အခန်း (၃၇၇)
Vol. 38 Ch. 377
အောင်မြင်တဲ့သူတွေ ဒီလောက်တောင် များတာလား။
တကယ်တော့ ဉာဏ်အလင်းပွင့်ခြင်းအစွမ်းက တကယ့်ကို ထိရောက်လွန်းလှသည်။
ရွှီရန်က အမြန်စစ်ဆေးကြည့်လိုက်ပြီးနောက် ကျေနပ်အားရစွာ ခေါင်းငြိမ့်လိုက်သည်။
တပည့် ၂၀၀ ထဲမှာ စုစုပေါင်း ၅၇ ယောက်က အစီအရင်တွေကို အောင်မြင်စွာ ရေးထွင်းနိုင်ခဲ့ပြီး ၎င်းတို့ကို သတ္တုပြားတွေထဲ စိမ့်ဝင်အောင် လုပ်နိုင်ခဲ့ကြသည်။
၎င်းမှာ သူတစ်ယောက်တည်းတင်မကဘဲ နောက်ထပ် ၅၇ ယောက်ကလည်း သံချပ်ကာတွေနဲ့ လက်နက်တွေပေါ်မှာ ထူးခြားတဲ့ စွမ်းရည်တွေပါတဲ့ အစီအရင်တွေကို ထည့်သွင်းပေးနိုင်တော့မှာ ဖြစ်ကြောင်း သက်သေပြနေသည်။
အစီအရင်တွေ ရေးထွင်းထားတဲ့ လက်နက်တွေနဲ့ သံချပ်ကာတွေကို ဝတ်ဆင်ထားမယ်ဆိုရင် ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ အရှိန်အဟုန်နဲ့ မြင့်တက်လာတော့မှာ အသေအချာပဲ။
ရွှီရန်က ခပ်ဖွဖွ ပြုံးလိုက်ရင်း “အင်း... မဆိုးပါဘူး။ အချိန်နည်းနည်းတော့ ပိုပေးလိုက်ရပေမဲ့ အစီအရင်တွေကို ရေးထွင်းနိုင်တာနဲ့တင် လုံလောက်ပါပြီ။ လေ့ကျင့်မှုတွေ များလာရင်တော့ ကြာချိန်ကို အများကြီး လျှော့ချနိုင်မှာပါ"
ထိုအချိန်တွင် တပည့်တစ်ယောက်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဆရာရွှီ... သံချပ်ကာပေါ်မှာ ရေးထွင်းထားတဲ့ အစီအရင်က ဘယ်လို ထူးခြားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတာလဲခင်ဗျာ”
သူတို့တွေသည် အစီအရင်များ၏ အစွမ်းကို ယခင်က မြင်တွေ့ခဲ့ဖူးကြသည်။ အမြဲတမ်း အလုပ်လုပ်နေသော မဟာကရုဏာတော် အစီအရင်သည် ညစ်ညမ်းမှုများကို သန့်စင်ပေးပြီး ဝိညာဉ်ချီစွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်သည်။
"ဒါပေမဲ့... သံချပ်ကာပေါ်မှာ အစီအရင်တွေကို ရေးထွင်းလိုက်တာက အဲဒီသံချပ်ကာက ဝိညာဉ်ချီစွမ်းအင်တွေ ထုတ်ပေးလိမ့်မယ်လို့ ဆိုလိုတာလား။
တကယ်လို့သာ အဲဒီလိုဆိုရင်တော့... အစီအရင်တွေထက်စာရင် အသေးစား သန့်စင်ခြင်းအဆောင်က ပိုပြီး အကျိုးရှိမနေဘူးလား"
အားလုံးက ဇဝေဇဝါ ဖြစ်နေကြသည်။
ရွှီရန်က သူတို့ကို ရှင်းမပြဘဲ ဘေးကင်းဇုန်ရှိ မိစ္ဆာတိုက်ခိုက်ရေးကွင်းသို့ ခေါ်သွားခဲ့သည်။ ထိုကွင်းအတွင်း၌ မတူညီသော စွမ်းအားရှိသည့် မိစ္ဆာအမျိုးမျိုးကို ထိန်းသိမ်းထားသည်။
ဤမိစ္ဆာများကို လူသားများ အသစ်တီထွင်ထားသော လက်နက်များကို စမ်းသပ်ရန် အသုံးပြုခြင်းပင်။
ရွှီရန်က အစီအရင်ရေးထွင်းထားသော သံချပ်ကာ၏ စွမ်းအားကို သူတို့ကို ကိုယ်တိုင် မြင်တွေ့စေချင်၍ လာခဲ့ခြင်းပင်။
ကွင်းအတွင်း၌ ရွှီရန်နှင့် တပည့် ၂၀၀ အပြင် တခြားသော ကျင့်ကြံသူများစွာလည်း ရှိနေကြသည်။ ရွှီရန်သည် သံချပ်ကာကို ဝတ်ဆင်ထားပြီး သွေးသားချီစွမ်းအင် တစ်သန်းရှိသော မိစ္ဆာတစ်ကောင်၏ ရှေ့တွင် ရပ်နေသည်။
သူ့ထံမှ မည်သည့် စွမ်းအားလှိုင်းမှ ထွက်ပေါ်မနေချေ။
လှောင်အိမ်ထဲမှ လွှတ်ပေးလိုက်သော သွေးသားချီစွမ်းအင် တစ်သန်းရှိသည့် မိစ္ဆာမှာ တောဝက်ရိုင်းတစ်ကောင် ဖြစ်သည်။ ၎င်းက ရှေ့တွင် မည်သည့် စွမ်းအားမှ မရှိသော လူသားကို ကြည့်ကာ သွားဖြဲပြရင်း ရွှီရန်ကို ဝါးမြိုရန် ကြံစည်နေသည်။
၎င်းက ရွှီရန်ထံသို့ ပြေးဝင်လာသည့် အခိုက်အတန့်မှာပင် ရွှီရန်ထံမှ တောက်ပသော အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ထိုဝက်ရိုင်းကို တိုက်ရိုက် ဖိနှိပ်လိုက်ရာ ၎င်းမှာ လှုပ်ပင်မလှုပ်နိုင်တော့ချေ။
တစ်ချိန်တည်းမှာပင် သံချပ်ကာမှ ဝိညာဉ်ချီစွမ်းအင် အားနည်းနည်း ထွက်ပေါ်လာပြီး ဝက်ရိုင်းပေါ်ရှိ ညစ်ညမ်းမှုများကို သန့်စင်ပေးလိုက်သည်။
ဤဝက်ရိုင်းသည် ကွင်းထဲတွင် နှစ်ပေါင်းများစွာ ပိတ်မိနေပြီး သွေးသားချီစွမ်းအင် တစ်သန်းရှိသော်လည်း ၎င်း၏ စွမ်းအားများမှာ အချိန်ကြာလာသည်နှင့်အမျှ လျော့နည်းနေခဲ့ပြီ ဖြစ်သည်။
သို့သော်ငြားလည်း အစီအရင်ရေးထွင်းထားသော သံချပ်ကာတစ်ခုက မိစ္ဆာကို ဖိနှိပ်နိုင်ပြီး ညစ်ညမ်းမှုကိုပါ သန့်စင်ပေးနိုင်ခြင်းမှာ ၎င်း၏ ထိရောက်မှုကို ဖော်ပြရန်ပင် မလိုတော့ချေ။
ရွှီရန်က လှည့်၍ တပည့်များကို ပြောလိုက်သည်။
“အစီအရင်ရေးထွင်းထားတဲ့ သံချပ်ကာက မိစ္ဆာတွေကို ဖိနှိပ်နိုင်သလို ညစ်ညမ်းမှုကိုလည်း သန့်စင်ပေးနိုင်တယ်"
ဤလုပ်ဆောင်ချက် နှစ်ခုစလုံးသည် ဂြိုလ်ပြင်ပစစ်မြေပြင်ရှိ ကျင့်ကြံသူများ၏ အသက်ရှင်သန်နိုင်ခြေနှုန်းကို သိသိသာသာ မြှင့်တင်ပေးနိုင်မည်ပင်။
ထိုအကြောင်းကို ကြားလိုက်ရသည့်အခါ တပည့်များသည် အံ့ဩလွန်းသဖြင့် ပါးစပ်များပင် ဟသွားကြသည်။
သံချပ်ကာပေါ်မှ အစီအရင်က ဤမျှအထိ စွမ်းအားကြီးလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ တကယ့်ကို နတ်ဘုရားအဆင့် လက်နက်ဟု ခေါ်ဆိုရမည်ပင်။
“ဒါ ဆရာဖန်တီးထားတဲ့ အစီအရင်လား သူ့ရဲ့ စွမ်းဆောင်ရည်က တကယ့်ကို ကြောက်စရာကောင်းလိုက်တာ”
“ဆရာက တကယ့်ကို နှစ်ပေါင်းနှစ်ရာမှာ တစ်ယောက်တည်း ပေါ်ထွက်လာတဲ့ ပါရမီရှင်ပဲ"
“ဒီသံချပ်ကာနဲ့ဆိုရင် ဂြိုလ်ပြင်ပစစ်မြေပြင်က ဘေးအန္တရာယ်တွေကြားမှာ ကျင့်ကြံသူ ဘယ်လောက်တောင် အသက်ဆက်နိုင်မလဲ မသိဘူး"
...
ကြည့်ရှုရန် လာကြသော ကျင့်ကြံသူများသည်လည်း သံချပ်ကာ၏ စွမ်းအားကို မြင်တွေ့လိုက်ရသောအခါ အော်ဟစ်တောင်းဆိုကြတော့သည်။
“စစ်သူကြီးရွှီ... ကျွန်တော့်လက်ထဲမှာ ရှိသမျှ အဖိုးတန်တာတွေ အကုန်ပေးပြီး ဆရာ့လက်ထဲက သံချပ်ကာကို ဝယ်ပါရစေ"
“စစ်သူကြီး... ကျွန်တော်လည်း ဝယ်ချင်ပါတယ်”
“စစ်သူကြီးရွှီ... ဆရာဘာပဲ တောင်းဆိုတောင်းဆို ကျွန်တော် ပေးပါ့မယ်။ ဆရာ့လက်ထဲက သံချပ်ကာကိုပဲ လိုချင်တာပါ"
ရွှီရန်၏ လက်ထဲမှ သံချပ်ကာကို လိုချင်ကြသော ကျင့်ကြံသူများထံမှ ကမ်းလှမ်းချက် အမျိုးမျိုး ထွက်ပေါ်လာသည်။
ရွှီရန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
“အားလုံးပဲ... အလျင်စလို မဖြစ်ကြပါနဲ့။ ကျွန်တော့်ရဲ့ တပည့်အချို့က သံချပ်ကာပေါ်မှာ အစီအရင်ရေးထွင်းနည်းကို တတ်မြောက်သွားကြပါပြီ။ မကြာခင်မှာ ဒီလိုသံချပ်ကာမျိုးတွေ ရတနာတိုက်ထဲ ရောက်လာမှာဆိုတော့ အဲဒီမှာ လဲလှယ်လို့ ရပါလိမ့်မယ်"
ဤစကားကို ကြားလိုက်သည်နှင့် ကျင့်ကြံသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဝမ်းသာသွားကြတော့သည်။
“အခုလို အံ့ဖွယ်အရာတွေကို ဖန်တီးပေးတဲ့အတွက် စစ်သူကြီးရွှီကို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ"
“ဒီသံချပ်ကာတွေသာ ရှိရင် လူသားတွေ အောင်နိုင်ဖို့ အခွင့်အရေးက ပိုတောင် များသွားဦးမယ်"
“စစ်သူကြီးရွှီ ရှိနေသရွေ့ လူသားတွေ သေချာပေါက် နိုင်မှာပါ"
“စစ်သူကြီးရွှီက နတ်ဘုရားအဆင့် သတ္တဝါတွေကိုတောင် မျက်တောင်တစ်ခတ်အတွင်း အပြတ်အသတ် ချေမှုန်းနိုင်တာ။ တခြားစစ်မြေပြင်တွေမှာလည်း စစ်သူကြီး ထောက်ပံ့ပေးတဲ့ အဆောင်တွေ၊ အစီအရင်တွေ၊ သံချပ်ကာတွေနဲ့ ဘေးကင်းဇုန်တွေကြောင့် တိုက်ပွဲအခြေအနေက တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ပြီ"
“စစ်သူကြီးရွှီ တစ်ယောက်တည်းနဲ့တင် တိုက်ပွဲကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်တာပဲ"
...
ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက ဆရာဖြစ်သူကို ချီးကျူးနေကြသည်ကို ကြားရသောအခါ ရွှီရန်၏ တပည့်များက ဂုဏ်ယူစွာဖြင့် ခေါင်းမော့လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ကျင့်ကြံသူများအတွက် အဆောင်များနှင့် သံချပ်ကာများကို ပိုမိုထုတ်လုပ်ပေးရန် သန္နိဋ္ဌာန်ချလိုက်ကြသည်။ ထိုမှသာ ဂြိုလ်ပြင်ပစစ်မြေပြင်တွင် အောင်
နိုင်မှုနှုန်း ပိုမိုမြင့်မားလာမည်ပင်။
မကြာမီမှာပင် ထိုအုပ်စုသည် တိုက်ခိုက်ရေးကွင်းမှ အမြန်ထွက်ခွာခဲ့ပြီး အဆောင်နှင့် အစီအရင်ရေးထွင်းခြင်းကို လေ့ကျင့်ရန် စာသင်ခန်းသို့ ပြန်သွားကြသည်။
တစ်ဖက်ဂြိုလ်၏ သဘာဝအရ ပြီးခဲ့သော ရှုံးနိမ့်မှုအပြီးတွင် နောက်ထပ် မိစ္ဆာလှိုင်းလုံးမှာ မကြာမီ ပြန်လည်ရောက်ရှိလာတော့မည် ဖြစ်ရာ ထောက်ပံ့ရေးပိုင်းအနေဖြင့် အရင်းအမြစ်များ လုံလောက်မှုရှိစေရန် သူတို့ ပြင်ဆင်ကြရမည်ပင်။
မကြာမီမှာပင် သုံးရက်တာ အချိန် ကုန်လွန်သွားခဲ့သည်။
ထိုသုံးရက်အတွင်း ရတနာတိုက်၌ အစီအရင်ရေးထွင်းထားသော သံချပ်ကာများ ပိုမိုများပြားလာခဲ့ပြီး အားလုံးမှာ ရွှီရန်၏ တပည့်များ ဖန်တီးထားခြင်းပင်။ ထိုပစ္စည်းများ ရောက်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် လုဝယ်ခြင်း ခံကြရသည်။
လူတိုင်းမှာ နောက်ထပ် ကျူးကျော်မှုအတွက် ပြင်ဆင်နေကြခြင်းပင်။
ယနေ့သည်လည်း အစီအရင်ပါသော သံချပ်ကာများ ရောင်းချသည့် နေ့တစ်နေ့ ဖြစ်သည်။
အစီအရင်ရေးထွင်းနိုင်သော တပည့်အရေအတွက်မှာ ကန့်သတ်ချက်ရှိနေသဖြင့် နေ့စဉ်ရောင်းချသော သံချပ်ကာ အရေအတွက်မှာလည်း အကန့်အသတ်ရှိနေကာ အပြိုင်အဆိုင် ဖြစ်နေကြသည်။
အရောင်းမစတင်မီကပင် ကျင့်ကြံသူအုပ်စုကြီးမှာ ရတနာတိုက်ရှေ့တွင် စုရုံးရောက်ရှိနေကြပြီး စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။
“မင်းတို့ ဘယ်လိုထင်လဲ။ နောက်တစ်ခါ မိစ္ဆာလှိုင်းလုံးက ဘယ်တော့လောက် ရောက်လာမလဲ အခုဆိုရင် အချိန်အတော်တောင် ကြာနေပြီ မဟုတ်လား”
“ဟုတ်တယ်... အရင်ကဆိုရင် နှစ်ရက်တစ်ခါလောက် လာနေကျ။ အခုဆိုရင် ၁၀ ရက်နီးပါး ရှိနေပြီ၊ ဂြိုလ်ပြင်ပစစ်မြေပြင်က ငြိမ်သက်နေတုန်းပဲ"
“စစ်မြေပြင်မှာ မိစ္ဆာတွေတောင် နည်းသွားသလိုပဲ အမှတ်တွေရဖို့ တော်တော်ခက်နေပြီ”