← Chapters

အခန်း (၅၄၅-၅၄၆)

Vol. 28 Ch. 545-546

အခန်း (၅၄၅-၅၄၆)

Vol. 28 Ch. 545-546

အပိုင်း(၅၄၅) ပဟေဠိ

လေးဘက်မြင်အသွင် ပြောင်းလဲသွားပြီးနောက် လော်ယွမ်၏ အဓိကအကျဆုံးသော ပြောင်းလဲမှုက ခွန်အားမဟုတ်သလို တွေးခေါ်မှုအမြန်နှုန်းလည်း မဟုတ်ပေ။ တွေးခေါ်မှုပုံစံပင် ဖြစ်သည်။

ပထမအချက်နှစ်ခုက အရေအတွက်ပိုင်းဆိုင်ရာ ပြောင်းလဲမှုမျှသာ ဖြစ်သည်ဆိုလျှင် နောက်ဆုံးအချက်ကမူ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကြီးပင် ဖြစ်သည်။

ယေဘုယျအားဖြင့် ဆိုရလျှင် သာမန်လူတစ်ယောက် ပြဿနာတစ်ခုကို စဉ်းစားတွေးခေါ်ရာတွင် မျဉ်းဖြောင့်သဘောတရားအပေါ်၌သာ အခြေခံလေ့ရှိသည်။

ဥပမာအားဖြင့် လမ်းတစ်လမ်း ဖောက်လုပ်ရာတွင် တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းသို့ အဆင့်ဆင့် စနစ်တကျ ဖောက်လုပ်သွားသကဲ့သို့ပင်။ ၎င်းတွင် အစမှတ်နှင့် အဆုံးမှတ်ဟူ၍ ရှိပြီး အလယ်တွင် ကျော်လွှားသွားခြင်းမျိုး မရှိပေ။

သို့သော် လော်ယွမ်၏ တွေးခေါ်စဉ်းစားပုံကမူ လမ်းကြောင်းပေါင်းစုံ တစ်ပြိုင်နက်တည်း လုပ်ဆောင်ခြင်းမျိုး ဖြစ်သည်။ လမ်းတစ်လမ်းကို အပိုင်းပေါင်း ထောင်ချီ၊ သောင်းချီခွဲ၍ တစ်ပြိုင်နက်တည်း ဖောက်လုပ်နေသည့် အပိုင်းလိုက် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုနှင့် တူပေသည်။

ထိုလမ်းကို ဖောက်လုပ်နေစဉ်မှာပင် အခြားသော လမ်းပေါင်း ရာချီ၊ ထောင်ချီကိုလည်း တစ်ပြိုင်နက်တည်း ဖောက်လုပ်နေခြင်းမျိုး ဖြစ်သည်။

သူ၏ ဦးနှောက်ထဲတွင် အချိန်တိုင်း စက္ကန့်တိုင်း၌ မရေမတွက်နိုင်သော တွက်ချက်မှုများ လုပ်ဆောင်နေပြီး အများစုမှာ ပင်ကိုယ်အသိစိတ်အရ၊ မသိစိတ်အရ လုပ်ဆောင်နေခြင်းဖြစ်ကာ အဓိပ္ပာယ်မရှိသော တွက်ချက်မှုများပင် အများအပြား ပါဝင်နေလေသည်။

သတင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာရာတွင် ရှုပ်ထွေးမှု အတိုင်းအတာအရ သူ၏ လမ်းလျှောက်လှုပ်ရှားမှုကြောင့် အာကာသမြို့တော်၏ လေစီးကြောင်းအပေါ် သက်ရောက်သွားသည့် အသေးစား ပြောင်းလဲမှုလေးများမှစ၍ အဝေးရှိ နံပါတ်(၄) ဂြိုဟ်ပေါ်မှ ရေခဲတုံးတစ်တုံး ကွဲအက်သွားခြင်းကြောင့် ထိုဂြိုဟ်တစ်ခုလုံးအပေါ် သက်ရောက်သွားနိုင်သည့် ကြီးမားသော အပြောင်းအလဲများအထိ ပါဝင်လေသည်။

ဤသည်မှာ လေးဘက်မြင် သက်ရှိတစ်ဦး၏ သတင်းအချက်အလက်များကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းပင် ဖြစ်သည်။ ထို့ကြောင့် သူ၏ ဦးနှောက်ထဲသို့ အချိန်တိုင်း စက္ကန့်တိုင်း၌ မရေမတွက်နိုင်သော သတင်းအချက်အလက်များ ဝင်ရောက်လာပြီး ချက်ချင်း တွက်ချက်ဖြေရှင်းနိုင်ခြင်း ဖြစ်သည်။

စွမ်းဆောင်ရည်မြင့်မားလွန်းသော တွက်ချက်မှုများကြောင့် သူ၏ စိတ်ခံစားချက်များက မတုံ့ပြန်နိုင်မီမှာပင် ဦးနှောက်က နောက်ဆုံး ဆုံးဖြတ်ချက်များကို ချမှတ်ပြီးဖြစ်နေတတ်သည်။

ထိုဆုံးဖြတ်ချက်များက အကောင်းဆုံးတော့ မဟုတ်နိုင်သည့်အပြင် အများစုမှာ အေးစက်စက်နိုင်ပြီး လူသားဆန်မှု ကင်းမဲ့နေတတ်သော်လည်း အထိရောက်ဆုံးနှင့် မိမိကိုယ်ကျိုးအတွက် အကောင်းဆုံးသော ဆုံးဖြတ်ချက်များသာ ဖြစ်လေသည်။

"ငါက လူ့အဖွဲ့အစည်းနဲ့ တဖြည်းဖြည်း သဟဇာတ မဖြစ်နိုင်တော့ပါလား"

လော်ယွမ်က မသိမသာ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် စိတ်အနှောင့်အယှက်ဖြစ်စရာများကို ခေါင်းထဲမှ ချက်ချင်း ထုတ်ပယ်ပစ်လိုက်သည်။

...

အလင်းနှစ် ဆယ်နှစ်ခန့် အကွာအဝေးတွင် ဧရာမ ကြယ်တာရာ ယာဉ်ပျံကြီး ဆယ့်နှစ်စင်းသည် စက်ဝိုင်းပုံစံ တန်းစီကာ ဟင်းလင်းပြင်ကွေးညွတ်ပျံသန်းခြင်းစနစ်ဖြင့် ကြယ်တာရာ အဖွဲ့အစည်းတစ်ခုဆီသို့ ခမ်းနားကြီးကျယ်စွာ ဦးတည်ပျံသန်းနေကြသည်။

ယာဉ်ပျံများ၏ ရှေ့ဘက်တွင် သိပ်သည်းလှသော ဖိုတွန် (အလင်းမှုန်) များက အလွှာထူကြီးတစ်ခုအဖြစ် စုပုံနေပြီး စူးရှတောက်ပသော အလင်းရောင်များကို ထုတ်လွှတ်နေသည်။

ယာဉ်အုပ်စု ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် ဟင်းလင်းပြင် လှိုင်းဂယက်များက စကြဝဠာ အရပ်မျက်နှာအနှံ့သို့ ပြန့်နှံ့သွားပြီး ၎င်းတို့ ရောက်ရှိလာပြီဖြစ်ကြောင်းကို ရဲတင်းစွာ ကြေညာနေသကဲ့သို့ ရှိသည်။

ဤယာဉ်အုပ်စုရှိ ယာဉ်ပျံများသည် ကမ္ဘာမြေဆီသို့ ပထမဆုံး စေလွှတ်ခဲ့သော ဗိုရှင်းဂြိုဟ်သားတို့၏ ယာဉ်ပျံနှင့် လုံးဝ ကွာခြားနေပြီဖြစ်သည်။

ယာဉ်ပျံမှာ ပိုမို ကြီးမားလာရုံသာမက ပုံသဏ္ဌာန်မှာလည်း ပြီးပြည့်စုံသော စက်ဝိုင်းပြားပုံစံ မဟုတ်တော့ပေ။ ၎င်းတို့သည် ချွန်ထက်သော တြိဂံပုံ ကတော့များကဲ့သို့ ဖြစ်နေပြီး မျက်နှာပြင်မှာ အလွန် ချောမွေ့ပြန့်ပြူးကာ အင်ဂျင်နီယာ အနုပညာလက်ရာတစ်ခုအလား လှပကျော့ရှင်းနေသည်။

အလင်းထက်မြန်သော အမြန်နှုန်းဖြင့် ပျံသန်းခြင်းနှင့် အလင်းအမြန်နှုန်းနီးပါး ပျံသန်းခြင်းတို့သည် လုံးဝ ကွဲပြားခြားနားသော သဘောတရားနှစ်ခု ဖြစ်သည်။

အလင်းအမြန်နှုန်းနီးပါး ပျံသန်းရာတွင် ဥက္ကာခဲများနှင့် ဝင်တိုက်မိနိုင်မှုကိုသာ ထည့်သွင်းစဉ်းစားရန် လိုအပ်ပြီး အလင်း၏ ဖိအားကို စိုးရိမ်စရာ မလိုပေ။

ယာဉ်ပျံအနေဖြင့် ပျံသန်းမှု ဒိုင်းနမစ်ကို များများစားစား စဉ်းစားရန် မလိုအပ်သလို ယာဉ်၏ ပုံသဏ္ဌာန်ကလည်း ကြီးမားသော သက်ရောက်မှု မရှိချေ။

သို့သော် အလင်းထက်မြန်သော ဟင်းလင်းပြင်ကွေးညွတ်ပျံသန်းခြင်းတွင်မူ ဥက္ကာပျံများနှင့် ဝင်တိုက်မိမည်ကို စိုးရိမ်စရာ မလိုတော့သော်လည်း အလင်းဖိအားက အဓိက ပြဿနာတစ်ရပ် ဖြစ်လာလေသည်။

အမှန်တကယ်တော့ အလင်းထက်မြန်သော ပျံသန်းမှုသည် လေထုအတွင်း ပျံသန်းရခြင်းနှင့် တစ်စိတ်တစ်ပိုင်း ဆင်တူလှသည်။ အမြန်နှုန်းက အလင်းအလျင်ထက် ကျော်လွန်သွားသောအခါ အလင်း၏ ဖိအားမှာ အဆမတန် မြင့်တက်လာသည်။

ဖိုတွန်များနှင့် ယာဉ်ပျံမျက်နှာပြင်တို့ကြား ပြင်းထန်စွာ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော ဖိအားက ယာဉ်ပျံ၏ တည်ငြိမ်မှုနှင့် အပူဒဏ်ခံနိုင်ရည်ကို ပြင်းပြင်းထန်ထန် စမ်းသပ်နေသကဲ့သို့ပင်။

ထိုအချက်ကြောင့်ပင် ဗိုရှင်းဂြိုဟ်သားတို့၏ ယာဉ်ပျံပုံသဏ္ဌာန်သည် လေထုအတွင်း ပျံသန်းရသော လေယာဉ်များနှင့် ပိုမိုတူညီလာကာ အလင်းဖိအားကို လျှော့ချနိုင်ရန်အတွက် ပိုမိုချောမွေ့သော ပုံစံများ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

တစ်နည်းအားဖြင့် ဆိုရလျှင် ဤသည်က မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခြင်း တစ်မျိုးပင် ဖြစ်သည်။

...

ထိုယာဉ်ပျံများအနက် အနည်းငယ် ပိုမိုကြီးမားသော ယာဉ်ပျံတစ်စင်း၏ စစ်ဆင်ရေး ကွပ်ကဲမှုစင်တာအတွင်း၌ အစည်းအဝေးတစ်ခုကို ကျင်းပနေလေသည်။

ဧရာမ သုံးဘက်မြင် ဖန်သားပြင်ကြီးပေါ်တွင် ပြီးပြည့်စုံသော ကြယ်တာရာ အဖွဲ့အစည်းတစ်ခုက ဖြည်းညင်းစွာ လည်ပတ်နေသည်။ အကယ်၍ လူသားများသာ ဤနေရာတွင် ရှိနေမည်ဆိုပါက ထိုအရာသည် လူသားတို့ ရောက်ရှိနေသည့် ဘားနတ် ကြယ်အဖွဲ့အစည်း ဖြစ်ကြောင်း တွေ့ရှိသွားကြမည် ဖြစ်သည်။

"ဉာဏ်ရည်တု ကွန်ပျူတာရဲ့ တွက်ချက်မှုအရဆိုရင် ပထမမျိုးဆက် ကြယ်တာရာယာဉ်ပျံရဲ့ ခရီးဝေးပျံသန်းနိုင်စွမ်းနဲ့ဆို လူသားတွေ ဒီကြယ်အဖွဲ့အစည်းမှာ အခြေချဖို့ ရာခိုင်နှုန်း ၉၉ ရာခိုင်နှုန်း သေချာပါတယ်... လိုအပ်မယ်ဆိုရင် ကျွန်တော်တို့က တည်နေရာပြစနစ်ကို ပြန်ဖွင့်လို့ ရပါသေးတယ်" ဟု အရပ်ပုပု ဗိုရှင်းဂြိုဟ်သားတစ်ဦးက ပေါ့ပေါ့ပါးပါး မျက်နှာထားဖြင့် ပြောလိုက်သည်။

"အဲဒီ ကမ္ဘာသား လူရိုင်းတွေက ကျွန်တော်တို့ရဲ့ ယာဉ်ပျံကို ရသွားတာနဲ့ပဲ ကျွန်တော်တို့ရဲ့ လိုက်လံဖမ်းဆီးမှုကနေ လွတ်မြောက်သွားနိုင်ပြီလို့ ထင်နေကြတာ... ယာဉ်ပျံထဲမှာ လျှို့ဝှက် တည်နေရာပြစနစ် ပါလာတယ်ဆိုတာကို သူတို့ ဘယ်လိုမှ ထင်ထားမိမှာ မဟုတ်ဘူး"

"ဒီစနစ် တပ်ဆင်ထားတဲ့ နေရာတွေကို ယာဉ်ပျံဒီဇိုင်နာတွေတောင် မသိကြဘူး... သတိမထားမိနိုင်တဲ့ ထောင့်ကျကျ နေရာမျိုး... အနုမြူပေါင်းစပ်မီးဖို တစ်ခုခုရဲ့ အထပ်ကြားထဲ... ဒါမှမဟုတ် ယာဉ်ပျံရဲ့ သံချပ်ကာပြားတွေကြားထဲမှာတောင် မြှုပ်နှံထားနိုင်တယ်"

သူ၏ ပေါ့ပေါ့ပါးပါး နောက်ပြောင်လှောင်ပြောင်လိုက်သော လေသံကြောင့် အစည်းအဝေးခန်းအတွင်းရှိ ဗိုရှင်းဂြိုဟ်သားများအားလုံး ဝိုင်းဝန်းရယ်မောလိုက်ကြသည်။

"ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာတောင် သူတို့က ဘာမှသိမှာ မဟုတ်သေးဘူး... ဒါပေမဲ့ ဒီတစ်ခါတော့ သူတို့ လုံးဝ ထွက်ပြေးလို့ မလွတ်နိုင်တော့ပါဘူး" အခြား ဗိုရှင်းဂြိုဟ်သားတစ်ဦးက ရယ်မောရင်း ပြောလိုက်သည်။

"နှမြောစရာကောင်းတာက ဒီတစ်ခေါက် အမိန့်က လူသားတွေကို တစ်ယောက်မကျန် အမြစ်ပြတ် ချေမှုန်းဖို့ပဲ... အဲဒီလို မဟုတ်ရင် သူတို့ထဲက တချို့ကို သုံ့ပန်းအဖြစ် ဖမ်းခေါ်လာလို့ ရသေးတယ်"

လူသားများက ဗိုရှင်းဂြိုဟ်သားများအပေါ် ခြိမ်းခြောက်နိုင်မှုအဆင့် တစ်ရှိန်ထိုး မြင့်တက်လာသည်နှင့်အမျှ ဤစစ်ပွဲ၏ အတိုင်းအတာမှာလည်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

ဗိုရှင်းဂြိုဟ်သားတို့သည် ဒုတိယမျိုးဆက် ကြယ်တာရာစစ်သင်္ဘော အားလုံးကို စုစည်းကာ ခြင်္သေ့က ယုန်ငယ်လေးကို ဖမ်းရာတွင် အစွမ်းကုန် အသုံးပြုသကဲ့သို့ လူသားမျိုးနွယ်ကို အပြီးတိုင် ချေမှုန်းရန် အင်တိုက်အားတိုက် ပြင်ဆင်လာကြခြင်း ဖြစ်သည်။

အားလုံးက ဤစစ်ဆင်ရေးသည် ရာခိုင်နှုန်းပြည့် အောင်မြင်မည်ဟု ယုံကြည်ထားကြပြီး မည်သည့် အမှားအယွင်းမျှ ဖြစ်လာမည် မဟုတ်သလို၊ ဖြစ်လာရန်လည်း မဖြစ်နိုင်ဟု ယူဆထားကြသည်။

ထို့ကြောင့် ဤအစည်းအဝေး၏ လေထုမှာ အတော်လေး ပေါ့ပေါ့ပါးပါး ဖြစ်နေပြီး ဤခရီးဝေး စစ်ဆင်ရေးတွင် မည်သည့် အန္တရာယ်မျိုး ရှိနေမည်ဟု မည်သူကမျှ မထင်မှတ်ထားကြချေ။

သို့သော် အစည်းအဝေးခုံ၏ ထိပ်ဆုံးနေရာတွင် ထိုင်နေသော ဗိုရှင်းဂြိုဟ်သားကမူ ရယ်မောခြင်း မရှိခဲ့ပေ။ သူက အနည်းငယ် အသက်အရွယ်ရနေပြီဖြစ်ကာ ခမ်းနားထည်ဝါသော ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသဖြင့် အခြားသူများကြားတွင် သိသာထင်ရှားစွာ ပေါ်လွင်နေလေသည်။

သူက မျက်မှောင်ကြုတ်ထားသည်။ ဤစစ်ဆင်ရေး၏ တပ်မှူးအဖြစ်၊ ဗိုရှင်းစစ်တပ်၏ နံပါတ်(၂) ခေါင်းဆောင်အဖြစ် တာဝန်ယူထားရသော်လည်း မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲ ခရီးစဉ် စတင်ကတည်းက သူ၏ ရင်ထဲတွင် မလုံမခြုံ ဖြစ်နေခဲ့သည်။

သူသည် ငယ်စဉ်ကတည်းက သာမန်လူများနှင့် မတူဘဲ အန္တရာယ်များကို ကြိုတင်သိမြင်နိုင်စွမ်း အားကောင်းခဲ့သည်။ ထိုအလိုအလျောက် သိမြင်နိုင်စွမ်းကြောင့်ပင် သူ၏ ရာထူးတက်လမ်းက ဖြောင့်ဖြူးခဲ့ပြီး အထောက်အပံ့ မရှိသော သာမန်စစ်သားဘဝမှ နံပါတ်(၂) ခေါင်းဆောင်နေရာအထိ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် ပေါ့ပေါ့ပါးပါး ဖြစ်နေကြဆဲဖြစ်သော လုပ်ဖော်ကိုင်ဖက်များကို ကြည့်ရင်း သူ၏ ရင်ထဲတွင် စိုးရိမ်ပူပန်လာကာ အားလုံး သတိထားမိစေရန် တစ်ခုခု ပြောပြရမည်ဟု သူ ခံစားလိုက်ရသည်။

"ပေါ့ပေါ့ဆဆ မနေကြပါနဲ့... ဉာဏ်ရည်မြင့်မားတဲ့ မျိုးနွယ်တစ်ခုကို ဘယ်တော့မှ အထင်မသေးနဲ့"

သူ စကားစလိုက်သည်နှင့် ရယ်မောသံများ ချက်ချင်း တိတ်ကျသွားပြီး သူပြောမည့်စကားကို သေချာစွာ နားထောင်နေကြသည်။

"ဒီလူမျိုးနွယ်က ကျွန်တော်တို့လိုပဲ ဉာဏ်ရည်အလွန်မြင့်မားတဲ့ လူမျိုးတွေ ဖြစ်တယ်... တစ်ခုတည်းသော ကွာခြားချက်က ကျွန်တော်တို့က သူတို့ထက် ခြေတစ်လှမ်း စောခဲ့ရုံပဲ"

"ပြီးတော့ သိပ္ပံအကယ်ဒမီရဲ့ ခန့်မှန်းချက်အရ ကျွန်တော်တို့ရဲ့ ပထမမျိုးဆက် ကြယ်တာရာ ယာဉ်ပျံကို ရရှိသွားပြီးတဲ့နောက်မှာ သူတို့ရဲ့ နည်းပညာတွေက အကြီးအကျယ် ပေါက်ကွဲတိုးတက်လာလိမ့်မယ်... သူတို့က ကျွန်တော်တို့ရဲ့ နည်းပညာတွေကို အပြည့်အဝ လေ့လာစုပ်ယူပြီး ကျွန်တော်တို့ကြားက ကွာဟချက်ကို ကျဉ်းမြောင်းလာစေလိမ့်မယ်"

"ဆယ်နှစ်အတွင်းဆိုရင်တော့ ကျွန်တော်တို့ရဲ့ နိုင်ခြေက ၉၉.၉ ရာခိုင်နှုန်း ရှိတယ်... အနှစ်နှစ်ဆယ် ကြာသွားရင် နိုင်ခြေက ၉၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားလိမ့်မယ်"

"အနှစ်ငါးဆယ် ကြာသွားရင်တော့ ၃၀ ရာခိုင်နှုန်းပဲ ကျန်တော့မယ်... အင်းပေါ့ ဒါက သူတို့ဆီမှာ သိပ္ပံသုတေသနစနစ် အပြည့်အစုံ ရှိနေဦးမယ်ဆိုတဲ့ အခြေအနေမျိုးမှာ တွက်ချက်ထားတာ"

"လက်တွေ့အခြေအနေက ဒီထက် ပိုကောင်းနိုင်ပေမဲ့ ကျွန်တော်တို့က ရန်သူကို လုံးဝ အထင်သေးပြီး ပေါ့ပေါ့ဆဆ လုပ်လို့ မရဘူး"

"မိမိနေရာမှာ နေပြီး ကာကွယ်ရတာက ကြယ်တာရာတွေကို ဖြတ်ကျော်ပြီး အဝေးကနေ သွားရောက်တိုက်ခိုက်ရတာထက် အမြဲတမ်း ပိုလွယ်ကူတယ်... ဒီလို အားသာချက်က နည်းပညာ ကွာဟချက်ကို အများကြီး လျှော့ချပေးနိုင်တယ်"

"ဒါ့အပြင် ကျွန်တော်တို့ မေ့ထားလို့မရတဲ့ အချက်တစ်ချက် ရှိသေးတယ်... ဘာလို့ ပြီးပြည့်စုံတဲ့ ယာဉ်ပျံကြီးတစ်စင်းက အဲဒီ လူရိုင်းတွေလက်ထဲကို ရောက်သွားရတာလဲ"

ထိုစကားကို ကြားလိုက်ရသည်နှင့် ဗိုရှင်းဂြိုဟ်သားများအားလုံး ရင်ထိတ်သွားကြပြီး သူတို့၏ ပေါ့ပါးနေသော မျက်နှာအမူအရာများ ချက်ချင်း ပျောက်ကွယ်သွားကာ လေးနက်တည်ကြည်သွားကြသည်။ ဤသည်မှာ ဖြေရှင်းမရသေးသော ပဟေဠိတစ်ခု ဖြစ်ပြီး ယနေ့ထက်တိုင် ယုတ္တိကျကျ ရှင်းပြနိုင်ခြင်း မရှိသေးပေ။

ထိုအချိန်က ပထမမျိုးဆက် ယာဉ်ပျံမှ ပေးပို့လာသော ဤလူမျိုးနွယ်၏ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာအရ ဤလူမျိုးနွယ်တစ်ခုလုံးသည် အာကာသအနီးတစ်ဝိုက်သို့သာ ပျံသန်းနိုင်စွမ်း ရှိကြပြီး မိခင်ဂြိုဟ်မှ ထွက်ခွာနိုင်သည့် အဆင့်နှင့် အလှမ်းဝေးကွာနေသေးသည်။ သို့ဆိုလျှင် သူတို့က ယာဉ်ပျံကို မည်သို့ ရရှိသွားကြသနည်း။

ဘာကြောင့် ယာဉ်ပျံက အဲဒီအချိန်တုန်းက ပြန်လည်မတိုက်ခိုက်ခဲ့ရတာလဲ။

ပြီးတော့ နှစ်အနည်းငယ် ကြာပြီးနောက်မှာ ယာဉ်ပျံကို စက်နှိုးပြီး ထွက်ပြေးသွားကြတယ်။

ဒါက ယာဉ်ပျံကြီးမှာ ကြီးကြီးမားမား ပျက်စီးသွားတာ မရှိဘူးဆိုတာကို ပြသနေသည်... ဒီကြားထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုက ပါဝင်ပတ်သက်နေပုံပဲ။

နှမြောစရာကောင်းသည်မှာ ထိုအချိန်က အကွာအဝေး အလွန်ဝေးကွာလွန်းသဖြင့် ယာဉ်ပျံ၏ သတင်းစကားကို ချက်ချင်း မပို့နိုင်ခဲ့ခြင်းကြောင့် ဤကပ်ဘေးဆန်သော အဖြစ်အပျက်ကြီးသည် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းနေခဲ့ခြင်းပင်။

"ဒါကြောင့် ကျွန်တော်တို့က စစ်ပွဲအတွက် သေချာ ပြင်ဆင်ထားရမယ်... ဒီခရီးစဉ်က ပေါ့ပေါ့ပါးပါး ဖြစ်လာနိုင်ခြေ အရမ်းနည်းတယ်... ဒါက စစ်ပွဲတစ်ခုပဲ... ယဉ်ကျေးမှုမြင့်မားတဲ့ မျိုးနွယ်နှစ်ခုကြားက စစ်ပွဲတစ်ခုပဲ"

"ပြီးတော့ ဒါက နောက်ဆုံးအခွင့်အရေးပဲ... တကယ်လို့ ထပ်ပြီး ကျရှုံးသွားခဲ့ရင် ဒီအန္တရာယ်ကောင်တွေကို ကျွန်တော်တို့ ရှင်းထုတ်နိုင်တော့မှာ မဟုတ်ဘူး"

"အချိန်ကြာလာတာနဲ့အမျှ တစ်ဖက်ရန်သူရဲ့ ကာကွယ်ရေး အစီအမံတွေက ပိုမို ပြည့်စုံလာပြီး ကျွန်တော်တို့ရဲ့ နည်းပညာ ကွာဟချက်ကလည်း ပိုကျဉ်းမြောင်းလာလိမ့်မယ်... ကျွန်တော်တို့ရဲ့ အားသာချက်တွေကလည်း ပိုနည်းလာလိမ့်မယ်"

ဆက်ရန်...

အပိုင်း(၅၄၆) ခံစားချက်

အာကာသမြို့တော်အစွန်ရှိ ဧရာမ အာကာသယာဉ်ထုတ်လုပ်ရေး စက်ရုံကြီးအတွင်း၌ အာကာသယာဉ်ကျင်း ခြောက်ခုက တစ်တန်းတည်း နေရာယူထားကြသည်။

မိုးမျှော်နေသော ဂန်းထရီကရိန်းကြီးများက များပြားလှသော စက်ရုပ်လက်တံကြီးများကို ဝှေ့ယမ်းနေကြပြီး ခွန်အားကြီးမားကာ သွက်လက်ဖျတ်လတ်သော ဘီလူးကြီးများအလား အာကာသယာဉ်များကို လျင်မြန်စွာ တပ်ဆင်နေကြသည်။

အမှတ်(၁) ယာဉ်ကျင်းနေရာတွင် အပြာရောင်မီးတောက်များက အဆက်မပြတ် ပန်းထွက်နေပြီး အလွန်ကြီးမားသော ဧရာမ အာကာသယာဉ်ကြီးတစ်စင်းက ယာဉ်ကျင်းထဲမှ ဖြည်းညှင်းစွာ ထွက်ခွာလာကာ အာကာသဟင်းလင်းပြင်နက်ဆီသို့ ဦးတည်ပျံသန်းသွားရင်း ၎င်း၏ ပထမဆုံး အစမ်းပျံသန်းမှုကို စတင်လိုက်သည်။

...

ဤနေရာနှင့် မိုင်သန်းပေါင်းရာချီ ကွာဝေးသော နေရာတစ်ခုတွင် အဝေးထိန်း ကုန်တင်အာကာသယာဉ်တစ်စင်း၏ တံခါးပွင့်လာပြီး ပေတစ်ရာကျော် မြင့်မားသော အင်ဂျင်နီယာသုံး စက်ရုပ်ကြီးများက လက်နက်အစိတ်အပိုင်းများကို တစ်ခုပြီးတစ်ခု တွန်းထုတ်ကာ ယာဉ်ပေါ်မှခွာ၍ အာကာသထဲသို့ တွန်းပို့ပေးနေကြသည်။

ရက်အနည်းငယ် ကြာပြီးနောက်တွင် အချင်း ပေခြောက်ရာကျော်ခန့်ရှိသော လက်နက်ပစ်စင် ပလက်ဖောင်းတစ်ခုသည် အာကာသထဲတွင် ပေါ်ထွက်လာခဲ့သည်။

ထိုကဲ့သို့သော လက်နက်ပလက်ဖောင်းမျိုးကို မိုင်သိန်းချီ အကွာအဝေးတိုင်းတွင် တစ်ခုစီ ချထားလေသည်။ တစ်ချက်ဝေ့ကြည့်လိုက်ပါက ပြည့်နှက်နေပြီး ဧရာမ သုံးဘက်မြင် ကွန်ရက်ကြီးတစ်ခုအလား ယှက်နွယ်နေကာ မျက်စိကျိန်းမတတ် စူးရှသော အလင်းတန်းများက အာကာသထဲသို့ ရံဖန်ရံခါ ပစ်ခတ်သွားပြီး အဆုံးအစမရှိသော အဝေးဆီသို့ ပျောက်ကွယ်သွားကြသည်။

...

အချိန်များ တစ်ရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးနှစ်နီးပါးခန့် ကြာမြင့်သွားခဲ့ပြီဖြစ်သည်။

အမှတ်(၄) ဂြိုဟ်၏ သတ္တုတူးဖော်ရေးဇုန်သည် လွန်ခဲ့သောသုံးနှစ်ကထက် အဆပေါင်းရာချီ ပိုမိုကျယ်ပြန့်လာခဲ့သည်။ စတုရန်းမိုင် သန်းပေါင်းများစွာ ကျယ်ဝန်းသော ဧရိယာတစ်ခုလုံးကို သန်းနှင့်ချီသော တူးဖော်ရေးစက်ယန္တရားများက နေရာယူထားကြသည်။

အာကာသထဲမှ စီးမိုးကြည့်လိုက်ပါက ဂြိုဟ်တစ်ခုလုံး၏ မျက်နှာပြင်သည် ခွက်ဝင်နေသည်ကို တွေ့မြင်ရပြီး ကြီးမားလှသော ဒြပ်ထုများ ဆုံးရှုံးသွားမှုကြောင့် မူလက သေဆုံးငြိမ်သက်နေခဲ့သော အမှတ်(၄) ဂြိုဟ်ကြီးသည် မကြာခဏ တုန်ခါလှုပ်ရမ်းလာတော့သည်။

စစ်ပွဲကြီး နီးကပ်လာသည်နှင့်အမျှ အာကာသမြို့တော်၏ လေထုမှာ ပိုမို၍ ပူပန်သောကရောက်စရာနှင့် ဖိစီးကြပ်တည်းစရာ ကောင်းလာခဲ့သည်။

...

စစ်ဆင်ရေး ကွပ်ကဲမှုစင်တာ။

"တိကျတဲ့ တည်နေရာကို မထောက်လှမ်းနိုင်သေးဘူးလား"

ပိကျန့်ဖိန်က စစ်ဆင်ရေး ကွပ်ကဲမှုစင်တာ အဆောက်အအုံထဲသို့ ဝင်လာရင်း အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။

လွန်ခဲ့သော နှစ်နှစ်အတွင်း ကြီးမားလှသော ဖိအားများကြောင့် သူ၏ ကျန်းမာရေးမှာ တစ်နေ့တခြား ယိုယွင်းလာခဲ့သည်။ သက်တမ်းတိုး နည်းပညာကလည်း သူ့အပေါ်တွင် အကျိုးသက်ရောက်မှု မရှိတော့ပုံရကာ တိုတောင်းလှသော သုံးနှစ်တာကာလအတွင်း ဆယ်နှစ်ကျော်ခန့် ပိုမိုအိုမင်းသွားသကဲ့သို့ ဖြစ်နေပြီး အသက်ခြောက်ဆယ် ခုနစ်ဆယ်အရွယ် အဘိုးအိုတစ်ဦးနှင့်ပင် တူနေလေပြီ။

"သူတို့ရဲ့ အမြန်နှုန်းက လုံးဝ ရပ်တန့်မသွားဘူး... အလင်းထက်မြန်တဲ့ နှုန်းနဲ့ ဆက်ပြီး ပျံသန်းနေတုန်းမို့လို့ ကျွန်တော်တို့ရဲ့ ဉာဏ်ရည်တုစနစ်က တိကျတဲ့နေရာကို မသတ်မှတ်နိုင်သေးပါဘူး" သူနှင့်အတူ လိုက်ပါလာသော ဗိုလ်ချုပ်အဆင့်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လေးနက်တည်ကြည်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။

စစ်တပ်ကို အသစ်ပြန်လည် ဖွဲ့စည်းထားခြင်း ဖြစ်သဖြင့် စစ်မှုထမ်းသက်နှင့် စစ်ရေးစွမ်းဆောင်ချက်များဟူ၍ မရှိသေးပေ။ ထို့ကြောင့် ဤစစ်သားများ၏ ရာထူးအဆင့်များမှာ ယေဘုယျအားဖြင့် မမြင့်မားကြဘဲ ဗိုလ်ချုပ်အဆင့်ဆိုသည်မှာ ယခုခေတ် လူသားများကြားတွင် အမြင့်ဆုံး စစ်ဘက်ရာထူးပင် ဖြစ်နေလေပြီ။

လူတစ်စုက ကွပ်ကဲမှုခန်းမကြီးထဲသို့ ဝင်ရောက်သွားကြသည်။ အတွင်း၌ မရေမတွက်နိုင်သော ဝန်ထမ်းများမှာ စိုးရိမ်တကြီးဖြင့် အလုပ်များနေကြပြီး အာကာသ ကာကွယ်ရေးစနစ်ကို အလျင်စလို စတင်လည်ပတ်ခဲ့ရသဖြင့် ယခုတိုင်အောင် အပြင်းအထန် စမ်းသပ်ပြုပြင်မှုများ လုပ်ဆောင်နေရဆဲဖြစ်သည်။

ပိကျန့်ဖိန်သည် အလယ်ဗဟိုရှိ ဧရာမ မျက်နှာပြင်ကြီးကို လှမ်းကြည့်လိုက်သည်။ အလင်းစက်လေးတစ်ခုက တဖျပ်ဖျပ် လင်းလက်နေပြီး ဘားနတ်ကြယ်အဖွဲ့အစည်းဆီသို့ အဆက်မပြတ် နီးကပ်လာနေသည်။

"အခု ကျွန်တော်တို့နဲ့ ဘယ်လောက် ဝေးသေးလဲ"

"အလင်းနှစ် ဝ.၃ ဝန်းကျင်လောက်ပါ" ဗိုလ်ချုပ်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလိုက်သည်။

ပိကျန့်ဖိန်၏ ရင်ထဲတွင် ကျောက်တုံးကြီး ဖိထားသကဲ့သို့ လေးလံသွားရသည်။ အကယ်၍ ရန်သူများသာ ဤအမြန်နှုန်းကို ဆက်လက်ထိန်းသိမ်းထားမည်ဆိုပါက လူသားတို့ စစ်ပွဲနှင့် ရင်ဆိုင်ရရန် တစ်လကျော်ခန့်သာ အချိန်ကျန်တော့မည် ဖြစ်သည်။

"ကျွန်တော်တို့မှာ အချိန်သိပ်မရှိတော့ဘူး" ပိကျန့်ဖိန်က သက်ပြင်းချရင်း ပြောလိုက်သည်။

လေထုတစ်ခုလုံးမှာ ဖော်ပြ၍မရနိုင်လောက်အောင် ဖိစီးကြပ်တည်းနေသည်။

အလင်းထက်မြန်သော ပျံသန်းမှုဆိုသည်မှာ ဖြေရှင်း၍မရနိုင်သော အမြန်နှုန်းတစ်မျိုး ဖြစ်ပြီး ၎င်းက အလင်းထက်ပင် ပို၍မြန်ဆန်လှသည်။ ဆိုလိုသည်မှာ သင် မမြင်ရသေးမီမှာပင် ၎င်းက သင့်ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယခုအခါ ၎င်းတို့၏ ခန့်မှန်းခြေ တည်နေရာကို သိရှိနိုင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ဟင်းလင်းပြင်လှိုင်း ဂဏန်းတန်ဖိုးများကို အကြိမ်ကြိမ် တိုင်းတာပြီး လှိုင်းမြစ်ဖျားခံရာ နေရာကို မှန်းဆတွက်ချက်ရန်သာ ရှိတော့သည်။

သို့သော် ဤကဲ့သို့ တွက်ချက်ရာတွင် ကြယ်အဖွဲ့အစည်းရှိ ဂြိုဟ်များနှင့် စကြဝဠာထဲရှိ အခြားသော ဟင်းလင်းပြင်လှိုင်းများ၏ အနှောင့်အယှက်များကြောင့် အမှားအယွင်းများစွာ ရှိနေနိုင်သည်။

ထောင့်အနည်းငယ်လေး သွေဖည်သွားသည်နှင့်အမျှ မိုင်ပေါင်း သောင်းချီမှစ၍ မိုင်သန်းဆယ်ချီအထိ ကွာဟသွားနိုင်သည်။ ဟင်းလင်းပြင်လှိုင်းများကို အသုံးပြု၍ ပစ်မှတ်ကို ရှာဖွေတိုက်ခိုက်ရန် ကြိုးစားခြင်းမှာ ထီပေါက်ရန်ထက် အဆပေါင်း သန်းရာချီ၍ ပိုမိုခက်ခဲလှပေသည်။

မည်သို့ပင်ဖြစ်စေ ဤသည်မှာ လူသားတို့အတွက် တစ်ခုတည်းသော ထောက်လှမ်းရေးနည်းလမ်း ဖြစ်နေသည်။ ယခုအခါ သူ လုပ်နိုင်သည်မှာ ထို ဗိုရှင်းဂြိုဟ်သား ကျူးကျော်သူများက ဟင်းလင်းပြင်ကွေးညွတ်ပျံသန်းခြင်းကို ရပ်တန့်ကာ လူသားများနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လာပါစေရန် ဆုတောင်းနေရန်သာ ရှိတော့သည်။ သို့သော် ထိုမျှော်လင့်ချက်မှာ အလွန်ပင် မှေးမှိန်လွန်းလှသည်။

လူသားတို့၏ ဟင်းလင်းပြင်ကွေးညွတ်ပျံသန်းခြင်း အင်ဂျင်နည်းပညာမှာ စမ်းသပ်ဆဲအဆင့်တွင်သာ ရှိနေသေးသော်လည်း သီအိုရီနှင့် အချက်အလက်များမှာ ပြီးပြည့်စုံလုနီးပါး ဖြစ်နေပြီဖြစ်သည်။

ပထမဆုံး စမ်းသပ်ယာဉ်မှာလည်း အကွာအဝေးတို ပျံသန်းမှု အကြိမ်အနည်းငယ် ပြုလုပ်ခဲ့ဖူးသည်။ ကြယ်အဖွဲ့အစည်း၏ ဆွဲငင်အားကြောင့် ကြယ်များနှင့် အလွန်နီးကပ်နေခြင်း မရှိပါက ၎င်းကို အနှောင့်အယှက်ပေးရန် အခြေခံအားဖြင့် အလွန်ခက်ခဲပေသည်။

သူတို့က အာကာသမြို့တော်ရှေ့သို့ တိုက်ရိုက် ပျံသန်းလာနိုင်ခြေ အလွန်များပြားလှပြီး ထိုအချိန်ရောက်လျှင် ဧရာမ အာကာသ ကာကွယ်ရေးစနစ်ကြီး တစ်ခုလုံးမှာ အသုံးမဝင်သော အရာတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။

"ဆုတ်ခွာရေး အစီအစဉ်ကို စတင်ရမယ့် အချိန်ရောက်ပြီပဲ" ပိကျန့်ဖိန်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။

...

"အရှင်မ... သွားလို့ရပါပြီ" စံအိမ်ဝင်းအတွင်းရှိ ဇိမ်ခံ ယာဉ်ပျံငယ်လေး တစ်စင်းဘေးတွင် သက်တော်စောင့်တစ်ဦးက ရိုသေလေးစားသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ဒါဆိုရင်လည်း သွားကြတာပေါ့" ဟွမ်ကျားဟွေက စံအိမ်ကြီးကို တသသဖြင့် လှမ်းကြည့်လိုက်သည်။ ယခု ထွက်ခွာသွားပြီးနောက် နောင်တစ်ချိန်တွင် ပြန်လာနိုင်ခွင့် ရှိမရှိကို သူမကိုယ်တိုင်လည်း မသိပေ။

လူအချို့ ယာဉ်ပျံပေါ်သို့ တက်လိုက်ကြပြီး မကြာမီမှာပင် ယာဉ်ပျံလေးသည် ကောင်းကင်သို့ မြောက်တက်သွားကာ အဝေးဆီသို့ ပျံသန်းသွားတော့သည်။

ဝမ်ရှီရှီက ပြတင်းပေါက်ကို မှီကာ အပြင်ဘက်ရှိ မြင်ကွင်းများကို ခံစားချက်မဲ့စွာ ငေးကြည့်နေသည်။

မရေမတွက်နိုင်သော ယာဉ်ပျံငယ်လေးများမှာ ရေကူးနေသော ငါးများအလား ကောင်းကင်လမ်းကြောင်းများပေါ်တွင် ကူးလူးသွားလာနေကြသည်။

လူသားများ၏ မဟာရွှေ့ပြောင်းမှုကြီး စတင်နေပြီဖြစ်ကာ သာမန်ပြည်သူ အများစုမှာ ဤအာကာသမြို့တော်ကြီးကို စွန့်ခွာ၍ အသေးစားစကြဝဠာထဲသို့ ဝင်ရောက်ကြတော့မည်ဖြစ်သည်။

လွန်ခဲ့သော သုံးနှစ်တာကာလအတွင်း ထိုနေရာတွင် အာကာသမြို့တော်သစ် တစ်ခုကို ကြိုတင် တည်ဆောက်ထားပြီး ဖြစ်သည်။

အမှန်တကယ်တော့ လွန်ခဲ့သော တစ်နှစ်ခွဲခန့်ကတည်းက လူသားများသည် အသေးစားစကြဝဠာအတွင်း၌ ဆောက်လုပ်ရေး လုပ်ငန်းများကို စတင်ခဲ့ပြီး ပစ္စည်းများကိုလည်း တောက်လျှောက် ရွှေ့ပြောင်းနေခဲ့ကြသည်။

ယခုအခါ ထိုနေရာသည် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်စွမ်းကို အတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်နေပြီဖြစ်ကာ သိုလှောင်ထားသော ဧရာမ ပစ္စည်းများမှာလည်း လူသားများအတွက် လာမည့်နှစ်တစ်ရာအတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ရှင်သန်ရပ်တည်မှုအတွက် အလုံအလောက် ဖြည့်ဆည်းပေးနိုင်ပေသည်။

"ခဏနေဦး... သမီး ဆင်းချင်တယ်" ထိုစဉ် ဝမ်ရှီရှီက အကျယ်ကြီး အော်ပြောလိုက်သည်။

"ဒါပေမဲ့ နောက်လေယာဉ်ထွက်ဖို့က နာရီဝက်ပဲ လိုတော့တာပါ" သက်တော်စောင့်က အနည်းငယ် အခက်တွေ့နေဟန်ဖြင့် ပြန်ပြောသည်။

"ပေးဆင်းလိုက်ပါ" ဟွမ်ကျားဟွေက အဝေးမှ ထင်ရှားနေသော စံအိမ်ကြီးကို ကြည့်ရင်း တိုးညင်းစွာ သက်ပြင်းချလိုက်သည်။ ထိုနေရာသည် လော်ယွမ် နေထိုင်ရာ စံအိမ်ဖြစ်ပြီး ကျယ်ဝန်းလှသော်လည်း အလွန်ခြောက်ကပ်နေသော နေရာတစ်ခုဖြစ်သည်။

ယာဉ်ပျံလေးက လျင်မြန်စွာ အောက်သို့ဆင်းသက်လာပြီး လော်ယွမ်၏ စံအိမ်ရှေ့တွင် ရပ်တန့်လိုက်ရာ သက်တော်စောင့်က တံခါးကို ဖွင့်ပေးလိုက်သည်။

"သမီး ကိုကြီးယွမ်ဆီ သွားကြည့်လိုက်ဦးမယ်... အမတို့ရော လိုက်ဦးမလား" ဝမ်ရှီရှီက ယာဉ်ပျံပေါ်မှ ဆင်းပြီးနောက် နောက်လှည့်ကာ မေးလိုက်သည်။

"နင်ပဲ သွားလိုက်ပါ... မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့နော်" ဟွမ်ကျားဟွေက တည်ငြိမ်သော မျက်နှာထားဖြင့် ခေါင်းယမ်းကာ ပြန်ပြောသည်။

"အမလည်း မလိုက်တော့ဘူး... သူက အရင်က သူမှ မဟုတ်တော့တာပဲ" ကျိုးယလီက မျက်လုံးများ အနည်းငယ် နီရဲလာကာ မျက်ရည်များကို သုတ်ရင်း ပြောလိုက်သည်။

ဝမ်ရှကွမ်က ခေါင်းကို တစ်ဖက်သို့ လှည့်သွားပြီး ဘာစကားမှ မပြောချေ။

"သမီး... သမီးလည်း မလိုက်တော့ဘူး" ချန်ကျားယီက ပြောလိုက်သည်။ ယခုအချိန်၏ လော်ယွမ်က သူမကို ကြောက်ရွံ့မှုများသာ ဖြစ်ပေါ်စေပြီး အစ်ကိုတစ်ယောက်၊ ဖခင်တစ်ယောက်လို ခံစားရသည့် ရင်းနှီးနွေးထွေးမှုမျိုး လုံးဝမရှိတော့သဖြင့် သူမ အနည်းငယ်မျှပင် မသွားချင်တော့ပေ။

ဝမ်ရှီရှီက လူတစ်ယောက်ချင်းစီကို လိုက်ကြည့်လိုက်ရာ မည်သူကမျှ သူ့ကို ဝင်တွေ့ချင်သည့် ဆန္ဒမရှိကြသည်ကို မြင်လိုက်ရသဖြင့် သူမ၏ ရင်ထဲတွင် ဖိစီးကြပ်တည်းမှုများနှင့်အတူ အလွန် ဝမ်းနည်းသွားရသည်။

"ဒါဆိုရင် သမီး သွားတော့မယ်" သူမက ကျောခိုင်းလှည့်ထွက်လိုက်သည်နှင့် မျက်ရည်များက ထိန်းမနိုင်သိမ်းမရ စီးကျလာတော့သည်။

သူမက စံအိမ်ထဲသို့ ခပ်သုတ်သုတ် ပြေးဝင်သွားခဲ့ပြီး ဧည့်ခန်းမကြီးနှင့် နီးကပ်လာမှသာ ခြေလှမ်းများကို နှေးလိုက်သည်။ သူမ ဤနေရာသို့ မလာခဲ့သည်မှာ တစ်နှစ်တိတိ ရှိနေပြီဖြစ်သော်လည်း ဤနေရာက အနည်းငယ်မျှပင် ပြောင်းလဲသွားပုံမရဘဲ အရင်လိုပင် အေးစက်နေကာ သက်ဝင်လှုပ်ရှားမှု အရိပ်အယောင်လေးမျှပင် မတွေ့ရပေ။ သူမက မျက်ရည်များကို သုတ်ကာ ဟန်လုပ်လိုက်ပြီးနောက် အတွင်းသို့ ဝင်သွားလိုက်သည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ လော်ယွမ်က တစ်ချက်ကြည့်ရုံဖြင့် သိမြင်သွားခဲ့ခြင်းပင်။

"နင် ငိုထားတာလား"

"မငိုပါဘူး... သမီး မျက်လုံးထဲ ဖုန်ဝင်သွားလို့ပါ"

"အာကာသမြို့တော် လေထုထဲက ဖုန်မှုန့်တွေဟာ တစ်လက်မရဲ့ သန်းပုံတစ်ပုံထက်တောင် သေးငယ်လို့ သာမန်လူတွေရဲ့ မျက်လုံးကို ကသိကအောက် ဖြစ်စေမှာ မဟုတ်ဘူး" လော်ယွမ်က ဆက်ပြောသည် "ဒါကြောင့် နင် လိမ်နေတာပဲ"

ဝမ်ရှီရှီက လော်ယွမ်ကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိသည်။ သူက ဘာဖြစ်လို့ ဒီလိုမျိုး ပြောင်းလဲသွားရတာလဲ... ခံစားချက်တွေဆိုတာ တကယ်ပဲ ဒီလောက်တောင် လွယ်လွယ်ကူကူ မေ့ပျောက်သွားနိုင်တာလား...

"တောင်းပန်ပါတယ်" လူသားဘဝက မှတ်ဉာဏ်များကြောင့် လော်ယွမ်က ချက်ချင်း တုံ့ပြန်လိုက်သော်လည်း သူ၏ လေသံတွင် မည်သည့် ခံစားချက်လှိုင်းဂယက်မျှ မပါဝင်ဘဲ ရိုးသားမှု အနည်းငယ်မျှပင် မခံစားရသည့် လေသံဖြင့် တောင်းပန်လိုက်ခြင်း ဖြစ်သည် "ငါ ဒီလို မပြောသင့်ဘူး... ငါ့ဆီကိုလာတာ ဘာကိစ္စ ရှိလို့လဲ"

ဝမ်ရှီရှီ သတိပြန်ဝင်လာပြီး ရင်ထဲတွင် မှိုင်းညို့သွားရသည်။ အစ်မကျိုး ပြောသကဲ့သို့ပင် သူက သူမရင်ထဲက လော်ယွမ် မဟုတ်တော့ပေ။ သူမက မျက်ရည်များကို မကျစေရန် ခေါင်းမော့ကာ အံကြိတ်ပြီး ပြောလိုက်သည်။

"ကိုကြီးယွမ်... သမီးတို့ သွားတော့မယ်... အသေးစားစကြဝဠာဆီကို သွားတော့မှာ"

"ငါ မြင်ပါတယ်... နင်တို့ နောက်ထွက်မယ့် လေယာဉ်မီဖို့ ဆယ့်လေးမိနစ်နဲ့ သုံးဆယ့်ငါးစက္ကန့်ပဲ လိုတော့တယ်... နင် ငါ့ဆီ လာမကြည့်သင့်ဘူး... အခုတော့ နင်တို့ နောက်လာမယ့် လေယာဉ်ကိုပဲ စောင့်ရတော့မယ်" လော်ယွမ်က စိတ်ထဲမှ မခံမရပ်နိုင်ဖြစ်မှုကို အတင်းဖိနှိပ်ကာ ခံစားချက်မဲ့သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့... ကိုကြီးယွမ်... သမီးကိုရော မှတ်မိသေးရဲ့လား" ဝမ်ရှီရှီက သူ့ကို စိတ်ပျက်လက်ပျက် ကြည့်ရင်း ပြောလိုက်သည်။

"မှတ်မိတယ်... နင့်ကို မြင်တွေ့ခဲ့ရတဲ့ စက္ကန့်တိုင်းက ငါ့ရဲ့ ဦးနှောက်ထဲမှာ ရှင်းရှင်းလင်းလင်း ရှိနေပါတယ်" လော်ယွမ်က ချက်ချင်း ပြန်ဖြေလိုက်သော်လည်း မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှ မရှိသလို လေသံကလည်း လုံးဝ ပြောင်းလဲခြင်း မရှိပေ။

"ဒါဆို ဘာလို့ ကိုကြီးက ဒီလောက်တောင် အေးစက်စက်နိုင်ရတာလဲ... ကိုကြီးရဲ့ ခံစားချက်တွေက တကယ်ပဲ ပျောက်ကွယ်သွားပြီလား... တကယ်လို့ သမီးသာ ဒီနေရာမှာ သေသွားခဲ့ရင်တောင် ကိုကြီးက ဘာမှခံစားရမှာ မဟုတ်ဘူးလား" ဝမ်ရှီရှီက နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ မျက်ရည်များ ကျလာတော့သည်။

ဤနှစ်များအတွင်း သူမ တကယ်ကို သည်းခံခဲ့ရလွန်းပြီဖြစ်သည်။ အကြိမ်ကြိမ် ကြိုးစားပြီး ပြန်လည်ဆွဲဆောင်ခဲ့သော်လည်း တစ်ဖက်လူ၏ အေးစက်စက် ဆက်ဆံခြင်းကိုသာ ခံခဲ့ရသည်။

သူမ ရင်ထဲက ဝမ်းနည်းကြေကွဲမှုများကို တွေးမိလိုက်တိုင်း သူမက နောက်ဆုံးတွင်တော့ သတိလွတ်ကာ အော်ဟစ်ငိုကြွေးလိုက်လေတော့သည်။

ကြည်လင်နေသော မျက်ရည်ပေါက်လေးများက ကြမ်းပြင်ပေါ်သို့ တစ်ပေါက်ပြီးတစ်ပေါက် ကျဆင်းသွားသည်ကို ကြည့်ရင်း လော်ယွမ်မှာ အနည်းငယ် ငေးမောသွားပုံရပြီး ပုံမှန်မဟုတ်ဘဲ ချက်ချင်း ပြန်လည်တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။

ခံစားချက်တဲ့လား... လော်ယွမ်၏ စိတ်ထဲတွင် ထိုစကားလုံးကို တိတ်တဆိတ် ထပ်တလဲလဲ ရေရွတ်နေမိသည်။ ရုတ်တရက် ထိုစကားလုံးက သူနှင့် အလွန်စိမ်းသက်နေပြီး ပထမဆုံးအကြိမ် ကြားဖူးသကဲ့သို့ ဖြစ်နေကြောင်း သူ သတိထားမိလိုက်တော့သည်။

ဆက်ရန်...

All Chapters