အခန်း (၃၇၆)
Vol. 38 Ch. 376
နောက်ဆုံးတွင် တတိယမြောက်နေ့ နေ့လယ်ပိုင်း၌ မြေပြင်ပေါ်တွင် အိပ်ပျော်နေကြသော ကျင့်ကြံသူအားလုံး မျက်လုံးပွင့်လာကြသည်။
နိုးလာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ဘုံထိပ်သီးနန်းဆောင်မှ ထုတ်ပြန်သော သတင်းကောင်းကို သူတို့ ကြားလိုက်ရသည်။
ယနေ့မှစ၍ ရတနာတိုက်ရှိ ရတနာအားလုံးကို ၃၀ ရာခိုင်နှုန်း လျှော့စျေးဖြင့် ရောင်းချပေးမည်ဆိုသည့်သတင်းပင်။
နိုးလာကာစ ကျင့်ကြံသူများသည် ဤသတင်းကို ကြားရသောအခါ အလွန်ဝမ်းသာသွားကြသည်။
“ဟားဟား... အခုဆိုရင် ငါ့ရဲ့ နတ်ဘုရားအဆင့် လက်နက်တွေကို အဆင့်မြှင့်လို့ ရပြီ”
“၃၀ ရာခိုင်နှုန်းတောင် လျှော့တာဆိုတော့ ငါအရင်ကတည်းက လိုချင်နေတဲ့ ရတနာကို နောက်ဆုံးတော့ ဝယ်နိုင်တော့မယ်"
“ရတနာတိုက်ရေ... ငါလာပြီ။ နောက်ကျသွားရင် ဘယ်လောက်ကြာအောင် စောင့်ရဦးမလဲ မသိဘူး”
“ဟုတ်တယ်... အခုချက်ချင်း သွားပြီး တန်းစီကြစို့”
“ငါ့ကိုလည်း စောင့်ဦး”
နတ်ဘုရားသတ်တပ်ဖွဲ့ဝင်များသည် သူတို့၏ ပေရေနေသော အဝတ်အစားများကိုပင် မလဲနိုင်အားဘဲ ရတနာတိုက်သို့ တိုက်ရိုက်သွားကာ သူတို့အလိုရှိသော ရတနာများကို လဲလှယ်ကြတော့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံထိပ်သီးနန်းဆောင်၌ မြေကမ္ဘာကြောရိုးပန်းပွင့် ၅၀ က နဂါးကြောရိုးကို ဖော်ဆောင်နေကြစဉ်အတွင်း ရွှီရန်သည် ဘေးကင်းဇုန်သို့ ပြန်ရောက်လာခဲ့ပြီး ရောက်ရောက်ချင်းမှာပင် နန်းဆောင်သို့ ခေါ်ယူခြင်းခံရသည်။
ကောင်းကင်ဘုံ လက်မှုပညာရှင်က ရွှီရန်ကို ကြည့်ကာ “ရွှီရန်... ငါတို့ ခုလေးတင် အောင်ပွဲရခဲ့တယ်ဆိုပေမဲ့ အဓိကဂြိုလ်သုံးလုံးရဲ့ ကျူးကျော်မှုကတော့ ဆက်ရှိနေဦးမှာပဲ။ ပြီးတော့ ဒီတစ်ခေါက်ထက်တောင် ပိုပြီး ပြင်းထန်လာနိုင်တယ်"
“ဟုတ်ပါတယ် အဲဒီဂြိုလ်သုံးလုံးက အပြာရောင်ကြယ်ဂြိုလ်ကို အလွယ်တကူ လက်လွှတ်မှာ မဟုတ်ဘူး”
ရွှီရန်က သဘောတူညီစွာ ပြန်ပြောလိုက်သည်။
“ဒါပေမဲ့ အခုဆိုရင် မြေကမ္ဘာကြောရိုးပန်းပွင့်တွေက တဖြည်းဖြည်း နိုးထလာနေပြီ။ အပြာရောင်ကြယ်ဂြိုလ်ပေါ်က ဝိညာဉ်ချီစွမ်းအင်တွေကလည်း ပိုပြီး ပေါကြွယ်ဝလာပြီ။ ကျွန်တော့်ရဲ့ ရတနာအဆောင်တွေနဲ့ အစီအရင်တွေပါ ပေါင်းလိုက်ရင် အဲဒီဂြိုလ်တွေကလာတဲ့ မိစ္ဆာတွေကို ယှဉ်နိုင်ဖို့ လုံလောက်ပါတယ်"
ဖော်ဆောင်နေဆဲဖြစ်သော နဂါးကြောရိုးအကြောင်းကိုမူ သူ ထည့်မပြောသေးပေ။ မြေကမ္ဘာကြောရိုးပန်းပွင့်များက နဂါးကြောရိုးကို အောင်မြင်စွာ ဖော်ဆောင်နိုင်ပြီး လျှို့ဝှက်နယ်ပယ်မှ ရတနာများကို ရရှိလိုက်သည်နှင့် အပြာရောင်ကြယ်ဂြိုလ်၏ ပြဿနာများနှင့် ကျူးကျော်မှု အခက်အခဲများကို အခြေခံအားဖြင့် ဖြေရှင်းနိုင်မည်ပင်။
ဘဏ်လုပ်ငန်းရှင် “ဒါပေမဲ့ လောလောဆယ်မှာ အစီအရင်တွေနဲ့ အဆောင်တွေ အားလုံးကို မင်းတစ်ယောက်တည်းကပဲ လုပ်ပေးနေရတာ။ အခု မင်းက မြေကမ္ဘာကြောရိုးပန်းပွင့်တွေအပေါ်မှာလည်း အာရုံစိုက်ရဦးမယ်ဆိုတော့ မင်းမှာ လုံလောက်တဲ့ အင်အားရှိပါ့မလား”
ရွှီရန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“မပူပါနဲ့ ကျွန်တော့်အတွက် ဘာပြဿနာမှ မရှိပါဘူး”
ငယ်စဉ်ကတည်းက ရွှီရန်၏ စည်းကမ်းရှိမှုများကြောင့် ဤကဲ့သို့သော ကိစ္စလေးများမှာ သူ့အင်အားကို များစွာ ကုန်ဆုံးစေမည်မဟုတ်ပေ။ သို့သော်လည်း ပါးနပ်သော ရွှီရန်သည် နန်းဆောင်က ဘာလုပ်ချင်နေသည်ကို ကြိုတင်ခန့်မှန်းမိပြီးသားဖြစ်သည်။
ဘဏ်လုပ်ငန်းရှင်က သူ၏ ရွှေရောင်မျက်မှန်ကို ပင့်တင်လိုက်ကာ “ဒါတောင်မှ လူတစ်ယောက်ရဲ့ အင်အားဆိုတာ ကန့်သတ်ချက် ရှိစမြဲပဲ။ တခြားဂြိုလ်တွေနဲ့ တိုက်ပွဲတွေက ပိုပြင်းထန်လာတာနဲ့အမျှ အဆောင်တွေလည်း အများကြီး ပိုလိုလာလိမ့်မယ်"
ကောင်းကင်ဘုံ လက်မှုပညာရှင်ကလည်း ထောက်ခံသည်။
“မှန်တယ်။ ဒါကြောင့် အဆောင်အစီအရင် ပါရမီပါတဲ့ လူငယ်တွေကို အဆောင်ရေးထွင်းနည်းနဲ့ အစီအရင်ခင်းကျင်းနည်းတွေ မင်းဆီမှာ သင်ယူစေချင်တယ်"
ရွှီရန်က သဘောတူလိုက်သည်။
“ရပါတယ် ပြဿနာမရှိပါဘူး။ ကျွန်တော့်မှာလည်း ဒီအတောအတွင်း တခြားကိစ္စ မရှိသေးတော့ သူတို့ကို သင်ပေးလို့ ရပါတယ်"
သင်ကြားပြသပေးခြင်းမှာ ရွှီရန် ကျွမ်းကျင်သော အရာတစ်ခု ဖြစ်သည်။ သူ၏ လက်အောက်မှ ကိုယ်ပျောက်အတတ်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သော ပါရမီရှင်နှစ်ဦးပင် ပေါ်ထွက်ခဲ့ဖူးသည်။
ထို့ပြင် တပည့်များ၏ ပါရမီနှင့် ပတ်သက်၍လည်း သူ မစိုးရိမ်ပေ။ ကောင်းကင်ဘုံထိပ်သီးနန်းဆောင်က ကြိုတင်ရွေးချယ်ထားသော သူများဖြစ်သဖြင့် သူတို့၏ ပါရမီမှာ သေချာပေါက် ကောင်းမွန်နေမည်ပင်။
ဘဏ်လုပ်ငန်းရှင်က ပြုံးလျက် “ရွှီရန်... ရွေးချယ်ထားတဲ့ ပါရမီရှင်တွေက ရတနာတိုက် အပြင်ဘက်မှာ မင်းကို စောင့်နေကြပြီ"
ရွှီရန် ခေါင်းငြိမ့်လိုက်သည်။
“ကောင်းပါပြီ"
ထို့နောက် အကြီးအကဲငါးဦးနှင့် ရွှီရန်တို့သည် အစည်းအဝေးခန်းမှ ထွက်ခွာကာ ရတနာတိုက်၏ အပြင်ဘက်သို့ ဦးတည်သွားကြသည်။
ထိုအချိန်တွင် ရတနာတိုက်၏ အပြင်ဘက်၌ ယွဲ့နယ်ပယ် ကျင့်ကြံသူများသည် ရတနာများ လဲလှယ်ရန် စိတ်အားထက်သန်စွာ စုရုံးနေကြသည်။
“နန်းဆောင်အကြီးအကဲငါးဦးနဲ့ စစ်သူကြီးရွှီ လာနေပြီဟေ့"
တစ်ယောက်ယောက်က အော်ပြောလိုက်ရာ ကျင့်ကြံသူအားလုံးက လမ်းဖယ်ပေးလိုက်ကြပြီး အကြီးအကဲများနှင့် ရွှီရန်တို့ကို ဖြတ်သွားခွင့်ပြုလိုက်ကြသည်။
သူတို့သည် ရွှီရန်ကို မြင်သောအခါ မျက်နှာများမှာ စိတ်လှုပ်ရှားမှုနှင့် လေးစားမှုတို့ဖြင့် ပြည့်နှက်သွားသည်။ ရွှီရန်မှာ အသက် ၁၀ နှစ်သာ ရှိသေးသော်လည်း သူ၏ အကျိုးပြုမှုများမှာ ထိုနေရာရှိ လူအားလုံးထက် များစွာ သာလွန်နေသည်။
တိုက်ပွဲ၏ အခြေအနေကို ပြောင်းလဲပေးခဲ့သော အဆောင်များနှင့် အစီအရင်များသည် ရွှီရန်၏ ဖန်တီးမှုများ ဖြစ်သည်။
မြေကမ္ဘာကြောရိုးပန်းပွင့်များကို နိုးထစေခဲ့သူမှာလည်း ရွှီရန်ပင်။ ဤအရာနှစ်ခုသာ မရှိပါက လူသားများနှင့် မိစ္ဆာများ၏ ရင်ဆိုင်မှုမှာ သေချာပေါက် ရှုံးနိမ့်မှုဖြင့်သာ အဆုံးသတ်သွားမည်ပင်။
သို့သော် ဤလောကတွင် တကယ်လို့များဆိုသည့် စကားလုံးအတွက် နေရာမရှိပေ။ လူသားမျိုးနွယ်ထဲတွင် အခြေအနေအရပ်ရပ်ကို ပြောင်းလဲပစ်နိုင်စွမ်းရှိသည့် ရွှီရန်လို ပါရမီရှင်တစ်ယောက် ပေါ်ထွန်းလာခဲ့ခြင်းပင်။
ရွှီရန်သည် ဘေးကင်းဇုန်သို့ ပြန်လည်ရောက်ရှိလာသည်မှာ မကြာသေးသော်လည်း မိစ္ဆာလှိုင်းလုံးကို ခုခံရာတွင် ကျင့်ကြံသူများ မည်မျှပင် ကြိုးစားအားထုတ်ခဲ့ရသည်ကို ကောင်းကောင်းသိသည်။
သူက လက်တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် မရေမတွက်နိုင်သော အဆောင်များသည် လူတိုင်း၏ လက်ထဲသို့ လွင့်ပျံရောက်ရှိသွားတော့သည်။
“အားလုံးပဲ... မိစ္ဆာတွေကို ရဲရဲဝံ့ဝံ့ ခုခံခဲ့တဲ့ ခင်ဗျားတို့ရဲ့ ကြိုးစားမှုကို ကျွန်တော် သိပါတယ်။ ခင်ဗျားတို့အားလုံးက လူသားမျိုးနွယ်ရဲ့ သူရဲကောင်းတွေပါပဲ"
“ဒီတိုက်ပွဲမှာ ခင်ဗျားတို့ အများကြီး ပေးဆပ်ခဲ့ကြတယ်။ ကျွန်တော့်ဘက်က အများကြီး မလုပ်ပေးနိုင်ပေမဲ့ ဒီအဆောင်တွေကိုတော့ လက်ဆောင်ပေးနိုင်ပါတယ်"
ကျင့်ကြံသူများသည် သူတို့လက်ထဲမှ အဆောင်များကို ကြည့်ပြီး အတိုင်းမသိ ဝမ်းသာသွားကြသည်။ ရတနာတိုက်တွင်ဆိုလျှင် ဤအဆောင် တစ်ခုချင်းစီ၏ တန်ဖိုးမှာ မနည်းပေ။
ယခုမူ ရွှီရန်က တစ်ယောက်လျှင် အခု ၁၀၀ စီ တိုက်ရိုက်ပေးအပ်လိုက်ခြင်းပင်။ သုံးရက်နှင့် သုံးည မနားတမ်းတိုက်ခိုက်ခဲ့ရသည့် အချိန်တွင်ပင် တစ်ယောက်လျှင် အဆောင် ၅၀ ဝန်းကျင်သာ သုံးစွဲခဲ့ရသည်ဆိုလျှင် ယခုရရှိသည့် အင်း ၁၀၀ မှာ နောက်ထပ် မည်မျှကြာအောင် အသုံးခံမလဲဆိုသည်ကို တွေးကြည့်ရုံနှင့် သိနိုင်သည်။
“စစ်သူကြီးရွှီက မိစ္ဆာလှိုင်းလုံးတိုက်ပွဲမှာ ကိုယ်တိုင်မပါဝင်ခဲ့ပေမဲ့ သူ့ရဲ့ အကျိုးပြုမှုတွေကတော့ ဘယ်သူ့ထက်မဆို သာလွန်ပါတယ်"
“ဟုတ်တယ်... ဒီတစ်ခေါက် အောင်ပွဲရဲ့ အဓိက အကျိုးဆောင်က စစ်သူကြီးရွှီပဲ"
“စစ်သူကြီးရွှီရဲ့ အဆောင်တွေနဲ့ အစီအရင်တွေသာ မရှိရင် ငါတို့ မိစ္ဆာလှိုင်းလုံးကို ဒီလောက်အောင်အောင်မြင်မြင် ခုခံနိုင်မှာ မဟုတ်ဘူး"
ကျင့်ကြံသူတိုင်း လေးလေးနက်နက် နားလည်ထားသည့် အချက်တစ်ခုရှိသည်။ အဲဒါကတော့ ရွှီရန်သည် စစ်မြေပြင်တွင် ကိုယ်တိုင်ရှိမနေသော်လည်း သူ၏ လွှမ်းမိုးမှုမှာ ငြင်းပယ်၍မရအောင် ကြီးမားလှသည်ဆိုသည့် အချက်ပင်။
လူထု၏ စိတ်အားထက်သန်မှုကို ကြည့်ပြီး ဘဏ်လုပ်ငန်းရှင်က ကြေညာချက်တစ်ခု ထုတ်
ပြန်လိုက်သည်။
“တစ်ချိန်တည်းမှာပဲ ကောင်းကင်ဘုံထိပ်သီးနန်းဆောင်ကနေ သတင်းကောင်းတစ်ခု ထပ်ပါးချင်ပါတယ်။ အဲဒါကတော့ အဆောင်အစီအရင် ပါရမီပါတဲ့ လူငယ် ၂၀၀ ကို ရွှီရန်က အဆောင်နဲ့ အစီအရင်ရေးထွင်းနည်းတွေ သင်ကြားပေးတော့မှာပါ။ မကြာခင်မှာ ရတနာတိုက်ထဲက အဆောင်တွေက ပိုပြီးတော့ များပြားလာသလို စျေးနှုန်းလည်း ပိုသက်သာလာပါလိမ့်မယ်"
ထိုစကားကို ကြားရသည့်အခါ အားလုံးက တစ်ပြိုင်နက်တည်း ကျေးဇူးတင်စကား ပြောကြသည်။
“လူသားမျိုးနွယ်အတွက် အခုလို အကျိုးပြုပေးတဲ့ စစ်သူကြီးကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ"
အနီးနားတွင် ရပ်နေသည့် ပါရမီရှင် လူငယ် ၂၀၀ ကလည်း ဤသတင်းကြောင့် အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။
ရွှီရန်ဆိုတာ တစ်ယောက်တည်းနဲ့ စစ်မြေပြင်ရဲ့ အလှည့်အပြောင်းကို ဖန်တီးနိုင်ရုံတင် မဟုတ်ဘူး... သူကိုယ်တိုင်က အဆောင်ဆိုတဲ့ စနစ်သစ်ကြီးတစ်ခုလုံးကိုပါ အစပျိုးပေးခဲ့တဲ့ ပညာရှင်ကြီး မဟုတ်ဘူးလား။
အခုတော့... ငါတို့တွေက အဲဒီလို ပုဂ္ဂိုလ်ထူးရဲ့ တပည့်တွေ ဖြစ်လာကြတော့မှာလား"
ထို့နောက်တွင်မူ ရွှီရန်သည် အပြုံးကိုယ်စီနှင့် လူငယ်များကို ခေါ်ဆောင်ကာ ထွက်ခွာသွားပါတော့သည်။ ယခုအချိန်တွင် အချိန်ဆိုသည်မှာ ငွေပင်။
တခြားကျင့်ကြံသူများကမူ ရွှီရန်၏ တပည့်ဖြစ်ခွင့်ရသော ထိုလူငယ်များကို အားကျတသစွာဖြင့် ငေးကြည့်နေကြသည်။ ရွှီရန်၏ တပည့်ဖြစ်ရခြင်းမှာ အကန့်အသတ်မဲ့သော အနာဂတ်ကို ပိုင်ဆိုင်လိုက်ရခြင်းနှင့် အတူတူပင်။
ရွှီရန် သင်ကြားရေးတွင်သာ အာရုံစိုက်နိုင်ရန်အတွက် ကောင်းကင်ဘုံထိပ်သီးနန်းဆောင်က ဘေးကင်းဇုန်ထဲတွင် အထူးသီးသန့် နေရာတစ်ခုကို စာသင်ခန်းအဖြစ် ပြင်ဆင်ပေးခဲ့သည်။ ခုနစ်ရက်တာ အချိန်မှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့သည်။
နန်းဆောင်က အသေအချာ ရွေးချယ်ထားသည့် ဤတပည့် ၂၀၀ သည် ခုနစ်ရက်အတွင်းမှာပင် အဆောင် ရေးထွင်းနည်းများကို ကျွမ်းကျင်သွားကြပြီး ပထမမျိုးဆက် အဆောင်များကို ကိုယ်တိုင်ကိုယ်ကျ ရေးထွင်းနိုင်လာကြသည်။ ထိုအရာကို သိသည်နှင့် နန်းဆောင်က သတင်းချက်ချင်း ထုတ်ပြန်လိုက်သည်။
ပထမဆုံး အဆောင်သင်တန်းဆင်း တပည့်တွေဟာ အဆောင်တွေကို အောင်မြင်စွာ ရေးထွင်းနိုင်ခဲ့ပါပြီ။ အခုကစပြီး ပထမမျိုးဆက် အဆောင်တွေကို အကန့်အသတ်မရှိ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်
အဆောင် သင်ကြားမှု အောင်မြင်ပြီးနောက်တွင်မူ ရွှီရန်သည် အစီအရင်ခင်းကျင်းနည်းများကိုပါ သင်ကြားပေးရန် ကြိုးစားခဲ့သေးသည်။ သို့သော် ခုနစ်ရက်အတွင်းမှာ ဘယ်သူမှ အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့ကြပေ။
ဤခုနစ်ရက်အတွင်းမှာပင် ရွှီရန်သည် သင်ကြားပေးနေရင်းနှင့် သံချပ်ကာများထဲတွင် အစီအရင်များ ထည့်သွင်းနည်းကိုပါ သုတေသန ပြုလုပ်ခဲ့သည်။
ဉာဏ်အလင်းပွင့်ခြင်းပါရမီ၏ အကူအညီဖြင့် ခုနစ်ရက်အတွင်းမှာပင် အောင်မြင်သွားခဲ့ပြီး ယခုဆိုလျှင် သံချပ်ကာများထဲ၌ အစီအရင်များကို စတင်ထည့်သွင်းနေပြီ ဖြစ်သည်။
ယခုအခါ ရွှီရန်၏ ရှေ့တွင် သံချပ်ကာတစ်စုံ ရှိနေပြီး သူ၏ တပည့် ၂၀၀ ကလည်း ဆရာဖြစ်သူ အစီအရင်ရေးထွင်းသည်ကို ကြည့်ရန် စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြသည်။
ရွှီရန်၏ လက်များသည် လေထဲတွင် ကကွက်တစ်ခုလို ကျွမ်းကျင်စွာ လှုပ်ရှားနေပြီး ဆန်းကြယ်သော အဆောင်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ သံချပ်ကာပေါ်သို့ ကျရောက်သွားသည်။
အဆောင်များ နေရာကျသွားသည်နှင့် သဘာဝအလျောက် အစီအရင်တစ်ခု ဖြစ်ပေါ်လာတော့သည်။
တစ်မိနစ်အတွင်းမှာပင် သံချပ်ကာပေါ်မှ အစီအရင်မှာ ပြီးမြောက်သွားခဲ့ကာ သူက ဘေးမှ တပည့်များကို လှည့်ကြည့်ပြီး မေးလိုက်သည်။
“ကဲ... ဘယ်လိုလဲ နားလည်ကြရဲ့လား”
တပည့် ထက်ဝက်ကျော်လောက်က ခေါင်းများကို ကုတ်နေကြသည်။ သူတို့သည် သာမန်လူများနှင့် ယှဉ်လျှင် ပါရမီရှင်များ ဖြစ်ကြသော်လည်း နတ်ဘုရားအဆင့် ပါရမီရှင်များကြားတွင်ပင် ပါရမီရှင်တို့၏ ပါရမီရှင်ဖြစ်သော ရွှီရန်နှင့် ယှဉ်လျှင်မူ အလှမ်းဝေးနေဆဲပင်။
သို့သော် နားလည်မှု မြင့်မားသည့် တပည့်အချို့ကမူ ရွှီရန်၏ နည်းစနစ်မှ ဉာဏ်အလင်း ရသွားကြသည်။
သူတို့သည် ချက်ချင်းပင် တင်ပျဉ်ခွေထိုင်လိုက်ကြပြီး ရွှီရန်၏ နည်းလမ်းကို အတုယူကာ အစီအရင်များကို စတင်ရေးထွင်းကြပါတော့သည်။
သူတို့၏ ရေးဆွဲမှုများသည် အနည်းငယ် ထစ်ငေါ့နေပြီး ခက်ခက်ခဲခဲ လုပ်ဆောင်နေရပုံ ပေါက်သော်လည်း အစီအရင်များမှာမူ ပျက်ပြယ်မသွားဘဲ ပုံဖော်နိုင်စွမ်း ရှိနေသည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ အစီအရင်များ တစ်ခုပြီးတစ်ခု ပြီးမြောက်သွားပြီး မြေပြင်ပေါ်မှ သံချပ်ကာများထဲသို့ စိမ့်ဝင်သွားတော့သည်။
“ဆရာ... ကျွန်တော် လုပ်နိုင်သွားပြီ အောင်မြင်သွားပြီ”
“ဆရာ... ကျွန်မလည်း အောင်မြင်သွားပါပြီ”