ရူးသွပ်သွားပါသော
Vol. 12 Ch. 1106
ပိုင်ရှောင်ချန်းက မြို့တော်သို့ ပြန်ရောက်သောအချိန်တွင် နေ့အချိန်သို့ ရောက်နေပြီဖြစ်သည်။ သရဲကြီးဘုရင်မှာ တစ်ညလုံး မအိပ်ရသေးပေ။ သူသည် ထိုင်ကာ အရက်သောက်နေပြီး ရံခါဖန်ခါတွင် ကောင်းကင်ပေါ်သို့မော့ကြည့်၍ ပိုင်ရှောင်ချန်းက မည်သည့်အရာများ လုပ်နေမည်နည်းဟု တွေးပူနေခဲ့သည်။ သူ စိတ်လိုက်မာန်ပါလုပ်လိုက်ပြီး ပြဿနာများတက်လာမည်ကို သူ စိုးရိမ်နေတော့သည်။
သရဲကြီးဘုရင်က ပိုင်ရှောင်ချန်းရောက်လာသည်ကို အာရုံခံမိလိုက်သဖြင့် သူ့ဆီသို့ အပြေးသွားတွေ့လိုက်သည်။ ထို့နောက် သူ၏ပခုံးကိုကိုင်၍ ဆိုလိုက်တော့သည်။
" မင်း ... "
ပိုင်ရှောင်ချန်းကမူ ပခုံးတွန့်ကာ သရဲကြီးဘုရင်၏ လက်ကိုဖယ်လိုက်ပြီး အရက်အိုးတစ်အိုးထုတ်ကာ မော့သောက်၍ ဂုဏ်ယူဝင့်ကြွားစွာ ဆိုလိုက်သည်။
" စိတ်အေးအေးထားပါ မိတ်ဆွေကြီးကလဲ … မီးရှူးမီးပန်းပွဲတွေလာတော့မှာ ခဏပဲစောင့်။ ပိုင်ရှောင်ချန်း လှုပ်ရှားပြီဟေ့ဆိုရင် ဘယ်တော့မှ စိတ်မပျက်စေရဘူး။ သရဲကြီးရာ ... ခင်ဗျားရဲ့ ရာထူးကို ခုနစ်ရက်အတွင်း ခင်ဗျား ပြန်ရစေရမယ် "
ပိုင်ရှောင်ချန်း၏ ယုံကြည်မှုပြင်းထန်နေမှုကြောင့် သရဲကြီးဘုရင်မှာ အနည်းငယ် အံ့အားသင့်သွားရသည်။ သို့သော် ပိုင်ရှောင်ချန်းက မြေရိုင်းဒေသထဲတွင် လုပ်ခဲ့သမျှအရာအားလုံးကို ပြန်တွေးမိလိုက်သောအခါ သူ၏ ယုံကြည်မှုများ မပြင်းထန်နိုင်တော့ပေ။ သူ့ရင်ထဲတွင် စိုးရိမ်စိတ်များ ကြီးစိုးလာပြီး ဂနာမငြိမ်ပင် ဖြစ်လာရတော့သည်။
" မင်း ... မင်း မြို့စားကျစ်လင်ကို သတ်လိုက်တာလား "
သူက မေးလိုက်သည်။
" နောက်နေတာလား ခင်ဗျားကလဲ … "
သရဲကြီးဘုရင်က သူ့အား လျှော့တွက်လွန်းနေသဖြင့် ပိုင်ရှောင်ချန်းမှာ မခံမရပ်နိုင်ဖြစ်သွားပြီး ပြူးကြည့်၍ ပြန်ပြောလိုက်သည်။
" သူ့မျက်နှာကို ဘယ်လောက်ဆေးဆေးမပျောက်မဲ့ အိုးမည်းနဲ့ သုတ်ခဲ့ရုံလေးပါဗျ "
ပိုင်ရှောင်ချန်း၏ အကြံအစည်မှာ အလွန်ရက်စက်လွန်းလှပြီး ယုံကြည်ဖွယ်ရာ မကောင်းလွန်းေကြာင်း သိထား၍ သူ တွေးမိလိုက်ရုံနှင့် ရယ်မောနေရသည်အထိပင်။ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်မှာ လူညစ်ကျယ်ကြီးလုပ်နေသဖြင့် ပိုင်ရှောင်ချန်းမှာလည်း ပြီးပြည့်စုံနေသည့် အစီအစဥ်တစ်ခုကိုပင် မစဥ်းစားလိုတော့ပေ။ သူ့အား အနည်းငယ်မျှ အပုပ်ချရန်သာ ဆုံးဖြတ်လိုက်တော့သည်။
သရဲကြီးဘုရင်မှာ လက်ရှိအခြေအနေကို စေ့စေ့ငုံငုံ နားမလည်သေးသည့်အပြင် ပိုင်ရှောင်ချန်း၏ အကြံအစည်ကိုလည်း သိနိုင်မည်မဟုတ်ပေ။ သို့သော် ပိုင်ရှောင်ချန်းမှာ သူ့အား မည်သည့်အသေးစိတ် အချက်အလက်မှ မပြောပေ။ ထို့ကြောင့် သရဲကြီးဘုရင်မှာ ပိုင်ရှောင်ချန်း၏ သူ့ကိုယ်သူယုံကြည်မှုက ဘေးကင်းပါစေဟုသာ ဆုတောင်းနေရတော့သည်။ သိပ်မကြာခင် တိမ်တိုက်များ ပပျောက်သွားပြီး ကောင်းကင်ပြာကြီးပြန်ပေါ်လာသကဲ့သို့ အခြေအနေများမှာ အမှန်တကယ် ပြန်လည်ကောင်းမွန်လျှင် ကောင်းမွန်လာနိုင်မည် မဟုတ်ပါလော။
နောက်ရက်များတွင် သရဲကြီးဘုရင်မှာ ပိုင်ရှောင်ချန်း၏ စံအိမ်ထဲတွင် စိုးရိမ်ထိတ်လန့်မှုအပြည့်ဖြင့် စောင့်ဆိုင်းနေတော့သည်။
ပိုင်ရှောင်ချန်းကမူ သူနှင့် ဆန့်ကျင်ဘက်အလားပင်။ အနာဂတ်ကို စိတ်လှုပ်တရှားဖြင့် စောင့်ဆိုင်းနေလေ၏။
တတိယမြောက်နေ့၏ နေ့လယ်ခင်းတွင် ဒုတိယအင်မော်တယ်နယ်မြေ၏ မြောက်ပိုင်းထဲတွင်ရှိသော ကုန်းစွန်းဝမ်အာ၏ အင်မော်တယ်ဂူတံခါးမှာ ပွင့်လာသည်။
သူမသည် ယခင်အတိုင်း အမူအရာမပျက်ပဲ တည်ကြည်စွာဖြင့် အပြင်သို့ လမ်းလျှောက်ထွက်လာသည်။ သူမသည် ကောင်းကင်ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင့် အများရှေ့တွင်ပေါ်ထွက်လာတိုင်း လူများစွာ၏ အာရုံစိုက်မှုကို ခံရစမြဲပင်။
သူမ၏ ပထမဆုံး လုပ်ရပ်မှာ အစည်းအဝေးထိုင်ရန်အတွက် သူမ၏လက်အောက်ရှိ ဆရာသခင်များနှင့် နတ်အဆင့်ကျင့်ကြံသူများအားလုံးကို ဆင့်ခေါ်သည့် အမိန့်များထုတ်လိုက်ခြင်းပင် ဖြစ်သည်။
သူမ ဦးဆောင်သော စီရင်စုနယ်မြေငါးခုရှိ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူ အားလုံးမှာ သူမ၏အမိန့်အတိုင်း နာခံလိုက်ကြသည်။ သူတို့မှာ လုပ်နေဆဲတာဝန်များကို ထားရစ်ခဲ့ကြပြီး သူတို့လက်အောက်မှ နတ်အဆင့်ကျင့်ကြံသူများကိုခေါ်၍ အစည်းအဝေးပွဲသို့ သွားလိုက်ကြသည်။
ကုန်းစွန်းဝမ်အာသည် မျက်လုံးများမှိတ်ကာ ဂုဏ်ထူးဆောင်နေရာဖြစ်သော ပလ္လင်ပေါ်တွင်ထိုင်၍ လက်ရန်းပေါ်တွင် လက်များကိုတင်ထားသည်။ သူမသည် ပလ္လင်ကို လက်ညှိုးဖြင့်တောက်နေ၍ ထိုနေရာတစ်ခုလုံးတွင် တဒုတ်ဒုတ်မြည်သံတစ်သံ ပြည့်နှက်နေပြီး သူမ၏ လက်အောင်ငယ်သားများအပေါ်သို့ ကြီးမားသောဖိအားကြီးတစ်ခု သက်ရောက်နေတော့သည်။ မည်သူမှ အသက်မရှူရဲလောက်အောင်ဖြစ်နေကြပြီး တရိုတသေဖြင့် စောင့်ဆိုင်းနေကြသည်။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်လောက် ကုန်ဆုံးသွားပြီး ထိုအချိန်အတွင်း ဖိအားကြီးမှာ တဖြည်းဖြည်းပို၍ ပြင်းထန်လာသည်။ အဆုံးသတ်တွင် သူမက မျက်လုံးများကို ဖွင့်လိုက်တော့သည်။
" ရောက်လာတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ် "
သူမကဆိုလိုက်သည်။
" ရှင်တို့သိတဲ့အတိုင်းပဲ ဒုတိယအင်မော်တယ်နယ်မြေထဲက ဒီနောက်ဆုံးမြောက်ပိုင်းစီရင်စုနယ်မြေကို ကျွန်မ တစ်ညထဲနဲ့ သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတာ "
သူမသည် ဖြေးညင်းစွာ စကားပြောနေသည်ဖြစ်ပါသော်လည်း စိတ်ထဲတွင် အလွန် ကသိကအောက် ဖြစ်နေသည်။ ယခုကုန်ဆုံးသွားခဲ့သည့် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်အတွင်း သူမသည် စိတ်ထဲတွင် လွန်ဆွဲနေခဲ့ရသည်ဖြစ်ပြီး စကားစပြောမိလိုက်သည်မှာ မတော်တဆလုပ်လိုက်မိသည့် အလားပင်။
သူမ၏စကားများကြောင့် သူမ၏လက်အောက်ငယ်သားများမှာ ချက်ချင်းပင် အံ့အားသင့်သွားရပြီး ထိုစကားများ၏ စစ်မှန်သော ဆိုလိုရင်းကို နားမလည်နိုင်လောက်အောင် ဖြစ်သွားကြသည်။ လူအနည်းငယ်မှာ တစ်ယောက်ကိုတစ်ယောက် ကြောင်အမ်းအမ်းကြည့်လိုက်ကြပါသော်လည်း မည်သူကမှ စကားမပြောရဲပေ။ သူတို့အားလုံးမှာ ခေါင်းများကိုသာဆက်၍ ငုံ့ထားကြပြီး သူမစကားထပ်ပြောရန် စောင့်ဆိုင်းနေကြသည်။
ကုန်းစွန်းဝမ်အာကမူ သူမကိုယ်သူမ အားတင်းလိုက်ပြီး ဆက်ပြောလိုက်သည်။
" ဒီလို ချောချော့မွေ့မွေ့နဲ့ အောင်မြင်သွားရတဲ့ တစ်ခုထဲသော အကြောင်းအရင်းက ... ဒီစီရင်စုနယ်မြေမှာ အရင်က တာဝန်ကျနေခဲ့တဲ့ ဆရာသခင်ဖြစ်တဲ့ သူတော်စင်ဧကရာဇ်မင်းဆက်ရဲ့ မြို့စားကျစ်လင်က မိစ္ဆာဧကရာဇ်မင်းဆက်ဆီမှာ လျှို့ဝှက်စွာနဲ့ သစ္စာတော်ခံယူထားလို့ပဲ။ သူဂုဏ်ပြုခံရအောင်လို့ ... ဒီကိစ္စကို မိစ္ဆာဧကရာဇ်ဆီကို ကျွန်မ သေချာပေါက် အကြောင်းပြန်မယ် "
သူမသည်ပင် ထိုစကားများကို ကြောင်အန်းအန်းနိုင်သည်ဟု ခံစားနေရပါသော်လည်း အခြားရွေးချယ်စရာ မရှိပေ။ ထိုသို့ပြောဆိုပြီးနောက် သူမသည် မတ်တတ်ထရပ်လိုက်ပြီး ပင်မခန်းမထဲမှ ထွက်သွားတော့သည်။
အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများနှင့် နတ်အဆင့်ကျင့်ကြံသူများအားလုံး မျက်လုံးများပြူးကာ ပါးစပ်များ အဟောင်းသားဖြစ်ကုန်ကြသည်။ သရဲမယ်တော် သူတို့အားဆင့်ခေါ်သည်မှာ အရေးကြီးသော အကြောင်းအရင်းတစ်ခု ရှိရမည်ဟု သူတို့ကတွေးထားကြပြီး ဤစကားလေးများကိုပြောရန် သူတို့ကို အဘယ်ကြောင့် ဆင့်ခေါ်ရပါသနည်းဟု မတွေးနိုင်လောက်အောင် ဖြစ်နေတော့သည်။
အချိန်အတော်အတန်ကြာမြင့်သွားပြီးမှ လူတိုင်း သတိပြန်လည်လာကြပြီး စကားများပြောနိုင်ကြတော့သည်။ သူတို့၏မျက်နှာများပေါ်တွင် ထူးဆန်းသောအမူအရာများကို မြင်နေရသည်။
" မြို့စားကျစ်လင်က ... မြင့်မြတ်လှတဲ့ ကောင်းကင်ဧကရာဇ်ကိုများ စော်ကားမိခဲ့တာများလား "
" အဲဒီလိုပဲ ဖြစ်မှာပါ။ တော်တော် အမျက်ထွက်လောက်အောင် စော်ကားခဲ့တာပဲနေမှာ "
" ဒါပေမဲ့ သူက ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်လေ။ မြို့စားကျစ်လင်ဆိုတဲ့ ဘာမှမဟုတ်တဲ့ကောင်လေးကို ဒီအတိုင်းသတ်လိုက်လို့ မရဘူးလား။ ဘာလို့များ ဒီလိုတွေ လျှို့ဝှက်ကြံစည်နေရတာလဲ ... "
" အမ်... ပြီးတော့ သူ့ကို ဒီလိုကြီးပေါ်ပေါ်ထင်ထင် စွပ်စွဲတာက သိသာလွန်းမနေဘူးလား။ ဘယ်သူကများ ယုံမှာတုန်း "
နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများနှင့် နတ်အဆင့်ကျင့်ကြံသူများအားလုံး ဆွံ့အနေကြပြီး သူတို့မှာ လက်ရှိအခြေအနေကို မည်ကဲ့သို့ပင် သုံးသပ်စေကာမူ သရဲမယ်တော်မှာ မြို့စားကျစ်လင်ကို အကြောင်းတစ်ခုခုကြောင့် မုန်းတီးနေခြင်းဖြစ်မည်ဆိုသော အဖြေတစ်ခုကိုသာ ကောက်ချက်ချနိုင်ခဲ့သည်။
သို့သော် သူတို့က အပြန်အလှန်ဆွေးနွေးလိုက်ကြပြီးနောက် သရဲမယ်တော်က သူတို့အား ဤအစည်းအဝေးပွဲသို့ ဆင့်ခေါ်ရသည့်အကြောင်းအရင်းမှာ ဤသတင်းအချက်အလက်ကို ဖြန့်ဝေရာတွင် သူတို့၏ အကူအညီကို လိုချင်၍ဖြစ်မည်ဟု သဘောတူလိုက်ကြသည်။
သူတို့မှာ နောက်ထပ်ဆက်ဖြစ်လာမည့် အကျိုးဆက်များကို တွေးပူနေစရာ မလိုပေ။ ဤသတင်းများကို အတတ်နိုင်ဆုံး လျင်မြန်စွာ ဖြန့်ရန်သာ လိုအပ်ပေသည်။
သူတို့က ထိုသို့ လက်ခံသဘောတူညီလိုက်ကြပြီးနောက် အလျင်အမြန် ထွက်ခွာသွားကြပြီး သူတို့၏ သက်ဆိုင်ရာ စီရင်စုနယ်မြေများဆီသို့ အသီးသီးပြန်သွားကာ ထိုသတင်း အလျင်အမြန် ပျံ့နှံ့သွားစေရန် အစွမ်းကုန်ကြိုးပမ်းလိုက်ကြသည်။ မကြာမီ မြို့စားကျစ်လင်မှာ မိစ္တာဧကရာဇ်မင်းဆက်ကို သစ္စာရှိနေသည်ဟူသော ကောလာဟလများမှာ မြောက်ပိုင်းစီရင်စုနယ်မြေအားလုံးတွင် ပြည့်နှက်သွားတော့သည်။ မြောက်ပိုင်းမှာ ဒုတိယအင်မော်တယ်နယ်မြေ၏ အစုခွဲတစ်ခုမျှသာဖြစ်ပြီး မင်းဆက်နှစ်ခုစလုံးမှာလည်း သူလျှိုများ အသီးသီး ခန့်အပ်ထားကြသည် မဟုတ်ပါလော။ ထို့ကြောင့် လေးနာရီအကြာတွင် ထိုသတင်းများမှာ မြို့တော်အပါအဝင် တောင်ပိုင်းစီရင်စုနယ်မြေများဆီသို့ ရောက်ရှိသွားတော့သည်။
ထိုသတင်းကြောင့် ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားရပြီး ထိုသတင်းကိုကြားလိုက်ရသည့်လူတိုင်းမှာ လုံးဝဆွံ့အသွားရသည့်အထိပင်။
နတ်ဘုရားတစ်ပိုင်းအဆင့်၊ နတ်အဆင့်၊ ယင်ယန်ဝိညာဥ်အဆင့်နှင့် အမြုတေအဆင့် ကျင့်ကြံသူအားလုံး ဆွံ့အသွားရတော့သည်။
အမှန်တွင် ဤကောလာဟလကြီးက လုပ်ကြံဖန်တီးထားကြောင်း အလွန်သိသာနေသည်။ လုံးဝ အဓိပ္ပါယ် မရှိလောက်အောင် ဖြစ်နေသည် မဟုတ်ပါလော။
" သရဲမယ်တော်က ဒါလေးပြောဖို့ကို သူ့လက်အောက်က ဆရာသခင်တွေအကုန်လုံးကိုခေါ်လိုက်တာ ဟုတ်လား။ ဒါ ... ဒါ ရူးတာပဲ... "
" မြို့စားကျစ်လင်က နောက်ဆုံး မြောက်ပိုင်းစီရင်စုနယ်မြေကို သူသိမ်းပိုက်နိုင်အောင် ကူညီပေးခဲ့တာ ဟုတ်လား။ ဒါလုံးဝ အဓိပ္ပါယ်မရှိတာပဲ။ သူက ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်လေ။ ဘယ်သူက သူ့ကိုယှဥ်နိုင်မှာတုန်း "
" အဲဒီစီရင်စုနယ်မြေကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် သရဲမယ်တော်က မြို့စားကျစ်လင်ကို ဂုဏ်ပြုစေချင်တယ် ဟုတ်လား။ မြို့စားကျစ်လင်က အရူးမှ မဟုတ်ပဲ။ သူသာသစ္စာဖောက်ချင်ရင် ဟိုဖက်ကိုရောက်နေလောက်ပြီပေါ့။ ဘာလို့ သူတော်စင်ဧကရာဇ်မင်းဆက်ထဲမှာ ဆက်ပြီးနေနေမှာတုန်း "
ဒုတိယအင်မော်တယ်နယ်မြေ၏ တောင်ခြမ်းတွင် သတင်းများ လျင်မြန်စွာ ပျံ့နှံ့နေတော့သည်။ ထိုကောလာဟလများကို လူတိုင်း မယုံကြည်ကြသည်တော့ မဟုတ်ပေ။ နေရာအနှံ့အပြားတွင် ထိုကောလာဟလများကို အမှန်ထင်နေကြသည့် ရိုးအသောသူများမှာလည်း အနည်းငယ်ခန့် ရှိနေသေးသည်။
သို့သော် ထိုသို့သောလူများမှာ အနည်းစုသာဖြစ်သည်။ အများစုမှာ အထင်သေးစွာ နှုာခေါင်းရှုံ့လိုက်ကြပြီး ၎င်းမှာ သရဲမယ်တော်၏ သွားပုပ်လေလွင့်စွပ်စွဲသည့် ဗျူဟာတစ်ခုဖြစ်မည်ဟု ယူဆလိုက်ကြသည်။
သို့သော်လည်း ဤဗျူဟာမှာ လုံးဝအကျိုးမဖြစ်ထွန်းပေ။ ၎င်းမှာ အလွန့်အလွန် အတုအယောင်ဆန်လွန်းနေသဖြင့် လူတိုင်းမှာ ဒေါသထွက်ကုန်ကြသည့်အထိပင်။
သို့သော် ဤသတင်းများ၏ အလွန်အမင်း အတုအယောင်ဆန်နေမှုကြောင့် ဉာဏ်ပြေးသူအချို့က အခြားအကြောင်းအရာများ ထပ်၍ရှိနေဦးမည်ဟူ၍ ရိပ်မိလိုက်ကြသည်။ ထိုအချိန်တွင် သံသယများ စတင်ကြီးထွားလာကြတော့သည်။
ဒေါသအထွက်ဆုံးလူသည်ကား တာကျန်း စီရင်စုနယ်မြေ၏ ဆရာသခင်အသစ်ဖြစ်သော မြို့စားကျစ်လင် ကိုယ်တိုင်ပင်ဖြစ်သည်။ သူသည် ထိုသတင်းများကို ကြားလိုက်ရသောအခါ ပါးစပ်အဟောင်းသားဖြစ်သွားရပြီး ရယ်ရမလို ငိုရမလိုပင် ဖြစ်သွားခဲ့သည်။ စစချင်းတွင် သူသည် မှားယွင်းစွာ စွပ်စွဲခံရခြင်းဖြစ်မည်ဟုသာ ထင်လိုက်ပါသော်လည်း နောက်ပိုင်းတွင်မူ တစ်စုံတစ်ယောက်က သူ့အား ထိခိုက်စေလိုရန်ကြံစည်နေခြင်းဖြစ်ကြောင်း ရိပ်စားမိသွားတော့သည်။
ထိုလူမှာ မည်သူပင်ဖြစ်စေ သရဲမယ်တော်ကို သူ့အား မှားယွင်းစွာ စွပ်စွဲနိုင်စေရန် တစ်နည်းနည်းဖြင့် ကြံစည်နိုင်ခဲ့သည်။ ထို့အပြင် ထိုလူမှာ မည်သူပင်ဖြစ်စေ ဤအဓိပ္ပါယ်လုံးဝမရှိသော သွားပုပ်လေလွင့်စွပ်စွဲသည့်ဗျူဟာမှာ အလုပ်ဖြစ်မည် မဟုတ်ကြောင်းကိုလည်း သိထားမည်သာ ဖြစ်သည်။ သို့သော်လည်း သူသည် ထိုဗျူဟာကို သုံးခဲ့ဆဲပင်။ ဤအခြေအနေတစ်ရပ်လုံးကြောင့် မြို့စားကျစ်လင်မှာ ဒေါသူပုန်ထနေတော့သည်။
ဤအချင်းအရာအားလုံး၏ နောက်ကွယ်က တရားခံနှင့်ပတ်သတ်၍လည်း သူ သံသယများ ရှိနှင့်ပြီးသားဖြစ်သည်။ သူသည် အရောင်တဖျတ်ဖျတ်လက်နေသော မျက်ဝန်းများဖြင့် ရေရွတ်လိုက်တော့သည်။
" မဟုတ်မှလွဲရော တရားခံကမင်းလား ... ကောင်းကင်တံတားဘုရင် "