အခန်း (၁၀၁၁-၁၀၁၂)
Vol. 98 Ch. 1011-1012
အခန်း ၁၀၁၁ သေခြင်းတရား
"သူ့ဆီမှာ တစ်ခုခု အကြီးအကျယ် ဖြစ်ပျက်ခဲ့လို့ စိတ်မကြည်မလင် ဖြစ်နေတာလား" အခြေအနေ၏ အရေးကြီးပုံကို နားလည်သွားသဖြင့် မြွေဘုရင်သည် မေးခွန်းများ ထပ်မမေးတော့ဘဲ သူ၏ ခန္ဓာကိုယ်ကို စတင် ကြီးထွားစေလိုက်သည်။ လုံချန်း စိတ်အေးသွားမှသာ သူ မေးစရာရှိသည်အား မေးပြီး ခုနက အငေါက်ခံရမှုအတွက် တောင်းပန်စကားကိုလည်း ပြန်နားထောင်မည်ဟု တွေးလိုက်၏။
ယခုအချိန်မှာတော့ သူသည် အတတ်နိုင်ဆုံး စာနာနားလည်ပေးချင်နေမိသည်။
"ဟိုမှာ ကြည့်စမ်း"
လုံချန်းက မြွေဘုရင်အပေါ် အာရုံစိုက်နေစဉ်မှာပင် လူတစ်စုက လုံချန်းကို သတိပြုမိသွားကြသည်။
သူတို့သည် မြွေအမှတ်အသားပါသော လှပသည့် ဝတ်ရုံများကို ဝတ်ဆင်ထားကြ၏။ လုံချန်းက မိန်းကလေးကို ကယ်တင်ရန်အတွက် သတ်ဖြတ်ခဲ့သော လူများနှင့် တစ်နေရာတည်းက ဖြစ်ကြောင်းမှာ သိသာလှပေသည်။
"အဲဒီမှာ ရပ်လိုက်စမ်း။ မလှုပ်နဲ့ဦး၊ ငါတို့ မေးတာကို ဖြေခဲ့"
လူအုပ်ကို ဦးဆောင်လာသူမှာ မြေကမ္ဘာ အဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး လုံချန်းအနေဖြင့် သူ၏ စကားကို နားထောင်ရန် တာဝန်ရှိသကဲ့သို့ အမိန့်ပေးလိုက်လေသည်။
"ငါ အလျင်လိုနေတယ်။ မင်းတို့ကို သတ်ဖို့ အချိန်မရှိဘူး။ ဒီကနေ အမြန်ဆုံး လစ်လိုက်ကြတော့" လုံချန်းသည် လေထဲသို့ ပျံတက်သွားပြီး သူ၏ အပေါ်တွင် ပျံသန်းနေသော ဧရာမ မြွေကြီးပေါ်သို့ ဆင်းသက်လိုက်လေသည်။
မြွေကြီးသည် လုံချန်းကို တင်ဆောင်ကာ ထိုနေရာမှ ချက်ချင်း ထွက်ခွာသွားတော့၏။
လုံချန်းကို ခုနက အော်ဟစ်ခဲ့သော လူစုမှာတော့ တုန်တုန်ရင်ရင်ဖြင့် ကျန်ရစ်ခဲ့ကြသည်။ လုံချန်း ပျံတက်သွားသည်ကို မြင်လိုက်ရသောအခါ ဤလူသည် အခြားသူမဟုတ်ဘဲ ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေကြောင်း သူတို့ သဘောပေါက်သွားကြသည် မဟုတ်လော။
အဆင့်နိမ့်သော မြေကမ္ဘာ အဆင့် ကျင့်ကြံသူလေး ဖြစ်ပါလျက်နှင့် ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူတစ်ဦးကို ခြိမ်းခြောက်ဝံ့ကြသည်လော။
သူတို့ထဲမှ အများစုမှာ ဒူးများ ချောင်သွားကာ မြေပြင်ပေါ်သို့ ခွေကျသွားကြတော့သည်။
"ငါတို့ သေမင်းနဲ့ တော်တော်လေး နီးသွားတာပဲ။ သူ အလျင်လိုနေလို့ တော်သေးတာပေါ့။ မဟုတ်ရင် ငါတို့လည်း အလောင်းဖြစ်နေလောက်ပြီ" ခေါင်းဆောင်ဖြစ်သူက နဖူးမှ ချွေးများကို သုတ်ရင်း ရေရွတ်လိုက်၏။
"ဟိုလူတွေလည်း သူ့လက်ချက်နဲ့ပဲ သေတာ ဖြစ်ရမယ်။ တစ်ခုခုကြောင့် သူ့ကို သွားပြီး စိတ်အနှောင့်အယှက် ပေးမိလို့ အသတ်ခံလိုက်ရတာ နေမှာ။ တကယ်ကို အစွမ်းထက်လိုက်တာ" နောက်ထပ် လူတစ်ဦးက ဆိုသည်။
အားလုံးက ခေါင်းညိတ် ထောက်ခံကြလေသည်။ သူတို့ကို သတ်ခဲ့သူမှာ မည်သူဆိုသည်အားအတည်ပြုနိုင်သွားခဲ့ပြီ ဖြစ်သည်။ သူတို့ လုံးဝ မတတ်နိုင်သော်လည်း သူတို့၏ သူငယ်ချင်းများနောက် ငရဲသို့ လိုက်မသွားရသဖြင့် ဝမ်းသာနေကြမိသည်။
မြွေဘုရင်သည် အချိန်အတော်ကြာအောင် တိတ်ဆိတ်စွာ ပျံသန်းနေပြီး လုံချန်းကမူ အပေါ်တွင် ထိုင်ရင်း တစ်စုံတစ်ခုကို အကြီးအကျယ် စဉ်းစားနေလေသည်။
အချိန်အတော်ကြာပြီးနောက် လုံချန်း၏ အသက်ရှူသံများ ပြန်လည် တည်ငြိမ်လာသောအခါ မြွေဘုရင်သည် လုံချန်းကို အဘယ်ကြောင့် ဤမျှ စိုးရိမ်နေရသနည်းဟု စူးစမ်းလိုသဖြင့် ပါးစပ်ဟလိုက်၏။
"ဘာဖြစ်ခဲ့သလဲဆိုတာ ငါ့ကို ပြောပြလို့ ရမလား။ ငါ တကယ် စိုးရိမ်လို့ပါ" မြွေဘုရင်က လုံချန်းကို မေးလိုက်သည်။
"ဟင်း..." လုံချန်းသည် အသက်ကို ပြင်းပြင်းရှူထုတ်ရင်း သက်ပြင်းချလိုက်၏။ "မင်းကို ငေါက်မိတဲ့အတွက် တောင်းပန်ပါတယ်"
"ရပါတယ်။ အဲဒါအတွက် စိတ်မပူပါနဲ့။ ဘာဖြစ်ခဲ့လဲဆိုတာသာ ပြောပြပါ" မြွေဘုရင်က ထပ်မေးပြန်သည်။
"မင်ယု ကိစ္စပါ။ ငါ သူ့ကို အိမ်မှာ ထားခဲ့တယ်၊ ဒါပေမဲ့ အခု ငါ အနာဂတ် ဖြစ်ရပ်တစ်ခုကို မြင်လိုက်ရတယ်။ သူ... သူ အသတ်ခံရတော့မယ်" လုံချန်းသည် လက်သီးကို တင်းတင်းဆုပ်ရင်း တိုးတိုးလေး ပြောလိုက်၏။
မင်ယု၏ အသက်ကို ခြိမ်းခြောက်ဝံ့သူအား သတ်ဖြတ်ပစ်တော့မည့်အလား လူသတ်ငွေ့အရှိန်အဝါများသည် သူ၏ ပတ်ဝန်းကျင်တွင် လွှမ်းခြုံလာလေတော့သည်။
"ဒါက နောက်ခြောက်လမှ ဖြစ်မှာလား၊ ဒါမှမဟုတ် မနက်ဖြန်ပဲ ဖြစ်မှာလားဆိုတာ ငါမသိဘူး။ ငါ သူ့ဆီကို အမြန်ဆုံး ရောက်အောင် သွားရမယ်" လုံချန်းက သူသွားမည့် လမ်းခရီးကို စူးစိုက်ကြည့်ရင်း ပြောလိုက်၏။
"ဘာ... သူ အသက်အန္တရာယ် ရှိနေတယ် ဟုတ်လား။ ငါ့ကို ဘာလို့ စောစောက မပြောတာလဲ။ ဒီဘုရင်ကြီးက အဲဒီခွေးကောင်ကို သူ့အနား မကပ်နိုင်ခင်မှာပဲ အပိုင်းပိုင်း ပိုင်းပစ်တာကို စောင့်ကြည့်နေလိုက်" မြွေဘုရင်သည်လည်း အလွန်အမင်း ဒေါသထွက်ကာ ဟိန်းဟောက်လိုက်လေသည်။
သူ့အနီးနားရှိ လူတစ်ဦး သို့မဟုတ် လုံချန်းနှင့် နီးစပ်သူတစ်ဦး အသတ်ခံရမည်ကို သူ အလွန် မုန်းတီးလှသည်။ လုံချန်းအတွက် မည်မျှအထိ ခံစားရမည်ကို သူ သိနေသောကြောင့်ပင်။
"နေပါဦး... ဘယ်သူက ဒါကို လုပ်ဖို့ ကြိုးစားမှာလဲဆိုတာ ငါတောင် မသိသေးဘူး။ မင်း သိလား။ မင်း ဟိုအနာဂတ်ထဲမှာ အဲဒီလူကို မြင်လိုက်ရလား" မြွေဘုရင်က မေးသည်။
"အေး... အဲဒီ ကောင်စုတ်က ဘယ်သူလဲဆိုတာ ငါ ကောင်းကောင်း သိသွားပြီ။ အဲဒီကောင်က သူ့ရဲ့ အစ်ကိုပဲ။ သူက သူ့ကို သတ်လိမ့်မယ်" လုံချန်း၏ စကားကြောင့် မြွေဘုရင်ပင် ဆွံ့အသွားရ၏။
"သူ့ရဲ့ ညီမအရင်းကို သတ်မယ် ဟုတ်လား။ သူ့ညီမကို သတ်ဖို့အထိ ကြိုးစားရအောင် သူက ဘယ်လို မိစ္ဆာမျိုးလဲ" မြွေဘုရင်က အံ့သြတကြီး မေးမြန်းလိုက်သည်။
"မင်ယုနားကို မကပ်နိုင်ခင်မှာပဲ ငါ့လက်နဲ့ သေရမယ့် မိစ္ဆာပေါ့။ တစ်ကမ္ဘာလုံးက ငါ့ရှေ့မှာ ပိတ်ဆို့ထားရင်တောင် အဲဒီကောင့်ကို ငါ အသက်ရှင်ခွင့် ပေးမှာ မဟုတ်ဘူး။ ဒီကံကြမ္မာလား၊ ငါ အပိုင်းပိုင်း ဖျက်ဆီးပစ်မယ်။ လိုအပ်လာရင် ဒီကမ္ဘာကြီး တစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်မယ်။ ဒါပေမဲ့ သူ့ကိုတော့ ဘာမှ အဖြစ်မခံနိုင်ဘူး" လုံချန်းက ပြတ်သားစွာ ဆိုလိုက်လေသည်။
သူ့ပတ်ဝန်းကျင်ရှိ မှောင်မိုက်သော အရှိန်အဝါများမှာ ပို၍ပင် အားကောင်းလာပုံရ၏။
သူ၏ အမှောင်နိယာမ ပျိုးပင်မှာလည်း လုံချန်း၏ ပြင်းထန်သော အမိုက်မှောင် ခံစားချက်များကြောင့် ပိုမို ကြီးထွားလာလေသည်။
"စိတ်မပူပါနဲ့။ အခြေအနေက အဲဒီလောက်အထိ ဖြစ်မလာစေရဘူး။ အဲဒီမတိုင်ခင်မှာပဲ ငါတို့ သူ့ကို အရင်သတ်ပစ်ကြတာပေါ့" မြွေဘုရင်က လုံချန်းကို နှစ်သိမ့်လိုက်လေသည်။
....
နန်းမြို့တော်၏ အခြားသော နေရာတစ်နေရာတွင် လုဝမ်သည် လူတစ်ဦးနှင့် တိတ်တဆိတ် တွေ့ဆုံနေလေသည်။
ထိုသူမှာ အခြားသူမဟုတ်၊ ကံကြမ္မာစာအုပ်ကို အမြဲ ဆောင်ထားတတ်သော မျက်နှာဖုံး တစ်ဝက် တပ်ထားသည့် လူပင် ဖြစ်၏။
"ခင်ဗျား ဒီကို ရောက်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မထားဘူး။ ခင်ဗျားက ကိစ္စတွေထဲမှာ ဝင်မပါဘူးလို့ ပြောထားတာ မဟုတ်လား" လုဝမ်က ထိုလူကို မေးလိုက်သည်။
"ငါ အခုထိ ဝင်မပါနိုင်သေးပါဘူး။ ဒီမှာ အကြာကြီး နေလို့လည်း မရဘူး။ ဒီနေရာရဲ့ ကံကြမ္မာ မျဉ်းကြောင်းတွေက မတည်မငြိမ် ဖြစ်နေတယ်။ ငါ ဒီမှာ အကြာကြီး နေလေလေ သူတို့တွေက ပိုပြီး ကမောက်ကမ ဖြစ်လာလေလေပဲ။ ငါ ဒီကို လာတာက မင်းကို တစ်ခုခု ပြောပြချင်လို့ပါ" ထိုလူက ဆိုသည်။
"ဘာပြောချင်တာလဲ။ လုံချန်း အကြောင်းဆိုရင်တော့ အဲဒီကောင် ထွက်ပြေးသွားပြီ။ ဒါပေမဲ့ ခင်ဗျား အလိုရှိတဲ့အတိုင်း ကျွန်တော် လုပ်ပေးခဲ့တယ်လို့ ကျွန်တော် ယုံကြည်တယ်။ သူ မင်ယုကို ဒီမှာ ထားခဲ့ပြီးပြီ။ အခု သူ တစ်ယောက်တည်း ဖြစ်နေပြီဆိုတော့ ဒေါသကြောင့် စိတ်တွေ ကစဉ့်ကလျား ဖြစ်နေလောက်ပြီ။ ကံမကောင်းတာက သူ ဘယ်မှာလဲဆိုတာ ကျွန်တော် မသိဘူး၊ အဲဒါကြောင့် နောက်ထပ် အစီအစဉ်ကို ဆက်လုပ်လို့ မရသေးဘူး" လုဝမ်က သက်ပြင်းချရင်း ပြောလိုက်၏။
"သူ ဘယ်မှာလဲဆိုတာ ခင်ဗျား သိလား" လုဝမ်က မေးသည်။
"ငါ မသိဘူး။ သူက တကယ်ကို လှည့်ကွက်များတဲ့ လူပဲ။ သူ့ရဲ့ ကံကြမ္မာက အမြဲတမ်း ပဟေဠိတွေနဲ့ ဖုံးလွှမ်းနေတယ်။ ငါလည်း ဝေဝါးတဲ့ အချက်အချို့ကိုပဲ မြင်နိုင်တာ။ သူ ဘယ်မှာလဲဆိုတာ ငါ မသိဘူး" ထိုလူက ခေါင်းခါရင်း ဆိုသည်။
"ဒါဆိုရင် ခင်ဗျား ဘာလို့ ဒီကို ရောက်လာတာလဲ။ ကျွန်တော့်ကို ဘာပြောချင်လို့လဲ"
"ငါ မင်းကို တစ်ခုခု လုပ်ခိုင်းချင်လို့ပါ။ ဒါက အရမ်း အရေးကြီးတယ်" ထိုလူက ပြောလိုက်သည်။
"ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ"
"မင်ယုကို သတ်ခိုင်းချင်တာ"
ထိုလူ ပြောလိုက်သော စကားကြောင့် လုဝမ်အတွက် အချိန်များ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူ ကြားလိုက်ရသော စကားကို သူ ကိုယ်တိုင်ပင် မယုံကြည်နိုင် ဖြစ်နေမိသည်။
"ခင်ဗျား ဘာတွေ လာပြီး ရူးကြောင်ကြောင် ပြောနေတာလဲ။ ကျွန်တော့်ညီမကို ကျွန်တော် မသတ်နိုင်ဘူး။ ကျွန်တော့်ကို လာပြီး နောက်ပြောင်မနေနဲ့။ ဒီကိစ္စက လုံချန်းနဲ့ပဲ ဆိုင်တာ၊ ကျွန်တော့်ညီမနဲ့ မဆိုင်ဘူး။ အဲဒါကြောင့် သူ့ကို ဒီကိစ္စထဲ ဆွဲမသွင်းနဲ့" လုဝမ်က ထိုလူ၏ စကားကို နားမထောင်ဘဲ ငြင်းဆိုလိုက်လေသည်။
"ချက်ချင်းကြီး မငြင်းလိုက်ပါနဲ့ဦး။ ငါ ပြောတာကို အရင်ဆုံး နားထောင်ပါဦး" ထိုလူက တည်ငြိမ်စွာဖြင့် ပြန်လည် ပြောကြားလိုက်လေသည်။
...
မြွေဘုရင်သည် မရပ်မနားဘဲ ဆက်လက် ခရီးနှင်နေ၏။ အမှန်တကယ်မူ အခြေအနေ မည်မျှအထိ အရေးကြီးသည်ကို သိသွားသဖြင့် ယခုအခါ ပို၍ပင် မြန်မြန် ပျံသန်းနေလေသည်။ လုံချန်းကို ကူညီချင်ပြီး ချစ်ခင်ရသူ၏ အသက်အား ကယ်တင်ပေးချင်နေမိသည်။ သူ အနည်းငယ် ပင်ပန်းသွားမည်ဆိုလျှင်ပင် ၎င်းမှာ သူ စိုးရိမ်ရမည့် အရာ မဟုတ်တော့ပေ။
အခန်း ၁၀၁၂ အတင်းအဓမ္မ ဝင်ရောက်ခြင်း
မြွေဘုရင်သည် အားမာန်ဟုန် ပြင်းပြစွာဖြင့် မောပန်းခြင်းကို အမှုမထားဘဲ နန်းမြို့တော်ဆီသို့ တရှိန်ထိုး ပျံသန်းနေလေသည်။ ၎င်း၏ ပျံသန်းနှုန်းမှာ လျှပ်စီးပမာ မြန်ဆန်လှသဖြင့် လုံချန်း ယခင်က အဝေးသုံး နေရာပြောင်းခြင်းကို သုံး၍ လာခဲ့စဉ်ကထက်ပင် ပိုမို လျင်မြန်နေသေး၏။ ကျင့်ကြံမှု အဆင့်မြင့်မားသော မြွေဘုရင်သည် လုံချန်းထက်ပင် ပိုမို အားကောင်းပေသည်။
နန်းမြို့တော်အတွင်းသို့ ရောက်ရှိလာသော မြွေဘုရင်၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ လူအများ၏ အာရုံကို ဆွဲဆောင်နေသကဲ့သို့ နန်းစောင့်စစ်သည်များမှာလည်း လိုက်လံ တားဆီးကြတော့သည်။
"ဟေ့လူ... ရပ်လိုက်စမ်း။ သတိပေးနေတယ်နော်"
စစ်သည်များက အော်ဟစ်ကာ နောက်မှ လိုက်လံ ဖမ်းဆီးကြသည်။ ထိုစဉ် စစ်သည်တစ်ဦးက မြွေပေါ်တွင် ပါလာသူကို မှတ်မိသွား၏။
"နေဦး... အဲဒါ မင်းသမီးရဲ့ ယောက်ျား မဟုတ်လား။ သူ ရောက်လာပြီဟေ့"
"ဟို မင်းသားလား။ ဟိုတစ်ခါ မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်ပြီး အပြစ်ပေးခံရမှာ ကြောက်လို့ ထွက်ပြေးသွားတဲ့ကောင် မဟုတ်လား။ အခု ဘာပြန်လာလုပ်တာလဲ"
"ဘယ်သူသိမှာလဲကွာ။ သုံးလလုံးလုံး မြေလှန်ရှာတာတောင် မတွေ့လို့ တခြားနိုင်ငံကို လစ်သွားပြီ ထင်နေတာ။ အခုမှ ဘာစိတ်ကူးပေါက်ပြီး ပြန်လာတာလဲ မသိဘူး"
"သူ့အမှားသူ သိသွားလို့ အဖမ်းခံဖို့ လာတာများလား"
"မဖြစ်နိုင်တာ။ အဖမ်းခံမယ့်ပုံစံမှ မဟုတ်ဘဲ။ ဟိုမှာကြည့်... ပြေးနေတာမှ အသေပဲ။ အကြံအစည်တစ်ခုခုတော့ ရှိမှာ သေချာတယ်"
စစ်သည်များမှာ တစ်ယောက်တစ်ပေါက် ပြောဆိုရင်း လုံချန်းနောက်သို့ အသေအလဲ လိုက်ကြလေသည်။ လုံချန်းကမူ နောက်က အော်ဟစ်သံများကို လျစ်လျူရှုကာ မင်ယု ဘေးကင်းပါစေကြောင်းသာ ရင်ထဲက တိတ်တခိုး ဆုတောင်းနေမိ၏။ မိမိ၏ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် သူမကို တစ်ဦးတည်း ထားခဲ့မိသည့်အတွက် တစ်စုံတစ်ခု ဖြစ်ခဲ့ပါလျှင် မိမိကိုယ်ကို မည်သည့်အခါမျှ ခွင့်လွှတ်နိုင်မည် မဟုတ်ချေ။
နန်းတော်အနီးသို့ ရောက်လာသောအခါ နန်းစောင့်တပ်သားများကလည်း မြွေကြီးကို မှတ်မိသွားကြသည်။ ဤသည်မှာ လုံချန်း ယခင်က စီးလာသော မြွေကြီးပင် ဖြစ်၏။
"ဟိုကောင် ပြန်လာပြီဟေ့"
နန်းစောင့်တပ်သားများမှာလည်း သူတို့၏ မိုးပျံ သားရဲများပေါ်သို့ တက်ကာ လုံချန်းထံသို့ ပျံတက်သွားကြတော့သည်။
"တခြားလူတွေလည်း နောက်က လိုက်လာတာဆိုတော့ ဒီကောင် အဖမ်းခံဖို့ လာတာတော့ မဟုတ်ဘူး"
မြွေဘုရင်ကမူ နောက်က လိုက်လာသော စစ်သည်များနှင့် ရှေ့က ဆီးကြိုနေသော စစ်သည်များကို ကြည့်ကာ သဘောကျနေဟန် ရှိ၏။
"ဟဲဟဲ... ပျော်စရာကြီးပါလား။ ခွေးအုပ်စု နှစ်စုကြားမှာ ငါ ညှပ်နေပြီပေါ့။ အဲဒီကောင်တွေကို ငါပဲ ပညာပေးလိုက်ရမလား။ ငါတို့ ဘယ်လောက် စွမ်းလဲဆိုတာ သူတို့ကို ပြလိုက်ရအောင်လေ"
မြွေဘုရင်က ဆက်လက်၍ ဆိုသည်။ "ဟို နှုတ်ခမ်းမွေး ကားကားနဲ့ လူကြီးကို ငါ အရင်တစ်ခါကတည်းက ကြိတ်ချင်နေတာ။ အခုတော့ သူ့ကို ငါ့လက်ထဲ ထည့်ပေးစမ်းပါ" သူက မျက်လုံးများ တောက်ပလျက် ဆိုလေသည်။
"မလိုဘူး။ ငါ အချိန်မဖြုန်းနိုင်ဘူး" လုံချန်းက အေးစက်စွာ ပြောလိုက်ရင်း မတ်တပ်ရပ်လိုက်၏။ သူသည် လက်ကို ခပ်ဖွဖွ ဝေ့ယမ်းကာ ဆိုလိုက်သည်။ "မင်း ခဏ နားနေလိုက်တော့" မြွေဘုရင်မှာ လေထဲ၌ပင် ဖျတ်ခနဲ ပျောက်ကွယ်သွားတော့သည်။
မြွေကြီး ပျောက်သွားသဖြင့် လုံချန်းမှာ မြေပြင်သို့ ပြုတ်ကျသွားရမည် ဖြစ်သော်လည်း သူ၏ ကောင်းကင်ဘုံ အဆင့် ကျင့်ကြံခြင်းကို အသုံးပြုကာ ရှေ့မှ ဆီးကြိုနေသော စစ်သည်များထံသို့ တည့်တည့် တိုးဝင်သွားလေသည်။
"ဟေ့ကောင်... ရပ်စမ်း။ အခုချက်ချင်း လက်နက်ချပြီး အဖမ်းခံလိုက်"
နန်းစောင့်တပ်မှူးက ဓားဖြင့် ချိန်ရွယ်ကာ သတိပေးသော်လည်း လုံချန်းကမူ သူ့ကို လူဟုပင် မထင်ဘဲ တိုးဝင်လာမြဲ ဖြစ်သည်။
"ကောင်းပြီလေ။ စကားနဲ့ ကောင်းကောင်း ပြောလို့ မရရင်လည်း ငါက အလိုလိုက်ရမှာပေါ့" နှုတ်ခမ်းမွေးနှင့် လူကြီးက သားရဲပေါ်မှ ခုန်ချကာ လုံချန်းထံသို့ ဓားဖြင့် ပျံသန်း တိုက်ခိုက်လာသည်။ သို့သော် လုံချန်းမှာ မင်းသမီး၏ ခင်ပွန်းဖြစ်နေသဖြင့် အသေသတ်ရန် မရည်ရွယ်ဘဲ ဖမ်းဆီးရန်သာ ပြင်ဆင်ထား၏။
သို့သော် သူသည် လုံချန်းကို အထင်သေးမိသွားခဲ့သည်။ လုံချန်းသည် တပ်မှူးကြီး သူ၏အနီးသို့ ရောက်လာသည်နှင့် မီတာ နှစ်ရာခန့်ကို ချက်ချင်း နေရာပြောင်းကာ ကျော်ဖြတ်သွားလေသည်။
တပ်မှူးကြီးနှင့် လုံချန်းတို့ တိုက်ပွဲကို အားပေးကြည့်ရှုရန် စောင့်နေကြသော အခြားစစ်သည်များ၏ နောက်ကျောဘက်တွင် လုံချန်း ပေါ်လာ၏။ သူသည် အချိန်ဆွဲမနေဘဲ မင်ယု၏ အခန်းတံခါးဝသို့ ဒုတိယအကြိမ် ထပ်မံ နေရာပြောင်းလိုက်ပြန်သည်။
သူသည် နန်းတော်အတွင်းသို့ ယခင်က ရောက်ဖူးပြီးသားဖြစ်ရာ သူ မြင်ဖူးသော နေရာတိုင်းသို့ နေရာပြောင်းရန် အဆီးအတား မရှိချေ။
"သူ နန်းတော်ထဲ ဝင်သွားပြီ"
အပြင်ဘက်ရှိ စစ်သည်များက အော်ဟစ် သတိပေးကြသော်လည်း လုံချန်းမှာ မင်ယု၏ အခန်းရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ လွှမ်းမိုးနေ၏။ အကြောင်းမှာ ဤမြင်ကွင်းသည် သူ မြင်ခဲ့သော အနာဂတ် ရူပါရုံနှင့် တထပ်တည်း ကျနေသောကြောင့်ပင်။
သူ မြင်ခဲ့သော အနာဂတ်တွင် မင်ယု၏ အလောင်းမှာ မြေပြင်ပေါ်၌ လဲကျနေပြီး သူမ၏ နောက်တွင် လုဝမ်က သွေးချင်းချင်းနီနေသော ဓားကို ကိုင်ကာ ရပ်နေခဲ့သည်။ မင်ယု၏ ကျောပြင်တွင်လည်း ဓားဒဏ်ရာကို အထင်အရှား မြင်ခဲ့ရ၏။ ဤသည်မှာ လုဝမ်က သူမကို သတ်ဖြတ်လိုက်ခြင်းပင် ဖြစ်သည်။
လုံချန်းသည် တုန်ရီနေသော လက်များဖြင့် ရှေ့သို့ တစ်လှမ်း တိုးလိုက်ရင်း မင်ယု၏ အခန်းအတွင်းသို့ ချက်ချင်း နေရာပြောင်းကာ ဝင်ရောက်သွားလေတော့သည်။