အခန်း (၄၀၆-၄၀၇)
Vol. 38 Ch. 406-407
အခန်း (၄၀၆) - ကမ္ဘာပေါင်းသုံးထောင်ကို ဝါးမြိုခြင်းနှင့် မူလသဘောတရားဆွေးနွေးပွဲသတင်း
နယ်မြေများကြားရှိ ဟင်းလင်းပြင်နေရာလွတ်၌ ဖြစ်သည်။
ထိုနေရာသည် အဆုံးမရှိသော မှောင်မိုက်ခြင်းတို့ လွှမ်းမိုးထားသော အရပ်ဖြစ်ပြီး ကောင်းကင်ယံတစ်ခုလုံးကို ဖြတ်သန်းထွန်းလင်းနေသော ကြယ်တာရာအလင်းတန်းများပင် ထိုနေရာသို့ မရောက်ရှိနိုင်ပေ။
သာမန်ကျင့်ကြံသူများသာ ဤနေရာသို့ ခြေချမိပါက အသက်ရှူတစ်ချက်စာအတွင်း သေဆုံးသွားကြမည် ဖြစ်သည်။
ကောင်းကင်ယံတစ်ခွင် အစွမ်းထက်မြက်ကြသော ဒဏ္ဍာရီလာအဆင့်ပုဂ္ဂိုလ်များပင် ဤဟင်းလင်းပြင်ကို ခက်ခက်ခဲခဲ ဖြတ်သန်းကြရ၏။
ထိုစဉ် လှပသောပန်းချီကားတစ်ချပ်ကဲ့သို့ ချောမောခန့်ညားသော လူငယ်ကျင့်ကြံသူတစ်ဦးသည် ဘူးသီးခြောက်ပေါ်တွင် မတ်တပ်ရပ်နေရင်း ဓားပျံတစ်စင်းကို ကိုင်ဆောင်ထားသည်။
ဓားသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှေ့နားရှိ အရိပ်တစ်ခုဆီသို့ ဝှစ်ခနဲ ထိုးစိုက်သွား၏။
ဖေါက်...
ဓားပျံသည် ထိုအရိပ်နှင့် တိုက်မိသွားရာ အရိပ်သည် အစွမ်းကုန်ရုန်းကန်နေပုံရသည်။ သို့သော် ဓား၏အစွမ်းကို မခုခံနိုင်ဘဲ ခဏတာရုန်းကန်ပြီးနောက် သေဆုံးသွားတော့သည်။
ချောမောသော အမျိုးသား၏လက်ထဲသို့ ငါးတစ်ကောင် ကျလာ၏။
"မဆိုးဘူးပဲ၊ ဟင်းလင်းပြင်ငါးတစ်ကောင်ရပြီ။"
ဤချောမောသော အမျိုးသားသည် အထက်ဘုံမှ ဒဏ္ဍာရီလာအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး သူ၏ကိုယ်ပွားသည် အရင်းအမြစ်များ စုဆောင်းရန်အတွက် သူ၏ဂိုဏ်းတူညီမလေးနှင့်အတူ ဟင်းလင်းပြင်အတွင်းသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။
"စီနီယာအစ်ကိုက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ ကျွန်မ တကယ် အားကျမိတယ်"
ဆွဲဆောင်မှုရှိသော အဝတ်အစားများကို မလုံ့တလုံလေးဝတ်ဆင်ထားသော အမျိုးသမီးကျင့်ကြံသူလေးက ချီးမွမ်းစကားဆိုလိုက်သည်။ သူမ၏ အသံတွင် ကြည်ညိုလေးစားမှုများ ပါဝင်နေပြီး မျက်ဝန်းများမှာလည်း ကြယ်ပွင့်များကဲ့သို့ တောက်ပနေ၏။
ချောမောသော အမျိုးသားသည် ထိုမြှောက်ပင့်စကားကြောင့် ကျေနပ်သွားပြီး လက်ကိုရက်ရောစွာ ဝှေ့ယမ်းလိုက်သည်။
"ဒီဟင်းလင်းပြင်ငါးကို မင်းပဲယူလိုက်တော့ ဂျူနီယာညီမလေး"
ဟင်းလင်းပြင်ငါးကို လှမ်းယူရင်းမှ အမျိုးသမီးလေးမှာ ဝမ်းသာအားရ ပြုံးရွှင်သွား၏။
" စီနီယာအစ်ကိုက တကယ် သဘောကောင်းတာပဲ။ ရှားရှားကတော့ ကမ္ဘာပေါ်မှာ ပျော်စရာအကောင်းဆုံး အမျိုးသမီး ဖြစ်မှာပဲ။"
"ဟင်းလင်းပြင်ထဲမှာ တန်ဖိုးရှိတဲ့ အရာတွေ အများကြီးရှိတယ်။ ဟင်းလင်းပြင်ငါးထက် ပိုတန်ဖိုးရှိတာတွေတောင် ရှိသေးတယ်။ ဒါပေမဲ့ ဒီမှာ ကြောက်စရာကောင်းတဲ့ သတ္တဝါတွေလည်း ရှိတယ်။ အဲဒီထဲက တစ်ခုကို သွေးပုံဆောင်ခဲ အနှစ်သာရလို့ ခေါ်တယ်။ အဲဒါတွေက ပုံစံမျိုးစုံနဲ့ လာတတ်ပြီး အားလုံးက အလွန်ကြီးမားကြတယ်။"
"သူ့ရဲ့ အသိသာဆုံး ထူးခြားချက်ကတော့ တစ်ကိုယ်လုံးက တကယ့်သွေးတွေလိုပဲ သွေးရောင်နီနေတာပဲ။"
"ဒီသွေးပုံဆောင်ခဲ အနှစ်သာရတွေကို ကြယ်တာရာအလင်းတန်းတွေကနေ ပေါင်းစုဖြစ်တည်လာတာလို့ ယုံကြည်ကြတယ်။ ငါတို့လို ဒဏ္ဍာရီလာအဆင့်တွေရဲ့စွမ်းအားကို မြှင့်တင်ပေးနိုင်လို့ အတော်လေး တန်ဖိုးရှိတယ်။"
ချောမောသော အမျိုးသားက ဂုဏ်ယူစွာဖြင့် ကြွားလုံးထုတ်လိုက်သည်။
"မကြာသေးခင်ကမှ ငါက သွေးပုံဆောင်ခဲ အနှစ်သာရ အကြီးကြီးတစ်ခုကို သတ်ခဲ့တာ။ အတော်လေး တော့ အားထုတ်လိုက်ရတယ်။"
ထိုစကားကို ကြားလိုက်ရသောအခါ အမျိုးသမီးငယ်လေးရဲ့ ကြည်ညိုလေးစားမှုက ပိုလို့တောင် တိုးလာပြန်သည်။
"ဝါး... စီနီယာအစ်ကိုက တကယ်ကို မယုံနိုင်စရာပဲ။ သွေးပုံဆောင်ခဲ အနှစ်သာရကိုတောင် အနိုင်ယူနိုင်တာလား။"
သူမ၏ မြှောက်ပင့်စကားများက အမျိုးသားကို ဂုဏ်ယူဝင့်ကြွားမှုဖြင့် ပြုံးပျော်သွားစေသည်။
"ဟိုးရှေ့နားမှာ လည်ပတ်နေတဲ့ ဝဲဂယက်တွေနဲ့ အလင်းမှိန်မှိန်လေးတွေကို တွေ့လား။ အဲဒါတွေက အောက်ဘုံက ကုန်းမြေတိုက်ကြီးတွေပဲ။ အဲဒီနားကို မသွားနဲ့ ဂျူနီယာညီမလေး၊ အဲဒါတွေက ညစ်ပတ်တယ်။ မင်းရဲ့ တန်ဖိုးရှိတဲ့ ခန္ဓာကိုယ်လေးကို အဲဒီအညစ်အကြေးတွေ ပေကျံသွားရင် ငါ တကယ် စိတ်မကောင်းဖြစ်ရလိမ့်မယ်"
ချောမောသော အမျိုးသားက ကြင်နာစွာ သတိပေးလိုက်သည်။ ထို့နောက် ပန်းရောင်ဂါဝန် ဝတ်ဆင်ထားသော သူ၏ညီမလေးကို ကြည့်ကာ ရုတ်တရက် ရပ်တန့်သွား၏။
"နေဦး... ဂျူနီယာညီမလေး၊ မင်း ခုနက ဟင်းလင်းပြင်ငါးကို တစ်ကောင်လုံး မြိုချလိုက်တာလား။"
ပန်းရောင်ဂါဝန်နှင့် မိန်းကလေးမှာ ချက်ချင်းပင် မျက်ရည်ဝဲလာသည်။
"စီနီယာအစ်ကိုက ရှားရှားကို အစားကြီးတယ်လို့ ပြောချင်တာလား။"
"မဟုတ်ပါဘူး"
အမျိုးသားက အလျင်အမြန် ချော့မော့လိုက်သည်။
"ဟင်းလင်းပြင်ငါးတွေကို တစ်ခါတည်း အများကြီး မစားသင့်ဘူးလို့ ပြောတာပါ။ မဟုတ်ရင်... လေလည်တာ ဒါမှမဟုတ်... ဆီးသွားတာမျိုး ဖြစ်နိုင်လို့ပါ။"
"လေလည်တာ" ဆိုသည်မှာ ယဉ်ကျေးသော အသုံးအနှုန်း ဖြစ်သည်။
"ဆီးသွားတာ" ဆိုသည်မှာ သူမ ဆီးစွန့်ရနိုင်သည်ကို ဆိုလိုခြင်း ဖြစ်၏။
ဟင်းလင်းပြင်ငါးကို အလွန်အကျွံ စားမိပါက ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးပင်လျှင် မိမိခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ဘဲ ဖြစ်တတ်သည်။
အမျိုးသမီးငယ်လေးမှာ ရှက်လွန်း၍ မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။
"ဖူး..."
"အား... ရှားရှားတော့ ရှက်လွန်းလို့ သေတော့မှာပဲ။ ဆက်ပြီး မနေနိုင်တော့ဘူး"
သူမက ဒရမ်မာဆန်ဆန် ငိုယိုအော်ဟစ်လိုက်၏။
သူမ၏ တုံ့ပြန်မှုကို မြင်သောအခါ ချောမောသော အမျိုးသားက အနားသို့ အမြန်တိုးသွားပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည်။
"ရပါတယ်။ အနံ့လေးက မွှေးနေတာပဲ... နို့နံ့လေးလိုပဲ။"
သူမ စိတ်မကောင်းဖြစ်နေသည်ကို သူ မကြည့်ရက်ပေ။
သို့သော် ထိုစဉ်မှာပင် ပန်းရောင်ဂါဝန်နှင့် အမျိုးသမီးငယ်လေးမှာ ရုတ်တရက် တောင့်တင်းသွားသည်။
"ဒုက္ခပဲ... သွေးပုံဆောင်ခဲ အနှစ်သာရ အကြီးကြီးတစ်ခုလာနေတာ ။"
အမျိုးသား၏ သူရဲကောင်းစိတ်ဓာတ်မှာ ချက်ချင်းပင် ပေါ်ထွက်လာသည်။
"ဘယ်မှာလဲ။ ငါ့ညီမလေးကို ဘယ်သူက ခြောက်လှန့်ရဲတာလဲ။"
သူက သူ၏တန်ဖိုးရှိသော ညီမလေးကို ခြောက်လှန့်ရဲသည့် သွေးပုံဆောင်ခဲ အနှစ်သာရကို သုတ်သင်ရန် ဓားကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူရဲကောင်းအမူအယာယူလိုက်သည်။
"ဟိုမှာ..."
အမျိုးသမီးငယ်လေးက တုန်ရီနေသော လက်ဖြင့် ညွှန်ပြလိုက်ပြီး သူမ၏အသံမှာလည်း ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသည်။
အမျိုးသားက သူမညွှန်ပြရာသို့ ကြည့်လိုက်ရာ ထိတ်လန့်တုန်လှုပ်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်။
"ဒါ... ဒါက..."
မိုင်ပေါင်းထောင်ချီ ဝေးကွာသော နေရာတွင် တစ်ကိုယ်လုံး သွေးဝတ်စုံများဖြင့် ဖုံးလွှမ်းထားသော ဧရာမ သွေးရောင်ပုံရိပ်ကြီးတစ်ခုသည် ဟင်းလင်းပြင်အတွင်း ပေါ်ထွက်လာနေသည်။
၎င်း၏ အရွယ်အစားမှာ စိတ်ကူးကြည့်၍ပင် မရနိုင်အောင် ကြီးမားလှပြီး ထိုအမျိုးသား တစ်ခါမှ မမြင်ဖူးသော ကြောက်မက်ဖွယ် ဘီလူးကြီးတစ်ကောင်နှင့် တူလှ၏။
ဒါက အပေါ်ယံ အစိတ်အပိုင်းလေးသာ ဖြစ်သော်လည်း... ၎င်းမှာ လူသားပုံသဏ္ဌာန် ရှိနေသည်။
ဧရာမ လူသားပုံသဏ္ဌာန်ကြီး၊ သွေးဝတ်စုံဝတ်ထားသော နတ်ဘုရားကြီးမှာ အလွန်ကြီးမားလွန်းသဖြင့် ၎င်း၏ အမြင့်ကိုပင် အဆုံးအထိ မမြင်နိုင်ပေ။
ဟင်းလင်းပြင်နေရာလွတ်တစ်ခုလုံးမှာလည်း ထိုပုံရိပ်၏ သွေးဝတ်စုံကြောင့် အနီရောင်သို့ ပြောင်းလဲသွားသည်။
ဘီလူးကြီးက ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားလေ၏။
၎င်းက လက်ကို လှုပ်ရှားလိုက်တိုင်း ဟင်းလင်းပြင်မှာ အက်ကွဲသွားသည်။
ချောမောသော အမျိုးသားမှာ ကြောက်လွန်းသဖြင့် လှုပ်ပင်မလှုပ်နိုင်တော့ပေ။ သူသည် ကြောက်မက်ဖွယ်ရာတစ်ခုကို သတိထားမိလိုက်ပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားတော့သည်။
"သူ... သူက တကယ်ကြီး...ကြီးတာ"
ကြောက်မက်ဖွယ် ဘီလူးကြီးက ၎င်း၏ ဧရာမ ပါးစပ်ကြီးကို ဟလိုက်သည်ကို သူ ထိတ်လန့်စွာ ကြည့်နေမိသည်။
၎င်း၏ ပစ်မှတ်မှာ ကမ္ဘာတစ်ခု... ကျင့်ကြံခြင်း ကမ္ဘာတစ်ခု ဖြစ်သည်။
အဲဒါက ကျင့်ကြံခြင်း ကမ္ဘာကြီးတစ်ခု ဖြစ်သည်။
ဝေးကွာနေပုံရသော်လည်း ထိုသွေးရောင်နတ်ဘုရားကြီး၏ ရှေ့တွင်မူ ထိုကမ္ဘာကြီးသည် ပေါက်စီတစ်လုံးထက် မပိုပေ။
သို့သော် ၎င်းမှာ တကယ့်ကျင့်ကြံခြင်း ကမ္ဘာကြီးပင်။
သူ လာခဲ့သည့် ကမ္ဘာထက်ပင် သေးငယ်ခြင်း မရှိပေ။
သူ၏ တစ်ကိုယ်လုံး ကြောက်ရွံ့မှုကြောင့် တုန်ရီနေသည်။
ဟင်းလင်းပြင်သို့ အလည်လာခိုက် "နတ်ဆိုးနတ်ဘုရား" တစ်ပါးက ကမ္ဘာကြီးတစ်ခုကို ဝါးမြိုနေသည်ကို မြင်တွေ့လိုက်ရခြင်းမှာ မယုံနိုင်စရာပင်။
သူကြည့်နေစဥ်မှာပင် သွေးရောင်ဘီလူးကြီးက ပါးစပ်ကို အကျယ်ကြီး ဟလိုက်ပြီး ခဏချင်းမှာပင် ကမ္ဘာကြီးတစ်ခုလုံးကို မြိုချလိုက်လေသည်။
ကမ္ဘာကြီးမှာ အဆာပြေမုန့်တစ်ခုကဲ့သို့ ဖြစ်သွားပြီး မည်သို့မျှ ပြန်လည်မခုခံနိုင်ခဲ့ပေ။
ပန်းရောင်ဂါဝန်နှင့် အမျိုးသမီးငယ်လေးမှာ မျက်နှာတစ်ခုလုံး ဖြူလျော့သွားပြီး သူမ၏ စီနီယာအစ်ကို၏ လက်မောင်းကို ကြောက်လန့်တကြား ဆုပ်ကိုင်ထားသည်။
အမျိုးသားက သူမကို အမြန်ဖက်ထားလိုက်၏။
"မစိုးရိမ်နဲ့ ညီမလေး။ သူက ငါတို့နဲ့ အဝေးကြီးမှာ ရှိတာပါ။ ငါတို့ ဘေးကင်းပါတယ်။"
သို့သော် ထိုစဉ်မှာပင် မိုးကြိုးသံကဲ့သို့ ကျယ်လောင်သော အသံတစ်ခု သူတို့၏နားထဲသို့ ရုတ်တရက် ရောက်ရှိလာသည်။
"အနံ့မွှေးတယ်ဆိုတာ ငါ့ဖင်ပဲ။ အဲဒါ နံစော်နေတဲ့ အောက်သိုးသိုး လေလည်သံကြီးပဲ။"
"မင်းတို့တွေ လူကြားထဲမှာ ရှက်စရာကောင်းလိုက်တာ။"
ချောမောသော အမျိုးသားမှာ ကြောက်လွန်းသဖြင့် မျက်နှာ ဖြူလျော့သွားသည်။
"ဘယ်... ဘယ်သူလဲ။"
အမျိုးသမီးငယ်လေးမှာလည်း ရှက်ရွံ့ထိတ်လန့်စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရပေ။
"ငါက မင်းတို့ပြောနေတဲ့ သွေးပုံဆောင်ခဲ အနှစ်သာရပဲ။"
အမျိုးသားမှာ အမှန်တရားကို ရုတ်တရက် သိရှိသွားသည်။
သူသည် ထိတ်လန့်စွာဖြင့် အပေါ်သို့ မော့ကြည့်လိုက်၏။ ကမ္ဘာကြီးကို ခုနကမှ မြိုချလိုက်သော ကြောက်မက်ဖွယ် သွေးရောင်ဘီလူးကြီးသည် ယခုအခါ ခေါင်းကို လှည့်ကြည့်နေပြီး ၎င်း၏အကြည့်များတွင် စိတ်ပျက်မှုများ ပြည့်နှက်နေသည်။
သူသည် ချက်ချင်းပင် ဒူးထောက်ချလိုက်သည်။
သူ၏ ဂျူနီယာညီမလေးမှာလည်း ဟင်းလင်းပြင်ငါးကြောင့်လားမသိ၊ ထိုနေရာမှာပင် ဆီးထွက်ကျသွားတော့သည်။
ဝေးကွာနေသော သွေးရောင်ပုံရိပ်ကြီးက သက်ပြင်းချလိုက်၏။
"ဒီတစ်ခါတော့ နို့နံ့ မဟုတ်တော့ဘူးမလား။"
ထို့နောက် ဘီလူးကြီး၏ ဧရာမ ခန္ဓာကိုယ်မှာ ရွေ့လျားသွားပြီး နောက်ထပ်ပစ်မှတ်ကို ရှာဖွေရန်အတွက် ဟင်းလင်းပြင်အတွင်း ကူးခတ်သွားတော့သည်။
ချောမောသော အမျိုးသားနှင့် သူ၏ညီမလေးမှာမူ အလွန်အမင်း ကြောက်လန့်တကြားဖြင့် တစ်ဦးကိုတစ်ဦး ဖက်ထားကြသည်။
"ဟီး..."
ဟင်းလင်းပြင်ထဲမှ ထိုကြောက်မက်ဖွယ် သွေးရောင်ဘီလူးကြီးမှာ ကျိယွမ်ပင် ။
မဟာကပ်ဘေးကြီးထံမှ ကမ္ဘာပေါင်းသုံးထောင်၏ တည်နေရာများကို ရရှိပြီးနောက် သူသည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာကာ မဟာကပ်ဘေးကြီး၏ ထိန်းချုပ်မှုအောက်ရှိ ကမ္ဘာများကို ဝါးမြိုနေခြင်း ဖြစ်သည်။
ယခုအချိန်တွင် သူသည် ကမ္ဘာပေါင်းတစ်ထောင်ကျော်ကို ဝါးမြိုပြီးလေပြီ ။
နောက်ထပ် နှစ်ထောင်နီးပါး ဝါးမြိုပြီးပါက အားလုံးကို ပြီးစီးမည် ဖြစ်၏။
"ငါ နည်းနည်းဗိုက်ပြည့်လာပြီ"
ကျိယွမ်က ဟင်းလင်းပြင်ထဲတွင် မျောပါရင်း ရေရွတ်လိုက်သည်။
"ငါလည်း နို့နံ့နဲ့ လေတက်မလာဖို့ မျှော်လင့်ရတာပဲ။"
ခုနက ကျင့်ကြံသူစုံတွဲကို ပြန်တွေးမိပြီး ကျိယွမ် တုန်လှုပ်သွားသည်။
ဒီလောက်နံတာကို နို့နံလေး သင်းနေတာပဲတဲ့ ၊ ဒီကောင့်နှာခေါင်းက ထိပ်ကပ်နာဖြစ်နေတာများလား။
သူသည် ထိုအတွေးများကို ဖယ်ထုတ်လိုက်ပြီး နောက်ထပ် တည်နေရာများဆီသို့ ရွေ့လျားသွားသည်။
ထို့နောက် ဟင်းလင်းပြင်အတွင်း သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ သမုဒ္ဒရာထဲတွင် ကူးခတ်နေသော ဝေလငါးကြီးတစ်ကောင်ကဲ့သို့ ရွေ့လျားနေပြီး လမ်းတစ်လျှောက်ရှိ အရာအားလုံးကို အဆက်မပြတ် ဝါးမြိုနေ၏။
ဟင်းလင်းပြင်ထဲရှိ သေးငယ်သောအရာများကိုမူ ကျိယွမ်က လျစ်လျူရှုထားသည်။
သူ့အတွက်မှာ သွေးပုံဆောင်ခဲ အနှစ်သာရများသာ လိုအပ်သည်။
"ဒီကမ္ဘာပေါင်းသုံးထောင်ကို ဝါးမြိုနေရင်းနဲ့ သတို့သမီးလေးအတွက် အဆာပြေမုန့်တွေ ဒီလောက်အများကြီး တွေ့လိမ့်မယ်လို့ မထင်ထားဘူး။"
အမှန်စင်စစ်၊ ဟင်းလင်းပြင်အတွင်းသို့ ရောက်ရှိပြီးနောက် ကျိယွမ်သည် သွေးပုံဆောင်ခဲ အနှစ်သာရများကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းတို့မှာ အသိဉာဏ်မရှိဘဲ သက်ရှိအားလုံးကို မခွဲခြားဘဲ တိုက်ခိုက်တတ်သည့် ထူးဆန်းသော သတ္တဝါများပင်။
၎င်းတို့ကို စစ်ဆေးကြည့်သောအခါ သူနှင့် သတို့သမီးလေး ကြိုက်နှစ်သက်သော သွေးပုံဆောင်ခဲများနှင့် တူသော်လည်း အရည်အသွေးမှာ ပိုမိုမြင့်မားကြောင်း သိလိုက်ရသည်။
【သွေးပုံဆောင်ခဲ အနှစ်သာရ - ကောင်းကင်ယံတစ်ခွင်ရှိ ကြယ်တာရာအလင်းတန်းများမှ ဖြစ်တည်လာသော အထူးဖန်တီးမှုတစ်ခု ဖြစ်သည်။】
ဒါက ကျိယွမ် မြင်တွေ့လိုက်ရတဲ့ အချက်အလက် ဖြစ်သည်။
ယခုအခါ သူ၏ ခန္ဓာကိုယ်အတွင်း၌ သွေးပုံဆောင်ခဲ အနှစ်သာရများမှာ တောင်ပုံရာပုံ စုပုံနေပြီ ဖြစ်သည်။
"ဒီအဆာပြေမုန့်တွေအားလုံးကို စားပြီးရင် သတို့သမီးလေး ဆင့်ကဲပြောင်းလဲသွားမလား မသိဘူး။"
သတို့သမီးလေး ပေါ်လာကတည်းက သူမသည် သူ၏ စွန့်စားခန်းအားလုံးတွင် သေမတူရှင်မကွာ အတူရှိခဲ့သည်။
ဤ "ဂိမ်း" များတွင် သူ အောင်မြင်မှုရရှိခဲ့ခြင်းမှာ သူမကြောင့်လည်း အများကြီး ပါဝင်ကြောင်း ကျိယွမ် ဝန်ခံရမည် ဖြစ်၏။
သူမကို ဤအဆာပြေမုန့်များ ကျွေးလိုက်ပါက သူမ ပိုမိုသန်မာလာနိုင်သည်။
သတို့သမီးလေးသည် မည်သည့်အချိန်တွင် သူမ၏ ကိုယ်ပိုင်လက်နှင့် ခြေထောက်များ ပေါ်ထွက်လာမည်ကို သူ သိချင်နေမိ၏။
သို့သော် ၄င်းမှာ တင်စားချက်သာ ဖြစ်သည်။
အကယ်၍ သူမတွင် တကယ့်လက်နှင့် ခြေထောက်များ ပေါက်လာပါက အနည်းငယ်တော့ ထူးဆန်းနေလိမ့်မည်။
ကျိယွမ်က ပျံသန်းရင်းမှ သူ၏အကျင့်အတိုင်း အတွေးနယ်ချဲ့နေသည်။
ခဏချင်းမှာပင် သူသည် နောက်ထပ် တည်နေရာတစ်ခုသို့ ရောက်ရှိသွား၏။
ထို့နောက်... သူ၏ ဧရာမ ပါးစပ်ကြီးကို ဟကာ ကမ္ဘာကြီးတစ်ခုလုံးကို မြိုချလိုက်ပြန်သည်။
ထိုကမ္ဘာအတွင်းရှိ သက်ရှိများသည် မည်သို့ဖြစ်သွားသည်ကိုပင် မသိလိုက်ကြပေ။ ကြယ်တာရာများ ရုတ်တရက် ပျောက်ကွယ်သွားပြီး ကောင်းကင်ယံမှာ သွေးရောင်ပြောင်းသွားကာ ကောင်းကင်တွင် နေဆယ်စင်း ထွက်ပေါ်လာသည်ဟုသာ သူတို့ ခံစားလိုက်ရသည်။
..............
အထက်ဘုံ၌၌ ဖြစ်သည်။
မဟာမူလသဘောတရားတောင်ကုန်းတွင် ဖြစ်၏။
ယန်နတ်ဘုရားများ၏ ကိုယ်ပွားတစ်ရာနီးပါး စုဝေးကာ အလုပ်ရှုပ်နေကြသည်။
ဤယန်နတ်ဘုရားများသည် သူတို့၏ မြင့်မြတ်သောအစွမ်းများကို အသုံးပြုကာ နန်းတော်တစ်ခုကို တည်ဆောက်နေကြခြင်း ဖြစ်၏။
ဤနန်းတော်မှာ မဟာမူလသဘောတရားတရားခန်းမဆောင်ပင် ။
ဆဋ္ဌမမြောက် ကောင်းကင်ဘုံတွင် မူလသဘောတရားအစည်းအရုံးဟု ခေါ်သော အဖွဲ့အစည်းတစ်ခု ရှိသည်။
နာမည်အတိုင်းပင် ဤအစည်းအရုံး၏ တရားဝင်အဖွဲ့ဝင် ဖြစ်လာရန်မှာ မဟာမူလသဘောတရားနယ်ပယ်သို့ ရောက်ရှိရမည် ဖြစ်သည်။
ဤအဖွဲ့အစည်းတွင် ဆဋ္ဌမမြောက် ကောင်းကင်ဘုံရှိ မဟာမူလသဘောတရားနယ်ပယ်အဆင့် ကျင့်ကြံသူအားလုံးနီးပါး ပါဝင်သည်ဟု ဆိုကြ၏။
"အချိန်က ဘယ်သူ့ကိုမှ မစောင့်ဘူးပဲ။ နှစ်ပေါင်းတစ်သိန်း ကြာပြီးတဲ့နောက် မူလသဘောတရားတာအိုညီလာခံကို ပြန်ကျင်းပတော့မယ်။ ပြီးခဲ့တဲ့အကြိမ်တုန်းက ငါက ဒီခန်းမဆောင်ကို ဆောက်လုပ်တဲ့ အလုပ်သမားလေးပဲ။ အခု နှစ်ပေါင်းတစ်သိန်း ကြာသွားတာတောင်... ငါက အလုပ်သမား ဖြစ်နေတုန်းပဲ"
ယန်နတ်ဘုရားတစ်ပါးက ခေါင်းခါရင်း ညည်းညူလိုက်သည်။
ယန်နတ်ဘုရား အဆင့်ရှိသူများအတွက် တိုးတက်မှုဆိုသည်မှာ အချိန်ကုန်ဆုံးမှုနှင့် မသက်ဆိုင်တော့ပေ။
အချိန်များ နှေးကွေးစွာ စီးဆင်းနေသည့် ကမ္ဘာတွင်ပင် တိုးတက်မှု မရှိပါက မည်သို့မျှ ဖြစ်မလာနိုင်ပေ။
၄င်းက ယင်နတ်ဘုရားများ၏ သဘာဝနှင့် အနည်းငယ် တူညီသည်။
"ဒီတစ်ခါ ဘယ်သူက မဟာမူလသဘောတရားနယ်ပယ်ကို တက်လှမ်းနိုင်မလဲဆိုတာ သိချင်မိတယ်။ ဗုဒ္ဓတိုင်းပြည်က ဗုဒ္ဓသခင်ကော အဲဒီအဆင့်ကို ရောက်နိုင်မလား"
အခြားယန်နတ်ဘုရားတစ်ပါးကလည်း သက်ပြင်းချလိုက်သည်။
သူသည် တတိယမြောက် ကောင်းကင်ဘုံမှ လာသူဖြစ်ပြီး ပဥ္စမမြောက် ကောင်းကင်ဘုံရှိ ဗုဒ္ဓတိုင်းပြည်ကို အလွန်ရိုသေသူ ဖြစ်၏။
"သူက ဗုဒ္ဓသခင်တစ်ပါး ဖြစ်နေပြီဆိုတော့ မဟာမူလသဘောတရား နယ်ပယ်ကို ရောက်ဖို့ အလားအလာ ရှိမှာပါ။ တက်လှမ်းဖို့က ပြဿနာမရှိနိုင်ပါဘူး"
ဖူထုတောင်မှ ယန်နတ်ဘုရားက မှတ်ချက်ပေးလိုက်သည်။ သူ၏ဂိုဏ်းမှာ ဒုတိယမြောက် ကောင်းကင်ဘုံတွင် အခြေစိုက်၏။
သူသည်လည်း မဟာမူလသဘောတရား အစည်းအရုံး၏ အခမဲ့ခိုင်းစေခြင်းကို ခံနေရသူ ဖြစ်သည်။
"ဗုဒ္ဓတိုင်းပြည်နဲ့ ထိုက်ဟွမ်နန်းတော်ကြားမှာ ရန်ငြိုးဟောင်းတွေ ရှိတယ်။ ဟဲဟဲ... ဒါပေမဲ့ ထိုက်ဟွမ်နန်းတော်က လူက ဗုဒ္ဓကို မဟာမူလသဘောတရား နယ်ပယ် ရောက်အောင် ဘယ်လိုလုပ် ခွင့်ပြုပါ့မလဲ"
မိုလိုမျိုးနွယ်စုမှ ယန်နတ်ဘုရားငယ်တစ်ပါးကတော့ မထီမဲ့မြင် ပြောင်လှောင်လိုက်သည်။
မိုလိုမျိုးနွယ်စုသည် လက်ရှိတွင် ဗုဒ္ဓတိုင်းပြည်နှင့် စစ်ဖြစ်နေသောကြောင့် ထိုသို့ ပြောဆိုခြင်းမှာ သဘာဝပင်။
"နတ်ဘုရားနယ်မြေကနေ မဟာမူလသဘောတရား အဆင့်တစ်ယောက် ထွက်မလာတာ ဘယ်လောက်တောင် ကြာသွားပြီလဲ။ တကယ်လို့ ဗုဒ္ဓသခင်ကသာ အဲဒီနယ်ပယ်ကို ရောက်ဖို့ အလားအလာ ရှိနေရင် အစည်းအရုံးက ထိုက်ဟွမ်နန်းတော်ကလူကို သူ့အပေါ် ရန်စခွင့် ပေးမှာမဟုတ်ဘူး"
ဆဋ္ဌမမြောက် ကောင်းကင်ဘုံ၏ အဓိကအင်အားစုဖြစ်သော ကျီရှန်းမဟာမိတ်အဖွဲ့မှ ယန်နတ်ဘုရားတစ်ပါးက သူ၏အထင်ကို ဝင်ပြောလိုက်၏။
သူ့စကားကို ကြားသောအခါ မိုလိုနတ်ဘုရားမှာ ဆက်လက်ငြင်းခုံခြင်း မပြုတော့ဘဲ ငြိမ်သက်သွားသည်။
သို့သော် မိုလိုနတ်ဘုရားက လှောင်ပြုံးပြုံးကာ တစ်မျိုးပြောပြန်သည်။
"ငါတို့ ဗုဒ္ဓအကြောင်း ပြောနေဖို့တောင် မလိုပါဘူး။ အဲဒီ 'နေဆယ်စင်းနတ်ဘုရား' ဆိုတာကလည်း လူရွှင်တော်တစ်ယောက်ထက် မပိုပါဘူး။"
"သူ ထိန်းချုပ်ထားတဲ့ နေဆယ်စင်းက ကြောက်စရာကောင်းနိုင်ပေမဲ့ သူက ထိုက်ဟွမ်နန်းတော်ကလူကို စိန်ခေါ်နိုင်မယ်လို့ ထင်နေတာကတော့ ရယ်စရာပဲ။"
"တကယ်လို့ သူ့မှာ တကယ် အစွမ်းရှိရင် ဘာလို့ လူကြောက်တစ်ယောက်လို အရိပ်ထဲမှာ ပုန်းနေရတာလဲ။"
"ထိုက်ဟွမ်နန်းတော်ကလူက သူ့ကို တာအိုဆွေးနွေးဖို့ နန်းတော်ကိုတောင် ဖိတ်ကြားစာ ပို့ခဲ့သေးတယ်။ ဒါပေမဲ့ သူက မလာရဲဘူးလေ။"
"သူက ကံကောင်းလို့ တစ်ခုခု ရသွားပြီး ဒီအဆင့်ကိုမတော်တဆရောက်လာတဲ့ မာနတက်နေတဲ့ ယန်နတ်ဘုရားတစ်ယောက်ပဲလို့ ငါ သံသယရှိမိတယ်"
မိုလိုမျိုးနွယ်စုသည် ထိုက်ဟွမ်နန်းတော်၏ လက်ပါးစေအဖြစ် လူသိများသောကြောင့် ဤသို့ ပြောဆိုခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။
"နေဆယ်စင်းနတ်ဘုရားက ငါတို့ထဲက ဘယ်သူ့ကိုမဆို အလွယ်တကူ သတ်နိုင်တယ်ဆိုတာရော မင်းသိလား"
ဖူထုနတ်ဘုရားက မနေနိုင်ဘဲ ပြန်ပြောလိုက်သည်။
"ဖူထု... ငါ့ကိုယ်စား ဝင်မပြောနဲ့။"
"တကယ်လို့ နေဆယ်စင်းနတ်ဘုရားသာ မိုလိုမျိုးနွယ်စုရဲ့ နယ်မြေထဲကို ခြေချရဲရင် သူ ဘယ်တော့မှ ပြန်မထွက်သွားနိုင်အောင် ငါတို့ လုပ်ပေးမယ်။"
"မဟာမူလသဘောတရားနယ်ပယ်တောင် မရောက်သေးတဲ့ သာမန်ယန်နတ်ဘုရားတစ်ယောက်က ဒီလောက်အထိ မာနကြီးလို့ ဘယ်ရမလဲ"
မိုလိုနတ်ဘုရားက မထီမဲ့မြင် ပြုလိုက်သည်။
သူ့တွင် ယုံကြည်ချက်ရှိရန် အကြောင်းပြချက် ရှိ၏။
နေဆယ်စင်းနတ်ဘုရားသည် အမှန်တကယ် သန်မာပါသည်။
သို့သော် သူ၏ အကြီးမားဆုံး အားသာချက်မှာ သူ၏ အလားအလာ ဖြစ်သည်။
သူသည် နေဆယ်စင်းကို ပေါင်းစည်းထားပြီး ကောင်းကင်ဘုံ၌နေရာယူခြင်းအဆင့်၏ အထွက်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေသော်လည်း မူလသဘောတရား နယ်ပယ်သို့ မရောက်ရှိသေးပေ။
ရောက်ရန်လည်း အချိန်များစွာ လိုသေး၏။
ထို့ကြောင့် လောလောဆယ်တွင် နောက်အနာဂတ် နှစ်ပေါင်းသောင်းချီ၊ သန်းချီသည်အထိ မိုလိုမျိုးနွယ်စုက သူ့အပေါ် အသာစီးရနေဆဲပင်။
အကယ်၍ နေဆယ်စင်းနတ်ဘုရားသာ မိုလိုနယ်မြေသို့ လာပါက မိုလိုမျိုးနွယ်စု၏ မူလသဘောတရားအဆင့်များက သူ့ကို သတ်ဖြတ်ရန် ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်သည်။
ထိုက်ဟွမ်နန်းတော်ကလူကလည်း ထိုသို့လုပ်ဆောင်မှုအတွက် မိုလိုမျိုးနွယ်စုကို ဆုလာဘ်များ ပေးမည်မှာ သေချာ၏။
ထိုစကားကြောင့် ကျီရှန်းမဟာမိတ်အဖွဲ့မှ ယန်နတ်ဘုရား၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
သူက ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။
"နေဆယ်စင်းနတ်ဘုရားသာ မင်းတို့နယ်မြေထဲကို ဝင်လာရင် မင်းတို့မျိုးနွယ်စုအတွက် ဘေးဒုက္ခတစ်ခုပဲ ဖြစ်လိမ့်မယ်။"
"ဟွန်း... သူသာ လာကြည့်လိုက်လေ၊ သူ့ရဲ့ မာနအတွက် ဘယ်လိုပေးဆပ်ရမလဲဆိုတာ သူ သိသွားစေရမယ်"
မိုလိုနတ်ဘုရားကတော့ ဂရုမစိုက်သလို အေးစက်စွာ ဟိန်းဟောက်လိုက်သည်။
သို့သော် ကျီရှန်းမဟာမိတ်နတ်ဘုရားက မယုံနိုင်စရာ သတင်းတစ်ခုကို တုန်ရီသောအသံဖြင့် ပြောလိုက်ပြန်၏။
"ငါ အခုလေးတင် သတင်းရတယ်... ထိုက်ဟွမ်နန်းတော်ရဲ့ မဟာကပ်ဘေးကြီး... ပျက်စီးသွားပြီ၊ ပြီးတော့ သူ ထိန်းချုပ်ထားတဲ့ ကမ္ဘာကြီးလည်း ဝါးမြိုခြင်း ခံလိုက်ရပြီတဲ့။"
"ဘာ..."
စုဝေးနေသော ယန်နတ်ဘုရားများအားလုံး မယုံနိုင်လောက်အောင် ထိတ်လန့်သွားကြသည်။
သူတို့သည် မဟာကပ်ဘေးကြီးအကြောင်း အများကြီး မသိကြသော်လည်း ထိုအရာမှာ ထိုက်ဟွမ်နန်းတော်၏ လျှို့ဝှက်ချက်ကြီးတစ်ခုဖြစ်ကြောင်းကိုတော့ သိကြလေ၏။
မဟာကပ်ဘေးကြီးကို ဖျက်ဆီးပြီး ထိုက်ဟွမ်နန်းတော်၏ ထိန်းချုပ်မှုအောက်ရှိ ကမ္ဘာကြီးကို ဝါးမြိုလိုက်ခြင်းမှာ...
၎င်းမှာ မျက်နှာကို တိုက်ရိုက် ဖြတ်ရိုက်လိုက်ခြင်းပင် မဟုတ်ပါလား။
အံ့ဩစရာအကောင်းဆုံးမှာ ထိုက်ဟွမ်နန်းတော်၏ အစွမ်းထက် ယန်နတ်ဘုရားလော့ပုက ထိုသို့ ဖြစ်ပျက်သွားသည်ကို ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
သူတို့၏ မဟာကပ်ဘေးကြီးတစ်ခု ပျောက်ကွယ်သွားပြီး ကမ္ဘာကြီးတစ်ခု ဝါးမြိုခံလိုက်ရသည်တဲ့ ။
"ဒါက နေဆယ်စင်းနတ်ဘုရားရဲ့ လက်ချက်များလား။ ဟား... သူက ထိုက်ဟွမ်နန်းတော် အဆင်သင့်မဖြစ်သေးခင်မှာ တိုက်ခိုက်ပြီး မဟာကပ်ဘေးကြီးကို ခိုးယူတာလား ၊ ကမ္ဘာကြီးကို ဖျက်ဆီးရဲတာပဲ"
မိုလိုနတ်ဘုရားက မယုံကြည်နိုင်စွာဖြင့် လှောင်ပြောင်လိုက်သည်။
ကမ္ဘာတစ်ခုအတွင်းရှိ မဟာကပ်ဘေးကြီးတစ်ခုသည် ယန်နတ်ဘုရားတစ်ပါး၏ အစွမ်းသာ ရှိနိုင်သည်ဟု သူ ထင်၏။
ကမ္ဘာကြီးတစ်ခုကို ဝါးမြိုလိုက်ခြင်းမှာ အထင်ကြီးစရာ ဖြစ်နိုင်သော်လည်း သူသာ သူ၏ခန္ဓာကိုယ်ကို ချဲ့ထွင်လိုက်ပါက သူလည်း ထိုသို့လုပ်နိုင်သည်ဟု မိုလိုနတ်ဘုရားက ယူဆထားသည်။
သို့သော် ကျီရှန်းမဟာမိတ်နတ်ဘုရားက ထိတ်လန့်နေဆဲဖြင့် ဖြတ်ပြောလိုက်သည်။
"အဲဒါ ကမ္ဘာတစ်ခုတည်း မဟုတ်ဘူး၊ မဟာကပ်ဘေးတစ်ခုတည်းလည်း မဟုတ်ဘူး။"
"ဘယ်လောက်တောင်လဲ။"
"အားလုံးပဲ... ထိုက်ဟွမ်နန်းတော်ရဲ့ မဟာကပ်ဘေးကြီး သုံးထောင်လုံးနဲ့ ကမ္ဘာပေါင်းသုံးထောင်လုံး... ဝါးမြိုခံလိုက်ရပြီ။"
"ဘာ..."
မိုလိုနတ်ဘုရား၏ မျက်လုံးများမှာ မယုံနိုင်လောက်အောင် ပြူးကျယ်သွားပြီး အခြားယန်နတ်ဘုရားများမှာလည်း အလားတူပင် ထိတ်လန့်သွားကြသည်။
"ကမ္ဘာပေါင်းသုံးထောင်လုံးကို... အကုန်လုံး ဝါးမြိုလိုက်တာလား။ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
"သူ့မှာ ဘယ်လောက်တောင် အစွမ်းရှိနေလို့လဲ။ ပြီးတော့ သူက ဘာလို့ မူလသဘောတရားနယ်ပယ်ကို မရောက်သေးတာလဲ။"
ယန်နတ်ဘုရားများအားလုံး အလွန်အမင်း တုန်လှုပ်သွားကြသည်။
သူတို့သည် ကမ္ဘာတစ်ခုကို ဖျက်ဆီးနိုင်ကောင်း ဖျက်ဆီးနိုင်မည်၊ အကာအကွယ်မဲ့နေသော ကမ္ဘာပေါင်းသုံးထောင်ကိုပင် ဖျက်ဆီးနိုင်ကောင်း ဖျက်ဆီးနိုင်မည်။
သို့သော် ထိုက်ဟွမ်နန်းတော်၏ ထိန်းချုပ်မှုအောက်မှာရှိနေသော မဟာကပ်ဘေးကြီး သုံးထောင်နှင့် ကမ္ဘာပေါင်းသုံးထောင်ကို ဖျက်ဆီးကာ ဝါးမြိုလိုက်ရန်မှာမူ မည်သူမျှ စိတ်ကူးပင် မယဉ်နိုင်သော အရာဖြစ်သည်။
မဟာကပ်ဘေးကြီးတစ်ခုချင်းစီမှာ ယန်နတ်ဘုရားတစ်ပါး၏ အစွမ်းနှင့် ညီမျှသည်။
သို့သော် မဟာကပ်ဘေးကြီး သုံးထောင်လုံး ကျရှုံးသွားပြီး ကမ္ဘာပေါင်းသုံးထောင်လုံး ဝါးမြိုခံလိုက်ရ၏။
သို့သော် ထိုက်ဟွမ်နန်းတော်မှာ မည်သည့်သတိပေးချက်မျှ မရရှိခဲ့ဘဲ နန်းတော်မှ မည်သူမျှလည်း ဝင်ရောက်ကူညီခြင်း မရှိခဲ့ပေ။
မယုံနိုင်စရာပင်။
ကျီရှန်းမဟာမိတ်နတ်ဘုရားက မိုလိုနတ်ဘုရားကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။
"ဟဲဟဲ... တကယ်လို့ နေဆယ်စင်းနတ်ဘုရားသာ မင်းတို့ မိုလိုနယ်မြေကို ရောက်လာရင် မင်းတို့မျိုးနွယ်စုမှာ သူ ဝါးမြိုဖို့ ကမ္ဘာဘယ်နှစ်ခု ရှိမယ်လို့ မင်းထင်လဲ။"
မိုလိုနတ်ဘုရားမှာ ဆွံ့အ နေ၏။
...............
အောက်ဘုံ၌ ဖြစ်သည်။
ကျိယွမ်သည် သူ၏သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သတို့သမီးလေး၏ အေးမြသော လက်စတစ်ဖက်ကို ကိုင်ထားရင်း သက်ပြင်းချလိုက်သည်။
"နောက်ဆုံးတော့ ပြီးသွားပြီ။ ကံကောင်းလိုက်တာ... ငါ နို့နံ့နဲ့ လေတက်မလာဘူး။"
သူသည် "နို့နံ့" ဟူသော စကားလုံးကို စိတ်ပျက်စွာဖြင့် အလေးအနက် ပြောလိုက်သည်။
သူ့ဘာသာသူ ပြောမိသော်လည်း ထိုစကားကို သူကိုယ်တိုင်ပင် အနည်းငယ် ရွံရှာမိသည်။
သတို့သမီးလေးမှာမူ သူ၏ဘေးတွင် မည်သည့်ခံစားချက်မျှ မပြဘဲ တိတ်ဆိတ်စွာ ရပ်နေသည်။ အကယ်၍ သူမတွင် မျက်လုံးများ ရှိပါက ကျိယွမ်၏ ပုံရိပ်များဖြင့်သာ ပြည့်နှက်နေပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ၊ ကျိယွမ် သူမကို လိုအပ်သည့်အချိန်တိုင်း သူမသည် သူ၏အနားတွင် အမြဲရှိနေပေးသည်။
"ကဲ... စားလိုက်တော့။ ဒီသွေးပုံဆောင်ခဲ အနှစ်သာရတွေက သာမန်သွေးကျောက်တွေထက် ပိုကောင်းမှာပါ။"
ကျိယွမ်က သွေးပုံဆောင်ခဲ အနှစ်သာရများကို သတို့သမီးလေး၏ လက်စအတွင်းသို့ ထည့်ပေးလိုက်သည်။
သူမ၏ လက်စသည် သွေးပုံဆောင်ခဲ အနှစ်သာရများကို သိမ်းဆည်းလိုက်ပြီး သူမတွင် ချိတ်ဆွဲထားသော သစ်သားပြားလေးပေါ်၌ ပျော်ရွှင်သော ပုံရိပ်ကလေးတစ်ခု ပေါ်ထွက်လာသည်။
ထို့နောက် သွေးပုံဆောင်ခဲ အနှစ်သာရများ ပျောက်ကွယ်သွား၏။
ကျိယွမ်က သူမကို သေချာကြည့်လိုက်ရာ သူမ၏ ခန္ဓာကိုယ်မှာ ယခင်ကထက် ပိုမိုခိုင်မာလာသည်ကို သတိထားမိလိုက်သည်။
သို့သော် ထိုအရာမှလွဲ၍ အခြားသိသာသော အပြောင်းအလဲများ မရှိပေ။
ဒါက ကျိယွမ်ကို အနည်းငယ် စိတ်ပျက်သွားစေသည်။ သူသည် သတို့သမီးလေး၏ ခါးကို ဖက်ထားလိုက်ပြီး တမ်းတသောအသံဖြင့် ပြောလိုက်သည်။
"သတို့သမီးလေး... သတို့သမီးလေး... မင်းရဲ့ အသံကို ငါ ဘယ်တော့မှ ကြားနိုင်မှာလဲ။"
---------
အခန်း (၄၀၇) - အထက်ဘုံအတွက် ပြင်ဆင်မှုများ
သတို့သမီးလေးကို ရင်ခွင်ထဲတွင် ပိုက်ထားရင်း ကျိယွမ်က သူမကို အဆာပြေမုန့်များ ကိုယ်တိုင်ခွံ့ကျွေးနေသည်။
သွေးကျောက်တုံးများကြောင့် သတို့သမီးလေး၏ မင်္ဂလာဝတ်စုံမှာ ပိုမိုခိုင်မာလာသော်လည်း သူမ၏ အရှိန်အဝါမှာမူ ပြောင်းလဲခြင်းမရှိပေ။
သူမအား ကြည့်ရင်း ကျိယွမ်၏ စိတ်ထဲတွင် ရှုပ်ထွေးသော အတွေးများဖြင့် ပြည့်နှက်နေ၏။
သတို့သမီးလေးမှာ တော်ဝင်မင်္ဂလာဝတ်စုံမျိုးနွယ်စုမှ ဖြစ်သည်။
သူသည် ယခင်က မင်္ဂလာဝတ်စုံမျိုးနွယ်စုဝင် အခြားသူများနှင့် ဆုံတွေ့ခဲ့ဖူး၏။
ထိုသူများမှာ စကားပြောနိုင်ရုံသာမက လူသားပုံသဏ္ဌာန်သို့ပင် ပြောင်းလဲနိုင်ကြသည်။
သို့သော် သတို့သမီးလေးမှာမူ ထူးခြားနေသည်၊ သူမသည် မင်္ဂလာဝတ်စုံပုံစံဖြင့်သာ အမြဲတည်ရှိနေလေသည်။
ယခုအခါ၌ ယန်နတ်ဘုရားတစ်ပါး၏ အစွမ်းရှိသော်လည်း ကျိယွမ်သည် သတို့သမီးလေးကို ပြောင်းလဲပေးနိုင်ခြင်း မရှိသေးပေ။
ယန်နတ်ဘုရားတစ်ပါး၏ စွမ်းအားမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ကျောက်ခဲတစ်ခဲကို အသိဉာဏ်မပေးနိုင်သော်လည်း ပိုးကောင် သို့မဟုတ် ငါးတစ်ကောင်ကိုမူ အသိဉာဏ်ပွင့်လင်းလာအောင် အလွယ်တကူ လုပ်ဆောင်ပေးနိုင်လေသည်။
"အထက်ဘုံက တစ်ယောက်ယောက်ကတော့ သတို့သမီးလေး စကားပြောနိုင်အောင် ကူညီပေးနိုင်မှာပါ"
ကျိယွမ်က သူမ အဆာပြေမုန့်စားနေသည်ကို ချစ်မြတ်နိုးစွာကြည့်ရင်း တွေးလိုက်မိသည်။
အထက်ဘုံတွင် မဟာမူလသဘောတရားသို့ ရောက်ရှိထားသော ယန်နတ်ဘုရားများအထိ ရှိကြရာ သတို့သမီးလေး၌ မည်သို့ဖြစ်ပျက်နေသည်ကို သူတို့ နားလည်နိုင်ပေလိမ့်မည်။
နာရီဝက်ခန့်အကြာတွင် သတို့သမီးလေးမှာ ဗိုက်ဝသွားပြီဖြစ်၍ သွေးအနှစ်သာရကျောက်များကို စုပ်ယူခြင်း ရပ်တန့်လိုက်သည်။
"သွားကြစို့... ဟိုထူးဆန်းတဲ့ နယ်မြေကို သွားကြည့်ပြီး အထက်ဘုံအတွက် ပြင်ဆင်ကြရအောင်။"
မဟာကပ်ဘေးကြီး ကျရောက်ခဲ့စဉ်က ကျန်ရစ်ခဲ့သော ဖရိုဖရဲတည်ရှိမှုများသည် မြေအောက်ကမ္ဘာအတွင်းရှိ ထူးဆန်းသော နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ကျိယွမ်သည် ထိုထူးဆန်းသော နယ်မြေကို စိတ်ဝင်စားနေ၏။
သို့သော် သူ ပြန်နိုးလာပြီးကတည်းက ကမ္ဘာပေါင်းသုံးထောင်ကို ဝါးမြိုရန် အလုပ်ရှုပ်နေခဲ့သဖြင့် ထိုနေရာသို့ သွားရောက်စုံစမ်းရန် အခွင့်အရေး မရခဲ့ပေ။
အသက်ရှူအနည်းငယ်အတွင်းမှာပင် ကျိယွမ်သည် သတို့သမီးလေးကို ပိုက်ကာ ထိုထူးဆန်းသော နယ်မြေသို့ ရောက်ရှိလာသည်။
ချီချီမှာလည်း ပေါ်ထွက်လာ၏။ သူမ၏မျက်နှာမှာ ဖြူလျော့နေပြီး အရှင်းမသက်သာသေးသည်မှာ သိသာလှသည်။
မဟာကပ်ဘေးကြီး သုံးထောင်ကို တိုက်ခိုက်ခဲ့ရသည့် တိုက်ပွဲမှာ သူမအတွက် အတော်လေး ပင်ပန်းခဲ့ပြီး ယခုအချိန်ထိ နာလန်မထူနိုင်သေးချေ။
သူမနှင့် မြေအောက်ကမ္ဘာမှ အခြားနတ်ဘုရားများသည် ကန်းလန်နယ်မြေကို တိုက်ပွဲဒဏ်မသင့်အောင် အစွမ်းကုန် ကာကွယ်ခဲ့ကြသော်လည်း၊ မဟာကပ်ဘေးကြီး သုံးထောင်နှင့် ယန်နတ်ဘုရား လေးထောင်တို့၏ တိုက်ပွဲမှာ ပြောမပြနိုင်လောက်အောင်ပင် ပြင်းထန်ကြမ်းတမ်းလှ၏။
ထို့အပြင် ကျိယွမ်၏ ခရမ်းရောင်နန်းတော်အတွင်း၌ ဖြစ်ပွားခဲ့ခြင်းကြောင့် ပို၍ပြင်းထန်နေပုံရ၏။
အကယ်၍ ခရမ်းရောင်နန်းတော်၏ အပြင်ဘက်တွင်သာ ဖြစ်ပွားခဲ့ပါက ပျက်စီးမှုမှာ ဤမျှရှိလိမ့်မည် မဟုတ်ပေ။သူတို့သည် ဟင်းလင်ပြင်ထဲ၌ တိုက်ခိုက်ရမည်ဖြစ်သောကြောင့် အပျက်အစီးသက်သာနိုင်၏။
သို့သော်လည်း ထိုသို့တိုက်ခိုက်လျှင် အထက်ဘုံမှ စစ်ကူများချက်ချင်းရောက်လာမည်ဖြစ်သလို ကျင့်ကြံသူများမှာလည်း အမှတ်အသားများမှတစ်ဆင့် ရိပ်သိမ်းခြင်းခံရနိုင်လေသည်။
ထို့ကြောင့် ကျိယွမ်က သူ၏ခရမ်းရောင်နန်းတော်ထဲတွင် ပိတ်ကာတိုက်ခိုက်ခဲ့ခြင်းပင်။
"ကျဆုံးသွားတဲ့ ကပ်ဘေးတွေဆီက ကျန်ခဲ့တဲ့ အပိုင်းအစတွေက ဒီထူးဆန်းတဲ့ နယ်မြေကို ဖြစ်တည်စေခဲ့တာပါ။ ဒါကို စုံစမ်းကြည့်တဲ့အခါ ဒီနယ်မြေက... ပရမ်းပတာစွမ်းအင်နဲ့ အနည်းငယ် တူနေတယ်၊ ဒါက စွမ်းအင်တစ်မျိုးပါပဲ။ ဒီစွမ်းအင်ကို... မြေအောက်ကမ္ဘာရဲ့ လုပ်ငန်းဆောင်တာတွေကို ထောက်ပံ့ဖို့ အသုံးပြုလို့ရနိုင်တယ်"
ချီချီက ကျိယွမ်ကို ရှင်းပြသည်။
သူမသည် ထိုထူးဆန်းသော နယ်မြေတွင် အချိန်အတော်ကြာအောင် သုတေသန ပြုလုပ်နေခဲ့ပုံရ၏။
သူမ၏မွေးစားဖခင်မှာ မြေအောက်ကမ္ဘာကိုပိုင်ဆိုင်သူဖြစ်သောကြောင့် အသစ်ပေါ်ထွက်လာသော မည်သည့်နေရာကိုမဆို သူမ နားလည်ထားရန် လိုအပ်သည်။
"သုံးလို့ရတယ်ပေါ့"
ကျိယွမ်က တည်ငြိမ်စွာ မေးလိုက်သည်။
"ဟုတ်ကဲ့"
ချီချီက စိတ်လှုပ်ရှားမှုကြောင့် မျက်ဝန်းများ တောက်ပလျက် ခေါင်းညိတ်လိုက်သည်။
"ဖေဖေက ကန်းလန်နယ်မြေရဲ့ ပျက်စီးသွားတဲ့ တောင်နဲ့ မြစ်တွေကို ပြန်လည်ရှင်သန်စေပြီး သေဆုံးသူတွေကို ပြန်ခေါ်လာခဲ့တုန်းက အလိုအလျောက် ဖြစ်လာတာ မဟုတ်ပါဘူး။ မြေအောက်ကမ္ဘာရဲ့ စွမ်းအင်တွေကို အများကြီး အသုံးချခဲ့ရတာပါ။ အဲဒီစွမ်းအင် အများစုက တောင်နှင့်မြစ် လူ့အဖွဲ့အစည်း တံဆိပ်တော်၊ ဝူကွေ့မြို့တော်နဲ့ အိုးကိုးလုံးတောင်လို အရင်းအမြစ်တွေဆီက လာတာပါ။ တချို့ကတော့ ဖေဖေ့ဆီက လာတာပေါ့။"
"ဒါပေမဲ့ ကပ်ဘေးက ကျန်ရစ်ခဲ့တဲ့ ဒီထူးဆန်းတဲ့ စွမ်းအင်တွေကတော့ အလွန်ရှားပါးတဲ့ စွမ်းအင်ပုံစံ ဖြစ်ပြီး ပိုပြီးများပြားတဲ့ အရာတွေကို ပြန်လည်ရှင်သန်စေနိုင်ပါတယ်"
စကားပြောနေရင်း ချီချီက လက်ကို ဝှေ့ယမ်းလိုက်ရာ ထိုနယ်မြေမှ စွမ်းအင်အနည်းငယ် သူမလက်ထဲသို့ ရောက်ရှိလာ၏။
"ကပ်ဘေးတွေနဲ့ တိုက်ပွဲဖြစ်တုန်းက ဖေဖေက စိတ်ဝိညာဥ် သုံးရာနှစ်ဆယ့်ခုနစ်ခု ဆုံးရှုံးခဲ့ရတယ်။ မြေအောက်ကမ္ဘာမှာပဲ ဒီအတိုင်း ကုသမယ်ဆိုရင် နှစ်ပေါင်းသောင်းချီ ကြာနိုင်သလို မြေအောက်ကမ္ဘာမှာလည်း သူတို့အားလုံး ပြန်ကောင်းလာဖို့ လုံလောက်တဲ့ စွမ်းအင်မရှိဘူး။ ဒါပေမဲ့ ဒီစွမ်းအင်နဲ့ဆိုရင်တော့ မတူတော့ဘူး။"
"ဒီမှာရှိတဲ့ စွမ်းအင်ရဲ့ သုံးပုံတစ်ပုံနဲ့တင် ဖေဖေ့ရဲ့ ပျက်စီးသွားတဲ့ စိတ်ဝိညာဥ်တွေက တစ်နှစ်အတွင်း မြေအောက်ကမ္ဘာကနေ ပြန်ထွက်လာနိုင်လိမ့်မယ်။ တကယ်လို့ စွမ်းအင်ကိုသာပိုသုံးမယ်ဆိုရင် သူတို့က မျက်စိတစ်မှိတ်အတွင်း နိုးထလာနိုင်ပါတယ်"
ချီချီ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
၄င်းက ဘာကို ဆိုလိုသလဲဆိုတာ သူမ ကောင်းကောင်းသိ၏။
အကယ်၍ ဤကဲ့သို့သော မြေအောက်ကမ္ဘာမျိုးသာ ဖန်ထုံနယ်မြေတွင် ရှိခဲ့မည်ဆိုပါက ရှေးဟောင်းနတ်ဘုရားများအနေဖြင့် နတ်ဘုရားအသစ်များကို အဘယ်ကြောင့် ကြောက်ရွံ့ရတော့မည်နည်း။
သေခြင်း သို့မဟုတ် တိုက်ပွဲကိုလည်း အဘယ်ကြောင့် ကြောက်ရွံ့နေမည်နည်း။
သူတို့သည် စစ်ပွဲမှတစ်ဆင့် ပို၍ပင်သန်မာလာနိုင်ကြမည် ဖြစ်သည်။
၎င်းမှာ အဆုံးစွန်သော ထောက်ပို့အခြေစိုက်စခန်းကြီးပင် မဟုတ်ပါလား။
ဤနေရာတွင် ကျိယွမ်က ပုံမှန်မဟုတ်ဘဲ ဦးနှောက်ကို အသုံးပြုလိုက်သည်။
"ဒါဆိုရင်... ကပ်ဘေးသုံးခုစာ စွမ်းအင်က စိတ်ဝိညာဥ် တစ်ခုကို ပြန်ရှင်စေနိုင်တယ်ပေါ့၊ အချိုးက သုံးချိုးတစ်ပေါ့"
ချီချီက ခေါင်းညိတ်လိုက်သည်။
"အတိအကျပါပဲ။"
ကျိယွမ်၏ မျက်ဝန်းများ ဝင်းလက်သွားသော်လည်း ထို့နောက်တွင် နာကျင်သော အမူအရာ ပြောင်းသွား၏။
"အား... ငါက အရင်တုန်းက အတော်လေး ဖြုန်းတီးခဲ့မိတာပဲ။ ငါချစ်ရသူတွေအားလုံးက အကျိုးမရှိဘဲ သေသွားကြရတယ်၊ "
"တကယ်လို့ သူတို့သာ ငါ့ရဲ့ မြေအောက်ကမ္ဘာမှာ သေခဲ့ရင် သူတို့စွမ်းအင်တွေကို ပြောင်းလဲလို့ရမှာ၊ သေသွားရင်တောင် ဆက်ပြီး အကျိုးပြုနိုင်မှာပဲ။ ဒါကသာ 'တချို့လူတွေ သေသွားပေမဲ့ သူတို့က ရှင်သန်နေဆဲပဲ' ဆိုတဲ့ အဓိပ္ပာယ် အစစ်အမှန်ပေါ့"
ကျိယွမ်မှာ နောင်တများဖြင့် ပြည့်နှက်သွားသည်။
အရင်က ငါ့ရဲ့မျှော်လင့်ခြင်းလမင်းတွေ အများကြီးကို ဘာမှမလုပ်ဘဲ ဒီအတိုင်း ဘာလို့ အသေခံခဲ့မိတာလဲ။
သူတို့ရဲ့ ရုပ်အလောင်းတွေကို ထိန်းသိမ်းထားသင့်တာ။
အဆုံးမှာတော့ သူတို့က ငါ့ရဲ့ ချစ်သူတွေပဲလေ၊ သေသွားရင်တောင် ငါ့ပိုင်ဆိုင်မှုအဖြစ် ရှိနေသင့်တာပေါ့။
မဟုတ်ရင် ငါ့ရဲ့ သံယောဇဉ်ကြီးတဲ့ လူတစ်ယောက်ဆိုတဲ့ ဂုဏ်သတင်းကို ထိခိုက်သွားနိုင်တယ်။
ချီချီမှာ ရယ်ချင်စိတ်ကို အောင့်ထားရင်း အတည်ပေါက် ပြောလိုက်သည်။
"ဖေဖေပြောတာ မှန်ပါတယ်။ အနိုင်ယူလိုက်တဲ့ ရန်သူတွေရဲ့ အလောင်းတွေက တန်ဖိုးရှိတဲ့ အရင်းအမြစ်တွေပါပဲ။"
"ဒါပေမဲ့ ကပ်ဘေးတွေက ထူးခြားတယ်။ မဟာကပ်ဘေးကြီး သုံးခုက ယန်နတ်ဘုရား တစ်ပါးရဲ့ စွမ်းအင်ကို ပြန်ရှင်စေဖို့ လုံလောက်တယ်။ ဒါပေမဲ့ သာမန်ယန်နတ်ဘုရားတွေရဲ့အစွမ်းကိုသုံးမယ်ဆိုရင်တော့ ပိုပြီး လိုအပ်နိုင်တယ်"
"ခြင်ခြေထောက်လည်း အသားပဲ ၊ နည်းနည်းရရင်တောင် ရတာပဲလေ။ ငါက ငါ့ရဲ့ ချစ်သူဟောင်းတွေကို ဖြုန်းတီးပစ်ဖို့ ဘယ်လိုလုပ် စိတ်ဓာတ်ရှိပါ့မလဲ"
ကျိယွမ်က သေချာတွေးပြီးနောက် မှတ်ချက်ချ၏။
"ကြည့်ရတာ... တီးဝိုင်းအဖွဲ့၊ နာရေးအဖွဲ့နဲ့ ထမင်းကျွေးအဖွဲ့တွေအပြင် အလောင်းကောက်အဖွဲ့ တစ်ဖွဲ့ပါ ထပ်လိုဦးမယ်ထင်တယ်။"
"ဟူး... အရင်တုန်းက ငါ တကယ် တုံးအ ခဲ့တာပဲ။ အသက်ကြီးပြီး ရေမချိုးထားကြပေမဲ့ အဲဒီလို နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းတဲ့ လမင်းတွေကို တောထဲမှာ ဘာလို့ အပုပ်ခံခဲ့မိပါလိမ့်။"
"သူတို့ရဲ့ ရုပ်အလောင်းတွေကို တောခွေးတွေနဲ့ လင်းတတွေ စားသွားကြမှာပဲ။ ဘယ်လောက်တောင် နာကျင်စရာကောင်းပြီး နှမြောစရာကောင်းလိုက်သလဲ။"
"ဒီတစ်ခါ အထက်ဘုံကို သွားတဲ့အခါကျရင်တော့... ခြိုးခြံချွေတာတဲ့ အစဉ်အလာကို လိုက်နာပြီး ငါ့ရဲ့ လမင်းတိုင်းဟာ သေပြီးရင်တောင် အကျိုးရှိအောင် လုပ်ဆောင်ပေးရမယ်"
ချီချီက ဘာမှပြန်မပြောတော့ပေ၊ သူမ မွေးစားဖခင်၏ စရိုက်ကို ကောင်းကောင်းသိနေပြီ ဖြစ်သောကြောင့် အထူးမဆန်းမဖြစ်တော့ပါ။
ဖန်ထုံနယ်မြေတုန်းကတောင် နတ်ဘုရားအသစ်တွေရဲ့ စားပွဲသောက်ပွဲကို သွားတက်ဖို့ ဘယ်ရှေးဟောင်းနတ်ဘုရားကမှ မစဉ်းစားခဲ့ကြပေ။
ဒါပေမဲ့ ငါ့မွေးစားအဖေက ကပ်သီးကပ်သပ်တွေစဉ်းစားတတ်သလို တကယ်ဖြစ်အောင်လည်း လုပ်တတ်တဲ့သူပဲ။
ထို့နောက် ချီချီ၏ လမ်းညွှန်မှုဖြင့် ကျိယွမ်နှင့် သတို့သမီးလေးတို့သည် အနန္တအသွင်ကူးပြောင်းတံခါးဝသို့ ရောက်ရှိလာသည်။
ပြောရလျှင်အနန္တအသွင်ကူးပြောင်းတံခါးဝသည် မည်သည့်နေရာသို့မဆို သွားနိုင်သည့် အထွေထွေဝင်ပေါက်ကြီးနှင့် တူ၏။
ခရမ်းရောင် မြူခိုးများ ဖုံးလွှမ်းနေသော ထိုတံခါးသည် ယခုအခါ မူလသဘောတရား တံခါးဝအဖြစ် ပြောင်းလဲနေပြီ ဖြစ်ပြီး မည်သည့်ယန်နတ်ဘုရားကိုမဆို မြင်ရုံနှင့် လိုချငိလွန်း၍ ရူးသွပ်သွားစေနိုင်သော ရတနာတစ်ခု ဖြစ်နေလေပြီ။
၎င်းကို ဖွင့်လိုက်ပါက ယန်နတ်ဘုရားတစ်ပါးကို မြေအောက်ကမ္ဘာထဲသို့ မျှားခေါ်ပြီး ခြုံခိုတိုက်ခိုက်နိုင်သည်။
အကယ်၍ သူတို့ မြေအောက်ကမ္ဘာတွင် သေဆုံးသွားပါက သူတို့၏ စွမ်းအင်များမှာ လုံးဝ အလဟဿ ဖြစ်မည်မဟုတ်တော့ပေ။
"ဒါပေမဲ့...တကယ်လို့ ငါက မူလသဘောတရားအဆင့်တစ်ယောက်ကို မျှားခေါ်မိရင် ဘယ်လိုလုပ်မလဲ"
ကျိယွမ်က ထိုအချက်ကိုတော့ တွန့်ဆုတ်နေသည်။
မူလသဘောတရားနယ်ပယ်က ပုဂ္ဂိုလ်တွေ ဘယ်လောက်တောင် အစွမ်းထက်သလဲဆိုတာ သူ မသိသေးပေ။
အကယ်၍ စစ်မှန်ဗုဒ္ဓ တစ်ပါးတည်းဆိုပါက သူ ကိုင်တွယ်နိုင်လောက်၏။
ဒါပေမဲ့ အများကြီး လာမယ်ဆိုရင်တော့ ငါ သေနိုင်လောက်တယ်။
မဟာမူလသဘောတရားအဆင့်တွေဆိုရင်တော့... ပိုပြီး သန်မာမှာပဲ။
"ဒါကြောင့် ဒီထောင်ချောက်ကို ငါ အဆင့်မြှင့်ဖို့ လိုတယ်။ တစ်ယောက်ယောက်က အနန္တအသွင်ကူးပြောင်းတံခါးဝထဲ ဝင်လာရင် သူတို့ကို မြေအောက်ကမ္ဘာထဲ တန်းရောက်အောင် လုပ်လို့မဖြစ်ဘူး။ မြေအောက်ကမ္ဘာ ပျက်စီးသွားနိုင်တယ်"
ကျိယွမ်က သူ၏ဦးနှောက်ကို တစ်ဖန် အသုံးပြုလိုက်ပြန်သည်။
"ဖေဖေ... ဒီတံခါးရဲ့ အခြားတစ်ဖက်ကို နယ်မြေတွေကြားက ဟင်းလင်းပြင်နေရာလွတ်ထဲ ရွှေ့ထားရင်ကော။ ဒါဆိုရင် အစွမ်းထက်တဲ့ ရန်သူတစ်ယောက် ဝင်လာရင် သူတို့ကို ဟင်းလင်းပြင်ထဲကို ပို့ပစ်လိုက်လို့ရတာပေါ့"
ချီချီက အချိန်ကိုက် အကြံပေးလိုက်၏။
ကျိယွမ်၏ မျက်ဝန်းများမှာ အကြံဉာဏ်သစ်ကြောင့် ဝင်းလက်သွားသည်။
"ငါ့သမီးလေးကတော့ ငါ့ရဲ့ ဉာဏ်ပညာကို တကယ် အမွေရထားတာပဲ။ နင့်ရဲ့ ဉာဏ်ရည်က စစ်မှန်ပညာရှိကျိနဲ့တောင် ယှဉ်လို့ရနေပြီ။ ငါ့ကို အကြံကောင်းတစ်ခု ပေးလိုက်တာပဲ။"
ချီချီ၏ စကားများက ကျိယွမ်ကို အတွေးအများကြီး ပေါ်လာစေသည်။
လျူဖုန်းနယ်မြေတုန်းက အနန္တအသွင်ကူးပြောင်းတံခါးသော့ကို သုံးပြီး တံခါးဖွင့်လိုက်တုန်းက သူသည် သေဆုံးနေသော စကြဝဠာတစ်ခုသို့ ရောက်သွားခဲ့၏။
ဒါဆိုရင်... အခု အနန္တအသွင်ကူးပြောင်းတံခါးဝကို သူပိုင်ဆိုင်တဲ့ ကြယ်အမြုတေ စကြဝဠာဆီကို ဖွင့်လို့ရမလား။
တံခါးရဲ့ အခြားတစ်ဖက်ကို အဲဒီစကြဝဠာထဲမှာ ထားလို့ရနိုင်လား။
အကယ်၍ ရခဲ့မယ်ဆိုရင်...
ကျိယွမ်၏ မျက်ဝန်းများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။
အကယ်၍ သူက အာကာသတွင်းနက်အမြုတေတစ်ခု ဖန်တီးပြီး အနန္တအသွင်ကူးပြောင်းတံခါးဝရဲ့ တစ်ဖက်ကို အဲဒီဆီ ညွှန်ထားရင်ကော။
မူလသဘောတရားအဆင့် ယန်နတ်ဘုရားတစ်ပါးက လွတ်မြောက်နိုင်ပါ့မလား။
အကယ်၍ မလွတ်နိုင်ဘူးဆိုလျှင် သူတို့သည် ထောင်ပေါင်းများစွာ၊ သောင်းပေါင်းများစွာသော ကြယ်အမြုတေများ၏ တိုက်ခိုက်မှုကို ခံရမှာ အသေအချာပင်။
ပြီးတော့ အဲဒါတွေက ကောင်းကင်ယံက အလင်းပြန်ကြယ်ပုံရိပ်တွေ မဟုတ်ဘဲ တကယ့်ကြယ်အစစ်တွေလေ။
သူတို့ရဲ့ စွမ်းအားက... အများကြီး ပိုကြီးလိမ့်မယ်။
"တကယ်လို့ သူတို့က သိပ်သန်မာနေရင် စကြဝဠာရဲ့ အဝေးဆုံးနေရာဆီ ငါ ပို့ပစ်လိုက်မယ်။ ယန်နတ်ဘုရားတွေက မြန်တယ်ဆိုပေမဲ့ စကြဝဠာကို ဖြတ်ကျော်ဖို့ဆိုရင်တော့ အချိန်အများကြီး ပေးရမှာပဲ"
ကျိယွမ်က သူ၏ကိုယ်ပိုင် ပါရမီကိုပင် သူပြန်ပြီး အံ့ဩနေမိသည်။
ငါက ဘာလို့ဒီလောက်တော်နေရတာလဲ။
အကယ်၍ အနန္တအသွင်ကူးပြောင်းတံခါးဝက ငါ့ကို ငါ့ရဲ့ စကြဝဠာဆီ တကယ်ခေါ်သွားနိုင်မယ်ဆိုရင်ရော .
ဒါဆိုရင် မနိုင်တဲ့ ရန်သူနဲ့ တွေ့တဲ့အခါ တံခါးကနေတစ်ဆင့် ငါ့စကြဝဠာထဲ ဝင်ပုန်းပြီး တံခါးပိတ်ထားလိုက်လို့ ရတာပေါ့။
သူတို့က ငါ့ကို ဘယ်လိုလိုက်ဖမ်းမှာလဲ။
သို့သော် ထိုနည်းလမ်းက အသင့်အတင့် သန်မာငော ရန်သူတွေအတွက်ပဲ အလုပ်ဖြစ်နိုင်၏။ အကယ်၍ သူတို့က အစွန်းရောက် သန်မာနေလျှင် ကျိယွမ်မှာ တံခါးထဲသို့ မဝင်ခင်မှာတင် အသတ်ခံရနိုင်လေသည်။
သူသည် အနန္တအသွင်ကူးပြောင်းတံခါးဝကို အတန်ကြာစိုက်ကြည့်နေပြီးနောက် အနန္တအသွင်ကူးပြောင်းတံခါးသော့ကို ထုတ်ယူလိုက်ရင်း မျက်ဝန်းများမှာ ဝင်းလက်လာ၏။
"အနန္တအသွင်ကူးပြောင်းတံခါးဝ... ငါဘယ်သွားချင်လဲဆိုတာ မင်းသိပါတယ်"
ကျိယွမ်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သော့ကို ထိုးထည့်ကာ လှည့်လိုက်သည်။
ကလစ်ခနဲ အသံနှင့်အတူ တံခါးပွင့်သွားပြီး ရှေးကျကာ နက်နဲပြီး ဆိတ်သုဉ်းသော အရှိန်အဝါများ ထွက်ပေါ်လာ၏။
သတို့သမီးလေးကို တင်းတင်းပိုက်ထားရင်း၊ သူ၏ ညာဘက်မျက်ခုံးမှာလည်း လုံးဝ တည်ငြိမ်နေလျက် ကျိယွမ်သည် အနန္တအသွင်ကူးပြောင်းတံခါးဝအတွင်းသို့ တွန့်ဆုတ်မှုမရှိဘဲ ခြေချလိုက်တော့သည်။
"ဒီနေရာက... မျှော်လင့်ထားတဲ့အတိုင်းပဲ..."
ကျိယွမ်၏ အမြဲတမ်း တည်ငြိမ်နေတတ်သော အကြည့်များမှာ ယခုအခါ အံ့ဩလေးစားမှုများဖြင့် ပြည့်နှက်သွား၏။
သူ့ရှေ့တွင် ကျယ်ပြောလှပြီး အဆုံးမရှိသော ကြယ်တာရာမြစ်ကြီး တစ်စင်း တည်ရှိနေသည်။
နက်နဲသည်၊ အကန့်အသတ်မရှိ၊ ရှေးကျလှ၏။
ကောင်းကင်ဘုံကိုးထပ် ကြယ်တာရာနယ်မြေသည်ပင် ဤနေရာ၏ အရွယ်အစား သို့မဟုတ် သက်တမ်း၏ အစိတ်အပိုင်းလေးတစ်ခုနှင့်ပင် မယှဉ်နိုင်ပေ။
ကြယ်များ တောက်လောင်နေပြီး နေမင်းများ ပေါက်ကွဲနေကြသည်။
ရုတ်တရက် ကျိယွမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
စကြဝဠာ၏ အဝေးတစ်နေရာတွင် ပန်းရောင်ဂါဝန်နှင့် အမျိုးသမီးငယ်လေးတစ်ဦးသည် နတ်ဘုရားဥပဒေသများကို ရွတ်ဖတ်နေပုံရပြီး သူမ၏အသံမှာ ဗေဒင်ဟောကိန်းတစ်ခုကဲ့သို့ပင်။
ကြယ်တာရာများမှာ သူမ၏ ဂါဝန်အနားသတ်များတွင် အဆင်တန်ဆာလေးများကဲ့သို့ မျောပါနေကြသည်။
နတ်ဘုရားစွမ်းအားများ သူမထံမှ ထွက်ပေါ်နေပြီး သူမသည် ဧရာမ ကြယ်ကြီးတစ်လုံးကို ဖမ်းဆီးရန် ကြိုးစားနေပုံရ၏။
သူမ၏ မျက်နှာမှာ ဖြူလျော့နေပြီး ပုလဲကဲ့သို့ လှပသော မျက်နှာပေါ်တွင် ချွေးစက်များ ထွက်နေသည်။ သူမက နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူမ၏ အစွမ်းရှိသမျှ ဆွဲယူနေ၏။
ပူပြင်းလှသော ကြယ်ကြီးမှာ တောက်လောင်နေပြီး သူမ၏ လက်စများမှာ ပြာအဖြစ် ပြောင်းလဲသွားကာ တစ်ဖန် ပြန်လည်ပေါ်ထွက်လာသည်။
သူမ၏ နုနယ်သော လက်ကလေးက ကြယ်ကြီးကို တင်းတင်းဆုပ်ကိုင်ထားပြီး ၎င်းကို အမြုတေတစ်ခုအဖြစ် ပြုပြင်ရန် ကြိုးစားနေလေ၏။
သို့သော် ကြယ်ကြီးမှာ အလွန်ကြီးမားလွန်းသဖြင့် သူမ၏ ပုံရိပ်မှာ ၎င်းနှင့်ယှဉ်လျှင် အနန္တအထိ သေးငယ်နေပုံရသည်။
၄င်းကို မြင်လိုက်ရသောအခါ ကျိယွမ်၏ မျက်ဝန်းမှာမှာ စိုးရိမ်မှုများဖြင့်ပြည့်နှက်သွားသည်။
နင်းထောင်က ငါ့အတွက် အမြုတေတစ်ခု ဖန်တီးပေးဖို့ ကူညီပေးနေတာပဲ။
သဘာဝအတိုင်း အမြုတေအချင်းချင်းဝါးမျိုဖန်တီးသော လုပ်ငန်းစဉ်က အရမ်းနှေးလွန်းလေသည်။
နင်းထောင်၏ အကူအညီနှင့်ဆိုလျှင် ထိုလုပ်ငန်းစဉ်မှာ အများကြီး မြန်ဆန်သွားမည်ဖြစ်သည်။
"နင်းထောင်... ငါ မင်းကို ကူညီပါရစေ"
သူ၏ စကားနှင့်အတူ ကျိယွမ်၏ ဧရာမ ဓမ္မခန္ဓာကိုယ်ကြီး ပေါ်ထွက်လာသည်။
ဧရာမ သွေးရောင်ပုံရိပ်ကြီး ပေါ်လာသောအခါ စကြဝဠာ၏ အခြားတစ်ဖက်မှ နင်းထောင်က မော့ကြည့်လိုက်သည်။
သူမ၏ မျက်ဝန်းများတွင် မဖုံးကွယ်နိုင်သော ပျော်ရွှင်မှုများ ဝင်းလက်သွားသည်။
"ယောက်ျား"
အဝေးတစ်နေရာတွင် သူမကိုယ်သူမ ယပ်ခတ်ပေးနေသော ရွှေရောင် ငှက်ငယ်လေးမှာလည်း ဝမ်းသာအားရ ပြုံးလိုက်သည်။
"ကျိယွမ်"
ကျိယွမ်၏ ပုံရိပ်မှာ နင်းထောင်၏ ဘေးတွင် ပေါ်လာပြီး သူမနှင့်အတူ ပခုံးချင်းယှဉ် ရပ်လိုက်သည်။
ဧရာမ ကြယ်ကြီးမှာ ပြင်းထန်သော မီးတောက်များဖြင့် လောင်ကျွမ်းနေ၏။
၎င်းတွင် အသိဉာဏ်မရှိသော်လည်း ၎င်း၏ ကြီးမားလှသော ဒြပ်ထုမှာ ခုခံမှုတစ်မျိုး ဖြစ်နေသည်။
ဤကြယ်ကြီးမှာ အလွန်ကြီးမားလွန်းသဖြင့် ယန်နတ်ဘုရားအများစု၏ ဓမ္မခန္ဓာထက်ပင် ကြီးမားနေသည်။
အကယ်၍ ယန်နတ်ဘုရားငယ်တစ်ပါးသာ ၎င်းနှင့် တိုက်မိပါက သူတို့၏ ဓမ္မခန္ဓာမှာ ပြိုကွဲသွားပေလိမ့်မည်။
ထိုစဉ်မှာပင် ကျိယွမ်ကျမ်း၏ အမြုတေအခန်းမှာ အစွမ်းကုန် အလုပ်လုပ်လာသည်။
ကျိယွမ်နှင့် နင်းထောင်တို့၏ ထိန်းချုပ်မှုအောက်တွင် ဧရာမ ကြယ်ကြီးမှာ လည်ပတ်ပြောင်းလဲသွားပြီး နောက်ဆုံးတွင် အမြုတေတစ်ခုအဖြစ် ပေါင်းစုသွားတော့သည်။
အလုပ်ပြီးသည်နှင့် ခဏချင်းမှာပင် ဧရာမ ဓမ္မခန္ဓာမှာ ကွယ်ပျောက်သွား၏။
နူးညံ့သော ခန္ဓာကိုယ်နှစ်ခု ကျိယွမ်၏ ရင်ခွင်ထဲသို့ တိုးဝင်လာပြီး နူးညံ့သော နှုတ်ခမ်းများကလည်း သူ၏နှုတ်ခမ်းများကို စိတ်အားထက်သန်စွာ နမ်းရှိုက်လိုက်သည်။
မီးတောက်များမှာ ပူပြင်းလှသော်လည်း သူတို့၏ ရင်ထဲမှ အချစ်မီးမှာ ပို၍ပင် ပြင်းထန်နေပြီး လောင်ကျွမ်းသွားသော အဝတ်အစားများမှာ ပြန်လည်ပေါ်ထွက်မလာတော့ပေ။
အရင်တုန်းက ဆုံတွေ့ခဲ့စဉ်မှာတော့ နင်းထောင်နှင့်ကျူးယန်တို့သည် ပုံရိပ်ယောင်များ ၊ ကိုယ်ပွားများကတစ်ဆင့် ကျိယွမ်နှင့် ထိတွေ့ခဲ့ရခြင်းဖြစ်၏။
ဒါပေမဲ့ ယခုတော့ သူတို့၏ စစ်မှန်ခန္ဓာကိုယ်များဟာ ကျိယွမ်နဲ့ ပြန်လည်ဆုံတွေ့ခွင့် ရခဲ့လေပြီ။
နင်းထောင်၏ လှပသော မျက်ဝန်းများတွင် နွေဦးစိတ်ခံစားမှုများ ပြည့်နှက်နေသော်လည်း သူမက ကျိယွမ်ကို တွန်းထုတ်လိုက်သည်။
"ယောက်ျား... အခု သွားသင့်ပြီ"
ကျူးယန်ကလည်း နှမြောတသသော အကြည့်များဖြင့် ကျိယွမ်ကို ကြည့်နေ၏။
"ဟွန်း... ဒီစကြဝဠာထဲက အချိန်နဲ့ နေရာတွေက ယောက်ျားအပေါ်မှာပဲ မူတည်နေတာလေ။"
"ယောက်ျားရဲ့ ကမ္ဘာမှာ တစ်ရက်ဆိုရင် ဒီမှာက နှစ်ပေါင်းတစ်ရာပဲ။"
"ဒါပေမဲ့ ယောက်ျား ဒီမှာ ရှိနေရင်တော့ ဒီကအချိန်က ကန်းလန်နယ်မြေနဲ့ အတူတူပဲ ဖြစ်သွားမှာ။"
"ယောက်ျား ဒီမှာ အချိန်ဖြုန်းနေရင် အဖိုးတန်တဲ့ အချိန်တွေ ဆုံးရှုံးသွားမှာဖြစ်သလို အမြုတေတွေ ဖြစ်လာဖို့ကလည်း နည်းသွားလိမ့်မယ်။"
"တကယ်လို့ ယောက်ျားက ထိုက်ဟွမ်နန်းတော်ကို ရင်ဆိုင်ရတော့မယ်ဆိုရင် ဖြစ်နိုင်သမျှ အသာစီးရဖို့ လိုတယ်လေ"
နင်းထောင်က အလေးအနက် ရှင်းပြသည်။
ကြယ်ကြီး၏ အပူရှိန်ကြောင့်လားမသိ၊ သူမ၏ နှင်းကဲ့သို့ ဖြူစင်သော အသားအရေမှာ နီမြန်းနေသည်။
ကျိယွမ် စိတ်မကောင်း ဖြစ်သွား၏။
နင်းထောင်သည် ထိုက်ဟွမ်နန်းတော်ကို ရင်ဆိုင်ရာတွင် သူ့အတွက် အခွင့်အရေး ပိုရစေရန် ကြယ်အမြုတေများ ဖြစ်နိုင်သမျှ အများကြီး ဖန်တီးပေးဖို့ ကြိုးစားနေခြင်းကို သူ နားလည်ပါသည်။
နင်းထောင်က အဆုံးမရှိ ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်၏။
"ကျွန်မက အချိန်ကို ထိန်းချုပ်တာလေ ယောက်ျား။ နှစ်ပေါင်းများစွာ၊ ခေတ်အဆက်ဆက်ကို ထိန်းချုပ်တာ။ ကျွန်မတို့ အတူရှိဖို့အတွက် အချိန်တွေ အများကြီး ရှိပါသေးတယ်။ ဒါကြောင့် ဘာလို့ တွန့်ဆုတ်နေမှာလဲ"
ကျူးယန်ကလည်း စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြီး ပြုံးပြလိုက်သည်။
"ဟီးဟီး... ငါ ကျိယွမ်ကို သတိရရင် အချိန်မရွေး ဆင်းလာပြီး ကစားလို့ရတာပဲ။"
နင်းထောင်က ကျိယွမ်၏ နဖူးကို နူးညံ့စွာ နမ်းလိုက်သည်။
"ကျွန်မတို့က တရားဝင် လင်မယားတွေလေ။ ဘယ်လိုအန္တရာယ် ဒါမှမဟုတ် အခက်အခဲနဲ့ပဲ တွေ့တွေ့ အတူတူ ရင်ဆိုင်ရမှာပေါ့။
လျူဖုန်းနယ်မြေတုန်းက ယောက်ျားက ကျွန်မကို ကူညီခဲ့တယ်။ အခုတော့ ကျွန်မအလှည့်ပဲ"
"ယောက်ျားရဲ့ ရန်သူက မိန်းမရဲ့ ရန်သူပဲ။ယောက်ျားက ဒီလောက်အစွမ်းထက်တဲ့ ရန်သူကို တစ်ယောက်တည်း ရင်ဆိုင်ပြီး ဝန်ထုပ်ဝန်ပိုးတွေ ထမ်းနေရချိန်မှာ မိန်းမဖြစ်သူက ဘယ်လိုလုပ် အေးအေးဆေးဆေး နေနိုင်မှာလဲ။
ယောက်ျား နာကျင်ရင် မိန်းမလည်း ခံစားရမှာပဲ။ ယောက်ျားတစ်ယောက်တည်း သံယောဇဉ်ကြီးတာ မဟုတ်ပါဘူး။
ငါ နင်းထောင်ဆိုတာ ကမ္ဘာပေါ်မှာ အလှဆုံး အမျိုးသမီး ဖြစ်ရုံတင်မကဘူး၊ ယောက်ျားရဲ့ ဇနီး၊ မိသားစုနဲ့ ထောက်တိုင်လည်း ဖြစ်တယ်"
စကားပြောနေရင်း နင်းထောင်က ကျိယွမ်ကို ချစ်မြတ်နိုးစွာဖြင့် တင်းတင်းဖက်ထားလိုက်ပြန်သည်။
"အင်း"
ကျိယွမ်က စိတ်လှုပ်ရှားသောအသံဖြင့် ခေါင်းညိတ်လိုက်သည်။
"ငါ တကယ် ကံကောင်းတာပဲ။"
"ကျွန်မတို့ နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် ရှာတွေ့ခဲ့လို့ ကံကောင်းတာပါ။"
...........
စကြဝဠာ၏ ထိုအဝေးတစ်နေရာမှ ထွက်လာပြီးနောက် ကျိယွမ်သည် သူ၏ စိတ်ခံစားမှုများကို ဖယ်ထုတ်လိုက်သည်။
" ထိုက်ဟွမ်နန်းတော်... မင်းတို့ တကယ် လွန်လွန်းနေပြီ"
ကျိယွမ်က ကောင်းကင်ယံရှိ နေဆယ်စင်းကို မော့ကြည့်ရင်း ရေရွတ်လိုက်သည်။
ယခုအခါ ဗုဒ္ဓနတ်ဘုရား နည်းစနစ်များ ကျွမ်းကျင်မှုတို့ဖြင့် နင်းထောင်သည် ကြယ်အမြုတေများ ဖန်တီးရန် မမောမပန်း အလုပ်လုပ်နေ၏။
သူမ၏ လက်ထဲတွင် နတ်ဘုရားနည်းစနစ် တစ်ခု သို့မဟုတ် နှစ်ခုသည် ကြယ်အမြုတေ တစ်ခုနှင့် ညီမျှ၏။
ဤတစ်ခေါက် လာရောက်စဉ်မှာပင် နင်းထောင်သည် ကြယ်အမြုတေ အများအပြားကို စုဆောင်းထားပြီး ဖြစ်သည်။ သို့သော် သူမသည် ၎င်းတို့ကို ဤကမ္ဘာပေါ်သို့ သို့မဟုတ် ကောင်းကင်ယံတစ်ခွင်သို့ ပို့လွှတ်ခြင်း မပြုသေးပေ။
အကယ်၍ သူမ ထိုသို့လုပ်ဆောင်ပါက ထိုက်ဟွမ်နန်းတော်က သတိထားမိသွားနိုင်ရာ ၎င်းမှာ အန္တရာယ်ရှိနိုင်သည်။
လောလောဆယ်တွင် နေဆယ်စင်း ရှိနေခြင်းက အနေအထား အတော်ပင် ဖြစ်၏။
"အထက်ဘုံကို သွားရမယ့်အချိန် ရောက်ပြီ။"
ကျိယွမ်၏ စိတ်ထဲတွင် အတွေးမျိုးစုံ ဝင်လာသည်။
အထက်ဘုံသို့ သွားရန် နည်းလမ်းများစွာ ရှိသည်။
ပထမတစ်နည်းမှာ ကမ္ဘာများကြားရှိ ဟင်းလင်းပြင်နေရာလွတ်မှတစ်ဆင့် သွားခြင်း ဖြစ်သည်။
သို့သော် ဤလမ်းကြောင်းက သူ့ကို အထက်ဘုံ၏ ကျပန်းနေရာတစ်ခုသို့ ရောက်သွားစေမည် ဖြစ်သည်။
ကောင်းကင်ဘုံကိုးထပ်မှာ အလွန်ကျယ်ပြောလှရာ ယန်နတ်ဘုရားတစ်ပါးပင်လျှင် တစ်သက်လုံး စုံစမ်းလျှင်ပင် အကုန်မသိနိုင်ပေ။
ဒါကြောင့် ဒီလမ်းကြောင်းကတော့ မဖြစ်နိုင်ဘူး။
ဒုတိယနည်းမှာ ကန်းလန်နယ်မြေရှိ တယ်လီပို့စနစ်မှတစ်ဆင့် သွားခြင်း ဖြစ်သည်။
မဟာကပ်ဘေးကြီး၏ ခိုအောင်းရာနေရာတွင် တယ်လီပို့စနစ်တစ်ခု ရှိသည်။
သို့သော် ထိုစနစ်က ထိုက်ဟွမ်နန်းတော်သို့ တိုက်ရိုက်ရောက်ရှိမည်ဖြစ်ရာ အလွန်ပင် အန္တရာယ်များလှပြန်သည်။
တော်ကြာ စတောင်မစရသေးဘူး သေနေဦးမယ်။
လောလောဆယ်တွင် ကျိယွမ်သည် မူလသဘောတရားနယ်ပယ်မှ ယန်နတ်ဘုရားများအကြောင်း ရှင်းရှင်းလင်းလင်း မသိသေးပေ။
သူသည် သာမန်ခရမ်းရောင်နန်းတော် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သေးရာ ထိုက်ဟွမ်နန်းတော်၏ အရှင်သခင်ကို ရင်ဆိုင်ရန် အဆင်မပြေသေးပါ။
တတိယနည်းမှာ ဝမ်ယုကုန်းမြေတိုက်ကြီးရှိ တယ်လီပို့စနစ်မှတစ်ဆင့် သွားခြင်းဖြစ်သော်လည်း လောလောဆယ်တွင် ၄င်းကလည်း အလုပ်မလုပ်ပေ။
ကျိကျန့်ကျွင်း ငါးဖမ်းရာမှ ပြန်လာပြီး ကျိယွမ်ကို ပြောပြသည်မှာ လနတ်ဘုရားနန်းတော်သို့ သွားသော တယ်လီပို့စနစ်မှာ အကြောင်းပြချက်မရှိဘဲ ပိတ်ထားသည်ဟူ၏။
၄င်းမှာ လနတ်ဘုရားဘိုးဘေး မကြာခင်က ရရှိခဲ့သော ဒဏ်ရာများနှင့်ပတ်သက်နေသည်ဆိုတာ ကျိယွမ် မသိသေးပေ။
စတုတ္ထနည်းလမ်းမှာ ဗုဒ္ဓတိုင်းပြည်သို့ သွားရန် ဖြစ်သည်။
သို့သော် ပဉ္စမမြောက်နည်းလမ်းမှာ ကျိယွမ် ဦးစားပေးထားသော နည်းလမ်းဖြစ်သည်။
၎င်းမှာ ဝမ်ယုကုန်းမြေတိုက်ကြီးမှတစ်ဆင့် အောက်ဘုံရှိ မဟူရာနတ်ဆိုးချောက်နက်ကြီးသို့ သွားရောက်ပြီး၊ မိုလိုမျိုးနွယ်စု တည်ရှိရာ ပဉ္စမမြောက်ကောင်းကင်သို့ တက်လှမ်းရန် ဖြစ်သည်။
ဆဋ္ဌမမြောက်ကောင်းကင်တွင် တည်ရှိသော မဟူရာနတ်ဆိုးချောက်နက်ကြီးမှာ ထိုက်ဟွမ်နန်းတော်ထက် မနိမ့်ကျသော အထူးအင်အားစုကြီး ဖြစ်သည်။
ထိုနေရာရှိ အာဏာတည်ဆောက်ပုံမှာ ရှုပ်ထွေးလှပြီး အချို့သောအဖွဲ့အစည်းများသည် လနတ်ဘုရားနန်းတော်နှင့် အငြင်းပွားမှုများ ရှိနေကြသည်။
မိုလိုမျိုးနွယ်စုတွင် ကျောထောက်နောက်ခံ နှစ်ခုရှိသည်၊ တစ်ခုမှာ မဟူရာနတ်ဆိုးချောက်နက်ကြီးဖြစ်ပြီး အခြားတစ်ခုမှာ ထိုက်ဟွမ်နန်းတော် ဖြစ်သည်။
သို့သော် မဟူရာနတ်ဆိုးချောက်နက်ကြီးမှာ မာနကြီးပြီး သွေးမျိုးဆက်ကို အလွန်အရေးထားရာ မိုလိုမျိုးနွယ်စုက သူတို့၏ မျက်နှာသာပေးမှုကို အမြဲတစေ ကြိုးစားနေသော်လည်း သူတို့၏ ဆက်ဆံရေးမှာ ဝေးကွာနေဆဲ ဖြစ်သည်။ မဟူရာနတ်ဆိုးချောက်နက်ကြီးက သူတို့ကို ဂရုပင် သိပ်မစိုက်ပေ။
ရလဒ်အနေဖြင့် မိုလိုမျိုးနွယ်စုသည် နောက်ထပ် ကျောထောက်နောက်ခံအသစ်တစ်ခုအဖြစ် ထိုက်ဟွမ်နန်းတော်ဘက်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
"ငါ မိုလိုမျိုးနွယ်စုဆီကို အရင်သွားကြည့်မယ်။ ကျင်းလီက အခု နတ်ဆိုးချောက်ထဲမှာ ရှိနေတာ၊ အဲဒီမှာ သူမရဲ့ ရန်သူတွေထဲက တစ်စိတ်တစ်ပိုင်းက မိုလိုမျိုးနွယ်စုဝင်တွေပဲ"
--------