အခန်း (၅၄၁-၅၄၂)
Vol. 28 Ch. 541-542
အပိုင်း(၅၄၁) နီးကပ်လာသော ခြိမ်းခြောက်မှု
မုန့်ကျွင်းဟွာ၏ ဉာဏ်ရည်က မနိမ့်ကျလှပေ။ ခုနက ဘာဖြစ်သွားခဲ့သလဲဆိုတာကို သူ ချက်ချင်းပင် ရှင်းရှင်းလင်းလင်း သဘောပေါက်သွားခဲ့သည်။ ထို့ကြောင့် ချက်ချင်းပင် လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားတော့၏။
သူ့ကိုယ်သူ မည်သည့်ပုန်ကန်လိုသော အတွေးအခေါ်မှ မရှိဘူးဟု ယူဆထားသော်လည်း သူ့တွင် အခြားသူများအား ပေးမသိနိုင်သော မလျော်ကန်သည့် လျှို့ဝှက်ချက်အချို့ မရှိဘူးဟု မည်သူက အာမခံနိုင်မည်နည်း။
ထို့အပြင် သူ၏ အိမ်ထဲတွင်ပင် စရိုက်မျိုးစုံရှိပြီး အလွန်လှပဆွဲဆောင်မှုရှိသော စက်ရုပ်ချစ်သူ ဆယ့်ရှစ်ရုပ်ကို တိတ်တဆိတ် စုဆောင်းထားသေးရာ သူ၏ ကိုယ်ပိုင်ဘဝက အတော်လေး ဖောက်ပြန်ပျက်စီးနေသည်ဟု ဆိုရမည်။
အထက်လူကြီးများက မြို့တော်ဝန်အကြောင်း ပြောလာတိုင်း လျှို့ဝှက်ထားပြီး နှုတ်ဆိတ်နေတတ်ခြင်း သို့မဟုတ် စကားလမ်းကြောင်းကို ပါးနပ်စွာ လွှဲပြောင်းသွားတတ်ခြင်းမှာ မဆန်းတော့ပေ။
ဤအခြေအနေကို ကြိုသိထားခဲ့မည်ဆိုပါက မုန့်ကျွင်းဟွာက အသေအသတ်ခံရမည်ဆိုလျှင်တောင် လော်ယွမ်ကို လာရောက်တွေ့ဆုံရဲမည် မဟုတ်ချေ။
သူ၏ မှတ်ဉာဏ်များ ဖတ်ရှုခံလိုက်ရခြင်းအတွက် ဒေါသထွက်ခြင်းနှင့် မကျေနပ်ခြင်းများကမူ သူ၏ ရင်ထဲတွင် အနည်းငယ်မျှပင် ရှိမနေရဲခဲ့ပေ။
သူ၏ စိတ်အခြေအနေ တဖြည်းဖြည်း တည်ငြိမ်သွားပြီးနောက် သူ၏ ခေါင်းထဲတွင် ပိုလာသော မှတ်ဉာဏ်များကို စတင်၍ ပြန်လည်စဉ်းစားကြည့်လိုက်သည်။
အားစိုက်ပြီး စဉ်းစားနေရန်ပင် မလိုအပ်ချေ။ ဤမှတ်ဉာဏ်များက ဦးနှောက်ထဲတွင် ထွင်းထုထားသကဲ့သို့ အလွန်နက်ရှိုင်းပြီး ရှင်းလင်းပြတ်သားလှသည်။
မျက်စိဖွင့်ထားသည်ဖြစ်စေ ပိတ်ထားသည်ဖြစ်စေ စိတ်ထဲတွင် အတွေးတစ်ချက် ပေါ်လာသည်နှင့် ထိုပိုလာသော မှတ်ဉာဏ်များက ရေတံခါးဖွင့်ချလိုက်သည့် ရေလှောင်တမံတစ်ခုအလား ရေလွှမ်းမိုးမှုကြီးလို ဒလဟော စီးဆင်းကျလာတော့သည်။
အကယ်၍ သူသာ ဉာဏ်ပညာဆေးရည်ကို သောက်သုံးထားခြင်း မရှိခဲ့ပါက သာမန်လူတစ်ယောက်အနေဖြင့် ဤမျှများပြားသော သတင်းအချက်အလက် စီးဆင်းမှုဒဏ်ကို ခံနိုင်ရည်ရှိမည်မဟုတ်ဘဲ အချိန်စောစောကတည်းက အရူးတစ်ယောက် ဖြစ်သွားလောက်ပြီဖြစ်သည်။
ဤသို့ဖြစ်နေသည့်တိုင် မုန့်ကျွင်းဟွာမှာ ခေါင်းကွဲထွက်မတတ် နာကျင်မှုကို ခံစားနေရပြီး ဦးနှောက်က အပိုင်းပိုင်း ဆွဲဖြဲခံနေရသကဲ့သို့ ရှိလေသည်။
မှတ်ဉာဏ်များက အစုံအလင်ဖြစ်ပြီး အရာအားလုံး ပါဝင်နေသည်။
သူ၏ ကျွမ်းကျင်ရာ နယ်ပယ်များဖြစ်သော ကွမ်တမ်၊ ဟင်းလင်းပြင်၊ မြေဆွဲအား အစရှိသည့် ရူပဗေဒ နယ်ပယ်များမှစ၍ ဇီဝဗေဒ၊ သံလိုက်စက်ကွင်းနှင့် ကန့်သတ်ပစ္စည်းသိပ္ပံ စသည့် နယ်ပယ်များစွာအထိ ပါဝင်သည်။
မှတ်ဉာဏ်များထဲတွင် အစစ်အမှန် ပုံရိပ်များ၊ ကိန်းဂဏန်း အချက်အလက်များ၊ ဖော်မြူလာများနှင့် ရိုးရှင်းသော စာသားဖော်ပြချက် အချို့လည်း ပါဝင်လေသည်။
မုန့်ကျွင်းဟွာက ခေါင်းကို ကိုင်ထားရင်း နှာခေါင်းသွေးများ တသွင်သွင် စီးကျနေသော်လည်း တဖြည်းဖြည်းနှင့် သွေးကြောများ ယှက်သန်းနေသော သူ၏ မျက်လုံးများက ပြူးကျယ်လာကာ မယုံကြည်နိုင်သော အမူအရာ ဖြစ်လာတော့သည်။
ဤအချက်အလက်များ အားလုံးသည် လက်ရှိ နည်းပညာအဆင့်အတန်းကို ပိုမိုနက်ရှိုင်းစွာ တိုးချဲ့ပြီး ဖွံ့ဖြိုးတိုးတက်စေမည့် အရာများဖြစ်ကြောင်း သူ ရှာဖွေတွေ့ရှိလိုက်ရသည်။
အခြားနယ်ပယ်များနှင့် ပတ်သက်၍ မုန့်ကျွင်းဟွာက သိပ်မသိရှိလှပေ။ အများဆုံးအနေဖြင့် ဂျာနယ်များတွင် နောက်ဆုံးပေါ် တွေ့ရှိချက်အချို့ကို လေ့လာထားခြင်းမျိုးသာ ရှိသည်။
သို့သော် သူ၏ ကျွမ်းကျင်ရာ ကွမ်တမ်နှင့် ဟင်းလင်းပြင် နယ်ပယ်များတွင်မူ သူက အတော်အတန် သြဇာညောင်းသူ တစ်ဦးဖြစ်သည်။
သို့တိုင်အောင် ဤအချက်အလက်များကို အကြမ်းဖျင်း တစ်ချက်ကြည့်လိုက်ရုံဖြင့် ကြီးစွာသော ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤအချက်အလက်များက အထက်စီးမှနေ၍ ခြုံငုံကြည့်ရှုထားသကဲ့သို့ ဖြစ်နေပြီး မရင့်ကျက်သေးသော ရူပဗေဒသီအိုရီ များစွာကို ပြင်ဆင်မွမ်းမံထားရုံသာမက လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်သည်များပင် ရှိနေကြောင်း သူ တွေ့ရှိလိုက်ရသည်။
ဤအချက်အလက်များသည် သိပ္ပံပညာရှင်တစ်ဦးအတွက်မူ အစားမက်သူတစ်ယောက် ဟင်းပွဲကောင်းများနှင့် တွေ့လိုက်ရသကဲ့သို့၊ ကာမလိုက်စားသူတစ်ယောက် မိန်းမပျက်တစ်ဦးနှင့် ဆုံတွေ့လိုက်ရသကဲ့သို့ပင် ဖြစ်ပေသည်။
ဤအချိန်တွင် မုန့်ကျွင်းဟွာမှာ ခေါင်းကိုက်နေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သူ၏ ယာဉ်ပျံငယ်ဆီသို့ ကပျာကယာ ပြေးသွားတော့သည်။ သူက ဓာတ်ခွဲခန်းသို့သွား၍ ဤအရာများကို သက်သေပြရန် အလွန်အမင်း စိတ်လောနေပြီဖြစ်သည်။
……
ယနေ့က တည်ငြိမ်အေးချမ်းမည့် နေ့တစ်နေ့ မဟုတ်သည်မှာ သေချာလှသည်။ သိပ်မကြာမီမှာပင် ပိကျန့်ဖိန်က ဤနေရာသို့ ပြေးလာခဲ့သည်။
သာမန်ကိစ္စလေးများဖြင့်ဆိုလျှင် သူက လာရောက်နှောင့်ယှက်မည် မဟုတ်ကြောင်း လော်ယွမ် ရှင်းရှင်းလင်းလင်း သိထားသည်။ သူရောက်လာပြီဆိုကတည်းက တစ်ခုခု ဖြစ်နေပြီဆိုသည်မှာ ထင်ရှားသည်။
"ဘာကိစ္စလဲ" လော်ယွမ်က တိုတိုတုတ်တုတ်ပင် မေးလိုက်သည်။
ပိကျန့်ဖိန် လာရောက်စဉ်က မျက်နှာပေါ်တွင် စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေသော်လည်း ဤကျယ်ဝန်းလှသော ခန်းမကြီးထဲသို့ ဝင်ရောက်လာပြီးနောက် သူ၏ စိတ်ထဲတွင် ထူးဆန်းစွာ တည်ငြိမ်သွားခဲ့သည်။ သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"မြို့တော်ဝန်... ကျွန်တော်တို့ရဲ့ ဟင်းလင်းပြင်လှိုင်း ထောက်လှမ်းရေးစနစ်က အဆက်မပြတ် ဟင်းလင်းပြင် တုန်ခါလှိုင်းတွေကို ထောက်လှမ်းမိခဲ့ပါတယ်"
"ပြီးတော့ ဟင်းလင်းပြင်လှိုင်းရဲ့ အရင်းအမြစ် လာရာလမ်းကြောင်းနဲ့ လှိုင်းပြောင်းလဲမှု အတိုင်းအတာတွေကို တွက်ချက်ကြည့်ပြီးတဲ့နောက် ကျွန်တော်တို့ ဒါကို တွေ့ရှိခဲ့ရတယ်" သူက စာရွက်စာတမ်းတစ်ခုကို မြှောက်ပြလိုက်သည်။
လော်ယွမ်က ခေါင်းမော့၍ တစ်ချက်ကြည့်လိုက်သည်။ သူ၏ အကြည့်များက စာမျက်နှာ ဆယ်ဂဏန်းခန့်ရှိသော အချက်အလက်များကို ဖောက်ထွင်းသွားပြီး ဤစာသားများနှင့် ပုံများကို ဦးနှောက်ထဲသို့ ချက်ချင်း ရိုက်သွင်းလိုက်သည်။
ဤသည်မှာ ဟင်းလင်းပြင်လှိုင်း အရင်းအမြစ်နှင့် ပတ်သက်သည့် ခွဲခြမ်းစိတ်ဖြာမှု အစီရင်ခံစာတစ်ခု ဖြစ်သည်။ အစီရင်ခံစာအရ ဤဟင်းလင်းပြင်လှိုင်း အရင်းအမြစ်သည် အလင်းထက်မြန်သော နှုန်းဖြင့် အဆက်မပြတ် ရွေ့လျားနေပြီး ဦးတည်ရာကလည်း ဤနေရာဆီသို့ တည့်တည့်မတ်မတ် လာနေခြင်းဖြစ်သည်။
လော်ယွမ်က ချက်ချင်းပင် အနည်းငယ် အာရုံခံကြည့်လိုက်ရာ ဤသို့ အဆက်မပြတ် ပြောင်းလဲနေသော ဟင်းလင်းပြင် တုန်ခါလှိုင်းကို အမှန်တကယ်ပင် တွေ့ရှိလိုက်ရသည်။
ဤကာလအတောအတွင်း သူက ဟင်းလင်းပြင်နှင့် ပတ်သက်သော စမ်းသပ်မှုများကို ဆက်တိုက် ပြုလုပ်နေခဲ့ရာ ဟင်းလင်းပြင်လှိုင်း အမျိုးမျိုးက အချင်းချင်း ရောထွေးနေသဖြင့် အနည်းငယ် လစ်လျူရှုမိသွားခြင်းမှာ မလွှဲမရှောင်သာပေ။ ထို့ကြောင့် ယခင်က လုံးဝ သတိမထားမိခဲ့ခြင်း ဖြစ်သည်။
ဟင်းလင်းပြင် တုန်ခါမှုကို ဖြစ်ပေါ်စေသော အလင်းထက်မြန်သည့် ရွေ့လျားမှု အရင်းအမြစ်၊ ထို့အပြင် ဤနေရာသို့ ဦးတည်လာနေသော ရွေ့လျားမှု အရင်းအမြစ် ဆိုသည်မှာ ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိတော့သည်။
"ငါတို့ကိုသိသွားပြီ... စစ်ပြင်ကြတော့... ငါတို့ အချိန် သုံးနှစ်ပဲ ရတော့မယ်" လော်ယွမ်က တွက်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။
……
ပိကျန့်ဖိန်က ချက်ချင်းပင် စိုးရိမ်ပူပန်မှုများဖြင့် ထွက်ခွာသွားခဲ့သည်။ ဤသတင်းက ကြည်လင်နေသော ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်နေသဖြင့် သူ ထွက်သွားချိန်တွင် စိတ်ပင် အနည်းငယ် လွင့်မျောနေခဲ့သည်။
"မြို့တော်ဝန်ပိ... အဆင်ပြေရဲ့လား" အပြင်ဘက်ရှိ အတွင်းရေးမှူးက သူ၏ အခြေအနေ မမှန်သည်ကို ရိပ်မိသွားပြီး ချက်ချင်းပင် တွဲကူလိုက်သည်။
"ငါ အဆင်ပြေပါတယ်... ကော်မတီဝင် အားလုံးကို အစည်းအဝေး ချက်ချင်း ခေါ်လိုက်" သူက အတွင်းရေးမှူးကို ညင်သာစွာ ရုန်းထွက်လိုက်ပြီး ခြေလှမ်းကျဲများဖြင့် ရှေ့သို့ လျှောက်သွားရင်း "အစည်းအဝေးကို နေ့လယ် သုံးနာရီလို့ သတ်မှတ်လိုက်" ဟု ပြောလိုက်သည်။
လူသားများသည် မကြာမီ စစ်မက်ကာလ အခြေအနေသို့ ဝင်ရောက်တော့မည် ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ များစွာကို ပြုပြင်ပြောင်းလဲရန် လိုအပ်ပြီး သုတေသနနှင့် တည်ဆောက်ရေး လုပ်ငန်းစဉ် အချို့ကိုလည်း ထပ်မံ၍ အရှိန်မြှင့်ရမည်ဖြစ်သည်။ အာကာသ ကာကွယ်ရေး စနစ်ကိုလည်း အချိန်ဆွဲနေ၍ မရတော့ဘဲ ချက်ချင်း စတင်ရတော့မည် ဖြစ်သည်။
အလင်းထက်မြန်သော အမြန်နှုန်းဖြင့် ပျံသန်းနိုင်စွမ်းရှိသည့် ဗိုရှင်းဂြိုဟ်သားများနှင့် ရင်ဆိုင်ရချိန်တွင် လူသားများအတွက် ထွက်ပြေးစရာ နေရာဟူ၍ မရှိတော့ဘဲ သေခန်းရှင်ခန်း တိုက်ပွဲဝင်ရန်သာ ရှိတော့သည်။
လူသားများအတွက် ကျန်ရှိနေသော အချိန်က သိပ်မများလှပေ။ သုံးနှစ်ဆိုသော အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားနိုင်ပေသည်။
ထိုအချိန်တွင် နောက်လှည့်ကြည့်လိုက်ရာ အတွင်းရေးမှူးမှာ အနည်းငယ် အခက်တွေ့နေသည့် အမူအရာ ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ပိကျန့်ဖိန်၏ မျက်နှာထား ချက်ချင်း တင်းမာသွားသည်။
လော်ယွမ်က အုပ်ချုပ်ရေးကိစ္စများကို စိတ်မဝင်စားတော့သဖြင့် ယာယီ ကိုယ်စားလှယ်အဖြစ် တာဝန်ယူထားရသော သူ၏ သြဇာအာဏာမှာ သိပ်မမြင့်မားလှပေ။
ဤကဲ့သို့သော အစည်းအဝေးမျိုးကို လုပ်ထုံးလုပ်နည်းများအရ ကြိုတင် အကြောင်းကြားရမည်ဖြစ်သည်။ သူက အသံကို ပိုမို လေးနက်စေကာ "သူတို့ကို အကြောင်းကြားလိုက်... ဒါက အရေးပေါ် အစည်းအဝေးပဲ" ဟု ပြောလိုက်သည်။
……
ပိကျန့်ဖိန်နှင့် နှိုင်းယှဉ်ပါက ဤအံ့မခန်း သတင်းအပေါ် လော်ယွမ်၏ စိတ်ထဲတွင်မူ များစွာ ဂယက်ရိုက်ခတ်သွားခြင်း မရှိချေ။
သို့သော် စူးစမ်းလိုစိတ် ဆိုသည်မှာ သက်ရှိများ၏ သဘာဝပင် ဖြစ်သည်။ သူက အာကာသထဲသို့ ချက်ချင်း နေရာရွှေ့ပြောင်းသွားပြီး ဟင်းလင်းပြင် တုန်ခါမှု လာရာလမ်းကြောင်းဆီသို့ လှမ်းကြည့်လိုက်သည်။
လော်ယွမ်က အချိန်အတော်ကြာအောင် ခွဲခြားကြည့်ရှုပြီးမှသာ ကြယ်တွေ ပြည့်နှက်နေသော အာကာသ နောက်ခံကို ဖြတ်သန်း၍ ဤနေရာဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာနေသော ဝေဝါးဝေဝါး အရိပ်မည်းတစ်ခုကို မြင်တွေ့လိုက်ရသည်။
အပူချိန်မြင့်မားမှုကြောင့် လေထု ကောက်ကွေးသွားသကဲ့သို့ အရိပ် ဖြတ်သန်းသွားသော နေရာများတွင် အလင်းတန်းများက အနည်းငယ် ပုံပျက်သွားကြသည်။
သေချာသည်မှာ သူဖမ်းယူရရှိသော ပုံရိပ်များက အချိန်နှင့်တစ်ပြေးညီ မဟုတ်ဘဲ လွန်ခဲ့သော နှစ်အနည်းငယ်က ပုံရိပ်ဟောင်းများသာ ဖြစ်သည်။
မရေမတွက်နိုင်သော ကိန်းဂဏန်း အချက်အလက်များက ဦးနှောက်ထဲတွင် စုစည်းသွားသည်နှင့်အမျှ စက္ကန့်တစ်ရာပုံ တစ်ပုံအတွင်းမှာပင် ထိုအလင်းရိပ်၏ အစစ်အမှန် အရွယ်အစားကို လော်ယွမ်က တွက်ချက်ခန့်မှန်းနိုင်ခဲ့သည်။
၎င်း၏ အချင်းမှာ မိုင်ပေါင်း သိန်းနဲ့ချီ၍ ကျယ်ဝန်းပေလိမ့်မည်။ သံသယဖြစ်ဖွယ်မရှိ ဤသည်မှာ အာကာသယာဉ် တစ်စင်း၏ အရွယ်အစား မဟုတ်သလို ဤမျှ ကြီးမားသော အာကာသယာဉ်မျိုးလည်း ရှိနိုင်မည် မဟုတ်ပေ။ ၎င်းမှာ ကွေးညွတ်ပျံသန်းခြင်း နည်းပညာဖြင့် ပျံသန်းလာနေသော ဧရာမ စစ်သင်္ဘောအုပ်စုကြီး တစ်ခုပင် ဖြစ်သည်။
ဤအချိန်တွင် လော်ယွမ်ကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားသည့် အမူအရာ ပေါ်ထွက်လာခဲ့သည်။
ဗိုရှင်းဂြိုဟ်သားများ၏ အလားအလာက တွေးထင်ထားသည်ထက် ပိုမိုမြင့်မားနေပြီး လူသားများကိုလည်း ထင်ထားသည်ထက် ပိုမို အလေးထားနေကြသည်။
သို့သော် နေရာချင်း လဲလှယ်၍ တွေးကြည့်ပါက ထိုအထဲမှ နက်နဲသော စိတ်သဘောထားကို နားလည်နိုင်ပေသည်။ သေးငယ်သော ကုမ္ပဏီတစ်ခုမှသည် ကြီးမားသော နိုင်ငံတစ်နိုင်ငံအထိ မည်သည့် အဖွဲ့အစည်းကမျှ ခြိမ်းခြောက်မှုများကို လွတ်လပ်စွာ တည်ရှိခွင့်ပြုထားမည် မဟုတ်ပေ။
ထို့အပြင် အချင်းချင်း နီးကပ်စွာ တည်ရှိနေသော ကွဲပြားသည့် မျိုးနွယ်စု ယဉ်ကျေးမှုများကြားတွင် ရန်လိုမှုနှင့် သတိထားမှုဆိုသည်မှာ သဘာဝတရားလိုပင် ဖြစ်နေပြီး သိမ်းပိုက်ခြင်း မဟုတ်လျှင် ဖျက်ဆီးခြင်းသာ ဖြစ်ပေလိမ့်မည်။
ပထမဆုံး စေလွှတ်ခဲ့သော စစ်သင်္ဘောကြီး ကျရှုံးသွားပြီးနောက်တွင် ထိုရန်လိုမှုနှင့် သတိထားမှုတို့က အမြင့်ဆုံးအမှတ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ခြိမ်းခြောက်မှု အဆင့်က တဟုန်ထိုး မြင့်တက်သွားပြီး ရန်ငြိုးများလည်း နက်ရှိုင်းသွားခဲ့ပြီဖြစ်ရာ စစ်ပွဲက သေရေးရှင်ရေး တိုက်ရမည့် အခြေအနေသို့ ရောက်ရှိသွားခဲ့လေပြီ။
……
လော်ယွမ်က နေအိမ်သို့ ပြန်ရောက်လာပြီးနောက် ခေတ္တမျှ တိတ်ဆိတ်နေခဲ့သည်။ ထို့နောက် သူက ဟင်းလင်းပြင်ဘောလုံးကို ထုတ်ယူလိုက်ပြီး နေရာရွှေ့ပြောင်းခြင်းဖြင့် အာကာသမြို့တော်နှင့် ဝေးကွာသော ဂြိုဟ်တုပတ်လမ်းဆီသို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။
နောက်တစ်စက္ကန့်တွင် အဆုံးအစမဲ့သော ခွန်အားများက သူ၏ ခန္ဓာကိုယ်ထဲမှ စတင် ပေါက်ကွဲထွက်လာသည်။ သူ၏ တစ်ကိုယ်လုံးမှ နက်ရှိုင်းသော အပြာရောင် စွမ်းအင်အလင်းတန်းများ ဖြာထွက်နေပြီး ခန္ဓာကိုယ်က သာမန်ထက် လွန်ကဲသော အခြေအနေသို့ ဝင်ရောက်သွားသည်။
အမှောင်စွမ်းအင် အမျှင်တန်းလေးများက ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသည်နှင့်အမျှ သူ၏ အာရုံခံနိုင်စွမ်းများက အဆုံးစွန်ထိ ပြန့်နှံ့သွားပြီး ကြယ်တာရာ အဖွဲ့အစည်း တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။
မရေမတွက်နိုင်သော ကိန်းဂဏန်း အချက်အလက်များက ဦးနှောက်ထဲတွင် လျှပ်စီးလက်သကဲ့သို့ ဖြတ်ပြေးသွားပြီး အရာအားလုံးကို သိရှိနိုင်စွမ်းရှိသော၊ အရာအားလုံးကို တတ်စွမ်းနိုင်သော ခံစားချက်မျိုးက ရင်ထဲမှ ပေါ်ထွက်လာကာ သူ၏ မျက်နှာထားက ပို၍ပို၍ အေးစက်တည်ငြိမ်လာတော့သည်။
ထို့နောက် သူက ဤဧရာမ နံပါတ်လေး ဂြိုဟ်ကြီးကို ငုံ့ကြည့်လိုက်သည်။ နောက်တစ်စက္ကန့်တွင် မျက်မြင်မရသော စွမ်းအားတစ်ခုက ဂြိုဟ်၏ မျက်နှာပြင်ပေါ်သို့ သက်ရောက်သွားရာ ဂြိုဟ်တစ်လုံးလုံး အနည်းငယ် တုန်ခါသွားပြီး အဆုံးမရှိသော မြူခိုးများ ထောင်းထောင်းထလာသည်။
ထို့နောက် မိုင်အနည်းငယ်ခန့် ထူထဲသော ရေခဲနှင့် ဆီးနှင်းများက အပိုင်းပိုင်း ကွဲအက်သွားပြီး ဂြိုဟ်၏ ဆွဲငင်အားမှ ရုန်းထွက်ကာ လေထဲသို့ ဖြည်းညင်းစွာ လွင့်မျောတက်လာကြသည်။
ဤရေခဲနှင့် ဆီးနှင်းများထဲတွင် သေးငယ်သော အရာများက တန်ချိန် အနည်းငယ်ခန့် လေးလံပြီး ကြီးမားသော အရာများကမူ တန်ချိန် သောင်းချီ၍ လေးလံကြသည်။ အာကာသထဲမှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်ပါက သိပ်သည်းပြည့်နှက်နေပြီး ဖုန်မှုန့်လေးများ စုဖွဲ့ထားသကဲ့သို့ ထင်မှတ်ရသည်။
ဆက်တိုက်ဆိုသလိုပင် အဆုံးမရှိသော ရေခဲနှင့် ဆီးနှင်းများက ပို၍ပို၍ မြန်ဆန်စွာ ပျံသန်းလာကြပြီး ကြီးကျယ်ခမ်းနားသော မြစ်ရှည်ကြီး တစ်စင်းအလား အာကာသထဲရှိ လော်ယွမ်ဆီသို့ စုဝေးရောက်ရှိလာကြတော့သည်။
ဆက်ရန်...
အပိုင်း(၅၄၂) စက်ဝိုင်းပြား
ဂြိုဟ်ဆိုင်ရာ ဘူမိဗေဒနှင့် မိုးလေဝသစောင့်ကြည့်ရေးဌာန။
၎င်းသည် ဤတစ်နှစ်အတွင်းမှ အသစ်ဖွဲ့စည်းထားသော ဌာနတစ်ခုဖြစ်ပြီး မည်သူကမျှ အာရုံမစိုက်၊ စိတ်ဝင်စားမှုအနည်းဆုံး ဌာနတစ်ခုလည်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် နံပါတ်(၄)ဂြိုဟ်၏ လေထုမှာ အလွန်ပါးလွှာပြီး အပူချိန်မှာလည်း အလွန်အမင်း အေးခဲလွန်းလှသည်။ မြေမျက်နှာပြင်မှာ ခိုင်မာတည်ငြိမ်ပြီး မုန်တိုင်းများ မရှိသည့်အပြင် မီးတောင်ပေါက်ကွဲမှုနှင့် ငလျင်လှုပ်ခတ်မှုများလည်း မရှိသလောက်ပင် ရှားပါးလှသည်။
လူသားများ ဤကြယ်တာရာအဖွဲ့အစည်းသို့ ရောက်ရှိလာချိန်မှစ၍ ယခုတိုင်အောင် ဤဂြိုဟ်ပေါ်တွင် ဘူမိဗေဒနှင့် မိုးလေဝသ ပြောင်းလဲမှု တစ်ကြိမ်တစ်ခါမျှ မဖြစ်ပေါ်ခဲ့ဖူးချေ။
ဌာနစတင် ဖွဲ့စည်းခါစ အချိန်က ဂြိုဟ်တစ်ခွင် လှည့်လည်စူးစမ်းလေ့လာခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စူးစမ်းထောက်လှမ်းရေးစခန်းများ တည်ဆောက်ချိန်တွင် အနည်းငယ် အလုပ်များခဲ့သည်မှလွဲ၍ ကျန်အချိန်များတွင်မူ မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့ပေ။
ထို့ကြောင့်ပင် ဌာနစတင်ဖွဲ့စည်းစဉ်က လူသုံးဆယ်ခန့်ရှိသော ဌာနကြီးတစ်ခုမှသည် ယခုအခါ အလုပ်သမားများ လျှော့ချပစ်ခဲ့ရာ ဌာနမှူးအပါအဝင် လေးယောက်သာ ကျန်ရှိတော့သည်။
၂၄ နာရီပတ်လုံး စောင့်ကြည့်ရန် အလှည့်ကျတာဝန်ချထားဖို့ မလိုအပ်ပါက လူတစ်ယောက်တည်းနှင့်ပင် လုံလောက်နေပေလိမ့်မည်။
ဉာဏ်ရည်တုစနစ်များက လူသားတို့၏ နေ့စဉ်ဘဝ ကဏ္ဍစုံသို့ ထိုးဖောက်ဝင်ရောက်နေပြီဖြစ်ရာ လူသားတို့၏ အခန်းကဏ္ဍမှာ အတည်ပြုပေးရန် အဆင့်တစ်ခုသာ ကျန်ရှိတော့သည်ဟုပင် ဆိုရမည်။
ဌာနတစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်နေသည်။ ချီရွှယ်ဖုန်းက လက်ဖက်ရည်တစ်ခွက် ဖျော်လိုက်ပြီး လေပေါ်ဝဲနေသော ထိုင်ခုံပေါ်တွင် ပျင်းရိငြီးငွေ့စွာ ထိုင်နေလိုက်သည်။
ယနေ့ နေ့ခင်းဘက်တွင် သူတစ်ယောက်တည်း အလှည့်ကျတာဝန်ကျသည်။ မထိုင်မီ စောင့်ကြည့်စခရင်များပေါ်ရှိ အချက်အလက်များကို သူက တစ်ချက် ဝေ့ကြည့်လိုက်ရာ အရာအားလုံးက ပုံမှန်အတိုင်းပင် ရှိနေသည်။ ဤသည်က သူ့အတွက်တော့ မထူးဆန်းလှပေ။
သူက လေပေါ်ဝဲနေသော ထိုင်ခုံပေါ်တွင် ခန္ဓာကိုယ်ကို လျှော့ချကာ မှီထိုင်လိုက်ပြီး လူကြီးပညာရေး ကျောင်းသုံးစာအုပ်တစ်အုပ်ကို ကောက်ယူကာ အာရုံစိုက်၍ ဖတ်ရှုနေလိုက်သည်။
စာအုပ်ထဲရှိ အကြောင်းအရာများမှာ နက်နဲခက်ခဲလွန်းလှသဖြင့် သူ့ကို အတော်လေး ခေါင်းကိုက်သွားစေသည်။
ရှုပ်ထွေးပြီး ပျင်းစရာကောင်းလှသော ဖော်မြူလာများနှင့် အချက်အလက်များက သူ၏ မျက်လုံးထဲတွင် ကခုန်နေကြသကဲ့သို့ပင်။
မိနစ်အနည်းငယ်ခန့် ဖတ်ပြီးသည်နှင့် ချီရွှယ်ဖုန်းမှာ ခေါင်းကွဲမတတ် နာကျင်လာပြီး ဆက်၍မဖတ်နိုင်တော့ချေ။
ဆောင်းခိုအိပ်စက်ခြင်းမှ နိုးထလာပြီး လူသားများ ဤကြယ်တာရာအဖွဲ့အစည်းတွင် အခြေချပြီးနောက်ပိုင်း၊ ကုန်ပစ္စည်းနှင့် ရိက္ခာများ အလွန်ပေါများလာခဲ့ပြီး နည်းပညာများကလည်း လူနေမှုဘဝများထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာခဲ့သည်။
လူနေမှုအဆင့်အတန်းမှာ ယခင်ကထက် များစွာ တိုးတက်လာခဲ့ပြီး နေအိမ်ကန့်သတ်ချက်များကိုလည်း ကြီးမားစွာ ဖြေလျှော့ပေးခဲ့သည်။
သို့သော်လည်း လူ့အဖွဲ့အစည်းတွင်မူ အဆင့်အတန်း ခွဲခြားမှုများ ရှိနေဆဲပင်ဖြစ်သည်။ သူ့လို အလုပ်မျိုးက အပြင်ပန်းတွင် သက်တောင့်သက်သာရှိပြီး ဂုဏ်သိက္ခာရှိပုံရသော်လည်း တကယ့်လက်တွေ့တွင်မူ သာမန် အောက်ခြေအလုပ်သမားများနှင့် ဘာမျှမကွာခြားလှချေ။
လစာငွေ နည်းပါးရုံသာမက အချို့သော အဆင့်မြင့်နည်းပညာထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အသုံးပြုခွင့် တင်းကျပ်စွာ ကန့်သတ်ခံထားရသည်။ ဥပမာအားဖြင့် သက်တမ်းတိုး ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုမျိုးကို လျှောက်ထားရန် သူ့တွင် အရည်အချင်း လုံးဝ မရှိပေ။
အောက်ခြေလူတန်းစားဘဝမှ လွတ်မြောက်လိုပါက ရာထူးအဆင့် လေးဆင့်ကို ကျော်လွန်အောင် ကြိုးစားရမည် သို့မဟုတ် အရည်အချင်းစစ် စာမေးပွဲမျိုးစုံကို အောင်မြင်အောင် ဖြေဆိုရမည်ဖြစ်သည်။ ဤလမ်းကြောင်း နှစ်သွယ်သာ ရှိတော့သည်။
သူက အသက် ၃၅ နှစ် ပြည့်တော့မည် ဖြစ်သော်လည်း အနိမ့်ဆုံးအဆင့် ရုံးဝန်ထမ်းတစ်ဦးသာ ဖြစ်နေသေးသည်။ ပထမနည်းလမ်းဖြစ်စေ၊ ဒုတိယနည်းလမ်းဖြစ်စေ သူ့အတွက်တော့ မျှော်လင့်ချက် မဲ့နေသကဲ့သို့ပင်။
ချီရွှယ်ဖုန်းက သက်ပြင်းချလိုက်ရင်း ဤစာအုပ်ထူကြီးကို ချထားလိုက်သည်။ ယနေ့ခေတ် အရည်အချင်းစစ် စာမေးပွဲများက ပို၍ပို၍ ခက်ခဲလာခဲ့ပြီဖြစ်သည်။
ခြောက်လတိတိ ဖတ်ခဲ့သော်လည်း ဤစာအုပ်ထူကြီးထဲမှ စာမျက်နှာ ဆယ်ဂဏန်းခန့်သာ ဖတ်ရသေးသည်။ အရည်အချင်းစစ် စာမေးပွဲအတွက်မူ ဤကဲ့သို့သော စာအုပ်မျိုး ၈ အုပ်တိတိ ဖတ်ရန် လိုအပ်လေသည်။
သူ၏ စိတ်ထဲတွင် ဝေခွဲမရဖြစ်နေပြီး အနာဂတ်အတွက် လမ်းစပျောက်နေခဲ့သည်။
ဤခေတ်ကာလသည် အပျော်ရွှင်ဆုံးသော ခေတ်ကာလတစ်ခု မဟုတ်ပေ။ အထူးသဖြင့် သူ့ကဲ့သို့သော သာမန်လူတန်းစားများအတွက် ဘဝတွင် မျှော်လင့်ချက်ဟူ၍ သိပ်မရှိလှချေ။
စခရင်ပေါ်တွင် ပြသနေပြီး အနည်းငယ်မျှ လှုပ်ရှားပြောင်းလဲခြင်း မရှိသော အချက်အလက်မျဉ်းများကဲ့သို့ပင် အသက်ဝင်မှုမရှိဘဲ တိတ်ဆိတ်ငြိမ်သက်လွန်းလှသည်။
ဤဂြိုဟ်ကြီးက အိပ်ဆေး အမြောက်အမြား အထိုးခံထားရသကဲ့သို့ တည်ငြိမ်ငြိမ်သက်နေပြီး အလောင်းကောင်တစ်ခုအလား တိတ်ဆိတ်နေသည်။ ဌာနတစ်ခုလုံးကိုလည်း မည်သူကမျှ ဂရုမစိုက်ကြဘဲ လူသူကင်းမဲ့သော ချောင်တစ်ခုတွင် စွန့်ပစ်ခံထားရသကဲ့သို့ပင်။
ဒါက တကယ်ကို ကျိန်စာသင့်နေတဲ့ အလုပ်ပဲ။ ဒီလိုမျိုး ဘာမှလုပ်စရာမရှိဘဲ ဆက်သွားနေရင် တစ်နေ့နေ့တော့ သူ ရူးသွားလိမ့်မည်ဟု ခံစားနေရသည်။
ထိုအချိန်တွင် သူ၏ ညည်းတွားသံကို ကြားသွားသည့်အလား စောင့်ကြည့်စခရင်ပေါ်ရှိ အချက်အလက်များမှာ ပြင်းထန်စွာ တုန်ခါလှုပ်ရှားလာသည်။ ထိုအထဲမှ စခရင်အချို့မှာ အကြိမ်အနည်းငယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီးနောက် မည်းမှောင်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ဉာဏ်ရည်တုစနစ်၏ သတိပေးသံများ ထွက်ပေါ်လာလေသည်။
"သတိပေးချက်... သတိပေးချက်... ဂြိုဟ်တစ်ခုလုံး အတိုင်းအတာဖြင့် အဆင့်(၂) ငလျင်လှုပ်ခတ်မှု ဖြစ်ပွားနေသည်... အေ(၁) ဇုန်နှင့် အေ(၂) ဇုန်တို့တွင် မြေဆွဲအား ပျောက်ကွယ်သွားသည့် ဖြစ်စဉ်များ ဖြစ်ပေါ်နေသည်"
"ဤဖြစ်စဉ် ဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရှိရသေးပါ... နောက်ဆက်တွဲ သက်ရောက်မှုများကိုလည်း မသိရှိရသေးပါ... အထူးဖြစ်စဉ်အဖြစ် သတ်မှတ်ထားသည်... သတင်းအချက်အလက်များကို ပြင်ပအာကာသ ထောက်လှမ်းရေးဗျူရိုသို့ တစ်ပြိုင်နက်တည်း ပေးပို့နေသည်"
ချီရွှယ်ဖုန်းမှာ လန့်ဖြန့်သွားပြီး ဝုန်းခနဲ မတ်တတ်ရပ်လိုက်မိသည်။ ထို့နောက် ချက်ချင်းပင် ဝမ်းသာသွားသည်။ နောက်ဆုံးတော့ ကြီးမားတဲ့ ကိစ္စကြီးတစ်ခု ဖြစ်လာခဲ့ပြီပဲ။
သို့သော် ထိုဒေသကို စူးစမ်းထောက်လှမ်းရန် ဂြိုဟ်တုများကို နေရာပြောင်းရွှေ့ခွင့် တောင်းခံရန်ပင် အချိန်မရလိုက်ခင် ဉာဏ်ရည်တုစနစ်က နောက်ထပ် သတင်းအချက်အလက်တစ်ခု ထုတ်ပြန်လာခဲ့သည်။
"အကြောင်းရင်းကို ရှာတွေ့ပါပြီ... သတိပေးချက်ကို ရုပ်သိမ်းလိုက်ပါပြီ"
"သောက်ကျိုးနည်း ဘာတွေဖြစ်ကုန်တာလဲ"
ဤအချိန်တွင် ကြယ်တာရာအဖွဲ့အစည်း၏ အပြင်ဘက်စက်ဝန်းရှိ ဧရာမ ကောင်းကင်မျက်လုံး စောင့်ကြည့်ရေးစနစ်များဖြစ်စေ၊ ဂြိုဟ်အနီးရှိ စွမ်းအင်သုံး ဂြိုဟ်တုများဖြစ်စေ အားလုံးက အခင်းဖြစ်ပွားရာ နေရာဆီသို့ ချိန်ရွယ်ထားကြပြီဖြစ်သည်။
ယနေ့ခေတ် လူသားတို့၏ နည်းပညာအဆင့်အတန်းဖြင့်ဆိုလျှင် ဤမျှကြီးမားသော လှုပ်ရှားမှုကြီးက အမှောင်ထုထဲမှ နေမင်းကြီးတစ်စင်းကဲ့သို့ ထင်ရှားလွန်းလှသဖြင့် သတိမထားမိရန်မှာ အလွန်ခက်ခဲလှပေသည်။
ရေခဲနှင့် ဆီးနှင်းများဖြင့် ဖွဲ့စည်းထားသော ကြီးမားခမ်းနားသည့် မြစ်ကြီးတစ်စင်းက ဂြိုဟ်၏ မြေဆွဲအားကို ဖောက်ထွက်ကာ အာကာသထဲသို့ ပျံတက်သွားသည်။ ၎င်းမှာ နှိုင်းယှဉ်မရနိုင်လောက်အောင် တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းကြီးတစ်ခုပင် ဖြစ်သည်။
ပြင်ပအာကာသ ထောက်လှမ်းရေးဗျူရိုဖြစ်စေ၊ အာကာသ စောင့်ကြည့်ရေးစင်တာဖြစ်စေ ဤအချိန်တွင် အားလုံးမှာ ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ လူတိုင်းက ကျောက်ရုပ်များအလား နတ်ဘုရားတို့၏ ဖန်ဆင်းမှုကဲ့သို့ တုန်လှုပ်ဖွယ်ကောင်းသော ထိုမြင်ကွင်းကြီးကို မော့ကြည့်နေမိကြသည်။
သို့သော်လည်း ဤနေရာသို့ လျင်မြန်စွာ စုဝေးရောက်ရှိလာသော ရေခဲမြစ်ကြီးကို လော်ယွမ်က တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ချေ။ သူက မျက်လွှာချကာ ဟင်းလင်းပြင် ဘောလုံးကို ကိုင်ဆောင်ထားရင်း ဟင်းလင်းပြင် လမ်းကြောင်းတစ်ခုကို လျင်မြန်စွာ စတင်ဖန်တီးနေသည်။
ဟင်းလင်းပြင် ဘောလုံးအတွင်းရှိ အသေးစား စကြဝဠာကို သူက အလယ်မှ "ဆွဲထုတ်" လိုက်ပြီး ဧရာမ အရွယ်အစားရှိသည့် တစ်ဝက် လေးဖက်မြင် ကလိုင်း ပုလင်း အဖြစ် ဖန်တီးလိုက်သည်။
ချက်ချင်းပင် သူက ကြီးမားလှသော စကြဝဠာ ဟင်းလင်းပြင်ထဲမှ လေးဖက်မြင် ဟင်းလင်းပြင်တစ်ခုကို အတင်းညှစ်ထုတ်လိုက်ပြီး ယခင် ကလိုင်း ပုလင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော အခြားပုလင်းတစ်ခုအဖြစ် ထပ်မံဆွဲဆန့်လိုက်သည်။
ဦးတည်ချက်မတူညီသော ကလိုင်း လမ်းကြောင်းနှစ်ခုက တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားပြီးနောက် အသေးစား စကြဝဠာနှင့် ကြီးမားလှသော စကြဝဠာကြီးတို့ လုံးလုံးလျားလျား ပေါင်းကူးဆက်သွယ်သွားတော့သည်။
အကြိမ်အနည်းငယ်မျှ လေ့ကျင့်ခဲ့ဖူးသဖြင့် လော်ယွမ်က ဤကဲ့သို့သော လုပ်ငန်းစဉ်များကို အတော်လေး ကျွမ်းကျင်နေပြီဖြစ်သည်။ ယခုတစ်ကြိမ်က ပို၍ ကြီးမားသွားသည်မှလွဲ၍ ကျန်သည်မှာ အတူတူပင် ဖြစ်သည်။
၎င်းမှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကြီးမားလှသော လမ်းကြောင်းကြီးတစ်ခုဖြစ်သည်။ အဝင်ပေါက် အချင်းမှာ အံ့မခန်းဖွယ် ၂ မိုင်ခန့်အထိ ရှိပြီး ဗိုရှင်းဂြိုဟ်သားတို့၏ မိခင်ယာဉ်ပျံကြီးပင်လျှင် ဟင်းလင်းပြင်ဘောလုံးအတွင်းရှိ အသေးစား စကြဝဠာထဲသို့ တိုက်ရိုက် ဝင်ရောက်သွားနိုင်စွမ်း ရှိသည်။
သို့သော်လည်း ဤအရာက လုံးဝ ပြီးဆုံးသွားခြင်း မဟုတ်သေးချေ။
ထို့နောက် လော်ယွမ်က ဤရှုပ်ထွေးလှသော လမ်းကြောင်းကို အသေးစိတ် ချိန်ညှိမှုများ ပြုလုပ်လိုက်သည်။ ၎င်းမှာ အလွန်တိကျသေချာမှု လိုအပ်သော အလုပ်တစ်ခုဖြစ်ရာ လော်ယွမ်ပင်လျှင် သူ၏ စွမ်းအင်များကို အတော်လေး ရင်းနှီးမြှုပ်နှံရန် လိုအပ်ပေသည်။
အစစ်နှင့် ဆန့်ကျင်ဘက် အသွင်ဆောင်သော အမွှာ ကလိုင်း လမ်းကြောင်းနှစ်ခု၏ အခြေခံ သဘောတရားမှာ ဟင်းလင်းပြင်ကို အတွင်းမှအပြင်သို့ ပြောင်းပြန်လှန်ပြီးနောက် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေသည့် လုပ်ငန်းစဉ်ပင်ဖြစ်သည်။
သို့သော် ကလိုင်း လမ်းကြောင်းနှစ်ခု၏ ဟင်းလင်းပြင် ကွေးညွတ်မှု ကွာခြားချက်များကြောင့် အဝင်နှင့် အထွက် တူညီမှုကို အာမမခံနိုင်ပေ။ မဝင်ရောက်မီနှင့် ဝင်ရောက်ပြီးနောက် သင်၏ ခန္ဓာကိုယ်မှာ အနည်းနှင့်အများဆိုသလို ပုံပျက်ပန်းပျက် ဖြစ်သွားနိုင်သည်။
ဝင်ရောက်ပြီး ထွက်လာသည့် တစ်ခဏအတွင်းမှာပင် သင့်ဦးနှောက်များက တွန့်လိမ်သွားပြီး ဦးနှောက်အနှစ်တစ်ဝက်ခန့် အပြင်သို့ ထွက်ကျနေနိုင်သလို၊ ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းတစ်ခုခုက အခြားအင်္ဂါတစ်ခုခုနှင့် ပလန့် အတိုင်းအတာအောက်တွင် ထပ်နေခြင်းမျိုးလည်း ဖြစ်ပေါ်လာနိုင်သည်။
၎င်းမှာ အလွန်တရာ အန္တရာယ်များလှသော ကိစ္စတစ်ခုပင်ဖြစ်သည်။
ထို့ကြောင့် လမ်းကြောင်းအတွင်း ဝင်ထွက်သွားလာမည့် သက်ရှိများ၏ လုံခြုံရေးကို အာမခံနိုင်ရန်အတွက်၊ ကလိုင်း လမ်းကြောင်းနှစ်ခု၏ ဟင်းလင်းပြင် ကွေးညွတ်မှု အချိုးအစား တိကျမှုမှာ အလွန်မြင့်မားသော အဆင့်တွင် ရှိရမည်ဖြစ်သည်။ အနည်းဆုံး အက်တမ်အဆင့်ရှိ အန်းစထရောင်း အတိုင်းအတာအထိ ရှိရန် လိုအပ်လေသည်။
ဤမျှ ကြီးမားလှသော လမ်းကြောင်းကြီးတစ်ခုအတွက် ထိုကဲ့သို့သော တိကျမှုမျိုး ရရှိရန်မှာ ပို၍ပင် ခက်ခဲလှပေသည်။
သူက တစ်မိနစ်တိတိ အချိန်ယူကာ ချိန်ညှိမှုများကို နောက်ဆုံးတွင် ပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ဟင်းလင်းပြင် ကွေးညွတ်မှု အမှားအယွင်းမှာ ဟိုက်ဒရိုဂျင် အက်တမ် အချင်း၏ သုံးပုံတစ်ပုံခန့်အထိ ရောက်ရှိသွားခဲ့သည်။
အမှန်တကယ်တော့ ဤအဆင့်သို့ ရောက်ရှိသွားပါက တိကျမှုကို ထပ်မံမြှင့်တင်ရန် အလွန်ခက်ခဲသွားပြီဖြစ်သည်။ စကြဝဠာ၏ ဟင်းလင်းပြင် လှိုင်းတံပိုးများက အချိန်တိုင်း နှောင့်ယှက်နေသဖြင့် ဤတိကျမှုအဆင့်မှာ အမြင့်ဆုံး ကန့်သတ်ချက်သို့ ရောက်နေပြီဟု ဆိုနိုင်သည်။
ဤအချိန်တွင် ခမ်းနားကြီးကျယ်လှသော ရေခဲနှင့် ဆီးနှင်းမြစ်ကြီးသည် လော်ယွမ်နှင့် မိုင် ၆၂၀ ခန့် အကွာအဝေးအတွင်းသို့ ရောက်ရှိလာပြီဖြစ်သည်။
များပြားလှသော ရေခဲနှင့် ဆီးနှင်းများသည် တိုက်ရိုက် "အငွေ့ပျံ" သွားပြီး လွတ်လပ်စွာ လွင့်မျောနေသော အက်တမ်များအဖြစ် ပြိုကွဲသွားကြသည်။
ဤအက်တမ် အများစုမှာ ပေါ့ပါးသော အက်တမ်များဖြစ်ကြပြီး အဓိက ပါဝင်ပစ္စည်းများမှာ ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင် အစရှိသည့် ဒြပ်စင်များ ဖြစ်ကြသည်။ ဤအရာက လော်ယွမ်၏ အားထုတ်မှု အများအပြားကို သက်သာသွားစေသည်။
သေချာသည်မှာ ယနေ့ခေတ် လော်ယွမ်၏ စွမ်းအားနှင့် နှိုင်းယှဉ်လျှင် ထိုအရာက အဓိပ္ပာယ်မရှိသလောက်ပင် ဖြစ်သည်။
ကာဗွန်၊ ဟိုက်ဒရိုဂျင် နှင့် အောက်ဆီဂျင် အက်တမ် သုံးမျိုးသည် သူ၏ စိတ်ဆန္ဒအောက်တွင် အတင်းအကျပ် ပေါင်းစည်းသွားကြပြီး ထူးဆန်းသော သုံးခွနျူကလိယ ဧရာမ အက်တမ်ကြီးများအဖြစ် ဖြစ်ပေါ်လာကြသည်။ ဤအက်တမ်မျိုးသည် ဟင်းလင်းပြင် ဘောလုံး၏ အခြေခံ ဖွဲ့စည်းတည်ဆောက်ပုံ ယူနစ်ဖြစ်ပြီး ဟင်းလင်းပြင်ကို ဖယ်ကြဉ်ထားနိုင်စွမ်း ရှိကြသည်။
ဟင်းလင်းပြင် လှိုင်းတံပိုးများက လမ်းကြောင်း၏ တည်ငြိမ်မှုကို အချိန်တိုင်း နှောင့်ယှက်နေမည်ဖြစ်ရာ ဟင်းလင်းပြင်၏ သက်ရောက်မှုများကို ဖုံးကွယ်တားဆီးနိုင်ရန် ဤကဲ့သို့သော ဒြပ်ဝတ္ထုမျိုး မဖြစ်မနေ လိုအပ်ပေသည်။
နောက်တစ်စက္ကန့်တွင် ဤအက်တမ်များကို သူက အတင်းအကျပ် ဖိသိပ်လိုက်ပြန်သည်။ ထွက်ပေါ်လာသော စွမ်းအင်များကြောင့် ဝေဝါးသော အလင်းတန်းများ ဖြာထွက်လာကာ အာကာသတစ်ခုလုံးကို လင်းလက်သွားစေပြီး လှပသော နက်ဗျူလာ ကြယ်တိမ်တိုက်တစ်ခုအလား ဖြစ်ပေါ်နေတော့သည်။
အဆုံးမရှိသော အက်တမ်များက လမ်းကြောင်းရှိရာဆီသို့ လျင်မြန်စွာ စုဝေးရောက်ရှိလာသည်နှင့်အမျှ မျက်စိတစ်မှိတ်အတွင်းမှာပင် ဘာမျှမရှိသော ဟင်းလင်းပြင်ထဲမှ ဒြပ်ဝတ္ထုငယ်လေးတစ်ခု ဖြစ်တည်လာပြီးနောက် လျင်မြန်စွာ ပွားများပြန့်နှံ့လာတော့သည်။
……
၎င်းသည် ဂြိုဟ်ပတ်လမ်းကြောင်းတွင် ကန့်လန့်ဖြတ် တည်ရှိနေသော ဧရာမ အရာဝတ္ထုကြီးတစ်ခု ဖြစ်သည်။ သာမန်လူများ၏ အမြင်တွင်မူ ၎င်းက အလွန်တရာ ထူးဆန်းနေပြီး လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
အကယ်၍ အရှေ့ဘက်မှ ကြည့်မည်ဆိုပါက ၎င်းသည် ဧရာမ စက်ဝိုင်းကွင်းကြီးတစ်ခုသာ ဖြစ်ပြီး၊ အလယ်ဗဟိုမှာ ဘာမျှမရှိသော မှောင်မိုက်သည့် အာကာသဟင်းလင်းပြင်ဆီသို့ ဦးတည်သွားနေပုံရသည်။
သို့သော် အနောက်ဘက်မှ ကြည့်မည်ဆိုလျှင်မူ ၎င်းသည် အလယ်တွင် ထူထဲပြီး အစွန်ဘက်တွင် ပါးလွှာသော ဧရာမ စက်ဝိုင်းပြားကြီးတစ်ခု ဖြစ်နေပြီး ၎င်း၏ အလယ်ဗဟိုတွင် ဟင်းလင်းပြင် ဘောလုံးကို မြှုပ်နှံထားလေသည်။
သို့သော် ဤအချင်း ၂ မိုင်ခန့်ရှိသော ဧရာမ အရာဝတ္ထုကြီးနှင့် နှိုင်းယှဉ်ပါက ၄ လက်မခန့်သာရှိသော ဟင်းလင်းပြင် ဘောလုံးလေးမှာ အနည်းငယ်မျှပင် သိသာထင်ရှားမှု မရှိချေ။
ဟင်းလင်းပြင် လမ်းကြောင်း တစ်ခုလုံးကို စက်ဝိုင်းပြားကြီး၏ အတွင်းပိုင်း၌ လုံးလုံးလျားလျား ပိတ်လှောင်ထားပြီး အနောက်ဘက်တွင် မြှုပ်နှံထားသော ဟင်းလင်းပြင် ဘောလုံးနှင့် တိုက်ရိုက် ဆက်သွယ်ပေးထားသည်။ အပြင်ဘက်သို့ တစ်ခုတည်း ပေါ်ထွက်နေသည်မှာ ဝင်ပေါက်သာ ဖြစ်လေသည်။
ဆက်ရန်...