အခန်း (၁၂၁-၁၂၂)
Vol. 13 Ch. 121-122
Chapter 121
~
အခန်း ၁၂၁ : ဧကရီ အမြန်ရထားစီးခြင်း...
~
" ရထားအမှတ် XXXX စတင် လက်မှတ်စစ်နေပါပြီ .. ရထားအမှတ် XXXX စီးမည့် ခရီးသည်များ ဂိတ်အမှတ် XX သို့ လာရောက် လက်မှတ်စစ်ကြပါရန်.. "
ရထားထွက်ခွာရန် ၁၅ မိနစ်အလိုတွင် သူတို့စီးရမည့် ရထားအတွက် လက်မှတ်စစ်ဆေးနေပြီဖြစ်ကြောင်း အသံချဲ့စက်မှ ကြေညာသံ ထွက်ပေါ်လာသည်။
" လက်မှတ်စစ်နေပြီ .. သွားရအောင်.. "
လင်းဖန်သည် ထိုင်ခုံမှ ထရပ်လိုက်ပြီး လုံယွဲ့နှင့် ကျန်သူများကို သက်ဆိုင်ရာ ဂိတ်ဆီသို့ ဦးဆောင်ခေါ်သွားသည်။
အစောပိုင်းက အဝင်ဝတွင် လက်မှတ်စစ်ခဲ့သည့် အတွေ့အကြုံ ရှိထားသဖြင့် လုံယွဲ့သည် ယခုတစ်ကြိမ်တွင် ဂိတ်ကို ချောချောမွေ့မွေ့ ဖြတ်ကျော်နိုင်ခဲ့သည်။ သူမသည် ခရီးဆောင်အိတ်ကို ဆွဲကာ စက်လှေကားမှတဆင့် ဆင်းလာခဲ့၏။
ရထားသံလမ်းပေါ်တွင် ရပ်နားထားသော အမြန်ရထားကြီးများကို မြင်လိုက်ရချိန်တွင် သူမသည် အံ့အားသင့်လွန်းသဖြင့် မျက်လုံးများပင် ဝိုင်းစက်သွားချေသည်။
ဗီဒီယိုတိုလေးများထဲတွင် အမြန်ရထားပုံစံကို မြင်ဖူးသော်လည်း အပြင်မှာ အနီးကပ် မြင်ဖူးခြင်းမှာ ယခုက ပထမဆုံး အကြိမ်ပင် ။ ရှည်လျားပြီး ခန့်ညားထည်ဝါလှသော ရထားကိုယ်ထည်ကြီးမှာ သံလမ်းပေါ်တွင် ငြိမ်သက်စွာ အိပ်စက်နေသည့် သံမဏိနဂါးကြီး တစ်ကောင်နှင့်ပင် တူနေသေးသည်။
စက်လှေကားပေါ်မှ ဆင်းလာသည်နှင့် ဘေးပတ်ဝန်းကျင်ရှိ လူများမှာလည်း သူတို့၏ ရထားတွဲအမှတ်နှင့် ထိုင်ခုံအမှတ်များအလိုက် ဘယ်ညာ ခွဲထွက်သွားကြကာ သက်ဆိုင်ရာ တွဲများကို ရှာဖွေနေကြသည်။ လုံယွဲ့က ဖုန်းထဲမှ လက်မှတ်ဝယ်ထားသည့် စာမျက်နှာကို ဖွင့်ကာ အီလက်ထရွန်းနစ် လက်မှတ်ပေါ်ရှိ ရထားတွဲအမှတ်ကို ကြည့်လိုက်၊ မြေပြင်ပေါ်ရှိ အမှတ်အသားများကို ကြည့်လိုက်နှင့် အလုပ်ရှုပ်နေတော့သည်။
" အပြာရောင် အမှတ်အသား... ရထားတွဲ အမှတ် ၆... "
သူမ မှန်ကန်သော ရထားတွဲကို ဂရုတစိုက် ရှာဖွေနေစဉ်မှာပင် လင်းဖန်သည် သူမ၏ ဘေးနားသို့ လျှောက်လာပြီး ပုခုံးချင်းယှဉ်ကာ လမ်းလျှောက်လာသည်။ လုံယွဲ့က မျက်ခုံးလေးများကို အနည်းငယ် ကြုတ်လိုက်ပြီး သူ့ကို မကျေမနပ် ကြည့်လိုက်၏။
" နတ်ဆိုးအရှင်... ဒီဧကရီ မှတ်မိသလောက်ဆိုရင် နင်က ဒီဧကရီနဲ့ တစ်တွဲတည်း မဟုတ်ဘူး မလား .. ဘာလို့ ဒီဧကရီနောက်ကို လိုက်နေတာလဲ.. "
" အခုတော့ မဟုတ်သေးဘူး .. ဒါပေမဲ့ ခဏနေရင်တော့ ပြောလို့မရဘူးလေ.. "
လင်းဖန်က အသာ ပြုံးရင်း ပြန်ပြောလိုက်သည်။
လုံယွဲ့ ဇဝေဇဝါ ဖြစ်သွားသည်။
'ရထားတွဲအမှတ်နဲ့ ထိုင်ခုံအမှတ်တွေကို ဒီလိုပဲ စိတ်ကြိုက် ပြောင်းလို့ရလို့လား..'
သံသယများ ရှိနေသော်လည်း သူမသည် သက်ဆိုင်ရာ ရထားတွဲကို ရှာတွေ့သွားသဖြင့် ခရီးဆောင်အိတ်ကို ဆွဲကာ သူမ၏ ထိုင်ခုံကို ရှာလိုက်သည်။ သူမ၏ ထိုင်ခုံမှာ အတွင်းဘက် ပြတင်းပေါက်ဘေးတွင် ဖြစ်ပြီး အပြင်ဘက် လျှောက်လမ်းဘေး ထိုင်ခုံတွင်မူ အမျိုးသားတစ်ဦး ထိုင်နှင့်နေပြီ ဖြစ်သည်။
လုံယွဲ့ ရှေ့တိုးပြီး မထိုင်ရသေးမီမှာပင် လင်းဖန်က အရင်ဦးအောင် လျှောက်သွားပြီး ထိုအမျိုးသားထံသို့ သွားလိုက်သည်။
" အားနာပါတယ်ဗျာ ..ကျွန်တော်နဲ့ ကျွန်တော့်ရည်းစားက အတူတူလာတာပါ .. ဒါပေမဲ့ ထိုင်ခုံက ဘေးချင်းကပ် မရလိုက်လို့ပါ .. မိတ်ဆွေ အဆင်ပြေမယ်ဆိုရင် ကျွန်တော်တို့နဲ့ ထိုင်ခုံချင်း လဲပေးလို့ ရမလားဗျ.. "
စကားပြောနေရင်း ထိုအမျိုးသား နားမလည်သေးခင်မှာပင် လင်းဖန်က အနီရောင် ငွေစက္ကူ နှစ်ရွက်ကို ထုတ်ယူကာ ထိုသူ၏ အကျီအိတ်ကပ်ထဲသို့ ထည့်ပေးလိုက်သည်။
" ကျေးဇူးတင်တဲ့ အနေနဲ့ မုန့်ဖိုးလေးပါ .. ကျေးဇူးပြုပြီး ကူညီပေးပါဦး.. "
" အို... ရပါတယ်ဗျာ..ရပါတယ် .. အဆင်ပြေပါတယ်.. "
" ထိုင်ခုံလဲတာပဲဟာ .. ခင်ဗျားကလည်း အားနာစရာကြီး .. ပြောရုံနဲ့တင် ရပါတယ်ဗျ.. "
ထိုအမျိုးသားသည် မျက်နှာဝင်းပသွားကာ ထိုင်ခုံမှ ချက်ချင်း ထရပ်လိုက်ပြီး သူထိုင်ခဲ့သည့် နေရာကိုပင် အသေအချာသန့်ရှင်းပေးလိုက်သေးသည်။ ထို့နောက် စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။
" ခရီးဆောင်အိတ် တင်ပေးဖို့ ကူညီပေးရဦးမလားဗျ.. "
" မလိုတော့ပါဘူးဗျာ..ကျေးဇူးတင်ပါတယ်.. ကျွန်တော်တို့ဘာသာ တင်လိုက်ပါ့မယ်.. "
လင်းဖန်က ပြုံးရင်း ထိုသူ၏ စေတနာကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။ ထိုသူသည်လည်း သူ၏ ခရီးဆောင်အိတ်ကို ယူကာ ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားတော့သည်။
နောက်မှ လိုက်လာသည့် ကျိုးယန့်နှင့် လုကျိုက်တို့မှာမူ ကြောင်အမ်းအမ်းဖြင့် ကြည့်နေမိကြသည်။
' ဒီလိုလည်း ရတာလား.. '
သာမန်လူတွေဆိုလျှင် ယဉ်ယဉ်ကျေးကျေးနှင့် ထိုင်ခုံလဲပေးဖို့ တောင်းဆိုကြရုံသာ ရှိသော်လည်း လင်းဖန်သည်တော့ ယွမ်နှစ်ရာကို တိုက်ရိုက် ထိုးပေးလိုက်ခြင်း ဖြစ်သည်။ ဤနည်းလမ်းမှာ အလွန်ရိုးရှင်းပြီး ထိရောက်လွန်းလှသည်။
သူတို့တွင် ပိုက်ဆံရှိသော်လည်း ဤမျှအထိတော့ လက်ဖွာလေ့ မရှိချေ။ လင်းဖန် တစ်ယောက် ပြောင်းလဲသွားလေပြီ။ အရင်ကဆိုလျှင် သူသည် ဘာလုပ်လုပ် အလွန် ခြိုးခြံချွေတာတတ်သူ ဖြစ်သည်။
ထိုအမျိုးသား ထွက်သွားပြီးနောက် လင်းဖန်သည် ထိုခုံတွင် ထိုင်လိုက်ပြီး အတွင်းဘက်ခုံကို ပုတ်ပြကာ လုံယွဲ့ကို အချက်ပြလိုက်သည်။
" မမကြီး... ဖိတ်ခေါ်ပါတယ်ခင်ဗျာ.. "
လုံယွဲ့မှာ ဆွံ့အနေချေသည် ။ လင်းဖန်သည် သူ၏ တန်ခိုးစွမ်းအားကို သုံးပြီး ထိုသူကို ထိုင်ခုံဖယ်ပေးအောင် ထိန်းချုပ်လိုက်လိမ့်မည်ဟု သူမ ထင်ထားခဲ့ခြင်း ဖြစ်သည်။
ပိုက်ဆံနှင့် တိုက်ရိုက် လာဘ်ထိုးလိုက်လိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့မိပါချေ။
'အဲ့ဒါ ယွမ်နှစ်ရာတောင်လေ .. ဒီလူကတော့ ဒီအတိုင်း ပေးပစ်လိုက်တာပဲ .. လက်ဖွာပြီး ဖြုန်းတီးလွန်းတယ်..'
" ဒီအရှင် ကူညီပေးဖို့ လိုမလား.. "
လင်းဖန်က လုံယွဲ့လက်ထဲမှ ခရီးဆောင်အိတ်ကို ညွှန်ပြကာ မေးလိုက်သည်။
" မလိုဘူး .. ဒီဧကရီ ဘာသာ လုပ်နိုင်တယ်.. "
လုံယွဲ့က ခရီးဆောင်အိတ်ကို အပေါ်စင်ပေါ် တင်ရန် မလိုက်သော်လည်း အိတ်မှာ ထင်ထားသည်ထက် ပိုလေးနေသဖြင့် သူမ၏ မျက်နှာလေးမှာ အနည်းငယ် တင်းမာသွားသည်။ သူမ မတော်တဆ ပစ္စည်းတွေ အများကြီး ထည့်မိသွားပုံရ၏။
အိတ်ကို စင်ပေါ်တင်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်ဘဲ သူမ၏ လက်မောင်းများမှာ အားကုန်လာတော့သည်။ ခရီးဆောင်အိတ်မှာ သူမလက်ထဲမှ ချော်ထွက်ပြီး ပြုတ်ကျတော့မည့် အချိန်မှာပင် လင်းဖန်က လက်တစ်ဖက်ဖြင့် ထိန်းလိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် စင်ပေါ်သို့ လွယ်လွယ်ကူကူပင် တွန်းတင်ပေးလိုက်သည်။
" ဒီအရှင် ရှိနေတာပဲဟာ .. ဘာလို့ အတင်းလုပ်နေရတာလဲ.. "
" ဒီဧကရီက နင့်ကို အလုပ်မရှုပ်စေချင်လို့ပါ .. ခုနက တင်နိုင်တော့မလို့ကို... "
လုံယွဲ့က ခေါင်းမာဟန်ဖြင့် ငြင်းဆိုနေသော်လည်း အသံတိုးတိုးလေးဖြင့် ကျေးဇူးတင်စကား ပြောလိုက်ရှာသည်။
" ဒါပေမဲ့လည်း... ကျေးဇူးတင်ပါတယ်... "
ပြောပြီးသည်နှင့် သူမသည် လင်းဖန်ကို ကျော်ကာ အတွင်းဘက် ပြတင်းပေါက်ဘေးတွင် ဝင်ထိုင်လိုက်တော့သည်။
' တီ.. တီ.. တီ.. '
အမြန်ရထား တံခါးများ ပိတ်သွားပြီး ရထားသည် တဖြည်းဖြည်း အရှိန်မြှင့်ကာ ထွက်ခွာလာသည်။ ပြတင်းပေါက် အပြင်ဘက်မှ ရှုခင်းများမှာလည်း တစ်စတစ်စ ပို၍ လျင်မြန်စွာ ကျန်ရစ်ခဲ့တော့သည်။
ဤကမ္ဘာတွင် ပထမဆုံးအကြိမ် ခရီးဝေး ထွက်လာခြင်း ဖြစ်သဖြင့် လုံယွဲ့သည် သူမ၏ ကြည်လင်တောက်ပသော မျက်လုံးလေးများဖြင့် အပြင်ဘက် ရှုခင်းများကို စပ်စုလိုစိတ်ဖြင့် ကြည့်နေမိသည်။
သူမ၏ အမြင်တွင်တော့ ရထား၏ အရှိန်မှာ အလွန်အမင်း မြန်လှသည် မဟုတ်သော်လည်း ဤအရာမှာ သာမန်လူသားများ ဖန်တီးထားသည့် သယ်ယူပို့ဆောင်ရေး ယာဉ်တစ်မျိုး ဖြစ်ပေသည်။ ဤမျှအရှိန်အထိ မြန်နိုင်သည်ကပင် အလွန် အံ့အားသင့်စရာ ကောင်းလှသည်။
အရင်ကဆိုလျှင် အားနည်းလှသော သာမန်လူသားတွေက ဤမျှမြန်သော မှော်လက်နက်မျိုးကို ဖန်တီးနိုင်လိမ့်မည် ၊ လူတိုင်း စီးနိုင်သည့် သာမန် ယာဉ်တစ်မျိုး ဖြစ်လာလိမ့်မည်ဟု သူမ လုံးဝ ယုံကြည်နိုင်မည် မဟုတ်။
" မုန့်တွေ .. အဆာပြေစာတွေ ..ထမင်းဘူးတွေ လိုချင်သူ ရှိပါသလား.. "
ရထားစထွက်ပြီး မကြာမီမှာပင် ရထားဝန်ထမ်း အမျိုးသမီးတစ်ဦးသည် စားသောက်ကုန် လှည်းလေးကို တွန်းလာပြီး အသံချဲ့စက်ဖြင့် အော်ဟစ် ရောင်းချလာသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထမင်းစားချိန် ဖြစ်နေသဖြင့် လုံယွဲ့လည်း အနည်းငယ် ဗိုက်ဆာလာကာ လှည်းပေါ်ရှိ ထမင်းဘူးကို ညွှန်ပြပြီး မေးလိုက်သည်။
" အားနာပါတယ် .. ဒီထမင်းဘူး တစ်ဘူးကို ဘယ်လောက်လဲဟင် ..."
" မင်္ဂလာပါရှင် .. တစ်ဘူးကို ငါးဆယ်ပါ.. "
" ငါးဆယ် ဟုတ်လား .."
လုံယွဲ့၏ မျက်နှာတွင် အံ့သြသွားသည့် အမူအရာ ပေါ်လာပြီး စကင်ဖတ်ရန် ပြင်နေသော သူမ၏ လက်မှာ အလိုအလျောက် ရပ်တန့်သွားတော့သည်။ ရှေ့တွင်ရှိသော ထမင်းဘူးထဲတွင် ဟင်းအနည်းငယ်သာ ပါဝင်ပြီး ပမာဏကလည်း အများကြီး မဟုတ်။ ဤကဲ့သို့ ထမင်းဘူးမျိုးကို အပြင်မှာဆိုလျှင် ယွမ်တစ်ဆယ်ကျော်လောက်သာ ပေးရမည် ဖြစ်သည်။
သို့သော် အမြန်ရထားပေါ်တွင်မူ ဤထမင်းဘူး တစ်ဘူးကို ယွမ်ငါးဆယ်ပင် ကျသင့်နေသည်။
'အရမ်း ဈေးကြီးလွန်းတယ်..ငါ့ ခရီးဆောင်အိတ်ထဲက ခေါက်ဆွဲခြောက်ထုတ်ကိုပဲ ဖျော်စားတာက ပိုကောင်းမလားပဲ..'
'ဘာပဲဖြစ်ဖြစ် ငါ ဝိတ်ချနေတာပဲလေ ..နည်းနည်း လျှော့စားတာက ပိုကောင်းပါတယ်..'
" နှစ်ဘူး ပေးပါ.. "
လုံယွဲ့က လက်ပြန်ရုတ်ရန် စဉ်းစားနေစဉ်မှာပင် လင်းဖန်သည် ရုတ်တရက် လက်ကမ်းကာ ထမင်းဘူး နှစ်ဘူးကို ယူလိုက်ပြီး တစ်ဘူးကို သူမရှေ့တွင် ချပေးလိုက်သည်။
" နတ်ဆိုးအရှင်... ဒီဧကရီ ဝိတ်ချနေတာကို နင်သိတယ် မဟုတ်လား.. "
ရှေ့ရှိ ထမင်းဘူးကို ကြည့်ရင်း လုံယွဲ့သည် တံတွေးကို ခိုးမြိုချလိုက်မိသော်လည်း လင်းဖန်ကိုတော့ မကျေမနပ် ကြည့်လိုက်မိသည်။ သူသည် သူမ ဝိတ်ချနေသည်ကို သိသိကြီးနှင့် တမင်တကာ ထမင်းဘူး ကျွေးနေခြင်း ဖြစ်သည်။
ဤသည်က သူမ၏ တာအိုနှလုံးသားကို ထပ်မံ၍ စမ်းသပ်နေခြင်းပင်။
" သိတာပေါ့ .. ဒါနဲ့ မင်း စားမှာလား.. "
" မစားဘူးဆိုရင်တော့ ဒီအရှင် ခဏနေရင် လွှင့်ပစ်လိုက်တော့မယ်.. "
" လွှင့်... လွှင့်ပစ်မယ် ဟုတ်လား .."
လုံယွဲ့ ထိတ်လန့်သွားသည်။ ရှေ့ရှိ ထမင်းဘူးကို ကြည့်ရင်း သူမ၏ မျက်နှာတွင် နှမြောတသသော အမူအရာ ပေါ်လာတော့သည်။
" လွှင့်ပစ်လိုက်ရင် အရမ်း ဖြုန်းတီးရာ ရောက်မှာပေါ့... "
" ဒီဧကရီက ပြည်သူလူထုတစ်ရပ်လုံးရဲ့ကိုယ်စား နင့်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ် .."
လင်းဖန်... " ... "
'မဟုတ်ပါဘူး... အင်မော်တယ်နယ်မြေက ဧကရီဖြစ်တဲ့ သူက ဘာဖြစ်လို့ ပြည်သူလူထုကိုယ်စား ငါ့ကို ကန့်ကွက်ရှုတ်ချနေရတာလဲ..'
လင်းဖန်မှာ ခဏတာ ဆွံ့အသွားသည်။
" ကောင်းပြီလေ... အစားအစာတွေ ဖြုန်းတီးမသွားအောင် ဒီဧကရီကပဲ မတတ်သာလို့ နင့်အစား စားပေးပါ့မယ်... "
ခဏတာ ဆုံးဖြတ်ချက် ချမရ ဖြစ်နေပြီးနောက် လုံယွဲ့သည် သူမ၏ ထမင်းစားတူကို ယူကာ ထမင်းဘူးကို ဖွင့်ပြီး အားရပါးရ စားလေတော့သည်။ သူမ၏ တာအိုနှလုံးသား မခိုင်မာခြင်း မဟုတ်ပါချေ ၊။ အစားအစာတွေ လွင့်ပစ်ပြီး အလဟသပ်သွားမည်ကို မမြင်ချင်ရုံ သက်သက်သာ ဖြစ်သည်။
" ဟွား.... "
ထမင်းဘူးကို ပျော်ရွှင်စွာ စားသောက်ပြီးနောက် လုံယွဲ့က သမ်းဝေလိုက်ကာ လှဲအိပ်လိုက်တော့သည်။ ရထားရွေ့လျားနေစဉ် သူမ၏ ခန္ဓာကိုယ်သည် အနည်းငယ် စောင်းသွားပြီး နောက်ဆုံးတွင် လင်းဖန်၏ ပုခုံးပေါ်သို့ အသာအယာ မှီကျသွားတော့သည်။
လင်းဖန်လည်း ဘာမှမတတ်နိုင်တော့ဘဲ သူမကို မှီထားစေလိုက်ကာ သူကိုယ်တိုင်လည်း မျက်လုံးများကို မှိတ်ထားလိုက်သည်။ အခြားတစ်ဖက်တွင် ထိုင်နေသော ကျိုးယန့်နှင့် လုကျိုက်တို့သည် လင်းဖန်နှင့် လုံယွဲ့တို့ကို လှမ်းမြင်နေရ၏။
" အားကျိုက်... ငါ ရုတ်တရက် ဗိုက်ပြည့်သွားပြီ .. မင်း စားဦးမှာလား .. ငါ့ဟာကိုပါ မင်းပဲ စားလိုက်တော့.. "
လင်းဖန်နှင့် လုံယွဲ့တို့ ရင်းနှီးစွာ မှီအိပ်နေကြသည်ကို ကြည့်ပြီး ကျိုးယန်မှာ ခွေးစာ ဝသွားသဖြင့် ရုတ်တရက် ဗိုက် ပြည့်သွားသလို ခံစားလိုက်ရသဖြင့် သူ၏ ထမင်းဘူးကို ဘေးနားရှိ လုကျိုက်ဆီသို့ အသာတွန်းပို့လိုက်တော့သည်။
Chapter 122
~
အခန်း ၁၂၂ : ထိုက်ရှန်းတောင်လောက်ကတော့ ဒီဧကရီက အပျော့ပေါ့...
~
တစ်ညတာ အနားယူပြီးနောက် ထိုက်ရှန်းတောင်ခြေသို့ ရောက်ရှိလာခဲ့ကြသည်။
" အဲ့ဒါ ထိုက်ရှန်းတောင်ထိပ်လား .."
လုံယွဲ့က မျက်မှောင်ကြုတ်ကာ အဝေးတစ်နေရာမှ မြင်နေရသည့် သေးငယ်လှသော ထိုက်ရှန်းတောင်ထိပ်ကို စိုက်ကြည့်နေ၏။
" ဟုတ်တယ် ..အဲ့ဒါ ထိုက်ရှန်းတောင်ထိပ်ပဲ .. ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၁၅၄၅ မီတာ ရှိတယ်.. "
လင်းဖန်က သူမဘေးတွင် ယှဉ်လျှောက်ရင်း တောင်ထိပ်ကို လှမ်းကြည့်ကာ အကျဉ်းချုပ် ရှင်းပြလိုက်သည်။
" အမ် ..၁၅၄၅ မီတာပဲ မြင့်တာလား .. ဒါဆို ခြေလှမ်းနှစ်လှမ်းလောက် လှမ်းလိုက်ရင် ရောက်သွားမှာပေါ့.. "
အမြင့်မှာ ၁၅၄၅ မီတာသာ ရှိသည်ဟု ကြားလိုက်ရသောအခါ လုံယွဲ့၏ မျက်နှာတွင် စိတ်ပျက်သွားသည့် အမူအရာ ပေါ်လာသည်။
အင်မော်တယ်နတ်ဆိုးတိုက်ကြီးတွင် ကျယ်ပြောလှသော တောင်တန်းကြီးများ ပေါများလှရာ မည်သည့်တောင်ပူစာလေးမဆို အမြင့်မီတာ တစ်ထောင်ကျော် ကြည့်ကြသည်သာ ဖြစ်သည်။ တိမ်တိုက်များထဲတွင် ထိုးထွက်နေသည့် မီတာသောင်းကျော်သိန်းကျော်မြင့်သော နတ်ဘုရားတောင်များပင် ရှိသေးသည်။
ဤထိုက်ရှန်းတောင်လေးမှာမူ သူမဘဝတွင် တက်ခဲ့ဖူးသမျှ တောင်ထိပ်များထဲတွင် အနိမ့်ဆုံးစာရင်း၌ပင် ပါဝင်နိုင်မည် မဟုတ်ချေ။ အဝေးမှ လှမ်းကြည့်လျှင် တစ်ချက်ကလေး ခုန်လိုက်ရုံနှင့် ရောက်သွားနိုင်သကဲ့သို့ ခံစားရပြီး မည်သည့် အခက်အခဲမှ ရှိနိုင်မည် မဟုတ်ဟု သူမ ယူဆမိသည်။
" မရီး... ထိုက်ရှန်းတောင်ကို အထင်မသေးနဲ့ဦး .. အွန်လိုင်းက လူတွေအများကြီး အထင်သေးမိလို့ ဒုက္ခနဲ့ လှလှတွေ့သွားကြတာတွေ အများကြီးပဲ.. "
" ဟိုမှာကြည့် ..ဟိုလူတွေက မနေ့ညက တောင်တက်ပြီး အခုမှ ပြန်ဆင်းလာကြတာ .. ဘယ်လောက်တောင် ပင်ပန်းနေကြလဲ ကြည့်ဦး .."
ကျိုးယန်က ရှေ့တိုးလာပြီး အဝင်ဝမှ တောင်ဝှေးများကိုယ်စီ အားပြုကာ ထွက်လာကြသည့် လူများကို လက်ညွှန်ပြလိုက်သည်။
" ဒီလောက် နိမ့်တဲ့ တောင်လေး တက်တာကို သူတို့က ဒီလောက်အထိ ပင်ပန်းနေတာလား .."
" ဒီကမ္ဘာက သာမန်လူတွေရဲ့ ခန္ဓာကိုယ်တွေက တကယ်ပဲ အားနည်းလွန်းတာပဲ .."
လုံယွဲ့သည် ထွက်လာသည့် လူများကို ကြည့်ကာ စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်သည်။ ထို့နောက် သူမ၏ လက်ချောင်းနှစ်ချောင်းကို ညှပ်ပြသည့် ပုံစံလုပ်ကာ ထိုက်ရှန်းတောင်သို့ လာသမျှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲသူတိုင်း ပြောလေ့ရှိသည့် စကားကို ဆိုလိုက်၏။
" ဒီထိုက်ရှန်းတောင် သေးသေးလေးကတော့ ဒီဧကရီအတွက် အပျော့ပဲ.."
ထိုသို့ပြောပြီးသည်နှင့် လုံယွဲ့သည် စိတ်အားထက်သန်စွာဖြင့် ရှေ့မှ ဦးဆောင်ကာ ထိုက်ရှန်းတောင် အဝင်ဝသို့ လျှောက်သွားတော့သည်။
'တောင်က နည်းနည်း နိမ့်ပေမဲ့တောင်ထိပ်သို့ ရောက်ရင်တော့ ဝိညာဉ်စွမ်းအင် အစအနလေးများ ရှာတွေ့နိုင်ကောင်းပါရဲ့..'
" မိန်းကလေး... ကြည့်ရတာ တောင်တက်တုတ် မပါလာဘူးထင်တယ် .. တစ်ချောင်းလောက် ဝယ်သွားမလား.. "
အဝင်ဝရှိ အဘိုးအိုတစ်ဦးက တောင်တက်တုတ်များကို တက်ကြွစွာ ရောင်းချနေသည်။
" ကျေးဇူးတင်ပါတယ် အဘိုး ..ဒါပေမဲ့ အဘိုး လူမှားပြီး လာရောင်းနေပြီ ထင်တယ်.. "
" ဒီလို တောင်ဝှေးတွေက အဘိုးတို့လို လူတွေအတွက်ပဲ လိုတာပါ .. ကျွန်မတို့လို လူငယ်တွေအတွက်တော့ ဒါတွေ မလိုပါဘူး .."
လုံယွဲ့သည် အဘိုးအို၏ စေတနာကို ယုံကြည်မှုအပြည့်ဖြင့် ငြင်းပယ်လိုက်ကာ ခေါင်းကို မော့ ရင်ကိုကော့၍ ရဲရင့်သော ခြေလှမ်းများဖြင့် ရှေ့သို့ လှမ်းသွားတော့သည်။ လင်းဖန်သည်လည်း သူမနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာပြီး တောင်တက်တုတ် ဝယ်မနေတော့ပေ။
အင်မော်တယ်နတ်ဆိုးတိုက်ကြီး၏ တောတောင်များထဲတွင် အသက်လု ရှင်သန်ခဲ့ရသည့် သူ၏ အတွေ့အကြုံများက သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ကောင်းစွာ ပျိုးထောင်ပေးထားပြီး ဖြစ်သည်။ ဝိညာဉ်စွမ်းအင်ကို လုံးဝ အသုံးမပြုလျှင်ပင် ထိုက်ရှန်းတောင် တက်ရခြင်းမှာ သူ၏ ခန္ဓာကိုယ်အတွက် အခက်အခဲ မရှိပေ။
ကျိုးယန်နှင့် လုကျိုက်တို့ အလှည့်ရောက်သောအခါတွင်မူ သူတို့သည် အဘိုးအိုရှေ့တွင် ရပ်ကာ လက်ချောင်းနှစ်ချောင်းကို အလေးအနက် ထောင်ပြလိုက်ကြသည်။
" ကျွန်တော်တို့ကို နှစ်ချောင်း ပေးပါဗျ .. ကျေးဇူးတင်ပါတယ်.. "
...
တောင်တက်လမ်းပေါ်တွင် လုံယွဲ့သည် အပျော်ခရီး ထွက်လာသူကဲ့သို့ လှေကားထစ်များကို တက်ရင်း ဘယ်ညာသို့ စပ်စုကြည့်နေသည်။ ရံဖန်ရံခါတွင်လည်း ပတ်ဝန်းကျင်၌ ဝိညာဉ်စွမ်းအင် ရှိမရှိ အာရုံခံကြည့်ရင်း အလွန်ပင် ပေါ့ပါး လန်းဆန်းနေပုံရသည်။
လင်းဖန်က သူမနောက်မှ အေးအေးလူလူ လိုက်ပါလာသော်လည်း ကျိုးယန်နှင့် လုကျိုက်တို့ကတော့ တောင်တက်တုတ်များကို အားပြုကာ နောက်တွင် ကျန်ရစ်ခဲ့တော့သည်။
" ဟူး... ဟူး... "
ကျိုးယန်သည် အသက်ကို လုရှူရင်း အသက်ရှူရင်း လျှောက်နေရသည်။ ခရီးအစသာ ရှိသေးသော်လည်း သူ စတင် ပင်ပန်းနေလေပြီ ။
'ငါက မိန်းမသားဖြစ်တဲ့ မရီးထက်တောင် ပိုပြီး အားနည်းနေတာလား..'
မကြာသေးခင်က အားကစားရုံ သွားခဲ့သည်မှလွဲလျှင် သူ နောက်ဆုံး အပြင်မှာ ကိုယ်လက်လှုပ်ရှားမှု လုပ်ခဲ့သည်မှာ တက္ကသိုလ်တက်စဉ်က ကြံ့ခိုင်ရေး စစ်ဆေးမှုတွင် ဖြစ်သည်။ ကျောင်းပြီးကတည်းက အပြင်သွားလျှင် ကားကိုသာ အမြဲစီးခဲ့ပြီး အဝေးဆုံး လမ်းလျှောက်ဖူးသည်မှာ အမှိုက်ပစ်ရန် အောက်ထပ်သို့ ဆင်းခြင်းသာ ဖြစ်သည်။
သူ၏ ခွန်အားများ ဆုတ်ယုတ်သွားရုံသာမက သူ၏ အမောခံနိုင်ရည်မှာလည်း တဖြည်းဖြည်း အားနည်းလာလိမ့်မည်ဟု သူ မထင်ထားခဲ့မိချေ။ ကံကောင်းသည်မှာ သူသည် အားအနည်းဆုံးသူ မဟုတ်ခြင်းပင် ဖြစ်သည်။
ကျိုးယန်သည် သူ့နောက် မီတာ တစ်ဆယ်ကျော် အကွာတွင် ကျန်ခဲ့သည့် လုကျိုက်ကို လှည့်ကြည့်လိုက်ပြီး စိတ်အေးသွားကာ ပြုံးလိုက်မိသည်။
'ညီအစ်ကိုတွေ စုံတုန်း အတူတူ လျှောက်လည်ကြမယ် ဆိုပြီး ဒီကောင့်ကို အတင်းခေါ်လာခဲ့တာ မှန်သွားတယ်..'
" ဟောဟဲ.. ဟောဟဲ... "
လုကျိုက်သည် အပြင်းအထန် အသက်ရှူနေရပြီး သူ၏ နဖူးပေါ်တွင်လည်း ချွေးများ စိုရွှဲနေချေပြီ။ အိမ်ထဲက အိမ်ပြင် မထွက်သလောက် ဖြစ်သည့် သူ့အတွက် ရုတ်တရက် တောင်တက်ခိုင်းခြင်းမှာ တကယ်ကို စိန်ခေါ်မှုကြီး တစ်ခုပင် ။
ဘာကြောင့်မှန်းမသိ ကျိုးယန်သည် ဤကဲ့သို့သော ကိစ္စမျိုးရှိလျှင် သူ့ကို အမြဲတမ်း အတင်းခေါ်လေ့ရှိသည်။ ငြင်းမရသဖြင့် လိုက်လာခဲ့ရသော်လည်း အခုတော့ သူ တကယ်ကို နောင်တရနေလေပြီ ။ ယနေ့လိုနေ့မျိုးမှာ အိမ်တွင် အေးအေးဆေးဆေး လှဲနေရင်း အဲယားကွန်းဖြင့် ဇိမ်ခံကာ ဇနီးသည်နှင့် ချိုမြိန်သော အချိန်များကို ကုန်ဆုံးနေရမည် မဟုတ်ပါလော။
" ဟူး... နတ်ဆိုးအရှင်... ငါတို့ လျှောက်လာတာ ဘယ်လောက်ကြာပြီလဲ.. "
အတန်ကြာ လျှောက်ပြီးနောက် လုံယွဲ့သည်လည်း စတင် အသက်ရှူမြန်လာကာ နဖူးမှ ချွေးစက်များ စီးကျလာသည်။ သူမ အရှိန်သတ်ကာ နောက်မှ လိုက်လာသည့် လင်းဖန်ကို လှည့်မေးလိုက်သည်။
လင်းဖန်က ဖုန်းကိုထုတ်ပြီး အချိန်ကြည့်လိုက်သည်။
" ငါတို့ လျှောက်လာတာ နာရီဝက်ကျော်.. တစ်နာရီနီးပါး ရှိပြီ.. "
" တစ်နာရီနီးပါး ဟုတ်လား .."
လုံယွဲ့ အံ့သြသွားကာ အဝေးမှ ထိုက်ရှန်းတောင်ထိပ်ကို မယုံနိုင်ဘဲ ပြန်ကြည့်လိုက်သည်။
' ငါ ဒီလောက်ကြာအောင် လျှောက်လာခဲ့ပြီးပြီ .. ဘာလို့ ထိုက်ရှန်းတောင်ထိပ်က အရင်အတိုင်းပဲ အဝေးကြီးမှာ ရှိနေသေးသလို ခံစားနေရတာလဲ..'
'လက်ချောင်းနှစ်ချောင်းကြားထဲ ညှပ်ထားလို့ ရမယ့် အကွာအဝေးမှာပဲ ရှိနေသေးသလိုပဲ..'
" ဘာလဲ... ဧကရီအရှင်မက ဆက်မလျှောက်နိုင်တော့ဘူးလား .."
လုံယွဲ့၏ မောနေသော ပုံစံကို ကြည့်ပြီး လင်းဖန်က ပြုံးကာ မေးလိုက်သည်။
" ဟွန့်... ဒီလောက် တောင်ကုန်း သေးသေးလေးက ဒီဧကရီကို ပင်ပန်းအောင် လုပ်နိုင်ပါ့မလား .."
သူမသည် လင်းဖန်ရှေ့တွင် အရှုံးမပေးလိုသဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ တောင်တက်လမ်းပေါ်သို့ ပြတ်ပြတ်သားသား ဆက်လက် လှမ်းတက်လိုက်ပြန်သည်။
နောက်ထပ် တစ်နာရီခန့် ကြာသွားသောအခါ သူမ မတ်တတ်ရပ်ရန်ပင် ခွန်အားမရှိတော့လောက်အောင် ပင်ပန်းနေချိန်တွင် ကွင်းပြင်ကျယ် တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ကွင်းပြင်၏ ဘေးတစ်ဖက်တစ်ချက်တွင် စားသောက်ကုန်နှင့် ဖျော်ရည်မျိုးစုံ ရောင်းချသည့် ဆိုင်များရှိသလို တောင်တက်သမားများစွာလည်း ရှိနေကြသည်။
" ဟားဟားဟား... ငါပြောသားပဲ ..ဒီထိုက်ရှန်းတောင် သေးသေးလေးက ဒီဧကရီကို ဘယ်လိုမှ တားဆီးနိုင်မှာ မဟုတ်ပါဘူးဆိုတာ .."
" ထိုက်ရှန်းတောင်ထိပ် ဆိုတာ ဒါပဲလား.. "
လုံယွဲ့သည် ကွင်းပြင်အစွန်းတွင် ခါးကို လက်ထောက်ကာ အောင်နိုင်သူတစ်ဦးကဲ့သို့ လှေကားထစ်များအောက်မှ လင်းဖန်နှင့် အခြားသူများကို လှည့်ကြည့်လိုက်သည်။
" ဧကရီ... ဒီနေရာက ထိုက်ရှန်းတောင်ထိပ် မဟုတ်သေးဘူး.. "
လင်းဖန်၏ စကားက သူမအပေါ်သို့ ရေအေးနှင့် ပက်လိုက်သကဲ့သို့ ဖြစ်သွားသည်။
" ဟမ်... "
လုံယွဲ့ ကြောင်အမ်းသွားကာ ရှေ့ရှိ ဆိုင်များနှင့် လူအုပ်ကြီးကို ထပ်ခါထပ်ခါ ကြည့်နေမိသည်။
" ဒါက ထိုက်ရှန်းတောင်ထိပ် မဟုတ်ဘူးလား .."
" သေသေချာချာ ကြည့်ဦး ဧကရီ... ဒါက ကျုံးထျန်းမန် လို့ ခေါ်တဲ့ ခဏအနားယူတဲ့ နေရာပဲ ရှိသေးတာ .."
" ဒီနေရာကနေ တောင်ထိပ်အထိ သွားဖို့က ခရီးတစ်ဝက်လောက် ကျန်သေးတယ်.. "
လင်းဖန်က လုံယွဲ့ဘေးတွင် ရပ်ကာ ရှေ့မှ ကျောက်သားမုခ်ဦးပေါ်တွင် ရေးထိုးထားသည့် ကျုံးထျန်းမန် ဟူသော အနီရောင် စာလုံးကြီး သုံးလုံးကို လက်ညွှန်ပြလိုက်သည်။
" ခရီးတစ်ဝက် ကျန်သေးတယ် ဟုတ်လား... "
လုံယွဲ့သည် ရပ်နေသည့် နေရာမှာတင် ကျောက်ရုပ်ကဲ့သို့ အံ့သြမှင်တက်သွားသည်။ သူမ နှစ်နာရီနီးပါးကြာအောင် တောင်ထိပ်ရောက်တော့မည့် ပျော်ရွှင်မှုကို ခံစားရင်း တက်လာခဲ့တာဖြစ်ပြီး အခုမှ ခရီးတစ်ဝက်ပဲ ရှိသေးသည်ဆိုသည်မှာ သူမအတွက် မယုံနိုင်စရာပင်။
" အမြင့်က ၁၅၄၅ မီတာပဲ ရှိတယ်ဆို... ဘာလို့ ဒီလောက်တောင် ဝေးနေရတာလဲ.. "
" ဧကရီမင်းမြတ်... အမြင့်ဆိုတာ အမြင့်သက်သက်ပဲလေ .. တောင်ခြေကနေ တောင်ထိပ်အထိ ခရီးစဉ်တစ်ခုလုံးက ၁၀ ကီလိုမီတာနီးပါး ရှိတယ် .. နောက်ပိုင်း လမ်းတွေက ပိုပြီး မတ်စောက်လာမှာဖြစ်သလို လျှောက်ရတာလည်း ပိုခက်လာလိမ့်မယ်.. "
" ... လျှောက်ရတာ ပိုခက်လာဦးမယ် ဟုတ်လား .."
ထိုစကားကို ကြားလိုက်ရသောအခါ လုံယွဲ့သည် သူမရှေ့ရှိ ရှည်လျားလှသော လှေကားထစ်ကြီးကို ကြည့်ကာ သူမ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ကင်းမဲ့သွားသည့် အရိပ်အယောင်များ ပြည့်နှက်သွားတော့သည်။
သူမသည် အင်မော်တယ်နယ်မြေတွင် အဆုံးမရှိသော လှေကားထစ်ပေါင်းများစွာကို တက်ခဲ့ဖူးသော်လည်း တစ်ခါမှ မပင်ပန်းခဲ့ဖူးချေ။ သို့သော် ယခု သူမရှေ့ရှိ လှေကားထစ်များမှာမူ အဆုံးမရှိသကဲ့သို့ ခံစားနေရသည်။
'ဝိညာဉ်စွမ်းအင် အစအနလေးကို မရှာတွေ့ခင်မှာပဲ ငါ ဒီထိုက်ရှန်းတောင် လှေကားထစ်တွေပေါ်မှာ အရင်ဆုံး အသက်ပျောက်သွားမလား..'