အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
🍋 Chapter 57
ဝူချိန်ချိုင်သည် ပြိုင်ဘက်များ၏ တိုက်ခိုက်မှုကို မကြောက်ပေ။
စီးပွားရေးလောကသည် စစ်တလင်းနှင့်တူရာ သူသည် တိုက်ပွဲများအတွက် အမြဲအသင့်ဖြစ်နေခဲ့သည်။
သို့သော် သူ့သားဖြစ်သူမှာ ဤကဲ့သို့ မြေစာပင် ဖြစ်သွားလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။
သူသည် ယခုရက်ပိုင်းအတွင်း ထိုကိစ္စကို အဖန်ဖန် စဉ်းစားနေမိသည်။
သားဖြစ်သူကို ပစ်မှတ်ထားခြင်းမှာ တစ်ဖက်လူတွင် အောက်တန်းကျသော နည်းလမ်းများကို သုံးနေခြင်းဖြစ်ပြီး စီးပွားရေးအရ ယှဉ်ပြိုင်လိုစိတ် မရှိခြင်းကို ဖော်ပြနေသည်။
၎င်းမှာ အလွန်ပင် ကြောက်စရာကောင်းလှသည်။ ဤကဲ့သို့ အထိန်းအကွပ်မဲ့သောတိုက်ခိုက်မှုမှာ သူ့အမြင်တွင် အင်အား ပြသခြင်းတစ်မျိုး ဖြစ်နေသည်။
ခြင်္သေ့ သို့မဟုတ် ကျားတစ်ကောင်သည် သားကောင်ကို မဖမ်းမီ ဟိန်းဟောက်လိုက်သကဲ့သို့ပင်။
ထို့ကြောင့် သူသည် အရိပ်ထဲတွင် ပုန်းအောင်းနေသော ထိုပြိုင်ဘက်ကောင် ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
သူ့အမြင်တွင် သားဖြစ်သူကို တိုက်ခိုက်ခြင်းမှာ ပထမလှိုင်းသာ ရှိသေးပြီး သူ၏ကုမ္ပဏီ သို့မဟုတ် သူကိုယ်တိုင်မှာသာ ထိုပြိုင်ဘက်၏တကယ့်ပစ်မှတ် ဖြစ်ပေလိမ့်မည်။
တစ်ဖက်လူကသာ ပေါ်လာမည်ဆိုပါက ညှိနှိုင်းမှုမှတစ်ဆင့် ထိုသူ ဘာကို လိုချင်သနည်းဆိုသည်ကို သူ သိရှိနိုင်မည် ဖြစ်သည်။
ကုမ္ပဏီရှယ်ယာလား၊ ဂိမ်းမှ အမြတ်ငွေလား၊ ဒါမှမဟုတ် သတိပေးချက်လား?
ထိုအရာအားလုံးမှာ ညှိနှိုင်း၍ ရနိုင်သည်။
ဝူချိန်ချိုင်သည် လောကဓံလှိုင်းတံပိုးများစွာကို ကြုံတွေ့ခဲ့ဖူးသူဖြစ်ရာ ညှိနှိုင်းရေးစားပွဲပေါ်သို့ ရောက်သည်နှင့်အပြောင်း အလဲလုပ်ရန် အမြဲတမ်း အခွင့်အရေး ရှိနေတတ်သည်။
ကံဆိုးစွာဖြင့် သူ မည်မျှပင် စဉ်းစားစေကာမူ သူ လျစ်လျူရှုထားခဲ့သည့် ကျိုးထျန်းမှာ နောက်ကွယ်မှ တကယ့်လက် သည်ဖြစ်နေလိမ့်မည်ဟု သူ မခန့်မှန်းနိုင်ခဲ့ချေ။
ထို့ကြောင့် သူ စောင့်ဆိုင်းနေသော ထို "ပြိုင်ဘက်" မှာလည်း ညှိနှိုင်းရန် ပေါ်လာလိမ့်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ကျိုးထျန်း၏ရည်ရွယ်ချက်မှာ ယွမ်သန်းပေါင်းများစွာသော "အကြွေစေ့" လောက်ကို ရယူရန် မဟုတ်သောကြောင့် ဖြစ်သည်။
"တီလောင်... တီလောင်... တီလောင်..."
ဝူချိန်ချိုင် ဖုန်းမြည်လာသဖြင့် သူ ကောက်ကိုင်လိုက်သည်။ ည ၉ နာရီ ၅ မိနစ် ရှိနေပြီဖြစ်ရာ ဝန်ထမ်းအားလုံး အလုပ် ဆင်းသွားကြပြီ ဖြစ်သည်။
သို့သော် ယခု ဖုန်းဆက်လာသူမှာ ကုမ္ပဏီ၏နည်းပညာပိုင်းဆိုင်ရာ ကြီးကြပ်ရေးမှူးဖြစ်နေသည်။
ဝူချိန်ချိုင်၏ စိတ်ထဲတွင် မကောင်းသော အငွေ့အသက်ကို အလိုလို ခံစားလိုက်ရသည်။
"ဟေး... လောင်ကျန်း၊ ဘာကိစ္စလဲ"
"သူဌေး... ကျွန်တော်တို့ရဲ့ ဆာဗာ က... ဖြစ်သွားပြီ..."
"ဘာဖြစ်တာလဲ... အမြန်ပြောစမ်း!"
"ဆာဗာ" ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် ဝူချိန်ချိုင်၏ လက်မောင်းမှ အမွှေးအမျှင်များ ထောင်ထသွားတော့သည်။
"ကျွန်တော်တို့ ဆာဗာ အတိုက်ခိုက်ခံလိုက်ရပါတယ်၊ 'Despair World' ရဲ့ ဒေတာ အားလုံး ဖျက်ပစ်ခံလိုက်ရပြီ"
"ဘာ!!!"
ဝူချိန်ချိုင်သည် ကုလားထိုင်ပေါ်မှ ဝုန်းခနဲ ထရပ်လိုက်မိပြီး သူ၏ အသံမှာလည်း လုံးဝထိန်းမရတော့ပေ။
"ငါတို့မှာ ကလောက်ဒ်မှာ ဘက်ကပ်လုပ်ထားတာ ရှိတယ်မဟုတ်လား၊ အခုချက်ချင်းပြန်တင်လိုက်... အခုချက်ချင်း!"
သူသည် မိမိကိုယ်ကိုယ် အတင်းအကျပ် တည်ငြိမ်အောင် ထိန်းလိုက်သည်။
"ဒါပေမဲ့ သူဌေး... ကျွန်တော်တို့ရဲ့ ကလောက်ဒ် ဘက်ကပ်က အဟက်ခံလိုက်ရပြီး လုံးဝအပိတ်ခံလိုက်ရပါပြီ။ ပြန်ယူလို့ရမယ့် နည်းလမ်း လုံးဝ မရှိတော့ဘူး"
"မဖြစ်နိုင်တာ! ဘယ်လိုလုပ် အဲဒီလို ဖြစ်နိုင်မှာလဲ"
သူ့စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်လာသည်။
သူသည် ရုံးခန်းအသစ် ပြောင်းရွှေ့ထားသည်မှာ မကြာသေးဘဲ ဆာဗာများကိုလည်း မကြာသေးမီကမှ တပ်ဆင်ထားခြင်း ဖြစ်သည်။
ထို့အပြင် သူ့ကုမ္ပဏီတွင် နေရာအနှံ့ အချက်အလက်များ သိမ်းဆည်းထားနိုင်သည့် လုံခြုံရေးစနစ်မျိုး မရှိသေးပေ။
Series C ရင်းနှီးမြှုပ်နှံမှု ရပြီးနောက်မှသာ ထိုလုံခြုံရေးကိစ္စများအတွက် ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံရန် သူ စီစဉ်ထားခြင်းဖြစ်သည်။
ယင်းချိုင်မှာ ထိပ်တန်းကုမ္ပဏီတစ်ခု မဟုတ်သေးသဖြင့် ကော်ပိုရေးရှင်းကြီးများကဲ့သို့ ခိုင်မာသော လုံခြုံရေးစွမ်းဆောင်ရည် မရှိသေးချေ။
သူ့ တစ်ဦးတည်းသော မျှော်လင့်ချက်မှာ ကလောက်ဒ် ဘက်ကပ်ဖြစ်သည်။
ယင်းချိုင်သည် တရုတ်နိုင်ငံ၏အကောင်းဆုံး ဘက်ကပ် ပလက်ဖောင်းဖြစ်သော အလီဘက်ကပ်ကို အသုံးပြုထားခြင်းဖြစ်သည်။
တရုတ်နိုင်ငံတွင် နံပါတ်တစ်နှင့် ကမ္ဘာပေါ်တွင် နံပါတ်နှစ် ဖြစ်သော ထိုမျှ အစွမ်းထက်သည့် ပလက်ဖောင်းမှာ မည်သို့ အဟက်ခံလိုက်ရသနည်း။
မည်သူက ထိုကဲ့သို့ လုပ်ဆောင်နိုင်သနည်း။
ဤမျှ အရည်အချင်းရှိသောသူက ဘာကြောင့် သူ၏ကုမ္ပဏီကို တိုက်ခိုက်ရသနည်း။
၎င်းမှာ ယုတ္တိမရှိပေ၊ မဖြစ်နိုင်ချေ။
ထိုမျှ အရည်အချင်းရှိသော ဟက်ကာတစ်ဦးသည် မည်သည့်ကုမ္ပဏီတွင်မဆို တစ်နှစ်လျှင် ယွမ်သန်းပေါင်းများစွာ ရရှိနိုင်သည်။
သူက ဘာကြောင့် ဝူချိန်ချိုင်ကို တိုက်ခိုက်ရမည်နည်း။
ပြီးတော့ ကုမ္ပဏီတစ်ခုလုံးမှာ အဆင့်မြင့်ဆုံး ဝင်ရောက်ခွင့် ရှိသူက သူတစ်ယောက်တည်း...
မဟုတ်သေးဘူး... သူအပြင် နောက်ထပ်တစ်ယောက် ရှိသေးတယ်၊ အဲဒါ သူ့သားပဲ!
ဝူခယ်ရုံမှာလည်း အဆင့်မြင့်ဆုံး ဝင်ရောက်ခွင့် ရှိနေခဲ့သည်။
ယခုနှစ် ပထမနှစ်ဝက်အတွင်းတွင် သားဖြစ်သူကို ကုမ္ပဏီ၏ အဓိက လုပ်ငန်းဆောင်တာများကို စောစီးစွာ ထိတွေ့နိုင်စေရန် ရည်ရွယ်၍ သူကိုယ်တိုင် ဝင်ရောက်ခွင့် ပေးခဲ့ခြင်းဖြစ် သည်။
သူ့ အတွေးအခေါ်မှာ ရိုးရှင်းပေသည်။
သူ့တွင် သားတစ်ယောက်တည်းသာ ရှိသဖြင့် ကုမ္ပဏီမှာ နောက်ဆုံးတွင် သားဖြစ်သူ လက်ထဲသို့သာ ရောက်မည်ဖြစ်ရာ ဝူခယ်ရုံအနေဖြင့် ယင်းချိုင်၏လုပ်ငန်းများကို အမြန်ဆုံး လေ့လာထားသင့်သည်ဟု သူ ယူဆခဲ့သည်။
မမျှော်လင့်ဘဲ ထိုဆုံးဖြတ်ချက်မှာပင် သူ့ သေမိန့် ဖြစ်လာခဲ့တော့သည်။
၎င်းမှာ ကျိုးထျန်း ရှာဖွေတွေ့ရှိခဲ့သော အချက်အလက်ဖြစ်ပြီး ထိုကြီးမားသော ဟာကွက်ကြောင့်ပင် သူ့ အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်သည်။
"မင်းတို့ သားအဖက တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတာပဲ၊ မင်းကလည်း မင်းသားကို အရမ်းယုံတာပဲ... အဲဒီတော့ ငါက အခွင့်ကောင်းမယူရင် မတရားရာ ကျမှာပေါ့"
ဝူချိန်ချိုင်သည် ခေါင်းထဲတွင် ရုတ်တရက် မူးဝေသွားပြီး ရင်ဘတ်ထဲမှ ချိုအီအီ အရသာတစ်ခုကို ခံစားလိုက်ရသည်။
ထို့နောက် ပူနွေးသော အရာတစ်ခုက သူ၏ လည်ချောင်းသို့ ဆောင့်တက်လာတော့သည်။
"ဗွက်!"
ဝူချိန်ချိုင် ပါးစပ်မှ သွေးတစ်လုတ် ပန်းထွက်လာပြီး ဝူခယ်ရုံ မျက်နှာပေါ်သို့ စင်ဟပ်သွားတော့သည်။
"အဖေ... အဖေ... ဘာဖြစ်တာလဲ၊ ဘာဖြစ်လို့လဲ အဖေ!"
ဝူချိန်ချိုင်သည် ရှိသမျှ အင်အားကို စုစည်း၍ သားဖြစ်သူကို ကြည့်လိုက်သည်။
"ငါတို့... သွားပြီ!"
ထို့နောက် သူ့ မျက်လုံးများ ပိတ်ကျသွားပြီး ကြမ်းပြင်ပေါ်သို့ တန်းတန်းမတ်မတ် လဲကျသွားသည်။
ဘေးတွင် ရပ်နေသော ရဲအရာရှိမှာ ထိတ်လန့်သွားတော့ သည်။ ဖုန်းတစ်ချက် ပြောရုံနှင့် ဘာကြောင့် သွေးအန်သွားရသနည်း။
သူသည် အကူအညီတောင်းရန် အပြင်သို့ အမြန်ပြေးထွက်သွားတော့သည်။
သူတို့ဘက်မှ တစ်ခုခု မှားယွင်းသွားမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
ရဲအရာရှိတစ်ဦးအနေဖြင့် လူသတ်မှုအတွက် တာဝန်မယူနိုင်ပေ။
ချက်ချင်းဆိုသလိုပင် အချုပ်ခန်းတစ်ခုလုံး ရုတ်ရုတ်သည်းသည်း ဖြစ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံ၌ ပီဇာစားရင်း ကိုလာသောက်နေသော လူလည်လေး ဂျက်ဆီသည် ဖုန်းထဲမှတစ်ဆင့် သူ့ သူဌေးကို ကြွားဝါနေသည်။
"သူဌေး... အကုန် ပြီးသွားပြီ။ သူတို့ရဲ့ ဒေတာတွေ ပျက်စီးသွားပြီ။ ကျွန်တော် ကိုယ်တိုင် ပြန်မဖွင့်ပေးသရွေ့ သူတို့ ဘယ်တော့မှ ပြန်ယူနိုင်မှာ မဟုတ်ဘူး"
"ကောင်းတယ် ဂျက်ဆီ၊ဒါကို မင်းလုပ်တယ်ဆိုတာ ဘယ်သူမှ မရိပ်မိပါစေနဲ့"
ကျိုးထျန်း ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။
"Despair World" ဂိမ်းသည် ဝူမိသားစု၏ အခြေခံအုတ်မြစ် ဖြစ်သည်။
သတင်းဆိုးများ ဖြန့်ဝေခြင်းမှာ ယင်းချိုင်၏ တိုးတက်မှုကို ခေတ္တသာ နှောင့်နှေးစေနိုင်မည် ဖြစ်ပြီး သူတို့သည် လူထု၏ သနားမှုကို အသုံးချကာ အခြေအနေကို ပြောင်းပြန်လှန်ရန် ကြိုးစားနေကြသည်။
သို့သော် ယင်းချိုင်၏ ပြည်သူ့ဆက်ဆံရေးမှာ မည်မျှပင် ကောင်းမွန်စေကာမူ သူတို့၏ ဒေတာဘေ့စ် များ ဖျက်ဆီးခံရပြီး ဂိမ်းပျောက်ကွယ်သွားလျှင် ဘာလုပ်နိုင်ပါဦးမည်နည်း။
လူထုရှေ့မှာ ဆက်ပြီး သရုပ်ဆောင်နေဦးမှာလား၊ ဒါမှမဟုတ် ငိုယိုနေကြမှာလား?
ကျိုးထျန်း၏ ဤလုပ်ရပ်မှာ ယင်းချိုင်၏ အခြေခံအုတ်မြစ်ကို တိုက်ရိုက် ဖြိုချလိုက်ခြင်း ဖြစ်သည်။
အဆောက်အအုံတစ်ခု ပြိုကျသွားလျှင် မည်သို့ဖြစ်မည်နည်း?
ယင်းချိုင်မှာ အခု ထိုအတိုင်းပင်။
ဝူခယ်ရုံတွင် ယင်းချိုင်၏ အဆင့်မြင့်ဆုံး ဝင်ရောက်ခွင့် ရှိနေကြောင်း သိရှိပြီးနောက် သူသည် ဂျက်ဆီကို အစီအစဉ် စတင်ခိုင်းခဲ့ခြင်း ဖြစ်သည်။
ဂျက်ဆီသည် ဖုန်းမှတစ်ဆင့် ယင်းချိုင်၏ဆာဗာများကို ဟက်ခဲ့သည်။
ကျိုးထျန်းသည် ယင်းချိုင်တွင် နေရာအနှံ့ သိမ်းဆည်းထားသော ဘက်ကပ်စနစ်များ မရှိကြောင်း သိထားသဖြင့် ကလောက်ဒ် ဘက်ကပ်ကို ဖျက်ဆီးလိုက်ရုံဖြင့် ယင်းချိုင် သွားပြီဖြစ်ကြောင်း သိထားသည်။
ပထမတွင် သူသည် ယင်းချိုင်ကို ဖျက်ဆီးရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါ ကျိုးထျန်းသည် ယင်းချိုင်၏ ဒေတာများကို လုံးဝမဖျက်ဆီးတော့ဘဲ ဂျက်ဆီကို လော့ခ်ချခိုင်းထားလိုက်သည်။
"သူဌေး စိတ်မပူပါနဲ့၊ ကျွန်တော် ဒါကို လုပ်ဖို့ FBI ရဲ့ ဆာဗာကို အသုံးပြုခဲ့တာ၊ အလီကုမ္ပဏီက လက်သည်ကို ရှာတွေ့ရင်တောင် ဘာမှ မလုပ်ရဲပါဘူး၊ ဟီးဟီး"
ဂျက်ဆီ လူလည်ပြုံး ပြုံးလိုက်သည်။
ကျိုးထျန်းသည် သူ့ကို လက်မထောင်ပြချင်စိတ်ပင် ပေါက်သွားတော့သည်။
အလီကုမ္ပဏီသည် တရုတ်နိုင်ငံတွင် အလွန် အင်အားကြီးမားပြီး သူတို့၏ သူဌေးမှာလည်း အလွန်အောင်မြင်သူဖြစ်သည်။
ဤကဲ့သို့ ဖြစ်ရပ်မျိုး ကြုံလာရပါက သူတို့ သေချာပေါက် စုံစမ်းစစ်ဆေးပေလိမ့်မည်။
သို့သော် သူတို့ စုံစမ်းလိုက်၍ ထို IP လိပ်စာမှာ FBI ဌာနချုပ် ဖြစ်နေကြောင်း သိလိုက်ရလျှင် ကုမ္ပဏီတစ်ခုလုံးကြောင်သွားပေလိမ့်မည်။
ထိုအခါ မည်သူက စုံစမ်းစစ်ဆေးရဲပါဦးမည်နည်း ?
သူတို့ အထက်လူကြီးများထံ အစီရင်ခံစာတင်ရန်သာ အပြေး အလွှား လုပ်ဆောင်ကြပေလိမ့်မည်။
၎င်းမှာ နိုင်ငံတကာ အရေးအခင်းတစ်ခုပင် ဖြစ်သွားနိုင် သည်။
"အရမ်းကောင်းတယ်၊ ဒါဆိုရင် နောက်တစ်ဆင့်အတွက် စတင်ပြင်ဆင်တော့၊ အရင်အတိုင်းပဲ... သတိထားပါ၊ ဘယ်သူမှ မရိပ်မိပါစေနဲ့"
"နားလည်ပါပြီ သူဌေး၊ အခုပဲ စလုပ်လိုက်ပါ့မယ်"
"ဒါနဲ့ သူဌေး... နောက်ထပ် ကုမ္ပဏီသစ်ကို ဘယ်တော့ ထောင်မှာလဲ။ အခုကိစ္စက ပြီးသွားပြီဆိုတော့ ကျွန်တော် ပျင်းနေပြန်ပြီ။
ကျွန်တော် တရုတ်ပြည်ကို လာလည်ရင်ရော ဘယ်လိုလဲ? တရုတ် ပီဇာကို မြည်းစမ်းကြည့်ချင်လို့"
"မင်း အဲဒီမှာပဲ ငြိမ်ငြိမ်နေပါ။ မင်းရဲ့ ဝရမ်းပြေး အခြေအနေနဲ့ဆိုရင် နိုင်ငံထဲက ထွက်တာနဲ့ အဖမ်းခံရလိမ့်မယ်"
ကျိုးထျန်း သက်ပြင်းချလိုက်မိသည်။ ဤကလေးသည် သူ၏ အခြေအနေကို လုံးဝ နားမလည်ပေ။
သူသည် အမြဲတမ်း ပြဿနာရှာရန် သို့မဟုတ် အပြင်ထွက် ကစားရန်သာ စဉ်းစားနေတတ်သည်။
သေချာ မထိန်းကျောင်းပါက တစ်နေ့တွင် ပြဿနာ အကြီးအကျယ် တက်ပေလိမ့်မည်။
"ဒါပေမဲ့ သူဌေး... ကျွန်တော် တကယ် ပျင်းလို့ပါ။ ဘာမှ မလုပ်ရတာက အရမ်းခက်ခဲတယ်။ ဟင်း... မကြာခင်မှာ သမ္မတရွေးကောက်ပွဲ လာတော့မယ်။ ကျွန်တော် ပျော်အောင်လို့ မဲပေးတဲ့ စနစ်ကို ဟက်ကြည့်ရင်ရော ဘယ်လိုလဲ?"
"ကောင်းပြီ... ငါ သဘောတူတယ်။ ဒါပေမဲ့ မင်း အဲဒါကို လျှို့ဝှက်ပြီး လုပ်ရမယ်"
ကျိုးထျန်းသည် ထိုအကြံမှာ ကောင်းသည်ဟု ထင်မိသည်။
အမေရိကန် ရှုပ်ထွေးလေလေ၊ တရုတ်ပြည် ပိုမိုတည်ငြိမ်လေလေဖြစ်သည်။
ဤကလေး၏ ဘာကိုမှဂရုမစိုက်တတ်သည့် စရိုက်နှင့်ဆိုလျှင် အမေရိကန်ရွေးကောက်ပွဲကို သေချာပေါက်ဇောက် ထိုးမိုးမျှော် ဖြစ်အောင် လုပ်ပေလိမ့်မည်။
"ဟေး... နောက်ဆုံးတော့ ပျော်စရာတစ်ခု ရပြီ။ အဲဒီ နိုင်ငံ ရေးသမားတွေက အရမ်းနားငြီးတာပဲ။ သူတို့ကို ငါ ပညာပေးလိုက်ဦးမယ်"
ဂျက်ဆီ၏ အော်ဟစ်ပျော်ရွှင်သံကို ကြားရသဖြင့် သူ ကျေ နပ်မိသည်။
‘ကံကောင်းတာက ဒီကလေးက ငါတို့ဘက်က ဖြစ်နေလို့ပဲ။ ရန်သူသာဆိုရင်တော့ တကယ့်ကို ဘေးအန္တရာယ်ပဲ’
ဂျက်ဆီ စကားများကို လျစ်လျူရှုကာ ကျိုးထျန်း ဖုန်းချလိုက်သည်။
ထို့နောက် ခုတင်နားတွင် ထိုင်ကာ နောက်တစ်ဆင့်အတွက် စီစဉ်နေတော့သည်။
‘ဝူချိန်ချိုင်ကတော့ အခု ရူးမတတ် ဖြစ်နေလောက်ပြီ။ အဲဒီတော့ ငါ လုပ်ရမှာက စောင့်ဖို့ပဲ... သူ လုံးဝ ပြိုလဲသွားတဲ့အထိ စောင့်ပြီးမှ နောက်တစ်ဆင့်ကို တက်ရမယ်’
သူသည် စားပွဲပေါ်မှ သူ ဝယ်ထားသော စာအုပ်ကို တစ်ချက် ကြည့်လိုက်သည်။
၎င်းမှာ ဝူခယ်ရုံအတွက် သူ ပေးမည့် လက်ဆောင် ဖြစ်သည်။
သို့သော် ယခု မဟုတ်သေးဘဲ အရာအားလုံးပြီးဆုံးသွားမှသာ အချုပ်ခန်းထဲရှိ ဝူခယ်ရုံသည် ထိုကြီးကျယ်ခမ်းနားသော လက်ဆောင်ကို ရရှိပေလိမ့်မည်။
🍋 Chapter 58
ယင်းချိုင်ကုမ္ပဏီသည် လတ်တလောတွင် လူပြောအများဆုံး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယခုအခါ သူတို့၏ အဓိကဂိမ်းဖြစ်သော "Despair World" မှာ ရုတ်တရက် ဝင်ရောက်၍မရတော့ဘဲ ဖြစ်သွားရာ တရုတ်နိုင်ငံတစ်ဝန်းတွင် ချက်ချင်းပင် ဂယက်ရိုက်သွားတော့သည်။
"ယင်းချိုင်မှာ ဘာတွေဖြစ်နေတာလဲ"
ရေတွက်မရနိုင်သော ကစားသမားများနှင့် စပ်စုသူများက ဤမေးခွန်းကို မေးနေကြသည်။
တစ်ချိန်တည်းမှာပင် ယင်းချိုင်နည်းပညာ၏အဓိကပြိုင် ဘက် ကုမ္ပဏီအချို့ကလည်း လျင်မြန်စွာ တုံ့ပြန်လာကြသည်။
လဲနေသူကို ထပ်ဆင့်နှက်ရန် အခွင့်အရေးကို သူတို့ လက်လွှတ်ခံမည် မဟုတ်ပေ။
တာလုံနည်းပညာ ဦးဆောင်သော မိုဘိုင်းဂိမ်းကုမ္ပဏီများ သည် ဆိုရှယ်မီဒီယာပေါ်တွင် ခေတ်စားနေသော အကြောင်း အရာများစွာကို ငွေပေး၍ အရှိန်မြှင့်တင်လိုက်ကြသည်။
"လိုင်းလုံးဝ ကျသွားပြီလား?
ယင်းချိုင်နည်းပညာက အဆင့်နိမ့် ဆာဗာများကို အသုံးပြုထားတယ်လို့ သံသယရှိနေတာ"
" ယင်းချိုင်နည်းပညာ၏ အတိတ်က လုပ်ခဲ့တာတွေကြောင့်နဲ့ လက်ရှိလုပ်နေတာတွေကြောင့် ဒါက ဝဋ်လည်တာလား၊ ဒါမှမဟုတ် ဘုရားပေးတဲ့ ဒဏ်ခတ်မှုလား !"
"ငါ့ရဲ့ items တွေ ပြန်ပေး! Despair World က ငါ့ကို တကယ်ပဲ စိတ်ပျက်လာအောင်လုပ်နေတယ် !"
ထိုထက်ပို၍ ဆိုးဝါးသည်မှာ တာလုံနည်းပညာ၏ တရားဝင် Weibo အကောင့်မှ ထုတ်ပြန်ချက်တစ်ခု ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။
"အလေးအနက် ထုတ်ပြန်ချက်!"
"တာလုံနည်းပညာ ဂိမ်းကုမ္ပဏီလက်အောက်ရှိ မိုဘိုင်းဂိမ်းများအားလုံးသည် တရားဝင်လမ်းကြောင်းများမှ ဝယ်ယူထားသော ထိပ်တန်း ဆာဗာများကိုသာ အသုံးပြုထားပါသည်”
"ကစားသမားများအနေဖြင့် ဂိမ်းကစားစဉ်အတွင်း အချိန်ကြာမြင့်စွာ လိုင်းကျခြင်း သို့မဟုတ် လက်နက်ကိရိယာများနှင့် ပစ္စည်းများ ဆုံးရှုံးခြင်းတို့ မဖြစ်ပေါ်စေရန် ကျွန်ုပ်တို့ အာမခံပါသည်”
"တစ်ချိန်တည်းမှာပင် တာလုံနည်းပညာသည် ထူးချွန်သော ဂိမ်းအဖွဲ့များကို မြင့်မားသော လစာနှုန်းထားများဖြင့် အမြဲမပြတ် ခေါ်ယူလျက်ရှိပါသည်။ စိတ်ပါဝင်စားသူများအနေဖြင့် တာလုံနည်းပညာ၏ တရားဝင်ဝဘ်ဆိုဒ်တွင် စုံစမ်းနိုင်ပါသည်”
ဤတိုတောင်းသော စာကြောင်းအနည်းငယ်မှာ ယင်းချိုင်နည်းပညာကို လုံးဝလှောင်ပြောင်လိုက်ခြင်း ဖြစ်သည်။
ယင်းချိုင်၏ဆာဗာများမှာ အမှိုက်များဖြစ်ကြောင်း သွယ် ဝိုက်ပြောဆိုရုံသာမက လူတော်များကိုပါ ဗြောင်ကျကျ ခေါ်ယူနေခြင်း ဖြစ်သည်။
၎င်းမှာ စောင့်ကြည့်နေသူများကို အလွန်ကျေနပ်အားရစေခဲ့သည်။
ချက်ချင်းဆိုသလိုပင် အခြားကုမ္ပဏီများကလည်း အလား တူ ထုတ်ပြန်ချက်များကို ထုတ်ပြန်လာကြသည်။
ကျိုးထျန်းသည်လည်း Weiboကို အဆက်မပြတ် ဖတ်ရှုနေခဲ့သည်။ ထိုကုမ္ပဏီများ ပျော်ရွှင်နေကြသည်ကို မြင်သောအခါ သူ နားလည်မှုရှိရှိ ပြုံးလိုက်မိသည်။
"ဒီလူတွေက ရှေ့ကနေ တက်ကြွနေကြတာပဲ၊ ငါ့အတွက် အကာအကွယ်တောင် ဖြစ်သွားသေးတယ်။ အခုမှ အထက် တန်းကျောင်းဆင်းထားတဲ့ ငါက ဒီကိစ္စတွေရဲ့ နောက်ကွယ်က လက်သည်ဆိုတာ ဘယ်သူမှ ရိပ်မိမှာ မဟုတ်ဘူး"
"ဒါပေမဲ့ မင်းတို့ အခုပဲ ပျော်ထားကြဦး၊ မကြာခင်မှာ မင်းတို့လည်း ရယ်နိုင်တော့မှာ မဟုတ်ဘူး"
ကျိုးထျန်း သူ့ဖုန်းကို ကောက်ကိုင်ကာ ဂျက်ဆီထံ တိုက်ရိုက် မက်ဆေ့ဂျ်ပို့ပြီး သူ၏ အစီအစဉ် တတိယအဆင့်ကို စတင်ရန် ညွှန်ကြားလိုက်သည်။
ည ၁၀ နာရီတွင် အမေရိကန်နိုင်ငံ၏အကျော်ကြားဆုံး ဟက်ကာဝဘ်ဆိုဒ်၌ ထိတ်လန့်ဖွယ် သတင်းစကားတစ်ခု ပေါ်လာခဲ့သည်။
"ကျွန်တော် ဆမ်ဟာ မကြာသေးမီက 'Despair World' မိုဘိုင်းဂိမ်းရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ယင်းချိုင်နည်းပညာရဲ့ မှောင်မိုက်တဲ့ အတိတ်တွေကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိခဲ့ပါတယ်"
"တာဝန်သိတဲ့ ဟက်ကာတစ်ယောက်အနေနဲ့ ဒီလို ဆိုးယုတ်တဲ့ ကုမ္ပဏီမျိုးဟာ ပြင်းထန်တဲ့ အပြစ်ပေးမှုနဲ့ ထိုက်တန်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"
"သူတို့က ထိုက်တန်တဲ့ ဥပဒေကြောင်းအရ စီရင်မှုကို မခံယူနိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ ဟက်ကာတွေက ဆိုက်ဘာလောကရဲ့ တရားမျှတမှုကို စောင့်ရှောက်သူတွေအနေနဲ့ မကောင်းမှုကို နှိမ်နင်းပြီး ကောင်းမှုကို မြှင့်တင်ဖို့ တာဝန်ယူရမှာပေါ့"
"ဒါကြောင့် အမေရိကန် စံတော်ချိန် မနက် ၈ နာရီမှာ ကျွန်တော် ယင်းချိုင်နည်းပညာရဲ့ ဆာဗာတွေကို တိုက်ခိုက်ခဲ့ပါတယ်"
"ယင်းချိုင်နည်းပညာမှာရှိတဲ့ 'Despair World' နဲ့ ပတ်သက်တဲ့ အော့ဖ်လိုင်းဒေတာ အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သလို ကုမ္ပဏီရဲ့ ဘက်ကပ် ကလောက်ဒ် ဒေတာတွေကိုလည်း လော့ခ်ချထားလိုက်ပါပြီ"
"အခု ယင်းချိုင်နည်းပညာအနေနဲ့ 'Despair World' ရဲ့ ဒေတာ အားလုံးကို ပြန်လိုချင်တယ်ဆိုရင် ကျွန်တော့်ကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ လက်ငင်း ပေးချေရပါမယ်"
"ကျွန်တော် ယင်းချိုင်နည်းပညာကို အချိန်တစ်ပတ်ပဲ ပေးပါမယ်။
အချိန်တစ်ပတ်အတွင်း ဒီငွေကို မရဘူးဆိုရင် ဘက်ကပ် ဒေတာ အားလုံးကို ဖျက်ဆီးပစ်မှာဖြစ်ပြီး 'Despair World' ကို ကမ္ဘာပေါ်ကနေ ထာဝရ ပျောက်ကွယ်သွားအောင် လုပ်ပါ့မယ်"
"မှတ်ထားပါ၊ အချိန်တစ်ပတ်ပဲ ရှိမယ်။ အချိန်ကို အခုကစပြီး ရေတွက်နေပါပြီ"
ဤထုတ်ပြန်ချက်ကို ချက်ချင်းပင် တရုတ်ဘာသာသို့ ပြန်ဆိုကာ တရုတ်ဝဘ်ဆိုဒ်များ အားလုံးတွင် တင်လိုက်ကြသည်။
ယနေ့ညအတွက် သတင်းများ စုံလင်ပြီဟု ထင်မှတ်ထားသော လူထုမှာ ဤသတင်းကြောင့် လုံးဝ ထိတ်လန့်သွားကြတော့သည်။
"ဟာ... သွားပြီ။ ယင်းချိုင်က ဆာဗာပျက်တာတင် မဟုတ်ဘဲ ကုမ္ပဏီတစ်ခုလုံး ပြိုလဲတော့မှာပဲ!"
"ဒါက ဝဋ်လည်တာပဲ ဖြစ်ရမယ်"
"တောက်... ဒီလို ကျင့်ဝတ်မရှိတဲ့ ကုမ္ပဏီမျိုးကို ငါ အမြဲ မုန်းနေတာ၊ ဟက်ကာကြီးကတော့ တကယ်ကို တော်တာပဲ!"
"ကျွန်တော့်အမြင်တော့ အခု အစိုးရိမ်ဆုံးဖြစ်နေမှာက ယင်းချိုင် မဟုတ်ဘူး၊ သူတို့ကတော့ သွားနေပြီ။
တကယ် ထိတ်လန့်နေရမှာက အလီကုမ္ပဏီပဲ။ ယင်းချိုင်က သူတို့ရဲ့ ကလောက်ဒ် ဘက်ကပ်ကို သုံးထားတာလေ၊ အခု အဲဒါက အဟက်ခံလိုက်ရပြီဆိုတော့ အလီက တခြားဖောက် သည်တွေကို ဘယ်လို ရှင်းပြမလဲ"
"အပေါ်ကလူ ပြောတာ တကယ့်ကို အချက်ကျတယ်။ အလီက သူတို့ရဲ့ နည်းပညာက အနှိုင်းမဲ့တယ်လို့ ကြွားခဲ့တာ၊ အခုတော့ ဆရာကြီးလည်း ခါးပတ်ကျွတ်သွားပြီ ထင်တယ်"
...
အမှန်တကယ်ပင် စောင့်ကြည့်သူများ ပြောသကဲ့သို့ အလီကုမ္ပဏီမှာ လုံးဝ ရုတ်ရုတ်သည်းသည်း ဖြစ်နေသည်။
ကုမ္ပဏီစတင်တည်ထောင်ချိန်မှစ၍ ပိုင်ရှင်မှာ အချမ်းသာဆုံး သူဌေးကြီး ဖြစ်လာသည်အထိ အလီအုပ်စုသည် ဤမျှ ကြီးမားသော ဆိုက်ဘာ အကျပ်အတည်းမျိုးနှင့် တစ်ခါမျှ မကြုံဖူးခဲ့ချေ။
အလီသည် ယင်းချိုင်ကဲ့သို့ ဂိမ်းကုမ္ပဏီတစ်ခုမျှသာ မဟုတ်ပေ။
သူ့လုပ်ငန်းစဉ်များသည် အင်တာနက် ဘဏ္ဍာရေးနှင့် သတင်းအချက်အလက် လုံခြုံရေးကဲ့သို့သော နိုင်ငံတော်အဆင့် စီမံကိန်းများအထိ ကျယ်ပြန့်လှသည်။
ယခုအခါ သူ့ကုမ္ပဏီမှာ ဟက်ကာတစ်ဦး၏ တိုက်ခိုက်မှုကို ခံလိုက်ရသည်။
တိုက်ခိုက်ခံရရုံသာမက ငွေညှစ်ခြင်းကိုပါ ခံနေရခြင်းဖြစ် သည်။
အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဆိုသည်မှာ ဘာမှ မဟုတ်သော်လည်း အလီအုပ်စု၏ဂုဏ်သိက္ခာမှာ အဓိကဖြစ်နေ သည်။
လွယ်လွယ်ကူကူ အဟက်ခံရနိုင်သော ကုမ္ပဏီတစ်ခုထံတွင် မည်သူက သူတို့၏ ငွေကြေးနှင့် ဘဏ်အကောင့်များကို ယုံယုံကြည်ကြည် အပ်နှံထားပါမည်နည်း။
အခြားကုမ္ပဏီများသည်လည်း သူတို့၏ အရေးကြီးသော ဒေတာများကို အချိန်မရွေး အခိုးခံရနိုင်ပြီး ငွေညှစ်ခံရနိုင်သည့် ကလောက်ဒ် ပလက်ဖောင်းပေါ်တွင် ထားလိုကြမည် မဟုတ်ပေ။
နာရီဝက်အတွင်းမှာပင် အလီ၏ ရှယ်ယာဈေးနှုန်းမှာ ၇ ရာ ခိုင်နှုန်းကျော် ကျဆင်းသွားပြီး ဆက်လက် ကျဆင်းနေဆဲ ဖြစ်သည်။
အကယ်၍ ဤကိစ္စကို အကောင်းဆုံး မဖြေရှင်းနိုင်ပါက အလီအုပ်စုမှာ နှစ်ပေါင်းများစွာအထိ ပြန်လည် နာလန်ထူနိုင်တော့မည် မဟုတ်ပေ။
အမှန်စင်စစ် ဤအရာအားလုံးမှာ ကျိုးထျန်း၏ တွက်ချက်မှုအတွင်းတွင် ရှိနေသည်။
အမေရိကန်ဒေါ်လာ တစ်ထရီလီယံနီးပါးတန်ဖိုးရှိသော ဤကုမ္ပဏီကြီးမှာ သူ့နယ်ရုပ်တစ်ခု ဖြစ်လာခဲ့သည်။
"အလီကတော့ ဂျက်ဆီရဲ့အတားအဆီးကို ဖြတ်ကျော်ဖို့ သူတို့ရဲ့ထိပ်တန်းပညာရှင်တွေ အကုန် လွှတ်လိမ့်မယ်။
ဒါပေမဲ့ ကံဆိုးတာက မင်းတို့ရဲ့ ကြိုးစားမှုတွေ အလဟဿ ဖြစ်သွားမှာပဲ။ ဂျက်ဆီရဲ့ စွမ်းရည်က ကုမ္ပဏီကြီးတွေမှာ ဝင်လုပ်နေတဲ့ မင်းတို့လို ဟက်ကာတွေရဲ့ အဆင့်ထက် အများကြီး သာလွန်တယ်"
ကျိုးထျန်းသည် ဂျက်ဆီ၏အရည်အချင်းအပေါ် ယုံကြည်မှု ရှိနေသည်။
FBI ၏ဝရမ်းထုတ်ခြင်းကို ခံထားရသော်လည်း ကိုလာသောက်ရင်း အာချောင်နေနိုင်သည့် ပါရမီရှင်တစ်ဦးမှာ သာမန်ဟက်ကာများ လိုက်မမီနိုင်သော အဆင့်တွင် ရှိနေသည်။
ထို့အပြင် တစ်စုံတစ်ယောက်က ဖြေရှင်းနိုင်လျှင်ပင် အချိန်အများကြီး ယူရပေလိမ့်မည်။
ကျိုးထျန်း၏ နောက်ဆုံး အစီအစဉ်အတွက် အချိန်တစ်ပတ်သာ လိုအပ်သည်။
ဂျက်ဆီ တစ်ပတ်မျှ တောင့်ခံထားနိုင်သရွေ့ သူ၏ အစီအစဉ်မှာ အပြည့်အဝအောင်မြင်ပေလိမ့်မည်။
သူသည် ဝူချိန်ချိုင်မှာ ပြိုလဲမသွားမီ တစ်ပတ်မျှ တောင့်ခံနိုင်မည် မဟုတ်ကြောင်း လောင်းကြေးထပ်ထားခြင်း ဖြစ်သည်။
လက်တွေ့တွင်မူ သူသည် ဝူချိန်ချိုင်ကို အထင်ကြီးမိသွားခြင်း ဖြစ်သည်။
ချင်းဆုန့်ခရိုင် ဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင် အတွင်း အရေးပေါ် ကုသပြီးနောက် သတိပြန်လည်လာသော ဝူချိန်ချိုင်သည် ဖြည်းညှင်းစွာ နိုးလာခဲ့သည်။
သူသည် ဆေးရုံခန်း၏မျက်နှာကြက်ကို ကြောင်စီစီဖြင့် စိုက်ကြည့်နေပြီး စကားတစ်ခွန်းမှ မပြောပေ။
ပုလင်းထဲမှ ဆေးရည်များ ကုန်သွားလျှင်ပင် သူသည် ဝိညာဉ်လွင့်နေသော လူတစ်ယောက်ကဲ့သို့ ဘာကိုမျှ တုံ့ပြန်ခြင်း မရှိချေ။
ယခုအချိန်တွင် သူ၏ စိတ်ထဲ၌ အချက်တစ်ချက်သာ ရှိနေတော့သည်။
ယင်းချိုင် သွားပြီ၊ သူလည်း သွားပြီ။ ဆယ်စုနှစ်တစ်ခုကျော် ကြိုးစားတည်ဆောက်ခဲ့ရပြီး ယွမ်သန်းပေါင်း ထောင်ချီတန်ဖိုးရှိသော သူ့ကုမ္ပဏီမှာ ဤကဲ့သို့ ပျောက်ကွယ်သွားခဲ့လေပြီ။
"Despair World" မရှိဘဲ ယင်းချိုင်အနေဖြင့် ပြန်လည် နာလန်ထူနိုင်စရာ အခွင့်အရေး မရှိတော့ပေ။
သူ တစ်ခုတည်း နားမလည်နိုင်သည်မှာ ဤကိစ္စ၏ နောက် ကွယ်တွင် မည်သူ ရှိနေသနည်း?
ဘာကြောင့် ဤသို့ ဖြစ်ရသနည်း?
မည်သည့် သူဌေးကြီး သို့မဟုတ် မည်သည့် အာဏာရှိသူက သူ့ကို ဖြိုလှဲချချင်စေကာမူ စီးပွားရေး ရှုထောင့်မှသာ စဉ်းစားကြမည်ဖြစ်ပြီး ယင်းချိုင်ကို လုံးဝ ဖျက်ဆီးပစ်လိမ့်မည် မဟုတ်ပေ။
ယင်းချိုင်ကို ဝါးမြိုလိုက်ခြင်းက အကောင်းဆုံး ရွေးချယ်မှု မဟုတ်ပါလား။
သို့သော် ဤဂိမ်းမရှိလျှင် ယင်းချိုင်မှာ တန်ဖိုးမရှိတော့ပေ။
၎င်းအပြင် ကုမ္ပဏီတွင် ပြန်ဆပ်ရမည့် ဘဏ်ချေးငွေ ယွမ် ၇ သန်းကျော် ရှိနေသေးသည်။
သူသည် ဘီလီယံနာ တစ်ဦး မဟုတ်တော့ဘဲ ကြွေးမြီများဖြင့် နစ်မွန်းနေသည့် ဒေဝါလီခံရသူတစ်ဦးသာ ဖြစ်တော့မည် ဖြစ်သည်။
သူ နားမလည်နိုင်၊ သဘောမပေါက်နိုင်သလို မစဉ်းစားရဲတော့ပေ။
အဘယ်ကြောင့်ဆိုသော် ပိုစဉ်းစားလေလေ ပိုထိတ်လန့်လာလေလေ ဖြစ်သောကြောင့် ဖြစ်သည်။
ယွမ် ၁.၂ ဘီလီယံတန် ကုမ္ပဏီတစ်ခု ပျက်စီးသွားသည်ကို ဂရုမစိုက်သော၊ သူ့ကို လုံးဝဖျက်ဆီးပစ်ရန် ဆုံးဖြတ်ထားသော၊ အရိပ်ထဲတွင် ပုန်းကွယ်နေဆဲဖြစ်သော ထိုပြိုင်ဘက်။
ထိုကဲ့သို့သော လူမျိုးမှာ မည်မျှအထိ ကြောက်စရာ ကောင်းလိုက်ပါမည်နည်း!
ဝူချိန်ချိုင်သည် အသံတိုးတိုးဖြင့်သာ ဆုတောင်းနေမိသည်။
"ဘယ်သူပဲဖြစ်ဖြစ်ပါ... ကျွန်တော်တို့ ဝူမိသားစုကို လွှတ်ပေးပါ။ ကျွန်တော် ဝူချိန်ချိုင် အရှုံးပေးပါတယ်။ ကျွန်တော့်ကို အသက်ရှူပေါက်လေးတစ်ခုတော့ ပေးပါ"
သူ့ ဆုတောင်းချက်မှာ ထိရောက်ပုံရသည်။
သူနှင့် ၁၀ ကီလိုမီတာကျော် ဝေးသော နေရာရှိ ကျိုးထျန်းမှာ တဆက်တည်း နှာချေနေတော့သည်။
"ဟတ်ချိုး! ဘာလို့ ဒီလောက်တောင် နှာချေနေရတာလဲ။ တစ်ယောက်ယောက် ငါ့ကို လွမ်းနေလို့လား မသိဘူး"
သူသည် ကျန်းရို့ထံသို့ မက်ဆေ့ဂျ် ပို့ရင်း အိပ်ရာဝင်ရန် ပြင်ဆင်နေတော့သည်။