← Chapters

အခန်း (၅၄၉-၅၅၀)

Vol. 28 Ch. 549-550

အခန်း (၅၄၉-၅၅၀)

Vol. 28 Ch. 549-550

အပိုင်း(၅၄၉) အထီးကျန်ခြင်း

လော်ယွမ်က ကြယ်လုံးကြီးထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားပြီး အဆက်မပြတ် နက်ရှိုင်းစွာ ဝင်ရောက်သွားသည်။

ကြက်သွေးရောင် ကြယ်ပုလေး၏ မျက်နှာပြင်က အတန်အသင့် သာယာသည်ဟု ဆိုနိုင်သော်လည်း အတွင်းပိုင်းမှာမူ မီးတောက်များဖြင့် ပြည့်နှက်နေသော ငရဲခန်းတစ်ခုပင် ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် အလွန်ပူပြင်းလှသည့် ပလာစမာ ဓာတ်ငွေ့များသည် အရည်ကဲ့သို့ ခဲယဉ်းသော စီးဆင်းမှုများအဖြစ် ပြောင်းလဲသွားကာ တစ်စက္ကန့်လျှင် ပေရာနှင့်ချီ သို့မဟုတ် ထောင်နှင့်ချီသော အရှိန်ဖြင့် လျင်မြန်စွာ စီးဆင်းနေကြသည်။

သာမန် ဒြပ်ဝတ္ထုများက ဤနေရာတွင် ရှင်သန်နိုင်ရန် လုံးဝမဖြစ်နိုင်ပေ။ ကမ္ဘာပျက်ကပ် မတိုင်မီက လေယာဉ်တင် သင်္ဘောကြီးတစ်စင်း ဤနေရာသို့ ကျဆင်းလာမည်ဆိုပါက စက္ကန့်အနည်းငယ်ပင် မခံဘဲ တစ်စစီ စုတ်ပြတ်သတ်သွားကာ မျက်စိတစ်မှိတ်အတွင်း အငွေ့ပျံသွားပေလိမ့်မည်။

ယခုအချိန်တွင် လော်ယွမ်က ကြယ်မျက်နှာပြင်ပေါ်တွင် ရှိနေစဉ်ကကဲ့သို့ တည်ငြိမ်အေးဆေးမနေတော့ချေ။ သူ၏ စိတ်စွမ်းအားဖြင့် ဖန်တီးထားသော ဘေးကင်းလုံခြုံရေး နေရာလေးမှာ ရှုပ်ထွေးလှသည့် အမြန်နှုန်းမြင့် ပလာစမာများ၏ ဖိညှစ်မှုအောက်တွင် ပေဆယ်ခန့်အောက်သာ အချင်းရှိသည့် အထိ ကျုံ့ဝင်သွားခဲ့ပြီ ဖြစ်သည်။

သို့တိုင်အောင် လော်ယွမ်က ပေသုံးထောင်ပင် မပြည့်သေးသော အနက်သို့သာ ရောက်ရှိသေးသည်။

ကြယ်လုံးကြီးများက လူကို ကြောက်ရွံ့တုန်လှုပ်စေရခြင်း၏ အဓိက အကြောင်းရင်းမှာ ၎င်းတို့၏ ကြမ်းတမ်းရက်စက်သော သဘာဝကြောင့် ဖြစ်သည်။ ၎င်းတို့၏ ပြင်းထန်လှသော အပူချိန်က ဒုတိယ အဆင့်တွင်သာ ရှိသည်။

ကြီးမားလှသော ဖိအားနှင့် အတွင်းပိုင်းတွင် တစ်စက္ကန့်လျှင် တန်ချိန် ကွမ်ဒရီလီယံပေါင်းများစွာ ပေါက်ကွဲနေသည့် ကြောက်မက်ဖွယ် အဏုမြူ ပေါက်ကွဲမှုများကြောင့် ၎င်း၏ အတွင်းပိုင်း တစ်ခုလုံးသည် ဖျက်ဆီးနိုင်စွမ်းများဖြင့် ပြည့်နှက်နေရခြင်း ဖြစ်သည်။

ဆယ်နာရီကျော် ကြာမြင့်ပြီးနောက် လော်ယွမ်က ဗဟိုချက် အပြင်ဘက် ဝန်းကျင်၌ နောက်ဆုံးတွင် ရပ်တန့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ စိတ်စွမ်းအား အကာအကွယ်များ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ ဗလာကျင်းဖြစ်နေသော သူ၏ ခန္ဓာကိုယ်သည် အဆုံးအစမဲ့သော အပူရှိန်နှင့် ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်များကြားတွင် ထိတွေ့နေရသည်။

ထူးကဲသော အဆင့်၏ ဧရာမ စွမ်းအားမြှင့်တင်မှု မရှိတော့ချိန်တွင် သူ၏ စိတ်စွမ်းအား အစစ်အမှန်က ထင်ထားသလောက် အားမကောင်းတော့ဘဲ တန်ချိန် ရာဂဏန်းခန့်သာ ရှိတော့သည်။

ဤကဲ့သို့သော စွမ်းအားမျိုးက ကြက်သွေးရောင် ကြယ်ပုလေး၏ အပြင်ဘက် အလွှာများတွင် ဦးနှောက်ကို အပိုင်းပိုင်းခွဲ၍ တိကျစွာ ထိန်းချုပ်နိုင်စွမ်းနှင့် ကြိုတင်သိမြင်နိုင်စွမ်းတို့ကြောင့် အနိုင်နိုင် ကာကွယ်နိုင်သေးသည်။

သို့သော် ဤနေရာသို့ ရောက်ရှိလာချိန်တွင် မည်မျှပင် ထိန်းချုပ်နိုင်စွမ်း အားကောင်းနေပါစေ၊ မည်မျှပင် ကြိုတင်သိမြင်နေပါစေ ပကတိ အင်အားကြီးမားမှု အောက်တွင် ဘာမှ အသုံးမဝင်တော့ချေ။

ကံကောင်းထောက်မစွာဖြင့် သူ၏ ကြံ့ခိုင်လှသော ခန္ဓာကိုယ်က ဤနေရာရှိ အလွန်အမင်း ဆိုးရွားလှသော ပတ်ဝန်းကျင်ကို ရင်ဆိုင်ရန် လုံလောက်နေခဲ့သည်။

သူ၏ ခန္ဓာကိုယ်ကို ကြမ်းတမ်းသော သို့မဟုတ် နူးညံ့သော အင်အားများက ဆက်တိုက် တွန်းထိုးနေကြသည်။ ဒြပ်ဝတ္ထု အများစုကို ဖျက်ဆီးပစ်နိုင်လောက်သော ဤကြောက်မက်ဖွယ် အင်အားသည် သူ့အတွက်တော့ တစ်ကိုယ်လုံးကို နှိပ်နယ်ပေးနေသကဲ့သို့သာ ဖြစ်နေသည်။

ဤနေရာရှိ ဖာရင်ဟိုက် ဒီဂရီ သောင်းရာချီမှ သန်းဂဏန်းနီးပါးအထိ ရှိသော အပူချိန်က သူ၏ ဆံပင်တစ်ပင်ကိုပင် ကောက်ကွေးသွားစေနိုင်ခြင်း မရှိချေ။

ဤနေရာ တစ်ခုလုံးသည် စွမ်းအင် သမုဒ္ဒရာကြီး တစ်ခုပင် ဖြစ်သည်။ အဆုံးမရှိသော အမှုန်အမွှားများက မျက်စိကျိန်းမတတ် အလင်းရောင်များကို ထုတ်လွှတ်နေပြီး ဖိုတွန်ကမ္ဘာကြီး တစ်ခုကို ဖန်တီးထားရာ မျက်စိရှေ့တွင် အလင်းရောင်မှလွဲ၍ အခြား ဘာမျှမရှိတော့ပေ။

မိနစ်အနည်းငယ်မျှသာ နေပြီးနောက် လော်ယွမ်က အလွန်အမင်း ပျင်းရိငြီးငွေ့လာသည်ကို ခံစားလိုက်ရသည်။ သူ၏ စိတ်ဝင်စားမှုနှင့် သိချင်စိတ်များသည် ဤတစ်ပုံစံတည်းဖြစ်နေသော ပျင်းစရာကောင်းလှသည့် မြင်ကွင်းကြောင့် လုံးဝ ကုန်ဆုံးသွားခဲ့ရပြီ ဖြစ်သည်။

ထိုအချိန်တွင် ကြယ်၏ ဗဟိုချက်မှ စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်လာပြီးနောက် ချက်ချင်းပင် အားကောင်းလှသော အပူလှိုင်းကြီးတစ်ခုက လော်ယွမ့်ဘက်သို့ အရှိန်ပြင်းပြင်းဖြင့် လိမ့်ဝင်လာတော့သည်။

ဤသည်မှာ ဤနေရာ၌ အဖြစ်အများဆုံး သဘာဝ ဖြစ်စဉ်တစ်ခု ဖြစ်ပြီး အချိန်တိုင်း စက္ကန့်တိုင်း ဖြစ်ပေါ်နေသည်။ ဗဟိုချက်မှ စွမ်းအင်များကို အပူချိန်မြင့် ပလာစမာ အပူလှိုင်းများမှတစ်ဆင့် မျက်နှာပြင်ဆီသို့ ပို့ဆောင်ပေးခြင်း ဖြစ်သည်။ အချို့သော အပူလှိုင်းများဆိုလျှင် အချင်း မိုင်ရာနှင့်ချီ၍ ရှိပြီး တစ်စက္ကန့်လျှင် မိုင်ပေါင်းများစွာ အမြန်နှုန်းဖြင့် စီးဆင်းနေကြသည်။

လော်ယွမ်က ရှောင်တိမ်းခြင်း မပြုခဲ့ပေ။ မကြာမီမှာပင် သူ၏ ခန္ဓာကိုယ်က အပူလှိုင်းထဲသို့ လိပ်ဝင်သွားပြီး ထိုအမြန်နှုန်းမြင့် ပလာစမာ အပူလှိုင်းနှင့်အတူ မျက်နှာပြင်ဆီသို့ အရှိန်အဟုန်ဖြင့် ထိုးထွက်သွားတော့သည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ကမ္ဘာမြေကြီး တုန်ဟည်းသွားမတတ် ကျယ်လောင်သော အသံကြီးနှင့်အတူ သူသည် မီးတောက်များကြားမှ ကြယ်လုံးကြီးအပြင်ဘက် အာကာသထဲသို့ တိုက်ရိုက် လွင့်စင်ထွက်လာခဲ့သည်။

သူက လေဟာပြင်တွင် ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းကာ ရပ်တန့်လိုက်ပြီး လားရာကို အကဲခတ်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူက ဆက်တိုက် နေရာရွှေ့ပြောင်းခြင်းများ ပြုလုပ်ကာ စံအိမ်တော်သို့ ပြန်လည်ရောက်ရှိသွားလေသည်။

၎င်းမှာ ကွင်းပြင်ကျယ်ကြီး တစ်ခုနှင့်တူသော အဆောက်အအုံတစ်ခု ဖြစ်သည်။ အစက တည်ဆောက်စဉ်က အထပ်များစွာ ပါဝင်ပြီး ဇိမ်ကျကျ အလှဆင်ထားမှုများ ရှိခဲ့သော်လည်း အသုံးမဝင်သောကြောင့် လော်ယွမ်က ပြန်လည် ပြုပြင်မွမ်းမံခဲ့သည်။ ယခုအခါတွင်မူ စတုရန်းပေ တစ်သန်းကျော်ခန့် ကျယ်ဝန်းသော ဟာလာဟင်းလင်း ခန်းမကြီး တစ်ခုသာ ကျန်ရှိတော့သည်။

ဤနေရာတွင် မည်သည့် အလှဆင်မှုမျှ မရှိသလို ပိုလျှံနေသော ပစ္စည်းများလည်း မရှိချေ။ နံရံဖြစ်စေ၊ ကြမ်းပြင်ဖြစ်စေ အလွန်ခိုင်မာသော ဒြပ်ဝတ္ထုအလွှာဖြင့် ဖုံးအုပ်ထားရာ ခန်းမကြီး တစ်ခုလုံးသည် ဖုန်တစ်မှုန့်မျှ မရှိဘဲ မှန်သားပြင်ကဲ့သို့ တလက်လက် တောက်ပနေသည်။

ယခင်က ရင်းနှီးကျွမ်းဝင်ခဲ့သည့် ဤနေရာလေးကို ကြည့်ရင်း လော်ယွမ်က ယခုအခါ စက်ရုပ်ဆန်ဆန်နှင့် အေးစက်မှုကိုသာ ခံစားနေရသည်။

ဟာလာဟင်းလင်းဖြစ်နေသော ခန်းမကြီးက ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်တောက်ထားသကဲ့သို့ ဖြစ်နေပြီး သူ၏ ရင်တွင်းအနက်ရှိုင်းဆုံးမှ အေးစက်စက် ခံစားချက်ကို ဖြစ်ပေါ်စေသည်။

လှောင်ချိုင့်ထဲမှ ရုန်းထွက်လာသော အသိစိတ်က ယခင် "ရုပ်သေးရုပ်" ဘဝသို့ ကျရောက်ခဲ့ရသည့် ကာလများကို သဘာဝအလျောက် ဆန့်ကျင်နေမိသည်။

သူက ဤနေရာတွင် တစ်စက္ကန့်လေးမျှပင် ထပ်မနေချင်တော့ချေ။

လော်ယွမ်က သူ၏ တစ်ကိုယ်လုံးရှိ စွမ်းအားများကို သိမ်းဆည်းလိုက်ပြီး ခန်းမကြီးထဲမှ ဖြည်းညှင်းစွာ လျှောက်ထွက်လာကာ စံအိမ်၏ လမ်းကလေးအတိုင်း အပြင်ဘက်သို့ ထွက်လာခဲ့သည်။

လမ်းတစ်လျှောက် ကင်းလှည့်နေသော အစောင့်များက သူ လျှောက်လာသည်ကို မြင်သောအခါ ရုတ်တရက် ခန္ဓာကိုယ်များ တောင့်တင်းသွားကြပြီး ကျောက်ရုပ်များအလား မလှုပ်မယှက် ရပ်တန့်သွားကြသည်။

မျက်စိဖြင့်မမြင်မရသော စွမ်းအားတစ်ခု၏ ခြိမ်းခြောက်မှုကို ခံလိုက်ရသကဲ့သို့ အစောင့်များအားလုံး၏ ဦးနှောက်များ ချက်ချင်း ဟာလာဟင်းလင်း ဖြစ်သွားကာ သူ ထွက်သွားပြီးမှသာ သတိပြန်လည်လာကြတော့သည်။

လော်ယွမ်က ထိုအရာအားလုံးကို သတိထားမိပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ သူ၏ လက်ရှိ စွမ်းအားဖြင့်ဆိုလျှင် သူက တိုက်ရိုက် မကြည့်လျှင်တောင်မှ လူတစ်ယောက်က သူ့အနီး အကွာအဝေးတစ်ခုအထိ ရောက်လာသည်နှင့် စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုကို အလိုအလျောက် ဖြစ်ပေါ်စေမည် ဖြစ်သည်။

ပို၍ ဆိုးသည်မှာ ဤစွမ်းအားကို ထိန်းချုပ်၍ မရနိုင်ခြင်းပင်။ အကြောင်းမှာ ဤသည်က သူ၏ ကိုယ်ပိုင် စိတ်စွမ်းအား အလင်းရောင်များ ဖြစ်နေသောကြောင့်တည်း။

သူ၏ ကိုယ်ပိုင် စိတ်စွမ်းအားကို ကြယ်တစ်ပွင့်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် ဤစိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုက ထိုကြယ်မှ ထွက်ပေါ်လာသော အလင်းရောင်ပင် ဖြစ်သည်။

ဤခြိမ်းခြောက်မှုက တစ်နည်းအားဖြင့် သူ၏ စိတ်စွမ်းအားစွမ်းအားများကို အပြည့်အဝ သိမ်းဆည်းထားခြင်း၏ ရလဒ်ပင် ဖြစ်သည်။

ကျောက်ရုပ်များအလား တောင့်တင်းနေသော အစောင့်များကို ကြည့်ရင်း လော်ယွမ်၏ ခြေလှမ်းများက ပို၍ ပို၍ နှေးကွေးလာကာ တုံ့ဆိုင်းလာခဲ့သည်။

တံခါးဝသို့ ရောက်လုနီးပါးတွင် လော်ယွမ်က ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

သူက အပြင်ဘက် ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ မရေမတွက်နိုင်သော ယာဉ်ပျံငယ်လေးများက ရေစီးကြောင်းအလား သွားလာနေကြပြီး ပြောင်းရွှေ့နေကြသော ပြည်သူ အမြောက်အမြားသည် ဤအာကာသ မြို့တော်ကြီးမှ အဆက်မပြတ် ထွက်ခွာနေကြသည်။

"မြို့တော်ဝန်... အပြင်သွားမလို့လား" အစောင့်တပ်ဖွဲ့မှူးက ခေါင်းကို ငုံ့ထားကာ တစ်ကိုယ်လုံး တုန်ယင်နေလျက် အဝေးမှနေ၍ ရိုသေစွာ မေးလိုက်သည်။

သူက အနီးသို့ သိပ်မကပ်ရဲချေ။ အဆင့်မြင့် သန္ဓေပြောင်းသူ တစ်ယောက်ဖြစ်သော်လည်း လော်ယွမ့်အနီး ပေတစ်ရာအတွင်းသို့ ချဉ်းကပ်နိုင်ခြင်းက သူ၏ စွမ်းရည် ကန့်သတ်ချက်ပင် ဖြစ်နေပြီ ဖြစ်သည်။

လော်ယွမ်က ပြန်မဖြေဘဲ အပြင်ဘက် မြင်ကွင်းကိုသာ မလှုပ်မယှက် စိုက်ကြည့်နေခဲ့သည်။ အချိန်အတော်ကြာမှသာ သက်ပြင်းတစ်ချက်ချလိုက်ပြီး လှည့်ကာ မူလလမ်းအတိုင်း အေးစက်နေသော ခန်းမကြီးထဲသို့ ပြန်လည် ဝင်ရောက်သွားတော့သည်။

ပြန်တွေးချင်စရာ မကောင်းလှသည့် ပျင်းစရာ စက်ရုပ်ဆန်ဆန် ကာလများကို ဖြတ်သန်းပြီးနောက် ဤအချိန်တွင် သူက သာမန်လူတို့၏ တက်ကြွသော အသက်ရှူသံများကို ခံစားချင်နေမိသည်။ သို့သော် လက်တွေ့ဘဝ၏ မတတ်သာမှုများက သူ့ကို အထီးကျန်ဆန်သော ဘဝထဲသို့သာ တစ်ဖန် ပြန်လည် တွန်းပို့နေပြန်သည်။

လော်ယွမ် ပေသုံးရာခန့် အဝေးသို့ ရောက်သွားပြီးမှသာ အစောင့်တပ်ဖွဲ့က ခါးကို ပြန်ဆန့်နိုင်ကြသည်။ ချက်ချင်းပင် မျက်စိရှေ့တွင် မှောင်သွားသလို ခံစားလိုက်ရပြီး ခန္ဓာကိုယ်များ ယိမ်းယိုင်သွားကာ မြေပြင်ပေါ်သို့ ပုံကျလုနီးပါး ဖြစ်သွားကြသည်။ သတိပြန်လည်လာချိန်တွင် တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

"တပ်မှူး... အဆင်ပြေရဲ့လား" အဝေးမှ အစောင့်တစ်ယောက်က သူ့ကို တွဲပေးရန် အလျင်အမြန် ပြေးလာခဲ့သည်။

"ငါ ဘာမှမဖြစ်ဘူး... မင်းနေရာ မင်းပြန်တော့" အစောင့်တပ်ဖွဲ့မှူးက လက်ကာပြရင်း ဟောက်လိုက်သည်။

သူက ပျောက်ကွယ်သွားပြီဖြစ်သော လူရိပ်ကို ကြည့်ရင်း ထိတ်လန့်နေဆဲပင်။ မြို့တော်ဝန်၏ စွမ်းအားများက ပိုမို ကြီးမားလာသကဲ့သို့ ရှိနေသည်။

ထို့အပြင် သူ့ကို အံ့ဩသွားစေသည်မှာ ယနေ့ မြို့တော်ဝန်က ခန်းမကြီးထဲမှ ထွက်လာပြီး တံခါးဝတွင် အချိန်အတော်ကြာ ရပ်ကြည့်နေခြင်းပင်။

သူ၏ မှတ်ဉာဏ်သာ မမှားခဲ့လျှင် မြို့တော်ဝန်က ဤနေရာသို့ စတင် ပြောင်းရွှေ့လာကတည်းက ငါးနှစ်တာ ကာလအတွင်း ဤစံအိမ်ထဲတွင် တစ်ခါမှ လမ်းလျှောက် ထွက်မလာခဲ့ဖူးချေ။ တစ်ကြိမ်လေးမျှပင် မရှိခဲ့ပေ။

...

ဆုတ်ခွာရေး စီမံကိန်း စတင်လိုက်သည်နှင့် အာကာသ မြို့တော်ကြီးမှာ တစ်နေ့တခြား ခြောက်ကပ်လာခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်က အလွန် စည်ကားခဲ့သော မြို့တော်ကြီးသည် ယခုအခါ ဟာလာဟင်းလင်း ဖြစ်လာပြီး လူသွားလူလာများ တဖြည်းဖြည်း ရှားပါးလာခဲ့သည်။ ယခု ဤနေရာတွင် ကျန်ရှိနေသေးသူများမှာ စစ်သားများနှင့် အစိုးရ ဝန်ထမ်း အချို့သာ ဖြစ်သည်။

ထိုအရာများနှင့် ဆန့်ကျင်ဘက် အနေဖြင့် စစ်ပွဲ အငွေ့အသက်များကတော့ ပိုမို ပြင်းထန်လာခဲ့သည်။

အာကာသထဲတွင် ညကောင်းကင်ယံကို ဖြတ်သန်းကာ အဆုံးအစမဲ့ အဝေးဆီသို့ ပျောက်ကွယ်သွားသော အလင်းတန်းများကို မကြာခဏ မြင်တွေ့နေရသည်။ ဤသည်မှာ အာကာသ ကာကွယ်ရေး စနစ်၏ နောက်ဆုံး စမ်းသပ် ချိန်ညှိမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် တိုက်ပွဲဝင် ယာဉ်ပျံသစ် သုံးစင်းကလည်း နေအဖွဲ့အစည်း၏ အစွန်အဖျားသို့ စတင် ထွက်ခွာသွားကြပြီး ဗိုရှင်း ယာဉ်ပျံအုပ်စုကို ကြားဖြတ် တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။

ထိုယာဉ်ပျံများပေါ်တွင် လိုက်ပါသွားသော ယာဉ်မှူး တစ်ရာကျော်သည် မထွက်ခွာမီကတည်းက သေတမ်းစာများ ရေးထားခဲ့ကြပြီး ဖြစ်သည်။ သူတို့က စစ်ပွဲ၏ ရှေ့တန်းမျက်နှာစာအဖြစ် တာဝန်ယူကာ ဗိုရှင်းဂြိုဟ်သားများကို ထိပ်တိုက် ရင်ဆိုင်ရန် အသင့်ဖြစ်နေကြပြီ ဖြစ်သည်။

ဆက်ရန်...

အပိုင်း(၅၅၀) ပြဇာတ်ဆန်သော အဖြစ်အပျက်

ယာဉ်ပျံကြီးသည် ငါးရက်တိတိ အရှိန်တင်ပြီးနောက်တွင် နောက်ဆုံး၌ တည်ငြိမ်သောအမြန်နှုန်းသို့ ရောက်ရှိသွားခဲ့သည်။

ဗဟိုထိန်းချုပ်ရေးခန်းရှိ ဟိုလိုဂရမ် ဖန်သားပြင်ကို ဟော်ရှုဝမ်က လေးနက်သော မျက်နှာထားဖြင့် စိုက်ကြည့်နေသည်။

ထိုဖန်သားပြင်ပေါ်ရှိ ဗိုရှင်းယာဉ်ပျံစုကို ကိုယ်စားပြုသော အလင်းစက်လေးများသည် သူတို့ရှိရာသို့ အံ့မခန်း အမြန်နှုန်းဖြင့် ချဉ်းကပ်လာနေ၏။

သူတို့၏ တာဝန်မှာ ထိုယာဉ်များကို ကြိုတင်ဟန့်တားရန်၊ တိုက်ခိုက်မှုများကို မိမိတို့ထံ အာရုံစိုက်လာစေရန်၊ ရန်သူ့အရှိန်ကို လျှော့ချလာစေရန်နှင့် လေဟာနယ်ကွေးညွတ်ပျံသန်းခြင်းမှ ရပ်တန့်သွားစေရန် ဖိအားပေးပြီး ပထမလက် သတင်းအချက်အလက်များကို စုဆောင်းရန်ပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အလင်းထက်မြန်သော အမြန်နှုန်းဆိုသည်မှာ နှိုင်းရသဘောတရားသာ ဖြစ်သည်။

ထောက်လှမ်းရေးဌာန၏ ကောက်ချက်ချမှုအရ မိမိတို့ဘက်မှ ရန်သူကို ပစ်မှတ်မဖမ်းနိုင်သကဲ့သို့ ရန်သူကလည်း မိမိတို့ကို ဘာမှမလုပ်နိုင်ချေ။

အထူးသဖြင့် လေဟာနယ်ကွေးညွတ်ပျံသန်းခြင်းကြောင့် ဖြစ်ပေါ်လာသော လေဟာနယ်လှိုင်းများက တိုက်ခိုက်သူ၏ ပစ်မှတ်လွဲချော်မှုကို အံ့မခန်းအဆင့်ထိ ရောက်ရှိသွားစေနိုင်သည်။

တစ်နည်းအားဖြင့် ပြောရလျှင် ဤယာဉ်ပျံစုသည် ရန်သူ့ပစ်မှတ်ကို မိမိတို့ထံ အာရုံပြောင်းစေရန် ဆွဲဆောင်မည့် သားကောင်သက်သက်မျှသာ ဖြစ်သည်။

ဤတာဝန်မှာ အလွန်ခက်ခဲကြမ်းတမ်းပြီး အသက်ရှင်လျက် ပြန်လာနိုင်ရန် အခွင့်အရေး အလွန်နည်းပါးလှသည်။

"တပ်မှူးကြီး... အချိန်တစ်လပဲ ကျန်တော့တယ်" အနားရှိ လူငယ်ဒုတိယတပ်မှူးလေးက သတိပေးလိုက်သည်။ သူ၏ နှုတ်ခမ်းပေါ်ရှိ မွေးညင်းနုလေးများနှင့် နုနယ်သော မျက်နှာသွင်ပြင်ကို ကြည့်ခြင်းအားဖြင့် အသက်နှစ်ဆယ်ပင် မပြည့်သေးကြောင်း သိသာလှ၏။

သို့သော် သူက ထူးခြားသော တည်ရှိမှုတစ်ခုတော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ စစ်သည်အားလုံးမှာ မယုံနိုင်လောက်အောင် ငယ်ရွယ်နေကြသောကြောင့် ဖြစ်သည်။

ထိုလူများသည် သာမန်လူများ မဟုတ်ကြဘဲ အားလုံးက လူသားမျိုးဆက်သစ်များ ဖြစ်ကြပြီး အသက် ၁၅ နှစ်မှ ၁၈ နှစ် ဝန်းကျင်ခန့်သာ ရှိကြသည်။

အကြောင်းမှာ ထိုလူသားမျိုးဆက်သစ်များသာလျှင် ယာဉ်ပျံ၏ ၈ဂျီ အထိ ပြင်းထန်သော အရှိန်နှုန်းကို အချိန်ကြာမြင့်စွာ ခံနိုင်ရည်ရှိသောကြောင့်ပင်။

ထို့အပြင် သူတို့၏ အားကောင်းသော သင်ယူနိုင်စွမ်းကလည်း သာမန်လူများထက် ယာဉ်ပျံကို ထိန်းချုပ်မောင်းနှင်ရာတွင် ပိုမိုသင့်လျော်စေသည်။

သုံးနှစ်တိုင်တိုင် ကြမ်းတမ်းသော လေ့ကျင့်မှုများအောက်တွင် သူတို့သည် အရည်အချင်းပြည့်ဝသော စစ်သည်များ ဖြစ်လာခဲ့ကြပြီ ဖြစ်သည်။

ဟော်ရှုဝမ်က ခေါင်းညိတ်ပြလိုက်သည်။ "ပထမအသုတ် အနေနဲ့ အာကာသတိုက်လေယာဉ် အစင်းတစ်ထောင်ကို လွှတ်ဖို့ အကြောင်းကြားလိုက်... သူတို့ ဘယ်လောက်စွမ်းလဲဆိုတာ သွားစမ်းကြည့်ရအောင်"

ယာဉ်ပျံများအကြား ကွမ်တမ်ဆက်သွယ်ရေးစနစ်မှတစ်ဆင့် အချက်ပြမှုများ ပေးပို့လိုက်သည်နှင့် ယာဉ်ပျံ၏ တိုက်လေယာဉ်ထွက်ပေါက် တံခါးများ အလျင်အမြန် ပွင့်သွားလေသည်။

မရေမတွက်နိုင်သော အာကာသတိုက်လေယာဉ်များသည် ဧရာမ သံလိုက်လျှပ်စစ်အမြောက်ပြွန်ဝများမှနေ၍ ကျိုင်းကောင်အုပ်ကြီးအလား ပစ်လွှတ်ခံလိုက်ရသည်။

ထို့နောက် အင်ဂျင်များ ချက်ချင်းနှိုးကာ အရှိန်ပြင်းပြင်းဖြင့် မိခင်ယာဉ်ပျံကို ကျော်တက်သွားပြီး အာကာသ ဟင်းလင်းပြင် နက်ရှိုင်းရာဆီသို့ လျင်မြန်စွာ ပျံသန်းသွားကြတော့သည်။

……

အချိန်များ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးလာသည်နှင့်အမျှ ဤယာဉ်ပျံစု၏ လေထုမှာ ပိုမို၍ ဖိအားများလာခဲ့သည်။

ဗိုရှင်းယာဉ်ပျံစု၏ အလင်းစက်လေးများမှာ ပိုမိုနီးကပ်လာပြီး အာကာသမြို့တော်၏ အလင်းနှစ် သုည ဒသမ သုညတစ် အကွာအဝေးအတွင်းသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ထိုအာကာသတိုက်လေယာဉ် အုပ်စုသည်လည်း ထိုအလင်းစက်များနှင့် တဖြည်းဖြည်း နီးကပ်လာခဲ့သည်။

ထိန်းချုပ်ရေးခန်းအတွင်းတွင် အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသည်။

ယာဉ်အမှုထမ်း အားလုံးက အာကာသတိုက်လေယာဉ်များကို ကိုယ်စားပြုသည့် ထူထပ်သော အစိမ်းရောင် အလင်းစက်လေးများကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြ၏။

ဉာဏ်ရည်တုဦးနှောက်၏ အကူအညီဖြင့် ကိန်းဂဏန်းအချက်အလက်များကို သတိကြီးစွာ ချိန်ညှိရင်း ဗိုရှင်းယာဉ်ပျံစုရှိရာသို့ ဦးတည်ပျံသန်းရန် ထိန်းချုပ်နေကြသည်။

ထိုအာကာသတိုက်လေယာဉ်များသည် ငရုတ်ကောင်းမှုန့်များ ဖြူးချလိုက်သကဲ့သို့ အလွန်ကျဲပါးစွာ ဖြန့်ကြက်ထားကြသည်။

တိုက်လေယာဉ် တစ်စင်းနှင့် တစ်စင်းအကြား အကွာအဝေးမှာ မိုင်သောင်းချီမှစ၍ မိုင်သိန်းချီအထိပင် ကွာဝေးလှသည်။

ဤသည်မှာ လေဟာနယ်လှိုင်းဖမ်းစနစ်၏ ကြီးမားလှသော အမှားအယွင်းများကြောင့် ဗိုရှင်းယာဉ်ပျံစုကို မလွတ်တမ်း ထောက်လှမ်းနိုင်ရန်အတွက် ဖြစ်သည်။

သို့တိုင်အောင် ထိုနှစ်ခု တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံနိုင်ခြေမှာ သနားစရာကောင်းလောက်အောင် နည်းပါးနေဆဲပင်။

ဟော်ရှုဝမ်သည် ဗဟိုဟိုလိုဂရမ် ဖန်သားပြင်ပေါ်ရှိ အချက်အလက်များကို စိုးရိမ်တကြီး စိုက်ကြည့်နေရင်း တစ်စုံတစ်ခုကို အာရုံခံနေသည့်အလား မျက်လုံးများကို ရံဖန်ရံခါ မှိတ်ထားလိုက်သည်။

သူသည် ဖုံးကွယ်နေသော ဆင့်ကဲပြောင်းလဲသူ တစ်ဦးဖြစ်သည်။ သိသာထင်ရှားသော ဆင့်ကဲပြောင်းလဲသူများနှင့် နှိုင်းယှဉ်ပါက ဤကဲ့သို့သော ဆင့်ကဲပြောင်းလဲမှုမျိုးမှာ အတော်လေး သိရှိရန်ခက်ခဲလှသည်။

တိုက်ခိုက်ရေးစွမ်းရည်ပိုင်းတွင်မူ သူက သာမန်လူများနှင့် သိပ်မကွာခြားသလို ထူးခြားသော သဘာဝလွန်စွမ်းအားမျိုးလည်း မရှိချေ။

သို့သော် ဤကဲ့သို့သော ဆင့်ကဲပြောင်းလဲသူများက အစွမ်းမထက်ဟု ဆိုလိုခြင်းမဟုတ်ပေ။ အချို့သော ဆင့်ကဲပြောင်းလဲသူများ၏ စွမ်းရည်များမှာ အလွန်တရာ အံ့မခန်းဖြစ်ပြီး စိတ်ကူးယဉ်၍ပင် မရနိုင်ချေ။

ဥပမာအားဖြင့် သူ၏ စွမ်းရည်မှာ ပြင်းထန်သော အလိုအလျောက်သိစိတ်ပင် ဖြစ်သည်။ သူက လေဆာသေနတ်တစ်လက်ကို ကိုင်ဆောင်ထားပါက မိုင်အနည်းငယ်အကွာအဝေးမှနေ၍ မျက်စိဖြင့် လုံးဝမမြင်ရသည့်တိုင်အောင် ပဲစေ့အရွယ်အစားရှိသော ပစ်မှတ်ကို ခံစားမှုသက်သက်ဖြင့် အတိအကျ ပစ်ခတ်နိုင်စွမ်း ရှိသည်။

ဤသည်မှာ လက်နက်အပေါ် အလွန်အမင်း မှီခိုရသော ဆင့်ကဲပြောင်းလဲသူ အမျိုးအစားဖြစ်ပြီး လက်နက် ပိုမိုအစွမ်းထက်လေလေ သူ၏ ဖျက်ဆီးနိုင်စွမ်းက ပိုမိုကြီးမားလေလေ ဖြစ်သည်ဟု ဆိုနိုင်သည်။

ဤစွမ်းရည်ကြောင့်ပင် သူက စစ်တပ်အတွင်း၌ လျင်မြန်စွာ ထင်ပေါ်ကျော်ကြားလာခဲ့ပြီး ဤယာဉ်ပျံစု၏ တပ်မှူးကြီး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် ဟော်ရှုဝမ်က မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏မျက်နှာပေါ်တွင် စိတ်ပျက်မှုအချို့ ယှက်သန်းနေသည်။

ထိုနှစ်ခုကြား အကွာအဝေးက အလွန်ဝေးကွာလွန်း၍ ဖြစ်နိုင်သလို ရန်သူ့အမြန်နှုန်းက အလွန်အမင်း မြန်ဆန်လွန်းနေ၍လည်း ဖြစ်နိုင်ရာ သူက ဘာကိုမျှ အာရုံမခံနိုင်ခဲ့ချေ။

"အာကာသတိုက်လေယာဉ် ငါးစင်း အဆက်အသွယ် ပြတ်သွားပြီ" ထိုအချိန်တွင် ယာဉ်အမှုထမ်းတစ်ဦးက ရုတ်တရက် အော်ပြောလိုက်သည်။

ဟော်ရှုဝမ်က မျက်လုံးများကို ဝုန်းခနဲ ဖွင့်လိုက်သည်။ အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားကာ အလျင်အမြန် အမိန့်ပေးလိုက်သည်။

"ဉာဏ်ရည်တုဦးနှောက်... အဆက်အသွယ်မပြတ်ခင်က တိုက်လေယာဉ်တွေရဲ့ တည်နေရာနဲ့ အချိန်အစီအစဉ်ကို မှတ်တမ်းတင်ထား... ရန်သူ့ရဲ့ ပျံသန်းမှု လမ်းကြောင်းကို တွက်ချက်ပြီး အချက်အလက်တွေကို စစ်ဦးစီးဌာနဆီ တစ်ပြိုင်နက်တည်း ပို့လိုက်"

ဤသည်မှာ အလွန်အရေးကြီးသော သတင်းအချက်အလက်တစ်ခု ဖြစ်သည်။ ယခု အာကာသတိုက်လေယာဉ်များ အဆက်အသွယ်ပြတ်တောက်သွားမှုမှာ တစ်ပြိုင်နက်တည်း ဖြစ်ပွားခဲ့သည်ဟု ထင်ရသော်လည်း သေးငယ်သော အချိန်ကွာဟချက်များ ရှိနေသည်။

ထိုအဆက်အသွယ်ပြတ်သွားသော တိုက်လေယာဉ်များ၏ တည်နေရာများနှင့် အချိန်ကွာဟချက်များကို အသုံးပြု၍ ဤယာဉ်ပျံစု၏ ရွေ့လျားမှု လမ်းကြောင်းနှင့် တိကျလုနီးပါးရှိသော အမြန်နှုန်းကို တွက်ချက်နိုင်ပြီး ထိုမှတစ်ဆင့် ပစ်ခတ်တိုက်ခိုက်မှုများကို ပြုလုပ်နိုင်မည် ဖြစ်သည်။

သတင်းအချက်အလက်များသည် တစ်ပြိုင်နက်တည်းနီးပါး အသွင်ဖြင့် မိုင်သန်းရာချီ ဝေးကွာသော အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်ကာ စစ်ဦးစီးဌာနရှိ စူပါကွန်ပျူတာများပေါ်တွင် ပေါ်လာတော့သည်။

တစ်စက္ကန့်မျှသာ အကြာတွင် အာကာသအတွင်းရှိ ကာကွယ်ရေးစနစ်များ စတင်ပွင့်လာခဲ့သည်။

အာကာသထဲတွင် လွင့်မျောနေသော ခံတပ်ကြီးများသဖွယ် ဧရာမ အမြောက်စင်ကြီးများသည် အမြောက်ပြွန်များကို ဖြည်းညှင်းစွာ လှည့်လည်ကာ အလျင်အမြန် စွမ်းအင်ဖြည့်တင်းလာကြရာ ဖျက်ဆီးခြင်း အငွေ့အသက်များက တဖြည်းဖြည်း ပြန့်နှံ့လာတော့သည်။

နောက်တစ်ခဏတွင် သောင်းနှင့်ချီသော စူးရှသည့် အလင်းတန်းများသည် မှောင်မိုက်နေသော အာကာသဟင်းလင်းပြင်ကို ချက်ချင်း ခွဲထွက်သွားပြီး အဆုံးမဲ့ ဝေးကွာသော နေရာဆီသို့ ပျောက်ကွယ်သွားကြသည်။

ထိုအလင်းတန်းများ တစ်ခုစီတိုင်းတွင် ကမ္ဘာဖျက်နိုင်လောက်သည့် စွမ်းအားများ ပါဝင်နေသည်။ ကွမ်တမ်စွမ်းအင် ပို့ဆောင်ရေးနည်းပညာနှင့် စွမ်းအားမြင့် ဘက်ထရီအုပ်စုများမှတစ်ဆင့် ဤဧရာမ အမြောက်ကြီးများ၏ စွမ်းအင်များကို အကန့်အသတ်မရှိ ထပ်ဆင့်ပေါင်းစပ်နိုင်သဖြင့် စွမ်းအင်အပေါ် ကန့်သတ်ထားသည့် ပစ္စည်းများ၏ အဟန့်အတားကို ကျော်လွှားနိုင်ခဲ့ကာ ၎င်းတို့၏ စွမ်းအားကို အံ့မခန်းအဆင့်အထိ ရောက်ရှိသွားစေသည်။

အကယ်၍ ကမ္ဘာမြေပေါ်သို့ ကျရောက်ခဲ့ပါက အမြောက်တစ်ချက်တည်းဖြင့်ပင် ဧရာမ တွင်းကြီးတစ်ခု ဖြစ်ပေါ်လာစေနိုင်ပြီး ဂြိုဟ်တစ်ခုလုံးကို ကမောက်ကမ ဖြစ်သွားစေနိုင်စွမ်း ရှိသည်။

အကယ်၍ အလင်းတန်း အရေအတွက် သောင်းချီ၍သာ ကျရောက်လာပါက ကမ္ဘာမြေကြီး တစ်ခုလုံး ပေါက်ကွဲကွဲကြေသွားနိုင်ဖွယ် ရှိသည်။

သို့သော် အာကာသ ကာကွယ်ရေးစနစ်ကမူ ဧရိယာအလိုက် တိုက်ခိုက်မှုများကို ငါးကြိမ်တိတိ ပြုလုပ်ခဲ့လေသည်။

ဟော်ရှုဝမ်သည် မော့ကြည့်လိုက်သည်။ ဖန်သားပြင်ပေါ်တွင် မရေမတွက်နိုင်သော အလင်းတန်းများက အနီးအနားမှ ဖြတ်ပြေးသွားပြီး အဆုံးမဲ့ ဝေးကွာသော နေရာဆီသို့ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရ၏။

သူ၏ ရင်ထဲတွင် မျှော်လင့်ချက် ကြီးကြီးမားမား မရှိခဲ့ပေ။ ဤသည်မှာ စမ်းသပ်တိုက်ခိုက်မှု သက်သက်သာ ဖြစ်သည်။ မည်မျှပင် အစွမ်းထက်သော တိုက်ခိုက်မှုဖြစ်ပါစေ တိကျမှု မရှိပါက ခြင်ကို အမြောက်ဖြင့် ပစ်သကဲ့သို့ အဓိပ္ပာယ်မရှိပေ။ ခန့်မှန်းခြေ ပစ်မှတ်ဧရိယာသို့ ရောက်ရှိရန်ပင် ခုနစ်နာရီခန့် အချိန်ယူရဦးမည် ဖြစ်သည်။

သူက ဆက်လက် အာရုံမစိုက်တော့ဘဲ ခေါင်းငုံ့ကာ အနီးနားရှိ အာကာသတိုက်လေယာဉ်များမှ ရိုက်ကူးပြီး ကွမ်တမ်ဆက်သွယ်ရေးမှတစ်ဆင့် တစ်ပြိုင်နက် ပေးပို့လာသော အဆက်အသွယ်ပြတ်သွားသည့် တိုက်လေယာဉ်များ၏ ဓာတ်ပုံများကို ကြည့်လိုက်သည်။

ထိုအာကာသတိုက်လေယာဉ်များကို သာမန်မျက်စိဖြင့် ကြည့်ပါက တိုက်ခိုက်ခံထားရသည့် အရိပ်အယောင် လုံးဝမတွေ့ရပေ။ ၎င်းတို့က အာကာသထဲတွင် အကောင်းပကတိအတိုင်း လွင့်မျောနေသော်လည်း စွမ်းအင်များကိုမူ လုံးလုံးလျားလျား ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

သို့သော် ဤအရာများက အပေါ်ယံမျှသာ ဖြစ်သည်။ ယာဉ်ပျံ၏ အသေးစိတ် ခွဲခြမ်းစိတ်ဖြာ နှိုင်းယှဉ်မှုများအရ အာကာသတိုက်လေယာဉ်များ၏ မျက်နှာပြင်တွင် အနည်းငယ် ပုံပျက်သွားမှုများ ရှိနေပြီး အချို့နေရာများတွင် သေးငယ်သော အက်ကွဲကြောင်းများနှင့် ပြတ်တောက်မှုများပင် ရှိနေကြောင်း တွေ့ရသည်။

တကယ်တမ်းတွင် ၎င်းတို့က တိုက်ခိုက်ခံလိုက်ရခြင်း မဟုတ်ပေ။ လေဟာနယ်ကွေးညွတ်ပျံသန်းနေသော ဗိုရှင်းယာဉ်ပျံစုနှင့် အလွန်နီးကပ်သွားခဲ့သဖြင့် လေဟာနယ်လှိုင်းများ ပြန်လည်တည်ငြိမ်သွားချိန်တွင် ဖြစ်ပေါ်လာသော အသေးစား ပုံပျက်မှုများသာ ဖြစ်သည်။

ထိုပုံပျက်မှုများက အလွန်အားနည်းလှသဖြင့် လူ့ခန္ဓာကိုယ်ကိုပင် သေစေနိုင်လောက်သော အန္တရာယ် မပေးနိုင်သော်လည်း တိကျသေချာစွာ တည်ဆောက်ထားသော အာကာသတိုက်လေယာဉ်များနှင့် အတွင်းပိုင်းရှိ အီလက်ထရောနစ် စနစ်များအတွက်မူ အဆုံးသတ်ပျက်စီးခြင်းပင် ဖြစ်သည်။

ထိန်းချုပ်ရေးခန်းအတွင်း လေထုက အလွန်လေးလံသွားခဲ့သည်။

ဤအရာက ဘာကိုဆိုလိုသလဲဆိုတာကို လူတိုင်း ရှင်းရှင်းလင်းလင်း သိနေကြသည်။

ဤသည်မှာ ဗိုရှင်းယာဉ်ပျံစုအနေဖြင့် မည်သည့်တိုက်ခိုက်မှုမှ ပြုလုပ်စရာမလိုဘဲ လူသားတို့၏ ကာကွယ်ရေးစနစ်ကို လုံးဝ ရပ်တန့်သွားစေနိုင်ကြောင်း ဆိုလိုခြင်းပင်။ ၎င်းတို့က ရပ်တန့်ရန်ပင် မလိုဘဲ အချိန်အနည်းငယ် ယူလိုက်ရုံဖြင့် ဤစစ်ပွဲတွင် အလွယ်တကူ အောင်ပွဲခံသွားနိုင်ပေသည်။

သူတို့ ရောက်ရှိလာရန် အချိန် ၂၈ နာရီသာ လိုတော့သည်။

ကံကောင်းထောက်မစွာဖြင့် လူသားတို့၏ အဓိကစခန်းကြီးကို အပြည့်အဝ ရွှေ့ပြောင်းပြီးပြီဖြစ်သည်။ မဟုတ်လျှင် လူသားမျိုးနွယ်အတွက် အမြစ်ပြတ် မျိုးသုဉ်းခြင်းကလွဲ၍ အခြားရှိမည် မဟုတ်ချေ။

ဟော်ရှုဝမ်သည် ဤသတင်းအချက်အလက်ကို အာကာသမြို့တော်ရှိ စစ်ဦးစီးဌာနသို့ ထပ်မံပေးပို့ပြီးနောက် နောက်ထပ် အမိန့်တစ်ခုကို ထပ်ပေးလိုက်သည်။

"ဒုတိယအသုတ် အာကာသတိုက်လေယာဉ်တွေကို ထပ်လွှတ်လိုက်"

ယခင် ထောက်လှမ်းရေးနည်းလမ်းက အလုပ်ဖြစ်ခဲ့သည်။ တိုက်ခိုက်မှု၏ အဆုံးသတ်ရလဒ်ကို အတည်မပြုနိုင်သေးသော်လည်း အနည်းဆုံးတော့ အခွင့်အရေးတစ်ခု ရှိနေသေးသည်။

ဟော်ရှုဝမ်၏ အမိန့်အဆုံးတွင် ပြဇာတ်ဆန်သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ယာဉ်ပျံ၏ လေဟာနယ်လှိုင်း ထောက်လှမ်းရေးစနစ်က လေဟာနယ်လှိုင်း ရင်းမြစ်၏ ရွေ့လျားမှုနှုန်း ရုတ်တရက် နှေးကွေးသွားသည်ကို ချက်ချင်း ထောက်လှမ်းမိလိုက်သည်။ တစ်ချိန်တည်းမှာပင် လေဟာနယ်လှိုင်းများကလည်း တဖြည်းဖြည်း အားပျော့သွားခဲ့သည်။

ဤမြင်ကွင်းကြောင့် ဟော်ရှုဝမ်မှာ လုံးဝ မယုံကြည်နိုင်ဖြစ်သွားကာ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

……

ယခုအချိန်တွင် ဗိုရှင်းယာဉ်ပျံစုသည် ကြိုတင်သတ်မှတ်ထားသော အစီအစဉ်အတိုင်း အရှိန်စတင်လျှော့ချနေပြီ ဖြစ်သည်။

ဤသို့ဖြစ်ရခြင်းမှာ ဗိုရှင်းတို့၏ မျိုးဆက်သစ် လေဟာနယ်ကွေးညွတ်ပျံသန်းရေး ယာဉ်ပျံများမှာ မပြည့်စုံသေးသောကြောင့် ဖြစ်သည်။

၎င်းတို့တွင် အရေးပါသော အလင်းထက်မြန်သည့် ထောက်လှမ်းရေးနည်းပညာများ လိုအပ်နေသဖြင့် လူသားများနှင့် ဗိုရှင်းတို့သည် မျက်မမြင်နှစ်ဦးကဲ့သို့ ဖြစ်နေကြသည်။

လူသားများက ဗိုရှင်းယာဉ်ပျံများကို မမြင်ရသကဲ့သို့ ဗိုရှင်းတို့ကလည်း လူသားတို့၏ အဓိကစခန်း တည်နေရာကို မမြင်နိုင်ကြချေ။

ပစ်မှတ်ကို ထောက်လှမ်းလိုပါက အရှိန်ကို ဦးစွာ လျှော့ချမှသာ ရနိုင်မည်ဖြစ်သည်။

အမှန်တကယ်တော့ ဗိုရှင်းတို့၏ နည်းပညာသည် လူသားများ စိတ်ကူးထားသလောက် အစွမ်းမထက်လှပေ။ နှစ်ဖက်စလုံးမှာ အင်အားပြိုင်ဆိုင်နိုင်သည့် အဆင့်တွင်သာ ရှိပြီး ကိုယ့်အားသာချက်နှင့် ကိုယ်ရှိကြသည်။

ပြီးခဲ့သည့်နှစ်များအတွင်း လူသားတို့၏ နည်းပညာက အကြီးအကျယ် တိုးတက်လာခဲ့ရာ အချို့သော နယ်ပယ်များတွင် ဗိုရှင်းတို့ကို အမီလိုက်နိုင်ရုံသာမက ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး အခြားနယ်ပယ်များတွင်လည်း တန်းတူနီးပါး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ရူပဗေဒ နယ်ပယ်တစ်ခုတည်းသာလျှင် လက်တွေ့ပြဿနာ အသီးသီးကြောင့် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်းမှသာ အရှိန်အဟုန်ဖြင့် တိုးတက်လာနိုင်ခဲ့သော်လည်း အနည်းငယ် နောက်ကျနေဆဲဖြစ်ရာ ဗိုရှင်းတို့က လေဟာနယ်ကွေးညွတ်ပျံသန်းခြင်း နည်းပညာတွင် ခြေတစ်လှမ်း ဦးသွားခဲ့ခြင်း ဖြစ်သည်။

ဝမ်းနည်းစရာကောင်းသည်မှာ အကြိမ်များစွာတွင် အဓိက နည်းပညာတစ်ရပ်ကို ဖောက်ထွက်နိုင်မှုကပင် လုံးဝ အပြတ်အသတ် အသာစီးရသွားစေရန် လုံလောက်နေခြင်း ဖြစ်သည်။

ပထမကမ္ဘာစစ်အတွင်း တင့်ကားများ ပထမဆုံး ပေါ်ထွက်လာချိန်ကဲ့သို့ပင် ဗြိတိန်တို့က တင့်ကားများကို ဦးစွာတီထွင်ပြီး စစ်မြေပြင်တွင် အသုံးပြုခဲ့ရာ ကျရှုံးမှုများကို တစ်ချက်တည်း ပြန်လည်ဆယ်တင်နိုင်ခဲ့ပြီး စစ်မျက်နှာစာကို အများကြီး ရှေ့တိုးနိုင်ခဲ့သည်။ သို့သော် လက်တွေ့တွင် ဗြိတိန်နှင့် ဂျာမနီ နှစ်နိုင်ငံကြား နည်းပညာအဆင့်အတန်းမှာ အခြေခံအားဖြင့် ကွာခြားမှု မရှိခဲ့ချေ။

ဝမ်းနည်းစရာမှာ နှစ်ဖက်စလုံး၏ သတင်းအချက်အလက်များက လုံးဝ ပွင့်လင်းမြင်သာမှု မရှိခြင်းပင်။ လူသားများက ဗိုရှင်းတို့၏ လျှို့ဝှက်ဆန်းကြယ်လှသော နည်းပညာကို ကြောက်ရွံ့နေကြသကဲ့သို့ ဗိုရှင်းတို့ကလည်း ဤတာဝန်အပေါ် အလွန်အမင်း ယုံကြည်မှုလွန်ကဲနေကြသည်။

လမ်းတစ်လျှောက်လုံး မနားတမ်း အလျင်စလို လာခဲ့ကြပြီး ကြိုတင်ထောက်လှမ်းမှုများ လုံးဝမပြုလုပ်ခဲ့ချေ။ ဆယ်နှစ်ကျော်ဟူသော အချိန်တိုလေးအတွင်း လူသားတို့၏ နည်းပညာက ဤမျှ အရှိန်အဟုန်ဖြင့် တိုးတက်လာလိမ့်မည်ဟု သူတို့ အိပ်မက်ပင် မက်မည်မဟုတ်ချေ။ အထူးသဖြင့် ထိုအချိန်များ၏ အများစုမှာ ကြယ်တာရာ ခရီးစဉ်အတွင်း၌ ရှိနေခဲ့သည် မဟုတ်ပါလား။

တိုက်ဆိုင်စွာပင် အာကာသတိုက်လေယာဉ်များ အဆက်အသွယ်ပြတ်သွားချိန်မှ ဗိုရှင်းတို့ လေဟာနယ်ကွေးညွတ်ပျံသန်းမှု အရှိန်ကို လျှော့ချလိုက်ချိန်အထိ ဆယ်စက္ကန့်ကျော်မျှသာ ကြာမြင့်ခဲ့သည်။ ပို၍ ထူးခြားသည်မှာ တိုက်လေယာဉ်များ၏ တည်နေရာက အတော်လေး ပြန့်ကျဲနေသဖြင့် အနီးဆုံးတိုက်လေယာဉ်မှာ မိုင်သောင်းချီမျှသာ ကွာဝေးနေခြင်း ဖြစ်သည်။

ဤအချက်ကပင် ဗိုရှင်းယာဉ်ပျံက လေဟာနယ်ကွေးညွတ်ပျံသန်းမှုကို အလင်းအမြန်နှုန်းအောက်သို့ လျှော့ချလိုက်ပြီး ထောက်လှမ်းရေးစွမ်းရည်ကို ရရှိသွားချိန်မှာပင် အနီးအနားရှိ အာကာသတိုက်လေယာဉ်များထံမှ တိုက်ခိုက်မှုများက ရုတ်တရက် ချက်ချင်း ကျရောက်လာစေခဲ့တော့သည်။

ဆက်ရန်...

All Chapters