← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

🍋 Chapter 63

ကျန်းရို့က သူ့ကို မည်မျှအထိ ကျေးဇူးတင်နေသည်ကို ကျိုးထျန်း မသိပေ။

ယခု ကျိုးထျန်း၏ အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုမှာ ငွေများ မည်သည့်အချိန်တွင် ရောက်လာမည်နည်း ဆိုသည်ပင် ဖြစ်သည်။

ငွေရောက်လာသည်နှင့် တစ်ပြိုင်နက် သူသည် အိမ်ခြံမြေ ဝယ်ယူခွင့်ကတ်ကို ချက်ချင်း အသုံးပြုရန် စီစဉ်ထားသည်။

အမှန်စင်စစ် ထိုကတ်ကြီး သက်တမ်းကုန်သွားမှာ သို့မဟုတ် အသုံးမဝင်တော့မှာကို သူ အလွန်စိုးရိမ်နေမိသည်။

သူ့ အိတ်ကပ်ထဲတွင် ငွေအလုံအလောက် မရှိသောကြောင့် သူ့ စုဆောင်းငွေ အားလုံးကို ကျောင်းနားရှိ အိမ်ရာများ ဝယ်ယူရာတွင် ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်။

ထိုငွေများ ပြန်မရမချင်း သူသည် ထိုအိမ်ဟောင်းကြီးကို ဝယ်နိုင်မည် မဟုတ်ပေ။

အခြားတစ်ယောက်ယောက်က ထိုအိမ်ကို သဘောကျပြီး အရင်ဦးအောင် ဝယ်သွားမည်ကို သူ အကြောက်ဆုံးဖြစ်သည်။

ထို့ကြောင့် သူသည် နေ့တိုင်း အိမ်ခြံမြေ ဝယ်ယူခွင့်ကတ်၏ အခြေအနေကို စစ်ဆေးနေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကတ်မှာ ဘာမှမပြောင်းလဲသေးပေ၊ ဆိုလိုသည်မှာ ထိုအိမ်မှာ ရောင်းမထွက်သေးဘဲ ရှိနေဆဲ ဖြစ်သည်။

ယခုအချိန်တွင် အိမ်ခြံမြေဈေးကွက်မှာ သိပ်ပြီး မကောင်းလှသဖြင့်သာ တော်တော့သည်၊ မဟုတ်လျှင် သူ ဤအခွင့် အရေးကို လက်လွှတ်ရပေလိမ့်မည်။

ဝယ်လက်ကြီးများမှာလည်း ယခုအချိန်တွင် အလွန်သတိ ထားနေကြပြီး အိမ်ခြံမြေ တစ်ခုတည်းကြောင့် သူတို့၏ ငွေကြေးလည်ပတ်မှု ပြတ်တောက်သွားမှာကို အလွန်ပင် ကြောက်ရွံ့နေကြသည်။

သူသည် ငွေရေတွက်ရမည့် ပျော်ရွှင်မှုတွင် နစ်မြောနေစဉ်မှာပင် ဂျက်ဆီ ထံမှ ဖုန်းဝင်လာသည်။

ကျိုးထျန်းမှာ သူ၏ အစီအစဉ်များ ထပ်မံလွဲချော်သွားမှာကို စိုးရိမ်သဖြင့် အလိုအလျောက်တုန်လှုပ်သွားမိသည်။

"ဟေး... ဂျက်ဆီ၊ မင်း ဖုန်းဆက်တာ သတင်းကောင်း ပြောဖို့ ဖြစ်ပါစေလို့ ငါ မျှော်လင့်ပါတယ်"

ကျိုးထျန်း လေသံမှာ အနည်းငယ် သတိထားနေရသည်။

"Boss... ဒါက သတင်းကောင်းလို့ ပြောလို့ရမလားတော့ ကျွန်တော် မသိဘူး"

ဂျက်ဆီက သူ့ခေါင်းကို ကုပ်ရင်း ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ... ပြောသာပြောပါ"

"Boss... ဒီနေ့ ဟက်ကာဝက်ဘ်ဆိုက်တစ်ခုကနေတစ်ဆင့် တစ်ယောက်ယောက်က ကျွန်တော့်ကို ဆက်သွယ်လာတယ်။ သူတို့က ဒေါ်လာ သန်း ၁၀၀ ပေးဖို့ အဆင်သင့်ပဲတဲ့၊ 'Desperate World' ရဲ့ Backup တွေကို ပြန်ဖွင့်ပေးဖို့ပဲ လိုတယ်လို့ ပြောတယ်"

"ဟေ..."

ဒါကို ကြားလိုက်ရသောအခါ ကျိုးထျန်းမှာ အံ့အားသင့်သွားရသည်။ သူက ဂျက်ဆီကို ထိုသတိပေးချက် ထုတ်ခိုင်းလိုက်သည်မှာ မည်သူမှ ထိုငွေကို ပေးမည်မဟုတ်ကြောင်း သေချာနေ၍ ဖြစ်သည်။

ဝူချန်ချိုင် ကိုယ်တိုင်လည်း မတတ်နိုင်သလို သူ့မှာလည်း ထိုမျှအထိ ငွေမရှိနိုင်ပေ။

အခြားသော ကုမ္ပဏီများ၊ အထူးသဖြင့် ပြိုင်ဘက်ကုမ္ပဏီများဆိုလျှင် သူတို့ ပျက်စီးသွားမှာကိုသာ ဆုတောင်းနေကြသဖြင့် ပိုလို့ပင်ထုတ်ပေးကြမည်မဟုတ်ပေ။

ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများမှာလည်း ပိုမဖြစ်နိုင်ပေ။ သူတို့၏ အလုပ်မှာ အောင်မြင်နေသူများကိုသာ ဝိုင်းဝန်းကူညီပေးရန်ဖြစ်ပြီး ဒုက္ခရောက်နေသူများကို ကယ်တင်ရန် မဟုတ်ပေ။

ထို့အပြင် သူသတ်မှတ်ထားသော ပမာဏမှာလည်း သေချာစွာ စဉ်းစားထားခြင်း ဖြစ်သည်။

ကုမ္ပဏီငယ်လေးများ မတတ်နိုင်ဘဲ ကုမ္ပဏီကြီးများလည်း ပါဝင်လာမည်မဟုတ်ကြောင်း သူ သေချာနေခဲ့သည်။

သို့သော် ယခုအခါ တစ်ယောက်ယောက်က တကယ်ပင် ဤငွေကို ပေးချင်နေသည်လား။

ဤမျှအထိ ငွေပေါနေသော သူဌေးကြီးက ဘယ်ကနေပေါ် လာသနည်း။ ငွေတွေ သိပ်များလွန်းလို့ ရူးနေတာလား။ သို့မဟုတ် ဝူချန်ချိုင်က သူ့ကို ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီတစ်ခုခုကို ရှာတွေ့သွားတာလား။

အမှန်တော့ ဝူချန်ချိုင် ငွေအလုံအလောက် ရသွားမှာကို ကျိုးထျန်း မကြောက်ပေ။ သူ့အစီအစဉ်ကို ထိခိုက်နိုင်သော်လည်း အနည်းဆုံးတော့ သူ ရှုံးမည်မဟုတ်ပေ။

"ဂျက်ဆီ... တစ်ဖက်လူက သူတို့ ဘယ်သူလဲဆိုတာ ပြောလား"

"မပြောဘူး Boss... ဒါက Shell Company တစ်ခုပဲ၊ အကောင့်လိပ်စာက ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းလေးတစ်ကျွန်းမှာ ရှိနေတာဆိုတော့ လိုက်ရတာ အရမ်းခက်တယ်"

"ဟူး..."

ကျိုးထျန်း မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားနေမိသည်။

‘ငွေပေးဖို့ ဝန်မလေးပေမဲ့ သူတို့ ဘယ်သူလဲဆိုတာကိုတော့ မဖော်ပြချင်ဘူး၊ ပြီးတော့ ဂျက်ဆီက ဟက်ကာမှန်း သိနေတော့ သူတို့ကိုယ်သူတို့ သေချာ ဖုံးကွယ်ထားတယ်ပေါ့’

သူ သိထားသလောက်တော့ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဝူချန်ချိုင်ကို ကယ်တင်ရန် မည်သည့်ကုမ္ပဏီမှ စိတ်မဝင်စားခဲ့ပေ။

သူသည် ဝူချန်ချိုင်၏ဆက်သွယ်ရေး ကိရိယာများကို ဂျက်ဆီအား စောင့်ကြည့်ခိုင်းထားသဖြင့် ဝူချန်ချိုင်သည် မည်သူနှင့်မျှ ကုမ္ပဏီ သို့မဟုတ် ရှယ်ယာများ ရောင်းချရန် မညှိနှိုင်းခဲ့ကြောင်း သေချာသည်။

ဝူချန်ချိုင်မှာ ယခုအခါ စိတ်ပျက်အားငယ်နေပြီး တစ်နေကုန် ရုံးခန်းထဲမှာပင် အောင်းနေကာ အပြင်အလုပ်များအားလုံးကို မန်နေဂျာများထံ လွှဲထားခဲ့သည်။

သူ၏ အခြေအနေကို သူ အသိဆုံးဖြစ်သည်... ကျိုးထျန်းက သူ့ကို အကျပ်ကိုင်ထားရာ သူ မည်သို့မှ ပြန်မတုံ့ပြန်နိုင်ပေ။

‘ဘယ်သူ ဖြစ်နိုင်မလဲ... ဝူချန်ချိုင်ကို ကူညီဖို့ ဘယ်သူက ဒီလောက်အထိ သဘောကောင်းပြီး ကိုယ်ကျိုးမဖက်နိုင်မှာလဲလို့ ငါ မယုံဘူး’

‘ဒီလို ကမောက်ကမ ဖြစ်နေတဲ့ အခြေအနေမှာ လူတိုင်းက ကိုယ်ကျိုးကိုပဲ အရင် စဉ်းစားကြမှာပဲ’

၎င်းမှာ ကျိုးထျန်းကို စဉ်းစားရ ခက်စေသည်။ သူသည် အရိပ်ထဲတွင် ပုန်းနေကျ ဖြစ်ပြီး ဝူချန်ချိုင်ကို တိုက်ခိုက်မည့် အစီအစဉ်မှာလည်း သူ ကိုယ်တိုင် ထွက်မလာခဲ့သဖြင့် ချောမွေ့နေခြင်း ဖြစ်သည်။

သို့သော် ယခုအခါ အခြားသော လက်တစ်စုံက အရိပ်ထဲမှ ပေါ်လာခဲ့သဖြင့် သူ့ကို နေရထိုင်ရ ခက်စေသည်။

"အခု အရေးကြီးဆုံးက ဂျက်ဆီကို ဆက်သွယ်လာတဲ့သူ ဘယ်သူလဲဆိုတာ သိဖို့ပဲ"

"ပထမဆုံးအနေနဲ့ တစ်ဖက်လူရဲ့ အမူအရာက နောက်ပြောင်နေတာ မဟုတ်ဘူး၊ ပြီးတော့ ဒေါ်လာ သန်း ၁၀၀ ဆိုတာ နည်းတဲ့ ပမာဏ မဟုတ်ဘူး... သာမန် ကုမ္ပဏီတွေနဲ့ လူတွေက ဒီလောက် ငွေအများကြီးကို ထုတ်ပေးနိုင်မှာ မဟုတ်ဘူး"

"ဂျက်ဆီ... ငွေပေးမယ်ဆိုတာအပြင် တခြား တောင်းဆိုတာမျိုးရော ရှိသေးလား"

ဂျက်ဆီက ခဏမျှ စဉ်းစားလိုက်သည်။

"Boss... ငွေပေးမယ်ဆိုတာကလွဲရင် သူတို့ တခြား ဘာမှ မပြောဘူး... ဪ... ဒါနဲ့ တစ်ဖက်လူက ဒီငွေကို ရပြီးတာနဲ့ ကျွန်တော့်ကို အင်တာနက်ပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားဖို့ တောင်းဆိုတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှထပ်ပြီးမပြောရဘူးတဲ့"

"အို..."

နားထောင်ပြီးနောက်တွင် ကျိုးထျန်း တစ်ခုခုကို သတိပြုမိသွားသည်။

‘ဒီစည်းကမ်းက ပုံမှန်လိုလိုနဲ့ တကယ်တော့ တော်တော်လေး သံသယဖြစ်စရာ ကောင်းတယ်’

‘အကယ်၍ ကုမ္ပဏီတစ်ခုခု ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံသူ တစ်ယောက်ယောက်က ဝူချန်ချိုင်ကို ကူညီချင်တယ်ဆိုရင် ဒီငွေကို ပေးပြီးတာနဲ့ လူသိရှင်ကြား အကျယ်အပြန့် ကြော် ငြာကြမှာပဲ’

‘ဒါမှ သူတို့ရဲ့ အကျိုးအမြတ်က အမြင့်ဆုံးဖြစ်မှာလေ၊ ဘာပဲဖြစ်ဖြစ် နာမည်ကြီးဖို့က အရေးကြီးတယ်မဟုတ်လား’

‘ဒါပေမဲ့ သူတို့က လူမသိစေချင်ဘူးဆိုတော့ သူတို့ရဲ့ ရည် ရွယ်ချက်က ပြဿနာကို အေးအေးဆေးဆေးဖြေရှင်းချင်တာလို့ ငါ ထင်တယ်’

‘ဒါက သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က ဝူချန်ချိုင်ရဲ့ နည်းပညာကုမ္ပဏီကို ကယ်တင်ဖို့ မဟုတ်ဘူးဆိုတာကိုပြနေတာပဲ’

‘အပြင်ပန်းကို ကြည့်ပြီး အတွင်းသဘောကိုမြင်နိုင်ပြီ၊ ဒီငွေကို ပေးချင်တဲ့သူ ဘယ်သူလဲဆိုတာ ငါ ခန့်မှန်းမိပြီ’

ကျိုးထျန်းက ခဏမျှ စဉ်းစားပြီးနောက် ရယ်မောလိုက်သည်။

‘ အပြည့်အဝတော့ မသေချာသေးဘူး၊ ဒါပေမဲ့ စမ်းသပ်ကြည့်လိုက်ရင် နောက်ဆုံးအဖြေကို ရလိမ့်မယ်’

‘ဂျက်ဆီ... အစီအစဉ်ရဲ့ စတုတ္ထအဆင့်ကို အခု စလိုက်တော့။ အဲဒီ ဒေါ်လာ သန်း ၁၀၀ အတွက်ကတော့... စဉ်းစားဖို့ ရက်အနည်းငယ် လိုသေးတယ်လို့ ပြောလိုက်၊ သုံးရက်အတွင်း အဖြေပေးမယ်လို့ ပြောလိုက်ပါ’

‘ဟုတ်ကဲ့ Boss... ကျွန်တော် အခုပဲ လုပ်လိုက်ပါ့မယ်၊ ဒါပေမဲ့ အဲဒီလို ငွေပေးမယ့် ငတုံး တကယ်ရှိလာရင် ကျွန်တော်တို့က လက်ခံမှာလား’

‘ဂျက်ဆီ... တစ်ဖက်လူက ငတုံး မဟုတ်ဘူး၊ တကယ်တော့ သူတို့က အရမ်းကို တော်တဲ့သူတွေ မင်း မကြာခင် သိရပါလိမ့်မယ်’

‘ဟုတ်ကဲ့ Boss... Boss ပြောတဲ့အတိုင်းပါပဲ’

ကျိုးထျန်း ဖုန်းကို ချလိုက်ပြီး ခဏမျှ ထပ်မံ စဉ်းစားနေမိသည်။

‘ငါ ထင်တာ မမှားဘူးဆိုရင် ဒီတစ်ခေါက်မှာ အစီအစဉ် အောင်မြင်ရုံတင် မကဘူး၊ ငါတို့ ငွေအများကြီးလည်း ရလိမ့်ဦးမယ်၊ အဲဒါက တော်တော်လေး များနိုင်တယ်’

‘ဒါက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီ။ တခြားသူတွေနဲ့ ယှဉ်ပြိုင်ရတာက တကယ်ပဲ အဆုံးမရှိပျော်စရာကောင်းတာပဲ’

ထိုနေ့ မွန်းလွဲပိုင်းတွင် အနက်ရောင် SUV ကား သုံးစီးမှာ ဝူချန်ချိုင် နည်းပညာကုမ္ပဏီရှိရာ ရုံးခန်းဆီသို့ ဦးတည်မောင်းနှင်လာခဲ့သည်။

ထိုရုံးခန်းမှာ ရှန်ဟိုင်း၏အချက်အချာကျသော နေရာတွင် တည်ရှိသည်။ ဝူချန်ချိုင်က ဤနေရာကို ရွေးချယ်ခဲ့ခြင်းမှာ သူ့ကုမ္ပဏီကို အကောင်းဆုံးဖြစ်စေချင်၍ ဖြစ်သည်။

ရုံးခန်းငှားရမ်းခနှင့် ပြင်ဆင်စရိတ်တင် ယွမ် သန်း ၃၀ ကျော် ကုန်ကျခဲ့ရာ ဝူချန်ချိုင်၏ရည်မှန်းချက် မည်မျှ ကြီးမားကြောင်း သိသာလှသည်။

သို့သော် ယခုအခါ အပေါ်ဆုံးထပ်ရှိ ရုံးခန်းများတွင် ဝူချန်ချိုင် နည်းပညာကုမ္ပဏီမှာ ယခင်ကကဲ့သို့ တောက်ပခြင်း မရှိတော့ပေ။

ဝန်ထမ်းထက်ဝက်ကျော်မှာ ခွင့်ယူထားကြသော်လည်း သူတို့အားလုံး အလုပ်သစ်ရှာနေကြပြီ ဖြစ်ကြောင်း လူတိုင်း သိကြသည်။

မန်နေဂျာ အနည်းငယ်နှင့် ဝါရင့်ဝန်ထမ်း အချို့သာ ရုံးခန်းထဲတွင် ကျန်ရစ်တော့သည်။ သို့သော် သူတို့လည်း စိတ်ဓာတ်ကျနေကြပြီ ဖြစ်သည်။

အခြေအနေမှာ သူတို့ ထိန်းချုပ်နိုင်သည့် အဆင့်ထက် ကျော်လွန်နေပြီ ဖြစ်သည်။ ကုမ္ပဏီမှ ချေးယူထားသော ငွေများမှာ ပေးရန် အချိန်စေ့နေပြီဖြစ်ပြီး ဝန်ထမ်းရာပေါင်းများစွာမှာလည်း လစာမရကြသေးပေ။

ငွေကြေး လိုအပ်ချက်မှာ ယွမ် ၅ သန်းအထိ ရှိနေပြီဖြစ် သည်။ ၎င်းမှာ ယခုလအတွက် လိုအပ်ချက်သာ ဖြစ်သည်။ သူတို့မှာ ဝင်ငွေရလမ်း လုံးဝမရှိတော့ပေ။

အနက်ရောင် ဝတ်စုံဝတ်ထားသော လူတစ်စု ကုမ္ပဏီ၏ အပေါက်ဝသို့ ရောက်လာသောအခါ ဧည့်ကြိုမိန်းကလေးမှာ လန့်သွားခဲ့သည်။

သူမသည် သူတို့ကို ငွေလာတောင်းသူများဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။

"မင်္ဂလာပါ... အထွေထွေ မန်နေဂျာရဲ့ ရုံးခန်းကို ဘယ်လိုသွားရမလဲဆိုတာ ပြောပြပေးနိုင်မလား"

"ရှင်... ရှင်တို့က ဘယ်သူတွေလဲ။ အထွေထွေ မန်နေဂျာနဲ့ ဘာကိစ္စ ရှိလို့လဲ"

ဧည့်ကြိုမိန်းကလေးမှာ တုန်တုန်ရင်ရင်ဖြင့် မေးလိုက်သည်။

"ကျွန်တော်တို့က ချန်ကျယ် ဥပဒေအကျိုးဆောင်ရုံးကပါ။ ထျန်းချိုင် နည်းပညာကုမ္ပဏီကိုကိုယ်စားပြုပြီး ခင်ဗျားတို့ ကုမ္ပဏီနဲ့ ညှိနှိုင်းဖို့ လာတာပါ"

"ဘာ... ဘာအကြောင်း ညှိနှိုင်းမှာလဲ"

ရှေ့နေအဖွဲ့ခေါင်းဆောင်က သူမ၏မေးခွန်းကို မဖြေဘဲ ဆိုဖာပေါ်တွင် ဝင်ထိုင်ကာ တိတ်ဆိတ်နေခဲ့သည်။

ဧည့်ကြိုမိန်းကလေးမှာ ထိုလူစုကို ကြည့်ပြီး ကြောက်လန့်တ ကြားဖြင့် ဖုန်းလှမ်းဆက်တော့သည်။

မိနစ်အနည်းငယ်အကြာတွင် စိတ်ဓာတ်ကျနေသော ဝူချန်ချိုင်သည် လက်အောက်ငယ်သား နှစ်ယောက်နှင့်အတူ ရောက်ရှိလာခဲ့သည်။

"လူကြီးမင်းတို့... ဘယ်သူတွေလဲ"

ရှေ့နေက ဝူချန်ချိုင်၏ ဓာတ်ပုံကို မြင်ဖူးထားသဖြင့် ချက် ချင်းပင် ထရပ်ကာ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ မစ္စတာဝူ... ကျွန်တော်တို့က ထျန်းချိုင် နည်းပညာကုမ္ပဏီကို ကိုယ်စားပြုပြီး ဝူချန်ချိုင်ရဲ့ နည်းပညာကုမ္ပဏီကို ဝယ်ယူဖို့အတွက် ညှိနှိုင်းဖို့ လာတာပါ"

အစကတည်းက ကျိုးထျန်း၏ရည်မှန်းချက်မှာ ဝူချန်ချိုင်ကို လုံးဝဖျက်ဆီးပစ်ရန်မဟုတ်ဘဲ ယွမ် ၁.၂ ဘီလျံ တန်ဖိုးရှိ သော ဤအင်တာနက်ကုမ္ပဏီသစ်ကို ဝါးမြိုပစ်ရန်ပင်။

‌🍋 Chapter 64

အစကတည်းက ကျိုးထျန်း၏ ရည်မှန်းချက်မှာ ယင်းချိုင် နည်းပညာကုမ္ပဏီကို တစ်ခုလုံး အကုန်အစင်ဝါးမြိုပစ်ရန် ဖြစ်သည်။

ဝူခယ်ရုံမှ သူ့အား ဒုက္ခပေးချင်နေသည်ဟု သိလိုက်ရသည့် အချိန်ကတည်းက သူသည် ဤအစီအစဉ်ကို စတင်ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

မကောင်းမှုကို ကောင်းမှုဖြင့် တုံ့ပြန်ခြင်းထက် လက်စားချေခြင်းကသာ ဘဝ၏ စစ်မှန်သော ပျော်ရွှင်မှုဟု ကျိုးထျန်း ယူဆထားသည်။

အနည်းဆုံးတော့ ကျိုးထျန်း ထိုသို့တွေးမိသည်။

ထို့အပြင် သူသည် အခြားသူများကို နှိပ်စက်ညှင်းပန်းပြီး ဖျက်ဆီးရသည်ကို ပျော်မွေ့သည့် အဆင့်မရှိသော သူဌေးသားများကဲ့သို့ မဟုတ်ပေ။

ဝူချန်ချိုင်၏ ကုမ္ပဏီကို ဒေဝါလီခံသွားစေရုံသက်သက်ဆိုလျှင် ကျိုးထျန်းအတွက် စိတ်ကျေနပ်မှုသာ ရလိမ့်မည်။

သို့သော် ဝူမိသားစုကို ဖြုတ်ချရန် အသင့်ပြင်ထားပြီး စွန့်စားမှုလည်း တူတူပင်ဖြစ်ရာ ဘာကြောင့် အကျိုးအမြတ် ပိုမရယူဘဲ နေရမည်နည်း။

သူသည် 'Desperate World' ဂိမ်းကို ကိုယ်တိုင် ဒေါင်းလုဒ်ဆွဲပြီး ဆော့ကြည့်ခဲ့ရာ ဤဂိမ်းမှာ တကယ့်ကို ငွေတွင်းကြီးတစ်ခုဖြစ်ကြောင်း ခံစားခဲ့ရသည်။

ထိုငွေတွင်းကြီးကို ပျော်ရွှင်မှုအတွက်နှင့် ဖျက်ဆီးပစ်ရမည်လား..... သူ ထိုသို့ မလုပ်နိုင်ပေ။

သူလုပ်ချင်သည်မှာ ယွမ် ၁.၂ ဘီလျံ တန်ဖိုးရှိသော ဝူချန်ချိုင် ကုမ္ပဏီ၏ တန်ဖိုးကို သူလက်ခံနိုင်သည့် ဈေးနှုန်းအထိ ထိုးချပစ်ရန်နှင့် မည်သူမှ သူ့ကို လာမပြိုင်နိုင်အောင် ပြုလုပ်ရန်ဖြစ်သည်။

ထို့ကြောင့် ဤအစီအစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ပထမ အဆင့်သုံးဆင့်မှာ အမြည်းမျှသာဖြစ်ပြီး ဤစတုတ္ထအဆင့်ကသာ သူ့ စစ်မှန်သော ရည်မှန်းချက်ဖြစ်သည်။

သူသည် ဝူချန်ချိုင်ထံသို့ ဝယ်ယူရန် ချက်ချင်းလူမလွှတ်ခဲ့ပေ။ ထိုသို့လုပ်လျှင် သံသယဖြစ်စရာ ကောင်းလိမ့်မည်။

ဝူချန်ချိုင်ကို လုံးဝစိတ်ပျက်အားငယ်စေပြီး အကူအညီမဲ့သွားစေမှသာ ကျိုးထျန်းသည် ဝူချန်ချိုင် နည်းပညာတစ်ခုလုံးကို အသက်သာဆုံးဈေးနှုန်းဖြင့် ရရှိနိုင်မည် ဖြစ်သည်။

ဝူချန်ချိုင်သည် သူ့အနာဂတ်တစ်ခုလုံးကို ဤဂိမ်းတစ်ခုတည်းပေါ်တွင် ပုံအောထားခဲ့သဖြင့် ဤအစီအစဉ်က ထိရောက်ခဲ့ခြင်းဖြစ်သည်။

ကြက်ဥအားလုံးကို ခြင်းတောင်းတစ်ခုတည်းထဲ မထည့်ရဆိုသည်မှာ မူလတန်းကျောင်းသားလေးပင် သိသော်လည်း ဝူချန်ချိုင်ကမူ ၎င်းကို လုံးဝ လျစ်လျူရှုခဲ့သည်။

အလွန်အကျွံ ယုံကြည်မှုရှိခြင်းက သူ့ကို အောင်မြင်စေခဲ့သော်လည်း ထိုယုံကြည်မှုကပင် သူ့ကို ပျက်စီးစေခဲ့သည်။

ကျိုးထျန်းသည် ထိုအားနည်းချက်ကို သိသွားခဲ့သဖြင့် လွှတ်ပေးမည် မဟုတ်ပေ။

၎င်းမှာ ငွေကြေးကိစ္စတစ်ခုတည်း မဟုတ်ပေ။ ဝူမိသားစု၏ အခြေခံအုတ်မြစ်ကို လုံးဝဖြတ်တောက်လိုက်မှသာ ဝူခယ်ရုံက နောက်ထပ်လက်စားပြန်မချေနိုင်တော့မည် ဖြစ်သည်။

မြက်ပင်ကို ရှင်းချင်လျှင် အမြစ်ပါ တူးထုတ်ရမည် မဟုတ်ပါလား။

ဝူမိသားစု၏ အမြစ်မှာ ယင်းချိုင် နည်းပညာဖြစ်ပြီး ထိုကုမ္ပဏီ၏ အမြစ်မှာ 'Desperate World' ဂိမ်းပင်။

ရက်အနည်းငယ် ကြာပြီးနောက် သူ မျှော်လင့်ထားသည့်အတိုင်း မည်သူမှ ထိုကုမ္ပဏီကို ဝယ်ရန် မလာခဲ့ကြပေ။

ထို့ကြောင့် သူ စတင်လှုပ်ရှားရမည့် အချိန်ရောက်ပြီဖြစ် သည်။

သူသည် ယခင်ကတည်းက ဂျက်ဆီကို ခေမန်ကျွန်းစုရှိ ရှဲကုမ္ပဏီတစ်ခုကို ဝယ်ခိုင်းထားခဲ့သည်။

ထိုနေရာတွင် လူချမ်းသာများက အခွန်ရှောင်ရန်အတွက် ဤကဲ့သို့သော ကုမ္ပဏီများကို အသုံးပြုလေ့ရှိရာ ၎င်းမှာ အလွန်လုံခြုံပြီး ခြေရာခံရန်ခက်ခဲလှသည်။

ကျိုးထျန်းသည် ထိုကုမ္ပဏီကို ဒေါ်လာ ၅၀,၀၀၀ ဖြင့်သာ ဝယ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ချန်ကျယ် ဥပဒေအကျိုး ဆောင်ရုံးကို ထိုကုမ္ပဏီကိုယ်စား ဝယ်ယူရေးကိစ္စများ ဆောင်ရွက်ရန် အပ်နှံခဲ့သည်။

အားလုံး အပြီးသတ်သည်အထိ သူ ဘယ်သူလဲဆိုတာကို လျှို့ဝှက်ထားရန် ဆုံးဖြတ်ထားသည်။

ချန်ကျယ် ရှေ့နေရုံးမှာ ရှန်ဟိုင်းတွင် ထိပ်တန်းအဆင့်ရှိပြီး အတွေ့အကြုံရင့်ကျက်သော အဖွဲ့တစ်ခု ဖြစ်သည်။

သူတို့၏အခကြေးငွေမှာလည်း တော်တော်လေး ကြီးမားလှသည်။

ရှေ့နေခများအပြင် ကော်မရှင် ၅ ရာခိုင်နှုန်းကိုပါ ပေးဆောင်ရမည် ဖြစ်သည်။

သို့သော် ဤကုန်ကျစရိတ်များမှာ တရားဝင်ပြီး ခိုင်မာသဖြင့် နောင်တွင် ဝူချန်ချိုင်က တရားပြန်စွဲချင်လျှင်ပင် နိုင်ချေမရှိတော့ပေ။

ဝူချန်ချိုင်သည် ရောက်လာသော လူတစ်စုကို ကြည့်ပြီး စိတ်မအေးဖြစ်နေခဲ့သည်။

"လူကြီးမင်းတို့... အစည်းအဝေးခန်းထဲမှာထိုင်ရင်း အေးအေးဆေးဆေး စကားပြောကြရအောင်"

"ကောင်းပါပြီ"

ရှေ့နေအဖွဲ့ခေါင်းဆောင်က အမူအရာပြလိုက်ရာ အဖွဲ့သားများမှာ အထဲသို့ ဝင်သွားကြသည်။

"Boss... ဘာတွေ ဖြစ်နေတာလဲ"

ဝူချန်ချိုင်၏ သစ္စာရှိ လက်အောက်ငယ်သားတစ်ယောက်က စိုးရိမ်တကြီး မေးလိုက်သည်။

"ဖြစ်လာမှာတွေကတော့ ဖြစ်လာမှာပဲ၊ ကုမ္ပဏီက ဒီအခြေ အနေ ရောက်နေပြီပဲ၊ ဒီထက် ပိုဆိုးစရာ ရှိဦးမလို့လား"

ဝူချန်ချိုင်က သူ့ဆံပင်ကို သပ်လိုက်ရာ သူ၏ မျက်လုံးများမှာ ယခင်ကကဲ့သို့ ပြတ်သားမှုများ ပြန်လည်ပေါ်ထွက်လာပြီး အစည်းအဝေးခန်းထဲသို့ လှမ်းဝင်သွားခဲ့သည်။

ခန်းမထဲရှိ လေထုမှာ အလွန်တည်ငြိမ်လေးနက်နေခဲ့သည်။ ရှေ့နေဟွမ်ကျန့်ကောမှ အသင့်ပြင်ထားသော စာရွက်စာ တမ်းကို ဝူချန်ချိုင်ထံ ကမ်းပေးလိုက်သည်။

"မစ္စတာဝူ... ဒါက ထျန်းချိုင် နည်းပညာကုမ္ပဏီက တင်ပြထားတဲ့ ဝယ်ယူရေး အဆိုပြုလွှာပါ၊ အရင်ဆုံး ဖတ်ကြည့်ပါဦး၊ သိချင်တာရှိရင် ကျွန်တော်တို့ ရှင်းပြပေးပါ့မယ်"

ဝူချန်ချိုင် ထိုစာရွက်စာတမ်းအထူကြီးကို ယူပြီး စတင်ဖတ်ရှုတော့သည်။

၁၅ မိနစ်ခန့်အကြာတွင် သူ့ လက်များမှာ အနည်းငယ် တုန်ယင်လာပြီး စာရွက်စာတမ်းကို ဖြည်းညှင်းစွာ ချလိုက်သည်။

"ယွမ် တစ်သန်းလား..... ငါ့ကုမ္ပဏီက တစ်သန်းပဲ တန်တော့တာလား"

သူသည် မျက်နှာကျက်ကို ကြည့်ရင်း ရယ်မောလိုက်သည်။ သူ့ မျက်လုံးထဲတွင် ရူးသွပ်မှု အရိပ်အယောင်အချို့ ပေါ်လာသော်လည်း ချက်ချင်းပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

ဟွမ်ကျန့်ကော် သူ့ကို တစ်ချက်ကြည့်ပြီး တည်ငြိမ်စွာပြောလိုက်သည်။

"မစ္စတာဝူ... ခင်ဗျားရဲ့ လက်ရှိ အခြေအနေကို ခင်ဗျား အသိဆုံးပါ။ ကျွန်တော်တို့ကလွဲရင် ဘယ်သူမှ ဝယ်ဖို့လာမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်"

ဝူချန်ချိုင် သူ့ကို ခက်ခဲစွာ ကြည့်လိုက်ပြီး အားနည်းသော လေသံဖြင့် ပြောလိုက်သည်။

"ဟုတ်ပါတယ်... ခင်ဗျား ပြောတာ မှန်တယ်"

ဟွမ်ကျန့်ကော် ခေါင်းညိတ်ပြီး ဆက်ပြောသည်။

"ဝူချန်ချိုင် နည်းပညာက အခု ဒေဝါလီခံရမယ့် အခြေအနေ ဖြစ်နေပြီ။ ခင်ဗျား ကုမ္ပဏီမှာတန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှု ဘာမှမကျန်တော့ဘူး"

"ကျန်တဲ့ ပိုင်ဆိုင်မှုတွေကလည်း အကြွေးရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကြားမှာ ခွဲဝေယူကြလိမ့်မယ်"

"ဒီတစ်သန်းဆိုတာ နည်းတယ်လို့ ထင်ရပေမဲ့ ထျန်းချိုင် နည်းပညာက ခင်ဗျားရဲ့အကြွေးတွေ၊ ဝန်ထမ်းလစာတွေနဲ့ နောက်ဆက်တွဲ ဥပဒေကြောင်းအရ ပေးလျော်ရမယ့် တာဝန်တွေ အကုန်လုံးကိုလွှဲယူမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန် တော်တို့ သုံးရမယ့် ငွေက ၁၀ သန်းထက် မနည်းပါဘူး"

"အဓိက အချက်က ခင်ဗျားရဲ့ ဆုံးရှုံးမှုတွေကို ကျွန်တော်တို့က တာဝန်ယူပေးမှာ ဖြစ်လို့ ခင်ဗျားအနေနဲ့ ဒေဝါလီခံရမှုကြောင့် ဖြစ်လာမယ့် ဥပဒေကြောင်းအရ တာဝန်ယူမှုတွေကို ထမ်းဆောင်စရာမလိုတော့ဘူး"

ဝူချန်ချိုင်က သူ့ လက်စွပ်ကို ကိုင်လိုက်ရင်း သူ၏ မျက်လုံးထဲတွင် မျှော်လင့်ချက်အသစ်များ ပေါ်လာခဲ့သည်။

"ခင်ဗျား ပြောတာ မှန်တယ်၊ ငါ့မှာ တခြား ရွေးချယ်စရာမရှိတော့ဘူး"

"ဒါပေမဲ့ ငါ သိချင်တာက... ဘာဖြစ်လို့ ထျန်းချိုင် နည်းပညာက အခုလိုတန်ဖိုးမရှိတော့တဲ့ ငါ့ကုမ္ပဏီကို ဝယ်ရတာလဲ ? ခင်ဗျားတို့ရဲ့ Boss က ဘယ်သူလဲ"

ဟွမ်ကျန့်ကော် ခေါင်းခါပြလိုက်သည်။

"စိတ်မရှိပါနဲ့... ကျွန်တော်တို့က အလုပ်ရှင်ရဲ့ အမည်ကို ဖော်ပြခွင့် မရှိသလို အလုပ်ရှင်ရဲ့ရည်ရွယ်ချက်ကိုလည်း မသိပါဘူး။ ကျွန်တော်တို့ရဲ့အလုပ်က ခင်ဗျားနဲ့ ညှိနှိုင်းဖို့ပဲ ဖြစ်ပါတယ်"

"ဟက်... ရပါတယ်၊ ဘာပဲဖြစ်ဖြစ် အရေးမကြီးတော့ပါဘူး။ ဒီလိုဖြစ်သွားတော့လည်း ပိုပြီးစိတ်အေးရတာပေါ့"

ဝူချန်ချိုင်မှာ ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသကဲ့သို့ သက်ပြင်းအရှည်ကြီး ချလိုက်သည်။

သူသည် တစ်နာရီအတွင်းမှာပင် မည်သည့်ကန့်ကွက်မှုမျှ မရှိဘဲ စာချုပ်အားလုံးကို လက်မှတ်ထိုးလိုက်သည်။ သူ လုံးဝ လက်လျှော့လိုက်လေပြီ။

ညနေ ၅ နာရီတွင် ဝူချန်ချိုင်သည် ပေါ့ပါးသော ခြေလှမ်းများဖြင့် ရုံးခန်းထဲမှ ထွက်လာခဲ့သည်။

သူသည် သူ့ ဇနီးထံသို့ သူတို့နှစ်ဦးလုံး ကြိုက်တတ်သော ဟင်းလျာအချို့ ပြင်ဆင်ထားရန် ဖုန်းဆက်ပြောထားခဲ့သည်။

နောက်ဆုံးတွင် သူ တစ်သန်းသာ ရရှိတော့မည်ဖြစ်သော် လည်း သူ့မှာ အခြားသော ပိုင်ဆိုင်မှုအချို့ရှိသေးသည်။

သူ ယခု နေထိုင်သော အိမ်မှာ ယွမ် ၁၀ သန်းကျော်တန်ဖိုးရှိပြီး ကုမ္ပဏီအမည်နှင့် မဟုတ်ဘဲ သူ့ ဇနီးအမည်နှင့် ဝယ်ထားခြင်း ဖြစ်သဖြင့် သိမ်းဆည်းခံရမည် မဟုတ်ပေ။

သူ့ဇနီးမှာလည်း လွန်ခဲ့သော နှစ်များအတွင်းက လက်ဝတ်ရတနာများနှင့် ဇိမ်ခံနာရီအချို့ ဝယ်ထားခဲ့ရာ ယခုအခါ ၎င်းတို့ကို ပြန်ရောင်းရပေလိမ့်မည်။

သူတို့ ဇာတိမြေတွင်လည်း အိမ်ဟောင်းတစ်လုံးနှင့်မြေအနည်းငယ် ရှိသေးရာ ကျေးလက်သို့ပြန်ပြီး တည်းခိုခန်းလေးတစ်ခု ဖွင့်လိုက်လျှင်လည်း ကောင်းနိုင်ပေသည်။

ရှုပ်ထွေးလှသော မြို့ပြကြီး ရှန်ဟိုင်းမှ ထွက်ခွာလိုက်လျှင် အရာအားလုံး ပိုကောင်းလာနိုင်သည်ဟု ဝူချန်ချိုင်က မိမိကိုယ်ကို နှစ်သိမ့်ရင်း အိမ်သို့ပြန်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျိုးထျန်းသည်လည်း ဟွမ်ကျန့်ကော်ထံမှ ဝယ်ယူရေးအောင်မြင်သွားပြီဖြစ်ကြောင်း သတင်းရရှိခဲ့သည်။

‘ဟားဟားဟား..... ဒီလောက်အထိ ချောချောမွေ့မွေ့ ဖြစ်သွားလိမ့်မယ်လို့ မထင်ထားဘူး’

ကျိုးထျန်းမှာ အလွန်ပင် ပျော်ရွှင်သွားခဲ့သည်။ ဝူချန်ချိုင်က အနည်းငယ် ရုန်းကန်လိမ့်မည်ဟု သူ ထင်ထားသော်လည်း ထိုသို့ မဟုတ်ခဲ့ပေ။

‘ဒီ ဝူချန်ချိုင်ကတော့ တကယ့်ကို ပြတ်သားတဲ့သူပဲ။ အခြေ အနေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်တာကတော့ ထိပ်တန်းပဲ’

"ဝူချန်ချိုင် ကုမ္ပဏီကို ဒီလောက်အထိ ကြီးအောင် လုပ်နိုင်တာ မဆန်းပါဘူး။ သူက တကယ့်ကို ထူးချွန်တဲ့သူပဲ၊ သူ၏ စရိုက်နဲ့ ပါးနပ်မှုကိုတော့ ငါ ချီးကျူးရမယ်"

ကျိုးထျန်း မိမိကိုယ်ကို ပြန်မေးကြည့်ရာ အကယ်၍ သူသာ ထိုအခြေအနေတွင် ရှိနေလျှင် ဝူချန်ချိုင်ကဲ့သို့ ဆင်ခြင်တုံ တရားရှိရှိ ဆုံးဖြတ်နိုင်မည် မဟုတ်ပေ။

‘အကယ်၍ မင်းသာ ဝူခယ်ရုံရဲ့အဖေ မဟုတ်ရင် ငါ မင်းကို ကုမ္ပဏီမှာ ဆက်ထားမှာသေချာတယ်။ တကယ့် လူတော်တစ်ယောက်ပဲ!’

‘နှမြောစရာကောင်းတာက သူ့မှာ အဲဒီလို သားတစ်ယောက် ရှိနေတာပဲ။ သူ့အဖေနဲ့ နည်းနည်းလေးမှ မတူဘူး၊ သူ့သားအရင်းမှ ဟုတ်ရဲ့လား မသိဘူး’

ကျိုးထျန်းသည် သူ့ဖခင် ကျိုးကျန့်ခန်း အတွက်လည်း ဂုဏ်ယူမိသည်။

သူသည် ဝူခယ်ရုံကဲ့သို့ သူ့ဖခင်ကို ဒုက္ခမပေးသည့်အပြင် သူတို့အတွက် ပိုမိုကောင်းမွန်သော လူနေမှုဘဝကိုလည်း ဖန်တီးပေးနိုင်ခဲ့ပြီ ဖြစ်သည်။

"ကောင်းပြီ... ဒါက တကယ့်ကို ကောင်းတဲ့ သတင်းပဲ၊ ငါတို့ ဆင်နွှဲရမယ်!"

ဆင်နွှဲခြင်း ဆိုသည်မှာ စားသောက်ခြင်းနှင့် ဈေးဝယ်ထွက်ခြင်းသာ ရှိသည် မဟုတ်ပါလား။

သူဌေးတွေရဲ့ ဘဝက တကယ်ကို ပျင်းစရာ ကောင်းလှသည်။ ထိုအချိန်မှာပင် သူ၏ WeChat မှ မက်ဆေ့ခ်ျတစ်ခု ဝင်လာသည်။

‘ဟေး... အိပ်ချင်နေတုန်း ခေါင်းအုံး လာပေးတဲ့သူ ရှိသားပဲ’

All Chapters