← Chapters

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

163

မိမိလက်ဝယ်ရှိသမျှ သက်သေအထောက်အထားအားလုံးကို ပေးပို့ပြီးနောက် စုဟယ်သည် သူမ၏ စနစ်မျက်နှာပြင်ကို ဖွင့်လိုက်ပြီး ကတ်ဇာတ်ကောင်များ၏ လူသားအဖြစ် ရှင်သန်နေထိုင်ခြင်းဆိုင်ရာ အထောက်အထားများ လဲလှယ်ရန်အတွက် သူမမှာရှိသမျှ ကတ်ဆွဲခွင့်အားလုံးကို အသုံးပြုလိုက်တော့သည်။ လူထုအမြင်များ ဤမျှအထိ ဆူပွက်နေချိန်တွင် မနက်ဖြန်မနက်၌ အစိုးရတာဝန်ရှိသူများ ဟဲယဲ့တည်းခိုခန်းသို့ လာရောက်စစ်ဆေးခြင်းမရှိလျှင်တောင် စုဟယ်ကိုယ်တိုင်မှ သူမ၏ အပြစ်ကင်းစင်မှုကို သက်သေပြရန် ရဲအရာရှိများကို ဖိတ်ခေါ်မည်ဖြစ်၏။ သို့မဟုတ်ပါက ကွားကောမှ ဟဲယဲ့တည်းခိုခန်းအပေါ် ပုံချခဲ့သည့် ညစ်ပတ်သော စွပ်စွဲချက်များကို သူမ မရှင်းလင်းနိုင်ပါလျှင် တည်းခိုခန်း၏ စီးပွားရေးမှာ သေချာပေါက် ထိခိုက်ပေလိမ့်မည်။ ထို့ပြင် ဖျော်ဖြေရေးလောကမှ ဧည့်သည်များမှာလည်း မကောင်းသတင်းများတွင် ပါဝင်ပတ်သက်ခြင်းမှာ သူတို့၏ ပုံရိပ်ကို ထိခိုက်စေနိုင်သဖြင့် တည်းခိုခန်း၌ တည်းခိုရန် ဆန္ဒရှိကြတော့မည် မဟုတ်ပေ။

စုဟယ်သည် ကတ်ဇာတ်ကောင်ယွမ်ဒန်းချူးကို ဆွဲယူစဉ်တွင် ကတ်ဆွဲခွင့် (၂) ကြိမ် ကျန်ရှိနေသေးသည်။ ကံကောင်းထောက်မစွာဖြင့် စုဟယ်သည် အမြဲတမ်း စိုးရိမ်စိတ်ရှိတတ်သူဖြစ်ရာ သူမ၏ ကတ်ဆွဲခွင့်အားလုံးကို မသုံးစွဲခဲ့မိချေ။ ထို့ပြင် စနစ်၏ မကြာသေးမီက မစ်ရှင်အောင်မြင်ကြောင်း အသိပေးချက်ကြောင့် ယခုအခါ စုဟယ်၌ ကတ်ဆွဲခွင် အတိအကျ (၃) ကြိမ် ရှိနေပြီဖြစ်သည်။ သူမသည် ဝေဖုန်းယီ ၊ မစ္စကျိ နှင့် ယွမ်ဒန်းချူး တို့အတွက် လူသားသက်သေခံ အထောက်အထားများကို လဲလှယ်လိုက်၏။ ၎င်းတို့သည် တည်းခိုခန်းအတွင်း အဝင်အထွက်ရှိနေပြီး ဧည့်သည်များနှင့် မကြာခဏ ထိတွေ့ဆက်ဆံနေရသူများ ဖြစ်ကြရာ ရဲအရာရှိများ ရောက်ရှိလာချိန်တွင် သက်ဆိုင်ရာ အထောက်အထားအိုင်ဒီ များ မရှိပါက အလွန်ပင် ဒုက္ခရောက်နိုင်သောကြောင့် ဖြစ်သည်။

တစ်ညလုံး အလုပ်ရှုပ်ထားသဖြင့် စုဟယ်သည် မနက်ခင်းတွင် မျက်ကွင်းညိုများဖြင့် နိုးထလာခဲ့သည်။ လီရှီသည် အလုပ်သို့ အပြေးအလွှား ရောက်လာပြီး ဧည့်ကြိုတွင် ထိုင်နေသော စုဟယ်ကိုမြင်လိုက်ရမှပင် သက်ပြင်းချနိုင်တော့၏။

"တော်သေးတာပေါ့၊ တည်းခိုခန်းက ပုံမှန်အတိုင်း လည်ပတ်နေတုန်းပဲ"

သူပြောလိုက်သည်။

"သူဌေးမ အဆင်ပြေရဲ့လား၊ ဒါက တကယ့်ကို ယုတ်မာလွန်းပါတယ်ဗျယ၊ ဘယ်သူက အွန်လိုင်းမှာ ဒီလို အခြေအမြစ်မရှိတဲ့ ကောလာဟလတွေ ဖြန့်နေမှန်းကို မသိဘူး "

သူသည် ယနေ့မနက်တွင် ဤသတင်းကို သူအရင်မှ အလုပ်လုပ်ခဲ့သည့် အင်တာနက်ကဖေးမှ မန်နေဂျာ ပေးပို့လာသဖြင့် တွေ့လိုက်ရခြင်းဖြစ်သည်။ လီရှီ ထွက်သွားပြီးကတည်းမှ ထိုအင်တာနက်ကဖေးသည် တစ်လလျှင် ယွမ် (၃,၀၀၀) ဖြင့်ညဂျူတီ အလုပ်ဆင်းမည့် ဝန်ထမ်းမျိုးကို မတွေ့ခဲ့ရတော့ပေ။ ယခုအခါ လစာကို ယွမ် (၄,၀၀၀) အထိ တိုးပေးထားသော်လည်း ရေရှည်လုပ်မည့် ဝန်ထမ်းကို ရှာမရသေးချေ။ လစာနည်းပါးသည်ကို အသာထားလျှင် အဓိကအချက်မှာ ထိုမန်နေဂျာသည် လျှောက်ထားသူအသစ်များကို လီရှီနှင့် အမြဲနှိုင်းယှဉ်နေခြင်းဖြစ်သည်။ လူတစ်ယောက်တည်းမှာ အလုပ် (၅) ခုကို တစ်ပြိုင်နက် မလုပ်နိုင်ကြောင်း တွေ့ရလျှင် သူသည် လူတွေကို အော်ဟစ်ငေါက်ငမ်းကာ ခိုင်းစေလေ့ရှိ၏။ ရလဒ်အနေဖြင့် အသစ်ခန့်အပ်ခံရသူများမှာ သဘာဝအတိုင်းပင် ဒဏ်မခံနိုင်ကြဘဲ ရက်အနည်းငယ်အကြာတွင် ထွက်သွားကြတော့သည်။ ထို့ကြောင့် အင်တာနက်ကဖေး မန်နေဂျာသည် ထိုရိုးရိုးအအအလုပ်သမားကောင်း လီရှီကို ပြန်လည်သတိရလာခြင်း ဖြစ်သ၏။

ဟဲယဲ့တည်းခိုခန်း ရေပန်းစားသတင်းတက်လာသည်ကို မြင်ပြီးနောက် မန်နေဂျာသည် လီရှီထံသို့ သတင်းများကို ချက်ချင်းပို့လိုက်ပြီး လီရှီကဲ့သို့ ‘အရှုပ်အထွေး’ ရှိသော နေရာမျိုးတွင် အလုပ်လုပ်ခဲ့သူကို သူက စိတ်မရှိဘဲ ပြန်ခန့်မည်ဟု ဟန်ဆောင်ကောင်းစွာ ပြောဆိုခဲ့သည်။ တစ်ဖက်တွင်လည်း လစာကို ယွမ် (၃,၀၀၀) သို့ လျှို့ဝှက်လျှော့ချကာ လီရှီကို ပြန်ခေါ်ရန် ကြံစည်နေခြင်း ဖြစ်သည်။ မန်နေဂျာသည် လီရှီမှာ ကျေးဇူးတင်နေလိမ့်မည်ဟု မူလက ထင်မှတ်ထားသော်လည်း မျှော်လင့်မထားဘဲ လီရှီမှာ သူ့ကို Block လုပ်ပစ်လိုက်၏။ ၎င်းမှာ မန်နေဂျာကို အကြီးအကျယ် ဒေါသထွက်စေသော်လည်း လီရှီကို ထပ်မံ ဆက်သွယ်၍ မရတော့ပေ။ အင်တာနက်ကဖေး မန်နေဂျာနှင့် ရင်ဆိုင်ရာတွင် လီရှီသည် ထူးထူးခြားခြား ပြတ်သားခဲ့သော်လည်း သူ၏ စိတ်ထဲတွင်တော့ အနည်းငယ် စိုးရိမ်နေမိဆဲ ဖြစ်သည်။ မနက်ခင်းတစ်ခုလုံး သူ၏ဖုန်းကို စစ်ဆေးနေမိပြီး ယနေ့ အလုပ်မလာရန် စုဟယ်မှ မက်ဆေ့ခ်ျ ပို့ထားမည်ကို သူ ကြောက်နေမိ၏။ သူသည် တုန်လှုပ်နေသော နှလုံးသားဖြင့် တည်းခိုခန်းသို့ ရောက်လာရာ ဧည့်ကြိုကောင်တာတွင် နွမ်းနယ်နေသော ပုံစံဖြင့် ထိုင်နေသည့် စုဟယ်ကို မြင်လိုက်ရသည်။ လီရှီ၏ ရင်ထဲတွင် ကျောက်တုံးကြီးတစ်ခုနှင့် ဖိထားသကဲ့သို့ ခံစားလိုက်ရ၏။ တည်းခိုခန်းအပေါ် စွပ်စွဲချက်များမှာ မည်မျှအထိ မတရားပြီး အဓိပ္ပာယ်မရှိကြောင်း သူသိနေသဖြင့် သူ၏ သူဌေးမလေးမှာ ‘သနားစရာ’ ကောင်းနေသည်ဟု သူထင်မိသည်။

"သူဌေး စိတ်မပူပါနဲ့၊ ဒီကောလာဟလတွေက မကြာခင်မှာပဲ သူ့အလိုလို ပျောက်သွားမှာပါ"

လီရှီ၏အသံမှာ ပြတ်သားပြီး နွေးထွေးနေကာ သူ၏ စကားလုံးများဖြင့် စုဟယ်ကိုအားပေးရန် ကြိုးစားလိုက်သည်။ စုဟယ်၏ မျက်နှာပေါ်တွင် ပြုံးယောင်သန်းသွား၏။ လီရှီသည် ဤတည်းခိုခန်းကို တကယ်နှစ်သက်ကြောင်း သူမ သိထားသလို သူ၏ ကြိုးစားအားထုတ်မှုအတွက်လည်း ကျေးဇူးတင်နေမိသည်။

"လီရှီ ကျေးဇူးတင်ပါတယ်၊ စိတ်မပူပါနဲ့၊ ကောလာဟလတွေက မကြာခင်မှာ ရှင်းလင်းသွားလိမ့်မယ်လို့ ငါ ယုံကြည်တယ် "

စုဟယ်မှာ လီရှီကို ပြန်လည်နှစ်သိမ့်လိုက်သည်။ သူဌေးတစ်ယောက်အနေဖြင့် ဝန်ထမ်းများကို ယုံကြည်မှု ပေးရန်လိုအပ်သည် မဟုတ်ပါလော။ လီရှီသည် ဤခက်ခဲသော အချိန်ကာလကို ကျော်ဖြတ်နိုင်ရန် တည်းခိုခန်းကို သူ တတ်နိုင်သမျှ အစွမ်းကုန် ကူညီမည်ဟု စိတ်ထဲမှ တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။ သူတို့သာ စည်းလုံးကြမည်ဆိုလျှင် ကျော်လွှားရခက်သော အခက်အခဲဆိုသည်မှာ ရှိလိမ့်မည်မဟုတ်ဟု သူခံစားရ၏။ တည်းခိုခန်း၏ စီးပွားရေးမှာ ခဏတာ ထိခိုက်သွားလျှင်ပင် သူထွက်သွားမည်မဟုတ်ဘဲ လစာအနည်းငယ်သာ ယူ၍ လုပ်ကိုင်သွားမည်ဖြစ်သည်။ ဟဲယဲ့တည်းခိုခန်းနှင့်အတူ အသေခံတော့မည့် လီရှီ၏ အမူအရာကို မြင်ပြီး စုဟယ်မှာ ရယ်ချင်သွားရ၏။

"ဘာမှမဖြစ်ပါဘူး စိတ်ထဲ သိပ်မထားပါနဲ့၊ ငါ ဒါကို ကိုင်တွယ်နေပြီ၊ နင်ကတော့ အလုပ်ပဲ ဆက်လုပ်ပါ၊ ဒီလမှာ နင့်ကို လစာတိုးပေးမှာမို့လို့၊ အလုပ်ခိုလုပ်ရင်တော့ရမှာမဟုတ်ဘူးနော်"

လီရှီသည် စုဟယ်၏ စကားနောက်သို့ ချက်ချင်း လိုက်ပါသွားပြီး ခုနက သူပြောရန် ကြံစည်ထားသမျှကို လုံးဝ မေ့သွားတော့သည်။

"သူဌေး စိတ်ချပါ၊ ကျွန်တော် အလုပ်မခိုပါဘူး"

ထိုစဉ် တံခါးဝမှ ရုန်းရင်းဆန်ခတ် အသံတစ်ခု ထွက်ပေါ်လာသည်။ အစ်မကျန်း အော်ဟစ်လိုက်၏။

"နင်တို့ ပြေးဖို့ မကြိုးစားနဲ့၊ နင်တို့လို အမှိုက်တွေရဲ့ ပါးစပ်ကို အဝတ်တိုက်တံနဲ့ သေချာပွတ်ဆေးပေးမယ် "

စကားပြောနေရင်းပင် သူမသည် ဟဲယဲ့တည်းခိုခန်းမှ အဝတ်တိုက်တံတစ်ခုကို ဆွဲကိုင်ကာ အပြင်သို့ပြေးထွက်ရန် ပြင်လိုက်သည်။ အစ်မကျန်း၏အသံမှာ ကျယ်လောင်ပြီး အားပါလှကာ ငြင်းပယ်၍မရသော အာဏာပါရှိနေ၏။ တစ်စုံတစ်ယောက်မှ သူမကို လာရောက်ရန်စရဲသည်မှာ တကယ့်ကို တွေ့ခဲသောမြင်ကွင်းပင်။ စကားပြောပြီးနောက် အစ်မကျန်းသည် ချက်ချင်းပင်လှည့်ကာ ဟဲယဲ့တည်းခိုခန်း၏ ပစ္စည်းသိုလှောင်ခန်းထဲမှ အဝတ်တိုက်တံတစ်ခုကို ဖျတ်လတ်စွာ ယူလိုက်သည်။ သူမသည် အဝတ်တိုက်တံ၏ သစ်သားလက်ကိုင်ကို ဝှေ့ယမ်းလိုက်ရာ လေထဲတွင် ဝှစ်ခနဲ အသံပင် ကြားလိုက်ရ၏။ သူမခြေလှမ်းများမှာ စစ်မြေပြင်သို့ ထွက်ခွာတော့မည့် စစ်သည်တော်တစ်ဦးကဲ့သို့ ခိုင်မာလှသည်။ တံခါးဝမှ ဆူညံသံမှာ ပို၍ကျယ်လာ၏။ ပြဿနာရှာနေသော ဧည့်သည်အချို့မှာ အစ်မကျန်း၏ဒေါသကို သတိမမူမိကြဘဲ ဆက်လက် ရယ်မောပြောင်လှောင်နေကြသည်။

"သူမက ဒီလောက် အိုနေတာဆိုတော့ အိုကြီးအိုမခေါင်းဆောင်ပဲ ဖြစ်နိုင်မှာပေါ့"

"ဟားဟားဟား ဟုတ်တာပေါ့၊ ဒီလိုရုပ်ရည်မျိုးနဲ့တော့ အနုပညာရှင်တွေကို ဘယ်ယှဉ်နိုင်ပါ့မလဲ၊ ငါတို့ရော အထဲဝင်ပြီးပျော်ပါးဖို့ အခွင့်အရေး ရမလားလို့ ငါ သိချင်မိသား"

သို့သော်လည်း အစ်မကျန်းမှာ အဝတ်တိုက်တံကြီးကိုကိုင်ကာ တံခါးဆီသို့ ပြေးထွက်လာချိန်တွင်မူ သူတို့အပြုံးများမှာ အေးခဲသွားပြီး မျက်နှာများတွင် ထိတ်လန့်မှုများ ပေါ်လာတော့သည်။

"အမကြီး စိတ်အလိုမလိုက်ပါနဲ့၊ ကျွန်တော်တို့ အခုပဲ ထွက်သွားတော့မှာပါ"

သူတို့ထဲမှ တစ်ယောက်က အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားလိုက်သည်။ သို့သော် အစ်မကျန်းမှာတော့ သူတို့ကို အလွယ်တကူ လွှတ်ပေးရန် ရည်ရွယ်ချက် မရှိချေ။ သူမမျက်လုံးများမှာ ပြတ်သားနေပြီး လက်ထဲမှ အဝတ်တိုက်တံကိုမြှောက်ကာ ဤရိုင်းစိုင်းသော လူစားများကို သင်ခန်းစာပေးရန် ပြင်နေသည်။ သူမအမူအရာနှင့် စကားလုံးများတွင် ချိုးဖောက်၍မရသော သိက္ခာနှင့်ခွန်အားများ ပေါ်လွင်နေ၏။

"ထွက်သွားစမ်း၊ ဟဲယဲ့တည်းခိုခန်းက နင်တို့လိုလူမျိုးတွေကို အလိုမရှိဘူး"

အစ်မကျန်း၏အသံမှာ လေထဲတွင် ဟိန်းထွက်သွားပြီး တံခါးဝတွင် သူမ၏ ပုံရိပ်မှာ ထူးထူးခြားခြား မြင့်မားနေသယောင်ရှိသည်။

"ဟဲဟဲ ငါက ဒီအဝတ်တိုက်တံကို အိမ်သာထဲမှာ တမင်စိမ်လာတာ၊ နင်တို့ ပါးစပ်တွေကို ဆေးပေးဖို့အတော်ပဲ"

အစ်မကျန်းမှာ အဝတ်တိုက်တံကို လက်နှစ်ဖက်ဖြင့် မြှောက်ကိုင်လိုက်သည်။ ထိုလူအနည်းငယ်မှာ အစ်မကျန်း၏ အရှိန်အဝါကြောင့် ကြောက်ရွံ့သွားကြပြီး နောက်ဆုတ်သွားကြကာ သူတို့ထိတ်လန့်မှုမှာ ပို၍သိသာလာပြီး အစ်မကျန်း လက်ထဲမှ အဝတ်တိုက်တံကို ကြောက်လန့်တကြား ကြည့်နေကြ၏။ သူတို့သည် ထွက်ပြေးရန် အခွင့်အရေးကို ရှာဖွေရင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သို့သော် အစ်မကျန်းမှာ ထိုအခွင့်အရေးကို မပေးချေ။ သူမသည် ရှေ့သို့ အားပါပါ လှမ်းတက်လိုက်ရာ သူမလက်ထဲမှ အဝတ်တိုက်တံမှာ ထက်မြက်သော ဓားတစ်လက်ကဲ့သို့ပင် မကောင်းသော ရည်ရွယ်ချက်ဖြင့် လာသူများဆီသို့ တိုက်ရိုက် ဦးတည်နေသည်။

"ဟွန်း ဒါကို မြည်းကြည့်လိုက်စမ်း"

အစ်မကျန်း၏ လှုပ်ရှားမှုများမှာ မြန်ဆန်ပြီး အားပါလှသည်။ အဝတ်တိုက်တံမှ ရေစက်အချို့မှာ လေထဲသို့ လွင့်စင်သွား၏။ အစ်မကျန်း၏ ပြင်းထန်သော တိုက်စစ်အောက်တွင် ထိုပြဿနာရှာသူ အနည်းငယ်မှာ အနောက်သို့ပင် ပြန်မကြည့်ရဲဘဲ အပြေးအလွှား ထွက်ပြေးသွားကြတော့သည်။ အဝတ်တိုက်တံမှ မည်သည့်အရည်မှန်းမသိသော အရာများ သူတို့ပါးစပ်ထဲသို့ ဝင်လာမည်ကို ကြောက်သဖြင့် ပါးစပ်ပင်ထပ်မဟရဲကြတော့ချေ။

"ဟွန်း အမှိုက်ကောင်တွေ"

အစ်မကျန်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အဝတ်တိုက်တံကို မူလနေရာသို့ ပြန်ထားလိုက်သည်။ တံခါးဝတွင် သူမပုံရိပ်မှာ နဂါးကို အနိုင်ယူလိုက်သော စစ်သည်တော်တစ်ဦးကဲ့သို့ပင် ထူးထူးခြားခြားမြင့်မားနေ၏။ ပတ်ဝန်းကျင်မှ အိမ်နီးနားချင်းများမှာ စုရုံးလာကြပြီး အစ်မကျန်း၏သတ္တိနှင့် တရားမျှတမှုအပေါ် ချီးကျူးစကားဆိုကြသည်။

"အို အစ်မကျန်းရယ်၊ ရှင်က တကယ့်ကို အံ့သြစရာပဲ၊ အဲဒီလူတွေကတော့ တကယ်ကို အားယားနေကြတာ"

လမ်းဟောင်းမှ နေထိုင်သူတစ်ဦးသည် ချီးကျူးလိုက်၏။

"ဟုတ်ပါ့ ဟုတ်ပါ့၊ အဲဒီကောလာဟလတွေက တကယ်ကို လွန်လွန်းပါတယ်၊ ငါတို့က ဘေးအိမ်မှာနေတာပဲ၊ တည်းခိုခန်းရဲ့အကြောင်းကို ငါတို့ကမသိဘဲ နေပါ့မလား"

အိမ်နီးနားချင်း အများအပြားမှာ နှစ်သိမ့်ပေးကြသည်။ စုဟယ်သည် တည်းခိုခန်းထဲမှ ထွက်လာပြီး မေးလိုက်၏။

"အဆင်ပြေရဲ့လား အစ်မကျန်း"

အစ်မကျန်းမှာ ပျော်ပျော်ရွှင်ရွှင်ပင် ပြောလိုက်သည်။

"ဘာဖြစ်ရမှာလဲ၊ ဒီအမှိုက်ကောင်လေးတွေက ငါ့ကို လာရန်စရဲတယ် ဟွန်းဟွန်း၊ ဪ ဒါနဲ့ သူဌေး၊ ဒီအဝတ်တိုက်တံကို အရင်ပြန်ယူသွားလိုက်ဦး"

စုဟယ်သည် သူရဲကောင်းကြီးကို လှမ်းယူလိုက်သည်။

"အစ်မကျန်း၊ ဒီအဝတ်တိုက်တံကို ဘယ်မှာ သွားထားရမလဲ"

အစ်မကျန်းမှာ အားရပါးရရယ်မောလိုက်သည်။

"ဟားဟားဟား သိုလှောင်ခန်းထဲမှာပဲ သွားထားလိုက်ပါ၊ ကျွန်မက ရေထဲမှာပဲ စိမ်လာတာ၊ အကယ်၍ ကျွန်မက အဝတ်တိုက်တံကို အိမ်သာထဲမှာ တကယ်သွားစိမ်ခဲ့ရင် သူတို့ကို အလွယ်တကူ လွှတ်ပေးလိုက်မှာမဟုတ်ဘူး"

164

“ကျွန်မသွားပြီး တုန်းကျင့်နဲ့ မေကျဲ ကို သွားကြိုလိုက်ဦးမယ်၊ အဲဒီအမှိုက်ကောင်တွေ သူတို့ဆီ သွားပြီး ပြဿနာမရှာဖို့ပဲ မျှော်လင့်ရတာပဲ”

အစ်မကျန်းမှာ အမြဲတမ်းလိုလို တစ်ဖက်သားကို ငဲ့ညှာတွေးတောရင်း ပြောလိုက်သည်။ ဤလောကတွင် အမြဲတမ်း ထူးဆန်းသော လူမျိုးများ ရှိနေတတ်စမြဲပင်။ ယနေ့နံနက် အလုပ်လာချိန်တွင် အစ်မကျန်းသည် ထိုလူမိုက်ပုံစံပေါက်နေသော အမျိုးသားများ၏ တားဆီးခြင်းကို ခံခဲ့ရသည်။ ထိုလူမိုက်ပုံစံနှင့်လူများကို ယခင်ကလည်း ဤပတ်ဝန်းကျင်တွင် တွေ့မြင်ဖူး၏။ သူတို့သည် အစ်မကျန်းမှာ ဟဲယဲ့တည်းခိုခန်းမှ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း သိကြပြီး သူမ တစ်ယောက်တည်း အလုပ်သွားအလုပ်ပြန် လုပ်နေသည်ကို မြင်သောအခါ သူတို့ရင်ထဲမှ ယုတ်မာသော အတွေးများကို မထိန်းချုပ်နိုင်ကြတော့ပေ။ သူတို့သည် အွန်လိုင်းမှ ကောလာဟလများကို တွေ့ရှိထားကြပြီး အင်တာနက်တစ်ခွင် အပိတ်ခံထားရသော နေရာမျိုးတွင် အလုပ်လုပ်နေသူမှန်သမျှသည်လည်း တစ်ခုခုတော့ ပြဿနာရှိရမည်ဟု ယူဆကာ အစ်မကျန်းကို ရိုင်းစိုင်းစွာ ပြောဆိုရဲကြခြင်းဖြစ်သည်။

အစ်မကျန်းသည် လမ်းတစ်လျှောက်လုံး သူတို့ကို တော်တော်လေး သည်းခံခဲ့သော်လည်း ၎င်းမှာပင် သူတို့အား အားပေးသကဲ့သို့ဖြစ်သွားပြီး ဟဲယဲ့တည်းခိုခန်း၏ အဝင်ဝအထိ မပြန်ဘဲ တကောက်ကောက် လိုက်လာခဲ့ကြသည်။ သို့သော် အစ်မကျန်းသည် သူမ၏ ပင်မစစ်မြေပြင်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် လက်ထဲတွင် အဝတ်တိုက်တံကို ကိုင်ဆွဲကာ စစ်နတ်ဘုရားမတစ်ပါးအဖြစ် ချက်ချင်း ပြောင်းလဲသွားလိမ့်မည်ဟု မည်သူက သိပါမည်နည်း။ စုဟယ်မှာ ခေါင်းညိတ်ပြရင်း ဆိုလိုက်သည်။

“အစ်မကျန်း ပင်ပန်းသွားပြီ၊ ကျေးဇူးတင်ပါတယ်နော်”

အနီးနားရှိ အိမ်နီးနားချင်းများအားလုံး စုရုံးရောက်ရှိလာကြသည်။

“ရှောင်စု စိတ်မပူနဲ့နော်၊ ဘယ်သူမဆို မင်းကို လာပြီး ဒုက္ခပေးဖို့ ကြိုးစားရင် ငါတို့အားလုံး မင်းဘက်က သက်သေထွက်ဆိုပေးမယ်”

“ဟုတ်တယ် ရှောင်စူးက ဒီမှာ ဆိုင်ဖွင့်ဖို့ နေ့တိုင်း ကြိုးစားပမ်းစား လုပ်ကိုင်နေတာ၊ အခုမှ စီးပွားရေးလေး နည်းနည်း ကောင်းလာခါရှိသေးတယ် အပုပ်ချခံနေရပြီ၊ ဒါကို ငါထင်တာတော့ ဘယ်လိုခေါ်လဲ စီးပွားရေးစစ်ပွဲပဲ၊ ဟုတ်တယ် ဒါက စီးပွားရေးစစ်ပွဲ”

သူမကို လာရောက်နှစ်သိမ့်ပေးကြသော အိမ်နီးနားချင်းများကို စုဟယ် ကျေးဇူးတင်စကား ဆိုလိုက်သည်။ လူအုပ်ကြီး စုရုံးနေမှုကြောင့် ဘေးနားရှိ အနည်းငယ် ဂဏာမငြိမ်ဖြစ်နေသော မုန့်ဆိုင်လေးပင် ငြိမ်သက်သွားသည်ကို သူမ သတိပြုမိလိုက်၏။ အွန်လိုင်းတွင် လူထုအမြင် မုန်တိုင်းများ တိုက်ခတ်နေသော်လည်း မုန့်ဝယ်ယူရန် တန်းစီနေသော လူဦးရေမှာ အံ့သြစရာကောင်းလောက်အောင် လျော့နည်းမသွားဘဲ ပို၍ပင် တိုးလာခဲ့သည်။ လူအချို့မှာ သူတို့၏ ဖုန်းများဖြင့် ဗီဒီယိုရိုက်ကူးနေကြပြီး ဖြစ်ပျက်နေသော အခြေအနေကို လာရောက်ကြည့်ရှုရန် ရည်ရွယ်ထားကြခြင်းမှာ ထင်ရှားလှ၏။ မုန့်ဝယ်ယူရန် တန်းစီနေသော ဖောက်သည်များကို မြင်သောအခါ သူတို့မှာ ရွဲ့စောင်း၍ မှတ်ချက်ပေးကြသည် ။

“ခင်ဗျားတို့က တကယ် သတ္တိရှိတာပဲ၊ အဆိပ်မိမှာ မကြောက်ကြဘူးလား ”

ဖုန်းများဖြင့် ရိုက်ကူးနေကြသူများကို အမြင်ကပ်နေသော ကလေးအမေ တစ်ဦးသည် ထိုစကားကို ကြားလိုက်သောအခါ လှည့်ကြည့်ပြီး ပြန်‌ချေပလိုက်သည်။

“(၁၀) ယွမ်တန် မုန့်ထဲမှာ ဘယ်လို အဆိပ်မျိုးပါမယ်လို့ မျှော်လင့်နေတာလဲ၊ ကျွန်မ ရှင့်ကို (၁၀) ယွမ် ပေးမယ် သွားပြီး ကြွက်သတ်ဆေးတစ်ထုပ်လောက် ဝယ်ကြည့်လိုက်စမ်းပါ၊ အဲဒါက ရှင့်ကို သေအောင် သတ်နိုင်လားဆိုတာကြည့်ကြတာပေါ့"

ဆူညံသံကြောင့် စုဟယ်နှင့် အိမ်နီးနားချင်းများမှာ လှည့်ကြည့်လိုက်ကြသည်။ ထိုသို့လာရောက်ရန်စသူသည် အခြေအနေကိုကြည့်ကာ မြန်မြန်ပင် ထွက်သွားသဖြင့် အငြင်းပွားမှုမှာ အစအနပင် မကျန်အောင် ပျောက်ကွယ်သွားခဲ့၏။ မုန့်ဆိုင်စီးပွားရေးမှာများစွာ ထိခိုက်ခြင်း မရှိပေ။ ဟုန်လျန် သည် ဖောက်ထွင်းမြင်ရသော မီးဖိုချောင်အတွင်း လက်ဖက်ရည်နှင့်မုန့်များကို ကြိုးစားပမ်းစား လုပ်ကိုင်နေဆဲဖြစ်ပြီး မစ္စကျိမှာလည်း ကူညီပေးနေသည်။ သူတို့နှစ်ဦးစလုံးမှာ အလုပ်တွင် အာရုံစိုက်နေကြသဖြင့် အပြင်တွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကိုပင် မသိရှိကြချေ။

ထိုကဲ့သို့သော အချိန်မျိုးတွင် ဖောက်ထွင်းမြင်ရသော မီးဖိုချောင်၏ အားသာချက်မှာ ထင်ရှားလာသည်။ ဖောက်ထွင်းမြင်ရသော မီးဖိုချောင်သည် လူများ၏ စိုးရိမ်ပူပန်မှုများကို ထိရောက်စွာ လျှော့ချပေးနိုင်၏။ ဖောက်သည်များ ဆိုင်တံခါးဝမှ အထဲသို့ ကြည့်လိုက်သောအခါ သူတို့၏ အကြည့်မှာ ဖောက်ထွင်းမြင်ရသော မှန်နံရံဆီသို့ သဘာဝအလျောက် ရောက်ရှိသွားသည်။ ဤဖောက်ထွင်းမြင်ရသော အတားအဆီးမှတစ်ဆင့် သူတို့သည် ဟုန်လျန်နှင့် မစ္စကျိတို့၏ အလုပ်ရှုပ်နေသော ပုံရိပ်များနှင့်မုန့် လုပ်ဆောင်မှု အဆင့်တိုင်းကို တိုက်ရိုက် လေ့လာကြည့်ရှုနိုင်၏။ ဟုန်လျန်နှင့် မစ္စကျိတို့သည် သန့်ရှင်းသော အဖြူရောင် လုပ်ငန်းခွင်ဝတ်စုံများကို ဝတ်ဆင်ထားပြီး ဆံပင်များကို ဦးထုပ်အတွင်း သေချာထည့်ထားကြသဖြင့် အလွန်ပင် သပ်ရပ်နေပုံရသည်။ ဆိုင်ထဲသို့ ဝင်လာသော ဖောက်သည်များသည် ဟုန်လျန်၏ လက်ချောင်းထိပ်များကြားတွင် ကခုန်နေသော မုန့်သားများကို မြင်တွေ့ရရုံသာမက၊ လတ်ဆတ်သောသစ်သီးခြောက်များမှသည် ဂရုတစိုက် ရွေးချယ်ထားသော ဂျုံမှုန့်များအထိ မုန့်ပြုလုပ်ရာတွင် အသုံးပြုသည့် ပါဝင်ပစ္စည်းတိုင်းကိုလည်း မြင်တွေ့နိုင်၏။ အဆင့်တိုင်းတွင် ဟဲယဲ့တည်းခိုခန်း၏ အရည်အသွေးအပေါ် တင်းကျပ်သော ထိန်းချုပ်မှုကို ဖော်ပြနေသည်။ ဖောက်ထွင်းမြင်ရသော မီးဖိုချောင်အတွင်း တစ်ကိုယ်ရေသန့်ရှင်းမှု အခြေအနေမှာလည်း တစ်ချက်ကြည့်ရုံဖြင့် သိသာလှ၏။ ကိရိယာတန်ဆာပလာများအားလုံးကို သပ်ရပ်စွာ စီစဉ်ထားပြီး အလုပ်လုပ်သည့်ကောင်တာများကိုလည်း ပြောင်လက်နေအောင် သုတ်ထားသည်။ ဟုန်လျန်နှင့် မစ္စကျိတို့သည် လုပ်ငန်းဆောင်ရွက်စဉ်အတွင်း သန့်ရှင်းရေးစံနှုန်းများကို တင်းကျပ်စွာ လိုက်နာကြပြီး၊ အစားအစာ ဘေးကင်းလုံခြုံမှု ရှိစေရန် ပါဝင်ပစ္စည်းများကို မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း သူတို့၏ လက်များကို ဂရုတစိုက် ဆေးကြောကြ၏။ ထိုအချက်သည်ပင် ထိုကလေးမိခင်မှာ ပြတ်ပြတ်သားသား ပြန်လည်ချေပနိုင်ရသည့် အကြောင်းရင်းဖြစ်သည်။

"သူတို့က မုန့်ကိုရှေ့တင်မှာတင် လုပ်ပြနေတာ၊ အဆင့်တိုင်းက သန့်ရှင်းစင်ကြယ်နေတာပဲ၊ အဲဒီတော့ ကောလာဟလတွေကို ဘာလို့ ယုံရမှာလဲ၊ တည်းခိုခန်းက တကယ်ပဲ (၁၀) ယွမ်လောက် ရဖို့အတွက် မုန့်ထဲကို တားမြစ်ထားတဲ့ မူးယစ်ဆေးတွေထည့်ပါ့မလား"

ထိုကလေးမိခင်မှာတော့ ဒါတွေအားလုံးမှာ တကယ်ကို ရယ်စရာကောင်းလွန်းသည်ဟု ယူဆထားသည်။ သူမသည် ဤနေရာ၏ ဖောက်သည်ဟောင်းတစ်ဦးဖြစ်၏။ အိမ်ရှိသက်ကြီးရွယ်အိုများမှာ ဤနူးညံ့စေးပိုင်သောမုန့်များကို နှစ်သက်ကြရုံသာမက သူမကလေးမှာလည်း ၎င်းတို့ကို စားသုံးရန် အလွန်နှစ်သက်သည်။ မုန့်များတွင် ဓာတုပစ္စည်းများပါဝင်မည်ကို သူမ စိုးရိမ်သဖြင့် သူမကလေးအား မုန့်ဝယ်ကျွေးရန် ဟဲယဲ့တည်းခိုခန်းသို့သာ အမြဲခေါ်လာလေ့ရှိ၏။ လာတိုင်းလည်း သူမကလေးမှာ အလွန်ပျော်ရွှင်နေပြီး မှန်နံရံကို အမြဲတမ်း စူးစူးစမ်းစမ်းကြည့်ကာ မုန့်လုပ်ပုံကို အာရုံစိုက်ကြည့်နေတတ်သည်။ ထို့ကြောင့် ထိုကလေးမိခင်သည် သူမ၏အဖိုးတန်ဆိုင်လေးကို မည်သူမျှ လာရောက်ဖျက်ဆီးခြင်းကို အဖြစ်ခံမည်မဟုတ်ပေ။

လူအများအပြားမှာလည်း ထိုမိခင်၏ ခံစားချက်အတိုင်းပင် ဖြစ်ကြသည်။ အွန်လိုင်းမှ ကောလာဟလများမှာ ဘာတွေပဲပြောပြော သူတို့ ဂရုမစိုက်ကြချေ။ မုန့်များ၏ အရည်အသွေး တည်မြဲနေသရွေ့ သူတို့ ဆက်လက် ဝယ်ယူကြဦးမည်ဖြစ်သည်။ တဖြည်းဖြည်းချင်း ရွေ့လျားနေသော လူတန်းကြီးကို ကြည့်ရင်း ထိုမိခင်မှာ သူမဘာသာ ရေရွတ်နေမိ၏။ သူမအနေဖြင့် တည်းခိုခန်းကို အပြည့်အဝ ယုံကြည်သော်လည်း ဤနေရာတွင် တန်းစီနေသော လူဦးရေ နည်းပါးသွားလျှင်တော့ ပိုကောင်းမည်ဟု ဆန္ဒရှိနေသည်။ သို့မဟုတ်ပါက ဝယ်ယူမှုအရေအတွက်မှာ အမြဲတမ်း ကန့်သတ်ချက်များ ရှိနေသဖြင့် သူမအတွက် တစ်ခါတစ်ရံ အခက်တွေ့ရသောကြောင့်ဖြစ်၏။

မုန့်ဆိုင်စီးပွားရေးအပြင် တည်းခိုခန်း၏ စီးပွားရေးမှာလည်း သိသိသာသာ ထိခိုက်ခြင်း မရှိပေ။ လူအများအပြားမှာ အခန်းဘွတ်ကင်များကို ဖျက်သိမ်းကြလိမ့်မည်ဟု စုဟယ် မျှော်လင့်ထားသော်လည်း လူနည်းစုသာ အော်ဒါများကို ဖျက်သိမ်းရန် ရွေးချယ်ခဲ့ကြကြောင်း တွေ့ရှိရသည်။ ယနေ့အတွက် အခန်းပေါင်း (၅၀) ကျော်လုံးမှာ အပြည့် ဘွတ်ကင်တင်ထားခြင်းခံရ၏။ လူ (၁၀) ယောက်ခန့် ဖျက်သိမ်းခဲ့သော်လည်း ထိုလွတ်သွားသော အော်ဒါများကို ချက်ချင်းပင် ပြန်လည်ဘွတ်ကင် လုပ်ခြင်းခံရပြန်သည်။ Check-in ဝင်လာသူများ၏ ရည်ရွယ်ချက်မှာ ဘယ်လိုပဲဖြစ်ပါစေ၊ သူတို့ ရောက်လာသည်နှင့် သူတို့သည် ဧည့်သည်များဖြစ်ပြီး ငွေပေးချေထားသူများဖြစ်၏။ ထိုဧည့်သည်များမှာ ဘာကြောင့် လာတည်းခိုသလဲဆိုသည်ကို စုဟယ် အသေးစိတ် လိုက်စုံစမ်းနေမည် မဟုတ်ပေ။ သို့သော်လည်း ဖျော်ဖြေရေးလောကမှ အော်ဒါများမှာတော့ လျော့နည်းသွားခဲ့သည်။ လာမည့် နှစ်ရက်အတွင်း တည်းခိုရန် မူလက စီစဉ်ထားသော အနုပညာရှင်များအားလုံး သူတို့၏ ဘွတ်ကင်များကို ဖျက်သိမ်းလိုက်ကြသော်လည်း၊ တစ်ပတ် သို့မဟုတ် နှစ်ပတ်အကြာတွင် တည်းခိုမည့် အော်ဒါများကိုမူ အနုပညာရှင်များက ဆက်လက် ထားရှိကြဆဲဖြစ်၏။

လူထုအမြင်များကြောင့် သူတို့သည် လူအများ၏ အာရုံစိုက်မှုကို ရှောင်ရှားချင်ကြသည်။ သူတို့ တည်းခိုနေစဉ်အတွင်း ပါပါရာဇီ များ၏ ဓာတ်ပုံရိုက်ခြင်းကို မခံလိုကြသလို သူတို့နှင့် ပတ်သက်သော အခြေအမြစ်မရှိသည့် ကောလာဟလများ အဖန်တီးခံရမည်ကိုလည်း မလိုလားကြပေ။ သို့သော်လည်း ဟဲယဲ့တည်းခိုခန်းမှ ပေးစွမ်းနိုင်သော ဝန်ဆောင်မှုများမှာ တကယ်ကိုပင် ထူးခြားလွန်းလှသည်။ သူတို့၏ သရုပ်ဆောင်စွမ်းရည်ကို တိုးတက်အောင် မလုပ်ချင်သူ မည်သူရှိပါသနည်း။ ပိုမိုကောင်းမွန်သော အတွေးအခေါ်များကို မရယူလိုသူ မည်သူရှိပါသနည်း။ ထို့ကြောင့် အန္တရာယ်ရှိနေသော်လည်း သူတို့သည် ဘွတ်ကင်များကို ဆက်လက်ထားရှိရန်သာ ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ လီရှီသည် ဧည့်ကြိုကောင်တာတွင် ဧည့်သည်များ၏ အချက်အလက်များဖြင့် အလုပ်ရှုပ်နေသည်။ အော်ဒါအချက်အလက်များ ပြောင်းလဲမှုနှင့်အတူ သူသည် အခန်းကတ်များကို အချိန်မီ ပြန်လည်ညှိနှိုင်းရန် လိုအပ်၏။ ကွန်ပျူတာကို စိုက်ကြည့်နေရင်း လီရှီသည် မက်ဆေ့ခ်ျတစ်ခု ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသည်။

“သူဌေးမစု ဆရာကြီးဝေ ဆုရသွားပြီဗျ”

All Chapters