← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

🍋 Chapter 61

"သူဌေး... ကျွန်တော် တစ်ခုလောက် အကူအညီ တောင်းချင်လို့"

"ပြောပါ... ကျွန်တော် လျိုပေါင်ချင်း တတ်နိုင်သမျှ အစွမ်း ကုန် ကူညီပေးပါ့မယ်"

"ဟုတ်ကဲ့၊ ဒီလိုပါ... ကျွန်တော် အရင်က အွန်လိုင်းမှာ နာရီတစ်လုံး တွေ့ဖူးတယ်၊ ဒါပေမဲ့ အဲဒါက ထုတ်လုပ်မှု ရပ်ဆိုင်းသွားပြီဆိုတော့ အပြင်မှာ တော်တော်လေး ရှားနေပြီ။ သူဌေးဆီမှာ အဲဒါကို ရနိုင်မယ့် အဆက်အသွယ် ရှိမလားလို့ပါ"

ကျိုးထျန်းက သူ၏ဖုန်းထဲမှ ဓာတ်ပုံတစ်ပုံကို ပြလိုက်သည်။

"Cartier 01084 ပါလား၊ ညီလေး... မဆိုးဘူးပဲ၊ ရည်းစားအတွက် ဝယ်ပေးမလို့လား"

သူဌေးလျိုမှာ တကယ်ပင် ကျွမ်းကျင်သူဖြစ်ရာ တစ်ချက်ကြည့်ရုံနှင့် မော်ဒယ်လ်နံပါတ်ကို သိရှိသွားပြီး ရည်းစားအတွက် လက်ဆောင်ဖြစ်ကြောင်းပါ ခန့်မှန်းနိုင်ခဲ့သည်။

Rainbow Daytona နာရီကို ဝယ်ယူစဉ်က ကျိုးထျန်းသည် သူနှင့် ခဏမျှ စကားပြောဖြစ်ခဲ့သည်။

စကားမပြောခင်က ဘာမှမသိခဲ့သော်လည်း စကားပြောကြည့်ပြီးနောက်တွင် ကျိုးထျန်းမှာ ပါရမီရှင်တစ်ယောက်နှင့် တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ဤလူသည် ပြည်တွင်းဖြစ်ရော ပြည်ပဖြစ်ပါမကျန် အကုန်သိလှသည်။ ထို့အပြင် နာရီ၊ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများတွင် အလွန်ပင် ကျွမ်းကျင်လှသူ ဖြစ်သည်။

ပေါင်ချင်းအပေါင်ဆိုင်ရှိ ပစ္စည်းအများစုကို သူကိုယ်တိုင် စစ်ဆေးလက်ခံခြင်းက သူ၏ အရည်အချင်းကို သက်သေပြနေခြင်းပင် ဖြစ်သည်။

တစ်ချက်မှားလိုက်သည်နှင့် ယွမ် သိန်းချီ၊ သန်းချီ ဆုံးရှုံးသွားနိုင်သည်မဟုတ်ပါလား။

"သူဌေးက အမြင်စူးရှတာပဲ။ အဲဒီနာရီကို ရအောင် လုပ်ပေးနိုင်မလား"

"အင်း... နည်းနည်းတော့ ခက်လိမ့်မယ်။ ဒီပစ္စည်းက ဈေးအရမ်းကြီးတယ်လေ။ ကျွန်တော် မဝယ်နိုင်လို့ မဟုတ်ဘူး၊ ဒါပေမဲ့ ညီလေးက နောက်ဆုံးမိနစ်ကျမှ စိတ်ပြောင်းသွားမယ်ဆိုရင် ကျွန်တော့်အတွက် ပြန်ရောင်းဖို့ ခက်လိမ့်မယ်။ ဒီလောက် ဈေးကြီးတာကို ဝယ်နိုင်တဲ့သူက ရှားတယ်လေ"

"ကျွန်တော် အမှန်အတိုင်း ပြောရရင်... ဒါကို ဝယ်ချင်တယ်ဆိုရင် အနည်းဆုံး 'လေးခု' လောက်တော့ လိုလိမ့်မယ်"

လေးခုဆိုသည်မှာ ယွမ် လေးသန်းကို ဆိုလိုခြင်း ဖြစ်သည်။ ကျိုးထျန်းမှာ ထိုဈေးနှုန်းကို မအံ့သြပေ၊ သူ ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။ ထိုအရပ်ရှည်ရှည် ပိန်ပိန်ပါးပါး သူဌေးက ဆက်ပြောသည်။

"ဒီလိုလုပ်ရအောင်... ကျွန်တော် ညီလေးအတွက် စုံစမ်းပေးမယ်။ အကယ်၍ ရောင်းမယ့်သူရှိရင် ကျွန်တော်က ကြားခံအဖြစ် လုပ်ပေးပြီး အကျိုးဆောင်ခပဲ ယူမယ်။

အကယ်၍ အဲဒီနာရီကို ဝယ်ထားပြီးမှ ညီလေးက စိတ်ပြောင်းသွားရင် အကို့မှာ အရင်းကြီးနဲ့ သေနေလိမ့်မယ်"

ကျိုးထျန်း ပြုံးလိုက်သည်။ ဤသူဌေးမှာ ပွင့်လင်းပြီး ငွေကြေးကိစ္စတွင် သဘောထားကြီးပုံရသည်။

ဤကဲ့သို့သော လူမျိုးနှင့် အလုပ်လုပ်ရသည်မှာ လွယ်ကူလှသည်။

"ကောင်းပါပြီ... ဒါဆို အကျိုးဆောင်ခ ဘယ်လောက်ယူဖို့ စဉ်းစားထားလဲ"

လျိုပေါင်ချင်းသည် သူ၏ ပါးသိုင်းမွေးကျဲကျဲကို ပွတ်သပ်ရင်း ကျိုးထျန်းကို တစ်ချက် ကြည့်လိုက်သည်။

'ဒီကောင်လေးက သဘောထားကြီးပုံရတယ်၊ သူဌေးသား တစ်ယောက်ယောက် ဖြစ်ရမယ်။ ငါ နည်းနည်းတော့ တောင်းမှ ဖြစ်မယ်'

"ကဲ... ညီလေး၊ ကျွန်တော် ညီလေးကို မနှိပ်စက်ပါဘူး။ စည်းကမ်းအတိုင်း ၁၀ ရာခိုင်နှုန်းပဲ ယူမယ်"

ကျိုးထျန်းမှာ အားရပါးရ ရယ်မောလိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။

'ငါ့ကို ကစားကွက် လာဆင်နေတာလား? ဖျက်သိမ်းရေးရုံးက လူတွေတောင် ငါ့ကို ဘာမှလုပ်လို့ မရတာ၊ မင်းက ငါ့ကို တားနိုင်မယ် ထင်လို့လား'

သူ ထွက်သွားတော့မည်ကို မြင်သောအခါ ဆိုင်ရှင်မှာ ပျာပျာသလဲ လှမ်းဆွဲတော့သည်။

"ဟေး... ညီလေး၊ မသွားပါနဲ့ဦး! ကျွန်တော်တို့ ညှိနှိုင်းလို့ ရပါတယ်၊ ဒါက ငွေရေးကြေးရေး ကိစ္စပဲဟာကို"

ကျိုးထျန်းမှာ ရပ်တန့်မည့် အရိပ်အယောင်မပြဘဲ ဆိုင်ရှင်၏ လက်ကို ခါထုတ်ကာ ဆက်လက် လျှောက်သွားသည်။

သူသည် ဈေးနှုန်းညှိနှိုင်းရာတွင် အသာစီးရရန်အတွက် လုံးဝ တည်တည်ငြိမ်ငြိမ် ရှိနေရန် လိုအပ်သည်။

အနည်းငယ် တုံ့ဆိုင်းပြလိုက်သည်နှင့် တစ်ဖက်လူက အကွက်ဆင်သည်ဟု ထင်သွားပေလိမ့်မည်။

"ဟွန့်!"

ကျိုးထျန်းမှာ မရပ်သည့်အပြင် သူ၏ မကျေနပ်မှုကို ဖော်ပြရန်အတွက် နှာခေါင်းရှုံ့သံပါ ပြုလုပ်လိုက်သည်။

သူသည် ငွေမရှားသော်လည်း အလဟဿတော့ အဖြုန်းမခံနိုင်ပေ။

နာရီတစ်လုံးအတွက် လေးသန်း သုံးစွဲခြင်းက နာရီရရုံသာမက အချဉ်ဓာတ်များစွာလည်း ရရှိမည်ဖြစ်ရာ မည်သို့ကြည့်ကြည့် တွက်ချေကိုက်သည်။

သို့သော် အကျိုးဆောင်တစ်ယောက်ကို အကြောင်းပြချက်မရှိဘဲ ငွေအများကြီး ပေးရမည်ဆိုပါက လူအ ဖြစ်ပေလိမ့် မည်။

"ညီလေး... ညီလေး!"

လျိုပေါင်ချင်းမှာ အသည်းအသန် လှမ်းဆွဲပြီး ရှက်ကိုးရှက် ကန်း ပြုံးလိုက်သည်။

"စိတ်မဆိုးပါနဲ့ ညီလေးရာ။ ညီလေး ပေးနိုင်တဲ့ ဈေးကို ပြောပါ၊ ကျွန်တော် ကူညီတဲ့အနေနဲ့ နည်းနည်းပဲ ယူပါ့မယ်"

ကျိုးထျန်းမှာ နောက်ဆုံးတွင် ရပ်လိုက်ပြီး လှောင်ပြုံး ပြုံးလိုက်သည်။

"ကျွန်တော့်ဈေးကို ပြောရမလား... ကောင်းပြီ၊ ဒါဆိုရင်တော့ ကျွန်တော် အားနာနေမှာ မဟုတ်ဘူး"

သူသည် ဆိုင်ရှင်ကို လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။

"ဒါပဲ... ရရင်ယူ၊ မရရင် နေလိုက်တော့။ ခင်ဗျားတစ်ယောက် တည်းပဲ အဆက်အသွယ် ရှိတာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်"

လေးသန်း၏ တစ်ရာခိုင်နှုန်းမှာ ယွမ် လေးသောင်း ဖြစ်ရာ နည်းသည့်ပမာဏတော့ မဟုတ်ပေ။ ကြားခံလုပ်ဆောင်ရသည်မှာလည်း ကုန်ကျစရိတ် ရှိသည်မဟုတ်ပါလား။

လျိုပေါင်ချင်းမှာ စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီးနောက် ပြုံးကာ သဘောတူလိုက်သည်။

သူ စိတ်ဝင်စားသည်မှာ ထိုသောင်းဂဏန်းမဟုတ်ဘဲ ဤလူငယ်မှာ အလွန်သဘောထားကြီးသူ ဖြစ်နေခြင်းပင်။

အကယ်၍ ဤလူငယ်နှင့် ရေရှည်အဆက်အသွယ် ရှိထားမည်ဆိုပါက အမြတ်အများကြီး မယူလျှင်ပင် ငွေအများကြီး ရနိုင်သည်ဟု သူ တွက်ဆလိုက်သည်။

ယခုခေတ်တွင် အပေါင်ဆိုင်လုပ်ငန်းမှာ ခက်ခဲနေသည်။ တရားဝင် စီးပွားရေးလုပ်ရသည်မှာလည်း အမြတ်နည်းလှသည်။

ကျိုးထျန်းကို ရောင်းလိုက်သော နာရီမှာ သူ့လက်ထဲတွင် နှစ်လကျော်အောင် သောင်တင်နေခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်ကဆိုလျှင် ထိုနာရီမှာ သုံးရက်အတွင်းရောင်းထွက်သွားမည် ဖြစ်သည်။

ကျိုးထျန်းမှာ အမူအရာ မပျက်ဘဲ အေးစက်စွာပြောလိုက်သည်။

"ခင်ဗျား သဘောတူပြီဆိုရင် ကျွန်တော်လည်း ကတိဖျက်မှာ မဟုတ်ဘူး၊ ခင်ဗျားတောင်းတဲ့ဈေးကို ပေးမယ်၊ ဒါပေမဲ့ စည်းကမ်းတစ်ခုတော့ ရှိတယ်... အဲဒီနာရီကို ငါးရက်အတွင်း ရရမယ်"

"ဟာ! ငါးရက်? အရမ်းတိုတာပဲ။ ကျွန်တော် မသေချာဘူး။ ပြည်တွင်းမှာ ရှိရင်တော့ အဆင်ပြေနိုင်ပေမဲ့ ပြည်ပကနေ မှာရမယ်ဆိုရင်တော့ အချိန် မလောက်မှာ သေချာတယ်"

"အဲဒါ ခင်ဗျားပြဿနာပဲ၊ ခုနကတင် ခင်ဗျား အကုန်လုပ်နိုင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား"

"ခင်ဗျားမှာ ကျွန်တော့် WeChatt ရှိသားပဲ။ ငါးရက်အတွင်း နာရီလာယူမယ်။ အကယ်၍ မရခဲ့ဘူးဆိုရင် နောက်နောင် ကျွန်တော် ဘာလိုအပ်လိုအပ် ခင်ဗျားကို ဆက်သွယ်မှာ မဟုတ်တော့ဘူး"

ကျိုးထျန်း၏အမူအရာမှာ အထက်လူကြီးက လက်အောက် ငယ်သားကို ဆက်ဆံသကဲ့သို့ အလွန်တည်ကြည်လှသည်။

သူက အကူအညီ တောင်းနေရသော်လည်း တစ်ဖက်လူက သူ့ကို ရိုရိုသေသေ ဝန်ဆောင်မှုပေးနေရသည်။

၎င်းမှာ သူ၏ မဟာဗျူဟာပင်။

အစကတည်းက အသာစီးယူထားမှသာ နောက်ပိုင်းတွင် ခိုင်းရလွယ်ကူမည် ဖြစ်သည်။ အကယ်၍ သူက ပျော့ပျော့ပြောင်းပြောင်း ဆက်ဆံပါက တစ်ဖက်လူက မည်သို့ လှည့်စားဦးမည်ကို မသိနိုင်ပေ။

အပေါင်ဆိုင်မှ ထွက်လာသောအခါ စိတ်ညစ်နေသော လျိုပေါင်ချင်းသာ ကျန်ရစ်ခဲ့တော့သည်။

သူသည် ဆိုင်ရှင် ဖြစ်သော်လည်း သူ့ဆိုင်ထဲတွင် အစေခံတစ်ယောက်ကဲ့သို့ ဘာကြောင့် ခံစားနေရသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေရသည်။

ကျိုးထျန်းမှာမူ စိတ်လက်ပေါ့ပါးစွာ ရှိနေသည်။ လူအမျိုးမျိုးကို အမူအရာအမျိုးမျိုးဖြင့် ဆက်ဆံရမည် ဖြစ်သည်။

ဤကဲ့သို့သော ဝါရင့်ဝါကြီးများကို သိပ်ပြီး ယဉ်ကျေးနေ၍ မရပေ၊ သို့မဟုတ်ပါက သူတို့က အခွင့်ကောင်း ယူသွားပေလိမ့်မည်။

အမှန်တော့ ဤနည်းလမ်းမှာ သူကိုယ်တိုင် တီထွင်ထားခြင်း မဟုတ်ဘဲ သူ့အမေထံမှ သင်ယူထားခြင်း ဖြစ်သည်။

သူ၏အမေက ဖခင်ဖြစ်သူ ကျိုးကျန့်ခန်းကို ထိန်းချုပ်ပုံမှာ ဤအတိုင်းပင် ဖြစ်သည်။ သူ၏အမေက တစ်ချက် အေးစက်စွာ ရယ်လိုက်တိုင်း ဖခင်မှာ တုန်လှုပ်ကာ အလွန်ပင် ရိုသေသွားတတ်သည်။

ဤနည်းလမ်းမှာ အမြဲတမ်းတော့ အလုပ်မဖြစ်ပေ။ ဥပမာအားဖြင့် ကျိုးထျန်း အသက် ၁၀ နှစ်အရွယ်က အမေ၏ လေသံကို လိုက်တုပြီး မုန့်ဖိုးတောင်းခဲ့ဖူးသည်။

ရလဒ်မှာ အလွန်ထူးခြားလှသည်... ဖိနပ်ဖြင့် အရိုက်ခံရခြင်းနှင့် တံမြက်စည်းဖြင့် အရိုက်ခံရခြင်းမှာ ခံစားချက်ချင်း မတူညီကြောင်း သူ သိရှိသွားခဲ့ရသည်။

...

ကျင်းရှီတိုက် ပလာဇာ၏ ကားပါကင်သို့ ရောက်သောအခါ သူသည် Continental GT ၏မောင်းနှင်သူနေရာတွင် ထိုင်လိုက်သည်။

"သံပူတုန်း ထုမှ ရမယ်... သူတို့ကို အံ့သြစရာလေး တစ်ခု ပေးလိုက်တာက သိပ်ပြီး မလွန်ပါဘူးနော်"

နှစ်မိနစ်အကြာတွင် လူတိုင်း၏ WeChatt Moments ၌ Post တစ်ခု ပေါ်လာခဲ့သည်။

၎င်းမှာ ကားစတီယာရင်ကို ကိုင်ထားသော လက်တစ်ဖက်၏ ဓာတ်ပုံဖြစ်ပြီး စာသားမှာ

"Nike ကားတွေက ဆီအရမ်းစားလို့ အလုပ်သွားအလုပ်ပြန်အတွက် BYD လေးတစ်စီး ဝယ်လိုက်ရတယ်၊ ကျွန်တော်နဲ့အတူ ပြည်တွင်းဖြစ်ကို အားပေးကြပါဦး!"

ကားပေါ်ရှိ ကြီးမားသော "B" လိုဂိုမှာ အလွန်ပင် ထင်ရှားလှပြီး စတီယာရင်ကို ကိုင်ထားသော ဘယ်ဘက်လက်ကောက် ဝတ်တွင်လည်း သူ ခုနက ဝယ်ထားသော နာရီကို ပတ်ထား သည်။

ကျိုးထျန်းသည် စိတ်ထဲမှ ၁၀ စက္ကန့်အထိ တိတ်တဆိတ် ရေတွက်လိုက်သည်။

၁၀ စက္ကန့်အကြာတွင် သူ့ ဖုန်းမျက်နှာပြင်မှာ ကောမန့် များဖြင့် ပြည့်နှက်သွားတော့သည်။

[ဒင်~... ဝမ်ရှောင်ထောင် ထံမှ အချဉ်ဓာတ် +၉၉!]

[ဒင်~... ကျောက်ထျန်း ထံမှ အချဉ်ဓာတ် +၉၉!]

[ဒင်~... လျိုထုန်တ ထံမှ အချဉ်ဓာတ် +၉၉!]

[ဒင်~... ကျန်းချွန်းယန် ထံမှ အချဉ်ဓာတ် +၉၉!]

...

ဤတစ်ကြိမ်တွင် အတန်းထဲမှ သူငယ်ချင်းများသာမက အထက်တန်း ဒုတိယနှစ်မှ ဂျူနီယာများပါ

အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။ သူတို့သည် ထို Post ကို စကရင်ရှော့ ရိုက်ကာ ကျောင်း၏ အွန်လိုင်းဖိုရမ်များတွင် တင်လိုက်ကြသည်။

"ကျိုးထျန်းကတော့ တကယ်ပဲ၊ ငါတို့ရဲ့ စိတ်ဓာတ်ကို တမင် လာဆော့နေတာ!"

"Bentley က တရုတ်ကားဖြစ်သွားတယ်လို့ ငါ တစ်ခါမှ မသိခဲ့ဘူး"

"WeChattမှာ ဒီ Post ကို မြင်တုန်းက ဒီသူဌေးက ငါတို့လိုပဲ BYD မောင်းတာပဲဆိုပြီး စိတ်လှုပ်ရှားသွားတာ၊ ပုံကိုလည်း မြင်ရော မျက်ရည်တောင် ကျတယ်"

"ကျွန်တော်လည်း BYD ဝယ်ချင်တာပဲ၊ ဒါပေမဲ့ ကျွန်တော့်အိမ်က မဝယ်နိုင်ဘူးလေ"

"အမှန်တော့ ဒါက နောက်ဆုံးပေါ် တရုတ်ကား မော်ဒယ်လ်လေ၊ မင်းတို့က မသိကြတာ၊ ဈေးက ယွမ် ၁၉၉,၉၀၀ ကနေ စတာ... တော်ပါပြီ၊ ငါ ဆက်ပြီး လိမ်လို့ မရတော့ဘူး။ သူဌေးရာ... တော်ပါတော့"

🍋 Chapter 62

"ကားဆရာကြီးတွေ ရှိကြလားဟင်... ဒါ ဘယ်လိုကားမျိုးလဲဆိုတာ ကျွန်မတို့ မိန်းကလေးတွေကို ရှင်းပြပေးကြပါဦး"

မိန်းကလေးတစ်ယောက်က လှမ်းမေးလိုက်သည်။ ကားအကြောင်း နားလည်သည့် မိန်းကလေးဆိုသည်မှာ ရှားပါသည်မဟုတ်ပါလား။

ဤမေးခွန်းကပင် ကီးဘုတ်သူရဲကောင်းများကို ထွက်ပေါ်လာစေတော့သည်။

"ဒါက နောက်ဆုံးပေါ် Continental GT လေ၊ ဈေးက အနည်းဆုံး ၅ သန်းလောက် ရှိတယ်။ သူ အရင်က ဝယ်ထားတဲ့ McLaren ထက်တောင် ပိုဈေးကြီးသေးတယ်"

"ဒီကားက ဇိမ်ခံကားတစ်စီးရဲ့ သက်တောင့်သက်သာရှိမှုနဲ့ စူပါကားတစ်စီးရဲ့ စွမ်းဆောင်ရည်ကို ပေါင်းစပ်ထားတာ။ ကမ္ဘာပေါ်မှာ Rolls-Royce ကလွဲရင် Bentley ကို ယှဉ်နိုင်တဲ့သူ မရှိဘူး။ အောင်မြင်တဲ့သူတွေအတွက်တော့ ဒါက စံနှုန်းတစ်ခုပဲ"

"အပေါ်ကလူ... မင်း သုံးနှုန်းလိုက်တဲ့ 'စံနှုန်း' ဆိုတဲ့ စကားလုံးကို ငါ သဘောမကျဘူး။ အဲဒါ ဘာကို ဆိုလိုတာလဲဆိုတာ ရှင်းပြပေးပါဦး"

"ကျိုးထျန်းအတွက် ဒါက စံနှုန်းပဲ မဟုတ်ဘူးလား"

"မင်းပြောတာ မှန်တယ်၊ ငါ ပြန်မပြောတော့ဘူး"

"အတိုချုပ်ပြောရရင် ဒီကားက ထိပ်တန်းသူဌေးတွေရဲ့ သင်္ကေတပဲ။ မိန်းကလေးတို့ရေ... ကားမောင်းနေရင်း ဒီလို လိုဂိုမြင်ရင် ဝေးဝေးက ရှောင်ကြနော်၊ မဟုတ်ရင် နည်းနည်းလေး တိုက်မိရုံနဲ့တင် အာမခံ ယွမ်တစ်သန်းလောက်လျော်ပေးရလိမ့်မယ်"

ယောင်္ကျားလေးတစ်စုကလည်းဝိုင်းပြီး ချီးကျူးနေကြသည်။ ဘာပဲဖြစ်ဖြစ် ယောင်္ကျားလေးဆိုသည်မှာ ကားကို ချစ်ကြသည်မဟုတ်ပါလား။

သို့သော် အကြောင်းအရာမှာ ဤမျှနှင့် မပြီးသေးပေ။

အကဲခတ်ကောင်းသော အတန်းဖော်အချို့က ဓာတ်ပုံ၏ ထောင့်နားတွင် ရှိနေသော နာရီကို သတိထားမိသွားကြသည်။

"ဟေး... လျိုရှောင်ယာ၊ မင်းရဲ့သူငယ်ချင်းထဲမှာ နာရီအကြောင်း နားလည်တဲ့သူ ရှိတယ်ဆို၊ လာကြည့်ပါဦး၊ ကျိုးရဲ့ နာရီက တော်တော် ထူးခြားတယ်!"

"ဟာ... သွားပြီ!"

"သွားပြီ!"

"..."

"မျက်စိတောင် ကျိန်းတယ်၊ ဒီဆရာကြီးကို ငါ ဦးညွှတ်ပါတယ်"

"ဟာ... ရှောင်ယာ၊ ပြောပါဦး၊ ဒီနာရီက အရမ်းဈေးကြီးတာလား"

"ဈေးကြီးရုံတင် မဟုတ်ဘူး၊ အံ့သြစရာကောင်းလောက်အောင် ဈေးကြီးတာ"

လျိုရှောင်ယာဟု အမည်ရသော မိန်းကလေးမှာ အံ့အားသင့်နေရုံသာမက ယောင်္ကျားလေး အတော်များများလည်း အခြေအနေကို သဘောပေါက်သွားကြသည်။

ထို့ပြင် ထိုနာရီမှာ အလွန်ထူးခြားလွန်းသဖြင့် အွန်လိုင်းတွင် ရှာကြည့်ရုံဖြင့် ဈေးနှုန်းကို သိနိုင်ကြသည်။

"ဒုတိယမျိုးဆက် Rainbow Daytona၊ ကြယ်စုံည ဒီဇိုင်းနဲ့ စိန်အပြည့်စီထားတဲ့ ဗားရှင်းပဲ၊ အသစ်ဆိုရင် ယွမ် ၂.၂ သန်းအောက် မရှိဘူး၊ ၉၀ ရာခိုင်နှုန်းလောက် အခြေအနေကောင်းတဲ့ တစ်ပတ်ရစ်ဆိုရင်တောင် အနည်းဆုံး ၁.၇ သန်း ဒါမှမဟုတ် ၁.၈ သန်းလောက် ပေးရတယ်"

"ဒီနာရီကို တစ်ခါက Jay Chou တောင် အင်စတာဂရမ်မှာ ကြွားခဲ့ဖူးတယ်၊ သူက တူဒါရဲ့ ကြော်ငြာသူ ဖြစ်နေလို့သာပေါ့၊ တူဒါက ရိုးလက်စ်ရဲ့လက်အောက်ခံ မဟုတ်ရင် Jay Chou တောင် တရားစွဲခံရနိုင်တယ်"

"စဉ်းစားကြည့်ဦးလေ... Jay Chou တောင် ကြွားရလောက်အောင် ဒီပစ္စည်းက ဘယ်လောက် အစွမ်းထက်မလဲဆိုတာ"

ဤသို့ ခွဲခြမ်းစိတ်ဖြာချက်များကို ကြားပြီးနောက် နာရီအကြောင်း ဘာမှမသိသော ကျောင်းသားများပင်လျှင် အလွန်အမင်း မနာလိုဖြစ်သွားကြတော့သည်။

ထိုအချိန်တွင် ကားထဲ၌ ရှိနေသော ကျိုးထျန်းမှာ သူ့အတန်းဖော်များ ပေးပို့နေသော မနာလိုမှု အမြောက်အမြားကို တိတ်တဆိတ် ကြည့်နေခဲ့သည်။

"လူ ၃၀၀ ထဲမှာ ၂၃၀ ကျော်ကတော့ 'အချဉ်ဓာတ်' အမြင့်ဆုံး အဆင့်ကို ရောက်သွားပြီပဲ။ ကျန်တဲ့ လူအနည်းငယ်ကတော့ စိတ်ထား တော်တော်လေး ကောင်းကြသေးတယ်"

သုံးမိနစ်အကြာတွင် နှစ်ဆတိုးသည့် အချိန်မှာ ကုန်ဆုံးသွားခဲ့သည်။

ကျိုးထျန်း သူ့ လက်ကျန်အချဉ်ဓာတ်ကို စစ်ဆေးလိုက်ရာ ၈.၃၅ သန်းသို့ ရောက်ရှိနေပြီး ဆက်လက် တိုးပွားနေဆဲ ဖြစ်သည်။

သို့သော် အမြင့်ဆုံး အချဉ်ဓာတ်ပေးသူများ နည်းပါးသွားသဖြင့် တိုးတက်မှုနှုန်းမှာ သိသိသာသာ နှေးကွေးသွားခဲ့သည်။

နောက်ဆုံးတွင် ၁၀ မိနစ်အတွင်း ကျိုးထျန်းသည် 'အချဉ် ဓာတ်' ၉.၇၇ သန်း ရရှိခဲ့သဖြင့် ယခင်ရရှိထားသော ၂.၇ သန်းနှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ၁၂.၄၇ သန်း ဖြစ်သွားလေပြီ။

သူသည် ယခင်က သူ၏ငွေအားလုံးနီးပါးကို ကျောင်းနားရှိ အိမ်ရာများ ဝယ်ယူရာတွင် သုံးစွဲခဲ့ရာ ထိုငွေများ ပြန်ရရန် ရက်အနည်းငယ် စောင့်ရဦးမည် ဖြစ်သည်။

ယခု သူ့ လက်ထဲတွင် ယွမ် တစ်သန်းအောက်သာ ကျန်တော့သဖြင့် အနည်းငယ် စိုးရိမ်နေခဲ့သည်။

ယခု သူ၏ သုံးဖြုန်းမှုပုံစံအရ လက်ထဲတွင် သိန်းချီ၊ သန်းချီ မရှိဘဲ အိမ်ပြင်မထွက်ရဲပေ။

ဤသို့ အချဉ်ဓာတ်များရရှိလိုက်ခြင်းက သူ့ကို စိတ်အေးသွားစေသည်။ သူ့ ယုံကြည်မှုမှာ သူ့ အိတ်ကပ်ထဲရှိ ငွေအလေး ချိန်ပေါ်၌သာ လုံးဝ မူတည်နေသည် မဟုတ်ပါလား။

"စုစုပေါင်း ပစ်မှတ် သန်း ၂၀ ရဲ့ တစ်ဝက်ကျော်ကို အောင်မြင်သွားပြီ၊ အင်း... ဒီ 'စပျစ်သီးချဉ်' တွေကို ရက်အနည်းငယ်လောက် အနားပေးပြီးမှ ပြန်ပြီး ရိတ်သိမ်းရမယ်"

မစ်ရှင်ပြီးဆုံးရန် ၅ ရက်ခန့် ကျန်သေးရာ ကျိုးထျန်းမှာ မလောတော့ပေ။ အချိန်အလုံအလောက် ရှိသည်ဟု သူ တွက်ဆထားသည်။

အိတ်ကပ်ထဲတွင် ငွေများ အနည်းငယ် ပြန်ပြည့်လာသော် လည်း သန်း ၆၀ နှင့် အတော်ပင် အလှမ်းဝေးနေသေးသည်။

သူသည် ထိုဗီလာအဟောင်းကြီးကို ရအောင်ဝယ်ရန် သို့မဟုတ် အနည်းဆုံးဝယ်ပြီး ပြန်ငှားထားရန် ဆုံးဖြတ်ထားသည်။

ထိုဈေးနှုန်းမှာ လက်လွှတ်မခံသင့်သည့် အခွင့်အရေးပင်။

ယခုမှာ နွေရာသီ ကျောင်းပိတ်ရက်ဖြစ်ပြီး သူ့ဘဝတွင် အပန်းအဖြေရဆုံး နွေရာသီ ဖြစ်သည်။

တက္ကသိုလ်ကျောင်းအပ်ရန် တစ်လကျော် လိုသေးသဖြင့် လျိုမုယန်နှင့်အတူ ခရီးထွက်ရန် စတင်စီစဉ်နေပြီ ဖြစ်သည်။

"ဘယ်ကို သွားရမလဲ..."

"ဥရောပလား၊ ဩစတြေးလျလား၊ ဒါမှမဟုတ် တရုတ်ပြည်ထဲမှာပဲ လည်ရမလား"

လျိုမုယန် မာလာရှမ်းကော ကြိုက်သည်ကို သူ မှတ်မိနေသဖြင့် စီချွမ်ဘက်ကို သွားရမလား စဉ်းစားနေမိသည်။

အမှန်တော့ ကျိုးထျန်းကိုယ်တိုင်လည်း ခရီးဝေးဝေးလံလံ သိပ်မသွားဖူးပေ။

သူ့ မိဘများမှာ ဆိုင်အလုပ်ဖြင့် အမြဲ အလုပ်ရှုပ်နေကြပြီး သူ့အလုပ်မှာလည်း စာသင်ရန်သာဖြစ်သဖြင့် ကမ္ဘာကြီးကို မြင်တွေ့ခွင့် မရခဲ့ပေ။

နောက်ထပ် နှစ်ရက်ခန့်တွင် ကျိုးထျန်းမှာ အပျင်းထူသည့် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ဘာမှလုပ်စရာ မရှိသဖြင့် စားလိုက် အိပ်လိုက်သာ လုပ်နေတော့သည်။

လျိုမုယန်မှာလည်း နယ်ရှိ ဆွေမျိုးများထံ သွားလည်နေသဖြင့် သူနှင့် အတူမထွက်နိုင်ပေ။

ဂိမ်းဆော့ဖို့ကျတော့လည်း... ရည်းစားရှိနေတဲ့သူက ဘယ်မှာ ဂိမ်းဆော့ဖို့ စိတ်ပါတော့မှာလဲ!

ဇူလိုင်လ ၂၀ ရက်နေ့တွင် ကျန်းရို့က သူ့ကို ဆက်သွယ်လာသည်။

"ဓနနတ်မင်းကြီး... ရှင် အပ်ထားတဲ့ အိမ်ခြံမြေတွေ အကုန် လုံးရောင်းပြီးသွားပါပြီ။ ရောင်းရငွေတွေကို အစောဆုံးတစ်ရက်အတွင်း ရှင့် အကောင့်ထဲကို လွှဲပေးပါလိမ့်မယ်"

"အို... ကောင်းတာပေါ့"

အိပ်ရာပေါ်တွင် အလောင်းတစ်ကောင်ကဲ့သို့ လဲလျောင်းနေသော ကျိုးထျန်းမှာ ငွေများ ရောက်တော့မည်ဆိုသည့် သတင်းကြောင့် ချက်ချင်းထထိုင်လိုက်သည်။

"ကျွန်မတို့ ဘယ်လောက်မြတ်လဲဆိုတာ ခန့်မှန်းကြည့်ပါဦး။ ကိန်းဂဏန်းက တကယ်ကိုမယုံနိုင်စရာပဲ!"

ကျန်းရို့မှာ အလွန်ပင် စိတ်လှုပ်ရှားနေပုံရသည်။ ထိုငွေများမှာ သူမ ငွေများမဟုတ်သော်လည်း သူမက ပျော်ရွှင်နေခဲ့သည်။

"မြန်မြန်ပြောပါ၊ ငါ့ကို ရင်တုန်အောင် မလုပ်နဲ့ မဟုတ်ရင် မင်းရဲ့ဘောနပ်စ်ကို လျှော့ပစ်မှာနော်"

ကျိုးထျန်း သူမကို နောက်ပြောင်လိုက်သည်။

"အရင်းအပါဆိုရင် စုစုပေါင်း ယွမ် ၁၇၁ သန်း ရပါတယ်၊ ပန်းတိုင်အသေးစား နှစ်ခုနီးပါးပေါ့!"

ကျန်းရို့မှာ အော်ဟစ်မတတ် ပြောလိုက်သည်။ သူတို့ လျန်ကျား အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတွင် ဤမျှအထိ ကြီးကျယ်သော ဖောက်သည်မျိုး မတွေ့ရသည်မှာ ကြာလှပြီ။

သူမသည် ဤကဲ့သို့သော သူဌေးနှင့် တွေ့ဆုံရန်အတွက် အတိတ်ဘဝက ကမ္ဘာကြီးကို ကယ်တင်ခဲ့ဖူးသလားဟုပင် တွေးမိတော့သည်။

ထိုအချိန်တွင် ဖုန်း၏အခြားတစ်ဖက်မှ ကျိုးထျန်းမှာလည်း သူ့ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း ဟစ်ကြွေးနေမိသည်။

ယွမ် ၁၇၀ သန်းကျော်... ၎င်းမှာ လက်ငင်းငွေသားဖြစ်သည်။

သာမန် ဘီလျံနာများပင်လျှင် ဤမျှအဆင့်ရှိသော ငွေသားပမာဏကို တစ်ခါတည်း ထုတ်ပေးနိုင်ရန် ခဲယဉ်းပေလိမ့်မည်။

အရင်းကို နုတ်လိုက်ပါက ယခုတစ်ခေါက် အမြတ်မှာ ယွမ် သန်း ၅၀ နီးပါး ရှိပြီး ပြီးခဲ့သည့် နန်ကျောက်ရွာ ဖျက်သိမ်းရေးပရောဂျက်နှင့် ဆင်တူလှသည်။

သို့သော် ရှန်ဟိုင်းတွင် ဤကဲ့သို့သော ဖျက်သိမ်းရေးပရောဂျက်မျိုးမှာ တစ်နှစ်လျှင် အနည်းငယ်သာရှိသဖြင့် အမြဲတမ်း ဤသို့ ချမ်းသာရန်မလွယ်ကူပေ။

ပရောဂျက် နှစ်ခုပေါင်းလျှင် အသားတင်အမြတ်မှာ ယွမ် သန်း ၁၀၀ နီးပါးရှိနေပြီဖြစ်သည်။

သူသည် အသက် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦးသာရှိသေးသည်မဟုတ်ပါလား။

သူ့အချဉ်ဓာတ် လက်ကျန် သန်းဆယ်ဂဏန်းနှင့် ပေါင်းလိုက်ပါက သူ့ စုစုပေါင်းပိုင်ဆိုင်မှုမှာ ယွမ် သန်း ၂၀၀ နီးပါးသို့ ချဉ်းကပ်လာနေပြီဖြစ်သည်။

"ပြိုင်ဘက်မရှိတာ ဘယ်လောက်တောင် အထီးကျန်သလဲ..."

နောက်ခံတေးဂီတမှာ သူ့ ဦးနှောက်ထဲတွင် အလိုအလျောက် ပေါ်ထွက်လာတော့သည်။

ကျိုးထျန်း ကျန်းရို့ထံသို့ ယွမ် ၂၀,၀၀၀ ကို သဘောတူထား သည်ထက် ၁၀,၀၀၀ ပိုလွှဲပေးလိုက်သည်။

ယခုအခါ ယွမ် ၁၀,၀၀၀ ဆိုသည်မှာ သူ့အတွက် ၁၀ ယွမ်ကဲ့သို့ပင် ဖြစ်ရာ ဘာမှမစဉ်းစားဘဲ ပေးလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ဤမိန်းကလေးမှာ သူ့အတွက် ရက်အတော်ကြာ အချိန်ပိုဆင်းပေးခဲ့သည် မဟုတ်ပါလား။

သူသည် ကျန်းရို့၏ ဝီချက်ရှိ ဓာတ်ပုံများကို ကြည့်လိုက်ရာ သူမမှာ အသက် ၂၀ ကျော်သာ ရှိသေးသော်လည်း မျက်ကွင်းညိုနေသည်မှာ ဆိုးဆိုးရွားရွားပင်။

ချိုသာသော စကားလုံးများမှာ လက်တွေ့ကျသော ငွေကြေးနှင့် မနှိုင်းယှဉ်နိုင်ပေ။ သူမသည် ဝန်ဆောင်မှုအတွက် အခကြေးငွေ ရရှိခြင်းဖြစ်ရာ ကျိုးထျန်းကလည်း သဘော ထားကြီးစွာ ပေးကမ်းခဲ့ခြင်း ဖြစ်သည်။

ကျန်းရို့မှာ သူ့ကို အထပ်ထပ် အခါခါကျေးဇူးတင်နေခဲ့သည်။

၎င်းမှာ ဟန်ဆောင်ခြင်း မဟုတ်ဘဲ စစ်မှန်သော ကျေးဇူးတင်ရှိမှု ဖြစ်သည်။

"ဓနနတ်မင်းကြီး... ကျွန်မတို့ဆီမှာ တခြား အိမ်ကောင်းလေးတွေလည်း ရှိသေးတယ်။ ကြည့်ချင်သေးလားဟင်။ ဈေးတွေလည်း ထပ်တက်လာနိုင်တယ်လေ"

"ရပါပြီ... တော်တော့၊ အိမ်ဝယ်ချင်ရင် မင်းကိုပဲ ဆက်သွယ်မှာပါ၊ ဒါပေမဲ့ အခုလောလောဆယ် ငါ့မှာ ပန်းတိုင်အသစ် ရှိနေလို့ တခြားဟာတွေကို မစဉ်းစားသေးဘူး"

စနစ်၏သတင်းအချက်အလက်ကတ် မပါဘဲ သူသည် အိမ်ခြံမြေများတွင် မဆင်မခြင် ရင်းနှီးမြှုပ်နှံမည် မဟုတ်ပေ။

သူ၏ အမြင်စူးရှမှုက စနစ်က ပေးသော အခွင့်အရေးများကို မယှဉ်နိုင်သည် မဟုတ်ပါလား။

ကျန်းရို့မှာ သူ၏ အဖြေကြောင့် စိတ်မပျက်သွားပေ။ လူဆိုသည်မှာ ရောင့်ရဲတတ်ရန် သင်ယူရမည်ဖြစ်ပြီး သူမမှာလည်း အလွန်ပင် ကျေနပ်နေခဲ့ပြီ ဖြစ်သည်။

ကျိုးထျန်း၏ ပရောဂျက်နှစ်ခုမှ ရရှိသော ကော်မရှင်ခများဖြင့် သူမသည် ရှန်ဟိုင်းရှိ အိမ်ဟောင်းတစ်လုံးအတွက် ကြိုတင်ငွေကို သွင်းပေးနိုင်ပြီ ဖြစ်သည်။

၎င်းမှာ သူမ၏ မျှော်လင့်ချက်ထက် များစွာ သာလွန်နေခဲ့သည်။

သူမသည် ရှန်ဟိုင်းတွင် အခြေမဲ့ အနေမဲ့ ဖြစ်နေပြီး ဒေသခံ ယောင်္ကျားတစ်ယောက်နှင့် လက်မထပ်မချင်း တစ်သက်လုံး အိမ်ငှားနေရတော့မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် မမျှော်လင့်ဘဲ တက္ကသိုလ်မှ ဘွဲ့မရသေးခင်မှာပင် သူမသည် ဤနေရာ၌ အခြေချနိုင်ခဲ့လေပြီ။

ဤအရာအားလုံးမှာ ကျိုးထျန်းကြောင့်ပင်။

All Chapters