← Chapters

အခန်း (၄၆၇-၄၆၈)

Vol. 47 Ch. 467-468

အခန်း (၄၆၇-၄၆၈)

Vol. 47 Ch. 467-468

အခန်း(467)

လင်းရန်က ခေါက်ဆွဲကို ရေနွေးဖြင့်ဆေးပြီးနောက် ခေါက်ဆွဲသားပေါ်ရှိ ရေဓာတ်များကို တတ်နိုင်သမျှ ခြောက်သွေ့အောင် ပြုလုပ်လိုက်ပြီးမှ ဟင်းခတ်အမွှေးအကြိုင်များထည့်ကာ ခေါက်ဆွဲအေးအဖြစ် နယ်ဖတ်လိုက်လေသည်။

ကံကောင်းစွာဖြင့် လင်းရန်တွင် ပဲငပိရည်၊ ရှာလကာရည်၊ စီချွမ်ငရုတ်ကောင်းမှုန့်၊ ငရုတ်ဆီ၊ နှမ်းဆီ၊ ချင်းဖြူနှင့် ကြက်သွန်ဖြူရည်၊ သကြားတို့အပြင် လင်းရန်ကိုယ်တိုင် ဖော်စပ်ထားသော ငရုတ်သီးဆီမွှေး တစ်ဇွန်းအပါအဝင် ဟင်းခတ်အမွှေးအကြိုင်များ ပြည့်စုံစွာ ရှိနေခဲ့သည်။

ဤအမွှေးအကြိုင်များအားလုံး စုံလင်သွားသည့်အချိန်တွင် ခေါက်ဆွဲသား၏ အားနည်းချက်များကို လုံးဝဖုံးလွှမ်းသွားစေခဲ့၏။

မကြာမီမှာပင် မွှေးကြိုင်လွန်းသော ခေါက်ဆွဲအေး တစ်ပန်းကန် အဆင်သင့် ဖြစ်သွားခဲ့လေပြီ။

ဘေးနားရှိ ချင်းယွင်ကျစ်မှာ ယခင်က ခေါက်ဆွဲအေးကို တစ်ခါမျှ မစားဖူးသော်လည်း ယခု ခေါက်ဆွဲ၏ အသွင်အပြင်ကို ကြည့်ရုံနှင့်တင် သွားရည်ကျလာရသည်။

သို့သော် သူမ မည်မျှပင် စားချင်နေပါစေ၊ အပြင်ဘက်ရှိ ဧည့်သည်များကို အရင်ဆုံး ကျွေးမွေးရန်အတွက် အောင့်အီးထားရပေမည်။

ခေါက်ဆွဲက တစ်ပန်းကန်တည်းရှိ၍ လူအမြောက်အမြားအတွက် မလုံလောက်နိုင်ပါချေ။

ထို့အပြင် မတိုင်ခင်က လင်းရန် ကြော်ထားသော အသားလုံးများကို ဘာကြောင့် မထည့်သေးသည်လဲဟု ချင်းယွင်ကျစ်ရှုပ်ထွေးနေချိန်မှာပင် လင်းရန်က ရေနွေးအိုးထဲသို့ ခေါက်ဆွဲအချို့ကို ထပ်မံထည့်လိုက်ပြန်သည်။ သူမက နောက်ထပ် ခေါက်ဆွဲများကို ဆက်လက်ချက်ပြုတ်ရန် ကြံစည်နေပုံရသည်။

မကြာမီ လင်းရန်က မတူညီသော ပန်းကန် ခေါက်ဆွဲအမျိုးအစားတချို့ကို ထပ်မံပြင်ဆင်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ချင်းယွင်ကျစ် သဘောပေါက်သွားခဲ့သည်။

လင်းရန်မှာ အသားဆော့စ်ခေါက်ဆွဲ၊ ငရုတ်ဆီခေါက်ဆွဲအစပ် ၊ ဆီချက်ခေါက်ဆွဲ နှင့်ယန်ချန်းခေါက်ဆွဲဟူ၍ အမျိုးအစား လေးမျိုးကို ဆက်လက်ပြုလုပ်ခဲ့လေသည်။

ဤခေါက်ဆွဲလေးပန်းကန်လုံးကို အိုးတစ်လုံးတည်းတွင် ပြုတ်ခဲ့ခြင်းဖြစ်သော်လည်း ပန်းကန်တစ်ခုချင်းစီအတွက် ဟင်းခတ်အမွှေးအကြိုင် ပြင်ဆင်ပုံချင်း မတူညီခဲ့ပေ။

လင်းရန်က ခေါက်ဆွဲနူးအထိ စောင့်ဆိုင်းနေချိန်အတွင်း ပန်းကန်တစ်ခုချင်းစီအတွက် အမွှေးအကြိုင်များကို ကျွမ်းကျင်စွာ ပြင်ဆင်နိုင်ခဲ့သည်။

ခေါက်ဆွဲများ ကျက်သွားသည့်အချိန်တွင်တော့ တစ်ပန်းကန်ချင်းစီသို့ ခွဲထည့်လိုက်လေ၏။ အရှေ့တွင် ပြုလုပ်ထားသော ခေါက်ဆွဲအေးမှာလည်း အနေတော် အေးသွားခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးတွင် ပုံစံချင်းမတူ၊ အရသာချင်းကွဲပြားသော်လည်း ကြည့်ရုံနှင့်ပင် အလွန်စားချင်စဖွယ်ကောင်းသော ခေါက်ဆွဲ ငါးပန်းကန် အဆင်သင့် ဖြစ်သွားခဲ့ချေပြီ။

လင်းရန်က လင်ဗန်းနှစ်ခုကို ထုတ်ယူကာ ခေါက်ဆွဲငါးပန်းကန်ကို တင်လိုက်ပြီး ချင်းယွင်ကျစ်၏ နှမြောသော အကြည့်များအောက်တွင် အပြင်သို့ ယူဆောင်လာခဲ့လေတော့သည်။

အပြင်ဘက်ရှိ လူတစ်စုမှာတော့ စကားပြောရင်းဖြင့် မီးဖိုချောင်အတွင်းမှ လွင့်ပျံလာသော ရနံ့များကြောင့် ဆက်လက်စကားမပြောနိုင်တော့ဘဲ ထိုဆွဲဆောင်မှုရှိလှသော အရသာကို မြည်းစမ်းကြည့်ချင်စိတ်များ ပြင်းပြနေကြလေပြီ။

နောက်ဆုံးတွင် လင်းရန်နှင့် ချင်းယွင်ကျစ်တို့ ထွက်ပေါ်လာခဲ့ပြီး ပုံစံမတူသော ခေါက်ဆွဲငါးပန်းကန်ကို စားပွဲပေါ်သို့ တင်ပေးလိုက်ကြ၏။

“အားလုံးပဲ အရသာရှိရှိ သုံးဆောင်ကြပါဦး”

ထိုသို့ပြောပြီးနောက် လင်းရန်က မီးဖိုချောင်အတွင်းသို့ ချက်ချင်းပင် ပြန်ဝင်သွားခဲ့သည်။ ချင်းယွင်ကျစ်သည်လည်း ချက်ချင်းပင် သူမနောက်သို့ လိုက်ပါသွား၏။

ခေါက်ဆွဲ၏အရသာက မဆိုးနိုင်ကြောင်းကို သူမ သိသော်လည်း တစ်ဖက်လူများ၏ မျက်နှာတို့က မယုံကြည်နိုင်သကဲ့သို့ ဖြစ်နေကြသဖြင့် သူမလည်း အမြန်ပင် ရှောင်ထွက်လာခဲ့ခြင်း ဖြစ်သည်။

အကြောက်ဆုံးမှာ ရှောင်ချီပင် ဖြစ်၏။ သူလည်း ရှောင်ထွက်ချင်သော်လည်း ပြေးစရာ မြေမရှိပေ။

လင်းရန်ကို ယုံကြည်တာ မှားသွားပြီလား။ ဘာလို့ ခေါက်ဆွဲ ငါးပန်းကန်တည်းနဲ့ ဒီလူတွေကို ဧည့်ခံလိုက်ရတာလဲ။ သူ အခု ဘာလုပ်ရမလဲ။

သူ အလွန်ပင် တွေးပူနေမိသည်။

နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များမှာလည်း အလွန်ပင် ရှုပ်ထွေးနေကြရသည်။ ခေါက်ဆွဲက ကြည့်ကောင်းသော်လည်း မည်မျှအထိ အရသာရှိနိုင်မည်နည်း။ လင်းရန်အနေဖြင့် ယမန်နေ့က ဟင်းလျာနှစ်မျိုးကိုသာ ချက်ကျွေးခဲ့လျှင်ပင် အနည်းဆုံးတော့ မျက်နှာပန်းလှပေဦးမည်။

လူတိုင်း၏မျက်နှာတွင် စိတ်ပျက်သည့်အရိပ်အယောင်များ ယှက်သန်းနေကြပြီး ခေတ္တမျှအတွင်း မည်သူကမျှ တူကို မကိုင်ဝံ့ကြပေ။ ဤအခြေအနေမှာ လျို့ကျားယိုအတွက် အခွင့်ကောင်း ဖြစ်သွားခဲ့သည်။

သူသည်က အစပိုင်းတွင် မည်သည့်ပန်းကန်ကို ရွေးချယ်ရမည်နည်းဟု ဝေခွဲမရဖြစ်နေခဲ့သည်။ သူ စိတ်ဝင်စားဆုံးဖြစ်သော ခေါက်ဆွဲအေးပန်းကန်မှာ သူနှင့် အလှမ်းဝေးရာတွင် ရှိနေသဖြင့် သူဌေးကြီးများ၏ရှေ့တွင် လက်လှမ်းယူရန် အားနာနေမိခြင်း ဖြစ်၏။

ကံကောင်းစွာဖြင့် သူတို့အားလုံးက တူမကိုင်ကြသေးသည့်အတွက် လျို့ကျားယိုက ချောင်းတစ်ချက်ဟန့်ကာ ယဉ်ကျေးစွာ မေးမြန်းလိုက်လေသည်။

“ခင်ဗျားတို့ မစားကြသေးဘူးလား၊ ဒါဆိုရင်တော့ ကျွန်တော်ပဲ အရင်ဆုံး မြည်းစမ်းကြည့်ပါရစေ”

ထိုစကားကို ကြားလိုက်ရချိန်တွင် မည်သူတစ်ဦးတစ်ယောက်မျှ ကန့်ကွက်ခြင်း မရှိကြပေ။

ထို့ကြောင့် လျို့ကျားယိုက စိတ်ထဲ၌ တိတ်တဆိတ် ရယ်မောလိုက်ပြီး အပြင်ပန်းတွင် တည်ငြိမ်ဟန်ဆောင်ကာ သူ အစိတ်ဝင်စားဆုံးဖြစ်သော ခေါက်ဆွဲအေးပန်းကန်ကို အရှေ့သို့ ဆွဲယူလိုက်လေသည်။ ထို့နောက် တူဖြင့် ခပ်မြန်မြန်ပင် ခေါက်ဆွဲကို စတင်သုံးဆောင်လေတော့၏။

သူ စားနေချိန်အတွင်း ဘေးပတ်ဝန်းကျင်ရှိ လူများမှာ လျို့ကျားယို၏ မျက်နှာအမူအရာကိုသာ စူးစိုက်ကြည့်နေကြပြီး သူ မည်သို့ တုံ့ပြန်မည်နည်းဆိုသည်ကို ရင်ခုန်စွာ စောင့်စားနေကြလေသည်။

ရလဒ်မှာတော့...

လျို့ကျားယိုသည် ခေါက်ဆွဲကို တစ်လုပ်စားပြီးနောက် ခေတ္တမျှ မှင်တက်သွားပြီးမှ ဒုတိယတစ်လုပ်ကို ဖြည်းဖြည်းချင်း ထပ်စားလေသည်။

ကျန်ရှိနေသောသူများ: ? ? ?

ဒါက ဘာသဘောလဲ။

အရသာ ရှိတာလား၊ မရှိဘူးလား။

သူက ဘာစကားကိုမှလည်း မပြောခဲ့ဘူး။

လျို့ကျားယို၏ လှုပ်ရှားမှုမှာ အလွန်နှေးကွေးနေသည်ဟု လူတိုင်း ထင်မှတ်ထားကြသော်လည်း၊ သူ တူဖြင့် ခပ်ယူလိုက်သည့် တစ်လုပ်ချင်းစီမှာ အတော်လေး များပြားနေသည်ကိုတော့မည်သူမျှ သတိမထားမိလိုက်ကြပေ။

တူဖြင့် အလုပ်အနည်းငယ်မျှ ခပ်စားလိုက်ရုံနှင့် သူ၏ရှေ့မှ ခေါက်ဆွဲအေးမှာ ကုန်စင်သွားခဲ့ချေပြီ။

စားပြီးသွားချိန်တွင်မှ လျို့ကျားယိုက သူဌေးကြီးများအတွက် အရသာမြည်းစမ်းပေးရန် တာဝန်ရှိသည်ကို သတိရသွားဟန်ဖြင့် ရုတ်တရက် ဆိုလိုက်၏။

“အင်း... ကျွန်တော် ဘယ်အရသာကိုမှ သေချာမသိလိုက်ရသေးဘူး၊ နောက်တစ်ပွဲလောက် ထပ်မြည်းကြည့်ဖို့ စောင့်ပေးကြပါဦး”

ထိုသို့ပြောပြီးနောက် သူာ ဒုတိယအကြိုက်ဆုံးဖြစ်သော အသားဆော့စ်ခေါက်ဆွဲပန်းကန်ဆီသို့ လက်လှမ်းလိုက်ပြန်သည်။

သို့သော် သူ၏လက်က ပန်းကန်ဆီသို့ မရောက်မီမှာပင် တခြားသူတစ်ဦးက တားဆီးလိုက်လေတော့၏။

ဤနေရာရှိ လူများမှာ ထိပ်တန်း စီးပွားရေးသမားများဖြစ်၍ လျို့ကျားယို ကြံစည်နေသည်ကို မသိဘဲ မနေပါချေ။

မတိုင်မီကတော့ သူတို့ သတိမမူမိ၍ ဖြစ်နိုင်သော်လည်း ယခုအချိန်ထိ သတိမထားမိပါက သူတို့ ဖြတ်သန်းလာသော သက်တမ်းမှာ အလကားပင် ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ထိုသူဌေးကြီးသည်က သူ၏ရှေ့မှ ခေါက်ဆွဲပန်းကန်ကို အလျင်အမြန် ကာကွယ်လိုက်ပြီး မျက်လုံးကို မှေးလျက် ဆိုလိုက်၏။

“ကျေးဇူးတင်ပါတယ် လူကြီးမင်းလျို့၊ ကျွန်တော့်ဘာသာပဲ မြည်းကြည့်ပါရစေတော့၊ ဘာပဲဖြစ်ဖြစ် လူတစ်ယောက်ချင်းစီရဲ့ အကြိုက်က မတူကြဘူးမလား”

ထိုသို့ပြောရင်း လျို့ကျားယိုက သူ၏ခေါက်ဆွဲကို လုယူသွားမည် စိုးရိမ်သည့်အလား သူ၏တူကို အမြန်ပင် အသုံးပြုလိုက်လေသည်။

ထိုခေါက်ဆွဲကို စားလိုက်ရသည့် ခဏ၌ သူ အံ့အားသင့်သွားရလေတော့၏။

သာမန်ဟု ထင်ရသော ဤခေါက်ဆွဲ၏ အရသာမှာ ဤမျှအထိ ကောင်းမွန်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ပြည်ပရှိ နာမည်ကြီး တရုတ်စားသောက်ဆိုင်များမှ စားဖိုမှူးများ၏ လက်ရာထက်ပင် သာလွန်နေသကဲ့သို့ ခံစားရလေသည်။

အလွန်အမင်း အံ့အားသင့်သွားရသောကြောင့် ထိုသူဌေးကြီး၏ စားသောက်မှုနှုန်းမှာလည်း မသိမသာ မြန်ဆန်လာခဲ့ချေပြီ။

ယခုအချိန်တွင်တော့ ဘေးနားရှိ လူများကလည်း တွန့်ဆုတ်မနေကြတော့ဘဲ သူတို့ရှေ့မှ ခေါက်ဆွဲများကို အသီးသီး ခပ်ယူစားသောက်ကြတော့၏။

လူတစ်ဦးတည်းက ခေါက်ဆွဲအရသာ ကောင်းသည်ဟု ထင်မြင်ခြင်းမှာ တိုက်ဆိုင်မှု ဖြစ်နိုင်သော်လည်း၊ နှစ်ဦးလုံးက ထိုကဲ့သို့ အမူအရာမျိုး ပြသလာပါက တိုက်ဆိုင်မှု မဟုတ်တော့ပေ။

ဤစားဖိုမှူးမှာ အမှန်တကယ်ပင် အရည်အချင်းရှိသူ ဖြစ်ရမည်ဟု သူတို့ ယုံကြည်သွားကြပြီး ကိုယ်တိုင် မြည်းစမ်းကြည့်ချင်စိတ်များ ပြင်းပြလာကြသည်။

စားကြည့်လိုက်သည့် ခဏ၌ပင်..

ဟေး... ဒါက တကယ်ကို အရသာရှိတာပဲ!

မကြာမီမှာပင် လူတိုင်းက အစပိုင်းက တူမကိုင်ဝံ့ကြသည့် အခြေအနေမှ ခေါက်ဆွဲအရသာထဲသို့ အာရုံစိုက် စီးမျောသွားကြလေတော့သည်။

ဘေးနားရှိ လျို့ကျားယို တစ်ဦးတည်းသာလျှင် နောင်တများဖြင့် ပြည့်နှက်နေရ၏။

ဟင်း... သူသာ နည်းနည်းလောက် ပိုမြန်မြန်စားခဲ့ရင် နောက်ထပ် ခေါက်ဆွဲတစ်မျိုးလောက် မြည်းစမ်းနိုင်ဦးမှာပဲ။

နှမြောစရာပဲ၊ ဒီနေ့တော့ တစ်ပန်းကန်တည်းနဲ့ ကျေနပ်ရတော့မယ် ထင်တယ်။

ဘေးမှ ရှောင်ချီမှာတော့ သူဌေးကြီးများက ခေါက်ဆွဲများကို မြန်မြန်ဆန်ဆန် ကုန်စင်အောင် စားသောက်နေကြသည်ကို မြင်ရချိန်တွင် ဝမ်းသာလွန်းသဖြင့် ငိုပင်ငိုချင်စိတ် ပေါက်လာရသည်။

ရဲဘော်လင်းရန်ကို အားနာစရာပဲ။ သူမရဲ့ အရည်အချင်းကို ငါ ဘယ်လိုများ သံသယဝင်ဝံ့ခဲ့တာလဲ!

သာမန်ခေါက်ဆွဲလေးကိုပင် ဤမျှအရသာရှိအောင် ဖန်တီးနိုင်သည်ဖြစ်၍ သူမက သူ၏ အလေးစားဆုံး ပုဂ္ဂိုလ်ဖြစ်လာကြောင်းကို သူ စိတ်ထဲမှ ကြေညာလိုက်လေတော့သည်။

သူဌေးကြီးများက သူတို့၏ ခေါက်ဆွဲများကို ကုန်စင်အောင် စားပြီးနောက် စားပွဲရှိ ကျန်သူများကို မော့ကြည့်လိုက်ကြသည်။

သူတို့အားလုံး တစ်ဦးကိုတစ်ဦး ကြည့်ရင်း မျက်နှာပူသကဲ့သို့ ဖြစ်နေကြသော်လည်း ထိုမျက်ဝန်းများထဲတွင် နှမြောတသမှုများလည်း ရှိနေခဲ့၏။

သူတို့ စားသုံးလိုက်ရသော ခေါက်ဆွဲမှာ တစ်မျိုးတည်းသာ ဖြစ်၍ အခြားခေါက်ဆွဲများ၏ အရသာကို မသိရှိရသည်မှာ နှမြောစရာပင်။ သို့သော် မြင်ရုံနှင့်ပင် အခြားခေါက်ဆွဲများမှာလည်း အလွန်အရသာရှိမည်မှာ သေချာပေသည်။

ဤခေါက်ဆွဲ အမျိုးအစားအားလုံးကို မြည်းစမ်းကြည့်ချင်မိပေ၏။

ခေါက်ဆွဲစားပြီးသည့်နောက်တွင်တော့ လူတိုင်းက ယခင်ကကဲ့သို့ပင် တည်ငြိမ်ယဉ်ကျေးသော အသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားကြပြီး တစ်ဦးကိုတစ်ဦး အပြုံးဖြင့် ကြည့်လိုက်ကြသည်။

ယနေ့ဖြစ်ပျက်ခဲ့သည့် အရှက်ရဖွယ်ကိစ္စများကို လူအများအား ပြန်လည်မပြောပြကြသရွေ့ သူတို့အားလုံးက မိတ်ဆွေကောင်းများအဖြစ် ဆက်လက်ရှိနေကြဦးမည်ပင်။

သို့သော် တစ်ချိန်တည်းမှာပင် သူတို့အားလုံး၏ စိတ်ထဲ၌ တူညီသော အတွေးတစ်ခုလည်း ရှိနေကြပြန်သည်။

သူတို့ ဤဆိုင်သို့ နောက်တစ်ကြိမ် ထပ်မံလာရောက်ကြဦးမည်။

သာမန်ခေါက်ဆွဲတစ်ပန်းကန်ကိုပင် ဤမျှအရသာရှိအောင် လင်းရန် ဖန်တီးနိုင်သည်ဖြစ်၍ သူမ၏ အခြားဟင်းလျာများကိုလည်း သူတို့ သေချာပေါက် မြည်းစမ်းကြည့်ချင်ကြပေသည်။

ဧည့်သည်များက အချိန်မရှိကြသည့်အတွက် စားသောက်ပြီးသည်နှင့် ငွေပေးချေကာ အလျင်အမြန်ပင် ထွက်ခွာသွားကြလေတော့၏။

*

အခန်း(468)

လျို့ကျားယိုသည်လည်း ယနေ့တွင် ဟောင်ကောင်သို့ ပြန်ရမည်ဖြစ်ပြီး သူ၏လက်အောက်ငယ်သားများနှင့် မွန်းလွဲပိုင်းတွင် ချိန်းဆိုထားသောကြောင့် အချိန်မှာ အတော်လေး နီးကပ်နေလေပြီ။

ထို့ကြောင့် သူသည်လည်း လင်းရန်အား သူမ၏ခေါက်ဆွဲလက်ရာကို အလွန်ကောင်းမွန်ကြောင်း ပြောဆိုကာ ခပ်မြန်မြန်ပင် ထွက်ခွာသွားခဲ့လေသည်။

ချင်းယွင်ကျစ်မှာ အပြင်ဘက်ရှိ လူများအားလုံး ထွက်သွားသည်အထိ စောင့်ဆိုင်းပြီးမှ မီးဖိုချောင်ထဲမှ ထွက်လာခဲ့၏။ စားပွဲပေါ်ရှိ ဗလာကျင်းနေသော ခေါက်ဆွဲပန်းကန် ငါးလုံးကို မြင်လိုက်ရချိန်တွင်မှ သူမ သက်ပြင်းတစ်ချက် ချနိုင်လေတော့သည်။

“တော်သေးတာပေါ့... သူတို့ ဘာမှမပြောဘဲ ခေါက်ဆွဲတွေကို အကုန်စားသွားကြလို့”

မဟုတ်လျှင် ဤကိစ္စမှာ မည်သို့အဆုံးသတ်မည်ကို သူမ အမှန်တကယ် မသိနိုင်ပါချေ။

လင်းရန်က ပြုံးလိုက်သော်လည်း သူမ၏ ခံစားချက်မှာလည်း ချင်းယွင်ကျစ်နှင့် ထပ်တူပင် ဖြစ်နေခဲ့သည်။

သူမ၏ လက်ရာအပေါ် ယုံကြည်မှုရှိသော်လည်း ခေါက်ဆွဲဆိုသည်မှာ ဧည့်ခံကျွေးမွေးရန်အတွက် အဆင့်မြင့်သော အစားအစာမျိုး မဟုတ်ပေ။

ကံကောင်းစွာဖြင့် ထိုသူဌေးကြီးများမှာ အမှန်တကယ် ဗိုက်ဆာနေကြ၍လား သို့မဟုတ် သဘောထားကြီးကြ၍လား မသိဘဲ မည်သည့်ကန့်ကွက်မှုကိုမျှ မပြုလုပ်ခဲ့ကြပေ။

သို့သော် ယနေ့ဖြစ်ရပ်ကြောင့် လင်းရန်တစ်ယောက် ဆိုင်သို့ အမယ်ပစ္စည်းများကို နေ့စဉ်ပိုမိုယူဆောင်လာရန် ဆုံးဖြတ်လိုက်လေသည်။

မဟုတ်လျှင် ယခုကဲ့သို့ မမျှော်လင့်ထားသော အခြေအနေမျိုး ထပ်မံကြုံတွေ့ရပါက မည်သို့ကိုင်တွယ်ရမည်ကို မသိရဘဲ သူမ အမှန်တကယ် အခက်တွေ့ရပေလိမ့်မည်။

လင်းရန်ဘက်တွင် အဆင်ပြေသွားချိန်၌ လင်းကျန်းအန်းသည်လည်း တပ်မဟာနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့လေသည်။

တပ်မဟာ၏ သဘောထားမှာ လင်းကျန်းအန်းအနေဖြင့် သူ့ဘာသာ ဆုံးဖြတ်နိုင်ကြောင်းနှင့် သူ၏ ဆုံးဖြတ်ချက်အပေါ် သူတို့ဘက်မှ ကန့်ကွက်ရန် မရှိကြောင်းပင် ဖြစ်၏။

ဤသည်မှာ အနည်းငယ် တာဝန်မဲ့ရာ ရောက်သည်ဟု ထင်ရသော်လည်း တပ်မဟာအတွင်း ဆွေးနွေးပြီးနောက် ရရှိလာသော တုံ့ပြန်မှုမှာ ထိုအတိုင်းပင် ဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ သူတို့အနေဖြင့် ကူညီနိုင်စွမ်းမရှိသကဲ့သို့ ဤကိစ္စအတွက် ကွမ်ကျိုးသို့ သီးသန့်လာရောက်ရန်မှာလည်း မဖြစ်နိုင်ပါချေ။

ထို့အပြင် သူတို့တွင်လည်း ကိုယ်ပိုင်အလုပ်အကိုင်များ ရှိနေကြသည် မဟုတ်ပါလား။

ထို့ကြောင့် လင်းကျန်းအန်းအနေဖြင့် ဤကိစ္စကို သူကိုယ်တိုင်သာ ဖြေရှင်းရပေတော့မည်။ သို့သော် တပ်မဟာက သူ့အား ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝ ပေးလိုက်ပြီဖြစ်၍ သူသည်လည်း ထပ်မံ တွန့်ဆုတ်မနေတော့ပေ။

ထိုနေ့ နေ့လယ်ခင်းတွင် သူက လင်းရန်၏ ဆိုင်သို့ သွားရောက်ကာ ထိုသတင်းကို ပြောပြလိုက်ပြီး၊ စက်ရုံခွဲ ဖွင့်လှစ်ရန် သင့်တော်မည့် နေရာကို ဒေသခံတစ်ဦးဖြစ်သူ ချင်းယွင်ကျစ်နှင့် လင်းရန်တို့အား အကြံဉာဏ် တောင်းခံခဲ့လေသည်။

ဤမေးခွန်းအတွက် သူက မှန်ကန်သောလူကို မေးမြန်းခဲ့ခြင်း ဖြစ်ပေ၏။ ချင်းယွင်ကျစ်သည် ကွမ်ကျိုးမြို့အနှံ့ကို အလွန်ပင် ကျွမ်းကျင်သူ ဖြစ်သည်မဟုတ်ပါလား။

ချင်းယွင်ကျစ်၏ အကြံပြုချက်အရ လင်းကျန်းအန်းက တည်နေရာ အချို့ကို အလျင်အမြန် သတ်မှတ်နိုင်ခဲ့ပြီး နောက်ရက်အနည်းငယ်အတွင်း သွားရောက်ကြည့်ရှုရန် စီစဉ်လိုက်လေသည်။

“အဖေ...ကျွန်မအထင်တော့ သင့်တော်တာတွေ့ရင် တစ်ခါတည်း တိုက်ရိုက် ဝယ်လိုက်တာ အကောင်းဆုံးပဲ”

လင်းကျန်းအန်းအနေဖြင့် ငှားရမ်းရမည့်အစား တိုက်ရိုက် ဝယ်ယူရန် သင့်၊ မသင့် ဝေခွဲမရ ဖြစ်နေချိန်၌ လင်းရန်က ချက်ချင်းပင် ဝင်ရောက်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဝယ်လိုက်ရမယ်။

လင်းကျန်းအန်း၏ အမူအရာမှာ ခေတ္တမျှ ရပ်တန့်သွားရလေသည်။

လင်းရန်က ဆက်လက်၍ပြောလိုက်သည်။

“ဟုတ်တယ် အဖေ၊ ဝယ်လိုက်ပါ၊ ဘာပဲဖြစ်ဖြစ် နောင်ကျရင်လည်း အဖေ ဒါကို သုံးရမှာပဲလေ၊ ဝယ်လိုက်ရင် ဒီအိမ်က အဖေပိုင်တဲ့အတွက် အဖေစိတ်ကြိုက် ပြင်ဆင်လို့ ရတာပေါ့

မဟုတ်ရင် စက်ရုံကို ပြုပြင်ချင်တဲ့အချိန် အိမ်ရှင်ဆီမှာ ခွင့်တောင်းနေရတာက တကယ်ကို အလုပ်ရှုပ်နေရလိမ့်မယ်”

လင်းရန်၏ စကားကို ကြားလျှင် လင်းကျန်းအန်းသည်လည်း ကျိုးကြောင်းဆီလျော်သည်ဟု ခံစားလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ ဖောက်သည်များကို ပိုမိုကောင်းမွန်သော ထင်မြင်ချက် ရရှိစေရန်အတွက် သူသည်က စက်ရုံခွဲကို သေချာပေါက် ပြုပြင်မွမ်းမံရပေမည်။

ကိုယ်ပိုင်အိမ်ဆိုလျှင် စိတ်ကြိုက် ပြုပြင်နိုင်မည်ဖြစ်ပြီး အဆင်မပြေပါကလည်း ပြန်လည်စတင်ရန် လွယ်ကူပေလိမ့်မည်။

သူတစ်ပါးအိမ်ကို ငှားရမ်းခြင်းမှာတော့ အဆင့်တိုင်းတွင် ထပ်ခါတလဲလဲ စဉ်းစားနေရမည်ဖြစ်၍ အဆင်မပြေမှုများ ရှိနေနိုင်ပေသည်။

ထို့အပြင် ယခုအချိန်တွင် သူ၏လက်ထဲတွင် ငွေအလုံအလောက် ရှိနေပြီဖြစ်၍ စက်ရုံဝယ်ယူရန်အတွက် သူ စိုးရိမ်မနေတော့ပေ။

“ကောင်းပြီလေ... ဒါဆိုရင် ဝယ်လိုက်တာပေါ့၊ ဒီလိုဆိုရင် စက်ရုံက နောက်ပိုင်းမှာ ဆက်မလည်ပတ်နိုင်ရင်တောင် ငါတို့မှာ အိမ်တစ်လုံး ပိုကျန်ခဲ့တာပေါ့၊ ဟုတ်တယ်မလား”

လင်းကျန်းအန်းက ပွင့်လင်းစွာ တွေးတောနိုင်သည်ကို မြင်လျှင် လင်းရန်လည်း စိတ်အေးသွားရလေသည်။ သို့ဖြစ်ရာ နောက်ရက်အနည်းငယ်အတွင်း လင်းကျန်းအန်းက မနက်ပိုင်းတွင် အိမ်ကြည့်သွားကာ၊ နေ့လယ်ပိုင်းတွင် လင်းရန်၏ဆိုင်သို့ ပြန်လာ၍ ထမင်းစားရင်း တိုးတက်မှု အခြေအနေများကို သူမနှင့် တိုင်ပင်ဆွေးနွေးလေ့ ရှိလေသည်။

ထိုအချိန်တွင် ဟောင်ကောင်၌။

လွန်ခဲ့သော နှစ်ရက်က စုန့်စစ်ယွီအနေဖြင့် လျို့ကျားယိုတို့နှင့်အတူ ဟောင်ကောင်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

သူမက ဤနှစ်ရက်အတွင်း သူမ၏အလုပ်ကိစ္စများကို စနစ်တကျစီစဉ်ကာ အထုပ်အပိုးများကိုလည်း အားလုံးနီးပါး အဆင်သင့်ပြင်ဆင်ထားခဲ့လေသည်။

သေချာပေ၏။ ဤကိစ္စအားလုံးကို လျို့ကျားယို၏နောက်ကွယ်၌ တိတ်တဆိတ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။ အကယ်၍ သူမကသာ လျို့ကျားယိုအား ကြိုတင်ပြောပြခဲ့ပါက လျို့ကျားယိုဘက်မှ သူမကို အလွယ်တကူနှင့် ထွက်ခွာခွင့်ပေးလိမ့်မည်မဟုတ်သကဲ့သို့ နည်းမျိုးစုံဖြင့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပေလိမ့်မည်။

သို့သော် သူမဘက်မှ အရာအားလုံးကို ကြိုတင်စီစဉ်ပြီးစီးပါက လျို့ကျားယိုအနေဖြင့် သူမအား အတင်းအကျပ် ပိတ်လှောင်ထားရန်မှာ ခက်ခဲသွားပေလိမ့်မည်။

အကယ်၍ သူကသာ ထိုသို့ပြုလုပ်ဝံ့ပါက သူမသည်လည်း ရဲတိုင်ရန်ပင် ဝန်လေးမည်မဟုတ်ပေ။

ထို့ကြောင့် သူမက အရာအားလုံးကို သေသေချာချာ စီစဉ်ထားပြီးဖြစ်ကာ ချန်ထားရမည့်အရာလည်း မရှိတော့သည်သအတွက် စိတ်ပေါ့ပါးစွာဖြင့် လျို့ကျားယို၏ ရုံးခန်းသို့သွားကာ နေရပ်သို့ပြန်မည့်အကြောင်းကို ပြောလိုက်လေတော့သည်။

“အိုး.. မစ်စ်စုန့်၊ ကျွန်တော်မှတ်မိသလောက်ဆိုရင် ခင်ဗျား ရှန်ကျန့်ကို စရောက်တုန်းက နေရပ်မှာ ဘယ်သူမှမရှိတော့လို့ ဒီကိုရောက်လာတာလို့ ပြောခဲ့တယ် မဟုတ်ဘူးလား၊ အခုကျမှ ဘယ်လိုဖြစ်ပြီး ဆွေမျိုးတွေ ရှိနေရတာလဲ”

လျို့ကျားယိုက သူဌေးထိုင်ခုံတွင် ထိုင်လျက် ပြုံးယောင်သန်းသော မျက်နှာဖြင့် စုန့်စစ်ယွီအား စူးစိုက်ကြည့်ကာ မေးမြန်းလိုက်၏။

စုန့်စစ်ယွီသည်လည်း သူ ဤသို့မေးမြန်းလာမည်ကို ကြိုတင်သိရှိထားပြီးဖြစ်သဖြင့် သူမ ပြင်ဆင်ထားသော ဆင်ခြေကို ချက်ချင်းပင် ထုတ်သုံးလိုက်လေသည်။

“ဒါက ဒီလိုပါ မစ္စတာလျို့... အစတုန်းကတော့ ကျွန်မရဲ့ မိသားစုထဲမှာ ဘယ်သူမှ မရှိတော့ဘူးလို့ တကယ်ပဲ ထင်ခဲ့တာ၊ ရှင်သိတဲ့အတိုင်း လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်က ပြည်မကြီးရဲ့ အခြေအနေက ဆက်သွယ်ရေးပိုင်းမှာ သိပ်ပြီး အဆင်မပြေခဲ့ဘူးလေ၊

ဒါကြောင့် ကျွန်မနဲ့ မိသားစုကြားမှာ သတင်းအချက်အလက်တွေက ပြတ်တောက်သွားခဲ့တာပါ”

“ဒါပေမဲ့ မနှစ်က မူဝါဒအသစ် ထွက်လာပြီးကတည်းက ကျွန်မရဲ့ မိသားစုကို ပြန်ပြီးဆက်သွယ်ဖို့ ကြိုးစားခဲ့တယ်လေ၊ မမျှော်လင့်ဘဲ အဆက်အသွယ် ရခဲ့တယ်၊

ကျွန်မရဲ့အဖေက ကျွန်မကို အမြဲတမ်း ပြန်လာဖို့ ဖုန်းဆက်နေပြီး သူ ကျွန်မကို သိပ်သတိရကြောင်းနဲ့ တွေ့ချင်ကြောင်း ပြောနေပါတယ်

သူ့ရဲ့ တစ်ဦးတည်းသောသမီးအနေနဲ့ အဝေးတစ်နေရာမှာ ရှိနေတဲ့ အဖေကို ပစ်ထားပြီး ပြန်မသွားဘဲ မနေနိုင်ပါဘူး၊ ဒါကြောင့် မစ္စတာလျို့... ကျွန်မ အခုချက်ချင်း ပြန်ရပါမယ်၊ မဟုတ်ရင် ကျွန်မက သမီးဆိုးတစ်ယောကင ဖြစ်သွားပါလိမ့်မယ်!

ဒါကို ကျွန်မရဲ့ ဘိုးဘွားတွေကလည်း ခွင့်လွှတ်ကြမှာ မဟုတ်ပါဘူး!”

ဟောင်ကောင်ရှိ လူများသည်ကား မိဘအပေါ် သိတတ်မှုကို အလေးထားကြကာ နတ်ဘုရားနှင့် ဝိညာဉ်များကိုလည်း ယုံကြည်ကြသူများဖြစ်လေ၏။ သို့ဖြစ်၍ သူမဘက်မှ ဤသို့ပြောလိုက်လျှင် လျို့ကျားယိုအနေဖြင့် သူမအား လွှတ်ပေးရုံမှလွဲ၍ တခြားရွေးချယ်စရာ ရှိလိမ့်မည်မဟုတ်ဟု စုန့်စစ်ယွီ တွက်ချက်ထားသည်။

သို့သော်မမျှော်လင့်စွာဖြင့် သူမ သူမ စကားပြောပြီးသည်နှင့် လျို့ကျားယို၏ မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့လေ၏။

ထို့နောက် စုန့်စစ်ယွီ၏ မယုံကြည်နိုင်သော အကြည့်များအောက်တွင် သူက စာအိတ်တစ်အိတ်ကို ထုတ်ယူကာ စုန့်စစ်ယွီထံသို့ ကမ်းပေးလိုက်လေသည်။

“ဒါပေမဲ့ မစ်စ်စုန့်... ခင်ဗျားရဲ့ သတင်းအချက်အလက်တွေ မှားနေတာလား၊ ဒါမှမဟုတ် တစ်ယောက်ယောက်ကပဲ ခင်ဗျားရဲ့ အဖေအဖြစ် ဟန်ဆောင်ပြီး တမင်လိမ်ညာနေတာလားဆိုတာ စဉ်းစားသင့်တယ်နော်”

ဒါက ဘာအဓိပ္ပာယ်လဲ။

စုန့်စစ်ယွီက လျို့ကျားယို၏ စကားကို နားမလည်နိုင် ဖြစ်သွားရသည်။ တစ်စုံတစ်ယောက်က သူမ၏အဖေအဖြစ် ဟန်ဆောင်နေသည်လား။

စုန့်ဝေတွင် မည်သို့သော အရည်အချင်းမျိုးရှိနေ၍ သူတစ်ပါးက ဟန်ဆောင်နေရမည်နည်း။

ထိုသူမှာ တစ်ချိန်က ကြီးကျယ်သော အင်ဂျင်နီယာကြီးတစ်ဦး ဖြစ်ခဲ့သော်လည်း၊ အတိတ်ကာလအချိန်တွင်ပင် သူ၏ အဆင့်အတန်းကြောင့် မည်သူကမျှ သူ့နေရာတွင် ဟန်ဆောင်ချင်ကြမည်မဟုတ်ပေ။

ယခုအချိန်တွင် မူဝါဒများ ပြောင်းလဲသွားပြီဖြစ်၍ ထိုသို့ဖြစ်ရန် ပို၍ပင် မဖြစ်နိုင်တော့ချေ။

စုန့်စစ်ယွီ၏ သံသယများကို မြင်လျှင် လျို့ကျားယိုက ခေါင်းညိတ်ပြလျက် ဆက်ပြောခဲ့သည်။

“မစ်စ်စုန့်... ဒီစာထဲက အကြောင်းအရာတွေကို အရင်ဖတ်ကြည့်လိုက်ပါဦး”

စုန့်စစ်ယွီသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် လျို့ကျားယို လှမ်းပေးသော စာအိတ်ကို ယူကာ အလျင်အမြန်ပင် ဖွင့်ကြည့်လိုက်လေ၏။

စာအိတ်အတွင်းရှိ အကြောင်းအရာများကို ဖတ်ပြီးချိန်တွင်တော့ သူမ၏ မျက်ဝန်းများမှာ မယုံကြည်နိုင်စွာ ပြူးကျယ်သွားရပြီး ခေါင်းကို အဆက်မပြတ် ခါယမ်းကာ ထပ်ခါတလဲလဲ ရေရွတ်နေမိတော့သည်။

“မဟုတ်ဘူး... ဒါ မဖြစ်နိုင်ဘူး! သူက ဘာလို့ အလုပ်စခန်းထဲ ရောက်နေရတာလဲ၊ မဖြစ်နိုင်တာ!”

*

All Chapters