်းဆိုးရွားတဲ့ သက်ရောက်မှုရှိခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါက ကျွန်တော့်ရဲ့ခိုင်းစေမှု မဟုတ်ခဲ့ပေမဲ့ သက်ရောက်မှုကတော့ ဖြစ်သွားခဲ့ပြီလေ၊ ဒါကြောင့် ဒါကို ပြန်လည်ပေးဆပ်ဖို့က ကျွန်တော့်ရဲ့တာဝန်ပါပဲ”

ထိုသို့ပြောပြီးနောက် လျို့ကျားယိုက လင်းကျန်းအန်းအား ကြည့်ကာပြောလာပြန်၏။

“လူကြီးမင်းလင်း... လူကြီးမင်းက ဒီကို ပူးပေါင်းဆောင်ရွက်သူရှာဖို့ လာခဲ့တာမလား၊ တကယ်လို့ ကန့်ကွက်စရာမရှိဘူးဆိုရင် ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ကုမ္ပဏီက လူကြီးမင်းကို ကူညီပေးနိုင်ပါတယ်

ဒီတစ်ခါတော့ စည်းကမ်းချက်တွေကို လူကြီးမင်းတို့ဘက်ကပဲ သတ်မှတ်လိုက်ပါ၊ စျေးကွက်နဲ့ လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်နေသရွေ့ ကျွန်တော့်ဘက်က မငြင်းပါဘူး”

လင်းရန်နှင့် လင်းကျန်းအန်း: “? ? ?”

ဒါက ဘာလဲ။

သူတို့ တစ်နေ့ကုန် စောင့်မျှော်နေခဲ့ရတဲ့ ပူးပေါင်းဆောင်ရွက်မှုက အခု ရောက်ရှိလာပြီလား။

ထို့အပြင် လျို့ကျားယို ပြောစကားအရဆိုလျှင် အတော်လေးကောင်းပေ၏။

စည်းကမ်းချက်များနှင့် စာချုပ်ပါ အချက်အလက်များကို သူတို့ကသာ ဆုံးဖြတ်ရမည်ဟု ဆိုထားသည် မဟုတ်ပါလား။

ဒါက သူတို့ကို ကိုင်တွယ်ဖို့အတွက် လျို့ကျားယိုရဲ့ နည်းလမ်းသစ်တစ်ခုများလား။

လင်းရန်နှင့် လင်းကျန်းအန်းတို့ ထိုသို့ တွေးတောနေချိန်မှာပင် လျို့ကျားယို၏ လူမှာ စာချုပ်ကို ယူဆောင်လာပြီး လင်းကျန်းအန်းထံသို့ တိုက်ရိုက် ကမ်းပေးလိုက်လေသည်။

သူတို့ဘာသာ ပြင်ဆင်နိုင်ကြောင်းကိုလည်း အချက်ပြလိုက်၏။

ရင်းနှီးမြှုပ်နှံမှုပြပွဲတွင် ချုပ်ဆိုသော စာချုပ်ဖြစ်သည့်အတွက် ဤစာချုပ်ကို အစိုးရက အလိုအလျောက် အကာအကွယ်ပေးလိမ့်မည်။

ဤသည်မှာ အစစ်အမှန်ဖြစ်ပြီး တရားဝင် ထိရောက်မှုလည်း ရှိပေလိမ့်မည်။

လင်းရန်နှင့် လင်းကျန်းအန်းတို့မှာ ယခုအချိန်တွင် အမှန်တကယ်ပင် ဝေခွဲမရ ဖြစ်နေကြရသည်။

သို့သော် လျို့ကျားယိုက သူတို့အား ဆက်လက်၍ တိုက်တွန်းနေဆဲပင်။

“ခင်ဗျားတို့ အလိုရှိတဲ့ စည်းကမ်းချက်အားလုံးကို တင်ပြနိုင်ပါတယ်”

မည်သို့ပင်ဖြစ်စေ ဤသည်မှာ စက်ရုံငယ်လေးတစ်ခုသာ ဖြစ်ပေသည်။ သူ ငွေအနည်းငယ်လောက် မြတ်သည်ဖြစ်စေ၊ မမြတ်သည်ဖြစ်စေ သူ့အတွက် အရေးမကြီးလှပေ။

သူ့အနေဖြင့် လင်းရန်က သူ့အတွက် ဟင်းချက်ပေးမည့် အခွင့်အရေးကို ဝယ်ယူလိုက်ခြင်းဖြစ်သည်ဟုသာ ယူဆလိုက်သည်။ ကြွယ်ဝချမ်းသာသော လျို့ကျားယိုအတွက်တောသ ဤကိစ္စမှာ အရေးတယူ စဉ်းစားစရာပင် မဟုတ်ပါချေ။

ယခင်က စုန့်စစ်ယွီမှ တစ်ဖက်လူ၏ စက်ရုံကို သူ၏လက်ထဲ၌သာ ထိန်းထားရန် မှာကြားခဲ့သော ကိစ္စကိုတော့ လျို့ကျားယို ဂရုစိုက်မနေတော့ပေ။

လင်းရန်နှင့် လင်းကျန်းအန်းတို့လည်း လျို့ကျားယို ပြောလာသည့်စကားက အမှန်ပင်ဖြစ်ကြောင်း ထပ်မံ အတည်ပြုခဲ့ကြသည်။ ပြီးနောက် သားအဖနှစ်ဦးက ဘေးသို့ ခေတ္တသွား၍ ဆွေးနွေးလိုက်ကြပြီးနောက် နောက်ဆုံးတွင် ပြတ်ပြတ်သားသားပင် ဆုံးဖြတ်လိုက်ကြလေတော့သည်။

*

အခန်း(464)

“လက်မှတ်ထိုးမယ်!”

မထိုးဘဲနေစရာ အကြောင်းမရှိပေ။

မည်သို့ပင်ဖြစ်စေ သူတို့၏ တောင်းဆိုချက်များကို အရင်ဆုံးတင်ပြကာ စာချုပ်ထဲတွင် ရေးသားမည် ဖြစ်၏။ တစ်ဖက်လူက သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သူတို့ ဂရုမစိုက်ပေ။

အကယ်၍ သဘောမတူပါကလည်း ဤအတိုင်းသာ ထားလိုက်မည်ဖြစ်ပြီး နောက်ပိုင်းတွင် တစ်ဦးနှင့်တစ်ဦး ပတ်သက်စရာ မလိုတော့ပေ။

အကယ်၍ သူတို့ သဘောတူခဲ့လျှင်လည်း နစ်နာမည့်သူမှာ သူတို့ သားအဖ မဟုတ်ပါချေ။

စာချုပ်ကလည်း လက်ထဲတွင်ရှိသလို အစိုးရ၏ အာမခံချက်လည်း ရှိနေသည်ဖြစ်၍ သူတို့က မည်သည့်အရာကို ကြောက်နေရဦးမည်နည်း။

ထို့ကြောင့် နောက်ဆုံးတွင် လင်းရန်နှင့် လင်းကျန်းအန်းတို့က စာချုပ်ပါ အချက်အလက်များတွင် မည်သည့် ပြဿနာမျှ မရှိကြောင်း အသေအချာ အတည်ပြုပြီးသည့်နောက် သူတို့ ကြိုတင်ရေးသားထားသော တောင်းဆိုချက်များကို တင်ပြလိုက်ကြလေသည်။

လျို့ကျားယိုက ထိုအချက်များကို ကြည့်ရှုစစ်ဆေးလျှင် သူတို့၏ တောင်းဆိုမှုများမှာ လွန်ကဲခြင်းမရှိဘဲ သူ မျှော်လင့်ထားသည်ထက်ပင် ပိုမိုကောင်းမွန်နေသည်ကို တွေ့ရှိရပေ၏။

သို့ဖြစ်၍ နှစ်ဦးနှစ်ဖက်စလုံးက စာချုပ်ပေါ်တွင် အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြလေတော့သည်။

သူ၏နာမည်ကို လက်မှတ်ရေးထိုးလိုက်သည့်ခဏ၌ လင်းကျန်းအန်းမှာ ခေတ္တမျှအံ့သြသင့်နေရလေ၏။

ဒါက တကယ်ကြီး အောင်မြင်သွားပြီလား။

ဟောင်ကောင်ရှိ ဆေးရုံကြီးတစ်ခုနှင့် မတော်တဆ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိသွားခဲ့ပြီလား။

“လူကြီးမင်းလင်းနဲ့ မိန်းကလေးလင်း... အခု ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်သူတွေ ဖြစ်သွားကြပြီဆိုတော့ နောက်ပိုင်းကျရင် စားဖိုမှူးလင်းရဲ့ လက်ရာတွေကို ဘယ်နေရာမှာ မြည်းစမ်းလို့ရမလဲဆိုတာ ကျွန်တော့်ကို ပြောပြလို့ ရမလား”

စာချုပ်လက်မှတ်ထိုးပြီးသည်နှင့် လျို့ကျားယိုက သူ၏ ရိုးသားမှုကို ပြသသည့်အနေဖြင့် လင်းရန်နှင့် လင်းကျန်းအန်းအား ဤမေးခွန်းကို ချက်ချင်း မေးမြန်းလိုက်လေတော့သည်။

လင်းကျန်းအန်းက လင်းရန်အား တစ်ချက်ကြည့်လိုက်ပြီး ဆုံးဖြတ်ချက်ကို သမီးဖြစ်သူ၏ လက်ထဲသို့သာ အပ်နှံလိုက်၏။

အကယ်၍ သူမသာ မပြောပြချင်ပါက သူသည်လည်း အပေးအယူကို ထိုနေရာ၌ပင် ဖျက်သိမ်းနိုင်ပေသည်။ သို့သော် လင်းရန်အနေဖြင့် ဖုံးကွယ်ထားစရာ မရှိတော့၍ သူမ၏ဆိုင်နာမည်နှင့် လိပ်စာကို လျို့ကျားယိုအား သဘောထားကြီးစွာဖြင့် ပြောပြလိုက်လေသည်။

သူမက ငွေအမြောက်အမြား ရှာဖွေရန်အတွက် ဆိုင်ဖွင့်ထားခြင်း မဟုတ်သော်လည်း ဖောက်သည်များ ရောက်လာလျှင်လည်း မောင်းထုတ်စရာ အကြောင်းမရှိပေ။

ထို့အပြင် မတိုင်မီက လျို့ကျားယို၏ လုပ်ရပ်များကို ကြည့်ရသလောက် သူသည်က သူမ၏ ဟင်းချက်လက်ရာကို အမှန်တကယ် စိတ်ဝင်စားပုံရသည့်အပြင် အဖေလင်းနှင့်လည်း စာချုပ်အသစ် ပြန်လည်ချုပ်ဆိုပေးခဲ့သည် မဟုတ်ပါလား။

ဤသို့ကြည့်မည်ဆိုလျှင် ဤလူက စုန့်စစ်ယွီကဲ့သို့ ဆိုးရွားသူတစ်ဦး မဟုတ်နိုင်ပေ။ သူမအနေဖြင့် ဤမျှလောက်သော မျက်နှာသာပေးမှုကို ပြန်ပေးသင့်ပေသည်။

လျို့ကျားယိုမှာ ရင်းနှီးနေသော ဆိုင်နာမည်ကို ကြားလိုက်ရချိန်တွင် အံ့သွသွားရပြန်၏။

“မနေ့က ကျွန်တော် ခင်ဗျားရဲ့ဆိုင်ရှေ့ကို ရောက်ခဲ့သေးတယ်၊ ဒါပေမဲ့ နှမြောစရာကောင်းတာက ဆိုင်ပိတ်ထားတာပဲ”

ယမန်နေ့က သူ့အနေဖြင့် ထို “ဝေ့မီ” ဟု အမည်ရသော ဆိုင်လေး ဖွင့်၊ မဖွင့်ကို နောက်ပိုင်းမှ ပြန်လာကြည့်ရန် ကြံစည်ခဲ့သည်။

သို့သော်လည်း ယနေ့ ရင်းနှီးမြှုပ်နှံမှုပြပွဲ၌ ဆိုင်ရှင်ဖြစ်သည့် လင်းရန်နှင့် ဆုံတွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ထို့အပြင် လင်းရန်၏ လက်ရာကိုလည်း ကိုယ်တိုင် မြည်းစမ်းခွင့် ရရှိခဲ့သေးသည်။

သူ၏ အစားအသောက် အမြင်မှာ အမှန်တကယ်ပင် ကောင်းမွန်လှပုံရပေ၏။ ထို”ဝေ့မီ” ဆိုင်၏ အရသာမှာ ကောင်းမွန်လိမ့်မည်ဟု သူ တွေးခဲ့ပြီး လက်ရှိတွင်လည်း အမှန်တကယ်ပင် ထူးချွန်နေခဲ့သည် မဟုတ်ပါလား။

လင်းရန်သည်လည်း ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့သောကြောင့် မျက်ခုံးကိုပင့်လျက် ရှင်းပြလိုက်လေသည်။

“အခုတလော ဒီဘက်ကကိစ္စတွေအတွက် ပြင်ဆင်နေရလို့ ဆိုင်ကို ရက်နည်းနည်းလောက် ခေတ္တပိတ်ထားရတာပါ”

“မိန်းကလေးလင်း... ဆိုင်ကို ဘယ်တော့လောက် ပြန်ဖွင့်ဖို့ အစီအစဉ်ရှိလဲ”

လျို့ကျားယိုတစ်ယောက် သူ၏ကြိုးစားမှုကို အလကား မဖြစ်စေရန်အတွက် အချိန်ကိုအတိအကျ မေးမြန်းရန် ကြံစည်လိုက်သည်။

သူက ထိုသို့မေးမြန်းလာလျှင် လင်းရန်အနေဖြင့် သူ၏ စိတ်အားထက်သန်မှုကို သတိမပြုမိဘဲ မနေနိုင်တော့ပေ။ ထို့ကြောင့် သူမက ပြောလိုက်ရလေတော့သည်။

“မနက်ဖြန် နေ့လယ်ကျရင် လာခဲ့လေ၊ ကျွန်မ ဆိုင်မှာ ရှိနေပါ့မယ်”

လျို့ကျားယိုလည်း ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် ရယ်မောလိုက်၏။

“ကောင်းပြီ... ဒါဆိုလည်း မနက်ဖြန် နေ့လယ်ကျရင် စားဖိုမှူးလင်းရဲ့ တခြားလက်ရာတွေကို မြည်းစမ်းဖို့ ဆိုင်ကို လာခဲ့ပါ့မယ်”

ထိုသို့ပြောပြီးနောက် လျို့ကျားယိုက သူ၏လက်အောက်ငယ်သားများနှင့်အတူ ပြပွဲကွင်းအတွင်းမှ စိတ်ကျေနပ်စွာဖြင့် ထွက်ခွာသွားလေသည်။

လင်းရန်နှင့် လင်းကျန်းအန်းတို့သည်လည်း ကြာကြာမနေတော့ဘဲ ပစ္စည်းများကို သိမ်းဆည်းကာ ထွက်လာခဲ့ကြ၏။

မည်သို့ပင်ဖြစ်စေ ယနေ့ သူတို့ရရှိခဲ့သော ရလဒ်များမှာ လင်းကျန်းအန်း မျှော်လင့်ထားသည်ထက်ပင် များစွာ သာလွန်နေခဲ့သည့်အတွက် သူတို့လည်း ကျေနပ်စွာဖြင့် ပြန်လာခဲ့ကြလေသည်။

သူတို့ အပြင်ဘက်သို့ ရောက်ရှိချိန်တွင် အပြင်၌ ကြိုတင်စောင့်ဆိုင်းနေသော စုန့်ရှီးယန်ကို မြင်တွေ့လိုက်ရလေသည်။

လင်းရန်နှင့် လင်းကျန်းအန်းတို့ ထွက်လာသည်ကို မြင်လျှင် စုန့်ရှီးယန်က ချက်ချင်း အရှေ့သို့ တိုးလာကာ လင်းကျန်းအန်း၏ လက်ထဲမှ ပစ္စည်းများကို ကူညီသယ်ယူပေးပြီး အခြေအနေများကို မေးမြန်းလိုက်၏။

လင်းကျန်းအန်းက ခဏလောက်တုံ့ဆိုင်းနေပြီးမှ မတိုင်မီက ကြုံတွေ့ခဲ့ရသော အံ့အားသင့်စရာအဖြစ်အပျက်များကို စုန့်ရှီးယန်ကို ပြောပြလိုက်လေသည်။

စုန့်ရှီးယန်သည်လည်း ထိုအကြောင်းကို ကြားရလျှင် အနည်းငယ် အံ့သြသွားပြီးနောက် လင်းရန်အား မသိစိတ်ဖြင့် လှည့်ကြည့်လိုက်လေ၏။

“ရန်ရန်... ကိုယ် ကြားဝင်လုပ်ပေးဖို့ လိုလား”

ထိုလူက လင်းရန်ကြောင့် ရောက်လာခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။ သူက လင်းရန်၏ လက်ရာကို စားချင်သည်ဟုပြောနေသော်လည်း စိတ်ထဲ၌ ကြံစည်နေသည့်အရာကို မည်သူ သိနိုင်ပါမည်လဲ။

မည်သို့ပင်ဖြစ်စေ စုန့်ရှီးယန်ကတော့ ထိုလူကို သံသယရှိနေမိသည်။

လင်းရန်ကတော့ ဤကိစ္စကို စိတ်ထဲတွင် သိပ်မထားပေ။ မည်သို့ပင်ဖြစ်စေ မနက်ဖြန် လျို့ကျားယို ရောက်လာမည့်အချိန်က နေ့လည်ခင်းသာဖြစ်သည်။

သူက ဘာလုပ်နိုင်မှာလဲ။

“မလိုပါဘူး... ရှင် အလုပ်ကိုပဲ ကြိုးစားပါ”

သူ ထင်မှတ်ထားသည့်အတိုင်းပင် အငြင်းခံလိုက်ရလေသည်။ စုန့်ရှီးယန်အနေဖြင့် လင်းရန်က သဘောတူမည်မဟုတ်ကြောင်း ကြိုတင်ခန့်မှန်းထားသော်လည်း သူသည်လည်း လွယ်လွယ်နှင့် လက်လျှော့ရန် ရည်ရွယ်ချက် မရှိသေးပေ။

သူကိုယ်တိုင် ထိုနေရာတွင် မရှိနိုင်သော်လည်း လူခေါ်ထား၍ ရပေသည်။

ဥပမာအားဖြင့် သူ၏အမေကဲ့သို့သော သူမျိုးပင်။

လွန်ခဲ့သော နှစ်ရက်ကတည်းက လင်းကျန်းအန်းအား စုန့်မိသားစုအိမ်သို့ ခေါ်ဆောင်၍ ထမင်းစားရန် သဘောတူထားကြပြီးဖြစ်၍ လင်းရန်နှင့် စုန့်ရှီးယန်တို့က လင်းကျန်းအန်းအား စုန့်ကျယ်နှင့် အမေချင်းတို့ရှိရာသို့ တိုက်ရိုက် ခေါ်ဆောင်လာခဲ့ကြလေသည်။

သူတို့သုံးဦး စုန့်မိသားစုအိမ်သို့ ရောက်ရှိချိန်တွင် စုန့်ရှီးယန်က ကားရပ်နားပြီးနောက် အမေချင်းထံ သွားကာ အခြေအနေအရပ်ရပ်ကို အလျင်အမြန်ပင် ရှင်းပြလိုက်၏။

အမေချင်းလည်း ထိုအကြောင်းကို ကြားရသောအခါ စုန့်ရှီးယန်အား “ဘာလို့ ဒီလောက်တောင် အသုံးမကျရတာလဲ” ဆိုသည့် အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် နှာခေါင်းရှုံ့ကာ ဆိုလေသည်။

“ဒီလိုကိစ္စမျိုးကို မင်း ပြောနေဖို့ လိုသေးလို့လား၊ ငါ ဘယ်တုန်းကများ ရန်ရန်ကို ကူမကြည့်ပေးဘဲ နေဖူးလို့လဲ”

အကယ်၍ သူမသာ လင်းရန်နှင့် အမြဲတမ်း အတူရှိမနေခဲ့လျှင် သူတို့၏ အိမ်ထောင်ရေးမှာ ပြဿနာများ ရှိနေလောက်ချေပြီ။

စုန့်ရှီးယန်အနေဖြင့် အိမ်ထောင်ကျသည်မှာ နှစ်နှစ်နီးပါး ရှိပြီဖြစ်သော်လည်း သူမနှင့် တစ်လပြည့်အောင်ပင် အတူမနေနိုင်ခဲ့သည့် အခြေအနေမျိုး၌ ရှိနေသည်မဟုတ်ပါလား။

ထို့ကြောင့် အမေချင်းက သူမ၏သားဖြစ်သူ စုန့်ရှီးယန်နှင့် လင်းရန်တို့၏ အိမ်ထောင်ရေးတွင် သူမဘက်မှ ပေးဆပ်ရမှုများလွန်းသည်ဟု ခံစားနေရခြင်း ဖြစ်ပေသည်။

ဤအချိန်တွင် စုန့်ရှီးယန်တစ်ယောက် ပြန်လည်ချေပရဲခြင်း မရှိပူချေ။ သူက မိခင်ဖြစ်သူ၏ အထင်သေးမှုကိုသာ တိတ်တဆိတ် လက်ခံလိုက်ရပြီးနောက် ကျေးဇူးတင်စကား ဆိုလိုက်လေ၏။

“အမေ တကယ်ပဲ ပင်ပန်းရပြီ”

ကိစ္စများ ပြေလည်သွားသည့်အချိန်မှသာ စုန့်ရှီးယန်လည်း စိတ်အေးသွားရတော့သည်။ ထို့နောက် သူက အပြင်သို့ထွက်ကာ ယောက္ခမဖြစ်သူ လင်းကျန်းအန်းအား နှုတ်ဆက်၍ အဖော်ပြုပေးလေတော့၏။

အပြင်ဘက်တွင်တော့ လင်းကျန်းအန်းနှင့် စုန့်ကျယ်တို့က စကားလက်ဆုံ ကျနေကြလေပြီ။

ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ စုန့်ကျယ်က လင်းကျန်းအန်းတို့ထက် ပိုမိုသိရှိထားခဲ့သည်။

သို့သော် သူ၏ ရာထူးအခြေအနေအရ တချို့သော ကိစ္စရပ်များကိုတော့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆို၍ မရနိုင်ပေ။

သို့သော်ငြားလည်း စုန့်ကျယ်အနေဖြင့် အရိပ်အမြွက် ပြောဆိုခြင်းဖြင့် လင်းကျန်းအန်းအား အရိပ်အယောင်ပေးရန် ပြဿနာမရှိပေ။

လင်းကျန်းအန်းသည်လည်း အကဲခတ်အလွန်တော်သူဖြစ်သည့်အတွက် စုန့်ကျယ်နှင့် စကားပြောနေရင်း သူ၏ စကားလုံးများထဲ၌ တစ်စုံတစ်ခု ပါဝင်နေသည်ကို သတိပြုမိသွားကာ စုန့်ကျယ် ပြောသမျှကို အာရုံစိုက်၍ နားထောင်လေတော့သည်။

ဤစကားဝိုင်းအတွင်း သူသည်က အကြောင်းအရာများစွာကို တွေးတောမိသွားခဲ့ချေပြီ။

စုန့်ကျယ်၏ စကားအရဆိုလျှင် ကွမ်ကျိုး၏ ဖွံ့ဖြိုးတိုးတက်မှုမှာ နောက်ပိုင်းတွင် ပိုမိုကောင်းမွန်လာမည်ဖြစ်သည့်အပြင် နိုင်ငံတော်အနေဖြင့်လည်း ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်သူများကို ပံ့ပိုးကူညီကာ စီးပွားရေးကို တက်ကြွစွာ မြှင့်တင်ပေးတော့မည်ပင်။

ဤသို့ကြည့်မည်ဆိုလျှင် သူသည်က စက်ရုံ၏ အဓိကလုပ်ငန်းစဉ်များကို ကွမ်ကျိုးသို့ ပြောင်းရွှေ့နိုင်သည်။

မည်သို့ပင်ဖြစ်စေ ဇာတိမြေက ကောင်းမွန်သော်လည်း အလွန်ကျဉ်းမြောင်းလွန်းသေးသည်။ လူဦးရေနှင့် ဆေးဖက်ဝင်အပင် လိုအပ်ချက်မှာလည်း ကွမ်ကျိုးနှင့်ယှဉ်လျှင် များစွာ လျော့နည်းလွန်းပေသည်။

ထို့အပြင် ကွမ်ကျိုးမှာ ပင်လယ်နှင့် နီးကပ်သောကြောင့် သယ်ယူပို့ဆောင်ရေးမှာလည်း ပိုမိုလွယ်ကူနေခဲ့သည်။

သူသည်က ဤနေရာ၌ စက်ရုံတစ်ရုံ တည်ထောင်ရန် အမှန်တကယ်ပင် စဉ်းစားသင့်ပေသည်။

ဒေသ၏ ထူးခြားသော ပထဝီဝင် အခြေအနေအရ ဆေးဖက်ဝင်အပင်များကိုတော့ နေရပ်တွင်သာ ဆက်လက်စိုက်ပျိုးထောက်ပံ့စေမည် ဖြစ်သော်လည်း၊ စက်ရုံမှာတော့ အချက်အချာကျသော နေရာ၌ ရှိနေသင့်သည်။

သို့မဟုတ်လျှင် နောက်ပိုင်းတွင် လူများက သူတို့၏ ဆေးဝါးစက်ရုံအကြောင်း သိရှိလို၍ လာရောက်လေ့လာလိုပါက ဇာတိမြေသို့အထိ တစ်ဦးချင်းစီ သွားရောက်ကြည့်ရှုရန် မလွယ်ကူလှပေ။

တကယ်တမ်းတွင် လင်းကျန်းအန်းသည်က ဤကိစ္စကို လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက တွေးတောနေခဲ့ခြင်း ဖြစ်သော်လည်း ဆုံးဖြတ်ချက်မချနိုင်သေးခဲ့ပေ။

သို့သော် ယခု စုန့်ကျယ်နှင့် စကားပြောပြီးနောက် သူ တွေးတောထားသော လမ်းကြောင်းမှာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့ချေပြီ။

ထို့ကြောင့် စုန့်ကျယ်၏အိမ်မှ လင်းရန်တို့၏ အိမ်သစ်သို့အသွား လမ်းခုလတ်၌ လင်းကျန်းအန်းက သူ၏ အတွေးအမြင်များကို လင်းရန်နှင့် စုန့်ရှီးယန်တို့အား ပြောပြခဲ့လဆ၏။

ဤကိစ္စမှာ ကြီးမားသော ကိစ္စရပ်တစ်ခု ဖြစ်သဖြင့် နောက်ဆုံး ဆုံးဖြတ်ချက်မချမီ အခြားသူများ၏ သဘောထားကို သူ နားထောင်ချင်နေခဲ့သည်။

*

All Chapters