← Chapters

အခန်း (၃၈၀)

Vol. 38 Ch. 380

အခန်း (၃၈၀)

Vol. 38 Ch. 380

အရင်ယဉ်ကျေးမှုခေတ်က ချန်ထားခဲ့တဲ့ လျှို့ဝှက်နယ်မြေတစ်ခုလား။

ကောင်းကင်ဘုံထိပ်သီးနန်းဆောင်၏ အကြီးအကဲငါးဦးတောင်မှ အရင်ယဉ်ကျေးမှုခေတ်အကြောင်းကို ဘာမှမသိကြတာကြောင့် တခြားသူတွေဆိုရင်တော့ ပြောနေစရာပင် မလိုတော့ချေ။

ရေပညာရှင်က သက်ပြင်းချလိုက်ရင်း “အရင်ယဉ်ကျေးမှုခေတ်နဲ့ ပတ်သက်ရင် ငါတို့ ဘာမှမသိကြဘူး။ ဒါက ယဉ်ကျေးမှုသမိုင်းမှာ ပြတ်တောက်သွားတဲ့ ကွင်းဆက်တစ်ခုလိုပဲ"

နန်းဆောင်အဖွဲ့ဝင်ကလည်း ခေါင်းငြိမ့်ထောက်ခံသည်။

“မှန်တယ် အရင်ခေတ်က ချန်ထားခဲ့တဲ့ လျှို့ဝှက်နယ်မြေဆိုတော့ အထဲမှာ ဘယ်လိုအန္တရာယ်တွေ ရှိမလဲဆိုတာ ဘယ်သူသိမှာလဲ”

ဘဏ်လုပ်ငန်းရှင်က ရွှီရန်ကို ကြည့်ကာ “ဒါတွေအားလုံးကို မြေကမ္ဘာကြောရိုးပန်းပွင့်က မင်းကို ပြောပြတာ မဟုတ်လား”

ရွှီရန်က ခေါင်းငြိမ့်ပြလိုက်သည်။

“အထဲက အခြေအနေတွေကိုကော သူ ပြောပြသေးလား”

ဘဏ်လုပ်ငန်းရှင်က ထပ်မေးပြန်သည်။

ရွှီရန်က ခေါင်းခါပြလိုက်ပြီး “မပြောရသေးဘူး”

သူ ပြောအပြီးမှာပင် ရွှီရန်တစ်ယောက်တည်းသာ မြင်နိုင်သော အပြာရောင်ဝတ်စုံဝတ် မိန်းကလေးက သူ့ဘေးမှာ ပေါ်လာခဲ့သည်။

ရွှီရန်က သူမကို ကြည့်ကာ “နဂါးကြောရိုးကို အောင်အောင်မြင်မြင် စုစည်းနိုင်ခဲ့ပြီဆိုတော့ မင်းတို့အားလုံး အဆင်ပြေရဲ့လား”

မိန်းကလေးက “အဆင်ပြေရုံတင်မကပါဘူး။ နဂါးကြောရိုးကြောင့် အရင်က မသန့်စင်ရသေးတဲ့ မြေကမ္ဘာကြောရိုးပန်းပွင့်တွေပါ အလိုအလျောက် နိုးထလာကြပြီ" ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

၎င်းမှာ ရွှီရန်ကိုယ်တိုင် အစီအရင်တွေ ရေးထွင်းပေးစရာမလိုဘဲ ပန်းပွင့်တွေက သူတို့ဘာသာ ပြန်လည်ရှင်သန်နိုင်တော့မည်ဟု ဆိုလိုခြင်းပင်။

ရွှီရန်မှာ အံ့ဩသွားသော်လည်း ၎င်းမှာ သူ့အတွက် အချိန်အများကြီး သက်သာစေသဖြင့် ဝမ်းသာမိသည်။ အခုတော့ လျှို့ဝှက်နယ်မြေကိုပဲ အာရုံစိုက်ရတော့မည်။

ရွှီရန်သည်လည်း အရင်ယဉ်ကျေးမှုခေတ်အကြောင်းကို သိလိုစိတ်ပြင်းပြနေသူ ဖြစ်သည်။ သူသည် စာကြည့်တိုက်ရှိ စာအုပ်များစွာကို ဖတ်ရှုခဲ့သော်လည်း ထိုခေတ်အကြောင်းကို ရှာမတွေ့ခဲ့ချေ။

ယခု လျှို့ဝှက်နယ်မြေ ပွင့်လာပြီဖြစ်ရာ သူ ချက်ချင်းပင် ဝင်ကြည့်ချင်နေပြီ ဖြစ်သည်။

“လျှို့ဝှက်နယ်မြေ ပွင့်သွားပြီဆိုတော့ အခု ဝင်လို့ရပြီလား”

ရွှီရန်က မေးလိုက်သည်။

မိန်းကလေးက ခေါင်းငြိမ့်ပြကာ “ဝင်လို့ရပါပြီ ဒါပေမဲ့ အချိန်တွေ အများကြီး ကုန်လွန်သွားပြီဆိုတော့ အထဲမှာ ဘာတွေပြောင်းလဲကုန်ပြီလဲဆိုတာ ကျွန်မလည်း မသိဘူး။ အန္တရာယ်တော့ ရှိနိုင်ပါတယ်"

ရွှီရန် “ဒါဆိုရင်တော့ ငါနဲ့ ငါ့အဖွဲ့ကို အရင်ခေါ်သွားပြီး လမ်းကြောင်းစမ်းကြည့်မယ်။ ဘေးကင်းတယ်ဆိုမှ တခြားကျင့်ကြံသူတွေကို ဝင်ခွင့်ပြုတာပေါ့"

မိန်းကလေးက သဘောတူလိုက်သည်။

“ကောင်းပါပြီ ဒါပေမဲ့ ဝိညာဉ်ချီစွမ်းအင် အသုံးမပြုနိုင်တဲ့ အခြေအနေမျိုးအတွက် ကိုယ်ခန္ဓာကြံ့ခိုင်မှု ကျင့်စဉ်မှာ ထူးချွန်တဲ့သူတွေကို အရင်ဝင်ခိုင်းတာ ပိုကောင်းပါလိမ့်မယ်"

ထိုအခါ ရွှီရန်က သူ့အဖွဲ့ဝင်တွေကို ကြည့်ပြီး ပြုံးလိုက်မိသည်။

“ဒါဆိုရင်တော့ ငါနဲ့ ငါ့အဖွဲ့ဝင်တွေအတွက် အံကိုက်ပဲပေါ့"

အံ့ဖွယ်အဖွဲ့ စတင်တည်ထောင်ချိန်ကတည်းက ရွှီရန်သည် အဖွဲ့ဝင်များ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုကို အဘက်ဘက်မှ လေ့ကျင့်ပေးခဲ့သည်။ အထူးသဖြင့် ကျားမလေး၏ ကိုယ်ခန္ဓာစွမ်းအားမှာ အလွန်ကြောက်စရာကောင်းနေပြီ ဖြစ်သည်။

ဤတစ်ကြိမ်တွင် အဖွဲ့ခေါင်းဆောင်တစ်ဦးအနေဖြင့် သူ၏ အဖွဲ့ဝင်များကို လေ့ကျင့်ပေးရန် လျှို့ဝှက်နယ်မြေထဲသို့ ပထမဆုံးအကြိမ် ခေါ်ဆောင်သွားမည်ပင်။

ရွှီရန်၏ အဖွဲ့ဝင်ငါးဦးမှာမူ သူတို့၏ ခေါင်းဆောင်ကို ကြည့်ကာ တုန်လှုပ်နေကြသည်။ အကြောင်းမှာ သူတို့ခေါင်းဆောင်သည် လေထုထဲကို စကားပြောနေပြီး လျှို့ဝှက်နယ်မြေအကြောင်းတွေ ဆွေးနွေးနေခြင်းကြောင့်ပင်။

နယ်မြေထဲက မိစ္ဆာတစ်ကောင်ကောင် ထွက်လာလို့များ ခေါင်းဆောင်က စကားပြောနေတာလားဟု သူတို့ တွေးနေမိကြသည်။

သို့သော် နန်းဆောင်အကြီးအကဲများကမူ ရွှီရန် ဘာလုပ်နေသည်ကို သိကြသည်။

ကောင်းကင်ဘုံ လက်မှုပညာရှင်က “ရွှီရန်... မင်း မြေကမ္ဘာကြောရိုးပန်းပွင့်နဲ့ စကားပြောနေတာလား” ဟု မေးလိုက်သည်။

ရွှီရန်က ခေါင်းငြိမ့်ပြကာ “ဒီလျှို့ဝှက်နယ်မြေထဲကို ဝင်လို့ရပြီလို့ သူ ပြောပြနေတာပါ"

ရေပညာရှင်က စိတ်လှုပ်ရှားစွာဖြင့် “ကောင်းပြီ... ဒါဆိုရင် ကျင်းပြည်နယ် ခေါင်းဆောင်ကို လူတွေစုခိုင်းပြီး နယ်မြေထဲ စူးစမ်းဖို့ ပြင်ခိုင်းလိုက်မယ်"

“ခဏလေးဗျ”

ရွှီရန်က သူတို့ကို တားလိုက်သည်။

“ဝင်လို့ရတယ်ဆိုပေမဲ့ နှစ်ပေါင်းသန်းချီ ကြာသွားပြီဆိုတော့ အထဲမှာ ဘယ်လိုအန္တရာယ်တွေ ရှိမလဲဆိုတာ မသိနိုင်သေးဘူး"

“ပြီးတော့ အရင်ခေတ်က ကျင့်စဉ်စနစ်က ကျွန်တော်တို့နဲ့ တူချင်မှတူမှာ။ အကယ်၍ သူတို့က ဝိညာဉ်ချီစွမ်းအင်ကို မသုံးဘူးဆိုရင် ကျွန်တော်တို့လူတွေ အထဲရောက်သွားတဲ့အခါ အသတ်ခံရမယ့် သိုးသူငယ်လေးတွေလို ဖြစ်သွားလိမ့်မယ်"

ရွှီရန်၏ စကားကြောင့် အားလုံး တိတ်ဆိတ်သွားကြသည်။

လူသားတွေက မိစ္ဆာကျူးကျော်မှုကို ခုခံပြီးခါစပဲ ရှိသေးရာ လျှို့ဝှက်နယ်မြေထဲမှာ တစ်ခုခုမှားယွင်းသွားပါက လူသားမျိုးနွယ် တစ်ကျော့ပြန် အန္တရာယ်ကြုံရနိုင်သောကြောင့်ပင်။

“ရွှီရန်... မင်းမှာ ဘယ်လို အကြံရှိလဲ”

ဘဏ်လုပ်ငန်းရှင်က မေးလိုက်သည်။

ရွှီရန်က “ကိုယ်ခန္ဓာကြံ့ခိုင်မှု မြင့်မားတဲ့သူတွေကို အရင်သွားခိုင်းပြီး စူးစမ်းကြည့်မယ်။ အကယ်၍ အထဲမှာ ဝိညာဉ်ချီစွမ်းအင် သုံးလို့မရခဲ့ရင်တောင် ကိုယ်ခန္ဓာစွမ်းအားနဲ့ ဘေးကင်းအောင် နေနိုင်ပါလိမ့်မယ်"

ကောင်းကင်ဘုံ လက်မှုပညာရှင် “ဒါဆို ဖြစ်နိုင်ပါတယ်"

ရေပညာရှင် “ရွှီရန်... မင်းကတော့ တကယ့်ကို ဉာဏ်ပြေးတာပဲ။ ဒီလို ပြဿနာအတွက်တောင် အဖြေရှာထားပြီးသားပဲ"

နန်းဆောင်အဖွဲ့ဝင် "အချိန်ဖြုန်းနေလို့မဖြစ်ဘူး။ ကိုယ်ခန္ဓာကျင့်စဉ် လေ့ကျင့်ထားတဲ့သူတွေကို အမြန်စုရုံးပြီး လျှို့ဝှက်နယ်မြေထဲဝင်ဖို့ အခုပဲ ပြင်ဆင်ကြစို့"

သို့သော် ဘဏ်လုပ်ငန်းရှင်က တားလိုက်သည်။

"ခဏစောင့်ဦး"

ထို့နောက် အံ့ဖွယ်အဖွဲ့ဘက်သို့ လှည့်ကြည့်ကာ "ရွှီရန်... မင်းရဲ့ အဖွဲ့ဝင်တွေလည်း ကိုယ်ခန္ဓာကြံ့ခိုင်မှု ကျင့်စဉ်မှာ မနိမ့်ကြဘူး မဟုတ်လား"

"ဟုတ်ပါတယ်"

"ဒါဆိုရင်တော့ မင်းရဲ့ အံ့ဖွယ်အဖွဲ့ကိုပဲ လျှို့ဝှက်နယ်မြေထဲ အရင်ဝင်ခိုင်းလိုက်ရအောင်။ နှစ်ပေါင်းသန်းချီ ကြာသွားပြီဆိုတော့ အကယ်၍ ဒီနယ်မြေက မျှော်လင့်ထားသလောက် အကျိုးမရှိခဲ့ရင်တောင် တခြားကျင့်ကြံသူတွေကြားထဲ စိတ်ပျက်စရာတွေ ဖြစ်မလာတော့ဘူးပေါ့"

ဘဏ်လုပ်ငန်းရှင်က ဖြစ်လာနိုင်သော နောက်ဆက်တွဲ အကျိုးဆက်များကို တွက်ချက်ပြီးသားဖြစ်သည်။ အခြားသူများကလည်း သဘောတူကြသည်။

"ဟုတ်တယ် အဲဒါ ကောင်းတယ်။ ရွှီရန်ကိုပဲ အဖွဲ့ခေါ်ပြီး အရင်ဝင်ခိုင်းလိုက်တာ အကောင်းဆုံးပဲ"

"ရွှီရန် ရှိနေရင် သူတို့ရဲ့ ဘေးကင်းမှုအတွက်လည်း စိတ်ချရတာပေါ့"

"ဒါဆို ဆုံးဖြတ်လိုက်ပြီ"

"ရွှီရန်... မင်းကော ဘယ်လိုသဘောရလဲ"

ကောင်းကင်ဘုံ လက်မှုပညာရှင်က မေးလိုက်သည်။

ရွှီရန် "ရပါတယ် အဆင်ပြေပါတယ်"

ဘေးနားမှ ကျားမလေးမှာ ဤအဆိုပြုချက်ကို ကြားသောအခါ အလွန်ဝမ်းသာသွားသည်။

"နောက်ဆုံးတော့... အစ်ကိုနဲ့အတူ လေ့ကျင့်ခွင့်ရတော့မယ်"

ထိုစဉ် ရွှီရန်က မေးခွန်းတစ်ခုကို သတိရသွားကာ လှည့်မေးလိုက်သည်။

"လျှို့ဝှက်နယ်မြေထဲ ရောက်သွားရင် အချိန်မရွေး ပြန်ထွက်လို့ရမလား"

သူ စိုးရိမ်သည်မှာ နယ်မြေထဲဝင်သွားစဉ် အပြင်သို့ စိတ်ကြိုက် ပြန်ထွက်၍မရမှာကိုပင်။ အကယ်၍ သူ အထဲရောက်နေချိန်တွင် ဂြိုလ်ပြင်ပ အရှင်သခင်က ရုတ်တရက် ကျူးကျော်လာပါက နဂါးကြောရိုးနှင့် ဝိညာဉ်ချီစွမ်းအင်တံတိုင်းများ ရှိနေသော်လည်း ခုခံရန် ခက်ခဲပေလိမ့်မည်။ နဂါးကြောရိုး ပေါ်ထွက်လာခြင်းက ဂြိုလ်ပြင်ပကြယ်စင်ကို ဂယောင်ဂတမ်း ဖြစ်သွားစေမည်မှာ သေချာသဖြင့် ရွှီရန်၏ စိုးရိမ်မှုမှာ အကြောင်းမဲ့မဟုတ်ပေ။

အပြာရောင်ဝတ်စုံဝတ် မိန်းကလေးက ခေါင်းငြိမ့်ကာ "လျှို့ဝှက်နယ်မြေထဲ ဝင်တဲ့သူတိုင်း ရတနာပုလဲတစ်လုံးစီ ရကြပါလိမ့်မယ်"

"ဒီရတနာပုလဲက အပြင်လောကနဲ့ ဆက်သွယ်လို့ရရုံတင်မကဘူး။ အကယ်၍ အထဲမှာ အခက်အခဲတစ်ခုခု ကြုံလာရင် ပုလဲကို ခွဲလိုက်တာနဲ့ အပြင်ကို ချက်ချင်း ပြန်ရောက်သွားမှာပါ"

ဘေးပတ်ဝန်းကျင်မှ လူများမှာမူ ရွှီရန် တစ်ယောက်တည်း စကားပြောနေသည်ကို ကြည့်ကာ ဇဝေဇဝါ ဖြစ်နေကြသဖြင့် ရှင်းပြပေးရန် မျှော်လင့်နေကြသည်။

အကြောင်းမှာ သူတို့က ရွှီရန် မေးသည်ကိုသာ ကြားရပြီး ပန်းပွင့်လေး၏ ပြန်ဖြေမှုကို မကြားရသောကြောင့်ပင်။

ထို့နောက် ရွှီရန်က မိန်းကလေး ပြောသမျှကို အားလုံးကို ပြန်လည် ရှင်းပြလိုက်သည်။ ယခုအခါ အားလုံးက လျှို့ဝှက်နယ်မြေ၏ အခြေအနေကို နားလည်သွားကြပြီ ဖြစ်သည်။

ဘဏ်လုပ်ငန်းရှင် "အချိန်က အသက်ပဲ ရွှီရန်။ အချိန်မဆွဲဘဲ အခုပဲ ဝင်လိုက်တော့"

"ကောင်းပါပြီ"

ရွှီရန်က အံ့ဖွယ်အဖွဲ့ဝင်များကို အလင်းကန့်လန့်ကာရှေ့သို့ ခေါ်လိုက်သည်။

ရွှီရန်နှင့် ကျားမလေးမှလွဲ၍ ကျူးယွီဟန်၊ နင်ရှ၊ ကွမ်းရှင်းနှင့် ထန်ချီချီတို့မှာ အလွန်ရင်ခုန်နေကြသည်။ ယခင်က လူသားတစ်ဦးမျှ မခြေချဖူးသော လျှို့ဝှက်နယ်မြေသို့ ဝင်ရမည်ဖြစ်ရာ မသိနားမလည်မှုအပေါ် စိုးရိမ်စိတ်ရှိနေခြင်းမှာ သဘာဝပင်။

သို့သော် ကျားမလေးကတော့ စိတ်လှုပ်ရှားနေသည်။ ရွှီရန်နှင့်အတူ ပထမဆုံးအကြိမ် လေ့ကျင့်ခွင့်ရခြင်းဖြစ်သလို သူမ ရှစ်နှစ်သမီးကတည်းက ရွှီရန်နှင့်အတူ ဂြိုလ်ပြင်ပစစ်မြေပြင်တွင် လေ့ကျင့်ချင်ခဲ့ခြင်းပင်။ ယခုတော့ ထိုအခွင့်အရေးက အမှန်တကယ် ရောက်လာခဲ့သည်။

ယဲ့ဖျင်က အလင်းကန့်လန့်ကာထဲ ဝင်တော့မည့် အံ့ဖွယ်အဖွဲ့ကို ကြည့်ကာ သတိပေးလိုက်သည်။

"ဂရုစိုက်ကြဦးနော်"

ကျားမလေးက ယဲ့ဖျင်ကို လက်သီးပြရင်း "စိတ်မပူနဲ့" ဟု ပြန်ပြောလိုက်သည်။

ထို့နောက် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး လူခြောက်ဦးလုံး ပျောက်ကွယ်သွားတော့သည်။

ယဲ့ဖျင်က ပျောက်ကွယ်သွားသော အရိပ်များကို ကြည့်ကာ "လူကြီးမင်းတို့ခင်ဗျာ... ကျွန်တော် ဒီမှာပဲ သူတို့ပြန်လာမှာကို စောင့်နေပါ့မယ်။ တစ်ခုခုထူးခြားတာနဲ့ ချက်ချင်း အကြောင်းကြားပါ့မယ်"

"ကောင်းပြီ"

ထို့နောက် နန်းဆောင်အကြီးအကဲငါးဦးလည်း ပျောက်ကွယ်သွားကြသည်။ ရွှီရန် မရှိခိုက်တွင် ဂြိုလ်ပြင်ပစစ်မြေပြင်၏ အရေးကိစ္စများကို သူတို့ ပိုမိုဂရုစိုက်ရန် လိုအပ်သောကြောင့်ပင်။

လျှို့ဝှက်နယ်မြေအတွင်း၌ အလင်းရိပ်ခြောက်ခု ဆင်းသက်လာရာ တောအုပ်တစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။

"ဝါး..."

မိန်းကလေးများမှာ လျှို့ဝှက်နယ်မြေ၏ အလှအပကို မြင်သောအခါ အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။

တိမ်တိုက်များကို ထိုးဖောက်နေသော တောင်ထိပ်များ၊ ဝန်းရံထားသော မြူနှင်းများ၊ ထူးဆန်းပြီး ကြီးမားလှသော သစ်ပင်ကြီးများဖြင့် ပြည့်နှက်နေသည်မှာ နတ်ဘုံနတ်နန်းကဲ့သို့ လှပလွန်းလှသည်။

ရွှီရန်ပင်လျှင် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ခဏတာ မိန်းမောသွားရသည်။ အပြာရောင်ကြယ်ဂြိုလ်မှာ ညစ်ညမ်းမှုတွေ ကြုံတွေ့ခဲ့ရသည်မှာ ကြာပြီဖြစ်ရာ တောရိုင်းထဲတွင် အပင်စိမ်းစိမ်းနှင့် သန့်ရှင်းသော မြစ်ချောင်းများပင် မရှိခဲ့ချေ။ ယခုကဲ့သို့ လှပသော မြင်ကွင်းမျိုးမှာ မြင်ရခဲလှသည်။

မိန်းကလေးငါးဦးမှာ စူးစမ်းရှာဖွေသူများသဖွယ် တောက်ပသော ပန်းပွင့်လေးများကို ခူးကာ ဆံပင်တွင် ပန်ဆင်နေကြသည်။ ရွှီရန်က သူတို့ကို မတားမြစ်ခဲ့ပေ။

သူ၏ အာရုံခံစားမှုဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်သလို အဖွဲ့ဝင်များ၏ ကိုယ်ခန္ဓာစွမ်းအားကလည်း မြင့်မားသဖြင့် တစ်ခုခု ရုတ်တရက် ဖြစ်လာပါက ချက်ချင်း တုံ့ပြန်နိုင်မည်ကို သူ သိသောကြောင့်ပင်။

သူတို့ စူးစမ်းနေကြစဉ်မှာပင် တစ်ရှဲရှဲနှင့် လှုပ်ရှားသံတစ်ခု ထွက်ပေါ်လာကာ ၎င်းနှင့်အတူ ပြင်းထန်သော ငါးညှိနံ့ကြီးကလည်း ပါလာခဲ့သည်။

All Chapters