အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
အခန်း (၄၁)
ဖူရှန့်သည် နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သော်လည်း သူမသည် "ရေတွက်လို့မရတဲ့ နှစ်တွေကြာအောင် အသက်ရှင်ခဲ့တဲ့ အဖွားအိုနတ်ဆိုး" ဟုခေါ်ဝေါ်ခံရခြင်းမှာ ပထမဆုံးအကြိမ်ပင်။ သူမတစ်စုံတစ်ရာ မေးမြန်းလိုသော်လည်း မရေရာစွာပင်၊ ဤကမ္ဘာငယ်လေး၏ တောက်ဓမ္မသည် သူမအား စကားပြောခြင်းမှ ကန့်သတ်ထားပုံရ၏။
ဤအချက်ကို သဘောပေါက်သောအခါ ဖူရှန့်၏စိတ်သည် တောင့်တင်းသွားတော့သည်။
ဒီကမ္ဘာငယ်လေးရဲ့ တောက်ဓမ္မကို လုံးဝ ဖယ်ရှားပစ်နိုင်ခြင်း မရှိသေးတာဖြစ်နိုင်လား။
(T/N- ဘာတွေပြောနေတာလဲ နားမလည်ဘူး)
သုံးဦးထဲက တစ်ဦးတည်းသော အမျိုးသမီးကျင့်ကြံသူသည် သတိအနေအထားဖြင့်ရှိနေသည်ကို မြင်သောအခါ ဖူရှန့်သည် မျက်စိတစ်မှိတ်အတွင်း ဆုံးဖြတ်ချက်ချလိုက်သည်။
သူမသည် သူမ၏ ဝိညာဉ်အာရုံအသိကို မီးခိုးအဖြစ် ပြောင်းလဲပြီး ဝူလုချန်၏ အသိပင်လယ်ထဲသို့ တိုက်ရိုက် တိုးဝင်သွားလိုက်သည်။
ဖရဲသီးစားခြင်းစနစ်: [အားနည်းသူကို ရွေးပြီးတိုက်ခိုက်တာ၊ ဒီ အဖွားကြီးက အတော်လေး ကျွမ်းကျင်တာပဲ!]
ဝူလုချန်: ဒါက အဲ့ဒီလိုပြောရမယ့် အချိန်လား။
မသင့်လျော်တဲ့ အချိန်မဟုတ်ခဲ့ရင် သူ တကယ်ပဲ အော်ဟစ်လိုက်မိမှာ။
ဖရဲသီးစားခြင်းစနစ်: [သူအားနည်းနေတုန်း သူ့ရဲ့ဝိညာဉ်အာရုံအသိကို တိုက်ခိုက်လိုက်!]
ကံကောင်းထောက်မစွာ၊ ဝူချီချွမ်သည် သူတို့ကိုနံနက်ခင်းအတန်းတွင် ဝိညာဉ်အာရုံအသိ တိုက်ခိုက်မှုများ ပြုလုပ်နည်းကို သင်ပေးခဲ့ဖူး၏။
နဉ်ရွှီက ပြောသည်။ "ဝိညာဉ်အာရုံအသိ တိုက်ခိုက်မှု!"
သူမနှင့် ဖြူစင်သောကျင့်ကြံသူ၏ ဝိညာဉ်အာရုံအသိများသည် ဖူရှန့်၏ ဝိညာဉ်အာရုံအသိကို ချက်ချင်း တိုက်ခိုက်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် ဖူရှန့်၏ ဝိညာဉ်အာရုံအသိသည် ဝူလုချန်၏ အသိပင်လယ်ထဲသို့ ဦးစွာ ဝင်ရောက်သွားနှင့်ပြီ။
ပုံမှန်အားဖြင့် ဂရုမစိုက်တတ်သော ဝူလုချန်သည် ယခုအခါ နဖူးတွင် ချွေးအေးများ စိုရွှဲနေသည်။ သူ၏ မျက်လုံးများက တင်းတင်းမှိတ်ထားပြီး မျက်နှာက ဖြူဖျော့ကာ ပါးစပ်ထောင့်မှ သွေးများ စီးကျနေပြီး ဖူရှန့်နှင့် အပြင်းအထန် ရုန်းကန်နေရသည်မှာ ရှင်းနေ၏။
နဉ်ရွှီ မေးလာသည်။ "အခု ဘာလုပ်ကြမလဲ။"
ဖရဲသီးစားခြင်းစနစ်က ရိုးသားစွာ
[ဝူလုချန်ရဲ့ ကျင့်ကြံခြင်းက နိမ့်တယ်။ ဖူရှန့်က အခု သူ့ရဲ့ အသိပင်လယ်ထဲမှာ ရှိနေတော့ နင်ရော ဖြူစင်သောကျင့်ကြံသူပါ ဝင်လို့ မရဘူး။]
[ဒါပေမဲ့ သူနဲ့ ဖူရှန့်ကတော့ အပြင်က ကမ္ဘာကို ခံစားနိုင်သေးတယ်။]
[နင်တို့မှာ အမွှေးတိုင်တစ်ဝက်စာ အချိန်ပဲ ရမယ်။ အဲ့ဒီအချိန်အတွင်း ဖူရှန့်ကို ဝူလုချန်ရဲ့ အသိပင်လယ်ထဲကနေ မမောင်းထုတ်နိုင်ခဲ့ရင် သူအပိုင်စီးခံရလိမ့်မယ်။]
ဝူလုချန်: !!!
မင်းဒီလောက် ပေါ့ပေါ့ပါးပါး လေသံနဲ့ ဒီလိုကြောက်စရာကောင်းတဲ့ စကားတွေ မပြောလို့မရဘူးလား။
သူ မခံနိုင်တော့ဘူး!
ပထမဆုံးအကြိမ်အဖြစ် နဉ်ရွှီသည် အချိန်၏ဖိအားကို ခံစားလိုက်ရသည်။
ကံကောင်းစွာဖြင့် သူမသည် အစမှအဆုံးတည်ငြိမ်နေခဲ့ပြီး သူမ၏ စိတ်သည်လျင်မြန်စွာ အလုပ်လုပ်နေ၏။ မကြာမီ သူမ တစ်စုံတစ်ရာကို သဘောပေါက်လိုက်သည်။
"ဖြေရှင်းဖို့ နည်းလမ်းရှိတယ်!" မဟုတ်ရင် ဖရဲသီးစားခြင်းစနစ်သည် ဒီလောက် စိတ်အေးလက်အေး ရှိနေမည် မဟုတ်ပေ။
ဝူလုချန်သည် အရေးပါသော ပုဂ္ဂိုလ်မဟုတ်သော်လည်း သူသည် သူမ၏အဖွဲ့ဖော်တစ်ဦး ဖြစ်နေဆဲပင်။
[ဟုတ်တယ်။]
ဖရဲသီးစားခြင်းစနစ်သည် လက်ရှိ အကျပ်အတည်းကို မည်သို့ ဖြေရှင်းရမည်ကို ရှင်းပြတော့မည့်အချိန်တွင် နဉ်ရွှီက စကားလုံးတစ်လုံးချင်း ပြောလိုက်သည်။ "အ ဆောင် မန္တန်။"
ဖရဲသီးစားခြင်းစနစ်သည် ခဏတာ အံ့အားသင့်သွားပြီးနောက် ချီးကျူးသော လေသံဖြင့် [host နင် ပိုပြီး ဉာဏ်ကောင်းလာပြီ။]
တကယ်တော့ လက်ရှိ အခြေအနေကို ဖြေရှင်းရန်သော့ချက်မှာ အဆောင်ပင်။
ဖူရှန့်၏ အဆိုအရ သူမသည် အဆောင်ကျင့်ကြံသူဖြစ်သည်။ ဤနေရာသည် သူမ ကျဆုံးခဲ့သည့် နေရာဖြစ်ပါက သူမသည် အဆောင်အချို့ကို ချန်ထားခဲ့ရမည်။
အဆောင် အမျိုးအစားများစွာရှိ၏။
ဖူရှန့်၊ ဤအဖွားနတ်ဆိုးသည် ရေတွက်လို့မရသော နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သည်။ သူမချန်ထားခဲ့သည့် အဆောင်များထဲတွင် ဤကဲ့သို့ အခြေအနေများအတွက် အထူးသီးသန့်ရည်ရွယ်ထားသော အချို့သောအရာများ ရှိနေမည်မှာ သေချာပါသည်။
နဉ်ရွှီ ခွဲခြမ်းစိတ်ဖြာလိုက်သည်။ "ဒါဆို အခုသော့ချက်က သူမ အဆောင်တွေကို ဘယ်မှာဝှက်ထားလဲဆိုတာ ရှာဖို့ပဲ။"
[မှန်တယ်!]
ကျောက်ခန်းသည် အလွန်ကြီးမားခြင်း မရှိဘဲအထင်ရှားဆုံး အင်္ဂါရပ်မှာ အခန်း၏အလယ်ရှိ ခုံဖြစ်သည်။
သို့သော် ဖူရှန့်သည် သူမ၏ အဆောင်များကို ထိုမျှထင်ရှားသော နေရာတွင် ဝှက်ထားလောက်အောင် မိုက်မဲမည် မဟုတ်ပေ။
အချိန်ကုန်လွန်နေပြီဖြစ်သောကြောင့် နဉ်ရွှီသည်တိုက်ရိုက် မေးလိုက်သည်။ "အဆောင် ဝှက်ထားသည့် လျှို့ဝှက်ခန်းက ဘယ်မှာလဲ။"
ဖရဲသီးစားခြင်းစနစ်: [ညာဘက်သို့ သုံးလှမ်း လျှောက်၊ အဲ့ဒီနေရာက ကြမ်းပြင်ကို ရိုက်ချိုးလိုက်ပါ၊ အတွင်းမှာ သူမရဲ့ တစ်သက်တာ လက်ရာတွေကို တွေ့ရလိမ့်မယ်။]
ဖူရှန့်: !!!
ဒါက ဘယ်လို ထူးခြားတဲ့ သတ္တဝါမျိုးလဲ။
သူမ ၎င်းရဲ့ တည်ရှိမှုကို ဘာလို့ ပြောလို့မရတာလဲ။
သူမ အဆောင်များကို ဘယ်မှာ ဝှက်ထားလဲဆိုတာ ဘာလို့ ဒီလောက် လွယ်လွယ်ကူကူ သိနေရတာလဲ။
သူမသည် အသက်ရှင်စဉ်က ထိုနေရာတွင် မြောက်မြားစွာသော အမြင်မှားစေသည့် အရာများကို ရှင်းရှင်းလင်းလင်း အသုံးပြုခဲ့သည်! ရွှေအမြုတေ ကျင့်ကြံသူတောင် ရှာနိုင်မည် မဟုတ်!
နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်၏ ညွှန်ကြားချက်များကို လိုက်နာပြီး ညာဘက်သို့ အနည်းငယ် လှမ်းလျှောက်သွား၏။ သူမသည် သူမ၏ ဝိညာဉ်စွမ်းအားဖြင့် ကြမ်းပြင်ကို ရိုက်ခတ်လိုက်ရာ ကြမ်းပြင်ကွဲထွက်သွားပြီး အတွင်းတွင် အဆောင်တစ်ထပ် တကယ်ပင်တွေ့လိုက်ရသည်။
သူမ ချက်ချင်း ထိုအထပ်ကို ကောက်ယူပြီး လျင်မြန်စွာ လှန်လှောကြည့်လိုက်၏။
ကံကြမ္မာပြောင်းလဲသည့် အဆောင်များ၊ တိုက်ခိုက်မှု မြှင့်တင်သည့် အဆောင်များ၊ ကာကွယ်ရေး အဆောင်များ...
"တွေ့ပြီ!"
နဉ်ရွှီသည် နှင်ထုတ်ခြင်း အဆောင်တစ်ခုကို ကိုင်လိုက်သည်။ နာမည်အတိုင်းပင် ၎င်းသည် ပြင်ပ ဝိညာဉ်အာရုံအသိများကို နှင်ထုတ်ရန်အဆောင်ဖြစ်ပေသည်။
"အမွှေးတိုင်တစ်ဝက်စာ အချိန် ဘယ်လောက်ကျန်သေးလဲ။"
[အကြိမ်သုံးဆယ်လောက် အသက်ရှူပြီးရင် ကုန်ပြီ]
နဉ်ရွှီသည် အဆောင်များကို ဆက်လက် လှန်လှောကြည့်လိုက်သည်။ ရာနှင့်ချီသော အရာများကို လျင်မြန်စွာ လှန်လှောကြည့်ပြီးနောက် နောက်ဆုံးတွင် အခြား သင့်လျော်သော တစ်ခုကိုထပ်မံ တွေ့လိုက်ရသည်။
ဤအချက်မှာ အမွှေးတိုင်တစ်ဝက်စာ အချိန် မပြည့်ခင် အသက်ရှူချိန် သုံးခါသာ ကျန်တော့သည်။
ဝူလုချန်၏ စွမ်းအင်သည် စတင်အားနည်းလာခဲ့သည်။
နဉ်ရွှီသည် နှင်ထုတ်ခြင်းအဆောင်ကို ဝူလုချန်၏ခန္ဓာကိုယ်ပေါ်သို့ လျင်မြန်စွာဖိလိုက်၏။
ဖူရှန့်၏ အသက်ရှင်စဉ်က ရေးဆွဲခဲ့သော အဆောင်များသည် သဘာဝအတိုင်း အစွမ်းထက်၏။ ဖူရှန့်၏ အမြင့်ဆုံး ကာလအတွင်း ရေးဆွဲခဲ့သော အဆောင်ကို သူမ၏အားနည်းနေသော အခြေအနေတွင် တိုက်ခိုက်ရန် အသုံးပြုခြင်းသည် မမျှော်လင့်ဘဲ အလွန် ထိရောက်ခဲ့သည်။
ဖူရှန့်သည် ဝူလုချန်၏ အသိပင်လယ်ထဲမှ ထွက်ပေါ်လာချိန်တွင် နဉ်ရွှီသည် ချက်ချင်း ချုပ်နှောင်ခြင်း အဆောင်ကို တစ်ဖန် အသုံးပြုလိုက်သည်။
ချုပ်နှောင်ခြင်း အဆောင်သည် နာမည်အတိုင်းပင် ဝိညာဉ်အာရုံအသိ သို့မဟုတ် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ချုပ်နှောင်နိုင်သည်။
အဆင့်နိမ့် ကျင့်ကြံသူတစ်ဦးက ချုပ်နှောင်ခြင်း အဆောင်ကို ရေးဆွဲခဲ့ပါက ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကိုသာ ထိန်းချုပ်နိုင်သော်လည်း၊ ဤအဆောင်ကို ဖူရှန့်က ရေးဆွဲခဲ့ခြင်းဖြစ်သောကြောင့် ၎င်းသည် ဝိညာဉ်အာရုံအသိများကိုပင် ချုပ်နှောင်နိုင်၏။
ဖူရှန့်သည် သူမ၏ ချုပ်နှောင်မှုထဲတွင် ရုန်းကန်ပြီး ဒေါသထွက်နေခဲ့သည်။ သူမ မည်မျှပင် စဉ်းစားသည်ဖြစ်စေ၊ တစ်နေ့တွင် သူမကိုယ်တိုင် ရေးဆွဲခဲ့သော အဆောင်များဖြင့် အနိုင်ယူခံရလိမ့်မည်ဟု သူမ ဘယ်တော့မှ စိတ်ကူးမယဉ်နိုင်ခဲ့ပေ။
ဖူရှန့်သည် ဂုဏ်သိက္ခာ အနည်းငယ်ကို ထိန်းသိမ်းထားဆဲပင်။ သူမ ချုပ်နှောင်ခံရသည်ကို သဘောပေါက်ပြီးနောက် သူမ တိတ်ဆိတ်သွားခဲ့သည်။
နဉ်ရွှီသည် သူမကို ကိုင်တွယ်ရန် အချိန်မရှိပေ။ ဝူလုချန်ကို သူ၏ စိတ်ဝိညာဉ်ကို အာဟာရဖြည့်ပေးမည့် ဆေးလုံးတစ်လုံး ကျွေးပြီးနောက် သူမ နောက်ဆုံးတွင် ခဏတာ အနားယူနိုင်ခဲ့သည်။
ဝူလုချန်သည် ဖြူစင်သောကျင့်ကြံသူ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသည်။
သဘာဝအားဖြင့် နဉ်ရွှီသည် ဤခဏတာ အနားယူချိန်ကို ဖရဲသီးစားသုံးရန် အသုံးပြုမည်ပင်။
သူမသည် တက်ကြွစွာ မေးလာသည်။ "ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် စစ်မှန်တဲ့ဘုရင် မြူရဲ့ အခြေအနေ ဘယ်လိုလဲ။"
ဖရဲသီးစားခြင်းစနစ်၏ လေသံတွင် မပြီးဆုံးသေးသော ပျော်ရွှင်မှုအတွက် အနည်းငယ် နောင်တရမှု ပါဝင်နေသည်။ [ နောက်ထပ် အထောက်အထား မရှိတော့လို့၊ အစ်ကိုကြီးက အဲ့ဒီ လူဆိုးကို ခဏလောက် လွှတ်ပေးခဲ့ရတယ်။]
[အစ်ကိုကြီးက တကယ်ကို အရမ်း ယဉ်ကျေးသိမ်မွေ့တယ်။ သူရဲ့ လှုပ်ရှားမှုတွေက ပြင်းထန်ပေမဲ့ လုံလောက်အောင် မရက်စက်ဘူး။]
[အစ်ကိုကြီးက အခုထိ ငယ်ရွယ်လွန်းသေးတယ်။]
ဖူရှန့်: …
ဒါဆို တိတိကျကျပြောရရင် ရက်စက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ။
နဉ်ရွှီ: "သူ့အကြောင်း နင်သိသမျှ အကုန် ပြောပြ၊ ငါ ဆက်စပ်ကြည့်လိုက်မယ်။"
"သူ အထောက်အထား မလိုချင်ဘူးလား။"
"ဒါဆို သူ့ကို ပေးလိုက်!"
ဖရဲသီးစားခြင်းစနစ်: [ကောင်းပြီ!]
နာရီဝက် ကြာပြီးနောက် နဉ်ရွှီသည် ပို့စ်အသစ်တစ်ခုကို စတင် ရေးဆွဲခဲ့သည်။ ဒီတစ်ကြိမ်တော့ သူမသည် စကားလုံးများကို ဂရုတစိုက် စဉ်းစားပြီးမှ ဖရဲသီးစားခြင်းစနစ်ကို သူမကိုယ်စား တင်ခိုင်းခဲ့သည်။
အကြောင်းအရာက အတော်လေး ရှည်လျားသောကြောင့် သူမသည် အလျင်အမြန် အရေးနိုင်ချေ။
သူမသည် စကားလုံးများကို ရွေးချယ်နေစဉ်၊ ဤဆရာ-တပည့် စုံတွဲကို တစ်ချက်တည်းဖြင့် အနိုင်ယူရန် မျှော်လင့်နေစဉ်၊ ဖရဲသီးစားခြင်းစနစ်သည် ရုတ်တရက် ဆိုးသွမ်းစွာ ရယ်မောလိုက်၏။
[Host တစ်စုံတစ်ယောက်က သူ့ဘဝကို ထပ်ပြီး စွန့်ပစ်တော့မယ်!]
နဉ်ရွှီ ခဏတာ စဉ်းစားပြီး "ဘာဖြစ်တာလဲ။"
[ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် စစ်မှန်တဲ့ဘုရင် မြူရဲ့ ရင်းနှီးတဲ့ သူငယ်ချင်း၊ အလားတူကျင့်ကြံမှုရှိတဲ့ တာအိုကျင့်ကြံသူချီရှန့်က သူ့ကို အခိုင်အမာထောက်ခံဖို့ ပြင်ဆင်နေတယ်။]
နဉ်ရွှီ: "...သူ လုချူယီ ဘာဖြစ်သွားလဲဆိုတာ မသိဘူးလား။"
[မသိဘူး။ လုချူယီအကြောင်း သတင်းက မပျံ့သေးဘူး။ သူမက နန်းတော်ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေတုန်းပဲ။]
နဉ်ရွှီ မှတ်ချက်ပေးလာ၏။ "...ဒါဆို ဒီ တာအိုကျင့်ကြံသူချီရှန့်က တကယ်ပဲ သူ့ဘဝကိုစွန့်ပစ်နေတာ။"
__
ယွင်ရှန်ကျင်းဂိုဏ်း
မြူများ ဖုံးလွှမ်းနေသော တောင်ထိပ်တစ်ခု၊ သစ်ပင်စိမ်းများ၏ အရိပ်များနှင့် လေထဲတွင် မွှေးကြိုင်နေသော ပန်းနံ့များ။
ထိုနေရာက နတ်ဘုံဖြစ်သင့်ပေမဲ့ လက်ရှိမှာလေထုက သိပ်ပြီး သာယာပုံ မရပေ။
အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးသည် "နယ်မြေသုံးထောင် ကျင့်ကြသူများ သတင်းဖလှယ်ရာနေရာ" တွင် ပြန်ကြားချက်တစ်ခုကို တင်ရန် အသင့်ရှိနေပြီဖြစ်သော တံဆိပ်တစ်ခုကိုထုတ်ယူခဲ့သည်။
သူ၏ သူငယ်ချင်းက သူ့ကို အကြံပေးလာသည်။ "မေ့လိုက်ပါ။ သူ့ကို ကူညီခဲ့တဲ့ တာအိုကျင့်ကြံသူလုက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဟွာကျိုင်းဂိုဏ်း၊ ဒုတိယအကြီးအကဲရဲ့ တစ်ဦးတည်းသော သမီးသေဆုံးရခြင်းဖြစ်စေခဲ့တာ ဖော်ထုတ်ခံလိုက်ရပြီ။ ဒီပြဿနာထဲကို ဘာလို့ ဝင်ရှုပ်နေမှာလဲ။"
တာအိုကျင့်ကြံသူ ချီရှန့်က လျစ်လျူရှုသောလေသံဖြင့် ပြန်ဖြေလာသည်။ "ဒီ 'ဖရဲသီးရွှေ့ပြောင်းသူ' က ဒီလိုကောလာဟလတွေကို ဘယ်က ကြားလာခဲ့လဲ မသိဘူး၊ ဒါကို တကယ် ယုံတာလား။"
သူ၏ သူငယ်ချင်းက သက်ပြင်းချလိုက်သည်။ "ဒါဟာ ကောလာဟလသက်သက် မဟုတ်တာဖြစ်နိုင်တယ်။"
တာအိုကျင့်ကြံသူ ချီရှန့်က လှောင်ပြောင်လာ၏။ "ငါ့ကို စည်းရုံးဖို့ မကြိုးစားပါနဲ့။ ငါ ချီဝူကျန်းရမ်နဲ့ အသက်နဲ့ သေခြင်းကို ဖြတ်ကျော်ခဲ့တာ။ ဒီတစ်ကြိမ်မှာ သူ ထောင်ချောက်မိနေတယ်။ ငါဒီအတိုင်း ထိုင်ကြည့်နေလို့ မဖြစ်ဘူး။"
"သန်းနျန်ရဲ့ အစ်ကိုကြီးက သူ့ကို လက်စားချေဖို့လိုက်နေတာကို မင်း သိရမယ်။ ငါတို့ သူ့ကို ဒီပြဿနာကနေ မထုတ်နိုင်ရင် သန်းနျန်ရဲ့ အဖေပြန်လာတဲ့အခါ ချီဝူက ပိုပြီးကြီးမားတဲ့ အခက်အခဲနဲ့ ရင်ဆိုင်ရလိမ့်မယ်။"
"မင်း..."
တာအိုကျင့်ကြံသူ ချီရှန့်: "စိတ်မပူပါနဲ့။ ငါ လျှိုဝှက်ထားတာ ဘာမှ မရှိဘူး။"
မသိနိုင်သော လျှို့ဝှက်ချက်များအတွက်မူ ကောင်းကင် သိသည်၊ မြေကြီး သိသည်၊ သူသာသိသည်။ သူ၏ အရင်းနှီးဆုံး သူငယ်ချင်းချီဝူပင် မသိခဲ့ပေ။ ဒီ မိုက်မဲတဲ့ ဖရဲသီးရွှေ့ပြောင်းသူဆိုတာ ဝေးရော။
အာရုံစိုက်မှုရဖို့ ကြိုးစားနေတဲ့ တစ်ယောက်သာသာပဲ!
ထိုအတွေးနှင့်အတူ တာအိုကျင့်ကြံသူချီရှန့်သည် သူ့ သူငယ်ချင်း၏ တားဆီးနေသော လက်ကိုပုတ်ချလိုက်ပြီး "နယ်မြေသုံးထောင် ကျင့်ကြသူများ သတင်းဖလှယ်ရာနေရာ" ၏ [ဖရဲသီးရွှေ့ပြောင်းသူ...၊ မင်း အရင်က ကောက်ခဲ့တဲ့ အညစ်အကြေးတွေကို မေ့နေပြီလား။!] အကျော်ကြားဆုံး ပို့စ်တွင်
သူ၏ ပထမဆုံး ပြန်ကြားချက်ကို တင်လိုက်သည်။
"ဒီလူယုတ်မာက လူက ဘယ်ကလာတာလဲ၊ ငါ့ရဲ့အစ်ကိုအပေါ် ရွှံ့တွေပတ်ဖို့ ဝံ့ရဲတယ်ပေါ့”
"အထောက်အထားသက်သေရှိရင် ယူလာခဲ့။ မဟုတ်ရင်ပါးစပ်ပိတ်ထား!”
__
အခန်း (၄၂)
နတ်ဘုရား ချီရှန့်သည် ထိုပို့စ်တွင်မှတ်ချက်တစ်ခု ချန်ထားခဲ့သည်ကို မြင်သောအခါ သူ၏သူငယ်ချင်းက သက်ပြင်းချကာ ခေါင်းယမ်းလိုက်သည်။ “မင်း… မင်းက တကယ်ပါပဲ…” အဘယ်ကြောင့် အလုပ်ရှုပ်ခံနေရသနည်း။
နတ်ဘုရား ချီရှန့်သည် “ဖရဲသီးရွှေ့ပြောင်းသူ” မှ သက်သေအထောက်အထား မပေးနိုင်ဟု လောင်းကြေးထပ်နေခြင်းဖြစ်သည်။
အတိအကျပြောရလျှင် သက်သေအထောက်အထား မရှိသောကြောင့် သန်းနျန်၏ အစ်ကိုဖြစ်သူက အလွန်ဒေါသထွက်နေသော်လည်း နောက်ဆုံးတွင် ချီဝူကျန်းရမ်ကို လွှတ်ပေးလိုက်ရ၏။ ဒဏ်ရာများသည် ချီဝူကျန်းရမ်အတွက် အရေးမပါဘဲ ရက်အနည်းငယ် နားလိုက်ရုံဖြင့် အလွယ်တကူ ပြန်ကောင်းနိုင်သည်ပင်။
တကယ်တော့ ခိုင်မာသော သက်သေအထောက်အထား မရှိခြင်းကြောင့် သန်းနျန်၏ အစ်ကိုဖြစ်သူသည် သူ၏လုပ်ရပ်များကို တရားမျှတအောင် မပြောနိုင်တော့ပေ။ ယခုတွင် ဟွာကျိုင်းဂိုဏ်း၏ သက်ကြီးရွယ်အိုများက သူ့အားဝန်းရံထားကြသည်။ တစ်ယောက်တည်းဖြစ်သောကြောင့် သူသည်အားကိုးရာမဲ့သလို ခံစားလာရသည်။
နတ်ဘုရား ချီရှန့်၏ အဖြေကို ဖတ်ပြီးနောက် သူ၏သူငယ်ချင်းက ကူရာကယ်ရာမဲ့စွာဖြင့် “မင်းက ချီဝူအတွက် ပြောနေတာ၊ ဒါပေမဲ့ နောက်ဆုံး မင်းကိုယ်တိုင် အမှုထဲပါလာလိမ့်မယ်”
နတ်ဘုရား ချီရှန့်က ပြတ်သားသောလေသံဖြင့်ပြန်ဖြေလာသည်။ “မဖြစ်ပါဘူး”
“ဖရဲသီးရွှေ့ပြောင်းသူ” မှ သူ့အကြောင်းကို ဘာတွေများ ဖော်ထုတ်နိုင်မည်နည်း။ ဘာမှမရှိပါ။
သူ့တွင် လျှို့ဝှက်ချက်အချို့ ရှိသော်လည်း လျှို့ဝှက်ချက်များကို သူ့တစ်ဦးတည်းသာ သိသောကြောင့် လျှို့ဝှက်ချက်ဟုခေါ်ခြင်းဖြစ်ပါသည်။
ချီဝူကျန်းရမ်ကို ကူညီသည့်ကိစ္စအတွက်မူ သူသည်နောင်တရမည် မဟုတ်ပေ။
ညီအစ်ကိုဆိုသည်မှာ တစ်ယောက်အတွက် တစ်ယောက် ဓားဝင်ခံပေးမည့်သူပင်။ ယခုချိန်တွင် သူ မထောက်ခံလျှင် မည်သည့်အချိန်တွင် ထောက်ခံပေးရမည်နည်း။
ချီဝူကျန်းရမ်ကို “တူဖြင့်ရိုက်ရန်” ရည်ရွယ်သည့် စာမူကို နဉ်ရွှီက ရေးထားပြီးသား ဖြစ်ပြီး၊ ဖရဲသီးစားခြင်းစနစ်မှ တင်ရန်သာစောင့်ဆိုင်းနေခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်အတွက်မူ အလျင်စလိုမလုပ်သေးပေ။
နဉ်ရွှီက မေးလာ၏။ “ချီဝူကျန်းရမ်အတွက် ဘယ်သူက ပြောပေးနေတာလဲ”
ဖရဲသီးစားခြင်းစနစ်: [သူနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ပါ]
နဉ်ရွှီက ခေါင်းညိတ်လိုက်သည်။ “ဒီရင်းနှီးတဲ့သူငယ်ချင်းက ဖြောင့်မတ်ပြီး ဂုဏ်သိက္ခာရှိသူလား”
ဖရဲသီးစားခြင်းစနစ်သည် နှစ်ချက် စုတ်သပ်ကာ [ချီဝူရဲ့ သူငယ်ချင်းက ဘယ်လိုလုပ်ကောင်းတဲ့သူ ဖြစ်နိုင်မှာလဲ]
[လူယုတ်မာတွေချည်းပဲ]
နဉ်ရွှီသည် အနည်းငယ် စိတ်ဝင်စားသွားပြီး “ဒါဆို သူ့သူငယ်ချင်းအကြောင်း ငါ့ကို ပြောပြပါဦး”
[ကောင်းပြီ!]
ဖရဲသီးစားခြင်းစနစ်သည် အတင်းအဖျင်းများကို မျှဝေနေစဉ် ဖူရှန့်သည် တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ သူမ၏ ဝိညာဉ်သည် ချုပ်နှောင်ခံထားရပြီး လွတ်လပ်စွာ လှုပ်ရှားနိုင်ခြင်း မရှိသည့်အပြင် သူတို့၏စကားဝိုင်းကိုသာ အလိုအလျောက် နားထောင်နေရသည်။ ပထမတွင် သူမသည်လွတ်မြောက်ရန် နည်းလမ်းပေါင်းစုံကို ကြိုးစားခဲ့ပြီးသဖြင့် အခြားမည်သည့် အတွေးမှ မရှိတော့ပေ။ သို့သော် တဖြည်းဖြည်းချင်း သူမသည် ထိုအတင်းအဖျင်းများတွင် အနည်းငယ် ပျော်ရွှင်မှုကို စတင်ခံစားလာရ၏။
ဘာတဲ့? ဒီလူက တကယ် အဲ့ဒီလိုလူမျိုးလား။ ပြီးတော့ ဒီလိုအရာမျိုးကိုတောင် လုပ်နိုင်သေးတယ်လား။
ဤသေးငယ်သော လောကမှ ကျင့်ကြံသူများသည် တကယ်ပဲ ကစားတတ်ကြပေသည်။
__
“နယ်မြေသုံးထောင် ကျင့်ကြသူများ သတင်းဖလှယ်ရာနေရာ”
ပြီးခဲ့သည့် ရက်အနည်းငယ်က ဖိုရမ်သည် အထူးပင် လှုပ်ရှားမှုများ ရှိနေခဲ့ပြီး၊ ၎င်းအားလုံးသည် “ဖရဲသီးရွှေ့ပြောင်းသူ” ကျင့်ကြံသူတစ်ဦးကြောင့်သာ။ ဤကျင့်ကြံသူသည် ပိုစ်နှစ်ခုကို တင်ခဲ့ပြီး ဖိုရမ်၏ အငွေ့အသက်ကို သိသိသာသာ မြှင့်တင်ခဲ့သည်။
ပထမတွင် ချီဝူကျန်းရမ်နှင့် သူ၏တပည့်ဖြစ်သူ မွေးရာပါတာအိုခန္ဓာကိုယ်ဟာ လျှို့ဝှက်ပတ်သက်နေကြပြီး သန်းနျန်၏အသက်ကိုပင် ထိခိုက်အောင် ကြံစည်ခဲ့ကြောင်း ဖော်ထုတ်ခဲ့သည်။ ထို့နောက်ဟွာကျိုင်းဂိုဏ်း၏ ဒုတိယအကြီးအကဲ၏ မွေးစားသမီးက ချက်ချင်းပင် ချီဝူကျန်းရမ်ဘက်က ရပ်တည်ခဲ့သည်။
မကြာမီတွင် လွန်ခဲ့သောနှစ်များက မနာလိုမှုကြောင့် သူမသည် ဒုတိယအကြီးအကဲ၏ တစ်ဦးတည်းသောသမီးကို အဆုံးမဲ့ပင်လယ်တွင်သတ်ခဲ့ကြောင်း ဖော်ထုတ်ခဲ့သည်။
ထိုကောလာဟလများ၏ အမှန်တရားကို အတည်မပြုနိုင်မီ၊ သန်းနျန်၏ အစ်ကိုဖြစ်သူက ၎င်းတို့ကို ယုံကြည်ခဲ့ပြီး သူ၏ညီမကို ကာကွယ်ရန်အတွက် ဟွာကျိုင်းဂိုဏ်းကို တစ်ဦးတည်း တိုက်ခိုက်ကာ ချီဝူကျန်းရမ်ကို ပြင်းထန်စွာ ရိုက်နှက်ခဲ့သည်။ ကံမကောင်းစွာဖြင့် သက်သေအထောက်အထား မရှိခြင်းကြောင့် သန်းနျန်၏ အစ်ကိုဖြစ်သူသည် ယခုအခါ ဟွာကျိုင်းဂိုဏ်း၏ အကြီးအကဲများ ဝန်းရံခြင်းကိုခံနေရသည်။ သူသည် ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးပေးရုံသာမက ချီဝူကျန်းရမ်ကိုပင် တောင်းပန်ရဖွယ် ရှိနေသည်။
တောင်းပန်ရခြင်းမှာ ဟုတ်ပါသည်၊ သူသည်ချီဝူကျန်းရမ်ကို မှားယွင်းစွာ စွပ်စွဲခဲ့သောကြောင့်ပင်။
ချီဝူကျန်းရမ်သည် သူ စွပ်စွဲခံရသော မည်သည့်အရာကိုမျှ မလုပ်ခဲ့ကြောင်းကို ဆက်လက် အပြစ်ကင်းစင်ကြောင်း အော်ဟစ်နေ၏။ “ဖရဲသီးရွှေ့ပြောင်းသူ” ကို ခြိမ်းခြောက်ခြင်းသည် သူ မဟုတ်မမှန်စွပ်စွဲခံရခြင်းအပေါ် စိတ်ပျက်ဒေါသထွက်မှုသက်သက်သာ။
ဤအဖြစ်အပျက်များသည် ပိုမိုရှုပ်ထွေးလာလေသည်။
ဤအတင်းအဖျင်းများ တိုးပွားလာနေစဉ်တွင် ချီဝူကျန်းရမ်၏ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူ နတ်ဘုရား ချီရှန့်သည် သူ့ကို ကာကွယ်ပြောဆိုလာပြီး “ဖရဲသီးရွှေ့ပြောင်းသူ” ကို သက်သေပြရန် သို့မဟုတ် ပါးစပ်ပိတ်ရန်တိုက်ရိုက် စိန်ခေါ်ခဲ့သည်။
ဖုံးကွယ်ထားသော ခင်မင်ရင်းနှီးမှုများသည် အကျပ်အတည်းကာလတွင် မကြာခဏ ပေါ်ထွက်လာလေ့ရှိသော်လည်း ဤအချိန်တွင်နတ်ဘုရား ချီရှန့်၏ ထောက်ခံပြောဆိုရန် ဆုံးဖြတ်ချက်သည် ဖိုရမ်မှကြည့်ရှုသူများစွာကို ခေါင်းခါစေခဲ့သည်။
ရေသည် ပို၍ ပို၍ နောက်ကျိလာသည်ကို မြင်ရသော်လည်း တစ်စုံတစ်ယောက်က ထပ်မံ ငုပ်လျှိုးရန် ဆန္ဒရှိနေခြင်းမှာ အံ့အားသင့်စရာပင်။
ကျင့်ကြံသူများစွာသည် အခြေအနေ မည်သို့ဖြစ်လာမည်ကို လျှို့ဝှက်စွာ အတင်းအဖျင်းပြောနေစဉ်တွင် ဖိုရမ်၌ နောက်ထပ် ပိုစ်အသစ်တစ်ခု ပေါ်လာသည်။
ထိုပိုစ်အသစ်၏ ခေါင်းစဉ်သည် ယခင်နှစ်ခုကဲ့သို့ပင် ဆွဲဆောင်မှုရှိပြီး ထိတ်လန့်စရာ ကောင်းနေသည်။
“အချစ်စစ်က အရာအားလုံးကို ကျော်လွှားနိုင်တာလား။ မဟုတ်ဘူး၊ သူတို့က သူ့ခယ်မအတွက် အစားထိုးများသာသာပဲ — နတ်ဘုရား ချီရှန့်”
ဖရဲသီးရွှေ့ပြောင်းသူထံမှ မျှော်လင့်ထားသည့်အတိုင်း၊ နတ်ဘုရား ချီရှန့်၏ စိန်ခေါ်ခြင်းကို ခံရပြီးနောက်၊ ပိုစ်သည် မည်သည့် တုံ့ဆိုင်းမှုမှမရှိဘဲ ပစ်မှတ်အဓိကထားသူကို တိုက်ရိုက် ဦးတည်ခဲ့တော့သည်!
ဤအရာကို ဖတ်ပြီးနောက် ကျင့်ကြံသူများစွာသည် ပိုစ်ထဲသို့ စိတ်အားထက်သန်စွာ ဝင်ရောက်ကြည့်ရှုခဲ့ကြသည်။
သူတို့ ဖွင့်လိုက်သောအခါ ပို့စ်၏ပုံစံသည် ယခင်နှစ်ခုနှင့် ဆင်တူနေပြီး “ဖရဲသီးရွှေ့ပြောင်းသူ” ၏ လက်ရာဖြစ်ကြောင်း ချက်ချင်း သိရှိနိုင်သော်လည်း သိသိသာသာ ကွဲပြားချက်တစ်ခု ရှိသည်။ ဤစာမူတွင် အချိန်နှင့် နေရာနှစ်ခုလုံး ပါဝင်နေ၏။
နတ်ဘုရား ချီရှန့်သည်လည်း အပြစ်မရှိကြောင်း အော်ဟစ်မည်ကို “ဖရဲသီးရွှေ့ပြောင်းသူ” ကစိုးရိမ်သဖြင့် သူအား အပြည့်အဝတိုက်ခိုက်နိုင်ရန် အချိန်နှင့် နေရာကို အတိအကျ ဖော်ပြခဲ့ခြင်းလော။
သိလိုစိတ်ဖြင့် ကျင့်ကြံသူများသည် ပို့စ်၏ အဓိက အကြောင်းအရာကို အလျင်အမြန် ဖတ်ရှုလိုက်ကြသည်။
“ကျင့်ကြံခြင်း သမိုင်းနှစ် ၂၃၂ခုနှစ်၊ ဇွန်လ ၁၁ ရက်– မင်းရဲ့ဝမ်းကွဲရဲ့ တာအိုလက်တွဲဖော်ကို ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး မသင့်လျော်တဲ့ ဆန္ဒတစ်ခုကို ဖြစ်ပေါ်ခဲ့တယ်။
မင်းရဲ့ အစ်ကိုကြီး အဝေးရောက်နေချိန်မှာ မင်း သူ့ရဲ့ ခြံဝင်းထဲကို ခိုးဝင်ခဲ့ပြီး၊ ကိုယ်ယောင်ဖျောက်ပြီးတော့ မင်းရဲ့ ခယ်မအဝတ်လဲတာကို တိတ်တဆိတ် ကြည့်ရှုခဲ့တယ်။
ဒါပေမဲ့ မင်း မတော်တဆ အသံပြုလိုက်မိတော့ မင်းရဲ့ ခယ်မကို သတိထားမိစေခဲ့တယ်။ ထိတ်လန့်တကြားဖြစ်သွားပြီး မင်း ချက်ချင်းအစေခံတစ်ယောက်ကို ဖမ်းပြီး သူ့ရဲ့မှတ်ဉာဏ်တွေကို ပြောင်းလဲဖို့ ကျင့်ကြံခြင်းနည်းစနစ်တွေကို အသုံးပြုပြီးတောါ သူ့ဆီကို အပြစ်ပုံချခဲ့တာလေ။
နောက်ဆုံး အဲ့ဒီအစေခံကို မင်းရဲ့ဝမ်းကွဲက သတ်ခဲ့ပြီး သူ့မိသားစုကို ရောင်းချခဲ့ပေမဲ့ မင်းကတော့ အဖြစ်အပျက် တစ်ခုလုံးမှာ ပုန်းကွယ်နေခဲ့တာမလား။
ကျင့်ကြံခြင်း သမိုင်းနှစ် ၂၃၂ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်– မင်းရဲ့ ခယ်မအပေါ် ဆန္ဒကို မဖြည့်ဆည်းနိုင်တော့ဘဲ မင်း ပထမဆုံး အစားထိုးကို ရှာဖွေခဲ့တယ်။ အစားထိုးက သူမနဲ့တူပေမယ့် အရမ်းတူတာကြီးတော့ မဟုတ်ခဲ့ဘူး။ သူမနဲ့ အတူရှိနေချိန်မှာ သူမကို နျန်နျန်လို့ ခေါ်ပြီး အမည်ကို အမြဲတစေ ထပ်ခါတလဲလဲရွတ်ဆိုနေခဲ့တယ်။
ကျင့်ကြံခြင်း သမိုင်းနှစ် ၂၃၂ခုနှစ်၊ ဩဂုတ်လ ၄ ရက်– မင်း ဒုတိယ အစားထိုးကို ရှာတွေ့ခဲ့ပြီး သူမကိုလည်း နျန်နျန်လို့ နာမည်ပေးခဲ့ပြန်တယ်။
ကျင့်ကြံခြင်း သမိုင်းနှစ် ၂၃၂ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်– မင်း တတိယအစားထိုးကို ရှာတွေ့ခဲ့ပြီး သူမကိုလည်း နျန်နျန်လို့ပဲ ခေါ်ခဲ့တယ်။
__
ကျင့်ကြံခြင်း သမိုင်းနှစ် ၂၃၉ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်– မင်း သတ္တမမြောက် အစားထိုးကိုရှာတွေ့ခဲ့တယ်။ ဒီတစ်ယောက်ကတော့ မင်းရဲ့သူမနဲ့ ပုံပန်းသဏ္ဍာန်၊ အပြုအမူနဲ့ အသွင်အပြင် အတူဆုံးပဲ။ နောက်ဆုံးမှာတော့ မင်း သူမကိုသာ ထားရှိခဲ့ပြီး အစောပိုင်း အစားထိုးတွေအားလုံးကို ဖယ်ရှားပစ်ခဲ့တယ်။
သူတို့အားလုံးကို အဆုံးမဲ့ပင်လယ်အနီးမှာမြှုပ်နှံခဲ့ပြီး ဒီနေ့ရှာကြည့်ရင် သူတို့ရဲ့ ရုပ်ကြွင်းတွေကို ရှာတွေ့နိုင်ပါသေးတယ်။
မင်းရဲ့ အစားထိုးရှာဖွေမှုက အရမ်းလျှို့ဝှက်ခဲ့တယ်။ မင်းနဲ့ ကောင်းကင်ဘုံကသာ သိတယ်လို့ မင်းထင်ခဲ့ပေမယ့် တကယ်တော့ မင်း ဒုတိယအစားထိုးကို ရှာနေတုန်းမှာ လမ်းသရဲ ကျင့်ကြံသူနှစ်ဦးက မင်းကို ရှာတွေ့ခဲ့ပေမယ့် သူတို့က ဖော်ထုတ်ခဲ့တာမျိုး မရှိခဲ့ဘူး။
မင်း သူတို့အတွက် ပြင်ဆင်ထားတဲ့ ပုန်းအောင်းရာနေရာကိုလည်း ဂိုဏ်းကတပည့်တစ်ဦးက သတိထားမိခဲ့ပြီး မင်းကိုအစားထိုးတွေနဲ့အတူ မှတ်တမ်းတင်ကျောက်တုံးနဲ့ မှတ်တမ်းတင်ခဲ့တယ်။ အကယ်၍ အဆင်ပြေရင် အဲဒီမှတ်တမ်းတင်ကျောက်တုံးရဲ့ အကြောင်းအရာကို ငါ့ကို ပို့ပေးနိုင်မလား။ ငါအထူးကျေးဇူးတင်မိမှာပါ။
နောက်ဆုံးအနေနဲ့ မင်း သက်သေလိုအပ်တယ်ဆိုရင် အကြီးမားဆုံးသက်သေကတော့ မင်းရဲ့ သတ္တမမြောက် အစားထိုးဖြစ်ပြီး ဒီနေ့အထိ မင်းဘေးမှာ တိတ်ဆိတ်စွာ နေထိုင်နေတုန်းပါပဲ။
မင်းသက်သေရှာနေတာ မဟုတ်လား။
ဒီမှာ မင်းနဲ့ ပတ်သက်တဲ့ သက်သေကို ငါပေးလိုက်ပြီ။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး မင်း ပြောစရာရှိသေးလား။”
ကျင့်ကြံသူများက: !!!
သူ ဘာပြောနိုင်သေးလဲ။
သူ ဘာများ ပြောနိုင်ဦးမှာလဲ။
ဒီတစ်ကြိမ်မှာတော့ “ဖရဲသီးရွှေ့ပြောင်းသူ” တာအိုကျင့်ကြံသူက လူသားသက်သေကိုပါ တိုက်ရိုက် တင်ပြလိုက်ပြီ!
ဤခမ်းနားသော ဂိုဏ်းကတပည့်သည် မည်သူဖြစ်သည်ကို မည်သူမှ မသိသော်လည်း၊ သူတို့သည် မှတ်တမ်းတင်ကျောက်တုံးကို အသုံးပြု၍ သက်သေကို ထိန်းသိမ်းထားခဲ့သည်။ ဤတပည့်သည် မှတ်တမ်းတင်ကျောက်တုံး၏ အကြောင်းအရာများကို လူသိရှင်ကြား ထုတ်ဖော်လိုက်သည်နှင့် နတ်ဘုရား ချီရှန့်သည်ပြန်လည် နာလန်ထူရန် အခွင့်အရေးလုံးဝမရှိတော့ပေ။
သူ၏ ခယ်မကို မက်မောခဲ့ခြင်း၊ သူမကိုလျှို့ဝှက်စွာ ခိုးကြည့်ခဲ့ခြင်း၊ အစေခံကိုအပြစ်ပုံချခဲ့ခြင်း၊ အစေခံကို မတရားသေဆုံးစေခဲ့ခြင်း— ဤအရာများထဲမှ မည်သည့်အချက်မှန်ပါစေ၊ သူ၏ ဂုဏ်သိက္ခာကိုပျက်စီးစေရန် လုံလောက်သည်ပင်။
ကျင့်ကြံသူများမှာ အလွန်စိတ်လှုပ်ရှားနေသဖြင့် သူတို့၏ လက်များပင် တုန်ယင်နေခဲ့တော့သည်။
ဤ “ဖရဲသီးရွှေ့ပြောင်းသူ” ကျင့်ကြံသုသည် တကယ်ကို ထူးခြားသူပင်!
__
ယွင်ရှန်ကျင်းဂိုဏ်း
တောင်ထိပ်သည် မြူခိုးများ ဝန်းရံလျက်ရှိနေဆဲဖြစ်ပြီး ရှုခင်းသည် ငှက်သံများနှင့် မွှေးကြိုင်သော ပန်းများဖြင့် ပြည့်နှက်နေဆဲဖြစ်၍ အမြဲတမ်း လှပနေဆဲဖြစ်သည်။
သို့သော် ဤအချိန်တွင် နတ်ဘုံနှင့်တူသော ရှုခင်းကို မည်သူမျှ အားကျနေခြင်း မရှိပါ။
နတ်ဘုရား ချီရှန့်သည် တံဆိပ်ပြားကို အမွှေးတိုင် သုံးတိုင်စာ ကြာအောင်ထိ ကိုင်ထားပြီး မတ်တပ်ရပ်နေခဲ့ရာ မည်သို့တုံ့ပြန်ရမည်ကို မေ့သွားသကဲ့သို့ အေးခဲနေခဲ့သည်။
“ဖရဲသီးရွှေ့ပြောင်းသူ” မှ ပိုစ်အသစ်ကို တင်သောအခါ ထိုနေရာတွင် ရှိခဲ့သော သူ၏သူငယ်ချင်းသည် နောက်ကြောင်းပြန်မကြည့်ဘဲ ထွက်ခွာသွားခဲ့ပြီးဖြစ်၏။ ယခုအခါ နတ်ဘုံကဲ့သို့ဆွဲဆောင်မှုရှိသော ဤလှပသော တောင်ထိပ်သည် နတ်ဘုရား ချီရှန့်မှလွဲ၍ လူသူကင်းမဲ့နေတော့သည်။
သူ၏ ကျောက်စိမ်းတံဆိပ်သည် အဆက်မပြတ် တုန်ခါနေသည်။
၎င်းသည် တစ်စုံတစ်ယောက်က သူ့ကို ဆက်သွယ်ရန် ကြိုးစားနေကြောင်း ဖော်ပြနေသော်လည်း မည်သူဖြစ်သည်ကို စစ်ဆေးရန် တံဆိပ်ကို ထုတ်ယူဖို့ရန်ပင် စိတ်အားထက်သန်မှု မရှိတော့ပေ။
သို့မဟုတ် အဲဒါကို ထုတ်ယူဖို့ သတ္တိမရှိတော့ခြင်းသာ။
သူ့နှလုံးသားထဲက အကြီးမားဆုံး လျှို့ဝှက်ချက်သည် ကမ္ဘာတစ်ဝန်းလုံးကို ဖော်ထုတ်ခံလိုက်ရပြီဖြစ်သည်။
သူသည် သူ၏နာမည်ကို မည်သို့ ပြန်လည်ရှင်းလင်းနိုင်မည်နည်း။
ရှင်းလင်းနိုင်ပါ့မလား။
“ဖရဲသီးရွှေ့ပြောင်းသူ” သည် အချိန်ဇယားကို မည်သို့ ဤမျှ ရှင်းရှင်းလင်းလင်း သိနိုင်သနည်း။
ဤ “ဖရဲသီးရွှေ့ပြောင်းသူ” သည် မည်သူနည်း။
သူ နောင်တရမိပါသည်။ သူ တကယ်ကို နောင်တရမိပါသည်။
သူသည် ညီအစ်ကိုသစ္စာစောင့်သိမှုအတွက် အရာအားလုံးကို စွန့်စားပြီး ချီဝူကျန်းရမ်ဘက်က ရပ်တည်ရန် ထွက်မလာခဲ့သင့်ချေ။
ယခုတွင် သူသည် ဤပို့စ်၏ သက်ရောက်မှုကို မည်သို့ လျှော့ချရမည်နှင့် သူ၏ အစ်ကိုနှင့် ခယ်မ၏ ဒေါသကို မည်သို့ တည်ငြိမ်အောင် လုပ်ရမည်ကို စဉ်းစားရန် လိုအပ်နေသည်။
__
ပို့စ်အသစ်ကို တင်ပြီးနောက် နဉ်ရွှီသည် ခဏတာအနားယူရန် ဆုံးဖြတ်လိုက်သည်။
ချီဝူကျန်းရမ်ကို တူဖြင့်ရိုက်မည့် ပို့စ်အတွက်မူ အလျင်စလို မလုပ်သေးပေ။
ချီဝူကျန်းရမ်သည် လုချူယီနှင့် နတ်ဘုရား ချီရှန့်တို့၏ ကံကြမ္မာကို သေချာပေါက်မြင်တွေ့ရလိမ့်မည် ဖြစ်သောကြောင့် သူ့အား ခဏတာ စိတ်မချမ်းမသာ ဖြစ်နေပါစေ။
နဉ်ရွှီ ပို့စ်တင်ပြီးချိန်တွင် သတိမေ့မြောနေခဲ့သော ဝူလုချန်သည် နောက်ဆုံးတွင် သတိရလာခဲ့သည်။
သူ နိုးလာသောအခါ ခဏတာ ဝေဝါးနေခဲ့ပြီးနောက် သတိမလစ်မီ ဖြစ်ပျက်ခဲ့သည့် အရာများကို အလျင်အမြန် ပြန်သတိရလိုက်၏။
သူ့ခန္ဓာကိုယ်သည် မည်မျှကြာအောင် အသက်ရှင်ခဲ့သည်ကို မသိသော နတ်ဆိုးအိုကြီးတစ်ဦး၏ လုယူခြင်းကိုခံရလုနီးပါး ဖြစ်ခဲ့သည်!
နည်းနည်းလေးသာ လိုတော့သည်ပင်!
ဤအချိန်တွင် ဝူလုချန်သည် ကျန်ရစ်သော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။
သူသည် ဖြူစင်သောကျင့်ကြံသူ၏ နောက်တွင်ပုန်းအောင်းကာ နဉ်ရွှီဘက်သို့ ချောင်းကြည့်နေသည်။
သူ တုန်ယင်စွာ မေးလိုက်သည်။ “တာအိုမိတ်ဆွေနဉ်၊ အခု လုံခြုံပြီလား”
ဖူရှန့်၏ ဝိညာဉ်သည် ကျောက်ဂူထဲတွင် ပိတ်မိနေဆဲပင်။ သူမကို ပိတ်ဆို့ချည်နှောင်ခြင်း စီမံချက်ဖြင့် ချည်နှောင်ထားခဲ့ပြီး ယခုအခါ သူမ၏ ဝိညာဉ်ကို သိမ်မွေ့သော သံကြိုးများစွာဖြင့် လုံခြုံစွာ ချည်နှောင်ထားပြီး သူမ၏ ဝိညာဉ်ကို တင်းတင်းကျပ်ကျပ် ထိန်းထားသည်။
သို့သော် သံကြိုးများ၏ ကြာချိန်သည် ကန့်သတ်ချက်ရှိပေသည်။
ထို့ကြောင့် နဉ်ရွှီက “အခုလောလောဆယ်တော့ လုံခြုံတယ်” ဟုသာ ပြောနိုင်ခဲ့သည်။
လောလောဆယ် လုံခြုံတယ်?
ဆိုလိုသည်မှာ နောက်ပိုင်းတွင် မလုံခြုံနိုင်တော့ဘူးလား။
ဝူလုချန်သည် သတိထား၍ မေးလိုက်သည်။ “ပိုကောင်းတဲ့ နည်းလမ်း မရှိဘူးလား”
နဉ်ရွှီ တွေဝေသွားပြီး “ရှိသင့်တယ်”
ထို့နောက် သူမသည် ဖရဲသီးစားခြင်းစနစ်ကို မေးလိုက်သည်။ “ပိုကောင်းတဲ့ နည်းလမ်း ရှိသေးလား”
ဖရဲသီးစားခြင်းစနစ်က မစဉ်းစားဘဲ ပြန်ဖြေလာသည်။ [ရှိတယ်၊ ဝိညာဉ်ချိတ်ပိတ်တဲ့ သံ။ သူမရဲ့ အထိခိုက်လွယ်ဆုံးနေရာ တစ်ခုစီအတွက် သံတစ်ချောင်းစီရိုက်လိုက်ချည်။ သူမ ဒီလောကကနေ လုံးဝပျောက်ကွယ်သွားတဲ့အထိ တဖြည်းဖြည်းချင်း အားနည်းသွားစေလိမ့်မယ်]
ဖူရှန့်: !!!
အရင်က သန်းနျန်၏ အစ်ကိုသည် ပြင်းထန်သောငြား ရက်စက်လောက်အောင် မလုပ်ခဲ့ဟု ပြောသောအခါ သူမသည် စစ်မှန်သောရက်စက်ခြင်းသည် မည်သို့ ဖြစ်မည်ကိုတွေးမိခဲ့သည်။
ယခုတွင် သူမ နောက်ဆုံး နားလည်သွားခဲ့ပြီ။
ဤကဲ့သို့သော သတ္တဝါသည် အလွန်ရက်စက်ပြီး ဆိုးယုတ်လှသည်။
နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်၏ လုပ်ဆောင်ပုံကို ကြာမြင့်စွာကတည်းက နားလည်ထားခဲ့၏။ ၎င်းကိုကြားသောအခါ သူမသည် အံ့သြမသွားဘဲ မေးလိုက်သည်။ “ဒီဝိညာဉ်ချိတ်ပိတ်တဲ့ သံတွေကို ဘယ်မှာ ရနိုင်မလဲ”
[လေလံပွဲ]
“ဈေးပေါပေါနဲ့ လေလံဆွဲလို့ ရနိုင်လို့လား”
[မရနိုင်ဘူး။ နင် ဈေးပေါပေါနဲ့ ကောက်ယူနိုင်တဲ့ နေရာကတော့ နင်အခုသွားလို့ မရတဲ့ နေရာတစ်ခုပဲ။ သွားရင် ပြာဖြစ်သွားလိမ့်မယ်]
နဉ်ရွှီ: “ဒါဆို ဝိညာဉ်ချိတ်ပိတ်တဲ့ သံတွေကလွဲပြီး တခြားနည်းလမ်း မရှိဘူးလား”
ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလာသည်။ [တစ်ခုတော့ ရှိတယ်၊ ဒါပေမဲ့အကျိုးသက်ရောက်မှုက အလယ်အလတ်ပဲ]
နဉ်ရွှီသည် အနည်းငယ် စိတ်သက်သာရာရသွားပြီး “အကျိုးသက်ရောက်မှုက အလယ်အလတ်ဖြစ်ရင်တောင် အလုပ်ဖြစ်ရင်ရပြီ”
ဖရဲသီးစားခြင်းစနစ်က ဆက်ပြောလာ၏။ [သူမ တစ်သက်တာမှာ လက်ဖဝါးကြီး အဆောင် အနည်းငယ်ကို ရေးဆွဲခဲ့ဖူးတယ်။ နာမည်အတိုင်းပဲ၊ အဆောင်က အပေါ်ကနေ ပြင်းပြင်းထန်ထန် ဖိချတဲ့ ဧရာမ လက်ဖဝါးအဖြစ် ပြောင်းလဲသွားတာ။ ဒါက ပြင်းထန်တဲ့ တိုက်ခိုက်ရေး အဆောင်တစ်ခုပဲ။
သာမန် အဆောင်တွေက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တွေကိုသာ သက်ရောက်နိုင်ပေမယ့် သူမရေးဆွဲခဲ့တဲ့ အဆောင်တွေက ဝိညာဉ်နဲ့ စိတ်ဝိညာဉ် ခန္ဓာကိုယ်နှစ်ခုလုံးကို သက်ရောက်မှုရှိနိုင်တယ်]
ဤအရာကို ကြားရသောအခါ နဉ်ရွှီသည် ဖူရှန့်ကို အနည်းငယ် စိတ်ဝင်စားလာသည်။ “သူမက သေးငယ်တဲ့ ငါးမဟုတ်ဘူးနဲ့တူတယ်။ သူမက တကယ်ပဲ နာမည်မကြီးသူ တစ်ယောက်လား။ သူမရဲ့ စွမ်းရည်တွေနဲ့ဆိုရင် ကျင့်ကြံခြင်းလောကမှာ သေးငယ်တဲ့ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေစရာမလိုဘူးမလား”
ဖရဲသီးစားခြင်းစနစ်က ပြန်ဖြေလိုက်သည်။ [ငါမသိဘူး။ သူမက ငါ့ရဲ့ ဒေတာဘေ့စ်ထဲမှာမရှိဘူး]
[ဒီအတွက် ဖြစ်နိုင်တဲ့ ရှင်းပြချက်နှစ်ခုရှိတယ်]
နဉ်ရွှီက စိတ်ရှည်စွာ နားထောင်လိုက်သည်။ “ရှင်းပြချက် နှစ်ခုက ဘာတွေလဲ”
[တစ်ခုက ဒေတာဘေ့စ်က မပြည့်စုံသေးဘူး၊ အပ်ဒိတ်လုပ်ဖို့ လိုအပ်တယ်။
နောက်တစ်ခုက… ငါ အခုထိ မပြောပြနိုင်သေးဘူး]
နဉ်ရွှီ: !!!
ဖရဲသီးစားခြင်းစနစ်သည် အဆင်မပြေစွာ စကားလမ်းကြောင်း ပြောင်းလိုက်၏။ [host နင် လက်ဖဝါးကြီး အဆောင်ကို စမ်းကြည့်နိုင်တယ်]
[သူမ ရေးဆွဲခဲ့တဲ့ လက်ဖဝါးကြီး အဆောင်တွေက သူမရဲ့ ဝိညာဉ်ခန္ဓာကိုယ်ကို သတိလစ်သွားအောင် ရိုက်ထုတ်နိုင်မလားဆိုတာ ကြည့်လိုက်!]
ဖူရှန့်: ???
ရိုက်… ရိုက်ထုတ်?
ရက်စက်လိုက်တာ! တကယ်ကို အရမ်းရက်စက်တာပဲ!
မဟုတ်ဘူး၊ “ရက်စက်ခြင်း” ဟူသော စကားလုံးသည် ဤဂြိုလ်သား သတ္တဝါကို ဖော်ပြရန် မလုံလောက်သေးပေ။
တကယ်ကို သံနှလုံးသားနဲ့ ကြမ်းတမ်းလွန်းတယ်!
__