အခန်း (၁၀၁၇-၁၀၁၈)
Vol. 98 Ch. 1017-1018
အခန်း ၁၀၁၇ ကောင်းကင်ဘုံ မိစ္ဆာမျိုးနွယ်
ဤနေရာတွင် ရှိနေသော လူအုပ်ကြီးထဲ၌ လုံချန်းအတွက် အစစ်အမှန် ခြိမ်းခြောက်မှုမှာ အစီအရင် စာလိပ်ကို ကိုင်ထားသော သူတစ်ယောက်သာ ဖြစ်၏။ ထိုအစီအရင်သာ မရှိပါက လုံချန်းအနေဖြင့် ဤနေရာတွင် သူအလိုရှိရာကို မည်သူမျှ မတားဆီးနိုင်ဘဲ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
သူသည် ဤနေရာ၏ ဧကရာဇ်ကဲ့သို့ပင် ဖြစ်သွားမည်ဖြစ်ပြီး မည်သည့်အရာကမျှ သူ့ကို ဟန့်တားနိုင်မည်မဟုတ်ချေ။ အမှန်စင်စစ် ဟင်းလင်းပြင်သည် သူ၏ အကြီးမားဆုံးသော မဟာမိတ်ဖြစ်သော်လည်း ဤအစီအရင်၏ အကူအညီကြောင့် နေရာပြောင်းခြင်း စွမ်းရည်မှာ ရပ်တန့်ခံထားရခြင်း ဖြစ်သည်။ ထို့ကြောင့် သူ ပထမဆုံး လုပ်ရမည့်အလုပ်မှာ ဤအတားအဆီးကို ဖယ်ရှားရန်ပင် ဖြစ်၏။
ဆံပင်နက်နှင့် စစ်သည်မှာ လုံချန်းနှင့် ဧကရာဇ်ကို ကြည့်ရင်း အစီအရင်အား သူ၏လက်ထဲတွင် မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ တစ်ဖက်တွင်လည်း ဧကရာဇ်မင်းမှာ အမောတကော အသက်ရှူနေသော လုံချန်းကို စိုက်ကြည့်နေ၏။
ဧကရာဇ်သည် လုံချန်းက ဆံပင်နက်နှင့် စစ်သည်ထံသို့ မသိမသာ ခိုးကြည့်နေသည်ကို သတိပြုမိသွားသည်။
"ဟားဟား... မင်း ကြံစည်နေတာကို ငါ မသိဘူး ထင်နေတာလား။ မင်း သူ့ကို ပစ်မှတ်ထားနေတာ မဟုတ်လား" ဧကရာဇ်က ဆံပင်နက်နှင့် စစ်သည်ရှိရာသို့ ညွှန်ပြကာ ပြောလိုက်ရာ လုံချန်းမှာ ကြောက်လန့်တကြား ဖြစ်သွားသည့်အသွင်ဖြင့် အံ့အားသင့်သွားပုံ ရသည်။ သူ၏ ရည်ရွယ်ချက်ကို ဧကရာဇ်က သိသွားလိမ့်မည်ဟု လုံချန်းက မျှော်လင့်မထားသည့်အလားပင်။
ဧကရာဇ်သည် ဆံပင်နက်နှင့် စစ်သည်ဘက်သို့ လက်လှမ်းကာ အမိန့်ပေးလိုက်၏။ "အဲဒီစာလိပ်ကို ဒီဘက်လှမ်းပစ်စမ်း။ မင်းက အဲဒါကို ကာကွယ်ဖို့ အင်အား အားနည်းလွန်းတယ်။ သူ မင်းဆီကနေ လုဖို့ ကြံလိမ့်မယ်။ အဲဒါ ငါ့ဆီမှာ ရှိနေသရွေ့ သူ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး"
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး" ဆံပင်နက်နှင့် စစ်သည်က ပြန်လည် ထူးလိုက်ပြီး အစီအရင် စာလိပ်ကို ဧကရာဇ်ရှိရာဘက်သို့ လှမ်းပစ်လိုက်လေသည်။
ဘေးနားရှိ စစ်သည်များမှာ သူတို့ သူငယ်ချင်း၏ ရုတ်တရက် လုပ်ရပ်ကြောင့် ဆွံ့အသွားကြ၏။
"ဟေ့ကောင်... ငတုံး၊ မင်း ဘာလုပ်လိုက်တာလဲ" စစ်သည်များက ဆံပင်နက်နှင့် စစ်သည်ကို အော်ဟစ်ငေါက်ငမ်းကြတော့သည်။
"ဟမ်... ဘာဖြစ်လို့လဲ။ အရှင်မင်းကြီးရဲ့ အမိန့်ကို ငါ နာခံတာလေ။ မင်းတို့က ငါ့ကို အရှင်မင်းကြီးကို ငြင်းစေချင်တာလား" ထိုစစ်သည်က ပြန်ပြောသည်။
"ဘာအမိန့်လဲ။ မင်း ဘာတွေ ပြောနေတာလဲ" စစ်သည်များမှာ ပို၍ ဒေါသထွက်လာကြ၏။
"ဘာ..." ဆံပင်နက်နှင့် စစ်သည်မှာ မည်သို့မျှ နားမလည်နိုင် ဖြစ်သွားသည်။ သူတို့ မည်သည်များ ပြောနေကြသနည်း။ သူ ရှေ့သို့ လှည့်ကြည့်လိုက်သောအခါမှသာ သူ မည်သို့ လုပ်မိသွားကြောင်းကို သတိပြုမိတော့သည်။ သူ တကယ့်ကို အမှားကြီး မှားသွားခဲ့ပြီ ဖြစ်သည်။
အစောပိုင်းက ဧကရာဇ်နှင့် လုံချန်းတို့ တိုက်ပွဲရပ်သွားပြီဟု သူ ထင်ခဲ့သော်လည်း အခုမှ မြင်ရသည်မှာ သူတို့နှစ်ဦးမှာ တိုက်ခိုက်နေဆဲ ဖြစ်သည်။ ထို့အပြင် သူ စာလိပ်ကို လှမ်းပစ်လိုက်သည်မှာ ဧကရာဇ်ဆီသို့ မဟုတ်ဘဲ လုံချန်းဆီသို့ ဖြစ်နေ၏။ သူ မည်သို့မျှ နားမလည်နိုင်တော့ချေ။ သူ မျက်လှည့်ပြခံလိုက်ရခြင်း ဖြစ်သည်။
"မင်း ငတုံး" ဧကရာဇ်ကိုယ်တိုင်ပင် စာလိပ်ကို လုံချန်းဆီသို့ လှမ်းပစ်လိုက်သော စစ်သည်အား ကြည့်ကာ ဒေါသအလိပ်လိပ် ထွက်သွားရသည်။ သို့သော် သူ အနည်းငယ်မျှ စဉ်းစားလိုက်ပါက ၎င်းမှာ လုံချန်း၏ ပုံရိပ်ယောင်ကြောင့် ဖြစ်နိုင်သည်ကို ရိပ်မိပေလိမ့်မည်။
"အဲဒါ ငါ့ဟာပဲ" လုံချန်းက အော်ဟစ်လိုက်ရင်း သူ့ဆီသို့ လွင့်ပျံလာသော စာလိပ်ဆီသို့ ပျံတက်သွားလေသည်။ သူ၏ ကျောပြင်မှ လှပလှသော အတောင်ပံ လေးဖက် ထွက်ပေါ်လာ၏။ ရွှေရောင် နှစ်ဖက်နှင့် အနက်ရောင် နှစ်ဖက်ဖြစ်ပြီး ၎င်းတို့က လုံချန်း၏ အရှိန်ကို ပိုမို မြင့်တင်ပေးလိုက်လေတော့သည်။
"ဒီအတောင်ပံတွေက..." လုံချန်း၏ ကောင်းကင်ဘုံ မိစ္ဆာ အတောင်ပံများကို မြင်လိုက်ရသောအခါ ဧကရာဇ်မှာ အံ့အားသင့်သွားရသည်။ ဤကဲ့သို့သော အတောင်ပံများ အကြောင်းကို သူ ယခင်က ဖတ်ဖူးခဲ့သည်ကို သတိရသွား၏။ ရှေးဟောင်းကျမ်းစာများအရ ဤအတောင်ပံများသည် မိစ္ဆာလောက တွင် နေထိုင်ကြသော ကောင်းကင်ဘုံ မိစ္ဆာမျိုးနွယ်များ၏ သင်္ကေတ ဖြစ်သည်။
ကောင်းကင်ဘုံ မိစ္ဆာမျိုးနွယ်သည် ဒဏ္ဍာရီလာ မျိုးနွယ်တစ်ခုဟု ဆိုကြသည်။ သူတို့ကို မိစ္ဆာဟု ခေါ်ဆိုကြသော်လည်း လက်တွေ့တွင်မူ လူသားများအတွက် နတ်ဘုရားများသဖွယ် ဖြစ်သော ကောင်းကင်ဘုံ လောကမှ စစ်သည်တော်များနှင့်ပင် နှိုင်းယှဉ်နိုင်လေသည်။
ကောင်းကင်ဘုံ မိစ္ဆာမျိုးနွယ် နှင့် ကောင်းကင်ဘုံ နတ်ဘုရားမျိုးနွယ် တို့သည် စကြာဝဠာထဲတွင် အင်အားအကြီးဆုံး မျိုးနွယ်စုကြီး နှစ်ခု ဖြစ်သည်။ လုံချန်းမှာ ၎င်းတို့၏ မျိုးဆက် ဖြစ်နေပါက သူသည် ယခင်ကထက် ပို၍ ကြီးမားသော ခြိမ်းခြောက်မှုကြီး ဖြစ်လာပေလိမ့်မည်။
ယခု ကောင်းကင်ဘုံ မိစ္ဆာ တစ်ယောက် ဖြစ်နိုင်ချေရှိသော လူသားတစ်ဦးကို မြင်လိုက်ရသောအခါ လုကျွင်းဝေမှာ စိတ်ဓာတ်များ ဗယောက်ဗယက် ဖြစ်သွားရ၏။ သူသည် လုံချန်းကို ဟန့်တားပြီး သတ်ရမည်အား သိသည်။ အကယ်၍ သူ ပျက်ကွက်ခဲ့ပါက နတ်ဘုရားများက သူ့ကို သစ္စာဖောက်အဖြစ် သတ်မှတ်ကြပေလိမ့်မည်။
"သူ့ကို ထွက်ပြေးခွင့် ပေးလို့ မဖြစ်ဘူး"
သူသည် လုံချန်း၏ ရှေ့မှ စာလိပ်ကို ဖမ်းယူနိုင်ရန် အစွမ်းကုန် ပျံသန်းလိုက်သည်။ သို့သော် ကောင်းကင်ဘုံ မိစ္ဆာ အတောင်ပံများ၏ အရှိန်ကြောင့် လုံချန်းမှာ ပို၍ မြန်ဆန်နေ၏။ စာလိပ်ကို သူ ဦးဆုံး မမီနိုင်တော့မှန်း သိလိုက်ရသောအခါ ဧကရာဇ်မင်းတွင် နည်းလမ်းတစ်ခုသာ ကျန်တော့သည်။
သူသည် လေးလံသော စိတ်နှလုံးဖြင့် သူ၏ မာနကို ဘေးချိတ်ကာ ရန်သူ၏ ကျောပေးထားသော အနေအထားကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ဧကရာဇ်သည် လုံချန်းနောက်သို့ လိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး လက်အား ဝှေ့ယမ်းလိုက်၏။ ချီစွမ်းအင်ဖြင့် ပြုလုပ်ထားသော လခြမ်းကွေးဓား တစ်လက်သည် လုံချန်း၏ လည်ပင်းဆီသို့ လျှပ်စီးပမာ အရှိန်ဖြင့် တိုးဝင်သွားလေတော့သည်။
အခန်း ၁၀၁၈ စတုတ္ထမြောက် နတ်ဘုရားအဆင့် လက်နက်
လုံချန်းသည် သူကိုယ်တိုင်ထက်ပင် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် အစီအရင် စာလိပ်ဆီသို့ ချဉ်းကပ်နေသည်ကို မြင်လိုက်ရပြီး သူသည် ကောင်းကင်ဘုံ မိစ္ဆာမျိုးနွယ် စစ်စစ် ဖြစ်နေကြောင်းကိုလည်း သိရှိသွားသောအခါ ဧကရာဇ်မင်းသည် သူ့ကို အပြတ်ရှင်းရန် ဆုံးဖြတ်လိုက်လေတော့သည်။
ဤနည်းလမ်းမှာ လမ်းမှန်မဟုတ်ဟု ထင်ရသော်လည်း သူ၏ အမြင်တွင်မူ ဤသည်မှာ မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စဖြစ်သည်။ အကယ်၍ လုံချန်းသာ ထိုအစီအရင်ကို ဖျက်ဆီးနိုင်သွားပါက လွတ်မြောက်သွားရန် အခွင့်အလမ်း အလွန်များနေသောကြောင့် ဖြစ်၏။
လုကျွင်းဝေသည် သူ၏ ညာဘက်လက်ကို မြှောက်လိုက်ရာ သူ၏ ရှေ့မှောက်တွင် ချီစွမ်းအင်သက်သက်ဖြင့် ဖန်တီးထားသော ကြည်လင်တောက်ပသည့် လခြမ်းကွေးဓား တစ်လက် ပေါ်ပေါက်လာသည်။
ထိုဓားသည် လုံချန်းထံသို့ တိုးဝင်သွားရာ ဧကရာဇ်၏ အရှိန်ထက်ပင် ပိုမိုမြန်ဆန်လှ၏။ အစီအရင် စာလိပ်နှင့် မီတာအနည်းငယ် အကွာတွင် ရှိနေသော လုံချန်းထက်ပင် ပို၍ မြန်နေသေးသည်။
ကံမကောင်းစွာဖြင့်ပင် ထိုကျန်ရှိနေသော မီတာအနည်းငယ်မှာ လုံချန်းအတွက် အလွန်ဝေးကွာသွားခဲ့ရသည်။ လခြမ်းကွေးဓားမှာ လုံချန်း၏ လည်ပင်းဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
ဤတိုက်ကွက်၏ ရည်ရွယ်ချက်မှာ တစ်ခုတည်းသာ ရှိသည်။ လုံချန်း၏ ဦးခေါင်းကို ခန္ဓာကိုယ်မှ ပြတ်တောက်သွားအောင် ပြုလုပ်ရန်ပင်။ အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် လုံချန်းမှာ သေဆုံးရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
လုံချန်း၏ လက်ချောင်းများမှာ စာလိပ်နှင့် တစ်ပေခွဲခန့်အကွာသို့ ရောက်ရှိနေချိန်တွင် သူသည် ရုတ်တရက် အန္တရာယ်၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။ သေမင်းမှာ သူနှင့် အလွန်နီးကပ်နေသကဲ့သို့ပင်။
သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်သောအခါ သူ့ထံသို့ တိုးဝင်လာနေသော တိုက်ကွက်ကို သတိပြုမိသွားသည်။ ထိုတိုက်ကွက်ကို ရှောင်ရန်မှာ သူသည် အနောက်သို့ လှည့်မှသာ ဖြစ်နိုင်ပေလိမ့်မည်။ သို့သော် စာလိပ်နှင့် ဤမျှ နီးကပ်နေချိန်တွင် အနောက်သို့ လှည့်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ထို့ကြောင့် သူသည် ကွဲပြားသော နည်းလမ်းတစ်ခုကို သုံးရန် ဆုံးဖြတ်လိုက်၏။ အနောက်သို့ လှည့်မည့်အစား သူ၏ ကျောပြင်ကိုသာ ကာကွယ်လိုက်တော့သည်။
သူ့တွင် သွေးဖီးနစ်ဝတ်ရုံ ရှိနေသည်။ ၎င်းမှာ သူတော်စင်အဆင့် လက်နက်တစ်ခု ဖြစ်သဖြင့် အနည်းဆုံးတော့ သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ကွက်ကို တစ်ကြိမ်တစ်ခါတော့ ခံနိုင်ရည်ရှိလိမ့်မည်ဟု သူ မျှော်လင့်မိသည်။ ရွှင်းပင် ချီးကျူးခဲ့ရသော ထိုဝတ်ရုံကိုသာ သူ ယုံကြည်ကိုးစားလိုက်ရတော့သည်။
သူသည် အရှိန်ကို မလျှော့ဘဲ ပိုမိုမြန်အောင် ကြိုးစားလိုက်၏။ စာလိပ်နှင့် သူ၏ လက်ကြားမှ အကွာအဝေးမှာ စက္ကန့်နှင့်အမျှ နည်းပါးလာသလို လခြမ်းကွေးဓားနှင့် သူ၏ လည်ပင်းကြားမှ အကွာအဝေးမှာလည်း ပိုမို ကျဉ်းမြောင်းလာခဲ့သည်။
'တောက်... ငါ ဒီလောက်ကြီးတော့ အစွန့်စား မခံနိုင်ဘူး'
ဝတ်ရုံကို မည်မျှပင် ယုံကြည်သည် ဆိုစေကာမူ နောက်ဆုံးတွင်မူ သူ၏ အသက်ကို ဝတ်ရုံတစ်ခုတည်းပေါ်တွင် ပုံမအပ်ရဲတော့ချေ။ အကယ်၍ မကာကွယ်နိုင်ခဲ့ပါက နောင်တရချိန်ပင် ရလိုက်မည်မဟုတ်ဘဲ သူ၏ ဦးခေါင်းမှာ မြေပြင်ပေါ်သို့ လိမ့်ဆင်းသွားပေလိမ့်မည်။
သူသည် စာလိပ်ဆီသို့ လှမ်းနေသော လက်ကို ပြန်ရုတ်လိုက်ပြီး အနောက်သို့ လျှင်မြန်စွာ လှည့်လိုက်၏။ တစ်ပြိုင်နက်တည်းမှာပင် အချိန်ဓားကို သူ၏ လည်ပင်းအနီးသို့ ဆွဲယူလိုက်သည်။
အချိန်နိယာမဓားဖြင့် ဧကရာဇ်၏ လခြမ်းကွေးဓားကို ခုခံရန် ပြင်ဆင်လိုက်ခြင်းပင်။
"ကလေးကလား ဆင်ခြင်မှုပဲ။ ဒါက ချီစွမ်းအင် တိုက်ကွက်ကွ။ မင်း ဓားနဲ့ ခုတ်ရင်တောင်မှ အရှိန်က မရပ်ဘဲ မင်းဆီကိုပဲ တိုးဝင်လာမှာ။ မင်း ဘယ်လိုမှ မလွတ်နိုင်ဘူး" ဧကရာဇ်မင်းက ခံစားချက်မပါသော မျက်နှာဖြင့် ရေရွတ်လိုက်၏။
တစ်ဖက်တွင်မူ အရာအားလုံး ပြီးဆုံးသွားပြီဟု ယူဆကာ သူ သက်ပြင်းချနိုင်သော်လည်း အခြားတစ်ဖက်တွင်မူ သူ၏ သမီးဖြစ်သူ ချစ်မြတ်နိုးရသော လူသားတစ်ဦးကို သူကိုယ်တိုင် သတ်ပစ်ရတော့မည် ဖြစ်သဖြင့် စိတ်မကောင်း ဖြစ်နေရပြန်သည်။ ဝမ်းသာရမည်လား၊ ဝမ်းနည်းရမည်လားဆိုသည်ကို သူကိုယ်တိုင်ပင် မဝေခွဲနိုင်တော့ချေ။
သို့သော် နောက်ထပ် ဖြစ်ပျက်လာမည့် အရာမှာ ဧကရာဇ်မင်းသာမက လုံချန်းကိုယ်တိုင်ပင် မျှော်လင့်မထားသော အရာ ဖြစ်နေခဲ့သည်။
ချီစွမ်းအင်ဖြင့် ပြုလုပ်ထားသော လခြမ်းကွေးဓားသည် အချိန်ဓား နှင့် ထိတွေ့လိုက်သည်နှင့် တပြိုင်နက်... ထူးဆန်းသော အရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သံချေးတက်နေသော ဓားအိုကြီးမှာ ရုတ်တရက် ပြောင်းလဲသွား၏။ ၎င်းမှ ထူးဆန်းလှသော အမှောင်အလင်းတန်းများ ဝင်းခနဲ ထွက်ပေါ်လာပြီး ထိုအလင်းမှာ ညဉ့်မှောင်ထက်ပင် ပို၍ မှောင်မိုက်နေလေသည်။ ၎င်းမှာ မည်သို့မည်ပုံ ဖြစ်ပေါ်လာသည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။
ထိုအမှောင်အလင်းမှာ ဧကရာဇ်၏ ချီ စွမ်းအင်များကို ဝါးမြိုပစ်လိုက်သယောင်ပင်။ သူ၏ အပြင်းထန်ဆုံး တိုက်ကွက်တစ်ခုကို ဝါးမြိုပစ်လိုက်နိုင်သော ဤလက်နက်မှာ အဘယ်နည်း။ လုံချန်းဆီမှာ ဤကဲ့သို့သော လက်နက်မျိုး မည်သို့ကြောင့် ရှိနေရသနည်း။
လူသားအဆင့် လက်နက်ဟု ထင်ရသော ထိုဓားမှာ အမှန်စင်စစ် ဤကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံး ဖြစ်သော နတ်ဘုရားအဆင့် လက်နက် လေးလက်ထဲမှ တစ်လက် ဖြစ်နေသည်ကို သူ မသိရှိခဲ့ချေ။
၎င်းမှာ သာမန်လူသားတစ်ဦး ပိုင်ဆိုင်ရန် သို့မဟုတ် အသုံးပြုရန် မသင့်တော်သော လက်နက်မျိုး ဖြစ်သည်။
လုံချန်း တိုက်ပွဲဝင်နေသော ကမ္ဘာနှင့် အလွန်ဝေးကွာလှသော အရပ်၌ အမည်မသိ လောကတစ်ခု ရှိနေသည်။
၎င်းမှာ မှောင်မိုက်လှသော လောကကြီး ဖြစ်၏။ ထိုနေရာ၌ နေမင်းကို မမြင်ရသော်လည်း ထူးဆန်းသော အလင်းတန်းတစ်ခုက မြေပြင်ကို အနည်းငယ် လင်းစေသည်။
ခန့်ညားထည်ဝါလှသော နန်းတော်ကြီးတစ်ဆောင် အတွင်း၌ လူတစ်ဦးသည် ရာဇပလ္လင်ပေါ်တွင် ထိုင်နေ၏။ သူသည် မျက်လုံးများကို မှိတ်ထားပြီး တည်ငြိမ်စွာ ရှိနေသည်။ သူ အနားယူနေသကဲ့သို့ပင်။ သို့သော် ထိုစဉ် သူ၏ မျက်ခွံများမှာ လှုပ်ရှားသွားခဲ့သည်။
သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
"ဟင်... ငါ ခံစားနေရတာ အချိန်ဓား ရဲ့ အရှိန်အဝါလား"
"ငါ့ရဲ့ ကောင်းကင်ဘုံ မိစ္ဆာလောက နဲ့ တော်တော်လေး ဝေးတဲ့နေရာကပဲ။ ဘယ်အရပ်ကလဲဆိုတာ ငါ ရှာမတွေ့နိုင်ဘူး။ နှမြောစရာပဲ။ ဒါပေမဲ့ အဲဒီဓားကို ရှာတွေ့တဲ့သူဟာ တကယ့်ကို ထင်ရှားကျော်ကြားမယ့်သူ ဖြစ်လာမှာ သေချာတယ်။ ငါ မကြာခင် အဲဒီလူနဲ့ တွေ့ရလိမ့်မယ် ထင်တယ်" ထိုလူသည် ရေရွတ်လိုက်ပြီးနောက် ပျင်းရိစွာဖြင့် မျက်လုံးများကို ပြန်မှိတ်ကာ အနားယူနေပြန်သည်။
အလင်းတန်းများဖြင့် ပြည့်နှက်နေသော အခြားသော လောကတစ်ခု၌လည်း အခြားသော လူတစ်ဦးမှာ ရာဇပလ္လင်ပေါ်တွင် ထိုင်နေ၏။
သူသည် ကောင်းကင်ဘုံ အလင်းတန်းများ ဝင်းလက်နေသည့် ရွှေရောင်ဝတ်စုံများကို ဝတ်ဆင်ထားသော သူ၏ အမတ်များကို စကားပြောနေသည်။
အကယ်၍ လုံချန်းသာ ထိုဝတ်စုံများကို မြင်ခဲ့လျှင် သူ မှတ်မိပေလိမ့်မည်။ ၎င်းတို့မှာ သူ၏ အိပ်မက်ထဲတွင် ထျန်းရှန် တိုက်ခိုက်နေခဲ့သော လူများ ဝတ်ဆင်ထားသည့် ဝတ်စုံများပင် ဖြစ်သည်။
ထိုရွှေရောင်ဝတ်စုံများကို ဝတ်ဆင်ထားသူများမှာ ကောင်းကင်ဘုံ နတ်ဘုရားမျိုးနွယ်မှ စစ်သည်တော်များ ဖြစ်ကြသည်။
ကောင်းကင်ဘုံ နတ်ဘုရားမျိုးနွယ် သည် ကောင်းကင်ဘုံ မိစ္ဆာမျိုးနွယ် နှင့်အတူ ဤကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး မျိုးနွယ်စုကြီး နှစ်ခု ဖြစ်၏။ ဤသည်မှာ ကောင်းကင်ဘုံ သားရဲမျိုးနွယ်စုများကို မထည့်တွက်လျှင်သာ ဖြစ်သည်။
ဤမျိုးနွယ်စုကြီး သုံးခုမှာ ဤကမ္ဘာ၏ အထွတ်အထိပ် အင်အားစုများ ဖြစ်ကြသည်။
"ဟင်... အချိန်ဓားလား" ပလ္လင်ပေါ်တွင် ထိုင်နေသော လူက စိတ်ဝင်စားဟန်ဖြင့် ရေရွတ်လိုက်သည်။ လှပလှသော သရဖူတစ်ခုမှာ သူ၏ ဦးခေါင်းပေါ်တွင် ရှိနေ၏။
"အရှင်မင်းကြီး... အချိန်ဓား ရဲ့ တည်ရှိမှုကို ခံစားမိလို့လား" အမတ်တစ်ဦးက မေးလိုက်သည်။
"အေး... အဲဒီဓားက ပိုင်ရှင်အသစ် တွေ့သွားပြီ ထင်တယ်" ပလ္လင်ပေါ်မှ လူက ပြန်ပြောလိုက်၏။
"ဒါဆို ကောင်းကင်ဘုံ မိစ္ဆာမျိုးနွယ် တွေလား။ တကယ်လို့ သူတို့သာဆိုရင် ကျွန်တော်တို့လိုပဲ သူတို့ဆီမှာ နတ်ဘုရားအဆင့် လက်နက် နှစ်လက် ရှိသွားပြီပေါ့" နောက်ထပ် အမတ်တစ်ဦးက ဆိုလိုက်သည်။
"မဟုတ်ဘူး။ အနည်းဆုံးတော့ ကောင်းကင်ဘုံ မိစ္ဆာလောက ထဲမှာတော့ မဟုတ်ဘူး" ကောင်းကင်ဘုံ ဧကရာဇ်က ပြန်ပြောလိုက်၏။ "ကဲ... ကိစ္စဆီ ပြန်သွားရအောင်။ ငါ အမိန့်ပေးထားတဲ့ အရာကို မင်းတို့ ဘယ်တော့ ပေးနိုင်မှာလဲ"
ကြယ်တာရာ အင်ပါယာဆီသို့ ပြန်သွားရသော်...
လုံချန်းမှာ အံ့သြတကြီးဖြင့် ရပ်နေမိသည်။ သူ၏ ဓားကို ဤကဲ့သို့ အခြေအနေမျိုးဖြင့် သူ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ ယခင်ကမူ သူ၏ ဓားသည် ချီ စွမ်းအင်များကိုပင် အသုံးမပြုနိုင်ဘဲ ခိုင်မာတောင့်တင်းလှသော လက်နက်တစ်လက်သာ ဖြစ်သည်ဟု သူ ထင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုမှသာ သူ၏ ဓားသည် သူ ထင်ထားသည်ထက် ပိုမိုစွမ်းဆောင်နိုင်သည်ကို သူ သိလိုက်ရလေတော့သည်။