← Chapters

သိုသိုသိပ်သိပ် နေရမယ်

Vol. 12 Ch. 1103

သိုသိုသိပ်သိပ် နေရမယ်

Vol. 12 Ch. 1103

ဤမြို့တော်ရှိ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်သော နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူဆယ်ဦးကား တောက်ပသောအလင်းတန်းများအသွင်ဖြင့် ရောက်လာကြလေသည်။

ခုနစ်ယောက်က အမျိုးသားများဖြစ်ပြီး သုံးယောက်က အမျိုးသမီးဖြစ်ကာ အသက်အရွယ်အမျိုးမျိုးဖြစ်ကြလေသည်။ တစ်ဦးမှာ လှပသောအမျိုးသမီး ဖြစ်သည်။ သူတို့အားလုံးက တင်းမာခက်ထန်သောအမူအရာများဖြင့် ပိုင်ရှောင်ချန်းကို ကြည့်လိုက်သည်။ မြို့စားကျစ်လင်နှင့် ဒူးထောက်နေသောအခြားကျင့်ကြံသူများကို လျစ်လျူရှုကာ သူတို့က လက်ယှက်ပြီး ပိုင်ရှောင်ချန်းကို အလေးအနက်အရိုအသေပေးလိုက်ကြသည်။

" ဂါဝရပြုပါတယ် ကောင်းကင်တံတားဘုရင် "

မှင်သက်နေသောလူအုပ်ကြီးထံမှ ပို၍များပြားသော ပင့်သက်ရှိုက်သံများ ကြားလိုက်ရ၏။ သူတို့၏ မျက်စိရှေ့မှောက်တည့်တည့်တွင် ဖြစ်ပျက်နေသောအရာမှာ မယုံနိုင်စရာကောင်းသည့်ပုံပေါ်လေသည်။

ပိုင်ရှောင်ချန်းမှာမူ ရင်ထဲတွင် သက်ပြင်းချလိုက်သည်။ သူသည် ကျင့်ကြံခြင်းကမ္ဘာကို ပထမဆုံးခြေချခဲ့တုန်းကပမာ သေးဖွဲ့သိမ်နုပ်သော ကျင့်ကြံသူတစ်ယောက် မဟုတ်တော့ပေ။ သူက ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်ပြီး လူအများ၏အတွေးများကို မဖတ်နိုင်သော်လည်း သူတို့ဘာတွေးနေသည်ကို ခန့်မှန်းရန် လွယ်ကူလေသည်။

ဤနတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူ ဆယ်ဦးသည် လေးစားသမှုဖြင့် ပြုမူနေကြသော်လည်း သူတို့လေသံကို နားထောင်ကြည့်၍ သူတို့၏သဘောထားကို အကဲဖြတ်ရန် လွယ်ကူလေသည်။ သူတို့က သူ့ကို ကျင့်ဝတ်အရ မြို့တော်သို့ ဖိတ်နေသည့်တိုင် အမှန်တကယ် သူ့ကို ရှိမနေစေချင်ပေ။

အချိန်အနည်းငယ်ကြာသော် နတ်အဆင့်ကျင့်ကြံသူများစွာနှင့်အတူ သာမန်အစောင့်တစ်သောင်း ချဥ်းကပ်လာ၏။ သူတို့က ပင်မဂိတ်၏အပြင်ဘက်တွင် အဆင့်အလိုက်နေရာယူထားကြစဥ် မြို့ထဲတွင် ခေါင်းလောင်းသံများ ပြည့်နှက်သွားသည်။ ထို့နောက် ကျင့်ကြံသူများက သူ့ကို အထဲလိုက်ပါပို့ဆောင်ရန် ပတ်ပတ်လည်တွင် ဝိုင်းဖွဲ့လိုက်ကြသည်။

မြို့စားကျစ်လင်သည် တချိန်လုံး တစ်ခါမှ ထမရပ်ပေ။ သူကဲ့သို့ လူများက ပိုင်ရှောင်ချန်းလိုလူတစ်ယောက်၏ အမိန့်များကို နာခံစရာ မလိုသော်လည်း သူတို့အနေဖြင့် အဆုံးစွန်ထိ လေးစားသမှုပြုရန် လိုအပ်သည်။

ပိုင်ရှောင်ချန်းက ကိုယ်တိုင်ကိုယ်ကျ သူ့ကို အပြစ်ပေးခဲ့သည်အား စဥ်းစားကြည့်ပါက ဘယ်သူမှ ယခုအချိန်တွင် သူ့အပေါ် စေတနာကောင်းမည် မဟုတ်ပေ။ မည်သူမှ သူ၏အပြစ်ကို မဝေမျှချင်သည် မဟုတ်ပါလော။

ထို့နောက် ကြီးကျယ်ခမ်းနားသော ကြိုဆိုမှုဖြစ်သည့်တိုင် စိတ်အားထက်သန်မှုအနည်းငယ်ဖြင့် ပိုင်ရှောင်ချန်းသည် မြို့တော်အတွင်းသို့ ပို့ဆောင်ခံရလိုက်သည်။ သူက လွန်စွာ တန်ဖိုးကြီးသောစံအိမ်ကြီးတစ်လုံးရှိရာ မြို့တော်၏အလယ်ဗဟိုရှိ နေရာတစ်နေရာသို့ ဦးဆောင်ခေါ်သွားခံသည့်အတွက် လူတိုင်း တုန်လှုပ်သွားကြတော့သည်။

၄င်းသည် အနည်းဆုံး မီတာ သုံးသောင်းအကျယ်အဝန်းရှိပြီး မိုးထိအောင် မြင့်မားလေသည်။ ၄င်း၏မြေပြင်တွင် အလှဆင်ကျောက်များ၊ နက်ရှိုင်းသော ရေကန်များ၊ တံတားငယ်လေးများနှင့် စမ်းချောင်းလေးများပါရှိ၏။ ဝရံတာများကား နေရာတိုင်းတွင် ရှိနေသည်။ ပြင်းထန်သောဖိအားနှင့်အတူ အားကောင်းသော စိတ်စွမ်းအင်များလည်း ပြည့်နှက်နေသည်။ ဒုတိယအင်မော်တယ်နယ်မြေမှ မြေစီးကြောင်းစွမ်းအင်ကို ထုတ်ယူပေးမည့် မန္တန်ဝင်္ကပါများလည်းရှိ၏။ အားလုံး ခြုံငုံလိုက်သော် ဤနေရာသည် ရင်သပ်ရှုေမာဖွယ်ရာ ဖြစ်နေတော့သည်။

ပိုင်ရှောင်ချန်း၏ နိစ္စဓူဝလိုအပ်ချက်များအား ဖြည့်ဆည်းပေးရန် ခန့်အပ်ထားသော အစေခံယောက်ျားများနှင့် အစေခံမိန်းကလေးများ တစ်ထောင်က ဝင်ပေါက်ရှေ့တွင် စီတန်းနေရာယူထား၏။ အမှန်တွင် ယောကျ်ားသားများအားလုံးမှာ အလွန်ချောမောခန့်ညားပြီး မိန်းကလေးများမှာ လှပကြော့ရှင်းလေသည်။ မည်သူမဆို သာမန်ထက်ထူးကဲသည်ဟု ဖော်ပြနိုင်သည်။

ပိုင်ရှောင်ချန်းသည် ၄င်းနှင့်ပတ်သက်၍ ပြဿနာရှိသော အရာတစ်ခုတလေမှ မတွေ့ပေ။ မြို့တော်အတွင်း ဤကဲ့သို့ စံအိမ်နှစ်လုံးသာရှိလေသည်။ တစ်လုံးက သူ၏စံအိမ်ဖြစ်ပြီး အခြားတစ်ခုမှာ ... ပို၍ပင် ပေါများသော စိတ်စွမ်းအင်များရှိလေသည်။ ၄င်းကား ဒုတိယအင်မော်တယ်နယ်မြေအားလုံးကို ကြီးကြပ်ကွပ်ကဲသော ပုဂ္ဂိလ်ဖြစ်သည့် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ် ၏ စံအိမ်ပင် ဖြစ်ပေသည်။

စံအိမ်နှစ်လုံးသည် သိပ်မဝေးချေ။ အမှန်တကယ်တွင် တစ်လုံးနှင့်တစ်လုံး လှမ်းကြည့်လျှင် မြင်ရသည်။

မြို့တော်မှ အရေးပါသောကျင့်ကြံသူများအားလုံးက အလွန်ယဥ်ကျေးသည်။ ပိုင်ရှောင်ချန်းကို သူ၏စံအိမ်ထံ လိုက်ပါပို့ဆောင်ပြီးနောက် သူတို့ကို နှုတ်ဆက်စကားပြောကြားသွားကြ၏။ တချိန်လုံး ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ် ပေါ်မလာပေ။ အဆုံးသတ်တွင် သူက နတ်ဘုရားအာရုံမှတစ်ဆင့်သာ နှုတ်ခွန်းဆက်စကား ပို့ဆောင်လိုက်သည်။

ထိုအခြင်းအရာအရ ဤလူကား ပိုင်ရှောင်ချန်း၏ တည်ရှိမှုကို သိပ်မကျေနပ်ကြောင်း ပိုင်ရှောင်ချန်းအတွက် သိသာနေတော့သည်။ ဒုတိယအင်မော်တယ်နယ်မြေသည် တစ်ခါက ကောင်းကင်ဧကရာဇ်တစ်ဦးတည်းအတွက် အိမ်ဖြစ်ခဲ့သော်လည်း ယခုတွင် နှစ်ယောက်ရှိနေပြီ မဟုတ်ပါလော။ ထိုသည်က အာဏာလုခြင်းနှင့်ရန်ပွဲများအား ရှောင်ရန် ခက်ခဲမည်ဖြစ်သည်ဟု ဆိုနိုင်သည်။

ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်က ဒုတိယအင်မော်တယ်နယ်မြေတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သောကြောင့် နတ်အဆင့်ကျင့်ကြံသူများနှင့် နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူများအားလုံး သူ့အတွက် အလုပ်လုပ်သည်ဟူ၍ ယူဆနိုင်သည်။ တစ်နည်းအားဖြင့် ဤသည်မှာ သူတော်စင်ဧကရာဇ်နိုင်ငံတော်၏ ဒုတိယအင်မော်တယ်နယ်မြေမဟုတ်ဘဲ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်၏ ကိုယ်ပိုင်ခံတပ်ဖြစ်သည်။

ထိုမျှသာမက ပိုင်ရှောင်ချန်းတွင် ဆင်တူသော ရာထူးနှင့် ဘွဲ့ရှိစေကာမူ အရေးမကြီး၊ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်အတွက် သူက အပြင်လူတစ်ယောက်သာဖြစ်၏။ ထို့ကြောင့် သူက သူတော်စင်ဧကရာဇ်မြို့မှာကဲ့သို့ ဂြိုဟ်မွှေခဲ့လျှင် ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်က ထိုလုပ်ရပ်အတွက် သေချာပေါက်ရပ်တည်ပေးမည် မဟုတ်ပေ။

" အာ ဘာပဲဖြစ်ဖြစ် ငါက သိုသိုသိပ်သိပ်နေချင်တာမလား။ အရင်ကထဲက ငါက တခြားတစ်ယောက်ရဲ့ခေါင်မိုးအောက်မှာ နေနေရတာလေ။ အခုလဲ ငါ့မှာ တကယ် လုပ်ပိုင်ခွင့်များများစားစားမှမရှိပဲ။ ငါ ဘာမှတာဝန်ယူမထားရပေမဲ့ ... ငါ့ကို တစ်ယောက်ယောက်က ပြဿနာရှာမှာကို သံသယဝင်မိတယ် "

သူက သက်ပြင်းချ၍ ထိုအကြောင်းစဥ်းစားပြီး ဤဒုတိယအင်မော်တယ်နယ်မြေတွင် မည်သည့်ရန်ပွဲမှ မဖြစ်စေရန် သူ့တွင် တာဝန်ရှိသည်ဟု ဆုံးဖြတ်လိုက်၏။ သူသည် သူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်းနှင့် ကျင့်ကြံအားထုတ်မည်ဖြစ်သည်။

" အနှေးနဲ့အမြန် ကျုပ် ခင်ဗျားကို ဒုတိယအကြိမ်သတ်ဖို့ အခွင့်အရေးရလိမ့််မယ် ကောင်းကင်တံတားတာအို "

ထိုသည်က သူ၏ကျင့်ကြံခြင်းတိုးတက်စေရာတွင် အလွန်စိတ်ပါနေရသည့် ဒုတိယအကြောင်းရင်းဖြစ်သည်။ ပထမက ကောင်းကင်တံတားကျင့်ကြံသူများကို သူတို့၏အနာဂတ်အတွက် ရွေးချယ်စရာတစ်ခု ပေးရန်ဖြစ်သည်။

သူက ဆုံးဖြတ်ချပြီးနောက် သူ၏စံအိမ်တွင် တိတ်ဆိတ်စွာ နေလိုက်သည်။ စံအိမ်သည် ကြီးမားသော်လည်း ထိန်းသိမ်းစောင့်ရှောက်ရန် အစေခံတစ်ထောင်ရှိသောကြောင့် စိတ်ဓာတ်ကျစရာကောင်းလောက်အောင် လူသူကင်းမဲ့ပုံမရပေ။ မကြာခင် တစ်လကုန်သွား၏။

ထိုအတောအတွင်း သူ့ထံ အလည်အပတ်လာသူမရှိလောက်ဖြစ်သည့်အပြင် ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်ကလည်း စာတစ်စောင်တလေမှ မပို့ပေ။ ဘယ်သူမှ သူ၏တည်ရှိမှုကို အာရုံမထားသည့်နီးပါး ဖြစ်နေတော့သည်။

ပုံမှန်အားဖြင့် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူဆယ်ဦးသည် ဒုတိယအင်မော်တယ်နယ်မြေရှိ နေ့စဥ်အကြောင်းကိစ္စများကို ဂရုစိုက်ပြီး ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်ထံ အစီရင်ခံစာတင်ပြကာ သူက ဆက်လက် လမ်းညွှန်မှုပေးသည်။

ပိုင်ရှောင်ချန်းက ထိုသည်ကို စိတ်မဝင်စားပေ။ သူက ယပ်တောင်အစုတ်ကြီးမှ အမိန့်လည်ဆွဲဖြင့် ကျင့်ကြံအားထုတ်ရန် သီးသန့်အခန်းတစ်ခန်းထဲတွင်သာ နေလေသည်။

မြို့တော်ရှိ ကျင့်ကြံသူအပေါင်းမှာ အစပိုင်းက သူတို့ ဆူညံပွက်လောရိုက်မှုကြီးအတွင်း ကျရောက်သွားပြီဟု ယူဆခဲ့ကြသည်။ သို့သော် နောက်ဆုံးတွင် ထိုသို့ဖြစ်လောက်မည့်ပုံမပေါ်ကြောင်း သဘောပေါက်လိုက်ကြသည်။ သိသာစွာပင် အနှီအသစ်ရောက်လာသော ကောင်းကင်တံတားဘုရင်သည် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်ကို နာခံနေလေသည်။

ထိုသဘောထားက ပိုင်ရှောင်ချန်းအတွက် အကျိုးအမြတ်အတန်ငယ်ရသည်။ သူက တစ်ခုခုလေးတောင်းဆိုလိုက်ရုံနှင့် မြို့တော်ရှိ မည်သူမဆို သူ၏တောင်းဆိုချက်ကို ဖြည့်ဆည်းရန် အရာအားလုံးလုပ်ပေးမည် ဖြစ်သည်။

ဒုတိယအင်မော်တယ်နယ်မြေရှိ ကျင့်ကြံသူများအတွက် ဘဝသည် ပိုင်ရှောင်ချန်း ရောက်မလာခဲ့ခင်ကနှင့် တထပ်တည်း ဖြစ်ပုံပေါ်တော့သည်။ သူက သူ၏ကျင့်ကြံခြင်းတိုးတက်စေရန် အမိန့်လည်ဆွဲကို သုံး၍ ပျော်ပျော်ကြီး တံခါးပိတ်ကျင့်ကြံနေလေသည်။ သူက သူ၏ကျင့်ကြံခြင်းအခြေခံကို ကူညီပေးသည့် အင်မော်တယ်ဆေးလုံးများနှင့် စိတ်စွမ်းအင်အပင်အမြောက်အမြားလည်း ရခွင့် ရှိသည်။

ထို့ပြင် သူက မီးတောက်ဖန်တီးခြင်းနည်းလမ်းများကို ထပ်မံလေ့လာရင်း အချိန်ကုန်ဆုံးသွား၏။ သူသည် ထာဝရအင်မော်တယ်နယ်မြေများတွင် ဝိညာဥ်များအတွက် အစားထိုးတစ်ခုအနေဖြင့် အသုံးပြုနိုင်သောအရာတစ်ခုကို ရှာရန် မျှော်လင့်ထားပြီး ၄င်းမှာ သိပ်ခက်ခဲမည်မဟုတ်ကြောင်း အဖြေထွက်လာလေသည်။

ထာဝရအင်မော်တယ်နယ်မြေတွင် ပြည့်စုံသော ဘဝကူးပြောင်းခြင်းသံသရာစက်ဝန်းတစ်ခုရှိ၍ ဝိညာဥ်များရရန် ခက်ခဲလေသည်။ သို့သော် ထိုအစားအသုံးပြုနိုင်သည့် အခြားအရာများရှိ၏။ ဥပမာဆိုရလျှင် မီးလောင်လွယ်သော ဝိညာဥ်ကျောက်တုံးများ။ ၎င်းတို့က အတော်လေးရှားပါးသော်လည်း ရောင်စုံမီးတောက်ဖန်တီးရန် ပြောင်းလဲနိုင်သည်။

အမှန်တကယ်ဆိုရလျှင် ပိုင်ရှောင်ချန်းသာ ဤသုံးသပ်ချက်ကို တွေးမိသည့် တစ်ဦးတည်းသောသူမဟုတ်ပေ။ တူညီသောနည်းလမ်းကို ရှာတွေ့ခဲ့သည့် ထာဝရအင်မော်တယ်နယ်မြေရှိ အခြားမြေရိုင်းသား အောက်လမ်းဆရာများလည်းရှိသည်။ ဖက်တီးကျန်းကြီးကဲ့သို့ စိတ်စွမ်းအင်အဆင့်မြှင့်တင်သူများပင် ဆင်တူသောနည်းလမ်းများကို အသုံးပြုလာခဲ့လေသည်။

ဤနည်းလမ်း၏ကောင်းေသာအချက်မှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရာတွင် ပို၍လွယ်ကူခြင်းပင်။ သို့သော် အဆိုးလည်းရှိ၏။ ခုနစ်ဆ သို့မဟုတ် ရှစ်ဆ စိတ်စွမ်းအင်အဆင့်မြှင့်တင်ပြီးနောက် လိုအပ်သောရောင်စုံမီးတောက်ကို ရှာဖွေရန် မဖြစ်နိုင်သလောက်ပင်။

မြေရိုင်းဒေသ၏ နေ့ရက်များတုန်းက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနှင့် အောက်လမ်းပညာက မည်သို့ဆက်စပ်နေကြောင်း မြင်နိုင်ပြီး ယခုတွင် ထိုအချက်မှာ ပို၍ပင် သိသာလာသည်။

" နှမြောဖို့ကောင်းချက်ပဲ။ ဝိညာဥ်လုံလုံလောက်လောက်ပဲ မရှိတာ"

ပိုင်ရှောင်ချန်းက ခေါင်းကိုခါယမ်းကာ သူ့လက်ခုံပေါ်ရှိ ပိုင်ဟောက်၏ မီးပွားသဏ္ဍာန်အမာရွတ်လေးကို ငုံ့ကြည့်လိုက်သည်။ ပိုင်ဟောက်မှာ အိပ်ပျော်နေဆဲဖြစ်ပြီး ပိုင်ရှောင်ချန်းသည် မီးတောက်ဖန်တီးခြင်းအားဖြင့်သာ သူ့ကိုနှိုးနိုင်သည်ဟု တဖြေးဖြေးကောက်ချက်ချလာခဲ့သည်။

အဆင့်မြင့်ရောင်စုံမီးတောက်ကို ဖန်တီးရန် မဖြစ်နိုင်သော်လည်း သူက ရှစ်ဆမြှင့်တင်ထားသော ပစ္စည်းများနှင့် ဆေးလုံးများစွာ ဖန်တီးလိုက်လေသည်။ သူက မြောက်ပိုင်း၏မဟာဓားကိုပင် သန့်စင်လိုက်သည်။

သူ့မှာ အချိန်များများစားစား မရှိပေ။ မကြာခင် သုံးလကုန်ဆုံးသွား၏။ တစ်နေ့ သူ အမိန့်ပေးလည်ဆွဲဖြင့် ကျင့်ကြံအားထုတ်နေချိန် ရုတ်တရက် မြို့ထဲမှ ခေါင်းလောင်းသံများ ကြားလိုက်ရသည်။

ခေါင်းလောင်းသံအရ အရေးကြီးကိစ္စတစ်ခုရှိဟန်တူပြီး ချက်ချင်းပင် မြို့တစ်မြို့လုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။

ပိုင်ရှောင်ချန်းမှာ အတော်လေးအံအားသင့်သွားသဖြင့် မျက်လုံးများဖွင့်လိုက်ပြီး သူ၏သီးသန့်အခန်းမှ ထွက်လိုက်သည်။ ချက်ချင်းပင် သူ၏အစေခံတစ်ယောက်က အလွန်ထိတ်လန့်နေသည့်ပုံဖြင့် ပြေးလာ၏။ သူက လက်ယှက်ကာ ဦးညွှတ်၍ ပြောလိုက်သည်။

" သခင်လေး … လွန်ခဲ့တဲ့တစ်နာရီကပဲ မိစ္ဆာဧကရာဇ်နိုင်ငံတော်ရဲ့ ကောင်းကင်ဧကရာဇ် သရဲမယ်တော်က ကျွန်တော်တို့ထိန်းချုပ်နေတဲ့ မြောက်ဘက်အကျဆုံးစီရင်စုကို တိုက်ခိုက်ဖို့ စစ်တပ်တစ်တပ်ကို ဦးဆောင်ခေါ်လာပါြပီ “

" ဒါကြောင့် အခုစပြီး မြောက်ပိုင်းစီရင်စုငါးစုလုံး သူတော်စင်ဧကရာဇ်နိုင်ငံတော်နဲ့ သက်ဆိုင်မှာ မဟုတ်တော့ပါဘူး “

" တကယ့်စစ်ပွဲစတင်တော့မယ် "

သူ၏အသံတုန်ရီသွားသည်ကို ကြည့်ရသည်မှာ သူ မည်မျှ မျှော်လင့်ချက်ကုန်ခမ်းနေကြောင်း ထင်ရှားသည်။

All Chapters