အခန်း (၄၆၅-၄၆၆)
Vol. 47 Ch. 465-466
အခန်း(465)
လင်းရန်အနေဖြင့် လင်းကျန်းအန်း၏ ကွမ်ကျိုးတွင် ပစ္စည်းများပြုပြင်ထုတ်လုပ်ရန်အတွက် စက်ရုံခွဲတစ်ခု ဖွင့်လှစ်မည့် အစီအစဉ်ကို ကြားလိုက်ရချိန်တွင် လက်နှစ်ဖက်၊ ခြေနှစ်ဖက်လုံးကို မြှောက်၍ ထောက်ခံလိုက်လေတော့သည်။
အကယ်၍ ပြောပြ၍ရသော ကိစ္စရပ်များသာ ဖြစ်ခဲ့လျှင် သူမက အဖေလင်းအား ဤသို့အော်ဟစ်ပြောဆိုချင်မိသည်။
“မြန်မြန်လုပ်ပါအဖေ၊ မဟုတ်ရင် အဖေ နောင်တရလိမ့်မယ်”
နောင်ဆယ်စုနှစ် အနည်းငယ်အကြာတွင် ဤကွမ်ကျိုးဆိုသော နေရာမှာ တစ်နိုင်ငံလုံးတွင်သာမက နိုင်ငံတကာ၌ပါ အလွန်ပင် ကျော်ကြားလာမည် မဟုတ်ပါလား။
ထို့ကြောင့် ယခုအချိန်တွင် ကွမ်ကျိုး၌ စက်ရုံဖွင့်လှစ်ခြင်းသည်က နောင်လာနောက်သားများ၏ အချိန်နှင့်ယှဉ်လျှင် ပြိုင်ဆိုင်မှု မပြင်းထန်သေးသောကြောင့် အောင်မြင်မှုနှုန်းမှာလည်း သဘာဝကျစွာ ပိုမိုမြင့်မားပေလိမ့်မည်။
အဆိုးဆုံးအနေဖြင့် ပြောရလျှင် အဖေလင်း၏စက်ရုံက နောက်ဆုံးတွင် မအောင်မြင်ခဲ့ဘဲ လမ်းခုလတ်၌ အခက်အခဲများ ကြုံတွေ့ရပြီး ဆက်လက်မရပ်တည်နိုင်ခဲ့လျှင်ပင် နစ်နာစရာတော့ လုံးဝမရှိပေ။
စီးပွားရေးမလုပ်နိုင်လျှင်ပင် သူတို့တွင် အိမ်ကျန်ရှိနေပေလိမ့်မည်။
လင်းကျန်းအန်းသည်က စက်ရုံအဖြစ်အသုံးပြုရန် ဤနေရာ၌ အိမ်တစ်လုံးကို တိုက်ရိုက်ဝယ်ယူရန် ရည်ရွယ်ထားသောလေ၏။ ထိုအိမ်များသည်လည်း အလားအလာရှိသော အရင်းအနှီးများပင် ဖြစ်ပေသည်။
အတိုချုပ်ပြောရလျှင် မည်သို့ပင်ဖြစ်စေ သူတို့အတွက် ရှုံးနိမ့်စရာ လုံးဝမရှိပါချေ။
“ကောင်းပါပြီအဖေ... ကျွန်မ အဖေ့ရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံပါတယ်၊ ဒီနေ့အခြေအနေကို ကြည့်ရသလောက်ဆိုရင်တော့ နောက်ပိုင်းကျရင် ကွမ်ကျိုးမှာ လူဝင်လူထွက်တွေ ပိုများလာမှာ သေချာတယ်၊ စီးပွားရေးလုပ်ဖို့ တကယ့်ကို ကောင်းတဲ့နေရာပဲ”
စီးပွားရေးလုပ်ရာတွင် အလိုအပ်ဆုံးအရာမှာ လူဝင်လူထွက်ပင်ဖြစ်ချေသည်။
လူအဝင်အထွက် များပြားနေသရွေ့ လူဆယ်ယောက်တွင် ရှစ်ယောက်က လင်းကျန်းအန်း၏ ဆေးဝါးစက်ရုံကို စိတ်မဝင်စားလျှင်ပင် အခြေခံလူဦးရေပမာဏ ကြီးမားသည့်အတွက် ကျန်ရှိသော စိတ်ဝင်စားမည့်ငါးပုံတစ်ပုံဟူသည့် လူဦးရေမှာပင် အတော်လေး အားရစရာ ကောင်းပေသည်။
သမီးဖြစ်သူ၏ ထောက်ခံမှုကို ရရှိလိုက်လျှင် လင်းကျန်းအန်းမှာ အမှန်တကယ်ပင် စိတ်အေးသွားရလေ၏။
စုန့်ရှီးယန်ကလည်း ထောက်ခံကြောင်း ပြောဆိုပြီးနောက်တွင်တော့ လင်းကျန်းအန်းက မတွန့်ဆုတ်တော့ဘဲ ချက်ချင်းပင် ဆုံးဖြတ်လိုက်လေတော့သည်။
“ကောင်းပြီလေ... ဒါဆို မနက်ဖြန် မြို့ထဲသွားပြီး တပ်မဟာဆီကို ဖုန်းဆက်လိုက်မယ်၊ ပြီးတော့ ဒီကအခြေအနေကို လာကြည့်ဖို့ လူလွှတ်နိုင်မလားဆိုတာ သူတို့နဲ့ တိုင်ပင်ကြည့်ရမှာပေါ့”
လင်းကျန်းအန်းအနေဖြင့် စက်ရုံလည်ပတ်ရေး၊ အရောင်းမြှင့်တင်ရေး၊ ပြုပြင်ထိန်းသိမ်းရေးနှင့် ဖောက်သည်ဆက်ဆံရေးတို့ကို တာဝန်ယူထားသူဖြစ်သော်လည်း သူတစ်ယောက်တည်း၏သဘောဖြင့် လုံးဝ ဆုံးဖြတ်၍မရနိုင်ပေ။
မည်သိာ့ပင်ဖြစ်သေ ဤစက်ရုံကို စတင်တည်ထောင်စဉ်က သူနှင့် တပ်မဟာကနှစ်ဦးနှစ်ဖက်အမည်ဖြင့် လုပ်ကိုင်ခွင့်ရခဲ့ခြင်းဖြစ်ပေ၏။
တပ်မဟာဘက်မှ အမှန်တကယ်တမ်းတွင် မည်သည့်အားထုတ်မှုမျှ မရှိခဲ့လျှင်ပင် လင်းကျန်းအန်းသည်က ကျေးဇူးကန်းစွာဖြင့် တပ်မဟာကို မောင်းထုတ်ရန် တစ်ခါမျှ မတွေးတောခဲ့ဖူးပေ။
ထို့ကြောင့် စက်ရုံခွဲကိစ္စနှင့် ပတ်သက်၍ သူ့ဘက်မှ တပ်မဟာနှင့် ကောင်းမွန်စွာ ဆက်သွယ်ဆွေးနွေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။
လင်းကျန်းအန်း၏ စကားကို ကြားလျှင် လင်းရန်တစ်ယောက် အမှန်စင်စစ် တစ်ယောက်တည်း ထွက်၍လုပ်ရန် အကြံပေးချင်မိပေသည်။
ဆိုရလျှင် ယခုအချိန်တွင် အပြင်ဘက်တွင် ကိုယ်ပိုင်စီးပွားရေးလုပ်သူများ ပိုမိုများပြားလာပြီး လူတိုင်းမှာ ကိုယ့်အမည်နှင့်ကိုယ် လုပ်ကိုင်နေကြပြီ ဖြစ်သည်။
အဖေလင်းသည်လည်း လုပ်ငန်းစဉ်အားလုံးကို ကျွမ်းကျင်နေပြီဖြစ်ပေ၏။ စတင်ခွင့်ပြုစဉ်က အမည်ခံပေးခဲ့သည်မှလွဲ၍ တပ်မဟာအနေဖြင့် အမှန်တကယ်တမ်းတွင် မည်သည်ကိုမျှလုပ်ဆောင်ပေးခဲ့ခြင်း မရှိပါချေ။
သို့သော် ခေတ္တစဉ်းစားပြီးနောက် သူမ ထိုအချက်ကို ထုတ်မပြောခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူမက အဖေလင်း၏အကြောင်းကို ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်ပေ၏။
သူသည်က သံယောဇဉ်နှင့် တရားမျှတမှုကို အလေးထားသူဖြစ်၍ ထိုကဲ့သို့ လုပ်ဆောင်လိမ့်မည် မဟုတ်ကြောင်း သူမ သိထားသည်။
ယခုအချိတ်တွင် လင်းရန် မျှော်လင့်မိသည်မှာ တပ်မဟာအနေဖြင့် အဖေလင်းအား ပိုမိုကူညီပေးရန်သာ ဖြစ်ပေ၏။ သို့မဟုတ်လျှင် သူတစ်ယောက်တည်း အလွန်ပင် ပင်ပန်းရပေလိမ့်မည်။
နောက်တစ်နေ့ မနက်စောစောတွင် လင်းကျန်းအန်းက တပ်မဟာနှင့် ဆက်သွယ်ရန် အလောတကြီး သွားချင်နေသောကြောင့် စုန့်ရှီးယန်သည်လည်း သူ့အား မြို့ထဲသို့ စောစောပို့ဆောင်ပေးခဲ့ရလေသည်။
သေချာပေ၏။ လင်းရန်နှင့် အမေချင်းတို့လည်း အတူလိုက်ပါလာခဲ့ကြ၏။
ပုံမှန်အားဖြင့်ဆိုလျှင် သူတို့သည်က ဆယ်တစ်နာရီခန့်မှသာ ဆိုင်သို့ အေးအေးဆေးဆေး ရောက်ရှိလာတတ်သော်လည်း ယနေ့တွင်တော့ လင်းကျန်းအန်းနှင့်အတူ မနက်စောစောလိုက်လာခဲ့ကြလေ၏။
လင်းကျန်းအန်း ဖုန်းဆက်မည့်နေရာမှာ လင်းရန်၏ဆိုင်နှင့် အလှမ်းဝေးသောကြောင့် စုန့်ရှီးယန်က လင်းရန်နှင့် အမေချင်းတို့ကို ဆိုင်တွင် အရင်ချထားပေးခဲ့ပြီးမှ လင်းကျန်းအန်းကို ဆက်လက်ပို့ဆောင်ပေးခဲ့လေသည်။
ကားပေါ်မှ ဆင်းပြီးနောက် လင်းရန် အချိန်ကို ကြည့်လိုက်လျှင် ရှစ်နာရီပင် မထိုးသေးသည်ကို တွေ့လိုက်ရ၏။
သူမက အမေချင်းကို ကြည့်လိုက်မိပြီး နှစ်ဦးလုံးက တစ်ယောက်၏ မျက်ဝန်းထဲမှ အံ့အားသင့်မှုများကို မြင်တွေ့လိုက်ရလေသည်။
ယနေ့မှာ သူတို့နှစ်ဦးလုံး ဆိုင်သို့ ဤမျှစောစော ရောက်ဖူးခဲ့သည့် ပထမဆုံးအကြိမ် ဖြစ်ပုံရပေသည်။
“ကောင်းပြီ၊ ရောက်မှတော့ အထဲကို အရင်ဝင်ကြရအောင်၊ ဆိုင်ဖွင့်ကြတာပေါ့!”
အမေချင်းက လက်ခုပ်တီး၍ ပြောလိုက်ပြီး လင်းရန်အားခေါ်ကာ ဆိုင်တံခါးကို သွားရောက်ဖွင့်လိုက်လေသည်။
သို့နှင့် လင်းရန်သည်လည်း အမေချင်းနှင့်အတူ ဆိုင်ထဲသို့ဝင်ကာ သန့်ရှင်းရေး ဝင်လုပ်ပေးရလေတော့သည်။
သူတို့နှစ်ဦး နှစ်နာရီကြာအောင် အလုပ်ရှုပ်ပြီးသည့်နောက်မှသာ နားလိုက်ကြလေသည်။
ပြောရလျှင် မနက်စောစောကတည်းက အလုပ်များစွာ လုပ်ထားရသောကြောင့်လားမသိပါချေ။ လင်းရန်နှင့် ချင်းယွင်ကျစ်တို့မှာ အတော်လေး ဗိုက်ဆာနေကြချေပြီ။
မနက်ဆယ်နာရီသာ ရှိသေးသော်လည်း လင်းရန်က နေ့လယ်စာကို စောစောစီးစီး ပြင်ဆင်ရန် ဆုံးဖြတ်လိုက်လေတော့၏။
ထို့ကြောင့် ချင်းယွင်ကျစ်ကို ဆိုင်တွင် စောင့်ကြည့်ခိုင်းထားခဲ့ပြီး လင်းရန်ကတော့ နေ့လယ်စာချက်ရန် မီးဖိုချောင်သို့ ဝင်သွားခဲ့လေသည်။
သို့သော် သူမ မီးဖိုချောင်ထဲသို့ ဝင်သွားသည်နှင့် ဆိုင်ထဲသို့ လူအချို့ ရောက်လာကြလေ၏။ သူတို့မှာလည်း ရင်းနှီးပြီးသားသူများပင်ဖြစ်နေလဲ့သည်။
“အဒေါ်ချင်း၊ ဒီနေ့ အဒေါ်တို့ ဆိုင်ကို စောစောရောက်နေကြတာပဲ၊ ကျွန်တော်က အဒေါ်တို့နဲ့ ရဲဘော်လင်း ဆိုင်မဖွင့်သေးမှာတောင် စိုးရိမ်နေတာ၊ ဒီနေ့တော့ ကျွန်တော် ကံကောင်းတယ်လို့ ပြောရမှာပဲ”
ရောက်လာသူမှာ ရှောင်ချီပင် ဖြစ်၏။
ဆိုင်တံခါး ပွင့်နေသည်ကို မြင်လိုက်ရချိန်၌ သူ၏မျက်နှာတွင် စိတ်သက်သာရာရသွားသော အမူအရာ ပေါ်ပေါက်လာလေသည်။
ချင်းယွင်ကျစ်မှာ ထိုစကားကို ကြားလျှင် အဘယ်ကြောင့်မှန်းမသိဘဲ အားနာသကဲ့သို့ ခံစားလိုက်ရလေ၏။
“အင်း၊ ဒီနေ့ ကိစ္စလေးတစ်ခုရှိလို့ စောစောရောက်နေတာပါ၊ ဘာဖြစ်လို့လဲ ရှောင်ချီ၊ ငါတို့ ရန်ရန်ကို တစ်ခုခု ကူညီခိုင်းစရာ ရှိလို့လား”
ရင်းနှီးမြှုပ်နှံမှုပြပွဲကိစ္စများက လင်းရန်နှင့် မပတ်သက်တော့ဟု ထင်ရပေ၏။ သို့သော်လည်း ချင်းယွင်ကျစ်အနေဖြင့် တစ်ဖက်မှ လင်းရန်၏ အကူအညီ လိုအပ်သည့် အခြားကိစ္စများ ရှိနေဦးမည်လားဆိုသည်ကို မသေချာခဲ့ပေ။
ထို့အပြင် ရှောင်ချီ၏နောက်တွင် လူအချို့ လိုက်ပါလာသည်ကိုလည်း သူမ သတိပြုမိလိုက်သည်။ ထိုလူများက ဆိုင်ထဲသို့ ဝင်လာသည်နှင့် ဆိုင်ကို စူးစမ်းကြည့်ရှုကြပြီး တစ်ဦးနှင့်တစ်ဦး အသံတိုးတိုးဖြင့် ပြောဆိုနေကြလေသည်။
ချင်းယွင်ကျစ် ခေတ္တနားစွင့်ကြည့်လျှင် “ဒါ စားဖိုမှူးလင်းရဲ့ ဆိုင်ပေါ့”၊ “တကယ်ကို ထူးခြားတာပဲ”၊ “သူမနဲ့ တကယ်လိုက်ဖက်တယ်” ဆိုသည့် စကားလုံးများကိုသာ ကြားလိုက်ရလေ၏။
သို့ဆိုလျှင် ဤလူများအားလုံးက လင်းရန်ကြောင့် ရောက်လာကြခြင်းဖြစ်ပုံရသည်။
ချင်းယွင်ကျစ်၏ စိတ်ထဲ၌ ထိုသို့ ခန့်မှန်းနေစဉ်မှာပင် ရှောင်ချီက စကားပြောလာခဲ့သည်။
“ဒါက.. အဒေါ်ချင်း ကျွန်တော် ဒီနေ့ ရဲဘော်လင်းကို ရှာဖို့လာတာ မဟုတ်ပါဘူး၊ ဒီရဲဘော်တွေကို ထမင်းကျွေးဖို့ ခေါ်လာတာပါ”
ဟင်?
ဒါက သူတို့အတွက် ဧည့်သည်တွေကို သီးသန့် မိတ်ဆက်ပေးနေတာလား။
သို့သော် လူအမြောက်အမြား တစ်ပြိုင်နက်တည်း ရောက်လာသောကြောင့် သူမအနေဖြင့် သူတို့အားလုံးကို ဧည့်ခံနိုင်ပါမည်လား မသေချာပေ။
ဆိုရလျှင် ရန်ရန်က ယနေ့ ဆိုင်သို့ ဟင်းသီးဟင်းရွက်နှင့် ဟင်းအမယ်ပစ္စည်း အနည်းငယာလောက်ကိုသာ ယူလာခဲ့သည်ကို သူမ သိထားပေ၏။
ချင်းယွင်ကျစ် တွန့်ဆုတ်နေသည်ကို မြင်လျှင် ရှောင်ချီသည် သူမဘက်မှ သူတို့ကို မောင်းထုတ်တော့မည်ကို စိုးရိမ်သည့်အတွက် ချင်းယွင်ကျစ်အား ဘေးသို့ အလျင်အမြန် ဆွဲခေါ်သွားခဲ့လေသည်။
ထို့နောက် အသံကိုနှိမ့်ကာ စိုးရိမ်တကြီး ရှင်းပြလိုက်၏။
“အဒေါ်ချင်း... ဒီတစ်ခါတော့ ငြင်းလို့ မရဘူးနော်၊ ကျွန်တော် ခေါ်လာတဲ့ ဧည့်သည်တွေက အားလုံး နာမည်ကြီးတွေချည်းပဲ...”
ထို့နောက် ရှောင်ချီက ထိုလူများ၏ နောက်ခံအကြောင်းကို အလျင်အမြန် ရှင်းပြလေတော့သည်။
ဤလူများ၏ နောက်ခံအခြေအနေမှာ အမှန်တကယ်ပင် မြင့်မားလွန်းပေသည်။ သူတို့အားလုံးမှာ ရင်းနှီးမြှုပ်နှံမှုပြပွဲအတွက် အစိုးရက သီးသန့်ဖိတ်ကြားထားသော နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြသည့်အပြင် ယမန်နေ့က လင်းရန် ဟင်းချက်သည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ကြသူများလည်း ဖြစ်ပေသည်။
နှမြောစရာကောင်းစွာဖြင့် သူတို့က ကံမကောင်းဘဲ နံပါတ်ပြားမဲ မပေါက်ခဲ့ကြပေ။ ထို့နောက်တွင် လင်းရန် မည်သည့်နေရာတွင် အလုပ်လုပ်သည်ကို မေးမြန်းချင်သော်လည်း လွဲချော်သွားခဲ့ကြပြန်သည်။
သူတို့အနေဖြင့် အခြားရွေးချယ်စရာမရှိခဲ့ဘဲ ပြပွဲကွင်းအတွင်းရှိ ဝန်ထမ်းများကို မေးမြန်းခဲ့ကြရာမှ ဤတစ်ကြိမ်တွင် ရှောင်ချီနှင့် ဆုံတွေ့ခဲ့ကြခြင်း ဖြစ်ပေသည်။
ရှောင်ချီလည်း ထိုစကားကို ကြားရချိန်တွင် အမှန်အတိုင်း မပြောဘဲ မတေရဲခဲ့ပေ။
ထို့အပြင် ဤကိစ္စမှာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် အခြေအနေလည်း ဖြစ်ပေသည်။ တစ်ဖက်တွင် လင်းရန်တို့အတွက် ဖောက်သည်များရရှိစေကာ နာမည်ကျော်ကြားမှုကို ပြန့်နှံ့စေမည်ဖြစ်ပြီး၊ တစ်ဖက်တွင်တော့ ဤနိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များ၏ စိတ်ကို ဖမ်းစားထားနိုင်ကာ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ပိုမိုခိုင်မာစေလိမ့်မည်။
ထိုအကြောင်းကို ကြားရပြီးနောက် ချင်းယွင်ကျစ်သည်လည်း အခြေအနေအရပ်ရပ်ကို နားလည်သွားခဲ့လေ၏။
သို့သော်လည်း လက်ရှိအခြေအနေမှာ အမှန်တကယ်ပင် အခက်တွေ့စရာ ဖြစ်နေချေပြီ။
“ဒါဆိုရင်... ရှောင်ချီ၊ မင်းပဲ ဟင်းသီးဟင်းရွက်တွေ သွားဝယ်ပေးရင် ဘယ်လိုလဲ”
ရှောင်ချီတစ်ယောက် ထိုကမ်းလှမ်းချက်ကြောင့် မျက်လုံးများပင် ပြာဝေသွားရလေတော့သည်။
“ဟင်း..ဟင်းသီးဟင်းရွက် သွားဝယ်ရမယ် ဟုတ်လား”
ထိုစကားက ဆိုင်ထဲတွင် ဧသည့်သည်များအတွက် ချက်ပြုတ်ရန် လုံလောက်သော ဟင်းသီးဟင်းရွက်များပင် မရှိကြောင်းပြောလိုက်ခြင်းသာ မဟုတ်ပါလား။
*
အခန်း(466)
လင်းရန်နှင့် ချင်းယွင်ကျစ်တို့အနေဖြင့် ဤဆိုင်ကို မည်မျှအထိ ပေါ့ပေါ့ပါးပါး ဖွင့်လှစ်ထားသည်ကို ရှောင်ချီ သေသေချာချာ သိရှိသွားခဲ့ချေပြီ။
သို့သော် သူသည်က မည်သည့်ဟင်းသီးဟင်းရွက်များ ဝယ်ရမည် သို့မဟုတ် မည်သည့်နေရာတွင် ဝယ်ရမည်ကို မသိပါချေ။
အဓိကအချက်မှာ သူသာ ယခု ဟင်းသွားဝယ်နေမည်ဆိုပါက ထိုနိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များမှာ အချိန်အတော်ကြာ စောင့်ဆိုင်းရပေလိမ့်မည်။
သူတို့၏ အချိန်မှာ အလွန်ပင် တန်ဖိုးရှိသည့်အတွက် ဤကဲ့သို့သော အခြေအနေကို သူတို့အား ပြောပြရန်လည်း သူ့တွင် သတ္တိမရှိပါချေ။
ကံကောင်းစွာဖြင့် ထိုအချိန်တွင် လင်းရန်က အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသောကြောင့် မီးဖိုချောင်အတွင်းမှ ထွက်လာခဲ့လျှင် မီးဖိုချောင်တံခါးဝတွင် စကားပြောနေကြသော ရှောင်ချီနှင့် ချင်းယွင်ကျစ်တို့ကို တွေ့လိုက်ရလေသည်။
“ဘာဖြစ်လို့လဲ”
“ရဲဘော်လင်း... နောက်ဆုံးတော့ ထွက်လာပြီပဲ၊ လာပါဦး၊ ကျွန်တော် ပြောစရာရှိလို့!”
ရှောင်ချီက လင်းရန်ကို မြင်လိုက်ရချိန်တွင် ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူမအား မီးဖိုချောင်အတွင်းသို့ အမြန်ခေါ်သွားကာ မတိုင်မီက ချင်းယွင်ကျစ်ကို ပြောပြခဲ့သည်များကို တစ်ခေါက်ပြန်၍ ရှင်းပြလိုက်လေသည်။
ထိုအချိန်မှသာ လင်းရန်လည်း သူတို့မည်သည့်အကြောင်းကို ဆွေးနွေးနေကြသည်ကို နားလည်သွားတော့၏။
“ရဲဘော်လင်း... အခုချက်ချင်း လူတိုင်းအတွက် အစားအသောက်တစ်နပ်စာလောက်ရအောင် စီစဉ်ပေးလို့ ရမလား”
ထို့အပြင် အခုအချိန်မှသာ ဟင်းအမယ်နှင့် ဟင်းသီးဟင်းရွက်ကို သွားဝယ်ရမည့်အကြောင်းကိုလည်း ထုတ်မပြောရန်အတွက် သူက မှာလိုက်သေးသည်။
တစ်ဖက်လူများက ထိုစကားကို ကြားလိုက်ရလျှင် ချက်ချင်းပင် ထထွက်သွားကြမည်ကို သူစိုးရိမ်နေခဲ့လေ၏။
လင်းရန်လည်း ထိုစကားကို ကြားလျှင် မသိစိတ်ဖြင့် သူမ ယူဆောင်လာသော အမယ်ပစ္စည်းများကို စစ်ဆေးကြည့်လိုက်မိသည်။
ယမန်နေ့က ရင်းနှီးမြှုပ်နှံမှုပြပွဲတွင် လျို့ကျားယိုက ယနေ့ ညစာလာစားမည်ဟု ပြောထားခဲ့သည့်အတွက် သူမက ယနေ့မနက်တွင် အိမ်မှ အမယ်ပစ္စည်း တချို့ကို ပိုယူလာခဲ့လေသည်။
သို့သော် ပိုယူလာသည်ဆိုသည်မှာလည်း အလွန်ဆုံးလူနှစ်ဦး သို့မဟုတ် သုံးဦးစာအတွက်သာဖြစ်ပေ၏။
ယခု သူမရှေ့တွင်ရှိနေသော ရှောင်ချီ ခေါ်လာသည့်လူများနှင့် ခဏနေလျှင် ရောက်လာမည့် လျို့ကျားယိုတို့ကိုပါ ပေါင်းလိုက်လျှင် စုစုပေါင်း လူငါးဦး ၊ ခြောက်ဦးခန့် ရှိပေလိမ့်မည်။
အကယ်၍ ထိုခြောက်ဦးက တစ်ဝက်စီသာ ခွဲဝေ၍စားမည်ဆိုလျှင်တော့ အဆင်ပြေပေ၏။ မဟုတ်လျှင် အချိုးအစားမှာ မျှတလိမ့်မည် မဟုတ်ပေ။
လင်းရန် မသိစိတ်ဖြင့် မျက်မှောင်ကြုတ်ကာ စတင်စဉ်းစားတော့သည်။
နောက်ဆုံး၌ ရှောင်ချီ၏ မျှော်လင့်တကြီး ကြည့်နေသော အကြည့်များအောက်တွင် လင်းရန် ခေါင်းညိတ်ပြလိုက်ကာ ပြောလိုက်လေ၏။
“ကောင်းပါပြီ... ကျွန်မ ကြိုးစားကြည့်ပါ့မယ်”
“ကောင်းပြီ... ဒါဆိုရင် စောင့်နေလို့ရပြီဆိုတဲ့အကြောင်း ကျွန်တော် သူတို့ကို သွားပြောလိုက်မယ်!”
အတန်ကြာအောင် သိကျွမ်းခဲ့ပြီးနောက်တွင် ရှောင်ချီက လင်းရန်၏ ဟင်းချက်လက်ရာအပေါ် လုံးဝ သံသယမရှိတော့ပေ။ ထို့ကြောင့် သူမက မသေချာကြောင်း ပြောခဲ့လျှင်ပင် ရှောင်ချီက စိတ်အေးလက်အေး ရှိနေခဲ့သည်။
ထို့ကြောင့် ရှောင်ချီတစ်ယောက် အပြင်ဘက်သို့ ပြန်ထွက်သွားကာ နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များကို ဧည့်ခံရန်အတွက် ချင်းယွင်ကျစ်၏ တာဝန်ကို လွှဲပြောင်းရယူလိုက်လေတော့သည်။
ချင်းယွင်ကျစ်မှာလည်း လုပ်စရာမရှိတော့သည့်အတွက် လင်းရန်ရှိရာသို့ ပြန်လာကာ ကူညီနိုင်သည့်အရာ ရှိ၊ မရှိ မေးမြန်းလိုက်လေ၏။
လင်းရန်သည်လည်း သူမ၏ အကူအညီကို လိုအပ်နေခဲ့သည်။
သို့သော်လည်း ထိုအကူအညီတောင်းသည့်စကားကိုကြားလျှင် ချင်းယွင်ကျစ်အား အံ့အားသင့်သွားခဲ့ရသည်။
“ခေါက်ဆွဲ ရှာရမယ် ဟုတ်လား”
“ဟုတ်တယ် အမေ... ဆိုင်ကို အသစ်ပြင်ဆင်ပြီးခါစတုန်းက ကျွန်မ ခေါက်ဆွဲခြောက် နှစ်ထုပ်လောက် ဝယ်ပြီး မီးဖိုချောင်ထဲမှာ ထည့်ထားခဲ့တာ၊ ဒါပေမဲ့ ဘယ်နားမှာလဲဆိုတာ မမှတ်မိတော့လို့ အမေ ကူရှာပေးလို့ ရမလား”
ခေါက်ဆွဲခြောက်မှာ အသုံးပြုရလွယ်ကူပြီး ဆိုင်တွင် ဟင်းအမယ်ပစ္စည်းများ အဆင်သင့်မရှိသည့် အခြေအနေမျိုးအတွက် အရေးပေါ်အသုံးပြုရန် သူမ ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုခေါက်ဆွဲမှာ သူမကိုယ်တိုင် စားရန်အတွက်သာ ရည်ရွယ်ထားခြင်းဖြစ်ပြီး ယခုကဲ့သို့ ဧည့်သည်များကို ချကျွေးရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ချင်းယွင်ကျစ်သည်လည်း လင်းရန် နောက်ပြောင်နေခြင်း မဟုတ်ကြောင်း အတည်ပြုပြီးနောက်တွင် သူမ ပြောသော ခေါက်ဆွဲများကို အလျင်အမြန်ပင် ရှာဖွေပေးခဲ့လေ၏။
ယခုအချိန်တွင်တော့ လင်းရန်က အပြင်ဘက်ရှိ နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များအတွက် ခေါက်ဆွဲချက်ရန် ကြံစည်နေပြီဖြစ်ကြောင်း သူမ သေသေချာချာ သိရှိသွားချေပြီ။
သူမ၏လက်ထဲရှိ ရိုးရှင်းလွန်းသော ခေါက်ဆွဲခြောက်များကို ကြည့်ရင်း ချင်းယွင်ကျစ်တစ်ယောက် လင်းရန်အား ဝေခွဲမရသော အမူအရာဖြင့် လှမ်းကြည့်လိုက်မိသည်။
ဤသည်မှာ အနည်းငယ်လောက်တော့ ရိုးစင်းလွန်းနေသည် မဟုတ်ပါလား။
သို့သော် လင်းရန်မှာတော့ ချင်းယွင်ကျစ်ကို များစွာရှင်းပြနေရန် အချိန်မရှိတော့ပေ။ သူမသည်က ယခုအချိန်တွင် အသားလုံးများကို အမြန်ဆုံး လုပ်ဆောင်ရပေတော့မည်။
လူအများကြီးအတွက် အမယ်ပစ္စည်း မလုံလောက်သည့် အခြေအနေမျိုးတွင် အဓိကအစားအစာကို ပိုမိုထည့်သွင်းပေးမှသာ အစားအစာက နည်းပါးသည်ဟု မထင်ရဘဲ ဧည့်သည်များလည်း ဗိုက်ဝပေလိမ့်မည်။
ထို့အပြင် သူမ၏လက်ထဲတွင် ခေါက်ဆွဲက လုံလောက်စွာ ရှိနေသော်လည်း တခြားသော အမယ်များကိုတော့ အမှန်တကယ်ပင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိတော့ပေ။
အဓိကအချက်မှာ ခေါက်ဆွဲက အဆင်သင့်ဖြစ်နေပြီး အရသာမှာလည်း အခြားဟင်းလျာများထက် လုံးဝ လျော့နည်းလိမ့်မည် မဟုတ်သောကြောင့် လင်းရန်အနေဖြင့် ခေါက်ဆွဲချက်ရန် ဆုံးဖြတ်လိုက်လေသည်။
သူမ ယနေ့နံနက်တွင် ယူဆောင်လာသောအသားမှာ ဝက်သား ဖြစ်ပေသည်။ မူလက အသားဟင်းချက်ရန် ရည်ရွယ်ထားသော်လည်း ယခုအချိန်တွင်တော့ အသားလုံးများအဖြစ်သာ အသုံးပြုနိုင်ပေတော့မည်။
မကြာမီမှာပင် လင်းရန်က အသားများကို စတင်၍ ကိုင်တွယ်ခဲ့သည်။
ဝက်သားများကို စဉ်းနီတုံးပေါ်တွင်တင်၍ စဉ်းလိုက်ပြီး တစ်ဖက်ရှိ အိုးတွင်လည်း ခေါက်ဆွဲပြုတ်ရန် ရေနွေးတည်လိုက်လေသည်။
ဘေးမှ ရေနွေးအိုး ဆူပွက်လာချိန်တွင် သူမက အသားများကို စဉ်းပြီးစီးသွားပြီဖြစ်၍ အသားလုံးများကို စတင်ကြော်လှော်နိုင်ခဲ့လေပြီ။
လင်းရန် တစ်ဦးတည်း အလွန်အလုပ်ရှုပ်နေသည်ကို မြင်လျှင် ချင်းယွင်ကျစ်က ကူညီရန် ကမ်းလှမ်းလာသည်။
“ရန်ရန်... အမေ ခေါက်ဆွဲပြုတ်ပေးမယ်လေ”
လင်းရန်က ခေါင်းညိတ်ပြလိုက်လေ၏။
“ရေနွေးတစ်ခွက်လောက် အရင်ခပ်ထားပြီး အအေးခံထားပေးပါလား အမေ၊ ပြီးမှ ခေါက်ဆွဲ(30)ဂရမ်လောက် ထည့်ပြုတ်ပေးပါဦး”
ဟင်?
(30)ဂရမ်ဆိုတာက စားလို့လောက်ပါ့မလား။
ချင်းယွင်ကျစ်က သံသယဖြင့် ကြည့်လိုက်သော်လည်း လင်းရန်က အခိုင်အမာပင် ခေါင်းညိတ်ပြပြန်သည်။
“အဲဒီလောက်ပဲ အရင်ထည့်လိုက်ပါအမေ”
ချင်းယွင်ကျစ်၏ မျက်ဝန်းထဲတွင် သံသယများ ပြည့်နှက်နေသော်လည်း လင်းရန်က အလုပ်ထဲသို့ အလျင်အမြန် ပြန်နစ်ဝင်သွားသည်ကို မြင်ရသောကြောင့် သူမအား အချိန်မဆွဲတော့ဘဲ လင်းရန် မှာသည့်အတိုင်း ရေနွေးတစ်ခွက်ကို အရင်ခပ်ကာ ဘေးတွင် အအေးခံထားလိုက်ပြီး အိုးထဲသို့ ခေါက်ဆွဲ သုံးဆယ်ဂရမ်ခန့် ထည့်လိုက်လေသည်။
ခေါက်ဆွဲနူးရန် နှစ်မိနစ်၊ သုံးမိနစ်ခန့် ကြာမြင့်မည်ဖြစ်၍ ထိုအချိန်အတွင်း လင်းရန်က အခြားအိုးတစ်လုံးတွင် အသားလုံးများကို အမြန်ဆုံး ကြော်လှော်လိုက်၏။ ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးနှင့် အသားဆော့စ်ရည်တို့ ရောယှက်သွားချိန်တွင်တော့ မွှေးကြိုင်လွန်းသော ရနံ့မှာ တစ်ခဏခအတွင်း ပြန့်လွင့်သွားလေတော့သည်။
အပြင်ဘက်တွင် စောင့်ဆိုင်းနေသော နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များမှာလည်း ထိုအနံ့ကို ရရှိသည်နှင့် မျှော်လင့်လာကြလေ၏။
ထိုအချိန်မှာပင် လျို့ကျားယိုသည်လည်း ဆိုင်ထဲသို့ ရောက်ရှိလာခဲ့သည်။
ဆိုင်ထဲသို့ ဝင်လာချိန်တွင် လူအများအပြား ထိုင်နေသည်ကို မြင်လိုက်ရသည့်အတွက် သူ အံ့သြသွားရလေသည်။
သို့သော်လည်း သူက မျက်မှောင်ကြုတ်ရန် ပြင်လိုက်ချိန်မှာပင် ထိုလူများ၏ မျက်နှာများက ရင်းနှီးနေသည်ကို သတိပြုမိလိုက်၏။
သူတို့မှာ ယမန်နေ့က ရင်းနှီးမြှုပ်နှံမှုပြပွဲတွင် သူ ဆုံတွေ့ခဲ့သော ပြည်ပမှ ပြန်လာသည့် သူဌေးကြီးများပင် မဟုတ်ပါလား။
ဤသူဌေးကြီးများက အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့သွားကာ အောင်မြင်စွာ အခြေချနိုင်ခဲ့ပြီး ကြီးကျယ်သော လုပ်ငန်းများကို တည်ထောင်နိုင်ခဲ့သူများ ဖြစ်ကြသည်။
စီးပွားရေးသမားတစ်ဦးအနေဖြင့် လျို့ကျားယိုသည်လည်း အခွင့်အရေးရလျှင် သူတို့နှင့် ပိုမိုထိတွေ့ဆက်ဆံလိုသူဖြစ်သည့်အတွက် ယမန်နေ့ကတည်းက သူတို့နှင့် လိပ်စာကတ်များ အပြန်အလှန် လဲလှယ်ခဲ့ကြလေသည်။
သူတို့က စကားပင် ကောင်းကောင်းမပြောရသေးမီ ဤနေရာ၌ ပြန်လည်ဆုံတွေ့ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ဆိုင်ထဲရှိ လူများကလည်း လျို့ကျားယိုကို သတိထားမိသွားကြသည်။
ယနေ့တွင်တော့ သူက လက်အောက်ငယ်သား တစ်ဦးကိုသာ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်လေ၏။
“လူကြီးမင်းလျို့?”
“လူကြီးမင်းချန်”
လျို့ကျားယိုလည်း သူ့ကို ခေါ်လိုက်သောသူအား ချက်ချင်းပင် နှုတ်ဆက်လိုက်ကာ ထိုသူ၏ စားပွဲသို့ သွားထိုင်ခဲ့ပြီး စကားအတူပွောဆိုနေခဲ့တော့သည်။
ရှောင်ချီတစ်ယောက် ထိုအခြေအနေကို မြင်လျှင် ရင်တုန်သွားရပြန်၏။ ဤနေရာရှိ သူဌေးကြီးများကိုပင် သူ ကောင်းကောင်း ဧည့်မခံနိုင်သေးပါချေ။ ယခု နောက်ထပ် သူဌေးကြီးတစ်ဦး ထပ်ရောက်လာပြန်ချေပြီ။
ယခု သူ မျှော်လင့်နိုင်သည်မှာ လင်းရန်က လူတိုင်းကျေနပ်မည့် ဟင်းလျာများကို ဖန်တီးပေးနိုင်ရန်သာ ဖြစ်ပေသည်။ သို့မဟုတ်လျှင်မူ သူ၏ အထက်လူကြီးကို မည်သို့ ရှင်းပြရတော့မည်နည်း။
မီးဖိုချောင်ထဲတွင်ရှိနေသော လင်းရန်မှာလည်း နားပါးသူဖြစ်၍ အပြင်ဘက်မှ နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေ၏။
သူမ မီးဖိုချောင်တံခါးဝသို့ လျှောက်သွား၍ ကြည့်လိုက်လျှင် လျို့ကျားယို ရောက်ရှိနေသည်ကို မြင်လိုက်ရ၏။ သူမက လျို့ကျားယို ခေါ်လာသော လူဦးရေကို စစ်ဆေးကြည့်လျှင် တစ်ဦးတည်းသာ ဖြစ်နေကြောင်းကို တွေ့လိုက်ရသည့်အတွက် စိတ်အေးသွားရလေသည်။
ကောင်းပြီ။
လူဦးရေကတော့ သူမ ခန့်မှန်းထားသည်နှင့် အတော်လေး ကိုက်ညီနေခဲ့သည်။
အသားလုံးကြော်များ ကျက်သွားသည်နှင့် တစ်ပြိုင်နက် ချင်းယွင်ကျစ် ပြုတ်ထားသော ခေါက်ဆွဲများမှာလည်း အဆင်သင့် ဖြစ်သွားခဲ့ပြီ။
လင်းရန်က ခေါက်ဆွဲများကို ဆယ်ယူလိုက်ကာ ကြိုတင်ပြင်ဆင်ထားသော ရေအေးထဲသို့ ချက်ချင်း ထည့်လိုက်လေသည်။
“ဒါက ဘာလုပ်တာလဲ ရန်ရန်”
ချင်းယွင်ကျစ် အံ့အားသင့်စွာဖြင့် မေးလိုက်၏။
လင်းရန်က ခေါက်ဆွဲများကို ရေထဲတွင် ဆေးကြောရင်း ရှင်းပြလိုက်သည်။
ခေါက်ဆွဲအေးလုပ်မလို့လေ အမေ၊ ဒါပေမဲ့ အချိန်မလောက်တော့လို့ ရေအေးနဲ့ အရင် လောင်းချလိုက်ရတာ”
တကယ်တမ်းတွင် စစ်မှန်သော ခေါက်ဆွဲအေးမှာ ရေအေးဖြင့် ဆေးရခြင်း မဟုတ်ဘဲ အိုးထဲမှ ဆယ်ယူပြီးသည်နှင့် ယပ်တောင်ဖြင့် အဆက်မပြတ် ခတ်ပေးကာ အပူနှင့် ရေငွေ့များကို ဖယ်ရှားရခြင်းသာ ဖြစ်ပေသည်။ အေးသွားပြီဆိုလျှင်မှသာ ဆီအနည်းငယ်စီ ဆမ်းပေးကာ ခေါက်ဆွဲသားများ တစ်ခုနှင့်တစ်ခု ကပ်မသွားစေရန်နှင့် ဆီနံ့သင်းစေရန် ပြုလုပ်ရခြင်း ဖြစ်၏။
သို့သော် ယခုအချိန်တွင်တော့ ထိုသို့လုပ်ရန် နောက်ကျသွားပြီဖြစ်သဖြင့် လင်းရန်က ပိုမိုရိုးရှင်းသော နည်းလမ်းကိုသာ ရွေးချယ်လိုက်ရလေတော့သည်။
*