အခန်း (၉၅-၉၆)
Vol. 10 Ch. 95-96
အခန်း (၉၅)
အထွတ်အထိပ်ဓားချီ၊ သိမ်မွေ့နယ်ပယ်သို့ရောက်ရှိခြင်း
ဓားပင်လယ်ပျောက်ကွယ်သည်နှင့် ကွင်းပြင်ရှိမြင်ကွင်းပေါ်လာခဲ့သည်။
ချွေးချန်း ချိုင်းကွက်ကြီးထဲ၌သတိမေ့လဲလျောင်းနေပြီး ဓားရာတွေဖြင့်ဖုံးလွမ်းနေကာ သွေးတွေ အဆက်မပြတ်စီးထွက်နေ၏။
သူ့ခြေထောက်ရှိ စိတ်ဝိညာဥ်လက်နက်တွေလည်း အရောင်မှိန်ဖျော့နေပြီး အကြီးအကျယ်ထိခိုက်သွားတာ သိသာ၏။
"ငါ့သား..."
ချွေးဖေးထင် ပထမဆုံးတုံ့ပြန်လိုက်ပြီး ကူညီဖို့ အလျှင်အမြန်ပြေးသွားလိုက်၏။
သူ့သား အသက်အန္တရာယ်မရှိတာသိမှ သက်သာရာရစွာသက်ပြင်းချလိုက်ပြီး ဒေါသတွေ လိမ့်တက်လာခဲ့သည်။
အံ့ကြိတ်ထားပြီး မုန့်ချန်ချင်းကိုကြည့်သည့်အကြည့်တွေထဲ၌ အစောပိုင်းရှုမင်းယန်လို ဒေါသတွေ ရောင်ပြန်ဟပ်နေခဲ့သည်။
သို့ပေမယ့် မုန့်ချန်ချင်း သူ့ကိုအာရုံမစိုက်ပဲ ဖြည်းညင်းစွာဆင်းသက်လာခဲ့သည်။
ဓားချီတစ်သောင်းလည်းသူ့ခန္ဓာကိုယ်ထဲပြန်ရောက်လာပြီး အော်ရာတွေပျောက်ကွယ်သွားခဲ့သည်။ သာမန်လူငယ်သခင်လေးတစ်ယောက်လိုပင်။
"မင်း မကြေညာသေးဘူးလား..."
မုန့်ချန်ချင်း တာဝန်ခံဆီကြည့်လိုက်သည်။
ဤအရာကိုကြားသည့်အခါ တာဝန်ခံရုတ်တရက် မှိန်မောနေရာမှအသိပြန်ဝင်လာပြီး အလျှင်အမြန် အော်ပြောလိုက်သည်။
"အနိုင်ရရှိသူ ထိုက်ရွမ်ဂိုဏ်း မုန့်ချန်ချင်း..."
ကြီးကျယ်ခမ်းနားသည့်မြင်ကွင်းတွေနှင့်ကျင့်သားရနေသည့် တာဝန်ခံတောင် ဤမြင်ကွင်းကို မမျှော်လင့်ထားတာ ဖြစ်နိုင်၏။
သူပြောလိုက်သည်နှင့်တစ်ပြိုင်နက် အစောပိုင်းတိတ်ဆိတ်နေသည့်ကြည့်ရှုသူတွေ ပေါက်ကွဲထွက်လာခဲ့သည်။
တစ်ယောက်ချင်းစီတိုင်း မယုံနိုင်စွာဖြင့် ပင့်သက်ရှိုက်လိုက်ကြသည်။
အစောပိုင်းသူတို့မြင်လိုက်ရတာကို အံ့အားသင့်နေကြသည်။
ဓားချီ...
သူက တကယ်ပဲ ဓားချီကိုပိုင်ဆိုင်ထားခဲ့သည်။
မကြာသေးခင်ကမှ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကိုရောက်ရှိထားသည့်လူငယ်လေးက အမှန်တကယ်ပဲ ဓားချီကို နားလည်ထားခဲ့သည်။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
တစ်စုံတစ်ယောက် တုန်ယင်စွာဖြင့် ရေရွတ်လိုက်သည်။
သိုင်းပညာအဟုန်ကိုနားလည်ဖို့က ဘယ်လောက်တောင်ခက်ခဲလိုက်သနည်း။
ထိပ်တန်းပါရမီရှင်တွေတောင် ပုံမှန်ဆို အချိန်အတော်ကြာယူရပြီး ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အဆင့် ၉ ရောက်မှ နားလည်နိုင်ကြ၏။
သို့ပေမယ့် ဤကောင်လေး?..
သူက ယခုမှ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အဆင့် ၃ သာရှိသေး၏။
"ဘုရားရေ, ဒါကိုအောင်မြင်ဖို့ သူ့နားလည်နိုင်စွမ်းက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ..."
"ချွေးချန်းကိုစိန်ခေါ်ရဲတာ မအံ့သြတော့ပါဘူး..."
ဓားချီနှင့်ဆို ချွေးချန်းမပြောနှင့် ချွေးချန်း ၁၀ ယောက်ရှိလျှင်တောင် လုံလောက်မည်မဟုတ်ပေ။
"သူသာ ဓားချီကို အစကတည်းကသုံးရင် ချွေးချန်းကံကြမ္မာက ရှုယု့နဲ့အတူတူပဲ ဖြစ်လိမ့်မယ်... တစ်ကွက်တည်းနဲ့ ရှုံးသွားမှာ..."
လူအုပ် စိတ်လှုပ်ရှားစွာဆွေးနွေးနေပြီး သူတို့အသံတွေက စိတ်လှုပ်ရှားမှု၊တုန်လှုပ်မှု၊ မယုံကြည်နိုင်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။
တကယ်ကို ခံစားချက်တွေ ရောထွေးနေခဲ့ကြသည်။
အစကတည်းက အလေးအနက်မထားခဲ့သည့် လူငယ်ပါရမီရှင်လေးက သူတို့နားလည်နိုင်စွမ်းကို အကြိမ်ကြိမ်ဆန့်ကျင်နေခဲ့သည်။
သူတို့မျက်နှာတွေရှုပ်တွနေသော်လည်း စိတ်ထဲမှာတော့ အတော်လေးစိတ်လှုပ်ရှားနေခဲ့သည်။
အဆုံးမှာတော့ ဤကဲ့သို့ငယ်ငယ်ရွယ်ရွယ်နှင့် ဓားချီကိုနားလည်ထားနိုင်ရာ အနာဂတ်၌ ပိုမိုမြင်မားသည့်အဆင့်ကိုရောက်ရှိမည်ဆိုတာ အသေအချာပင်။
"ဒီကောင် အနာဂတ်မှာ ဓားရည်ရွယ်ချက်ကို နားလည်လောက်မယ်ထင်လား..."
တစ်စုံတစ်ယောက် မနေနိုင်ပဲ မေးလိုက်သည်။
ဓားရည်ရွယ်ချက်အကြောင်းပြောတော့ လူအုပ်တုန်ယင်သွားသည်။
ထိုအရာက သိုင်းပညာ၏ အစစ်အမှန်အဓိပ္ပာယ်ဖြစ်ပြီး အမြင့်ဆုံးနှင့် အနက်နဲဆုံးဖြစ်၏။ သိုင်းပညာအဟုန်ထက်တောင် နားလည်ဖို့ ပိုခက်ခဲ၏။
ပုန်းကွယ်နဂါးစာရင်းတစ်လျှောက် သိုင်းပညာအဟုန်ကိုနားလည်နိုင်သည့် ပါရမီရှင် ဘယ်လောက်များများရှိသနည်း။
တစ်ယောက်မှ ဤအဆင့်ကို မရောက်ရှိခဲ့ပေ။
"ဘယ်လိုပဲဖြစ်ဖြစ်, ဒီကောင်က အနာဂတ်မှာ တောက်ပတဲ့ကြယ်တစ်ပွင့်ဖြစ်ဖို့ ကံသတ်မှတ်ပြီးသား..."
လူတိုင်း ချက်ချင်းပဲ ကွင်းပြင်ထဲရှိ အဖြူရောင်ပုံရိပ်ကို ကြည့်လိုက်သည်။
ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ချေပစရာစကားမရှိတော့ပဲ သဘောတူညီမှုတွေသာ ပြည့်နှက်နေခဲ့သည်။
"အံ့အားသင့်စရာပဲ..."
အံ့အားသင့်နေသည့်လူတွေနှင့်ယှဥ်လျှင် မိုယွင်လင် များစွာပိုတည်ငြိမ်နေပြီး ဓားချီအပေါ်၌သာ အာရုံစိုက်နေခဲ့သည်။
ဓားတစ်သောင်းစုဝေးခြင်း၏စွမ်းအားက ဓားချီနှင့်ပေါင်းစပ်လိုက်သည့်အခါ အဆများစွာ တိုးမြှင့်သွားခဲ့သည်။
သူသာ အဆုံးမှာထိန်းမထားခဲ့လျှင် ချွေးချန်း သေနေတာ ဘယ်နှစ်ကြိမ်တောင်ရှိပြီလဲ မသိနိုင်ပေ။
"ဂျူနီယာမုန့်မှာသာ ဓားခန္ဓာရှိရင် အဲ့ဒီအကျင့်မကောင်းတဲ့ကလေးမကို ဆုံးမပေးနိုင်မှာ..."
"ဒါမှ အမြဲကိုယ့်ကိုယ်ကို အထင်ကြီးပြီး တစ်လောကလုံးမှာ အတော်ဆုံးလို့ထင်နေတာတွေ ပျောက်သွားမှာ..."
တစ်စုံတစ်ခုကိုတွေးမိပြီး မိုယွင်လင်အံ့ကြိတ်ကာ မျက်လုံးတွေထဲ၌ အထင်သေးမှုတွေ ပြသလာခဲ့သည်။
ဂျူနီယာမုန့်နှင့်ရှိနေရတာက ပိုကောင်း၏။
သူက သန်မာရုံသာမက,အလားအလာလည်းမြင့်ကာ အသွင်အပြင်က ထူးချွန်လှ၏။
သူ၏ခန့်ညားသည့်မျက်နှာနှင့် ရုပ်ခန္ဓာကိုကြည့်ပြီး...
အကယ်၍ သူမသာတတ်နိုင်ခဲ့လျှင်...
ရုတ်တရက် မိုယွင်လင်စိတ်ထဲ မရှိခဲ့ဖူးသည့်အတွေးတစ်ချို့ စီးဝင်လာခဲ့သည်။
"ဒီက စီနီယာအမကို ဘယ်လိုခေါ်ရမလဲမသိဘူး..."
မိုယွင်လင် အတွေးထဲမျှောနေစဥ် အသံတစ်သံ သူမနားထဲ ဝင်ရောက်လာခဲ့သည်။
ထိုအခါ ချက်ချင်းအသိပြန်ဝင်လာပြီး မုန့်ချန်ချင်း သူမရှေ့ရောက်နေတာ သိလိုက်သည်။
အလျှင်အမြန်ပဲ ပါးစပ်ထောင့်ကိုသုတ်လိုက်ပြီး လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။
"ငါ့နာမည်က မိုယွင်လင်ပါ, အကြီးအကဲ ၆ လက်အောက်က စိတ်ဝိညာဥ်တောင်ထိပ်တပည့်တစ်ယောက်လေ..."
"အကြီးအကဲ ၆..."
မုန့်ချန်ချင်း မျက်လုံးတွေ အနည်းငယ်လှုပ်ရှားသွား၏။
ဂိုဏ်းတွင်း၌ အကြီးအကဲများစွာရှိသော်လည်း အများစုက ကြီးကြပ်ရေးမှူးတွေနှင့် မခြားပေ။
သူတို့ကို အဆင့်မြင့်ကြီးကြပ်သူတွေအဖြစ် ယူဆနိုင်၏။
သို့ပေမယ့် အကြီးအကဲနေရာသာ နံပါတ်တစ်ခုနှင့်ဖော်ပြခဲ့လျှင် အဓိပ္ပာယ်က ခြားနားသွားပြီဖြစ်သည်။
၎င်းမှာ ဂိုဏ်း၏အစစ်အမှန်အရေးကြီးပုံရိပ်တွေဖြစ်ပြီး ကိုယ်ပိုင်အကြီးအကဲအဆောက်အဦးတွေပိုင်ဆိုင်ကြ၏။
ခွန်အားကလည်း သာမန်အကြီးအကဲတွေထက်များစွာသာလွန်ပြီး ဂိုဏ်းချုပ်ပြီးလျှင် ဒုတိယဖြစ်သည်။
"ကျွန်တော့်မှာ မေးခွန်းနည်းနည်းရှိတယ်... စီနီယာအမမို ဖြေပေးနိုင်ဖို့မျှော်လင့်တယ်..."
မုန့်ချန်ချင်း ပြောလိုက်သည်။
"ဂျူနီယာမုန့်, ကျေးဇူးပြုပြီး ပြောပါ..."
မိုယွင်လင်စိတ်ဝိညာဥ် တုန်ခါသွား၏။
"အခု ငါက ချွေးချန်ကိုအနိုင်ယူပြီးပြီဆိုတော့ အရင်ရှုယို့နေရာ ဘယ်သူယူသင့်လဲ..."
"နောက်စိန်ခေါ်မယ့်သူက တိုက်ရိုက်ရသွားမှာလား..."
မုန့်ချန်ချင်း မိုယွင်လင်အမူအရာကြည့်ပြီး ပြောလိုက်သည်။
ရှုယို့၊ ချွေးချန်းတို့နှင့်ယှဥ်လျှင် သူမက အနည်းငယ်နိမ့်ကျ၏။
အဆင့် ၂ အမြစ်ရိုး၊ သာမန်အဆင့်နားလည်နိုင်စွမ်းနှင့် ပါရမီစွမ်းရည်မရှိပေ။
သို့ပေမယ့် မိတ်ဆွေဖွဲ့ဖို့ တန်ဖိုးရှိနေဆဲဖြစ်သည်။
အဆုံးမှာတော့ စွမ်းရည်တွေကို ပယ်ဖျက်လို့ရ၏။
အဆင့် ၂ အမြစ်ရိုးနှင့် သိုင်းပညာတွေကို ပယ်ဖျက်လိုက်လျှင် မြေကမ္ဘာအဆင့် ကျွမ်းကျင်ကဒ်တွေ ရနိုင်တာပဲဖြစ်သည်။
"မဟုတ်ဘူး, ရှုယို့ပဲ သူ့နေရာမှာ ဆက်ရှိနေပြီး အခြားစိန်ခေါ်သူကိုစောင့်ရမှာ..."
မိုယွင်လင် ပြန်ပြောလိုက်၏။
"အင်း.."
မုန့်ချန်ချင်း အနည်းငယ်ခေါင်းညိတ်လိုက်၏။
ဤအရာကလည်း သာမန်သာဖြစ်သည်။
ဆက်တိုက်စိန်ခေါ်မှုတွေပြီးနောက် နောက်ဆုံးရလဒ်ကို စောင့်ကြည့်ဖို့ လိုအပ်တာပဲဖြစ်သည်။
"ရှုယို့ဒဏ်ရာပြန်ကောင်းတဲ့အခါ ငါသူ့ကို ထပ်စိန်ခေါ်မယ်..."
မိုယွင်လင် လက်သီးဆုပ်ထားပြီး မျက်လုံးတွေထဲ၌ စိတ်ပိုင်းဖြတ်မှုတွေ ရှိနေခဲ့သည်။
ဤအရာကိုကြားသည့်အခါ မုန့်ချန်ချင်း အနည်းငယ်အံ့အားသင့်သွား၏။
ခွန်အားအရ ဤစီနီယာအမက ရှုယို့နှင့် ကွာဟချက်အချို့ရှိ၏။
"ဟီ...ဟီ... အစကတော့ ဒါက မဖြစ်နိုင်ဘူးပေါ့... ဒါပေမယ့် နင့်တိုက်ပွဲကိုမြင်ပြီးတဲ့နောက်, အထူးသဖြင့် ဓားချီကိုမြင်ပြီးတဲ့နောက် ငါ့စိတ်ထဲမှာ တစ်စုံတစ်ခုကို ခံစားမိတယ်..."
"နည်းနည်းလောက်ဉာဏ်အလင်းပွင့်လိုက်တာနဲ့ ငါ့ရဲ့ ပင်လယ်နက်ဒီရေမြင့်တက်ခြင်းဓားသိုင်းက သေချာပေါက် ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်သွားလိမ့်မယ်..."
"ဒီအကြောင်းပြောမှ, ငါ ဂျူနီယာမုန့်ကို ကျေးဇူးဆပ်ရမယ်..."
"ငါ့ဒေါသတွေကိုဖြေဖျောက်ပေးရုံတင်မကပဲ အဆင့်ချိုးဖျက်ဖို့အခွင့်အရေးပါပေးခဲ့တယ်..."
"ပြောငါ, ငါဘယ်လိုကျေးဇူးဆပ်ရမလဲ..."
မိုယွင်လင်ကြည့်ရတာ အနည်းငယ်ရဲတင်းပြီး ပေါ့ပေါ့ပါးပါးရှိလှသည်။
ဤအရာက သူတို့၏ပထမဆုံးတွေ့ဆုံတာဖြစ်သော်လည်း မည်သည့်မရင်းနှီးမှုမှ မခံစားရပေ။
"အားလုံးက စီနီယာအမရဲ့နားလည်နိုင်စွမ်းကြောင့်ပါ... ကျွန်တော့်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး..."
မုန့်ချန်ချင်း ခေါင်းခါယမ်းလိုက်သည်။
"ဒီလိုလုပ်လို့ ဘယ်လိုလုပ်ဖြစ်မှာလဲ... ပြောသာပြောလိုက်ပါ... ငါတတ်နိုင်ရင် သေချာပေါက် သဘောတူပေးမယ်..."
ပြောပြီးနောက် ခါးထောက်ကာ သူမ၏တအိအိလှုပ်နေသည့်ရင်ဘတ်ကို ပင့်တင်လိုက်၏။
လှပသည့်မျက်လုံးတွေက မုန့်ချန်ချင်းအပေါ်၌သာရှိနေပြီး မျက်ခုံးတောင်ပင့်လိုက်သည်။
"...."
ဤစီနီယာအမ တကယ်ပဲ ရဲတင်းလွန်းတာကို မုန့်ချန်ချင်း ရုတ်တရက် ခံစားမိလိုက်၏။
ဤအရာက သူမသဘာဝလား ဒါမှမဟုတ် အလေ့အကျင့်လားဆိုတာ သူမသိပေ။
မျက်ခုံးပွတ်ပြီး မုန့်ချန်ချင်းရယ်လိုက်သည်
"ကောင်းပြီလေ, စီနီယာအမမို, ငါတို့ရေစက်ရှိလို့ ဆုံကြမှတော့ ကျေးဇူးပြန်ဆပ်ဖို့ မလိုပါဘူး..."
"ငါတို့ မိတ်ဆွေတွေဖြစ်လာကြရင်ကော ဘယ်လိုလဲ..."
အခန်း (၉၆)
စစ်မှန်ချီအရည်အဖြစ်ပြောင်းလဲခြင်း
"မိတ်ဆွေဖြစ်မယ်?..."
မိုယွင်လင် အံ့သြသွား၏။
ဤအရာက သူမမျှော်လင့်ထားသည့်အရာဖြစ်သည်။
"စီနီယာအမမိုက ကျွန်တော်နဲ့ မိတ်ဆွေမဖြစ်ချင်ဘူးလား.."
မုန့်ချန်ချင်း ခပ်ဖွဖွပြုံးလိုက်သည်။
"ဖြစ်ချင်တာပေါ့, သေချာပေါက် ဖြစ်ချင်တာပေါ့..."
အသိပြန်ဝင်လာပြီး မိုယွင်လင် အလျှင်အမြန်တုံ့ပြန်လိုက်သည်။
ယခုချိန် ဂိုဏ်းထဲ၌ မုန့်ချန်ချင်းနှင့်မိတ်ဆွေမဖြစ်ချင်သည့်သူ ဘယ်သူရှိသနည်း။
သွေးကြောပုံသွင်းခြင်းနယ်ပယ်နှင့် ဓားချီကိုနားလည်ခြင်း, မြင့်မားသည့်အနာဂတ်အလားအလာနှင့် သူက တကယ့်ကို မကောင်းဆိုးဝါး ပါရမီရှင်တစ်ယောက်ပင်။
ယခု သူက စပြောလာမှတော့ သူမ ဘယ်လိုလုပ် သဘောမတူရမည်နည်း။
ဒင်!
[မိုယွင်လင်ကို မိတ်ဆွေအဖြစ်အောင်မြင်စွာ ပေါင်းထည့်ပြီးပါပြီ]
[လက်ရှိနှစ်သက်မှု- ကြယ် ၁ လုံး]
[ရရှိသောစွမ်းရည်- အဆင့် ၂ အမြစ်ရိုး]
[အပိုဆောင်းဆုလဒ်- စွမ်းရည်ရွေးချယ်ခြင်းကဒ် ၁ ကဒ်]
စနစ်၏အသံ သူ့စိတ်ထဲပေါ်လာခဲ့သည်။
"မဆိုးပါဘူး, အပိုဆုလဒ်တောင်ရလိုက်သေးတယ်..."
မုန့်ချန်ချင်း ကျေနပ်နေ၏။
ထို့ပြင် အဆင့် ၂ အမြစ်ရိုးလည်း ရလိုက်ရာ ပယ်ဖျက်သည့်အခါ ပစ္စည်းကောင်းရဖို့ အခွင့်ရေးများ၏။
"ခဏနေအုန်း, ဒါက ရွေးချယ်ကဒ်... ရယူကဒ်မဟုတ်ဘူး.."
မုန့်ချန်ချင်း မျက်ခုံးပင့်လိုက်၏။
သူက ရယူကဒ်၏အသုံးဝင်ပုံကို မြင်ဖူးပြီးဖြစ်သည်။
နှစ်သက်မှုတိုးမလာလျှင်တောင် မိတ်ဆွေဆီမှ စွမ်းရည်တစ်ခုယူနိုင်၏။
သူသတ်ခဲ့သည့် ဝေချင်းက ဥပမာပင်။
မုန့်ချန်ချင်း ကိုယ်တိုင်စဥ်းစားမနေတော့ပဲ မေးလိုက်သည်။
[စွမ်းရည်ရွေးချယ်ကဒ်- နှစ်သက်မှုတိုးလာသည့်အခါ သင်က စွမ်းရည်တစ်ခုရယူနိုင်မည်]
စနစ်အကြောင်းပြန်လိုက်သည်။
"သိပြီ..."
မုန့်ချန်ချင်း ရုတ်တရက် နားလည်လိုက်၏။
နှစ်ခုကြား၌ ခြားနားချက်ရှိ၏။
ရွေးချယ်ကဒ်က စွမ်းရည်ရယူဖို့ အရင်ဦးဆုံး နှစ်သက်မှုတိုးအောင်လုပ်ရမည်ဖြစ်သည်။
ရယူကဒ်ကတော့ မတူပေ။ တိုက်ရိုက်ယူလို့ရတာပဲဖြစ်သည်။
ရွေးချယ်ကဒ်က ရယူကဒ်လောက်လွမ်းမိုးနိုင်စွမ်းမကြီးသော်လည်း အစွမ်းထက်နေဆဲဖြစ်သည်။
အနည်းဆုံး ကိုယ်ကြိုက်နှစ်သက်ရာတစ်ခုရွေးဖို့ အခွင့်အရေးရှိ၏။
အနာဂတ်၌ သူလိုချင်သည့်စွမ်းရည်တစ်ခုခုတွေ့ခဲ့လျှင် ကံကောင်းမှုကို မှီခိုစရာမလိုတော့ပေ။
"ဒါနဲ့ စကားမစပ်, ဂျူနီယာမုန့် ဂိုဏ်းကိုပြန်မှာလား ဒါမှမဟုတ် ဒီမှာ ရက်အနည်းငယ်လောက်နေအုန်းမှာလား..."
မိုယွင်လင် မေးလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူမက ရှုယို့ကို ဆက်လက်စိန်ခေါ်ရအုန်းမည်ဖြစ်၍ ဆက်နေဖို့သာ တတ်နိုင်သည်။
ထို့ကြောင့် မုန့်ချန်ချင်းသာ အလျှင်မလိုလျှင် သူမကို အဖော်ပြုပေးမည့် တစ်စုံတစ်ယောက်ရှိမည်ဖြစ်သည်။
"ငါ တစ်ညနေပြီး မနက်ဖြန်ကျ ထွက်သွားမှာ..."
အသိပြန်ဝင်လာပြီး မုန့်ချန်ချင်း အပြုံးနှင့် ပြောလိုက်သည်။
ပုန်းကွယ်နဂါးစာရင်းက ဤအတိုင်းသာဖြစ်၏။
သင်သာတစ်စုံတစ်ယောက်ကို အနိုင်ရလျှင် အချိန်တစ်ခုထိ နောက်တစ်ကြိမ်စိန်ခေါ်ခံရမည်မဟုတ်ပေ။
ငြိမ်းညမ်းသည့်ကာလဟု ယူဆနိုင်၏။
ထို့ကြောင့် သူက ဤနေရာမှာနေပြီး အခြားသူတွေ လာစိန်ခေါ်မှာကို စောင့်နေဖို့ မလိုအပ်ပေ။
"ကောင်းပြီလေ..."
မိုယွင်လင်း အနည်းငယ်စိတ်ပျက်သွား၏။
တစ်ညတည်း?..
ဤကဲ့သို့ ပါရမီရှင်တစ်ယောက်အတွက် သူ့အကြောင်းတွေပိုသိပြီး ဆက်ဆံရေးပိုနက်ရှိုင်းချင်၏။
သို့ပေမယ့် အနာဂတ်၌ အချိန်အများကြီးရှိတာပဲဖြစ်သည်။
အခြားအခွင့်အရေးတွေ ရှိအုန်းမည်ဟု သူမယုံ၏။
ထို့ပြင် ဂျူနီယာမုန့်၌ ဆရာမရှိသေးတာ သူမသိခဲ့၏။
ထို့ကြောင့် သူမဆရာကို မြန်မြန်လုပ်ရှားဖို့ တိုက်တွန်းရမည်ဖြစ်သည်။
မဟုတ်လို့ သူတို့သာ ဤအခွင့်အရေးလွဲချော်သွားလျှင် နောက်ထပ်အခွင့်အရေးရတော့မည်မဟုတ်ပေ။
လက်ရှိဆက်ဆံရေးက တိမ်ကောပြီး အပေါ်ယံသာဖြစ်သည်။
သို့ပေမယ့် သူတို့သာ စစ်မှန်သည့် စီနီယာအမနှင့် ဂျူနီယာမောင်လေးဖြစ်လာကြလျှင် ခြားနားသွားပြီဖြစ်သည်။
ထို့ပြင် သံပူနေချိန်မှာ ထုတာ အကောင်းဆုံးဖြစ်၏။
တစ်ခဏ မိုယွင်လင်စိတ်ထဲ နောက်တစ်ကြိမ် အတွေးများစွာ ဖြတ်ပြေးသွား၏။
ကွင်းပြင်၌ တာဝန်ခံ အလယ်သို့လျှောက်လာပြီး နောက်ဆုံးရလဒ်ကို ကြေညာလိုက်သည်။
မုန့်ချန်ချင်း ပုန်းကွယ်နဂါးစာရင်းအဆင့် ၃၈ ကို မြှင့်တက်သွားပြီဖြစ်သည်။
ဤအရာက နောက်ထပ်ဂယက်ရိုက်မှုကို ဖြစ်သွားစေခဲ့သည်။
ယနေ့မှစ၍ မုန့်ချန်ချင်းနာမည်က ထိုက်ရွမ်ဂိုဏ်းမှတင် ကန့်ကတ်နေတော့မည်မဟုတ်ပဲ ထျန်လင်းစီရင်စုတစ်လျှေက် ပျံ့နှံံ့သွားတော့မည်ဖြစ်သည်။
မုန့်ချန်ချင်း ရှုယို့ကိုအနိုင်ယူခဲ့သော်လည်း ရှုမိသားစုက ဧည့်ဝတ်ကျေပွန်မှုကို ပြသနေဆဲဖြစ်သည်။
သူတို့က မုန့်ချန်ချင်းအတွက် ကောင်းမွန်သည့်နေအိမ်တစ်ခုစီစဥ်ပေးခဲ့ပြီး မိုယွင်လင်နေရာနှင့် သိပ်မဝေးပေ။
ည၌ လမင်းကြီးဝိုင်းစက်နေပြီး ကောင်းကင်၌ ကြယ်တွေအပြည့်ဖြစ်နေခဲ့သည်။
အခန်းထဲ၌ မုန့်ချန်ချင်း ခြေချိတ်ထိုင်နေပြီး ယနေ့ရရှိခဲ့တာတွေကို ချေဖျက်နေခဲ့သည်။
အမှန်တော့ သူက ရှုယို့နှင့် ချွေးချန်းတို့ကို မိတ်ဆွေအဖြစ်ပေါင်းထည့်ချင်၏။
အဆုံးမှာတော့ နှစ်ယောက်လုံးက ပုန်းကွယ်နဂါးစာရင်းရှိပါရမီရှင်တွေဖြစ်ရာ အရည်သွေးမြင့်စွမ်းရည်တွေရှိကြ၏။
သိုပေမယ့် ဤအခြေအနေ၌ တစ်ဖက်လူက သေချာပေါက် ဆန္ဒရှိမည်မဟုတ်ပေ။
ရှောင်ဘိုယန်နှင့် ဆေးလုံးစိမ်းအကြီးအကဲတို့လို အတင်းအကြပ်လုပ်လို့လည်းရမည်မဟုတ်ပေ။
သူက လက်လျော့ရုံသာတတ်နိုင်၏။
"စနစ်, အဆင့် ၂ အမြစ်ရိုးကို ပယ်ဖျက်မယ်..."
မုန့်ချန်ချင်း ပြောလိုက်သည်။
ဒင်!
[ပယ်ဖျက်ခြင်းအောင်မြင်ပါပြီ]
[မြေကမ္ဘာအဆင့်ကျွမ်းကျင်ကဒ် ၁ ကဒ် ရရှိပါသည်]
စနစ်အသံ သူ့စိတ်ထဲပေါ်လာခဲ့သည်။
မုန့်ချန်ချင်းမျက်လုံးတွေ ရုတ်တရက် ပျော်ရွင်သွား၏။
နောက်ထပ် မြေကမ္ဘာအဆင့် ကျွမ်းကျင်ကဒ် ၁ ကဒ်ပင်။
စနစ်၏သတင်းအချက်အလက်တွေအရ ပယ်ဖျက်ခြင်းမှာ ရရှိနိုင်သည့်ပစ္စည်းများစွာရှိ၏။ ကဒ်တွေနှင့်ပဲ ကန့်သတ်မထားပေ။
"အရမ်းကောင်းတယ်..."
မုန့်ချန်ချင်း ပျော်ရွင်မှုကို ဖိနှိပ်လိုက်၏။
သူ၏ လင်းလုံမဟာကြော့ကွင်းကောင်းကင်က အဆင့် ၄ ကိုရောက်ရှိနေပြီဖြစ်သည်။
ဤမြေကမ္ဘာအဆင့်ကျွမ်းကျင်ကဒ်နှင့် အဆင့် ၅ သို့မြှင့်တင်နိင်ပြီး ပြီးပြည့်စုံစွာပြောင်းလဲသွားမည်ဖြစ်သည်။
"စနစ်, လင်လုံမဟာကြော့ကွင်းကောင်းကင်ကို အဆင့်မြှင့်တင်မယ်..."
ဒင်!
[မြေကမ္ဘာအဆင့်ကျွမ်းကျင်ကဒ် သုံးနေပါသည်]
[လင်းလုံမဟာကြော့ကွင်းကောင်းကင်ကို အဆင့် ၅ ထိ မြှင့်တင်ပြီးပါပြီ]
များပြားသည့်အချက်အလက်တွေ သူ့စိတ်ထဲစီးဝင်လာ၏။ အားလုံးက လင်းလုံမဟာကြော့ကွင်းကောင်းကင်နှင့် သက်ဆိုင်သည့် နားလည်မှုတွေဖြစ်သည်။
ယခင်ကနှင့်ယှဥ်လျှင် ၎င်းမှာပိုမိုနက်နဲလာပြီး သူ၏ စစ်မှန်ချီအပေါ်နားလည်မှုကို အကြီးအကျယ်တိုးမြင့်လာစေခဲ့သည်။
တစ်ချိန်တည်းမှာပဲ ဆန်းကြယ်သည့်ဒန်ထျန်လည်း မသိမသာ ပြန့်ကားလာခဲ့သည်။
ဟူး...
ခဏကြာပြီးနောက် မုန့်ချန်ချင်း မျက်လုံးဖွင့်လာပြီး ညာလက်ကိုမြောက်ကာ ဖြန့်ကြည့်လိုက်၏။
ထိုအခါ ရွှေရောင်စစ်မှန်ချီတစ်မျှင် ထွက်ပေါ်လာခဲ့သည်။
"လင်းလုံမဟာကျော့ကွင်းကောင်းကင်..."
ဝှစ်!
ထူးဆန်းသည့်ရှေးဟောင်းစာလုံးတွေ ချိန်းကြိုးတွေကဲ့သို့ သူ့လက်ဝါးထဲ၌ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးကိုစစ်မှန်ချီဖြင့် ဖုံးလွမ်းသွားခဲ့သည်။
နောက်တစ်ခဏ၌ စစ်မှန်ချီတွေ ချက်ချင်းလောင်ကျွမ်းသွားပြီး အဖြူရောင်မီးတောက်တွေအဖြစ်ပြောင်းလဲသွားခဲ့သည်။
မီးတောက်တွေပျောက်ကွယ်သွားပြီးနောက် ရွှေရောင်အရည်တစ်စက်သာကျန်တော့သည်။
စစ်မှန်ချီနှင့်ယှဥ်လျှင် ၎င်းမှာ အလွန်သေးငယ်ပေမယ့် ထုတ်လွတ်နေသည့်အော်ရာမှာ ကြောက်စရာကောင်းပြီး ပေါင်ထောင်ချီလေးလံလှသည်။
စစ်မှန်ချီထက် အဆများစွာသာလွန်၏။
"ဖြစ်နိုင်တာ... စစ်မှန်အနှစ်သာရ?..."
မုန့်ချန်ချင်း မျက်လုံးတွေ အနည်းငယ်ကျဥ်းမြောင်းသွား၏။
စစ်မှန်ချီအထက်၌ စစ်မှန်အနှစ်သာရရှိ၏။
သို့ပေမယ့် စစ်မှန်အနှစ်သာရဆိုသည် အတိအကျအဘယ်နည်း။
သူမသိပေ။ အရင်ကလည်း တစ်ခါမှမတွေ့ဖူးပေ။
၎င်းမှာ စစ်မှန်ချီမှပြောင်းလဲလာပြီး စွမ်းအားအဆမတန်တိုးသွားသည်ဆိုတာသာ သိထား၏။
"မဟုတ်ရင်တောင်, နီးစပ်နေလောက်ပြီ.."
မုန့်ချန်ချင်းတွေးလိုက်၏။
ပုံစံပြောင်းလဲသွားတယ်ဆိုလျှင်တောင် ပြောင်းလဲမှုဟု မယူဆနိုင်ပေ။
ထို့ပြင်...
မုန့်ချန်ချင်း သူ့လက်ဝါးထဲရှိ ထူးဆန်းသည့်စာလုံးတွေ တဖြည်းဖြည်းပျောက်ကွယ်နေတာကို ကြည့်နေခဲ့သည်။
ယခင် လင်းလုံမဟာကြော့ကွင်းကောင်းကင်ကို အသုံးပြုချိန်က ဤကဲ့သို့အရာမျိုး တစ်ခါမှမမြင်ဖူးခဲ့ပေ။