အခန်း (၅၄၃-၅၄၄)
Vol. 28 Ch. 543-544
အပိုင်း(၅၄၃) စစ်ပွဲ၏ ခြေသံများ
အာကာသမြို့တော်၏ ပုံရိပ်ယောင် အလင်းရောင်စနစ်က တဖြည်းဖြည်း လင်းထိန်လာသည်နှင့်အမျှ နေ့သစ်တစ်နေ့က ထပ်မံရောက်ရှိလာခဲ့ပြီဖြစ်သည်။
ချွေ့ဝေ့ချွမ်က နံနက်စာစားပြီးနောက် ဇနီးဖြစ်သူကို နှုတ်ဆက်ကာ ဓာတ်ခွဲခန်းဆီသို့ ခပ်သုတ်သုတ် လျှောက်သွားလိုက်သည်။
ဆယ်နှစ်ကျော်ကြာ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ရမှုနှင့် ရံဖန်ရံခါ ပေါ်ထွက်လာတတ်သော ဉာဏ်ကွန့်မြူးမှုများကြောင့် ယခုအခါတွင် သူသည် လက်ထောက်အင်ဂျင်နီယာဘဝမှ အငယ်တန်းအင်ဂျင်နီယာအဖြစ်သို့ ဆန္ဒပြည့်ဝစွာ ရာထူးတိုးသွားခဲ့ပြီဖြစ်သည်။
လစာနှင့် ခံစားခွင့်များ များစွာတိုးလာရုံသာမက သူ၏လူမှုအဆင့်အတန်းကလည်း အထက်တန်းလွှာသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။
ကားပျံတစ်စီး ဝယ်ယူနိုင်သည့် အရည်အချင်းမျိုး သူ့တွင် သဘာဝကျစွာပင် ရှိနေသော်လည်း တစ်ချက်က ဈေးနှုန်း အလွန်ကြီးမားလွန်းသဖြင့် အမြဲတမ်း ချွေတာတတ်သော သူက မဝယ်ရက်ခဲ့ပေ။
ဒုတိယအချက်မှာ ဓာတ်ခွဲခန်းကလည်း အိမ်နှင့် သိပ်မဝေးလှဘဲ ဆယ်မိနစ်ကျော်ခန့် လမ်းလျှောက်ရုံဖြင့် ရောက်နိုင်သောကြောင့် လေ့ကျင့်ခန်းလုပ်သည့်သဘောဖြင့်သာ လမ်းလျှောက်သွားလေ့ရှိသည်။
အာကာသမြို့တော်ကို မြေဆွဲအားရှိသောဇုန်နှင့် မြေဆွဲအားကင်းမဲ့ဇုန်ဟူ၍ နှစ်ပိုင်း ခွဲခြားထားသည်။ ဓာတ်ခွဲခန်းအဖွဲ့အစည်း အများစုမှာ မြေဆွဲအားရှိသော ဇုန်တွင်သာ စုစည်းနေကြသည်။ မဖြစ်မနေ စမ်းသပ်မှု လိုအပ်ချက်ကြောင့်မှလွဲ၍ မည်သူကမျှ မြေဆွဲအားကင်းမဲ့နေသော ပတ်ဝန်းကျင်တွင် မနေချင်ကြပေ။
မြေဆွဲအားကင်းမဲ့ဇုန်မှာမူ အခြေခံအားဖြင့် လူမဲ့စက်ရုံများသာ ရှိသော ဇုန်ဖြစ်သည်။
လူသွားလမ်းမပေါ်တွင် သွားလာလှုပ်ရှားနေကြသော လူများဖြင့် ပုံမှန်မဟုတ်ဘဲ အလွန်စည်ကားနေသည်။
အာကာသမြို့တော်က အလွန်တရာ ဖွံ့ဖြိုးတိုးတက်နေသော အဆင့်မြင့်နည်းပညာသုံး မြို့တော်တစ်ခုဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။
ပေတစ်ထောင်ကျော် မြင့်မားပြီး ပြာလဲ့သော ကောင်းကင်နှင့် တိမ်ဖြူများကို ပုံဖော်ထားသည့် ကာဗွန်ဖိုက်ဘာ အလင်းထုတ် အမိုးခုံးကြီးနှင့်အတူ လေထုလှည့်ပတ်မှုကြောင့် ဖြစ်ပေါ်လာသော လတ်ဆတ်သည့် လေပြေလေညင်းများက လူများကို ကမ္ဘာမြေပေါ်ရှိ မြို့တော်တစ်ခုတွင် ရောက်နေသကဲ့သို့ ခံစားရစေပြီး မွန်းကျပ်ကျဉ်းမြောင်းမှုမျိုး အနည်းငယ်မျှ မခံစားရပေ။
အရင်းအမြစ်များကို အကန့်အသတ်မရှိ ထောက်ပံ့ပေးနိုင်လာသည်နှင့်အမျှ အမြဲတမ်း ရှေးရိုးစွဲဆန်တတ်သော အစိုးရကပင် လူသားအရင်းအမြစ် တစ်စိတ်တစ်ပိုင်းကို ရက်ရက်ရောရော အသုံးပြုကာ မြို့တော်တစ်ခုလုံးကို သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းများထဲမှကဲ့သို့ ဒီဇိုင်းဆွဲ တည်ဆောက်ထားခဲ့သည်။
သိပ္ပံစိတ်ကူးယဉ်ဆိုသည်ကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုမည်နည်း။ အချို့ကတော့ မြင့်မားခြင်း၊ ထူးဆန်းခြင်းဟုသာ ဆိုကြပေလိမ့်မည်။
တိမ်တိုက်များထဲအထိ ထိုးဖောက်ဝင်ရောက်နေသော မိုးမျှော်တိုက်ကြီးများ၊ ပုံပန်းသဏ္ဌာန် ထူးဆန်းပြီး အရောင်အသွေး စုံလင်လှသော အဆောက်အအုံများ စသည်ဖြင့်ပေါ့။
သို့သော် အာကာသမြို့တော်တွင်တော့ ထိုကဲ့သို့သော မိုးမျှော်တိုက်များ သို့မဟုတ် ထူးဆန်းအံ့ဖွယ် အဆောက်အအုံများကို လုံးဝ မြင်တွေ့ရမည် မဟုတ်ပေ။ အများဆုံးမှာ သုံးထပ်၊ လေးထပ်ခန့်သာဖြစ်ပြီး အမြင့်ဆုံးဆိုလျှင် ခြောက်ထပ်ထက် မကျော်လွန်ပေ။
သို့ရာတွင် အသေးစိတ်အချက်အလက်များကသာ အရေးပါလှသည်။ ဤနေရာရှိ အဆောက်အအုံများ၏ ဆောက်လုပ်ရေး ပစ္စည်းများတွင် ပါဝင်သော နည်းပညာအဆင့်အတန်းကို ဖယ်ထားလိုက်လျှင်ပင် ဤသည်က လုံးဝ အဆင့်မြင့်နည်းပညာသုံး မြို့တော်တစ်ခုဖြစ်သည်။
အလွန်ထိရောက်မြန်ဆန်သော ဉာဏ်ရည်တု ထောက်ပံ့ပို့ဆောင်ရေးစနစ်၊ ရာသီဥတု လေးမျိုး အပြောင်းအလဲကို ထိန်းညှိပေးနိုင်သော စနစ်၊ သဘာဝ နေရောင်ခြည်ကို ပုံဖော်ပေးသည့် အမိုးခုံး၊ ဟင်းလင်းပြင် ရထားများနှင့် ဝေဟင် အမြန်လမ်းမကြီးများ...
၎င်း၏ အဆင့်မြင့်နည်းပညာများက နေရာတိုင်းတွင် ထင်ဟပ်နေသည်။ ပထမ ခြောက်လအတွင်း၌ သာမန်ပြည်သူများကို မဆိုထားနှင့်၊ သိပ္ပံသုတေသန နယ်ပယ်တွင် အလုပ်လုပ်နေသော ချွေ့ဝေ့ချွမ်ပင်လျှင် နေသားကျရန် အတော်လေး ခက်ခဲခဲ့သည်။
မည်သို့ပင်ဆိုစေ ယခင်က နည်းပညာအများစုကို စစ်ရေးအတွက်သာ အဓိက အသုံးပြုခဲ့ပြီး အရပ်ဘက်သုံးအတွက်မူ သနားစရာကောင်းလောက်အောင် နည်းပါးခဲ့သည် မဟုတ်ပါလား။
ရုတ်တရက် လူများရှေ့မှောက်သို့ ရောက်ရှိလာသောအခါ နေရာလွဲမှားနေသကဲ့သို့ ခံစားရစေသည်။
သာမန်ပြည်သူ အများစုအတွက်မူ လူသားတို့၏ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် နားလည်မှုက သိပ်မများလှပေ။ ပညာရေးအဆင့်အတန်း ကန့်သတ်ချက်များကြောင့် လူများစွာ၏ တွေးခေါ်မှုများက ကမ္ဘာမြေမှ မထွက်ခွာမီ အချိန်ကတည်းက ရပ်တန့်နေခဲ့ကြသည်။
သို့သော် တစ်နေ့တွင်တော့ ဆယ်နှစ်ကျော်မျှ တိုတောင်းသော အချိန်ကာလအတွင်း လူသားတို့၏ နည်းပညာက ဤမျှလောက်အထိ ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်ကြောင်း ရုတ်တရက် သိလိုက်ရသောအခါ လူများစွာက လုံးဝ မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရသည်။
……
လမ်းဆုံလမ်းခွများရှိ သုံးဘက်မြင် ဖန်သားပြင်များပေါ်တွင် ပုံမှန်အတိုင်း သီချင်းဟောင်းများကို ဖွင့်ထားသည်။ ချွေ့ဝေ့ချွမ်က အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ ရှေ့သို့ ခပ်သုတ်သုတ် လျှောက်သွားလိုက်သည်။
စစ်ပွဲအပြီး လူသားမျိုးနွယ်၏ ယဉ်ကျေးမှုက သဲကန္တာရတစ်ခုလို ဖြစ်သွားခဲ့သည်။ သီချင်းများနှင့် ရုပ်ရှင်များပင်လျှင် ပြန်လည်တည်ဆောက်ရေးဇုန် ကာလက ကျန်ရစ်ခဲ့သော အကန့်အသတ်ရှိသည့် အမွေအနှစ်များသာ ဖြစ်သည်။
သီချင်း ရာဂဏန်းနှင့် ရုပ်ရှင် ဆယ်ဂဏန်းလောက်ကိုသာ ဤဆယ်နှစ်ကျော် ကာလတစ်လျှောက် ထပ်ခါတလဲလဲ ကြည့်ရ၊ နားထောင်ရလွန်းသဖြင့် သူက ရွံမုန်းကာ အန်ချင်စိတ်ပင် ပေါက်နေခဲ့ပြီဖြစ်သည်။
ထိုစဉ် ချွေ့ဝေ့ချွမ်က လူအုပ်ကြီး တဖြည်းဖြည်း ရပ်တန့်သွားသည်ကို ရုတ်တရက် သတိထားမိလိုက်သည်။
"ဘာဖြစ်တာလဲ" သူက စိတ်ထဲတွင် သံသယဖြစ်သွားပြီး လူအုပ်ကြီးကို လှမ်းကြည့်လိုက်ရာ လူတိုင်းက သုံးဘက်မြင် ဖန်သားပြင်ကို မော့ကြည့်နေကြကြောင်း တွေ့လိုက်ရသည်။
သီချင်းသံက ဘယ်အချိန်ကတည်းက ရပ်တန့်သွားမှန်း မသိရဘဲ ဖန်သားပြင်ပေါ်တွင် လှပသော အစီအစဉ်တင်ဆက်သူ အမျိုးသမီး ပေါ်လာသည်။
"...အခု ရုပ်သံကနေ အရေးပေါ် မိန့်ခွန်းပြောကြားဖို့ ကြားဖြတ် ထုတ်လွှင့်ပါမယ်" ထို့နောက် ရုပ်သံပြကွက် ပြောင်းသွားပြီး ဒုတိယမြို့တော်ဝန် ပိကျန့်ဖိန်၏ ပုံရိပ် ပေါ်လာသည်။
သူ၏ မျက်နှာထားက ပုံမှန်မဟုတ်ဘဲ အလွန်အမင်း တည်ကြည်လေးနက်နေသည်။ သူက ခဏမျှ တိတ်ဆိတ်နေပြီးနောက် စကားစပြောလိုက်သည်။
"ပြည်သူလူထု အပေါင်းတို့... ကျွန်တော်က ဒုတိယမြို့တော်ဝန် ပိကျန့်ဖိန် ပါ... အခု မြို့တော်ဝန်လော် ကိုယ်စား အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ထုတ်ပြန်ကြေညာပါမယ်"
ပိကျန့်ဖိန်က လော်ယွမ်၏ ကိုယ်စားဆိုသော စကားလုံးကို အတော်လေး သတိထားပြီး သုံးစွဲသွားသည်။ မည်သို့ပင်ဆိုစေ ဤသည်က အာဏာကျော်လွန် လုပ်ဆောင်ခြင်းဖြစ်ရာ လော်ယွမ်က ဂရုမစိုက်လျှင်တောင်မှ အခြားသူများ၏ တိုက်ခိုက်မှုပစ်မှတ် အလွယ်တကူ ဖြစ်သွားနိုင်ပေသည်။
"၂၂၁၀ ခုနှစ်ဆိုတာ လူသားအားလုံး အမြဲတမ်း မှတ်မိနေရမယ့် နှစ်တစ်နှစ်ပါပဲ... အဲဒီနှစ်မှာ ဗိုရှင်းဂြိုဟ်သားတွေက သော့ဖွင့်ဗိုင်းရပ်စ်ကို ကြဲချခဲ့ပြီး နောက်ဆုံးမှာတော့ လူသားမျိုးနွယ်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ ကပ်ဘေးဆိုးကြီးနဲ့ ရင်ဆိုင်စေခဲ့တယ်..."
ချွေ့ဝေ့ချွမ် အပါအဝင် နားထောင်နေကြသော လူအုပ်ကြီး တစ်ခုလုံး၏ ရင်ထဲတွင် လေးလံသွားပြီး မျက်နှာများ တဖြည်းဖြည်း တည်ကြည်လေးနက်လာကြသည်။
"ဗိုရှင်းဂြိုဟ်သားတွေရဲ့ တမင်ရည်ရွယ် စီစဉ်ခဲ့တဲ့ မျိုးသုန်း ဖျက်ဆီးရေး လုပ်ရပ်ကြောင့် သန်းထောင်ချီတဲ့ လူသားတွေက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ သေဆုံးခဲ့ကြရတယ်... အဲဒီနောက်ပိုင်း ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုကြီး ဖြစ်ပြီးတဲ့အခါမှာတော့ အသက်လု ရုန်းကန်နေရတဲ့ လက်ကျန်လူသားတွေကိုပါ ပြာကျသွားစေခဲ့တယ်"
"အဲဒီအထဲမှာ မွေးခါစ ကလေးငယ်လေးတွေ ပါဝင်တယ်"
"နုနယ်တဲ့ အမျိုးသမီးတွေ ပါဝင်တယ်"
"အိုမင်းမစွမ်း အဘိုးအဘွားတွေ ပါဝင်တယ်"
"ပြီးတော့ ကျွန်တော်တို့ရဲ့ မိဘတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ သူငယ်ချင်းတွေလည်း ပါဝင်တယ်"
……
"ကျွန်တော်တို့က ကံကောင်းတဲ့သူတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်... ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အသက်ရှင်နေကြဆဲမို့လို့ပါပဲ"
"ကျွန်တော်တို့တွေ ထွက်ပြေးခဲ့ကြတယ်... အဆင့်ဆင့် ဆုတ်ခွာပေးခဲ့ကြတယ်... နောက်ဆုံးတော့ ဒီနေရာမှာ လာပုန်းနေခဲ့ရတယ်... သက်တမ်းကုန်ခါနီး ဖြစ်နေတဲ့ ကြယ်စင်စုတစ်ခုထဲမှာ အသက်ငင်ရင်း မျှော်လင့်ချက်လေး တစ်စလောက် ရဖို့ ဆုတောင်းနေခဲ့ကြတယ်..."
"ဒါပေမဲ့ ဗိုရှင်းဂြိုဟ်သားတွေက ကျွန်တော်တို့ကို လွှတ်မပေးခဲ့ပါဘူး... ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရှင်သန်တည်ရှိနေခြင်းကပဲ မူလအပြစ်ကြီးတစ်ခု ဖြစ်နေလို့ပဲ... မိုးလောက်ကြီးတဲ့ အပြစ်ကြီး ဖြစ်နေလို့ပဲ"
"မနေ့က မွန်းလွဲပိုင်းမှာပဲ အာကာသထဲမှာရှိတဲ့ ကောင်းကင်မျက်လုံးစနစ်က သူတို့ရဲ့ အရိပ်အယောင်တွေကို ထောက်လှမ်းတွေ့ရှိခဲ့ရတယ်... သူတို့က ကျွန်တော်တို့ကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ဆီကို ဦးတည်လာနေကြပြီ"
"သုံးနှစ်... ကျွန်တော်တို့အတွက် ကျန်ရှိနေတဲ့ အချိန်က သုံးနှစ်ပဲ ရှိပါတော့တယ်"
"ဒါဟာ တစ်ဖက်ဖက်က လုံးဝ ပျက်သုဉ်းသွားတဲ့အထိ၊ ကြယ်တာရာတွေ ပျက်စီးသွားတဲ့အထိ တိုက်ခိုက်ရမယ့် အသေအကြေ စစ်ပွဲကြီးတစ်ခု ဖြစ်လာလိမ့်မယ်... အပေးအယူ လုပ်တာမျိုး ရှိမှာ မဟုတ်ဘူး... အညံ့ခံ လက်နက်ချတာမျိုးလည်း ရှိမှာ မဟုတ်ဘူး... စစ်သားဖြစ်စေ၊ ပြည်သူဖြစ်စေ အားလုံးက အတူတကွ အသေခံ တိုက်ပွဲဝင်ကြရလိမ့်မယ်"
"အခု မြို့တော်ဝန်ယွမ် ကိုယ်စား လူသားမျိုးနွယ် တစ်ရပ်လုံး စစ်မက်ကာလ အခြေအနေကို တရားဝင် ဝင်ရောက်သွားပြီဖြစ်ကြောင်း ကျွန်တော် ကြေညာအပ်ပါတယ်"
……
ချွေ့ဝေ့ချွမ်နှင့်တကွ ပြည်သူလူထု အားလုံးမှာ မသိလိုက်မသိဘာသာပင် လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားမိကြပြီး သူတို့၏ မျက်လုံးများထဲတွင် ဒေါသတရားများ ကိန်းအောင်းလာကြသည်။
အမုန်းတရားဆိုသည်မှာ မေ့ပျောက်လွယ်သောအရာ ဖြစ်သည်။ ယခုအခါ ပြည်သူအများစုသည် ဗိုရှင်းဂြိုဟ်သားများနှင့် သေခန်းပြတ် ရန်ငြိုးကို မေ့လျော့နေခဲ့ကြပြီ ဖြစ်သည်။
သို့မဟုတ် မသိစိတ်မှ တမင် မတွေးဘဲ နေခဲ့ကြခြင်းဖြစ်သည်။ သို့သော် မည်သူကမျှ မိမိတို့ကိုယ်ကို မွေးရာပါ နိမ့်ကျသူများအဖြစ် အသိအမှတ်မပြုကြသလို ဗိုရှင်းဂြိုဟ်သားများ၏ ပိုးဟပ်တစ်ကောင်လို ဖိချေဖျက်ဆီးခံရခြင်းမျိုးကိုလည်း မလိုလားကြပေ။
တစ်ရက်အတွင်းမှာပင် စစ်ပွဲ၏ ယမ်းငွေ့အနံ့များက ထောင့်စွန်တိုင်းတွင် ပျံ့နှံ့သွားခဲ့ပြီး မွန်းကျပ်နေသော လေထုက အာကာသမြို့တော် တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ထိုနေ့တွင်... မရေမတွက်နိုင်သော လူများက ဒေါသတရားများဖြင့် ပြည့်နှက်နေခဲ့ကြသည်။
ထိုနေ့တွင်... မရေမတွက်နိုင်သော လူများက ထိတ်လန့် စိုးရိမ်နေခဲ့ကြသည်။
ထိုနေ့တွင်... မရေမတွက်နိုင်သော လူများက တိုက်ပွဲဝင်လိုစိတ်များ ပြင်းထန်နေခဲ့ကြသည်။
……
ရက်အနည်းငယ် ကြာပြီးနောက် စစ်သားစုဆောင်းရေး လုပ်ငန်းစဉ်များကို စတင်လိုက်သည်။
ကနဦး စစ်သားစုဆောင်းမှု အရေအတွက်မှာပင် တစ်သိန်းအထိ ရှိလာခဲ့သည်။ အရေအတွက် အနည်းငယ်မျှသာရှိသော အာကာသတပ်မတော်မှလွဲ၍ လူသားတို့တွင် စနစ်တကျ ဖွဲ့စည်းထားသော စစ်တပ်ဟူ၍ မရှိတော့သည်မှာ ကြာပြီဖြစ်ရာ အရာအားလုံးကို အစမှ ပြန်လည် လေ့ကျင့်ပေးရန် လိုအပ်နေသည်။
ထို့အပြင် ပြန်လည်ပြင်ဆင်ထားသော ပိုမိုပြင်းထန်သည့် အာကာသ ကာကွယ်ရေး အစီအစဉ်တစ်ခုကိုလည်း တရားဝင် အကောင်အထည် ဖော်လိုက်သည်။
ဤသည်မှာ ဧရာမ စီမံကိန်းကြီး တစ်ခုဖြစ်သည်။ အစီအစဉ်အရ နံပါတ်(၄) ဂြိုဟ်ကို ဗဟိုပြုကာ တစ်အလင်းရက် အချင်းဝက်အတွင်း ဧရိယာတစ်ခုလုံးသည် ကာကွယ်ရေးဇုန် ဖြစ်လာမည်ဖြစ်သည်။
ထိုအထဲတွင် ဂမ်မာရောင်ခြည် အမြောက်ကြီး သောင်းဂဏန်းကျော်၊ လေဆာနှင့် လျှပ်စစ်သံလိုက် ဒုံးကျည်စနစ် အစရှိသည့် လက်နက်စနစ် အပြည့်အစုံ ပါဝင်မည်ဖြစ်သည်။
လူသားတို့၏ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုသည် ယခုအဆင့်အထိ ရောက်ရှိလာခဲ့ပြီဖြစ်ရာ စက်မှုထုတ်လုပ်ရေးစွမ်းအားက အလုပ်သမား အရေအတွက်အပေါ် မှီခိုရမှုမှာ ပို၍ပို၍ နည်းပါးလာခဲ့ပြီဖြစ်သည်။
လူမဲ့စက်ရုံ နည်းပညာများနှင့် ဉာဏ်ရည်တုစနစ်ကို ပိုင်ဆိုင်ထားခြင်းက စက်မှုထုတ်လုပ်ရေး လုပ်ငန်းအများစုကို လူသားတစ်ဦးတစ်ယောက်မျှ မလိုအပ်ဘဲ အလိုအလျောက် လည်ပတ်နိုင်စေခဲ့သည်။
အဆုံးအစမဲ့ အရင်းအမြစ်များသာ ရှိနေသရွေ့ ထုတ်လုပ်မှုစွမ်းအားကို အကန့်အသတ်မရှိ ပုံတူကူးကာ တိုးချဲ့သွားနိုင်ပေသည်။
……
လူသားတို့၏ စစ်ရေးပြင်ဆင်မှုများနှင့် ပတ်သက်၍ လော်ယွမ်က သိပ်ပြီး ဂရုမစိုက်လှပေ။ ကြီးမားကျယ်ဝန်းသော စံအိမ်ကြီးက အရာအားလုံးကို အဆက်အသွယ် ဖြတ်တောက်ထားသကဲ့သို့ ဖြစ်နေပြီး စစ်ပွဲ၏ အငွေ့အသက်များက ဤနေရာသို့ ရောက်သည်နှင့် လွင့်ပါးပျောက်ကွယ်သွားတော့သည်။
လော်ယွမ်က သူ၏လက်ထဲရှိ ကျန်းမာတောက်ဓားကို သတိကြီးစွာဖြင့် ဆုပ်ကိုင်ထားသည်။ သူ အနည်းငယ် ပေါ့ဆမိသည်နှင့် ဓားကျိုးသွားမည်ကို စိုးရိမ်နေမိသည်။
ကျန်းမာတောက်ဓား၏ ထက်ရှလှသော ဓားသွားများတွင် သိသာထင်ရှားသော အလိပ်အလိပ်များ ဖြစ်ပေါ်နေသည်။ ဤသည်မှာ စောစောက သူ မသိစိတ်ဖြင့် အမှတ်တမဲ့ ပွတ်သပ်မိလိုက်ရာမှ ဖြစ်ပေါ်လာသော အထစ်များပင် ဖြစ်သည်။
မူလက အလွန်မာကျောလှသော ဓား၏ သတ္တုသားမှာ ယခုအချိန်တွင် လော်ယွမ်အတွက် သာမန် ပစ္စည်းတစ်ခုကဲ့သို့ ကြွပ်ဆတ်လွန်းနေပြီ ဖြစ်သည်။ ကျန်းမာတောက်ဓားတွင် ပါဝင်နေသော ဟင်းလင်းပြင်လှိုင်း ဂယက်များကပင်လျှင် သူ၏ အပေါ်ယံ အရေပြားကို ဖောက်ထွင်းနိုင်စွမ်း မရှိတော့ပေ။
မည်သို့ပင်ဆိုစေ ထိုဟင်းလင်းပြင်လှိုင်း၏ စွမ်းအင်က အလွန်တရာ အားနည်းလွန်းနေသည်။ မည်မျှအထိ အားနည်းသနည်းဆိုလျှင် ကျုံ့ဝင်မှုအချိုး တစ်ထောင်ရှိသော ဒြပ်ဝတ္ထုတစ်ခုတည်းကပင် ၎င်း၏စွမ်းအင်များကို အပြည့်အဝ စုပ်ယူနိုင်စွမ်း ရှိနေသည်။
ဆယ်နှစ်ကျော်တိုင်တိုင် အတူတကွ ဖြတ်သန်းလာခဲ့သော ဤလုပ်ဖော်ကိုင်ဖက်ဟောင်းကြီးမှာ ယခုအခါတွင် သူ၏ ခြေလှမ်းများကို အမီမလိုက်နိုင်တော့ချေပြီတည်း။
ဆက်ရန်...
အပိုင်း(၅၄၄) ပဋိပက္ခ
လော်ယွမ်က ကျန်းမာတောက်ဓားကို အနည်းငယ် ပြုပြင်မွမ်းမံရန် ပြင်ဆင်လိုက်သည်။
ပထမဦးစွာ လော်ယွမ်က သူ၏ စိတ်စွမ်းအားဖြင့် ဓားကို အသေးစိတ် ထောက်လှမ်းစစ်ဆေးလိုက်သည်။ ကျန်းမာတောက်ဓား၏ ပါဝင်ပစ္စည်းမှာ သတ္တုအက်တမ်များနှင့် ဇီဝမော်လီကျူးကြီးများ ပေါင်းစပ်ထားသော ဒြပ်စင်တစ်ခု ဖြစ်သည်။ ၎င်းသည် ဖရိုဖရဲ ရောနှောနေခြင်း မဟုတ်ဘဲ အလွန်စနစ်ကျကာ စည်းမျဉ်းကျသော အလှတရားတစ်ရပ်ကို ထုတ်လွှတ်နေ၏။
ဤသည်မှာ သံသယဖြစ်ဖွယ်မရှိ အလွန်ကောင်းမွန်သော ကုန်ကြမ်းပစ္စည်းတစ်ခု ဖြစ်သည်။ အကူးအပြောင်းအခြေအနေရှိ ဒြပ်စင်များနှင့် မယှဉ်နိုင်သော်လည်း သာမန်ဒြပ်စင်များကြားတွင် ရူပဗေဒဆိုင်ရာဖြစ်စေ ဓာတုဗေဒဆိုင်ရာဖြစ်စေ အလွန်ထူးချွန်လှသည်။ အနည်းဆုံးတော့ လူသားတို့၏ လက်ရှိနည်းပညာဖြင့် ဤမျှစွမ်းဆောင်ရည်မြင့်မားသော သာမန်ဒြပ်စင်မျိုးကို မဖန်တီးနိုင်သေးပေ။
သေချာသည်မှာ လော်ယွမ်အတွက်မူ ဤကုန်ကြမ်းမျိုးကို သူက အလွယ်တကူ ပုံတူကူးယူနိုင်စွမ်း ရှိပေသည်။
မကြာမီမှာပင် အခြား ကျန်းမာတောက်ဓား တစ်လက်က သူ၏ ကျန်လက်တစ်ဖက်ပေါ်တွင် ပေါ်လာခဲ့သည်။
ကျန်းမာတောက်ဓား နှစ်လက်မှာ ပုံစံခွက်တစ်ခုတည်းမှ ထွက်လာသည့်အလား တစ်ပုံစံတည်း တူညီနေသည်။ အက်တမ်တိုင်းသည်ပင် အတိအကျ တူညီနေသော်လည်း လော်ယွမ်၏ ခံစားမှုတွင်မူ ဤဓားနှစ်လက်မှာ လုံးဝကို ကွဲပြားခြားနားနေသည်။ နှစ်ခုကြားရှိ ကွာခြားချက်ကို သူ ချက်ချင်း ခွဲခြားသိမြင်နိုင်ပေသည်။
ဓားတစ်လက်က သူ့အသွေးအသား၏ အစိတ်အပိုင်းတစ်ခုအလား သူ့ခန္ဓာကိုယ်နှင့် နီးကပ်စွာ ဆက်နွှယ်နေသည်။ ၎င်းက အသက်ရှူနေသကဲ့သို့ အသက်ဝင်နေပြီး သာမန်လူများ အနားကပ်လာရုံဖြင့် အရိုးတိုက်ခိုက်မတတ် အေးစက်မှုကို ခံစားရစေမည်ဖြစ်သည်။
အခြားဓားတစ်လက်မှာမူ သက်မဲ့အရာဝတ္ထုတစ်ခုသာ ဖြစ်ပြီး အသက်ငွေ့အသက် အနည်းငယ်မျှ မရှိချေ။ ထက်ရှမှု တူညီသည်မှလွဲ၍ အခြား မည်သည့်ထူးခြားမှုမှ မရှိပေ။
ထို့အပြင် ပုံတူကူးထားသော ဓားသည် ဟင်းလင်းပြင်ကို ပိုင်းဖြတ်နိုင်စွမ်း မရှိချေ။
အမှန်တကယ်တော့ လော်ယွမ်က သိပ်ပြီး အံ့သြမနေခဲ့ပေ။ သူ၏ ပုံတူကူးယူမှုက အပြည့်အဝ မစုံလင်လှချေ။ သူ၏ စိတ်စွမ်းအားဖြင့် အဏုမြူအဆင့် ထိန်းချုပ်မှုမှာ နျူထရွန်အဆင့်ထိသာ ရောက်ရှိနိုင်ပြီး ပိုမိုသေးငယ်သော ကွာ့ခ် သို့မဟုတ် လက်ပတွန် အဆင့်ရှိ အမှုန်များကိုမူ လုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိသေးပေ။
စိတ်စွမ်းအား အမှတ်အသား ဆိုသည်မှာ အခြေခံအားဖြင့် ဒြပ်ဝတ္ထုများ၏ နက်ရှိုင်းသော ကွမ်တမ်ချိတ်ဆက်မှု အကျိုးသက်ရောက်မှုတစ်မျိုး ဖြစ်သည်။
လက်ရှိ သူ၏စွမ်းအားဖြင့် ၎င်း၏ အနှစ်သာရကို သိမြင်နိုင်ရန် အလှမ်းဝေးနေဆဲဖြစ်သည်။ ကျန်းမာတောက်ဓား၏ ဟင်းလင်းပြင်ပိုင်းဖြတ်နိုင်စွမ်းမှာလည်း ဒြပ်ဝတ္ထု၏ ပိုမိုနက်ရှိုင်းသော စွမ်းအင်လှိုင်းများဆီမှ လာခြင်းဖြစ်သည်မှာ သေချာလှသည်။
စနစ်၏ ပေါင်းစပ်ခြင်း စွမ်းရည်ကို သူ ပြန်တွေးမိလိုက်သည်။ ယခုအခါ သူ၏ တွေးခေါ်မှုများက အကျိုးအကြောင်းဆင်ခြင်မှုအပေါ် အခြေခံနေသော်လည်း စိတ်လှုပ်ရှားမှု ဂယက်လေးတစ်ခုကိုတော့ ခံစားလိုက်ရဆဲဖြစ်သည်။
ယခင်က အသုံးပြုခဲ့စဉ်က အံ့ဩဖွယ်ကောင်းသည်ဟု ခံစားခဲ့ရသော်လည်း အများကြီး မတွေးခဲ့မိပေ။ ယခု ပြန်စဉ်းစားကြည့်သည့်အခါတွင်မူ အလွန်ထိတ်လန့်စရာ ကောင်းလှသည်။ ထိုစွမ်းရည်၏ နောက်ကွယ်တွင် မျှော်လင့်ချက်မဲ့သွားစေလောက်အောင် အစွမ်းထက်လှသည့် နည်းပညာတစ်ခု ရှိနေပေသည်။
စနစ်ကို ဖန်တီးခဲ့သော အမည်မသိ စူပါယဉ်ကျေးမှုအဖွဲ့အစည်းအကြောင်းကို ပိုသိလာလေလေ လော်ယွမ်က ၎င်း၏ ကြီးမားလှသော အစွမ်းအာဏာကို ပိုမိုခံစားရလေလေပင်။
သူ၏အဆင့်သို့ ရောက်လာသောအခါ အစွမ်းထက်ခြင်းဆိုသည့် အဓိပ္ပာယ်မှာ စွမ်းအင်ပမာဏ နည်းခြင်း များခြင်းအပေါ် မမူတည်တော့ဘဲ အဏုမြူအမှုန်များကို ထိန်းချုပ်နိုင်စွမ်းအပေါ်တွင်သာ မူတည်တော့သည်။ မည်သူက ပိုမိုနက်ရှိုင်းသော အဏုမြူအမှုန်များကို ထိန်းချုပ်နိုင်သနည်း၊ ထိုသူက စကြဝဠာ၏ အနှစ်သာရကို ပိုမိုနားလည်နိုင်ပြီး ပို၍ အစွမ်းထက်လေ ဖြစ်သည်။
ဤနယ်ပယ်တွင်မူ လူသားတို့၏ နည်းပညာသည် မော်လီကျူးအဆင့်သို့သာ ရောက်ရှိနေသေးသည်။ ထိုအမည်မသိ စူပါယဉ်ကျေးမှုအဖွဲ့အစည်းနှင့် နှိုင်းယှဉ်ပါက ဆင်တစ်ကောင်ရှေ့မှ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင်။ ခြေဖဝါး အနည်းငယ် မြှောက်၍ နင်းချလိုက်ရုံဖြင့် အလွယ်တကူ သေဆုံးကာ သွေးသားများ ကြေမွသွားရပေလိမ့်မည်။
လော်ယွမ်ကိုယ်တိုင်ပင်လျှင် အနည်းငယ် ပို၍ အစွမ်းထက်သော ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။
သူက မျက်မှောင်ကြုတ်လိုက်ပြီး ဤအရာများကို ဆက်မတွေးတော့ချေ။ တွေးနေ၍လည်း အပိုသာ ဖြစ်ပေမည်။
နောက်တစ်စက္ကန့်တွင် ကျန်းမာတောက်ဓား နှစ်လက်စလုံး ချက်ချင်း ပြိုကွဲသွားသည်။ တစ်ချိန်တည်းမှာပင် ဒြပ်ဝတ္ထု အမြောက်အမြားက အတွင်းသို့ ပေါင်းစပ်ဝင်ရောက်လာပြီး တစ်စက္ကန့်အကြာတွင် ကျန်းမာတောက်ဓား အသစ်တစ်လက် သူ၏ လက်ဖဝါးပေါ်၌ ပြန်လည်ပေါ်ထွက်လာခဲ့သည်။
ကျန်းမာတောက်ဓားသစ်၏ ဖိသိပ်ကျုံ့ဝင်မှုအချိုးမှာ ခြောက်သောင်းပုံတစ်ပုံ ဖြစ်ပြီး အလေးချိန်မှာ တန်တစ်ထောင်အထိ ရှိသည်။
သို့သော် သူ၏လက်ထဲတွင်မူ အလေးချိန်မရှိသကဲ့သို့ ပေါ့ပါးနေဆဲဖြစ်ကာ အနည်းငယ်မျှပင် အားစိုက်ထုတ်စရာ မလိုပေ။
လော်ယွမ်က ခေတ္တမျှ ကြည့်ပြီးနောက် ဓားကို အနီးရှိ လက်နက်စင်ပေါ်သို့ တင်ထားလိုက်သည်။
အမှန်တကယ်တော့ လက်နက်များက သူ့အတွက် များစွာ အသုံးမဝင်တော့ချေ။ လေးဘက်မြင် သက်ရှိတစ်ပိုင်းဖြစ်သော သူ့အတွက် စိတ်စွမ်းအားကသာ အစွမ်းထက်ဆုံးနှင့် အခြေခံအကျဆုံး စွမ်းအားဖြစ်သည်။ ယခု ကျန်းမာတောက်ဓားကို ပြန်လည်မွမ်းမံခြင်းက ရုတ်တရက် စိတ်ကူးပေါက်လာ၍သာ ဖြစ်သည်။
ဗိုရှင်းဂြိုဟ်သားများ ရောက်ရှိလာတော့မည့် သတင်းက လော်ယွမ်၏ စိတ်ထဲတွင် ထင်ထားသလောက် တည်ငြိမ်မနေစေဘဲ အနည်းနှင့်အများတော့ သက်ရောက်မှုများ ရှိစေခဲ့သည်။
ဤသည်မှာ တိုက်ခိုက်လိုသော စိတ်စွမ်းအားတစ်မျိုး ဖြစ်သည်။ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရချိန်တွင် သက်ရှိများ၏ ပင်ကိုယ် တန်ပြန်တိုက်ခိုက်လိုသော ဆန္ဒဖြစ်သည်။
ထို့ကြောင့် လော်ယွမ်က အသုံးဝင်သည်ဖြစ်စေ အသုံးမဝင်သည်ဖြစ်စေ ရန်သူက အစွမ်းထက်သည်ဖြစ်စေ အားနည်းသည်ဖြစ်စေ စစ်ပွဲအတွက် မသိစိတ်မှ ကြိုတင်ပြင်ဆင်နေမိခြင်း ဖြစ်သည်။
---
ညနေပိုင်းအချိန်တွင် ချန်ရှင်းကျယ်နှင့် လော်ကျွမ်းချောင်တို့က လော်ယွမ်ကို လာရောက်ကြည့်ရှုကြသည်။
"ကျွမ်းချောင်... အဖေလို့ မြန်မြန်ခေါ်လိုက်လေ"
ချန်ရှင်းကျယ်က စကားမပြောဘဲ နေနေသော သားဖြစ်သူကို ကြည့်ကာ တိုက်တွန်းလိုက်သည်။
"အဖေ"
လော်ကျွမ်းချောင်က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ခေါ်လိုက်ပြီး အသက်ပင် ပြင်းပြင်းမရှူရဲပေ။
ဤသည်မှာ နှစ်ပေါင်းများစွာ ကြာပြီးနောက် အဖေဖြစ်သူကို ဒုတိယအကြိမ် ပြန်လည်တွေ့မြင်ရခြင်း ဖြစ်သည်။ သို့သော် ဤအဖေဖြစ်သူက သူ၏မျက်လုံးထဲတွင် အလွန်စိမ်းသက်နေပြီဖြစ်သည်။
ကြွေသားကဲ့သို့ ဖြူဖွေးနေသော လူသားနှင့်မတူသည့် အသားအရေ၊ ဖိနှိပ်ထားသည့် အရှိန်အဝါ၊ လောကကြီးနှင့် အဆက်အသွယ်ပြတ်နေသည့်ဟန် စသည့် အရာအားလုံးက သူ့ကို အဖေဖြစ်သူအပေါ် အကြောက်တရားနှင့် စိမ်းသက်မှုများ ပြည့်နှက်နေစေသည်။
လော်ယွမ်က သူတို့နှစ်ဦးကို မြင်သောအခါ ခေါင်းညိတ်ပြလိုက်သည်။
"မင်းတို့ ငါ့ဆီလာတာ ဘာကိစ္စရှိလို့လဲ"
သူ့ရှေ့ရှိ လူနှစ်ဦးမှာ သူ၏ မိန်းမနှင့် မွေးစားသား မဟုတ်ဘဲ သူစိမ်းနှစ်ဦးမျှသာ ဖြစ်နေသကဲ့သို့ သူ၏ လေသံက အေးစက်နေသည်။ လော်ကျွမ်းချောင်က ဤအခြေအနေကို ပထမဆုံးကြုံတွေ့ရသဖြင့် အနေခက်နေသော်လည်း ချန်ရှင်းကျယ်ကမူ နှစ်ပေါင်းများစွာကြာလာသည်နှင့်အမျှ လော်ယွမ်၏ ဤစရိုက်ကို ကျင့်သားရနေပြီဖြစ်ကာ မျှော်လင့်ချက်များလည်း အားလုံးကုန်ဆုံးနေပြီဖြစ်သည်။
သူမက အေးစက်စက် လေသံဖြင့် ပြန်ပြောသည်။
"ရှင့်သားက စစ်ထဲဝင်ပြီး သေမလို့လုပ်နေတယ်... ကျွန်မ တားလို့မရဘူး... ရှင် ဝင်မပါတော့ဘူးလား"
လော်ယွမ်က ပြန်မဖြေဘဲ လော်ကျွမ်းချောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"မင်းက စစ်ထဲဝင်ချင်တာလား... ဘာဖြစ်လို့လဲ"
လော်ကျွမ်းချောင်က ကြောက်လန့်တကြားဖြင့် ခေါင်းပင်မမော့ရဲဘဲ အားနည်းသော လေသံဖြင့် ပြန်ဖြေသည်။
"ဗိုရှင်းဂြိုဟ်သားတွေက အရမ်းရက်စက်တယ်... သူတို့က လူသားတွေကို မျိုးဖြုတ်ပစ်ချင်နေကြတာ... သားက... သားက အဖေ့လို လူသားတွေကို ကယ်တင်တဲ့ သူရဲကောင်းတစ်ယောက် ဖြစ်ချင်လို့ပါ"
ဤကာလအတွင်း နေရာအနှံ့တွင် စစ်သားစုဆောင်းရေး ဝါဒဖြန့်မှုများကြောင့် စိတ်အားထက်သန်မှုများ ပြည့်နှက်နေရာ လော်ကျွမ်းချောင်လည်း လွှမ်းမိုးခံလိုက်ရခြင်း ဖြစ်သည်။ သူက အသက်ဆယ့်လေးနှစ် ပြည့်ပြီဖြစ်ရာ စစ်ကာလ ယာယီဥပဒေအရ စစ်တပ်ထဲဝင်ခွင့် အရည်အချင်း ပြည့်မီနေပြီဖြစ်သည်။
"ဒါပေမဲ့ မင်းမှာ ငါ့လိုစွမ်းအားမျိုးမှ မရှိတာ... မင်းက သာမန်လူတစ်ယောက်ပဲ... သူရဲကောင်း ဖြစ်မလာနိုင်ဘူး... စစ်မြေပြင်ကို ရောက်သွားရင် မင်းက အသုံးချခံ သက်သက်ပဲ... အချိန်မရွေး သေသွားနိုင်တယ်"
လော်ယွမ်၏ လေသံမှာ အနည်းငယ်မျှ လှုပ်ရှားမှုမရှိပေ။
လော်ကျွမ်းချောင်၏ အသက်အရွယ်မှာ ဆယ်ကျော်သက် ပုန်ကန်ချင်သော အရွယ်ဖြစ်ရာ ယခုကဲ့သို့ လော်ယွမ်၏ အညှာအတာမဲ့ နှိမ့်ချပြောဆိုမှုကို ခံလိုက်ရသောအခါ ရင်ထဲတွင် ဒေါသများ ဝုန်းခနဲ ထွက်ပေါ်လာသည်။ သို့သော် သူက ခေါင်းမမော့ရဲသေးဘဲ ခေါင်းမာသော လေသံဖြင့် ပြန်ပြောလိုက်သည်။
"သားက သေရမှာကို မကြောက်ပါဘူး... အခု လူသားတွေက သေရေးရှင်ရေး အကျပ်အတည်းကို ရောက်နေပြီ... ဘယ်သူမှ ရှောင်ပြေးလို့မရဘူး... အဖေ့ရဲ့သားတစ်ယောက်အနေနဲ့ သားက စံပြဖြစ်ရမယ်... သားသေသွားရင်တောင် အဓိပ္ပာယ်ရှိပါတယ်"
"မင်း တကယ်ပဲ စစ်ထဲ ဝင်ချင်တာလား" လော်ယွမ်က မေးလိုက်သည်။
"ဝင်ချင်တယ်" လော်ကျွမ်းချောင်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။
"လော်ယွမ်"
လော်ယွမ် မည်မျှပင် အစွမ်းထက်သည်ဖြစ်စေ ချန်ရှင်းကျယ်က ဂရုမစိုက်ပေ။ မိခင်တစ်ယောက်အနေဖြင့် သားဖြစ်သူ မွေးဖွားလာကတည်းက သားက သူမ၏ အသည်းနှလုံး ဖြစ်နေခဲ့သည်။
အထူးသဖြင့် လော်ယွမ်က ပို၍ အေးစက်လာပြီးနောက်ပိုင်း သားဖြစ်သူက သူမဘဝ၏ အရာအားလုံး ဖြစ်လာခဲ့သည်။ ယခု လော်ယွမ်က သဘောတူမည့် အရိပ်အယောင် ပြလာသဖြင့် သူမက ဒေါသတကြီးဖြင့် အော်ခေါ်လိုက်ခြင်း ဖြစ်သည်။
လော်ယွမ်က ဒေါသထွက်နေသော ချန်ရှင်းကျယ်ကို အမူအရာမဲ့စွာ ကြည့်လိုက်သည်။
"ငါ သူ့ကို နားချလို့မရဘူး... ဘာလို့လဲဆိုတော့ ဒါက သူ့ရဲ့ လွတ်လပ်တဲ့ ဆန္ဒအရ ဆုံးဖြတ်ထားတာပဲ... ဒီရွေးချယ်မှုကို ငါ လေးစားတယ်... သူ့ရဲ့ မှတ်ဉာဏ်တွေကို ပြင်ဆင်ပြီး ဒီအတွေးတွေကို ဖျောက်ဖျက်ပစ်လိုက်လို့တော့ ရတယ်... ဒါပေမဲ့ မင်းလည်း သဘောတူမှာ မဟုတ်သလို သူလည်း လက်ခံမှာ မဟုတ်ဘူးလို့ ငါထင်တယ်"
လော်ယွမ်က ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်သော်လည်း သူ၏စကားလုံးများထဲမှ အဓိပ္ပာယ်က လူကို ကြက်သီးထကာ ကျောချမ်းသွားစေရန် လုံလောက်ပေသည်။
အမှန်တကယ်တော့ သူတို့ကြားရှိ သံယောဇဉ်များက လော်ယွမ်၏ တွေးခေါ်မှုကို လွှမ်းမိုးထားဆဲဖြစ်၍သာ မဟုတ်လျှင် သူက ဤမျှလောက်အထိ တွေးတောနေမည် မဟုတ်သလို စိတ်ရှည်လက်ရှည်လည်း မေးမြန်းနေမည် မဟုတ်ချေ။
မန်ကျွင်းဟွာကို ပြုလုပ်ခဲ့သကဲ့သို့ တိုက်ရိုက်ပင် မှတ်ဉာဏ်များ ပြင်ဆင်ထည့်သွင်းလိုက်မည်သာ ဖြစ်သည်။ ထိုသို့လုပ်ခြင်းက အချိန်ကုန်သက်သာရုံသာမက ရလဒ်လည်း ပိုကောင်းပေလိမ့်မည်။
ချန်ရှင်းကျယ်က လော်ကျွမ်းချောင်ကို ခေါ်ကာ ဒေါသတကြီးဖြင့် ထွက်သွားခဲ့သည်။ တံခါးဝတွင် ပျောက်ကွယ်သွားသော သူတို့နှစ်ဦး၏ ကျောပြင်ကို ကြည့်ရင်း လော်ယွမ်က အချိန်အတော်ကြာသည်အထိ မလှုပ်မယှက် ရပ်နေခဲ့မိတော့သည်။
ဆက်ရန်...