အခန်း (၅၅၅-၅၅၆)
Vol. 28 Ch. 555-556
အပိုင်း(၅၅၅) ရုတ်ရုတ်သဲသဲဖြစ်သွားခြင်း
နေ့လယ် တစ်နာရီအချိန်၊ သံလိုက်စက်ကွင်းပုံဖော်ရေး စမ်းသပ်ဇုန်အတွင်းတွင် ချွေ့ဝေ့ချွမ်က အကာအကွယ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ လက်ထောက်နှစ်ဦးနှင့်အတူ ဉာဏ်ရည်တု သံလိုက်ပုံဖော်စက်တစ်လုံးကို နောက်ဆုံးအကြိမ် စမ်းသပ်မှုများ ပြုလုပ်နေသည်။
သံလိုက်ပုံဖော်စက်ဆိုသည်မှာ သတ္တုများကို ပုံသွင်းရာတွင် အသုံးပြုသော စက်ကိရိယာတစ်မျိုးဖြစ်သည်။ မည်သည့် ပုံလောင်းခြင်း၊ သံရည်ကျိုခြင်းမျိုးမှ ပြုလုပ်ရန်မလိုဘဲ သံလိုက်စက်ကွင်းကို အသုံးပြုကာ သတ္တုများကို လိုအပ်သောပုံစံရရှိအောင် တိကျစွာ ပုံဖော်ပေးနိုင်သည်။
ရိုးရာပုံလောင်းနည်းများနှင့် နှိုင်းယှဉ်ပါက သံလိုက်ပုံဖော်စက်၏ အားသာချက်မှာ အလွန်တိကျသေချာမှုရှိခြင်းပင်ဖြစ်သည်။
ထုတ်လုပ်မှုလမ်းကြောင်းအတွက် ရှုပ်ထွေးသော ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရန်မလိုဘဲ တစ်ဆက်တည်း ပုံသွင်းနိုင်ခြင်းကြောင့် ကြားတွင် မညီညာမှုများ၊ အဖုအထစ်များ လုံးဝဖြစ်ပေါ်လာမည် မဟုတ်ပေ။
ထုတ်လုပ်ပြီးသည်နှင့် တစ်ပြိုင်နက် ချက်ချင်းအသုံးပြုနိုင်ပြီး ၎င်း၏ စွမ်းဆောင်ရည်မှာ ရိုးရာပုံလောင်းနည်းများထက် အဆပေါင်း ထောင်ချီ၍ ပိုမိုမြန်ဆန်လှသဖြင့် ယခုအခါ စက်မှုလုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပြီဖြစ်သည်။
ယခုအခါ ချွေ့ဝေ့ချွမ် သုတေသနပြုလုပ်နေသော ပရောဂျက်မှာ ထိုထက်ပိုမို၍ အဆင့်မြင့်လှသည်။ ၎င်းမှာ သံလိုက်စက်ကွင်းကို အသုံးပြု၍ နောက်ဆုံးထွက်ကုန်အဖြစ် တိုက်ရိုက်ပုံဖော်နိုင်ခြင်းပင်ဖြစ်သည်။
ဤသည်မှာ ချွေ့ဝေ့ချွမ်က သရီးဒီ ပရင်တာ နည်းပညာမှတစ်ဆင့် စိတ်ကူးရရှိခဲ့ခြင်းဖြစ်သည်။
ကမ္ဘာပျက်ကပ် မတိုင်မီက သရီးဒီ ပရင်တာဆိုသည်မှာ အလွန်ရေပန်းစားသော အရာတစ်ခုဖြစ်ခဲ့သော်လည်း နှစ်ကာလများစွာ ကြာလာသည့်တိုင် ကြီးမားသော တိုးတက်မှုများ မရှိခဲ့ဘဲ ခေတ်နောက်ကျလုနီးပါး ဖြစ်နေခဲ့ပြီဖြစ်သည်။
ဗိုရှင်းဂြိုဟ်သားများဖြစ်စေ၊ လူသားများဖြစ်စေ သရီးဒီ နည်းပညာကို စက်မှုလုပ်ငန်းများတွင် အသုံးပြုမှု အလွန်နည်းပါးလှသည်။
အကြောင်းရင်းကို ရှာဖွေရမည်ဆိုလျှင် တစ်ချက်မှာ သရီးဒီ ပရင်တာများသည် သံလိုက်ပုံဖော်ခြင်း နည်းပညာနှင့် နှိုင်းယှဉ်ပါက သိသာထင်ရှားသော အားသာချက်များ မရှိခြင်းကြောင့်ဖြစ်သည်။
သံလိုက်ပုံဖော်ခြင်း၏ ရိုးရှင်းလွယ်ကူမှုက သရီးဒီ နည်းပညာ၏ ဖွံ့ဖြိုးတိုးတက်မှုကို လုံးလုံးလျားလျား လွှမ်းမိုးအစားထိုးသွားခဲ့သည်။
အခြားတစ်ချက်မှာမူ ထိုနည်းပညာတွင် ဖြေရှင်း၍မရနိုင်သော အားနည်းချက်များ ရှိနေခြင်းကြောင့်ဖြစ်သည်။ ထွက်ပေါ်လာသော ပစ္စည်းများ၏ ကြံ့ခိုင်မှုက မလုံလောက်သည့်အပြင် ပစ္စည်း၏ အဏုမြူဖွဲ့စည်းပုံများကြားတွင် ရှောင်လွှဲ၍မရနိုင်သော အသေးစား လေဟာနယ်လေးများ ဖြစ်ပေါ်နေတတ်သဖြင့် ပစ္စည်း၏ ဖွဲ့စည်းပုံကြံ့ခိုင်မှုကို များစွာ ထိခိုက်စေသည်။
သို့သော် ဤအယူအဆတွင် ယူငင်သုံးစွဲသင့်သော အချက်များ ရှိနေဆဲဖြစ်သည်။ ယခု တီထွင်ထားသော ပုံဖော်စက်မှာ သရီးဒီ ၏ အယူအဆကို ငှားရမ်းအသုံးပြုထားခြင်းဖြစ်သည်။
"ထုတ်ကုန် ပုံစံကြမ်း အချက်အလက်တွေကို ထည့်သွင်းပြီးပြီလား" ချွေ့ဝေ့ချွမ်က မေးလိုက်သည်။ သူ၏ အသံက အနည်းငယ် အက်ရှနေသည်။
ဤပရောဂျက်ကို စတင်ကတည်းက သူက ဓာတ်ခွဲခန်းထဲတွင် လနှစ်လခန့် အချိန်ပြည့် နေထိုင်ခဲ့ရသည်။ ကံကောင်းသည်မှာ ယခုအခါ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
"ခုလေးတင် ထည့်သွင်းလိုက်ပါပြီ ဆရာ" လက်ထောက်တစ်ဦးက အလျင်အမြန် ပြန်ဖြေလိုက်သော်လည်း သေချာစေရန် နောက်တစ်ကြိမ် ထပ်မံစစ်ဆေးလိုက်သည်။
သုတေသနပညာရှင်တစ်ဦးအနေဖြင့် ဂရုတစိုက်ရှိခြင်းက မရှိမဖြစ် လိုအပ်သော အရည်အချင်းတစ်ခုပင်။
"ဒါဆို စက်ကို ဖွင့်လိုက်တော့" ချွေ့ဝေ့ချွမ်က အမိန့်ပေးလိုက်သည်။
အခြားလက်ထောက်တစ်ဦးက အလျင်အမြန် ရှေ့တိုးသွားကာ ခလုတ်ကို ဖွင့်လိုက်သည်။
ပြင်းထန်သော လျှပ်စစ်စီးကြောင်းများ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် သံလိုက်ပုံဖော်စက်မှ တဝီဝီ မြည်သံများ ထွက်ပေါ်လာတော့သည်။
စက်တစ်ခုလုံးက သိပ်မကြီးမားလှဘဲ စားပွဲငယ်တစ်လုံးစာခန့်သာ ရှိသော်လည်း လျှပ်စစ်စွမ်းအင် သုံးစွဲမှုကမူ ကြောက်ခမန်းလိလိပင်။
ကမ္ဘာပျက်ကပ်မတိုင်မီကသာဆိုလျှင် လူသောင်းဂဏန်း နေထိုင်သော စက်မှုမြို့လေးတစ်မြို့၏ လျှပ်စစ်စွမ်းအင်ဖြင့်ပင် ဤစက်ကို လည်ပတ်နိုင်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ကန့်သတ်သတ္တုများ၏ အက်တမ်ဖွဲ့စည်းပုံမှာ အလွန်သိပ်သည်းလှသဖြင့် ပုံဖော်ရန် အလွန်ခက်ခဲသောကြောင့်ဖြစ်သည်။
သို့သော် ယခုခေတ်ကာလတွင်မူ ဤမျှလောက် စွမ်းအင်သုံးစွဲမှုမျိုးက မပြောပလောက်သည့် ပမာဏသာဖြစ်သည်။
ချွေ့ဝေ့ချွမ် ရှိနေသော ဓာတ်ခွဲခန်းတစ်ခုတည်း၏ လစဉ် လျှပ်စစ်စွမ်းအင် သုံးစွဲမှုမှာ ပြီးခဲ့သည့်လကပင် ကီလိုဝပ်နာရီ ဘီလီယံတစ်ရာကျော် ရှိခဲ့သည်။
စစ်သင်္ဘောကြီးများ တည်ဆောက်နေသော ဧရာမစက်ရုံကြီးများဆိုလျှင် ကမ္ဘာပျက်ကပ်မတိုင်မီက တရုတ်နိုင်ငံတစ်ခုလုံး၏ နှစ်ပေါင်းများစွာ လျှပ်စစ်သုံးစွဲမှုပမာဏကို နေ့စဉ်နှင့်အမျှ သုံးစွဲနေကြသည်။
"သံလိုက် ထုတ်လွှတ်မှု တည်ငြိမ်ပါတယ်"
"ပစ္စည်းပျော့ပြောင်းမယ့် အချိန်က သတ်မှတ်ထားတဲ့ အတိုင်းအတာအတွင်းမှာ ရှိပါတယ်"
"စက်ကထွက်တဲ့ အသံတွေ ပုံမှန်ပါပဲ"
"ပရိုဂရမ် အလုပ်လုပ်တာ ချောမွေ့ပါတယ်"
လက်ထောက်များက စက်၏ လည်ပတ်မှုအခြေအနေကို စမ်းသပ်စစ်ဆေးနေကြစဉ် ချွေ့ဝေ့ချွမ်က ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။
ထို့နောက် စက်၏ ရေဒီယိုသတ္တိကြွမှု ကာကွယ်ရေး မှန်သားပြင်မှတစ်ဆင့် အတွင်းရှိ သတ္တု၏ ပြောင်းလဲမှုများကို စောင့်ကြည့်နေလိုက်သည်။
သတ္တုတုံးကြီးမှာ ပြင်းထန်သော သံလိုက်စက်ကွင်းအောက်တွင် အနည်းငယ် ဖောင်းကားလာပြီးနောက် အရည်များကဲ့သို့ လျင်မြန်စွာ ပျော့ပြောင်းသွားကာ ပြားချပ်ချပ် အဝိုင်းပုံသဏ္ဌာန် ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် ပိုလျှံနေသော သတ္တုများက ဘေးသို့ ဖယ်ထုတ်ခံလိုက်ရသည်။
၎င်း၏ မျက်နှာပြင်မှာ သံလိုက်စက်ကွင်း၏ တိကျသော ထိန်းချုပ်မှုအောက်တွင် လျင်မြန်တိကျစွာ ပြောင်းလဲနေတော့သည်...
ဆယ်စက္ကန့်ကျော် အကြာတွင် ထပ်မံထည့်သွင်းစရာ ပစ္စည်းမရှိတော့သဖြင့် စက်ကြီးမှာ အလိုအလျောက် ရပ်တန့်သွားသည်။
အနည်းငယ် အေးသွားသည်အထိ စောင့်ဆိုင်းပြီးနောက် လက်ထောက်က ကုန်ထုတ်ကြိုးဝိုင်းပေါ်မှ ထွက်ကုန်ကို ယူဆောင်ကာ စမ်းသပ်မှုများ စတင်ပြုလုပ်လိုက်သည်။
မှန်မပါရှိသည်ကို ဖယ်ထားလိုက်လျှင် ၎င်းမှာ အစစ်အမှန် စပရိန်သုံး ရှေးဟောင်းပုံစံ စက်ရုပ်နာရီတစ်လုံးဖြစ်နေပြီဖြစ်သည်။
၎င်း၏ အတွင်းပိုင်းရှိ အစိတ်အပိုင်းအားလုံးကို သံလိုက်ပုံဖော်စက်က ပရိုဂရမ်အတိုင်း အလိုအလျောက် ဖန်တီးပေးထားခြင်းဖြစ်သည်။
နာရီတစ်လုံးလုံးမှာ အပ်ချည်ပေါက်မျှပင် အဟမရှိဘဲ လုံးဝ ဖြုတ်ချ၍မရပေ။ ဖြုတ်ချရန်လည်း မလိုအပ်ပေ။
အဘယ်ကြောင့်ဆိုသော် မည်သို့ပင် ပြုတ်ကျပါစေ လုံးဝ ပျက်စီးသွားမည်မဟုတ်ဘဲ ကန့်သတ်သတ္တုများ အချိန်ကြာလာ၍ ဆွေးမြည့်သွားမည့် နှစ်ထောင်ပေါင်း၊ သောင်းပေါင်းများစွာအထိ အသုံးပြုနိုင်သောကြောင့်ဖြစ်သည်။
ယနေ့တွင် လေထုက အလွန်အမင်း တိတ်ဆိတ်လေးလံနေသည်။ လူတိုင်း၏ မျက်နှာပေါ်တွင် လေးနက်မှုများ အပြည့်ရှိနေပြီး ရင်ထဲတွင်လည်း သောကများဖြင့် ပြည့်နှက်နေကြသည်။
အဘယ်ကြောင့်ဆိုသော် နံနက်ပိုင်းကတည်းက စစ်ပွဲနှင့် ပတ်သက်သော သတင်းများ လုံးဝ ထွက်ပေါ်မလာတော့သဖြင့် တစ်စုံတစ်ရာ ဖြစ်ပေါ်နေပြီလားဟု လူတိုင်းက စိုးရိမ်တကြီး ဖြစ်နေကြခြင်းပင်။
သို့သော် စမ်းသပ်မှု အဆင့်တစ်ဆင့်ချင်းစီ အောင်မြင်သွားသည်နှင့်အမျှ လူတိုင်းမှာ စိတ်လှုပ်ရှားလာကြပြီး မျက်နှာပေါ်တွင် အပြုံးများ ပေါ်လာကြသည်။
ဤသည်မှာ ကြီးမားသော သက်ရောက်မှု ရှိနိုင်သည့် အောင်မြင်မှုတစ်ခုပင်။ ဤစက်ကို ထုတ်လုပ်လိုက်ပါက မည်မျှ ရုတ်ရုတ်သဲသဲ ဖြစ်သွားမည်နည်း၊ ထိုမှတစ်ဆင့် မည်မျှကြီးမားသော ဂုဏ်သိက္ခာနှင့် အဆင့်အတန်းများကို ရရှိလာမည်နည်း ဆိုသည်ကို လူတိုင်း တွေးကြည့်ရုံဖြင့် သိနိုင်သည်။
ဤစက်၏ နည်းပညာအဆင့်အတန်းက သိပ်မမြင့်မားလှဘဲ ရုတ်တရက် စိတ်ကူးရမှုမှ ပေါ်ထွက်လာသော အယူအဆသစ်တစ်ခုမျှသာ ဖြစ်သည်။
ထို့အပြင် လက်ရှိတွင် သေးငယ်သော ပစ္စည်းများကိုသာ ထုတ်လုပ်နိုင်သေးပြီး တစ်မျိုးတည်းသော ဒြပ်စင်များကိုသာ ပုံဖော်နိုင်စွမ်းရှိသည့် ကြီးမားသော ကန့်သတ်ချက်များ ရှိနေသေးသည်။
သို့သော်လည်း ၎င်းမှာ တီထွင်ဆန်းသစ်မှုတစ်ခု ဖြစ်ပြီး တစ်နေ့နေ့တွင် ဤစက်ဖြင့် ဧရာမ စစ်သင်္ဘောကြီးများကိုပင် ထုတ်လုပ်နိုင်လာမည် ဖြစ်သည်။
"ဝုန်း"
ရုတ်တရက် ဓာတ်ခွဲခန်း တံခါးကြီးက ပြင်းထန်စွာ တွန်းဖွင့်ခံလိုက်ရပြီး ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။
ချွေ့ဝေ့ချွမ်တို့အဖွဲ့မှာ အလန့်တကြား ဖြစ်သွားကြပြီး လှည့်ကြည့်လိုက်ကာ ဆူပူကြိမ်းမောင်းရန် ပြင်လိုက်စဉ် ဝင်လာသူက အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် "ငါတို့... ငါတို့" ဟု အော်ဟစ်လိုက်သည်။
ထိုသူမှာ သူတို့၏ လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်ပြီး ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်ကာ စကားနည်းသူ တစ်ဦးဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ သူ၏ မျက်နှာမှာ ရဲရဲနီနေပြီး အသက်ရှူသံများလည်း ပြင်းထန်နေသည်။
"ဘာကိစ္စရှိလို့လဲ... ဖြည်းဖြည်းပြောစမ်းပါ" တစ်စုံတစ်ခုကို ကြိုတင်ခံစားမိသကဲ့သို့ ချွေ့ဝေ့ချွမ်၏ အသက်ရှူသံများပင် မြန်ဆန်လာခဲ့သည်။
"ငါတို့... ငါတို့ အနိုင်ရသွားပြီကွ... စစ်ပွဲကြီး ပြီးသွားပြီ... သတင်းတွေ... သတင်းတွေကို မြန်မြန် ကြည့်လိုက်ကြဦး"
ချွေ့ဝေ့ချွမ်က သူ့ကိုယ်သူ အတော်လေး တည်ငြိမ်သူဟု ထင်ထားသော်လည်း ဤသတင်းကို ကြားလိုက်ရချိန်တွင် တစ်ကိုယ်လုံး ထုံကျဉ်သွားပြီး ပြင်းထန်လှသော ဝမ်းသာပီတိက ဦးနှောက်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားကာ အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူက မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။
"တကယ်ကြီး အနိုင်ရသွားတာလား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မဟုတ်သေးပါဘူး... ဗိုရှင်းဂြိုဟ်သားတွေက ဘယ်လိုလုပ်ပြီး"
"ငါ... ငါလည်း မယုံနိုင်သေးဘူး... ဒါပေမဲ့ ငါတို့ တကယ်ကြီး အနိုင်ရသွားတာကွ"
ချွေ့ဝေ့ချွမ်က မျက်လုံးတွင်းရှိ ကိုယ်ပိုင် ဆက်သွယ်ရေး ကွန်ရက်မှတစ်ဆင့် သတင်းများကို အလျင်အမြန် ဝင်ကြည့်လိုက်ရာ အောင်ပွဲခံ သတင်းများက နေရာအနှံ့ လွှမ်းခြုံနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
အပြင်ဘက်မှ ဆူညံသံများက တဖြည်းဖြည်း ပိုမိုကျယ်လောင်လာပြီး နားကွဲမတတ် ဖြစ်လာသည်။
"မြန်မြန်သွားကြရအောင်... အပြင်မှာ လူတွေ အောင်ပွဲခံနေကြပြီ" ထိုလုပ်ဖော်ကိုင်ဖက်မှာ ပုံမှန် အေးဆေးတည်ငြိမ်တတ်သည့် အသွင်အပြင်များ လုံးဝပျောက်ဆုံးနေပြီး မျက်နှာတစ်ခုလုံး ရဲတွတ်နေကာ ချွေ့ဝေ့ချွမ်ကို ဆွဲ၍ တံခါးပေါက်ဆီသို့ အတင်း ပြေးထွက်သွားတော့သည်။
...
လူသားများ အနိုင်ရရှိသွားပြီဆိုသော သတင်းက မုန်တိုင်းတစ်ခုအလား အာကာသမြို့တော်သစ်ကြီး တစ်ခုလုံးကို လွှမ်းခြုံသွားပြီး မြို့တော်တစ်ခုလုံး ပွက်လောရိုက်သွားတော့သည်။
လမ်းမများထက်တွင် အောင်ပွဲခံနေကြသော လူအုပ်ကြီးများဖြင့် ပြည့်နှက်နေသည်။ အချို့က စိတ်လှုပ်ရှားလွန်းသဖြင့် လက်ခမောင်းခတ် ကခုန်နေကြပြီး အချို့ကမူ ရင်ထဲရှိ ခံစားချက်များကို ပေါက်ကွဲကာ အော်ဟစ်ငိုယိုနေကြသည်။
သောကများ၊ ပူပန်မှုများ၊ စိတ်ဆင်းရဲမှုများ အားလုံးကို ဤအချိန်လေးအတွင်း အကုန်အစင် ပေါက်ကွဲထုတ်ပစ်လိုက်ကြသည်။
လူသားတို့သည် ဤနှစ်ကာလများတစ်လျှောက် အလွန်အမင်း ဖိနှိပ်ခံခဲ့ရသည်။
ကမ္ဘာပျက်ကပ်မတိုင်မီကဖြစ်စေ၊ ကပ်ဘေးအပြီးတွင်ဖြစ်စေ အမြဲတမ်း တင်းမာနေသော လေးကြိုးတစ်ချောင်းအလား ပြင်းထန်သော စိုးရိမ်ပူပန်မှုများက လူသားတို့၏ ရင်ထဲတွင် အမြဲကိန်းအောင်းနေခဲ့သည်။
အထူးသဖြင့် ဗိုရှင်းဂြိုဟ်သားများ ရောက်ရှိလာကြောင်း သိလိုက်ရချိန်တွင် ထိုစိုးရိမ်ပူပန်မှုများက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
သုံးနှစ်တိုင်တိုင် ကြိုးစားပမ်းစား ပြင်ဆင်ခဲ့ရမှုများ၊ သုံးနှစ်တိုင်တိုင် သောကများဖြင့် အိပ်မပျော်ခဲ့ရသည့် ညများ... ယခုအချိန်တွင်တော့ အရာအားလုံး အဆုံးသတ်သွားခဲ့ပြီ ဖြစ်ရာ လူများစွာမှာ မိမိကိုယ်ကိုပင် မထိန်းချုပ်နိုင်အောင် စိတ်လှုပ်ရှားနေကြတော့သည်။
လူသားမျိုးနွယ်အတွက် ဤအောင်ပွဲကြီးကို စောင့်မျှော်နေခဲ့ရသည်မှာ ကြာလွန်းလှပြီ မဟုတ်ပါလား။
...
လော်ယွမ်သည် အာကာသမြို့တော်သစ်တွင် သူ့အတွက် အထူးဆောက်လုပ်ပေးထားသော စံအိမ်ကြီးဆီသို့ တိတ်တဆိတ် ရောက်ရှိလာခဲ့ပြီး မည်သူ့ကိုမျှ အသိမပေးခဲ့ပေ။
သူက မျက်လုံးများကိုမှိတ်ကာ အပြင်ဘက်မှ နားကွဲမတတ် ကျယ်လောင်လှသော အောင်ပွဲခံသံများကို နားထောင်နေရင်း သူ၏ နှုတ်ခမ်းထောင့်တွင် ကျေနပ်အားရသော အပြုံးတစ်ခု ပေါ်လာတော့သည်။
ဆက်ရန်...
အပိုင်း(၅၅၆) လက်စားချေမည့် ခြေလှမ်းများ
ရက်အနည်းငယ် ကြာပြီးနောက် ဝမ်းဗိုက်တွင် ဧရာမအပေါက်ကြီး ပေါက်နေသော ပျက်စီးနေသည့် ဗိုရှင်းယာဉ်ပျံတစ်စင်းသည် ဧရာမ အင်ဂျင်နီယာသုံး စက်ရုပ်ကြီး ဆယ်ကျော်၏ တွန်းပို့မှုဖြင့် အာကာသမြို့တော်အနီးတွင် အလျင်စလို တည်ဆောက်ထားသော ယာဉ်ပျံဖျက်သိမ်းရေး စက်ရုံဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့သည်။ ၎င်း၏ ကံကြမ္မာမှာ အပိုင်းပိုင်း ဖြုတ်ချခံရရန်သာ ရှိတော့သည်။
လုံခြုံရေးကို ပထမဦးစားပေးရန်အတွက် ထိုယာဉ်ပျံဖျက်သိမ်းရေး စက်ရုံသည် အာကာသမြို့တော်နှင့် မိုင် ၁,၈၀၀ ခန့် ကွာဝေးသည်။
ဤမျှဝေးကွာသော အကွာအဝေးဖြစ်သဖြင့် ယာဉ်ပျံသည် အလိုအလျောက် ပေါက်ကွဲသွားခဲ့လျှင်တောင် အာကာသမြို့တော်ကို အနည်းငယ်မျှ ထိခိုက်စေမည် မဟုတ်ပေ။
ဤဗိုရှင်းယာဉ်ပျံကို စက်ရုံ၏ ဘေးတစ်ဖက်တစ်ချက်ရှိ ဧရာမညှပ်ကြီးများဖြင့် ဖမ်းဆုပ်လိုက်သည်နှင့် တစ်ပြိုင်နက်... အဝေးထိန်းစနစ်ဖြင့် မောင်းနှင်သော စက်ရုပ်ထောင်ပေါင်းများစွာသည် ယာဉ်ပျံ၏ အပေါက်ကြီးဆီမှတစ်ဆင့် အတွင်းသို့ အလုအယက် ဝင်ရောက်သွားကြသည်။
ထိုစက်ရုပ်များကို အဝေးမှ ထိန်းချုပ်နေသူများမှာ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသည်။
သူတို့သည် အခြေအနေ ကောင်းမွန်နေသေးသော နည်းပညာဆိုင်ရာ စက်ကိရိယာများကို ရှာဖွေခြင်းနှင့် အတွင်းပိုင်းရှိ အန္တရာယ်များကို ရှင်းလင်းခြင်းတို့ ပြုလုပ်ကြရမည်ဖြစ်သည်။
အထူးသဖြင့် ဆန့်ကျင်ဘက်ဒြပ်သား လက်နက်များ ထားရှိရာ အခန်းကိုမူ ယိုစိမ့်မှုများ မဖြစ်ပေါ်စေရန် အမြန်ဆုံးနှင့် အသေအချာ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။
ဧရာမ အမြောက်ကြီး၏ သိပ်သည်းဆ အလွန်မြင့်မားသော ဂမ်မာရောင်ခြည်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းကြောင့် ဤယာဉ်ပျံ၏ ဘေးနှစ်ဖက်စလုံးသည် လုံးဝ ပွင့်ထွက်သွားခဲ့သည်။
အလယ်ဗဟိုမှ ဖြတ်သန်းသွားသော စွမ်းအင်မြင့်မားလှသည့် ရောင်ခြည်၏ အကြွင်းအကျန် အရှိန်ကြောင့် အတွင်းပိုင်းတစ်ခုလုံး ဖရိုဖရဲ ဖြစ်နေပြီး နေရာအနှံ့တွင် အပူချိန်လွန်ကဲမှုကြောင့် အရည်ပျော်ကျနေသော အရာများကိုသာ တွေ့ရသည်။
အီလက်ထရောနစ် စက်ကိရိယာ အားလုံးနီးပါးမှာ လုံးဝပျက်စီးသွားခဲ့ပြီဖြစ်ပြီး အများစုမှာ မူလပုံစံကိုပင် မခန့်မှန်းနိုင်တော့ချေ။
လူသားတို့၏ ဧရာမအမြောက်ကြီးမှာ ဗိုရှင်းဂြိုဟ်သားများအတွက် အလွန်တရာ အစွမ်းထက်လွန်းနေပုံရသည်။ ထို့ကြောင့် တိုက်ပွဲမှ ရရှိသော လက်ရပစ္စည်း အများစုမှာ ပျက်စီးကုန်ပြီဖြစ်သည်။
သို့သော်လည်း စစ်ဆေးနေသူများက လုံးလုံးလျားလျား စိတ်ပျက်မသွားခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ယာဉ်ပျံ၏ အရေးအကြီးဆုံးဖြစ်သော အင်ဂျင်နှင့် စွမ်းအင်မီးဖိုများမှာမူ အခြေခံအားဖြင့် အကောင်းပကတိ ကျန်ရှိနေသေးသောကြောင့်ဖြစ်သည်။
၎င်းတို့မှာ ခံနိုင်ရည်အား အလွန်ကောင်းမွန်သော သတ္တုများဖြင့် ပြုလုပ်ထားသဖြင့် တိုက်ရိုက် ပစ်မှတ်ထား မခံရသရွေ့ အလွယ်တကူ ပျက်စီးသွားမည် မဟုတ်ချေ။
ထို့အပြင် ဤဗိုရှင်းယာဉ်ပျံများမှာ တစ်စင်းတည်း မဟုတ်ပေ။ ပျက်စီးမှု အခြေအနေမှာလည်း အနည်းအများ ကွာခြားကြသေးသည်။
ယခုယာဉ်ပျံသည် ဤနေရာနှင့် အနီးဆုံးဖြစ်နေ၍သာ ဖြစ်သည်။ အာကာသ တိုက်လေယာဉ်များ၏ ပစ်ချခြင်းကို ခံခဲ့ရသော ပထမဆုံး ယာဉ်ပျံအနည်းငယ်မှာဆိုလျှင် အပြင်ဘက် သံချပ်ကာပင် ပေါက်ပြဲသွားခြင်း မရှိခဲ့ရာ... ထိုယာဉ်ပျံများကသာ အဆီအနှစ် အပြည့်ဆုံး အကောင်ကြီးများ ဖြစ်ကြသည်။
ဗိုရှင်းဂြိုဟ်သားများ၏ ယာဉ်ပျံများတွင် အင်ဂျင်စနစ် နှစ်မျိုးကို အသုံးပြုထားသည်။
တစ်မျိုးမှာ သာမန်အင်ဂျင်ဖြစ်ပြီး လူသားတို့၏ အင်ဂျင်များနှင့် များစွာ မကွာခြားလှပေ။
အခြားတစ်မျိုးမှာမူ လေဟာနယ် ကွေးညွတ်ပျံသန်းခြင်း အင်ဂျင် ဖြစ်သည်။
ထိုအင်ဂျင်နှစ်မျိုးစလုံးကို ချက်ချင်းပင် ဖြုတ်ချ၊ ဖြတ်တောက်လိုက်ကြသည်။
...
၎င်းတို့အနက် လေဟာနယ် ကွေးညွတ်ပျံသန်းခြင်း အင်ဂျင်ကို အာကာသ ရူပဗေဒနှင့် လေဟာနယ် ကွေးညွတ်မှု ဓာတ်ခွဲခန်းလက်အောက်ရှိ အင်ဂျင်စမ်းသပ်ရေး စက်ရုံသို့ အရေးပေါ် ပို့ဆောင်လိုက်သည်။
နည်းပညာရှင် အမြောက်အမြားက ချက်ချင်းပင် အသေးစိတ် စစ်ဆေးမှုများနှင့် စကင်ဖတ်ခြင်းများကို ပြုလုပ်ကြတော့သည်။
ကြယ်တာရာ ယာဉ်ပျံများကို တွန်းကန်မောင်းနှင်ရန်အတွက် အင်ဂျင်များကို အုပ်စုလိုက် တပ်ဆင်ထားလေ့ရှိပြီး အားလုံးမှာ ဧရာမ စက်ယန္တရားကြီးများသာ ဖြစ်ကြသည်။
ဤဗိုရှင်းဂြိုဟ်သားများ၏ ကွေးညွတ်ပျံသန်းခြင်း အင်ဂျင်မှာမူ ပို၍ပင် ကြီးမားလှပေသည်။ အမြင့် ပေ ၆၅၀ ခန့်ရှိပြီး တောင်တန်းကြီးတစ်ခုနှင့်ပင် တူနေတော့သည်။
ဤအင်ဂျင်သည် ဗိုရှင်းဂြိုဟ်သားများ၏ အဆင့်မြင့်ဆုံး နည်းပညာကို ကိုယ်စားပြုနေသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
သို့သော် စစ်ဆေးတွေ့ရှိချက်များက လူများကို အံ့အားသင့်စေသလို စိတ်ပျက်သွားစေခဲ့သည်။
တစ်ဖက်တွင်မူ... ၎င်းကို ပြုလုပ်ထားသော သတ္တုမှာ အချိုးအစား ၂၈ သာရှိသော တိုက်တေနီယမ် မဂ္ဂနီဆီယမ် သတ္တုစပ်တစ်မျိုး ဖြစ်နေသည်။
လူသားများ ယေဘုယျအသုံးပြုနေသော အချိုးအစား ၃၀ နှင့် အမြင့်ဆုံး ၃၃ ရှိသော သတ္တုများနှင့် နှိုင်းယှဉ်ပါက များစွာ နိမ့်ကျနေသည်။
လူသားတို့၏ အမြင်တွင် ကုန်ထုတ်လုပ်မှု နည်းပညာနှင့် တိကျမှုမှာလည်း ကြမ်းတမ်းလွန်းလှပြီး မျက်နှာပြင် ချောမွတ်မှုမှာ အဆင့်အတန်း မမီသည်မှာ သိသာထင်ရှားလှသည်။
အခြားတစ်ဖက်တွင်မူ... ဤအင်ဂျင်အမျိုးအစားသည် လူသားတို့၏ ဓာတ်ခွဲခန်းအဆင့်တွင် ရှိနေသော အင်ဂျင်များထက် များစွာ ရင့်ကျက်နေပြီး လေဟာနယ်ကို ပိုမိုကွေးညွတ်စေနိုင်သည်။
သို့သော် ထိုအထဲတွင် ကြီးမားလှသော နည်းပညာ ကွာဟချက်များ မရှိသလို ကျော်လွှား၍မရနိုင်သော အခက်အခဲများလည်း မပါဝင်ပေ။
ပုံစံတူတစ်ခုသာ ရှိနေပါက လူသားတို့၏ အင်ဂျင်နီယာ နည်းပညာဖြင့် အလွယ်တကူ ပုံတူကူးယူနိုင်ပေသည်။
ဤအင်ဂျင်ကို အတုယူပြီး အများဆုံး သုံးလအတွင်း အလားတူ အင်ဂျင်တစ်လုံးကို တည်ဆောက်နိုင်ပေလိမ့်မည်။
ထို့အပြင် ဤဗိုရှင်းဂြိုဟ်သားများ၏ အင်ဂျင်ထက် ပိုမိုခေတ်မီ၊ အရွယ်အစား ပိုမိုသေးငယ်ကာ စွမ်းအင်ပိုမို ပြင်းထန်သော အင်ဂျင်တစ်လုံးပင် ဖြစ်လာနိုင်ပေသည်။
နည်းပညာဆိုသည်မှာ ဤသို့ပင်ဖြစ်သည်။ တစ်ခါတစ်ရံတွင် စိတ်ကူးဉာဏ် အနည်းငယ်မျှသာ ကွာခြားနေတတ်သည်။
ရှေးခေတ်သို့ ရောက်ရှိသွားသော သာမန် အချိန်ခရီးသွားတစ်ယောက်သည် မိုဘိုင်းဖုန်း၊ ကား အစရှိသည့် နည်းပညာမြင့် ပစ္စည်းများကို ချက်ချင်း မဖန်တီးနိုင်သော်လည်း... ထိုခေတ်က ရှိနေသော လက်မှုပညာများကို အသုံးပြု၍ အချိန်တိုအတွင်း လူ့အဖွဲ့အစည်းကို ဆယ်စုနှစ်များစွာ၊ ရာစုနှစ်များစွာ တိုးတက်လာစေရန် တွန်းအားပေးနိုင်ပြီး နည်းပညာ ခုန်ပျံကျော်လွှားမှုကို ဖြစ်ပေါ်စေနိုင်သကဲ့သို့ပင်။
သို့သော်လည်း တစ်ဖက်တစ်လမ်းမှ ကြည့်လျှင် ဤသည်မှာ ဗိုရှင်းဂြိုဟ်သားတို့၏ နည်းပညာ ပြည့်စုံမှုနှင့် နက်ရှိုင်းသော အခြေခံများကို ပြသနေခြင်းလည်း ဖြစ်သည်။
လူသားတို့၏ နည်းပညာမှာ ပုံမှန်မဟုတ်ဘဲ ချို့ယွင်းနေသည်။ အမြဲလိုလို စစ်ရေးကိုသာ အလေးထားပြီး အရပ်ဘက်သုံးကို လျစ်လျူရှုထားခဲ့သည်။
နည်းပညာပိုင်းကို အားသန်ပြီး သီအိုရီပိုင်းတွင် အားနည်းနေသည်။ ဤသို့ဖြစ်ရခြင်းတွင် အကြောင်းရင်းများစွာ ရှိသည်။
ဥပမာအားဖြင့် ရှင်သန်ရေးအတွက် ပြင်းထန်သော မလုံခြုံမှုများ၊ ဖွံ့ဖြိုးတိုးတက်ရန် အချိန်တိုတောင်းလွန်းခြင်းတို့ ဖြစ်သော်လည်း အဓိက အကြောင်းရင်းမှာမူ လူဦးရေ အကန့်အသတ် ရှိနေခြင်းကြောင့်ပင်။
ယနေ့အထိတိုင်အောင်... နှစ်စဉ် ကိုယ်ပွားလူသား တစ်သန်းနီးပါး မွေးဖွားနေသော်လည်း လူသားတို့၏ စုစုပေါင်း လူဦးရေမှာ ဆယ့်နှစ်သန်းကို အနိုင်နိုင် ကျော်လွန်ရုံသာ ရှိသေးပြီး ထိုအထဲမှ ထက်ဝက်နီးပါးမှာ အရွယ်မရောက်သေးသူများ ဖြစ်ကြသည်။
အင်ဂျင်နီယာများ အပါအဝင် အဆင့်မြင့် သုတေသီများ၏ အချိုးအစားမှာ ၆ ရာခိုင်နှုန်းအထိ အံ့မခန်း ရှိနေသော်လည်း... လူဦးရေ အခြေခံ နည်းပါးလွန်းသဖြင့် အရေအတွက်အားဖြင့် အလွန်နည်းပါးနေဆဲဖြစ်သည်။
အဆင့်မြင့် သုတေသီ ခုနစ်သိန်းဆိုသော အရေအတွက်သည် ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် အင်အားကြီး နိုင်ငံတစ်နိုင်ငံကို ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်စေရန် ထောက်ပံ့ပေးနိုင်ကောင်း ပေးနိုင်ပေလိမ့်မည်။
သို့သော် လူသားများ ကြယ်တာရာ ယဉ်ကျေးမှုခေတ်သို့ ရောက်ရှိလာသော ယခုအချိန်တွင်မူ... နည်းပညာ နယ်ပယ်အသီးသီးမှ ဘာသာရပ်ခွဲများမှာ ပိုမို အသေးစိတ်လာပြီး အမျိုးအစားများလည်း ပိုမို များပြားလာသည်။
ဘာသာရပ်အသစ်၊ နယ်ပယ်အသစ်များ အဆက်မပြတ် ထွက်ပေါ်နေချိန်တွင် ဤမျှသော သုတေသီ အရေအတွက်မှာ ပင်လယ်ထဲ ရေတစ်စက်ချသလိုသာ ဖြစ်နေတော့သည်။
ထိုအထဲတွင် ဉာဏ်ပညာဆေးရည်ကို သောက်သုံးထားသော စူပါသိပ္ပံပညာရှင် ကိုးသောင်းခန့် ရှိနေခြင်းကြောင့်သာ လူသားတို့၏ နည်းပညာကို ဆက်လက် တွန်းတင်နိုင်ခြင်း ဖြစ်သည်။
သို့သော်လည်း လူတစ်ယောက်၏ စွမ်းအင်မှာ အကန့်အသတ်ရှိသဖြင့် မလွှဲမရှောင်သာ ဘက်လိုက်မှုများ ရှိလာရသည်။
ထိုသုတေသီများ လေ့လာသုတေသနပြုသည့် အရာများမှာ အခြေခံအားဖြင့် စစ်ရေးစက်မှုလုပ်ငန်းများနှင့် ဆက်စပ်နေသည်ချည်းသာ ဖြစ်သည်။
လူသားတို့၏ စွမ်းအားကို မတိုးတက်စေနိုင်သော၊ သို့မဟုတ် အချိန်တိုအတွင်း စွမ်းအားတိုးတက်မှုကို မမြင်ရနိုင်သော အရာများဆိုလျှင် မလွှဲမရှောင်သာ လျစ်လျူရှုထားခဲ့ကြသည်။
...
ပျက်စီးနေသော ဗိုရှင်းယာဉ်ပျံများကို အာကာသမြို့တော်သို့ ပိုမိုသယ်ဆောင်လာသည်နှင့်အမျှ၊ ကောင်းမွန်နေသေးသော စက်ကိရိယာအချို့ကိုလည်း သုတေသနဌာန အသီးသီးသို့ ပို့ဆောင်ကာ လေ့လာခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ခဲ့ကြသည်။ မကြာမီမှာပင် ပြည့်စုံသော ဗိုရှင်းနည်းပညာ အဆင့်အတန်း အကဲဖြတ် အစီရင်ခံစာတစ်စောင် ထွက်ပေါ်လာခဲ့သည်။
သုတေသန တွေ့ရှိချက်များအရ လူသားတို့၏ နည်းပညာသည် သတ္တုဗေဒ၊ ကွမ်တမ် စွမ်းအင် ပို့လွှတ်မှု၊ စက်မှုလုပ်ငန်း နည်းပညာနှင့် သေးငယ်သော အစိတ်အပိုင်းများ ပြုပြင်ထုတ်လုပ်မှု နယ်ပယ်များတွင် အနည်းငယ် သာလွန်နေသော်လည်း... ကွမ်တမ် ကွန်ပျူတာ၊ ဆွဲငင်အား ရူပဗေဒနှင့် အနုမြူ ပေါင်းစပ် စွမ်းအင်မီးဖို အပါအဝင် နယ်ပယ် တစ်ဒါဇင်ခန့်တွင်မူ နောက်ကျနေကြောင်း တွေ့ရှိရသည်။
ယေဘုယျအားဖြင့် ဆိုရလျှင် လူသားများနှင့် ဗိုရှင်းဂြိုဟ်သားများသည် နည်းပညာ အဆင့်အတန်း အတူတူပင် ဖြစ်နေကြပြီဖြစ်သည်။
ကံကောင်းသည်မှာ ဤစစ်ပွဲတွင် အနိုင်ရလိုက်ခြင်းကြောင့် ထိုအားနည်းချက်များကို လျင်မြန်စွာ ဖြည့်ဆည်းနိုင်ခဲ့ခြင်းပင်။
နောက်ခြောက်လတာ ကာလအတွင်း လူသားတို့၏ နည်းပညာသည် ခုန်ပျံကျော်လွှားသည့် အမြန်နှုန်းဖြင့် တိုးတက်လာခဲ့သည်။
အားကောင်းလှသော စက်မှုလုပ်ငန်း ကုန်ထုတ်လုပ်နိုင်စွမ်းကြောင့် လူသားများသည် ဗိုရှင်းဂြိုဟ်သားများ၏
အဆင့်မြင့် နည်းပညာများကို အခက်အခဲမရှိ ပုံတူကူးယူနိုင်ခဲ့ရုံသာမက အားနည်းချက်များကို ပြင်ဆင်ကာ ပိုမိုကောင်းမွန်အောင်ပင် တီထွင်နိုင်ခဲ့ကြသည်။
ယခု စစ်ပွဲတွင် အနိုင်ရလိုက်ခြင်းကြောင့် လူသားများသည် ပေါ့ဆသွားခြင်း မရှိခဲ့ပေ။ စစ်မက်အခြေအနေကိုလည်း ယခုတိုင် ရုပ်သိမ်းခြင်း မရှိသေးချေ။
တူညီသော ကြယ်တာရာနယ်မြေတစ်ခုတည်းတွင် ကြယ်တာရာ ယဉ်ကျေးမှု နှစ်ခု အတူတကွ ရှင်သန်ရပ်တည်ရန်မှာ မဖြစ်နိုင်ပေ။
ထို့အပြင် လူသားများနှင့် ဗိုရှင်းဂြိုဟ်သားများကြားရှိ ရန်ငြိုးရန်စများမှာ အမြစ်တွယ်နေပြီဖြစ်ကာ သေရာပါ ရန်သူများ ဖြစ်နေကြပြီဖြစ်သည်။
ဤစစ်ပွဲက တစ်စုံတစ်ရာကို ပြောင်းလဲပေးခဲ့သည်ဆိုလျှင် လူသားများသည် စစ်ပြီးနောက်တွင် ပိုမို ယုံကြည်မှု ရှိလာခြင်းပင်ဖြစ်သည်။
ယခင်က ဗိုရှင်းဂြိုဟ်သားများကို မော့ကြည့်ခဲ့ရသည့် အခြေအနေမှ မျက်နှာချင်းဆိုင် ကြည့်လာနိုင်ပြီး ယခုအခါ အထက်မှနေ၍ပင် ငုံ့ကြည့်လာနိုင်ပြီဖြစ်သည်။
ထို့ကြောင့် လက်စားချေလိုစိတ်များမှာ ပိုမို ပြင်းထန်လာပြီး အာကာသမြို့တော် တစ်ခုလုံးတွင် ရူးသွပ်မတတ် စစ်လိုလားသော စိတ်ဓာတ်များ ပြည့်နှက်နေတော့သည်။
ဘီလီယံနှင့်ချီသော လူသားတို့၏ အသက်သွေးချွေးများ စတေးခံခဲ့ရသည့် သွေးကြွေး၊ မိခင်ကမ္ဘာမြေကို စွန့်ခွာကာ အသက်လု ထွက်ပြေးခဲ့ရသည့် အရှက်တကွဲ အကျိုးနည်းဖြစ်မှု၊ အနှစ်နှစ်ဆယ်တိုင်တိုင် စုဆောင်းထားခဲ့သော အမုန်းတရားများ... ဤသည်မှာ တားဆီး၍မရနိုင်သော၊ အလိုလိုက်အကြိုက်ဆောင်ရုံသာ တတ်နိုင်သည့် ကြီးမားလှသော အင်အားစုကြီးတစ်ခု ဖြစ်လာခဲ့သည်။
စစ်စက်ယန္တရားကြီးမှာ စတင် လည်ပတ်နေပြီဖြစ်သည်။
သို့သော် ဤတစ်ကြိမ် စစ်ပွဲမှာ ခံစစ်သက်သက် မဟုတ်တော့ဘဲ၊ တိုက်စစ်ဆင်မည့် စစ်ပွဲတစ်ရပ် ဖြစ်လာခဲ့ပြီဖြစ်သည်။
ဗိုရှင်းဂြိုဟ်သားများက စစ်ပွဲကို ဘယ်အချိန်စတင်မည်ကို ဆုံးဖြတ်ခဲ့ကြသော်လည်း... ဘယ်အချိန် ပြီးဆုံးမည်ကိုမူ သူတို့ ဆုံးဖြတ်နိုင်စွမ်း မရှိတော့ချေ။
ဆက်ရန်...