အခန်း (၅၅၇-၅၅၈)
Vol. 28 Ch. 557-558
အပိုင်း(၅၅၇) တောတောင်စိမ်းလန်းရာဆီသို့
နံနက်ခင်း တောအုပ်လေးထဲတွင် ရေခိုးရေငွေ့များ အလွန်ထူထပ်နေသည်။ တစ်ညတာလုံး စုဆောင်းထားမိသော နှင်းရည်ပေါက်လေးများက ကြည်လင်နေသည့် သလင်းကျောက်လေးများအလား ကျယ်ပြန့်သော သစ်ရွက်ကြီးများပေါ်မှနေ၍ အဆက်မပြတ် စီးကျနေ၏။ ထိုအထဲတွင် လမ်းလျှောက်သွားရသည်မှာ မိုးဖွဲဖွဲလေး ရွာသွန်းနေသည့်အထဲ လမ်းလျှောက်နေရသကဲ့သို့ပင်။
လော်ယွမ်က သူ၏မျက်နှာပေါ်မှ ရေစက်များကို လက်ဖြင့်သပ်ချလိုက်သည်။ သူ၏ အဝတ်အစားများမှာ စိုရွှဲနေပြီဖြစ်ကာ ခန္ဓာကိုယ်တွင် ကပ်နေသဖြင့် အလွန်နေရခက်လှ၏။
သို့သော်လည်း သူ၏ဘေးမှ ဝမ်ရှီရှီ၊ ဟွမ်ကျားဟွေနှင့် အခြားသူများကမူ စိတ်အားထက်သန်စွာဖြင့် လမ်းတစ်လျှောက် ပျော်ရွှင်မြူးတူးစွာ ရှေ့သို့ ဆက်လျှောက်သွားနေကြသည်။
ထိုအထဲတွင် ဗီဇပြောင်းလူသားမလေးက အတက်ကြွဆုံးဖြစ်သည်။ ဤနေရာသို့ ရောက်လာချိန်တွင် သူမက ယခင် အကျွမ်းတဝင်ရှိလှသော သူမ၏အသိုက်ဟောင်းသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားနေရသဖြင့် အလွန်အမင်း စိတ်လှုပ်ရှားပျော်ရွှင်နေ၏။
အချိန်တိုင်းလိုလို သစ်ပင်ကြီးများပေါ်သို့ တွယ်တက်သွားလိုက်၊ အပေါ်တွင် ပြေးလွှားခုန်ပေါက်နေလိုက်နှင့် မကြာမီမှာပင် တောအုပ်ထဲမှ ထူးခြားသော လှုပ်ရှားမှုတစ်ခုခုက သူမကို ဆွဲဆောင်သွားပြန်ရာ စူးစမ်းလိုစိတ်ဖြင့် ချက်ချင်း ပြေးသွားကာ ကြည့်ရှုတတ်ပြန်သည်။
ပြည့်စုံသော ဂေဟစနစ်တစ်ခု ဖြစ်သည့်အားလျော်စွာ ဤနေရာတွင် တောရိုင်းတိရစ္ဆာန် အများအပြား ရှိနေသည်မှာ သဘာဝပင်ဖြစ်သည်။
သို့သော် အများစုမှာ အန္တရာယ်မရှိသော အလတ်စားနှင့် အသေးစား သက်သတ်လွတ်စား တိရစ္ဆာန်များသာ ဖြစ်ကြ၏။
အသားစား တိရစ္ဆာန်များ ရှိနေသည်ကတော့ သေချာသော်လည်း သာမန် သားရဲတိရစ္ဆာန်များသာ ဖြစ်သဖြင့် ဗီဇပြောင်းလူသားမလေးအတွက်မူ မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်နိုင်ပေ။
သူမက အရိုင်းဆန်ဆန် ပြေးလွှားဆော့ကစားနေသဖြင့် လမ်းတစ်လျှောက်တွင် အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်ကြ၏။
သူမ၏ အဝတ်အစားများမှာ ရွှံ့ဗွက်များ ပေကျံကာ ညစ်ပတ်နေပြီ ဖြစ်သော်လည်း သူမကတော့ ပျော်ရွှင်နေဆဲပင်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဗီဇပြောင်းလူသားမလေးမှာ များစွာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
သူမ တစ်ကိုယ်လုံးရှိ အကြေးခွံများမှာ သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် သေးငယ်သွားပြီဖြစ်ကာ မူလ အပြာရောင် အသားအရေမှာလည်း သာမန်လူ့အသားအရောင်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့လေပြီ။
သူမ၏ ရုပ်သွင်တစ်ခုလုံးမှာ လူသားများနှင့် ပိုမိုတူညီလာခဲ့ရာ သေချာမကြည့်ပါက သူမနှင့် သာမန်လူသားများကြားရှိ ကွာခြားချက်ကို လုံးဝ ခွဲခြားနိုင်မည် မဟုတ်ချေ။
တစ်နည်းအားဖြင့် ဆိုရလျှင် ဤသည်မှာ သက်ရှိများက ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလာမှု၏ ရလဒ်ဖြစ်ပြီး အထူး ကာကွယ်ရေးအရောင် တစ်မျိုးလည်း ဖြစ်ပေသည်။
"နှင်းရည်တွေ အရမ်းများနေတာပဲ" လော်ယွမ်က ပြောရင်း တောအုပ်ထဲရှိ နှင်းရည်များကို ဖယ်ရှားပစ်ရန် ပြင်လိုက်သည်။
သို့သော် ဝမ်ရှီရှီက စိတ်ချင်းဆက်နေသကဲ့သို့ အလျင်အမြန်ပင် တားဆီးလိုက်၏။ "ကိုကြီးယွမ်... မလှုပ်နဲ့... သမီးတို့က ဘဝကို လက်တွေ့ခံစားပြီး အတိတ်က အခက်အခဲတွေကို ပြန်သတိရဖို့ လုပ်နေတာ"
သူက လှုပ်ရှားမှုကို ချက်ချင်း ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။
မှုန်မှိုင်းနေသော ပတ်ဝန်းကျင်၊ မိုးတိမ်များထိအောင် မြင့်မားနေသော သစ်ပင်ကြီးများနှင့် စိမ်းလန်းသော ပိုက်ကွန်ကြီးတစ်ခုအလား ဖြန့်ကြက်ထားသော သစ်ရွက်ဖုံးလွှမ်းမှုများက တောအုပ်တစ်ခုလုံးကို အသက်ဝင်တက်ကြွမှုများဖြင့် ပြည့်နှက်နေစေသည်။
အန္တရာယ်ရှိသော သန္ဓေပြောင်း သားရဲများ မရှိသည်ကို ဖယ်လိုက်ပါက ဤနေရာက ကမ္ဘာပျက်ကပ်လွန်ကာလ ကမ္ဘာမြေ၏ မြင်ကွင်းနှင့် အတိအကျပင် တူညီလှ၏။
"ဒီနေရာက တကယ့် ကမ္ဘာနဲ့ အရမ်းတူတာပဲ" လော်ယွမ်က ခပ်တိုးတိုး ရေရွတ်လိုက်ရင်း သူ၏ အကြံအစည်ကို စွန့်လွှတ်လိုက်သည်။
အခြား အမျိုးသမီးများကလည်း သူ၏ စကားကို သဘောတူဟန်ဖြင့် လော်ယွမ်ကို ရှုပ်ထွေးသော အကြည့်များဖြင့် ဝိုင်းကြည့်လာကြသည်။
လွန်ခဲ့သော တစ်နှစ်ခန့်က လော်ယွမ်တစ်ယောက် ရာထူးမှ ဆင်းပေးလိုက်ပြီးနောက်ပိုင်း သူ၏ အပြုအမူများက အရင်ကနှင့် မကွာခြားလှဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ အတိတ်က အခြေအနေမျိုးသို့ ပြန်ရောက်ရန် အလွန်ခက်ခဲသွားခဲ့လေပြီ။
လော်ယွမ်၏ ကြောက်မက်ဖွယ်ကောင်းပြီး ဩဇာတိက္ကမ ကြီးမားလှသော "ကိုယ်ပွားအစစ်" ကို မြင်တွေ့ခဲ့ရပြီးနောက်ပိုင်း သူတို့၏ စိတ်ထဲတွင် မည်သို့မျှ သက်ရောက်မှု မရှိဘဲ နေနိုင်ပါမည်လား။
ထို့အပြင် သူ၏ အမူအကျင့်များကလည်း ပိုမိုအေးစက်လာပြီး ခပ်ခွာခွာ နေလာခဲ့သည်။
"အကြင်နာကင်းမဲ့သော" အချိန်ကာလနှင့် နှိုင်းယှဉ်လျှင် အများကြီး ပိုကောင်းလာသည် ဆိုသော်လည်း အရင်ကနှင့် ယှဉ်လျှင် သိသာထင်ရှားသော အပြောင်းအလဲများ ရှိနေဆဲပင်။
၎င်းအပြင် သူက မိန်းမကိစ္စများနှင့် ပတ်သက်၍လည်း စိတ်ဝင်စားမှု လျော့နည်းလာကာ အရင်ကလို စိတ်အားထက်သန်ခြင်း မရှိတော့ရာ လူတစ်ယောက် လုံးဝ ပြောင်းလဲသွားသကဲ့သို့ပင်။
ဘာကိုမှ ဂရုမစိုက်တတ်သော ဝမ်ရှီရှီနှင့် ဗီဇပြောင်းလူသားမလေးမှလွဲ၍ အခြားသူများကမူ လော်ယွမ်အပေါ် ကြောက်ရွံ့ရိုသေမှုနှင့် စိမ်းသက်မှုများ ရောယှက်နေခဲ့ကာ သူတို့အကြားရှိ ဆက်ဆံရေးမှာ အေးစက်စက် အခြေအနေမျိုးတွင် အမြဲရှိနေခဲ့၏။
သို့သော် ယခုအချိန်တွင်မူ ဤကမ္ဘာပျက်ကပ် ကာလကဲ့သို့သော မြင်ကွင်းကို ကြည့်ရင်း အတိတ်က ကြမ်းတမ်းခက်ခဲလှသော ရွှေ့ပြောင်းခရီးစဉ်ကို အမျိုးသမီးများ ပြန်လည်သတိရသွားကြသည်။
အကယ်၍ လော်ယွမ်ကသာ သူ၏ စွမ်းအင်များဖြင့် ရက်စက်ကြမ်းကြုတ်လှသော ကမ္ဘာပျက်ကပ်လွန် ကမ္ဘာကြီးထဲတွင် လုံခြုံသော ခိုလှုံရာတစ်ခုကို ဖန်တီးမပေးနိုင်ခဲ့ပါက သူတို့က ဤနေရာတွင် အေးအေးလူလူ လေညင်းခံရင်း ဟိုဟာမကောင်း ဒီဟာမကောင်း ညည်းတွားနေနိုင်ပါမည်လား။
ဤအချက်ကို တွေးမိလိုက်သောအခါ သူတို့၏ အကြည့်များက အလိုအလျောက် နူးညံ့သွားကြတော့သည်။
ဤနေရာက အစစ်အမှန် ကမ္ဘာမဟုတ်ဘဲ ပုံရိပ်ယောင် ကမ္ဘာတစ်ခုသာ ဖြစ်သည်။ အာကာသမြို့တော် တည်ဆောက်ပြီးနောက် ကွမ်တမ်ကွန်ပျူတာ နည်းပညာများ အဆက်မပြတ် တိုးတက်လာသည်နှင့်အမျှ ပုံရိပ်ယောင်ကမ္ဘာ တည်ဆောက်မှုမှာ ရပ်တန့်မသွားသည့်အပြင် ပိုမို၍ပင် အသေးစိတ်ကျကာ လက်တွေ့ကျကျ တည်ဆောက်လာနိုင်ခဲ့သည်။
ယခုအခါ ပုံရိပ်ယောင်ကမ္ဘာ၏ ကုန်းမြေဧရိယာမှာ စတုရန်းမိုင် ၄ သောင်းခန့်အထိ ကျယ်ပြန့်လာခဲ့ပြီဖြစ်ရာ ကျန်းနန်ပြည်နယ် တစ်ခုစာခန့် ရှိနေပြီဖြစ်သည်။
အပြင်ဘက်ရှိ အာကာသဧရိယာမှာလည်း မိုင် ၆၂ သန်းခန့်အထိ ကျယ်ပြန့်လာခဲ့ပြီး အပေါ်ဘက်တွင် နေ၊ လနှင့် ကြယ်များကိုပါ အကြမ်းဖျင်း ဖန်တီးထားလေသည်။
ဤကမ္ဘာထဲတွင် နေထိုင်ရသည်မှာ အစစ်လား အတုလား ခွဲခြား၍မရနိုင်လောက်အောင်ပင် လက်တွေ့ကျလှပြီး ကမ္ဘာမြေပေါ်တွင် အမှန်တကယ် နေထိုင်နေရသကဲ့သို့ ခံစားရစေသည်။
အမှန်တကယ်တွင်လည်း ပုံရိပ်ယောင်ကမ္ဘာက ဤမျှအထိ လက်တွေ့ကျလာသောအခါ အစစ်အမှန် ကမ္ဘာနှင့် များစွာ ကွာခြားမှု မရှိတော့ပေ။
အကြောင်းအမျိုးမျိုးကြောင့် လော်ယွမ်က ဤပုံရိပ်ယောင်ကမ္ဘာထဲတွင်သာ သူတို့နှင့် ထိတွေ့ဆက်ဆံနိုင်ခဲ့သည်။ ယခုကဲ့သို့ အပြင်ထွက်လာခြင်းမှာ ရှားရှားပါးပါး တောတောင်စိမ်းလန်းရာဆီသို့ အလည်အပတ် ထွက်လာခြင်းပင် ဖြစ်၏။
နာရီဝက်ခန့် အကြာတွင် လူအုပ်ကြီးမှာ တောင်ထိပ်သို့ ရောက်ရှိသွားကြသည်။
အောက်ဘက်တွင် သစ်တောထူထပ်စွာ ရှိနေသော်လည်း တောင်ထိပ်တွင်မူ ပြန့်ပြူးသော ကျောက်ဆောင်တစ်ခု ရှိနေ၏။
ဤသည်မှာ ပုံရိပ်ယောင်ကမ္ဘာ၏ တမင်ရည်ရွယ် ဖန်တီးထားမှုပင် ဖြစ်သည်။ ဤနေရာမှနေ၍ အဝေးသို့ လှမ်းကြည့်လိုက်ပါက အဝေးရှိ မြို့ပြကြီးကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်လေသည်။
"ရောက်ပြီ" ကျိုးယလီက မောဟိုက်စွာဖြင့် သူမ၏ ရင်ဘတ်ကို ဖိရင်း ပြောလိုက်သည်။ သူမ၏ နူးညံ့ချောမွေ့သော အသားအရေပေါ်တွင် ချွေးများ စီးကျနေ၏။
သာမန်အရည်အသွေးသာရှိသော ဤပုံရိပ်ယောင် ခန္ဓာကိုယ်ဖြင့် နာရီပေါင်းများစွာ တောင်တက်ရသည်မှာ အလွန်ပင်ပန်းလှသော အလုပ်တစ်ခု ဖြစ်ပေသည်။
သူမက လော်ယွမ်ကို လှမ်းကြည့်လိုက်သောအခါ လော်ယွမ်က ချွေးတစ်စက်မျှ မထွက်သည့်အပြင် အသက်ရှူနှုန်းပင် မှန်ကန်နေပြီး ပြင်းထန်သော လှုပ်ရှားမှု တစ်ခုခုကို လုပ်ထားသကဲ့သို့ပင် မရှိသည်ကို တွေ့လိုက်ရသည်။
ပုံရိပ်ယောင်ကမ္ဘာရှိ ခန္ဓာကိုယ်တိုင်းသည် တူညီသော အရည်အသွေးများ ရှိကြပြီး ကိုယ်တိုင် ပြုပြင်ပြောင်းလဲ၍ မရနိုင်ကြောင်း သတိပြုသင့်သည်။
"ယွမ်... ရှောင်ယွမ်... ရှင်က ဘယ်လိုလုပ်ပြီး ချွေးတစ်စက်မှ မထွက်ရတာလဲ" သူမက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် အရင်က ခေါ်နေကျ အမည်ကိုသာ သုံးနှုန်းလိုက်သည်။
"ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်တဲ့ ငါ့စွမ်းရည်ကို အစ်မတို့နဲ့ ယှဉ်လို့မရဘူးလေ" လော်ယွမ်က ပြန်ဖြေလိုက်သည်။
ပုံရိပ်ယောင်ကမ္ဘာထဲသို့ ဝင်ရောက်လာသော သူ၏ စိတ်အာရုံ အနည်းငယ်သည် သူ၏ မူလစွမ်းအင်များနှင့် နှိုင်းယှဉ်လျှင် ပြောပလောက်အောင် မရှိသော်လည်း တစ်ကိုယ်လုံးရှိ ကြွက်သားများကို ထိန်းချုပ်ရန်မှာမူ အလွန်လွယ်ကူသော ကိစ္စတစ်ခု ဖြစ်သည်။
သို့သော် ထိုသို့ပြောပြီးသည်နှင့် တစ်ဖက်လူက အကြောင်းရင်းကို သိချင်နေခြင်း မဟုတ်ဘဲ စကားစမြည် ပြောလိုခြင်းသာ ဖြစ်ကြောင်း သူ ရုတ်တရက် သဘောပေါက်သွားသဖြင့် ချက်ချင်းပင် ပြုံးကာ
"အစ်မယလီ... ပင်ပန်းနေပြီမလား... ခဏလောက် နားလိုက်ပါဦး" ဟု ပြောလိုက်သည်။
"လော်လန်ရော ဘယ်ရောက်သွားလဲ" ဟွမ်ကျားဟွေက ဝင်မေးလိုက်သည်။
လော်လန်မှာ ဗီဇပြောင်းလူသားမလေး၏ အမည်ဖြစ်ပြီး လော်ယွမ်၏ မျိုးရိုးအမည်ကို ယူထားခြင်း ဖြစ်သည်။ သူမ၏ ဉာဏ်ရည်မှာ မနိမ့်ကျတော့ဘဲ နာမည်တစ်ခု ရရှိထားသည်မှာ ကြာပြီဖြစ်သည်။
ထိုစဉ်က အမျိုးသမီးများက သူမကို နာမည်ပေးချိန်တွင် လော်ယွမ်မှာ ဒုတိယအကြိမ် လေးဘက်မြင် အသွင်ပြောင်းလဲခြင်းသို့ မရောက်ရှိသေးပေ။
လော်ဟူသော မျိုးရိုးအမည်ကို ပေးလိုက်ခြင်းမှာ အနာဂတ်တွင် မဖွယ်မရာ ကိစ္စများ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် သတိပေးလိုသော ရည်ရွယ်ချက် ပါဝင်နေကြောင်း ခန့်မှန်းရလွယ်ကူပေသည်။
"အနောက်မှာ ကျန်ခဲ့တယ်ထင်တယ်... သူက ဟိုပြေးဒီပြေးလုပ်နေတာ... သမီးခေါ်တာလည်း နားမထောင်ဘူး" ဝမ်ရှီရှီက ညည်းတွားလိုက်သည်။
ပြောရမည်ဆိုလျှင် ဝမ်ရှီရှီ၏ အသက်မှာလည်း မငယ်တော့ပေ။ စွမ်းအင်သလင်းကျောက်များကို မှီဝဲထားသောကြောင့် သူမ၏ ရုပ်သွင်မှာ အသက်နှစ်ဆယ်ကျော်အရွယ် မိန်းမပျိုလေးတစ်ဦးနှင့် တူနေသေးသော်လည်း အမှန်တကယ် အသက်မှာ အသက်လေးဆယ်နီးပါး ရှိနေပြီဖြစ်သည်။
သို့သော် သူမ၏ အကျင့်စရိုက်မှာမူ ဘာကိုမှ ဂရုမစိုက်တတ်သော ကလေးမလေး တစ်ယောက်လို ဖြစ်နေဆဲပင်။
ထိုသို့ ပြောနေစဉ်မှာပင် ဗီဇပြောင်းလူသားမလေးက ချုံပုတ်များကြားမှ အလန့်တကြား ထွက်ပြေးလာသည်ကို တွေ့လိုက်ရသည်။
သူမ၏ မျက်နှာတွင် ထိတ်လန့်နေသော အရိပ်အယောင်များ အပြည့်ဖြစ်နေပြီး ရှဲရှဲမြည်သော အသံများ ပြုလုပ်ကာ ပြေးလာနေ၏။
သူမ၏ အနောက်တွင်တော့ မရေမတွက်နိုင်သော ပျားအုပ်ကြီးက ထက်ကြပ်မကွာ လိုက်ပါလာကြသည်။
သူမက လော်ယွမ်ကို မြင်သည်နှင့် တန်းတန်းမတ်မတ် ပြေးလာတော့သည်။ အနိုင်ကျင့်ခံရသော ကလေးတစ်ယောက်က မိဘကို ပြေးရှာသကဲ့သို့ပင် သူမ၏ စိတ်ထဲတွင် လော်ယွမ်သည် အစွမ်းအထက်ဆုံး လူတစ်ယောက် ဖြစ်နေ၏။
ဤမြင်ကွင်းကို ကြည့်ရင်း လူတိုင်းက သဘောကျသွားကြသည်။ လော်ယွမ်ကိုယ်တိုင်လည်း ရလဒ်ကို ကြိုသိနေသော်လည်း ပြုံးမိသွားသည်။
လော်ယွမ်က လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ သူမနောက်မှ အတင်းလိုက်လာသော ပျားတူအုပ်ကြီးမှာ တစ်ခါမှ မတည်ရှိခဲ့ဖူးသည့်အလား ရုတ်တရက် ပျောက်ကွယ်သွားကြတော့သည်။
ဤအဖြစ်အပျက်လေးကြောင့် မူလက အနည်းငယ် တောင့်တင်းနေသော လေထုမှာ ချက်ချင်းပင် ပိုမို နွေးထွေးသွားခဲ့လေသည်။
လူအုပ်ကြီးက တစ်နေရာတည်းတွင် စုထိုင်ကာ တောင်ထိပ်မှ လှပသော ရှုခင်းများကို ကြည့်ရှုရင်း ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေကြသည်။
လော်ယွမ်ကလည်း တစ်ခါတစ်ရံ ဝင်ပြောလေ့ရှိသော်လည်း စကားသိပ်မများလှပေ။ သူက ပါဝင်ဆွေးနွေးသူထက် လေ့လာစောင့်ကြည့်သူ တစ်ယောက်နှင့် ပိုတူနေ၏။
သက်ရှိအဆင့်အတန်းများ၏ ကြီးမားလှသော ကွာဟချက်က အသိစိတ် အဆင့်အတန်းများကိုပါ ကွဲပြားသွားစေရာ သူက ဤကဲ့သို့သော လေထုမျိုးတွင် ဝင်ရောက်ပေါင်းသင်းရန် ခက်ခဲနေပြီဖြစ်သည်။
သူတို့၏ စကားဝိုင်းများကလည်း သူ၏ စိတ်ဝင်စားမှုကို မဆွဲဆောင်နိုင်တော့ပေ။ သူက ဘေးတွင် အေးဆေးစွာ ထိုင်ရင်း ဤအရာအားလုံးကို တိတ်ဆိတ်စွာ ကြည့်ရှုခံစားနေရသည်ကိုသာ ပို၍ သဘောကျနေတော့သည်။
ဆက်ရန်...
အပိုင်း(၅၅၈) ဆွေးနွေးပွဲနှင့် စစ်ရေးပြင်ဆင်မှု
ပြင်ပဂြိုဟ် ထောက်လှမ်းရေးအေဂျင်စီ။
ယခုအခါ လူသားတို့၏ တစ်ခုတည်းသော ပြင်ပဆက်သွယ်ရေး ထောက်လှမ်းရေးအေဂျင်စီ ဖြစ်လာခဲ့ပြီဖြစ်သည်။
လွန်ခဲ့သော လေးနှစ်ခန့်က လူသားများအနေဖြင့် ဗိုရှင်းဂြိုဟ်သားတို့၏ စူးစမ်းရှာဖွေရေး တပ်မတော်ကြီးကို စတင်ထောက်လှမ်းမိခဲ့ချိန်မှစ၍ ဤဌာန၏ ဖွဲ့စည်းပုံသည် လေမှုတ်သွင်းလိုက်သော ပူပေါင်းတစ်လုံးကဲ့သို့ အလျင်အမြန် ကြီးထွားလာခဲ့သည်။
မူလက လူတစ်ရာကျော်ခန့်သာရှိပြီး မည်သူကမျှ ဂရုမစိုက်ခဲ့သော ဌာနငယ်လေးတစ်ခုမှသည် ယခုအခါ လူထောင်ပေါင်းများစွာ ပါဝင်သည့် ဌာနကြီးတစ်ခုအဖြစ်သို့ တိုးချဲ့ဖွဲ့စည်းပြီး ဖြစ်သည်။
စစ်ပွဲပြီးဆုံးသွားသည့်တိုင်အောင် ဤဌာနကို လျှော့ချပစ်ခြင်း လုံးဝမရှိခဲ့ဘဲ စဉ်ဆက်မပြတ် ဆက်လက်၍ တိုးချဲ့နေဆဲပင် ဖြစ်သည်။
ထောက်လှမ်းရေးအေဂျင်စီ တစ်ခုလုံးကို ဌာနခွဲရှစ်ခုအဖြစ် ထပ်မံခွဲခြားထားပြီး ကြယ်ပုံပြမြေပုံ တွက်ချက်ရေး၊ နက္ခတ္တဗေဒ ထောက်လှမ်းရေး၊ စကြဝဠာအချက်ပြလှိုင်း စောင့်ကြည့်ရေး၊ ပြင်ပဂြိုဟ်ယဉ်ကျေးမှုအဖွဲ့အစည်းများ ရှာဖွေရေး၊ နည်းပညာအဆင့်အတန်း အကဲဖြတ်ရေးနှင့် ပြင်ပဂြိုဟ်ယဉ်ကျေးမှုအဖွဲ့အစည်းများနှင့် သံတမန်ရေးရာ ဆွေးနွေးရေး အစရှိသည့် ဌာနများ ပါဝင်သည်။
သေချာသည်မှာ ယခုလက်ရှိ လူသားများ ရှာဖွေတွေ့ရှိထားသော ပြင်ပဂြိုဟ်ယဉ်ကျေးမှုအဖွဲ့အစည်းဟူ၍ ဗိုရှင်းဂြိုဟ်သားတို့၏ ယဉ်ကျေးမှုအဖွဲ့အစည်း တစ်ခုသာ ရှိနေသေးခြင်းပင်ဖြစ်သည်။
……
ထိုအချိန်တွင် ပြင်ပဂြိုဟ် ထောက်လှမ်းရေးအေဂျင်စီ၏ အစည်းအဝေးခန်းမတစ်ခုအတွင်း၌ နေရာလွတ်တစ်ခုမျှ မရှိတော့ဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။
ဗိုရှင်းဂြိုဟ်သားတို့၏ ယာဉ်ပျံမှ ဖြုတ်ယူထားပြီး လူသားများက ပြန်လည်ပြုပြင်ထားသော အဝေးဆက်သွယ်ရေး ကွမ်တမ်စက်ကိရိယာတစ်ခုကို စင်မြင့်ပေါ်တွင် တင်ထားသည်။
ပုံမှန်အားဖြင့် ကြယ်တာရာများကြား ဆက်သွယ်ရန်အတွက် ဧရာမယာဉ်ပျံကြီးများတွင်သာ တပ်ဆင်လေ့ရှိသော အလွန်စွမ်းအားမြင့်သည့် ဤအဝေးဆက်သွယ်ရေး ကွမ်တမ်စက်ကိရိယာ၏ အရွယ်အစားမှာ ယခုလောက် သေးငယ်နေမည် မဟုတ်ပေ။
ပေ ၁၀၀ နီးပါးခန့် မြင့်မားသော ဤဧရာမစက်ကြီးကို အစည်းအဝေးခန်းမထဲတွင် ထားရှိရန်မှာ လုံးဝမဖြစ်နိုင်သည်ကတော့ အသေအချာပင်။
ယခု စင်မြင့်ပေါ်တွင် တင်ထားသည်မှာ ၎င်း၏ အသံဖမ်းကိရိယာ (ပတ်ဝန်းကျင်မှ အသံများကို ဖမ်းယူကာ ပင်မစက်ကြီးထံသို့ ပေးပို့သော ကိရိယာအစိတ်အပိုင်း) သက်သက်မျှသာ ဖြစ်သည်။
ဆွေးနွေးရေး ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် လက်ထောက်ဖြစ်သူတို့က မှတ်စုကြမ်းကို ကြည့်ကာ တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် ခေတ္တမျှ တိုင်ပင်လိုက်ကြသည်။
ထို့နောက် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး အဆင်သင့်ဖြစ်ပြီဟူသော လက်ဟန်အမူအရာကို ပြသလိုက်သည်။
လျှပ်စစ်စီးကြောင်းက ဆက်သွယ်ရေးစက်ထဲသို့ လျင်မြန်စွာ စီးဝင်သွားပြီး ပုံမှန်အခြေအနေကို ပြသသော မီးလုံးငယ်လေးများက တစ်လုံးပြီးတစ်လုံး လင်းလက်လာတော့သည်။
အချက်ပြလမ်းကြောင်းက အလွန်လျင်မြန်စွာပင် ပွင့်သွားလေသည်။
"ဒါက လူသားတွေဆီကနေ ဆက်သွယ်တာပါ... အခု လူသားယဉ်ကျေးမှုအဖွဲ့အစည်းကို ကိုယ်စားပြုပြီး သင်တို့နဲ့ ဆွေးနွေးဖို့ တရားဝင် တောင်းဆိုပါတယ်... အချက်ပြလှိုင်းကို လက်ခံရရှိတယ်ဆိုရင် ချက်ချင်း အကြောင်းပြန်ပါ... ချက်ချင်း အကြောင်းပြန်ပါ"
ဆွေးနွေးရေးပညာရှင်က ဗိုရှင်းဂြိုဟ်သားတို့၏ ဘာသာစကားကို အလွန်သတိထားကာ သွက်လက်စွာ ပြောဆိုလိုက်ပြီးနောက် အလားတူပင် သုံးကြိမ်တိုင်တိုင် ထပ်မံရွတ်ဆိုလိုက်သည်။
မျိုးဆက်ဟောင်း အများစုအတွက်မူ ဗိုရှင်းဘာသာစကားက သူစိမ်းဆန်နေမည် မဟုတ်ပေ။ လွန်ခဲ့သော ခေတ်ကာလတစ်ခုက လူသားများအနေဖြင့် ဗိုရှင်းဂြိုဟ်သားတို့၏ နည်းပညာများကို ပိုမိုကောင်းမွန်စွာ လေ့လာနိုင်ရန်အတွက် ဤပြင်ပဂြိုဟ်ယဉ်ကျေးမှုအဖွဲ့အစည်း၏ ဘာသာစကားကို လူအများအပြားက ကြိုးစားပမ်းစား သင်ယူခဲ့ကြဖူးသည်။
ပြင်ပဂြိုဟ် ထောက်လှမ်းရေးအေဂျင်စီ၏ သံတမန်ရေးရာဌာန အတွက်ဆိုလျှင် ဤဘာသာစကားမှာ မဖြစ်မနေ ကျွမ်းကျင်ထားရမည့် အရာတစ်ခုပင် ဖြစ်သည်။
ယနေ့တွင် အဆင့်မြင့် အရာရှိကြီး အများအပြား ရောက်ရှိနေကြသည်။ အမှန်တကယ် အလုပ်မအားလပ်၍ မလာနိုင်သူများမှလွဲ၍ ကျန်သူများအားလုံး နီးပါး အစည်းအဝေးခန်းမသို့ ရောက်ရှိနေကြပြီး ဤသမိုင်းဝင် ဆက်သွယ်မှုကို အာရုံစိုက် စောင့်ကြည့်နေကြသည်။
ဗိုရှင်းဂြိုဟ်သားများမှာ လူသားတို့၏ သွေးကြွေးရန်သူတော်များ ဖြစ်နေသည်ကို ခေတ္တဘေးဖယ်ထားမည်ဆိုလျှင် ဤသည်မှာ လူသားတို့အနေဖြင့် အခြားသော ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခုနှင့် ပထမဆုံးအကြိမ် တရားဝင် ဆွေးနွေးပြောဆိုခြင်း ဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။
သို့သော်လည်း အချိန်များ တစ်မိနစ်၊ တစ်စက္ကန့် ကုန်ဆုံးသွားသည့်တိုင်အောင် ဆက်သွယ်ရေးစက်ကြီးမှာ အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။ ဆူညံသော ကြားဖြတ်နှောင့်ယှက်သံများမှလွဲ၍ မည်သည့်အသံမျှ ထွက်ပေါ်မလာခဲ့ပေ။
သို့ရာတွင် ဤသည်မှာ ကြိုတင်ခန့်မှန်းထားပြီးသား ကိစ္စတစ်ခုသာဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကွမ်တမ်ဆက်သွယ်ရေး ဖြစ်နေစေဦးတော့... အလင်းနှစ် ဆယ်ဂဏန်းခန့် ဝေးကွာသော အကွာအဝေးကြီးတစ်ခုတွင် ကြန့်ကြာမှု အတိုင်းအတာတစ်ခုတော့ ရှိနေမည်မှာ သေချာလှသည်။ သို့သော် ဤမျှလောက်အထိ အချိန်ကြာမြင့်နေလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။
လူတစ်စုက နံနက်ခင်းမှစ၍ နေ့လယ်အထိ... ထိုမှတစ်ဆင့် မွန်းလွဲပိုင်းအထိ စောင့်ဆိုင်းနေခဲ့ကြသည်။
မူလက တိတ်ဆိတ်ငြိမ်သက်နေခဲ့ရာမှ နောက်ပိုင်းတွင် တိုးတိုးတိတ်တိတ် တီးတိုးစကားပြောသံများ ထွက်ပေါ်လာပြီး နောက်ဆုံးတွင်တော့ ဆူညံသော ဆွေးနွေးငြင်းခုံသံများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဗိုက်ဆာလွန်း၍ မခံမရပ်နိုင် ဖြစ်နေကြသော လူအုပ်ကြီးက ဆက်သွယ်မှု မအောင်မြင်ဟု ထင်မှတ်နေကြချိန်မှာပင် အသံချဲ့စက်ထဲမှ အလျင်စလို ပြောလိုက်သော ဗိုရှင်းဘာသာစကား တစ်ခွန်းက ထွက်ပေါ်လာရာ အစည်းအဝေးခန်းမ တစ်ခုလုံး ချက်ချင်းပင် ငြိမ်သက်သွားတော့သည်။
"လူသားတွေလား... မင်းတို့က လူသားတွေလား"
အလင်းနှစ် သုံးဆယ်ခန့် အကွာအဝေးမှ ရောက်ရှိလာသော ဤအသံက ပြင်းထန်လှသည့် စကြဝဠာ ကြားဖြတ်နှောင့်ယှက်မှုများကြောင့် အနည်းငယ် တည်ငြိမ်မှုမရှိဘဲ ဖြစ်နေသည်။
အသံက တိုးလိုက် ကျယ်လိုက် ဖြစ်နေပြီး တစ်ခါတစ်ရံတွင် နားကွဲမတတ် စူးရှသော အသံများပင် ပါဝင်နေသည်။
သို့သော် ဗိုရှင်းဘာသာစကားကို လုံးဝ နားမလည်သူပင်လျှင် ထိုအသံထဲတွင် ရောယှက်နေသော မယုံကြည်နိုင်လောက်အောင် အံ့သြတုန်လှုပ်မှုနှင့် ကြောက်ရွံ့ထိတ်လန့်မှုတို့ကို ရှင်းလင်းစွာ ကြားသိနိုင်ပေသည်။
ဤသည်မှာ အလွန် သိမ်မွေ့လှသော စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုပင် ဖြစ်သည်။ ဤစစ်ပွဲ၏ ရှုံးနိမ့်သူများအနေဖြင့် သူတို့က ဤရှုံးနိမ့်မှုသည် မမျှော်လင့်ထားသော မတော်တဆမှုတစ်ခုသာ ဖြစ်ပြီး ပြင်ပအကြောင်းတရား တစ်ခုခုကသာ သူတို့၏ စူးစမ်းရှာဖွေရေး တပ်မတော်ကြီးကို သက်ရောက်မှု ရှိခဲ့သည်ဟု မျှော်လင့်ချင်နေကြသည်။ (တကယ်တမ်းတွင်လည်း ထိုအတိုင်းပင် ဖြစ်သည်)
ထိုသို့ဖြစ်နိုင်ခြေက လုံးဝမရှိသလောက် နည်းပါးနေလျှင်တောင်မှ သူတို့က လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ကြောက်ရွံ့ထိတ်လန့်နေကြဆဲပင်။
"ထပ်ပြီး ပြောပါမယ်... ဒါက လူသားတွေဆီကနေ ဆက်သွယ်တာပါ... အခု လူသားယဉ်ကျေးမှုအဖွဲ့အစည်းကို ကိုယ်စားပြုပြီး သင်တို့နဲ့ ဆွေးနွေးဖို့ တရားဝင် တောင်းဆိုပါတယ်... သင် ဘယ်သူပဲဖြစ်နေပါစေ သင်ဆက်သွယ်လို့ရမယ့် အထက်လူကြီးတွေကို အခုချက်ချင်း ဆက်သွယ်ပေးပါ... ကျွန်ုပ်တို့က ငြိမ်းချမ်းရေးအတွက် ရောက်လာတာပါ"
ထပ်မံ၍ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရပြန်သည်။ ဤဆွေးနွေးပွဲမှာ သမိုင်းတစ်လျှောက် အချိန်အကြာဆုံးနှင့် အရှည်လျားဆုံး ဆွေးနွေးပွဲကြီးတစ်ခု ဖြစ်လာမည်မှာ သေချာလှပေသည်။
……
ပြင်ပဂြိုဟ် ထောက်လှမ်းရေးအေဂျင်စီက ဗိုရှင်းဂြိုဟ်သားများ၏ သတိထားမှုကို လျှော့ချရန်အတွက် မဟာဗျူဟာမြောက် လှည့်စားမှုများ ပြုလုပ်နေချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင်...
လူသားများဘက်တွင်လည်း ကုန်ထုတ်လုပ်မှုစွမ်းအား အကြီးအကျယ် ပေါက်ကွဲလာခဲ့သည်။ နည်းပညာများက ရင့်ကျက်သော ဉာဏ်ရည်တုခေတ်သို့ ရောက်ရှိလာချိန်တွင် ကုန်ထုတ်လုပ်မှု စွမ်းအားစုစုပေါင်းမှာ လူဦးရေ အရေအတွက်ဆိုသည့် ကန့်သတ်ချက်ဘောင်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
ကုန်ထုတ်လုပ်မှု စွမ်းအားမည်မျှ ကြီးမားသနည်းဆိုသည်မှာ အထက်ပိုင်းခေါင်းဆောင်များ၏ ဆန္ဒနှင့် သယံဇာတ အရင်းအမြစ်များ၊ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု ကန့်သတ်ချက်များအပေါ်တွင်သာ မူတည်နေတော့သည်။
ဘားနတ် ကြယ်အဖွဲ့အစည်းသည် ကြယ်အဖွဲ့အစည်း တစ်ခုတည်းသာ ဖြစ်သော်လည်း လူသားတို့ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော သယံဇာတ အရင်းအမြစ်များမှာမူ ပြည့်လျှံနေလောက်အောင် ပေါများလွန်းလှသည်။
အမှတ်(၄) ဂြိုဟ် တစ်လုံးတည်း၏ စုစုပေါင်းဒြပ်ထုကပင် နေအဖွဲ့အစည်း တစ်ခုလုံးရှိ ကျောက်သားဂြိုဟ်များ အားလုံး၏ စုစုပေါင်းဒြပ်ထုနှင့် ညီမျှနေပြီဖြစ်သည်။
အမှတ်(၄) ဂြိုဟ်၏ မျက်နှာပြင်ပေါ်တွင်မူ လူသားတို့၏ လှုပ်ရှားမှုများကို ကိုယ်စားပြုနေသော ဧရာမ အင်ဂျင်နီယာသုံး စက်ယန္တရားကြီးများက ဗိုင်းရပ်စ်ပိုးများအလား အရပ်မျက်နှာ အနှံ့အပြားသို့ လျင်မြန်စွာ ပျံ့နှံ့တိုးချဲ့လျက်ရှိသည်။
အပေါ်ယံ လေထု အေးခဲသွားပြီးနောက် ဖြစ်ပေါ်လာသော "ရေခဲလွှာ" များဖြစ်စေ၊ မြေအောက်ရှိ ကျောက်ဆောင်များဖြစ်စေ အားလုံးကို အဖျက်အဆီးဆန်ဆန် တူးဖော်ပြီးနောက် ဓာတ်စင်အမျိုးမျိုးအဖြစ် ခွဲထုတ်လိုက်ကြသည်။
ထို့နောက် ၎င်းတို့မှာ စက်ရုံကြီးများ၊ စက်ယန္တရားကြီးများနှင့် သန်းနှင့်ချီသော အနုမြူပေါင်းစပ်စွမ်းအင်မီးဖိုများအတွက် လောင်စာများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ဤကဲ့သို့သော ကြီးမားကျယ်ပြန့်လှသည့် လူသားတို့၏ လှုပ်ရှားမှုများက ဤဂြိုဟ်၏ အပူချိန်ကိုပင် သက်ရောက်မှု ရှိလာစေခဲ့သည်။
ရေခဲများ ဖုံးလွှမ်းနေသော အမှတ်(၄) ဂြိုဟ်၏ အပူချိန်မှာ တစ်နှစ်လျှင် ဖာရင်ဟိုက် ၅ ဒီဂရီနှုန်းဖြင့် ဆက်တိုက် မြင့်တက်လာခဲ့ပြီး စစ်ပွဲအပြီး တတိယနှစ်သို့ ရောက်သောအခါတွင်မူ ဤဂြိုဟ်တွင် ပါးလွှာသော လေထုလွှာတစ်ခုနှင့် ရာသီဥတု ပြောင်းလဲမှု အချို့ကိုပါ ပိုင်ဆိုင်လာခဲ့ပြီဖြစ်သည်။
ထိုနှစ်အတွင်းမှာပင် လူသားတို့၏ ပထမဆုံးသော ဟင်းလင်းပြင်ကွေးညွတ် အာကာသယာဉ်ပျံသည် စမ်းသပ်ပျံသန်းမှုများကို စတင်နိုင်ခဲ့သည်။
သို့သော် ဤယာဉ်ပျံပုံစံမျိုးကို တစ်စင်းတည်းသာ တည်ဆောက်ခဲ့ပြီး မူလက နောက်ဆက်တွဲ တည်ဆောက်ရန် စီစဉ်ထားသော ယာဉ်ပျံအစင်းသုံးဆယ်ခန့်၏ စီမံကိန်းကို လုံးဝ ပယ်ဖျက်လိုက်လေသည်။
ဤယာဉ်ပျံတွင် သိသာထင်ရှားသော ချို့ယွင်းချက်များ ရှိနေ၍မဟုတ်ပေ။ ၎င်း၏ ဒီဇိုင်းမှာ အလွန်ပင် ပြည့်စုံကောင်းမွန်လှပြီး ဗိုရှင်းဂြိုဟ်သားတို့၏ နည်းပညာများကို စုပ်ယူထားသောကြောင့် လူသားတို့၏ နည်းပညာအဆင့်အတန်းကို များစွာ ခုန်ပျံကျော်လွှားသွားစေခဲ့သည်။
ယာဉ်ပျံတစ်စင်းလုံး၏ မျက်နှာပြင်မှာ မှန်သားပြင်ကဲ့သို့ လုံးဝချောမွေ့နေပြီး အလင်းပြန်နိုင်စွမ်းမှာလည်း ရာခိုင်နှုန်းပြည့်နီးပါး ရှိသည်။ ထို့ကြောင့် အလင်းထက်မြန်သော ဖိုတွန်အမှုန်များကိုပင် အလွယ်တကူ ခုခံနိုင်စွမ်း ရှိသည်။
၎င်း၏ အမြင့်ဆုံး ကွေးညွတ်ပျံသန်းမှု အမြန်နှုန်းမှာ အလင်းအလျင်၏ ၄.၅ ဆ အထိ ရှိရာ ဗိုရှင်းဂြိုဟ်သားယာဉ်ပျံများ၏ အလင်းအလျင် ၃ ဆ ထက် များစွာ သာလွန်နေသည်။
နောက်ဆက်တွဲ ယာဉ်ပျံတည်ဆောက်ရေး စီမံကိန်းများ ပယ်ဖျက်ခံလိုက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ အချိန်အတော်ကြာ စမ်းသပ်အဆင့်တွင်သာ ရှိနေခဲ့သော ဆန့်ကျင်ဘက်ဒြပ်သား စွမ်းအင်မီးဖိုက ဤနှစ်အတွင်း၌ပင် အောင်မြင်စွာ ထွက်ပေါ်လာခဲ့သောကြောင့် ဖြစ်သည်။
ဤအထူးစွမ်းအင်မီးဖို ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကြီးမားလှသော အားသာချက်များကို ပြသလာခဲ့သည်။
ပထမဆုံး စမ်းသပ်မော်ဒယ် ဖြစ်နေလျှင်တောင်မှ ၎င်း၏ အမြင့်ဆုံး စွမ်းအင်ထုတ်လွှတ်နိုင်စွမ်းက လူသားများ တည်ဆောက်ခဲ့သမျှသော အကြီးဆုံး အဏုမြူပေါင်းစပ်စွမ်းအင်မီးဖိုထက် အဆ ၃၀၀ ကျော်မျှ သာလွန်နေပြီဖြစ်သည်။
ထိုမီးဖို ၁၀ လုံးခန့် ရှိရုံဖြင့် မူလက ဒီဇိုင်းဆွဲထားသော ယာဉ်ပျံတစ်စင်းလုံးအတွက် လိုအပ်သည့် စွမ်းအင်ကို အပြည့်အဝ ထောက်ပံ့ပေးနိုင်ပေသည်။
လောင်စာဆီအတွက် ချွေတာနိုင်သော နေရာလွတ်များကိုပါ ထည့်ပေါင်းလိုက်မည်ဆိုပါက ရိုးရိုးရှင်းရှင်း အစားထိုးလိုက်ရုံဖြင့်ပင် ယာဉ်ပျံအတွင်း၌ နေရာလွတ် ၁၅ ရာခိုင်နှုန်းခန့်ကို ရရှိနိုင်ပေသည်။
ဤပထမမျိုးဆက် ဟင်းလင်းပြင်ကွေးညွတ်ယာဉ်ပျံ၏ စွမ်းအင် သုံးစွဲမှုမှာ ရေကာတာကျိုးပေါက်သွားသည်နှင့်အလား အလွန်အမင်း များပြားလှသည်။
ယာဉ်ပျံ၏ နေရာအတော်များများကို ရေသန့်များ (အဏုမြူပေါင်းစပ်လောင်စာ) သိုလှောင်ရန်နှင့် စွမ်းအင်မီးဖိုများ တပ်ဆင်ရန်အတွက် အသုံးပြုထားရသည်။
ဤ ၁၅ ရာခိုင်နှုန်းသော နေရာလွတ်ကို အထင်မသေးသင့်ပေ။
လူသားများဆိုသည်မှာ ပြင်ပရန်သူဟူ၍ မရှိဘဲ ကာလရှည်ကြာ ငြိမ်းချမ်းနေခဲ့သော ဗိုရှင်းဂြိုဟ်သားများ မဟုတ်ကြပေ။ စစ်ပွဲဆိုသည်မှာ လူသားတို့၏ သမိုင်းကြောင်း တစ်လျှောက်လုံးတွင် အမြဲတမ်း ဒွန်တွဲနေခဲ့သော အရာဖြစ်သည်။
ဗိုရှင်းဂြိုဟ်သားများ၏ စစ်ရေးစစ်ရာအပေါ် ကလေးကလား သဘောထားမျိုးနှင့် နှိုင်းယှဉ်ပါက လူသားတို့၏ စစ်လက်နက် ပစ္စည်းများအပေါ် ရှုမြင်ပုံမှာ လုံးဝကို အပ်ကျမရွေး စေ့စပ်သေချာလွန်းလှပြီး လက်နက်များ၏ စွမ်းဆောင်ရည်ကို အမြင့်ဆုံး အတိုင်းအတာအထိ ရောက်ရှိအောင် ကြိုးပမ်းတတ်ကြသည်။ လူသားတို့၏ စစ်သုံး ယာဉ်ပျံများပေါ်တွင် နေရာလွတ် အနည်းငယ်မျှကိုပင် အလဟဿ ထားရှိမည်မဟုတ်ချေ။
ထိုနေရာလွတ်က ယာဉ်ပျံ၏ ဒီဇိုင်းကို ပိုမို လွတ်လပ်သက်သာသွားစေရုံသာမကဘဲ ယာဉ်ပျံ၏ အရွယ်အစားကို ထပ်မံချဲ့ထွင်စရာမလိုဘဲ ပိုလျှံလာသော နေရာများတွင် ဆန့်ကျင်ဘက်ဒြပ်သား စွမ်းအင်မီးဖိုများကို ထပ်မံတပ်ဆင်လိုက်ရုံဖြင့် ပိုမိုအားကောင်းသော စွမ်းအင်များကို ရရှိနိုင်မည်ဖြစ်သည်။
တစ်ခုတည်းသော အားနည်းချက်ဟူ၍ ဆန့်ကျင်ဘက်ဒြပ်သား သိုလှောင်ထားမှု ပမာဏ ကန့်သတ်ချက် ရှိနေခြင်းသာ ဖြစ်သည်။
ဤနှစ်များအတွင်း ဆန့်ကျင်ဘက်ဒြပ်သား ထုတ်လုပ်မှု နည်းပညာမှာ သိသိသာသာ တိုးတက်လာခဲ့ပြီး ယခုအခါ စွမ်းအင်နှင့် ဆန့်ကျင်ဘက်ဒြပ်သား ကူးပြောင်းမှုနှုန်းမှာ တစ်သောင်းပုံ တစ်ပုံအထိ ရောက်ရှိနေပြီဖြစ်သည်။ ဆိုလိုသည်မှာ စွမ်းအင် တစ်သောင်းဆက ဆန့်ကျင်ဘက်ဒြပ်သား စွမ်းအင် တစ်ဆအဖြစ်သို့ ကူးပြောင်းပေးနိုင်သည်။
သို့သော် ဘားနတ် ကြယ်အဖွဲ့အစည်းတွင် ယာယီ ခြေချပြီးကတည်းက လူသားများ၏ ဆန့်ကျင်ဘက်ဒြပ်သား ထုတ်လုပ်မှုမှာ အသေးစားအဆင့်တွင်သာ ရှိနေခဲ့ပြီး စစ်မက်ဖြစ်ပွားနေချိန်တွင်ပင် ထုတ်လုပ်မှု ပမာဏကို တိုးမြှင့်ခဲ့ခြင်း လုံးဝ မရှိခဲ့ချေ။
ပထမအချက်မှာ စွမ်းအင် ဖြုန်းတီးမှု များပြားလွန်းခြင်းကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာမူ ဆန့်ကျင်ဘက်ဒြပ်သား လိုအပ်ချက် သိပ်မရှိလှသောကြောင့် ဖြစ်သည်။
ကြယ်တာရာစစ်ပွဲများတွင် ၎င်း၏ အသုံးဝင်မှုမှာ ကြက်ရိုး (စားမရ ပစ်မရ) သဖွယ် ဖြစ်နေသည်။ အလွန်ဝေးကွာလှသော အကွာအဝေးများကို ရင်ဆိုင်ရချိန်တွင် အလင်းအလျင်သုံး လက်နက်များကသာ ကြယ်တာရာစစ်ပွဲ၏ အဓိက လက်နက်များ ဖြစ်ကြပြီး အထိရောက်ဆုံးသော လက်နက်များလည်း ဖြစ်ကြသည်။
ထို့ကြောင့်လည်း လူသားများ ဤကြယ်အဖွဲ့အစည်းတွင် ဆယ်နှစ်ကျော်ကြာ နေထိုင်ခဲ့သော်လည်း စုစုပေါင်း ဆန့်ကျင်ဘက်ဒြပ်သား သိုလှောင်နိုင်မှုမှာ တန်ချိန် ထောင်ပေါင်းများစွာသာ ရှိသေးသည်။
ထိုအထဲမှ အတော်များများမှာ ဗိုရှင်းဂြိုဟ်သားတို့၏ ယာဉ်ပျံမှ သိမ်းဆည်းရမိထားခြင်း ဖြစ်သည်။
သို့သော် ဤမျှလောက်သော ပမာဏမှာ ဟင်းလင်းပြင်ကွေးညွတ် ယာဉ်ပျံတစ်စင်း အလင်းနှစ် သုံးဆယ်ခန့် ခရီးနှင်ရန် လိုအပ်သော စွမ်းအင်အတွက်ပင် လုံးဝ မလုံလောက်သေးချေ။
ကံကောင်းသည်မှာ ဤအားနည်းချက်ကို ဖြည့်ဆည်းရန် အလွန် လွယ်ကူလှသည်။ ယခုခေတ် လူသားတို့၏ နည်းပညာအဆင့်အတန်းအရ ထုတ်လုပ်မှု ပမာဏကို ရိုးရိုးရှင်းရှင်း တိုးမြှင့်လိုက်ရန်မှာ လွယ်ကူလွန်းလှပေသည်။
စစ်ပွဲအပြီး စတုတ္ထနှစ်တွင် တစ်နှစ်တည်းနှင့်ပင် ဆန့်ကျင်ဘက်ဒြပ်သား ထုတ်လုပ်မှု ပမာဏကို ဆယ်ဆခန့် တိုးမြှင့်နိုင်ခဲ့ပြီး တန်ချိန် ၅၀၀၀ အထိ ရောက်ရှိလာခဲ့သည်။
ပဉ္စမနှစ်သို့ ရောက်သောအခါ ဆန့်ကျင်ဘက်ဒြပ်သား ထုတ်လုပ်မှုမှာ တန်ချိန် ရှစ်သောင်းအထိ ရောက်ရှိသွားခဲ့သည်။
ယင်းအတွက် ပေးဆပ်လိုက်ရသော တန်ဖိုးမှာ ဤနှစ်နှစ်အတွင်း အမှတ်(၄) ဂြိုဟ်၏ အပူချိန် ဖာရင်ဟိုက် ၁၈ ဒီဂရီခန့် ထပ်မံ မြင့်တက်သွားခြင်းပင် ဖြစ်သည်။
ဆက်ရန်...