အခန်း (၄၀၈-၄၀၉)
Vol. 38 Ch. 408-409
အခန်း (၄၀၈) - အာဃာတအပေါ် ကျိယွမ်၏ မြင့်မြတ်သော တုံ့ပြန်မှု
"အိပ်ချင်လိုက်တာ"
စကြဝဠာ၏ အစွန်အဖျားမှ ထွက်ခွာလာပြီးနောက် အထက်ဘုံသို့ မည်သို့သွားရမည်ကို စဉ်းစားနေရင်း ကျိယွမ်၏ ပုံရိပ်မှာ နန်းဆောင်တစ်ခုထက်တွင် ဖျတ်ခနဲ ပေါ်လာသည်။
လောကသုံးထောင်ကို ဝါးမြိုထား၍ ဖြစ်ပေလိမ့်မည်။ အစားကောင်းများကို စားလွန်း၍ ဗိုက်ပြည့်သွားသောအခါ ငိုက်မြည်းလာခြင်းမှာ သဘာဝပင် ။
မလှမ်းမကမ်းတွင်ရှိသော ကျန်းလင်းစုမှာ ကျိယွမ်၏စကားကို ကြားလိုက်ရသဖြင့် သူမ၏ လှပသောမျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားသည်။ သူမ၏ ရင်အစုံမှာလည်း နူးညံ့စွာ လှုပ်ရှားနေပြီး ကျိယွမ်၏အာရုံကို ဆွဲဆောင်နေ၏။
၎င်းမှာ တစ်စုံတစ်ခုကို အရိပ်အမြွက်ပြနေသကဲ့သို့ပင် - "စီနီယာအစ်ကို... အိပ်ချင်ရင် ဒီမှာပဲ... ခဏလောက် အနားယူပါလား"
ကျိယွမ်က လှမ်းကြည့်လိုက်ရင်းမှ သူမ၏ နူးညံ့ပြီး မွှေးပျံ့သော နွေးထွေးမှုထဲတွင် နစ်မြုပ်ခဲ့ရသည့် နောက်ဆုံးအကြိမ်ကို ပြန်လည်အမှတ်ရမိသွားသည်။
ဒါက တကယ့်ကို နူးညံ့တဲ့ ကျောက်စိမ်းခေါင်းအုံးလေးပဲ။
ဒါကိုသုံးပြီး ငါ့ရဲ့ ခရမ်းရောင်နန်းတော် ကျင့်ကြံမှုကို စမ်းသပ်နေတာလား။
"ဒီလို နွေးထွေးတဲ့ ရင်ခွင်ထဲမှာ ငါ အသေမခံနိုင်ဘူး။ အထက်ဘုံကို သွားရဦးမယ်" ဟု ကျိယွမ်က တိုးတိုးလေး ရေရွတ်လိုက်၏။
သူမထံ လာရောက်ရသည့် ရည်ရွယ်ချက်မှာလည်း ဤကိစ္စကို အသိပေးရန်အတွက်သာ ဖြစ်ပေသည်။
ရှန်ကွမ်းဂိုဏ်း၏ ကျိစယ်တောင်ထိပ်တွင် သူနှင့် သူ၏ ဂျူနီယာညီမလေးသာ ကျန်ရှိတော့သည်။ဆရာဖြစ်သူက သူတို့အား အသိမပေးဘဲ ထွက်ခွာသွားခဲ့၏။ အကယ်၍ သူပလည်း သူမကို မပြောဘဲ ထွက်သွားပါက သူမ စိုးရိမ်နေပေလိမ့်မည်။
၎င်းမှာ မသင့်တော်လှပေ။
မူလနတ်ဘုရား မျှဝေခြင်းအသင်းနှင့် ရှင်းဟွာအဖွဲ့၏ဧကရာဇ်လေးပါးတို့ကိုမူ သူက ကျောက်စိမ်းပြားမှတစ်ဆင့် အကြောင်းကြားပြီး ဖြစ်သည်။
သူသည် ရင်းနှီးသူနှင့် အပေါ်ယံလူကို ခွဲခြားတတ်၏။လှပသော မိန်းကလေးကို သူငယ်ချင်းများထက် ပိုဦးစားပေးတတ်သည့် အကျင့်လေး အနည်းငယ်ရှိ
သည်ကိုတော့ သူလည်းမတတ်နိုင်ပေ။
ကျန်းလင်းစု၏ မျက်ဝန်းအိမ်ထဲမှ ပျော်ရွှင်မှုများမှာ မြန်ဆန်စွာ ပျောက်ကွယ်သွားပြီး တွန့်ဆုတ်မှုများဖြင့် အစားထိုးသွားသည်။
သို့သော် မကြာမီမှာပင် သူမက မျှော်လင့်ချက်အပြည့်ဖြင့် မော့ကြည့်ကာ မေးလိုက်၏။
"ဆရာတူအစ်ကိုကြီး... ဆရာက အထက်ဘုံမှာ ရှိနေတာ မဟုတ်လား။ ဆရာ့ကို သွားရှာဖို့ ကျွန်မလည်း လိုက်ခဲ့လို့ ရမလား"
ကျိယွမ်က စဉ်းစားလိုက်သည်။ သူတို့ဆရာမက အထက်ဘုံမှာ ရှိနိုင်သည်ဟူသော သူ၏ သံသယကို ယခင်က ကျန်းလင်းစုအား ပြောပြဖူးသဖြင့် သူမ သိနေသည်မှာ မထူးဆန်းပေ။
ကျိယွမ်က တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကျန်းလင်းစုက ဘေးသို့ တိုးလာပြီး သူ၏လက်မောင်းကို ဆွဲကာ သနားစဖွယ် တောင်းပန်လေသည်။
"ဆရာတူအစ်ကိုကြီး... ကျွန်မ ဘာပြဿနာမှ မရှာပါဘူး။ တကယ်လို့ ရှာခဲ့ရင်လည်း အစ်ကိုကြီးရဲ့ ခရမ်းရောင်နန်းတော်ထဲကိုပဲ ပြန်ပို့လိုက်ပေါ့"
"နော်လို့..."
"ညီမလေးက ဆရာမကို ဘယ်လောက် သံယောဇဥ်ရှိတယ်ဆိုတာ အစ်ကိုကြီးလည်း သိသားနဲ့ "
"တော်တော့... ဟန်မဆောင်နေနဲ့တော့"
ကျိယွမ်က အနည်းငယ် အနေရခက်စွာ ပြောလိုက်၏။
တစ်ခါမှ မမြင်ဖူးတဲ့ဆရာ့ကို သံယောဇဥ်တွယ်တယ်ဆိုတော့ ငါက ယုံရမှာလား။
ဤဂျူနီယာညီမလေးမှာ သရုပ်ဆောင် အလွန်တော်လွန်းလှသည်။
"ဒါဆို အစ်ကိုကြီး သဘောတူတယ်ပေါ့"
ကျန်းလင်းစုက မျက်တောင်လေး ခတ်လိုက်ပြီး သူမ၏ အသံမှာလည်း ပုံမှန်အတိုင်း ပြန်လည် တောက်ပသွားလေသည်။
"ဒါပေါ့၊ သွားကြစို့။ ငါတို့ မောင်နှမတွေ မသေမျိုးနယ်မြေကို အတူတူ သွားလေ့လာကြတာပေါ့"
ကျိယွမ်သည် သူ၏ "အဓိက ရင်းနှီးမြှုပ်နှံသူ" ဖြစ်သော ကျန်းလင်းစုအပေါ် အမြဲတမ်း ရက်ရောတတ်သည်။
သူ၏ သဘောတူညီချက်ကို ရရှိသောအခါ ကျန်းလင်းစုက တောက်ပစွာ ပြုံးလိုက်၏။ ထို့နောက် ခဏစဉ်းစားကာ မေးလိုက်သည်။
"အစ်ကိုကြီး... ကျွန်မ ရုပ်ဆိုးအောင် အသွင်ပြောင်းသင့်လား။ မသေမျိုးနယ်မြေကို ဒီလိုပင်ကိုယ်အလှအတိုင်း သွားရင်... တကယ်လို့ လူဆိုးတစ်ယောက်ယောက်က ကျွန်မကို သဘောကျပြီး အစ်ကိုကြီးကို ဒုက္ခပေးလာရင် ဘယ်လိုလုပ်မလဲ"
"ညီမလေး... မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ"
ကျိယွမ်က တဲ့တိုးပင် ပြန်ပြောလိုက်သော်လည်း ချစ်စနိုးအမှုအရာများ ပါဝင်နေသည်။
"မသေမျိုးနယ်မြေက လူတွေက ယဉ်ကျေးကြပါတယ်။ အဲဒီက နတ်သမီးတွေဆိုရင် လေတောင် မလည်ကြဘူး။ သူတို့က ဒီလို ရိုင်းစိုင်းတဲ့ အပြုအမူမျိုး ဘယ်လုပ်ပါ့မလဲ"
ကျန်းလင်းစုက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
"ဟုတ်သားပဲ။ အား... ဒါနဲ့ မှတ်တမ်းတင်ကျောက်တွေ အများကြီး ယူသွားရမယ်၊ အကုန်လုံးကို မှတ်တမ်းတင်ထားရအောင်"
သူမသည် ခရီးထွက်ရတော့မည့် မိန်းကလေးငယ်လေးတစ်ဦးကဲ့သို့ စိတ်လှုပ်ရှားနေသည်။
"မြန်မြန် ပြင်ဆင်တော့။ ငါတို့ မကြာခင် သွားရမယ်"
ကျိယွမ်က ပြောပြီးနောက် မေးလိုက်သည် ။
"ဒါနဲ့... မင်းအဖေကော ဘယ်မှာလဲ။ သူ ငါ့ကို ပြဿနာ လာရှာသေးလား"
အကယ်၍ သူက ပြဿနာ ဆက်ရှာနေမည်ဆိုပါက ကျိယွမ်သည် အထက်ဘုံသို့ အပြီးထွက်ပြေးရုံသာ ရှိသည်။ အထက်ဘုံမှာ ပိုပြီး ဘေးကင်းနိုင်သည် မဟုတ်ပါလား။
"သူကတော့..."
ကျန်းလင်းစုက ညည်းညူလိုက်၏။
"မကြာသေးခင်က သူ မွေးစားမြေးတစ်စု ရထားတယ်လေ"
"ဟားဟား။ ဒါဆိုရင် ညီမလေးက အမေ ဖြစ်တော့မှာပေါ့"
ကျန်းလင်းစု၏ နန်းဆောင်မှ ထွက်လာပြီးနောက် ကျိယွမ်သည် ကန်းလန်နယ်မြေရှိ အခြားနေရာများသို့ သွားရောက်ကာ လူအမျိုးမျိုးနှင့် တွေ့ဆုံခဲ့သည်။
ပထမဦးဆုံး သူသည် ဂိုဏ်းချုပ် ကုမုနှင့် တွေ့ဆုံပြီးနောက် ကန်းဖူလူနှင့် တွေ့ဆုံခဲ့၏။
ယခုအခါ ကုမုကျန့်ကျွင်းမှာ သူ၏ အထွတ်အထိပ် အချိန်သို့ ရောက်ရှိနေပြီး သာ့ရှန်းတိုင်းပြည်၏ဧကရီနှင့် လူသိရှင်ကြား တွဲနေပြီ ဖြစ်သည်။
ကန်းဖူလူမှာမူ လှပသောဆံပင်ဖြူများဖြင့် အရင်အတိုင်းပင် လူကြိုက်များဆဲ ဖြစ်၏။
ထို့နောက် ကျိယွမ်သည် သွေးဝတ်စုံမဟာမိတ်အဖွဲ့နှင့် မူလနတ်ဘုရား မျှဝေခြင်းအသင်းသို့ သွားရောက်ကာ မဟာဉာဏ်ပညာရှိနှင့် တွေ့ဆုံခဲ့သည်။
နောက်ဆုံးတွင် သူသည် ပိုင်ယွီတာကျွင်းနှင့် ကန်းလန်နယ်မြေ၏ အခြားသော အဆင့်မြင့်ပညာရှင်များနှင့် တွေ့ဆုံကာ နယ်မြေ၏ လေထုကို ပြုပြင်ပြောင်းလဲရန် ဆွေးနွေးခဲ့ပြန်သည်။
ငါးဝါသနာအိုးလေး ကျိကျန့်ကျွင်းမှာမူ လောကသုံးထောင်ထဲတွင် ငါးဖမ်းရန် ထွက်သွားခဲ့၏။
သူမသည် အထက်ဘုံသို့ သွားရန် သိပ်ပြီး စိတ်အားထက်သန်ပုံမရဘဲ "မေမေနဲ့ တွေ့ရင် ကျွန်မကိုယ်စား နှုတ်ဆက်ပေးလိုက်ပါဦး" ဟုသာ ပြောခဲ့လေသည်။
ကျိယွမ်မှာ သူ၏သမီးနှင့် ပတ်သက်၍ အခက်တွေ့နေရ၏။
ငါးဖမ်းရတာ တကယ်ပဲ အဲဒီလောက် စိတ်ဝင်စားဖို့ ကောင်းလို့လား။
နန်းဆောင်သို့ ပြန်ရောက်သောအခါ ကျိယွမ်က ကျန်းလင်းစုကို ဝတ်ရုံတစ်ထည် ကမ်းပေးလိုက်၏။
"ညီမလေး... ဒီဝတ်ရုံကို မြေအောက်ကမ္ဘာမှာ လုပ်ထားတာ။ အဲဒါက ခုခံနိုင်စွမ်းရော၊ အသွင်ဖျောက်နိုင်စွမ်းရော ပါတယ်"
"ဒါ့အပြင် ခြေရာခံတဲ့ အမှတ်အသားတွေကိုလည်း ပိတ်ဆို့ထားနိုင်တယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အချက်တစ်ခုရှိတယ် ၊ နင် ငါနဲ့ သိပ်ဝေးလို့ မရဘူး"
ထိုက်ဟွမ်နန်းတော်မှ အစွမ်းထက် ပုဂ္ဂိုလ်၏ အမှတ်အသားမှာ လောကသုံးထောင်ရှိ သက်ရှိများအတွင်း တည်ရှိနေဆဲ ဖြစ်သည်။
အကယ်၍ သူတို့သည် အနန္တအသွင်ကူးပြောင်းတံခါး၏ အကာအကွယ်မပါဘဲ ကျိယွမ်၏ မြေအောက်ကမ္ဘာမှ ထွက်ခွာခဲ့ပါက ထိုပုဂ္ဂိုလ်သည် အတွေးတစ်ချက်ဖြင့် သူတို့အားလုံးကို သုတ်သင်ပြီး အသက်များကို ရိတ်သိမ်းသွားနိုင်သည်။
ထို့ကြောင့် ကျိယွမ်က ထိုအမှတ်အသားကို ပိတ်ဆို့ရန်အတွက် ဤဝတ်ရုံကို ပြုလုပ်ရန် ချီချီကို အမိန့်ပေးခဲ့ခြင်း ဖြစ်၏။
သို့သော် ကျန်းလင်းစုသည် ဝတ်ရုံကို ဝတ်ထားသော်လည်း ကျိယွမ်နှင့် အလွန်အမင်း ဝေးကွာသွား၍ မရပေ။ မဟုတ်ပါက အနန္တအသွင်ကူးပြောင်းတံခါး၏ အာနိသင်မှာ ပျောက်ကွယ်သွားပေလိမ့်မည်။
ကျန်းလင်းစုက ဝတ်ရုံကို ရင်ခွင်ထဲပိုက်ကာ သက်ပြင်းချလိုက်သည်။
"ဒါက ဈေးကြီးမှာပဲနော်။ ကျွန်မရဲ့ သိုလှောင်အိတ်က အလွတ်ကြီးပဲ ၊ မဝယ်နိုင်ဘူး"
အဲဒီတုန်းကတော့ သူမသည် ဆရာတူအစ်ကိုကြီးရှေ့မှာ သူဌေးမလေးလို ဟန်လုပ်ပြီး သူ့ကို ထောက်ပံ့ဖို့ ငွေတွေကို ရက်ရက်ရောရော သုံးခဲ့ဖူးသည်။ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားဖို့ မလိုဘူးလို့တောင် ကြွားခဲ့သေးတာလေ။
ဒါပေမဲ့ အခုတော့...
"ဘာမှမဖြစ်ပါဘူး။ မင်း ငါ့ရဲ့ မြေအောက်ကမ္ဘာမှာ ရင်းနှီးမြှုပ်နှံထားတာပဲ မဟုတ်လား။ အတိုးတွေ အများကြီး ရနေပါပြီ"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
ထိုအခါမှသာ ကျန်းလင်းစု၏ စိတ်ထဲတွင် မမျှမတ ဖြစ်နေမှုများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
သူမက ကျိယွမ်အား ရှက်စနိုးဖြင့်ကြည့်ကာ ဆို၏။
"အစ်ကိုကြီး... ကျောပေးထားဦး၊ ကျွန်မ အဝတ်လဲမလို့"
ကျန်းလင်းစုက မျက်နှာလေးနီကာ ခိုင်းစေလိုက်သည်။
"ကောင်းပါပြီ"
ကျိယွမ်က လိမ်လိမ်မာမာပင် ကျောခိုင်းပေးလိုက်သည်။
တစ်လောကလုံးမှာ သူ၏ ခရမ်းရောင်နန်းတော်အတွင်း၌ ရှိနေသဖြင့် သူကြည့်ချင်လျှင် အကုန်မြင်နိုင်သော်လည်း အပြန်အလှန် လေးစားမှုကိုမူ ပြသရန် လိုအပ်ပေသည်။
မကြာမီမှာပင် အဝတ်လဲသံများ ရပ်တန့်သွားသည်။ ကျန်းလင်းစုသည် ချီချီလုပ်ပေးထားသော အစိမ်းရောင်ဂါဝန်လေးကို လဲလှယ်ဝတ်ဆင်ထားပြီး နတ်သမီးလေးတစ်ပါးကဲ့သို့ပင် ချစ်စရာကောင်းနေ၏။
သို့သော် ကျိယွမ်ကမူ ဤအရာမှာ သူမ၏ အပေါ်ယံသာ ဖြစ်သည်ကို သိနေသည်။ ၎င်း၏အောက်တွင် မတွန်းလှန်နိုင်သော ဆွဲဆောင်မှုများ ရှိလေသည်။
"ညီမလေး... အဆင်သင့်ဖြစ်ပြီလား။ အဆင်သင့်ဖြစ်ရင် အထက်ဘုံကို သွားကြစို့"
ကျိယွမ်သည် အတော်လေး တည်ငြိမ်နေ၏။
တစ်ဖက်တွင်လည်း အထက်ဘုံသို့ သွားခြင်းမှာ ဂိမ်းအသစ်တစ်ခု စတင်ရသကဲ့သို့ပင်။
အခြားတစ်ဖက်တွင်လည်း တစ်လောကလုံးမှာ သူ၏ ခရမ်းရောင်နန်းတော်အတွင်း၌ ရှိနေသဖြင့် အိမ်နှင့် ဝေးကွာနေသလို ခံစားရခြင်း မရှိပေ။
"အဆင်သင့်ပါပဲ"
ကျန်းလင်းစုက အလေးအနက် ခေါင်းညိတ်လိုက်သော်လည်း သူမ၏ ရင်ထဲတွင်မူ စိုးရိမ်စိတ် အနည်းငယ် ရှိနေသေးသည်။
ထို့နောက် ကျိယွမ် ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် အဝေးမှ အသံတစ်သံ ကြားလိုက်ရ၏။
"စီနီယာ... ကျွန်တော့်ကို စောင့်ပါဦး"
ရွှေရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ပေါ်လာပြီး သူ၏မျက်နှာမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
ကျိယွမ်ကို မြင်သောအခါ သူက လေးစားစွာ ဂါရဝပြုပြီး ပြောလိုက်သည်။
"စီနီယာ... စီနီယာက ကန်းလန်နယ်မြေကို ဝါးမြိုလိုက်ကတည်းက နတ်ဆိုးရမက်ဂိုဏ်းရဲ့ တယ်လီပို့စနစ်က အသုံးမဝင်တော့ဘူး။ ကျွန်တော်... ကျွန်တော် အထက်ဘုံကို ပြန်လို့ မရတော့ဘူး"
လာရောက်သူမှာ အခြားသူမဟုတ်ဘဲ ရှန်းဝူရှန်ပင် ဖြစ်၏။
သူသည် မူလက နတ်ဆိုးရမက်ဂိုဏ်းတွင် အေးအေးဆေးဆေး နေနေသော်လည်း... နောက်မှ သူ ပြန်လို့မရတော့ကြောင်း သိလိုက်ရခြင်း ဖြစ်သည်။
ထိတ်လန့်တကြားဖြင့် သူသည် ကျိယွမ်ကို လာရှာရတော့သည်။
အဆုံးတွင်တော့ သူသည် အောက်နယ်ပယ်သို့ လေ့ကျင့်ရန် လာခြင်းဖြစ်ပြီး အခြေချရန် လာခြင်း မဟုတ်ပါ။
"အဟမ်း..."
ကျိယွမ်က ချောင်းဟန့်လိုက်၏။ ဤကိစ္စမှာ သူ၏ အပြစ်လည်းတစ်စိတ်တစ်ပိုင်း ပါဝင်နေ၏။
"ငါ အထက်ဘုံရဲ့ ပဉ္စမမြောက်ကောင်းကင်ဘုံကို သွားမလို့။ မင်းလည်း လိုက်ခဲ့လို့ ရပါတယ်"
ရှန်းဝူရှန်မှာ အထက်ဘုံမှ ဖြစ်သဖြင့် ဒေသခံတစ်ယောက်ဟု ဆိုနိုင်သည်။ လမ်းပြတစ်ယောက် ပိုရှိနေခြင်းက မဆိုးလှပေ။
"ကျေးဇူးတင်ပါတယ် စီနီယာ"
ရှန်းဝူရှန်က သက်ပြင်းချလိုက်၏။
ပဉ္စမမြောက်ကောင်းကင်ဘုံမှာ ဖူထုတောင်နှင့် အလွန်ဝေးသော်လည်း အနည်းဆုံးတော့ ပြန်လမ်းရှိသွားပြီ မဟုတ်ပါလား။
အကယ်၍ သူသာ ကန်းလန်နယ်မြေမှာ ကျန်ခဲ့လျှင် တစ်သက်လုံး ပြန်နိုင်တော့မည် မဟုတ်ပေ။
"ကောင်းပြီ... သွားကြစို့"
ကျိယွမ်သည် ကျန်းလင်းစုကို ဖက်ကာ ရှန်းဝူရှန်ကို ဆွဲလိုက်ပြီး ခဏချင်းမှာပင် ပတ်ဝန်းကျင်လေထုမှာ ဖရိုဖရဲ ဖြစ်သွားတော့သည်။
အာရုံအားလုံးမှာ လက်တွေ့လောကမှ လုံးဝ ပြတ်တောက်သွားသကဲ့သို့ ပျောက်ကွယ်သွား၏။
သူတို့၏ အမြင်အာရုံ ပြန်လည်ကြည်လင်လာသောအခါ သူတို့ သုံးဦးမှာ ကမ္ဘာငယ်လေးတစ်ခုသို့ ရောက်ရှိလာကြသည်။
ဤကမ္ဘာငယ်လေးမှာ ဝမ်ယုကုန်းမြေတိုက်ကြီးနှင့် ဆက်သွယ်ထားပြီး ၎င်း၏ တယ်လီပို့စနစ်မှာ မိုလိုမျိုးနွယ်စု ပိုင်နက်ဖြစ်သော အထက်ဘုံ၏ ပဉ္စမမြောက်ကောင်းကင်ဘုံသို့ တိုက်ရိုက် ရောက်ရှိလေသည်။
ယင်းနတ်ဘုရား နှစ်ပါးမှာ တယ်လီပို့စနစ် အနီးတွင် ကင်းလှည့်နေကြပြီး ၎င်းကို စောင့်ကြပ်နေပုံရ၏။
သို့သော် ကျိယွမ်တို့ သုံးဦးမှာ သူတို့ရှေ့တည့်တည့်သို့ ရောက်ရှိလာသော်လည်း ထိုနတ်ဘုရားနှစ်ပါးမှာ သူတို့ ရှိနေမှန်းပင် မသိကြပေ။
ရှန်းဝူရှန်က တိုးတိုးလေး ပြောလိုက်သည်။
"မိုလိုမျိုးနွယ်စုက မဟူရာနတ်ဆိုးချောက်ကြီးကနေ ဆင်းသက်လာတာဖြစ်ပြီး လနတ်ဘုရားနန်းတော်နဲ့ စစ်ဖြစ်နေတာပါ။"
"စီနီယာ... ကျွန်တော်တို့က မိုလိုမျိုးနွယ်စုရဲ့ ပိုင်နက်ထဲကို သွားမှာဆိုတော့ သတိထားဖို့ လိုပါတယ်"
"ငါ သိပါတယ်"
ကျိယွမ်က ခေါင်းညိတ်လိုက်ပြီး တယ်လီပို့စနစ်ကို လှမ်းကြည့်လိုက်၏။
"သူများရဲ့ တယ်လီပို့စနစ်ကို ခိုးသုံးရတာ အားနာစရာကြီးပဲနော်။ အကယ်၍ အမိခံရရင် ငါတို့က ကိုယ်ကျင့်တရား မကောင်းဘူးလို့ အထင်ခံရမှာပေါ့"
ဤတစ်ခေါက် ကျိယွမ် အထက်ဘုံသို့ သွားရခြင်းမှာ ကျင်းလီနှင့် တွေ့ဆုံရန်၊ ဆရာသခင်ကို ရှာရန်သာမက မသေမျိုးနယ်မြေ၏ မတော်လျော်သော အပြုအမူများကို ပြုပြင်ရန်ဟူသော ကြီးမြတ်သော ရည်မှန်းချက်လည်း ပါဝင်နေပေသည်။
ဧကရာဇ်၏ စံနှုန်းများအရ မသေမျိုးနယ်မြေ၏ ကိုယ်ကျင့်တရားမှာ အတော်လေး ကောင်းမွန်နိုင်သော်လည်း...
နယ်မြေကြီးက ဒီလောက်ကျယ်တော့ လူဆိုးအချို့လည်း ရှိမှာပါပဲ။
သန့်စင်ပေးဖို့နေရာက အမြဲတမ်း ရှိနေမှာပါ။
ဒါပေမဲ့ အခုတော့ သူက သူများရဲ့ တယ်လီပို့စနစ်ကို ပိုက်ဆံမပေးဘဲ ခိုးသုံးတော့မည် ဖြစ်သည်။ အကယ်၍ လူသိသွားပါက အရှက်ရစရာ ဖြစ်မနေပေဘူးလား။
ရှန်းဝူရှန်က ခဏလောက် တွန့်ဆုတ်နေပြီး "ကျွန်တော်တို့ ဝိညာဉ်ကျောက်အချို့ ထားခဲ့သင့်သလား" ဟု မေးလိုက်၏။
"ငါ့မှာ ဝိညာဉ်ကျောက် အများကြီး မရှိဘူး"
ကျိယွမ်ကတော့ သူ၏ထုံးစံအတိုင်း ငွေကုန်ရမည်ကိစ္စဆိုလျှင် တွန့်တိုစွာ ပြောလိုက်သည်။
ထိုစဉ် ကျန်းလင်းစုက ဝင်ပြောလိုက်၏ ။
"ဆရာတူအစ်ကိုကြီး... မိုလိုမျိုးနွယ်စုက ကျွန်မတို့ရဲ့ ရန်သူ မဟုတ်လား"
ကျိယွမ်၏ မျက်ဝန်းများ ဝင်းလက်သွားသည်။
"ရန်သူ့ရဲ့ တယ်လီပို့စနစ်ကို သုံးတာက သူတို့ကို ရင်းနှီးတဲ့ယုံကြည်မှုကို ပြသတာပဲ။"
"ဒါကို သူတို့က အခကြေးငွေ တောင်းရဲတယ်ပေါ့၊ ဒါက သူတို့က မယုံကြည်တာပဲ။"
"သူတို့ တကယ် ယုတ်မာတယ်"
တွန့်ဆုတ်မှုမရှိဘဲ ကျိယွမ်၏ အစွမ်းထက်သော နတ်ဘုရားဝိညာဉ်မှာ ပျံ့နှံ့သွားသည်။
ရလဒ်အနေဖြင့် စောင့်ကြပ်နေသော ယင်နတ်ဘုရား နှစ်ပါးမှာ ထာဝရ အိပ်စက်သွားကြရ၏။
သူတို့၏ နတ်ဘုရားဝိညာဉ်များမှာပင် ငြိမ်းသတ်ခံလိုက်ရသည်။
ကျိယွမ်က လက်ကို ဆန့်ထုတ်ကာ သူတို့ကို ဖမ်းလိုက်၏။
"ငါတို့က သူတို့ရဲ့ မယုံကြည်မှုကို မေတ္တာနဲ့ တုံ့ပြန်သင့်တယ်။ သူတို့က ငါ့ကို မယုံကြည်ပေမဲ့ ငါကတော့ သူတို့ရဲ့ ရုပ်အလောင်းတွေကို ရက်ရက်ရောရော သိမ်းဆည်းပေးလိုက်မယ်"
သူသည် ယင်နတ်ဘုရား အလောင်းနှစ်ခုကို သူ၏ မြေအောက်ကမ္ဘာထဲသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ထည့်လိုက်သည်။
အသားလေး တစ်ဖဲ့ဆိုရင်တောင် အလဟဿ မဖြစ်သင့်ဘူးလေ။
ရှန်းဝူရှန်မှာ စကားပင် မပြောနိုင်တော့ပေ။ သူသည် ကျိယွမ်နှင့် အချိန်အတော်ကြာအောင် အတူရှိနေခဲ့သော်လည်း ယခုထိ အသက်ရှင်နေသေးသည်ကိုပင် ကျေးဇူးတင်မိသွားသည်။
"ကဲ... တယ်လီပို့စနစ်ပေါ်ကို ယုံကြည်မှုအပြည့်နဲ့ တက်ကြရအောင်၊ မိုလိုမျိုးနွယ်စုကို ငါတို့ရဲ့ ယုံကြည်မှုကို ပြလိုက်စမ်းပါ"
ကျိယွမ်က ကျန်းလင်းစုကို ဖက်ကာ တယ်လီပို့စနစ်ပေါ်သို့ တက်လိုက်၏။
ရှန်းဝူရှန်ကလည်း အလျင်အမြန် လိုက်ပါလာသည်။
တယ်လီပို့စနစ်မှာ တဖြည်းဖြည်း အသက်ဝင်လာ၏။
"အထက်ဘုံကို ရောက်တဲ့အခါ မြန်မြန်ပြေးကြရမယ်။"
"ငါက သူတို့ကို ယုံကြည်ပေမဲ့ သူတို့က ငါ့ကို မယုံကြည်ကြဘူးလေ"
ကျိယွမ်က တိုးတိုးလေး မှာကြားလိုက်၏။
သူ့မှာ အစွမ်းတွေ အများကြီး ရှိသော်လည်း
မိုလိုမျိုးနွယ်စု၏ ဌာနချုပ်တွင် သတိထားရန် လိုအပ်ပေသည်။
ဗုဒ္ဓဘာသာဝင်တွေရဲ့ အဆိုအရ မိုလိုမျိုးနွယ်စုမှာ မူလသဘောတရား နယ်ပယ် ယန်နတ်ဘုရားလေးဦး ရှိသည်။
ပိုပြီး အရေးကြီးတာက မိုလိုမျိုးနွယ်စုမှာ နတ်ဘုရားရတနာတွေလည်း ရှိနေခြင်းပင်။
အကယ်၍ ကျိယွမ်က သူတို့နယ်မြေမှာ တိုက်ပွဲစတင်ပြီး နတ်ဘုရားရတနာတွေ ကိုင်ထားသော မူလသဘောတရားအဆင့်လေးယောက်၏ ဝိုင်းရံမှုကို ခံရမယ်ဆိုလျှင် သူ ဒုက္ခရောက်နိုင်၏။
တယ်လီပို့စနစ် စတင်အသက်ဝင်လာသောအခါ ကျယ်ပြောလှပြီး လွှမ်းမိုးနိုင်သော စွမ်းအားတစ်ခု ဖြတ်သန်းသွားသည်။
ကျန်းလင်းစုက ကျိယွမ်ကို တင်းတင်းဖက်ထားပြီး သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးကို သူနှင့် အပြည့်အဝကပ်ထားလိုက်မိ၏။
အဆုံးတွင်တော့ သူမသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်မှာသာ ရှိသေးသဖြင့် ဤကဲ့သို့သော တယ်လီပို့စနစ်၏ စွမ်းအားကို တစ်ယောက်တည်း မခံနိုင်ပေ။
ရှန်းဝူရှန်မှာမူ ဖူထုတောင်၏ စစ်မှန်တပည့် ဖြစ်သည့်အားလျော်စွာ ဂိုဏ်းမှ ပေးထားသော ကာကွယ်ရေး ရတနာများ ရှိနေသဖြင့် တယ်လီပို့ဒဏ်ကို ခံနိုင်ရည် ရှိနေသည်။
အသက်ရှူဆယ်ကြိမ်ခန့် အကြာတွင်...
ပတ်ဝန်းကျင်မှာ ရုတ်တရက် ကြည်လင်သွားသည်။
"ပြေး"
ကျိယွမ်က ကျန်းလင်းစုနှင့် ရှန်းဝူရှန်ကို ဆွဲကာ ချက်ချင်းပင် ထွက်ပြေးလေသည်။
အထက်ဘုံတွင် တယ်လီပို့စနစ်ကို စောင့်ကြပ်နေသော မဟာအုပ်စိုးရှင်များမှာ ကြောင်အမ်းအမ်း ဖြစ်သွားတော့၏။
"တစ်ယောက်ယောက်... ရောက်လာတာလား"
"တယ်လီပို့ကို သွားစစ်စမ်း.."
"အဲ ဘာကို စစ်ရမှာလဲ ၊ ဘာမှ မရှိဘူလေ "
"ထားလိုက်ပါတော့၊ ကျင့်ကြံခြင်းကိုပဲ ဆက်လုပ်ရအောင်"
...........
မိုလိုမြင့်မြတ်မျှော်စင်မှာ မျှော်စင်ဟု ခေါ်သော်လည်း ၎င်း၏ ပိုင်နက်မှာ ကန်းလန်နယ်မြေထက် မငယ်လှပေ။
မြေပြင်မှ ကောင်းကင်ယံအထိ အလွန်အမင်း မြင့်မားစွာ တည်ရှိနေပြီး အဆင့်ပေါင်းများစွာ ခွဲခြားထားသည်။
ကောင်းကင်ယံတွင် မျောပါနေသော မြို့ပေါင်းများစွာ ရှိနေပြီး ၎င်းတို့သည် မိုလိုမြင့်မြတ်မျှော်စင်များကို ဝန်းရံထားကြ၏။
အောက်ဘက် မြေပြင်တွင်မူ သာမန်လူများသာ ရှိကြပြီး ကျင့်ကြံသူ အနည်းငယ်သာ ရှိသည်။
မျောပါနေသော မြို့များနှင့် မိုလိုမြင့်မြတ်မျှော်စင်များသည် ကျင့်ကြံသူများ နေထိုင်ရာ နေရာများ ဖြစ်၏။
ထိုအချိန်တွင် မျောပါနေသော မြို့တစ်မြို့ပေါ်၌ ကျိယွမ်က အကြောဆန့်ကာ သမ်းလိုက်သည်။
-"အထက်ဘုံက လေက ပိုပြီး ချိုမြိန်တာပဲ။ ဒါပေမဲ့... ယန်နတ်ဘုရားတွေ နေရာတိုင်းမှာ ရှိနေပြီး ဒဏ္ဍာရီလာအဆင့်တွေက ခွေးတွေလို ပေါနေတယ်လို့ ပြောကြတာ မဟုတ်လား"
"ဒီမြို့မှာတော့... ဒဏ္ဍာရီအဆင့်တွေကို ထားလိုက်ပါဦး၊ ယင်နတ်ဘုရား တစ်ပါးတောင် မတွေ့ပါလား"
ဤမျောပါနေသော မြို့မှာ အရွယ်အစားအားဖြင့် သာ့ရှန်းတိုင်းပြည်ထက် ပိုကြီးမားသည်။
မျောပါနေသော မြို့များစွာထဲတွင် ၎င်းမှာ သေးငယ်သော မြို့တစ်မြို့သာ ဖြစ်ပေ၏။
ရှန်းဝူရှန်က အားနာစွာ ရယ်လိုက်သည်။
"စီနီယာ... ယင်နတ်ဘုရားတွေဆိုတာ ဘယ်နေရာမှာမဆို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေပါပဲ"
အကယ်၍ သူသာ ယင်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိခဲ့ပါက စစ်မှန်တပည့်တစ်ဦးအနေဖြင့် အကြီးအကဲတစ်ဦး ဖြစ်လာရန် ချက်ချင်း လျှောက်ထားနိုင်ပေသည်။
မြင့်မြတ်နယ်မြေတစ်ခုရဲ့ အကြီးအကဲပေါ့။
မသေမျိုးနယ်မြေမှာ မြင့်မြတ်နယ်မြေများအပြင် အခြားသော ဂိုဏ်းပေါင်းများစွာ ရှိနေပြီး ၎င်းတို့ကို ရေတွက်ရန်ဆိုလျှင် အချိန်အများကြီး ပေးရပေလိမ့်မည်။
ဂိုဏ်းအချို့မှာ သန်မာကြပြီး သူတို့၏အမြင့်ဆုံး ကျင့်ကြံသူတွေက ဒဏ္ဍာရီအဆင့်များ ၊ မဟာအုပ်စိုးရှင်များ သို့မဟုတ် ယန်နတ်ဘုရားများ ဖြစ်ကြသည်။
အချို့ကတော့ ပိုပြီး အားနည်းကြပြီး သူတို့ရဲ့ အသန်မာဆုံး ပုဂ္ဂိုလ်တွေက ခရမ်းရောင်နန်းတော် ဒါမှမဟုတ် အမြုတေ အဆင့်မျာသာ ဖြစ်ကြသည်။
သူတို့က ရှန်ကွမ်းဂိုဏ်းကိုတောင် မမီကြပေ။
"ဒါဆို ငါ့ရဲ့ ခရမ်းရောင်နန်းတော် ကျင့်ကြံမှုက ဘယ်အဆင့်မှာ ရှိနေတာလဲ"
ကျိယွမ်က တိုးတိုးလေး မေးလိုက်၏။
ရှန်းဝူရှန်မှာ ခဏလောက် မှင်တက်သွားသည်။
စီနီယာက ကိုယ့်ကိုယ်ကိုယ် ခရမ်းရောင်နန်းတော် ကျင့်ကြံသူလို့ ခေါ်နေတုန်းပဲလား။
"မြင့်မြတ်နယ်မြေတွေရဲ့ အပြင်ဘက်မှာဆိုရင် ခရမ်းရောင်နန်းတော် ကျင့်ကြံသူတွေကို မဟာဆရာကြီးတွေလို့ ခေါ်ကြပါတယ်"
"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ငါကတော့ ဒေသခံ လူမိုက်ကြီး ဖြစ်နေပြီပေါ့"
ကျိယွမ်က ပြောလိုက်ရင်းမှ သူ၏ မျက်ဝန်းများမှာ အဝေးမှ မိုလိုမြင့်မြတ်မျှော်စင်ဆီသို့ ဦးတည်ကာ တောက်ပနေ၏။
သူ၏ အကြည့်များမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေ၏။
"အဲဒီမှာ... ရေမချိုးထားတဲ့ မျှော်လင့်ခြင်းလမင်းတွေ အများကြီး ရှိမှာပဲ"
ရှန်းဝူရှန်က ထိုစဉ်မှာပင် ဝင်ပြောလိုက်သည်။
"မိုလိုမျိုးနွယ်စုမှာ စုစုပေါင်း မိုလိုမြင့်မြတ်မျှော်စင် ကိုးဆယ့်ကိုးခု ရှိပါတယ်"
"ဒီမျှော်စင် ကိုးဆယ့်ကိုးခုလုံးက တစ်ခုနဲ့တစ်ခု ဆက်သွယ်ထားတာပါ။"
"စီနီယာ... တကယ်လို ပဉ္စမနဲ့ ဆဋ္ဌမ ကောင်းကင်ဘုံကြားက နတ်ဆိုးချောက်နက်ကို သွားချင်တယ်ဆိုရင် မိုလိုမြင့်မြတ်မျှော်စင်တွေကို ဖြတ်သွားရမှာပါ"
ကောင်းကင်ဘုံကိုးထပ်ထဲက တစ်ခုချင်းစီကို စိတ်တိုင်းကျ ဖြတ်ကျော်လို့ မရပေ။
မြင့်မြတ်နယ်မြေတွေကို ဖြတ်သွားရမည် ဖြစ်၏။
သာမန်ကျင့်ကြံသူတွေအတွက်ကတော့ အခွင့်အရေးကောင်း မရှိလျှင် သူတို့၏ ဘဝသက်တမ်းတစ်လျှောက်လုံးမှာ သက်ဆိုင်ရာ ကောင်းကင်ဘုံကနေ ထွက်ခွာနိုင်မည် မဟုတ်ပေ။
ကျိယွမ်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။
"ဘယ်လို အရည်အချင်းရှိမှ ဖြတ်သွားလို့ရမှာလဲ။ ငါ အတင်းအဓမ္မ ဖြတ်သွားလို့ ရမလား"
ရှန်းဝူရှန်မှာ ချွေးစေးများ ထွက်လာ၏။
"ကျွန်တော်က ဆင်းလာတဲ့နည်းပဲ သိတာပါ၊ တက်တဲ့နည်းတော့ မသိပါဘူး။ အကယ်၍ အတင်းတက်ဖို့ ကြိုးစားရင်... မူလသဘောတရား အစည်းအရုံးက ထားခဲ့တဲ့ ကန့်သတ်ချက်တွေကို ထိမိသွားနိုင်ပါတယ်။ ယန်နတ်ဘုရားတွေတောင် မသေမျိုးနယ်မြေရဲ့ ဟင်းလင်းပြင်ထဲကို ပို့ထုတ်ခံရနိုင်ပါတယ်"
"ဟူး... မင်းက သိပ်ပြီး အသုံးမကျတဲ့ လမ်းပြပဲ။ ဝူထျန်းကိုပဲ မေးတာက ပိုကောင်းဦးမယ်"
ကျိယွမ်က ရှန်းဝူရှန်အပေါ် စိတ်ပျက်စွာ ပြောလိုက်သည်။
အထက်ဘုံကို လာပြီးနောက် ရှန်းဝူရှန်က လမ်းပြအဖြစ် လုပ်နိုင်မယ်လို့ သူ ထင်ခဲ့၏။
ဒါကြောင့် သူ့ကို မေးခွန်းတွေ အများကြီး မေးခဲ့ပေမယ့်...
သူက ဘာမှ မသိပါလား။
သူက တကယ့် ဒေသခံတစ်ယောက်နဲ့တောင် မတူပေ။
ရှန်းဝူရှန်မှာတော့ အနည်းငယ် စိတ်မကောင်း ဖြစ်သွားသည်။
တစ်ဖက်တွင်လည်း ကျိယွမ်သည် သူ၏ စိတ်ဝိညာဉ်ဖြစ်သော ဝူထျန်းဗုဒ္ဓနှင့် ဆက်သွယ်လိုက်၏။
လောလောဆယ်တွင် ဝူထျန်းသည် ပဉ္စမမြောက်ကောင်းကင်ဘုံ၏ အဝေးတစ်ဖက်တွင် တည်ရှိသော ဗုဒ္ဓတိုင်းပြည်၌ ရှိနေသည်။
မကြာမီ ကျိယွမ်သည် ဝူထျန်းဗုဒ္ဓထံမှ အဖြေကို ရရှိလိုက်၏။
ဆဋ္ဌမမြောက်ကောင်းကင်ဘုံသို့ တက်လှမ်းရန် ကောင်းကင်ဖြတ်သန်း ကျောက်စိမ်း လိုအပ်ပေသည်။
ပုံမှန်အားဖြင့် မိုလိုမျိုးနွယ်စုမှ ယန်နတ်ဘုရားများတွင် ကောင်းကင်ဖြတ်သန်း ကျောက်စိမ်း အနည်းငယ် ရှိကြ၏။
မိုလိုမြင့်မြတ်မျှော်စင်များအတွင်း၌လည်း ကောင်းကင်ဖြတ်သန်း ကျောက်စိမ်းအချို့ ရှိနေနိုင်ပေသည်။
ကျိယွမ်သည် ရှေ့မှ မိုလိုမြင့်မြတ်မျှော်စင်ကို မျှော်လင့်ချက်များဖြင့် စိုက်ကြည့်လိုက်၏။
"မိုလိုမြင့်မြတ်မျှော်စင်ကို သွားကြစို့"
သူ့မှာ အစီအစဉ်တစ်ခု ရှိနေလေပြီ ။
ပြီးပြည့်စုံတဲ့ အစီအစဉ်ပေါ့။
အကယ်၍ ကောင်းကင်ဖြတ်သန်း ကျောက်စိမ်းကို ရှာမတွေ့ရင်တောင် မျှော်လင့်ခြင်းလမင်းတစ်စင်းလောက်တော့ ရှာရမှာပဲ။
ငါ့ရဲ့ ခရမ်းရောင်နန်းတော်ကို သုံးပြီး မိုက်မဲတဲ့ လမင်းတွေကို မျှားယူတာကတော့ မလွန်ဘူး မဟုတ်လား။
-----------
အခန်း (၄၀၉) - မဟူရာနတ်ဆိုးချောက်နှင့် သွေးမျိုးဆက်
မိုလို မြင့်မြတ်မျှော်စင်သည် ကျေးလက်ရွာလေးနှင့် နှိုင်းယှဉ်လျှင် စည်ကားသော မြို့ကြီးတစ်မြို့ကဲ့သို့ပင်ဖြစ်နေပြီး ဝိညာဥ်စွမ်းအင် သိပ်သည်းဆမှာလည်း မျောပါနေသော မြို့များထက် များစွာ သာလွန်သည်။
မိုလို မြင့်မြတ်မျှော်စင်တွင် နေထိုင်သော လူသားများသည် သူတို့၏ သက်တမ်းကို နှစ်ဆနီးပါးအထိ တိုးမြှင့်နိုင်ကြ၏။
ဤအတောအတွင်း ကျိယွမ်သည် သူ၏ ခန္ဓာကိုယ်ကို သန့်စင်ရန် ကောင်းကင်ဘုံစွမ်းအင်များကို အသုံးပြုနေခဲ့ရာ သူ၏ အရေပြားမှာ တဖြည်းဖြည်း ဖြူစင်ဝင်းပလာခဲ့သည်။
သူ၏ ဖြူစင်မှုမှာ နင်းထောင်၏ အေးစက်ဖြူဖျော့သော အသားအရည်နှင့် မတူဘဲ အပြစ်အနာအဆာကင်းစင်သော သန့်ရှင်းမှုမျိုးဖြစ်၏။
ဘေးတွင် ရပ်နေသော ကျန်းလင်းစုမှာ ငေးကြည့်ရင်း မနာလိုဖြစ်နေရှာသည်။
"ကျွန်မလည်း ယင်နတ်ဘုရား ဖြစ်ချင်လိုက်တာ"
ကျိယွမ်ကို ကြည့်ရင်း သူမမှာ အားကျစိတ်ရော၊ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်မှုပါ ခံစားနေရသည်။
အဆုံးတွင်တော့ သူမ၏ အသားအရည်မှာ ယောက်ျားတစ်ယောက်ဖြစ်သောကျိယွမ်နှင့် နှိုင်းယှဉ်လျှင် ပြည့်စုံမှု လျော့နည်းနေသကဲ့သို့ ခံစားရသောကြောင့် ဖြစ်၏။
"ဒီကိုရောက်ပြီဆိုတော့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါ"
ကျိယွမ်က ကျန်းလင်းစု၏ ဆံပင်များကို သပ်ပေးရင်း ပြောလိုက်သည်။
သူတို့ သုံးဦးမှာ ကျိယွီကောင်းကင်ဘုံဟု လူသိများသော မိုလို မြင့်မြတ်မျှော်စင်၏ အဆင့်တစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။
ဤအဆင့်မှာ စည်ကားမှု အရှိဆုံးဖြစ်ပြီး လာရောက်လည်ပတ်သော ကျင့်ကြံသူ အရေအတွက်လည်း အများဆုံး ဖြစ်သည်။ အခြားသော ကောင်းကင်ဘုံများမှ မြင့်မြတ်နယ်မြေများနှင့် ပဉ္စမမြောက်ကောင်းကင်ဘုံရှိ ဂိုဏ်းအသီးသီးတို့သည် ဤနေရာတွင် အခြေစိုက်စခန်းများ ဖွင့်လှစ်ထားကြ၏။
မိုလိုမျိုးနွယ်စု နေထိုင်ရာ ဒေသမှာ မိလော့အလင်းတန်းများ ကြွယ်ဝသော ဒေသဖြစ်ပြီး ၎င်းမှာ နတ်ဘုရားနယ်ပယ်ကို ချဲ့ထွင်ရာတွင် အလွန်တန်ဖိုးရှိသော အရင်းအမြစ်တစ်ခု ဖြစ်သည်။ ယန်နတ်ဘုရား ကောင်းကင်အရှင်သခင်များအတွက်လည်း လောကပေါင်းစုံကို အလင်းပေးရာတွင် အထောက်အကူပြုသဖြင့် အလွန်အသုံးဝင်ပေသည်။
ထို့ကြောင့် အစွမ်းထက်သော အင်အားစုများစွာမှာ မိလော့အလင်းတန်းများကို စုဆောင်းရန်အတွက် မိုလိုမျိုးနွယ်စု၏ ပိုင်နက်အတွင်း အခြေစိုက်စခန်းများ ထားရှိကြခြင်းပင်။
ကျိယွီကောင်းကင်ဘုံအတွင်း လှည့်လည်သွားလာနေစဉ် အစွမ်းထက်သော အရှိန်အဝါများမှာ အလင်းတန်းများအဖြစ် ရံဖန်ရံခါ ဖြတ်သန်းသွားတတ်၏။
ကြီးကျယ်ခမ်းနားသော မြို့တော်ကြီး၏ လူအုပ်ကြားထဲတွင် သူတို့ သုံးဦးမှာ တည်ငြိမ်စွာ ဖြတ်သန်းသွားလာနေကြသည်။
ဤကြီးမားသော မြို့ကြီးမှာ ကျိယွီကောင်းကင်ဘုံ၏ ဗဟိုချက်ဖြစ်ပြီး ကောင်းကင်ဘုံအသီးသီးမှ မြင့်မြတ်နယ်မြေများ၏ အခြေစိုက်စခန်းများ တည်ရှိရာ နေရာဖြစ်၏။
"ဖူထုတောင်ကတော့ တကယ်ကို အဆင့်မရှိတာပဲ၊ ဒီမှာ အခြေစိုက်စခန်းလေးတောင် မရှိဘူး"
ကျိယွမ်က သက်ပြင်းချလိုက်သည်။
"အဟမ်း... ဖူထုတောင်ဆိုတာ ဒုတိယမြောက်ကောင်းကင်ဘုံရဲ့ မြင့်မြတ်နယ်မြေလေးတစ်ခုပဲလေ။ ဒီမှာ အခြေစိုက်စခန်း မရှိတာက... သဘာဝကျပါတယ်"
ရှန်းဝူရှန်က အနေရခက်စွာ ပြန်ပြောလိုက်၏။
ဖူထုတောင်တွင် ယန်နတ်ဘုရား တစ်ပါးသာ ရှိပြီး ၎င်းမှာလည်း ကောင်းကင်ဘုံ၌နေရာယူခြင်းနယ်ပယ် အဆင့်တွင်သာ ရှိသေးသဖြင့် မိုလိုမျိုးနွယ်စု၏ ပိုင်နက်အထိ လက်တံဆန့်နိုင်ရန် ခဲယဉ်းလှပေသည်။
"ဒီတစ်ခါတော့ ပိုပြီး အင်အားကြီးတဲ့ အဖွဲ့အစည်းတစ်ခုခုထဲ ဝင်ရမယ် ထင်တယ်"
ကျိယွမ်က တွေးတွေးဆဆပြောရင်း စဉ်းစားခန်း ဖွင့်လိုက်၏။
မိုလို မြင့်မြတ်မျှော်စင်အတွင်း ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားနေခြင်းမှာ ပညာရှိရာမကျပေ။ ၎င်းမှာ ယန်နတ်ဘုရားများ၏ အာရုံစိုက်မှုကို အလွယ်တကူ ရရှိသွားစေနိုင်သည်။
အထူးသဖြင့် သူပြုလုပ်ရန် စီစဉ်ထားသော လုပ်ရပ်ကြီးများမှာ ယန်နတ်ဘုရားများ၏ သတိထားမှုကို မလွဲမသွေ ဆွဲဆောင်ပေလိမ့်မည်။
အဖွဲ့အစည်းတစ်ခုခုတွင် ဧည့်သည်အကြီးအကဲအဖြစ် ဝင်ရောက်ခြင်းမှာ အခမဲ့ တည်းခိုခွင့်နှင့် စားသောက်ခွင့်ရရုံသာမက သူ၏ ပါရမီနှင့် ကြိုးစားမှုများကြောင့် ချမ်းသာသော မူလသဘောတရားနယ်ပယ်မှ သခင်မတစ်ဦးဦး၏ မျက်စိကျခြင်းကို ခံရနိုင်သည် မဟုတ်ပါလား ။
ငါက ရုပ်ခံလေးလည်းရှိတော့ ဖြစ်နိုင်တယ် ။
ထိုသို့ဖြစ်လာပါက တကယ်ကို ပျော်စရာကောင်းပေလိမ့်မည်။
ထို့ပြင် အဖွဲ့အစည်းတစ်ခု၏ အစိတ်အပိုင်း ဖြစ်နေခြင်းက ကျန်းလင်းစုနှင့် ရှန်းဝူရှန်တို့ကို အခြေချပေးရန်လည်း ပိုမိုလွယ်ကူစေ၏။
ထိုစဉ် ကျိယွမ်သည် နန်းဆောင်တစ်ခုထက်တွင် ရပ်ရင်း အဝေးမှ နံရံတစ်ခုပေါ်တွင် ကပ်ထားသော "အလုပ်ခေါ်စာ" များစွာကို ကြည့်နေ၏။ အောက်ဘက်တွင် ကျင့်ကြံသူများစွာမှာလည်း ထိုစာများကို စိတ်ဝင်တစား ဖတ်ရှုနေကြသည်။
"ရွှမ်ယွန်းတောင်မှာ ယင်နတ်ဘုရား ဧည့်သည်အကြီးအကဲ ၃ ဦး အလိုရှိသည်။ မဟာအုပ်စိုးရှင်အဆင့်များကို ဦးစားပေးမည်။ လစာ ညှိနှိုင်းနိုင်သည်။ ခရမ်းရောင်နန်းတော် ကျင့်ကြံသူ အချို့လည်း အလိုရှိသည်။ ၁၀ နှစ်စာ လစာမှာ ကောင်းကင်ဘုံကျောက်စိမ်း တစ်တုံး ဖြစ်သည်။"
"ယွီရှန်းတံခါးမှ ခရမ်းရောင်နန်းတော် အဆင့် ကိုးကွယ်ခံကျင့်ကြံသူများ ခေါ်ယူနေသည်..."
"ထိုက်ဟွမ်နန်းတော်မှ ကိုးကွယ်ခံကိင့်ကြံသူများ ခေါ်ယူနေသည်။ သတ်မှတ်ချက် - ဒဏ္ဍာရီလာအဆင့် ဖြစ်ရမည်..."
"မဟူရာနတ်ဆိုးချောက်..."
ကျိယွမ်၏ အကြည့်မှာ ထိုက်ဟွမ်နန်းတော်၏ အလုပ်ခေါ်စာပေါ်သို့ ရောက်ရှိသွားသော်လည်း သူက ချက်ချင်းပင် ထိုအကြံကို ပယ်ဖျက်လိုက်၏။ လောလောဆယ်တွင် ထိုက်ဟွမ်နန်းတော်မှ ပုဂ္ဂိုလ်နှင့် ဝေးဝေးနေခြင်းက ပိုကောင်းပေလိမ့်မည်။
"ဒီ မိုလို မြင့်မြတ်မျှော်စင်မှာ ဆဋ္ဌမမြောက်ကောင်းကင်ဘုံက မြင့်မြတ်နယ်မြေ ၄ ခုရဲ့ အခြေစိုက်စခန်းတွေ ရှိပါတယ်။ ကျန်တာတွေကတော့ ပဉ္စမမြောက်ကောင်းကင်ဘုံက များပါတယ်။ စတုတ္ထမြောက်ကောင်းကင်ဘုံနဲ့ အောက်ဘက်က အဖွဲ့တွေကတော့ အတော်ကို ရှားတယ်"
ရှန်းဝူရှန်က သူ၏ ဗဟုသုတများကို ပြန်လည် ထုတ်ကြွားလိုက်သည်။
ယခင်က မသေမျိုးနယ်မြေ၏ ဒေသခံစစ်စစ် မဟုတ်ဟု အပြောခံရပြီးနောက် ယခုအခါ သူက နယ်ပယ်များအကြောင်း သိရှိနားလည်ကြောင်း သက်သေပြရန် ကြိုးစားနေခြင်း ဖြစ်၏။
ဆဋ္ဌမမြောက်ကောင်းကင်ဘုံရှိ နာမည်ကြီး အင်အားစုကြီးများအကြောင်းကိုတော့ သူနည်းနည်းပါးပါး သိပေသေးသည်။
"မဟူရာနတ်ဆိုးချောက် အကြောင်းကို မင်း ဘယ်လိုထင်လဲ"
ကျိယွမ်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
ရှန်းဝူရှန်၏ မျက်နှာမှာ တည်ကြည်သွားပြီး ပြန်ဖြေလိုက်၏ ။
"ဆဋ္ဌမမြောက်ကောင်းကင်ဘုံရဲ့ ထိပ်တန်း မြင့်မြတ်နယ်မြေတိုင်းမှာ ကိုယ်ပိုင် ထူးခြားချက်တွေ ရှိပါတယ်။"
"မဟူရာနတ်ဆိုးချောက်ကတော့ မူလသဘောတရား နယ်ပယ်ထဲက ယန်နတ်ဘုရား ကောင်းကင်အရှင်သခင်တွေ အများကြီး ရှိတာကြောင့် ထူးခြားနေတာပါ။"
"အတိအကျ ဘယ်လောက်ရှိလဲဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး။"
"အဲဒီအချက်ကြောင့်ပဲ မဟူရာနတ်ဆိုးချောက်အတွင်းမှာ အုပ်စုဖွဲ့မှုတွေက အင်မတန် ရှုပ်ထွေးပြီး ပြိုင်ဘက်အုပ်စုတွေလည်း အများကြီး ရှိနေတာပါ။"
"ဒါတောင်မှ မဟူရာနတ်ဆိုးချောက်က ဆဋ္ဌမမြောက်ကောင်းကင်ဘုံရဲ့ ထိပ်တန်း အင်အားစု ၁၀ ခုထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်"
"မျှော်လင့်ခြင်းလမင်းတွေ အဲဒီလောက်တောင် များတာလား"
ကျိယွမ်၏ မျက်ဝန်းများ ဝင်းလက်သွားသော်လည်း သူက ချက်ချင်းပင် စိတ်ကို ပြန်ထိန်းလိုက်၏။
သူက သူတို့နှင့် မတွေ့ရသေးပေ၊၊အခုကတည်းက သူတို့ကို မျှော်လင့်ခြင်းလမင်းများအဖြစ် သတ်မှတ်ထားခြင်းမှာ စောလွန်းနေသေးသည်။ မဟုတ်ပါက သူ၏ စုဆောင်းမှု တန်ဖိုးမှာ ကျဆင်းသွားပေလိမ့်မည်။
ထိုစဉ် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ဦး သူတို့အနီးသို့ ချဉ်းကပ်လာ၏။
သူ၏ မျက်ဝန်းများထဲတွင် မာန်မာန အချို့ ပါဝင်နေသည်။
"မင်းတို့က အောက်ဘက်ကောင်းကင်ဘုံတွေက ဖြစ်ရမယ်။ မဟူရာနတ်ဆိုးချောက်မှာ ဧည့်သည်အကြီးအကဲ ဖြစ်ဖို့ဆိုတာ မင်းတို့ထင်သလို မလွယ်ဘူးနော်"
ထိုကျင့်ကြံသူ၏ အမည်မှာ ကျိပုဖျင်ဖြစ်ပြီး ပဉ္စမမြောက်ကောင်းကင်ဘုံမှ ဖြစ်သည်။ သူသည် အောက်ဘက်ကောင်းကင်ဘုံများမှ ကျင့်ကြံသူများအပေါ် အသာစီးရလိုစိတ် ရှိနေ၏။
ထို့ကြောင့် ကျိယွမ်နှင့် စကားပြောသောအခါ "အောက်ဘက်ကောင်းကင်ဘုံ" ဟူသော စကားလုံးကို အလေးပေး ပြောဆိုခဲ့ခြင်း ဖြစ်သည်။
"မိတ်ဆွေက မျက်စိလျင်တာပဲ ။ ငါက ဒုတိယမြောက်ကောင်းကင်ဘုံက လျှို့ဝှက်နယ်မြေတစ်ခုထဲကို မှားဝင်မိပြီး ဒီကို ရောက်လာတာပါ။ အိမ်ပြန်ဖို့ ကောင်းကင်ဘုံကျောက်စိမ်းတောင် မလောက်လို့ လမ်းစရိတ်ရအောင် အလုပ်ရှာနေတာ။ မဟူရာနတ်ဆိုးချောက်မှာ ဧည့်သည်အကြီးအကဲ ဖြစ်ဖို့က ဘာလို့ အဲဒီလောက် ခက်တာလဲဆိုတာ ပြောပြပေးနိုင်မလား"
ကျိယွမ်က ဖူထုတောင် အကြီးအကဲတစ်ဦး၏ ပုံစံဖမ်းကာ ပြန်ပြောလိုက်၏။
"မဟူရာနတ်ဆိုးချောက်ဆိုတာ အင်မတန် သီးသန့်ဆန်တဲ့ မြင့်မြတ်နယ်မြေတစ်ခုပဲ၊ ပြီးတော့ သူတို့က သွေးမျိုးဆက်ကို အရမ်း အလေးထားကြတယ်"
ကျိပုဖျင်က ရှင်းပြရင်း သူ၏ နားရွက်အနီးရှိ အမည်းရောင် အမှတ်အသားကို ပြသရန် ဆံပင်များကို သပ်တင်ပြလိုက်သည်။
"ဒါကို မြင်လား။ ငါ့ရဲ့ သွေးမျိုးဆက်က မဟူရာနတ်ဆိုးချောက်မှာဆိုရင် အနည်းဆုံးတော့ စီမံခန့်ခွဲသူတစ်ယောက် ဖြစ်နိုင်လောက်တဲ့အထိ အစွမ်းထက်တယ်... ကံမကောင်းတာက ကောင်းကင်ဖြတ်သန်း ကျောက်စိမ်း မရှိလို့ ဆဋ္ဌမမြောက်ကောင်းကင်ဘုံကို မသွားနိုင်တာပဲ"
ကျိပုဖျင်မှာ မဟူရာနတ်ဆိုးချောက်သို့ သွားရန် အလွန် တောင့်တနေပြီး သူ၏ သွေးမျိုးဆက်ဖြင့်ဆိုပါက ထိုနေရာတွင် စည်းစိမ်ချမ်းသာများဖြင့် နေထိုင်နိုင်မည်ဟု ယုံကြည်နေ၏။
"ငါ့မှာလည်း ကောင်းကင်ဖြတ်သန်း ကျောက်စိမ်း မရှိပါဘူး"
ကျိယွမ်က သက်ပြင်းချလိုက်သည်။
ကျိပုဖျင်က ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေဆဲဖြစ်ကာ ဆက်ပြောလိုက်၏ ။
"မဟူရာနတ်ဆိုးချောက်ရဲ့ သွေးမျိုးဆက်ဆိုတာ ဆဋ္ဌမမြောက်ကောင်းကင်ဘုံမှာ အဖိုးတန်ဆုံး အရာတွေထဲက တစ်ခုပဲ။"
"သွေးမျိုးဆက်ကို အဆင့် ၁ ကနေ ၉ အထိ သတ်မှတ်ထားပြီး အဆင့် ၁ က အမြင့်ဆုံး ၊ အဆင့် ၉ ကတော့ အနိမ့်ဆုံးပဲ။"
"ငါ့မှာ အဆင့် ၄ သွေးမျိုးဆက် ရှိတယ်၊ အဆင့်မြင့် သွေးမျိုးဆက် ဖြစ်ဖို့ နည်းနည်းပဲ လိုတာ။ ကံမကောင်းစွာနဲ့ ငါ့အမေရဲ့ သွေးမျိုးဆက်က သိပ်မသန်မာခဲ့ဘူးလေ"
ကျိပုဖျင်က ကျိယွမ်ကို ကြည့်ကာ သက်ပြင်းချလိုက်၏။
"မင်းမှာ မဟူရာနတ်ဆိုးချောက်ရဲ့ သွေးမျိုးဆက် မရှိရင် အဲဒီမှာ ဧည့်သည်အကြီးအကဲ ဖြစ်လာမှာ မဟုတ်ဘူး"
သူ၏ စကားလုံးများမှာ ကိုယ်ချင်းစာသယောင် ရှိသော်လည်း အသာစီးရလိုသော အရိပ်အယောင်များ ပါဝင်နေသည်။
ထိုစဉ် နောက်ပြောင်ကျီစယ်သော အသံတစ်သံ ထွက်ပေါ်လာ၏။
"သူ မဟူရာနတ်ဆိုးချောက်ကို မဝင်နိုင်ဘူးလို့ ဘယ်သူပြောလဲ"
ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ပေါ်လာသည်။ သူမ၏ ခန္ဓာကိုယ်မှာ သွယ်လျလှပသော်လည်း အထင်ရှားဆုံးအရာမှာ သူမ၏ ဦးခေါင်းပေါ်ရှိ ချိုနှစ်ချောင်းပင်။ ၎င်းမှာ နွားနတ်ဆိုးဘုရင်၏ ချိုများနှင့် ဆင်တူပြီး ဖျက်ဆီး၍ မရနိုင်သော ပုံစံမျိုး ရှိပေသည်။
သူမသည် ကျိယွမ်ကို စိတ်ဝင်တစားဖြင့် စိုက်ကြည့်နေ၏။
ကျိပုဖျင်မှာ သူမကို မြင်သောအခါ သိသိသာသာ ထိတ်လန့်သွားသည်။ သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် စွမ်းအားကို မခန့်မှန်းနိုင်သဖြင့် သူမှာ ပိုပင် ကြောက်ရွံ့တုန်လှုပ်သွားလေသည်။
"ချောမောတဲ့ မိတ်ဆွေလေး... မိတ်ဆွေရဲ့ ဆက်သွယ်ရန် လိပ်စာလေး ပေးလို့ရမလား"
ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက မျက်နှာချိုသွေးသော လေသံဖြင့် မေးလိုက်၏။
ကျိယွမ်မှာ အံ့အားသင့်သွားသဖြင့် မျက်တောင်လေး ခတ်လိုက်မိသည်။
ငါ့ကို... "ဝီချက်" အကောင့် တောင်းနေတာလား။
မှန်ပါသည်၊ ရုပ်ချောခြင်းမှာလည်း ပြဿနာတစ်ခုပင် ။
"ငါက ပထမဆုံးအကြိမ် တွေ့ဖူးတဲ့လူကို ဆက်သွယ်ရန် လိပ်စာ ပေးလေ့မရှိဘူး"
ကျိယွမ်က ထိန်းထိန်းသိမ်းသိမ်းနေတတ်သော ပုံစံဖြင့် ပြောလိုက်သည်။
"ငါ့ကို ပေးလိုက်ပါ၊ မင်းကို မဟူရာနတ်ဆိုးချောက်ရဲ့ ဧည့်သည်အကြီးအကဲ ဖြစ်လာအောင် ငါ ကူညီပေးမယ်"
ထိုအမျိုးသမီးက ပြုံးရင်း ပြောလိုက်၏။
ကျိယွမ်၏ နှာခေါင်းမှာ မလှုပ်ရှားသဖြင့် ထိုအမျိုးသမီးမှာ အမှန်အတိုင်း ပြောနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
"နွားချိုမမ... ရော့၊ ဒါ ငါ့ရဲ့ ဆက်သွယ်ရန် လိပ်စာပဲ။ ငါ့နာမည်ကိုတော့... သွေးဝတ်စုံ လို့ မှတ်ထားလိုက်ပေါ့"
ကျိယွမ်က ချက်ချင်းပင် လေသံပြောင်းကာ ပြန်ဖြေလိုက်၏။
ဘေးရှိ ကျိပုဖျင်မှာမူ မျက်နှာပျက်သွားပြီး ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီး၏ စကားကို သူ လုံးဝ မယုံကြည်ပေ။
အဆုံးတွင်တော့ မဟူရာနတ်ဆိုးချောက်သည် သွေးမျိုးဆက်ကို အလွန်အလေးထားသည်။ မိလော့အလင်းတန်းများ စုဆောင်းရန်အတွက် ဧည့်သည်အကြီးအကဲများကို ခေါ်ယူရာတွင်ပင် သင့်လျော်သော သွေးမျိုးဆက်ရှိသူများကိုသာ သူတို့က လိုချင်ကြခြင်း ဖြစ်၏။
ထိုအမျိုးသမီးမှာ မျက်ခုံးလေး မြှင့်သွားပြီး ကျိယွမ်အား ညှို့ငင်စွာကြည့်သည်။
"ဒီနာမည်ကို ငါ ကြိုက်တယ် ၊ တက်ကြွမှု ရှိတယ်"
သူမက "နွားချိုမမ" ဟု ခေါ်ခံရခြင်းကို ဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။
"ဒါ ငါ့ရဲ့ အမှတ်တံဆိပ်ပဲ။ ဒါကို မဟူရာနတ်ဆိုးချောက်ကို ယူသွားလိုက်၊ မင်းကို ဧည့်သည်အကြီးအကဲအဖြစ် တိုက်ရိုက် လက်ခံလိမ့်မယ်"
ထိုသို့ ပြောရင်း ကျောက်စိမ်းပြားတစ်ခု ကမ်းပေးလိုက်၏။
ကျိပုဖျင်မှာ ထိုအမှတ်တံဆိပ်ကို မြင်သောအခါ မျက်နှာဖြူလျော့သွားပြီး ကြောက်ရွံ့ရိုသေစွာဖြင့် ကိုယ်ကို ကိုင်းညွှတ်လိုက်သည်။
ထိုအမှတ်တံဆိပ်မှာ အမည်းရောင် ဖြစ်၏။
မဟူရာနတ်ဆိုးချောက်တွင် အမည်းရောင်မှာ ရှားပါးမှုနှင့် အရေးကြီးမှုကို ကိုယ်စားပြုသည်။ အဓိက အဖွဲ့ဝင်များသာ အမည်းရောင် ကျောက်စိမ်းပြားများကို ပိုင်ဆိုင်ကြခြင်း ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် နွားချိုမမ"
ကျိယွမ်က ပျော်ရွှင်စွာ ပြောရင်း လှမ်းယူလိုက်သည်။
အလှအပ သက်သက်က ဘေးဒုက္ခဖြစ်နိုင်ပေမယ့် တခြား အရည်အချင်းတွေနဲ့ ပေါင်းစပ်လိုက်ရင်တော့ အစွမ်းထက်တဲ့ လက်နက်တစ်ခု ဖြစ်လာတာပဲ။
ထိုအမျိုးသမီး၏ အကြည့်မှာ ကျန်းလင်းစုထံသို့ ရောက်ရှိသွားပြီး အကဲခတ်လိုက်၏။
"ဒါက မင်းရဲ့ မယားငယ်လား"
သူမ၏ အကြည့်မှာ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများထဲမှ ဗီလိန်တစ်ဦးက မင်းသမီးကို အထင်အမြင်သေးစွာ ကြည့်သကဲ့သို့ပင်။
ကျန်းလင်းစုမှာ ကျိယွမ်၏ လက်မောင်းကို ဆွဲထားရာမှ ထိုအမျိုးသမီး၏ စိုက်ကြည့်မှုကြောင့် နေရခက်သွားသည်။
အထူးသဖြင့် မယားငယ်ဟူသော စကားကို ကြားလိုက်ရသောအခါ သူမမှာ ဒေါသလည်းထွက်သလို ရှက်လည်း ရှက်သွား၏။
လူတွေက ငါ့ကို တကယ်ပဲ အဲဒီလို ထင်နေကြတာလား။
"အဟမ်း... မဟုတ်ပါဘူး"
ကျိယွမ်က အလျင်အမြန် ရှင်းပြလိုက်သည်။
"ကောင်းပြီ။ သူမရဲ့ ကြီးမားတဲ့......အင်း..အဲဒီကိုယ်ခန္ဓာအစိတ်အပိုင်းတွေကလွဲရင် ကျန်တာကတော့ ဘာမှ ပြောစရာ မရှိပါဘူး"
ထိုအမျိုးသမီးက တဲ့တိုးနိုင်လှ၏။
ကျန်းလင်းစု၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားတော့သည်။
သို့သော် ဤနေရာမှာ အထက်ဘုံဖြစ်သဖြင့် ကျိယွမ်အတွက် ပြဿနာမဖြစ်စေရန် သူမ၏ စိတ်ကို ထိန်းလိုက်ရလေသည်။
ငါ သည်းခံမယ်။
ငါ အောင့်အီးထားမယ်။
"လင်းစုက လူကောင်းတစ်ယောက်ပါ"
ကျိယွမ်က ညင်သာစွာ ပြောလိုက်ရင်း သူမ၏လက်ကလေးအား အုပ်ကိုင်ပေးလိုက်၏။
ထိုစကားကို ကြားသောအခါ ကျန်းလင်းစု၏ ဒေါသများမှာ တစ်ဝက်ကျော်ခန့် ပျောက်ကွယ်သွားလေသည်။
"ဒါဆို မင်း ငါ့ရဲ့လင်ငယ်လေး ဖြစ်ချင်လား"
ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက ကျိယွမ်ကို ရုတ်တရက်မေးလိုက်ရာ လူတိုင်းမှာ အံ့အားသင့်သွားကြသည်။
ကျိယွမ်မှာလည်း မျက်လုံးပြူးသွား၏။
"အဟမ်း... တောင်းပန်ပါတယ်၊ အဲဒါ ငါ့ပုံစံ မဟုတ်ဘူး"
သူက ချက်ချင်းပင် ငြင်းပယ်လိုက်၏။
ထိုအမျိုးသမီးက ကျိယွမ်ကို ကြည့်ကာ ပြုံးလိုက်သည်။
"အချောလေး... တစ်နေ့ကျရင် ငါ့ရဲ့ စွမ်းအားနဲ့ ဆွဲဆောင်မှုကို နင် နားလည်လာမှာပါ"
သူမ၏ စကားလုံးများမှာ အာဏာရှိသော စီအီးအိုတစ်ဦးကဲ့သို့ပင်။
သူမက မျက်စိတစ်ဖက် မှိတ်ပြပြီးနောက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားလေသည်။
"သခင်မလေး... အဲဒီလူသား ကျင့်ကြံသူမှာ ဘာထူးခြားတာ ရှိလို့လဲ"
အမျိုးသမီး၏ နားထဲသို့ စူးစမ်းလိုစိတ်အပြည့်ဖြင့် အသံတစ်သံ ရောက်ရှိလာ၏။
"သူ့မှာ မဟူရာနတ်ဆိုးချောက်ရဲ့ သွေးမျိုးဆက် ရှိနေတယ် ၊ အားနည်းတဲ့ သွေးမျိုးဆက်လည်း မဟုတ်ဘူး"
ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက ပြန်ဖြေလိုက်ရင်း သူမ၏ မျက်ဝန်းများမှာ စိတ်ဝင်တစားဖြင့် ဝင်းလက်နေသည်။
သူမက သူမ၏ လက်မောင်းကို မြှောက်ပြလိုက်ရာ အမှတ်အသားတစ်ခု ပေါ်လာ၏။
"နတ်ဆိုးကောင်းကင်တံဆိပ်တော်က တုံ့ပြန်နေတယ်။ သူက တကယ်ကို ကောင်းမွန်တဲ့ လင်ငယ်လေး ဖြစ်လာမှာပါ"
"သူ့ရဲ့ သွေးမျိုးဆက်က အဲဒီလောက်အထိ မြင့်မြတ်တာလား"
အမျိုးသမီး၏ အစောင့်အရှောက်မှာ အံ့အားသင့်သွား၏။
"ဒီလောက် စင်ကြယ်တဲ့ သွေးမျိုးဆက်က မဟူရာနတ်ဆိုးချောက်ကနေ ဘယ်လို လွတ်သွားရတာလဲ။ သူက ဘယ်မျိုးနွယ်စုကလဲ"
အစောင့်အရှောက်မှာ အံ့သြမဆုံး ဖြစ်နေပုံပင်။
အထက်ဘုံတွင် မဟူရာနတ်ဆိုးချောက်သည် သွေးမျိုးဆက်အပေါ် အလွန်အမင်း ရူးသွပ်ကြသည်။
ရှားပါးသော သွေးမျိုးဆက်ဖြင့် မွေးဖွားလာသော ကလေးများရှိလျှင် ထိုမိသားစု၏ အဆင့်အတန်းမှာ ချက်ချင်း မြင့်တက်သွားလေ့ရှိ၏။
အချို့သော အခြေအနေများတွင် သာမန် စိတ်ဝိညာဥ် အဆင့်ရှိသူများကိုပင် မဟူရာနတ်ဆိုးချောက်တွင် ဒဏ္ဍာရီအဆင့်များကဲ့သို့ ဆက်ဆံကြသည်။
သူတို့ ယင်နတ်ဘုရား ဖြစ်လာသောအခါတွင်လည်း ယန်နတ်ဘုရား ကောင်းကင်အရှင်သခင် အဆင့်ကဲ့သို့ ဆက်ဆံမှုကို ရရှိကြ၏။
၎င်းမှာ တကယ်ကို ကြောက်စရာကောင်းလှပေသည်။
ဤအကြောင်းကြောင့်ပင် မဟူရာနတ်ဆိုးချောက်၏ အဓိက သွေးမျိုးဆက်များမှာ အပြင်သို့ ပေါက်ကြားသွားခြင်း မျိုး မရှိသလောက် ရှားပါးလှသည်။
ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီး၏ မျက်ဝန်းများမှာ စူးစမ်းလိုစိတ်ဖြင့် ဝင်းလက်နေ၏။
နတ်ဆိုးကောင်းကင်တံဆိပ်တော်ကပင် ထိုချောမောသော ကျင့်ကြံသူ၏ သွေးမျိုးဆက် ဇစ်မြစ်ကို မဖော်ပြနိုင်ခဲ့ပေ။
"သူ ဘယ်မျိုးနွယ်ကလဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက ငါ သူ့ကို တွေ့သွားတာပဲ၊ ဒါကြောင့်... သူက ငါ့အပိုင်ပဲ။"
"မင်း ဘယ်လိုထင်လဲ၊ သူ့ကို ငါ့ရဲ့ လင်ငယ် ဖြစ်လာအောင် ဘယ်လို ဆွဲဆောင်ရမလဲ"
"အဲဒါကတော့... သခင်မလေးရဲ့ ဆွဲဆောင်မှုနဲ့ စွမ်းအားနဲ့ဆိုရင် မခက်ပါဘူး။"
"ဒါပေမဲ့... သူ့ရဲ့ နောက်ကြောင်းကို ကျွန်တော် စုံစမ်းရမလား"
"မလိုဘူး"
ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက ခေါင်းခါရင်း ပြန်ပြောလိုက်၏။
"နှမြောစရာပဲ။ ငါ ကုံရှင်းဂြိုဟ်ရဲ့ သွေးစိမ်းသားရဲကို အရင်ရှာရဦးမယ်၊ မဟုတ်ရင် သူ့ကို အခုချက်ချင်း ဆဋ္ဌမမြောက်ကောင်းကင်ဘုံကို ခေါ်သွားမှာ"
ထိုအမျိုးသမီးမှာ ကုံရှင်းသွေးစိမ်းသားရဲကို လိုက်လံရှာဖွေရန်အတွက် ဆဋ္ဌမမြောက်ကောင်းကင်ဘုံမှ မိုလိုမျိုးနွယ်စုထံသို့ လာခဲ့ခြင်း ဖြစ်သည်။
ထိုထူးခြားသော သားရဲမှာ သူမ၏ သွေးမျိုးဆက်ကို များစွာ မြှင့်တင်ပေးနိုင်သောကြောင့် ဖြစ်၏။
တစ်ဖက်တွင်လည်း ကျိယွမ်သည် အနက်ရောင် ကျောက်စိမ်းပြားကို ကိုင်ရင်း ပြုံးနေ၏။
"မဟူရာနတ်ဆိုးချောက်ထဲ ဝင်ရတာ တကယ်ပဲ လွယ်ကူလိုက်တာ"
မလှမ်းမကမ်းရှိ ကျိပုဖျင်မှာမူ မနာလိုစိတ်များဖြင့် ပြည့်နှက်နေသော်လည်း ထုတ်မပြရဲပေ။
မဟူရာနတ်ဆိုးချောက်မှ လူတစ်ယောက်ကို သူ မစော်ကားချင်ပါ။
သူသည် မဟူရာနတ်ဆိုးချောက်ကို အမြဲတမ်း အားကျလေးစားခဲ့ရသူ ဖြစ်သည်။ ထိုနေရာမှ အနိမ့်ဆုံး အဖွဲ့ဝင်များပင်လျှင် သူထက် မြင့်မြတ်သည်ဟု သူ ယူဆထား၏။
"ဂုဏ်ယူပါတယ် မိတ်ဆွေ"
ကျိပုဖျင်က မချိပြုံးဖြင့် ပြောပြီးနောက် ထွက်ခွာသွားလေသည်။
ကျန်းလင်းစုမှာ သူမ၏ လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သက်ပြင်းချလိုက်၏။
"အစ်ကိုကြီး ပြောတာ မှန်တယ် - ကျွန်မက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာပဲ။"
"မသေမျိုးနယ်မြေက အလိုလိုက်ခံထားရတဲ့ သူဌေးသားတွေက ကျွန်မနောက်လိုက်ပြီး အစ်ကိုကြီးကို ဒုက္ခပေးမှာ မဟုတ်ဘူး။"
"အခုတော့ အစ်ကိုကြီးနောက်ကို သူဌေးသမီးက လိုက်နေပြီး ကျွန်မကိုပါ ဒုက္ခပေးနေတာပဲ။"
"အနှိမ်ခံရတာက ဒီလို ခံစားချက်မျိုးလား"
ကျန်းလင်းစုမှာ ဤကဲ့သို့သော ဆက်ဆံမှုကို ပထမဆုံးအကြိမ် ခံစားရခြင်းဖြစ်သဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်နေမိသည်။
"ဘာကို ကြောက်နေတာလဲ။ မင်းက ရုပ်ရှင်ထဲက မင်းသမီးမှ မဟုတ်တာ။ ဒီလိုကိစ္စမျိုးက ခဏတဖြုတ်ပါပဲ"
ကျိယွမ်က ပခုံးတွန့်ရင်း ပြောလိုက်၏။
"သွားကြစို့။ မဟူရာနတ်ဆိုးချောက်ဆီမှာ သွားပြီး အလကား စားသောက်ကြတာပေါ့"
"မဖြစ်ဘူး။ ဒီတစ်ခါတော့ ကျွန်မ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပြီး ယင်နတ်ဘုရား ဖြစ်အောင် ကြိုးစားမယ်"
ကျန်းလင်းစုက စိတ်ပိုင်းဖြတ်လိုက်သော်လည်း သူမ၏ မျက်နှာမှာ ချက်ချင်းပင် ညှိုးငယ်သွားပြန်သည်။
"အား... ဒါပေမဲ့ ကျွန်မရဲ့ ပါရမီက သိပ်မကောင်းဘူး။ ယင်နတ်ဘုရား ဖြစ်ဖို့က တကယ် ခက်တာပဲ"
..........
ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီး ပေးခဲ့သော ကျောက်စိမ်းပြားဖြင့် ကျိယွမ်သည် မဟူရာနတ်ဆိုးချောက်၏ အခြေစိုက်စခန်းတွင် ဧည့်သည်အကြီးအကဲအဖြစ် လွယ်လွယ်ကူကူ ဝင်ရောက်နိုင်ခဲ့သည်။
သူ၏ နောက်ကြောင်းကို စုံစမ်းခြင်းမှာလည်း အပေါ်ယံသာ ပြုလုပ်သဖြင့် သူ၏ မဟာမေ့လျော့ခြင်းစိတ်ကျမ်းကို သုံးပြီး လှည့်စားရန်ပင် မလိုခဲ့ပေ။
အခြေစိုက်စခန်းတွင် ရှိနေစဉ် ကျိယွမ်သည် ကျိပုဖျင်နှင့် ထပ်မံ ဆုံတွေ့ခဲ့ပြန်သည်။
ကျိပုဖျင်မှာ အနေရခက်နေပြီး မနာလိုစိတ် အနည်းငယ် ပါဝင်နေ၏။
သူ၏ အဆင့် ၄ သွေးမျိုးဆက်ကြောင့် ကျိပုဖျင်မှာ နက်နဲသောအဆင့် ဧည့်သည်အကြီးအကဲ ဖြစ်လာခဲ့သည်။
သို့သော် ကျိယွမ်မှာမူ ကျောက်စိမ်းပြားကြောင့် ကျိပုဖျင်ထက် တစ်ဆင့်မြင့်သော မြေကမ္ဘာအဆင့် ဧည့်သည်အကြီးအကဲ ဖြစ်လာ၏။
၎င်းမှာ ကျိပုဖျင်ကို အလွန် နေရခက်စေသည်။
ကျိယွမ်ကမူ ထိုအရာကို ဂရုမစိုက်ပေ။
ထိုအချိန်တွင် သူက ကျန်းလင်းစုကို ကြည့်ကာ ရုတ်တရက် အကြံတစ်ခု ရသွား၏။
"နင် ဘယ်လိုထင်လဲ ၊ ငါ တက်တူး အတုတစ်ခုလောက် ထိုးပြီး ငါ့မှာ အဆင့်မြင့် သွေးမျိုးဆက် ရှိသယောင် ဟန်ဆောင်သင့်လား"
မဟူရာနတ်ဆိုးချောက်မှ ကျင့်ကြံသူတိုင်းတွင် သူတို့၏ သွေးမျိုးဆက်ကို ကိုယ်စားပြုသော အမှတ်အသားတစ်ခုခု ပါဝင်နေသည်ကို ကျိယွမ် သတိထားမိခဲ့၏။
မဟူရာနတ်ဆိုးချောက်မှ ကျင့်ကြံသူများ ပေါ်လာတိုင်း မိုလိုမျိုးနွယ်စုမှာ သူတို့ကို အလွန်အမင်း ရိုသေကြပြီး နိုင်ငံခြားမှ အရှင်သခင်တစ်ဦးကို ကိုးကွယ်သကဲ့သို့ ဆက်ဆံကြသည်။
မိုလိုမျိုးနွယ်စုတွင် မဟူရာနတ်ဆိုးချောက်မှ ကျင့်ကြံသူများသည် မြင့်မြတ်သော လူမျိုးတစ်မျိုးကဲ့သို့ အထူးအခွင့်အရေးများကို ခံစားကြရသည်။
ယခု ကျိယွမ်သည်လည်း "ဧည့်သည့်အရှင်သခင် တစ်ဝက်" အဖြစ် သတ်မှတ်ခံထားရသဖြင့် တက်တူးအတုတစ်ခုသာ ရှိမည်ဆိုပါက သူသည် တကယ့်ကို အရှိန်အဝါကြီးသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဟန်ဆောင်နိုင်မည် ဖြစ်သည်။
ကျန်းလင်းစုတွင် ထိုက်ဟွမ်နန်းတော်၏ အမှတ်အသား ပါဝင်နေသဖြင့် သူမသည် ကျိယွမ်နှင့် ဝေးကွာ၍ မရပေ။ ထို့ကြောင့် သူတို့သည် ဂူဗိမာန်တစ်ခုတည်းမှာပင် အခန်းခွဲကာ အတူနေထိုင်ကြ၏။
"ဘယ်လို အမှတ်အသားလဲ။ ဘယ်နေရာမှာ ထိုးမှာလဲ"
ကျန်းလင်းစုက စိတ်ဝင်တစား မေးလိုက်၏။
"လခြမ်းပုံလေးဆိုရင် ဘယ်လိုလဲ။ ငါ့ရဲ့ နဖူးတည့်တည့်မှာပေါ့"
ကျိယွမ်က အလေးအနက် ပြောလိုက်သည်။
"အဆင်ပြေမယ်လို့ ထင်ပါတယ်"
"ဟင့်အင်း၊ မဖြစ်ဘူး။ ငါ့မျက်နှာက အရမ်းဖြူနေတာ ၊ ပေါင်ချိန်နဲ့ တူမှာ မဟုတ်ဘူး"
ကျိယွမ်က ခေါင်းခါလိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ သူ၏ မျက်နှာမှာ ဝင်းလက်သွားသည်။
"တကယ်တော့ ငါ ဟန်ဆောင်နေဖို့ မလိုဘူး ထင်တယ်။ ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ မဟူရာနတ်ဆိုးချောက်နဲ့ ဆင်တူတဲ့ သွေးမျိုးဆက်တစ်ခု ရှိနေသလိုပဲ။ အဲဒါက ဘယ်က ရောက်လာတာလဲ"
ကျိယွမ်မှာ ဇဝေဇဝါ ဖြစ်နေ၏။
ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီး သူတို့အနီးသို့ လာစဉ်က ကျိယွမ်သည် သူမမှာ သူ၏ ရုပ်ရည်ကိုသာ စိတ်ဝင်စားသော အပေါ်ယံလူတစ်ဦး မဟုတ်ကြောင်း အလိုလိုခံစားမိခဲ့သည်။
အထက်ဘုံမှ လူတွေက အဲဒီလောက်အထိ မိုက်မဲမှာ မဟုတ်ဘူးလေ။
ထို့ကြောင့် သူသည် သူတို့၏ စကားဝိုင်းကို ပွင့်ပွင့်လင်းလင်းပင် ခိုးနားထောင်ခဲ့ခြင်း ဖြစ်ပေသည်။
သူတို့ပြောတာ ငါအကုန်ကြားတယ် ..ဟားဟားဟား ။
----------------