← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

🍋 Chapter 65

သူ အောင်ပွဲခံရန် ပြင်ဆင်နေစဉ်မှာပင် အပေါင်ဆိုင်ပိုင်ရှင် လျူပေါင်ချင်းထံမှ WeChatမက်ဆေ့ခ်ျတစ်ခု ရောက်လာသည်။

"ညီလေး ကျိုးထျန်း..... မင်းရှာခိုင်းထားတာကို ငါ ရှာတွေ့ပြီဟေ့၊ ဈေးနှုန်းကလည်း အတော်ပဲ၊ အခြေအနေကလည်း ရှယ်ပဲ၊ အားတဲ့အခါ လာခဲ့ဦးနော်"

"ဟက်... ဒီလူက တော်တော်စွမ်းတာပဲ၊ စိတ်ဝင်စားဖို့ကောင်းတယ်၊ သွားကြည့်ရမှာပေါ့"

ကျိုးထျန်း ချက်ချင်းပြန်စာပို့လိုက်သည်။

"အခုပဲ လာခဲ့မယ်"

သူသည် အဝတ်အစားလဲပြီး ပေါင်ချင်းအပေါင်ဆိုင် ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။

သူသည် ယခင်က ရောက်ဖူးသဖြင့် လမ်းကို ကျွမ်းကျင်နေပြီ ဖြစ်သည်။ ဆိုင်အပေါက်ဝသို့ ရောက်ရန် ၁၀ မီတာခန့်အလိုတွင် ဟိုဟိုဒီဒီ ကြည့်နေသော လူပိန်လေးတစ်ယောက်ကို မြင်လိုက်ရသည်။

ကျိုးထျန်းကို မြင်သည်နှင့် လျူပေါင်ချင်း၏ မျက်နှာမှာ ရိုကျိုးသော အပြုံးများဖြင့် ပြည့်နှက်သွားသည်။ ကျိုးထျန်းကလည်း ထိုအမူအရာကို အလွန်သဘောကျမိသည်။

"သူဌေးကြီး..... ဒီရက်ပိုင်း စီးပွားရေး ဘယ်လိုလဲ"

"အို... မင်းမှ မရှိတာ၊ ငါ့စီးပွားရေးက ဘယ်လိုလုပ် ကောင်းပါ့မလဲ။ ညီလေး... အထဲကို မြန်မြန်ဝင်၊ ငါ မင်းအတွက် လက်ဖက်ရည်ကောင်းကောင်းလေး ဖျော်ပေးမယ်"

"လက်ဖက်ရည်ကောင်းတော့ မလိုပါဘူး၊ ရာသီဥတုက အရမ်းပူတယ်။ ဆိုဒါများ ရှိလား"

ဤမျှ ပူပြင်းသည့် ရာသီဥတုတွင် သူသည် လက်ဖက်ရည်ပူပူကို မသောက်နိုင်ပေ။

"ဟီးဟီး... ငါတို့ ဝါသနာတူတာပဲ။ ရေခဲသေတ္တာထဲမှာ ရှိတယ်၊ ငါ သွားယူပေးမယ်"

အေးစိမ့်နေသော ကိုလာကို တစ်ငုံချင်း သောက်ရင်း သူတို့နှစ်ဦး အလုပ်ကိစ္စကို စတင်ဆွေးနွေးကြသည်။

"ညီလေး... ငါ တော်တော်လေး ကြိုးစားလိုက်ရတာ။ ခြေတလုံးပိန်မတတ် သွားလာရတယ်၊ နှုတ်ခမ်းတွေလည်း မောလှပြီ။ ဒါပေမဲ့ နောက်ဆုံးတော့ ဒီနာရီအကြောင်းကို မင်းအတွက် စုံစမ်းပေးနိုင်ခဲ့တယ်"

ကျိုးထျန်းက ဘာမှပြန်မပြောပေ။ ဤလူမှာ တကယ့်ကို စကားများလွန်းလှသည်။

တစ်နေ့ကျလျှင် ဂျက်ဆီနှင့် ဤလူကို တွေ့ပေးကြည့်ရမည်၊ မည်သူက မည်သူ့ကို အရင် ရူးအောင်လုပ်မလဲ သိချင်မိသည်။

"ပြောရရင် ဒါက တကယ့်ကို ကံကောင်းတာပဲ။ ငါ တစ်နိုင်ငံလုံးအနှံ့ မင်းအတွက် ရှာပေးခဲ့တာ၊ တကယ်တော့ ဒီနာရီကို ရောင်းချင်တဲ့သူ တစ်ယောက်မှ မရှိဘူး"

"ဘာပဲဖြစ်ဖြစ် ခင်ဗျား သိတဲ့အတိုင်းပဲ၊ ဒါမျိုး ဝယ်တဲ့သူတွေက အနုပညာပစ္စည်း စုဆောင်းသူတွေလေ။ ဒီနာရီက ထွက်တာ သုံးနှစ်တောင် မပြည့်သေးဘူးဆိုတော့ ငွေအရမ်းလိုနေတဲ့သူ မဟုတ်ရင် ဘယ်သူမှ မရောင်းချင်ကြဘူး"

"ဒါကြောင့် အရင်က မင်းကို ငါ အာမမခံရဲခဲ့တာ။ ငါ့အရည် အချင်း မရှိလို့ မဟုတ်ဘူး၊ ဒီနာရီက ရှာရ တကယ့်ကို ခက်လွန်းလို့"

ကျိုးထျန်းက လက်ကာပြလိုက်သည်။

"ကဲ... တော်ပြီ၊ လိုရင်းကိုပဲ ပြောတော့။ ညည်းမနေနဲ့တော့"

"ဟီးဟီး... လိုရင်းကို ပြောတော့မှာပါ”

လျူပေါင်ချင်းက သူ၏ ပါးသိုင်းမွှေး ကျဲကျဲလေးကို အကျင့်ပါအတိုင်း ပွတ်သပ်လိုက်သည်။

"ခုနကပဲ စုဆောင်းသူတစ်ယောက်က ရုတ်တရက်ကြီး ရောင်းမယ်ဆိုပြီး ကမ်းလှမ်းလာတယ်၊ သူက တော်တော်လေး အလျင်လိုနေပုံပဲ။ ငါတို့ တကယ့်ကို ကံထူးတာပဲ!"

သူသည် ဖုန်းကို ထုတ်ပြီး ကျိုးထျန်းကို ဓာတ်ပုံများ ပြလိုက်သည်။

"ကြည့်စမ်း... ဒါ မင်းလိုချင်တဲ့ ဟာ ဟုတ်ရဲ့လား"

ကျိုးထျန်းက ဖုန်းကို ယူကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်... ဒါပဲ။ အခြေအနေကရော ဘယ်လိုလဲ။ အစစ်ဟုတ်မဟုတ် စိုးရိမ်စရာ ရှိလား"

"ဟေး... ဘာတွေ ပြောတာလဲ။ ဒါကြောင့် ငါက မင်း တကယ့်ကို တန်သွားပြီလို့ ပြောတာပေါ့။ ဒီနာရီက အသစ်အတိုင်းပဲ၊ တစ်ခါမှ မပတ်ရသေးဘူး၊ ဘူးတောင် မဖွင့်ရသေးဘူး။ အာမခံ လက်မှတ်တွေ အကုန်လုံးလည်း ပါတယ်၊ ၁၀၀ ရာခိုင်နှုန်း အသစ်စက်စက်ပဲ။ ပိုင်ရှင်က ဒါကို အနုပညာပစ္စည်းလို သိမ်းထားတာ"

"နောက်ပြီး အရေးကြီးဆုံးက ဈေးနှုန်းပဲ။ ဒီနာရီက မူရင်းဈေး ၂.၇ သန်း ရှိတယ်။ တစ်ပတ်ရစ်တွေ ရှိရင်တောင် ငါ အရင်က ပြောဖူးသလို ၄ ဆလောက် ပေးရမှာ။ ဒါပေမဲ့ ဒီလူက ၃ သန်းခွဲပဲ တောင်းတယ်။ ငါတို့ တကယ့်ကို ကံထူးတာ မဟုတ်ဘူးလား"

ဒါကို ကြားလိုက်ရသောအခါ ကျိုးထျန်းမှာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

သူ တကယ်ပဲ ဒီလောက်အထိ ကံကောင်းနေတာလား။ ပစ္စည်းကောင်းကို ဈေးပေါပေါနှင့် ရနိုင်သည်ဟု ကြားဖူးသော်လည်း ဤမျှအထိ လွယ်ကူလိမ့်မည်လား။

သို့သော် သူ ပြန်စဉ်းစားကြည့်လိုက်မိသည်။

သူ၏ 720S ကားနှင့် လျိုမုယန်၏ နာရီ တို့မှာလည်း တကယ်တော့ ဈေးပေါပေါနှင့် ရခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဤသည်မှာ သူ ကံကောင်းခြင်း ပထမဆုံးအကြိမ် မဟုတ်ပေ။

"ကောင်းပြီ... ဒါဆိုရင်တော့ အတော်ပဲ။ အကယ်၍ ဒါက တကယ်သာဆိုရင် အရမ်းကောင်းတာပေါ့။ မင်းအနေနဲ့ ပစ္စည်း အစစ်ဖြစ်ဖို့တော့ သေချာအောင် လုပ်ပေးရမယ်"

"ဒါကိုတော့ စိတ်ချပါ။ ငါ့ဆိုင်ရဲ့ နာမည်နဲ့ အာမခံတယ်။ ၁ ရာခိုင်နှုန်း ကော်မရှင်လေးအတွက်နဲ့ ဆယ်စုနှစ်တစ်ခုစာ တည်ဆောက်ထားတဲ့ ငါ့ရဲ့ ဂုဏ်သတင်းကို အဖျက်ဆီးမခံနိုင်ပါဘူး"

"ကောင်းပြီ... ငါ မင်းကို ယုံပါတယ်။ ပစ္စည်းရဖို့ ဘယ် လောက်ကြာမလဲ"

"ငွေရောက်တာနဲ့ မနက်ဖြန် ရနိုင်တယ်။ တစ်ဖက်လူက တော်တော်လေး ပြတ်သားတယ်၊ သူ တကယ်ပဲ ဒုက္ခရောက်နေပြီး ငွေအရေးတကြီးလိုနေတာ သိသာတယ်"

ကျိုးထျန်းသည် သူ့ ပြောစကားကို ယုံကြည်စိတ်ချထိုက်သည်ဟု ယူဆလိုက်သည်။

Limited Edition နာရီများမှာ အတုလုပ်ရန် ခက်ခဲလှသည်။

တစ်လုံးချင်းစီတွင် စီရီယယ်နံပါတ်ပါရှိပြီး အရေအတွက် ကန့်သတ်ထားသဖြင့် ခြေရာခံရန်လွယ်ကူသည်။

"ကောင်းပြီ... ငါ အခုပဲ ငွေလွှဲလိုက်မယ်၊ မနက်ဖြန် မနက်ကျရင် လာယူမယ်"

"ပြဿနာမရှိပါဘူး... ငါ မင်းအတွက် သေချာပေါက် ဆောင်ရွက်ပေးထားမယ်"

ကျိုးထျန်းသည် မိုဘိုင်းဘဏ်စနစ်ဖြင့် ငွေကို တိုက်ရိုက် လွှဲပေးလိုက်ရာ ခဏချင်းအတွင်းမှာပင် ၃.၅ သန်း ကုန်သွားခဲ့သည်။

ငွေကို ရေသလို သုံးသည်ဆိုသည်မှာ မည်သို့ရှိကြောင်း သူ ယခုမှ ကောင်းကောင်း နားလည်တော့သည်။

ကံကောင်းထောက်မစွာဖြင့် ထိုနေ့မနက်က သူ ယွမ် ၁၂ သန်းကျော် ရရှိခဲ့သဖြင့်သာ မဟုတ်လျှင် ယခု ဤငွေကို ထုတ်ပေးနိုင်မည် မဟုတ်ပေ။

ငွေသုံးပြီးနောက်တွင် လူတိုင်းဟာတာတာ ခံစားရလေ့ရှိသကဲ့သို့ ကျိုးထျန်းလည်း အလားတူ ခံစားလိုက်ရသည်။

သို့သော် ခဏအကြာတွင် သူ ပြန်လည် တည်ငြိမ်သွားခဲ့သည်၊ အကြောင်းမှာ သူ ဆောင်ရွက်စရာ အရေးကြီးသော ကိစ္စများ ရှိနေသေးသောကြောင့်ဖြစ်သည်။

အိမ်ပြန်ရောက်သည်နှင့် သူ ဂျက်ဆီကို ချက်ချင်းဆက်သွယ်လိုက်သည်။

ယနေ့မွန်းလွဲပိုင်းက ယင်းချိုင် ကုမ္ပဏီကို ဝယ်ယူနိုင်ခဲ့ခြင်းမှာ သူ့ ရည်မှန်းချက် အောင်မြင်ရန်သာမက၊ ဒေါ်လာ သန်း ၁၀၀ ပေးချင်နေသော လျှို့ဝှက်ချက်သည်ကို စမ်းသပ်ရန်လည်း ဖြစ်သည်။

အကယ်၍ ဝယ်ယူစဉ်အတွင်း အခြားကုမ္ပဏီများ သို့မဟုတ် ပြိုင်ဘက်ကြီးများထံမှ အနှောင့်အယှက် ကြုံခဲ့ရလျှင် သူ၏ ထင်မြင်ချက် မှားယွင်းနိုင်ပေသည်။

သို့သော် ဝယ်ယူမှုမှာ အလွန်ချောမွေ့ခဲ့သည်။

ဆိုလိုသည်မှာ သူ၏ အတွေးမှာ မှန်ကန်နေခြင်းဖြစ်ပြီး ၉၀ ရာခိုင်နှုန်းခန့် သေချာနေပြီ ဖြစ်သည်။

ဂျက်ဆီ သိမ်းဆည်းထားသော Backup ကို ပြန်ဖွင့်ပေးရန် ငွေပေးချင်သော်လည်း ယင်းချိုင် နည်းပညာကိုမူ ကယ်တင်ရန် စိတ်မဝင်စားသည့် တစ်ဦးတည်းသော ကုမ္ပဏီမှာ.....

အလီဘာဘာပင် ဖြစ်သည်။

ကျိုးထျန်း၏ အတွေးမှာ ရိုးရှင်းသည်။ မဖြစ်နိုင်သောအရာများကို ဖယ်ထုတ်လိုက်လျှင် ဖြစ်နိုင်ခြေအရှိဆုံး အကျိုး ခံစားခွင့်ရှိသူမှာ အလီဘာဘာသာ ရှိတော့သည်။

သူတို့သာလျှင် Backup ကို ဂရုစိုက်ကြပြီး ယင်းချိုင် ကုမ္ပဏီ သေလား ရှင်လား ဆိုသည်ကို စိတ်မဝင်စားကြပေ။

ကျိုးထျန်းသည် သူတို့ ထိုသို့ လုပ်ရသည့် အကြောင်းရင်းကိုလည်း တွေးမိသည်..... ၎င်းမှာ စတော့ဈေးနှုန်းဖြစ်သည်။

ဟုတ်ပေသည်၊ စတော့ဈေးနှုန်းပင်။

အလီကလောက်အား ဂျက်ဆီ ဟက်ခဲ့သည်မှာ လေးရက်ခန့် ရှိပြီ ဖြစ်သည်။

အလီဘာဘာ အဖွဲ့တစ်ခုလုံးမှာ ထိတ်လန့်နေကြပြီး နည်းလမ်းအမျိုးမျိုးဖြင့် ဖြေရှင်းရန် ကြိုးစားနေကြသည်၊ ဟက်ကာများစွာကို ငှားရမ်းပြီး ပြန်လည်တိုက်ခိုက်ခိုင်းသော် လည်း ဂျက်ဆီ၏နည်းပညာမှာ အလွန်မြင့်မားလွန်းလှသဖြင့် ခဏချင်းအတွင်း ဖြေရှင်းရန် မလွယ်ကူပေ။

ကျိုးထျန်းသည်လည်း အလီဘာဘာ၏အင်အားကို သိထားသဖြင့် သူ့ မူလအစီအစဉ်မှာ တစ်ပတ်သာ။

ထိုထက် ပိုကြာလျှင် ဂျက်ဆီပင် တောင့်ခံနိုင်မည် မဟုတ်ပေ။

သူ အလီဘာဘာ၏စတော့ကို စစ်ဆေးကြည့်လိုက်သည်။ Backup များ မတိုက်ခိုက်ခံရမီက အလီ၏ စတော့ဈေးမှာ ဒေါ်လာ ၂၉၉ ရှိသည်။

ရှယ်ယာပေါင်း ၂.၇ ဘီလျံခန့် ရှိရာ စုစုပေါင်း ဈေးကွက်တန်ဖိုးမှာ ဒေါ်လာ ၈၀၀ ဘီလျံကျော် ရှိသည်။

ယခု လေးရက်အတွင်းမှာပင် အလီ၏ စတော့ဈေးမှာ ၁၃ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့သည်။

ဆိုလိုသည်မှာ အလီဘာဘာ၏ Cloud Backup တိုက်ခိုက်ခံရခြင်းကြောင့် ဈေးကွက်မှာ သူတို့၏ နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို သံသယဝင်လာကြပြီး ရင်းနှီးမြှုပ်နှံသူများက ၎င်းတို့၏ရှယ်ယာများကို ပြန်လည် ရောင်းချလာကြခြင်း ဖြစ်သည်။

လေးရက်အတွင်းမှာပင် အလီဘာဘာသည် ဈေးကွက်တန်ဖိုး ဒေါ်လာ ဘီလျံ ၁၀၀ ကျော် ဆုံးရှုံးခဲ့ရသည်။

နောက်ထပ် ရက်အနည်းငယ်သာ ထပ်ကြာလျှင် သူတို့၏ Boss ဖြစ်သူ ဂျက်မားသည် ကျိုးထျန်းကြောင့် တရုတ်နိုင်ငံ၏အချမ်းသာဆုံးပုဂ္ဂိုလ် နေရာမှ ဆင်းပေးရတော့မည် ဖြစ်သည်။

ထို့ကြောင့် သူတို့ မည်သို့မှ မနေနိုင်တော့ပေ။ ထိုသို့ ဆုံးရှုံးမှုနှင့် ယှဉ်လျှင် ဒေါ်လာ သန်း ၁၀၀ ရန်ပုံငွေဆိုသည်မှာ ဘာမှ မဟုတ်ပေ။

အမြန်ဆုံး ဖြေရှင်းနိုင်မှသာ ဆုံးရှုံးမှုများကို ရပ်တန့်နိုင်မည်ဖြစ်ပြီး သူတို့၏ စွမ်းဆောင်ရည်ဖြင့် အမြန်ဆုံးပြန်လည်နာလန်ထူနိုင်မည် ဖြစ်သည်။

ထို့ကြောင့် သူတို့၏စည်းကမ်းချက်များတွင် ဂျက်ဆီအနေ ဖြင့် ဤအရောင်းအဝယ်အကြောင်းကို နှုတ်ပိတ်နေရန်နှင့် အင်တာနက်ပေါ်တွင် ထပ်မပေါ်လာရန် အတိအလင်း တောင်းဆိုထားခြင်း ဖြစ်သည်။

သူတို့၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်။ ဂျက်ဆီက Backup ကို ပြန်ဖွင့်ပေးသည်နှင့် တစ်ပြိုင်နက် သူတို့သည် ဟက်ကာများကို အောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ကြောင်းနှင့် အလီဘာဘာသည် ကမ္ဘာပေါ်တွင် အလုံခြုံဆုံးကုမ္ပဏီဖြစ်ကြောင်း ချက်ချင်း ကြေညာကြပေလိမ့်မည်။

ကျိုးထျန်း ခန့်မှန်းမိသည်မှာ သူတို့သည် ကြေညာချက်များကိုပင် အသင့်ပြင်ထားပြီး ဂျက်ဆီ၏ သဘောတူညီမှုကိုသာ စောင့်နေကြခြင်း ဖြစ်ပေမည်။

‘ဒီ ဒေါ်လာ သန်း ၁၀၀ ကို တစ်ယောက်ယောက်က ပေးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ ဒါပေမဲ့ မင်းတို့က ပေးချင်နေမှတော့ ငါလည်း အားနာမနေတော့ဘူး!’

ဂျက်ဆီနှင့် ဆက်သွယ်ပြီးနောက် ကျိုးထျန်းက အမိန့်သစ်တစ်ခု ပေးလိုက်သည်။

"ဂျက်ဆီ... အဲဒီ လျှို့ဝှက်လူကို ဆက်သွယ်လိုက်။ ဒေါ်လာ သန်း ၁၀၀ ကို လက်ခံမယ်လို့ ပြောလိုက်။ ငွေရောက်တာနဲ့ အကောင့်ကို ပြန်ဖွင့်ပေးမယ်လို့ ပြောလိုက်"

"ဟုတ်ကဲ့ Boss... ဒီငွေကို တရုတ်ကို လွှဲပေးရမလား"

"လောလောဆယ်တော့ မလွှဲနဲ့ဦး ဒီငွေအတွက် ငါ့မှာ တခြား အစီအစဉ် ရှိသေးတယ်"

အလီဘာဘာက ဤမျှအထိ ရက်ရောနေမှတော့ ကျိုးထျန်းလည်း အားနာမနေတော့ပေ။

သို့သော် သန်း ၁၀၀ ဆိုသည်မှာ နည်းလွန်းသည် မဟုတ်ပေ။

🍋 Chapter 66

ကျိုးထျန်းသည် ငွေရေးကြေးရေး ကျွမ်းကျင်သူတစ်ယောက် မဟုတ်သော်လည်း လူ့သဘောသဘာဝကိုမူ ကောင်းစွာ နားလည်ထားသည်။

အလီဘာဘာသည် ၎င်းတို့၏စတော့ဈေးနှုန်း ပြန်တက်လာစေရန်အတွက် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားကြမည်မှာ သေချာသည်။

သူတို့သည် သတင်းကောင်းများစွာကိုလည်း အသင့်ပြင်ထားကြပေလိမ့်မည်။ Cloud Backup ပြဿနာ ပြေလည်သွားသည်နှင့် တစ်ပြိုင်နက် သူတို့ ချက်ချင်း လှုပ်ရှားကြတော့မည် ဖြစ်သည်။

ထို့ကြောင့် မဝေးတော့သော အနာဂတ်တွင် အလီ၏ စတော့ဈေးနှုန်းမှာ သေချာပေါက် အရှိန်အဟုန်ဖြင့် ပြန်တက်လာပေလိမ့်မည်။

အစကတည်းက ကျိုးထျန်းသည် အမေရိကန် စတော့ဈေးကွက်ထဲသို့ ဝင်ရန် လုံးဝ စဉ်းစားမထားခဲ့ပေ။

သူ၏ ရည်မှန်းချက်မှာ ယင်းချိုင် နည်းပညာ သာ ဖြစ်သည်။ သို့သော် ယခုအခါ တစ်ယောက်ယောက်က သူ့ကို ရန်ပုံငွေနှင့် အခွင့်အရေးကိုလာပေးနေခြင်း ဖြစ်သည်။

ဤကဲ့သို့သော အခွင့်အရေးမျိုးကို မဆုပ်ကိုင်နိုင်လျှင် အရှက်ရစရာပင်။ သူ မည်သို့ လက်လွတ်ခံနိုင်မည်နည်း။

အလီဘာဘာက သူ့ကိုပေးသည့် ဒေါ်လာ သန်း ၁၀၀ ကို အသုံးပြုပြီး သူတို့၏ စတော့ရှယ်ယာများကို ပြန်ဝယ်ခြင်းမှာ တကယ့်ကို ထူးခြားသော အကြံအစည် မဟုတ်ပါလား။

ထိုသို့ မလုပ်လျှင် ငတုံးသာ ဖြစ်ပေလိမ့်မည်။

ထို့အပြင် ကျိုးထျန်း ခန့်မှန်းထားသည်မှာ အလီ၏ စတော့ဈေးမှာ မူလအခြေအနေသို့ ချက်ချင်း ပြန်မရောက်နိုင်သေးသော်လည်း အလွန်အမင်း ကွာခြားမည် မဟုတ်ပေ။

ထို့ကြောင့် သူလုပ်မည်ဆိုလျှင် အကြီးအကျယ် လုပ်ရန် ဆုံးဖြတ်လိုက်သည်။

ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံပြီး ၁၀ ရာခိုင်နှုန်း မြတ်လျှင် ဒေါ်လာ ၁၀ သန်း ရမည် ဖြစ်သည်။

သာမန်လူများအတွက်မူ ၎င်းမှာ များပြားလှသော်လည်း ကျိုးထျန်းအတွက်မူ မလုံလောက်သေးပေ။

အလီ၏ စတော့ရှယ်ယာများ ထိုးတက်တော့မည်ကို သိနေသဖြင့် ကျိုးထျန်းသည် လီဗာရေ့ခ်ျအသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

သူသည် ဂျက်ဆီကို Shell Company တစ်ခု ဝယ်ခိုင်းပြီး ၁၀ ဆလီဗာရေ့ခ်ျ ဝယ်ယူရန် ခိုင်းလိုက်သည်။

ဆိုလိုသည်မှာ အလီ၏စတော့ဈေး ၁၀ ရာခိုင်နှုန်း တက်လာလျှင် ၁၀ ဆ လီဗာရေ့ခ်ျကြောင့် ကျိုးထျန်း၏အမြတ်မှာ ၁၀၀ ရာခိုင်နှုန်းအထိ ရှိလာမည် ဖြစ်သည်။

အမြတ်၏ ၇ ရာခိုင်နှုန်းကို ဝန်ဆောင်ခအဖြစ် ပေးရမည်ဖြစ်သော်လည်း သူသည် ငွေအမြောက်အမြားရရှိဦးမည်သာ။

သို့သော် စွန့်စားရမှုမှာလည်း အလွန်ကြီးမားလှသည်။

အကယ်၍ အလီ၏ စတော့ဈေးမှာ ၁၀ ရာခိုင်နှုန်းကျော် ထပ်မံကျဆင်းသွားလျှင် ကျိုးထျန်းသည် ငွေထပ်မထည့်နိုင်ပါက ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးသွားပေလိမ့်မည်။

သို့သော် ထိုမျှအထိ စွန့်စားရမည်ကို သိနေသော်လည်း သူ ဘာဖိအားမှ မခံစားရပေ။

ဤငွေမှာ သူ၏ မူလအစီအစဉ်ထဲတွင် မပါဝင်သဖြင့် အား လုံးဆုံးရှုံးသွားလျှင်ပင် သူ့ အခြေခံကို ထိခိုက်မည် မဟုတ်ပေ။

လူငယ်တစ်ယောက်အနေဖြင့် ရောင့်ရဲမနေသင့်ပါဘူး။ ကျိုးထျန်းသည် ဤသန်း ၁၀၀ နှင့်တင် ရပ်တန့်မည့်သူ မဟုတ်ပေ။

သူသည် အလီဘာဘာကို နည်းမျိုးစုံဖြင့် အမြတ်ထုတ်နေခြင်းဖြစ်သည်။

သူ မလှုပ်ရှားမီကပင် အလီ၏စတော့ဈေး ကျဆင်းမည်ကို သူ ကြိုသိခဲ့သည်။ သို့သော် ထိုအချိန်က သူ မဝယ်ဝံ့ခဲ့ပေ။

ပထမအချက်မှာ အမေရိကန် စတော့ဈေးကွက်နှင့် ပတ် သက်ပြီး အတွေ့အကြုံမရှိခြင်းနှင့် ဒုတိယအချက်မှာ လက်ထဲတွင် ငွေမရှိခြင်းကြောင့် ဖြစ်သည်။

ယခုအခါတွင်မူ ငွေရော၊ အချိန်အခါရော အားလုံးမှာ သူ စတော့ဈေးကွက်ထဲ ဝင်ရန် အသင့်ဖြစ်နေသကဲ့သို့ပင်။

"ဖေဖေမား... ဖေဖေမား၊ ခင်ဗျားက ကျွန်တော့်အပေါ် တော် တော်ကောင်းတာပဲ။ နောင်ကျရင် ကျွန်တော် Taobao ကို ပိုပြီး သုံးပါ့မယ်"

(TN - Taobao က တရုတ်က နာမည်ကြီး အွန်လိုင်းဈေးဝယ်ဈေးရောင်းတဲ့အက်ပလီကေးရှင်းတစ်မျိုးပါ)

ကျိုးထျန်းသည် အားလုံးကို စီစဉ်ပြီး ဂျက်ဆီကို တာဝန်ပေးလိုက်သည်။ ငွေရှိနေသရွေ့ အမေရိကန်စတော့ဈေးကွက်ထဲ ဝင်ရန်မှာ မခက်ခဲပေ၊ စိုးရိမ်စရာ ဘာမှမရှိပေ။

ထို့အပြင် အလီဘာဘာက ဒေါ်လာဖြင့် ပေးချေမည် ဖြစ်ရာ ငွေလွှဲပြောင်းမှု လုပ်ငန်းစဉ်များအတွက်လည်း အလုပ်ရှုပ်စရာ မလိုတော့ပေ။

အားလုံးကို စီစဉ်ပြီးနောက် ကျိုးထျန်းသည် အိပ်ရာပေါ်တွင် စိတ်လှုပ်ရှားစွာ လှဲလျောင်းနေမိပြီး အိပ်မပျော်နိုင် ဖြစ်နေခဲ့သည်။

‘လုပ်ငန်းရှင်ကြီးတွေက တကယ်ပဲ အိပ်ချိန်နည်းကြတာပဲ။ ငါသာ နေ့တိုင်း ဒီလောက် ငွေရနေရင် ငါလည်း အိပ်ပျော်မှာ မဟုတ်ဘူး’

နောက်တစ်နေ့ မနက်တွင် သူသည် မနက် ၇ နာရီမတိုင်မီမှာပင် နိုးလာခဲ့ပြီး ပုံမှန်ထက် ပိုလန်းဆန်းနေမိသည်။

၎င်းမှာ ငွေ၏ မှော်စွမ်းအားပင် ဖြစ်ပေလိမ့်မည်။ အချိန်စောနေသေးသဖြင့် သူသည် အောက်ထပ်သို့ ဆင်းပြီး မိဘများနှင့်အတူစားရန် မနက်စာ သွားဝယ်လိုက်သည်။

သူ အိမ်ပြန်ရောက်သောအခါ ဖခင်ဖြစ်သူမှာ သွားတိုက်ပြီးကာစဖြစ်ပြီး ဖုန်းထဲတွင် ဗီဒီယိုတိုလေးများ ကြည့်နေသည်။

"အဖေ... ဖုန်းကြည့်မနေနဲ့တော့၊ အဲဒါက အဖေ့ရဲ့ လေ့လာမှုတွေကို အနှောင့်အယှက် ဖြစ်စေတယ်!"

ကျိုးထျန်း သူ့ဖခင် ယခင်က သူ့ကို ပြောလေ့ရှိသည့် လေသံအတိုင်း ပြန်ပြီးနောက်ပြောင်လိုက်သည်။

ယခင်က ဤစကားကို အကြိမ်ပေါင်းများစွာ ကြားခဲ့ဖူးသည်။

"သွားစမ်းပါကွာ... ဒီကောင်လေးကတော့ ငါ့ကို ပြန်ပြီး ဆရာလုပ်နေပြီ"

ကျိုးကျန့်ခန်းက သားဖြစ်သူ နောက်နေမှန်း သိသဖြင့် ဖုန်းကြည့်ရာမှ ခေါင်းပင် မဖော်ပေ။

"အဖေ... ကျွန်တော် အတည်ပြောနေတာ၊ Filter တွေ အရမ်းသုံးထားတဲ့ မိန်းကလေးတွေကို ကြည့်မနေနဲ့တော့၊ အားလုံးက အတုတွေချည်းပဲ၊ အပြင်မှာ သူတို့ ဘယ်လိုပုံစံလဲ ဘယ်သူသိမှာလဲ"

"ငါက အပျော်ကြည့်နေတာပါ၊ လူချင်းတွေ့နေတာမှ မဟုတ်တာ... ဘာကြောက်စရာ ရှိလို့လဲ"

"ဦးကျိုး..... အရမ်း ဇွတ်မတက်ပါနဲ့ အဖေ မိန်းကလေးတွေ ကနေတဲ့ ဗီဒီယိုတွေ တစ်ချိန်လုံး ကြည့်နေတာကို အမေ သိသွားရင် ဘာဖြစ်မလဲ သိတယ်မဟုတ်လား"

ကျိုးကျန့်ခန်း လက်များ ချက်ချင်းတုန်သွားခဲ့သည်။ ထို့ နောက် တည်ငြိမ်သယောင်ဖြင့် ပြောလိုက်သည်။

"မနေ့က မင်း နာရီအသစ်တစ်လုံး ပတ်ထားတာ ငါတွေ့တယ်။ အဲဒီနာရီက ဈေးမနည်းဘူး မဟုတ်လား။

မင်း ဒီလိုငွေတွေ သုံးနေတာကို အမေ သိသွားရင်တော့ မင်းဆီကငွေတွေ အကုန်သိမ်းပြီး သူ့ထိန်းချုပ်မှုအောက် ထားတော့မှာ သေချာတယ်"

သူ့ဖခင်က ချက်ချင်းတန်ပြန်တိုက်စစ် ဆင်လိုက်သဖြင့် ကျိုးထျန်းမှာ အံ့အားသင့်သွားရသည်။

"ဒါဆိုရင်..... ကျွန်တော်တို့ တစ်ယောက်အကြောင်း တစ်ယောက် မသိသလိုပဲ နေကြမလား"

"သဘောတူတယ်!"

ဖခင်နှင့် သားမှာ မိခင်ဖြစ်သူ၏ဖိအားအောက်တွင် သဘော တူညီမှု ရရှိသွားကြပြီး စိတ်လက်ပေါ့ပါး သွားကြသည်။

"ဒါပေမဲ့ သား..... အမှန်အတိုင်း ပြောစမ်းပါ၊ အဲဒီနာရီက ဘယ်လောက်တန်လဲ"

ကျိုးကျန့်ခန်းက သူ၏ ဘယ်ဘက်လက်ကောက်ဝတ်ကို ကိုင်ရင်း မေးလိုက်သည်။

သူ့ လက်ကောက်ဝတ်တွင် ဘာမှမရှိပေ။ ၎င်းမှာ အရိပ် အမြွက်ပြောနေခြင်း မဟုတ်ဘဲ တိုက်ရိုက် ပြောနေခြင်းပင် ဖြစ်သည်။

ကျိုးထျန်း သူ့ကို အထင်သေးသလို ကြည့်လိုက်သည်။

"အဖေက ကျွန်တော့်ကို ဂရုစိုက်သလိုလိုနဲ့ ပြောနေတာပဲ"

"အဖေ... အဖေ ဘယ်လိုနာရီမျိုး ကြိုက်လဲ၊ ကျွန်တော် ဝယ်ပေးမယ်"

အဖေ့အတွက် နာရီဝယ်ပေးရသည်မှာ ကိစ္စမရှိသော်လည်း အဖေက ဆိုရှယ်မီဒီယာပေါ် တင်မည်မဟုတ်သဖြင့် အချဉ်ဓာတ် ရဖို့ကတော့ မလွယ်ကူပေ။

"အမှန်တော့ မင်းရဲ့ နာရီအသစ်က တော်တော်လေး ကောင်းတယ်လို့ ငါ ထင်တယ်"

ကျိုးကျန့်ခန်း ရိုးသားစွာ ပြောလိုက်သည်။

"မရဘူး... ဒါက ကျွန်တော့်မှာ တစ်လုံးတည်း ရှိတာ၊ ဝယ်ချင်ရင်တောင် ဝယ်လို့ မရဘူး"

"ဪ... ဒါဆိုရင် Vacheron Constantin ဆိုရင်ရော ဘယ် လိုလဲ။ ငါက Brand တွေကို ဂရုမစိုက်ပါဘူး"

ကျိုးထျန်းမှာ မယုံနိုင်သဖြင့် ပါးစပ်ပင် ဟသွားရသည်။ Vacheron Constantin လား..... ဒါကို Brand ဂရုမစိုက်ဘူးလို့ ခေါ်တာလား။

အကယ်၍ Brand ဂရုမစိုက်ဘူးဆိုလျှင် ကလေးတွေပတ်တဲ့ စမတ်နာရီပဲ ဝယ်လိုက်ပါတော့လား။

သူ့ဖခင်၏ အမူအရာကို မကျေနပ်သော်လည်း သူ ဝယ်ပေးရဦးမည် ဖြစ်သည်။

"Vacheron Constantin ပဲ ထားပါတော့။ အဖေ ကိုယ်တိုင် မော်ဒယ်ရွေးလိုက်၊ ကျွန်တော် စစ်ပေးမယ်"

ဒါကို ကြားလိုက်ရသောအခါ ကျိုးကျန့်ခန်း ချက်ချင်းပင် ဓာတ်ပုံတစ်ပုံ ပို့လာသည်။

"ဒါလေး... ငါ ဒါကို သဘောကျတယ်"

ဒါက ကြိုတင်ပြင်ဆင်ထားတာ သိသာလွန်းလှသည်။ ကျိုးထျန်းက မနေ့က သူရရှိခဲ့သော အချဉ်ဓာတ် အချက်အလက်များကို ချက်ချင်းစစ်ဆေးကြည့်လိုက်သည်။

ထင်သည့်အတိုင်းပင် သူ့ဖခင်ဆီမှ အချက်အလက်များကို တွေ့လိုက်ရသည်။

"ကျိုးကျန့်ခန်းထံမှ အချဉ်ဓာတ် +၇၉!"

"ကျိုးကျန့်ခန်းထံမှ အချဉ်ဓာတ် +၃၇!"

"ကျိုးကျန့်ခန်းထံမှ အချဉ်ဓာတ် +၁၅!"

"ကျိုးကျန့်ခန်းထံမှ အချဉ်ဓာတ် +၉၉!"

"ကျိုးကျန့်ခန်းထံမှ အချဉ်ဓာတ် +၈၉!"

.....

ဤကဲ့သို့ တက်လိုက်ကျလိုက် ဖြစ်နေသော အချဉ်ဓာတ် ပမာဏကို ကြည့်ပြီး သူ့ဖခင် အခြေအနေကို ကျိုးထျန်း ခန့်မှန်းမိသွားသည်။

သူ့ နာရီကို စမြင်ရချိန်တွင် အချဉ်ဓာတ် အမြင့်ဆုံး ရရှိခဲ့ပြီးနောက် တဖြည်းဖြည်း လျော့ကျသွားကာ၊ အချဉ်ဓာတ် ရုတ်တရက် ပြန်တက်လာခြင်းမှာ သူ၏ဖခင်သည် Rainbow Daytona နာရီ၏ ဈေးနှုန်းကို ရှာကြည့်လိုက်သောကြောင့် ဖြစ်ပေလိမ့်မည်။

ကျိုးထျန်း သက်ပြင်းချလိုက်မိသည်။ သူ့ဖခင်မှာ သူ့ကို လိမ်ယူရန် တော်တော်လေး ကြိုးစားနေရရှာသည်။

သူ့ဖခင် ပို့လာသော ပုံကိုလည်း သူ စစ်ဆေးကြည့်လိုက်သည်။ ၎င်းမှာ အခြေခံအဆင့် Heritage Series ဖြစ်ပြီး နှင်းဆီရွှေရောင် မျက်နှာပြင်နှင့် သားရေကြိုး နာရီ ဖြစ်သည်။

၎င်းမှာ Brand ကြောင့် ယွမ် ၁၅၀,၀၀၀ ကျော် ပေးရမည်ဖြစ်ရာ ဈေးမနည်းပေ။

ထိုနာရီ၏ ပုံစံမှာ ကျိုးထျန်းအကြိုက်နှင့် မကိုက်ညီဘဲ သာမန်ကာလျှံကာ ပုံစံမျိုးဖြစ်နေသည်။

သူ ခဏမျှ စဉ်းစားလိုက်သည်။

‘အဖေက ဒီ Brand ကိုတော့ လိုချင်တယ်၊ ဒါပေမဲ့ ငါ ငွေတွေ အများကြီး သုံးရမှာကိုတော့ နှမြောနေပုံပဲ’

‘ဒါပေမဲ့ ငါ့မှာ ငွေရှာနိုင်တဲ့ တခြားနည်းလမ်းတွေ ရှိနေပြီဆိုတာကို သူ ခန့်မှန်းမိပုံရတယ်၊ မဟုတ်ရင် သူ တောင်းမှာ မဟုတ်ဘူး’

‘ဒါကြောင့် ဒါက တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ။ သူ နာရီလည်း ရမယ်၊ နောက်ပြီး ငါ့ရဲ့ လက်ရှိ ငွေရှာနိုင်စွမ်းကိုလည်း အမူအရာကနေတစ်ဆင့် သိနိုင်လိမ့်မယ်’

သူ့အဖေ အကြောင်းကို သူ သိသည်။ နေ့တိုင်း G-Wagon ကားကြီးကို မောင်းနေသော သူတစ်ယောက်သည် ဤကဲ့သို့ ရိုးရှင်းလွန်းသော နာရီမျိုးကို သဘောကျမည် မဟုတ်ပေ။

"အဖေက ကျွန်တော့်ကို စမ်းသပ်နေမှတော့ သားတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော် ပြရမှာပေါ့"

"အဖေ့ကိုတင် မဟုတ်ဘူး၊ အမေ့အတွက်လည်း တစ်ခုခု ဝယ်ပေးရမယ်၊ မဟုတ်ရင် အဖေနဲ့ ကျွန်တော်ထပ်ပြီး အဆူခံရလိမ့်မယ်"

ဒါ ရွှေတုံးတွေ ထပ်ဝယ်ရဦးမယ်ဆိုတဲ့ သဘောလား.....

"အဖေ... အမေ ဘာကြိုက်လဲ ဆိုတာ အဖေ သိလား"

ဤမေးခွန်းကို ကြားသောအခါ ကျိုးကျန့်ခန်းက ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်သည်။

"သားက မဆိုးပါဘူး၊ အမေ့ကို ဂရုစိုက်တတ်သားပဲ"

သို့သော် ဤမေးခွန်းက ကျိုးကျန့်ခန်းကို စဉ်းစားရ ခက်စေ သည်။ သူ့ဇနီးက ဘာကို ကြိုက်သနည်း။

သူမမှာ လက်တွေ့ကျသော ပစ္စည်းများကိုသာ ကြိုက်တတ်ပြီး တန်ဖိုး မကျမည့် သို့မဟုတ် တန်ဖိုးတက်လာမည့် ပစ္စည်းများကိုပိုသဘောကျသည်။

နာရီများ၊ ဆွဲကြိုးများနှင့် လက်ကောက်များကဲ့သို့သော ပစ္စည်းများကို သူမ တကယ် စိတ်မဝင်စားပေ။

သူမသည် ၎င်းတို့ကို ဝတ်ဆင်မည် မဟုတ်ဘဲ တန်ဖိုးတက်လာအောင် သိမ်းထားရုံသာ ရှိပေလိမ့်မည်။

သူ၏ဖခင်၏ မျက်ခုံးများမှာ 'S' ပုံစံ ဖြစ်သွားသည်အထိ စဉ်းစားနေသည်ကို ကြည့်ပြီး ကျိုးကျန့်ခန်းမှာ အားကိုးရမည့်ပုံ မပေါ်သဖြင့် ကျိုးထျန်း ကိုယ်တိုင်သာ တစ်ခုခုစဉ်း စားရတော့မည်ဖြစ်သည်။

All Chapters