← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

🍋 Chapter 51

ကျိုးထျန်းသည် ပြောဆိုပြီးသည်နှင့် ရှေ့သို့တိုးကာ လျိုမုယန်၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်သည်။

လျိုမုယန်သည် ခဏမျှ ကြောင်သွားသော်လည်း နောက်တစ်စက္ကန့်တွင် ချိုသာစွာ ပြုံးလိုက်၏။

"ကောင်းပြီလေ... ကျွန်မက စတော်ဘယ်ရီသကြားလုံးကို အကြိုက်ဆုံးပဲ"

ထို့နောက် သူမသည် ကျိုးထျန်းနောက်မှ လိုက်ပါသွားတော့ရာ ကျန်ရစ်ခဲ့သည့် လူစုမှာမူ သူတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း ကြောင်အနုမက ဖြစ်နေကြတော့သည်။

"အခုခေတ်မှာ မိန်းကလေးတွေကို ဒီလိုပဲ ချဉ်းကပ်ကြတာလား။ ငါတို့ကပဲ ခေတ်နောက်ကျကျန်ခဲ့တာလား"

ဝတုတ်လေးတစ်ယောက်မှာမူ သူ၏ တည်ရှိမှုအပေါ် ကိုယ့်ကိုယ်ကိုယ် ပြန်လည်သံသယဝင်လာတော့သည်။

ခေါင်းဆောင်ဖြစ်သူ လူငယ်မှာမူ ၁၀ စက္ကန့်ခန့် ကြာမှ သတိပြန်ဝင်လာ၏။

"မင်းကတော့ အူကြောင်ကြောင်နိုင်လိုက်တာ။ အဲဒီနှစ်ယောက်က သိသိသာသာကြီး သိနေကြတာပဲ၊ ငါတို့ အလှည့်စားခံလိုက်ရပြီ!"

ထိုလူငယ်က ဝတုတ်လေး၏ ခေါင်းကို ရိုက်လိုက်သည်။

ဝတုတ်လေးမှာမူ 'မင်းလည်း ဒီမှာရှိနေတာပဲကို ငါ့ကိုမှ လာပြောရသလား' ဟု စိတ်ထဲမှ မကျမနပ် ဖြစ်နေရှာသည်။

"မြန်မြန်... သူတို့နောက်ကို လိုက်ကြမယ်။ အဲဒီနှစ်ယောက်က ဘယ်သူတွေလဲဆိုတာ ငါ သိချင်တယ်။ ဒီမိန်းကလေးက တကယ်ကို လှလွန်းတယ်။ ငါ သူ့ကို မရမချင်း စိတ်ကျေနပ်မှာ မဟုတ်ဘူး"

ထိုလူငယ်သည် အခြားသူများကို ဦးဆောင်ကာ သူတို့ထွက်ခွာသွားသည့် ဘက်သို့ လိုက်သွားကြတော့သည်။

...

"ကျိုးထျန်း... ရှင်ကတော့ တကယ်ပဲ လူဆိုးလေး။ သူတို့ကို လှည့်စားသွားတယ်"

လျိုမုယန်က ဆူပူနေသယောင် ရှိသော်လည်း သူမ၏ မျက် လုံးများထဲတွင်မူ သိသိသာသာပင် မြတ်နိုးမှုများ ပြည့်နှက်နေသည်။

"သူတို့က မင်းကို လိုက်နှောင့်ယှက်နေတာလေ။ ကိုယ်က တော်တော်လေး ယဉ်ယဉ်ကျေးကျေး လုပ်ပေးခဲ့တာပါ။

မင်းက သူတို့ကို စကားမပြောချင်တာ သိသာနေတာတောင် သူတို့က အတင်းလိုက်ကပ်နေတာ လွန်လွန်းတယ်"

ကျိုးထျန်းသည် ထိုလူစုအပေါ် အလွန်ပင် မကျေမနပ် ဖြစ်နေသော်လည်း ဤနေရာမှာ သူစိမ်းအရပ်ဖြစ်ပြီး တစ်ဖက်လူကလည်း လူများနေသဖြင့် ထိပ်တိုက်တွေ့မှုကို ရှောင်ရှားခဲ့ခြင်း ဖြစ်သည်။

" လူကြီးပုစိတ်တိုလေး။ ကိုယ်လည်း ဓာတ်ပုံရိုက်တာ ဝခဲ့ပါပြီ။ ကျွန်မတို့ သွားကြတော့မလား၊ နည်းနည်းတော့ ပင်ပန်းလာပြီ"

ထိုလူများ ပေါ်လာခြင်းကြောင့် လျိုမုယန်၏ စိတ်အစဉ်မှာ အနည်းငယ် ပျက်ယွင်းသွားရပြီး လည်ပတ်စရာ ရှိသည်များကိုလည်း အတော်အသင့် မြင်တွေ့ခဲ့ပြီးဖြစ်ရာ ပြန်ရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

"ကောင်းပြီလေ... တခြားနေရာလေးတွေ လျှောက်ကြည့်ကြတာပေါ့။ ဆူးကျိုးမှာ ထူးခြားတဲ့ ပန်းခြံတွေ အများကြီး ရှိတယ်"

"အင်း... ငါ တစ်ခါမှ မရောက်ဖူးဘူး။ သွားကြည့်ကြတာပေါ့"

သူတို့နှစ်ဦးသည် လက်ချင်းချိတ်ကာ ပြတိုက်အတွင်းမှ ထွက်လာခဲ့ကြရာ နောက်မှ လိုက်လာသည့် လူစုနှင့် မျက်နှာချင်းဆိုင် တိုးတော့သည်။

"တောက်... သူတို့က တကယ်ကို ချစ်သူတွေပဲ။ ငါတို့ တကယ် အလှည့်စားခံလိုက်ရတာ"

ခေါင်းဆောင်ဖြစ်သူ လူငယ်က ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

"အစ်ကိုချောင်... အခု ဘာဆက်လုပ်ကြမလဲ။ လက်လျှော့လိုက်တော့မလား"

"ဘာဖြစ်တာလဲ! ဒီလောက်လှတဲ့ မိန်းကလေးမျိုးကို နောက်တစ်ခါ ဘယ်တော့မှ ထပ်တွေ့ရမှာ မဟုတ်ဘူး။ ငါ လက်မလျှော့နိုင်ဘူး"

"ဒါ့အပြင် ငါ ကျောက်ချောင်က မိန်းကလေးချဉ်းကပ်တဲ့နေရာမှာ တစ်ခါမှ မရှုံးဖူးဘူး။ ငါ မယုံဘူး၊ ကျောက်တုံးကြီးပဲ ဖြစ်ဖြစ် ငါ မရရအောင် ခွဲပစ်မယ်"

ကျောက်ချောင်သည် သွားကြိတ်ကာ ပြောလိုက်သည်။ ဤသို့ ဖြစ်ပျက်လေလေ သူ၏ ပြိုင်ဆိုင်လိုစိတ်မှာ ပိုမိုပြင်းထန်လာလေလေ ဖြစ်သည်။

သူသည် အရပ်ရှည်ပြီး ရုပ်ချောသည့်အပြင် ဓာတ်ပုံရိုက်ရာတွင်လည်း ထူးချွန်သူဖြစ်သဖြင့် ကျောင်းတွင် အလွန်ပင် နာမည်ကြီးကာ ချစ်သူများစွာ ရှိခဲ့ဖူးသူ ဖြစ်သည်။

ယခုမူ သူသည် မာန်မာနတက်နေပြီး မိမိ မရနိုင်သော မိန်းကလေး မရှိဟုပင် ထင်မှတ်နေတော့သည်။

သူသည် ယခင် အတွေ့အကြုံဟောင်းများအပေါ် အခြေခံကာ မှားယွင်းစွာ တွေးတောနေခြင်း ဖြစ်သည်။

သူ ယခင်က မရှုံးဖူးခြင်းမှာ လျိုမုယန်ကဲ့သို့ မိန်းကလေးမျိုးနှင့် မဆုံဖူးသေးခြင်းကြောင့် ဖြစ်သလို ကျိုးထျန်းကဲ့သို့သော သူနှင့်လည်း မတွေ့ဖူးသေးသောကြောင့် ဖြစ်သည်။

ထိုလူစုသည် သူတို့အနားသို့ အမြန်လိုက်လာကြသည်။

"အလှလေး... ဘာလို့ ဒီလောက်အစောကြီး ပြန်ရတာလဲ။ ကျွန်တော်တို့ ဓာတ်ပုံပညာအကြောင်း ဆွေးနွေးဖို့ ကျန်သေးတယ်လေ"

ရှေ့တွင် စကားတပြောပြောနှင့် သွားနေကြသော ကျိုးထျန်းတို့နှစ်ဦးမှာ ထိုအော်သံကြောင့် ရပ်တန့်သွားကြသည်။

ကျိုးထျန်းက လျိုမုယန်၏ လက်ကို ပုတ်ကာ

"ကိုယ် ကိုင်တွယ်လိုက်မယ်၊ ခဏစောင့်ဦး"

လျိုမုယန်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ သူမသည် ကျိုးထျန်းအတွက် လုံးဝ စိုးရိမ်ခြင်း မရှိချေ။

ဘွဲ့နှင်းသဘင်နေ့က ဝူခယ်ရုံပင် သူ့ကို ဘာမှမလုပ်နိုင်ခဲ့ရာ ဤလူငယ်များမှာမူ ပြောပလောက်စရာ မရှိပေ။

ကျိုးထျန်းသည် သူတို့ဘက်သို့ လျှောက်သွားလိုက်သည်။

"မင်းတို့ကတော့ တကယ်ကို လူမူရေး မသိတဲ့သူတွေပဲ"

သူ၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး မျက် မှောင်ကြုတ်ကာ အလွန်ရန်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ဤအကြည့်မှာ အိမ်ခြံမြေအကျိုးဆောင် ဝတုတ်နှင့် မြေသိမ်းရုံးက လူများကိုပင် ဖိအားပေးနိုင်ခဲ့သည်ဖြစ်ရာ ဤလူငယ်များအတွက်မူ ပိုပြင်းထန်လှပေလိမ့်မည်။

ကျိုးထျန်း၏ ရုတ်တရက် ထွက်ပေါ်လာသော အရှိန်အဝါကြောင့် ထိုလူစုမှာ ကြောင်အသွားကြပြီး ခြေလှမ်းများပင် တုံ့ဆိုင်းသွားကြသည်။

ကျောက်ချောင်မှာ ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ‘ငါက သူ့ကို ဘာလို့ ကြောက်နေရမှာလဲ’ ဟု ပြန်လည် တွေးတောလိုက်သည်။

"အဲဒီစကားကို ငါက ပြောရမှာ မဟုတ်ဘူးလား။ ငါတို့က သူမနဲ့ သူငယ်ချင်းဖြစ်ချင်ရုံတင်ပါ။ မင်းတို့က ဘယ်လိုပတ်သက်မှုပဲ ရှိရှိ အခုလို တားဆီးတာက မသင့်တော်ဘူး။ မိန်းကလေးတွေမှာလည်း သူတို့ရဲ့ လွတ်လပ်ခွင့် ရှိတာပဲ"

ကျောက်ချောင် လူကြီးလူကောင်းဆန်ဆန် စကားလုံးများဖြင့် သူ၏ ရည်ရွယ်ချက်ကို ဖုံးကွယ်ကာ ပြောဆိုလိုက်သည်။

"ဟက်... ဆိုတော့ မင်းတို့က ဖယ်မပေးဘူးပေါ့"

ကျိုးထျန်းက လှောင်ပြုံးဖြင့် ပြောလိုက်ရာ ကျောက်ချောင်၏ ဘေးက လူများမှာ ထိတ်လန့်ကာ နောက်သို့ တစ်လှမ်းဆုတ်သွားကြသည်။

ကျောက်ချောင်ပင်လျှင် တံတွေးကို မျိုချလိုက်ရ၏။

ဤလူ၏ အရှိန်အဝါမှာ အထက်လူကြီးတစ်ယောက်ကဲ့သို့ အလွန်ပင် ခန့်ညားလှသည်။

အမှန်စင်စစ် ၎င်းမှာ အထက်လူကြီး အရှိန်အဝါ မဟုတ်ဘဲ စနစ်နှင့် ငွေကြေးက ပေးအပ်ထားသော ယုံကြည်ချက်ပင် ဖြစ်သည်။

"ဒါက ဘယ်လို အမူအရာလဲ။ မင်းတို့က ဒီက လူတွေ မဟုတ်ဘူး ထင်တယ်။ ဘာလဲ... ဒီမှာ ပြဿနာ ရှာချင်နေတာလား"

"ဟားဟားဟား... ညီလေး... မင်းက တကယ်ကို သတ္တိရှိတာပဲ။ မင်းက ငါ့ကို အရင်စော်ကားမော်ကား လုပ်တာလေ၊ အခုကျတော့ ငါက ပြဿနာရှာတယ် ဖြစ်သွားပြီလား။

ကဲ... ငါ နောက်ဆုံးအကြိမ် အကြံပေးလိုက်မယ်။ မင်း ဘာပဲလုပ်ချင်လုပ်ချင် အခုချက်ချင်း ရပ်လိုက်တာက မင်းအတွက် အကောင်းဆုံးပဲ"

ကျောက်ချောင်မှာ ငယ်စဉ်ကတည်းက အလိုလိုက်ခံထားရသူဖြစ်သဖြင့် ကျိုးထျန်း၏ သတိပေးချက်ကို ကြားသောအခါ ဒေါသပေါက်ကွဲသွားတော့သည်။

"တောက်... ဒီနေ့တော့ ငါ မယုံဘူး! ငါ ကျောက်ချောင်ရဲ့ ခွင့်ပြုချက်မရဘဲ မင်းတို့ စူးကျိုးကနေ ထွက်သွားနိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့!"

ကျိုးထျန်းမှာ ထိုစကားကို ကြားသောအခါ အံ့ဩသွားရသည်။ ယခုခေတ်တွင် အစိုးရ၏ နှိမ်နင်းမှုများကြားမှ လူမိုက်များ ကျန်သေးသလော။

ဤနေရာမှာ စူးကျိုး၏ မြို့လယ်ခေါင် ဖြစ်ပြီး တောရွာတစ်ခု မဟုတ်ချေ။

ကျောက်ချောင်၏ နောက်က လူများက သူ့ကို လှမ်းဆွဲကြသည်။

"အစ်ကိုချောင်... မထိုက်တန်ပါဘူး။ ပြဿနာ မဖြစ်ပါစေနဲ့၊ ထားလိုက်ပါတော့"

"ဖယ်ကြစမ်း! ဒီကောင်က စူးကျိုးမှာ ငါ့ကို ဒီလိုစကားမျိုး ပြောရဲတယ်။ ဒီနေ့ သူ့ကို သင်ခန်းစာ ပေးရမယ်"

ကျိုးထျန်းသည် သူ့ကို လူအတစ်ယောက်ကဲ့သို့ ကြည့်လိုက်ပြီး ဖုန်းကို ထုတ်ကာ Video Call ခေါ်လိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင် ဂျက်ဆီ၏ အသံ ထွက်ပေါ်လာ၏။

"Boss... ကျွန်တော့်ကို ထပ်ခေါ်ပြန်ပြီ။ ဘယ်ကုမ္ပဏီကို ထပ်ကိုင်တွယ်ရဦးမလဲ။ ဒီတစ်ခါတော့ နည်းနည်း ပိုခက်ခဲတာမျိုး ရွေးပေးပါလား၊ မဟုတ်ရင် ပျင်းစရာကြီး"

"ဒီတစ်ခါတော့ ပိုပြီး ပျင်းစရာကောင်းတာ တစ်ခုပေးမယ်။ ဗီဒီယိုထဲမှာ မြင်နေရတဲ့ ရုပ်ဆိုးဆိုးနဲ့ လူအရဲ့ အချက်အ လက်အားလုံးကို ရှာပြီး ၃ မိနစ်အတွင်း ငါ့ကို အကြောင်းပြန်ပါ"

"အိုကေ... ဒါက အရမ်း လွယ်လွန်းပါတယ်"

တစ်ဖက်လူမှာ ကျိုးထျန်း၏စကားကို ကြားသောအခါ ကြောင်အသွားကြပြီး ကျောက်ချောင်ပင်လျှင် ဇဝေဇဝါ ဖြစ်သွားသည်။

"မင်းက လူအပဲ၊ ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား။ ငါ့အချက်အလက်တွေကို ရှာမယ် ဟုတ်လား။ မင်းကိုယ်မင်း ဘယ်သူများ မှတ်နေလဲ!"

ကျောက်ချောင်သည် သူ့ကို ဆွဲထားသည့် လက်များကို ခါထုတ်လိုက်ကာ ရှေ့သို့တိုးပြီး ကျိုးထျန်း၏ ကော်လာကို ဆွဲကိုင်လိုက်ကာ ထိုးကြိတ်ရန် ပြင်လိုက်သည်။

ထိုအချိန်မှာပင် ကျိုးထျန်း၏ ဖုန်း မြည်လာသည်။ ဂျက်ဆီက တစ်မိနစ်အတွင်းမှာပင် အလုပ်ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ကျိုးထျန်းသည် တစ်ဖက်လူ၏ လက်သီးက လေထဲတွင် ရှိနေသည်ကို ဂရုမစိုက်ဘဲ ဖုန်းကို ဖွင့်ကာ အချက်အလက်များကို ဖတ်ပြလိုက်သည်။

"ကျောက်ချောင်၊ အမျိုးသား၊ အသက် ၂၂ နှစ်၊ နေရပ်လိပ်စာ - အခန်း ၄၀၁၊ အဆောက်အအုံ ၆၊ ပေရှန်းဟောင်ထင်၊ ချန်းဝမ်လမ်း၊ စူးကျိုးမြို့လယ်"

သူ့ အိမ်လိပ်စာကို တိတိကျကျ ပြောလိုက်သည်ကို ကြားသောအခါ ကျောက်ချောင်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ကျိုးထျန်း၏ ကော်လံကို ဆုပ်ကိုင်ထားသော လက်မှာလည်း တဖြည်းဖြည်း လျော့ရဲသွားတော့သည်။

"ဖခင်က ကျောက်ကျိန့်ကျီ၊ မြို့လယ်ခရိုင် ရဲစခန်းရဲ့ ဒုတိယ အုပ်ချုပ်ရေးမှူး၊ မိခင်က လျိုရွေ့ဖန်း၊ ဆောက်လုပ်ရေးဘဏ် မြောက်ပိုင်းဘဏ်ခွဲရဲ့ ဒုတိယ မန်နေဂျာ"

"ဟက်... မင်းရဲ့ မိသားစု နောက်ခံက တော်တော် တောင့်တင်းတာပဲ။ ဒါကြောင့်လည်း မင်းက ဒီလောက်အထိ ရဲရဲတင်း တင်း ပြောရဲနေတာကိုး"

ကျိုးထျန်းသည် တစ်ဖက်လူ၏မျက်နှာ ပျက်ယွင်းသွားသည်ကို စိတ်ဝင်တစား ကြည့်နေမိသည်။

တစ်မိနစ်အတွင်းမှာပင် သူ့ နောက်ခံကို ရှာဖွေနိုင်စွမ်းမှာ အလွန်ပင် ကြောက်စရာကောင်းလှသည်။

အနည်းဆုံးတော့ သူ၏ဖခင်မှာ ရဲစခန်း ဒုတိယအုပ်ချုပ်ရေးမှူးဖြစ်သော်လည်း ဤမျှ မြန်ဆန်စွာ လုပ်ဆောင်နိုင်မည် မဟုတ်ချေ။ ဤလူက မည်သို့အဆင့်အတန်းမျိုးရှိသနည်း။

"ဝိုး... မင်းတို့ မိသားစုက ချမ်းသာရုံတင် မဟုတ်ဘူး၊ အလွန်အမင်းကို ချမ်းသာတာပဲ။ တစ်နိုင်ငံလုံး အနှံ့မှာ အိမ်ခြေ ၁၇ လုံးတောင် ပိုင်ဆိုင်ထားတာပဲ။ အံ့ဩစရာပဲ!"

ကျောက်ချောင်မှာ ချွေးများ ပျံလာတော့သည်။

"မင်း မိဘတွေရဲ့ ဝင်ငွေနဲ့ ဒီလောက် အိမ်တွေ အများကြီးကို ဘယ်လို ဝယ်နိုင်တာလဲဆိုတာ ငါ တကယ် သိချင်မိတယ်။ စည်းကမ်းထိန်းသိမ်းရေး ကော်မတီကို မေးကြည့်ရင်တော့ သူတို့ သိနိုင်မှာပါ"

ကျောက်ချောင်မှာ လုံးဝ ပျာယာခတ်သွားတော့သည်။

အရာရှိမိသားစုမှ ဆင်းသက်လာသူ တစ်ယောက်အနေဖြင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက မည်မျှ ကြောက်စရာကောင်းသည်ကို သူ ကောင်းကောင်း သိသည်။

ကျိုးထျန်း မရပ်ဘဲ ဆက်ပြောလိုက်သည်။

"သက်ပြင်းချရမှာက အိမ်တင် မဟုတ်ဘူး၊ မင်းတို့ မိသားစုက နော်ဒစ်ဘဏ် မှာလည်း အပ်ငွေတွေ အများကြီး ရှိနေတာပဲ။ မင်းတို့ မိသားစုက ဒီလောက် ချမ်းသာမှန်း ငါ မသိခဲ့ဘူး။ ငါ မျက်စိမှားသွားခဲ့တာပဲ"

"မဟုတ်ဘူး... မဟုတ်ဘူး..." ကျောက်ချောင်မှာ လက်များကို ကမန်းကတန်း ခါယမ်းကာ နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားတော့သည်။

"အခု ငါ မေးချင်တာက... သခင်လေးကျောက်အနေနဲ့ ငါတို့နှစ်ယောက်ကို စူးကျိုးကနေ ထွက်ခွာခွင့် ပြုနိုင်ပြီလား"

ကျိုးထျန်း တမင်တကာ မေးလိုက်ခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် စောစောက သူကိုယ်တိုင်ပင် ကျိုးထျန်းတို့နှစ်ဦးမှာ သူ့ခွင့်ပြုချက်မရဘဲ စူးကျိုးမှ မထွက်နိုင်ဟု ပြောခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

🍋 Chapter 52

မေးမြန်းပြီးနောက် ကျိုးထျန်းသည် ခြေလှမ်းများပင် မခိုင်တော့သော ကျောက်ချောင်ကို ကြည့်ကာ အထင်အမြင်သေးသော အမူအရာကို ပြလိုက်သည်။

"မင်းလိုကောင်က ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့။ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် အဆင့်ရှိလဲဆိုတာ မသိဘူးလား"

"သွားတော့... မင်းလို အမှိုက်ကောင်ကို ကန်ရမှာတောင် ငါ့ဖိနပ် ပေမှာ စိုးတယ်"

ကျောက်ချောင်သည် ပြန်မပြောရဲတော့ဘဲ အဝေးသို့ သုတ်ခြေတင် ပြေးတော့သည်။

သူ၏ သူငယ်ချင်းများမှာလည်း အိုးတိုးအန်းတန်း အပြုံးများဖြင့် ကျိုးထျန်းကို အနည်းငယ် ဦးညွှတ်နှုတ်ဆက်ကာ လေအဟုန်ဖြင့် ထွက်ပြေးသွားကြရာ စက္ကန့်အနည်းငယ်အတွင်း ပျောက်ကွယ်သွားကြတော့သည်။

ထိုအခါမှ ကျိုးထျန်းသည် ခေါင်းခါယမ်းကာ လျိုမုယန်၏ အနားသို့ ပြန်လျှောက်လာခဲ့သည်။

"အကုန် ပြီးသွားပြီလား"

"ပြီးသွားပြီ"

လျိုမုယန်က ထပ်မမေးတော့ဘဲ သူ၏ လက်မောင်းကို ချိတ်ကာ ပါးပြင်ကို နမ်းလိုက်သည်။

"ရှင်က တကယ်ကို အံ့ဩဖို့ကောင်းတာပဲ"

ကျိုးထျန်းက သူမ၏ မျက်နှာကို လက်ဖြင့်အုပ်ကာ ပြန်လည် နမ်းရှိုက်လိုက်သည်။

မိနစ်အနည်းငယ်အကြာတွင် သူတို့၏ နှုတ်ခမ်းများ ခွာလိုက်ကြ၏။

"သွားစမ်းပါ... ဒီရက်ပိုင်းက ကံမကောင်းတာတွေကြောင့် ငါတို့ရဲ့ စိတ်အစဉ်ကို အပျက်မခံနဲ့၊ လာ ထမင်းသွားစားကြရအောင်"

ထို့နောက် ညစာအတွက် Hot Pot ဆိုင်သို့ သွားလိုက်ကြသည်။

နေ့လယ်က ဆူးကျိုးဟင်းလျာများ စားခဲ့ပြီးဖြစ်ရာ ညစာတွင်မူ လျိုမုယန် နှစ်သက်သော စီချွမ်ဟင်းလျာများကို ပြောင်းလဲစားသောက်ကြခြင်း ဖြစ်သည်။

ည ၇ နာရီဝန်းကျင်တွင် သူတို့နှစ်ဦး ကွမ်းချန်လမ်း တလျှောက် လမ်းလျှောက်ခဲ့ကြသော်လည်း ရှန်ဟိုင်းရှိ ရှီးကျင်းလမ်းကဲ့သို့ပင် ပျင်းစရာကောင်းလှသဖြင့် အနည်းငယ် စိတ်ပျက်ခဲ့ရသည်။

ည ၁၀ နာရီဝန်းကျင်တွင် ကျိုးထျန်းသည် လျိုမုယန်ကို အိမ်သို့ ပြန်ပို့ပေးခဲ့သည်။

လုံခြုံရေးဝန်ထမ်းများက သူ၏ကားကို မှတ်မိနေပြီး အာရုံစိုက်ခံရမည် စိုးသဖြင့် အောက်ထပ်တွင် ကြာကြာမနေခဲ့ချေ။

ထို့နောက် ကျင်းရှစ်တိုက် ပလာဇာ သို့ ပြန်မောင်းလာကာ McLaren 720S ဘေးရှိ သူ၏ ကိုယ်ပိုင်ကားပါကင်နေရာတွင် Bentley ကို ရပ်နားလိုက်သည်။

ကားအသစ်ဝယ်သည့်အကြောင်းကို သူ၏ မိဘများကို ပြောရန် အစီအစဉ်မရှိသေးပေ။

အနည်းဆုံးတော့ သူ ယခုထက် ပိုချမ်းသာလာသည့်အချိန်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်ထားသည်။

ဇူလိုင်လ ၁၅ ရက်နေ့ နံနက်စောစော။

ကျိုးထျန်း အိပ်ရာထဲတွင် ရှိနေစဉ်မှာပင် သူ၏ မိခင်ဖြစ်သူက ရုတ်တရက် အခန်းထဲသို့ ပြေးဝင်လာပြီး စောင်ကို ဆွဲလှန်လိုက်သည်။

"မေမေ... ဘာလုပ်တာလဲ။ သား နည်းနည်းလောက် ထပ်အိပ်ချင်သေးတယ်" ဟု ကျိုးထျန်းက နွေရာသီ၏ နံနက်ခင်း နေရောင်ခြည်ကို ကာကွယ်ရန် ခေါင်းအုံးဖြင့် မျက်နှာကို အုပ်ကာ ပြောလိုက်သည်။

"ထတော့! ထတော့! မင်းရဲ့ တက္ကသိုလ်ဝင်ခွင့်စာ ရောက်နေပြီ!"

ထိုစကားကို ကြားသည်နှင့် သူ ချက်ချင်း သတိဝင်လာကာ အခန်းထဲမှ ပြေးထွက်သွားပြီး ဖွင့်ပြီးသား စာအိတ်ကို ဆွဲယူလိုက်သည်။

ဖူတန့်တက္ကသိုလ်၏ အဖြူအမည်း ဝင်ခွင့်စာကို ကြည့်ရင်း ကျိုးထျန်းသည် လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်မိ၏။

ပျော်ရွှင်ရုံတင်မကဘဲ ကျေနပ်အားရမှုလည်း ဖြစ်မိသည်။ အဘယ်ကြောင့်ဆိုသော် ဝူခယ်ရုံ၏ ဝင်ခွင့်စာမှာလည်း မကြာမီ ရောက်ရှိလာတော့မည် ဖြစ်သောကြောင့်ပင်။

"WeChat Moments မှာ တစ်ခုခု တင်လိုက်ဦးမယ်"

ကျိုးထျန်းသည် ဓာတ်ပုံရိုက်ကာ "ဒါက ဖူတန့်တက္ကသိုလ်ရဲ့ ဝင်ခွင့်စာပဲ" ဟု စာသားရေးကာ တင်လိုက်သည်။

မိနစ်ဝက်ခန့်အကြာတွင် ရန်လိုသော စာတိုများစွာ ရောက်ရှိလာတော့သည်။ အတန်းဖော် Group Chat ထဲတွင်လည်း ဆူညံသွားတော့၏။

"ကျိုးထျန်းကတော့ လွန်လွန်းတယ်! ငါတို့ ဖူတန့်တက္ကသိုလ် ဝင်ခွင့်စာ မမြင်ဖူးတာကို အခွင့်ကောင်းယူနေတာပဲ"

"ငါတို့ရဲ့ ဗဟုသုတနည်းပါးမှုကို အခွင့်ကောင်းယူနေတာလား ကျိုးထျန်း!"

"ဖူတန့်တက္ကသိုလ် ဝင်ခွင့်စာကို အွန်လိုင်းမှာပဲ တွေ့ဖူးတာပါ ရယ်ရခက် ငိုရခက် အီမိုဂျီ"

သို့သော် ကျိုးထျန်း၏ တိုက်ခိုက်နိုင်စွမ်းကို သူတို့ လျှော့ တွက်ခဲ့ကြသည်။ မိနစ်အနည်းငယ်အကြာတွင် ကျိုးထျန်းက Moments တွင် ထပ်မံ တင်လိုက်ပြန်သည်။

"လျိုမုယန်လည်း ငါနဲ့အတူတူပဲ ရလို့ ဂုဏ်ယူပါတယ်"

၎င်းနှင့်အတူ လျိုမုယန်၏ဖူတန့်တက္ကသိုလ် ဝင်ခွင့်စာပုံကိုပါ တွဲတင်လိုက်သည်။ အတန်းဖော် Group Chat ထဲတွင်မူ ညည်းညူသံများ ပိုမိုကျယ်လောင်လာတော့၏။

"ငါတို့တော့ ဒီလိုမျိုး ဆက်မနေနိုင်တော့ဘူး! သူတို့က တစ်တွဲတည်း ဖြစ်နေကြတာပဲ!"

"ကျိုးထျန်း... မင်းမှာ အရှက်မရှိဘူးလား။ ငါတို့ကို သတ်နေတာလား၊ ငါတို့ တော်တော် စိတ်မကောင်းဖြစ်ရတယ်!"

"ကျိုးထျန်းကို အစာတစ်နပ် ပြန်ကျွေးခိုင်းရမယ်!"

"သဘောတူတယ်!"

"သဘောတူတယ်!"

ကျိုးထျန်းမှာ ဘာပြန်ပြောရမှန်းမသိဘဲ အထုခံရတော့မည်ကို သိလိုက်ရသည်။

ကောင်းပြီ... အတန်းဖော်တွေပဲလေ၊ ကျွေးရမှာပေါ့။ သို့သော် အချို့သော အတန်းဖော်များမှာမူ လာနိုင်မည် မဟုတ်ချေ။

ရှန်ဟိုင်းမြို့လယ်ရှိ အဆင့်မြင့် လူနေအိမ်ရာတစ်ခုတွင် ဝူခယ်ရုံသည် စားပွဲပေါ်ရှိ ဝင်ခွင့်စာကို ကြည့်ကာ ငေးမှိုင်နေသည်။

သူသည် ကန်းစုပြည်နယ် ရှိ အသက်မွေးဝမ်းကျောင်း ကောလိပ်တစ်ခုသို့ ဘာကြောင့် အရွေးခံလိုက်ရသလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေ၏။

"ဘာလို့လဲ..." ဆိုသည့် မေးခွန်းတစ်ခုသာ သူ၏ စိတ်ထဲတွင် ကျန်ရစ်နေသည်။

၁၀ မိနစ်ခန့် ကြာမှ သူ သတိပြန်ဝင်လာကာ

"မဟုတ်ဘူး... တောက်... ကွမ်းဟုန်က ငါ့ကို သစ္စာဖောက်ပြီး ထောင်ချောက်ဆင်လိုက်တာလား!"

ဝူခယ်ရုံသည် ဒေါသတကြီး ထကာ ဖုန်းကို ချက်ချင်း ခေါ်လိုက်သည်။

"ဟေး... အစ်ကိုရုံ၊ ဘာကိစ္စရှိလို့လဲ" ဟု ကွမ်းဟုန်က ဖားလိုသော လေသံဖြင့် ပြန်ပြောသည်။

"မင်းလို ခွေးမသား... ငါ့ကို ပြောစမ်း၊ ကျိုးထျန်းက မင်းကို ဘယ်လောက်ပေးလို့ ငါ့ကို လုပ်ရဲတာလဲ!"

ဝူခယ်ရုံသည် ခွေးရူးတစ်ကောင်ကဲ့သို့ ရူးသွပ်နေတော့သည်။

"အစ်ကိုရုံ... ဘာဖြစ်လို့လဲ။ ကျွန်တော် ဘာမှ နားမလည်ဘူး"

ကွမ်းဟုန်မှာ ဝူခယ်ရုံ၏ အော်ဟစ်သံကြောင့် နားအူသွားကာ ဘာဖြစ်နေမှန်း မသိရှာချေ။

"မင်းက အခုထိ လူအ လုပ်နေတုန်းလား။ ကောင်းပြီလေ... မင်း စောင့်ကြည့်နေလိုက်။

တက္ကသိုလ်ဝင်ခွင့် လျှောက်ထားမှုကို ပြောင်းလဲတာက ဘယ်လောက်ကြီးတဲ့ ပြစ်မှုလဲဆိုတာ မင်း သိလား!"

ကွမ်းဟုန်မှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။ သူ သိသည်ပေါ့၊ သို့သော် ၎င်းမှာ ဝူခယ်ရုံ ကိုယ်တိုင် ခိုင်းခဲ့ခြင်း မဟုတ်ပါလား။

"သူ ထောင်ထဲမှာ ပုပ်နေရလိမ့်မယ်၊ ငါ ဒီနေ့ မင်းကို သတ်ပစ်မယ်!"

ဖုန်းကျသွားသည့် အသံကို ကြားမှ ကွမ်းဟုန်မှာ ကျောချမ်းသွားတော့သည်။

"တစ်ခုခု မှားသွားပြီလား..."

သူသည် ပိုမို ထိတ်လန့်လာကာ ဝူခယ်ရုံထံ ပြန်ခေါ်သော် လည်း Block ခံထားရသည်ကို တွေ့လိုက်ရသည်။

တစ်ဖက်တွင်မူ ဝူခယ်ရုံသည် သူ၏ အရက်သောက်ဖော်တစ်ဦးထံ ဖုန်းဆက်နေ၏။

"ဟေး... အစ်ကိုဟွမ်၊ မတွေ့တာ ကြာပြီနော်။ ဘယ်လိုလဲ"

"ဟဲဟဲ... မင်း တစ်ခုခု အကူအညီလိုလို့ မဟုတ်လား။ ပြောသာပြောပါ၊ ငါတို့က ညီအစ်ကိုတွေပဲဟာ"

ဝူခယ်ရုံသည် သက်ပြင်းချကာ

"အစ်ကို... ဒီတစ်ခါတော့ အစ်ကို ကူညီမှ ဖြစ်မယ်။ တစ်ယောက်ယောက်က ကျွန်တော့်ကို ဒုက္ခပေးနေတယ်"

"ဘာဖြစ်တာလဲ။ မြန်မြန် ပြောစမ်းပါ"

"တစ်ယောက်ယောက်က ကျွန်တော့်ရဲ့ တက္ကသိုလ် လျှောက် လွှာကို ပြောင်းပစ်လိုက်တယ်။ ကျွန်တော်က ထိပ်တန်းတက္ကသိုလ်ကို လျှောက်ထားတာ၊ အခုတော့ ကန်းစုပြည်နယ်က အသက်မွေးဝမ်းကျောင်း ကောလိပ်ကို ဝင်ခွင့်ရနေတယ်!"

"ဟာ! ဒါ တကယ်လား။ ဘယ်သူ လုပ်တာလဲ။ ရှန်ဟိုင်းမှာ ဥပဒေ မရှိတော့ဘူးလား"

ထိုအစ်ကိုဟွမ် ဆိုသူမှာ ဟွမ်ကျန့် ဖြစ်ပြီး ကျင့်အန်း ခရိုင် ရဲစခန်း၏တပ်ဖွဲ့မှူး တစ်ဦး ဖြစ်သည်။

"သူ့နာမည်က ကွမ်းဟုန်၊ ကျွန်တော်တို့ အမှတ် (၁) အထက် တန်းကျောင်းကပဲ။ ကျိုးထျန်း ဆိုတဲ့ကောင်က နောက်ကွယ်ကနေ ကြိုးကိုင်နေတာ ဖြစ်ရမယ်"

"ကောင်းပြီ... ညီလေး စိတ်မပူနဲ့။ အခုချက်ချင်း ငါ့ဆီ လာခဲ့၊ ငါ မင်းအတွက် အမှုဖွင့်ပေးမယ်။ ဒါက ကိစ္စကြီးပဲ၊ မင်း အရှုံးမခံစေရဘူး"

ဝူခယ်ရုံသည် ဖုန်းချလိုက်ကာ လူယုတ်မာ အပြုံးကို ပြုံးလိုက်သည်။

"တောက်... မင်း ငါ့ကို လုပ်ရဲတယ်ပေါ့။ မင်းမှာ ငွေရှိပေမဲ့ အာဏာမရှိဘူးဆိုတာ ငါ သိအောင် လုပ်ပြမယ်။ တရုတ်ပြည်မှာ အာဏာကသာ အရာရာပဲ"

သူသည် ဤကိစ္စကို စတင်ခဲ့သူမှာ မိမိကိုယ်တိုင် ဖြစ်သည်ကို လုံးဝ မေ့လျော့နေတော့သည်။

သို့သော် သူ၏ စိတ်ဓာတ်အရ မိမိကိုယ်ကိုယ် ပြန်လည် သုံးသပ်မည် မဟုတ်ဘဲ အခြားသူကိုသာ အပြစ်တင်ပေလိမ့်မည်။

ထို့အပြင် အခြားသူကို ထောင်ချောက်ဆင်သည်မှာ သဘာဝကျပြီး အခြားသူက သူ့ကို ပြန်လုပ်သည်မှာမူ ကြီးလေးသော ပြစ်မှုဟု သူ ထင်မြင်နေခြင်း ဖြစ်သည်။

ကျိုးထျန်းမှာမူ ဤတုံ့ပြန်မှုများကို ကြိုတင်ခန့်မှန်းထားပြီး အားလုံးကို ပြင်ဆင်ထားပြီးဖြစ်သည်။

ဂျက်ဆီ ရှိနေသမျှ ရဲများသည် သူ၏အပေါ်တွင် မည်သည့် သက်သေမှ ရှာတွေ့နိုင်မည် မဟုတ်ချေ။

အွန်လိုင်းပေါ်ရှိ အထောက်အထား အားလုံးမှာလည်း ဖျောက်ဖျက်ပြီး ဖြစ်သည်။

၎င်းမှာ ကျိုးထျန်း၏ ပထမဆုံး အစီအစဉ်ဖြစ်သော ပုံတူပွားခြင်း ပင် ဖြစ်သည်။ သူသည် ဂျက်ဆီကို ကွမ်းဟုန်၏ အကောင့်အား စောင့်ကြည့်ခိုင်းထားပြီး ကွမ်းဟုန် အကောင့်ထဲသို့ ဝင်သည်နှင့် ဂျက်ဆီ၏ ဆော့ဖ်ဝဲလ်က အလိုအလျောက် ကြားဖြတ်ကာ သူတို့ ပြင်ဆင်ထားသော ဝဘ်ဆိုဒ်အတုသို့ ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ကွမ်းဟုန်သည် ကျိုးထျန်း၏လျှောက်လွှာကို လုံးဝပြောင်းလဲနိုင်ခြင်း မရှိခဲ့ချေ။

ထို့အပြင် ဂျက်ဆီသည် ဝူခယ်ရုံ၏ အကောင့်ထဲသို့ လျှို့ဝှက်ဝင်ရောက်ကာ ကွမ်းဟုန်က ကျိုးထျန်းအတွက် ပြုလုပ်ခဲ့သော အပြောင်းအလဲများကို ဝူခယ်ရုံ လျှောက်လွှာတွင် ပြန်လည် ထည့်သွင်းပေးလိုက်ခြင်း ဖြစ်သည်။

ရလဒ်အနေဖြင့် ကျိုးထျန်းမှာ ဘာမှ မဖြစ်ခဲ့ဘဲ ဝူခယ်ရုံသာလျှင် မိမိတူးခဲ့သော ကျင်းထဲသို့ ကိုယ်တိုင် ပြန်လည် ပြုတ်ကျသွားခဲ့ခြင်း ဖြစ်ပေသည်။

ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခြင်း ဆိုသည်မှာ ကျိုးထျန်းအနေဖြင့် သူ၏ ပြိုင်ဘက်အတွက် ပြင်ဆင်ထားသော ပထမဆုံးလက်ဆောင်ပင်။

All Chapters