အခန်း (၁၇၅-၁၇၆)
Vol. 18 Ch. 175-176
175
လီရှီသည် ယွမ်ဒန်းချူးနောက်သို့ တကောက်ကောက် လိုက်ပါလာကြသော လူအုပ်ကြီးကိုကြည့်ရင်း အသင့်အနေအထားဖြင့် စောင့်ကြိုနေလိုက်သည်။ မကြာသေးမီက ယွမ်ဒန်းချူးနှင့်အတူ နံနက်စာ လာရောက်စားသောက်သူများ ပိုမိုများပြားလာရာ မူလကတည်းမှ ကျဉ်းမြောင်းလှသော စားသောက်ဆိုင်လေးမှာ ပြည့်လျှံနေတော့၏။ လူအရေအတွက်ကို ထိန်းညှိရန်အတွက် လီရှီသည် ဧည့်သည်များကို နံပါတ်စဉ်ကတ်ပြားများ ဝေပေးခြင်း၊ တန်းစီရန် လမ်းညွှန်ပေးခြင်းတို့အပြင် တည်းခိုခန်း၌ တည်းခိုနေသော ဧည့်သည်များအတွက်လည်း စားပွဲအချို့ကို သီးသန့်ချန်ထားပေးရသည်။ သူ နံပါတ်စဉ်များ ဝေပေးပြီးရုံတွင် ဖုန်းမှာ ထပ်မံ မြည်လာပြန်၏။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကြောင့် လီရှီမှာ ဖုန်းမြည်သံ ကြားတိုင်း ထိတ်လန့်တုန်လှုပ်မှုကို ခံစားနေရဆဲ ဖြစ်သည်။
"ဟဲလို ဟဲယဲ့တည်းခိုခန်းကပါခင်ဗျာ"
လီရှီသည် ဖုန်းကိုနားနှင့်အနည်းငယ် ခွာထားလိုက်မိသည်။
"ကျွန်တော် အခန်းတစ်ခန်းလောက် ဘိုကင်တင်ချင်လို့ပါ၊ ဘယ်အချိန်ဖြစ်ဖြစ် အဆင်ပြေပါတယ်"
တစ်ဖက်မှ လူသည် အနည်းငယ် အရေးတကြီးလေသံဖြင့် ပြောလာသည်။ လီရှီ ပြုံးလိုက်ပြီး ပြန်ဖြေလိုက်၏။
"ခဏလေး စောင့်ပေးပါခင်ဗျာ၊ ကျွန်တော် စစ်ဆေးပေးပါ့မယ်"
အမှန်စင်စစ် လီရှီအနေဖြင့် စစ်ဆေးနေရန်ပင် မလိုတော့ပေ။ အကြောင်းမှာ တည်းခိုခန်းရှိ အခန်းအားလုံးသည် လာမည့် တစ်လစာအတွက် ကြိုတင်မှာယူမှုများဖြင့် ပြည့်နေပြီ ဖြစ်သောကြောင့်ပင်။ ဘယ်အခန်းမှ မလွတ်တော့ပေ။ လီရှီသည် အားနာစွာဖြင့် အခြေအနေကို ရှင်းပြလိုက်ပြီး သူ၏တောင်းဆိုမှုကို မဖြည့်ဆည်းပေးနိုင်ကြောင်း ပြောလိုက်ရသည်။
"ကျွန်တော်တို့ အွန်လိုင်းကနေတစ်ဆင့် ဘိုကင်တွေကို ပြန်ဖွင့်ပေးမှာမို့လို့ ကျွန်တော်တို့ရဲ့ အွန်လိုင်းပလက်ဖောင်းတွေက သတင်းအချက်အလက်တွေကို စောင့်ကြည့်ပေးပါဦးခင်ဗျာ"
ဖုန်းဆက်သူမှာ အနည်းငယ် စိတ်ပျက်သွားပုံရသည်။ သူသည် အွန်လိုင်းတွင် ဘိုကင်တင်၍ မရတော့သဖြင့် ကံစမ်းသည့်အနေဖြင့် တည်းခိုခန်းသို့ တိုက်ရိုက်ဖုန်းဆက်ကြည့်ခြင်း ဖြစ်သော်လည်း လီရှီ၏ ရှင်းပြချက်ကို နားလည်ပေးကာ ကျေးဇူးတင်စကား ပြောသွားခဲ့သည်။ ၎င်းမှာ အလွန်ယဉ်ကျေးသော ဧည့်သည်တစ်ဦး ဖြစ်သဖြင့် လီရှီလည်း စိတ်ထဲတွင် ပို၍ နေသာထိုင်သာ ရှိသွားရ၏။ ရေတစ်ငုံ သောက်လိုက်ပြီးနောက် လီရှီသည် အလုပ်များလှသော သူ၏ တာဝန်များထဲသို့ ပြန်လည် နစ်မြုပ်သွားတော့သည်။ တည်းခိုခန်းသည် အရင်က မရှိဖူးသေးသော ဧည့်သည်အများဆုံး အခြေအနေသို့ ရောက်ရှိနေ၏။ နေရောင်ခြည်သည် မြေညီထပ်ရှိ ပြင်သစ်စတိုင် မှန်ပြတင်းပေါက်ကြီးများမှတစ်ဆင့် တည်းခိုခန်း၏ ဧည့်ခန်းမဆောင်အတွင်းသို့ ဖြာကျနေပြီး ထောင့်စွန်းတိုင်းကို လင်းထိန်နေစေသည်။ လေထုထဲတွင် လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော မုန့်ရနံ့များဖြင့် ပြည့်နှက်နေပြီး ဝင်လာသူတိုင်းကို နွေးထွေးကာ သက်သောင့်သက်သာရှိသော ခံစားချက်ကို ပေးစွမ်းနေ၏။ တည်းခိုခန်း၏ ဧည့်ကြိုကောင်တာတွင်မူ ဖုန်းသံများမှာ တစ်ခုပြီးတစ်ခု မနားတမ်း မြည်နေတော့သည်။ နံနက်ခင်း၏ အလုပ်အရှုပ်ဆုံး အချိန်ကို ကျော်ဖြတ်ပြီးနောက် လီရှီသည် အလုပ်များနေသော်လည်း တည်ငြိမ်စွာဖြင့် ဆောင်ရွက်နိုင်နေပြီဖြစ်၏။ သူသည် ပြုံးရွှင်စွာဖြင့် ဖုန်းများကို ဖြေကြားရင်း ဧည့်သည်များ အဝင်စာရင်းသွင်းခြင်း ကိုလည်း ကွန်ပျူတာပေါ်တွင် ကျွမ်းကျင်စွာ လုပ်ဆောင်ပေးနေသည်။ သူ၏ အသံမှာ အနည်းငယ် ဝင်နေသော်လည်း ထိုအသံထဲတွင် သူ၏ အလုပ်အပေါ် ထားရှိသော စိတ်အားထက်သန်မှုများမှာ ပို၍ထင်ဟပ်နေ၏။
မီးဖိုချောင်ထဲတွင်မူ နံနက်စာ ချက်ပြုတ်ပေးသော လျူရှန်းသည် မူလက နေ့တစ်ပိုင်း အလုပ်ဆင်းရာမှ ယခုအခါ အချိန်ပြည့် အလုပ်ဆင်းနေရပြီ ဖြစ်သည်။ သူမသည် စားဖိုမှူး ယူနီဖောင်းအဖြူနှင့် မြင့်မားသော စားဖိုမှူးဦးထုပ်ကို ဆောင်းကာ မီးဖိုရှေ့တွင် အလုပ်များနေ၏။ အိုးထဲမှ ပေါက်စီ၊ မန်ထိုနှင့် ပန်ကိတ်များမှာ သွားရည်ကျစရာကောင်းလှသော ရနံ့များကို ထုတ်လွှတ်နေသည်။ လျူရှန်း၏ နဖူးပေါ်တွင် ချွေးစေးကလေးများထွက်နေသော်လည်း သူမ၏ မျက်နှာပေါ်တွင် ကျေနပ်သည့် အပြုံးတစ်ခု အမြဲ ရှိနေသည်။ သူမ၏ လစာမှာ သိသိသာသာ တိုးလာခဲ့၏။ နံနက်ခင်းတွင် နံနက်စာ ပြင်ဆင်ပေးပြီး မွန်းလွဲပိုင်းတွင် မက်မွန်သကြားလုံးများကို ပြုလုပ်ပေးရသည်။ သူမ ပြုလုပ်ပေးသော သကြားလုံး တစ်သုတ်ပြီးတိုင်း အပိုကော်မရှင် ရရှိသဖြင့် လျူရှန်းမှာ အားတက်သရောဖြင့် အလုပ်လုပ်နေတော့သည်။
ဧည့်ခန်းမဆောင် ဧရိယာတွင်လည်း သန့်ရှင်းရေး အဒေါ်ကြီးသုံးဦးမှာ မနားတမ်း အလုပ်လုပ်နေကြရသည်။ သူတို့သည် တူညီသောဝတ်စုံများကို ဝတ်ဆင်ကာ သန့်ရှင်းရေး ကိရိယာ အမျိုးမျိုးကို ကိုင်ဆောင်ပြီး အခန်းများအကြား ကူးသန်းသွားလာနေကြ၏။ အိပ်ရာခင်းများ လဲလှယ်ခြင်း၊ ကြမ်းပြင်ကို ဖုန်စုပ်စက်ဖြင့် သန့်ရှင်းခြင်း၊ ရေချိုးခန်းများကို ဆေးကြောခြင်းစသည့် အလုပ်တိုင်းမှာ အလွန် စိတ်ရှည်ဖို့နှင့် သေသပ်ဖို့ လိုအပ်သည်။ အလုပ် မည်မျှပင် များပြားပါစေ အစ်မကျန်း၊ တုန်းကျင်နှင့် မေကျဲတို့မှာ ညည်းညူခြင်း မရှိကြပေ။ အခန်းများကို သပ်သပ်ရပ်ရပ် ထားရှိမှသာ ဧည့်သည်များ သက်သောင့်သက်သာ နေထိုင်နိုင်မည်ကို သူတို့ သိထားကြသည်။
ဧည့်သည် စည်ကားလာမှုကြောင့် ရှောင်ရှီးသည်လည်း တည်းခိုခန်း၏ "အလုပ်အရှုပ်ဆုံး ပျားကလေး" ဖြစ်လာခဲ့သည်။ အဒေါ်ကြီးများသည် နောက်ဧည့်သည်အတွက် အချိန်မီ ခြောက်သွေ့စေရန် လျှော်ဖွတ်ပြီးသား အိပ်ရာခင်းများ၊ စောင်စွပ်များနှင့် ရေချိုးပုဝါများကို အခြောက်လှန်းသည့် ဝရံတာသို့ အမြဲတမ်း ပေးပို့နေရ၏။ မမြင်ရသော ထောင့်တစ်နေရာတွင် ရှောင်ရှီးသည် အိပ်ရာခင်းနှင့် စောင်စွပ်တိုင်းကို သေသေချာချာ အခြောက်ခံပေးကာ အိပ်ရာခင်းများကို နူးညံ့အိစက်နေအောင် လုပ်ဆောင်ပေးလေသည်။ အစ်မကျန်းနှင့် အခြားသူများမှာ ရှောင်ရှီး၏ ကူညီမှုကို မသိကြဘဲ တည်းခိုခန်း၏ အခြောက်ခံစက်အသစ်မှာ အလွန် စွမ်းဆောင်ရည် ကောင်းမွန်လှသဖြင့် တစ်နာရီမပြည့်ခင်မှာပင် အိပ်ရာခင်းများကို သက်သောင့်သက်သာရှိအောင် ခြောက်သွေ့ပေးနိုင်သည်ဟုသာ ထင်နေကြ၏။
တည်းခိုခန်း၏ အဝင်ဝတွင်လည်း မုန့်များ ဝယ်ယူရန် တန်းစီနေသည့် လူတန်းကြီးမှာ ပိုမို ရှည်လျားလာသည်။ တည်းခိုခန်း၏ ကိုယ်တိုင်လုပ်မုန့်များသည် မူလကတည်းမှ လှပသော အသွင်အပြင်နှင့် အရသာကြောင့် ဧည့်သည်များ ကြိုက်နှစ်သက်ကြရာ၊ ယခုကဲ့သို့ လူစည်ကားလာသည့်အခါ ဝယ်ယူသူများ ပိုမို များပြားလာခြင်းမှာ သဘာဝပင်ဖြစ်၏။ အင်တာနက်တစ်ခွင် အသရေဖျက်ခံရသည့် အဖြစ်အပျက် ဖြစ်ပွားပြီးနောက် ဟဲယဲ့တည်းခိုခန်း၏ ဝန်ထမ်းတိုင်းမှာ မိမိတို့၏ လုပ်အားဖြင့် ဧည့်သည်များကို အကောင်းဆုံး ဝန်ဆောင်မှုပေးရန်နှင့် တည်းခိုခန်းအပေါ် ယုံကြည်မှု ပြန်လည်ရရှိရန် အစွမ်းကုန် ကြိုးစားနေကြသည်။ စုဟယ်သည်လည်း သူမ ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုကို အချည်းနှီး မဖြစ်စေဘဲ ဘောနပ်စ်နှင့်လစာများကို အမြဲတစေတိုးမြှင့်ပေးခဲ့သည်။ ဝန်ထမ်းများမှာ လစာနှင့် ဘောနပ်စ်များ ရရှိသဖြင့် ပျော်ရွှင်နေကြသော်လည်း ကတ်ဇာတ်ကောင်များအတွက်မူ အကြီးမားဆုံး ပျော်ရွှင်မှုမှာ ကောင်းမွန်သော မှတ်ချက်များနှင့် လူကြိုက်များမှု တိုးတက်လာခြင်းပင်ဖြစ်၏။
ဝေဖုန်းယီ၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဟဲယဲ့တည်းခိုခန်း အသရေဖျက်ခံရချိန်တွင် အပြင်းထန်ဆုံးထိုးနှက်ခံခဲ့ရသည်။ ထိုမုန်တိုင်းများ ငြိမ်သက်သွားသော်လည်း အစိုးရ၏ ထုတ်ပြန်ချက်ကို မယုံကြည်ကြသေးသူအချို့မှာ ဆရာဝေ၏ လိုက်ဖ် ထဲသို့ လာရောက်၍ ဒေါသပုံချနေကြဆဲ ဖြစ်၏။ သို့သော် ဝေဖုန်းယီသည် ထိုမကောင်းမြင်မှတ်ချက်များကို လုံးဝ လျစ်လျူရှုကာ၊ နူးညံ့သိမ်မွေ့ပြီး သင်ကြားပြသလိုသော စိတ်ထားဖြင့် လက်ရေးလှပညာရပ်များကို ဆက်လက် သင်ကြားပြသနေခဲ့သည်။ သူ၏ အထူးကျွမ်းကျင်မှုနှင့် ပြောင်မြောက်လှသော လက်ရေးလှအနုပညာတို့ကြောင့် သူ့ကို လာရောက် ဆဲဆိုသူ အများအပြားမှာပင် သူ၏ပရိသတ်များ ဖြစ်သွားကြရ၏။ ထို့ကြောင့် ဝေဖုန်းယီ၏ လူကြိုက်များမှုမှာ အမြန်ဆုံး တိုးတက်လာခဲ့သည်။ သူ၏ လူကြိုက်များမှုမှာ (၁) သန်းကို အောင်မြင်စွာ ကျော်ဖြတ်ကာ (၄,၀၀၀,၀၀၀) / (၁၀,၀၀၀,၀၀၀) သို့ ရောက်ရှိသွားပြီး၊ ပလက်ဖောင်း အားလုံးရှိ စုစုပေါင်း ဖန် အရေအတွက်မှာလည်း (၂) သန်း ဝန်းကျင် ရှိနေပြီ ဖြစ်၏။ ဟုန်လျန် ၏ လူကြိုက်များမှုမှာလည်း သူမ၏ကောင်းမွန်လှသော မုန့်များမှတစ်ဆင့် တဖြည်းဖြည်း တိုးတက်လာကာ (၁,၃၅၀,၀၀၀) / (၁၀,၀၀၀,၀၀၀) သို့ ရောက်ရှိလာသည်။ မစ္စကျိသည်လည်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူမ၏ ကောင်းမွန်သောမှတ်ချက်များ ရယူသည့် တာဝန်ကို အောင်မြင်စွာ ပြီးဆုံးခဲ့၏။
ဧည့်သည်ပေါင်း (၁၀၀) အတွက် ဆုတောင်းပွဲများ ပြုလုပ်ပေးခဲ့သဖြင့် ကြယ်နှစ်ပွင့်အဆင့်သို့ အောင်မြင်စွာ မြှင့်တင်နိုင်ခဲ့ပြီး အထူးစွမ်းအင်တစ်ခုဖြစ်သော 'နတ်ဘုရား၏ ကောင်းချီးမင်္ဂလာ - ဆုတောင်းများ ပြည့်ဝနိုင်ခြေ (၅) % တိုးလာခြင်း'
(ဟုတ်ပါတယ်၊ သင်ခေါ်ဆိုနေသော နတ်ဘုရားမှာ လက်ရှိ အလုပ်ရှုပ်နေပါသဖြင့် နောက်မှ ပြန်လည် ကြိုးစားကြည့်ပါ ဟူသော အခြေအနေမျိုးနှင့်လည်း ကြုံတွေ့နိုင်ပါသည်) ကို ရရှိခဲ့သည်။ မစ္စကျိသည် လူကြိုက်များမှု မည်သို့ရယူရမည်ကို စတင် လေ့လာနေပြီဖြစ်၏။ အကြောင်းမှာ ဧည့်သည်များအတွက် ဆုတောင်းပေးခြင်းကိုသာ အားကိုးပြီး လူကြိုက်များမှု ရယူရန်မှာ အလွန်နှေးကွေးလွန်းသောကြောင့်ပင်။
ယွမ်ဒန်းချူးမှာမူ နောက်မှ အရှိန်ဖြင့် လိုက်လာကာ ကောင်းမွန်သော မှတ်ချက်တာဝန်ကို ပြီးဆုံးရုံတင်မကဘဲ ကြယ်နှစ်ပွင့် အဆင့်သို့ပါ ရောက်ရှိသွားခဲ့သည်။ ထို့အပြင် ယွမ်ဒန်းချူး၏ မိတ်ဆက်စာကို ဟဲယဲ့တည်းခိုခန်း၏ တရားဝင် အွန်လိုင်းစတိုးတွင် တင်ထားသော အသားဖြူဆပ်ပြာနှင့် အသားဖြူရေချိုးဆပ်ပြာရည်များ၏ အသေးစိတ် အချက်အလက်များတွင် ထည့်သွင်းထား၏။ ထိုထုတ်ကုန်များကို ရှေးဟောင်း ဆေးဖော်စပ်နည်းများ၏ ဆက်ခံသူ ယွမ်ဒန်းချူးမှ ဖော်စပ်ထားခြင်းဖြစ်ကြောင်း ဖော်ပြထားသဖြင့် ယွမ်ဒန်းချူး၏ လူကြိုက်များမှုမှာလည်း (၁၈၀,၀၀၀) / (၁,၀၀၀,၀၀၀) သို့ ရောက်ရှိသွားခဲ့သည်။ ယွမ်ဒန်းချူး ကြယ်နှစ်ပွင့် ဇာတ်ကောင်အဖြစ် ရရှိခဲ့သော အထူးစွမ်းအင်မှာ 'ဝိညာဉ်အင်အား စုစည်းခြင်း - ပစ္စည်းများအတွင်းသို့ သန့်စင်သော ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းပေးခြင်းဖြင့် ဝိညာဉ်စွမ်းအင် သက်ရောက်မှုကို (၁၀) % တိုးမြှင့်ပေးခြင်း'
(နေနှင့်လ၏ အနှစ်သာရများကို စုပ်ယူကာ ကောင်းကင်နှင့် မြေကြီးအကြားရှိ ဝိညာဉ်စွမ်းအင်များကို စုစည်းပြီး ပစ္စည်းများအတွင်း ထည့်သွင်းပေးခြင်းဖြင့် ထိုပစ္စည်း၏ အာနိသင်ကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးနိုင်သည်) ထိုအချက်မှာ ယွမ်ဒန်းချူးအတွက် ပိုမိုကောင်းမွန်သော ထုတ်ကုန်များ ဖန်တီးရန်နှင့် သူ၏လူကြိုက်များမှုကို မြှင့်တင်ရန် များစွာ အထောက်အကူ ဖြစ်စေခဲ့၏။ ရှောင်ရှီးသည် လူတိုင်း၏ လူကြိုက်များမှုမြင့်တက်လာသည်ကို မြင်သောအခါ သူလည်း ပိုမိုကြိုးစားရန် စိတ်ပိုင်းဖြတ်လိုက်တော့သည်။
176
“ကြင်ယာတော်နှစ်ပါး ဒဏ္ဍာရီ” ဇာတ်လမ်းတွဲသည် စတားရုပ်သံလိုင်းတွင် မကြာမီ စတင်ပြသတော့မည်ဖြစ်သည်။ အဓိက ပလက်ဖောင်း အသီးသီးတွင်လည်း နမူနာဗီဒီယိုများ ထွက်ရှိနေပြီဖြစ်၏။ “ကြင်ယာတော်နှစ်ပါး ဒဏ္ဍာရီ” မှာများစွာမျှော်လင့်ခံထားရသည့် နန်းတွဲဒရာမာတစ်ခုဖြစ်ပြီး ၎င်း၏ ခမ်းနားထည်ဝါသော ဇာတ်အိမ်၊ သေသပ်လှပသော ဝတ်စုံဒီဇိုင်းများနှင့် နက်ရှိုင်းလှသော ဇာတ်ကောင်စရိုက် ဖော်ကျူးမှုများကြောင့် ကြည့်ရှုသူပေါင်းများစွာ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ စတင်ပြသရန် ရက်နီးကပ်လာသည်နှင့်အမျှ ရုပ်ရှင်ပလက်ဖောင်းများနှင့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ထိုဇာတ်လမ်းတွဲအပေါ် ဆွေးနွေးမှုများနှင့် မျှော်လင့်စောင့်စားမှုများမှာ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့၏။ နမူနာဗီဒီယိုများ ဆက်တိုက်ထွက်ပေါ်လာခြင်းမှာ အပြန်အလှန် ဆွေးနွေးငြင်းခုံမှုလှိုင်းတံပိုးများကို တစ်ခုပြီးတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ လူအများမှာ ဗီဒီယိုအောက်တွင် ထိုဇာတ်လမ်းတွဲကို မည်မျှမျှော်လင့်နေကြောင်းနှင့် ဗီဒီယိုထဲမှ လှပသော မြင်ကွင်းများကို မည်မျှနှစ်သက်ကြောင်း မှတ်ချက်များ အပြိုင်အဆိုင် ပေးနေကြသည်။ ပြသရန်ရက် နီးကပ်လာသည်နှင့်အမျှ ဒါရိုက်တာကုန်းနှင့် အဓိကသရုပ်ဆောင်များသည်လည်း အလုပ်များလာကြ၏။ ဇာတ်လမ်းတွဲ အောင်မြင်မှုရရှိရန်အတွက် မနက်မှညအထိ အချိန်စာရင်းအပြည့်ဖြင့် အရောင်းမြှင့်တင်ရေး အစီအစဉ်များတွင် ပါဝင်ဆင်နွှဲနေကြရသည်။ တီဗွီအင်တာဗျူးတစ်ခုအတွင်း တင်ဆက်သူမှာ လူတိုင်းစိတ်ဝင်စားနေသည့် မေးခွန်းတစ်ခုကို မေးမြန်းလိုက်သည်။
“ကြင်ယာတော်နှစ်ပါး ဒဏ္ဍာရီ ရိုက်ကူးနေစဉ်အတွင်းမှာ အဓိကသရုပ်ဆောင်တွေအတွက် အမှတ်တရအဖြစ်ဆုံး အခန်းက ဘယ်အခန်းဖြစ်မလဲ"
ထိုမေးခွန်း ထွက်လာသည်နှင့်တစ်ပြိုင်နက် ရိုက်ကူးရေးစင်မြင့်ထက်ရှိ လေထုမှာ ချက်ချင်းပင် သက်ဝင်လှုပ်ရှားသွားတော့သည်။ ပရိသတ်များမှာလည်း သရုပ်ဆောင်များ၏ အဖြေကို ရင်ခုန်စွာဖြင့် စောင့်ဆိုင်းနေကြ၏။ လူတိုင်း အံ့အားသင့်သွားရသည်မှာ အမျိုးသမီးဇာတ်ဆောင်နှစ်ဦးစလုံးသည် အချင်းချင်း ပြုံးပြလိုက်ကြပြီး တစ်ချိန်တည်းမှာပင် တူညီသော အခန်းတစ်ခုကို ပြောလိုက်ခြင်းပင်ဖြစ်သည်။ ၎င်းမှာ တိရစ္ဆာန်သရုပ်ဆောင်နှင့်အတူ ရိုက်ကူးခဲ့ရသည့် အတွေ့အကြုံပင်။ ထိုအတွေ့အကြုံမှာ တစ်ခါမျှမကြုံဖူးသော စိန်ခေါ်မှုတစ်ခုဖြစ်ပြီး မေ့မရနိုင်သော အရာဖြစ်သည်ဟု သူတို့က ဆိုကြသည်။ ရိုက်ကူးရေးပြီးဆုံးသွားပြီဖြစ်သဖြင့် လီပိုင်ဟယ်၏သတ္တိမှာလည်း အနည်းငယ် တိုးလာပုံရ၏။
“ဘုရားရေ အဲဒီတုန်းက ကျွန်မ တကယ်ကို စိတ်ဓာတ်တွေပြိုလဲလုနီးပါးပဲ၊ အဲဒီအခန်းက ရိုက်ရတာတစ်ကယ်ကိုခက်ခဲလွန်းတယ်၊ ငှက်သရုပ်ဆောင်ရဲ့ ပူးပေါင်းမှုလိုအပ်တဲ့ အရေးကြီးတဲ့ အခန်းတစ်ခုရှိပါတယ်၊ ဒါပေမဲ့ ငှက်တွေရဲ့ ခန့်မှန်းရခက်တဲ့ အပြုအမူတွေကြောင့် ရိုက်ကူးရေးမှာ အခက်အခဲများစွာ ကြုံခဲ့ရတယ်၊ အစပိုင်းမှာ ရိုက်ကူးရေးအဖွဲ့က ရွေးချယ်ထားတဲ့ ငှက်က ရိုက်ကူးရေး ပတ်ဝန်းကျင်နဲ့ အသားမကျပုံရပြီး အရေးကြီးတဲ့ အချိန်တွေမှာ ပျံသွားတာမျိုး၊ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ လှုပ်ရှားမှုတွေအတိုင်း မလုပ်တာမျိုးတွေကြောင့် ရိုက်ကူးရေးလုပ်ငန်းစဉ်ကို ခဏခဏ နှောင့်နှေးစေခဲ့တယ်”
လီပိုင်ဟယ် နှုတ်ခမ်းဆူကာ ပြောလိုက်သည်။ သူမမှာ ဟန်ဆောင်စိတ်ဆိုးပြပြီး ဆက်လက်ညည်းညူပြ၏။
“ဒါရိုက်တာကုန်းက လူတွေထက် ငှက်တွေကို ပိုမျက်နှာသာပေးတာလေ၊ အကယ်လို့ ငှက်သရုပ်ဆောင်တွေက ပျံသွားတာ ဒါမှမဟုတ် အော်ဟစ်နေတာမျိုးဆိုရင် ဒါရိုက်တာကုန်းက စိတ်ရှည်လက်ရှည်နဲ့ ‘Cut’ ဆိုပြီး ထပ်ခါထပ်ခါ ပြန်ရိုက်ပေးပေမယ့် ကျွန်မနဲ့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်ကသာ အမှားတစ်ခုခုလုပ်မိရင်တော့ သူမဆီက အဆူအဆဲတွေကို အကြီးအကျယ် ခံရတော့တာပဲ၊ အဲဒီတုန်းကတော့ ကျွန်မကိုယ်ကျွန်မ ငှက်တစ်ကောင်သာ ဖြစ်လိုက်ချင်တော့တယ်၊ အဲဒီအခန်းကို ရက်ပေါင်းများစွာ ဆက်တိုက်ရိုက်ခဲ့ရတာ ရိုက်ရက်ကြာလာလေ ဒါရိုက်တာကုန်းရဲ့ မျက်နှာက ပိုကြောက်စရာကောင်းလာလေပဲ၊ ကျွန်မတို့ သရုပ်ဆောင်တွေဆိုရင် ဒါရိုက်တာကုန်းနဲ့ မဆုံအောင် နေ့တိုင်း ရှောင်နေကြရတာ ရိုက်ကူးရေးအဖွဲ့ထဲကို ဘယ်ဘက်ခြေထောက်နဲ့ အရင်ဝင်မိလို့ အလုပ်ထုတ်ခံရမလားဆိုပြီး ကြောက်နေခဲ့ကြရတာလေ”
လီပိုင်ဟယ်သည် ထိုရိုက်ကူးရေးမြင်ကွင်းကို ပြန်တွေးရင်း ထိုစဉ်က မည်မျှ စိတ်မကောင်းဖြစ်ခဲ့ရသည်ကို ပြန်ပြောပြနေသည်။ အမူအရာ အမျိုးမျိုး လုပ်ပြပြီးနောက် လီပိုင်ဟယ်မှာ လူတိုင်းကို စနောက်လိုက်၏။
“အခုတော့ အဲဒီအခန်းတွေကို ရိုက်ပြီးသွားပြီဆိုတော့ အခက်အခဲအားလုံး ပြေလည်သွားပြီပေါ့၊ ဘယ်လိုနည်းနဲ့ ပြေလည်သွားတာလဲ သိကြလား”
တင်ဆက်သူမှာလည်း လိုက်လျောညီထွေစွာဖြင့် ပြန်ပြောသည်။
“မြန်မြန်ပြောပါဦး၊ ကျွန်တော်တို့ကို စိတ်လှုပ်ရှားအောင် မလုပ်ပါနဲ့တော့”
“တစ်နေ့မှာ သရုပ်ဆောင်ရွေးချယ်ရေး လက်ထောက်ဒါရိုက်တာက ငှက်သရုပ်ဆောင် အသစ်တစ်ကောင်ကို ခေါ်လာခဲ့တယ်၊ အဲဒီနောက်မှာတော့ အခြေအနေတွေက သိသိသာသာ တိုးတက်လာခဲ့တယ်၊ အဲဒီငှက်အသစ်က တကယ့်ကို ထူးထူးခြားခြား ဉာဏ်ကောင်းတာ ဒါရိုက်တာရဲ့ ညွှန်ကြားချက်တွေကို နားလည်ရုံတင်မကဘူး ကျွန်မတို့ရဲ့ စိတ်ခံစားချက် အပြောင်းအလဲတွေကိုပါတုံ့ပြန်နိုင်စွမ်းရှိတယ်၊ ဒီငှက်က လူစကားကို နားလည်ပုံရပြီး ပူးပေါင်းဆောင်ရွက်မှုကလည်း အရမ်းမြင့်မားတယ်၊ ဒါကြောင့် ရိုက်ကူးရေးကချောမွေ့သွားခဲ့တယ်၊ သူက ရိုက်ကူးရေးစင်မြင့်ပေါ်မှာလည်း အရမ်းလိမ္မာတယ်၊ လူတွေရဲ့ ပုခုံးပေါ်မှာ ငြိမ်ငြိမ်လေး နားနေတတ်တယ်လေ”
လီပိုင်ဟယ် စိတ်အေးသွားသည့်အသွင်ဖြင့် ပြောလိုက်သည်။ ကျန်းပိုင်ဟယ်မလည်း ခေါင်းညိတ်ထောက်ခံကာ ပြောလိုက်၏။
“ဒီအခန်းက တိရစ္ဆာန်သရုပ်ဆောင်ပါဝင်နေလို့တင် အမှတ်ရစရာဖြစ်တာ မဟုတ်ပါဘူး၊ ဇာတ်လမ်းတွဲရဲ့ အရေးကြီးတဲ့ အချိုးအကွေ့တစ်ခုဖြစ်နေလို့လည်း ပါပါတယ်၊ ဇာတ်လမ်းအရ ဒီအခန်းရဲ့ တည်ရှိမှုက ကြင်ယာတော်နှစ်ပါးရဲ့ ကံကြမ္မာအပေါ်မှာ နက်ရှိုင်းတဲ့ သက်ရောက်မှုရှိနေလို့ပါ”
ဒါရိုက်တာကုန်းသည် အမျိုးသမီးဇာတ်ဆောင်နှစ်ဦး၏ ပြောစကားများကို ဂုဏ်ယူဝင့်ကြွသော မျက်လုံးများဖြင့် နားထောင်နေသည်။ သူမတို့ ရိုက်ကူးရေးအဖွဲ့သည် နောက်ခံကားချပ် များနှင့် အထူးပြုလုပ်ချက်များကို မသုံးဘဲ လက်တွေ့ရိုက်ကူးရေးကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်၏။ သူမ ဆိုသည်။
“တိရစ္ဆာန်သရုပ်ဆောင်တွေနဲ့ အလုပ်လုပ်ရတာက ရိုက်ကူးရေးမှာ အခက်အခဲတွေ ပိုရှိစေတာ အမှန်ပါပဲ၊ ဒါပေမဲ့ ဇာတ်လမ်းတွဲကို ပိုပြီး လက်တွေ့ကျစေသလို သက်ဝင်လှုပ်ရှားမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်၊ ဒီစိန်ခေါ်မှုတွေက ထိုက်တန်တယ်လို့ ကျွန်မ ယုံကြည်တယ် ဘာလို့လဲဆိုတော့ ဒါတွေက ဇာတ်လမ်းကို ပိုပြီး ပြည့်စုံစေသလို ပရိသတ်တွေကလည်း ဇာတ်ကောင်တွေရဲ့ ခံစားချက်နဲ့ ဇာတ်လမ်းရဲ့ အရှိန်အဟုန်ကို ပိုပြီး ခံစားမိစေလို့ပါပဲ”
ဒါရိုက်တာကုန်းသည် ဇာတ်လမ်းတွဲကို အရောင်းမြှင့်တင်ရုံတင်မကဘဲ ဤအခွင့်အရေးကို အသုံးချကာ ရိုက်ကူးရေးအဖွဲ့အပေါ် ထွက်ပေါ်နေသည့် ကောလာဟလအမှားများကိုလည်း ရှင်းလင်းပေးခဲ့သည်။
“သင့်တော်တဲ့ တိရစ္ဆာန်သရုပ်ဆောင်ကို ရှာရတာ တကယ်ကို မလွယ်ကူပါဘူး”
ဒါရိုက်တာကုန်း သက်ပြင်းချကာ ဆိုသည်။
“ကျွန်မတို့က လက်တွေ့ရိုက်ကူးရေးကို လိုချင်တာမို့လို့ ကျွန်မတို့အဖွဲ့အတွက် ဒီတာဝန်က ပိုပြီး ခက်ခဲခဲ့တာပါ၊ ကျွန်မတို့ လိုချင်တာက သာမန်ငှက်တစ်ကောင် မဟုတ်ဘူး ဇာတ်ဆောင်တွေနဲ့ အပေးအယူလုပ်နိုင်ရုံတင်မကဘဲ ဇာတ်ညွှန်းတွေကိုပါ ‘ရွတ်ဆို’ နိုင်တဲ့ ကျီးကန်းတစ်ကောင်ကို လိုချင်တာပါ၊ တိရစ္ဆာန်သရုပ်ဆောင် ရှာဖွေတဲ့ လုပ်ငန်းစဉ်မှာ ကျွန်မတို့ တကယ့်ကို မျက်စိပွင့်သွားခဲ့ရတယ်၊ ထန်မင်းဆက်က စာဆိုတော်ကြီး ဝမ်ပေါ် ရေးသားခဲ့တဲ့ ‘ထန်ဝမ် နိဒါန်း’ ဆိုတဲ့ ကျော်ကြားတဲ့ ကဗျာရှည်ကြီးကို ရွတ်နိုင်တဲ့ ကျီးကန်းတစ်ကောင်ပေါ့၊ ဒါဟာ တကယ့်ကို အံ့ဖွယ်ပါပဲ ရိုက်ကူးရေးအဖွဲ့ဝင်တွေ အားလုံးလည်း အဲဒါကို ကြားတော့ အလုပ်သက်သာတော့မယ်ဆိုပြီး စိတ်လှုပ်ရှားသွားကြတာ၊ ဒီကပရိသတ်တွေထဲမှာတောင် အဲဒီကဗျာကို အခုချက်ချင်း ရွတ်နိုင်တဲ့သူ အများကြီးမရှိဘူး မဟုတ်လား ဒါကြောင့် အဲဒီအချိန်က ကျွန်မတို့ ဒီကျီးကန်းသရုပ်ဆောင်အပေါ် အများကြီး မျှော်လင့်ခဲ့တာပေါ့၊ ဒါပေမဲ့ ရိုက်ကူးရေးလုပ်လာတဲ့အခါမှာတော့ ကျီးကန်းက ‘ထန်ဝမ် နိဒါန်း’ ကိုဘဲ ရွတ်နိုင်ပြီး တခြား ညွှန်ကြားချက်တွေကိုတော့ လုံးဝ ဂရုမစိုက်တာကို တွေ့လိုက်ရတယ်၊ ဒါကြောင့် ကျွန်မတို့မှာ တိရစ္ဆာန်သရုပ်ဆောင် အသစ်ကို ထပ်ရှာဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး၊ သရုပ်ဆောင်တွေနဲ့ အပေးအယူလုပ်နိုင်ပြီး ညွှန်ကြားချက်ကို လိုက်နာတဲ့ တိရစ္ဆာန်ကို ရှာရတာက အရမ်းကိုခက်ခဲပါတယ်၊ အကြိမ်ကြိမ် ကြိုးစားပေမယ့် မအောင်မြင်တဲ့အခါမှာ ကျွန်မတို့ ရှာဖွေမှုကို လက်လျှော့လုနီးပါး ဖြစ်ခဲ့ရတယ်၊ အဲဒီအချိန်မှာပဲ ကျွန်မတို့ရဲ့ သရုပ်ဆောင်ရွေးချယ်ရေး ဒါရိုက်တာက အွန်လိုင်းက ဗီဒီယိုတစ်ခုကို တွေ့လိုက်တယ်လေ၊ အဲဒါကတော့ ရဲရင့်တဲ့ ကျီးကန်းတစ်ကောင်က ရွှေခိုးတဲ့သူကို တိုက်ခိုက်မောင်းထုတ်တဲ့ ဗီဒီယိုပါပဲ၊ ဒီဗီဒီယိုက တကယ်ကို နာမည်ကြီးခဲ့တာပါ လူတိုင်းလည်း မြင်ဖူးကြလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်၊ အဲဒီငှက်ရဲ့ စွမ်းဆောင်ရည်ကို ကျွန်မတို့ သဘောကျသွားပြီး ‘ကြင်ယာတော်နှစ်ပါး ဒဏ္ဍာရီ’ ရိုက်ကူးရေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ချင်တာနဲ့ ဒီငှက်ကို ရှာဖို့ ဆုံးဖြတ်ခဲ့ကြတယ်၊ အခက်အခဲအချို့ကို ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ ဗီဒီယိုရိုက်ကူးတဲ့ နေရာကို ကျွန်မတို့ ရှာတွေ့ခဲ့တယ်၊ အဲဒါကတော့ ယုံမြစ် နားမှာရှိတဲ့ တည်းခိုခန်းတစ်ခုပါ၊ အဲဒီတည်းခိုခန်းမှာပဲ ဒီကျီးကန်းကို ရှာတွေ့ခဲ့တာပါ၊ ဗီဒီယိုထဲက ငှက်က တည်းခိုခန်းပိုင်ရှင်ရဲ့ အိမ်မွေးငှက်ဖြစ်ပါတယ်၊ သူက ဉာဏ်ကောင်းရုံတင်မကဘူး ပိုင်ရှင်ရဲ့ အထူးလေ့ကျင့်ပေးမှုတွေကြောင့် သရုပ်ဆောင်ပါရမီလည်း အတိုင်းအတာတစ်ခုအထိ ရှိနေခဲ့တယ်၊ တည်းခိုခန်းပိုင်ရှင်နဲ့ ဆုံတွေ့ရတာက ကံကြမ္မာကောင်းတစ်ခုလို့ ပြောလို့ရပါတယ်၊ အဲဒီတုန်းက ကျွန်မတို့ ရိုက်ကူးရေးအဖွဲ့ သရုပ်ဆောင်တွေကို တည်းခိုခန်းရဲ့ လုပ်ငန်းတွေမှာ ဝိုင်းကူပေးဖို့ စီစဉ်ခဲ့သေးတယ်၊ နောက်ပိုင်း ဘာတွေဖြစ်ခဲ့လဲဆိုတာ လူတိုင်းသိကြမှာပါ ကျွန်မတို့ အကြောင်းတွေလည်း ပေါက်ကြားသွားပြီး အဲဒီတုန်းက ရေပန်းစားနေတဲ့ သတင်းတွေထဲမှာ အကြာကြီး ပါသွားခဲ့တာလေ၊ အဲဒါက ကျွန်မတို့ အဖွဲ့သားတွေကို တကယ်ပဲ ထိတ်လန့်သွားစေခဲ့တာပါ”
ဒါရိုက်တာကုန်း အခွင့်အရေးကို အသုံးချကာ ရှင်းလင်းချက် ပေးလိုက်သည်။ အင်တာဗျူး ပြီးဆုံးသွားသည့်အခါ ရိုက်ကူးရေးစင်မြင့်ထက်တွင် နွေးထွေးသော လက်ခုပ်သံများ ထွက်ပေါ်လာခဲ့၏။ ပရိသတ်များသည် သရုပ်ဆောင်များ၏ အတွေ့အကြုံများကို စာနာမိကြသလို ဒါရိုက်တာကုန်း၏ ကျွမ်းကျင်မှုနှင့် စိတ်အားထက်သန်မှုတို့ကြောင့်လည်း အားကျသွားကြသည်။ “ကြင်ယာတော်နှစ်ပါး ဒဏ္ဍာရီ” အပေါ် ၎င်းတို့၏ မျှော်လင့်ချက်မှာ ပို၍ ခိုင်မာလာပြီး ပြသမည့် ဇာတ်လမ်းတွဲအပေါ်တွင်လည်း အဆုံးမရှိသော စူးစမ်းလိုစိတ်နှင့် စိတ်ကူးယဉ်မှုများဖြင့် ပြည့်နှက်သွားတော့၏။ အရောင်းမြှင့်တင်ရေး အစီအစဉ်မှာ အလွန်ထိရောက်ခဲ့သဖြင့် “ကြင်ယာတော်နှစ်ပါး ဒဏ္ဍာရီ” ရိုက်ကူးရေးအဖွဲ့သည် အခွင့်ကောင်းကို လက်မလွတ်ဘဲ တိရစ္ဆာန်သရုပ်ဆောင်နှင့် ပတ်သက်သည့် ရိုက်ကွင်းနောက်ကွယ်မှ မြင်ကွင်း များကို ဆက်တိုက် ထုတ်လွှင့်ခဲ့သည်။ ထိုအလွဲအချော်ဗီဒီယိုများသည် တိရစ္ဆာန်သရုပ်ဆောင်၏ ချစ်စရာကောင်းပြီး ရယ်မောဖွယ်ရာ တစ်ဖက်ခြမ်းကို ဖော်ပြနေရုံတင်မကဘဲ သရုပ်ဆောင်များ၏ ရိုက်ကွင်းပေါ်မှ အမူအရာများကိုပါ မြင်တွေ့ရစေသဖြင့် ပရိသတ်များ၏ မျှော်လင့်ချက်မှာ ရယ်မောသံများနှင့်အတူ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့၏။
ထုတ်လွှင့်လိုက်သော အလွဲဗီဒီယိုများထဲတွင် အပိုင်းတစ်ခုမှာ အထူးသဖြင့် လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ဒါရိုက်တာ၏ လမ်းညွှန်မှုအောက်တွင် ကျီးကန်းသည် ရိုးရှင်းသော ပျံသန်းမှုတစ်ခုကို ပြုလုပ်ရမည်ဖြစ်သော်လည်း မမျှော်လင့်ဘဲ စတူဒီယို မီးဆိုင်းများပေါ်သို့ ပျံတက်သွားပြီး “ပညာရှင်” တစ်ယောက်ကဲ့သို့ ဟန်ပန်ထုတ်နေခဲ့ရာ လူတိုင်းကို ဟားတိုက်ရယ်မောစေခဲ့၏။ ဒါရိုက်တာနှင့် အဖွဲ့သားများမှာလည်း ထိုကျီးကန်းလေး စိတ်ပြောင်းပြီး ဆင်းလာသည်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့ကြရသည်။ မတူညီသောကျီးကန်းများ မတူညီသော အမှားအယွင်းများမှာ ပရိသတ်ကို နောက်ဆုံးတွင် အောင်မြင်စွာ ရိုက်ကူးနိုင်ခဲ့သည့် အခန်းများအတွက် ပိုမိုစိတ်လှုပ်ရှားစေခဲ့၏။ အချို့သော အင်တာနက်အသုံးပြုသူများသည်လည်း ရှောင်ရှီးမှာ ဓားပြလက်ထဲမှ လက်စွပ်ကိုပြန်လည်လုယူပေးသည့် ဗီဒီယိုကို ပြန်လည်ရှာဖွေကြည့်ရှုနေကြသည်။ “ကြင်ယာတော်နှစ်ပါး ဒဏ္ဍာရီ” ကြောင့် ရှောင်ရှီး၏လူကြိုက်များမှုမှာ နောက်ဆုံးတွင် (၁,၉၆၀,၀၀၀) / (၁၀,၀၀၀,၀၀၀) သို့ ရောက်ရှိသွားခဲ့ပြီး တစ်ဖန်ပြန်လည် ဖော်ပြခံလိုက်ရသော ဟဲယဲ့တည်းခိုခန်း၏ လူကြိုက်များမှုမှာမူ (၃၀,၀၀၀,၀၀၀) သို့ ရောက်ရှိသွားခဲ့လေသည်။