← Chapters

သူက ပိုင်ရှောင်ချန်းပဲ

Vol. 12 Ch. 1102

သူက ပိုင်ရှောင်ချန်းပဲ

Vol. 12 Ch. 1102

မြို့တော်ရှိ ပင်မဂိတ်တစ်ဂိတ်၏ အပြင်ဘက်ဝယ်

လူတိုင်းမှာ သူတို့မျက်လုံးသူတို့ မယုံနိုင်ဖြစ်လျက် ဆွံ့အနေကြတော့သည်။ ထိုနေရာတွင် ပိုင်ရှောင်ချန်းက တန်ခိုးရှင်တစ်ပါးသဖွယ် ရပ်နေသည်ဖြစ်ရာ လူတိုင်း အသက်ရှူရန်ပင် မေ့နေတော့သည်။

သူ၏လက်ဝါးတစ်ချက်က ယပ်ယန်ဝိညာဥ်အဆင့်အစောင့်ပေါင်းများစွာအား အလဲသိပ်ခဲ့သည်ကို မြင်ရုံနှင့်တင် အံ့သြဖွယ်ကောင်းနေခဲ့ပြီး ဖြစ်သည်။ ထိုအချိန်က သူတို့သည် သူ့ကို ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတစ်ယောက်ယောက်ဟု ယူဆခဲ့ကြ၏။ ထို့နောက် နောက်လက်ဝါးချက်က နတ်အဆင့်ပညာရှင်ကို ဒူးထောက်စေခဲ့ရာ အနှီလူငယ်ကား အမှန်တကယ်တွင် စွမ်းအားကြီးပညာရှင်တစ်ဦးဖြစ်ကြောင်း သဘောပေါက်လိုက်ကြသဖြင့် သူတို့ ပင့်သက်ရှိုက်သွားခဲ့ကြရသည်။

နောက်ဆက်တွဲ လက်ဝါးချက်က နတ်အဆင့်ကျင့်ကြံသူငါးဦးနှင့် ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်များကို ဒူးထောက်စေသောအခါ သူတို့မှာ အလွန်အမင်း အံ့အားသင့်သွားရပြန်သည်။ ထိုအချိန်တွင် သူတို့သည် ပိုင်ရှောင်ချန်းက နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဟု ယူဆခဲ့ကြသည်။ သူက အမှန်တကယ်တွင် ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်နေလိမ့်မည်ဟု သူတို့တစ်ခါမှ စိတ်မကူးခဲ့ဖူးပေ..... ကောင်းကင်ဧကရာဇ်များမှာ တွေ့နေကျအရာမဟုတ်သည် မဟုတ်ပါလော။ ထာဝရအင်မော်တယ်နယ်မြေအားလုံးတွင် ဆယ့်နှစ်ယောက်သာ ရှိလေသည်။

ပို၍အံသြဖွယ်ကောင်းသည်မှာ အနှီပုဂ္ဂိုလ်သည် မြို့စားကျစ်လင်၏တိုက်ကွက်ကို ရင်ဆိုင်ရန် လက်ဝါးတစ်ချက်သာ လိုအပ်လေသည်။

မြို့စားကျစ်လင်နှင့် အခြားစွမ်းအားကြီးပညာရှင်များအားလုံး မြို့ဂိတ်ရှေ့တွင် ဒူးထောက်နေသော မြင်ကွင်းက စောင့်ကြည့်နေသူများ၏ စိတ်အစဥ်ကို ပေါက်ကွဲတော့မတတ် ပလုံစီထသွားစေတော့သည်။ သူတို့မှာ အသိစိတ်များလွတ်သွားသည့်တိုင်အောင် မိုးကြိုးသန်းပေါင်းများစွာ ပစ်ချခံလိုက်ရသည့်အလား ခံစားလိုက်ရလေသည်။ လူတစ်ဦးတစ်ယောက်မှ တွေးပင်မတွေးဝံ့တော့ပေ။ သူတို့အရှေ့တည့်တည့်တွင် ဖြစ်နေသည်က အံ့ဩတုန်လှုပ်ဖွယ် ကောင်းလှ၍ သူတို့ဘဝတစ်လျှောက်လုံး ဘယ်တော့မှ မေ့တော့မည်မဟုတ်ပေ။

ဤအချိန်တွင် ဂိတ်၏ တာဝန်ရှိ နတ်အဆင့်ကျင့်ကြံသူမှာ အဆုံးစွန်ထိစိတ်ပျက်အားငယ်နေသည့်အလား ကြေကွဲဖွယ်ကောင်းသောစကားလုံးများ ခပ်တိုးတိုးရေရွတ်လိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး သုဿန်တစပြင်ပမာ တိတ်ဆိတ်ငြိမ်သက်နေမှုကြောင့် သူ၏ တီးတိုးရေရွတ်လိုက်သော စကားလုံးများက မှင်သက်နေပြီ ဖြစ်သော ပရိသတ်များ၏ နားထဲ မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားရာ လူအပေါင်းအား ပင့်သက်ရှိုက်သွားစေတော့သည်။

" ကောင် ...ကောင်းကင်ဧကရာဇ်... "

တိတ်ဆိတ်မှုများ ပြိုကွဲ၍ ကြီးမားသောဆူညံပွက်လောရိုက်မှုကြီး အစားထိုးဝင်ရောက်ရန် တခဏသာ ကြာလိုက်သည်။

" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

" ငါ အိပ်မက်မက်နေတာလား။ သွေးလေချောက်ခြားနေတာလား။ ငါတကယ်ကြီး ကောင်းကင်ဧကရာဇ်တစ်ပါးကို ကြည့်နေတာလား "

ဒူးထောက် စုဝေးနေသော ကျင့်ကြံသူ အုပ်စုမှာ တဆတ်ဆတ်တုန်ယင်နေပြီး အမြုတေအဆင့်ရှိ အားနည်းသောလူတချို့မှာ ကြောက်လန့်လွန်း၍ သတိလစ်သွားကြတော့သည်။

မြို့စားကျစ်လင်၏ လက်အောက်ငယ်သားများမှာ အလွန်ထိတ်လန့်နေကြသဖြင့် သူတို့၏မျက်နှာများမှာ စက္ကူများကဲ့သို့ ဖြူဆုတ်နေပြီး ချွေးများ ရွှဲရွှဲစိုနေလေသည်။ ပိုင်ရှောင်ချန်း၏ အကြည့်ေလးတစ်ချက်သည်ပင် သူတို့ကို တစ်သက်နှင့်တစ်ကိုယ် မကြံဖူးသော ကြောက်ရွံထိတ်လန့်မှုအဆင့်နှင့် အဆုံးမရှိသော နောင်တများဖြင့် ပြည့်နှက်သွားစေတော့သည်။

" သူ ... သူက ... ကောင်းကင်ဧကရာဇ်တစ်ပါး... "

" ချီးတဲ့မှပဲ။ ကောင်းကင်ဧကရာဇ်ဆိုလဲ ဘာလို့ စောစောက မပြောတုန်း။ဘာလို့ ဒီလိုလုပ်နေရတာတုန်း "

သူတို့အားလုံးမှာ ရူးတော့မတတ် ခံစားလိုက်ရတော့သည်။ သို့သော် အားလုံးအထဲ အဆိုးဆုံးတစ်ယောက်ကား မြို့စားကျစ်လင်ပင်။ သူ၏မျက်နှာက အလွန်နီမြန်းနေ၍ ခရမ်းရောင်ပင်သမ်းနေပြီး သူ့နှလုံးသားထဲတွင် သူ ခံစားနေရသည့် ခါးသီးမှုမှာ အဆုံးမရှိတော့ပေ။

ပရိသတ်ထဲရှိ တချို့က ယခုထက်ထိ မယုံကြည်နိုင်သေး၍လားမသိ၊ ပိုင်ရှောင်ချန်းက နတ်ဘုရားတစ်ပိုင်းအဆင့်၏ မဟာစက်ဝန်းတွင်သာဖြစ်မည်ဟု ယုံကြည်ကြလေသည်။သို့သော် ပိုင်ရှောင်ချန်း၏လက်ဝါးဖြင့် အမှန်တကယ် အရိုက်ခံခဲ့ရသော မြို့စားကျစ်လင်သည် သူ ရင်ဆိုင်နေသော ကျင့်ကြံခြင်းအခြေခံအဆင့်ကို လုံးဝသေချာနေသည်။

ကောင်းကင်ဧကရာဇ်တစ်ပါးကသာ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများ၊ နတ်အဆင့်ကျင့်ကြံသူများနှင့် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများကို အလွန်တကူရင်ဆိုင်နိုင်မည် ဖြစ်သည်။ ပုံမှန်လှုပ်ရှားမှုလေးတစ်ချက်နှင့် သူက သူတို့အားလုံးကို သူ့အရှေ့မြေပြင်တွင် ဒူးထောက်စေခဲ့သည်။

ယခုတွင် သူသည် ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေအဆင့်ကို သိပြီဖြစ်သောကြောင့် သူမည်သူဖြစ်သည်ကို ရှာဖွေရန် ထွေထွေထူးထူးစဥ်စားရန်ပင် မလိုတော့ပေ။

သူတော်စင်ဧကရာဇ်က ကောင်းကင်တံတားဘုရင် ပိုင်ရှောင်ချန်းကို ဒုတိယအင်မော်တယ်နယ်မြေတွင် တာဝန်ယူရမည့် ဒုတိယကောင်းကင်ဧကရာဇ်အဖြစ် ခန့်အပ်စဥ်ကတည်းက လအနည်းငယ်သာရှိသေးသည် မဟုတ်ပါလော။ ထိုမျှသာမက မြို့စားကျစ်လင်သည် သူတော်စင်ဧကရာဇ်နိုင်ငံတော်ရှိ အခြားကောင်းကင်ဧကရာဇ်အားလုံးကို မြင်ခဲ့ဖူးသည်။ ပိုင်ရှောင်ချန်းသာ သူတစ်ခါမှ မမြင်ခဲ့ဖူးသည့် တစ်ဦးတည်းသောလူဖြစ်၏။

ပဟေဌိအပိုင်းအစများအား အတူတကွပြန်ဆက်ပြီးနောက် မြို့စားကျစ်လင်၏ နှလုံးသားမှာ ကွဲကြေမတတ်ဖြစ်သွားတော့သည်။ ယခုလေးတင် သည်းခြေရည်တစ်ခွက်လုံး သူ မြိုချခဲ့ရသည့်အလား အတွင်းကော အပြင်ပါ ခါးနိူင်သမျှ ခါးသထက် ခါးနေလေသည်။

သူက ခါးသီးစွာ ပြုံး၍ အံတင်းတင်းကြိတ်ပြီး သူ၏ခြေထောက်က ခံလည်းမခံစားနိုင်၊ လှုပ်လည်းမလှုပ်နိုင်ဖြစ်သည့်တိုင် လက်ယှက်ပြီး ပြောသည်။

" ကျုပ် ကျစ်လင် ... ကောင်းကင်တံတားဘုရင်ကို ဂါဝရပြုပါတယ်"

ထိုစကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီး၏ ဗလုံးဗထွေးအသံများ တိခနဲ တိတ်ဆိတ်သွား၏။ မျက်လုံးများအားလုံးက ပိုင်ရှောင်ချန်းအပေါ် ကျရောက်လာကြလေသည်။ တိတ်ဆိတ်မှု တခဏတာ ကြီးစိုးသွားပြီးနောက် ပွက်လောရိုက်သွားပြန်တော့သည်။

" ကောင်းကင်တံတားဘုရင် ။ သူက..... ပိုင်ရှောင်ချန်းလား "

" ဆယ့်တစ်ယောက်မြောက် ကောင်းကင်ဧကရာဇ် … ပိုင်ရှောင်ချန်း "

" ကောင်းကင်တံတားဒေသက ပိုင်ရှောင်ချန်း "

ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် သူ့ရှေ့တွင် စီတန်းဒူးထောက်နေကြသော လူအားလုံးကို ရပ်ကြည့်နေ၏။ စိတ်ထဲတွင် သူသည် အမှန်ပင် သိုသိုသပ်သပ်နေရန် မည်မျှများစွာလုပ်ဆောင်ခဲ့ကြောင်း စဥ်းစားကာ သက်ပြင်းချလိုက်သည်။

သို့သော် ဤလူများက သူ့ကို ဝင်ခွင့်မပေးခဲ့ပေ။ ထိုမျှသာဆိုလျှင် သူ လက်ခံနိုင်ကောင်းလက်ခံနိုင်ပေဦးမည်။ သို့သော် သူတို့က သူ့ကို တိုက်ခိုက်ခဲ့ကြသည်။ ထိုအခြင်းအရာက သူ့ကို အမှန်တကယ်ဒေါသထွက်သွားစေသည့် အရာဖြစ်သည်။

မြို့စားကျစ်လင်က သူ့နာမည်အား ကျယ်လောင်စွာ ပြောသည်ကို ကြားရန်မှာ သူ့အတွက် အံ့သြစရာမဟုတ်ပေ။ အမှန်တွင် ဤလူက နောက်ဆုံး သူ မည်သူဖြစ်ကြောင်းမသိလျှင်သာ သူ့အတွက် ထူးဆန်းမည်ဖြစ်သည်။

သူက မြို့စားကျစ်လင်ကို စိန်းစိန်းဝါးဝါးကြည့်၍ ပြော၏။

" ဒီတော့ မင်းက ငါဘယ်သူဆိုတာ သိသားပဲ။ ဒါတောင် ငါ့ကို တိုက်ခိုက်သေးတယ်ပေါ့။ ကောင်းပြီလေ မင်းက သေချာပေါက် သတ္တိရှိတာပဲ ဟုတ်တယ်မလား မြို့စားကျစ်လင် "

ဤမြို့စားကျစ်လင်၏ ကောင်းမှူကြောင့် သူ၏သိုသိုသိပ်သိပ်နေမည့်အစီအစဥ်မှာ လုံးဝဖျက်စီးခံခဲ့ရသည်။ သူသာ အတန်ငယ် စောစော သို့မဟုတ် နောက်ကျမှသာ လာခဲ့လျှင် ဤအရာတစ်ခုမှ ဖြစ်မည် မဟုတ်ပေ။

" ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့ ကောင်းကင်တံတားဘုရင်ခင်ဗျား ... "

မြို့စားကျစ်လင်သည် ရှင်းပြချင်သော်လည်း ဤအခိုက်အတန့်တွင် သူလုပ်နိုင်သည်မှာ ခေါင်းငုံ့ထားရုံသာဖြစ်ကြောင်း သိလေသည်။ တချိန်တည်းမှာပင် မဖော်ပြရဲသော်လည်း သူ၏ပိုင်ရှောင်ချန်းကို မုန်းတီးခြင်းများ သူ့နှလုံးသားထဲတွင် အမြစ်တွယ်သွားတော့သည်။

" မင်းတို့ ကောင်းကင်ဧကရာဇ်တွေ ... "

သူက တွေးသည်။

" အမြဲ ငါ့လို လူတွေနဲ့ ကစားကြတယ်… "

မြို့စားကျစ်လင်သည် အလွန်အမင်းကံဆိုးသော်လည်း ဂိတ်အတွက် တာဝန်ရှိ နတ်အဆင့်ကျင့်ကြံသူမှာ ပို၍ပင် ကံဆိုးသည်။ သူ့အတွက် ကမ္ဘာကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားသည့်အလားဖြစ်ပြီး သူက ပိုင်ရှောင်ချန်းကို အသနားခံလျက်သာ စိုက်ကြည့်နေနိုင်တော့သည်။

ထိုအချိန်တွင် အကူအညီတောင်းသော စာများလက်ခံရရှိခဲ့သည့် မြို့ထဲကလူများ ချဥ်းကပ်လာ၏။ သူတို့ မရောက်ခင် သူတို့အသံများသည် မြို့ဂိတ်အထိ မြည်ဟည်းလာလေသည်။

" ဘယ်ကောင်သေချင်နေတာလဲ "

" မင်းက မြို့တော်ကို ဘယ်လိုတောင် ကျူးကျော်ရဲတာတုန်း။ အတင့်ရဲလိုက်တာ "

" အခုချက်ချင်း ဒူးထောက်စမ်း "

အမျိုးသားငါးယောက်၊ အမျိုးသမီးသုံးယောက်၊ စုစုပေါင်း ရှစ်ယောက်ရှိပြီး အားလုံးက နတ်အဆင့်၏ မဟာစက်ဝန်းတွင် ဖြစ်ကြသည်။ သူတို့က မြေပေါ်တွင် ဒူးထောက်နေသော လူအုပ်ကြီးကို မြင်သောအခါ သူတို့၏ ဒေါသများတောက်လောင်သွားသော်လည်း မကြာခင် ထိုလူများထဲက တစ်ယောက်မှာ မြို့စားကျစ်လင်ဖြစ်ကြောင်း သတိထားမိသွားကြ၏။ ထိုအချိန်တွင် သူတို့မှာ ရေခဲရေတစ်ပုံးဖြင့် ခေါင်းမှလောင်းချခံလိုက်ရသည့်အလား ခံစားလိုက်ရတော့သည်။ သူတို့သည် တဆတ်ဆတ်တုန်လာပြီး ချက်ချင်းတုံ့ခနဲရပ်သွားကာ နောက်သို့အနည်းငယ်ဆုတ်လိုက်ကြလေသည်။ နောက်ဆုံးတွင် သူတို့က ပိုင်ရှောင်ချန်းကို မြင်လိုက်ချိန်တွင် သူတို့မျက်လုံးများထဲရှိ အံသြခြင်းများ ပို၍ ကြီးထွားလာတော့သည်။

ပိုင်ရှောင်ချန်းက မျက်မှောင်ကြုတ်ကာ အသစ်ရောက်လာသော ရှစ်ဦးကို မော့ကြည့်ပြီး သူတို့ကိုလည်း ဆွဲချပြီး ဒူးထောက်ခိုင်းရမည်လား ဆုံးဖြတ်ရန် ကြိုးစားလိုက်သည်။ သူ ဘာလုပ်ရမလဲ စဥ်းစားနေချိန်မှာပင် နတ်အဆင့်ကျင့်ကြံသူရှစ်ဦးက တဟုန်ထိုးနောက်ဆုတ်၍ တစ်ဆက်တည်း ကျောက်စိမ်းပေလွှာများကို ထုတ်ကာ ဖျက်စီးလိုက်သည်။

ထို့နောက် ကြီးကျယ်ခမ်းနာသော နတ်ဘုရားအာရုံတစ်ခု မြို့ထဲမှ ဖြန့်ကျက်လာ၏။

၄င်းမှာ ပတ်ဝန်းကျင်တွင် ရှိရှိသမျှ အရာရာတိုင်းကို ဖျက်စီးပစ်နိုင်သည့် ကောင်းကင်ကိုလှုပ်ရမ်းပြီး မြေကြီးများ ပြိုလဲစေနိုင်သော လေဆင်နှာမောင်းကြီးအလားပင်။ ၄င်းက နတ်အဆင့်ကျင့်ကြံသူများကို ပုရွတ်ဆိတ်ပမာ ဖြစ်သွားစေပုံရပြီး နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများမှာ ခွေးများအလား ဖြစ်သွားစေတော့သည်။

မြို့တော်ရှိ ကျင့်ကြံသူအားလုံးမှာ အမြုတေအထိ တုန်လှုပ်သွားကြပြီး သူတို့၏ကျင့်ကြံခြင်းအခြေခံများ ဖိနှိပ်ခံလိုက်ရ၍ တုန်ရီလာကြလေသည်။

သိသိသာသာတုန်ယင်လာသည့် မြို့စားကျစ်လင်အပါအဝင် ဂိတ်ရှိလူတိုင်းလည်း ထိုနည်းတူပင်။ ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်၏ တိုက်ရိုက်ဆက်ခံသူတစ်ယောက်အနေဖြင့် မြို့စားကျစ်လင်သည် ဤနတ်ဘုရားအာရုံအား မည်သည့်အတွက်ကြောင့် မသိဘဲနေမည်နည်း။ အခြားသူများအတွက်မူ ၄င်း၏ဇစ်မြစ်ကို ခန့်မှန်းရန် မခက်ခဲပေ။ မြို့တော်တွင် ဤအဆင့်ရှိ လူတစ်ဦးတည်းသာ ရှိသည်။

တစ်ကမ္ဘာလုံးတုန်ခါသွားစဥ် လူတိုင်း ဦးညွှတ်လိုက်ကြသည်။

သို့သော် ပိုင်ရှောင်ချန်းသာ ရပ်နေ၏။ သူက မြို့ထဲရှိ နတ်ဘုရားအာရုံ၏ ရင်းမြစ်ထံသာ ကြည့်နေသည်။ သိသာစွာပင် ၄င်းကို စေလွှတ်ခဲ့သည့်ပုဂ္ဂိုလ်ကား ပျော်ရွှင်မနေပေ။ ပိုင်ရှောင်ချန်းက သက်ပြင်းချကာ ပြောလိုက်သည်။

" တွေ့ရတာဝမ်းသာပါတယ် တာအိုရောင်ရင်း သက်တော်ရှည်ဝိညာဥ် "

အသက်ရှူချိန်ဆယ်ကြိမ်ကုန်ဆုံးသွား၏။ နောက်ဆုံးတွင် အေးစက်သောအသံတစ်သံ ကောင်းကင်နှင့်မြေကြီးတွင် ပဲ့တင်ထပ်လာသည်။

" မင်း ဝင်လာတဲ့ပုံစံက တော်တော်လေး သတ်မှတ်ချက်နဲ့မကိုက်ညီဘူး တာအိုရောင်ရင်းပိုင်။ ညီနောင်တို့ သွား၊ ကောင်းကင်တံတားဘုရင် ပိုင်ရှောင်ချန်းကို မြို့ထဲ ပို့ဆောင်ပေးလိုက် "

ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ် ၏ စကားလုံးများက ကောင်းကင်ဘုံမှလာသော မိုးထစ်ခြုန်းသံကဲ့သို့ တစ်မြို့လုံးကို တုန်ခါသွားစေကာ ပဲ့တင်ထပ်သွားလေသည်။ သူ့စကားကြောင့် အလင်းတန်းပေါင်းများစွာ လေထဲ တဟုန်ထိုးတက်လာကြသည်။

ထိုအလင်းတန်းများထဲမှာရှိနေသည်ကား မြို့တော်တွင် တာဝန်ကျသော နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူများဖြစ်ပြီး အားလုံးသည် မြို့ဂိတ်တံခါးထံ တန်းတန်းမတ်မတ် တစ်ရှိန်ထိုးသွားနေကြ၏။

All Chapters