အခန်း (၄၁၀-၄၁၁)
Vol. 38 Ch. 410-411
အခန်း (၄၁၀) - အဖွားကြီးတွေနဲ့တောင် အိပ်နိုင်တာ... ရည်မှန်းချက်ကြီးမားတဲ့ လက္ခဏာပဲ
ထို့နောက် ကျိယွမ်သည် ခေါင်းငုံ့ပြီး စဉ်းစားခန်းဝင်နေ၏။
ကျန်းလင်းစုကမူ သူမ၏ ကျင့်ကြံခြင်းကို မည်သို့မြှင့်တင်ရမည်နည်းဟု တွေးတောရင်း အာရုံစိုက်နားထောင်နေသည်။
အတန်ကြာမှ ကျိယွမ်က စကားဆို၏။
"သူတို့ပြောပုံအရဆိုရင် ငါက မဟူရာနတ်ဆိုးချောက်ရဲ့ ပျောက်ဆုံးနေတဲ့ ဘိုးဘေးများ ဖြစ်နေမလား"
"ကျေးဇူးမသိတဲ့ မြေးမြစ်တွေ၊ ကိုယ့်ဘိုးဘေးကိုတောင် အလုပ်ခိုင်းနေကြတယ်"
ထိုသို့တွေးမိသောအခါ ကျိယွမ်အနည်းငယ် ဒေါသထွက်သွားလေသည်။
"လာ... မန်နေဂျာနဲ့ သွားတွေ့ကြရအောင်"
ကျိယွမ်က ပြောပြောဆိုဆိုထရပ်လိုက်ရာ ကျန်းလင်းစုမှာ ကန့်ကွက်ချင်သော်လည်း ကျိယွမ်အားအနှောက်အယှက်မပေးချင်သဖြင့် တိတ်တိတ်လေးသာ နေလိုက်သည်။
ဖြစ်ချင်ရာဖြစ် အစ်ကိုကြီးသဘောပဲ။
မဟူရာနတ်ဆိုးချောက်သည် မိုလို မြင့်မြတ်မျှော်စင်တွင်ရှိသော ဤအခြေစိုက်စခန်းတွင် အဓိက ကြီးကြပ်ရေးမှူး ငါးဦးနှင့် အခြားသော သာမန်ကြီးကြပ်ရေးမှူး အချို့ကို ထားရှိထား၏။
အဓိက ကြီးကြပ်ရေးမှူးတိုင်းမှာ ဒဏ္ဍာရီလာအဆင့် ကျင့်ကြံသူများဖြစ်ကြပြီး သာမန်ကြီးကြပ်ရေးမှူးများမှာလည်း အနည်းဆုံး မဟာအုပ်စိုးရှင်များ ဖြစ်ကြသည်။
ကျိယွမ်ကဲ့သို့သော ဧည့်သည်အကြီးအကဲ ရာဂဏန်းခန့်ရှိပြီး သာမန်အလုပ်သမားများမှာမူ ပို၍ပင် များပြားလှ၏။
တစ်နည်းအားဖြင့်ဆိုသော် အစွမ်းထက်သော ပုဂ္ဂိုလ်များစွာ ရှိနေခြင်းပင်။ သို့သော် ကန်းလန်နယ်မြေထက်ပင် လူဦးရေပိုများသော မိုလို မြင့်မြတ်မျှော်စင်၏ အတိုင်းအတာနှင့်ဆိုလျှင် ဤသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
သူတို့သည် ဂူဗိမာန်မှ ထွက်လာပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အရာအားလုံးမှာ အမည်းရောင် ခြယ်သထားသည်ကို တွေ့ရ၏။
အမည်းရောင် တံတားများ၊ အမည်းရောင် သစ်ပင်များ၊ အမည်းရောင် ကျောက်တုံးများနှင့် တံတားအောက်မှ စီးဆင်းနေသော ရေများပင်လျှင် မှင်ကဲ့သို့ မည်းနက်နေသည်။
ဤသည်မှာ မဟူရာနတ်ဆိုးချောက်မှ သတ္တဝါများသည် အမည်းရောင်ကို အထူးတလည် နှစ်သက်ကြသောကြောင့် ဖြစ်၏။
"အနည်းဆုံးတော့ လေက မည်းမနေသေးလို့ တော်သေးတာပေါ့"
ကျိယွမ်က တိုးတိုးရေရွတ်ရင်း မဟူရာနတ်ဆိုးချောက် အခြေစိုက်စခန်း၏ ဗဟိုချက်ဆီသို့ တံတားကို ဖြတ်ကျော်ကာ လျှောက်လှမ်းသွားသည်။
တံတားပေါ်တွင် ဧည့်သည်အကြီးအကဲ အချို့ကို တွေ့ရသော်လည်း ခရမ်းရောင်နန်းတော် အဆင့်ရှိသော အလုပ်သမားများက ပို၍ များပြားနေ၏။ ကျိယွမ်ကဲ့သို့သော ဧည့်သည်အကြီးအကဲများမှာမူ ရှားပါးပေသည်။
ထိုအလုပ်သမားများသည် ကျိယွမ်နှင့် တွေ့တိုင်း ရိုသေစွာဖြင့် ဦးညွှတ်နှုတ်ဆက်ကြ၏။
မဟူရာနတ်ဆိုးချောက်တွင် အဆင့်အတန်း ခွဲခြားမှုမှာ ပြတ်သားလှပြီး ခွန်အားနှင့် သွေးမျိုးဆက်ကသာ အရာရာပင် ဖြစ်သည်။
ထိုစဉ် ကျိယွမ်သည် တံတားလက်ရန်းကို မှီရင်း အခြေစိုက်စခန်း၏ ရှုခင်းကို ကြည့်ရှုခံစားနေသည်။
ကျန်းလင်းစုမှာ ကျိယွမ်နှင့် ဝေးကွာ၍ မရသဖြင့် သူ၏ လက်မောင်းကို တင်းကြပ်စွာ ဆွဲထားပြီး နီးကပ်စွာရှိနေသဖြင့် အလွန်ပင် ရင်းနှီးကျွမ်းဝင်သော ပုံစံမျိုးပင်။
"အထက်ဘုံကတော့ တကယ်ကို တစ်မျိုးပဲ ၊ ဒီတံတားကတောင် စိတ်ဝင်စားဖို့ကောင်းသား"
ကျိယွမ်က မှတ်ချက်ပေးလိုက်သည်။
ဤတံတားမှာ အမှန်တကယ်တော့ မှော်ရတနာတစ်ခု ဖြစ်၏။
အခြေစိုက်စခန်း၏ အတွင်းပိုင်းသို့ ရောက်ရှိရန် ဤတံတားကို ဖြတ်ကျော်ရပေမည်။
သို့သော် တံတားကို ဖြတ်ကျော်ရန် ကြာမြင့်ချိန်မှာ မည်မျှမြန်မြန် ပျံသန်းနိုင်သည်အပေါ် မမူတည်ဘဲ မိမိ၏ အမှတ်တံဆိပ်တွင် ဖော်ပြထားသော အဆင့်အတန်းပေါ်တွင်သာ မူတည်ပေသည်။
သာမန်အလုပ်သမားများအတွက်မူ မည်မျှပင် မြန်မြန် လျှောက်သည်ဖြစ်စေ၊ ပျံသည်ဖြစ်စေ တံတားကို ဖြတ်ကျော်ရန်မှာ လူသားတစ်ဦး၏ အရှိန်အတိုင်း ထွက်သက်ဝင်သက် အကြိမ် တစ်ရာကျော် ကြာမြင့်ပေလိမ့်မည်။
ဧည့်သည်အကြီးအကဲများအတွက်မူ သူတို့၏ အဆင့်ပေါ်မူတည်၍ ကြာမြင့်ချိန် ကွဲပြားသွား၏။
ကျိယွမ်၏ ဧည့်သည်အကြီးအကဲ အမှတ်တံဆိပ်ဖြင့်ဆိုလျှင် တံတားကို ဖြတ်ကျော်ရန် ထွက်သက်ဝင်သက် အကြိမ် သုံးဆယ်ခန့်သာ ကြာမြင့်မည် ဖြစ်သည်။
"ဒီလို မှော်ရတနာမျိုး ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး။ ဒါဆိုရင်... တံတားကိုဖြတ်ဖို့ နှစ်သန်းချီ ကြာအောင် စီစဉ်ထားပြီး ကျွန်မက ဟိုဘက်အစွန်းမှာ ပုန်းနေရင် ရန်သူက ကျွန်မဆီကို ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူးပေါ့နော်"
ကျန်းလင်းစုက နောက်ပြောင်လိုက်၏။
"ရန်သူက တံတားပေါ်ကနေ မလာရင်ရော"
ကျိယွမ်က ရယ်မောလိုက်သည်။
ဤတံတားမှာ အနည်းငယ်မျှသာ စိတ်ဝင်စားစရာ ကောင်းခြင်း ဖြစ်၏။
၎င်းမှာ အဆင့်နိမ့် ကျင့်ကြံသူများကို ထိန်းချုပ်ရန်အတွက် နယ်ပယ်၏ စည်းမျဉ်းတစ်ခုကဲ့သို့ အသုံးဝင်သော်လည်း ကိုယ်ပိုင်နတ်ဘုရားနယ်ပယ်ရှိသော မဟာအုပ်စိုးရှင်တစ်ဦးအတွက်မူ ဤတံတားကို ကျော်ဖြတ်ရန် နည်းလမ်းများစွာ ရှိပေသည်။
ခရမ်းရောင်နန်းတော် အဆင့်သာ ရှိသေးသော ကျိယွမ်ပင်လျှင် ကျော်ဖြတ်ရန် နည်းလမ်းများ ရှာနိုင်ပေသည်။
သို့သော် သူသည် ဖူထုတောင်မှ အကြီးအကဲတစ်ဦးအဖြစ် ဟန်ဆောင်ထားသဖြင့် ထိုဟန်ဆောင်မှုကို ဆက်လက် ထိန်းသိမ်းထားရပေမည်။
ထွက်သက်ဝင်သက် အကြိမ် သုံးဆယ် ကြာပြီးနောက် ကျိယွမ်သည် မဟူရာနတ်ဆိုးချောက် အခြေစိုက်စခန်း၏ ဗဟိုချက်သို့ ရောက်ရှိလာခဲ့သည်။
သူ့ရှေ့တွင် ကြီးမားသော အမည်းရောင် ကျောက်တုံးကြီး တစ်ခုရှိနေ၏။
သူက သူ၏ အမှတ်တံဆိပ်ကို ထုတ်လိုက်သည်။
အမည်းရောင် ကျောက်တုံးကြီးမှာ ကြီးမားသော ပါးစပ်ကြီးတစ်ခုအလား ပွင့်ဟလာပြီး သရဲတစ္ဆေဆန်သော အလင်းတန်းများ ထွက်ပေါ်လာရာ မြင်ကွင်းမှာ တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ကျိယွမ်သည် ကျန်းလင်းစုနှင့်အတူ ထိုအဆောက်အဦးအတွင်းသို့ လျှောက်လှမ်း ဝင်ရောက်သွားသည်။
အတွင်းဘက်တွင် လူပုအဖိုးကြီး တစ်ဦးသည် ခါးကုန်းကုန်းဖြင့် ရူဗစ်ကျု နှင့် တူသော ကုဗတုံးပုံအရာတစ်ခုကို ကိုင်တွယ်နေ၏။
လူပုအဖိုးကြီးမှာ တစ်စုံတစ်ဦး ဝင်လာသည်ကို ခံစားမိသောအခါ မျက်လုံးကို စောင်းကြည့်ကာ မော့ကြည့်လိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
လူကို အပြင်ပန်းကြည့်ပြီး မဆုံးဖြတ်သင့်သော်လည်း ဤလူပုအဖိုးကြီးမှာ လူသားမဟုတ်သဖြင့် ကျိယွမ်က အပြင်ပန်းကြည့်ကာပင် ဆုံးဖြတ်လိုက်၏။
ထိုအဖိုးကြီးမှာ ကျင့်ကြံခြင်းကို အချိန်အတော်ကြာ ပြုလုပ်ခဲ့သဖြင့် စိတ်မူမမှန်ဖြစ်နေသော တစ်ဦးနှင့် တူလှပေသည်။
"ကြီးကြပ်ရေးမှူး ကဲ... ကျွန်တော် ကောင်းကင်ဖြတ်သန်းကျောက်စိမ်း တစ်တုံး ရဖို့အတွက် ကုသိုလ်မှတ် ဘယ်လောက် လိုမလဲဆိုတာ သိချင်လို့ပါ"
ကျိယွမ်က တိုက်ရိုက် မေးလိုက်သည်။
သူသည် ဆဋ္ဌမမြောက်ကောင်းကင်ဘုံသို့ တက်လှမ်းကာ နတ်ဆိုးချောက်ရှိ ကျင်းလီနှင့် တွေ့ဆုံရန် စိတ်အားထက်သန်နေ၏။
အခုဆိုရင် မေလတောင် ရောက်နေပြီ မဟုတ်ပါလား။
"ကောင်းကင်ဖြတ်သန်းကျောက်စိမ်း ဟုတ်လား"
လူပုအဖိုးကြီးက ကျိယွမ်ကို စောင်းကြည့်လိုက်၏။
"အဲဒါကို ရဖို့က မလွယ်ဘူး။ ကုသိုလ်မှတ် ၁၀,၀၀၀ လိုတယ်၊ အဲဒီလောက် ရှိရင်တောင် သေချာပေါက်လဲနိုင်မယ်လို့ အာမ မခံနိုင်ဘူး"
ကျိယွမ်မှာ မျက်လုံးများ ပြူးသွားတော့သည်။
"ဒါဆိုရင် ကျွန်တော်က နှစ်ပေါင်း ၁၀,၀၀၀ တောင် အလုပ်လုပ်ရမှာလား"
မိလော့အလင်းတန်း တစ်ခု စုဆောင်းနိုင်လျှင် ကုသိုလ်မှတ် တစ်မှတ် ရရှိမည် ဖြစ်သည်။
ပျမ်းမျှအားဖြင့် ယင်နတ်ဘုရား တစ်ပါးသည် မိလော့အလင်းတန်း တစ်ခု ရရှိရန် တစ်နှစ်ခန့်အချိန်ယူရ၏။
ထို့ကြောင့် ကျိယွမ်သည် လိုအပ်သော ကုသိုလ်မှတ်များ ရရှိရန် နှစ်ပေါင်း ၁၀,၀၀၀ ကြာအောင် အလုပ်လုပ်ရပေလိမ့်မည်။
တစ်ပြားမှ မသုံးဘဲ လစဥ် ၅,၀၀၀ စုဆောင်းမည်ဆိုပါက နှစ်ပေါင်း ၁၀,၀၀၀ ကြာလျှင် ကုဋေ ၆၀၀ ရရှိမည် ဖြစ်သည်။
ဘလူးစတားတွင်ဆိုပါက ထိုငွေမှာ မြို့ကြီးတစ်မြို့၌ ဇိမ်ခံအိမ်ကြီးတစ်လုံး ဝယ်နိုင်လောက်သည်အထိ ချမ်းသာသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သွားစေနိုင်ပေသည်။
"မင်းရဲ့ အချက်အလက်တွေကို မှတ်တမ်းမတင်ရသေးပေမဲ့ အမည်းရောင် ကျောက်စိမ်းပြား ရှိနေတာဆိုတော့ ဧည့်သည်အကြီးအကဲ အဆင့်အတန်းကတော့ အတည်ပဲ။ မိလော့အလင်းတန်း စုဆောင်းတဲ့ အလုပ်ကို လက်ခံမလား။ ကုသိုလ်မှတ် မြန်မြန်ရလေ၊ ဆဋ္ဌမမြောက်ကောင်းကင်ဘုံကို မြန်မြန်သွားနိုင်လေပဲ"
လူပုအဖိုးကြီးက အေးစက်စွာ ပြောလိုက်၏။
ပုံမှန်အားဖြင့် ကျိယွမ်ကဲ့သို့သော သူတစ်ဦး၏ အချက်အလက်များကို မှတ်တမ်းတင်ရန် လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ ကြာမြင့်တတ်သည်။
ထိုအလုပ်ကို တာဝန်ယူရသော ကျင့်ကြံသူမှာ တံခါးပိတ်ကျင့်ကြံနေခြင်း သို့မဟုတ် အခြားကိစ္စများဖြင့် အလုပ်ရှုပ်နေခြင်းမျိုး ဖြစ်နိုင်ပေသည်။
အထက်ဘုံတွင် ဤကဲ့သို့ နှောင့်နှေးမှုများမှာ သဘာဝကျလှ၏။
"ကောင်းပါပြီ"
ကျိယွမ်က ခဏမျှ စဉ်းစားပြီးနောက် မိလော့အလင်းတန်း စုဆောင်းသည့် အလုပ်ကို လက်ခံလိုက်သည်။
မည်သို့ပင်ဖြစ်စေ၊ ဤအလုပ်ကို ပြီးမြောက်ရန် နှစ်တစ်ရာ အချိန်ပေးထားသဖြင့် နှစ်တစ်ရာကြာလျှင် သူ ဘယ်ရောက်နေမည်ကို မည်သူသိနိုင်မည်နည်း။
လောလောဆယ်တွင် သူသည် အခြားသော အခွင့်အလမ်းများကို ရှာဖွေရင်း မိလော့အလင်းတန်းများကို စုဆောင်းရန်အတွက် မဟူရာနတ်ဆိုးချောက်မှ သူ၏ အဆင့်အတန်းကို အကာအကွယ်အဖြစ် အသုံးချသွားမည် ဖြစ်သည်။
အခြေစိုက်စခန်းမှ ထွက်လာပြီးနောက် ကျိယွမ်က ပျင်းရိစွာဖြင့် ကိုယ်လက်ဆန့်လိုက်၏။
"ငါ အထက်ဘုံကို ရောက်မှပဲ တကယ့်ကို ကျင့်ကြံနေရသလို ခံစားရတော့တယ်... အောက်ဘုံမှာတုန်းကတော့ အားလုံးက ဂိမ်းဆော့နေရသလိုပဲ"
ဤသည်မှာ ကျိယွမ်၏ ရိုးသားသော ခံစားချက် ဖြစ်၏။
သူ၏ကျင့်ကြံခြင်း ခရီးလမ်းမှာ ဂိမ်းဆော့နေရသကဲ့သို့ ခံစားခဲ့ရသည်မှာ အမှန်ပင်။
သူ၏ကျင့်ကြံခြင်းများက မျှော်လင့်ခြင်းလမင်းများနှင့် တွေ့ဆုံခြင်း သို့မဟုတ် ဂိုဏ်းတစ်ခုခုကို အမြစ်ဖြတ်ခြင်းမျိုးသာ ရှိခဲ့၏။အခြားသူများလို အဆင့်တတ်ရန် တံခါးပိတ်ပြီး နှစ်ထောင်ချီကျင့်ကြံခြင်း ဆေးလုံးရတနာများ ရှာဖွေခြင်းမျိုး မည်မည်ရရမလုပ်ဖူးခဲ့ပေ။
ထို့ကြောင့် ယခုလို ဧည့်သည်အကြီးအကဲတစ်ဦးအဖြစ် တာဝန်ယူရခြင်းမှာ သူ့အတွက် အသစ်အဆန်း ဖြစ်နေသည်။
"ဒါက ကျင့်ကြံသူ အများစုရဲ့ သာမန်ဘဝ မဟုတ်ဘူးလား။ သူတို့ရဲ့ ဘဝတစ်လျှောက်လုံးကို ဒီလိုပဲ ကုန်ဆုံးကြတာလေ"
ကျန်းလင်းစုက တွေဝေစွာဖြင့် ပြောလိုက်၏။
"ဒီလို ကျင့်ကြံရတာက အရမ်းပျင်းဖို့ကောင်းတယ်"
ကျိယွမ်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဂိမ်းကျောက်စိမ်းပြားကို သူ၏ စိတ်အာရုံဖြင့် စစ်ဆေးလိုက်သည်။
ဂိမ်းအိုင်ကွန်အသစ်မှာ လုပ်ဒင်း(Loading)တက်နေဆဲဖြစ်ပြီး အောင်မြင်မှု မရသေးပေ။
"မိလော့အလင်းတန်း သွားစုကြရအောင်"
ကျိယွမ်က ပြောရင်း ကျန်းလင်းစုကို ခေါ်ဆောင်သွားလေသည်။
မိလော့အလင်းတန်းများ စုဆောင်းရန်အတွက် သူတို့သည် မိလော့နယ်မြေသို့ သွားရောက်ရပေမည်။
မိုလိုမျိုးနွယ်စု၏ ပိုင်နက်မှာ အလွန်ကျယ်ဝန်းလှပြီး သူတို့၏ မြင့်မြတ်မျှော်စင်များမှာလည်း အလွန်ဝေးကွာလှသဖြင့် ယန်နတ်ဘုရားများပင်လျှင် တစ်ခုနှင့်တစ်ခု ကူးလူးရန် အချိန်အတော်ကြာ ယူရ၏။
ထို့ပြင် ယန်နတ်ဘုရားတစ်ပါးသည် အရှိန်ပြင်းပြင်းဖြင့် ပျံသန်းပါက မိုလိုမျိုးနွယ်စု၏ ဖန်တီးရှင်လက်နက်ရတနာများ သို့မဟုတ် အခြားသော ယန်နတ်ဘုရား ကောင်းကင်အရှင်သခင်များ၏ သတိထားမှုကို မလွဲမသွေ ဆွဲဆောင်မိပေလိမ့်မည်။
သို့သော် မိလော့နယ်မြေမှာမူ မတူညီပေ။ ၎င်းမှာ အမှောင်ဟင်းလင်းပြင်နှင့် ဆင်တူသော်လည်း ပို၍ ကြမ်းတမ်းသော ပုံစံမျိုး ရှိပေသည်။
အမှောင်ဟင်းလင်းပြင်မှာ တယ်လီပို့ စနစ်များဖြင့် ဖြတ်သန်းရသော အထူးနေရာဖြစ်ပြီး နားလည်ရခက်သော ဟင်းလင်းပြင်တစ်ခု ဖြစ်၏။
ယန်နတ်ဘုရားတစ်ပါးပင်လျှင် အမှောင်ဟင်းလင်းပြင်ကို တယ်လီပို့ စနစ်ဖြင့်သာ ဖြတ်သန်းနိုင်ပြီး မိမိ၏ ခန္ဓာကိုယ်ဖြင့် စူးစမ်းရှာဖွေရန် မဖြစ်နိုင်ပေ။
ဤအချက်ကြောင့် အမှောင်ဟင်းလင်းပြင်မှာ မသေမျိုးနယ်မြေတွင် သုတေသနပြုရန်နှင့် ခန့်မှန်းတွက်ချက်ရန် စိတ်ဝင်စားဖွယ် နေရာတစ်ခု ဖြစ်လာခဲ့သည်။
မိလော့နယ်မြေမှာ ကျင့်ကြံသူများ ဝင်ရောက်နိုင်သော အမှောင်ဟင်းလင်းပြင်၏ အကြမ်းစား ပုံစံမျိုး ဖြစ်ပေသည်။
သို့သော် ၎င်းမှာ ရှုပ်ထွေးလှပြီး ဘေးအန္တရာယ်များဖြင့် ပြည့်နှက်နေ၏။ ယင်းးနတ်ဘုရား အရှင်သခင် တစ်ပါးပင်လျှင် သတိမမူပါက ထိုနေရာတွင် အလွယ်တကူ အသက်ဆုံးရှုံးနိုင်ပေသည်။
သို့သော် ခရီးသွားလာရန်အတွက်မူ မိလော့နယ်မြေမှာ အလွန်ပင် အဆင်ပြေပြီး သိုသိုသိပ်သိပ် ရှိလှသည်။
နတ်ဘုရားနယ်ပယ်ရှိသော မဟာအုပ်စိုးရှင်အဆင့်နှင့် အထက်ရှိသူများသာ ခရီးသွားလာရန်အတွက် မိလော့နယ်မြေကို အသုံးပြုလေ့ရှိကြသည်။
မိလော့နယ်မြေသည် မိုလိုမျိုးနွယ်စု၏ ထိန်းချုပ်မှုအောက်တွင် ရှိပြီး မိလော့အလင်းတန်းများ ကြွယ်ဝစွာ ထွက်ရှိရာ နေရာဖြစ်၏။
မိလော့အလင်းတန်းများ စုဆောင်းရန် မိလော့နယ်မြေအတွင်းသို့ ဝင်ရောက်ရန်အတွက် အဓိက အင်အားစုကြီးများမှ အထောက်အထားများ လိုအပ်ပေသည်။ ဤသည်မှာ ကျိယွမ်က မဟူရာနတ်ဆိုးချောက်သို့ ဝင်ရောက်ခဲ့သော အကြောင်းရင်း တစ်ခုလည်း ဖြစ်၏။
ထွက်သက်ဝင်သက် အကြိမ် ရာဂဏန်း ကြာပြီးနောက် ကျိယွမ်နှင့် ကျန်းလင်းစုတို့မှာ မိလော့နယ်မြေ၏ အဝင်ဝသို့ ရောက်ရှိလာခဲ့ကြသည်။
အဝင်ဝတွင် လူတန်းကြီးမှာ အလွန်ရှည်လျားလှ၏။
မိုလိုမျိုးနွယ်စု ကျင့်ကြံသူများမှာ အဝင်ဝတွင် စောင့်ကြပ်နေကြပြီး သူတို့၏ မျက်နှာများမှာ ပျင်းရိကာ မာန်မာနကြီးသော အမူအရာများဖြင့် မိလော့နယ်မြေအတွင်းသို့ ဝင်ရောက်သူများကို စစ်ဆေးနေကြသည်။
ခရမ်းရောင်နန်းတော် အဆင့် ကျင့်ကြံသူများစွာမှာ သာမန်လူသားများကဲ့သို့ တိတ်ဆိတ်စွာဖြင့် တန်းစီနေကြ၏။
မည်သူမျှ ကြားဖြတ်မဝင်ရဲကြပေ။
ယင်နတ်ဘုရား အရှင်သခင်များပင်လျှင် ချွင်းချက်မရှိသော်လည်း သူတို့၏ လူတန်းမှာမူ ပို၍ တိုတောင်းလှပေသည်။
ကျိယွမ်က လူတန်းထဲ ဝင်ရန် ပြင်နေစဉ် သူ၏ နားထဲသို့ အသံတစ်သံ ရုတ်တရက် ရောက်ရှိလာ၏။
"မင်းက မဟူရာနတ်ဆိုးချောက်ရဲ့ ဧည့်သည်အကြီးအကဲပဲ၊ လူတန်းစီနေဖို့ မလိုဘူး"
ထိုသို့ ပြောလိုက်သူမှာ လူတန်းစီနေသော ယင်နတ်ဘုရား အရှင်သခင် တစ်ပါး ဖြစ်၏။ သူက ကျိယွမ်ကို မနာလိုသော မျက်ဝန်းများဖြင့် ကြည့်နေသည်။
"မိုလိုမျိုးနွယ်စုမှာ မဟူရာနတ်ဆိုးချောက်နဲ့ ထိုက်ဟွမ်နန်းတော်က လူတွေက... အထူးအခွင့်အရေးတွေ ရှိတယ်"
ထိုယင်နတ်ဘုရားက ထပ်ပြောလိုက်သည်။
မိုလိုမျိုးနွယ်စုသည် မဟူရာနတ်ဆိုးချောက်ထံတွင် တစ်နေ့နေ့တွင် မျိုးနွယ်စုခွဲအဖြစ် ပြန်လည် ပူးပေါင်းနိုင်ရန် မျှော်လင့်ချက်ဖြင့် ဖားနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
ကံမကောင်းစွာဖြင့် မဟူရာနတ်ဆိုးချောက်ကမူ သူတို့ကို လျစ်လျူရှုထားဆဲ ဖြစ်၏။
"အော်... မဆိုးပါဘူး။ ငါက အခြေခံအားဖြင့် နိုင်ငံခြားသား အထူးဧည့်သည် (VIP) ပေါ့ ဟုတ်လား"
ထိုယင်နတ်ကို ကျေးဇူးတင်စကား ပြောပြီးနောက် ကျိယွမ်သည် ကျန်းလင်းစုကို ခေါ်ကာ မိလော့နယ်မြေဆီသို့ ဦးတည်သွားလိုက်သည်။
မိုလိုမျိုးနွယ်စု ကျင့်ကြံသူများသည် ကျိယွမ်၏ အထူးချုပ်လုပ်ထားသော အမည်းရောင် ဝတ်ရုံကို မြင်သောအခါ ချက်ချင်းပင် ရိုသေစွာဖြင့် နှုတ်ဆက်ကြ၏။ သူတို့၏ မာန်မာနကြီးသော အမူအရာများမှာလည်း ကြောက်ရွံ့ရိုသေသော ပုံစံသို့ ပြောင်းလဲသွားတော့သည်။
"နှုတ်ဆက်ပါတယ် စီနီယာ"
သူတို့ အားလုံးက မနာလိုစိတ်အပြည့်ဖြင့် အလေးပြုလိုက်ကြ၏။
"အင်း"
ကျိယွမ်က သူတို့ကို သိပ်ဂရုမစိုက်ဘဲ သူတို့၏ မနာလိုသော အကြည့်များကြားမှ မိလော့နယ်မြေအတွင်းသို့ ချောမောစွာ ဝင်ရောက်သွားလေသည်။
သူတို့ မိလော့နယ်မြေအတွင်းသို့ ရောက်ရှိသွားသောအခါ မြင်ကွင်းမှာ ချက်ချင်း ပြောင်းလဲသွား၏။
ကျိယွမ်က သေချာစွာ လေ့လာကြည့်ရာ မိလော့နယ်မြေအတွင်းတွင် ဝိညာဥ်စွမ်းအင်များ လုံးဝ မရှိသည်ကို သတိထားမိလိုက်သည်။
ဤအချက်ကြောင့် မိလော့နယ်မြေအတွင်းရှိ ကျင့်ကြံသူများသည် မိလော့အလင်းတန်းများ စုဆောင်းနေစဉ် ကျင့်ကြံခြင်း မပြုနိုင်ကြခြင်းပင်။
အဝေးသို့ လှမ်းကြည့်လိုက်ရာ မီတာ ထောင်ဂဏန်းခန့် အကွာတွင်ရှိနေသော ဟင်းလင်းပြင်များမှာ လျင်မြန်စွာ ပြိုကျပျက်စီးနေသည်ကို တွေ့ရ၏။
ဘေးအန္တရာယ် အရှိန်အဝါများမှာ လေထဲတွင် ပြည့်နှက်နေပြီး မိလော့နယ်မြေအတွင်းရှိ ကျင့်ကြံသူများစွာမှာ ကြောက်လန့်တကြား ထွက်ပြေးနေကြကုန်သည်။
"ဒီနေရာက တကယ်ကို အန္တရာယ်များတာပဲ။ သာမန် ယင်နတ်ဘုရား တစ်ပါးတောင် အသက်ရှင်လျက် ပြန်ထွက်နိုင်ဖို့ မလွယ်ဘူး"
ကျိယွမ်က ထိုမြင်ကွင်းကို ကြည့်ရင်း မှတ်ချက်ပေးလိုက်သည်။
ဟင်းလင်းပြင် ပြိုကျမှုမှာ သူတို့ရှိရာဘက်သို့ဦးတည်နေခြင်း မဟုတ်သဖြင့် သူက ပွဲကြည့်ပရိသတ်တစ်ဦးကဲ့သို့ စိတ်အေးလက်အေး ကြည့်နေခြင်း ဖြစ်၏။
"လောလောဆယ် ဒီမှာပဲ စခန်းချကြရအောင်"
ခဏမှလေ့လာပြီးနောက် ကျိယွမ်က နေရာတစ်ခု ရွေးချယ်လိုက်သည်။
ကျန်းလင်းစုက မျက်မှောင်ကြုတ်လိုက်၏။
"အစ်ကိုကြီး... ဒီမှာ ဝိညာဥ်စွမ်းအင်လည်း မရှိဘူး။ ကျွန်မ ဘယ်လို ကျင့်ကြံရမှာလဲ။ ဝိညာဥ်ကျောက်တုံးတွေကိုပဲ အားကိုးရမှာလား"
"ပြဿနာမရှိပါဘူး၊ ငါ မင်းအတွက် အသက်ရှူပေးမယ်လေ"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"နိုင်ငံခြားက တင်သွင်းတဲ့ ဝိညာဥ်စွမ်းအင်ပေါ့၊ ပိုပြီး အဆင့်မြင့်တယ်"
"ဖူး..."
ကျန်းလင်းစု၏ မျက်နှာမှာ နီမြန်းသွားတော့သည်။
အစ်ကိုကြီးကတော့...။
ထိုစဉ် အံ့အားသင့်သော အသံတစ်သံ ထွက်ပေါ်လာ၏ ။
"သွေးဝတ်စုံ... မင်းလည်း မိလော့အလင်းတန်း စုဆောင်းဖို့ လာတာလား"
ကျိယွမ်က လှည့်ကြည့်လိုက်ရာ ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည် ၊ ထိုသူမှာ အခြားသူမဟုတ်ဘဲ ကျိပုဖျင် ပင်။
ကျိပုဖျင်သည် အမည်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အတန်ငယ် ဖရိုဖရဲ ဖြစ်နေသည့် ပုံစံမျိုး ရှိနေသည်။
သူ၏ ဘေးတွင် ရုပ်ဆိုးလှသော အဖွားကြီးတစ်ဦး ရှိနေပြီး သူမသည် ကျိပုဖျင်၏ ဆရာဖြစ်ပုံရ၏။
ထိုအဖွားကြီးမှာ ဒဏ္ဍာရီလာအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် ထိပ်တန်း ကျွမ်းကျင်သူတစ်ဦး ဖြစ်ပေသည်။
"မဟူရာနတ်ဆိုးချောက်ထဲ ဝင်ပြီးမှတော့ မိလော့အလင်းတန်း စုဆောင်းတာကလွဲလို့ တခြား ဘာလုပ်စရာ ရှိဦးမှာလဲ"
ကျိယွမ်က ပျင်းရိစွာ ပြောလိုက်၏။
ကျိပုဖျင်၏မျက်နှာမှာ ပျက်သွားပြီး သူ၏ စိတ်ထဲတွင် အားမလိုအားမရ ဖြစ်မှုများ ပြည့်နှက်သွားသည်။
မိလော့အလင်းတန်း စုဆောင်းမှုကို မြန်ဆန်စေရန်နှင့် မဟူရာနတ်ဆိုးချောက်အတွင်း ရာထူးတိုးရန်အတွက် သူသည် သူ၏ ဂုဏ်သိက္ခာကို စွန့်လွှတ်ကာ ဤအဖွားကြီးနှင့် ယာယီ လက်တွဲဖော်အဖြစ် နေခဲ့ရပြီး ဧည့်သည်အကြီးအကဲ အဆင့်အတန်းကို ခဲရာခဲဆစ် ရယူခဲ့ရခြင်း ဖြစ်သည်။
သို့သော် သွေးဝတ်စုံကမူ မည်သည့် ကြိုးပမ်းအားထုတ်မှုမှ မပါဘဲ လွယ်လွယ်ကူကူ ရရှိသွားခဲ့၏။
ဤအချက်က ကျိပုဖျင်ကို သူ၏ စွန့်လွှတ်မှုများမှာ အချည်းနှီး ဖြစ်ခဲ့သလို ခံစားရစေသည်။
ရုပ်ဆိုးလှသော အဖွားကြီးမှာ ကျိယွမ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် မျက်နှာလွှဲသွားကာ ကျိပုဖျင်ကို ခေါ်၍ တောင်တန်းများဆီသို့ ထွက်ခွာသွားလေသည်။
"ဒါဆို... သူက အဓိက အဖွဲ့ဝင်တွေ သတိထားမိတဲ့ သွေးဝတ်စုံ ဆိုတဲ့သူပေါ့.. ရုပ်ချောတာကလွဲရင် သူ့မှာ ဘာမှ ထူးခြားတာ မတွေ့ပါဘူး"
အဖွားကြီးက တွေးတောနေ၏။
သူမအတွက်မူ မဟူရာနတ်ဆိုးချောက်၏ အဓိက အဖွဲ့ဝင်များမှာ အလွန် အရှိန်အဝါကြီးသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
သူမသည် ပဉ္စမမြောက်ကောင်းကင်ဘုံတွင် နှစ်ပေါင်း သောင်းချီ ကုန်ဆုံးခဲ့ပြီး ကောင်းကင်ဘုံများကို အလင်းပေးခြင်း အရည်အချင်း ရရှိရန်နှင့် မဟူရာနတ်ဆိုးချောက်၏ အဓိက အဖွဲ့ဝင်တစ်ဦး ဖြစ်လာရန်အတွက် ကုသိုလ်မှတ်များကို စုဆောင်းနေခဲ့ရသူ ဖြစ်၏။
ဤစကားကို ကြားသောအခါ ကျိပုဖျင်မှာ ပို၍ပင်စိတ်ပျက်သွားတော့သည်။
"အင်း..သူက ကံကောင်းလို့ပဲ ဖြစ်မှာပါ..."
ရုပ်ဆိုးလှသော အဖွားကြီးက ကျိပုဖျင်ကို ကြည့်လိုက်၏။
"သူ့ကို သိပ်ဂရုစိုက်မနေပါနဲ့။ ဘယ်လောက်ပဲ ရုပ်ချောချော၊ အဆုံးမှာတော့ သူက အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အရုပ်လေး တစ်ခုပဲ ဖြစ်မှာပါ။ ဒါပေမဲ့ မင်းကတော့... မင်းမှာ အဆင့် ၄ သွေးမျိုးဆက် ရှိနေတာဆိုတော့ မဟူရာနတ်ဆိုးချောက်ရဲ့ အဓိက အဖွဲ့ဝင် ဖြစ်လာဖို့ အခွင့်အလမ်း အနည်းငယ် ရှိနေပါသေးတယ်"
ထိုအခွင့်အလမ်းမှာ အင်မတန် သေးငယ်လှသော်လည်း အခွင့်အရေး ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် အဖွားကြီးမှာ လိမ်ပြောနေခြင်းတော့ မဟုတ်ပေ။
ကျိပုဖျင်၏ မျက်ဝန်းများမှာ စိတ်အားထက်သန်မှုများဖြင့် ပြန်လည် ဝင်းလက်လာခဲ့သည်။
မိလော့နယ်မြေတွင် ဘေးအန္တရာယ်မှာ အချိန်မရွေး ကျရောက်နိုင်သဖြင့် ကျင့်ကြံသူများသည် တရားထိုင်ခြင်းကိုသာ အာရုံမစိုက်နိုင်ကြပေ။ သူတို့သည် ပတ်ဝန်းကျင်ကို အမြဲ သတိထားနေရ၏။
ကျိပုဖျင်သည် မိလော့အလင်းတန်းများကို စောင့်ကြည့်နေစဉ် ကျိယွမ်နှင့် ကျန်းလင်းစုတို့ရှိရာ အဝေးမှ စခန်းဆီသို့လည်း ရံဖန်ရံခါ လှမ်းကြည့်တတ်သည်။
ထိုလူငယ်နှင့် မိန်းကလေးမှာ ခရီးထွက်လာကြသကဲ့သို့ပင် စခန်းပတ်လည်တွင် စားပွဲ၊ ကုလားထိုင်များနှင့် အစားအသောက်၊ သစ်သီးဝလံများ ခင်းကျင်းထားကြ၏။
ကျိပုဖျင်၏ မျက်ဝန်းများမှာ မနာလိုစိတ်နှင့် မလိုတမာစိတ်များ ရောပြွမ်းနေသည်။
"ဒီအတိုင်းဆိုရင် သူတို့ တစ်နှစ်လုံး အလဟဿ ဖြစ်သွားမှာပဲ၊ မိလော့အလင်းတန်း တစ်ခုတောင် ရမှာ မဟုတ်ဘူး"
ကျိပုဖျင်က စိတ်ထဲမှ မနာလိုစွာကျိန်ဆဲနေ၏။
အတန်ကြာသောအခါ ကျိပုဖျင်၏ မျက်ခုံးများမှာ တွန့်ချိုးသွားပြီး သူ၏ မျက်ဝန်းများတွင် စူးစမ်းလိုစိတ်များ ပေါ်လာသည်။
"သူတို့ ဘယ်သွားမလို့လဲ"
အဝေးမှလူနှစ်ယောက်က ယာယီစခန်းကို ပြန်သိမ်းနေသည်ကို သူ တွေ့လိုက်ရသည်။ စားပွဲ၊ ကုလားထိုင်များနှင့် အစားအသောက်များကို အကုန် သိမ်းဆည်းလိုက်ကြ၏။
"သူတို့ မိလော့အလင်းတန်း ရှာတွေ့သွားတာလား။ ငါ နောက်က လိုက်ကြည့်ရမယ်"
ထိုသို့ တွေးပြီးနောက် ကျိယွမ် ပျောက်ကွယ်သွားရာ လမ်းကြောင်းအတိုင်း သူ လျင်မြန်စွာ လိုက်သွားခဲ့သည်။
သို့သော် ထွက်သက်ဝင်သက် အကြိမ် အနည်းငယ် ကြာပြီးနောက် ကျိပုဖျင်မှာ လမ်းပျောက်သွားတော့သည်။
"သူတို့ ဘယ်ရောက်သွားတာလဲ"
သူသည် ဇဝေဇဝါ ဖြစ်သွားပြီး သူတို့ကို ချက်ချင်းပင် မျက်ခြေပြတ်သွားကြောင်း သိလိုက်ရ၏။
"သူ့မှာ တစ်ခုခု ထူးခြားနေတာ သေချာတယ်"
ကျိပုဖျင်က ရပ်တန့်ကာ စဉ်းစားနေမိပြီး သူ၏ စိတ်ထဲတွင် အတွေးများစွာ လှည့်ပတ်နေတော့သည်။
တစ်ဖက်တွင်မူ ကျိယွမ်သည် ကျန်းလင်းစုကို သူ၏ မြေအောက်ကမ္ဘာ အတွင်းသို့ ထည့်ထားပြီး ဖြစ်၏။
သူတစ်ဦးတည်းဖြင့် မိလော့နယ်မြေအတွင်း လျင်မြန်စွာ ရွေ့လျားရင်း အခြားသော မိုလို မြင့်မြတ်မျှော်စင် တစ်ခုဆီသို့ ဦးတည်သွားနေသည်။
စကားပုံတစ်ခု ရှိသည် မဟုတ်ပါလား - "ကိုယ့်တွင်းနားက မြက်ကို ကိုယ်မစားနဲ့" တဲ့။
ထို့ကြောင့် ပိုက်ကွန်ကို အဝေးကြီးမှာ သွားပစ်တာက ပိုကောင်းလိမ့်မယ်လို့ သူ တွက်ဆလိုက်ခြင်း ဖြစ်၏။
ကျိပုဖျင်နောက်က လိုက်လာသည်ကို ကျိယွမ် သိသော်လည်း သူ ဂရုမစိုက်ပေ။
အဲဒီလူက နောက်က လိုက်ချင်တယ်ဆိုရင် နောက်တစ်ခါကျရင် သူ့ကိုပါ ခေါ်သွားဖို့ ဖိတ်ခေါ်လိုက်ရုံပါပဲ။
ဒီကောင်ကျိပုဖျင်မှာ ရည်မှန်းချက် ရှိတာကတော့ သေချာတယ် ၊ သူက အဖွားကြီးတစ်ယောက်နဲ့တောင် အိပ်ဖို့ ဆန္ဒရှိနေတာဆိုတော့ တော်တော်ကို ရည်မှန်းချက်ကြီးတာပေါ့။
ဒီလိုလူမျိုးဆိုရင် ကြီးမားတဲ့ အစီအစဉ်တွေမှာ ပါဝင်ဖို့ ဆန္ဒရှိမှာ သေချာပါတယ်။
ကျိယွမ်က ထိုသို့တွေးရင်း တစ်ကိုယ်တည်း ပြုံးလိုက်၏။
မကြာမီတွင် သူ၏ ပုံရိပ်မှာ မိလော့နယ်မြေ၏ အခြားသော ထွက်ပေါက်တစ်ခုသို့ ရောက်ရှိသွားသည်။
ဤနေရာတွင် မိုလိုမျိုးနွယ်စု ကျင့်ကြံသူ အချို့ ထွက်ပေါက်ကို စောင့်ကြပ်နေကြ၏။
ကျိယွမ်အတွက်မူ ထိုအစောင့်များမှာ အလွန် အားနည်းလှပေသည်။
သူ၏ မဟာမေ့လျော့ခြင်းစိတ်ကျမ်းကို အသုံးပြုကာ မည်သူမျှ သတိမထားမိစေဘဲ တည့်တည့်ပင် လျှောက်ထွက်သွားလိုက်တော့သည်။
"အစီအစဉ် တစ်ခု စတင်ဖို့ အခြေခံ ကိုတည်ဆောက်ရတာက အနုပညာ တစ်ခုပဲ"
"အဲဒါက သိုသိုသိပ်သိပ် ရှိရမယ်၊ ဒါပေမဲ့ သိပ်ပြီးတော့လည်း မသိုသိပ်လွန်းရဘူး"
-----------
အခန်း ၄၁၁ ။ အတူတူ ချမ်းသာကြစို့
"ခရမ်းရောင်ချီတွေ အများကြီး ရှိနေတာက မကောင်းဘူး။"
"အရမ်းကြီး သိသာနေလို့ မဖြစ်ဘူး။ တစ်မျိုးလေး ထူးခြားနေတယ်ဆိုတဲ့ အထင်အမြင်မျိုး ပေးနိုင်ဖို့ လိုတယ်။ ခရမ်းရောင်ချီက သူ့ကို စိတ်ဝင်စားပေမဲ့ အရင်နီးကပ်ဖို့ ဝန်လေးနေတဲ့ ပုံစံမျိုးပေါ့။"
"ခရမ်းရောင်ချီကို မမြင်ခင်မှာ အခက်အခဲတချို့ကို အရင်ချထားပေးရမယ်။ အရာရာက လွယ်ကူလွန်းနေရင် သူ သံသယဝင်သွားလိမ့်မယ်။ ရှေ့က အနန္တအသွင်ကူးပြောင်းတံခါးက ထောင်ချောက်တစ်ခုလို့တောင် သူ ထင်သွားနိုင်တယ်။"
"အခက်အခဲတွေ ထည့်ပေးထားမှသာ ဒါဟာ သူကိုယ်တိုင် ကြိုးစားအားထုတ်ပြီး ရရှိလာတာလို့ သူ ခံစားရမှာ။ ပြီးတော့ ဒါတွေအားလုံးက ထိုက်တန်ပါတယ်လို့ သူ့ကိုယ်သူ ပြန်သိမ်းသွင်းနိုင်လိမ့်မယ်။"
ခြောက်သွေ့ကာ ဖုန်းဆိုးမြေဆန်လှသော မြေရိုင်းတစ်ခုတွင် ကျိယွမ်၏ ပုံရိပ် ပေါ်လာ၏။
"ဓာတ်ကြီးငါးပါးကို ဖျက်ဆီးပစ်။"
ကျိယွမ်၏ ပတ်ဝန်းကျင်ရှိ အရှိန်အဝါများမှာ နိမ့်ချည်မြင့်ချည်နှင့် လှုပ်ခတ်ပကုန်သည်။
ဝမ်ယုကုန်းမြေတိုက်ကြီးတွင် ရှိစဉ်က သူသည် ဘိုးဘေးငါးပါး၏ စွမ်းအားဖြင့် ချီစွမ်းအင်ကိုသန့်စင်ခဲ့ပြီး ဓာတ်ကြီးငါးပါး ချီသန့်စင်ခြင်း၏ အစပျိုးမှုကို တည်ဆောက်ခဲ့သူ ဖြစ်သည်။
ယခုအခါ သူ၏လက်တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် ဤဒေသရှိ ဓာတ်ကြီးငါးပါးစွမ်းအင်ကို ကမောက်ကမ ဖြစ်သွားစေနိုင်၏။
ကျိယွမ်အတွက် ဓာတ်ကြီးငါးပါးကို နှောင့်ယှက်ခြင်းက ရိုးရှင်းသော်လည်း အခြားသော ကောင်းကင်ဘုံအရှင်သခင်များအတွက်မူ ဓာတ်ကြီးငါးပါးကို အထူးပြုကျင့်ကြံပြီး အခြေခံသဘောတရားများကို နားလည်ထားမှသာ ဖြစ်နိုင်ပေလိမ့်မည်။
ထို့ကြောင့် ကျိယွမ် ဖန်တီးထားသော ဤမြင်ကွင်းမှာ အများအမြင်တွင် အလွန်ပင် စစ်မှန်နေသည်။ ကောင်းကင်ဘုံအရှင်သခင် တစ်ယောက်ပင်လျှင် မသင်္ကာစရာ တစ်ခုမျှ ရှာတွေ့နိုင်မည် မဟုတ်ချေ။
"နောက်တစ်ခုက ရှေးဟောင်းအစီအရင် အကျိုးအပဲ့တချို့လည်း ချထားရမယ်။"
ကျိယွမ်သည် အစီအရင်အတတ်တွင် အတွေ့အကြုံ များများစားစား မရှိပေ။
သို့သော် ဝှက်ဖုံးထားသော အချက်အလက်များကို မြင်နိုင်သည့် သူ၏ မျက်လုံးများဖြင့် အစီအရင်များကို ပြုပြင်ပြောင်းလဲခြင်းမှာ ကျိယွမ်အတွက် လွယ်ကူသော အလုပ်တစ်ခု ဖြစ်သည်။ ဖန်တီးသူကိုယ်တိုင်ပင် ပြန်မှတ်မိတော့မည် မဟုတ်သော အခြေအနေအထိ သူ ပြောင်းလဲပစ်နိုင်၏။
အချိန်နေ့ဝက်ခန့် ကြာပြီးနောက် ကျိယွမ်သည် သူ၏ လက်ရာကို ကျေနပ်စွာ ကြည့်လိုက်သည်။
"ဒီထောင်ချောက်ကို ပြင်ဆင်ဖို့ အချိန်နေ့ဝက်တောင် သုံးလိုက်ရတယ်လို့ မယုံနိုင်စရာပဲ။"
"ဒါပေမဲ့ အခုတော့ အတွေ့အကြုံ ရသွားပြီ။ နောက်တစ်ခါကျရင် ကော်ပီကူးပြီး ပြန်သုံးရုံပဲ။"
"နှမြောစရာကောင်းတာက ငါ့မှာ ခရမ်းရောင်ချီ အများကြီး မရှိတာပဲ။ အနန္တအသွင်ကူးပြောင်းတံခါးကလည်း တစ်ခုပဲ ရှိတယ်။ မဟုတ်ရင် ထောင်ချောက်တွေ အများကြီး ဆင်ထားမှာ။"
"ဒါကို အများအပြား ထုတ်လုပ်လို့ မရဘူး။ ထိရောက်မှု မရှိဘူး။"
ကျိယွမ်သည် သူဆင်ထားသော ထောင်ချောက်ကို ကျေနပ်သောအမူအရာဖြင့် ကြည့်နေလေသည်။
"တွန်းအားနည်းနည်းတော့ လိုသေးတယ်။ အဲဒီ ကောင်းကင်ဘုံအရှင်သခင်က တစ်ကိုယ်တည်း အောင်းနေတတ်ပြီး အပြင်မထွက်ချင်ရင် ဘယ်လိုလုပ်မလဲ။"
သူက ပြောပြောဆိုဆိုနှင့် လက်ညှိုးဖြင့် အသာအယာ ဖိချလိုက်၏။
ချက်ချင်းပင် ထောင်ချောက်အတွင်းရှိ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားလေတော့သည်။
"ကဲ ပြန်ဖို့ အချိန်တန်ပြီ။"
ကျိယွမ်က လက်ကို ပုတ်လိုက်ပြီးနောက် သူ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားတော့သည်။
"ဒီရက်ပိုင်း သတိထားမှ ဖြစ်မယ်။ ငါ့အိမ်က အခု အစောင့်အရှောက်မရှိ ဖြစ်နေတာ။ တစ်ယောက်ယောက် ဖောက်ဝင်လာရင် မကောင်းဘူး။"
......
မိုလိုမြင့်မြတ်မျှော်စင် အတွင်း၌ ဖြစ်သည်။
ကောင်းကင်ဘုံအရှင်သခင် မိုကျိသည် သူ၏ ဂူကျောင်းအတွင်း ထိုင်နေပြီး သူ၏ ဝတ်ရုံကြီးပေါ်တွင် သွေးစအနည်းငယ် စွန်းထင်နေသည်။
သူသည် ရှေ့ရှိ ပန်းချီကားတစ်ချပ်ကို စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများတွင် ကြမ်းတမ်းသော အလင်းတန်းများ လျှပ်ကူးနေ၏။
"ငါက ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံနေတာကို အခုတော့ အဲဒီ ကျိန်စာသင့်နေတဲ့ မိုလိုချောက်နက်စစ်မြေပြင်ကို သွားခိုင်းပြန်ပြီလား။"
"ငါက ပုရွက်ဆိတ်တွေကိုလည်း သတ်လို့မရဘဲ ငါနဲ့ အဆင့်တူတဲ့သူတွေကိုပဲ အတင်းတိုက်ခိုင်းနေတာ။ အဲဒါက ဘာပျော်စရာ ရှိမှာလဲ။"
မကြာသေးမီကပင် မိုကျိသည် အကြီးအကဲကောင်စီထံမှ ကောင်းကင်ဘုံအရှင်သခင် မိုချန်း၏ နေရာတွင် အစားထိုး၍ မိုလိုချောက်နက်ကို စောင့်ကြပ်ရန် အမိန့်စာ လက်ခံရရှိခဲ့သည်။
မိုကျိသည် ဤတာဝန်ကို လက်ခံရန် ဝန်လေးနေလေသည်။
အကြောင်းမှာ သူသည် လနတ်ဘုရားနန်းတော်မှ ကောင်းကင်ဘုံအရှင်သခင်များနှင့် ရင်ဆိုင်ရမည် ဖြစ်သောကြောင့်ပင်။
ခွန်အားချင်း ယှဉ်လျှင် သူသည် သူတို့ကို မယှဉ်နိုင်ပေ။
ထို့ကြောင့် သူသည် အနိုင်ကျင့်ခံရခြင်းကိုသာ သည်းခံနေရပေလိမ့်မည်။
ပိုဆိုးသည်မှာ စစ်ပွဲ၏ စည်းမျဉ်းများအရ သူသည် အကြောင်းပြချက်မရှိဘဲ အဆင့်နိမ့် ကျင့်ကြံသူများကို တိုက်ခိုက်၍ မရခြင်းပင် ဖြစ်သည်။
အတိုချုပ်ပြောရလျှင် ဤသည်မှာ သူ ဒုက္ခခံရန် စေလွှတ်ခြင်းခံရသော စိတ်ပျက်စရာ တာဝန်တစ်ခုသာ ဖြစ်၏။
သူသည် ယန်နတ်ဘုရားများကို အနိုင်မတိုက်နိုင်သလို အဆင့်နိမ့်ကျင့်ကြံသူများကိုလည်း သတ်၍ မရသဖြင့် ဒေါသဖြေစရာ မရှိပေ။
"တစ်လအတွင်း ငါသွားရမယ်တဲ့။ အပင်ပန်းခံရတော့မှာပဲ။"
မိုကျိသည် ရှေ့တန်းသို့ သွားရန် စိတ်ကူးပင် မရှိချေ။
တစ်ကြိမ် စောင့်ကြပ်ရလျှင် နှစ်ပေါင်းထောင်ချီ ကြာနိုင်ပေသည်။
သို့သော် သူသည် အကြီးအကဲကောင်စီ၏ အမိန့်ကို ငြင်းပယ်၍ မရပေ။
"ကောင်းကင်ဘုံအရှင်သခင် တစ်ယောက်ဖြစ်တာတောင် ဘဝက ဒီလောက် ခက်ခဲနိုင်သေးတာပဲ... ဟင်း။"
မိုကျိ စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။
သို့သော် ရုတ်တရက် သူ၏ မျက်မှောင်များ ကြုံ့သွား၏။
"ဟင်။"
ပုံမှန်မဟုတ်သော အရှိန်အဝါတစ်ခုကို သူ အာရုံရလိုက်သည်။
၎င်းမှာ အလွန်သေးငယ်သော်လည်း သူ သတိထားမိလိုက်ဆဲပင်။
မိုကျိသည် ချက်ချင်း ထရပ်လိုက်ပြီး သူ၏ အကြည့်မှာ ကောင်းကင်ယံကို ဖြတ်ကျော်၍ မိုင်ပေါင်းများစွာ အကွာအဝေးသို့ လှမ်းကြည့်လိုက်သည်။
"ဒါက ဘာလဲ။"
သူက မျက်လုံးကို မှေးလိုက်ပြီး ဝေးကွာသော မြင်ကွင်းကို အာရုံစိုက်လိုက်၏။
ခြောက်သွေ့သော နေရာတစ်ခုတွင် ဝိညာဉ်စွမ်းအင်များမှာ ကမောက်ကမ ဖြစ်နေပြီး ဓာတ်ကြီးငါးပါးမှာလည်း ပျက်စီးနေသည်။
"ဒါက..."
မိုကျိသည် တွေဝေမနေဘဲ သူ၏ အရှိန်အဝါကို ဖုံးကွယ်ကာ ထိုနေရာသို့ ဦးတည်လိုက်သည်။ သူသည် သာမန် ဒဏ္ဍာရီအဆင့် ကျင့်ကြံသူတစ်ဦးကဲ့သို့ ကိုယ်ယောင်ဖျောက်၍ သွားလေသည်။
"ဓာတ်ကြီးငါးပါး ပျက်စီးနေတာက ရတနာတစ်ခု ပေါ်ထွက်တော့မှာ ဒါမှမဟုတ် ထူးခြားတဲ့ တစ်ခုခု ဖြစ်နေတာ ဖြစ်ရမယ်။"
သူ၏ မျက်လုံးများက တောက်ပလာပြီး ရှေ့မှ မြင်ကွင်းကို ထိုးဖောက်မြင်နိုင်ရန် ကြိုးစားနေ၏။
"ရှေးဟောင်းအစီအရင်တစ်ခုက ငါ့အမြင်ကို ပိတ်ဆို့ထားတာလား။"
မိုကျိ၏ မျက်လုံးများ ဝင်းလက်သွားသည်။
"ငါတောင် ထိုးဖောက်မမြင်နိုင်တဲ့ အစီအရင်လား။ ဒါဆိုရင်..."
ဒီမှာ ရှားပါးတဲ့ ရတနာတစ်ခုခု ရှိနေရမယ်။
ဒါမှမဟုတ် အစွမ်းထက်တဲ့ ရှေးဟောင်းပုဂ္ဂိုလ်တစ်ယောက်ရဲ့ နေအိမ် ဖြစ်နိုင်တယ်။
"တစ်ခုခုတော့ မမှန်သလိုပဲ။ ဒါက အရမ်း လွယ်ကူနေသလိုပဲ။"
မိုကျိ၏ အသိစိတ်က အန္တရာယ်ရှိနေကြောင်း သတိပေးနေသည်။
ဒါက ညဘက်မှာ အသံတစ်ခုကြောင့် နိုးလာပြီး အပြင်ထွက်ကြည့်တဲ့အခါ မြေကြီးထဲမှာ ကျင်းတစ်ခုနဲ့ ဘေးမှာ "ရတနာရှိသည်" ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့လိုက်ရသလိုမျိုး ဖြစ်နေ၏။
၎င်းမှာ ချဲ့ကားလွန်းသော်လည်း မိုကျိအတွက်မူ ထိုအတိုင်း ခံစားနေရခြင်း ဖြစ်သည်။
အကြောင်းမှာ ယန်နတ်ဘုရားတစ်ပါးကိုပင် ဆွဲဆောင်နိုင်သော ရတနာမှာ အလွန်ရှားပါးပြီး တိုက်တိုက်ဆိုင်ဆိုင် တွေ့ရဖို့မှာ မလွယ်ကူသောကြောင့်ပင်။
ဓာတ်ကြီးငါးပါး ပျက်စီးနေခြင်းမှာ ယန်နတ်ဘုရားများပင် မက်မောသော ရတနာတစ်ခု ဤနေရာတွင် ဝှက်ထားသည်ဟုသာ ဆိုလိုပေသည်။
"ပိတ်ဆို့လိုက်။"
မိုကျိက လက်ကို မြှောက်လိုက်ရာ ထိုဒေသတစ်ခုလုံး၏ ကောင်းကင်နှင့် မြေကြီးမှာ သူ၏ စွမ်းအားဖြင့် ဖုံးလွှမ်းသွားသည်။
ဘာပဲဖြစ်ဖြစ် ဒီက အရှိန်အဝါကို အရင်ဆုံး နှိမ်ထားရမယ်။
ဓာတ်ကြီးငါးပါး နှောင့်ယှက်မှုသာ ဆက်ဖြစ်နေရင် အခြား ကောင်းကင်ဘုံအရှင်သခင်တွေလည်း နှစ်အနည်းငယ်အတွင်း သိသွားနိုင်တယ်။
"ဒါက ငါတို့ မိုလိုမျိုးနွယ်စုရဲ့ နယ်မြေအလယ်ဗဟိုပဲ။ ဒါကြောင့် ဘေးကင်းသင့်ပါတယ်။ ငါ အထဲဝင်ပြီး ကြည့်လိုက်မယ်။"
ထိုသို့ပြောပြီးနောက် မိုကျိသည် ရှေ့သို့ တိုးသွားလေသည်။
သူသည် ရှေးဟောင်းနှင့် နက်ရှိုင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည့် ရှေးဟောင်းအစီအရင် အကျိုးအပဲ့တစ်ခုနှင့် တွေ့ဆုံရ၏။
"ဒီလို အစီအရင်အတတ်မျိုး... ငါ တစ်ခါမှ မမြင်ဖူးဘူး။ ဒါ ရှေးခေတ်က ပျောက်ကွယ်သွားတဲ့ နည်းလမ်းတစ်ခု ဖြစ်ရမယ်။"
မိုကျိက ခဏမျှ စဉ်းစားပြီးနောက် တွေဝေမနေဘဲ အစီအရင်အတွင်းသို့ တိုးဝင်သွားတော့သည်။
ခဏအကြာတွင် မိုကျိသည် ပိုမိုနက်ရှိုင်းသော နေရာသို့ ရောက်ရှိသွားသည်။
သူက သက်ပြင်းချလိုက်ကာ မှတ်ချကိချ၏။
"တော်သေးတာပေါ့။ ဒီအစီအရင်က အရမ်းဟောင်းနေလို့။ အကောင်းအတိုင်းသာ ဆိုရင် ဒါကို ဖောက်ထွက်ဖို့ ငါ့အတွက် ရက်ပေါင်း တစ်ရာလောက် ကြာနိုင်တယ်။"
ရက်ပေါင်းတစ်ရာမှာ ကောင်းကင်ဘုံအရှင်သခင် တစ်ယောက်အတွက် မျက်တောင်တစ်ခတ်စာမျှသာ ဖြစ်သည်။
သို့သော် သူသည် တစ်လအတွင်း ဆဋ္ဌမမြောက်ကောင်းကင်သို့ တာဝန်ထမ်းဆောင်ရန် သတင်းပို့ရမည် ဖြစ်သဖြင့် အချိန်မဆွဲနိုင်ပေ။
"ရှေ့မှာ နောက်ထပ် အစီအရင်တစ်ခု ရှိသေးတယ်။ တစ်ခုခု ရှိရမယ်... နေပါဦး။ အဲဒါ ခရမ်းရောင်ချီလား။"
ရုတ်တရက် မိုကျိ၏ နှလုံးသားမှာ တုန်ရင်သွားပြီး သူ၏ မျက်လုံးများမှာ ဝင်းလက်လာသည်။
"ဒါ ခရမ်းရောင်ချီပဲ။ မသေမျိုးနယ်မြေရဲ့ ပထမဆုံး စွမ်းအင်ပဲ။ ဓာတ်ကြီးငါးပါး ဘာကြောင့် ပျက်စီးနေရလဲဆိုတာ အံ့သြစရာ မရှိတော့ဘူး။"
မိုကျိသည် အလွန်အမင်း ဝမ်းသာသွားလေသည်။
သူသည် ခရမ်းရောင်ချီ၏ အရှိန်အဝါကို ခံစားလိုက်ရခြင်း ဖြစ်၏။
ခရမ်းရောင်ချီသည် မသေမျိုးနယ်မြေ၏ မူလစွမ်းအင်ဖြစ်ပြီး ကသောင်းကနင်း ဖြစ်မှုနှင့် အစပြုခြင်းကို ကိုယ်စားပြုသည်။
ကောင်းကင်ဘုံအရှင်သခင်များအတွက် ခရမ်းရောင်ချီမှာ အလွန်ပင် တန်ဖိုးကြီးလှပေသည်။
ဥပမာအားဖြင့် တစ်စုံတစ်ယောက်၏ အတိတ်ဘဝသည် ဒဏ္ဍာရီအဆင့်တွင် ရှိနေပါက ခရမ်းရောင်ချီသည် ၎င်းကို ယန်နတ်ဘုရားအဆင့်သို့ မြှင့်တင်ပေးနိုင်၏။
ထို့အပြင် သာမန် ယန်နတ်ဘုရားတစ်ပါးအတွက် ကျင့်ကြံခြင်း တိုးတက်မှုမှာ ကောင်းကင်ရှိ ကြယ်တာရာများကို ထင်ဟပ်စေခြင်းတွင် ပါဝင်သည်။
သို့သော် ဤကြယ်များသည် အလိုအလျောက် ပေါ်လာခြင်း မဟုတ်ဘဲ ခရမ်းရောင်ချီ လိုအပ်လေသည်။
ကောင်းကင်ဘုံအရှင်သခင် တစ်ဦးတွင် ခရမ်းရောင်ချီ များများရှိလေလေ သူတို့၏ ကြယ်တာရာ ထင်ဟပ်မှုများ ပိုမိုအားကောင်းလေလေ ဖြစ်သည်။ ကောင်းကင်အားလုံးကို ထင်ဟပ်စေခြင်းမှာ ပိုမိုထိရောက်လာပြီး သူတို့၏ စွမ်းအားမှာလည်း ပိုမိုမြန်ဆန်စွာ တိုးတက်လာပေလိမ့်မည်။
ထို့ကြောင့် ကောင်းကင်ဘုံအရှင်သခင် နေဆယ်စင်းသည် မဟာနေမင်း ရာထူးကို စိန်ခေါ်ရန် ကြိုးပမ်းသည့်အခါ အခြားသော ယန်နတ်ဘုရားများ အားလုံး တုန်လှုပ်သွားကြခြင်း ဖြစ်သည်။
ပထမအချက်မှာ နေဆယ်စင်းတွင် ခရမ်းရောင်ချီ ပမာဏ အမြောက်အမြား ရှိနေရမည် ဖြစ်သောကြောင့်ပင်။
ဒုတိယအချက်မှာ နေဆယ်စင်းသည် ကောင်းကင်ရှိ နေမင်းဆယ်စင်း၏ စွမ်းအားကို စေခိုင်းနိုင်ရန် ထူးခြားသော ပါရမီရှိရမည် ဖြစ်သည်။
မှန်ပါသည်၊ ဤကောင်းကင်ဘုံအရှင်သခင်များ မသိသောအချက်မှာ သူတို့၏ ကြယ်တာရာ ထင်ဟပ်မှုများမှာ ကျိယွမ်နှင့် ယှဉ်လျှင် ဘာမျှမဟုတ်ခြင်းပင်။
အကြောင်းမှာ ကျိယွမ်၏ ကြယ်တာရာ ထင်ဟပ်မှုများမှာ အစစ်အမှန် ကြယ်တာရာများ ဖြစ်သောကြောင့်ပင်။
"ကံကြမ္မာက ငါ့ကို ပြုံးပြနေပြီပဲ။ ငါ မိုကျိ ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ဘယ်သူ သိမှာလဲ။"
မိုကျိသည် အလွန်ဝမ်းသာသွားပြီး နောက်ထပ် အစီအရင်တစ်ခုဆီသို့ တွေဝေမနေဘဲ ဦးတည်လိုက်တော့သည်။
...
ကျိပုဖျင်သည် အဝေးမှ ပြန်လာပြီး လှမ်းမြင်နေရသော တဲကို ကြည့်လိုက်သည်။
ရင်းနှီးနေသော ထိုပုံရိပ်ကို သူ မြင်လိုက်ရပြီး ခဏမျှ စဉ်းစားပြီးနောက် ပျံသန်းသွားလိုက်၏။
"မနေ့က မင်းကို မတွေ့မိဘူး။ တစ်ခုခု အသစ်တွေ့ခဲ့လို့လား။"
သူက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
မိလော့အလင်းတန်းများကို ရှာဖွေခြင်းမှာ ကံတရားနှင့် ကျွမ်းကျင်မှု နှစ်ခုလုံး လိုအပ်သည်။
ကျိယွမ် ကံကောင်းသွားမှာကို ကျိပုဖျင်က စိုးရိမ်နေပြီး ၎င်းက သူ့ကို မနာလိုဖြစ်စေကာ စိတ်မသက်မသာ ဖြစ်စေသည်။
ဘာပဲဖြစ်ဖြစ် မဟူရာမိစ္ဆာချောက်နက်ကြီးသည် သွေးမျိုးဆက်ကို အရာအားလုံးထက် တန်ဖိုးထား၏။
သို့သော် ဤနေရာတွင် ထူးခြားသော သွေးမျိုးဆက် မရှိသည့် ကျိယွမ်က ကျိပုဖျင်ထက် အဆင့် ပိုမြင့်နေသည်။
ကျိယွမ်သာ ကံကောင်းပြီး မိလော့အလင်းတန်းကို ရှာတွေ့သွားပါက ကျိပုဖျင်မှာ ပို၍ပင် စိတ်မကျေမချမ်း ဖြစ်ရပေလိမ့်မည်။
ဒုတိယမြောက်ကောင်းကင်က သာမန်ကျင့်ကြံသူတစ်ယောက်က ဒီလောက် ကံကောင်းစရာ ရှိလို့လား။
"တွေ့ခဲ့တာ တစ်ခုတော့ ရှိတယ်။"
ကျိယွမ်က ကျိပုဖျင်ကို ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။
ကျိပုဖျင်၏ နှလုံးခုန်နှုန်း မြန်သွားပြီး မနာလိုစိတ်များ တိုးလာ၏။
"မင်း မိလော့အလင်းတန်းကို ရှာတွေ့တာ တကယ် ကံကောင်းတာပဲ။"
"ဒါ မိလော့အလင်းတန်း မဟုတ်ဘူး။"
ကျိယွမ်က ခေါင်းယမ်းလိုက်သည်။ သူက ကျိပုဖျင်ကို ကြည့် ခပ်တိုးတိုးမေးလိုက်၏။
"ဒါပေမဲ့ မင်းက အဲဒီ အဘွားကြီးနဲ့ တောင် ပတ်သက်နိုင်တာကို ကြည့်ရင် မင်းမှာ ရည်မှန်းချက် ရှိရမယ် မဟုတ်လား။"
"မင်း... မင်း။"
ကျိပုဖျင်၏ မျက်နှာ ပျက်သွားပြီး သူ့ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာသည်။
"မင်းလို ကောင်စုတ်က ငါ့ကို ဒီလို စော်ကားရဲတယ်လား။ မဟူရာမိစ္ဆာချောက်နက်ရဲ့ အမာခံအဖွဲ့ဝင်တစ်ယောက်က မင်းကို သဘောကျနေရင်တောင် ဒီနေ့တော့ ငါ မင်းကို သတ်မယ်။"
သူ တကယ်ပင် ဒေါသထွက်သွားခြင်း ဖြစ်သည်။
သို့သော် သူ တကယ် တိုက်ခိုက်ရန်တော့ စိတ်ကူးမရှိပေ။
ကျိယွမ်ကတော့ တည်ငြိမ်နေဆဲပင်။
"အဲဒီလို မဟုတ်ပါဘူး သူငယ်ချင်းရာ။ ငါက မင်းရဲ့ စိတ်ပိုင်းဖြတ်မှုကို တကယ်ပဲ ချီးကျူးတာပါ။"
ဘာပဲဖြစ်ဖြစ် ကျိယွမ်သည် ကျိပုဖျင် လုပ်သလို အဘွားကြီးတစ်ယောက်နှင့် အတူအိပ်ခြင်းမျိုးကို လုပ်နိုင်မည် မဟုတ်ချေ။
ကျိယွမ်၏ စိတ်ကူးယဉ်မှုများတွင် အဖိုးကြီးများနှင့် အဘွားကြီးများကို သူ ရယူ၍ မရသော "ကြဖြူ" များအဖြစ် သတ်မှတ်ထားသော်လည်း ၎င်းတို့မှာ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်သည်။
"ဟင်း။"
ကျိပုဖျင်၏ သတ်ဖြတ်လိုသော စိတ်မှာ အစစ်အမှန် ဖြစ်သော်လည်း သူ မလှုပ်ရှားပေ။
"မင်းရဲ့ ရည်မှန်းချက်ကို ငါ သိနေလို့ မင်းကို ချမ်းသာစေမယ့် အခွင့်အရေးတစ်ခု ပေးမလို့။"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ယနေ့ ကျိယွမ်သည် လူတော်ရှာဖွေသူ တစ်ဦးအဖြစ် သရုပ်ဆောင်နေခြင်း ဖြစ်သည်။
ကျိပုဖျင်မှာ အံ့သြသွားပြီး သတိထားကာ မေးလိုက်၏။
"ဘယ်လို အခွင့်အရေးမျိုးလဲ။"
"မနေ့က ငါ မိလော့အလင်းတန်းကို ရှာနေတာ မဟုတ်ဘူး။ သိုးဝဝကြီး တစ်ကောင်နောက်ကို လိုက်နေတာ။ သူက ချမ်းသာတယ်... အရမ်းကို ချမ်းသာတာ။"
ကျိယွမ်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် ဝင်းလက်လာသည်။
"မင်း..."
ကျိပုဖျင်၏ အမူအရာမှာ မပြောင်းလဲသော်လည်း သူ၏ နှလုံးခုန်သံ မြန်လာသည်။
"မင်း ဓားပြတိုက်ဖို့ ပြောနေတာလား။"
သူ ဓားပြတိုက်ဖူးသဖြင့် ကျိယွမ် ဘာပြောချင်သည်ကို သူ အတိအကျ သိသည်။
"ဓားပြတိုက်တာလား။ မဟုတ်ပါဘူး။ ငါကတော့ ဒါကို 'ခြေဦးတည့်ရာ ကျင့်ကြံခြင်း' လို့ပဲ သတ်မှတ်ချင်တယ်။"
"အိုးမဲ့အိမ်မဲ့" ဆိုတဲ့ စကားလုံးကိုတောင် ပိုပြီး နားဝင်ချိုအောင် ပြောင်းလဲထားတာပဲ။ ဓားပြတိုက်တာကိုလည်း ဘာလို့ နာမည် မပြောင်းရမှာလဲ။
ကျိပုဖျင်က မျက်လုံးမှေးလိုက်သည်။
"အရမ်း ချမ်းသာတာလား။"
ကျိယွမ်ကို မနှစ်မြို့သော်လည်း ပိုက်ဆံ၏ ဆွဲဆောင်မှုကို ငြင်းဆန်ရန် ခက်ခဲပေသည်။
ကျင့်ကြံသူများ ကမ္ဘာတွင် ဤသည်မှာ သာမန်ကိစ္စပင် ဖြစ်၏။
"အရမ်းကို ချမ်းသာတာ။ ဒါပေမဲ့ သူ့ရဲ့ ခွန်အားကတော့... နည်းနည်းတော့ ရှိတယ်။"
ကျိယွမ်က ဆက်ပြောသည်။
"ဒါကြောင့် မင်းကို အတူတူ ချမ်းသာကြဖို့ ဖိတ်ခေါ်တာပေါ့။"
ကျိပုဖျင်က အတွင်းစိတ်ထဲတွင် လှောင်ပြုံး ပြုံးလိုက်၏။
ကျိယွမ်မှာ မဟာအုပ်စိုးရှင် တစ်ယောက်သာ ဖြစ်နိုင်သည်။ သူက "နည်းနည်း အစွမ်းထက်တယ်" ဟု ပြောလျှင် ပစ်မှတ်မှာ အဆင့် ၄ လောက်သာ ဖြစ်ပေလိမ့်မည်။
သို့သော် ကျိပုဖျင်မှာ အဆင့် ၆ ဖြစ်သည်။ သူ စိုးရိမ်စရာ အကြောင်း မရှိပေ။
သို့သော် သူက သတိထားကာ မေးလိုက်ဆဲပင်။
"ငါတို့ နှစ်ယောက်ပေါင်းရင် သူ့ကို နိုင်မယ်လို့ မင်း သေချာလား။"
"အဲဒါကို မစိုးရိမ်နဲ့။ သူက အသက်ကြီးနေပြီ... ပျက်စီးတော့မယ့် အခြေအနေပဲ။ ငါတို့ နှစ်ယောက်စလုံးက ငယ်ရွယ်ပြီး တက်ကြွနေတာ။ သူ့ကို အလွယ်တကူ နှိမ်နင်းနိုင်ပါတယ်။"
ကျိယွမ်က ဆက်ပြောသည်။
"အော် ပြီးတော့ သူက မိုလိုမျိုးနွယ်စုရဲ့ အဆင့်မြင့် အဖွဲ့ဝင်တစ်ယောက်။"
"ငါတို့က သူတို့ရဲ့ အထက်လူကြီးတွေဖြစ်တဲ့ မဟူရာမိစ္ဆာချောက်နက်ကပဲ။"
"ဒါကြောင့် သူ့ကို သတ်ပြီး သက်သေတွေကို ဖျောက်ဖျက်လိုက်ရင် ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး။"
"အဲတော့ မင်း ပါမှာလား မပါဘူးလား။"
ကျိယွမ်က မဟာမေ့လျော့ခြင်းစိတ်ကျမ်းကို အသုံးပြု၍ ပြောလိုက်သည်။
သူသည် မိမိကိုယ်မိမိ ဖော်ပြရာတွင် မကျွမ်းကျင်သဖြင့် အခြားသူများကို ဆွဲဆောင်ရန် ဤစွမ်းရည်ကို မကြာခဏ အသုံးပြုလေ့ ရှိသည်။
"ဒီအလုပ် ပြီးသွားရင် မင်း ဆဋ္ဌမမြောက်ကောင်းကင်ကို တက်ဖို့ လုံလောက်တဲ့ အမှတ်တွေ ရနိုင်တယ်နော်။"
ကျိယွမ်က ထပ်မံဖျောင်းဖျလိုက်၏။
ကျိပုဖျင်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ အမူအရာမှာ ခဏမျှ အေးခဲသွားသည်။
"ဆဋ္ဌမမြောက်ကောင်းကင်လား။"
"ဟုတ်တယ်။ ဆဋ္ဌမမြောက်ကောင်းကင်။ မင်း ပါမှာလား။"
"ငါ ပါမယ်။"
ကျိပုဖျင်က ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။
မိုလိုမျိုးနွယ်စုရဲ့ အဆင့်မြင့်အဖွဲ့ဝင် တစ်ယောက်ပဲ မဟုတ်လား။
ကျိယွမ်တောင်လုပ်ရဲရင် ငါကျိပုဖျင်က ဘာလို့ တွန့်ဆုတ်နေရမှာလဲ။
ငါက စတုတ္ထအဆင့်သွေးမျိုးဆက်ပဲ။
ဝေစု ခွဲဝေမှု မမျှတမှာ ဒါမှမဟုတ် သစ္စာဖောက်ခံရမှာကို စိုးရိမ်တာလား။ အဆင့် ၆ မှာ ရှိတဲ့ ကျိပုဖျင်က အဆင့် ၄ ကို မကြောက်ပေ။
စွန့်စားမှု မရှိရင် ကျင့်ကြံရတာ ဘာအဓိပ္ပာယ် ရှိမှာလဲ။
"အရမ်းကောင်းတယ်။"
ကျိယွမ် စိတ်လှုပ်ရှားသွားသည်။
"ကဲ ချုံခိုတိုက်ဖို့ သွားကြစို့။ ဒါ အဆင်ပြေသွားရင် ငါတို့ ဆက်ပြီး လက်တွဲလုပ်ကြတာပေါ့။"
"ငါ မိုလိုမျိုးနွယ်စုက အဆင့်မြင့်လူတချို့ကို မျက်စိကျထားပြီးပြီ။ သူတို့အားလုံးက ထိပ်တန်း သိုးဝဝကြီးတွေပဲ။"
"သူတို့ဆီမှာ မင်း အနားမှာ ရှိနေတဲ့ အဘွားကြီးထက် ပိုက်ဆံတွေ အများကြီး ပိုရှိတယ်။"
ဒါကို ကြားတော့ ကျိပုဖျင်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။
"တကယ်လား။"
"ငါ ဘာလို့ လိမ်ရမှာလဲ။ ငါက မင်း တွေ့ဖူးသမျှထဲမှာ အစစ်မှန်ဆုံးနဲ့ အယုံကြည်ရဆုံး လူပါ။ ငါ ဘယ်တော့မှ မလိမ်ဘူး။"
ကျိယွမ်က အတည်အပေါက် ပြောလိုက်သည်။
ကျိပုဖျင်က သူ့ကို ကြည့်လိုက်၏။
"မင်းက စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်ပဲ။ အရင်က ငါ မင်းကို အထင်မှားခဲ့တာပဲ။"
ကျိပုဖျင်က ကျိယွမ်ကို သတ်ရတော့မယ့် သိုးတစ်ကောင်လို အကဲခတ်လိုက်သည်။
"ဒါနဲ့ မင်းရဲ့ အဖော်က ဘယ်မှာလဲ။"
ကျိပုဖျင်က ကျိယွမ်နှင့် အတူရှိနေခဲ့သော အမျိုးသမီးကို မေးခြင်း ဖြစ်သည်။
ထိုအမျိုးသမီးမှာ မသေမျိုးဝိညာဉ်စွမ်းအင်သန့်စင်ခြင်းကို မပြုလုပ်ရသေးသဖြင့် သူမမှာ ယင်နတ်ဘုရားတစ်ပါးပင် မဟုတ်ပေ။
ထို့ကြောင့် ကျိယွမ်၏ ခွန်အားမှာလည်း သိပ်မကြီးကျယ်လောက်ဟု သူ တွေးလိုက်သည်။
"ငါ့အဖော်က ဆဋ္ဌမမြောက်ကောင်းကင်မှာ။ နောက်တစ်ယောက်ကတော့ နေမင်းပေါ်မှာ ရှိတယ်။"
ကျိယွမ်က လွမ်းဆွတ်တမ်းတစွာ ဖြေလိုက်၏။
ကျိပုဖျင်က ဆွံ့အသွား၏။
"မင်း ခုနကပဲ လိမ်မပြောဘူးလို့ ပြောထားပြီး အခုတော့ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလား။"
"ငါ လိမ်ပြောနေတာ မဟုတ်ဘူး။"
ကျိယွမ်က ထိုမျှသာပြောပြီး ရှင်းပြရန် ပျင်းရိနေသဖြင့် မေးခွန်းပြောင်းလိုက်သည်။
"မင်းရဲ့ မိသားစုကကော။"
ရန်သူဖြစ်လာနိုင်မည့် သူများနှင့် ဆက်ဆံရာတွင် ကျိယွမ်သည် သူတို့၌ မိသားစုရှိမရှိ အမြဲစုံစမ်းလေ့ ရှိသည်။ အကြောင်းမှာ မိသားစုဟူသည် ခြိမ်းခြောက်နိုင်သော အားသာချက် ဖြစ်သောကြောင့်ပင်။
"ငါက တစ်ကိုယ်တည်းသမားပဲ။ မိသားစု မရှိဘူး။"
"အော်..သိရတာ ဝမ်းသာပါတယ်။"
ကျိယွမ်က ရွှင်ပျစွာ ပြောလိုက်သည်။
"ကဲ သွားကြစို့။ ငါးက ငါးစာကို ဟပ်နေပြီ။ ငါတို့ ဆွဲတင်ဖို့ပဲ စောင့်ရုံပဲ။"
"သွားကြစို့။"
ကျိပုဖျင်လည်း ဝေစုအမြောက်အမြား ရတော့မည်ဟု တွေးကာ စိတ်လှုပ်ရှားနေ၏။
သူတို့ ပစ်မှတ်က မိုလိုမျိုးနွယ်စု အဆင့်မြင့်အဖွဲ့ဝင် ဖြစ်နေရင်ကော ဘာဖြစ်လဲ။
ငါက မိုလိုမျိုးနွယ်စုထက် သာလွန်တဲ့ မဟူရာမိစ္ဆာချောက်နက်ကပဲ။
"သွားစို့။"
ကျိယွမ်နှင့် ကျိပုဖျင်တို့သည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားကြတော့သည်။
သူတို့ ပြန်ပေါ်လာသည့်အခါ မိလော့နယ်မြေမှ ထွက်ခွာခဲ့ပြီး ဖြစ်သည်။
ကျိပုဖျင်က ပတ်ဝန်းကျင်ကို ကြည့်ကာ အံ့သြသွားသည်။
"မင်း မိုလိုမျိုးနွယ်စု အစောင့်တွေကို ဘယ်လို ကျော်ဖြတ်လာတာလဲ။"
မိလော့နယ်မြေ၏ အဝင်အထွက်များကို မိုလိုမျိုးနွယ်စု ကျင့်ကြံသူများက တင်းကြပ်စွာ စောင့်ကြပ်ထားခြင်း ဖြစ်သည်။
သို့သော် ကျိယွမ်က အစောင့်များပင် မသိလိုက်ဘဲ သူ့ကို အပြင်သို့ ခေါ်ထုတ်လာနိုင်ခဲ့၏။
"ဘာလို့လဲဆိုတော့... ငါတို့က မဟူရာမိစ္ဆာချောက်နက်က ဖြစ်နေလို့ပဲ။ သူတို့ ငါတို့ကို မမြင်နိုင်ကြဘူး။"
ကျိယွမ်က သူ၏ ထူးခြားသော စွမ်းရည်များကို ဖုံးကွယ်ရန် လိမ်ပြောလိုက်၏။
"အဲဒီလိုလား။"
ကျိပုဖျင်က သူ့ကို သံသယဖြင့် ကြည့်လိုက်သည်။
ယခု မိလော့နယ်မြေ၏ အပြင်ဘက်သို့ ရောက်လာသောအခါမှ ကျိပုဖျင်မှာ ဒွိဟ ဖြစ်လာသည်။
ပစ်မှတ်က မိလော့နယ်မြေထဲမှာသာ ဆိုလျှင် မိုလိုမျိုးနွယ်စုကို သတိမထားမိစေဘဲ တိုက်ခိုက်နိုင်သည်။
သို့သော် ဤနေရာတွင် လှုပ်ရှားမှု တစ်ခုခု ဖြစ်ပါက မိုလိုမျိုးနွယ်စုမှ အစွမ်းထက်သူများ၏ အာရုံစိုက်မှုကို ရရှိသွားပေလိမ့်မည်။
သို့သော် ကျိယွမ်ပင် မကြောက်လျှင် ကျိပုဖျင် ဘာလို့ ကြောက်နေရမှာလဲ။
အခြေအနေ မဟန်လျှင် သူက ကျိယွမ်ကို ထားခဲ့ပြီး အမြန် ထွက်ပြေးနိုင်သည်။
ဘာပဲဖြစ်ဖြစ် သူ၏ ခွန်အားဖြင့် ကျိပုဖျင်သည် မထင်မှတ်ထားသော အရာများကို မကြောက်ပေ။
"သွားစို့။ နီးနေပြီ။ အဲဒီ အဘိုးကြီးက ထောင်ချောက်ထဲမှာ မိနေပြီ။"
ကျိယွမ်က ပျော်ရွှင်စွာ ပြောလိုက်သည်။
သူ ဘာကြောင့် ကျိပုဖျင်ကို ခေါ်လာတာလဲ။
ပထမအချက်ကတော့ ကျိယွမ်သည် ရည်မှန်းချက်ရှိသူများကို တွေ့လျှင် လူတော်ရှာဖွေသူအဖြစ် ကစားရသည်ကို ကြိုက်သောကြောင့် ဖြစ်သည်။
ဒုတိယအချက်ကတော့ ဘဝက ပျင်းစရာကောင်းနေသဖြင့် ဖျော်ဖြေမှု တစ်ခုခု လိုအပ်နေသောကြောင့်ပင်။
တတိယအချက်ကတော့... ဒါက ကမ္မအကျိုးဆက်တွေကို မျှဝေခံစားဖို့ ကူညီပေးလို့ပဲ။
-------