အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
အခန်း (၃၁)
နဉ်ရွှီသည် သူမ၏ နှလုံးသားထဲရှိ ထိတ်လန့်မှုကို ဖိနှိပ်ထားခဲ့ရသည်။ သူမကိုယ်သူမ စိတ်ငြိမ်အောင် ပြုလုပ်ပြီးနောက် သူမက “သူ… ဒီလောက်တောင် စိတ်မရှည်နေတာလား?”
သူ ဝိညာဉ်အနှစ်သာရကို ရရှိသည်နှင့်ချက်ချင်း မျိုချခဲ့တော့သည်။ ဝိညာဉ် အနှစ်သာရတွင် အခွံရှိခဲ့ပါက သူမဟာ ဤကျင့်ကြံသူသည်ခွာရန်ပင် စိတ်ရှည်မှုရှိလိမ့်မည် မဟုတ်ဟု ခံစားရမိ၏။ ယင်းအစား သူသည် တစ်ခါ မျိုချပစ်လိမ့်မည်။
ဖရဲသီးစားခြင်းစနစ်က လက်တွေ့ကျကျသာ တုံ့ပြန်ခဲ့သည်။ [သူက နှစ်ပေါင်းများစွာ ဝိညာဉ် အနှစ်သာရကို စောင့်ဆိုင်းနေခဲ့တာပါ။ အခု သူ အဲဒါကို နောက်ဆုံး ရရှိသွားပြီဆိုတော့၊ ဟုတ်တယ်၊ သူက တစ်စက္ကန့်တောင် ပိုမစောင့်ချင်တော့ဘူးပေါ့။
ဝိညာဉ် အနှစ်သာရက ကောင်းကင်ဘုံ ရတနာတစ်ခု။ အသက်ရှည် ဆေးလုံးတွေ၊ ပုံစံတူဆေးပုလင်းတွေနဲ့ ကွာခြားတယ်။ အသက်ရှည် ဆေးလုံးတွေမှာ သုံးလုံးထက်ပိုစားရင် အကျိုးမရှိတော့ဘူးဆိုတဲ့ ကန့်သတ်ချက်ရှိတယ်။
ဒါပေမယ့် ဝိညာဉ် အနှစ်သာရမှာ အဲ့ဒီလိုကန့်သတ်ချက်တွေ မရှိဘူး။ အဲ့တာကြောင့် ကျင့်ကြံသူတွေအကုန် အဲ့တာကို စားချင်ကြတာ။
မတော်တဆဖြစ်တာတွေရှောင်ဖို့ သူက ချက်ချင်း စားဖို့လုပ်လိုက်တာ။ သူရဲ့ ဆုံးဖြတ်ချက်က မှားတာမျိုးတော့မရှိပါဘူး။]
သို့သော် ပြဿနာမှာ ဤဝိညာဉ်အနှစ်သာရနှင့်ပင်။
အပြင်ဘက် အလွှာကို ခွာထားသော်လည်း ၎င်းသည် မစင်တွင်း၏ အနံ့ကဲ့သို့ မှေးမှိန်သော အနံ့ကို သယ်ဆောင်နေဆဲပင်။
၎င်းသည် ပြင်းထန်ခြင်းမရှိပေ။ အနည်းငယ်သာ။ သို့သော် ၎င်းသည် အနံ့မဲ့သည်အထိတော့ သေချာပေါက်မဟုတ်ပေ။
ဝိညာဉ် အနှစ်သာရကို စားသုံးပြီးနောက် ကျင့်ကြံသူ၏ဝိညာဉ်စွမ်းအင်သည် အလွန် သန့်စင်သွားခဲ့သည်။ သူ၏ကျင့်ကြံမှုသည် သိသာထင်ရှားသော ခြေလှမ်းတစ်ခုဖြင့် တိုးတက်လာခဲ့တော့သည်။
ဝိညာဉ်အနှစ်သာရမှရရှိသော အကျိုးကျေးဇူးများကို ခံစားနေရသောကြောင့် သူသည် ရယ်မောခြင်းဖြင့်သာ ပေါက်ကွဲခဲ့သည်။ သို့သော် မကြာမီ သူ၏ရယ်မောခြင်းဟာ ရပ်တန့် သွားခဲ့ပြီး ရှုပ်ထွေးသော အမူအရာအား ဝတ်ဆင်ခဲ့သည်။
“အဲဒီ အနံ့က ဘာလဲ?
ဘာလို့လဲဆိုတော့ အဲဒီ အနံ့ကတစ်မျိုးတည်းက နံနေသလိုပဲ…”
ထိုအချိန်တွင် လေလံတင်ဆရာသည် သူ၏ အတွေးများအား ဖြတ်တောက်ခဲ့သည်။
“တာအို မိတ်ဆွေ၊ ခင်ဗျားရဲ့ ထိုင်ခုံဆီ ပြန်သွားပေးပါ။ ကျွန်တော်တို့ နောက်ပစ္စည်းကို လေလံတင်တော့မှာပါ။”
ကျင့်ကြံသူသည် သူ၏လက်ကို သူ၏ပါးစပ်ဆီသို့ မြှောက်ခဲ့သည်။ ပေါ့ပေါ့ပါးပါး အသက်ရှူထုတ်ခဲ့ပြီးနောက် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ချေ၏။
နောက်တစ်စက္ကန့်တွင် သူသည် တစ်ခုခုကို အနံ့ခံလိုက်မိသကဲ့သို့ သူ၏မျက်နှာဟာ ဖြူဖျော့သွားခဲ့သည်။ ထို့နောက် စိမ်းသွားခဲ့ပြီး ပြန်လည် ဖြူဖျော့သွားပြန်သည်။
သူသည် အော့အန်တော့မလို ဖြစ်နေပြီး “ခင်ဗျား ရောင်းခဲ့တဲ့ ဒီဝိညာဉ် အနှစ်သာရက…”
သူ စကားပြော၍ မပြီးမီလေလံဆရာသည် ဗလာဖြစ်နေသော အမူအရာဖြင့် သူ့ကို ဖြတ်တောက်ခဲ့သည်။
“တာအို မိတ်ဆွေ၊ ကျွန်တော်တို့ရဲ့ လေလံပွဲအိမ်က ဒီမှာရောင်းချတဲ့ ပစ္စည်းတိုင်းဟာ အစစ်အမှန်ဖြစ်တယ်လို့ အာမခံနိုင်ပါတယ်။”
“ကျွန်တော်တို့က ဘယ်လိုပုံစံမျိုးနဲ့မဆို စစ်ဆေးနိုင်ပါတယ်။”
“နောက်ထပ် ပြဿနာမရှိဘူးဆိုရင်တော့ ခင်ဗျားရဲ့ ထိုင်ခုံဆီ ပြန်သွားပေးပါ။”
သူ၏ဖော်ပြချက် အဆုံးတွင် လေလံဆရာ၏အသံသည် ခြိမ်းခြောက်မှု၏မှေးမှိန်သော အရိပ်အယောင်ကို သယ်ဆောင်လာခဲ့သည်။ လေလံပွဲအိမ်၏ ပိုင်ရှင်ဟာ သာမန်မဟုတ်ပါ။ ဤကျင့်ကြံသူသည် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်းကို ပေါ့ပေါ့ပါးပါး ထုတ်လုပ်နိုင်ခဲ့သော်လည်း လေလံပွဲအိမ်သည် လုံးဝ မကြောက်ခဲ့ပေ။
ကျင့်ကြံသူသည် လေလံပွဲအိမ်နှင့် ရင်ဆိုင်လိုက်ပါက သူ့အတွက် ကောင်းမွန်စွာ အဆုံးသတ်မည် မဟုတ်ဟု သိရှိထားပါသည်။ ထို့ကြောင့် သူ၏ သံသယများရှိသော်လည်း သူသည် မချင့်မရဲဖြင့်သာ သူ၏ထိုင်ခုံသို့ ပြန်လာခဲ့သည်။
အဲဒီ အနံ့က ဘာလဲ?
မေ့လိုက်ပါတော့။
အနံ့သည် အနည်းငယ် ထူးဆန်းသော်လည်း ၎င်းသည် ငြင်းမရလောက်အောင် စစ်မှန်သော နှစ်တစ်ရာ ဝိညာဉ် အနှစ်သာရဖြစ်ပါသည်။ သူ၏ ကျင့်ကြံမှုသည် တကယ် တိုးတက်လာခဲ့၏။
ထိုသို့ဖြစ်ခဲ့သောကြောင့် ၎င်းကို တွေးနေရန် အချက်မရှိတော့ပေ။
__
ထိုသို့သော အကွာအဝေးမှပင် နဉ်ရွှီသည် ထို အနံ့ကို အနံ့ခံနိုင်သကဲ့သို့ ခံစားခဲ့ရသည်။
သူမပြောနိုင်သည်မှာ နှစ်တစ်ရာ စိမ်မြှုပ်ထားသော ဝိညာဉ် အနှစ်သာရကို စားသုံးခြင်းသည် မည်သူမဆို လက်ခံနိုင်သော အရာမဟုတ်ဟူ၍ပင်။
သူမက ဖရဲသီးစားခြင်းစနစ်အား “ငါက အဲဒီ သတ္တိရှိတဲ့ အစ်ကိုကြီးအတွက်တော့ တစ်မျိုးမျိုးနဲ့သနားမိတယ်”
အနံ့နံသော ဝိညာဉ်အနှစ်သာရကို ဝယ်ယူရန် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်းကို သုံးစွဲခြင်းဟာ.… သူသည် ပထမတွင် ဂရုမစိုက်တာ ဖြစ်နိုင်သော်လည်း နောက်ဆုံး အရသာသည် ပြင်းထန်စွာ ထိခိုက်လိမ့်မည်။
ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ဆဆသာ တုံ့ပြန်ခဲ့သည်။ [ဘာလို့ သနားသလို ခံစားရတာလဲ? သူက ဝိညာဉ် အနှစ်သာရကို တကယ်လိုအပ်တယ်၊ ဟုတ်တယ်မလား? အဲဒါကို စားသုံးပြီး၊ သူ့ရဲ့ ကျင့်ကြံမှုက တကယ်တိုးလာခဲ့တာပဲမလား? သူက ဒီလောက်ကြာအောင် စောင့်ဆိုင်းခဲ့ပြီး နောက်ဆုံး သူလိုချင်တာကို ရခဲ့တယ်မဟုတ်ဘူးလား? အဲဒါက ဘာကိုဆိုလိုတာလဲ?]
စနစ်၏ လိမ်လည်ထားသည့် ကျိုးကြောင်းဆီလျော်မှုနှင့် ရင်းနှီးခဲ့သော နဉ်ရွှီသည် အတူတူ ပါဝင်လာကာ “အဲဒါက သူ ပိုက်ဆံနဲ့တန်တယ်လို့ ဆိုလိုတာပဲ။”
[အတိအကျပဲ!]
[ဒီဝယ်ယူမှုက လုံးဝကို တန်တယ်!]
ပွေလိမ်သော အကြောင်းပြချက်များအကြောင်း ပြောရလျှင် ဖရဲသီးစားခြင်းစနစ်တွင် ၎င်းကို အနုပညာတစ်ခုအဖြစ် သတ်မှတ်ထားသည်။
သို့သော် ၎င်း၏ စကားလုံးများသည် လုံးဝအဓိပ္ပာယ်မရှိတာ မဟုတ်ပေ။
၎င်းတို့တွင် အမှန်တရားအချို့ရှိပါသည်။
ဤအရာကို တွေးထားခြင်းဖြင့် နဉ်ရွှီသည် ၎င်းကို လွှတ်ချလိုက်တော့သည်။ တန်ဖိုးသည် ကုန်ကျစရိတ်နှင့် ကိုက်ညီသရွေ့ အဆင်ပြေပါသည်။
__
ပထမဆုံး လေလံတင်ထားသော ပစ္စည်းကို ရောင်းချပြီးနောက် လေလံပွဲအိမ်က နဉ်ရွှီအား ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ၈၅၀,၀၀၀ကို လျင်မြန်စွာ ပို့ဆောင်ပေးခဲ့သည်။
ကျန်ရှိသော ၁၅၀,၀၀၀ သည် လေလံပွဲအိမ်၏ အိတ်ကပ်ထဲသို့ တိုက်ရိုက် ရောက်ရှိသွားလေသည်။
နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်အား မညည်းမညူဘဲ မနေနိုင်ခဲ့ပေ။ “သူတို့က ခေါင်းပုံဖြတ်လွန်းအားကြီးတယ်။”
လေလံပွဲအိမ်၏ ဝန်ဆောင်မှု အခကြေးငွေ ၁၅% ဟာ အလွန်ကြီးမားပေသည်။ ၎င်းသည် လုံးဝ လုယက်မှုနှင့် ဘာထူးသလဲ။
၎င်းသည် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ၁၅၀,၀၀၀ တိတိပင်။
ဖရဲသီးစားခြင်းစနစ်က ထောက်ခံလာသည် [ဟုတ်တယ်မလား? ဒါကြောင့် လေလံပွဲအိမ်ဖွင့်တာက အရမ်းကို အမြတ်အစွန်းရတယ်လို့!]
နဉ်ရွှီကလည်း သဘောတူခဲ့သည်။ “လေလံပွဲအိမ်စဖို့က ငါတို့ သေချာပေါက် စဉ်းစားသင့်တဲ့ကိစ္စပဲ။”
[ကောင်းပြီ! ကံကောင်းတာက တစ်ယောက်ယောက်က သူတို့ရဲ့ လေလံပွဲအိမ်ကို အခုပဲ ရောင်းဖို့ရှာနေတယ်။ အခွင့်အရေးရလာရင် ငါတို့က သူတို့ကို ချဉ်းကပ်နိုင်တယ်။]
“ကောင်းပြီ။”
သူတို့ နှစ်ဦးစကားပြောနေစဉ် ဒုတိယပစ္စည်းကို ထုတ်ယူလာခဲ့သည်။
ထိုတစ်ကြိမ်မှာတော့ ၎င်းသည် တစ်စိတ်တစ်ပိုင်း မပြည့်စုံသော မြေပုံတစ်ခုပင်။
ပြုံး၍ပင် လေလံဆရာက ၎င်းကိုမိတ်ဆက်ခဲ့သည်။ “ဒီမြေပုံက နတ်ဘုရားချင်ကျို့ဂူအိမ်ရဲ့ ရတနာမြေပုံကို ပုံတူကူးယူထားတာလို့ ကောလာဟလတွေရှိပါတယ်။”
နတ်ဘုရားချင်ကျို့၏ နာမည်ကို ဖော်ပြလိုက်သည်နှင့် အခန်း၏လေထုဟာ ချက်ချင်း ပူနွေးလာခဲ့သည်။
နတ်ဘုရား ချင်ကျို့!
သူသည် လွန်ခဲ့သော နှစ်ပေါင်းငါးရာအတွင်း အစွမ်းထက်ဆုံးသောကျင့်ကြံသူပင်။
ကံမကောင်းစွာဖြင့် သူသည် ညတစ်ညမှာ သူ၏သတင်းဟာ လုံးဝ ပျောက်ကွယ်သွားချေ၏။
အချို့က သူအောင်မြင်စွာ နတ်ဘုံသို့ တက်ရောက်ခဲ့သည်ဟု ခန့်မှန်းကြသည်။ အခြားသူများကမူ သူ ကျဆုံးခဲ့သည်ဟု ယုံကြည်ကြသည်။
မည်သို့ပင်ဖြစ်စေ၊ သူ တက်ရောက်သည်ဖြစ်စေ ပျက်စီးသည်ဖြစ်စေ သူ၏ဂူတွင် များပြားသော ရတနာများပါရှိနိုင်ဖွယ်ရှိသည်။
အကယ်၍တစ်စုံတစ်ဦးသည် သူ၏ဂူကို ရှာဖွေနိုင်ပြီး သူထားရစ်ခဲ့သော ရတနာများအားရယူနိုင်ပါက သူတို့၏ ကျင့်ကြံခြင်းခရီးသည် မေးခွန်းထုတ်စရာမလိုဘဲ ပိုမို ချောမွေ့စွာ တိုးတက်လိမ့်မည်။
လူအုပ်၏ စိတ်လှုပ်ရှားမှုအား မြင်သောအခါ လေလံဆရာက တည်တည်ငြိမ်ငြိမ် ဆက်ပြောလာ၏။ “လေလံအဖွင့်ဈေးက.. အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁,၀၀၀ ပါ။”
သူပြောလိုက်သည် နှင့် ကျင့်ကြံသူများက လေလံစျေးနှုန်းများကို အပြိုင်အဆိုင်အော်ဟစ်ခဲ့ကြတော့သည်။
သစ်သီးအချို့ကို စားနေစဉ် နဉ်ရွှီသည် အထွေထွေ ခန်းမ ခေါင်းဆောင်နှင့် မြောက်-တောင် တောင်ထိပ်သခင်တို့ စကားပြောနေသည်ကို သတိပြုမိခဲ့သည်။
အထွေထွေခန်းမ ခေါင်းဆောင်က “ကျွန်တော်တို့ လေလံဆွဲသင့်လား?”
မြောက်-တောင် တောင်ထိပ်သခင်ဟာ တွန့်ဆုတ်ခဲ့ပြီးနောက် “မြေပုံက အစစ်အမှန် ဟုတ်မဟုတ်ကို ဖယ်ထားလိုက်အုံး၊ ဒါက မပြည့်စုံသေးဘူး… ကျွန်တော်တို့ လေလံနိုင်ရင်တောင် အသုံးမဝင်နိုင်ဘူး”
အထွေထွေ ခန်းမ ခေါင်းဆောင်က သူမ၏ခေါင်းကို အနည်းငယ် ခါယမ်းလိုက်မိသည်။ “ဒါပေမဲ့ ကျွန်တော်တို့ လေလံဆွဲမယ်ဆိုရင်တောင် ဂူကို ရှာဖွေဖို့ အခွင့်အရေးရှိနိုင်သေးတယ်။ ကျွန်တော်တို့ မဆွဲဘူးဆိုရင်ဘာ သဲလွန်စမှရှိတော့မှာ မဟုတ်ဘူး။”
အထွေထွေ ခန်းမ ခေါင်းဆောင်သည် သွေးဆောင်မှုကို ခံခဲ့ရသည်မှာ ရှင်းလင်းနေပေသည်။
“ဒါ့အပြင် အခုစျေးနှုန်းက မမြင့်မားဘူး။ ဂိုဏ်းကပေးနိုင်တယ်။”
အကယ်၍ ၎င်းသည် အတုဖြစ်နေသည်ကို ပေါ်လွင်လာပါကလည်း အရေးမကြီးပေ။
ဘာပဲဖြစ်ဖြစ်၊ ဒီပစ္စည်းကို စျေးနှုန်းမြင့်မားစွာရရှိရန် မည်သူမျှ မမျှော်လင့်ခဲ့ကြချေ။
ကျင့်ကြံသူများစွာသည် သူတို့၏ခံစားချက်ကို မျှဝေခဲ့ကြသည်။ ဖြစ်နိုင်ခြေရှိသော ရတနာမြေပုံပေါ်တွင် အဆင့်နိမ့်ဝိဉာဉ်ကျောက်တုံး အနည်းငယ်အား သုံးစွဲခြင်းသည် လောင်းကြေးထပ်ရန် ထိုက်တန်ပါသည်။ အကယ်၍ ၎င်းသည် အလကားဖြစ်နေသည်ဟူ၍ ပေါ်လွင်လာပါကလည်း အများကြီး နာကျင်မည် မဟုတ်ပေ။
ဤအရာကို ကြားသောအခါ ဖရဲသီးစားခြင်းစနစ်က ၎င်း၏ လျှာအား တီးခေါက်၍
[တကယ်လား? နတ်ဘုရားဆိုတဲ့ စကားလုံးကို ထပ်ထည့်လိုက်တာနဲ့ ကျပန်းစက္ကူအပိုင်းအစတစ်ခုက တန်ဖိုးရှိသွားတယ်ပေါ့။]
[ကြည့်ရုံနဲ့တင် အတုမှန်း သေချာတာကို။]
[ဘာလို့ လူတွေ ဒီလောက်အများကြီး လှည့်စားခံနေရတာလဲ?]
နဉ်ရွှီက ပျင်းရိစွာ တုံ့ပြန်ခဲ့သည်။ “ဘာကြောင့်လဲဆိုတော့ ကျင့်ကြံသူတွေအကုန်လုံးက တစ်ညတည်း ချမ်းသာဖို့ အိပ်မက်မက်ကြလို့လေ။”
နတ်ဘုရားချင်ကျို့၏ ဂူကို ရှာဖွေခြင်းသည် တစ်ညတည်း ချမ်းသာခြင်းအဖြစ် သေချာပေါက်ရောက်မည်မဟုတ်လား။
အထွေထွေခန်းမ ခေါင်းဆောင်: “…”
ထင်ရှားသည်မှာ သူမသည် ထိုကျင့်ကြံသူများထဲမှတစ်ဦးဖြစ်နေလို့ပင်။
နဉ်ရွှီ၏ တုံ့ပြန်မှုကို ကြားသောအခါ ဖရဲသီးစားခြင်းစနစ်သည် ရယ်မောလာ၏။
[သူတို့က နတ်ဘုရားချင်ကျို့က ဘယ်လောင်တောင် အစွမ်းထက်လဲဆိုတာပဲသိကြပေမဲ့ သူက ဆင်းရဲတယ်ဆိုတာကို သူတို့ မသိဘူးလား?]
[ဂူ? ဘာဂူလဲ?]
[သူက ဝတ်ရုံတစ်ထည်တောင် မတတ်နိုင်ဘူး၊ ရတနာတွေဆိုရင် ပြောစရာတောင်မလိုဘူး။]
[သူတို့ တစ်ခုခုတွေ့မယ်လို့ တွေးရင် အိပ်မက်မက်နေတာပဲ။]
နဉ်ရွှီ: “!!!”
“နေပါဦး၊ သူက အစွမ်းထက်တဲ့ ကျွမ်းကျင်သူဖြစ်သင့်တယ် မဟုတ်ဘူးလား? သူဘယ်လိုလုပ် ဒီလောက် ဆင်းရဲရတာလဲ?” ဤသည်မှာ သူမအစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး၏ ပုံရိပ်နှင့် လုံးဝ ကွဲပြားပါသည်။
ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါးသာ တုံ့ပြန်ခဲ့သည်။ [ဘာလို့လဲဆိုတော့ သူက မျှော်လင့်ချက်မဲ့နေတဲ့ အချစ်ရေးသမား တစ်ယောက်မို့လို့ပဲ။ သူ့မှာ ဘယ်လောက်ရတနာတွေ ရှိနေပါစေ၊ သူက အဲဒါတွေကို ဆုပ်ကိုင်ထားလို့ မရနိုင်ဘူး။]
[သူက သူချစ်ရသူကို အားလုံး ပေးလိုက်တယ်။]
နဉ်ရွှီသည် စကားမပြောနိုင်ခဲ့ပေ။ “…ဒီလိုတောင် ဖြစ်နိုင်သေးတယ်လား?”
အထွေထွေ ခန်းမ၏ခေါင်းဆောင်နှင့် မြောက်-တောင် တောင်ထိပ်သခင် နှစ်ဦးစလုံးတွင် ရှုပ်ထွေးသော အမူအရာများရှိနေတော့သည်။
လွန်ခဲ့သော နှစ်ပေါင်းငါးရာက ထင်ပေါ်ကျော်ကြားသော ထူးချွန်သူသည် ဆင်းရဲဒုက္ခရောက်ရုံသာမက မျှော်လင့်ချက်မဲ့သော အချစ်ရေးသမားတစ်ဦး ဖြစ်သည်ကို မည်သူက တွေးထားနိုင်မည်နည်း။
နဉ်ရွှီက သိလိုစိတ်ဖြင့် မေးမြန်းလိုက်ချေသည်။ “နင် အစောပိုင်းက ပြောခဲ့တာကို အခြေခံရရင် လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင်အတွင်းမှာ ဘယ်သူမှ အောင်အောင်မြင်မြင် နတ်ဘုံကို မတက်ရောက်နိုင်ခဲ့ဘူးဆိုတော့ သူက သေသွားတာလား?”
ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ဆဆသာ တုံ့ပြန်ခဲ့သည် [မဟုတ်ပါဘူး၊ သူကအသက်ရှင်နေဆဲပဲ၊ ပြီးတော့ သူက ဒီနေ့ ဒီမှာရှိနေတယ်။]
နဉ်ရွှီ၊ အထွေထွေ ခန်းမ ခေါင်းဆောင်၊ နှင့် မြောက်-တောင် တောင်ထိပ် သခင်: “???”
ဖရဲသီးစားခြင်းစနစ်က အလျင်မလိုဘဲ ဆက်ပြောလာလေ၏။ [ဒီရတနာမြေပုံကို သူကိုယ်တိုင် ရေးဆွဲခဲ့တာ။]
နဉ်ရွှီစိတ်ထဲ ရှုပ်ထွေးသွားရ၏။
တစ်စုံတစ်ဦးသည် သူတို့၏ ကိုယ်ပိုင်ရတနာများအကြောင်း အချက်အလက်ကို ရောင်းရန် မည်မျှ ဆင်းရဲနေလို့ဖြစ်မည်နည်း။
ထို့အပြင်အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အနည်းငယ်အတွက်သာ အားလုံး ရောင်းချခဲ့သည်။
နတ်ဘုရား ချင်ကျို့သည် တကယ်ပင် သူ၏ဆင်းရဲသားအဖြစ် နာမည်ကျော်ကြားမှုနှင့် ကိုက်ညီနေပုံရပါသည်။
“ဒါပေမဲ့ နင်အခုလေးတင် ဒီရတနာမြေပုံက အတုဖြစ်နေတာ သေချာတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား?”
[မြေပုံအတိုင်း သွားရင်တော့ နင့်ကို သူ့ရဲ့ အရင်နေထိုင်တဲ့ဆီ ဦးတည်စေမှာ သေချာတယ်။]
[ဒါပေမယ့်၊ အဲ့ဒီနေရာက လုံးဝ ဗလာဖြစ်နေတာရယ်။ ဘာမှမကျန်တော့ဘူး။]
နဉ်ရွှီသည် တိတ်ဆိတ်သွားခဲ့ရတော့သည်။
ကံကောင်းစွာဖြင့် ဖရဲသီးစားခြင်းစနစ်က လျင်မြန်စွာ ဖြည့်စွက်လာခဲ့သည်။ [ရတနာမြေပုံက ဝယ်ဖို့မတန်ပေမဲ့ သူက ဒီနေ့နောက်ထပ် ပစ္စည်းတစ်ခုကိုလည်း ယူလာခဲ့တယ်။]
နဉ်ရွှီက ပေါ့ပေါ့ပါးပါးသာ မေးခဲ့သည်။ “ဘာပစ္စည်းလဲ?”
[အဋ္ဌမအဆင့် ဆေးလုံးတစ်ခု- ပြန်လည် နိုးထလာတဲ့ ဆေးလုံး။]
[နောက်ဆုံးအသက်တစ်မျှင်ပဲ ကျန်တော့တယ်ဆိုရင်တောင် ဒီဆေးလုံးကတစ်ယောက်ယောက်ကို သေမင်းတံခါးဝကနေ ပြန်ဆွဲထုတ်နိုင်တယ်။]
နဉ်ရွှီ: “!!!”
ပုံမှန် လျှာစောင်းထက်ရှ၍ စိတ်တိုလွယ်သော ဖရဲသီးစားခြင်းစနစ်ပင်လျှင် ရှားပါးသောလေးနက်မှုဖြင့် ပြောလာခဲ့သည်- [နင်က ဒီဆေးလုံးကို သေချာပေါက် ရယူရမယ်။]
[ကျင့်ကြံခြင်းလောကမှာ ငါ့ရဲ့အကူအညီနဲ့တောင် နင်က အသက်နဲ့သေခြင်းကြားက အခြေအနေတွေကို ရင်ဆိုင်ရနိုင်ဦးမှာပဲ။ ပြောရမယ်ဆိုရင်၊ ထျန်းယာလျှို့ဝှက် နယ်မြေက မကြာခင်ဖွင့်တော့မှာပါ။]
[ဒါက ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေအတွက်ရည်ရွယ်တဲ့ လျှို့ဝှက် နယ်မြေဖြစ်ပြီး အရင်က အန္တရာယ်မများခဲ့ပေမဲ့ ဒီနှစ်… အရာရာ ကွဲပြားနိုင်တယ်။]
[ဒီဆေးလုံးကို ပိုင်ဆိုင်တာက နောက်ထပ်အသက်တစ်ချောင်း ပိုင်ဆိုင်တာနဲ့ညီတယ်။]
နဉ်ရွှီသည် ဤအရာကို အပြည့်အဝနားလည်ပါသည်။
အဋ္ဌမအဆင့် ပြန်လည် နိုးထလာသည့်ဆေးလုံးကို မည်သူက မလိုချင်ဘဲ နေမည်နည်း။
ဟုတ်ပါသည်၊ သူမလည်း လိုချင်ခဲ့သည်။
သို့သော် ထိုသို့သော ပစ္စည်းသည် လူတိုင်းကို သွေးဆောင်လိမ့်မည်။
သူမ၏ပိုင်ဆိုင်မှုများသည် ၎င်းအတွက် ယှဉ်ပြိုင်ရန် မလုံလောက်ပါပေ။
ဤကဲ့သို့သော ဆေးလုံးဟာ မရေမတွက်နိုင်သော စျေးနှုန်းဖြင့် လေလံတင်ခံရဖွယ်ရှိလေ၏။
ဖရဲသီးစားခြင်းစနစ်က အကြံပြုလာခဲ့သည်။ [နင် သူ့နဲ့ သီးသန့်အရောင်းအဝယ်လုပ်ဖို့ ငါအကြံပေးချင်တယ်။ ပြန်လည် နိုးထလာတဲ့ ဆေးလုံးက လေလံတင်တဲ့အဆင့်ကို ရောက်သွားတာနဲ့ နင့်ရဲ့ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ၈၅၀,၀၀၀နဲ့က အခွင့်အရေး ရှိမှာ မဟုတ်ဘူး။]
နဉ်ရွှီသည် မျက်မှောင်ကြုတ်သွားတော့သည်။ “သီးသန့်အရောင်းအဝယ်လုပ်ရင် ငါအသာစီးရမှာ သေချာလား?”
[ဘာလို့ မသေချာရမှာလဲ? နင်က သူ့ကို အချက်အလက်တွေနဲ့ လဲလှယ်နိုင်တယ်။ သူ အရမ်းစိတ်ဝင်စားမယ့် လျှို့ဝှက်ချက်အတော်များများကို ငါသိတယ်။ သူအဲဒါတွေကို လိုအပ်လိမ့်မယ်။]
[ပြန်လည် နိုးထလာတဲ့ဆေးလုံးက ဆယ်ကြိမ်မြောက် လေလံပစ္စည်းပဲ။ နင်အခုပဲ လေလံပွဲအိမ်ကနေတဆင့် သူ့ကိုဆက်သွယ်နိုင်တယ်။]
လေလံပွဲအိမ်သည် ပစ္စည်းများအတွက် စာရင်းများကို မပေးပေ။
လေလံပစ္စည်း တစ်ခုစီသည် စင်ပေါ်တွင် တင်ပြသည်အထိ လျှို့ဝှက်ထား၏။
ဤသည်မှာ ရောင်းချသူက သီးသန့်အရောင်းအဝယ်ကိစ္စကို သဘောတူသရွေ့ လေလံပစ္စည်းများအား ပြန်လည် စီစဉ်နိုင်သည် သို့မဟုတ် ရုပ်သိမ်းနိုင်သည်ကိုလည်း ဆိုလိုပေသည်။
နဉ်ရွှီသည် သီးသန့်ခန်းထဲရှိ ဝမ့်ရှင်းဂိုဏ်း၏အထက်ဆင့်အဖွဲ့ဝင်နှစ်ဦးကို တည်တည်ငြိမ်ငြိမ် ကြည့်ရှု၍။ “ကျွန်မ ဘာအကြောင်းပြချက်ကို သုံးသင့်လဲ?”
သူမသည် လေလံပွဲအိမ်မှတဆင့် ရောင်းချသူကို သီးသန့်ဆက်သွယ်ချင်ပါက မြောက်-တောင် တောင်ထိပ် သခင်အား ရှောင်ကွင်းရန် နည်းလမ်းမရှိပေ။
ဖရဲသီးစားခြင်းစနစ်က အကြံပေးပေးခဲ့၏။ [ရိုးရိုးသားသားပဲ ပြောလိုက်ချည်။ လေလံပွဲပစ္စည်းတွေထဲကတစ်ခုက အဋ္ဌမအဆင့် ဆေးလုံးမလို့၊ နင်က အဲဒါကိုလိုချင်တယ်လို့ သူ့ကိုပြောလိုက်ပါ။ သူက အများကြီး မေးခွန်းမမေးဘူး၊ သူက ကျိုးကြောင်းဆီလျော်ပြီး ဖြောင့်မတ်တက်လူပါ။]
နဉ်ရွှီက “အထွေထွေခန်းမ ခေါင်းဆောင်ကိုရော?”
[သူ့မှာ ကိုယ်ပိုင်အစီအစဉ်လေးတွေရှိပေမဲ့ အားလုံးပေါင်းလိုက်ရင် သူ(မ)ကဆိုးတဲ့လူတော့ မဟုတ်ပါဘူး။ သူ(မ)ကဂိုဏ်းအပေါ်လည်း အရမ်းသစ္စာရှိတယ်။ နင်က ဝမ့်ရှင်းဂိုဏ်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့အတွက် သူ(မ)က နင့်ကို ထိခိုက်စေမယ့် ဘာကိုမှလုပ်မှာမဟုတ်ဘူး။]
“ကောင်းပြီ!”
ကန့်သတ်ထားသော အချိန်ကို ထည့်သွင်းစဉ်းစားခြင်းဖြင့် နဉ်ရွှီသည် မြောက်-တောင် တောင်ထိပ်သခင်နှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုရန်ဟာ ဆုံးဖြတ်ခဲ့၏။
သတင်းကို ကြားပြီးနောက် မြောက်-တောင် တောင်ထိပ် သခင်နှင့် အထွေထွေ ခန်းမ ခေါင်းဆောင်နှစ်ဦးစလုံးသည် အံ့သြဟန်၊ ဟန်ဆောင်ခဲ့ကြတော့သည်။
မြောက်-တောင် တောင်ထိပ် သခင်၏မျက်လုံးများသည် ပြူးကျယ်သွားခဲ့ပြီး။ “အဲဒီလို ပစ္စည်းတစ်ခု၊ ဒီနေ့ လေလံတင်ခံနေရတာလား?”
အထွေထွေ ခန်းမ ခေါင်းဆောင်သည်လည်း ချက်ချင်း ထရပ်လိုက်သည်။ “ဒီအခွင့်အရေးကို ကျွန်မတို့ လက်လွတ်ခံလို့ မရဘူး။ ရောင်းချသူကို အခုပဲသွားဆက်သွယ်လိုက်။”
မြောက်-တောင် တောင်ထိပ် သခင်က နဉ်ရွှီအား ကြည့်ရှုလျက် “ငါ မင်းနဲ့အတူ လိုက်မယ်။”
နဉ်ရွှီသည် အများကြီး မတွေးခဲ့ဘဲ တိုက်ရိုက်သာပြောခဲ့သည်။ “ကျေးဇူးတင်ပါတယ်၊ တောင်ထိပ်သခင်။”
မြောက်-တောင် တောင်ထိပ် သခင်က ခေါင်းညိတ်ခဲ့ပြီး ဂိုဏ်းချုပ်က ပေးအပ်ထားသော နတ်ဘုရားလက်နက်တစ်ခုကို ဆုပ်ကိုင်လိုက်သည်။ နဉ်ရွှီနောက်သို့ လိုက်ပါပြီး သီးသန့်ခန်းမှ ထွက်ခွာသွားခဲ့၏။
ကံကောင်းစွာဖြင့် ဝမ့်အန်းတောင်ထိပ်တွင် စားသောက်ပွဲပြီးနောက် ဂိုဏ်းချုပ်နှင့် အခြားသူများသည် နတ်ဘုရား လက်နက်ကို တိုးတက်အောင် ပြုလုပ်ထားခဲ့သည်။ ၎င်းသည် စိတ်ကိုပိတ်ဆို့ခြင်း၏အကွာအဝေးကို နှစ်မီတာမှ တစ်မီတာခွဲသို့ လျှော့ချခဲ့လေသည်။ ၎င်းကို လိုအပ်သလို တစ်မီတာခွဲနှင့် နှစ်မီတာကြား ချိန်ညှိနိုင်ပါသည်။
မဟုတ်လျှင် ဤနေ့၌ ပြဿနာများရှိနေလိမ့်မည်ပင်။
အခန်း (၃၂)
နဉ်ရွှီသည် လေလံပွဲအိမ်၏တာဝန်ခံပုဂ္ဂိုလ်ကို ရှာဖွေရန် မြောက်-တောင် တောင်ထိပ်သခင် နောက်သို့ လိုက်ပါလာခဲ့သည်။ ဤပုဂ္ဂိုလ်သည် ဝယ်သူများနှင့် ရောင်းသူများအကြား ကြားခံအဖြစ် ဆောင်ရွက်ပေး၏။ ဤကြားခံမရှိလျှင် နဉ်ရွှီသည် ရောင်းချသူကို ရှာဖွေရန် နည်းလမ်း မရှိပါပေ။
သူတို့ လမ်းလျှောက်နေစဉ် သူမ၏ စိတ်ထဲရှိ ဖရဲသီးစားခြင်းစနစ်အား “ သူနဲ့ တွေ့ဖို့ ဘယ်လို အကြောင်းပြချက်ပေးသင့်လဲဟင်?”
ဝယ်သူများသည် ရောင်းချသူများကို သီးသန့်တွေ့ရန် ကြိုတင်ဆက်သွယ်နိုင်သော်လည်း ရောင်းချသူများသည်လည်း တွေ့ဆုံခြင်းကို ငြင်းဆိုရန် အခွင့်အရေးရှိပြီး၊ ရောင်းချသူများနှင့်လည်း အလွယ်တကူတွေ့ဆုံနိုင်ခြင်း မရှိချေ။ လုံလောက်သော သြဇာအာဏာ သို့မဟုတ် ယုံကြည်စိတ်ချရသော အကြောင်းပြချက်မရှိလျှင် ရောင်းချသူနှင့် သီးသန့်တွေ့ဆုံမှုအား စီစဉ်ခြင်းသည် မဖြစ်နိုင်ပေ။
ထိုအခါ ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလာ၏။ [သူ့ရဲ့ သုံးဆယ့်ခြောက်ယောက်မြောက် မယားငယ်လေးက သူ့ချစ်သူနဲ့အတူ မြောက်ဘက်ကို ရှောင်ပြေးသွားတယ်ဆိုတာ နင်သိတယ်လို့ သူ့ကိုပြောလိုက်။ သူတို့ ဘယ်ကိုတိတိကျကျ သွားခဲ့တယ်ဆိုတာကိုတောင် နင်သိတယ်လို့ပြောပြီး လူကိုယ်တိုင် ဆွေးနွေးဖို့ တောင်းဆိုလိုက်ချည်။]
နဉ်ရွှီ: “!!!”
တိုတောင်းသော ဝါကျသည် အချက်အလက် များစွာကို သယ်ဆောင်ထားပေသည်။
သူမသည် ပိုမိုမေးရန် အချိန်မရမီ သူမနှင့် မြောက်-တောင် တောင်ထိပ် သခင်ဟာ လေလံပွဲအိမ်၏ထိပ်ဆုံးထပ်သို့ ရောက်ရှိသွားကြသည်။
တံခါးရှိ ဝန်ထမ်းနှစ်ဦးသည် ချဉ်းကပ်လာပြီး “တာအို မိတ်ဆွေတို့ ဘယ်များ ကူညီပေးရမလဲ?”
မြောက်-တောင် တောင်ထိပ် သခင်က တည့်တိုးသာ ပြောဆိုခဲ့သည်။ “ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ တာဝန်ရှိသူနဲ့စကားပြောဖို့လိုတယ်။”
“ကျွန်တော် သွားမေးကြည့်ပေးပါ့မယ်ခင်ဗျာ။ ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ။”
မကြာမီ တင်းကျပ်စွာ ပိတ်ထားသော တံခါးများသည် ပွင့်သွားခဲ့သည်။ ဝန်ထမ်းများထဲမှ တစ်ဦးသည် အတွင်းသို့ဝင်၍ ပျောက်ကွယ်သွားချေသည်။
ငါးမိနစ်ကြာပြီးနောက် ဝန်ထမ်းဟာ ပြန်ပေါ်လာခဲ့ပြီး လေးစားစွာဖြင့်။ “ကျေးဇူးပြုပြီး ကျွန်တော့်နောက် လိုက်ခဲ့ပေးပါ။”
တံခါးများတစ်ဖန် ပွင့်လာပြီး နဉ်ရွှီဟာ ဝန်ထမ်းနောက်သို့လိုက်ပါလျက် ဖြည်းဖြည်းချင်းအတွင်းသို့ ဝင်ရောက်သွား၏။
အခန်း၏ အတွင်းပိုင်းသည် လျင်မြန်စွာမြင်ကွင်းထဲသို့ ရောက်ရှိလာတော့သည်။ ၎င်းသည် သူမစိတ်ကူးထားသည့် အတိုင်း ကြွယ်ဝသောအပြင်အဆင်ရှိပေသည်။ ၎င်းနှင့် နှိုင်းယှဉ်လျှင် လေလံခန်းမသည် ဘာမှမဟုတ်တော့ချေ။
တန်ဖိုးမဖြတ်နိုင်သော ရတနာများသည် ကြမ်းပြင်ပေါ်တွင် သပ်ရပ်စွာပုံထားလေ၏။ လေထုဟာ ဖုန်းလိုင်လက်ဖက်ရည်၏ ရနံ့ဖြင့် ပြည့်နှက်နေသည်။ ၎င်းသည် အလွန် စျေးကြီးပြီး တစ်အောင်စပင်လျှင် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ထောင်ပေါင်းများစွာ ကုန်ကျပေ၏။ ထို့အပြင် ဝိညာဉ်ကျောက်စိမ်းများအား ညအလင်းရောင်ပုလဲများအဖြစ် အသုံးပြုထားကာ ၎င်းသည် နူးညံ့သော စိမ်းပြာရောင်အလင်းတန်းများ ထုတ်လွှတ်လျက် အခန်းတစ်ခုလုံးကို ထွန်းလင်းနေစေသည်။
ထူးခြားသောအရောင်ကြောင့် အခန်းထဲ၌ စမ်းပြာရောင်အလင်းများဖြင့်ပြည့်နေ၍ နဉ်ရွှီတစ်ယောက် ပင်လယ်အောင်ထဲသို့ ရောက်ရှိနေသည့်အလား ခံစားနေရတော့၏။ ၎င်းသည် တည်ငြိမ်မှု လျှို့ဝှက်ဆန်းကြယ်မှုနှင့် နူးညံ့သိမ်မွေ့မှုတို့ကို ဖော်ပြနေပေသည်။
တကယ်ကို ထူးခြားလှပသည့် အလှဆင်မှုပင်။
ဤလေထု အကြားတွင် လေလံပွဲအိမ် တာဝန်ခံသည် ပန်းထိုးထားသော ခေါက်နိုင်သော ကန့်လန့်ကာ၏နောက်မှ လှပစွာ ထွက်ပေါ်လာခဲ့သည်။
မြောက်-တောင် တောင်ထိပ် သခင်အား ရှင်းရှင်းလင်းလင်း မှတ်မိသောကြောင့် သူမသည်နွေးထွေးသော အပြုံးဖြင့် သူ့ကို နှုတ်ဆက်လာသည်။ “အကြီးအကဲကျုံး၊ ဘာကိစ္စများရှိလို့လဲရှင့်?”
ချုံပုတ်ပတ်လည်ကို ရိုက်ခြင်းမရှိဘဲ သူက တိုက်ရိုက်သာ ပြန်ဖြေလိုက်ချေသည်။ “ကျွန်တော်တို့ ပြန်လည် နိုးထလာခြင်း ဆေးလုံး ရောင်းချသူနဲ့ တွေ့လိုပါတယ်။ ကျွန်တော်တို့အတွက် အဲဒါကို စီစဉ်ပေးနိုင်မလား?”
ပြန်လည် နိုးထလာခြင်းဆေးလုံးကို ဖော်ပြလိုက်ရာ၊ အမျိုးသမီး၏ အမူအရာတွင် သိမ်မွေ့သော ပြောင်းလဲမှုတစ်ခု ပေါ်ပေါက်လာလေ၏။ ထိုသို့သော အဆင့်မြင့် ပစ္စည်းအကြောင်း သတင်းသည် ပေါက်ကြားသွားခဲ့ပြီပင်…
ဤသည်မှာ ယနေ့ လေလံပွဲတွင် အများဆုံးမျှော်လင့်ခြင်းခံထားရသော ပစ္စည်းပင်။
သို့သော် သူမသည် မြောက်-တောင် တောင်ထိပ်သခင်က ဤအချက်အလက်အား မည်သို့ရရှိခဲ့သည်ကို မေးခွန်းထုတ်ခြင်း မရှိပေ။
ကျင့်ကြံခြင်းလောကတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ လျှော့မတွက်ပါနှင့်။
တစ်စုံတစ်ဦးတွင် မည်သည့်လျှို့ဝှက်ကတ်များ သို့မဟုတ် ဆက်သွယ်မှုများရှိနိုင်သည်ကို သင်ဘယ်တော့မှ မသိနိုင်ပါပေ။
အမျိုးသမီးသည် ယဉ်ကျေးသော အပြုံးကိုသာ ပေးခဲ့ပြီး “စိတ်မကောင်းပါဘူး၊ အဲဒါက မဖြစ်နိုင်ပါဘူး”
မြောက်-တောင် တောင်ထိပ် သခင်က “ဘာလို့လဲ?”
“ရောင်းချသူက ဘယ်သူနဲ့မှသီးသန့်တွေ့ဆုံတာ မပြုလုပ်ဖို့ အသေအချာ တောင်းဆိုခဲ့လို့ပါ။”
ဤအရာကိုကြားသောအခါ မြောက်-တောင် တောင်ထိပ် သခင်သည် နဉ်ရွှီအားကြည့်၍ အနည်းငယ် ပခုံးတွန့်ပြလိုက်သည်။ သူ နောက်ထပ် မကူညီနိုင်တော့ကြောင်း ညွှန်ပြနေခြင်းပင်။
ထိုအချိန်တွင် နဉ်ရွှီဟာ လည်ချောင်းရှင်း၍ ဖြည်းဖြည်းချင်း ပြောလာ၏။ “ဒီလို ပြောလိုက်ပါ၊ ကျွန်မက သူ့ရဲ့သုံးဆယ့်ခြောက်ယောက်မြောက် မယားငယ်က သူ့ချစ်သူနဲ့ ထွက်ပြေးသွားတယ်ဆိုတာ သိတယ်၊ ပြီးတော့ သူတို့ ဘယ်ကို သွားခဲ့တယ်ဆိုတာကိုတောင် ကျွန်မသိတယ်ဆိုတာ မျက်နှာချင်းဆိုင် ပြောပြချင်တယ်ဆိုပြီး။”
တာဝန်ခံ: “…”
သူမသည် နဉ်ရွှီကို ဂရုတစိုက် လေ့လာခဲ့ကာ သူမနောက်ပြောင်နေပုံမပေါ် သည်ကို သတိပြုမိပေသည်။
ခဏတာ တွန့်ဆုတ်ပြီးနောက် တာဝန်ခံက “ဒါက…”
လုပ်ဆောင်မှုမရှိခြင်းကို မြင်သောအခါ နဉ်ရွှီက ဖိအားပေးလာတော့သည်။ “ရှင် သတင်းစကားလေးတောင် မပို့နိုင်တာတော့ မဟုတ်ဘူးမလား?”
တာဝန်ခံက ပြန်ဖြေခဲ့သည်မှာ “မဟုတ်ပါဘူး၊ အဲဒါက ပြဿနာ မဟုတ်ပါဘူး။”
“ဒါဆိုရင် သူ့ကို ဒီသတင်းစကားလေးပဲ ပါးလိုက်ပါ။”
ခေတ္တကြာပြီးနောက် တာဝန်ခံက မချင့်မရဲ သဘောတူခဲ့တော့သည်။ “ကောင်းပါပြီ၊ ကျွန်မ ကြိုးစားကြည့်ပါ့မယ်။ ဒီမှာ စောင့်ပေးပါ။”
သုံးဆယ့်ခြောက်ယောက်မြောက် မယားငယ်လေး၏သစ္စာဖောက်မှုအကြောင်း၊ ထိုသို့သော သတင်းစကားကို ပေးပို့ခြင်းသည် ရောင်းချသူကို တကယ် ဒေါသမထွက်စေဘူးလား?
သို့ပေမည့် ၎င်းဟာ ဝမ့်ရှင်းဂိုဏ်း၏ကိစ္စဖြစ်ပြီး လေလံပွဲအိမ်က စိုးရိမ်စရာမလိုပါ။
သတင်းစကားကို ပေးပို့ခြင်းက သေးငယ်သော တာဝန်တစ်ခုသာ။
ထို့နောက် တာဝန်ခံသည် ကန့်လန့်ကာ၏နောက်မှ ပျောက်ကွယ်သွားခဲ့သည်။ ဖြစ်နိုင်သည်က ရောင်းချသူကို ဆက်သွယ်ရန်ပင်။
အခန်းထဲတွင် အခြားသူမရှိဘဲ နဉ်ရွှီနှင့် မြောက်-တောင် တောင်ထိပ် သခင်၊ ဆင်းရဲသော ကျင့်ကြံသူနှစ်ဦးသည် သူတို့ ပတ်လည်ရှိ ရတနာများကို ချီးကျူးရန် စတင်ခဲ့ကြတော့သည်။
နဉ်ရွှီဟာ တကယ် ဆင်းရဲခြင်းမရှိ၊ သူမသည် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ၈၅၀,၀၀၀ ရှိနေဆဲပါ။ သို့တိုင် ထိုပမာဏသည် မကြာမီ သူမ၏ သိုလှောင်အိတ်မှ ထွက်ခွာသွားလိမ့်မည်။
တန်ဖိုးရှိသော ပစ္စည်းများကို အံ့ဩနေစဉ် နဉ်ရွှီက ဖရဲသီးစားခြင်းစနစ်အား “ကျွန်မ မြောက်-တောင် တောင်ထိပ် သခင်ရှေ့မှာ အများကြီး ဖော်ထုတ်မိပြီလို့ ထင်ပါတယ်”
ဥပမာအားဖြင့်၊ သူမသည် အဆင့် ၈ပြန်လည် နိုးထလာခြင်း ဆေးလုံးအား ယနေ့ လေလံတင်ခံရမည်ကို မည်သို့ သိခဲ့သနည်း? ရောင်းချသူ၏ အာရုံစိုက်မှုအား ရရှိရန် ဘာပြောရမည်ကို သူမ မည်သို့သိခဲ့သနည်း?
ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့တန်တန်သာ တုံ့ပြန်ခဲ့သည်။ [စိတ်မပူပါနဲ့။ သူက ကံကြမ္မာရဲ့ သားမဖြစ်နိုင်ခဲ့ဘူး၊ ဒါပေမယ့် ကံကြမ္မာရဲ့ သမီးက ဘယ်လိုမျိုးလဲဆိုတာ။ သူ သတိထားမိမှာပါ။]
နဉ်ရွှီ: “???”
“ဒါဆို သူ့မျက်လုံးထဲမှာ ငါက ကံကြမ္မာရဲ့ သမီးတော်လေးလား?”
ဖရဲသီးစားခြင်းစနစ်က ပြန်မေးလာ၏။ [မဟုတ်ရင် ဘာဖြစ်နိုင်သေးလဲ? နင်ကံကြမ္မာရဲ့ သမီးဆိုရင် ဒီအရာတွေအကုန်သိနေတာကို ရှင်းပြနိုင်သွားပြီလေ၊ ပြီးတော့ နင် ဘယ်လို ယင်ယန်မှန်ကို ကောက်ရလဲဆိုတာကိုရောပေါ့။]
[ကံကြမ္မာရဲ့သမီးကို သာမန်အထင်အမြင်နဲ့ အကဲဖြတ်လို့မရဘူးဆိုတာ သူနားလည်တယ်။]
[သူ မလုပ်နိုင်တဲ့အရာကို ကံကြမ္မာရဲ့သမီးကလည်း မလုပ်ပါဘူးဆိုပြီး ယူဆထားလို့တော့ မရဘူးလေ။]
နဉ်ရွှီက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။”
သူမသည် တစ်ချိန်လုံး သူမ၏တစ်မီတာခွဲအကွာ အတွင်း၌ ရှိနေသော
မြောက်-တောင် တောင်ထိပ် သခင်ကို ကြည့်လိုက်၏။
သူသည် ပစ်မှတ်ထားခံရခြင်းအား ကာကွယ်ရန် သူမ၏အနီးတွင် ရှိနေခြင်းလော?
စကားပြောနေစဉ် လေလံပွဲအိမ် တာဝန်ခံသည် ပြန်လာခဲ့သည်။ ယခု သူမသည် နဉ်ရွှီကို သိလိုစိတ်နှင့် စူးစမ်းမှု၏အရိပ်အယောင်ဖြင့် ကြည့်ရှုနေတော့၏။
သူမက “ရောင်းသူက ရှင်နဲ့ တွေ့ဖို့ သဘောတူလိုက်ပါပြီ”
ပထမတွင် တာဝန်ခံဟာ သုံးဆယ့်ခြောက်ယောက်မြောက်မယားငယ် ထွက်ပြေးခြင်းအကြောင်းသည် နောက်ပြောင်မှုတစ်ခုသာဖြစ်သည်ဟု တွေးခဲ့ပေသည်။ သို့သော် ၎င်းသည် မှန်ကန်သော လျှို့ဝှက်စကားဖြစ်ခဲ့သည်လား?
လေလံပွဲအိမ်၏ ပိုင်ရှင်ပင်လျှင် ပြန်လည်နိုးထလာခြင်း ဆေးလုံး ရောင်းသူနှင့် သီးသန့်တွေ့ဆုံမှုကို မလုပ်ဆောင်နိုင်ခဲ့ပေ။
သို့သော် ဤဝမ့်ရှင်းဂိုဏ်း၏ ပြင်ပဂိုဏ်းတပည့်သည် ပိုင်ရှင်မလုပ်နိုင်ခဲ့သည်အား အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့၏။
ဒါဆို… သုံးဆယ့်ခြောက်ယောက်မြောက် မယားငယ်က တကယ် ထွက်ပြေးခဲ့တာလား?
ဒါမှမဟုတ် လျှို့ဝှက်စကားတစ်ခုပဲလား?
ကံမကောင်းစွာဖြင့် တာဝန်ခံသည် အဖြေကို ဘယ်တော့မှရတော့မည် မဟုတ်။
နဉ်ရွှီက “ကျွန်မတို့ ဘယ်မှာတွေ့ရမှာလဲ?”
တာဝန်ခံက ပြန်ဖြေလာ၏။ “ဒီမှာပါပဲ။ သူက မကြာခင် ရောက်လာပါလိမ့်မယ်။”
မကြာမီ တံခါးကို ခေါက်သံတစ်ခုထွက်ပေါ်လာ၏။
နောက်တစ်စက္ကန့်အကြာ၌ တံခါးဟာ ပွင့်သွားခဲ့ပြီး အရပ်ရှည်သော အမျိုးသားကျင့်ကြံသူ တစ်ဦးသည် အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
သူသည် ခါးအထိရှည်သော အဖြူရောင်ဆံပင်များရှိခဲ့ပြီး ပေါ့ပေါ့ပါးပါးသည့် ဆံပင်ပုံစံ ပြုထားပေ၏။
လေလံပွဲအိမ် တာဝန်ခံသည် အကျိုးစီးပွားများ၏ ပဋိပက္ခများကို ရှောင်ရှားရန် အခန်းမှ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
ယခု နဉ်ရွှီ၊ မြောက်-တောင် တောင်ထိပ် သခင်နှင့်ရောင်းချသူသာ ကျန်ရှိတော့သည်။
လူဝင်ရောက်လာသောအခါ နဉ်ရွှီသည် သူ့ကို သတိပညာရှိစွာဖြင့် ကြည့်ရှု့တိုင်းတာခဲ့၏။
သူမသည် ဤကျင့်ကြံခြင်းလောကမှ တစ်ချိန်က အချစ်ရူးရူးနေသော ဆင်းရဲသားသည် မည်သို့သော လူဖြစ်သည်အား စူးစမ်းချင်မိပါသည်။
ထိုလူသည် မသင့်လျော်သော ဝတ်ရုံများကို ဝတ်ဆင်ထားပြီး သူ၏ခြေကျင်းဝတ်များနှင့် လက်ကောက်ဝတ်များကို ဖော်ပြထားလေ၏။ သူသည် တကယ်ပင် ဆင်းရဲသည်မှာ ရှင်းလင်းနေခဲ့တော့သည်။ မဟုတ်လျှင် သူသည် ထိုသို့သော နွမ်းနယ်သည့် အဝတ်အစားများကို ဝတ်ဆင်လိမ့်မည် မဟုတ်ပေ။
ဆင်းရဲနွမ်းပါးမှု ရှိသော်လည်း သူသည် တည်ငြိမ်လှပစွာရွေ့လျားခဲ့ပြီး ပေါ့ပေါ့ပါးပါးပုံစံရှိပေသည်။
မပြုံးဘဲပင် သူသည် မြူဆွယ်သလိုနှင့်ဆွဲဆောင်ထားသော ဟန်ပန်ရှိနေ၏။
နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်အား တီးတိုးပြော၍ “ဒီလူက တကယ်ပဲ အဲ့ခေတ်တုန်းက အစွမ်းအထက်ဆုံး ကျင့်ကြံသူလား?”
မဆိုင်းမတွပင် ဖရဲသီးစားခြင်းစနစ်က [အစွမ်းထက်ဆုံး ကျင့်ကြံသူက တစ်ချိန်က ‘ကြည်လင်သောဝိုင်’ နတ်ဘုရားပဲ၊ အဲဒါက ဒီဆင်းရဲသားနဲ့ ဘာဆိုင်လို့လဲ?]
နဉ်ရွှီ: “……”
မြောက်-တောင် တောင်ထိပ် သခင်: “……”
အခုလေးတင် ကြားနိုင်သော အကွာအဝေးအတွင်းသို့ ခြေချလိုက်သော နတ်ဘုရား ချင်ကျို့: “???”
ထိုအသံကို ကြားပြီးနောက် သူ၏ စိတ်ထဲတွင် ရေတွက်မရသော အတွေးများ လျှပ်တပြက်ပေါ်လာတော့၏။
အဲဒီအသံတွေက ဘာတွေလဲ?
ဘာလို့ သူ့ဝန်းကျင်မှာပေါ်နေတာလဲ?
ဤအချိန်တွင် နဉ်ရွှီသည် ဆက်လက် မေးမြန်းခဲ့သည်။ “နင် ဘာကို ဆိုလိုတာလဲ? အခု သူ့ထက်ပိုပြီး အစွမ်းထက်တဲ့ ကျင့်ကြံသူတွေရှိနေပြီလား?”
ဖရဲသီးစားခြင်းစနစ်က တုံ့ပြန်လာသည်။ [လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာက သူက *မဟာယာနအဆင့်မှာရှိခဲ့ပြီးတော့ ကျင့်ကြံခြင်းလောကမှာ နံပါတ်တစ် ကျင့်ကြံသူဖြစ်ခဲ့တာက အမှန်ပဲ။ ဒါပေမဲ့ အခုတော့ နှစ်ပေါင်းငါးရာကြာပြီးတဲ့နောက် သူက ရွှေအမြုတေ အဆင့်မှာပဲ ရှိတော့တယ်။ အဓိကဂိုဏ်းကြီးတွေရဲ့ အကြီးအကဲတိုင်းက သူ့ထက် အဆင်မြင့်တယ်။]
(T/N- နတ်ဘုရားအဆင့် ကျင့်ကြံသူချင်ကျို့/နတ်ဘုရားချင်ကျို့- မဟာယာနအဆင့် - အဲ့တာက ကျင့်ကြံခြင်းအဆင့်တွေမှာ အမြင့်ဆုံးပါနော်)
နဉ်ရွှီသည် ခဏတာ ထိတ်လန့်သွားခဲ့ရသည်။ “ရွှေအမြုတေ အဆင့်လား? သူ့ရဲ့ ကျင့်ကြံမှုက ဘာလို့ အခု အရမ်းနိမ့်နေတာလဲ?”
ထို့နောက် သူမ ခန့်မှန်းခဲ့သည်က “အချစ်စိတ်မွှန်တာက သူ့ရဲ့ ဝိညာဉ်ကျောက်တုံးတွေ အားလုံး ဆုံးရှုံးတာတင်မကဘဲ၊ သူ့ရဲ့ ကျင့်ကြံမှုတွေပါ ဆုံးရှုံးသွားခဲ့တာလား?”
ဖရဲသီးစားခြင်းစနစ်က ကျယ်လောင်စွာ ရယ်မောလျက် [မဟုတ်ဘူးရယ်]
ထိုအချိန်တွင် နတ်ဘုရား ချင်ကျို့သည် နဉ်ရွှီ၏ ရှေ့၊ ခြေလှမ်းသုံးလှမ်းအကွာ၌ ရပ်တန့်နေပြီပင်။
သူ၏မျက်လုံးများ ကြည်လင်နေပြီး သူ၏ သူငယ်အိမ်များဟာ ဖြူဖျော့နေသည်။ အနီးကပ်ကြည့်ကြည့်ပါပ ငွေဖြူရောင်ဖြစ်ကာ သူ့ဆံပင်၏အရောင်နှင့် ကိုက်ညီပေသည်။
တစ်ချိန်က အစွမ်းထက်သော ဤပုဂ္ဂိုလ်သည် မျှော်လင့်ချက်မဲ့သော အချစ်ရူးသမား တစ်ဦးဖြစ်သည်ကို သူမ သိရှိသော်ငြား နဉ်ရွှီတစ်ယောက် အနည်းငယ်မျှ ထိန်းချုပ်မှု သို့မဟုတ် တွန့်ဆုတ်မှုမရှိဘဲ၊ သူမက တည်တည်ငြိမ်ငြိမ်ဖြင့်သာ “တာအို မိတ်ဆွေ၊ ထိုင်ပြီးစကားပြောကြရအောင်လား။”
နတ်ဘုရားချင်ကျို့က သူမကို ကြည့်လာခဲ့ပြီး “ကောင်းပြီ”
မူလက ဘေးဘက်တွင် ရပ်နေသော မြောက်-တောင် တောင်ထိပ် သခင်သည် အနည်းငယ် မသက်မသာ ခံစားခဲ့ရသည်။
သူသည် သာမန် အရည်အချင်းရှိသော သေးငယ်သော ကျင့်ကြံသူတစ်ဦးမျှသာ။ တစ်ချိန်က လောကပေါ်တွင် အစွမ်းအထက်ဆုံးဖြစ်ခဲ့သော တစ်စုံတစ်ဦးကို ရင်ဆိုင်ခြင်းသည် သူ့ကို အနည်းငယ် မသက်မသာ ခံစားရစေမည်မှာ သဘာဝပင်။
သို့သော် ဤတစ်ချိန်က စွမ်းအားကြီးမားသော ပုဂ္ဂိုလ်သည် ယခုအခါ ရွှေအမြုတေအဆင့် ကျင့်ကြံမှုသာ ရှိကြောင်း သိရှိပြီးနောက် သူ၏စိတ်သည် စိုးရိမ်ပူပန်မှုထက် သိလိုစိတ်ဖြင့်သာ ပြည့်နှက်နေတော့၏။
မြောက်-တောင် တောင်ထိပ်သခင်ကဲ့သို့ပင် နဉ်ရွှီသည်လည်း ဤတစ်ခေတ်တစ်ခါက လွှမ်းမိုးကြီးစိုးခဲ့သော ကျင့်ကြံသူသည် မည်သို့သော ဆင်းရဲဒုက္ခများဖြင့် အဆုံးသတ်ခဲ့သည်ကို အလွန် သိချင်ခဲ့ပါသည်။
သူမသည် အတင်းအဖျင်းများကို ဆက်လက်ပြောဆိုရန် မမေ့ခဲ့ပေ။ “သူမှာ ဘာတွေဖြစ်နေလို့လဲ?”
ဖရဲသီးစားခြင်းစနစ်သည် ခဏတာ တိတ်ဆိတ်သွားခဲ့ပြီးနောက် [သူမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ သူကိုယ်တိုင်တောင် မသိဘူး။ သူ မဟာယာနအဆင့်ကို တိုးမြှင့်လိုက်တဲ့ အချိန်ကစပြီး သူ့ရဲ့ဝိညာဉ်စွမ်းအင်က ရှင်းပြလို့မရအောင် စပြီး ပျောက်ကွယ်လာတာ။]
နဉ်ရွှီသည် ဤဇာတ်လမ်းတွင် ပိုမိုများစွာသောအကြောင်းအရာများရှိနိုင်ကြောင်း ချက်ချင်း ခံစားရမိသည်။
သူမက “ဒါဆို ဘာဖြစ်ခဲ့တယ်ဆိုတာ နင် သိလား?”
ဖရဲသီးစားခြင်းစနစ်က ရယ်မောလျက် [ငါသိတာပေါ့။]
ဤအရာကိုကြားသောအခါ နတ်ဘုရား ချင်ကျို့၏ သူငယ်အိမ်များသည် အနည်းငယ် ကျုံ့ဝင်သွားခဲ့သည်။
သို့သော် တစ်ချိန်က လောကပေါ်တွင် အစွမ်းအထက်ဆုံး ကျင့်ကြံသူဖြစ်ခဲ့သောကြောင့် ဤသေးငယ်သော ပြောင်းလဲမှုကို မည်သူမျှ သတိမထားမိခဲ့ပေ။
တကယ်ပင် သူသည် မဟာယာနအဆင့်သို့ ခြေချခဲ့သည့် အချိန်ကစ၍ သူ၏ဝိညာဉ်စွမ်းအင်သည် တဖြည်းဖြည်း သူ၏ထိန်းချုပ်မှုမှ လွတ်ထွက်သွားတော့၏။
လွန်ခဲ့သော နှစ်ပေါင်းငါးရာအတွင်း သူကြိုးစား ကျင့်ကြံခဲ့ရသော ဝိညာဉ်စွမ်းအင်အများစု ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ်နှစ်အနည်းငယ်တွင် သူ့ ဝိညာဉ်စွမ်းအင် လုံးဝကုန်ဆုံးနိုင်ပြီး လူသားတစ်ဦး ဖြစ်သွားနိုင်ပေသည်။
ထိုအချိန်ရောက်လာသောအခါ သူ၏ ကျန်ရှိသောသက်တမ်းသည် တိုတောင်းလိမ့်မည်။ သူသည် လောက၏ အမည်မသိ ထောင့်တစ်ခုတွင် တိတ်တဆိတ်သေဆုံးနိုင်၏။
သူသည် ဤကံကြမ္မာကို လက်ခံရန် ဆန္ဒရှိသလား?
သေချာပေါက် မရှိဘူးပေါ့။
သူသည် တစ်ချိန်က ထိပ်ဆုံးတွင် ရပ်တည်ခဲ့ပြီး လူတိုင်း၏လေးစားခြင်းနှင့် ကိုးကွယ်ခြင်းကို ခံခဲ့ရပါသည်။
ယခုမူ သူတစ်ချိန်က ကျော်ကြားခဲ့သော နတ်ဘုရားချင်ကျို့ဖြစ်သည်ကိုမူ မည်သူမျှ မသိရှိတော့ပေ။ သူအသစ်ရှာထားသော အငယ်နှောင်းလေး ပင်လျှင် အခြားသူတစ်ဦးနှင့် ထွက်ပြေးသွားခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းငါးရာအတွင်း သူသည် ဖြေရှင်းချက်ကို ရှာဖွေနေခဲ့သော်လည်း ဘာမှမတွေ့ခဲ့ချေ။
ယနေ့ ဤကိစ္စ၏ ပြဿနာကိုရှာဖွေတွေ့ရှိခဲ့သည့်နေ့ ဖြစ်နိုင်မလား?
နဉ်ရွှီက ဖိအားပေးလာ၏။ “ဒါဆို ဘာဖြစ်တာလဲ?”
ဖရဲသီးစားခြင်းစနစ်က လျှာအားတီးခေါက်၍ [ဒါက ရှုပ်ထွေးတယ်။ နင် အခုနားလည်ဖို့ အရမ်း ရှုပ်ထွေးလွန်းတယ်။]
ထို့နောက် ဆန်ကုန်မြေလေးတစ်ယောက်၏ ဆင်ခြေပေးသည့်ပုံစံအတိုင်း [နင်က ငါ့ကို ယုံကြည်သင့်တယ်။ ငါ ဒါကို နင်ကောင်းဖို့အတွက်လုပ်နေတာ။]
နဉ်ရွှီ: “…ကောင်းပြီ။”
သူမ၏ ဖရဲသီးစားခြင်းစနစ်နှင့် စကားပြောဆိုခြင်း ပြီးဆုံးပြီးနောက် နဉ်ရွှီသည် နတ်ဘုရား ချင်ကျို့ကို မျက်နှာမူခဲ့ပြီး “ရှင့်ရဲ့ သုံးဆယ့်ခြောက်ယောက်မြောက်မယားငယ် ဘယ်မှာ ရှိနေတယ်ဆိုတာ ကျွန်မ သိပါတယ်”
ဤလူငယ် ကျင့်ကြံသူတွင် ထူးခြားသော အတွေ့အကြံများရှိသည်ကို အသိအမှတ်ပြုပြီးဖြစ်သော နတ်ဘုရား ချင်ကျို့သည် မအံ့သြခဲ့ပေ။ သူသည် ရိုးရိုးရှင်းရှင်းသာ “မင်းရဲ့ ကမ်းလှမ်းချက်က?”
“ကျွန်မက ရှင့်ရဲ့ ဝိညာဉ်ပြန်လည် နိုးထလာခြင်း ဆေးလုံးကို ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ၈၅၀,၀၀၀ နဲ့ ဝယ်ချင်ပါတယ်။”
နတ်ဘုရား ချင်ကျို့သည် မတွန့်ဆုတ်ခဲ့ဘဲ ချက်ချင်းပင် “သဘောတူတယ်”
သူမ၏ စိတ်ထဲတွင် နဉ်ရွှီက ဖရဲသီးစားခြင်းစနစ်အား “ဝိညာဉ် ပြန်လည် နိုးထလာခြင်း ဆေးလုံးရဲ့ စျေးကွက်ပေါက်စျေးက ဘယ်လောက်လဲ?”
ဖရဲသီးစားခြင်းစနစ်က တုံ့ပြန်ခဲ့သည်မှာ [ပုံမှန်ဆိုရင်တော့ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ၈သန်းဝန်းကျင့်ပါပဲ။]
[ဒါပေမဲ့ အဋ္ဌမအဆင့် ဝိညာဉ် ပြန်လည်နိုးထလာခြင်း ဆေးလုံးတွေက ကျင့်ကြံခြင်းလောကမှာ အရမ်း ရှားပါးလွန်းတယ်။]
[ကျင့်ကြံသူတွေတော်တော်များများက သူတို့မှာ ဝိညာဉ်ကျောက်တုံးတွေရှိနေရင်တောင် တစ်လုံးမှ ဝယ်မရနိုင်ဘူး။]
[သူ့ရဲ့ ဝိညာဉ် ပြန်လည်နိုးထလာခြင်း ဆေးလုံးက ဒီနေ့ လေလံတင်ခဲ့ရင် မရေမတွက်နိုင်လောက်အောင်များတဲ့ စျေးနှုန်း ရနိုင်တယ်ရယ်။]
နဉ်ရွှီ: “???”
ခဏ နေပါဦး၊ ဤဆေးလုံးသည် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ၈ သန်းဝန်းကျင်လောက် တန်ဖိုးရှိ၍ ဖရဲသီးစားခြင်းစနစ်က သူမအား ၈၅၀,၀၀၀ သာကမ်းလှမ်းရန် ပြောခဲ့သည်။
သူမသည် ထိုကမ်းလှမ်းမှုကို ပြုလုပ်ခဲ့သည်သာမက နတ်ဘုရား ချင်ကျို့က တကယ် ရောင်းချရန် သဘောတူခဲ့သည်လား?
တစ်ဦးက ဝယ်ရန် သတ္တိရှိခဲ့ပြီး အခြားတစ်ဦးကရောင်းရန် သတ္တိရှိလေ၏။
စကားမပြောနိုင်တော့သော နဉ်ရွှီက “ထွက်ပြေးသွားတဲ့ အငယ်နှောင်းလေးက သူ့အတွက် တော်တော်လေးအရေးပါပုံပဲ” ဟုသာ တီးတိုး ပြောဆိုနိုင်ခဲ့သည်။
ဖရဲသီးစားခြင်းစနစ် ပြန်ဖြေလာသည်က [သူ့ကို အချစ်ရူးလို့ ဘာလို့ခေါ်တော့မလဲ?]
[သူက သူ(မ)ကို တကယ် ချစ်တာပေါ့ဟ။]
[အချစ်နဲ့ ယှဉ်ရင် ဝိညာဉ်ကျောက်တုံးတွေက လောကီပိုင်ဆိုင်မှုတွေပါပဲ။ နှလုံးသားရဲ့ ကိစ္စရပ်တွေနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ?]
မူလက နတ်ဘုရားချင်ကျို့သည် အခြေအနေအကြောင်း ထူးခြားသည်အား ဘာမှ မခံစားရခဲ့ပေ။
သို့သော် ဖရဲသီးစားခြင်းစနစ်၏မှတ်ချက်များကို ကြားပြီးနောက် သူသည် ရုတ်တရက်ရှင်းပြလို့မရအောင် ရှက်ရွံ့သွားရတော့သည်: “…”