← Chapters

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

173

ကွားကော၏မျက်နှာမှာ ဒေါသကြောင့် ညိုပုပ်ပုပ်နှင့် နာမကျန်းဖြစ်နေဟန်ပုံပေါ်နေသည်။ လွန်ခဲ့သော ရက်အနည်းငယ်မှပင် သူသည် လောကကြီး၏ ထိပ်ဆုံးသို့ ရောက်နေသကဲ့သို့ ခံစားခဲ့ရ၏။ သူစုစည်းထားသော သတင်းများမှာ အင်တာနက် တစ်ခွင်တွင် ပျံ့နှံ့သွားခဲ့ပြီး ချောင်လီဖန်း၏ တိုက်ရိုက်ထုတ်လွှင့်မှု နောက်ကွယ်မှနေ၍ တိတ်တဆိတ် အကြံပေးခြင်းဖြင့်လည်း ငွေကြေးအမြောက်အမြား ရှာဖွေနိုင်ခဲ့သည်။ သူသည် ဟဲယဲ့တည်းခိုခန်း ဖြစ်ရပ်၏ နောက်ကွယ်တွင် ရှိနေသည်ကို သိရှိကြသော နယ်ပယ်တွင်းမှ လူအချို့မှာလည်း သူ့ထံသို့ ဆက်သွယ်လာကြပြီး ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်း ပြောဆိုလာကြ၏။ သူသည် ဖျော်ဖြေရေး ကုမ္ပဏီအချို့အတွက် ပြိုင်ဘက် အနုပညာရှင်များ၏ အပုပ်နံ့များကို စုဆောင်းပေးရန်ပင် ကူညီပေးနေပြီဖြစ်သည်။ ငွေကြေးများစွာမှာ သူ၏ အိတ်ကပ်ထဲသို့ စီးဝင်လာတော့မည့်ဆဲဆဲတွင် သူ၏ အကောင့်မှာ မည်သို့ကြောင့် ပိတ်ပင်ခံလိုက်ရသနည်း။ ကွားကောသည် ဒေါသကြောင့် သွေးတိုးလာပြီး လဲကျမသွားအောင် အတင်းထိန်းထားရသည်။ သူသည် သွေးအန်မတတ် ခံစားနေရသော ဒေါသကို အံကြိတ်ထိန်းချုပ်ရင်း အသက်ကို ပြင်းပြင်းရှူလိုက်၏။

"မြန်မြန်၊ V Blog ရဲ့ အကူအညီပေးရေးဌာနကို ဆက်သွယ်လိုက်စမ်း၊ ငါ့အကောင့်က အပိတ်ခံရလို့ မဖြစ်ဘူး"

ကွားကောသည် စိတ်ကို အတင်းငြိမ်အောင် ထိန်းချုပ်လိုက်သည်။ အရာအားလုံးကို ပြန်ကယ်တင်နိုင်သေးသည်ဟု သူတွေးမိ၏။ သူသည် အရင်ကလည်း အပိတ်ခံရဖူးပြီး နောက်ဆုံးတွင် အရာအားလုံး အဆင်ပြေသွားခဲ့သည် မဟုတ်ပါလား။

"အဆင်ပြေသွားမှာပါ၊ အဆင်ပြေသွားမှာပါ"

သူ၏ နှုတ်ခမ်းများမှာ အနည်းငယ် တုန်ယင်နေပြီး အသက်ရှူသံများမှာလည်း မြန်ဆန်လာသည်။ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်တိုင်း ရင်ထဲမှ ထိတ်လန့်မှုကို အတင်းဖိသိပ်နေရ၏။ သူ၏ လက်ထောက်မှာ V Blog သို့ ဖုန်းလိုင်းရသွားသောအခါ ကွားကောသည် မစောင့်နိုင်တော့ဘဲ ဖုန်းကို လုယူလိုက်သည်။

"ဟဲလို မန်နေဂျာကျန်းလား၊ ကျွန်တော် ကွားကောပါဗျာ"

"ဟုတ်ကဲ့ ဟုတ်ကဲ့၊ အခု ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျား တစ်ချက်လောက် ကြည့်ပေးလို့ ရမလား"

သူ့အသံမှာ အနည်းငယ်တုန်ယင်နေသည်။ သူသည် တည်ငြိမ်အောင် မည်မျှ ကြိုးစားနေပါစေ ဤတုန်ယင်မှုမှာ သူ၏ စိုးရိမ်ပူပန်မှုကို ဖော်ပြနေ၏။ ဖုန်းလိုင်း၏ အခြားတစ်ဖက်မှ မန်နေဂျာကျန်း၏ အသံသည် ထူးခြားစွာပင် အေးစက်နေသည်။

"ကျွန်တော်တို့က လုပ်ထုံးလုပ်နည်းအတိုင်း လုပ်တာပါ၊ အကောင့်ပိတ်ပင်တဲ့ လုပ်ငန်းစဉ် အားလုံးက ဥပဒေနဲ့အညီ မှန်ကန်ပါတယ်"

ကွားကော၏ နဖူးပေါ်တွင် ချွေးစေးများ ထွက်လာပြီး သူ၏ လက်ချောင်းများမှာ ဖုန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူ၏ မတည်ငြိမ်မှုနှင့် အရေးတကြီး ဖြစ်နေမှုများကို ဖုန်းထဲမှတစ်ဆင့် သိစေချင်နေသည့်အလား။

"ဒါပေမဲ့ မန်နေဂျာကျန်း ခင်ဗျားလည်း အခြေအနေကို သိတာပဲ၊ ကျွန်တော်တို့ ပူးပေါင်းလာတာ ကြာပြီ၊ အရင်တုန်းကလည်း ကျွန်တော်တို့ ညှိနှိုင်းလို့ ရခဲ့တာပဲ မဟုတ်လား၊ အဲဒီအကောင့်က ကျွန်တော့်အတွက် ဘာကိုဆိုလိုတယ်ဆိုတာ ခင်ဗျား သိပါတယ်၊ အဲဒါက ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှု အားလုံးပဲလေ"

"ကွားကော၊ ခင်ဗျားလည်း သိတဲ့အတိုင်း ဒီတစ်ခါအထက်က တိုက်ရိုက်အမိန့်လာတာဗျ၊ ကျွန်တော်တို့ တကယ်ပဲ ဘာမှလုပ်ပေးလို့မရဘူး"

မန်နေဂျာကျန်းမှာ ဖုန်းထဲမှ သက်ပြင်းချကာ ပြောလိုက်သည်။ ကွားကော၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားပြီး သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ကင်းမဲ့နေသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။

"ကျွန်တော်တို့ အရင်က ကောင်းကောင်း ပူးပေါင်းခဲ့ကြတယ် မဟုတ်လား၊ ကျွန်တော့်ရဲ့ သတင်းဦး သတင်းထူး မှန်သမျှကို V Blog မှာပဲ အရင်တင်ခဲ့တာလေ၊ အဲဒါကြောင့် V Blog မှာ ကြည့်ရှုသူ ဘယ်လောက်တောင်ရခဲ့လဲ၊ အခုခင်ဗျား ကျွန်တော့်ကို ဒီအတိုင်း ပစ်ထားလို့မရဘူးလေ"

မန်နေဂျာကျန်း၏ လေသံမှာ အနည်းငယ် အားနာသလို ဖြစ်သွားသည်။

"ခင်ဗျားရဲ့ ခံစားချက်ကို ကျွန်တော် နားလည်ပါတယ် ကွားကော၊ ဒါပေမဲ့ စည်းကမ်းဆိုတာ စည်းကမ်းပဲ၊ ကျွန်တော်တို့ ချိုးဖောက်လို့ မရဘူး"

ကွားကော၏ လက်ချောင်းများမှာ ဖုန်းပေါ်တွင် ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်ထားသဖြင့် လက်ဆစ်များမှာ ဖြူဆော့နေသည်။

"တကယ်ပဲ ဘာနည်းလမ်းမှ မရှိတော့ဘူးလား၊ မျှော်လင့်ချက် နည်းနည်းလေးပဲ ရှိရင်တောင်ရပါတယ်"

မန်နေဂျာကျန်းသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တဖြည်းဖြည်း ချင်းပြောလိုက်သည်။

"ကျွန်တော် ပြောနိုင်တာကတော့ ခင်ဗျား အယူခံဝင်ဖို့ ကြိုးစားကြည့်လို့ ရတယ်၊ ဒါပေမဲ့ အခွင့်အရေးကတော့ အရမ်းနည်းပါတယ်၊ ဒီအခြေအနေက တော်တော်လေး ထူးခြားတယ်၊ အစိုးရ အာဏာပိုင်တွေက တိုက်ရိုက် အမိန့်ထုတ်ထားသလို အင်တာနက်ရဲတပ်ဖွဲ့ကလည်း ကျွန်တော်တို့ကို သတိပေးထားတယ်၊ ကျွန်တော် စိုးရိမ်တာကတော့"

ကွားကောသည် မန်နေဂျာကျန်း စကားမဆုံးခင်မှာပင် စိတ်လှုပ်ရှားစွာ ကြားဖြတ်ပြောလိုက်သည်။

"ကျေးဇူးပြုပြီး ကျွန်တော့်ကို တစ်ခါလောက် ထပ်ကူညီပေးပါဦး၊ ဘာပဲဖြစ်ဖြစ် ကျွန်တော် အယူခံဝင်ဖို့ ကြိုးစားကြည့်ရမယ်"

ဖုန်းချပြီးနောက် ကွားကော၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုနှင့် မတည်ငြိမ်မှုများ အထင်အရှား ပေါ်နေသည်။ သူ့လက်များမှာ ကီးဘုတ်ပေါ်သို့ အင်အားမဲ့စွာ ကျဆင်းသွားပြီး မျက်လုံးများမှာ ကွန်ပျူတာ စကရင်ကို စိုက်ကြည့်နေသော်လည်း ဘာကိုမျှ မမြင်ရပေ။ သူ့အတွေးများမှာ ဒေါသရော၊ အားကိုးရာမဲ့မှုများပါ ရောပြွမ်းနေပြီး ရှုပ်ထွေးနေတော့သည်။ ထိုအကောင့်မှာ သူ့ဘဝအတွက် မည်မျှအရေးပါသည်ကို သူသာသိ၏။ ၎င်းမှာ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သည့် ရလဒ်ဖြစ်ပြီး သူငွေရှာရန်အတွက် ပေါင်းကူးတံတားတစ်ခုဖြစ်သလို ဤအွန်လိုင်းလောကတွင် သူ၏ခြေကုပ်ယူရာနေရာလည်း ဖြစ်သည်။ ယခုအခါ အစိုးရ၏ ထုတ်ပြန်ချက်တစ်ခုကြောင့် ထိုအရာအားလုံးမှာ အန္တရာယ်နှင့်ရင်ဆိုင်နေရပြီဖြစ်၏။ အရာအားလုံးက ဘာလို့ ဒီလို ဖြစ်သွားရတာလဲ။ ဒါက အတင်းအဖျင်း သတင်းတစ်ခုပဲ မဟုတ်လား။ ဒါက တည်းခိုခန်း သေးသေးလေးတစ်ခုပဲလေ၊ တကယ်ပဲ ဒီလောက်အထိ အရေးကြီးလို့လား။ ပြီးတော့ သူက တော်တော်လေး သတိထားခဲ့တာပဲ၊ V Blog မှာ တင်ပြီးတာနဲ့ ချက်ချင်း ပြန်ဖျက်ခဲ့တာဘဲ မဟုတ်လား။

ကွားကောသည် အသက်ကို ပြင်းပြင်းရှူကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ ယခုအချိန်မှာ လက်လျှော့ရမည့် အချိန်မဟုတ်ဘဲ နည်းလမ်းရှာရန် လိုအပ်ကြောင်း သူသိ၏။ သူသည် ကွန်ပျူတာစကရင်ကို ပြန်လည် အာရုံစိုက်လိုက်ပြီး အယူခံဝင်ခြင်း လုပ်ငန်းစဉ်နှင့် ဖြစ်နိုင်ခြေရှိသော နည်းလမ်းများကို စုံစမ်းရန် သူ၏ အဆက်အသွယ်များကို စတင် ဆက်သွယ်တော့သည်။ ဘေးနားမှ လက်ထောက်ဖြစ်သူမှာ အနည်းငယ် အပြစ်ရှိသလို ခံစားနေရသဖြင့် ပတ်ဝန်းကျင်ကို ကြည့်ကာ သတ္တိမွေးပြီး ပြောလိုက်၏။

"ကွားကော အစောပိုင်းက ဖျော်ဖြေရေးကုမ္ပဏီတွေက ဖုန်းဆက်လာတယ်၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ဖျက်သိမ်းလိုက်ပြီတဲ့။ သူတို့က စာချုပ်ဖောက်ဖျက်ကြေးကိုလည်း ပေးပြီးသွားပြီ"

ကွားကော၏ မျက်နှာမှာ ပို၍ပင် မှောင်မှောင်သွားသည်။

"စာချုပ်ဖောက်ဖျက်ကြေးက ဘယ်လောက်လဲ"

"စုစုပေါင်း ယွမ် (၃၀,၀၀၀) ပါ"

"ယွမ် (၃၀,၀၀၀) ဟုတ်လား၊ ဘယ်လိုဖြစ်လို့ ဒီလောက် နည်းရတာလဲ"

ကွားကောသည် အမှိုက်ပုံးကို အားရပါးရ ကန်လိုက်ရာ အမှိုက်ပုံးမှာ လွင့်ထွက်သွားသည်။ ယွမ် (၃၀,၀၀၀) ကဘာလုပ်လို့ ရမှာလဲ။ လက်ထောက်ဖြစ်သူမှာ ဘာမှထပ်မပြောဝံ့တော့ပေ။ သူတို့တွင် ဖော်လိုဝါ မည်မျှပင် များပြားနေပါစေ သူတို့မှာ အဖွဲ့ငယ်လေးတစ်ခုသာဖြစ်၏။ ဥပဒေရေးရာဌာနများစွာ ရှိနေသည့်ကုမ္ပဏီကြီးများနှင့် ဘယ်လို ယှဉ်နိုင်မှာလဲ။ သူ့အမြင်အရ ယွမ် (၃၀,၀၀၀) ရတာတောင် တော်တော်လေး ကောင်းနေပြီ ဖြစ်သည်။ ကွားကော ဆက်မေး၏။

"ငါ ဆက်သွယ်ခိုင်းထားတဲ့ မန်နေဂျာဝူ ကရောဘာပြောလဲ "

လက်ထောက်ဖြစ်သူမှာ မျက်လုံးကိုမှိတ်ပြီး အားတင်းကာ ပြောလိုက်သည်။

"မန်နေဂျာဝူ ပြောတာကတော့ ခင်ဗျားရဲ့ V Blog ပို့စ်က ကြည့်ရှုသူ (၅,၀၀၀) ကျော် ဒါမှမဟုတ် ပြန်လည်မျှဝေသူ (၅၀၀) ကျော် ဆိုတဲ့ သတ်မှတ်ချက်ကို ကျော်လွန်နေတာကြောင့် ဒါက ရာဇဝတ်မှုမြောက်နေပြီတဲ့၊ အဲဒါကြောင့် ပြစ်ဒဏ်လျော့ပေါ့ဖို့အတွက် ရှေ့နေတစ်ယောက်ကို စောစောစီးစီး ရှာထားဖို့ သူက အကြံပေးပါတယ်"

ကွားကော၏ မျက်လုံးများထဲတွင် ဇဝေဇဝါဖြစ်မှုနှင့် အားကိုးရာမဲ့မှုများဖြင့် ပြည့်နှက်နေသည်။ မန်နေဂျာဝူ ပြောတာ မှန်ကန်ကြောင်း သူသိသော်လည်း သူ၏ နှလုံးသားမှာမူ ဤခါးသီးသော အမှန်တရားကို လက်မခံနိုင်သေးပေ။

"အရင်တုန်းက အရာအားလုံး အဆင်ပြေခဲ့တာပဲ မဟုတ်လား၊ အခုမှ ဘာလို့ ဒီလို ဖြစ်သွားရတာလဲ၊ ပြီးတော့ ငါက ပို့စ်ကိုလည်း ဖျက်ခဲ့တာပဲလေ၊ သူတို့က ဘယ်လိုလုပ် ငါ့ကို ရှာတွေ့နေသေးတာလဲ "

လက်ထောက်ဖြစ်သူမှာလည်း မကြာခင်မှာပင် အလုပ်ထွက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သောကြောင့် ကွားကောစိတ်ဆိုးခံရမှာကို ဂရုမစိုက်တော့ပေ။

"ကွားကော ကျွန်တော် ခင်ဗျားကို ပြောချင်နေတာ ကြာပါပြီ၊ ခင်ဗျား စာများများဖတ်ပြီး ဥပဒေအပြောင်းအလဲတွေကို နားလည်အောင် လုပ်သင့်တယ်၊ မြို့ပြဥပဒေစတင်ကျင့်သုံးပြီးကတည်းက ပြစ်ဒဏ် သတ်မှတ်ချက်တွေက ပြောင်းလဲသွားပြီ၊ ခင်ဗျား ထင်နေတဲ့ ကိစ္စသေးသေးလေးက အခုတော့ ကိစ္စသေးသေးလေး မဟုတ်တော့ဘူး"

ကွားကော၏ မျက်နှာမှာ အတော်လေး ပျက်သွားပြီး မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း လက်ထောက်ဖြစ်သူ၏ နောက်ထပ် စကားများကြောင့် ချက်ချင်းပင် ငြိမ်ကျသွားသည်။ လက်ထောက်မှာ ဆက်ပြော၏။

"ဒါ့အပြင် အင်တာနက်ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးတဲ့ နည်းလမ်းတွေက ခင်ဗျားထင်သလို ရိုးရှင်းတာမျိုးမဟုတ်ဘူး၊ သူတို့မှာ ကျွမ်းကျင်တဲ့ နည်းပညာတွေနဲ့ အဆင့်မြင့်ကိရိယာတွေ ရှိတယ်၊ ခင်ဗျားရဲ့ နည်းလမ်းတွေ ဆိုတာက သူတို့မျက်စိထဲမှာ ကလေးကစားစရာလိုပဲ၊ ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား အရမ်းတော်တယ်လို့ ထင်နေတာ၊ ဒါပေမဲ့ တကယ်တော့ ခင်ဗျားကဥပဒေရဲ့ အောက်ခြေစည်းကိုကျော်မိနေပြီ"

ကွားကော၏နှုတ်ခမ်းများမှာ တင်းကျပ်စွာ စေ့ထားပြီး လက်များမှာလည်း မသိလိုက်ဘဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသဖြင့် လက်ဆစ်များမှာ ဖြူဆော့နေသည်။ သူ၏ မျက်လုံးများထဲတွင် ဒေါသနှင့် မကျေနပ်မှုများ ရှိနေသော်လည်း ထိတ်လန့်မှုနှင့် စိုးရိမ်မှု အရိပ်အယောင်များလည်း ပါဝင်နေ၏။ လက်ထောက်ဖြစ်သူမှာ ကွားကော၏ တုံ့ပြန်မှုကြောင့် နောက်ဆုတ်မသွားဘဲ သူ၏အသံမှာ တည်ငြိမ်နေဆဲပင်။

"ကျွန်တော် ဒီနေ့ပဲ အလုပ်ထွက်မှာ ဖြစ်လို့ ကျွန်တော် ဘာမှကြောက်စရာမရှိဘူး၊ ကျွန်တော် မျှော်လင့်တာကတော့ ခင်ဗျား အမှန်တရားကို ရင်ဆိုင်ပြီး ဒီလို မိုက်မဲတဲ့ အလုပ်တွေကို ရပ်တန့်ဖို့ပဲ"

သူသည် ကွားကောကို တကယ်ပင် မိုက်မဲသည်ဟု ထင်မိသည်။ ကွားကော အရင်က အဆင်ပြေနေခဲ့သည်မှာ ဖျော်ဖြေရေးကုမ္ပဏီများမှ သူ့ကို အကာအကွယ် ပေးထားခဲ့သောကြောင့်ပင်။ ယခုမူ ကွားကောမှာ ချီးကျူးစကား အချို့ကြောင့် ဘဝင်မြင့်ပြီး မောက်မာလာခဲ့သည်။ လူထုကြားတွင် အမြင်များကို လွှမ်းမိုးနိုင်သူအဖြစ် ကိုယ့်ကိုကိုယ်အထင်ကြီးနေခဲ့ရာမှ လူမှုလုံခြုံရေးကို ထိခိုက်စေသော ကောလာဟလများကို လျှောက်ဖြန့်ခဲ့၏။ သူ တကယ်ကို မိုက်မဲလွန်းခဲ့သည်။ လက်ထောက်ဖြစ်သူသည် ထပ်မံ ငြင်းခုံနေရန် မလိုလားတော့ပေ။ သူသည် မတ်တပ်ရပ်ကာ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။

ကွားကော၏ ဒေါသမှာ မီးတောင်ပေါက်ကွဲသကဲ့သို့ ထွက်ပေါ်လာသည်။ သူ၏ ရင်ဘတ်မှာ အသက်ရှူသံ ပြင်းပြင်းနှင့် နိမ့်ချီမြင့်ချီဖြစ်နေပြီး မျက်နှာပေါ်မှ ကြွက်သားများမှာလည်း ဒေါသကြောင့် တင်းမာနေ၏။ သူ၏ မျက်လုံးများမှာ မီးတောက်မတတ် ဖြစ်နေပြီး ဆုပ်ထားသော လက်သီးများမှာလည်း သူ၏ မကျေနပ်မှုနှင့် ဒေါသကို ပြသနေသည်။ ဟိန်းဟောက်သံနှင့်အတူ ကွားကောသည် ရုတ်တရက် ထရပ်လိုက်ပြီး စားပွဲပေါ်ရှိ ကွန်ပျူတာကို အားကုန်သုံး၍ ကန်လိုက်တော့၏။ စားပွဲပေါ်တွင် ငြိမ်သက်စွာ ရှိနေသော ကွန်ပျူတာမှာ သူ၏ ကန်ချက်ကြောင့် လွင့်ထွက်သွားပြီး တစ်ဖက်နံရံသို့ အရှိန်ပြင်းစွာဖြင့် သွားရောက် ရိုက်မိတော့သည်။ ကွန်ပျူတာမှာ ကွဲအက်သွားပြီး အစိတ်အပိုင်း အပိုင်းအစများမှာလည်း ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားကာ ဆူညံသော အသံများ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ လေထုမှာ ကွားကော၏ ဒေါသကြောင့် အေးခဲနေသည့်အလား ခံစားရသည်။ သို့သော်လည်း ဒေါသများ ပေါက်ကွဲသွားပြီးနောက် ကွားကော၏ နှလုံးသားထဲတွင် နောင်တရမှုနှင့် ဇဝေဇဝါဖြစ်မှုများမှာ တဖြည်းဖြည်း တိုးဝင်လာ၏။ ဒီတစ်ခါတော့ သူ တကယ့်ကို အပိတ်ခံလိုက်ရပြီ ဖြစ်လေတော့သည်။

174

ဖုန်းထဲမှရှေ့နေ၏ အသံမှာ သူ၏ ဝမ်းသာအားရဖြစ်မှုကိုပင် မဖုံးကွယ်နိုင်တော့ပေ။ သူသည် စုဟယ်အား အလွန်တက်ကြွသော လေသံဖြင့် ပြောလိုက်၏။

"သူဌေးမစု သတင်းကောင်းပဲ၊ ကွားကောရဲ့ အကောင့် ပိတ်ပင်ခံလိုက်ရပြီ၊ ဒါဟာ ကျွန်တော်တို့ စောင့်မျှော်နေခဲ့တဲ့ ရလဒ်ပဲ"

စုဟယ်၏ နှလုံးခုန်သံမှာ မသိလိုက်ဘဲ မြန်ဆန်လာသည်။ သူမသည် ဖုန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ရှေ့နေ၏ နောက်ထပ်ပြောမည့် စကားများကို အသက်ရှူအောင့်ကာ နားထောင်နေမိ၏။ ရှေ့နေမှာ ဆက်ပြောသည်။

"ဒါ့အပြင် ကျွန်တော်တို့ သက်သေအထောက်အထားတွေ ပိုပြီး စုဆောင်းမိထားပါတယ်၊ ဒီသက်သေတွေက ကွားကောရဲ့ အသရေဖျက်မှုကို သက်သေပြဖို့ လုံလောက်ပြီး သူ့ကို တရားစွဲဖို့ကတော့ လုံးဝ ပြဿနာမရှိပါဘူး၊ အမှန်အတိုင်းပြောရရင် ဒီသက်သေတွေကို သုံးပြီး လျော်ကြေးငွေပမာဏကိုတောင် ပိုတိုးတောင်းလို့ ရပါသေးတယ်၊ ပြီးတော့ အရင်က ကျွန်တော့်ကို ပြောပြထားတဲ့ ချောင်လီဖန်း ဆိုရင်လည်း သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအကောင့် ပိတ်ပင်ခံလိုက်ရပါပြီ၊ သူတို့နှစ်ယောက်လုံးကို တစ်ပြိုင်တည်း တရားစွဲလို့ ရပါတယ်"

ရှေ့နေ၏ အသံမှာ ပို၍ပင် စိတ်လှုပ်ရှားလာသည်။ စုဟယ်မှာ ဤအမှုကို သူ့အား လွှဲအပ်ထားခြင်းဖြစ်ရာ သူသည် အခကြေးငွေ အမြောက်အမြား ရရှိမည်ဖြစ်၏။ အကယ်၍ အမှုကို အနိုင်ရရှိခဲ့ပါက စာချုပ်ပါ သတ်မှတ်ထားသော အချိုးအစားအတိုင်း လျော်ကြေးငွေ၏ တစ်စိတ်တစ်ပိုင်းကိုလည်း သူရရှိဦးမည် မဟုတ်ပါလား။ ယခုအခါ အမှုမှာ လုံးဝရှင်းလင်းသွားပြီဖြစ်သဖြင့် ရှေ့နေမှာ သဘာဝအတိုင်း ပျော်ရွှင်နေခြင်းပင်။ ရှေ့နေ၏ စကားများထဲမှ ယုံကြည်မှုနှင့် အောင်နိုင်မှု အရသာများမှာ စုဟယ်ကိုလည်း အားတက်စေသည်။ လူယုတ်မာများသည် ဥပဒေအရ ထိုက်တန်သော ပြစ်ဒဏ်ကို ပြန်လည်ရရှိခြင်းမှာ တကယ့်ကို ဝမ်းသာစရာပင်။ ရှေ့နေ ဆက်ပြောသည်။

"သူဌေးမစု ချောင်လီဖန်းနဲ့ ပတ်သက်ပြီးတော့လည်း သူမရဲ့လိုက်ဖ်ထဲက သက်သေအချို့ကို ဗီဒီယိုရိုက်ပြီး သိမ်းထားပြီးပါပြီ၊ ချောင်လီဖန်းနဲ့ ဆက်သွယ်ကြည့်တဲ့အခါမှာတော့ သူမကို ဒီလိုလုပ်ဖို့ ခိုင်းစေခဲ့သူဟာ ကွားကောဖြစ်ကြောင်း ထွက်ဆိုပေးဖို့ သူမဘက်က အသင့်ရှိနေပါတယ်၊ ဒါဟာ ကျွန်တော်တို့အတွက် အလွန် အကျိုးရှိပါတယ်၊ ကွားကောကို နောက်ထပ် ထိုးနှက်ချက်တစ်ခု ပေးနိုင်ရုံတင်မကဘဲ ကျွန်တော်တို့ရဲ့ရပိုင်ခွင့်တွေကို ကာကွယ်ရာလည်း ရောက်ပါတယ်"

စုဟယ်မှာ မျှော်လင့်ချက်ကြီးစွာဖြင့် ပြောလိုက်သည်။

"ဒါတကယ့်ကို ကောင်းတာပဲ ရှေ့နေကြီး၊ ရှေ့နေကြီးရဲ့ဆုံးဖြတ်ချက်နဲ့ စွမ်းဆောင်ရည်ကို ကျွန်မ လုံးဝ ယုံကြည်ပါတယ်၊ အရင်က ဆွေးနွေးထားတဲ့အတိုင်းပဲ ကျေအေးပေးဖို့ လုံးဝမရှိပါဘူး၊ သူတို့ ထောင်ထဲမှာ အချိန်ပိုကြာကြာ နေရမယ်ဆိုရင် လျော်ကြေးငွေပမာဏကိုတော့ ကျွန်မဘက်က လျှော့ပေးလို့ ရပါတယ်"

ရှေ့နေသည် ဖုန်း၏ အခြားတစ်ဖက်မှ ခပ်တိုးတိုး ရယ်မောလိုက်ပြီး ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

"စိတ်ချပါ သူဌေးမစု ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားမှာပါ၊ တရားမျှတမှုဟာ နောက်ကျချင် နောက်ကျလိမ့်မယ် ဒါပေမဲ့ ဘယ်တော့မှ ပျောက်ကွယ်မသွားပါဘူး၊ ကျွန်တော်တို့ဆီက သတင်းကောင်းကိုသာ စောင့်နေလိုက်ပါ"

ဖုန်းချပြီးနောက် စုဟယ်၏ စိတ်အခြေအနေမှာ အတိုင်းထက်အလွန် ကောင်းမွန်နေသည်။ သူမသည် ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ဆိုင်အတွင်း၌ လူစည်ကားပြီး သက်ဝင်လှုပ်ရှားနေသည့် မြင်ကွင်းကို မြင်လိုက်ရသဖြင့် စိတ်ထဲတွင် ပို၍ပင် ကြည်နူးသွားရ၏။ သူမသည် လန်ရှီး စမ်းသပ်စစ်ဆေးရေး၏ တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုလုံးကို ကြည့်ခဲ့သည်။ ထိုအချိန်ကပင် တည်းခိုခန်း၏ ထုတ်ကုန်များမှာ လူကြိုက်အလွန်များသွားမည်ဟု သူမ ခံစားခဲ့ရပြီး ယခုတော့ သူမ မျှော်လင့်ထားသည့်အတိုင်း အတိအကျ ဖြစ်လာခဲ့သည်။ ဈေးအကြီးဆုံးဖြစ်သော "အိပ်စက်နေသော မင်းသမီးလေးရဲ့ ကုတင်" ပင်လျှင် ခဏချင်းအတွင်း အလုံးရေ (၁,၀၀၀) ကျော် ရောင်းချခဲ့ရ၏။ ၎င်းမှာ ယွမ်သန်း (၆၀) ကျော်ပင်ဖြစ်၍ စုဟယ်၏ ရင်ထဲတွင် ပျော်ရွှင်မှုများက ပွက်ပွက်ဆူနေတော့သည်။ မက်မွန်သကြားလုံးများမှာလည်း တကယ်ပင် ပစ္စည်းပြတ်လပ်‌နေသည်။။ ငွေရလာပြီဖြစ်သဖြင့် စုဟယ်မှာလည်း တွန့်တိုမနေတော့ဘဲ ဂိမ်း‌ဈေးတန်းထဲမှ နတ်မက်မွန်ပင် အချို့ကို ထပ်မံဝယ်ယူကာ ဟင်းသီးဟင်းရွက် စိုက်ခင်းလေးထဲတွင် စိုက်ပျိုးလိုက်၏။ ဤနတ်မက်မွန်ပင်များသည် ဂိမ်းဈေးတန်းမှ ထုတ်ကုန်များ ဖြစ်နေ၍သာ တော်တော့သည်။ မဟုတ်လျှင် ဤမျှ သေးငယ်သော မြေကွက်လေးမှာ နတ်မက်မွန်ပင်များ၏ အကိုင်းအခက်များ ဖြန့်ကျက်ရန် လုံလောက်မည် မဟုတ်ပေ။

ယွမ်ဒန်းချူးမှာလည်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အလွန်အမင်း အလုပ်ရှုပ်နေခဲ့သည်။ ဟဲယဲ့တည်းခိုခန်းမှာ အွန်လိုင်းတွင် နာမည်ကြီးလာပြီးနောက် ထိုက်ချိ သင်ယူရန် သူ့ထံသို့လာရောက်သူများ ပိုမိုမားပြားလာ၏။ ဟဲယဲ့တည်းခိုခန်း၏ နာမည်ဂုဏ်သတင်းမှာ အွန်လိုင်းတွင် မကောင်းသတင်းများကြောင့် ထိုးနှက်ချက် ရင်ဆိုင်ခဲ့ရသော်လည်း လက်တွေ့ကမ္ဘာတွင်မူ မမျှော်လင့်ဘဲ အလွန်အမင်း စည်ကားလာခဲ့သည်။ မူလက လူများသည် သာမန်တည်းခိုခန်းတစ်ခုကို သိပ်ပြီး သတိထားမိကြမည် မဟုတ်သော်လည်း အွန်လိုင်းတွင် ဟိုးလေးတကျော်ဖြစ်သွားသည့်အခါ "ဟဲယဲ့တည်းခိုခန်း" ဟူသော အမည်မှာ လူတကာ၏စကားဝိုင်းတွင် ခဏခဏ ပါဝင်လာတော့၏။ ဤကဲ့သို့ နာမည်ကြီးလာခြင်းကြောင့် တည်းခိုခန်းအပေါ် စူးစမ်းလိုစိတ် ရှိသူများ ပိုမို များပြားလာခဲ့သည်။ဘဒီတည်းခိုခန်းမှာ တကယ်ပဲ အင်တာနက်ပေါ်မှာ ပြောနေသလို ကြောက်စရာကြီးလား။ ငွေကုန်ကြေးကျခံနိုင်သူများမှာ တည်းခိုခန်းထဲသို့ ဝင်ရောက်ကာ စားသောက်စရာများ ဝယ်ယူခြင်း သို့မဟုတ် နံနက်ခင်းတွင် ဆန်ပြုတ် လာရောက်သောက်သုံးခြင်းများ ပြုလုပ်ရင်း တည်းခိုခန်းကို တိတ်တဆိတ် စောင့်ကြည့်ကြသည်။ ငွေမသုံးချင်သော်လည်း အခြေအနေကို လာရောက်ကြည့်ရှုချင်သူများမှာမူ ယွမ်ဒန်းချူး၏ ထိုက်ချိ အတန်းများဆီသို့ သဘာဝအတိုင်း စုပြုံရောက်ရှိလာကြ၏။

လာရောက်သူများ၏ ရည်ရွယ်ချက်မှာ မည်သို့ပင်ရှိစေကာမူ ယွမ်တန်းချူးမှာမူ အားလုံးကို တန်းတူညီမျှ ဆက်ဆံသည်။ သူ၏ လှုပ်ရှားမှုများမှာ ရေစီးဆင်းနေသကဲ့သို့ နူးညံ့ချောမွေ့လှပြီး ဟန်ချက်တိုင်းတွင် ထိုက်ချိ၏ အနှစ်သာရများ ပေါ်လွင်နေသဖြင့် လူများကို မသိလိုက်ဘဲ ဆွဲဆောင်ထားနိုင်ခဲ့၏။ မူလက အတင်းအဖျင်း နားထောင်ရန်နှင့် အခြေအနေကို လာကြည့်ရန်သာ ရည်ရွယ်သူများသည်ပင် သတင်းများစုံစမ်းရင်း ယွမ်ဒန်းချူး၏ လှုပ်ရှားမှုများနောက်သို့ လိုက်ပါကာ ထိုက်ချိ၏ အခြေခံများကို တဖြည်းဖြည်း သင်ယူမိသွားကြသည်။ သူတို့၏အသက်ရှူသံနှင့် လှုပ်ရှားမှုများမှာ တဖြည်းဖြည်း အပေးအယူမျှလာကာ စိတ်နှင့် ခန္ဓာကိုယ်မှာလည်း များစွာ လန်းဆန်းပေါ့ပါးသွားရ၏။ အစပိုင်းတွင် စူးစမ်းလိုစိတ်ဖြင့်သာ လာခဲ့ကြသော်လည်း မကြာမီမှာပင် ယွမ်ဒန်းချူး၏ ပညာရပ်အပေါ် အထင်ကြီး လေးစားသွားကြတော့သည်။

လမ်းဟောင်းကွင်းပြင်ငယ်လေးအတွင်းရှိ နံနက်ခင်းလူစုလူဝေးမှာ နှစ်ဆခန့် တိုးလာခဲ့သည်။ လူဦးရေတိုးလာသည်ကို မြင်သောအခါ ယွမ်ဒန်းချူးသည် ထိုက်ချိ သင်ကြားမှုအစား ပိုမိုသင်ယူရလွယ်ကူသော ပါ့တွန့်ကျင် လေ့ကျင့်ခန်းသို့ ပြောင်းလဲသင်ကြားပေးလိုက်၏။ ထိုလေ့ကျင့်ခန်းမှာ ကွင်းပြင်ရှိ လူစုလူဝေးကို ထိန်းသိမ်းရန် လာရောက်သည့် လမ်းဘေးစီမံခန့်ခွဲရေး ဝန်ထမ်းများကိုပင် မနေနိုင်မထိုင်နိုင် လိုက်ပါလေ့ကျင့်ချင်လာအောင် ဆွဲဆောင်နိုင်ခဲ့သည်။ နံနက်ခင်းများတွင် လူအုပ်ကြီးကို ထိုက်ချိနှင့် ပါ့တွန့်ကျင် ဦးဆောင်လေ့ကျင့်ပေးရုံသာမက ယွမ်ဒန်းချူး၏သုတေသန လုပ်ငန်းများမှာလည်း တစ်ခါမျှ မရပ်နားခဲ့ပေ။ ခေတ်မီနည်းပညာများ၏ အလင်းရောင်အောက်တွင် ယွမ်ဒန်းချူးသည် သစ်လွင်သော နယ်ပယ်တစ်ခုပေါ်၌ ရပ်တည်နေခဲ့သည်။ သူသည် အဏုကြည့်မှန်ပြောင်းအောက်တွင် ဆဲလ်များ ကွဲပွားပုံကို မျက်မြင်တွေ့ခဲ့ရပြီး မော်လီကျူးအဆင့်တွင် ဖြစ်ပေါ်နေသော သိမ်မွေ့သည့် အပြောင်းအလဲများကို ခံစားခဲ့ရ၏။ ဤအရာအားလုံးမှာ သူ့အား တရုတ်တိုင်းရင်းဆေးပညာ၏ နက်ရှိုင်းသော လျှို့ဝှက်ချက်များကို ပိုမိုနားလည်လာစေသည်။ ခေတ်မီ သိပ္ပံနည်းကျ ကိရိယာများ၏ အကူအညီဖြင့် ရှေးဟောင်းဆေးဖက်ဝင်အပင်များအတွင်းရှိ ဓာတုဗေဒ အစိတ်အပိုင်းများကို တစ်ခုချင်းစီ ခွဲခြမ်းစိတ်ဖြာနိုင်ပြီး ၎င်းတို့၏ ဆေးဘက်ဆိုင်ရာ နိယာမများကို တဖြည်းဖြည်း ပေါ်လွင်လာသည်ကို သူမြင်တွေ့ခဲ့ရသည်။ သူသည် နည်းပညာ၏ စွမ်းအားကို အံ့သြမိသလို ရှေးဟောင်း နတ်ဆေးနည်းများ၏ နက်နဲမှုကိုလည်း များစွာလေးစားမိ၏။

သို့သော်လည်း ယွမ်ဒန်းချူးသည် စိုးရိမ်ဖွယ်ရာ ဖြစ်ရပ်အချို့ကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ နည်းပညာများ တိုးတက်နေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အဖိုးတန်ဆေးဖက်ဝင်အပင် အများအပြားမှာ မျိုးတုန်းခြင်း သို့မဟုတ် ဆေးဖက်ဝင် အစွမ်းသတ္တိများ သိသိသာသာ လျော့နည်းသွားခြင်းတို့ကို သူတွေ့ရှိခဲ့ရ၏။ ဤအချက်မှာ ယွမ်ဒန်းချူး၏ နတ်ဆေးလုံး သုတေသနအတွက် အခက်အခဲကြီးများ ဖြစ်စေခဲ့သည်။ သူသည် ဖော်စပ်နည်းများကို ထပ်ခါထပ်ခါ ပြင်ဆင်နေရပြီး ဓာတ်ခွဲခန်းအတွင်း စမ်းသပ်မှုများကို အဆက်မပြတ် ပြုလုပ်နေရသည်။ ဤလုပ်ငန်းစဉ်အတွင်း ယွမ်ဒန်းချူးသည် တစ်ခါမျှ မခံစားဖူးသည့် စိတ်အားထက်သန်မှုကို ရှာတွေ့ခဲ့၏။ စမ်းသပ်မှုတိုင်းမှာ မသိနားမလည်သေးသည့် နယ်ပယ်ကို ရှာဖွေခြင်းဖြစ်ပြီး တွေ့ရှိမှုတိုင်းမှာလည်း တာအိုကို ရှာဖွေသည့် လမ်းကြောင်းပေါ်တွင် ရှေ့တစ်လှမ်းတိုးခြင်းဖြစ်သည်ဟု သူခံစားရသည်။ တစ်နေ့တွင် နည်းပညာကို အသုံးပြု၍ ကျင့်ကြံခြင်း တံခါးကို ဖွင့်လှစ်နိုင်မည်ဟု သူ ယုံကြည်နေပြီး ၎င်းမှာ တကယ်ပင် စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလှ၏။

ယွမ်ဒန်းချူးတွင် သုတေသနနှင့် ဇီဝတုံ့ပြန်ချက် နည်းပညာတို့ကို ပေါင်းစပ်ကာ ရိုးရာအတွင်းအား ကျင့်စဉ်များ၏ သိပ္ပံနည်းကျ အခြေခံများကို ရှာဖွေရန်၊ ခန္ဓာကိုယ် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများကို ဖော်ထုတ်ရန် စသည့် ဆန်းသစ်သော အတွေးအခေါ်ပေါင်းမြောက်မြားစွာ ရှိနေပြီး ဆက်လက်ရှာဖွေရန် မထိန်းနိုင်အောင် ဖြစ်နေခဲ့သည်။ အစွမ်းထက်သော အတွင်းစိတ်အားအင်များ၏ တွန်းအားပေးမှုကြောင့် ယွမ်ဒန်းချူး၏ နုပျိုဆေးသုတေသနမှာလည်း ထူးခြားသော တိုးတက်မှုအသစ်တစ်ခု ရရှိရန် နီးကပ်နေပြီဖြစ်၏။ သုတေသန ပစ္စည်းများအတွက် ကုန်ကျစရိတ် မြင့်မားမှုကြောင့် သူ စိတ်ညစ်နေချိန်မှာပင် စုဟယ်မှာ သူဖော်စပ်ထားသော အသားဖြူဆပ်ပြာနှင့် ရေချိုးဆပ်ပြာရည်များ အားလုံး ရောင်းကုန်သွားပြီဖြစ်ကြောင်းနှင့် တည်းခိုခန်းရှိ ဧည့်သည်များမှာလည်း သူထုတ်လုပ်သော ထုတ်ကုန်များကို အလွန်ချီးကျူးနေကြကြောင်း ပြောပြလာသည်။ ယွမ်ဒန်းချူးသည်လည်း သူ၏ ထုတ်ကုန်များအပေါ် နေ့စဉ်တိုးပွားလာသော ကောင်းမွန်သည့် မှတ်ချက်များကိုကြည့်ရင်း ထိုအောင်မြင်မှုကို ရိပ်စားမိနေခဲ့လေ၏။

All Chapters