← Chapters

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

🍋 Chapter 69

၎င်းမှာ ကျောင်းနေဖက် သူငယ်ချင်းများက Weibo ပေါ်တွင် ပို့စ်များကို ပြန်လည်မျှဝေခြင်းကြောင့် ရရှိလာသော အချဉ် ဓာတ်များ ဖြစ်သည်။

ထိုလူများသည် ကျိုးထျန်းနှင့် တိုက်ရိုက် ပတ်သက်ခြင်း မရှိဘဲ အဆင့်ဆင့် ကွာဝေးနေသူများ ဖြစ်သဖြင့် သူတို့ဆီမှရသော အချဉ်ဓာတ်မှာ သဘာဝအတိုင်းပင် နည်းပါးလှသည်။

၎င်းမှာ သာမန်လူတစ်ယောက်သည် သူ့အိမ်နီးချင်းက ယွမ် ၃ သိန်းတန် ကားတစ်စီး ဝယ်သည်ကို မနာလို ဖြစ်သော်လည်း၊ အချမ်းသာဆုံး သူဌေးကြီးက ယွမ် သန်း ၃၀ တန် ကားတစ်စီး ဝယ်ယူခြင်းကိုမူ မနာလို မဖြစ်တတ်ခြင်းနှင့် ဆင်တူ သည်။

မနာလိုမှု ဖြစ်ပေါ်စေသည့် အရာနှင့် ပတ်သက်မှု နီးကပ်လေလေ၊ ရရှိသော အချဉ်ဓာတ်မှာ မြင့်မားလေလေ ဖြစ်သည်။

‘ထားလိုက်ပါတော့..... နည်းနည်းပဲ ရရ၊ ငါ့အတွက်တော့ အမြတ်ပဲလေ.....’

[ဒင်~ စနစ်သတိပေးချက် - လုပ်ငန်းတာဝန် ပြီးဆုံးပါပြီ၊ စနစ်က လုပ်ဆောင်ချက်ကို အကဲဖြတ်နေပါသည်]

[လုပ်ငန်းအကဲဖြတ်ချက် - လုပ်ငန်းတာဝန် ပြီးဆုံးမှု

အဆင့်အတန်း - အပြစ်ပြောစရာမရှိ (Perfect)]

[ရရှိသောဆုလာဘ် - ဇာတ်ကောင် သတင်းအချက်အလက်ကတ်]

ကျိုးထျန်းသည် အချဉ်ဓာတ် အမှတ် ၂၀ သန်း ရရှိစေမည့် ဤလုပ်ငန်းတာဝန်ကို နောက်ဆုံးတွင် အောင်မြင်စွာ အဆုံး သတ်နိုင်ခဲ့သည်။

ဤဇာတ်ကောင် သတင်းအချက်အလက်ကတ်ကို မျှော်လင့်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

မကြာသေးမီက သူ့ ကိုယ်ပိုင်အင်အား မလုံလောက်မှုကို သူ ပိုသတိပြုမိလာသည်။

ငွေသည် ပြဿနာများစွာကို ဖြေရှင်းနိုင်သော်လည်း၊ ပါရမီရှိသူများကမူ ငွေဖြင့် ဖြေရှင်း၍မရသော ပြဿနာများကို ဖြေရှင်းပေးနိုင်ကြသည်။

ယခုတစ်ခေါက် ယင်းချိုင် ကို ကိုင်တွယ်ရာတွင်လည်း ထိုကလေးလေး ဂျက်ဆီ၏ အကူအညီမပါဘဲ မဖြစ်နိုင်ပေ။

"ဒီကတ်ကနေ ငါ့အတွက် အသုံးဝင်မယ့်သူ တစ်ယောက်လောက် ရလာရင် ကောင်းမှာပဲ"

[စနစ်သတိပေးချက် - ဤကတ်ကို အသုံးပြုမည်လား?]

"အသုံးပြုမယ်!"

[ကတ်ကို အသုံးပြုလိုက်ပါပြီ]

လူတစ်ယောက်၏ အချက်အလက်များက သူ၏ မျက်စိရှေ့တွင် ပေါ်လာသည်။

[အမည် - ဆန်းတို့စ်

အသက် - ၃၅ နှစ်

လက်ရှိ အခြေအနေ - MI6 နှင့် CIA တို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

စွမ်းဆောင်ရည် - အာဖရိကရှိ နာမည်ကျော် မိုင်းတွင်းပိုင်ရှင်တစ်ဦးဖြစ်သည်။ အထွတ်အထိပ် ရောက်ချိန်တွင် မိုင်းတွင်းပေါင်း ၅၀ ကျော်ကို ပိုင်ဆိုင်ခဲ့ပြီး ဒေသခံ စစ်ဘုရင်များကို လျှို့ဝှက် ထောက်ပံ့ခဲ့သည်။

နိုင်ငံတော်အုပ်ချုပ်ရေးမှူးများကို လာဘ်ထိုးခဲ့ပြီး ကမ္ဘာတစ်ဝှမ်းသို့ ရှားပါးသယံဇာတ အမြောက်အမြားကို ပြန်လည်ရောင်းချခဲ့သည်။

ငှားရမ်းခ - တစ်ကြိမ်တည်း ပေးချေမှု အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ]

[မှတ်ချက် - ဤသူသည် လက်ရှိတွင် အလွန်စိုးရိမ်ရသော အခြေအနေ၌ ရှိနေသည်။ အကယ်၍ သင်သည် သူ့ကို ငှားရမ်းရန် ရွေးချယ်ပါက၊ သူ့ လက်ရှိ အခက်အခဲမှ လွတ်မြောက်အောင် ကူညီပေးရပါမည်။ မဟုတ်ပါက သူသည် တစ်ပတ်အတွင်း သေဆုံးသွားပေလိမ့်မည်]

[ငှားရမ်းမည်လား?]

ဤအချက်အလက်များကို မြင်သောအခါ ကျိုးထျန်းမှာ အတော်လေး ဒေါသထွက်သွားသည်။

"ဒါက ဘာကြီးလဲ?!"

"ဒီလူက ဂျက်ဆီထက်တောင် ပိုဆိုးနေပါလား"

"ဂျက်ဆီက FBI ရဲ့ ဝရမ်းထုတ်ခံရတာပဲ ရှိသေးတယ်၊ ဒီလူကတော့ ထိပ်တန်း ထောက်လှမ်းရေး အဖွဲ့အစည်းကြီး နှစ်ခုရဲ့ ဝိုင်းရံပိတ်ဆို့မှုကို တိုက်ရိုက် ခံနေရတာပဲ"

"သူ ဘာတွေများ လုပ်ခဲ့လို့လဲ?!"

ကျိုးထျန်း အသေအချာကြည့်လိုက်ရာ 'ဝိုင်းရံပိတ်ဆို့မှု' ဟူသော စကားမှာ နောက်ပြောင်နေခြင်း မဟုတ်ပေ။

အဖမ်းခံရခြင်းထက် အသက်အန္တရာယ် ပိုမို စိုးရိမ်ရသော အခြေအနေ ဖြစ်သည်။

မှတ်ချက်ထဲရှိ အချက်အလက်များကလည်း သူ့အတွေးကို အတည်ပြုပေးနေသည်။

အကယ်၍ သူ ငှားရမ်းခြင်း မပြုပါက၊ ဤသူသည် တစ်ပတ်တောင် မခံဘဲ သေဆုံးသွားပေလိမ့်မည်။

သူ ငှားရမ်းလိုက်လျှင်ပင် လက်ရှိ အခြေအနေအရ သူ အသက်ရှင်နိုင်ဖို့ ခဲယဉ်းလှသည်။

‘ဒါပေမဲ့ စနစ်ကတော့ တော်တော် ရက်ရောပါတယ်၊ ငှားရမ်းခက ၁ ဒေါ်လာတည်းဆိုတော့ အလကားပေးတာနဲ့ အတူတူပဲ’

‘ဟုတ်ပါတယ်လေ... သေတော့မယ့်လူအတွက် ငွေက ဘာအဓိပ္ပာယ် ရှိမှာလဲ’

ဤသူသည် ဂျက်ဆီနှင့် မတူပေ။ ဂျက်ဆီက မည်မျှပင် ပြဿနာရှာရှာ အသတ်ခံရမည့် အခြေအနေ မဟုတ်သော် လည်း၊ ဤသူကမူ သေခြင်းတရားနှင့် အလွန် နီးကပ်နေသည်။

‘ငါ သူ့ကို လက်ခံသင့်လား၊ မခံသင့်ဘူးလား..... အန္တရာယ်က ကြီးလွန်းသလို၊ သူက သယံဇာတတွေ ပြန်ရောင်းတဲ့သူဆိုတော့ လူကောင်းလည်း ဖြစ်ပုံမရဘူး။ သူ့ကို ငှားလိုက်လို့ ငါ့ဆီ ပြဿနာတွေ အလုံးအရင်းနဲ့ ရောက်လာရင် ဘယ်လိုလုပ်မလဲ’

ကျိုးထျန်း ခဏမျှ စဉ်းစားကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။

‘အရင်ဆုံး ဒီလူ့အကြောင်းကို စုံစမ်းကြည့်ရမယ်’

သူသည် ဂျက်ဆီကို ချက်ချင်းဆက်သွယ်လိုက်ပြီး ထိုသူ၏ အသေးစိတ် အချက်အလက်များကို ပေးပို့ရန် ခိုင်းလိုက်သည်။

အံ့သြစရာကောင်းသည်မှာ ဂျက်ဆီသည် အချက်အလက်များ ပေးပို့ရန် မိနစ် ၂၀ ခန့် အချိန်ယူခဲ့ရခြင်း ဖြစ်သည်။

သာမန်လူတစ်ယောက်အတွက်ဆိုလျှင် ၃ မိနစ်ထက် ပိုမကြာသင့်ပေ။

ကျိုးထျန်းသည် ဖိုင်ကို ဖွင့်ကြည့်ကာ ၅ မိနစ်ခန့် အာရုံစိုက် လေ့လာလိုက်ရာ သူ၏ မျက်မှောင်များမှာ ပို၍ တွန့်ချိုးလာသည်။ နောက်ဆုံးတွင် သူ သက်ပြင်းချလိုက်ပြီး နားထင်ကို ပွတ်လိုက်မိသည်။

ခဏမျှ စဉ်းစားပြီးနောက် သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ငှားရမ်းမယ်!"

[ငှားရမ်းမှုကို အတည်ပြုပါပြီ။ Host သည် ယခုအခါ ဤသူအား အချိန်မရွေး ဆက်သွယ်နိုင်ပါပြီ။ ကော်မရှင်ခကို အချဉ်ဓာတ် လက်ကျန်ထဲမှ နှုတ်ယူသွားပါမည်]

ကျိုးထျန်းသည် နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချကာ ဆန်းတို့စ်ကို ငှားရမ်းလိုက်သည်။

သူ့ ကိုယ်ရေးမှတ်တမ်းမှာ လျှို့ဝှက်ချက်များ၊ မှောင်မိုက် သော ဇာတ်လမ်းများနှင့် ပြည့်နှက်နေသည်။

အများစုမှာ အလင်းပေါ်သို့ ထုတ်ဖော်၍ ရနိုင်သော အရာများ မဟုတ်ပေ။

ဆန်းတို့စ်သည် အာဖရိက အလယ်ပိုင်းတွင် အကျော်ကြားဆုံးသော မိုင်းတွင်းပိုင်ရှင် ဖြစ်သည်။

ငယ်စဉ်ကတည်းက စစ်တိုက်ရာနေရာများမှ လွှင့်ပစ်ထားသော လက်နက်ဟောင်းများကို စုဆောင်း ရောင်းချခြင်းဖြင့် ဘဝကို စတင်ခဲ့သည်။

ထက်မြက်သော ဉာဏ်ရည်ရှိသဖြင့် ဆယ်ကျော်သက်အရွယ်တွင် မိုင်းတွင်းပိုင်ရှင်တစ်ဦး၏ သတိထားမိခြင်းကို ခံခဲ့ရပြီး ယုံကြည်စိတ်ချရသော လက်ထောက် ဖြစ်လာခဲ့သည်။

နှစ်အနည်းငယ်အကြာ အသက် ၁၉ နှစ်တွင် မိုင်းတွင်းပိုင်ရှင် လုပ်ကြံခံရခြင်းက သူ ထိပ်တန်းသို့ တက်လှမ်းရန် အခွင့်အရေး ဖြစ်လာခဲ့သည်။

သူသည် မိုင်းတွင်းပိုင်ရှင်၏ ပိုင်ဆိုင်မှုများ၊ အဆက်အသွယ်များ၊ စက်ကိရိယာများနှင့် ချမ်းသာကြွယ်ဝမှု အားလုံးကို ဆက်ခံခဲ့သည်။

သူသည် စစ်ဘုရင်များ၏ နောက်ကွယ်တွင် ပုန်းကွယ်နေသော သူဌေးကြီးတစ်ဦးအဖြစ် ပြောင်းလဲခဲ့သည်။

အခြားသော မိုင်းတွင်းပိုင်ရှင်များ ကျဆုံးခန်းကို သင်ခန်းစာယူကာ သူသည် အခြားသူများကဲ့သို့ လူများကို ကျွန်သဖွယ် မဆက်ဆံခဲ့ပေ။

ထိုအစား သူ့ နယ်မြေအတွင်းရှိ လူများကို မြေယာနှင့် ငွေကြေးများ ခွဲဝေပေးခဲ့သည်။

နှစ်အနည်းငယ်အတွင်း သူ့ နယ်မြေအတွင်းရှိ လူဦးရေမှာ ဆယ်ဆခန့် တိုးတက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် ဒေသခံ စစ်ဘုရင်များ၏ စီးပွားရေးအသက်သွေးကြောကို အသေအချာ ဆုပ်ကိုင်ထားနိုင်ခဲ့သည်။

သူသည် စနစ်တကျ အုပ်ချုပ်မှု၊ စီးပွားရေး ဖွံ့ဖြရိုးတိုးတက်မှုနှင့် မိုင်းတွင်း လုပ်ငန်းများကို ဖော်ဆောင်ခဲ့သည်။

ထက်မြက်သော ဆန်းတို့စ်သည် သူ မျှော်မှန်းထားသော နိုင်ငံတော်ကြီးကို တဖြည်းဖြည်း တည်ဆောက်နေခဲ့ခြင်း ဖြစ်သည်။

ကံမကောင်းစွာဖြင့် သူ၏ လုပ်ရပ်များမှာ အကျိုးစီးပွား အုပ်စုအချို့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

ရုပ်သေးရုပ် မလုပ်ချင်သဖြင့် နောက်ဆုံးတွင် သူသည် အကျိုးစီးပွား ပဋိပက္ခ၏ သားကောင် ဖြစ်ခဲ့ရသည်။ ငွေကြေး၏ မြူဆွယ်မှုအောက်တွင် အမျိုးသမီးများနှင့် လက်အောက်ငယ်သားများက သူ့ကို သစ္စာဖောက်ခဲ့ကြသည်။

နောက်ဆုံးတွင် သူသည် သစ္စာရှိသော နောက်လိုက် အနည်း ငယ်နှင့်သာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

ကျိုးထျန်းသည် သူ၏ အခြေအနေကို စာနာမိသည်။ ထိုကဲ့သို့သော နယ်မြေမျိုးတွင် သူ့မှာ ရွေးချယ်စရာ မရှိခဲ့ပေ။ သို့သော် စာနာမှုတစ်ခုတည်းဖြင့် သူ့ကို ငှားရမ်းခဲ့ခြင်း မဟုတ်ပေ။

ကျိုးထျန်း ဆုံးဖြတ်ချက် ချခဲ့သည်မှာ အချက်အလက်များထဲမှ အချက်တစ်ခုကြောင့် ဖြစ်သည်။

လွန်ခဲ့သော ၈ နှစ်က ဆန်းတို့စ်သည် တရုတ်အလုပ်သမား ၁၂၅ ဦးကို စစ်မက်ဖြစ်ပွားရာ ဒေသမှ ဘေးကင်းစွာ ထွက်ခွာနိုင်အောင် ကူညီပေးခဲ့သည်။

သူတို့အားလုံး အိမ်သို့ဘေးကင်းစွာ ပြန်ရောက်ခဲ့ကြသည်။ သူသာ မရှိလျှင် ထိုသူများမှာ ၎င်းတို့၏ဇာတိမြေကို ပြန်လည် မြင်တွေ့နိုင်စရာ အကြောင်းမရှိပေ။

ဤအချက်တစ်ခုတည်းနှင့်ပင် ကျိုးထျန်းသည် သူ့အပေါ် ကရုဏာ သက်မိသွားသည်။

တစ်ချိန်တည်းမှာပင် ဤဖြစ်ရပ်က သူသည် အလွန်ပင် ဉာဏ်ထက်မြက်သူဖြစ်ပြီး ဘာလုပ်ရမလဲဆိုတာကို သိသူဖြစ်ကြောင်း သက်သေပြနေသည်။

သူသည် မိမိ၏လူမျိုးစုဝင်များကို ကူညီခဲ့သူ ဖြစ်သဖြင့် ကယ်တင်နိုင်လျှင် ကယ်တင်သင့်သည်ဟု ကျိုးထျန်း ယူဆသည်။

ငှားရမ်းမှု လုပ်ငန်းစဉ် ပြီးဆုံးပြီးနောက် ကျိုးထျန်းသည် ဂျက်ဆီအား ဆန်းတို့စ်ကို ဝိုင်းရံထားသူများကို တိုက်ခိုက်ရန် ချက်ချင်းအမိန့်ပေးလိုက်သည်။

ယခု သူ လုပ်နိုင်သည်မှာ ဖရိုဖရဲဖြစ်အောင် လုပ်ပြီး သူတို့၏ အရှိန်ကို တတ်နိုင်သမျှ နှောင့်နှေးအောင် လုပ်ရန်သာ ရှိသည်။

ဂျက်ဆီသည် ထိုသူများ၏ ဆက်သွယ်ရေး စနစ်ကို ဟက် လုပ်လိုက်ပြီး ဆန်းတို့စ်ရှိရာနေရာကို အချိန်မီ မသိနိုင်အောင် ဟန့်တားလိုက်သည်။

တစ်ချိန်တည်းမှာပင် ကျိုးထျန်းသည် ဂျက်ဆီမှတစ်ဆင့် ဆန်းတို့စ်ထံသို့ သတင်းစကား ပါးလိုက်သည်။

"လွတ်အောင်ပြေးပါ၊ ဘေးကင်းတဲ့ အခြေအနေရောက်မှ ပြန်ဆက်သွယ်ပါ"

ထို့နောက်တွင်တော့ ကံကြမ္မာအတိုင်းသာ လွှတ်ထားလိုက်ရတော့မည်။ ဤအချက်အလက်များအရ ဆန်းတို့စ်မှာ အနည်းဆုံးတော့ လူဆိုးတစ်ယောက် မဟုတ်ဘဲ ထက်မြက်သူတစ်ဦးဖြစ်ကြောင်း ကျိုးထျန်း ခံစားရသည်။

သူ အာဖရိကကို တစ်ခါမှ မရောက်ဖူးပေ၊ သူ သိထားသည်များမှာ သတင်းများထဲမှသာ ဖြစ်သည်။

ထိုနေရာမှာ လူသားမျိုးနွယ် စတင်ရာနေရာဖြစ်ပြီး သတ္တု တွင်းများနှင့် စိန်တွင်းများ ပေါကြွယ်ဝသည်ကိုသာ သူ သိထားသည်။

"မျှော်လင့်ပါတယ်..... ကြီးကြီးမားမား ပြဿနာ မဖြစ်လာဖို့"

.....

လျိုပေါင်ချင်းထံမှ နာရီရောက်ပြီဖြစ်သဖြင့် အချိန်မရွေး လာယူနိုင်ကြောင်း သတင်းပို့လာသည်။

ကျိုးထျန်း မလောပေ။ လျိုမုယန်က သဘောဘက်ခါမှ ပြန်ရောက်မည်ဖြစ်သဖြင့် နောက်မှ သွားယူလည်း ရသည်။ သူ့မှာ ပို၍ အရေးကြီးသော အလုပ်တစ်ခု ရှိသေးသည်။

သူသည် အိမ်သို့ ခဏပြန်ကာ သူ အသင့်ပြင်ထားသော စာအုပ်ကို ယူပြီး သူငယ်ချင်းဟောင်းတစ်ဦးနှင့် တွေ့ရန် မောင်းထွက်လာခဲ့သည်။

ကျင့်အန်းခရိုင် ချုပ်နှောင်ရေးစခန်းအတွင်းရှိ အချုပ်ခန်းတစ်ခုထဲတွင် ဝူခယ်ရုံ လဲလျောင်းနေသည်။

သူ့ မျက်လုံးများမှာ မျက်နှာကျက်ကို အဓိပ္ပာယ်မဲ့စွာ စိုက်ကြည့်ရင်း အတွေးထဲ နစ်ဝင်နေသည်။

ယင်းချိုင် နည်းပညာ ပြီးဆုံးသွားပြီ ဖြစ်သဖြင့် သူသည် ဝူမိသားစု၏သခင်လေး မဟုတ်တော့ပေ။ သူ့ ချမ်းသာကြွယ်ဝမှုများ မရှိတော့သဖြင့် သူ့ဖခင် ဝူချန်ချိုင်မှာလည်း သူ့ကို ပြစ်ဒဏ်လျှော့ပေါ့ပေးရန် မကူညီနိုင်တော့ပေ။

ထို့ကြောာင့် သူသည် နောက်ထပ် နှစ်အနည်းငယ်ကို ဤကျဉ်းမြောင်းသော အချုပ်ခန်းထဲတွင် ကုန်ဆုံးရပေတော့မည်။

သူ စီစဉ်ထားသော ဘဝမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

တက္ကသိုလ်ပြီးလျှင် ယင်းချိုင်တွင် အလုပ်သင်ဆင်းပြီးနောက် ဖခင်ဖြစ်သူ စီစဉ်ပေးသော အရေးကြီးသည့် စီမံကိန်းများကို လွှဲပြောင်းယူရန် သူ မျှော်လင့်ထားခဲ့သည်။

မဝေးတော့သော အနာဂတ်တွင် သူသည် တရုတ်နိုင်ငံ၏ အချမ်းသာဆုံး လူငယ်များထဲမှ တစ်ဦး ဖြစ်လာပေလိမ့်မည်။ သို့သော် ယခုမူ အားလုံးဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

ဤအရာအားလုံး၏နောက်ကွယ်တွင် မည်သူရှိနေသလဲ ဆိုသည်ကို သူ အခုထိ နားမလည်နိုင်သေးပေ။

"ဝူခယ်ရုံ..... မင်းကို တွေ့ဖို့ လူတစ်ယောက် ရောက်နေတယ်"

ရဲအရာရှိတစ်ဦးက အချုပ်ခန်းတံခါးဝသို့ လာကာ သံတံခါးကို ဖွင့်ပေးလိုက်သည်။

"ဟုတ်ကဲ့"

သူ အများကြီး မစဉ်းစားဘဲ အရာရှိနောက်သို့ လိုက်လာခဲ့သည်။

ဤကဲ့သို့ အချိန်မျိုးတွင် သူ့ မိဘများသာ လာတွေ့မည် မဟုတ်ပါလား။

ကံမကောင်းစွာဖြင့် သူ မှားသွားခဲ့သည်။

🍋 Chapter 70

"မတွေ့ရတာ ကြာပြီနော်..... ရုံမော့မော့ ....."

ကျိုးထျန်း၏အပြုံးမှာ သူငယ်ချင်းဟောင်းတစ်ဦးကို တွေ့လိုက်ရသကဲ့သို့ အလွန်တောက်ပလှသည်။

"မင်း..... မင်း ဒီကို ဘာလာလုပ်တာလဲ"

ဝူခယ်ရုံသည် ချက်ချင်း ထိုင်မချဘဲ နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။

အကယ်၍ ယခင်ကဆိုလျှင် တစ်စုံတစ်ယောက်က သူ့ကို 'ရုံ‌ မော့မော့' ဟု ခေါ်ပါက သူသည် ဒေါသတကြီးဖြင့် ရန်ဖြစ်နေလောက်ပြီ ဖြစ်သည်။

သို့သော် ယခုမူ သူသည် လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ထုံထိုင်းခြင်းများသာ ကျန်ရှိတော့သည်။

"မင်းကို လာတွေ့တာပေါ့..... ဘာလဲ..... ငါ့ကို မတွေ့ချင်ဘူးလား"

ကျိုးထျန်း၏ ပေါ့ပါးသော အမူအရာမှာ ဝူခယ်ရုံနှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။

သူတို့နှစ်ဦးမှာ သားရဲနှင့် သားကောင်ကဲ့သို့ ခံစားချက်မျိုး ဖြစ်ပေါ်နေစေသည်။

"ဟဲဟဲ..... မင်း ငါ့ကို လာတွေ့တာက ငါ ဘယ်လောက်တောင် သနားစရာကောင်းနေလဲဆိုတာ လာကြည့်တာမလား ကျိုးထျန်း..... ငါ ပြောလိုက်မယ်၊ မင်း ခဏတဖြုတ် အောင်မြင်နေတာကို သိပ်ပြီး သာယာမနေနဲ့ဦး..... ငါ ဒီက ထွက်တာနဲ့ ငါ့မိသားစုက ပြန်ပြီး ထလာနိုင်သေးတယ်"

ဝူခယ်ရုံသည် ကျိုးထျန်းကို မြင်လိုက်ရပြီးနောက် သူ့ နောက် ဆုံးကျန်ရှိနေသော ဒေါသများမှာ ပြန်လည် ပေါက်ကွဲလာခဲ့သည်။

"သိပ်ပြီး စိတ်မလှုပ်ရှားပါနဲ့ သခင်လေးဝူ..... မင်း ပြန်ထလာနိုင်မလား၊ မထလာနိုင်ဘူးလားဆိုတာ ငါ့အပေါ်မှာပဲ မူတည်ပါတယ်..... မင်း အဲဒီထဲမှာ နောက်ထပ် ခဏလောက် ထပ်နေရဦးမှာပါ"

"ကျိုးထျန်း..... မင်း ကိုယ့်ကိုယ်ကိုယ် သိပ်တော်တယ် ထင်နေတာလား..... မင်း ငါ့ကို အကွက်ဆင်ပြီး ထောင်ထဲပို့လိုက်တာကို အရမ်းပျော်နေတယ်မလား..... မှတ်ထားလိုက်ဦး၊ ဒီစာရင်းတွေ အားလုံးကို ငါ တစ်ခုချင်း ပြန်ရှင်းမယ်"

"ပထမဆုံး အနေနဲ့ မင်းကို တစ်ခု ပြင်ပေးချင်တယ်..... ငါက မင်းကို အကွက်ဆင်တာ မဟုတ်ဘူး၊

မင်းက ငါ့ကို အကွက်ဆင်ဖို့ ကြိုးစားခဲ့တာ..... အခုက မင်းရဲ့ လုပ်ရပ်တွေအတွက် အသီးအပွင့်ကို မင်း ပြန်ခံစားနေရတာပဲ"

ဝူခယ်ရုံက သူ့လုပ်ရပ်များကို နောင်တမရသေးသည်ကို ကျိုးထျန်း မထင်မှတ်ထားပေ။

သူကိုယ်တိုင်က သူတစ်ပါးကို ဒုက္ခပေးချင်ခဲ့သူဖြစ်ရာ၊ အခြားသူက သူ့ကို ဒုက္ခပေးသည်ဟု မည်သို့ ပြောနိုင်ပါမည်နည်း။ ဤကလေးမှာ တကယ်ပင် ဦးနှောက်မရှိတော့ပေ။

"ငါ မင်းကို ဒုက္ခပေးတော့ ဘာဖြစ်လဲ..... မင်းကို နှောင့်ယှက်တော့ ဘာဖြစ်လဲ..... မင်းက ဘာမို့လို့လဲ..... အိမ်လျော်ကြေးရတဲ့ ကောင်ပဲဟာကို..... ငါ ထောင်ကျရင်တောင် မင်းထက်တော့ အများကြီးပိုသာနေဦးမှာပဲ"

ဝူခယ်ရုံသည် သူ့ နောက်ဆုံးကျန်ရှိသော ဂုဏ်သိက္ခာကို အတင်းအကျပ် ဆုပ်ကိုင်ထားရင်း ပိုစိတ်လှုပ်ရှားလာသည်။

"ဒီရောက်နေတာတောင် မင်း ကိုယ့်ကိုယ်ကိုယ် ပြန်မသုံးသပ်သေးဘူးပဲ..... အင်း..... ဒါကမှ ငါသိတဲ့ သခင်လေးဝူပဲ"

ကျိုးထျန်း ခေါင်းခါလိုက်သည်။ ဤကဲ့သို့သော လူစားမျိုးမှာ တကယ်ပင် ထူးဆန်းလှသည်။

အကယ်၍ သူသာ ယင်းချိုင်ကို ဆက်ခံခွင့်ရခဲ့လျှင် ဝူချန်ချိုင်ကို ရူးသွားအောင်လုပ်ပေလိမ့်မည်။

"တော်သေးတာပေါ့..... ငါ အရင်ဆုံး ယင်းချိုင်ကို ဝါးမြိုလိုက်လို့ပဲ၊ ဒုတိယမျိုးဆက်က မိသားစု ပိုင်ဆိုင်မှုတွေကို ဖြုန်းတီးပစ်မှာကို အောင်မြင်စွာတားဆီးနိုင်ခဲ့တယ်..... ဝူချန်ချိုင်က ငါ့ကို ကျေးဇူးတင်သင့်ပါတယ်"

ကျိုးထျန်းက ဝူချန်ချိုင်သည် သူ့ကို ကျေးဇူးတင်သင့်သည်ဟု ခံစားမိသည်။

"ဝူခယ်ရုံ..... ငါ ဒီနေ့လာတာ အကြောင်းရင်း နှစ်ခုရှိတယ်..... ပထမက မင်းကို လာကြည့်တာ....."

"မင်းရဲ့ ဖြူဖျော့နေတဲ့ မျက်နှာနဲ့ ဖရိုဖရဲ ဖြစ်နေတဲ့ ပုံစံကို ကြည့်ရတာ ငါ တကယ်ပဲ စိတ်အေးသွားပါပြီ....."

"မင်း....."

ကျိုးထျန်း လက်ဝေ့ယမ်းလိုက်သည်။

"ငါ့စကားကို အဆုံးထိ နားထောင်ပါဦး....."

"ဒုတိယ အချက်ကတော့ မင်းကို ပေးစရာရှိလို့ လာတာ..... မင်း အဲဒီထဲမှာ ပျင်းနေမှာစိုးလို့ မင်းအတွက် စာအုပ်တစ်အုပ် တမင်ဝယ်လာပေးတာပါ"

ကျိုးထျန်းသည် သူ အထူးပြင်ဆင်လာသော စာအုပ်ကို ထုတ်လိုက်သည်။ စာအုပ်မျက်နှာဖုံးမှာ သူကိုယ်တိုင် စိတ်ကြိုက် ပြုလုပ်ထားခြင်းဖြစ်ပြီး ရွှေရောင်စာလုံးများဖြင့် ဤသို့ ရေးထားသည်။

"C++ - အခြေခံမှသည် ဒေတာဘေ့စ် ဖျက်ဆီးခြင်းသို့"

ကျိုးထျန်းသည် စာအုပ်ကို ဝူခယ်ရုံရှေ့သို့ တွန်းပို့လိုက်ပြီးနောက် မတ်တပ်ရပ်လိုက်သည်။

"သခင်လေးဝူ..... အဲဒီထဲမှာ စာကို ကြိုးကြိုးစားစား ဖတ်ပါ..... မင်း ပြန်ထွက်လာတဲ့အခါ ရာထူးတွေတိုးပြီး မင်းရဲ့ မိသားစု ကုမ္ပဏီကို ပြန်လည် ထူထောင်နိုင်အောင် ကြိုးစားပါဦး....."

"နှုတ်ဆက်ပါတယ်..... နောင်ကို ငါ့အကြောင်း ပိုပြီးစဉ်းစားပေးပါဦး၊ အဲဒါက မင်းရဲ့ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ဦးနှောက်သွေးကြောပေါက်တာကို တားဆီးဖို့အတွက် အများကြီး အထောက်အကူ ဖြစ်ပါလိမ့်မယ်"

ကျိုးထျန်းသည် ကျောခိုင်းလျက် ထွက်ခွာလာခဲ့သည်။ ထိုသူမှာ သူ့အတွက် ပြိုင်ဘက်တစ်ဦးဖြစ်ရန် မထိုက်တန်တော့ပေ။

ကျိုးထျန်း ထွက်လာစဉ်မှာပင် သူ့သားဖြစ်သူထံ လာတွေ့သော ဝူချန်ချိုင်ကို အပေါက်ဝတွင် ဆုံလိုက်သည်။

သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ဖြတ်ကျော်သွားကြသည်။

ဝူချန်ချိုင် ရပ်တန့်လိုက်ပြီး ကျိုးထျန်း ထွက်သွားသည်ကို ဇဝေဇဝါဖြင့် ကြည့်နေမိသည်။

"အဲဒီလူကို တော်တော်လေး မြင်ဖူးသလိုပဲ....."

ယခင်ကဆိုလျှင် ဝူချန်ချိုင်၏ စွမ်းဆောင်ရည်အရ ကျိုးထျန်းကို အသေအချာ မှတ်မိပေလိမ့်မည်။

သို့သော် ယခုမူ သူသည် ယခင်ကကဲ့သို့ ထက်မြက်မှု မရှိတော့ပေ။

သူသည် တွေ့ဆုံမေးမြန်းခန်းထဲသို့ ဖြည်းညှင်းစွာ ဝင်လာခဲ့ရာ မျက်မှောင်ကြုတ်ပြီး ဇဝေဇဝါ ဖြစ်နေသော ဝူခယ်ရုံကို တွေ့လိုက်ရသည်။

"သား..... ဘာတွေ စဉ်းစားနေတာလဲ"

သူသည် သားဖြစ်သူ၏ရှေ့တွင် ထိုင်လိုက်ရာ သားဖြစ်သူက စာအုပ်တစ်အုပ် ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

"အဖေ..... ခုနက ကျိုးထျန်း ဒီကို လာသွားတယ်....."

"ကျိုးထျန်း? သားနဲ့ ပြဿနာဖြစ်ခဲ့တဲ့ ကျောင်းသားလား....."

ဝူချန်ချိုင်သည် အပေါက်ဝတွင် ဆုံခဲ့သူမှာ မည်သူဖြစ် ကြောင်း ယခုမှ သတိရလိုက်တော့သည်။

"သူက ဘာလို့ သားကို လာတွေ့တာလဲ"

"ဟွန့်..... သူက ကျွန်တော်ရဲ့ ပျက်စီးနေတဲ့ ပုံစံကို လာကြည့်တာပေါ့..... ကျွန်တော် အခုလို ဒုက္ခရောက်နေတာကို သူ သေချာပေါက် ပျော်နေမှာပဲ"

ဝူခယ်ရုံ ပြောရင်း ဒေါသတကြီးဖြင့် သူ့ အဝတ်များကို လက်ဖြင့် အတင်း ဆုပ်ချေလိုက်သည်။

"ပြီးခဲ့တာတွေလည်း ပြီးပါစေတော့..... သိပ်ပြီး စိတ်ထဲ မထားပါနဲ့တော့..... သားရဲ့ စိတ်နေစိတ်ထားကို ပြုပြင်ဖို့ အဖေ အကြိမ်ကြိမ် ပြောခဲ့သားပဲ"

ဝူချန်ချိုင်သည် သားဖြစ်သူနှင့် ကျိုးထျန်း ပြဿနာမှာ သားဖြစ်သူ၏ အမှားသာ ဖြစ်ကြောင်း ကောင်းကောင်း သိသည်။

သို့သော် သားဖြစ်သူက စိတ်မလျှော့နိုင်ဘဲ ရှိနေသဖြင့်၊ သူ၏ ဒေါသကို ဆွပေးမိမည်စိုးသောကြောင့် မဝေဖန်ဝံ့ပေ။

ဝူခယ်ရုံမှာ ကျိုးထျန်းကို မမေ့နိုင်ဘဲစွဲလမ်းနေခဲ့ပြီဖြစ်သည်။

"အဖေ..... ယောကျ်ားကောင်းဆိုတာ ကလဲ့စားမချေဘဲ မနေဘူး..... သား ဒါကို မမေ့နိုင်ဘူး"

"သား..... သား လူကြီးဖြစ်ဖို့ လိုပြီနော်....."

ဝူချန်ချိုင်၏လေသံမှာ ပြတ်သားသွားသည်။ ထိုအခါမှ သားဖြစ်သူ ကိုင်ထားသော စာအုပ်ကို သတိထားမိလိုက်သည်။

"သား..... ဒီစာအုပ်က ဘယ်က ရတာလဲ"

"ဟဲ..... ကျိုးထျန်း ပေးသွားတာလေ..... သူက ဒါကို လက် ဆောင်လို့ ပြောသွားတယ်"

ဝူခယ်ရုံက စာအုပ်ကို ဖခင်ဖြစ်သူထံသို့ ပေါ့ပေါ့တန်တန်ပင် ပစ်ပေးလိုက်သည်။

ဝူချန်ချိုင်က စာအုပ်ကို ယူကြည့်လိုက်ရာ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။

"အခြေခံမှသည် ဒေတာဘေ့စ် ဖျက်ဆီးခြင်းသို့....."

"အခြေခံမှသည်....."

"ဒေတာဘေ့စ် ဖျက်ဆီးခြင်း!"

သူ ရုတ်တရက် ထရပ်လိုက်ရာ မျက်စိသူငယ်အိမ်များ ပြူးကျယ်သွားပြီး မေးစေ့များ တုန်ရင်လာကာ သူ၏ မျက်နှာမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသောပုံစံ ဖြစ်သွားခဲ့သည်။

"အဖေ..... အဖေ ဘာဖြစ်တာလဲ!"

ဝူခယ်ရုံသည် သူ၏ဖခင်ကို ဤကဲ့သို့သော ပုံစံမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပေ။

"ယင်းချိုင် နည်းပညာကုမ္ပဏီ ..... ယင်းချိုင်..... ယင်း..... ကျိုးထျန်း....."

ဝူချန်ချိုင်သည် စာအုပ်ကို ကိုင်ထားရင်း လက်များတုန်ရင်နေကာ တတွတ်တွတ် ရေရွတ်နေမိသည်။

"အဖေ..... ဘာဖြစ်လို့လဲ..... ဒီစာအုပ်မှာ ဘာမှားနေလို့လဲ"

"ဟဲဟဲ..... ဟားဟားဟား..... ဟားဟားဟားဟား....."

ဝူချန်ချိုင်သည် အကျယ်ကြီး ရယ်မောလိုက်တော့သည်။ သူ နားလည်သွားပြီ..... အားလုံးကို သူ နားလည်သွားပြီဖြစ် သည်။

မိနစ်ဝက်ခန့်အကြာတွင် သူ ခေါင်းငုံ့ကာ သားဖြစ်သူကို ကြည့်လိုက်ရာ သူ့မျက်လုံးများထဲတွင် အလွန်အမင်း စိတ်ပျက်မှုနှင့် နောင်တများ ပြည့်နှက်နေသည်။

"အသက် ၁၈ နှစ်ချင်းတူတူမှာ ဒီကျိုးထျန်းက ဒီလောက်အထိ တော်လိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး..... ကောင်းပြီ..... ငါ တကယ်ပဲ အထင်ကြီးသွားပြီ"

သူ အမုန်းဆုံး လူကို ဖခင်ဖြစ်သူက ချီးကျူးနေသည်ကို ကြားလိုက်ရသဖြင့် ဝူခယ်ရုံမှာ လုံးဝ ဆွံ့အသွားခဲ့သည်။

ဘာတွေ ဖြစ်ကုန်တာလဲ..... ဒီစာအုပ်ထဲမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေလို့လဲ..... ငါ ဘာလို့ ဒါကို မတွေ့ခဲ့တာလဲ.....

"လူမိုက်..... သားမိုက်!"

ဤသည်မှာ ဝူချန်ချိုင်က သားဖြစ်သူကို ပထမဆုံးအကြိမ် ဆဲဆိုလိုက်ခြင်းဖြစ်သည်။

ဝူခယ်ရုံ မယုံနိုင်ပေ..... ဘာလို့ အခုလို ဖြစ်ရတာလဲ.....

"သူတို့က အဖြေကို မင်းရှေ့မှာ ချပေးထားတာတောင် မင်းက အခုထိ မမြင်နိုင်သေးဘူးလား..... ငါ တစ်သက်လုံး မှားခဲ့တာပဲ၊

မင်းလို လူမိုက်တစ်ယောက်က ငါ့နေရာကို ဆက်ခံနိုင်လိမ့်မယ်လို့ ထင်ခဲ့တာ တကယ်ကို မှားခဲ့တာပဲ!"

"အခုတော့ အားလုံး နောက်ကျသွားပြီ....."

"ဆယ်စုနှစ်တစ်ခုကျော် ငါ ပင်ပင်ပန်းပန်း ကြိုးစားခဲ့တာတွေအားလုံး ငါ့သားလက်နဲ့ ဖျက်ဆီးခံလိုက်ရလိမ့်မယ်လို့ ငါ လုံးဝမတွေးခဲ့မိဘူး"

ဝူချန်ချိုင်သည် စာအုပ်ကို သားဖြစ်သူ၏မျက်နှာပေါ်သို့ အားကုန်သုံး၍ ပစ်ပေါက်လိုက်သည်။

စာအုပ်၏မာကျောသော မျက်နှာဖုံးမှာ ဝူခယ်ရုံ နှာခေါင်းကို ထိမှန်သွားသဖြင့် သွေးများ ချက်ချင်း စီးကျလာခဲ့သည်။

"အဖေ..... အဖေ ရူးသွားပြီလား!"

အနားရှိရဲအရာရှိက သူတို့နှစ်ဦးကို ချက်ချင်း တားဆီးလိုက်ပြီး ဝူခယ်ရုံကို ဆေးကုသမှု ခံယူရန် ဆေးခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ဝူချန်ချိုင်သည် ချုပ်နှောင်ရေးစခန်းမှ တိတ်ဆိတ်စွာပင် ထွက်ခွာသွားခဲ့တော့သည်။

ကျိုးထျန်းကမူ ဤအရာများကို ဂရုမစိုက်တော့ပေ။ သူသည် ဂျက်ဆီကို ဝူမိသားစု သားအဖနှစ်ဦးအပေါ် စောင့်ကြည့်နေခြင်းများကို ဖယ်ရှားရန်အမိန့်ပေးပြီးသား ဖြစ်သည်။

ချုပ်နှောင်ရေးစခန်းသို့ သွားခဲ့ခြင်းက သူ့ကို စိတ်အပန်းပြေစေခဲ့သည်။ ရန်သူ၏ကျရှုံးမှုကို မြင်တွေ့ရခြင်းထက် ပို၍ ကျေနပ်စရာကောင်းသော အရာမရှိပေ။

သူသည် သီချင်းတစ်ပုဒ်ကို ညည်းရင်း အိမ်သို့ မောင်းပြန် လာခဲ့သည်။ အိမ်သို့ ရောက်သောအခါ သူ့ ဖခင်ဖြစ်သူမှာ မထင်မှတ်ဘဲ စောစော ပြန်ရောက်နေသည်ကို တွေ့လိုက်ရသည်။

ပုံမှန်အားဖြင့် သူ့ မိဘများမှာ ည ၁၀ နာရီ နောက်ပိုင်းမှ ပြန်ရောက်လေ့ရှိသည်။ ယခုမူ ည ၇ နာရီ ကျော်ရုံသာ ရှိသေးသဖြင့် ၎င်းမှာ ပုံမှန် မဟုတ်ပေ။

"အဖေ..... ဒီနေ့ ဆိုင်ကို မသွားဘူးလား"

ဖခင်ဖြစ်သူက စိတ်မသက်မသာ ပုံစံဖြင့် သက်ပြင်းချလိုက်သည်။

"သွားပါတယ်..... ဒါပေမဲ့ စောစော ပြန်လာခဲ့တာ"

"ဘာဖြစ်လို့လဲ....."

ဖခင်ဖြစ်သူ စိတ်ဆိုးနေသည်ကို ကျိုးထျန်း အထင်အရှား ခံစားမိသည်။

"ဟွန့်..... ဒီနေ့ မင်းရဲ့အဒေါ်က မင်းရဲ့ညီလေးကို ဆိုင်ကို ခေါ်လာပြီး ထမင်းလာစားကြတယ်လေ"

"ဩော်....."

၎င်းကို ကြားလိုက်ရသောအခါ ကျိုးထျန်းကတော့ ပုံမှန်ပဲဟု တွေးမိသည်။

ထိုလူနှစ်ဦး၏ ထေ့ငေါ့ပြောဆိုတတ်သော အကျင့်ကြောင့် တစ်ခုခု စိတ်အနှောင့်အယှက် ဖြစ်စရာ ပြောလိုက်ကြပြန်ပြီ ထင်သည်။

"သူတို့ လွန်ခဲ့တဲ့ အခေါက်က ဒေါသတကြီးနဲ့ ထွက်သွားကြတာ မဟုတ်လား..... ဘာလို့ ငါတို့ဆီ ပြန်လာကြတာလဲ"

ကျိုးထျန်း၏ မှတ်ဉာဏ်ထဲတွင် သူ့အဒေါ်နှင့် ညီလေးဖြစ်သူမှာ သူတို့ဆိုင်သို့ တစ်ခါမှ မလာဖူးသလောက်ပင်။

အဘယ်ကြောင့်ဆိုသော် သူတို့ဆိုင်မှာ သူတို့၏အဆင့်အ တန်းနှင့်မညီသော စားသောက်ဆိုင် မဟုတ်ဟု သူတို့ ယူဆသောကြောင့် ဖြစ်သည်။

"ဟဲ..... သူတို့ ဘာလာလုပ်မှာလဲ..... ပိုက်ဆံလာချေးတာပေါ့"

ကျိုးကျန့်ခန်း မခံမရပ်နိုင်သော ပုံစံဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"ပိုက်ဆံချေးမယ် ? သူတို့က ဘာလုပ်ဖို့ ပိုက်ဆံလိုနေတာလဲ”

All Chapters