← Chapters

အခန်း (၁၀၁၅-၁၀၁၆)

Vol. 98 Ch. 1015-1016

အခန်း (၁၀၁၅-၁၀၁၆)

Vol. 98 Ch. 1015-1016

အခန်း ၁၀၁၅ အပြစ်ဖို့ခြင်း

"အရင်ကတော့ ငါ သံသယရှိခဲ့သေးတယ်။ တစ်ယောက်ယောက်က မင်းကို အကွက်ဆင်ပြီး ချောက်တွန်းတာလား၊ ဒါမှမဟုတ် တခြားနိုင်ငံက ရန်သူတွေရဲ့ လက်ချက်လားလို့ပေါ့။ ဒါပေမဲ့ အခုတော့ ငါ မှားသွားပြီဆိုတာ သိလိုက်ရပြီ။ မင်းက ဝမ်အာကို သတ်ဖို့ ဒီကို ရောက်လာတာကို ကြည့်ရင် မင်းရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်တွေကို သူက ဖော်ကောင်လုပ်လိုက်လို့ မင်း ဒေါသထွက်နေတာ သိသာနေတာပဲ။ မင်းက တကယ့်ကို ယုတ်မာတဲ့ တိရစ္ဆာန်တစ်ကောင်ပဲ မဟုတ်လား" ဧကရာဇ်မင်းက လုံချန်းကို ကြည့်ကာ ပြင်းပြင်းထန်ထန် စွပ်စွဲလိုက်လေသည်။

​"ခင်ဗျားရဲ့ အဲဒီ အပြစ်ကင်းစင်လှပါတယ်ဆိုတဲ့ သားတော်က ဒီဇာတ်လမ်းတွေကို လုပ်ကြံဖန်တီးထားတာ။ ဒါကို ကျွန်တော် သေချာပေါက် ပြောရဲတယ်။ ဒါပေမဲ့ ဒါတွေကို ကျွန်တော် ဂရုမစိုက်ဘူး။ ငတုံးတစ်ယောက်က ကျွန်တော့်ကို အကွက်ဆင်တာလောက်ကို အချိန်ကုန်ခံပြီး စိတ်မဝင်စားနိုင်ဘူး။ အဲဒီအတွက်နဲ့ သူ့ကို သတ်ရမှာက ကျွန်တော့်အတွက် အချိန်ဖြုန်းတာပဲ ဖြစ်လိမ့်မယ်။ အခု ကျွန်တော် သူ့ကို သတ်ဖို့ လာတာက သူ လုပ်တော့မယ့် ကိစ္စတစ်ခုကြောင့်ပဲ" လုံချန်းက အေးစက်စွာ တုံ့ပြန်လိုက်၏။ "ခင်ဗျားဘာသာ ဘာပဲ ထင်ထင် ကျွန်တော် ဂရုမစိုက်ဘူး"

​"ဒါဆို သူက ဘာလုပ်မှာမို့လို့လဲ" ဧကရာဇ်က မေးလိုက်သည်။

​"သူ မင်ယုကို သတ်လိမ့်မယ်။ ခင်ဗျားရဲ့ တစ်နိုင်ငံလုံးနဲ့ ရင်ဆိုင်ရရင်တောင်မှ သူ့ကို ကျွန်တော် အပြတ်ရှင်းမှာပဲ" လုံချန်း၏ အသံမှာ ပိုမို လေးနက် တည်ကြည်လာလေသည်။

​"သူက မင်ယုကို သတ်မယ် ဟုတ်လား" ဧကရာဇ်သည် လုံချန်း၏ စကားကို ဆုံးအောင်ပင် မစောင့်ဘဲ ဗြုန်းခနဲ ရယ်မောလိုက်တော့သည်။ "ဟားဟားဟား..."

​"မင်းရဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ဖို့ ဒီထက်ကောင်းတဲ့ ဆင်ခြေ မရှိတော့ဘူးလား။ သူက မင်ယုကို သတ်မယ်တဲ့လား။ ဟားဟား... မင်းက တကယ့် ကလေးပဲ။ ငါ့သားအကြောင်းကို ငါ့ထက် ပိုသိတဲ့လူ ရှိဦးမလားကွ"

​"မင်း ပေးတဲ့ ဆင်ခြေက တကယ့်ကို အညံ့စားပဲ။ သူ မင်းကို အကွက်ဆင်တယ် ဆိုတာကိုတောင် ငါ ယုံချင်ယုံဦးမယ်၊ ဒါပေမဲ့ သူ့ညီမအရင်းကို သတ်မယ်ဆိုတာကတော့... မင်း ပြောတဲ့ စကားတွေ အားလုံးက အခုတော့ အဓိပ္ပာယ် မရှိတော့ဘူး" ဧကရာဇ်က ဆိုလိုက်သည်။

​"ခင်ဗျား ယုံမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောပြီးပြီလေ... ခင်ဗျား ဘာထင်ထင် ကျွန်တော့်ကိစ္စ မဟုတ်ဘူး။ ဒီကမ္ဘာမှာ အမှန်တရားက တစ်ခုပဲ ရှိတယ်။ အဲဒါကတော့ ကျွန်တော့်လူကို ထိခိုက်အောင် လုပ်မယ့် လက်မှန်သမျှကို ကျွန်တော် အပိုင်းပိုင်း ဖြတ်ပစ်မယ် ဆိုတာပဲ။ အခု အဲဒီလက်က ခင်ဗျားသား ဖြစ်နေတယ်။ အဲဒီအတွက် သူ ခံစားရမှာပဲ" လုံချန်းက ပြတ်သားစွာ ပြန်ပြောလိုက်၏။

​"သူ ဘယ်မှာလဲ ပြောစမ်း"

​"သူ ဘယ်မှာလဲ ဟုတ်လား။ အဲဒါ မင်း သိစရာ မလိုဘူး။ သူ ဘယ်မှာပဲ ရှိရှိ မင်းကတော့ သူ့ဆီကို ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မင်း ငါ့ကို ကျော်ဖြတ်နိုင်မှာ မဟုတ်လို့ပဲ" ဧကရာဇ်သည်လည်း သူ၏ ဓားကို ထုတ်ယူလိုက်လေသည်။

​"စိတ်မပူပါနဲ့။ မင်းကို ငါ မသတ်ဘူး။ မင်း ဘယ်လောက်ပဲ ဆိုးဆိုး မင်ယုက မင်းကို ချစ်နေသေးတာပဲ။ မင်းကို သတ်ပြီး သူ့ကို ငါ စိတ်မဆင်းရဲစေချင်ဘူး။ မင်းကို ထာဝရ အကျဉ်းချထားရုံပဲ လုပ်မှာပါ" ထိုသို့ ဆိုကာ လုံချန်းထံသို့ တစ်လှမ်းချင်း လျှောက်လာလေသည်။

​"ခင်ဗျား လုပ်နိုင်မယ် ထင်လို့လား" လုံချန်းက နှာခေါင်းရှုံ့လိုက်၏။ "ခင်ဗျားနဲ့ ကစားပေးချင်ပေမဲ့ ကျွန်တော့်မှာ အချိန်မရှိဘူး။ ခင်ဗျားသားကို ရှာဖို့ လိုသေးတယ်"

​​"ဘာ"

​လုံချန်း၏ မျက်နှာတွင် ရုတ်တရက် မျက်မှောင်ကြုတ်မှုတစ်ခု ပေါ်လာသည်။ တစ်ခုခု မှားနေချေပြီ။ သူ မည်သို့မျှ နားမလည်နိုင် ဖြစ်နေ၏။ မည်သည်များ ဖြစ်နေသနည်း။

​သူ မည်မျှပင် ကြိုးစားစေကာမူ သူ၏ နေရာပြောင်းခြင်းမှာ အလုပ်မလုပ်တော့ချေ။

​"ဘာဖြစ်လို့လဲ... ပြေးလို့ မရတော့ဘူးလား" ဧကရာဇ်က လုံချန်းကို လှောင်ပြောင်လိုက်သည်။ "အရင်တစ်ခါ မင်း နေရာပြောင်းပြီး ပြေးသွားတာကို မြင်ပြီးကတည်းက မင်းကို တားဖို့ နည်းလမ်း ငါ မစဉ်းစားထားဘူးလို့ မင်း ထင်နေတာလား"

​ဧကရာဇ်က လက်ဖျောက်တစ်ချက် တီးလိုက်ရာ စစ်သည်များ ဘေးသို့ ဖယ်ပေးလိုက်ကြပြီး အဝေးတစ်နေရာတွင် ထူးဆန်းသော အစီအရင် တစ်ခုကို ကိုင်ထားသော လူတစ်ဦးအား တွေ့လိုက်ရ၏။ ထိုအစီအရင်မှ ထူးဆန်းသော အလင်းတန်းများ ထွက်ပေါ်နေလေသည်။

​"ဝန်ခံရရင်တော့ မင်းဆီမှာ ဒုတိယမြောက် နိယာမ ရှိနေတာကို ငါ တကယ် အံ့သြမိတယ်။ အရင်က တိုက်ခိုက်တုန်းကတော့ မင်းဆီမှာ ပုံရိပ်ယောင် နိယာမပဲ ရှိတယ် ထင်နေတာ။ မင်ယုရဲ့ အခန်းထဲကို ဘယ်သူမှ မမြင်အောင် ဝင်သွားတာကလည်း အဲဒါကြောင့်ပဲလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ငါ သိသွားပြီ... အဲဒီညက မင်း ဟင်းလင်းပြင် နိယာမကို သုံးပြီး သူ့ အခန်းထဲကို ရောက်သွားခဲ့တာပဲ" ဧကရာဇ်၏ စကားကြောင့် လုံချန်း သူ မှားသွားမှန်း သိလိုက်ရသည်။

​လုံချန်းသည် ဧကရာဇ်က သူ ယခင်က အခန်းထဲမှ ခိုးထွက်စဉ်တွင် နေရာပြောင်းခြင်းကို သိနေသည်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အမှန်စင်စစ် ဧကရာဇ်က လုံချန်း နောက်ဆုံးအကြိမ် ထွက်ပြေးသွားစဉ်ကမှ သိခဲ့ခြင်း ဖြစ်၏။

​"အရင်က ငါတို့ဆီမှာ ဒီနိယာမကို တတ်တဲ့ လူတစ်ယောက် ရှိဖူးတယ်။ ဒါပေမဲ့ သူ့ရဲ့ ကျွမ်းကျင်မှုကတော့ နည်းနည်း အားနည်းတာပေါ့။ ဒါပေမဲ့ သူက တကယ်ကို တော်တဲ့လူ။ ဒီနိယာမကို သုံးပြီး ဒီတိုက်ကြီးရဲ့ အတော်ဆုံး သူခိုး ဖြစ်ခဲ့တာ။ တခြား ဧကရာဇ်တွေရဲ့ ရတနာတွေကိုတောင် ခိုးယူနိုင်ခဲ့လို့ သူတို့တွေ တော်တော် ဒေါသထွက်ခဲ့ကြသေးတယ်။ အဲဒီတုန်းက ငါတို့က ဒီနေရာပြောင်း ပိတ်ဆို့ခြင်း အစီအရင်ကို တီထွင်ခဲ့တာ။ ငါတို့ရဲ့ ဘဏ္ဍာတိုက်ထဲကို သူ ခိုးမဝင်နိုင်အောင်လို့ပေါ့" ဧကရာဇ်က ပြုံးလျက် ဆိုသည်။

​"ကံမကောင်းစွာနဲ့ပဲ အဲဒီလူက တခြားနိုင်ငံမှာ အဖမ်းခံရပြီး အသတ်ခံလိုက်ရတယ်။ ဒီအစီအရင်က ဘယ်တုန်းကမှ အသုံးမဝင်ခဲ့ဘူး။ ဒါပေမဲ့ မင်းဆီမှာ ဒီစွမ်းရည် ရှိနေတာ မြင်တော့ ငါတို့ ဘာလုပ်ရမလဲဆိုတာ ချက်ချင်း သိလိုက်တာပေါ့။ အစကတည်းက ကြိုသိရင် အရင်တစ်ခါကတည်းက မင်းကို ထွက်ပြေးခွင့် ပေးမှာ မဟုတ်ဘူး" သူက ထပ်လောင်း ပြောကြားလိုက်လေသည်။

​"ဒါဆို ခင်ဗျားက ကျွန်တော့်ကို ထွက်ပြေးလို့မရအောင် ပိတ်ပင်လိုက်တာပေါ့... အဲဒါက ကျွန်တော့်ကို ကြောက်သွားစေမယ်လို့ ထင်နေတာလား" လုံချန်းက ပျင်းရိပျင်းတွဲပင် မေးလိုက်၏။

​သူ၏ အပြင်ပန်းမှာ တည်ငြိမ်နေသော်လည်း အတွင်းစိတ်တွင်မူ ဤသည်မှာ ပြဿနာတက်နိုင်ကြောင်း သူ သဘောပေါက်လိုက်သည်။ သူသည် ကောင်းကင်ဘုံ အဆင့်သာ ရှိသေးသော်လည်း ဟင်းလင်းပြင် နိယာမကို သုံးမရဘဲ သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦးကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။

​"မင်း ကြောက်သင့်တာပေါ့။ ငါတို့ လေ့ကျင့်တုန်းက တိုက်ပွဲလိုမျိုး ဖြစ်လာမယ်လို့ မထင်နဲ့။ အဲဒီတုန်းက ငါတို့က ကျင့်ကြံခြင်း အဆင့်ချင်း တူနေလို့။ ဒါပေမဲ့ အခုတော့ မင်းက ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို ယှဉ်ဖို့ ဝေးသေးတယ်" လုကျွင်းဝေက ဆိုလိုက်၏။

​"နောက်ပြီး... နောက်ထပ် လျှို့ဝှက်ချက်တစ်ခု သိချင်သေးလား။ အဲဒီတိုက်ပွဲတုန်းက ငါ မင်းကို တမင် သက်သက် အလျှော့ပေးခဲ့တာ။ မင်းရဲ့ မာနကို မထိခိုက်စေချင်လို့ပါ။ မဟုတ်ရင် မင်းကို ငါ ချက်ချင်း အနိုင်ယူလိုက်လို့ ရပါတယ်"

​"ဪ... ဟုတ်လား" ဧကရာဇ်၏ စကားကို ကြားလိုက်ရသောအခါ လုံချန်း ရယ်ချင်သွားရ၏။

​"အမှန်အတိုင်း ပြောရရင် ကျွန်တော် သိပါတယ်။ ခင်ဗျား အစွမ်းကုန် မတိုက်ခဲ့ဘူးဆိုတာ။ ဒါပေမဲ့... ကျွန်တော်ရော အစွမ်းကုန် တိုက်ခဲ့တယ်လို့ ခင်ဗျား ထင်နေတာလား" လုံချန်း၏ မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်လာလေသည်။

​"ဒီဓားကတော့ တော်လောက်ပြီ။ အခုက တကယ် တိုက်ရမှာဆိုတော့ ကျွန်တော်လည်း နည်းနည်းတော့ အတည် လုပ်ရတော့မှာပေါ့" လုံချန်းက ရေရွတ်လိုက်ရင်း သူ ကိုင်ထားသော ဘုရင်ဓားမှာ လက်ထဲမှ ပျောက်ကွယ်သွားလေသည်။

​၎င်း၏ အစား... အနက်ရောင် သံချေးတက်နေသော ဓားဟောင်းကြီးတစ်လက် သူ၏ လက်ထဲတွင် ပေါ်လာတော့သည်။

​"ဟော... ဒီဓားပဲ။ ဒီဓားက ဘာလဲဆိုတာ ငါ မသိပေမဲ့ တစ်ခုခုတော့ ထူးခြားနေတာ သေချာတယ်။ အရင်တစ်ခါက တံတိုင်းတွေကို ဖျက်ဆီးသွားတာကို ကြည့်ရင် အနည်းဆုံးတော့ သူတော်စင် အဆင့် လက်နက်ပဲ ဖြစ်ရမယ်။ ထူးဆန်းတာက သူ့ရဲ့ အဆင့်အတန်းကို ငါ ခန့်မှန်းလို့ မရတာပဲ။ မင်းဆီမှာ တကယ့် ရတနာတွေ ရှိနေတာပဲ" ဧကရာဇ်က လုံချန်း လက်ထဲမှ ဓားကို ကြည့်ကာ မှတ်ချက်ပေးလိုက်၏။

​"ဘယ်အဆင့်လဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက တစ်ခုပဲ ရှိတယ်။ ခင်ဗျား ဘာသာပဲ လမ်းဖယ်ပေးမလား၊ ဒါမှမဟုတ် ကျွန်တော်ကပဲ ခင်ဗျားကို ဖယ်ခိုင်းရမလား ဆိုတာပဲ" လုံချန်းက မာန်အပြည့်ဖြင့် မေးလိုက်လေတော့သည်။

​အခန်း ၁၀၁၆ တိုက်ပွဲ

"ဒီနေ့တော့ ကျွန်တော် ရပ်တန့်ဖို့ စိတ်မကူးဘူး။ ခင်ဗျားက ကျွန်တော် ဘယ်လိုပဲပြောပြော မယုံဘူး။ခင်ဗျားသားကိုလည်း ခင်ဗျား မတားနိုင်ဘူး။ မင်ယုကို ကယ်ဖို့ဆိုရင် ကျွန်တော့်ဘာသာ ခြေလှမ်းလှမ်းမှ ဖြစ်မယ်" လုံချန်းက ပြတ်သားစွာ ဆိုလိုက်၏။

​'သူနဲ့ တိုက်ရတာ အချိန်နည်းနည်းတော့ ကုန်လိမ့်မယ်။ သူက တကယ်လည်း သန်မာတာပဲ။ ဒါပေမဲ့ ငါ့ဘဝမှာ ငါ့ထက် အဆင့်မြင့်တဲ့လူတွေကို အကြိမ်ကြိမ် နှိမ်နင်းခဲ့တာပဲ။ သူကလည်း နတ်ဘုရားမှ မဟုတ်တာ၊ ဖြစ်နိုင်ပါတယ်' လုံချန်းက တွေးတောရင်း လက်ထဲမှ ဓားကို မြဲမြံစွာ ဆုပ်ကိုင်ကာ ဧကရာဇ်မင်းထံသို့ တရှိန်ထိုး ပြေးဝင်သွားလေတော့သည်။

​ဤတစ်ကြိမ်တွင်မူ သူသည် အစွမ်းကုန် ထုတ်ဖော်ရန် ဆုံးဖြတ်ထား၏။ ယခင်က မသုံးခဲ့ဖူးသော မိစ္ဆာဘုရင် ခန္ဓာကိုယ်ကျင့်စဉ်ကို ချက်ချင်းပင် ထုတ်ဖော်လိုက်ရာ သူ၏ ကြွက်သား အကြောအခြင်တို့မှာ သံမဏိပမာ တောင့်တင်းခိုင်မာလာပြီး ခန္ဓာကိုယ် ခွန်အားမှာလည်း ဒီရေအလား တိုးဝှေ့လာတော့သတည်း။

​"မာနကတော့ ကြီးလှချည်လား" ဧကရာဇ်က နှာခေါင်းရှုံ့ကာ လုံချန်း၏ တိုက်ကွက်ကို တန်ပြန်ရန် သူ၏ ဓားအား ခပ်ပေါ့ပေါ့ပင် ဝှေ့ယမ်းလိုက်သည်။

​ဓားနှစ်လက် ထိတွေ့လိုက်သော ခဏ၌... ဧကရာဇ်၏ ဝင်းလက်တောက်ပနေသော သူတော်စင် အဆင့်ဓားနှင့် လုံချန်း၏ သံချေးတက်နေသဖြင့် အိုမင်းဟောင်းနွမ်းလှသော အချိန်ဓား တို့မှာ ဟိန်းခနဲ အသံကြီး ထွက်ပေါ်ကာ ရိုက်ခတ်မိကြလေပြီ။

​အစပိုင်းတွင် ဧကရာဇ်မင်းသည် အေးဆေးတည်ငြိမ်စွာဖြင့် တုံ့ပြန်ခဲ့သော်လည်း ဓားချင်း ထိတွေ့လိုက်သည်နှင့် သူ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားရသည်။ လုံချန်းထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းလှသည့် ရုန်းအားက သူ့ကို လွှမ်းမိုးသွားသောကြောင့် ဖြစ်၏။ ဧကရာဇ်မှာ အရှိန်မထိန်းနိုင်ဘဲ ဟန်ချက်ပျက်ကာ နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်ရလေသည်။ လုံချန်းကမူ အခွင့်အရေးကို လက်လွှတ်မခံဘဲ ဓားအား တစ်ဖန် ပြန်လည် ဝှေ့ယမ်းကာ ရှေ့သို့ တိုးဝင်လာပြန်သည်။

​"ကောင်းပြီလေ... မင်းက ဒီလိုမှ လိုချင်တာဆိုရင်လည်း ဖြစ်စေရတာပေါ့" ဧကရာဇ်က အံကိုကြိတ်ကာ ဆိုလိုက်ပြီး သူ၏ ဓားအား တင်းတင်းဆုပ်ကိုင်လိုက်၏။ သူသည်လည်း အလျှော့မပေးဘဲ မိမိ၏ ခွန်အား အားလုံးကို စတင် ထုတ်ဖော်လိုက်လေတော့သည်။

​ယခင်ကမူ ဧကရာဇ်သည် လုံချန်းကို ကလေးတစ်ယောက်ပမာ သဘောထားကာ အလျှော့ပေးခဲ့ခြင်း ဖြစ်၏။ သို့သော် ယခုမူ သူ၏ ပုခုံးကို ပစ်မှတ်ထားကာ ခုတ်လိုက်သော လုံချန်း၏ ဓားချက်အား အသည်းအသန် ကာကွယ်လိုက်ရသည်။ လုံချန်းကမူ လေထဲတွင် ကပြနေသော ဝိညာဉ်တစ်ကောင်ပမာ သွက်လက်လှပသော ခြေလှမ်းများဖြင့် ဧကရာဇ်၏ တိုက်ကွက်များကို ရှောင်တိမ်းရင်း တန်ပြန် တိုက်စစ်ဆင်နေ၏။

​"သူတို့နှစ်ယောက်က ဘယ်လောက်တောင် မြန်နေတာလဲ"

​"အရိပ်တွေပဲ မြင်ရတော့တယ်။ အရှင်မင်းကြီးကတော့ ထားပါတော့၊ ဟိုကောင်လေးက ဘယ်လိုလုပ် ဒီလောက်မြန်နေရတာလဲ"

​"နတ်ဘုရားပဲ သိမှာပဲ... ငါတော့ ဘာမှ နားမလည်တော့ဘူး"

​နန်းစောင့်စစ်သည်တို့မှာ ထိုနှစ်ဦး၏ လှုပ်ရှားမှုကို မျက်တောင်မခတ်ဘဲ ကြည့်နေကြရုံမှတစ်ပါး အခြားမတတ်နိုင်ကြချေ။ လျှပ်စီးပမာ မြန်ဆန်လှသော တိုက်ခိုက်မှုများအကြားတွင် အရိပ်နှစ်ခု လျှပ်ခနဲ လျှပ်ခနဲ ပေါ်လာသည်ကိုသာ မြင်တွေ့ကြရ၏။

​အစီအရင် စာလိပ်ကို ကိုင်ထားသော စစ်သည်မှာလည်း အဝေးမှနေ၍ အံ့အားသင့်စွာ ကြည့်နေမိသည်။ သူ မသိသည်မှာ... ထိုအရိပ်နှစ်ခုထဲမှ တစ်ခုက သူ့ကို ခဏခဏ ခိုးကြည့်နေသည် ဆိုသည့် အချက်ပင်။

​လုံချန်းသည် တိုက်ပွဲကို အချိန်ဆွဲရန် မသင့်ကြောင်း ကောင်းစွာ သဘောပေါက်ထား၏။ သူ အနိုင်ရရန် နည်းလမ်း အနည်းငယ်သာ ရှိသည်။ ဟင်းလင်းပြင် နိယာမမှာ ပိတ်ပင်ခံထားရပြီး ပုံရိပ်ယောင်ကို သုံးရန်မှာလည်း ဘေးပတ်ပတ်လည်တွင် စစ်သည်များက ဝိုင်းရံထားသဖြင့် အသုံးမဝင်ချေ။ သူသည် ဧကရာဇ်ကို ပုံရိပ်ယောင်ပြနိုင်လျှင်ပင် ဘေးက စစ်သည်များက အမှန်တရားကို ဧကရာဇ်အား လှမ်းပြောနိုင်ပေသည်။

​ကျန်ရှိသော နည်းလမ်းမှာ အမှောင်နိယာမ ဖြစ်သော်လည်း ယခုမှာ နေ့ခင်းဘက် ဖြစ်နေသဖြင့် အသုံးမပြုနိုင်ပြန်ချေ။ အမှောင် ယဇ်ပဏ္ဏာကို သုံးလျှင် အင်အားကြီးမားလာမည် မှန်သော်လည်း ယခင်တစ်ခါကကဲ့သို့ မိမိကိုယ်ကို ထိန်းချုပ်မှု ကင်းမဲ့ကာ အရာအားလုံးကို ဖျက်ဆီးမိသွားမည်အား သူ စိုးရိမ်မိ၏။

​'ဟုတ်ပြီ... ဧကရာဇ်ကို ငါ မလှည့်စားနိုင်ရင်တောင် တခြားတစ်ယောက်ကိုတော့ လှည့်စားလို့ ရတာပဲ' လုံချန်း၏ ဦးနှောက်ထဲတွင် အကြံတစ်ခု ချက်ချင်း ပေါ်လာလေသည်။

​တိုက်ပွဲအရှိန် ပြင်းထန်နေစဉ်မှာပင်...

​အစီအရင် စာလိပ်ကို ကိုင်ထားသော စစ်သည်မှာ အရာအားလုံး မြန်ဆန်လွန်းလှသဖြင့် မည်သို့ဖြစ်နေမှန်း မသိဘဲ ကြည့်နေမိ၏။ ထိုစဉ် တိုက်ပွဲမှာ ရုတ်တရက် ရပ်တန့်သွားသည်။ ဧကရာဇ်နှင့် လုံချန်းတို့မှာ တစ်ဖက်တစ်ချက်စီတွင် ခွာလိုက်ကြ၏။

​လုံချန်းမှာ ရှုံးနိမ့်တော့မည့်အသွင်ဖြင့် အမောတကော အသက်ရှူနေရပြီး ဧကရာဇ်မင်းမှာမူ အေးဆေးတည်ငြိမ်စွာဖြင့်ပင် ရပ်တည်နေသည်ကို ထိုစစ်သည် တွေ့လိုက်ရလေတော့သည်။

All Chapters