← Chapters

အခန်း (၁၀၁၃-၁၀၁၄)

Vol. 98 Ch. 1013-1014

အခန်း (၁၀၁၃-၁၀၁၄)

Vol. 98 Ch. 1013-1014

​အခန်း ၁၀၁၃ လူမိုက်

လုံချန်းသည် မင်ယု၏ အခန်းတံခါးကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အတိပြီးသော မျက်ဝန်းတို့ဖြင့် စိုက်ကြည့်နေမိ၏။ သူ မြင်ခဲ့ရသော နိမိတ်ဆိုးကြီးထက် နောက်မကျပါစေနှင့်ဟုလည်း တိတ်တခိုး ဆုတောင်းနေမိသည်။ ယခု သူ ရောက်ရှိနေသော အချိန်၊ နေရာနှင့် အနေအထားတို့မှာ သူ မြင်ခဲ့သော ရူပါရုံနှင့် တစ်ထပ်တည်း ကျနေသောကြောင့် ရင်ထဲဝယ် မအေးချမ်းနိုင်ဘဲ ရှိနေတော့သည်။

​သူသည် လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ကာ စိတ်စွမ်းအားကို စုစည်း၍ အခန်းတွင်းသို့ နေရာပြောင်းကာ ချက်ချင်း ဝင်ရောက်လိုက်လေသည်။

​အခန်းတွင်းသို့ ရောက်သည်နှင့် လုံချန်း၏ အကြည့်တို့သည် ယခင်က မင်ယု လဲကျနေခဲ့သော နေရာဆီသို့ ဝဲခနဲ ရောက်သွား၏။ ကံကောင်းထောက်မစွာပင် ထိုနေရာ၌ မည်သူမျှ ရှိမနေချေ။ မင်ယုသည် သူမ၏ ခုတင်ပေါ်တွင် အေးချမ်းစွာ အိပ်မောကျနေသည်ကို တွေ့လိုက်ရမှသာ လုံချန်း၏ ရင်ထဲမှ အလုံးကြီး ကျသွားတော့သည်။

​အိပ်ပျော်နေသော မင်ယု၏ မျက်နှာလေးကို ကြည့်ရင်း လုံချန်း၏ နှုတ်ခမ်းထောင့်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လွင်လာ၏။ သူ၏ ခြေလှမ်းတို့သည်လည်း သူမရှိရာ ခုတင်နားဆီသို့ အလိုလို လှမ်းတက်သွားမိသည်။ ခုတင်ပေါ်တွင် အသာအယာ ထိုင်လိုက်ရင်း သူ၏ လက်ကို ဆန့်ထုတ်ကာ သူမ၏ ပါးပြင်လေးကို ထိတွေ့လိုက်၏။

​ကလေးငယ်တစ်ဦး၏ ပါးပြင်ကဲ့သို့ နုနယ်လှသော သူမ၏ ပါးပြင်ကို ခပ်ဖွဖွ ပွတ်သပ်ရင်း လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

​"နင့်ကို တစ်ယောက်တည်း ထားခဲ့မိလို့ တောင်းပန်ပါတယ်ကွာ။ နင် ဘေးကင်းနေတာ မြင်ရတာ တကယ် ဝမ်းသာတယ်။ အမြဲတမ်း ဘေးကင်းပါစေနော်။"

​"နောက်ပြီး... ငါ တစ်ခုခု လုပ်ဖို့ ရှိတယ်၊ အဲဒါက နင် သိသွားရင် စိတ်မကောင်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ အဲဒါအတွက်လည်း ကြိုပြီး တောင်းပန်ထားပါရစေ"

​သူသည် ထိုသို့ ရေရွတ်ပြီးနောက် အခန်းပြင်သို့ ထွက်ရန် ပြင်လိုက်သော်လည်း နွေးထွေးသော လက်တစ်စုံက သူ၏လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်ကို ခံစားလိုက်ရသဖြင့် ခြေလှမ်းတို့ ရပ်တန့်သွားရသည်။

​သူ လှည့်ကြည့်လိုက်သောအခါ ဖြူစင်ရိုးသားသော မျက်ဝန်းအစုံဖြင့် သူ့ကို စိုက်ကြည့်နေသော မင်ယုကို တွေ့လိုက်ရလေသည်။

​"နိုးပြီလား..." လုံချန်းက သူ့လက်ကို ဆုပ်ကိုင်ထားသော မင်ယု၏ လက်ပေါ်သို့ သူ၏ အခြားလက်တစ်ဖက်ကို အုပ်မိုးလိုက်ရင်း မေးလိုက်၏။

​"ပြန်လာပြီပဲ... မလာတော့ဘူး ထင်နေတာ။ ဘာလို့ ငါ့ကို ထားခဲ့ရတာလဲ" မင်ယု၏ မျက်ဝန်းအစုံတွင် မျက်ရည်စများ ဝေ့သီလာလေသည်။

​လုံချန်းက သူမဘေးတွင် ပြန်ထိုင်လိုက်ရင်း ချော့လိုက်သည်။ "ငတုံးမလေး... ငါက ဘာလို့ ပြန်မလာဘဲ နေရမှာလဲ။ ငါ နင့်အတွက် ပြန်မလာဘူးလို့ တကယ် ထင်နေတာလား"

​"စောစောက ပြောသွားတာလေ... ငါ့ကို စိတ်မကောင်းဖြစ်အောင် ဘာတွေ လုပ်မှာမို့လို့လဲ" မင်ယုက လုံချန်းကို စူးစမ်းစွာ မေးမြန်းသည်။

​"ဟာ... နင်က တကယ် လည်တာပဲ။ အခုမှ နိုးတာ မဟုတ်ဘူးပေါ့လေ။ ငါ ဝင်လာကတည်းက နိုးနေတာ မဟုတ်လား" လုံချန်းက ခါးသီးစွာ ပြုံးရင်း မေးလိုက်၏။ ဤမိန်းကလေးမှာ ဟန်ဆောင်ကောင်းလွန်းလှသည်။

​မင်ယုက ခေါင်းညိတ်ပြသည်။ "အင်း... အခု ပြောဦး။ ဘာလုပ်မှာမို့လို့လဲ။ ဘာအတွက် တောင်းပန်တာလဲ" သူမက ဇွတ်အတင်း မေးတော့သည်။

​"နင့်ကို တမင်သက်သက် စိတ်မကောင်းအောင် မလုပ်ပါဘူးလို့ နင့်အမေကို ငါ ကတိပေးခဲ့ဖူးတယ်။ ဒါပေမဲ့ အခု ငါ တစ်ခုခု လုပ်ဖို့ လိုနေပြီ၊ အဲဒါက နင့်ကို စိတ်မကောင်း ဖြစ်စေမှာ သိတယ်။ ဒါပေမဲ့ ရပါတယ်။ နင့်ရဲ့ အသက်ကို ကယ်ဖို့အတွက်ဆိုရင်တော့ ဒီကတိက အကျုံးမဝင်ဘူးလို့ နင့်အမေကို ငါ ပြောထားပြီးသားပဲ" လုံချန်းက ရှင်းပြသည်။

​"ဘာလုပ်မှာမို့လို့လဲ"

​"နင့်အတွက် အန္တရာယ်ရှိတဲ့ လူဆိုးတစ်ယောက်ကို သတ်မလို့"

​"ဘယ်လူဆိုးလဲ။ လူဆိုးကို သတ်တာ ငါက ဘာလို့ စိတ်မကောင်း ဖြစ်ရမှာလဲ" မင်ယုမှာ ဝေခွဲမရ ဖြစ်သွားရ၏။ လူဆိုးကို သတ်သည်အား သူမက အဘယ်ကြောင့် ဝမ်းနည်းရမည်နည်း။

​"ဘာမှမဟုတ်ပါဘူး၊ သိပ်မစဉ်းစားနဲ့တော့" လုံချန်းက စကားလမ်းကြောင်း လွှဲလိုက်၏။ သူမ၏ အစ်ကိုအရင်းကို သူ သတ်ချင်နေသည်ဆိုသည့် အချက်အား သူမကို မပြောလိုချေ။

​"နင့်အမေ အခု ဘယ်လိုလဲ။ အခြေအနေ ကောင်းရင် ငါနဲ့ လိုက်ခဲ့တော့။ ဒီမှာ နေတာ တော်လောက်ပြီ" လုံချန်းက မေးလိုက်သည်။

​"မရသေးဘူး။ အမေ့ အခြေအနေက တိုးတက်လာသင့်နေပြီဆိုပေမဲ့ အခုထိ ဒီအတိုင်းပဲ ဖြစ်နေတုန်း။ သမားတော်တွေလည်း အတတ်နိုင်ဆုံး ကုနေကြတာပဲ။ သူ နေကောင်းမလာမချင်း ငါ ထားခဲ့လို့ မဖြစ်ဘူး" မင်ယုက ပြန်ဖြေသည်။

​"အခုထိ မသက်သာသေးဘူးလား"

​မင်ယုက သက်ပြင်းချရင်း ခေါင်းခါပြ၏။ အမေ့အခြေအနေမှာ အလွန်ဆိုးရွားနေသည်ကို သူမ သိသော်လည်း လုံချန်းအား စိတ်မပူစေရန်အတွက် လျှော့၍ ပြောနေခြင်း ဖြစ်သည်။

​"ဒီမှာပဲ နေပါဦးနော်။ ပြီးတော့ အဖေ့ကိုလည်း ခွင့်လွှတ်ပေးပါ။ ငါ အဖေ့ကို ထပ်ပြီး ပြောပေးပါမယ်။ နင် ဘာမှ မမှားဘူးဆိုတာ ငါ သိပါတယ်။ နင် အရင်တစ်ခါ ထွက်ပြေးသွားလို့ အဖေက စိတ်တိုနေတာပါ။ သွားပြီး တောင်းပန်လိုက်ရင် အဖေ ခွင့်လွှတ်မှာပါ" မင်ယုက တောင်းဆိုလိုက်လေသည်။

​"အေးပါ... ငါ သူ့ကို သွားတွေ့လိုက်မယ်။ နင် ပြောပေးဖို့ မလိုပါဘူး။ သူ ငါ့ကို နားလည်လာမှာပါ။ စိတ်မပူနဲ့" လုံချန်းက မတ်တပ်ရပ်လိုက်ရင်း ဆိုလိုက်သည်။ "ငါ အခုပဲ သွားတွေ့လိုက်မယ်"

​"တကယ်လား။ ငါ မပါဘဲ သွားရင် အဖေက နင့်ကို အများကြီး ဆူလိမ့်မယ်နော်"

​"ရပါတယ်။ ဆူတာလောက်ကတော့ ဘာမှ မဖြစ်ပါဘူး။ နင်ကတော့ ဒီမှာပဲ နေပြီး အိပ်လိုက်ဦး။ နင် အနားမယူရတာ ကြာပြီဆိုတာ ငါ မြင်နေရတယ်။ သူ့ကို သွားတွေ့ပြီးရင် ငါ ချက်ချင်း ပြန်လာခဲ့မယ်" လုံချန်းသည် ထိုသို့ ပြောပြီးနောက် အခန်းတွင်းမှ ပျောက်ကွယ်သွားတော့သည်။

​မင်ယုမှာမူ လုံချန်း၏ စစ်မှန်သော ရည်ရွယ်ချက်ကို လုံးဝ မသိရှိချေ။ လုံချန်းသည် သူမအဖေကို သွားတွေ့မည် မဟုတ်ဘဲ သူမ၏ အစ်ကိုဖြစ်သူ လုဝမ်အား သတ်ရန် ရှာဖွေတော့မည် ဖြစ်ကြောင်း သူမ အိပ်မက်ပင် မက်ဖူးလိမ့်မည် မဟုတ်ပေ။

​လုံချန်းသည် နန်းတော်၏ ရှည်လျားလှသော စင်္ကြံလမ်းအတိုင်း လျှောက်လာခဲ့၏။ လုဝမ်၏ အခန်းက မည်သည့် နေရာတွင် ရှိကြောင်း သူ မသိချေ။ သူ နန်းတော်ထဲတွင် နေခဲ့သည်မှာ နှစ်ရက်သာ ရှိသေးပြီး လုဝမ်၏ အခန်းဆီသို့လည်း တစ်ခါမျှ မသွားဖူးခဲ့ပေ။ သူ သိထားသည်မှာ ၎င်းအခန်းသည် နန်းတော်၏ အရှေ့ဘက်ခြမ်းတွင် ရှိသည်ဆိုသည့် အချက်သာ ဖြစ်သည်။

​"စစ်သားတွေကိုပဲ မေးမှ ဖြစ်မယ်။ ဒါပေမဲ့ သူတို့က ငါ့ကို မြင်တာနဲ့ တိုက်ခိုက်ကြမှာပဲ။ ငါလည်း နည်းနည်းတော့ လက်ပါရတော့မှာပေါ့" လုံချန်းက စင်္ကြံလမ်းထောင့်သို့ အရောက်တွင် တိုးတိုးလေး ရေရွတ်လိုက်သည်။

​ထိုလမ်းထောင့်ကို ကျော်လိုက်သည်နှင့် စစ်သည်အုပ်စုကြီးနှင့် တိုးမည်အား သူ သိသော်လည်း နောက်မဆုတ်ဘဲ အသင့်ပြင်ထား၏။ ပုန်းလျှိုးကွယ်လျှိုး လုပ်နေရန် အချိန်မရှိတော့ချေ။

​လုဝမ်၏ အခန်းကို တိတ်တဆိတ် စုံစမ်းပြီး သတ်ပစ်၍ ရနိုင်သော်လည်း ၎င်းမှာ အကျိုးမရှိလှပေ။ စစ်သည်များက သူ နန်းတော်ထဲ ဝင်လာသည်ကို မြင်ပြီးသား ဖြစ်ရာ လုဝမ် သေသွားခဲ့လျှင် လုံချန်းလက်ချက်ဆိုသည်အား လူတိုင်း သိကြမည်သာ ဖြစ်၏။ ထို့အပြင် ဧကရာဇ်သည်လည်း သူ၏ နေရာပြောင်းခြင်းနှင့် ကိုယ်ဖျောက်ခြင်းတို့ကို သိရှိပြီး ဖြစ်သည်။

​ပုန်းနေခြင်းက အချိန်သာ ပိုကုန်မည်ဖြစ်သဖြင့် သူသည် ပေါ်တင်ပင် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်၏။

​သူသည် စင်္ကြံလမ်းအဆုံးတွင် ဘယ်ဘက်သို့ ကွေ့လိုက်သည်။ သူ မျှော်လင့်ထားသည့် အတိုင်းပင် ထိုနေရာ၌ စစ်သည်များ ပြည့်နှက်နေသော လမ်းမကြီးသို့ ရောက်သွားတော့သည်။

​စစ်သည်အားလုံးက လုံချန်းကို သတိပြုမိသွားကြ၏။ ခဏတာမျှတော့ သူတို့ ဝေခွဲမရ ဖြစ်သွားကြသည်။ လုံချန်းမှာ မင်းသမီး၏ ခင်ပွန်းဖြစ်နေသော်လည်း တစ်ဖက်တွင်လည်း ဖမ်းဝရမ်းထုတ်ခံထားရသော ရာဇဝတ်သားဖြစ်နေသည်ကို သတိရသွားကြသောကြောင့် ဖြစ်၏။

​"ရပ်လိုက်စ..."

​လုံချန်းနှင့် အနီးဆုံးရှိ စစ်သည်က သတိပေးရန် နှုတ်ခမ်းဟလိုက်ရင်း ဓားရိုးကို လှမ်းကိုင်လိုက်သည်။ သို့သော် လုံချန်း၏ အရှိန်အဝါမှာ လျှပ်စီးပမာ မြန်ဆန်လှပေသည်။ ထိုစစ်သည်၏ လက်က ဓားရိုးပေါ်သို့ မရောက်မီမှာပင် လုံချန်း၏ အေးစက်လှသော လက်ဝါးက ထိုသူ၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီး မြေပြင်ပေါ်သို့ ဆောင့်ချလိုက်လေတော့သည်။

​ထိုသူ၏ ခန္ဓာကိုယ်နှင့် မြေပြင်ရိုက်ခတ်သံသည် ဟိန်းခနဲ ထွက်ပေါ်လာပြီး ကြမ်းပြင်ပေါ်တွင် အက်ကြောင်းများပင် ပေါ်ထွက်သွားလေတော့သည်။

​အခန်း ၁၀၁၄ မာန်မာန

လုံချန်းသည် လက်ရဲဇတ်ရဲရှိလှသော မာန်ဟုန်ဖြင့် လူတစ်ယောက်ကို မြေပြင်ပေါ်သို့ မိုးကြိုးပမာ ဆောင့်ချလိုက်ပြီးနောက် ၎င်း၏ရှေ့တွင် မားမားမတ်မတ် ရပ်တည်လိုက်၏။

​နန်းစောင့်စစ်သည် အားလုံးမှာ သူတို့၏ လက်နက်များကို အသီးသီး ထုတ်ယူလိုက်ကြသည်။

​"ရပ်စမ်း" သူတို့က ဟိန်းဟောက် အော်ဟစ်ကြလေသည်။

​"ဟင့်အင်း... မင်းတို့ပဲ ရပ်သင့်တာ။ ဒီကောင့်ကို အခုချက်ချင်း အသက်ထွက်သွားတာ မမြင်ချင်ရင်ပေါ့" လုံချန်းက အရေးမစိုက်သလို ပြန်ပြောလိုက်ရင်း ထိုလူ၏ လည်ပင်းကို လက်ဖြင့် တင်းတင်းဆုပ်ညှစ်လိုက်၏။

​စစ်သည်များမှာ မိမိတို့၏ သူငယ်ချင်းဖြစ်သူ အသက်ရှူရခက်ခဲကာ ရုန်းကန်နေသည်ကို မြင်တွေ့နေရသဖြင့် အကျပ်ရိုက်သွားကြတော့သည်။

​"မင်း ဘာလို့ ဒါမျိုးတွေ လုပ်နေရတာလဲ" စစ်သည်တစ်ဦးက မေးလိုက်၏။ "ဒါမျိုး လုပ်လို့ မင်း ဘာရမှာလဲ"

​"ငါ ဘာလို့ လုပ်လဲဆိုတာ မင်းတို့နဲ့ မဆိုင်ဘူး။ ငါ အခု လိုချင်တာက ဒီနန်းတော်ထဲကနေ လွတ်လွတ်လပ်လပ် ထွက်သွားဖို့ပဲ" လုံချန်းက စစ်သည်များကို ဗြောင်လိမ်လိုက်သည်။ "ဒါကြောင့် ငါ့နောက်ကို လိုက်မလာကြနဲ့။ မဟုတ်ရင် ဒီကောင့်ကို ငါ သတ်ပစ်ရလိမ့်မယ်။ နန်းတော်ပြင်ပ ရောက်တာနဲ့ သူ့ကို ငါ ပြန်လွှတ်ပေးမယ်"

​မျက်နှာသေလေးဖြင့် လိမ်ညာပြောဆိုပြီးနောက် လုံချန်းသည် ထိုလူ၏ လည်ပင်းကို ဆွဲကာ နောက်ပြန်ဆုတ်သွား၏။ စစ်သည်များမှာလည်း သတိကြီးစွာဖြင့် သူ့နောက်မှ ကပ်လိုက်လာကြသည်။

​လမ်းဆုံတစ်နေရာသို့ အရောက်တွင် လုံချန်းသည် ကွေ့ဝင်သွားပြီး သူတို့၏ အမြင်အာရုံမှ ပျောက်ကွယ်သွားတော့သည်။ စစ်သည်များမှာ အရှိန်မြှင့်ကာ ထိုနေရာသို့ ပြေးသွားသော်လည်း ဟာလာဟင်းလင်းဖြစ်နေသော စင်္ကြံလမ်းကြီးကိုသာ တွေ့လိုက်ရ၏။ လုံချန်းမှာ ထိုနေရာ၌ မရှိတော့ချေ။

​"သူ ဒီလောက်တောင် မြန်မြန် ပြေးသွားတာလား" စစ်သည်တစ်ဦးက အံ့သြတကြီး မေးလိုက်သည်။

​"မဟုတ်ဘူး၊ သူ ဒီအခန်းတွေထဲက တစ်ခန်းခန်းထဲမှာ ပုန်းနေတာ ဖြစ်ရမယ်။ သူ ဒီလောက် မမြန်နိုင်ဘူး။ ဒီနားမှာတင် ပုန်းနေတာ သေချာတယ်" နောက်တစ်ဦးက အကြံပြုလိုက်၏။

​"မင်း သွားပြီး တခြားလူတွေနဲ့ အရှင်မင်းကြီးကို အကြောင်းကြားလိုက်။ ငါတို့ ဒီနားမှာ စောင့်ကြည့်ထားမယ်"

​အစီအစဉ်အတိုင်းပင် လူတစ်ဦးက ဧကရာဇ်မင်း၏ အဆောင်ဆီသို့ ပြေးသွားပြီး ကျန်ရှိသော လူအချို့က အခန်းများကို တစ်ခန်းပြီးတစ်ခန်း စတင်စစ်ဆေးကြတော့သည်။

​စတုတ္ထမြောက် အခန်းတံခါးကို ဖွင့်လိုက်သောအခါတွင်မူ မြေပြင်ပေါ်၌ သတိလစ်ကာ လဲကျနေသော စစ်သည်တစ်ဦးကို တွေ့လိုက်ရ၏။ ထိုသူမှာ အခြားသူမဟုတ်၊ လုံချန်း ဖမ်းဆီးသွားသော စစ်သည်ပင် ဖြစ်သည်။

​သို့သော် လုံချန်းကိုမူ ထိုအခန်းအတွင်း၌ အရိပ်အယောင်မျှပင် မတွေ့ရတော့ချေ။ စစ်သည်များမှာ ထိုသူ သေသွားပြီလားဟု စိုးရိမ်တကြီးဖြင့် ပြေးကြည့်ကြ၏။

​"စိတ်အေးအေးထားပါ၊ သူ သတိလစ်နေတာပဲ ရှိသေးတယ်" စစ်ဆေးကြည့်သူက ဆိုလိုက်မှ အားလုံး သက်ပြင်းချနိုင်တော့သည်။

​"ထူးဆန်းလိုက်တာ။ အဲဒီကောင်က ဘယ်လိုလုပ်ပြီး ဒီလူကို ဒီထဲအထိ သယ်လာပြီး အချိန်တိုအတွင်းမှာ လစ်ထွက်သွားနိုင်ရတာလဲ"

​လုံချန်း မည်သည့်နေရာ ရောက်သွားသနည်း ဆိုသည်ကို စူးစမ်းရင်း စစ်သည်များမှာ သူတို့၏ ရှာဖွေမှုအား ဆက်လက် ပြုလုပ်ကြပြန်သည်။

​စစ်သည်များ လိုက်လံရှာဖွေနေစဉ်မှာပင် လုံချန်းမှာမူ လုဝမ်၏ အဆောင်ဆီသို့ အေးအေးဆေးဆေး လျှောက်လှမ်းနေ၏။ သူသည် ဖမ်းဆီးခဲ့သော စစ်သည်ထံမှ လုဝမ်၏ အခန်းတည်နေရာကို မေးမြန်းထားပြီး ဖြစ်သည်။ ယခု သူ လုပ်ရမည်က ထိုနေရာကို ရောက်အောင် သွားဖို့သာ ဖြစ်သည်။

​သူသည် ဤနေရာသို့ တစ်ခါမျှ မရောက်ဖူးသဖြင့် နေရာပြောင်းရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် လမ်းတွင် တွေ့သမျှ အတားအဆီးမှန်သမျှကို တည့်တည့်တိုးကာ ရင်ဆိုင်ကျော်ဖြတ်သွားလေသည်။

​စင်္ကြံလမ်းတစ်လျှောက်တွင် ရှိနေသော စစ်သည်များကို သူသည် တစ်ကိုယ်တော် တိုက်ခိုက်လာခဲ့ရာ သူ့နောက်ကွယ်တွင် မြေပြင်ပေါ်၌ ခွေယိုင်လဲကျနေသော လူများသာ ကျန်ရစ်ခဲ့တော့သည်။ မည်သူတစ်ဦးတစ်ယောက်မျှ လုံချန်း၏ အရှိန်နှင့် အစွမ်းကို မယှဉ်နိုင်ကြချေ။

​လုံချန်း၏ ထူးခြားလှသော စွမ်းရည်များမှာ စစ်သည်များအတွက် ကြောက်မက်ဖွယ်ရာ အိပ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့သည်။ အဘယ်ကြောင့်မှန်း မည်သို့မှန်း မသိလိုက်ခင်မှာပင် လုံချန်းမှာ သူတို့ရှေ့သို့ ရောက်ရှိနေပြီး တိုက်ခိုက်ပြီးသား ဖြစ်နေတော့သည်။

​မကြာမီမှာပင် လုံချန်းသည် လုဝမ်၏ အခန်းရှေ့သို့ ရောက်ရှိလာ၏။ မင်ယုကို သတ်ရန် ဓားမိုးဝံ့သော ထိုလူမိုက်အား အပိုင်းပိုင်း ပိုင်းပစ်ရန် သူ အသင့်ပြင်လိုက်သည်။

သူသည် ​လှပသော်လည်း ကြောက်မက်ဖွယ် ကောင်းလှသော ဘုရင်ဓားကို လက်တွင် တင်းတင်းဆုပ်ကိုင်ရင်း ဘယ်ဘက်လက်ဖြင့် တံခါးအား ခေါက်လိုက်၏။

​လုဝမ်အနေဖြင့် သူ၏ အသက်အန္တရာယ် နီးကပ်နေသည်ကိုလည်းကောင်း လုံချန်း ရောက်နေသည်ကိုလည်းကောင်း မသိနိုင်သဖြင့် တံခါးကို အလွယ်တကူ ဖွင့်ပေးလိမ့်မည်ဟု လုံချန်းက မျှော်လင့်ထားသည်။ သို့သော် အကြိမ်ကြိမ် ခေါက်သော်လည်း တံခါးမှာ ပွင့်မလာချေ။

​အချိန်ဆွဲနေရန် မဖြစ်နိုင်တော့သဖြင့် လုံချန်းသည် အင်အားသုံးရန် ဆုံးဖြတ်လိုက်၏။

​သူသည် အနောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး ဓားကို လက်နှစ်ဖက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်လိုက်သည်။

​"သူတော်စင်ဓား ခုနစ်သွယ်..."

​သူသည် သူ၏ ချီစွမ်းအင်များကို လက်ဆီသို့ စုစည်းလိုက်ပြီး ဓားအား လွှဲကာ ခုတ်ချလိုက်လေသည်။ ပြင်းထန်လှသော အလင်းတန်း တစ်တန်းသည် ဓားမှ ထွက်ပေါ်သွားပြီး တံခါးမကြီးကို အပိုင်းပိုင်းအစစ ဖြစ်အောင် ရိုက်ခွဲပစ်လိုက်တော့သည်။

​တံခါး ပျက်စီးသွားသည်နှင့် လုံချန်းသည် အခန်းတွင်းသို့ သွေးစွန်းရန် အသင့်ဖြစ်နေသော ခြေလှမ်းများဖြင့် ကျူးကျော် ဝင်ရောက်လိုက်၏။

​"ဘာလဲဟ..."

​အခန်းထဲသို့ ရောက်သောအခါ ဟာလာဟင်းလင်း ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူ အံ့အားသင့်သွားရသည်။ ရေချိုးခန်းထဲအထိ ဝင်ရှာသော်လည်း လုဝမ်ကို မတွေ့ရချေ။

​"ဒီကောင် ဘယ်တွေ သွားတာလဲ"

​လုံချန်းသည် မျက်မှောင်ကြုတ်လျက် အခန်းပြင်သို့ ပြန်ထွက်လာသောအခါ စင်္ကြံလမ်းမကြီးမှာ လူသူကင်းမဲ့မနေတော့ချေ။

​စင်္ကြံလမ်း၏ တစ်ဖက်တစ်ချက်တွင် စစ်သည်များက ပိတ်ဆို့ထားကြ၏။ အပြင်ဘက်မှ ဝင်လာသော နန်းစောင့်တပ်များနှင့် အတွင်းရှိ စစ်သည်များက သူ့ကို ဝိုင်းထားကြခြင်း ဖြစ်သည်။ သို့သော် ၎င်းမှာ လုံချန်းအတွက် ပြဿနာမဟုတ်ချေ။ သူ့ကို အမှန်တကယ် မျက်မှောင်ကြုတ်သွားစေသည့် အရာမှာ အခြားတစ်ယောက် ဖြစ်နေသည်။

​ထိုသူမှာ အခြားသူမဟုတ်၊ ဧကရာဇ် လုကျွင်းဝေ ကိုယ်တိုင်ပင် ဖြစ်၏။

​"ငါ မင်းကို တကယ် စိတ်ပျက်တယ်" လုကျွင်းဝေက ဆိုလိုက်သည်။ သူ၏ မျက်နှာတွင် စိတ်ပျက်မှုများက အထင်အရှား ပေါ်လွင်နေ၏။

​"ခင်ဗျားက ကျွန်တော့်ကို စိတ်ပျက်တာထက် ခင်ဗျားရဲ့ သားကိုပဲ ပိုပြီး စိတ်ပျက်သင့်တာပါဗျာ" လုံချန်းက မခန့်ညားသလို ပြန်ပြောလိုက်သည်။

​"ငါ ဘာလို့ စိတ်ပျက်ရမှာလဲ။ ငါ မင်းကို ယုံခဲ့တယ်။ အမတ်တွေက မင်းမှာ အပြစ်ရှိတယ်လို့ ပြောနေရင်တောင် မင်းဘက်က အမှားကို ဝန်ခံရင် ငါက ပေါ့ပေါ့ပါးပါးပဲ အပြစ်ပေးဖို့ ကြံရွယ်ထားတာ။ ဒါပေမဲ့ မင်းက အဲဒီအတွက်နဲ့ မင်ယုကို ထားခဲ့ပြီး ထွက်ပြေးသွားတယ်။ သူ့ကို စိတ်မကောင်း မဖြစ်စေရဘူးလို့ ကတိပေးထားပြီး နောက်ရက်မှာတင် ကတိကို မင်း တမင်ဖျက်လိုက်တယ်။ ငါက မင်းကလွဲပြီး ဘယ်သူ့ကို စိတ်ပျက်ရဦးမှာလဲ"

​"ကျွန်တော် မလုပ်တဲ့ အပြစ်အတွက် လိမ်ညာစွပ်စွဲခံရတာကို ငြိမ်ခံပြီး အပြစ်ပေးခံရမှာလား။ ဒါက ပေါ့ပေါ့ပါးပါး အပြစ်ပေးခံရဖို့ ကိစ္စမဟုတ်ဘူး၊ ကျွန်တော့်ရဲ့ သိက္ခာနဲ့ မာနကိစ္စဗျ။ ကျွန်တော် မလုပ်တဲ့အပြစ်အတွက် ခေါင်းငုံ့ခံစရာ အကြောင်းမရှိဘူး။ ခင်ဗျားက လက်ခံနိုင်တယ်ဆိုရင်တောင် အဲဒါ ခင်ဗျားကိုယ် ခင်ဗျား လိမ်နေတာပဲ"

​"ဟင်း... ထားလိုက်ပါတော့။ မင်းကတော့ မင်းကိုယ်မင်း အမှန်လို့ပဲ ထင်နေမှာပဲ။ ငါ ဘယ်လိုပြောပြော မင်းရဲ့ အမှားကို မြင်မှာ မဟုတ်ဘူး။ မင်းကတော့ မင်းအမှားနဲ့ မင်း ကန်းနေတာပဲ" ဧကရာဇ်က သက်ပြင်းချပြန်သည်။

​"ဒါတွေ ထားလိုက်ပါဦး။ မင်း ဒီကို ဘာလာလုပ်တာလဲ။ ဒီလောက် ဒေါသတကြီးနဲ့ ငါ့သားရဲ့ အဆောင်တံခါးကို ဖျက်ဆီးပြီး ဘာတွေ ကြံစည်နေတာလဲ"

​"အဖြေကို သိပြီးသားကြီးကို ဘာလို့ မေးနေတာလဲ ဦးလေးရာ" လုံချန်းက ခပ်ရိုးရိုးပင် ပြန်မေးလိုက်၏။

​"မင်း ပါးစပ်ကနေပဲ ကြားချင်လို့ပါ။ ကဲ... ပြောစမ်း။ မင်း ငါ့သားကို သတ်ဖို့ လာတာလား။ မင်ယုရဲ့ အစ်ကိုကို သတ်ဖို့ ဒီကို ရောက်နေတာလား" ဧကရာဇ်၏ အသံမှာ ပြောရင်းပြောရင်းနှင့် ပိုမို ကျယ်လောင်လာလေသည်။

​"ဟုတ်တယ်။ ကျွန်တော် ခင်ဗျားသားကို သတ်ဖို့ လာတာ။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူ့ကို သတ်မှာပဲ။ ခင်ဗျား ကျွန်တော့်ကို တားလို့ မရဘူး။ ခင်ဗျားတင်မကဘူး... နတ်ဘုရားတွေပဲလာလာ၊ မိစ္ဆာတွေပဲတားတား ဘယ်သူမှ ကျွန်တော့်ကို တားနိုင်မှာ မဟုတ်ဘူး" လုံချန်းသည် ဓားကို မြှောက်ကာ ဧကရာဇ်မင်း၏ ဘက်သို့ ချိန်ရွယ်ရင်း မာန်ပါပါ ပြောလိုက်လေတော့သည်။

All Chapters