အခန်း (၁၇၇-၁၇၈)
Vol. 18 Ch. 177-178
177
စနစ်၏ အကြောင်းကြားစာ : "တည်းခိုခန်း၏ လူကြိုက်များမှုသည် (၃၀.၀၁) သန်း / (၃၀.၀၀) သန်းသို့ ရောက်ရှိသွားပြီဖြစ်သည်၊ ဂုဏ်ယူပါသည် ကစားသမား သင်သည် 'လူသိများကျော်ကြားသော' ဟူသည့် ဘွဲ့ထူးနှင့်အတူ ဆုလာဘ်အဖြစ် ကတ်ဆွဲခွင့် တစ်ကြိမ် ရရှိပါသည်"
စနစ်၏ အကြောင်းကြားစာကို မြင်လိုက်ရသောအခါ စုဟယ်သည် ကွားကောကို တည်းခိုခန်းအတွက် နောက်ထပ် အလုပ်အကျွေးပြုစေချင်မိသည်။ Traffic ဟူသော လူအများ၏ အာရုံစိုက်မှုသည် လူကြိုက်များမှုကို မြှင့်တင်ရန်အတွက် တကယ့်ကို လိမ်လည်လှည့်ဖြားသည့် အစွမ်းထက်ကိရိယာတစ်ခုပင် ဖြစ်p။ ထိုအရှိန်အဟုန်ကြောင့် ဟဲယဲ့တည်းခိုခန်း၏ လူကြိုက်များမှုမှာ ဒုံးပျံတစ်စင်းကဲ့သို့ မရပ်မနား ထိုးတက်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအခါ အွန်လိုင်းတွင် သတင်းအသစ်များ ထွက်ပေါ်နေပြီဖြစ်ရာ ဟဲယဲ့တည်းခိုခန်းမှာ သတင်းဟောင်းတစ်ခု ဖြစ်သွားပြီး သစ်လွင်မှု မရှိတော့ပေ။ တည်းခိုခန်းအနေဖြင့် ရေပန်းစားလာစေမည့် 'သတင်းကြီး' တစ်ခုခု ထပ်မံမရှိပါက လူအများ၏ အာရုံစိုက်မှုမှ။ လျော့နည်းသွားပေလိမ့်မည်။ စုဟယ်မှာ ထိုသို့ တွေးတောမိခြင်းသာဖြစ်ပြီး သူမ၏ ဟဲယဲ့တည်းခိုခန်း၏ ဂုဏ်သတင်းကိုမူ အမြတ်တနိုး တန်ဖိုးထားဆဲပင်။
ထိုစဉ် စုဟယ်၏ မြင်ကွင်းရှေ့မှနေ၍ အနက်ရောင် အရိပ်တစ်ခုသည် မြန်ဆန်စွာ ဖြတ်ပျံသွားသည်။ ၎င်းမှာ အလုပ်များနေသည့် ရှောင်ရှီးပင် ဖြစ်၏။ မိမိ၏ လူကြိုက်များမှုသည် အဆက်မပြတ် မြင့်တက်နေကြောင်းနှင့် မိမိပါဝင်သရုပ်ဆောင်ထားသည့် တီဗွီဇာတ်လမ်းတွဲမှာလည်း အွန်လိုင်းတွင် ပြသတော့မည်ဖြစ်ကြောင်း သိလိုက်ရကတည်းမှ ရှောင်ရှီး၏ စိတ်အားထက်သန်မှုမှာ ပို၍ပင် ကြီးမားလာခဲ့သည်။ သူသည် တကယ့်ကို ခြေထောက်ကိုမြေကြီးနှင့် မထိနိုင်အောင် အလုပ်လုပ်နေခြင်းပင်။ သူသည် သွားလေရာရာသို့ ပျံသန်းသွားလာလေ့ရှိပြီး ပျံသန်းသည့် အရှိန်မှာလည်း သိသိသာသာ မြင့်တက်လာကာ လေပြင်းတစ်ချက် ဝေ့တိုက်လိုက်သကဲ့သို့ တဟုန်ထိုး ပြေးလွှားနေတော့သည်။ ရှောင်ရှီး၏ ရည်မှန်းချက်မှာ ယခင်ကထက် ပိုမိုကြီးမားလာသည်။
နံနက်ခင်းတိုင်းတွင် သူသည် တည်းခိုခန်းတစ်ခုလုံးကို ကင်းလှည့်ကြည့်ရှုရန် အကောင်းဆုံးနေရာဖြစ်သည့် အမိုးပေါ်သို့ အရင်ဆုံး ပျံတက်သွားလေ့ရှိသည်။ သူသည် စူးရှသော မျက်လုံးများဖြင့် ထောင့်စွန်းတိုင်းကို စေ့စေ့စပ်စပ် ကြည့်ရှုကာ ပုံမှန်မဟုတ်သည့် အရာများ ရှိ၊ မရှိ စစ်ဆေးတတ်၏။ ဧည့်သည်များ၏ ဘေးကင်းလုံခြုံမှုကို သေချာစေရန်အတွက် အခန်းပြတင်းပေါက်များ၏ အပြင်ဘက်မှနေ၍ မှန်များထဲသို့ အကဲခတ်ကြည့်ရှုတတ်သေးသည်။ ရှောင်ရှီး၏ ပျံသန်းမှုမှာ ပေါ့ပါးသွက်လက်လှပြီး နေရောင်အောက်တွင် မြင်တွေ့ရသည့် သူ့ပုံရိပ်မှာ လက်ခနဲ ပေါ်ထွက်လာသော အနက်ရောင် အရိပ်ကလေးတစ်ခုနှင့်တူနေတော့သည်။ ဧည့်ခန်းမဆောင်များကို စစ်ဆေးပြီးနောက် ရှောင်ရှီးသည် တည်းခိုခန်း၏ ဟင်းသီးဟင်းရွက် စိုက်ခင်းလေးဆီသို့ ပျံသွားတတ်၏။ ထိုနေရာရှိ ဝက်သစ်ချပင်ကြီးပေါ်တွင် ခဏနားနေရင်း သူ၏ထက်မြိသောနှုတ်သီးဖြင့် သစ်ပင်စည်ကို အသာအယာ ထိုးဆိတ်ကာ တောင်ပံများကို ပြုပြင်တတ်သေးသည်။ ထို့နောက်တွင်မူ ရှောင်ရှီးသည် ခြောက်ထပ်ရှိ အဝတ်လှန်းသည့်နေရာသို့ ပျံသွားကာ အိပ်ရာခင်းများကို သေသေချာချာ အခြောက်ခံပေးရင်း စွန်းထင်းမှုများ ရှိ၊ မရှိကိုပါ အသေးစိတ် စစ်ဆေးပေးပြန်သည်။ မွန်းလွဲပိုင်းတွင် ရှောင်ရှီးသည် အလုပ်အရှုပ်ဆုံးနေရာဖြစ်သည့် တည်းခိုခန်း၏ ဧည့်ကြိုကောင်တာဆီသို့ ပျံသန်းလာ၏။ ဤနေရာတွင် သူသည် ဝင်ထွက်သွားလာနေသော ဧည့်သည်တိုင်းကို စောင့်ကြည့်ရင်း တည်းခိုခန်း၏ လုံခြုံရေးအတွက် သူ၏နည်းလမ်းဖြင့် ပါဝင်ကူညီနေသည်။ ညနေခင်း ရောက်သည့်တိုင် ရှောင်ရှီး၏ အလုပ်များမှာ ပြီးဆုံးမသွားသေးပေ။ သူသည် တည်းခိုခန်း၏ နောက်ဆုံးစစ်ဆေးရေးဂိတ်ဖြစ်သည့် အဝင်ဝဆီသို့ ပျံသွားသည်။ သူသည် တည်းခိုခန်းရှေ့မှ ဖြတ်သွားဖြတ်လာ ပြုလုပ်နေကြသော လူတိုင်းကို နိုးနိုးကြားကြား စောင့်ကြည့်နေပြီး မည်သူမျှ ပြဿနာမရှာနိုင်အောင် ကာကွယ်ပေးထား၏။ အစ်မကျန်း ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်မှာ ရှောင်ရှီးကို အလွန်ပင် မသက်မသာ ဖြစ်စေခဲ့သည်။ အချို့သော မိုက်မဲသူများမှာ တည်းခိုခန်းရှိ ဧည့်သည်များကို လာရောက်နှောင့်ယှက်မည်ကို သူ စိုးရိမ်နေသဖြင့် တည်းခိုခန်း၏ အခြေအနေကို သူ၏ ကိုယ်ပိုင်နည်းလမ်းဖြင့် စောင့်ကြည့်နေခြင်းပင်။ ရှောင်ရှီးသည် တည်းခိုခန်းပတ်ပတ်လည်သို့ ပျံသန်းနေပြီး သူ၏ တောင်ပံများမှာ တစ်ခါမျှ နားခွင့်မရခဲ့ပေ။ လီရှီသည်လည်း ထိုနည်းတူပင် သူ၏ လက်နှစ်ဖက်မှာ မနားတမ်း လှုပ်ရှားနေရသည်။
ဧည့်ကြိုကောင်တာရှိ ဖုန်းများမှာ တစ်ခုပြီးတစ်ခု ဆက်တိုက်မြည်နေသဖြင့် လီရှီတစ်ဦးတည်းနှင့် မနိုင်တော့ရာ စုဟယ်သည်လည်း ဧည့်ကြိုကောင်တာရှိ သူမ၏ တာဝန်ကျနေရာသို့ ပြန်လာခဲ့ရသည်။ လီရှီမှာ ဧည့်သည်များကို အခန်းအဝင်စာရင်း သွင်းပေးနေစဉ် စုဟယ်မှာ ဖုန်းများကို ဖြေကြားပေးခြင်းနှင့် ဧည့်သည်များ၏ သိလိုသမျှကို ရှင်းပြပေးခြင်းတို့ဖြင့် အလုပ်များနေ၏။
"စိတ်မကောင်းပါဘူးရှင်၊ မှော်မှန်ပါတဲ့ အခန်းတွေအားလုံး ဘိုကင်ပြည့်သွားပါပြီ၊ အခန်းအမျိုးအစားကို အဆင့်မြှင့်တင်ပေးလို့ မရနိုင်ပါဘူး"
စုဟယ်မှာ သူမ၏ နဖူးမှ ချွေးများကို သုတ်ရင်း ပြောလိုက်သည်။ ဧည့်သည်မှာမူ လက်မလျှော့ဘဲ ဆိုပြန်၏။
"ဒါဆိုရင် ကျွန်မ အိပ်မက်ပို့ဆောင်ခြင်း ဝန်ဆောင်မှုကို ဝယ်ယူချင်ပါတယ်"
စုဟယ် ထပ်မံငြင်းဆိုလိုက်သည်။
"ဒီနေ့အတွက် လူဦးရေပြည့်သွားပါပြီ ဧည့်သည် ရှင့် ၊ တကယ်ကို စိတ်မကောင်းပါဘူး နောက်တစ်ခါကျရင်တော့ နည်းနည်း စောစောလေး လာကြည့်ပေးပါဦးနော်"
အစိုးရ၏တရားဝင် ရှင်းလင်းချက် ထွက်ပေါ်လာပြီးနောက် ဟဲယဲ့တည်းခိုခန်း၏ ဂုဏ်သိက္ခာမှာ ပြန်လည် မြင့်တက်လာခဲ့သည်။ ထိုရှင်းလင်းချက်ထဲတွင် စစ်ဆေးမှု အစီရင်ခံစာအချို့ကိုပါ ပူးတွဲဖော်ပြထားရာ ၎င်းတို့ထဲတွင် ဝက်သစ်ချပင်အကိုင်းအခက်များ၏ ဓာတ်ခွဲခန်းအစီရင်ခံစာလည်း ပါဝင်၏။ သဘာဝစစ်စစ် ဖြစ်ခြင်း၊ ပတ်ဝန်းကျင်ကို မထိခိုက်ခြင်းနှင့် ညစ်ညမ်းမှုကင်းစင်ခြင်းတို့အပြင်လူများကို အိပ်ပျော်စေရန် ကူညီပေးနိုင်သည့် ကျန်းမာရေးနှင့်ညီညွတ်သော အံ့ဖွယ်အာနိသင် ရှိနေခြင်းတို့ကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် အခန်းဘိုကင်တင်ထားသော ဧည့်သည်များသည် ငွေကြေးတတ်နိုင်ပါက အိပ်မက်ပို့ဆောင်ခြင်း ဝန်ဆောင်မှုကိုပါ ထပ်မံဝယ်ယူကြလေ့ရှိ၏။ သို့သော် စုဟယ်သည် 'အိပ်မက်ပို့ဆောင်ခြင်း' ဝန်ဆောင်မှု၏ ဈေးနှုန်းကို ပြင်ဆင်သတ်မှတ်လိုက်ပြီး နေ့စဉ်ဝန်ဆောင်မှု ပေးနိုင်မည့် အကြိမ်အရေအတွက်ကိုလည်း ကန့်သတ်ထားလိုက်သည်။ 'အိပ်မက်ပို့ဆောင်ခြင်း' အတွက် ဝက်သစ်ချပင်၏ အထူးစွမ်းရည်ဖြစ်သော 'လီရှူး အိပ်မက်ပို့ဆောင်ခြင်း' ကို လိုအပ်ပြီး၊ ထိုစွမ်းရည်ကို အကောင်အထည်ဖော်ရန်အတွက် ဝက်သစ်ချပင်၏ အကိုင်းအခက်များကို အားကိုးရ၏။ လတ်ဆတ်သော အကိုင်းအခက်များမှာသာ အကောင်းဆုံး အာနိသင်ကို ပေးစွမ်းနိုင်ပြီး၊ အကယ်၍ အကိုင်းအခက်များကို ထပ်ခါတလဲလဲ ပြန်သုံးပါက ဧည့်သည်၏ အိပ်မက်မှာ တဖြည်းဖြည်း ဝေဝါးလာကာ နောက်ဆုံးတွင် အပိုင်းအစများအဖြစ် ပျက်စီးသွားပေလိမ့်မည်။ သူမ လက်ချက်ဖြင့် အကိုင်းအခက်နှစ်ကိုင်းမှာ ပြောင်သလင်းခါနေပြီဖြစ်သော ဝက်သစ်ချပင်ကြီးကို ကြည့်ရင်း စုဟယ်မှာ ရှားရှားပါးပါး အားနာစိတ်ကလေး ဖြစ်ပေါ်လာရသည်။ ထို့ကြောင့်ပင် သူမသည် ဈေးနှုန်းမြှင့်တင်ရန် ဆုံးဖြတ်လိုက်ပြီး 'လီရှူး အိပ်မက်ပို့ဆောင်ခြင်း' ဝန်ဆောင်မှုကို တစ်ကြိမ်လျှင် ယွမ် (၁,၀၀၀) အထိ တိုးမြှင့်လိုက်ကာ တစ်ရက်လျှင် လူ (၅) ဦးသာ ကန့်သတ်လက်ခံတော့သည်။ ဈေးနှုန်းတိုးမြှင့်လိုက်ခြင်းမှာ ဧည့်သည်များကို စိတ်မပျက်စေသည့်အပြင် သူတို့ကို ပိုမို၍ အလိုရှိလာအောင် ဆွဲဆောင်သကဲ့သို့ ဖြစ်သွား၏။
'လူတွေက တန်ဖိုးကို နားမလည်ပေမယ့်၊ ပိုက်ဆံကတော့ တန်ဖိုးကို သိတယ်၊ ဒီလောက်အများကြီး ပေးရတယ်ဆိုတော့ အာနိသင်ကတော့ တကယ်ရှိမှာပဲ'စသော အတွေးမျိုးဖြင့် ဟဲယဲ့တည်းခိုခန်း၏ 'အိပ်မက်ပို့ဆောင်ခြင်း' ဝန်ဆောင်မှုမှာ ပို၍ပင် လူကြိုက်များလာတော့သည်။ ဧည့်သည်များသည် 'အိပ်မက်ပို့ဆောင်ခြင်း' ဝန်ဆောင်မှုကို ဝယ်ယူနိုင်ရန်အတွက် တည်းခိုခန်းသို့ အတတ်နိုင်ဆုံး စောစီးစွာ ရောက်ရှိလာကြ၏။ ဝယ်ယူခွင့်မရလိုက်သော ဧည့်သည်များမှာ အနည်းငယ် စိတ်ပျက်သွားကြသော်လည်း တည်းခိုခန်းတွင် အံ့ဖွယ် မှော်မှန်များ ရှိနေသေးကြောင်း ကြားသိရသည့်အခါတွင်မူ ၎င်းတို့ကို စမ်းသပ်ကြည့်ရှုရန်အတွက် ပြန်လည် ပျော်ရွှင်သွားကြပြန်သည်။ ဧည့်သည်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် စုဟယ်သည် မှော်မှန် အပိုအချို့ကို ထပ်မံတပ်ဆင်ထားသော်လည်း နေ့စဉ် ဧည့်သည်အများအပြားမှာ သူတို့အခန်းထဲတွင် မှန်တစ်ချပ် ထပ်ထားပေး၍ ရ၊ မရကို ရှေ့ကောင်တာတွင် မမောနိုင်မပန်းနိုင် လာရောက် မေးမြန်းနေကြဆဲ ဖြစ်၏။ လီရှီသည် ဧည့်သည်ကို ဓာတ်လှေကားအထိ လိုက်လံပို့ဆောင်ပေးပြီးနောက် ရေတစ်ငုံ သောက်လိုက်ကာ ပြောလိုက်သည်။
"သူဌေး ကျွန်တော်ထင်တာတော့ ဧည့်ကြိုကောင်တာမှာ နောက်ထပ် ဝန်ထမ်းတစ်ယောက် ခန့်ဖို့ လိုနေပြီဗျ"
သူသည် ရေသောက်နေစဉ်မှာပင် လက်မှာမနားဘဲ သူ့မှတ်တမ်းစာအုပ်ထဲတွင် မှတ်ချက်တစ်ခု ရေးသားလိုက်သည်။ ဧည့်သည်တစ်ဦးမှာ မွေးနေ့ဆုတောင်းခြင်း အခမ်းအနားတစ်ခုကို ဘိုကင်တင်သွားသဖြင့် အချိန်ဇယား ဆွဲပေးရန် လိုအပ်သောကြောင့်ပင်။ ယနေ့တွင် ဧည့်သည် (၁၀) ဦးမှာမွေးနေ့ဆုတောင်းပွဲ ပြုလုပ်လိုကြရာ မစ္စကျိ အလွန်အမင်း အလုပ်မရှုပ်စေရန်အတွက် လီရှီသည် အချိန်များကို ခွဲခြားသတ်မှတ်ပေးရသည်။ စုဟယ်သည် နောက်ထပ် ဖုန်းတစ်ကောင်ကို ဖြေကြားလိုက်ပြီး ဖုန်းဖြင့် အခန်းဘိုကင် တင်လိုသော ဧည့်သည်ကို ထပ်မံငြင်းဆိုလိုက်ပြန်၏။ စုဟယ်မှာ လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး ပြောသည်။
"ဟုတ်တယ် တည်းခိုခန်းမှာ ဝန်ထမ်းအသစ်တစ်ယောက် တကယ်လိုအပ်နေပြီ၊ ငါ အခုချက်ချင်းပဲ သွားရှာလိုက်မယ်"
သူမသည် ချက်ချင်းပင် လက်တွေ့အကောင်အထည်ဖော်သည်။ နေ့လယ်စာစားချိန်အတွင်း စုဟယ်သည် သူမ၏ အခန်းထဲသို့ ခေတ္တ ပြန်သွားခဲ့၏။ ယခုတစ်ကြိမ်တွင် သူမသည် ကတ်ဇာတ်ကောင်တစ်ဦးကို တိုက်ရိုက် ဆင့်ခေါ်ရန် စီစဉ်ထားသည်။ သူမတွင် ကတ်ဆွဲခွင့် တစ်ကြိမ် ကျန်ရှိနေသေး၏။ အကယ်၍ ထိုအခွင့်အရေးကို သိမ်းဆည်းထားပါက နောက်ထပ် ကတ်ဆွဲခွင့်ကို မည်သည့်အချိန်တွင် ရရှိမည်မှန်း သူမ မသိနိုင်ပေ။ နောက်ထပ် တာဝန်မှာ တည်းခိုခန်း၏ လူကြိုက်များမှုကို 'ကျော်ကြားသော' အဆင့်ဖြစ်သည့် သန်း (၅၀) အထိ ရောက်ရှိရန် လိုအပ်ရာ ၎င်းမှာ အလွန်ပင် ဝေးကွာလွန်းလှသည်။ ၎င်းမှာ ခြောက်လ သို့မဟုတ် တစ်နှစ်ခန့်ပင် ကြာမြင့်နိုင်သဖြင့် စုဟယ်အနေဖြင့် စွန့်စားမှုပြုကာ ကတ်ဇာတ်ကောင်ကို တိုက်ရိုက် ဆင့်ခေါ်ရန်သာ ဆုံးဖြတ်လိုက်၏။ သို့သော်လည်း အကယ်၍ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများမှာ လာရောက် စစ်ဆေးပြန်ပါက သူမတွင် ကတ်ဇာတ်ကောင်အတွက် လူမှုဘဝ လိုအပ်ချက်များ လဲလှယ်ပေးရန် အပိုကတ်ဆွဲခွင့်များ မရှိတော့သဖြင့် အသစ်ဆင့်ခေါ်မည့် ကတ်ဇာတ်ကောင်ကို ဖုံးကွယ်ထားရုံသာ ရှိတော့သည်။
"ဝီရိယရှိပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့သူတစ်ယောက် ဖြစ်ပါစေ"
စုဟယ် သူမဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။ ရှောင်ရှီးနှင့် ဝက်သစ်ချပင်ကြီးမှာ မည်မျှပင် စွမ်းဆောင်ရည် ရှိပါစေ သူတို့မှာ ငှက်တစ်ကောင်နှင့် သစ်ပင်တစ်ပင်သာ ဖြစ်ကြသဖြင့် လူသားပုံစံ ကတ်ဇာတ်ကောင်များနှင့် နှိုင်းယှဉ်ပါက အဆင်မပြေမှုအချို့ ရှိနေသေး၏။ တည်းခိုခန်းအတွက် အလုပ်လုပ်ပေးနိုင်မည့် 'လူသား' ဝန်ထမ်းများ အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်။
178
စုဟယ်၏ ဆုတောင်းများ ထိရောက်သွားခြင်းလော။ သို့မဟုတ် စနစ်မှာ ပုံမှန်မဟုတ်ဘဲ သဘောထားကောင်းသွားခြင်းလော မသိရသော်လည်း သူမ၏ဆုတောင်းမှာ ပြည့်ဝသွားခဲ့သည်။ သူမသည် တစ်ချက်ကြည့်လိုက်ရုံနှင့် အလွန်ပင် ရိုးရှင်းအေးဆေးပုံရသော ဝန်ထမ်းတစ်ဦးကို အမှန်တကယ် ဆင့်ခေါ်မိသွားခြင်း ဖြစ်၏။ ထိုကတ်ဇာတ်ကောင်၏ ခြေထောက်များမှာ အထူးတလည်ပင် ထင်ရှားလှသည်။ ထိုခြေထောက်များသည် ကြီးမားကျယ်ပြန့်လွန်းလှရာ မြင်လိုက်သည်နှင့် ရင်သပ်ရှုမော ဖြစ်သွားရသည်။ သူမ၏ ခြေဖဝါးအလျားနှင့် အနံမှာ သာမန်လူများထက် ကျော်လွန်နေပြီး ဧရာမ ခန္ဓာကိုယ်ကြီးတစ်ခုကို ထောက်ထားရန် ဖန်တီးထားသကဲ့သို့ပင်ရှိနေ၏။ ခြေဖဝါး၏ အရှေ့ဘက်တွင် ခြေချောင်းငါးချောင်းမှာ အရှေ့သို့ ဖြောင့်တန်းစွာ ဆန့်ထွက်နေပြီး ခိုင်မာသော အထောက်အပံ့တစ်ခုကို ဖြစ်ပေါ်စေသည်။ ခြေဖဝါး၏ အလယ်ပိုင်းမှာ ပို၍ပင် ကျယ်ပြန့်သော ဧရိယာရှိကာ ထူထဲပြီး အားမာန်ပါလှကာ ခန္ဓာကိုယ်တစ်ခုလုံး၏ အလေးချိန်ကို ထမ်းပိုးထားသည်။ အရေပြားမှာ အနည်းငယ် ကြမ်းတမ်းသော်လည်း ကျန်းမာသော အရောင်အဝါမှာ အထင်အသား ပေါ်လွင်နေ၏။ ၎င်းမှာ သူမ၏ အလုပ်ကြမ်းလုပ်ခဲ့သော သက်သေပင် ဖြစ်သည်။
စုဟယ် သေချာစွာ စေ့စေ့စပ်စပ် ကြည့်ရှုမိသောအခါ ထိုခြေဖဝါးများပေါ်တွင် အလွန်ပင် ရှင်းလင်းသိပ်သည်းလှသော အရေးအကြောင်းများ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။ သာမန်လူအများစုမှာ အဆစ်အမြစ်များတွင်သာ အရေးအကြောင်းများ ထင်ရှားလေ့ရှိသော်လည်း ဤခြေဖဝါးများမှာမူ နေရာအနှံ့တွင် မြင်လွယ်သော အရာလေးများဖြင့် ပြည့်နှက်နေ၏။ ဤအရာလေးများမှာ သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ အလွန်ပင် စနစ်တကျ ရှိလှသည်။ အားလုံးမှာ လားရာတစ်ခုတည်းသို့ ဦးတည်နေပြီး အရှည်ချင်းလည်း တူညီကြရာ ၎င်းမှာ တစ်စုံတစ်ခု၏ အမှတ်အသားများသဖွယ် ဤခြေထောက်များ၏ ထပ်ခါတလဲလဲ စနစ်တကျ လှုပ်ရှားခဲ့မှုများကို ပုံဖော်နေသကဲ့သို့ပင်။ ဖနောင့်များမှာလည်း ခိုင်မာတောင့်တင်းပုံရပြီး ကြွက်သားလိုင်းများမှာ ချောမွေ့ကာ ရုန်းကန်နိုင်စွမ်းရှိသည်။ ခြေဖမိုးပေါ်ရှိ သွေးပြန်ကြောများနှင့် အကြောများမှာ ခပ်ရေးရေး ပေါ်လွင်နေပြီး ၎င်းတို့မှာ ရှင်သန်ခြင်း၏ စီးဆင်းမှုနှင့် ဤခြေထောက်များ၏ စွမ်းအင်အရင်းအမြစ်ကို ကိုယ်စားပြုနေ၏။
ဤကျယ်ပြန့်သော ခြေထောက်များမှတစ်ဆင့် အထက်သို့ ကြည့်လိုက်သောအခါ ခြေထောက်၏ ပိုင်ရှင်မှာ ထူးခြားသော ကိုယ်လုံးကိုယ်ပေါက်ရှိကြောင်း တွေ့ရသည်။ သူမ၏ ခန္ဓာကိုယ်မှာ တောင့်တင်းခြင်းမရှိဘဲ အနည်းငယ် ပိန်လှီနေကာ အရိုးတိုင်းမှာ အရေပြားအောက်မှ ပုံသဏ္ဌာန်ပေါ်လွင်နေသကဲ့သို့ ရှိသည်။ ဤသို့ ပိန်လှီနေခြင်းမှာ အာဟာရချို့တဲ့မှုကြောင့် မဟုတ်ဘဲ အချိန်ကာလနှင့် လုပ်အားဒဏ်တို့ကြောင့် သူမအပေါ်တွင် ကျန်ရစ်ခဲ့သော အမှတ်အသားများသာ ဖြစ်၏။ သူမ၏ ခြေကျင်းဝတ်များမှာ သေးသွယ်လှရာ ကျယ်ပြန့်သော ခြေထောက်များနှင့် သိသိသာသာ ဆန့်ကျင်ဘက် ဖြစ်နေသည်။ ၎င်းတို့သည် ရာသီဥတုပေါင်းစုံ၏ လေ၊ နှင်း၊ မိုးနှင့် အအေးဒဏ်တို့ကို ကြံ့ကြံ့ခံရင်း ခန္ဓာကိုယ်တစ်ခုလုံး၏ အလေးချိန်ကို ကြံ့ခိုင်စွာ ထောက်မထားဆဲပင်။ ခြေသလုံးအရေပြားမှာ အနည်းငယ် ကြမ်းတမ်းပြီး အမာရွတ်လေးများနှင့် အက်ကွဲကြောင်းလေးများ ရှိနေကာ ဝီရိယရှိရှိ လုပ်ကိုင်ခဲ့သော သက်သေသာဓကများပင် ဖြစ်သည်။ ကြွက်သားလိုင်းများမှာ အထင်သားမရှိသော်လည်း ခပ်ရေးရေး မြင်နေရသော ပုံသဏ္ဌာန်များမှာ အတွင်းပိုင်းမှ ခွန်အားနှင့် ခံနိုင်ရည်ကို ဖော်ပြနေ၏။ သူမ၏ ဒူးဆစ်များမှာ အနည်းငယ် ငေါထွက်နေပြီး ၎င်းတို့မှာ ခန္ဓာကိုယ်ပေါ်တွင် အချိန်ကာလမှ ထွင်းထုထားသော အမှတ်အသားများဖြစ်ကာ အကြိမ်ပေါင်းများစွာ ထိုင် ထ ပြုလုပ်ခဲ့မှုနှင့် လေးလံသော အထုပ်အပိုးများကို အကြိမ်ကြိမ် သယ်ယူခဲ့မှုတို့၏ သက်သေများပင်။ ပေါင်များမှာ မထူသော်လည်း အလားတူပင် ခိုင်မာတောင့်တင်းကာ ကြွက်သားတိုင်းမှာ ကာလရှည်ကြာ လေ့ကျင့်ခန်းလုပ်ခြင်းနှင့် အရောင်တင်ခြင်းတို့ကို ခံယူထားပုံရသည်။
ခြေထောက်များ၏ ပိုင်ရှင်မှာ သေးသွယ်သော ခါးရှိသော်လည်း သူမ၏ ကိုယ်နေဟန်ထားမှာ ထူးထူးခြားခြား ဖြောင့်မတ်လှသည်။ သူမ၏ ပုခုံးများမှာ မကျယ်သော်လည်း ဘဝ၏ ဝန်ထုပ်ဝန်ပိုးများကို ထမ်းပိုးထားနိုင်၏။ သူမ၏ လက်မောင်းများမှာ သေးသော်လည်း သွေးကြောများမှာ ထင်ရှားနေကာ အင်အားကြီးမားကြောင်း ညွှန်ပြနေပြီး လက်ဖဝါးများမှာလည်း အသားမာများ ဖုံးလွှမ်းကာ အလွန်ပင် ကြမ်းတမ်းလှသည်။ ဤခြေထောက်များ၏ ပိုင်ရှင်မှာ လေ၊ နှင်း၊ မိုးနှင့် အချိန်ကာလ၏ အနိမ့်အမြင့် ဒဏ်ချက်များကို ခါးသီးစွာ ခံစားခဲ့ရသော အမျိုးသမီးတစ်ဦးပင် ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်မှာ ပိန်လှီနေသော်လည်း သူမ၏ မျက်လုံးများမှာမူ ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေသည်။ ယခုအခါတွင်မူ ခြေဖဝါးကြီးကြီးနှင့် အမျိုးသမီးသည် စုဟယ်ကို စေ့စေ့စပ်စပ် စိုက်ကြည့်နေ၏။ သူမ၏ ပိန်လှီသော ခန္ဓာကိုယ်နှင့် ပုံမှန်မဟုတ်ဘဲ ကြီးမားလှသော ခြေထောက်များကြားမှ ဆန့်ကျင်ဘက် အချိုးအစား မညီမှုကြောင့် စုဟယ်မှာ ထိုခြေထောက်များကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်နေရသည်။
စုဟယ်သည် သူမရှေ့ရှိ ကတ်ဇာတ်ကောင်ကို ကြည့်ရင်း အသက်ပြင်းပြင်း ရှူလိုက်ကာ ဘယ်လိုစကားစရမလဲ မသိသဖြင့်တွေဝေစွာဖြင့် အသက်ကို ပြန်ထုတ်လိုက်၏။ စုဟယ်မှာ လူမှုဆက်ဆံရေး ညံ့ဖျင်းသဖြင့် ခြေဖဝါးကြီးသည့် အမျိုးသမီးကို ဘယ်လိုပြောရမှန်း မသိခြင်းမဟုတ်ပေ။ သူမမှာ မည်သည့်ဘာသာစကားကို သုံးပြီး ဆက်သွယ်ရမည်ကို မသိခြင်းသာ ဖြစ်သည်။ အမှန်ပင် ဤခြေဖဝါးကြီးသည့် အမျိုးသမီးမှာ သိသိသာသာပင် တရုတ်လူမျိုးမဟုတ်ပေ။ သူမတွင် အာရှသားများနှင့် လုံးဝမတူဘဲ ထူးခြားသည့် လက္ခဏာရပ်များ ရှိနေသည်။ သူမ၏ မျက်နှာသွင်ပြင်မှာ ပိုမို ပေါ်လွင်ပြီး နက်ရှိုင်း၏။ မျက်လုံးများမှာ ကြီးမားတောက်ပကာ နက်ရှိုင်းစွာ တည်ရှိနေသဖြင့် ပို၍ပင် ထင်ရှားနေပြီး ၎င်းတို့မှာ အပြာနုရောင်ဖြစ်သည်။ နှာတံမှာမြင့်ပြီး ဖြောင့်စင်းနေကာ အလွန်ပင် ထင်ရှားလှပြီး နှာခေါင်းထိပ်မှာ ချွန်သဖြင့် သူမမျက်နှာကို ပြတ်သားသော စရိုက်တစ်ခုပေါင်းထည့်ထားသကဲ့သို့ ရှိသည်။ ပါးရိုးများမှာ အနည်းငယ် မြင့်နေပြီး မေးရိုးလိုင်းမှာ ရှင်းလင်းကာ အနည်းငယ် လေးထောင့်ကျကျ ပုံစံမျိုး ဖြစ်၏။ ဆံပင်များမှာ အညိုနုရောင်ဖြစ်ပြီး အနည်းငယ်ကြမ်းကာ လှိုင်းတွန့်လေးများ ရှိသည်။ အသားအရေမှာ ဖြူဖျော့နေပြီး အရှေ့အာရှသားများတွင် တွေ့ရလေ့ရှိသော ဝါဖျော့ဖျော့ သို့မဟုတ် ဖြူဝင်းသော အသားအရောင်မျိုး မဟုတ်ဘဲ စက္ကူအဖြူရောင်နှင့် ဆင်တူသည့် အရောင်မျိုး ဖြစ်သည်။ သို့သော်လည်း သူမအရေပြားမှာ အနည်းငယ် ကြမ်းတမ်းပြီး ခွန်အားရှိသည့် ခံစားချက်ကို ပေးစွမ်း၏။ ဒါနိုင်ငံခြားသူတစ်ယောက်ပဲ။ စုဟယ်မှာ အမှန်တကယ်ပင် အနည်းငယ် စိတ်ရှုပ်ထွေးသွားရသည်။ သူမသည် စာအုပ်စင်ပေါ်မှ စာအုပ်တစ်အုပ်ကို ကျပန်းရွေးချယ်ခဲ့ခြင်းသာ ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် နိုင်ငံခြားဇာတ်ကောင်ကတ်ကို ဆွဲမိလိမ့်မည်ဟု မည်သူသိနိုင်မည်နည်း။
ဇာတ်ကောင်ကတ် - ချည်ငင်သူ
ဇာတ်ကောင် မိတ်ဆက် - ဂရင်းညီနောင် ပုံပြင်များထဲမှ 'ချည်ငင်သူ သုံးဦး' မှ ဖြစ်သည်။
ရှားပါးမှုအဆင့် - သာမန်
လက်ရှိအဆင့် - ကြယ်တစ်ပွင့်
ထင်ရှားသော စွမ်းရည် - ချည်ငင်ခြင်းနှင့် ရက်ကန်းရက်ခြင်း (ပုံပြင်ထဲမှ ချည်ငင်သူ ရက်လုပ်သော အထည်မှာ ထူးခြားသော အရည်အသွေး ရှိပုံရသည် )။
စုဟယ်တွင် ဤဂရင်းညီနောင်ပုံပြင်အပေါ် အမှတ်ရစရာအနည်းငယ် ရှိနေသေးသည်။ ချည်ငင်ရမှာကို အလွန်ပျင်းပြီးအလုပ်ကို အမြဲရှောင်လွှဲတတ်သည့် မိန်းကလေးတစ်ယောက်ရှိခဲ့၏။ သူမအမေမှာ နောက်ဆုံး စိတ်မရှည်တော့ဘဲ အပြစ်ပေးလိုက်ရာမှ သူမ အကျယ်ကြီး အော်ငိုတော့သည်။ ထိုအချိန်တွင် ဘုရင်မကြီးတစ်ပါးမှာ အနားမှ ဖြတ်သွားစဥ် သူမ ငိုသံကို ကြားသဖြင့် ရထားလုံးကို ရပ်ခိုင်းပြီး အကြောင်းရင်းကို မေးမြန်းခဲ့သည်။ မိန်းကလေး၏ အမေမှာ သမီးဖြစ်သူ၏ ပျင်းရိမှုကို မဖော်ပြလိုသဖြင့် လိမ်ပြောလိုက်၏။
"ချည်ငင်တာတွေ အရမ်းများလွန်းလို့ငိုနေတာပါ"
သူမထပ်ပြီး ချည်ငင်ဖို့ လျှော်မျှင်တွေ မဝယ်နိုင်တော့ဘူးဆိုပြီး ဟန်ဆောင်ညည်းညူပြခဲ့သည်။ ဘုရင်မကြီးမှာ ထိုသည်ကိုကြားချိန်တွင် သူမကိုယ်တိုင်မှာလည်း ချည်ငင်ရသည်ကို အလွန်နှစ်သက်ကြောင်းပြောပြီး နန်းတော်၌လျှော်မျှင်များ အလုံအလောက်ရှိ၍ မိန်းကလေးကို နန်းတော်ဆီခေါ်သွားပြီး ချည်ငင်ခိုင်းဖို့ ကမ်းလှမ်းခဲ့၏။ မိန်းကလေး၏အမေမှာလည်း ဝမ်းသာအားရသဘောတူလိုက်သောကြောင့် မိန်းကလေးမှာ နန်းတော်ဆီပါသွားခဲ့ရသည်။ ဘုရင်မကြီးမှာ သူမကိုလျှော်မျှင်များဖြင့်ပြည့်နေသော သိုလှောင်ခန်း သုံးခန်းကို ပြလိုက်ပြီး အဲဒါတွေကို အကုန်ချည်ငင်နိုင်ရင် ဘုရင်မကြီး၏သားကြီးနှင့် လက်ထပ်ပေးမယ်ဟု ပြောခဲ့၏။ မိန်းကလေးမှာ မနားတမ်းချည်ငင်ရင်တောင်လျှင် ဤအလုပ်ကိုမပြီးနိုင်မှန်းသိသောကြောင့် စိတ်ပျက်အားငယ်သွားခဲ့သည်။ တစ်ဦးတည်းရှိနေစဉ်တွင် ထိုမိန်းကလေးမှာ ငိုနေခဲ့ပြီး သုံးရက်တိုင်တိုင်ချည်မငင်ခဲ့ပေ။ တတိယမြောက်နေ့မှာတော့ သူမဟာ ပြတင်းပေါက်နားမှာထိုင်ပြီး စိုးရိမ်တကြီးနဲ့ အပြင်ကို ငေးကြည့်နေခဲ့သည်။ ထိုအချိန်မှာပဲ သူမသည် ထူးထူးခြားခြားပုံစံရှိသည့် အမျိုးသမီး သုံးဦး လျှောက်လာသည်ကို တွေ့လိုက်ရ၏။ တစ်ယောက်မှာ ခြေဖဝါးအလွန်ကျယ်ပြန့်နေပြီး၊ နောက်တစ်ယောက်မှာ အောက်နှုတ်ခမ်း မေးစေ့အထိတွဲကျနေကာ၊ တတိယတစ်ယောက်မှာတော့ လက်မကြီး အလွန်ထူနေ၏။ ချည်ငင်သူ သုံးဦးမှာ မိန်းကလေးကို ဘာကြောင့်ငိုနေတာလဲဟုမေးရာ မိန်းကလေးမှာ သူမအခက်အခဲတွေကို ပြောပြလိုက်သည်။ ချည်ငင်သူသုံးဦးမှာ မိန်းကလေး၏မင်္ဂလာဆောင်ကို သူတို့အားဖိတ်ကြားဖို့၊ သူတို့ကို ဝမ်းကွဲညီအစ်မဟုခေါ်ဖို့နှင့် သူတို့စားပွဲမှာ အတူထိုင်ခိုင်းဖို့ ကတိပေးရင် လျှော်မျှင်တွေအားလုံးကို ကူညီပြီး ချည်ငင်ပေးမည်ဟုကမ်းလှမ်းခဲ့၏။ မိန်းကလေးမှာ ဝမ်းသာအားရ သဘောတူလိုက်တာကြောင့် ချည်ငင်သူ သုံးဦးဟာ အိမ်ထဲဝင်ပြီး အလုပ်စလုပ်ခဲ့ရာ လျှော်မျှင်အားလုံးကို အမြန်ပဲချည်ငင်ပေးနိုင်ခဲ့သည်။ ဘုရင်မကြီးမှာ အလုပ်ဘယ်လောက်ပြီးသလဲ လာစစ်တဲ့အခါတိုင်း မိန်းကလေးမှာ ချည်ငင်သူတွေကို အချိန်မီဖုံးကွယ်ထားပြီး ပြီးစီးသွားသောချည်ခင်တွေကိုသာပြခဲ့၏။ ဘုရင်မကြီးမှာ မိန်းကလေး၏ လုပ်နိုင်စွမ်းကို အလွန်ကျေနပ်သွားပြီး မင်္ဂလာပွဲကို စီစဉ်ပေးခဲ့သည်။
မင်္ဂလာဆောင်နေ့မှာ ချည်ငင်သူသုံးဦးသည် ကတိအတိုင်း ရောက်လာခဲ့ကြရာ သူတို့၏ထူးခြားတဲ့ ရုပ်သွင်တွေကြောင့် လူတွေကြားထဲမှာနာမည်ကြီးသွားခဲ့သည်။ မင်းသားမှာ သူတို့ဘာကြောင့် ဤပုံစံဖြစ်နေရသနည်းဟု စူးစမ်းမေးမြန်းရာ ချည်ငင်သူ တစ်ဦးချင်းစီမှ ၎င်းမှာကာလရှည်ကြာ ချည်ငင်ခဲ့သည့် အကျိုးဆက်တွေဖြစ်ကြောင်း ရှင်းပြခဲ့ကြတယ်။ ခြေဖဝါးကြီးသည်မှာ ချည်ငင်စက် ကို နင်းခဲ့ရလို့၊ အောက်နှုတ်ခမ်းရှည်သည်မှာ လျှော်မျှင်ကြိုးကို လျှာနဲ့ သပ်ခဲ့ရလို့၊ လက်မထူသည်မှာ လျှော်မျှင်ကြိုးကို လိမ်ခဲ့ရလို့ ဖြစ်ကြောင်းပေါ့။ မင်းသားမှာ ဤသည်ကိုကြားသည့်အခါ အလွန်တုန်လှုပ်သွားပြီး သူ့ကြင်ယာတော်ကို နောက်ထပ် ချည်မငင်ခိုင်းဖို့ ဆုံးဖြတ်လိုက်သည်။ ဒါကြောင့် မိန်းကလေးဟာ အလုပ်ကို အောင်မြင်စွာပြီးဆုံးရုံတင်မကဘဲ နောက်ထပ်ချည်ငင်စရာ မလိုတော့သည့် ပျော်ရွှင်စရာဘဝတစ်ခုကိုလည်း ရရှိသွားခဲ့၏။
ယခု စုဟယ်ရှေ့မှ အမျိုးသမီးမှာ ထို 'ချည်ငင်သူ သုံးဦး' ထဲမှ ခြေဖဝါးကြီးသည့် အမျိုးသမီးပင်ဖြစ်သည်။ စုဟယ်သည် သူမဦးနှောက်ဆဲလ်အားလုံးကို အသုံးချကာ သူမမေ့လျော့နေခဲ့သည်မှာကြာပြီဖြစ်သော အသိပညာများကို ပြန်လည် ဖော်ထုတ်လိုက်ပြီး အင်္ဂလိပ်လို ပြောလိုက်သည်။
“မင်္ဂလာပါ၊ ကျွန်မက ဒီနေရာရဲ့ ပိုင်ရှင်ပါ"