အခန်း (၃၇၁)
Vol. 38 Ch. 371
“အင်း... တကယ်လို့ နိမိတ်က အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦး ကျဆုံးမယ်လို့ ဟောကိန်းထုတ်ထားရင်တောင် ဘယ်သူကမှ အဲဒါက မသေနိုင်သော အရှင်သခင်ဖြစ်မယ်လို့ ထင်မှာမဟုတ်ဘူး”
“မှန်တယ် သူ့ရဲ့ ကောင်းကင်ဘုံပေး နတ်ဘုရားအတတ်ပညာတွေက တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်။ သူ့ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ”
အရှင်သခင်များက တစ်ယောက်တစ်လှည့် ပြောဆိုနေကြသည်။
သန့်ရှင်းသော မျက်လုံး အရှင်သခင်ကလည်း သဘောတူညီစွာဖြင့် “အဲဒီလိုဆိုရင် လောလောဆယ်တော့ အခြေအနေကို စောင့်ကြည့်ကြရအောင်။ အပြာရောင်ကြယ်ဂြိုလ်ဆီကို သတင်းအချက်အလက် စုဆောင်းဖို့ လူလွှတ်ထားမယ်။ အားလုံး အဆင်သင့်ဖြစ်ပြီဆိုမှ ငါတို့ အစီအစဉ်ဆွဲကြတာပေါ့”
ထိုသို့ပြောပြီးနောက် အရှင်သခင်များ၏ ပုံရိပ်ယောင်များမှာ ပျောက်ကွယ်သွားကြသည်။ အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦး ကျဆုံးမည့်အကြောင်း ရေးထိုးထားသော လိပ်ခွံမှာလည်း ကွယ်ပျောက်သွားတော့သည်။
သန့်ရှင်းသော မျက်လုံး အရှင်သခင်သည် သူ၏ ကိုယ်ပိုင်ဟင်းလင်းပြင်သို့ ပြန်ရောက်သောအခါ ခုနက ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်တွေးတောနေမိသည်။
“လောလောဆယ်တော့ ငါတို့ သတိထားပြီး လှုပ်ရှားရမယ်။ ဘာပဲလုပ်စရာရှိရှိ လက်အောက်ခံတွေကိုပဲ ကိုင်တွယ်ခိုင်းလိုက်တာ အကောင်းဆုံးပဲ”
နောက်တစ်စက္ကန့်မှာပင် သူ၏ ယုံကြည်စိတ်ချရသော နတ်ဘုရားအဆင့် လင်းနို့ ပေါ်လာသည်။
“အရှင်”
သန့်ရှင်းသော မျက်လုံး အရှင်သခင်မှာ ချက်ချင်းပင် အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦး၏ အရှိန်အဝါကို ပြန်လည်ဆောင်ယူလိုက်ပြီး “တစ်ခုခု ထူးခြားလို့လား”
“ဒီလိုပါ အရှင်...”
ထို့နောက် နတ်ဘုရားအဆင့် လင်းနို့မှာ ဂြိုလ်ပြင်ပစစ်မြေပြင်တွင် ဖြစ်ပျက်သမျှကို အရှင်သခင်အား အသေးစိတ် တင်ပြတော့သည်။
ဆန်းကြယ်လှသော ကောင်းကင်ဘုံပေး နတ်ဘုရားအတတ်ပညာများအကြောင်းနှင့် ကုသ၍မရသော ထူးဆန်းသည့် ဓားဒဏ်ရာများအကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
ဤအချက်များအားလုံးမှာ လိပ်ခွံထံမှ ရရှိခဲ့သော နိမိတ်နှင့် ထူးဆန်းစွာ တူညီနေသည်ဟု သူခံစားလိုက်ရသည်။
"အကယ်၍ ဒီစက္ကူရုပ်တွေရဲ့ စွမ်းအားက နတ်ဘုရားအဆင့် သတ္တဝါတွေကိုတောင် ဒဏ်ရာရစေပြီး ကုသလို့မရအောင် လုပ်နိုင်တယ်ဆိုရင် တကယ်လို့သာ အထွတ်အထိပ် ပုဂ္ဂိုလ်တစ်
ယောက်ကို ဒဏ်ရာရစေခဲ့မယ်ဆိုရင်ကော အဲဒီလို ရလဒ်မျိုးပဲ ဖြစ်လာနိုင်မလား။
အခုလောလောဆယ်မှာတော့ စက္ကူရုပ်တွေရဲ့ စွမ်းအားက နိမ့်ပါးနေသေးပြီး အထွတ်အထိပ် ပုဂ္ဂိုလ်တွေအတွက်တော့ ပုရွက်ဆိတ်လေးတွေလိုပါပဲ။ ဒါပေမဲ့... အကယ်၍ သူတို့သာ ထပ်ပြီး တိုးတက်လာခဲ့မယ်ဆိုရင်ကော သူတို့က တကယ်ပဲ အဲဒီလို ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုးကို ပိုင်ဆိုင်သွားနိုင်မလား"
“ဒုန်း”
ကောင်းကင်နှင့် မြေကြီးကို တုန်ဟိန်းသွားစေသည့် နှလုံးခုန်သံတစ်ခု ထွက်ပေါ်လာသည်။
နတ်ဘုရားအဆင့် လင်းနို့မှာ ထိုအသံကို ကြားလိုက်ရသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု၏ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး ချက်ချင်းပင် မျက်စိ၊ နား၊ နှာ၊ ပါး စသည့် ကိုယ်ခန္ဓာ အပေါက်ခုနစ်ပေါက်မှ သွေးများ ယိုစီးကျလာတော့သည်။
ဤအရာမှာ သန့်ရှင်းသော မျက်လုံး အရှင်သခင်၏ မြန်ဆန်သွားသော နှလုံးခုန်သံကြောင့်ပင်။
ဤကဲ့သို့ ခံစားချက်မျိုး မရရှိခဲ့သည်မှာ အလွန်ကြာခဲ့ပြီ ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ သူသည် စက္ကူရုပ်တပ်မဟာကြောင့် အမှန်တကယ် ထိတ်လန့်သွားခဲ့ရခြင်းပင်။
“လိပ်ခွံရဲ့ နိမိတ်က ငါ့အပေါ် သက်ရောက်မှု အရမ်းကြီးသွားပုံပဲ”
ထိုသို့ သူတွေးလိုက်သည်။
ထို့နောက် သန့်ရှင်းသော မျက်လုံး အရှင်သခင်၏ စွမ်းအားတစ်ခု လင်းနို့ဆီသို့ ရောက်သွားပြီး ဒဏ်ရာများမှာ ချက်ချင်းပင် ပြန်လည်ကောင်းမွန်သွားသည်။
“ကျေးဇူးတင်ပါတယ် အရှင်”
အရှင်သခင်က “အောက်က နတ်ဘုရားအဆင့် သတ္တဝါတွေကို ပြောလိုက် ဒီစက္ကူရုပ်တပ်မဟာကို အထူးဂရုစိုက် စောင့်ကြည့်ဖို့နဲ့ ဖြစ်နိုင်ရင် သူတို့နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့သူကို ရှာဖွေဖို့ပေါ့”
အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦး ကျဆုံးခြင်းသို့ ဦးတည်သွားနိုင်မည့် မည်သည့် အဖြစ်အပျက်မျိုးကိုမဆို သူတို့ မဖြစ်မနေ တားဆီးရမည်ပင်။
လင်းနို့ဘုရင်မှာ အားကိုးရာမဲ့သည့် ပုံစံဖြင့် “အရှင်... သူတို့က စစ်မြေပြင်ကို မသွားရဲကြတော့ဘူး။ နတ်ဘုရားအဆင့်တွေကို မျက်စိတစ်မှိတ်အတွင်း သတ်နိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျွမ်းကျင်သူနဲ့ ထူးဆန်းတဲ့ စက္ကူရုပ်တပ်မဟာကို သူတို့ တကယ် ကြောက်နေကြတာပါ”
အထွတ်အထိပ် ပုဂ္ဂိုလ်များပင် သေခြင်းတရားကို ကြောက်နေလျှင် နတ်ဘုရားအဆင့် သတ္တဝါများမှာ ဆိုဖွယ်ရာ မရှိပေ။ ဤအဆင့်သို့ ရောက်ရန် သူတို့လည်း နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသဖြင့် အကျဆုံးမခံနိုင်ကြချေ။
သို့သော် မည်မျှပင် ကြောက်နေပါစေ စက္ကူရုပ်တပ်မဟာကို ကြိုးကိုင်သူအား ရှာဖွေရန် တာဝန်ကိုမူ သူတို့ မရှောင်လွှဲနိုင်ပေ။
“စစ်မြေပြင်ကို သွားရဲတဲ့သူတွေကို ငါ့ရဲ့ အရှိန်အဝါ အစအနတစ်ခုစီ ခွဲဝေပေးလိုက်မယ်။ အဲဒီအရာက သူတို့ကို ဘယ်လိုထိခိုက်မှုမျိုးကနေမဆို ကင်းလွတ်စေလိမ့်မယ်”
အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦး၏ အရှိန်အဝါမှာ စက္ကူရုပ်ဓားများ၏ ဒဏ်ရာမှ ကာကွယ်ပေးနိုင်မည်ပင်။
လင်းနို့ဘုရင်က ခေါင်းညိတ်ကာ “အရှင့်ရဲ့ အရှိန်အဝါကိုသာ ရမယ်ဆိုရင် နတ်ဘုရားအဆင့် သတ္တဝါတွေ အများကြီး စစ်မြေပြင်ကို သွားချင်ကြမှာ အသေအချာပါပဲ”
သန့်ရှင်းသော မျက်လုံး အရှင်သခင် “ငါ့ရဲ့ အရှိန်အဝါ အစအနတစ်ခုက သူတို့ကို တခြား နယ်ပယ်တစ်ခုဆီအထိ တိုးတက်သွားစေဖို့ လုံလောက်တယ်။ အခုဆိုရင် သူတို့ အဲဒီအခွင့်အရေးအတွက် လုနေကြလောက်ပြီ”
...
နတ်ဘုရားအဆင့် လင်းနို့မှာ သန့်ရှင်းသော မျက်လုံး အရှင်သခင်၏ အရှိန်အဝါ ဆယ်ခုကို သယ်ဆောင်ပြီး ဟင်းလင်းပြင်မှ ထွက်လာခဲ့သည်။ နတ်ဘုရားအဆင့် သတ္တဝါများစွာမှာ သူ့ကို မျှော်လင့်တကြီးဖြင့် စောင့်ကြည့်နေကြသည်။
“အားလုံးပဲ နားထောင်ကြ။ ဂြိုလ်ပြင်ပစစ်မြေပြင်ကို သွားရဲတဲ့ ဘယ်နတ်ဘုရားအဆင့် သတ္တဝါကိုမဆို အရှင်သခင်က သူ၏ အရှိန်အဝါ အစအနတစ်ခုစီ ချီးမြှင့်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ”
အရှင်သခင်ရဲ့ အရှိန်အဝါလား။
သတ္တဝါအားလုံး ထိုဆုလာဘ်ကြောင့် စိတ်လှုပ်ရှားသွားကြသည်။ လင်းနို့က ဆက်လက်၍ “ဒီအရှိန်အဝါက မင်းတို့ကို တိုက်ခိုက်မှုတစ်ခုကနေ ကာကွယ်ပေးနိုင်သလို စစ်မြေပြင်ကနေ မိုင်ပေါင်းထောင်ချီကို ချက်ချင်း ထွက်ပြေးလွတ်မြောက်နိုင်စေလိမ့်မယ်”
ဤအရာမှာ တကယ့်ကို အသက်ကယ် နတ်ဘုရားအတတ်ပညာပင်။ ထို့အပြင် ထိုအရှိန်အဝါကို ကိုယ့်အနားတွင် ထားရှိခြင်းက ပြောမပြနိုင်အောင် များပြားလှသည့် အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သည်။
၎င်းမှာ အခြားသတ္တဝါများ အိမ်မက်ပင် မမက်ဝံ့သော အရာ ဖြစ်သည်။
ယခုမူ စစ်မြေပြင်သို့ သွားရုံဖြင့် ထိုရတနာကို ရရှိနိုင်မည် ဖြစ်ရာ သတ္တဝါတိုင်းမှာ မသွားချင်ဘဲ မနေနိုင်ကြတော့ပေ။
“အရှင်... ကျွန်တော့်ရဲ့ အာရုံခံပါရမီနဲ့ဆိုရင် စက္ကူရုပ်တွေကို ကြိုးကိုင်နေတဲ့သူကို ရှာနိုင်မှာပါ။ ကျွန်တော် သွားပါ့မယ်”
“အရှင်... ကျွန်တော်လည်း သွားပါ့မယ်”
“အရှင်... ကျွန်တော်မျိုးတို့ဟာ အရှင့်အတွက်ဆိုရင် ဘယ်လိုအခက်အခဲမျိုးကိုမဆို မတွန့်မဆုတ်ဘဲ ရင်ဆိုင်ဖို့ အသင့်ပါပဲ”
...
မကြာမီမှာပင် နတ်ဘုရားအဆင့် လင်းနို့သည် ဂြိုလ်ပြင်ပစစ်မြေပြင်သို့ သွားရန်အတွက် နတ်ဘုရားအဆင့် သတ္တဝါ ၁၀ ကောင်ကို ရွေးချယ်လိုက်သည်။
ထိုနတ်ဘုရားအဆင့် သတ္တဝါ ၁၀ ကောင်သည် စစ်မြေပြင်သို့ ရောက်ရှိလာကြသည်။
ရောက်ရောက်ချင်းမှာပင် အာရုံခံနိုင်စွမ်း အကောင်းဆုံးဖြစ်သည့် သတ္တဝါက “လူသားတွေရဲ့ နတ်ဘုရားသတ်တပ်ဖွဲ့တစ်ခုကို ငါ အာရုံခံမိတယ်။ အရင်သွားပြီး ရှင်းလိုက်ဦးမယ်” ဟု ပြောကာ ထွက်သွားသည်။
တစ်မိနစ်ပင် မပြည့်မီမှာပင် သူသည် လူသားဦးခေါင်း အနည်းငယ်ကို သယ်ဆောင်၍ ပြန်ရောက်လာသည်။
“ကဲ... ငါ့တာဝန် ပြီးပြီဆိုတော့ သတင်းပို့ဖို့ ပြန်နှင့်တော့မယ်”
ကျန်ရှိနေသော နတ်ဘုရားအဆင့် သတ္တဝါ ၉ ကောင်မှာ ၎င်းကို မြင်လိုက်ရသောအခါ ကြောင်အမ်းသွားကြသည်။
ဒီလိုမျိုး လုပ်လို့ရတာလား။
သိပ်မကြာခင်မှာပင် သူတို့သည် ဤနည်းလမ်း၏ သဘောတရားကို နားလည်သွားကြသည်။
နေ့စဉ်နေ့တိုင်း နတ်ဘုရားသတ်တပ်ဖွဲ့ တစ်ဖွဲ့ကို သတ်ဖြတ်ပြီး ဦးခေါင်းများကို သတင်းပို့ရန် သယ်ဆောင်သွားရုံဖြင့် သူတို့သည် တာဝန်ကို အလေးအနက် ထမ်းဆောင်နေသည်ဟု ယူဆခံရမည်ဖြစ်ပြီး အရှင်သခင်၏ အပြစ်ပေးခြင်းကိုလည်း ခံရမည်မဟုတ်ပေ။
နတ်ဘုရားသတ်တပ်ဖွဲ့ တစ်ဖွဲ့ကို သတ်ဖြတ်ရုံမျှဖြင့် လူသားများဘက်ကလည်း ဤမျှ အကျအဆုံးနည်းပါးမှုအတွက် အကြီးအကျယ် လိုက်လံတိုက်ခိုက်လိမ့်မည် မဟုတ်သလို ကပ်ဘေးအဆင့် ညစ်ညမ်းဇုန်၏ အနက်ရှိုင်းဆုံးနေရာအထိလည်း လာရောက်စွန့်စားကြမည် မဟုတ်ချေ။
ထို့အပြင် ယွဲ့နယ်ပယ်၏ နတ်ဘုရားသတ်တပ်ဖွဲ့ဝင်များက သူတို့အတွက် မည်သည့်ခြိမ်းခြောက်မှုမှ မဖြစ်စေနိုင်ပေ။ ဤသို့ဖြင့် သူတို့သည် သန့်ရှင်းသော မျက်လုံး အရှင်သခင်၏ အရှိန်အဝါကို လက်ဝယ်ပိုင်ဆိုင်ထားနိုင်မည်ဖြစ်ပြီး ၎င်းမှရရှိသော ကျင့်ကြံခြင်း အကျိုးကျေးဇူးများကိုလည်း ဆက်လက်ခံစားနိုင်မည်ပင်။
ဤအချက်ကို သဘောပေါက်သွားကြပြီးနောက် ကျန်ရှိသော နတ်ဘုရားအဆင့် သတ္တဝါ ၉ ကောင်မှာလည်း လူသားစစ်သည်များကို ရှာဖွေအမဲလိုက်ရန် အသီးသီး လူစုခွဲလိုက်ကြတော့သည်။
ဤသို့ဖြင့် တစ်ရက်ကုန်ဆုံးသွားသည်။
နတ်ဘုရားအဆင့် သတ္တဝါ ၁၀ ကောင်စလုံးသည် လူသားစစ်သည်ဦးခေါင်းများကို သယ်ဆောင်၍ နတ်ဘုရားအဆင့် လင်းနို့ထံသို့ သတင်းပို့ရန် ပြန်လာကြသည်။ လင်းနို့မှာလည်း တစ်ဖက်မှ အကျအဆုံးများရှိနေသဖြင့် အတော်ပင် ကျေနပ်နေသည်။
ဒုတိယမြောက်နေ့တွင်လည်း ထိုနည်းအတိုင်းပင်။
တတိယမြောက်နေ့တွင်လည်း ထိုနည်းအတိုင်းပင်။
စတုတ္ထမြောက်နေ့သို့ ရောက်သောအခါတွင်လည်း ထိုနည်းအတိုင်း ဖြစ်နေဆဲပင်။
ငတုံးတစ်ယောက်ပင်လျှင် ဘာတွေဖြစ်နေသလဲဆိုသည်ကို ခန့်မှန်းနိုင်နေပြီဖြစ်သည်။
ဒါက ဘာလဲ။ ဒါက သိသိသာသာကြီး တာဝန်ကို ခိုကပ်နေကြတာ မဟုတ်ဘူးလား။
ထိုအရာက ဗြောင်ကျကျ တာဝန်ရှောင်နေခြင်းပင်။