← Chapters

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

179

ခြေဖဝါးကြီးကြီးနှင့်အမျိုးသမီးသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ တိုးညင်းစွာ ပြန်လည်ဖြေကြားလိုက်သည်။

"မင်္ဂလာပါ သူဌေး၊ ကျွန်မနာမည် မီနာပါ"

မီနာ၏ ပီသလွန်းလှသော တရုတ်စကားကြောင့် စုဟယ်မှာ အရှက်လွန်း၍ ခြေချောင်းလေးများပင် ကွေးသွားရသည်။ သူမ၏ မပီမသအင်္ဂလိပ်စကားကို ပြောမိသည့်အတွက် နောင်တရမိသွား၏။ သူမကဲ့သို့ အင်္ဂလိပ်စာ အဓိက ကျောင်းသူတစ်ဦးဖြစ်ပါလျက် အလုပ်မရခဲ့ခြင်းမှာ အကြောင်းမဲ့မဟုတ်ဟုပင် တွေးလိုက်မိတော့သည်။ ကတ်ဇာတ်ကောင်ဖြစ်သည့်အလျောက် စနစ်မှာ မည်မျှပင် ကပ်စေးနှဲသည်ပါစေ စုဟယ်နှင့် ဇာတ်ကောင်ကြား ဆက်သွယ်မှု မပြတ်တောက်စေရန် မီနာကို တရုတ်ဘာသာစကား ကျွမ်းကျင်မှု ပေးအပ်ထားခြင်း ဖြစ်သည်။

"မီနာ ရှင့်အတွက် အခန်းတစ်ခန်း ပြင်ပေးထားတယ်၊ ကျွန်မနဲ့ လိုက်ခဲ့ပါ"

စုဟယ်သည် မီနာကို ပထမထပ်ရှိ အခန်းတစ်ခန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ မီနာသည် စုဟယ်နောက်သို့ မည်သည့်ငြင်းဆန်မှုမျှမရှိဘဲ လိုက်ပါလာခဲ့၏။ သူမ၏ ရုပ်သွင်မှာ သေသပ်ခမ်းနားစွာ ပြင်ဆင်မွမ်းမံထားသော ဤအခန်းနှင့် လုံးဝကို ကိုက်ညီမှုမရှိပေ။ သူမသည် ကြမ်းတမ်းသော လျှော်မျှင်ထည်အဝတ်အစားများကို ဝတ်ဆင်ထားပြီး ၎င်းတို့မှာ အလွန်ပင် သန့်ရှင်းသော်လည်း ရိုးရှင်းလွန်းလှသည်။ ယခုကဲ့သို့ ရာသီဥတု အေးစပြုလာချိန်တွင်ပင် မီနာမှာ ရိုးရှင်းသည့် လျှော်မျှင်ထည် တစ်စုံဖြင့်သာ ရှိနေသေးရာ ပတ်ဝန်းကျင်နှင့် ပို၍ပင် ကွဲပြားနေတော့၏။ မီနာသည် ခြေဗလာနှင့်ဖြစ်ပြီး သူမ၏ ခြေဖဝါးကြီးများမှာ တည်းခိုခန်း၏ ချောမွေ့သော ကြမ်းပြင်ပေါ်တွင် အသံမြည်နေသည်။ ဤခြေဖဝါးကြီးများသည် ရက်ကန်းစင်၏ ခြေနင်းခုံပေါ်တွင် မရေမတွက်နိုင်အောင် အလုပ်လုပ်ခဲ့ရပြီး နေထွက်ချိန်မှနေဝင်ချိန်တိုင်အောင် လုပ်ကိုင်ခဲ့ရသည့် နေ့ရက်များစွာ၏ သက်သေများပင် ဖြစ်သည်။ မီနာ၏ မျက်နှာတွင် အချိန်ကာလနှင့် နေရောင်ခြည်ဒဏ်တို့ကြောင့် ဖြစ်ပေါ်လာသော အရေးအကြောင်းများမှာ နက်ရှိုင်းစွာ ထင်ကျန်နေပြီး အရေးအကြောင်းတိုင်းမှာ သူမ၏ ဇာတ်လမ်းကို ပြောပြနေသကဲ့သို့ရှိ၏။ သူမ၏ မျက်လုံးများမှာ သိပ်မကြီးဘဲ အနည်းငယ် စွေနေကာ ၎င်းမှာ နှစ်ပေါင်းများစွာ အပ်ချည်မျှင်များကို စိုက်ကြည့်ခဲ့ရခြင်းနှင့် အပ်ပေါက်ထိုးခဲ့ရခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ဝေဒနာတစ်ခုပင်ဖြစ်သည်။ သူမနှုတ်ခမ်းများမှာ အမြဲတစေ စေ့ထားတတ်၏။

အခန်းထဲသို့ ရောက်ပြီးနောက်တွင်လည်း မီနာ၏ နှုတ်ခမ်းများမှာ တင်းတင်းစေ့ထားဆဲပင်။ သူမသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း အခန်း၏ ထောင့်စွန်းတိုင်းတွင် အကြည့်များဝေ့ဝဲနေသည်။ အပြင်ပန်းတွင် တည်ငြိမ်နေသယောင် ရှိသော်လည်း အမှန်တကယ်တွင်မူ ဤနေရာရှိ အရာအားလုံးအပေါ် စူးစမ်းလိုစိတ်များ ပြည့်နှက်နေခြင်းဖြစ်၏။ စုဟယ် မမြင်နိုင်သည့် ထောင့်တစ်နေရာတွင် သူမသည် အခန်းတွင်းရှိ နူးညံ့သော အိပ်ရာခင်းများမှ ချောမွေ့သော စားပွဲတင်ခုံအထိ အရာအားလုံးကို ဂရုတစိုက် ကိုင်တွယ်ကြည့်ရှုနေသည်။ သူမ၏ လက်ချောင်းလေးများသည် ထိုပစ္စည်းများပေါ်တွင် အသာအယာ လျှောသွားရင်း သူမ၏ ယခင်ဘဝနှင့် လုံးဝကွဲပြားခြားနားသော အထိအတွေ့များကို ခံစားနေမိ၏။ သူမ၏ လှုပ်ရှားမှုများမှာ အနည်းငယ် ကို့ရိုးကားယား နိုင်လှသည်မှာ သေချာပါသည်။ သူမသည် ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးနှင့် မရင်းနှီးသေးပေ။ သို့သော် သူမ၏ နှလုံးသားထဲတွင်မူ အသစ်အဆန်းများကို လိုလားတောင့်တမှုနှင့် မသိသေးသော ကမ္ဘာသစ်ကို စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။ စုဟယ်မှ အခန်းအကြောင်း ရှင်းပြနေစဉ် သူမသည် အလွန်ပင် အာရုံစိုက်ကာ နားထောင်နေခဲ့၏။ မီနာသည် ကုတင်အနားတွင် အသာအယာ ထိုင်ချလိုက်ပြီး လက်ဖြင့် အိပ်ရာခင်းကို ထိတွေ့လိုက်သည်။ သူမ အံ့အားသင့်သွားရမှာ ဤမျှ နူးညံ့သော အိပ်ရာခင်းမျိုးသည် အဆင့်မြင့်လှသော ဂွမ်းချည်မျှင်များဖြင့် ရက်လုပ်ထားရမည်ဖြစ်သည်။ စုဟယ်မှာ စကားပြောလွန်း၍ လည်ချောင်းပင် ခြောက်လာသော်လည်း မီနာမှာမူ နှုတ်ခမ်းကိုသာ အမြဲစေ့ထားသည်ကို မြင်နေရသည်။ စုဟယ်အနေဖြင့် မီနာ နားလည်ပါ့မလား။ စနစ်ပေးထားသော တရုတ်စကားမှာရော စိတ်ချရပါ့မလားဟု စိုးရိမ်နေမိ၏။ စုဟယ် စိုးရိမ်နေစဉ်မှာပင် မီနာ စကားစလာသည်။

"ကျွန်မ ဘယ်တော့ ရက်ကန်းစရက်ရမလဲ"

အခန်းတွင်းရှိ အသုံးအဆောင်များကို မြင်ပြီးနောက် မီနာသည် ဂွမ်းထည်များကို ရက်လုပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

"ရက်ကန်း"

စုဟယ် တိုးတိုးလေး ရေရွတ်လိုက်သည်။ ရက်ကန်းရက်ခြင်းအကြောင်း ပြောလိုက်သည်နှင့် မီနာတွင်ယုံကြည်ချက်အချို့ ရှိလာ၏။ သူမသည် လျှော်မျှင်ထည် ရက်လုပ်ရာတွင် အထူးကျွမ်းကျင်သော အဆင့်မြင့် ရက်ကန်းသည်တစ်ဦး ဖြစ်သည်။ သူမ၏ လျှော်မျှင်ရက်လုပ်ခြင်း နည်းပညာမှာ အလွန်ပင် ကောင်းမွန်လှရာ သူမ၏ လက်များတွင် မှော်ပညာ ရှိသကဲ့သို့ပင် ကြမ်းတမ်းသော လျှော်မျှင်များကို နူးညံ့သိပ်သည်းပြီး ခိုင်ခံ့သော အထည်များအဖြစ် ပြောင်းလဲပေးနိုင်သည်။ ရက်ကန်းစင်ရှေ့တွင် မီနာမှာ ပညာရှင်တစ်ဦးနှင့် တူလှ၏။ သူမ၏ ကျွမ်းကျင်သော လက်များနှင့် ပြောင်မြောက်သော နည်းပညာကို အသုံးချကာ ရိုးရှင်းသည့် လျှော်မျှင်များကို လှပသော လက်ရာများအဖြစ် ပြောင်းလဲပေးတတ်သည်။ ရက်ကန်းစင်မှာ သူမ၏ပန်းချီကားချပ် ဖြစ်ပြီး လျှော်မျှင်များမှာ သူမ၏ စုတ်တံပင်ဖြစ်၏။ မီနာသည် ရက်ကန်းရက်သည့်အခါ အမြဲတစေ အာရုံစူးစိုက်ထားတတ်သည်။ သူမ၏ မျက်လုံးများသည် ရက်ကန်းစင်၏ အသေးစိတ်အချက်တိုင်းကို စိုက်ကြည့်နေပြီး လက်ချောင်းများမှာ ချုပ်စက်နှင့်‌ခြေနင်းများကို သွက်လက်စွာ ထိန်းချုပ်ကာ တစ်ချက်ချင်းစီကို တိကျစွာ ပြုလုပ်သည်။ လျှော်မျှင်များကို ဖြန့်ဖြူးခြင်း၊ အပ်ချည်ထည့်ခြင်း၊ အထုံးချည်ခြင်းမှသည် ရက်လုပ်ခြင်းအထိ အဆင့်တိုင်းကို သူမသည် ကျွမ်းကျင်စွာ အစအဆုံး ပြုလုပ်နိုင်၏။

မီနာ ရက်လုပ်သော လျှော်မျှင်ထည်အသားမှာ ထင်ရှားပြီး အထိအတွေ့ နူးညံ့ကာ အထူးပင် ခိုင်ခံ့လှသည်။ သူမသည် အသုံးပြုမည့် ပုံစံပေါ် မူတည်၍ ရက်လုပ်မှု၏ သိပ်သည်းဆနှင့် ပုံသဏ္ဌာန်ကို ချိန်ညှိပေးနိုင်၏။ အဝတ်အထည်များအတွက်ဖြစ်စေ အိမ်သုံး အသုံးအဆောင်များအတွက်ဖြစ်စေ သူမ ရက်လုပ်သော လျှော်မျှင်ထည်မှာ အမြဲတမ်း အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်သည်။ ထို့အပြင် သူမသည် လျှော်မျှင်များ၏ သဘာဝအရောင်များကို အသုံးပြုကာ ပုံဖော်ထားသော အထည်စများကိုလည်း ရက်လုပ်တတ်သေးသည်။ သူမသည် ဂွမ်းထည်များကိုလည်း ရက်လုပ်နိုင်သော်လည်း ဂွမ်းချည်မျှင်များမှာ ဈေးကြီးသဖြင့် သူမကိုယ်တိုင် ကိုင်တွယ်အလုပ်လုပ်ရန် အခွင့်အရေး ရှားပါးခဲ့၏။ ဒဏ္ဍာရီလာ ပိုးချည်မျှင်များကိုမူ နန်းတော်ထဲတွင် မြင်တွေ့ခွင့်ရခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူမ၏ လက်များမှာ ကြမ်းတမ်းလွန်းလှသဖြင့် တန်ဖိုးကြီးလှသော ပိုးထည်ဝတ်ရုံများကို မတော်တဆ ငြိမိသွားနိုင်ပေသည်။

"ဟုတ်ကဲ့၊ တကယ်လို့ ဂွမ်းထည်ဆိုရင်တော့ ကျွန်မရဲ့ ရက်လုပ်နှုန်းက နည်းနည်း နှေးပါလိမ့်မယ်၊ ဒါပေမဲ့ တစ်ရက်ကို အထည်တစ်လိပ်တော့ ပြီးနိုင်ပါတယ်"

မီနာသည် ဂွမ်းထည်များကို ရက်လုပ်ရန် စိတ်အားထက်သန်နေသည်။ စုဟယ်မှာ အနည်းငယ် အခက်တွေ့သွားရ၏။

"မီနာ အခုလောလောဆယ် ကျွန်မတို့တည်းခိုခန်းမှာ ရက်ကန်းစင် မရှိသေးဘူးဖြစ်နေတယ်၊ ခဏလောက် စောင့်ပေးလို့ရမလား"

မီနာမှာ အသစ်ရောက်လာသူဖြစ်ပြီး သူမ၏ယုံကြည်မှုကို ပြန်လည်ရရှိရန် သူမနှင့် ရင်းနှီးသည့် အလုပ်မျိုးကို သေချာပေါက် လိုအပ်သည်။ သူမကို တိုက်ရိုက်ငြင်းပယ်လိုက်ပါလျှင် မီနာ စိတ်ဓာတ်ကျသွားပေလိမ့်မည်။ ထို့အပြင် မီနာ ရက်လုပ်သော ဂွမ်းထည်များကို ဆိုင်ရှိအိပ်ရာခင်းများနှင့် စောင်စွပ်များအဖြစ် အသုံးပြုနိုင်သောကြောင့် စုဟယ်သည် မီနာကို ရက်ကန်းမရက်ဘဲ တခြားအလုပ်လုပ်ရန် အတင်းအကျပ် ခိုင်းစေမည်မဟုတ်ပေ။

"ကျွန်မအဆင့်မြင့် ဂွမ်းချည်မျှင်တချို့ ဝယ်ပေးမယ်၊ ကုတင်ပေါ်က အိပ်ရာခင်းတွေနဲ့ လိုက်ဖက်အောင် ရှင်ရက်လုပ်နိုင်ပါတယ်"

စုဟယ်မှာ သူမကို စိတ်အေးအောင် ပြောလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ရက်ကန်းဆက်ရက်နိုင်မည်ဟု ကြားလိုက်ရသောအခါ မီနာ၏ တည်ငြိမ်နေသော မျက်နှာတွင် အနည်းငယ် တက်ကြွသည့် အရောင်အဝါလေး ပေါ်လာ၏။

"ဂွမ်းချည်မျှင်တွေ မလိုပါဘူး၊ ဂွမ်း သက်သက်ဆိုရပါပြီ"

သူမသည် ဂွမ်းမှချည်မျှင်များကို ထုတ်ယူနိုင်ပြီး သူမ ထုတ်ယူလိုက်သည့် ချည်မျှင်များမှာ သေးသွယ်ကာ အရည်အသွေး ကောင်းမွန်မည် ဖြစ်သည်။ မီနာ မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်၏။

"ကျွန်မ အခန်းတွေလည်း သန့်ရှင်းရေး လုပ်နိုင်ပါတယ်၊ စိုက်ပျိုးရေးလည်း လုပ်တတ်တယ် ကျွန်မ"

စုဟယ်သည် မီနာ၏ခံစားချက်ကို အပြည့်အဝ နားလည်ပါသည်။ အသစ်ရောက်လာခါစ ဟုန်လျန်နှင့် မစ္စကျိတို့သည်လည်း သူမကဲ့သို့ပင် လုပ်စရာ အလုပ်တစ်ခုခုကို အသည်းအသန် ရှာဖွေခဲ့ကြသည် မဟုတ်ပါလား။

"ခဏလောက် အသားကျအောင် နေပါဦး၊ တခြား ကတ်ဇာတ်ကောင်တွေကိုလည်း ရှင်နဲ့စကားပြောဖို့ ကျွန်မခေါ်ပေးပါ့မယ်"

ထိုသို့ပြောပြီးနောက် စုဟယ်သည် မီနာအတွက် အဝတ်အစားများသွားဝယ်ပေးခဲ့သည်။ လျှော်မျှင်ထည်ဝတ်စုံတစ်စုံတည်းနှင့် မလုံလောက်သည်မှာ သေချာသလို မီနာအတွက် ဖိနပ်ကိုလည်း သေသေချာချာ ရှာပေးရန် လိုအပ်သည်။ မီနာသည် အရပ် (၁.၇) မီတာ မြင့်ပြီး သူမ၏ ခြေဖဝါးများမှာ သာမန်ထက် ပိုကြီးသဖြင့် ဖိနပ်ဆိုဒ် (၄၃) ခန့် လိုအပ်၏။ ထို့အပြင် သူမ၏ ခြေဖဝါးများမှာ အတော်ပင် ကျယ်သဖြင့် ဖိနပ်မှာ ပို၍ပင်ချောင်ချိရန်လိုပေလိမ့်မည်။ စုဟယ်သည် ဈေးသို့သွားရန် စီစဉ်လိုက်သည်။ အကယ်၍ လုံးဝ ရှာမရပါက အမျိုးသားဝတ်ဖိနပ်ကိုသာ ဝယ်ပေးရန် စဉ်းစားလိုက်၏။

အခန်းထဲတွင် ကျန်ရစ်ခဲ့သော မီနာ၏မျက်နှာမှာ ပြေလျော့သွားသည်။ သူမသည် နောက်ဆုံးတွင် ဤအခန်းကို သေသေချာချာ စူးစမ်းကြည့်ရှုနိုင်ပြီ ဖြစ်၏။ ဤနေရာမှာ တကယ့်ကိုဇိမ်ကျလွန်းလှသည်။ သူမ ရောက်ခဲ့ဖူးသော နန်းတော်ထက်ပင် ပို၍ခမ်းနားနေသယောင် ရှိသည်။ ဤအခန်းမှာ သူမအတွက် ကမ္ဘာသစ်တစ်ခုပင်ဖြစ်၏။ ကျယ်ဝန်းလှသော နေရာကြောင့် သူမမှာ အနည်းငယ် မိန်းမောသွားရပြီး ၎င်းမှာ သူမ ယခင်နေထိုင်ခဲ့သည့် ရိုးရှင်းလှသော သစ်သားတဲလေးနှင့် သိသိသာသာ ဆန့်ကျင်ဘက် ဖြစ်နေသည်။

လင်းထိန်နေသော ပြတင်းပေါက်များမှတစ်ဆင့် နွေးထွေးသော နေရောင်ခြည်များ ဝင်ရောက်လာပြီး သေသေသပ်သပ် ပြင်ဆင်ထားသည့် အခန်းကို လင်းလက်စေကာ ထောင့်တိုင်းတွင် သက်ဝင်လှုပ်ရှားမှုနှင့် နွေးထွေးမှုများကို ဖြည့်ဆည်းပေးထားသည်။ ကုတင်ပေါ်တွင် အဆင့်မြင့် အိပ်ရာခင်းများနှင့် နူးညံ့လှသော အသုံးအဆောင်များ ရှိနေ၏။ နူးညံ့သောအထိအတွေ့ကြောင့် သူမ၏ လက်များမှာ မသိစိတ်ဖြင့် ခေတ္တရပ်တန့်သွားရသည်။ ဤမျှ သက်သောင့်သက်သာရှိသော ကုတင်မျိုးကို သူမ တစ်ခါမျှ မကြုံဖူးခဲ့ပေ။ အရင်ကဆိုလျှင် သူမသည် ကြမ်းတမ်းလှသော လျှော်မျှင်ပုံများပေါ်တွင်သာ လဲလျောင်းကာ လျှော်မျှင်ထည်များဖြင့် ကိုယ်ကိုပတ်ပြီး ခဏတာ အနားယူခဲ့ရသည် မဟုတ်ပါလား။

သူမကို ပို၍ အံ့အားသင့်စေသည်မှာ ရေချိုးခန်းထဲရှိ ရေဘုံဘိုင်ကို အသာအယာ လှည့်လိုက်သောအခါ နွေးထွေးသော ရေများ ချက်ချင်းထွက်ပေါ်လာခြင်းပင်။ အမြဲတမ်း ရေအေးဖြင့်သာ ဆေးကြောတတ်သော မီနာအတွက် ရေနွေးကို အလွယ်တကူရရှိခြင်းမှာ ဇိမ်ခံမှုတစ်ခုပင်ဖြစ်သည်။ သူမသည် ရေဘုံဘိုင်ရှေ့တွင်ရပ်ကာ နွေးထွေးသော ရေငွေ့များကို ခံစားရင်း နှလုံးသားထဲတွင် တစ်ခါမှမခံစားဖူးသော စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့သည်။ ထို့ပြင် ခလုတ်တစ်ချက်နှိပ်ရုံဖြင့် လင်းထိန်သွားသော မှော်ဆန်သည့် မီးဆိုင်းကြီးလည်းရှိနေသေးရာ ၎င်းမှာ သူမအနေဖြင့် ညဘက်တွင်ပါ ဂွမ်းထည်များကို ရက်လုပ်နိုင်မည်ဟု အဓိပ္ပာယ်ရသည်။ ဤဇိမ်ခံမှုနှင့် သက်သောင့်သက်သာရှိမှုအားလုံးသည် မီနာကို သာယာယစ်မူးမသွားစေဘဲ သူမအတွင်းစိတ်ထဲ၌ ပိုမိုခိုင်မာသော ဆုံးဖြတ်ချက်နှင့် တက်ကြွမှုများကိုသာ ဖြစ်ပေါ်စေခဲ့၏။ အရင်က သူမသည် ရက်ကန်းရက်ရုံမှတစ်ပါး တခြားဘာမှမရှိသည့် ရုပ်ဆိုးဆိုးအမျိုးသမီးတစ်ဦးသာဖြစ်ခဲ့သည်။ သူမသည် နေရာအနှံ့တွင် ရက်ကန်းရက်ပေးခဲ့ဖူးပြီး သူမကို ငှားရမ်းသူများမှာ သူမကို စက်ရုပ်တစ်ရုပ်ကဲ့သို့သာ သဘောထားခဲ့ကြ၏။ မီနာမှာ သူမတန်ဖိုးကို သက်သေပြရန်နှင့် ရှင်သန်နိုင်ရန်အတွက် မနားတမ်း ရက်ကန်းရက်နေရုံသာ ရှိခဲ့သည်။ ထို့ကြောင့်ပင် သူမသည် မိန်းကလေးငယ်နှင့် တွေ့ဆုံသောအခါ နန်းတော်ကို သွားကြည့်ရန် အကြံပေးခဲ့ခြင်းဖြစ်သည်။ သူမသည်လည်း ထိုလှပသောဘဝများကို တောင့်တခဲ့သည် မဟုတ်ပါလား။ ယခုအခါတွင်မူ ဤကမ္ဘာ၌ သူမ၏ ယခင်ဘဝထက် ပိုမိုလှပသောအရာများ ရှိနေကြောင်း သူမ သဘောပေါက်သွားခဲ့ပြီပင်။ ၎င်းမှာ သူမ၏ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ဤနေရာတွင် ဆက်နေရမည်ဟူသော ယုံကြည်ချက်ကို ပိုမိုခိုင်မာစေခဲ့သည်။ သူမသည် ဤတည်းခိုခန်းတွင်သာ ဆက်၍ နေထိုင်ချင်ပါတော့သည်။

180

"အစ်မမီနာ၊ ကျွန်တော့်အတွက် အချိန်လေး မှတ်ပေးထားပါဦးဗျ"

ရက်အနည်းငယ်ကြာ အတူတူ အလုပ်လုပ်ပြီးနောက် လီရှီသည် မီနာနှင့် လုပ်ငန်းတာဝန်များကို ကောင်းမွန်စွာ ညှိနှိုင်းဆောင်ရွက်နိုင်နေပြီ ဖြစ်သည်။ အစပိုင်းတွင် မီနာကိုမြင်စဉ် သူတော်တော် အံ့ဩသွားရသည်။ သူဌေး ဒီနိုင်ငံခြားသူကို ဘယ်နေရာမှ ရှာလာပါလိမ့်ဟု တွေးမိခဲ့၏။ သို့သော် မီနာ စကားပြောလိုက်သည့်အခါတွင်မူ လီရှီမှာ အံ့သြလွန်း၍ ပါးစပ်ပင် အဟောင်းသား ဖြစ်သွားရသည်။ မီနာမှာ တရုတ်စကား ပြောတတ်နေသည် မဟုတ်ပါလား။ စုဟယ်သာ လီရှီကို သတိပြန်ဝင်လာအောင် လုပ်ပေးခဲ့ရသည်။

"မီနာက တရုတ်စကား မပြောတတ်ရင် ငါတို့က ဘာလို့ သူ့ကို အလုပ်ခန့်မှာလဲ "

"ဪ ဟုတ်သားပဲ"

လီရှီ ချက်ချင်း သဘောပေါက်သွားသည်။ သူဌေးပြောတာ အတော်လေး ယုတ္တိရှိပေ၏။ ထို့နောက်တွင်မူ လီရှီသည် ထိုစူးစမ်းလိုစိတ်ကို ဘေးဖယ်ထားလိုက်တော့သည်။ မီနာမှာ သူ့ထက် ဘာမှမထူးခြားပေ။ သူမသည်လည်း သာမန် အလုပ်သမားတစ်ယောက်သာ ဖြစ်သည်။ သူတို့နှစ်ဦးလုံး ဧည့်ကြိုကောင်တာတွင် တာဝန်ကျကြသည်။ လီရှီမှာ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် လုပ်ပြီး မီနာမှာ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတွင် လုပ်၏။ မွန်းလွဲပိုင်းမှာ တည်းခိုခန်း ဧည့်ကြိုကောင်တာတွင် အလုပ်အရှုပ်ဆုံး အချိန်ဖြစ်ရာ မိနာ၏ အကူအညီကြောင့် လီရှီမှာ အလုပ်သက်သာသွားရသည်။

"လီ၊ ဒါ မှန်ရဲ့လား "

မိနာ မှတ်တမ်းစာအုပ်ကို လီရှီအား ကမ်းပေးလိုက်သည်။ လီရှီမှာ ခေတ္တနားကာ ရေသောက်လိုက်ရင်း ဆို၏။

"ဟုတ်ကဲ့ အဲဒီအတိုင်း မှတ်ရတာ၊ မှတ်ပြီးသွားရင် ဒီပုံစံကို ဓာတ်ပုံရိုက်ပြီး မစ္စကျိဆီပို့ပေးဖို့ မမေ့နဲ့ဦးနော်၊ သူက ဒီည ဧည့်သည်အတွက် လုပ်ပေးရမယ့် မွေးနေ့အခမ်းအနားအတွက် ဒါကိုလိုတယ်၊ ပြီးတော့ ဒီည ဧည့်သည်တွေကို အချိန်အစီအစဉ်အလိုက် လမ်းညွှန်ပေးဖို့လည်း မှတ်ထားပါဦး"

လီရှီမှာ မီနာကို စိတ်ရှည်လက်ရှည် လမ်းညွှန်ပေးနေခြင်းဖြစ်သည်။ တည်းခိုခန်း ဧည့်ကြိုကောင်တာတွင် အလုပ်လုပ်ခြင်းမှာ မီနာအတွက်တော့ စိန်ခေါ်မှုအသစ်ပင်။ သူမ၏လှုပ်ရှားမှုများမှာ အနည်းငယ် ကို့ရိုးကားယားနိုင်ပြီး အရာရာကို လျင်မြန်စွာ သင်ယူနိုင်စွမ်း မရှိပေ။ တခြားသူများ သုံးလေးကြိမ်လောက် စိတ်ရှည်လက်ရှည် ထပ်ကာထပ်ကာ ရှင်းပြပေးမှသာ သူမမှာ ဖြည်းဖြည်းချင်း နားလည်သဘောပေါက်တတ်သည်။ ကံကောင်းသည်မှာ လီရှီသည် သိမ်မွေ့ပြီး စေ့စပ်သေချာသူ တစ်ဦး ဖြစ်နေခြင်းပင်။ လီရှီတွင် ရိုးသားသော အမျိုးသားတစ်ဦး၏ စိတ်ရင်းစေတနာရှိရုံတင်မကဘဲ အလွန်ပင် စိတ်ရှည်တတ်သူလည်း ဖြစ်ရာ မီနာ၏ နှေးကွေးသော သင်ယူမှုအပေါ် တစ်ခါမျှ စိတ်မတိုခဲ့ပေ။ လီရှီ၏ ဂရုတစိုက် လမ်းညွှန်မှုအောက်တွင် မီနာသည် တည်းခိုခန်း ဧည့်ကြိုကောင်တာ၏ အခြေခံ လုပ်ငန်းစဉ်များကို တဖြည်းဖြည်း သင်ယူတတ်မြောက်လာခဲ့၏။ ဧည့်သည်များကို ဘယ်လိုနှုတ်ဆက်ရမည်။ အခန်းအဝင်အထွက် စာရင်းများကို ဘယ်လို ကိုင်တွယ်ရမည်နှင့် ဧည့်သည်များ၏ မေးမြန်းမှု အမျိုးမျိုးကို ဘယ်လိုဖြေကြားရမည်ဆိုသည်တို့ကို သူမ သင်ယူခဲ့သည်။ သူမအတွက် သင်ယူမှုဖြစ်စဉ်မှာ မလွယ်ကူသော်လည်း မီနာ၏ စိတ်နေစိတ်ထားမှာ အလွန်ပင် လေးနက်လှပြီး သင်ယူခွင့်ရသည့် အခွင့်အရေးတိုင်းကို အမြတ်တနိုး တန်ဖိုးထား၏။

မီနာသည် မိမိကိုယ်ကိုသင်ယူမှုနှေးသူတစ်ဦးမှန်း သိသော်လည်း တစ်ခါမျှ လက်မလျှော့ခဲ့ပေ။ သူမသည် လီရှီ၏ ရှင်းပြချက်များကို အမြဲအာရုံစိုက်နားထောင်ကာ အသေးစိတ်အချက်တိုင်းကို သူမ၏မှတ်တမ်းစာအုပ်ထဲတွင် ဝီရိယရှိရှိ မှတ်သားထားတတ်သည်။ ရက်အနည်းငယ်အတွင်းမှာပင် ထိုစာအုပ်မှာ ပြည့်လုနီးပါးဖြစ်နေပြီဖြစ်၏။ သူမသည် တစ်ခါမျှ ဟန်ဆောင်ပန်ဆောင်မလုပ်ခဲ့ဘဲ ဤကျွမ်းကျင်မှုများကို တကယ်ပင် သင်ယူလိုခြင်း ဖြစ်သည်။ လီရှီမှာ လုပ်ငန်းစဉ်တစ်ခုကို ရှင်းပြပြီးတိုင်း မီနာသည် သူမ၏မှတ်တမ်းစာအုပ်ထဲတွင် ကျွမ်းကျင်ပိုင်နိုင်စွာ မလုပ်နိုင်မချင်း ထပ်ခါတလဲလဲ လေ့ကျင့်နေတတ်သည်။ မီနာ၏ မှတ်တမ်းစာအုပ်မှာ သူမ၏တန်ဖိုးအရှိဆုံး သင်ယူမှုကိရိယာ ဖြစ်လာ၏။ အားလပ်သည့် အချိန်တိုင်းတွင် သူမသည် ထိုစာအုပ်ကို ထုတ်ကာ ဧည့်ကြိုကောင်တာ၏ လုပ်ငန်းစဉ်များကို ထပ်ခါတလဲလဲ ပုံဖော်လေ့ကျင့် သည်။ ဧည့်သည်ကို နှုတ်ဆက်ပုံ၊ လုပ်ထုံးလုပ်နည်းများ လုပ်ဆောင်ပုံနှင့် ဧည့်သည်၏ မေးခွန်းများကို ဖြေကြားပုံများအထိ သူမသည် တကယ့်ဧည့်သည်နှင့် ရင်ဆိုင်နေရသကဲ့သို့ အကောင်းဆုံးဖြစ်အောင် လေ့ကျင့်၏။

မီနာ၏တိုးတက်မှုကို မြင်ရသည့်အခါ လီရှီမှာ အလွန်ပင် ဝမ်းသာပီတိဖြစ်ရသည်။ မီနာသည် သင်ယူမှုနှေးသော်လည်း သူမ၏ ကြိုးစားအားထုတ်မှုနှင့် ဇွဲလုံ့လမှာ ချီးကျူးစရာ ကောင်းလှမှန်း သူသိ၏။ မီနာကိုကြည့်ရသည်မှာ မိမိ၏အမေကို မြင်နေရသကဲ့သို့ပင် သူတို့မှာ အသက်ချင်းလည်း သိပ်မကွာလှပေ။ လီရှီ၏မိခင်မှာလည်း ကျောင်းကြာကြာမနေခဲ့ရဘဲ လျှပ်စစ်ပစ္စည်းများအကြောင်း လုံးဝနားမလည်သည့် သာမန်အမျိုးသမီးတစ်ဦးဖြစ်ပြီး မီနာသည်လည်း ထိုနည်းအတိုင်းပင်။ ထို့ကြောင့် လီရှီသည် မီနာကို လျှပ်စစ်ပစ္စည်းများ အသုံးပြုပုံ သင်ပေးသည့်အခါ ပို၍ပင် စိတ်ရှည်ပေးခဲ့သည်။ မီနာသည် ထိုသင်ယူခွင့်ကို အမြတ်တနိုး တန်ဖိုးထား၏။ မေ့သွားမည်ကို စိုးရိမ်သဖြင့် သူမသည် ဖုန်းနှင့် ကွန်ပျူတာပေါ်ရှိ App တချို့ကို သူမကိုယ်တိုင်သာ နားလည်သည့် သင်္ကေတများဖြင့် ဆွဲသားထားပြီး တစ်ဆင့်ချင်းစီကို စူးစမ်းလေ့လာသည်။ ယခုအခါတွင် မီနာသည် ဖုန်းနှင့် ကွန်ပျူတာ အသုံးပြုပုံ အခြေခံများကို အတော်အတန် ကျွမ်းကျင်နေပြီ ဖြစ်သည်။ သူမ၏ ဖုန်းကို ဖြည်းဖြည်းချင်း ထုတ်ကာ လုပ်ငန်းစဉ်များကို ပြန်လည်စဉ်းစားရင်း မစ္စကျိဆီသို့ ဓာတ်ပုံပေးပို့လိုက်သည်ကို လီရှီစောင့်ကြည့်နေမိ၏။ ယခုဆိုလျှင် သူသည် မီနာအပေါ် စူးစမ်းလိုစိတ် သို့မဟုတ် ထူးဆန်းသည့် ခံစားချက်မျိုး မရှိတော့ပေ။ ထို့ပြင် မီနာသည် တီရှပ်နှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားကာ လျှော်မျှင်ထည် ခေါင်းစည်းပုဝါကို စည်းနှောင်ပြီး သူမ၏ အညိုရောင် ဆံပင်များကို စုစည်းထားသည်။ အကယ်၍ မီနာ၏ မျက်လုံးများကိုသာ မကြည့်လျှင် သူမ၏ လက်ရှိဝတ်စုံမှာ နိုင်ငံခြားသူတစ်ဦးထက် တရုတ်တိုင်းရင်းသား လူနည်းစုဝင်တစ်ဦးနှင့် ပို၍ပင် တူနေတော့၏။

ဧည့်ကြိုကောင်တာသို့ စာရင်းလာသွင်းကြသော လူအများစုမှာလည်း မီနာကို နိုင်ငံခြားသူတစ်ဦးမှန်း သတိမပြုမိကြပေ။ အထူးသဖြင့် မီနာမှတရုတ်စကားပြောလိုက်သည့်အခါမျိုးတွင် ဖြစ်သည်။ မီနာ၏တရုတ်စကားမှာ အလွန်ပင် စံနှုန်းမီလှ၏။ တောင်ပိုင်း လေယူလေသိမ်းဖြင့် စကားပြောတတ်ကြသော စုဟယ်နှင့် လီရှီတို့၏ တရုတ်စကားထက်ပင် ပို၍ စံနှုန်းမီနေသေးသည်။ အလုပ်ချိန် လွှဲပြောင်းပြီးနောက် လီရှီသည် အညောင်းဆန့်ကာ အိမ်ပြန်ရန် ပြင်လိုက်သည်။ ထိုစဉ်မှာပင် မီနာမှာ ဘေးမှ အိတ်တစ်အိတ်ကို ထုတ်ကာ လီရှီအား ကမ်းပေးလိုက်၏။

"လီ၊ ဒါက ကျွန်မကိုယ်တိုင် ချုပ်ထားတဲ့ အဝတ်အစားတွေပါ၊ ရှင့်အတွက် "

မီနာကိုယ်တိုင် ချုပ်ထားသည့် လက်ရှည် လည်ဝိုင်းတီရှပ်တစ်ထည်ကို ထုတ်ပြလိုက်သည်။ လီရှီမှာ ကြောင်သွားပြီး အဝတ်အစားကို လှမ်းယူလိုက်၏။

"အစ်မမီနာ၊ ဒါကို အစ်မကိုယ်တိုင် လုပ်ထားတာလား"

ဤလက်ရှည် လည်ဝိုင်းအဖြူရောင် တီရှပ်မှာ မည်သည့် အညစ်အကြေးမျှ မရောယှက်ဘဲ သဘာဝ ဂွမ်းအရောင်အတိုင်းဖြစ်သော အဖြူရောင်ဖျော့ဖျော့တိုင်း ရှိနေသည်။ ထို့ကြောင့် အချို့နေရာများတွင် အရောင်အနည်းငယ် ကွဲပြားမှုရှိနေပြီး ၎င်းမှာ ပို၍ သဘာဝကျသော ခံစားချက်ကို ပေးစွမ်း၏။ တီရှပ်၏ အသားမှာ ဂွမ်းစစ်စစ် ဖြစ်ရာ လက်ဖြင့် အသာအယာ ထိတွေ့လိုက်ရုံနှင့် နူးညံ့သိမ်မွေ့မှုကို ခံစားရသည်။ ဤအထိအတွေ့မှာ လူကို ပါးပြင်နှင့် ကပ်ကြည့်ချင်စိတ် ပေါက်အောင်ပင် လုပ်ဆောင်နေပြီး အသားအရေနှင့် ထိတွေ့ရသည့် ထိုထူးခြားသော ခံစားမှုကို ရရှိစေသည်။ ဂွမ်းစစ်စစ် အသားမှာ တီရှပ်ကို လေဝင်လေထွက် ကောင်းစေရုံတင်မကဘဲ ဝတ်ဆင်ရာတွင်လည်း သက်သောင့်သက်သာရှိမှုကို အာမခံချက် ပေး၏။ ပူပြင်းသည့် နွေရာသီနေ့ရက်များတွင်ပင် အသားအရေကို ခြောက်သွေ့စေပြီး အိုက်စပ်စပ် ဖြစ်ခြင်းမှ ကာကွယ်ပေးသည်။ တီရှပ်၏ ပုံစံမှာ ရိုးရှင်းပြီး ခန့်ညားလှသည်။ အချိုးအစားကျလှသော လည်ဝိုင်းပုံစံမှာ အလွန်မြင့်လွန်းခြင်း သို့မဟုတ် နိမ့်လွန်းခြင်းမရှိဘဲ ဝတ်ရချွတ်ရလွယ်ကူစေသလို ယဉ်ကျေးသိမ်မွေ့သော ပုံစံကိုလည်း ရရှိစေ၏။ အထူးခြားဆုံးမှာ ဤအဖြူရောင်တီရှပ်၏ ရင်ဘတ်ပေါ်တွင် အရောင်ပါသော ချည်မျှင်လေးများဖြင့် ပန်းပွင့်လေးတစ်ပွင့်ကို သိမ်သိမ်မွေ့မွေ့ ပန်းထိုးထားခြင်းပင်။ ပန်းပွင့်လေး၏ ပုံစံမှာ အလွန်ပင် လက်ရာမြောက်လှပြီး အရောင်အသွေး ပေါင်းစပ်မှုမှာလည်း သဟဇာတဖြစ်ကာ တက်ကြွလှသဖြင့် တီရှပ်တစ်ခုလုံးကို သက်ဝင်သွားစေသည်။ အရောင်ပါ ချည်မျှင်ပန်းထိုးလက်ရာမှာ သေသပ်လှပြီး ချုပ်ရိုးချုပ်ကွက်များမှာလည်း ညီညာလှ၏။ ပန်းပွင့်လေး၏ တည်နေရာမှာလည်း အလွန်ပင် ကွက်တိကျလှရာ ကြွားဝါလွန်းခြင်း သို့မဟုတ် နိမ့်ကျလွန်းခြင်း မရှိဘဲ ဤအဖြူရောင် တီရှပ်လေးကို ထူးခြားသည့် ပင်ကိုယ်စရိုက်တစ်ခု ပေါင်းထည့်ပေးထားသည်။ ဒါဟာ မီနာကိုယ်တိုင် ရက်လုပ်ပြီး ချုပ်လုပ်ထားတဲ့ ပထမဆုံး အဝတ်အစားပဲ ဖြစ်၏။ သူမသည် လီရှီ၏ လမ်းညွှန်မှုများအတွက် အလွန်ပင် ကျေးဇူးတင်နေသဖြင့် ထိုအဝတ်အစားကို သူ့အတွက် လက်ဆောင်အဖြစ် ပေးလိုခြင်း ဖြစ်ပေသည်။

All Chapters